Sunday, July 5, 2009

၅။ ဗန်းမော်ဆရာတော် စာကြိုးစားပုံ

ဗန်းမော်ဆရာတော် စာကြိုးစားပုံ

ဗန်းမော်ဆရာတော်သည် ကိုရင်ဘ၀နှင့် မန္တလေးမြို့ မြင်းဝန်တိုက်တွင် စာသင်ကြားသည်။ ထိုခေတ် ထိုအခါက မင်းတုန်းမင်းတရားကြီးကိုယ်တိုင် နှစ်စဉ်ပင် စာပြန်ပွဲတော်ကို တခမ်းတနားကျင်းပ၍ ဘွဲ့တံဆိပ်များ ကပ်လှူပူဇော်လေသည်။ နယုန်လစာပြန်ပွဲတော်မှာ အလွန်ပင်ကြီးကျယ်ခမ်းနားလှပေသည်။ ဘုရင်ကိုယ်တိုင် ကြီးမှုး၍ကျင်းပသော စာပြန်ပွဲတော် ဖြစ်သဖြင့်လည်း မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ ၀န်ကြီးမှူးမတ်များပါမကျန်၊ စာပြန်ပွဲတော်တွင် ရဟန်း သာမဏေများကို ရွေးချယ်၍ တင်သွင်းရသည်။ မိမိတို့၏ ရဟန်း သာမဏေများ စာပြန်ပွဲတွင် ထူးချွန်စွာ အောင်မြင်သလောက် ဂုဏ်ရှိကြသည်ဟု အယူရှိကာ ဂုဏ်တုဂုဏ်ပြိုင် ပြုလုပ်ကြသော ပွဲကြီးလည်းဖြစ်သည်။

မြင်းဝန်မင်းသည် ခရီးထွက်နေရ၍ စာပြန်ပွဲဝင်ရဟန်းတပါး စာရင်းတင်သွင်းရန် နောက်ကျ၍နေလေရာ မိမိ၏ဆရာတော်အား စာပြန်ပွဲဝင်ရန် ရဟန်းတပါး ချီးမြှင့်သနားပါရန် လျှောက်ထားလေသည်။

မြင်းဝန်တိုက်ဆရာတော်ဘုရားလည်း ကိုရင်ပဏ္ဍိတ၏အလားအလာကို ရိပ်မိသိရှိသည်နှင့်အညီ မြင်းဝန်မင်းအား ပဉ္စင်းများတော့ တင်သွင်းရန်မရှိ၊ ကိုရင်ပဏ္ဍိတမှာ အလားအလာရှိသည်ဟု မြင်သည်။ သို့အတွက် ကိုရင်ပဏ္ဍိတကိုသာ စာရင်းတင်သွင်းလိုက်ပေတော့ဟု အမိန့်ရှိလိုက်သည်။ မြင်းဝန်မင်းသည် ကိုရင်ပဏ္ဍိတအား စာရင်းတင်သွင်း၍ ဆွမ်းကွမ်းစသည်တို့ကို လိုလေသေးမရှိအောင် လှူဒါန်း၍ထားလေသည်။

ရှင်ပဏ္ဍိတသည် လှူဒါန်းသမျှကိုအ၀စားကာ အိပ်၍သာနေသဖြင့် ဆရာတော်က စာကျက်ရန် တိုက်တွန်းရပေသည်။

ကိုရင်ပဏ္ဍိတ စာကျက် စာအံသည်မှာ အလွန်ပင်ဇွဲကောင်းလှသည်။ နားသည်ဟူ၍မရှိ၊ ရေချိုးရာ ကုဋီတက်ရာမှာပင် ပါးစပ်မှ ဒလစပ် စာရွတ်၍နေတော့သည်။

ကိုရင်ပဏ္ဍိတမှာ အစားကြီး၍ ငိုက်မြည်းတတ်သော အလေ့ရှိရာ ဆွမ်းစားပြီးသည်နှင့် ရေတွင်းနှုတ်ခမ်းပေါ်တွင် လူတကိုယ်စာ ပျဉ်ပြားတချပ်တင်၍ ထိုပျဉ်ပြားပေါ်တွင် အိပ်ရင်းစာကျက်လေသည်။ ဤသို့စာကျက်နည်းမှာ စာကျက်ရင်း ငိုက်မြည်းလျှင် ရေတွင်းထဲသို့ ကျမည်ဖြစ်၍ ရေတွင်းထဲသို့ မကျရန် သတိထားနေရလျှင် ငိုက်မြည်းခြင်းပြေပျောက်သွားရန်ဟု စိတ်ကူး၍ ရေတွင်းနှုတ်ခမ်းပေါ်တွင် စာကျက်ခြင်းဖြစ်သည်။

***********************

2 comments:

မင်းညို said...

ကုဋေ ဟုတ်မည် မထင်....ကုဋီ ဟုထင်သည်.....။

စုချစ် said...

ကျေးဇူးပါ ကိုမင်းညို...
ပြင်လိုက်ပါပြီ။
စာအုပ်ထဲက စာလုံးပေါင်းအတိုင်း ကူးလိုက်မိတော့
သတိမထားမိလိုက်ဘူးရယ်...
ဗန်းမော်ဆရာတော် ဟောတဲ့ ပုံပြင်ထဲကအတိုင်း ဖြစ်နေပြီ..
နောက်အခဏ်းတွေမှာ အဲဒီအကြောင်းပါတယ်။
း-)