Friday, February 27, 2009

Make A Difference!


Image Got from here!
အဖြစ်အပျက် - ၁
(က)
“ဟယ်… ဆူဆန်… အမောတကောနဲ့ ဒီနေ့ ဘယ်လိုဖြစ်လို့ နောက်ကျတာလဲ”
“ဘော့စ်… ငါ့ကိုမမေးဘူးမှုတ်လား။ ပြောချင်ပါဘူးဟာ…။ သားတော်မောင် နေမကောင်းလို့ နည်းနည်းလေး နောက်ကျသွားတာ ရုံးဖယ်ရီက ကပ်ပြီးလွတ်သွားတယ်လေ။ ကားတွေ ကြားထဲကနေ အပြေးအလွှား လမ်းဖြတ်ကူးလာပြီး ငါလက်ပြရပ်ခိုင်းတာ ကားမောင်းတဲ့ အဖိုးကြီး မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်ပြီး မောင်းထွက်သွားတယ်။ ရက်စက်ပါတယ်အေ… တက်စီခလည်းမတတ်နိုင်လို့ ရထားတတန်၊ ကားတတန် လာရတော့တာပေါ့…”
ဆူဆန်က နဖူးမှချွေးများကို သုတ်ရင်း မောပန်းနွမ်းနယ်စွာပြောတယ်။
“ကိုယ်စီးတဲ့ ဖယ်ရီက အဖိုးကြီးကတော့လေ… အမောင်းကဘာကြမ်းသလဲမမေးနဲ့။ ကားပေါ်ကဆင်းနေတုန်း ရှိသေး... အတင်းလဲမောင်းထွက်တတ်တာ။ သူမောင်းတဲ့နေရာကပ်ရက် ရှေ့ထိုင်ခုံမှာထိုင်တဲ့သူတွေဆို စကားကျယ်ကျယ်မပြောရဲဘူး။ သူများစကားသံကို သူက နားညည်းလားမသိပါဘူး။ စကားသံတွေ ထွက်တာနဲ့ အရွဲ့တိုက်တာလားမသိ… ရှေးတရုတ်သီချင်းတွေ ခုနစ်သံချီပြီးဖွင့်တော့တာပဲ…။ စိတ်တိုတတ်ပုံနဲ့ ကားမောင်းနေတော့ … စိတ်ညစ်ပါတယ်ကွယ်…။ ”

ကိုယ်တို့မျက်နှာတွေမှာ စိတ်အလိုမကျမှုကြောင့် သုန်မှုန်နေကြတယ်။

(ခ)
“ရှဲ့ရှဲ့နီ အန်ကယ်”
“ပုရောက်ခန့်ချိ… မန့်မန့်လိုင်…”
ကိုယ်တို့ ပြေးလာနေတာကို မြင်ပြီး ရပ်စောင့်ပေးနေတဲ့ ကားဒရိုင်ဘာကြီးကို ကျေးဇူးတင်ကြောင်းပြောတော့ သူက ကိစ္စမရှိပါဘူး… ဖြည်းဖြည်းလုပ်… ရတယ်လို့ တရုတ်လို ပြန်ပြောတယ်။ ဒီကားဆရာတရုတ်ကြီးက အတော်သဘောကောင်းပြီး စိတ်ရှည်ပုံရတယ်။ သူ့ဖယ်ရီမှာ စီးတဲ့သူတွေ စိတ်ချမ်းသာ အဆင်ပြေရအောင် ဖြည့်ဆည်းပေးချင်တာ သူ့ဆန္ဒ။ ရုံးက သတ်မှတ်ထားတဲ့ မှတ်တိုင်တခုမှာ ရပ်လိုက်ပြီဆိုတာနဲ့ သူက ကားပေါ်တက်လာတဲ့သူတွေအားလုံးကို စစ်ကြည့်သေးတာ။ လူမစုံသေးရင် လမ်း ရှေ့နောက်ဘယ်ညာ လှမ်းမျှော်ကြည့်ပြီး သူ့ကားစီးနေကြသူတွေ ဘာအစအနမှ မမြင်ရတော့မှ မောင်းထွက်တတ်တာ။ တချို့ဆို နောက်နေ့ ရုံးမသွားဖြစ်ဘူးဆိုလျင် သူ့ကို ကြိုပြီး အသိပေးထားကြတတ်တယ်။ ဒါမှ သူစိတ်ပူပြီး ရှာမနေရအောင်တဲ့။

အဲဒီ ကားဆရာကြီးကို ဒီနေ့ထက်ထိ မှတ်မိနေပြီး ကျန်းမာချမ်းသာ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေရယ် လို့ ဆုတောင်းပေးနေမိတတ်တယ်။

***********
အဖြစ်အပျက် - ၂
(က)
“ဟယ်… ဒီအမှိုက်တွေ ဘယ်လိုဖြစ်လို့ လမ်းမပေါ်မှာ ကျနေတာလဲ”
အာကျယ်ကျယ် လီလန်းအော်သံကြောင့် စားပွဲမှာ စာဖတ်နေရာမှ လှမ်းကြည့်မိလိုက်တယ်။ ခုနတုန်းက အမှိုက်သိမ်းတဲ့ အဖွားကြီး အဲဒီနေရာက ဖြတ်သွားတာ တွေ့လိုက်ရလို့ တရားခံဘယ်သူလဲဆိုတာ ကိုယ်ကတန်းသိလိုက်သလို လီလန်းကလဲ မှန်းဆမိပုံရသည်။
“မဖြစ်ဘူး… မဖြစ်ဘူး။ ပျင်းရိပျင်းတွဲပုံနဲ့ တာဝန်ကျေလေးလုပ်နေကြတာ။ သနားလို့ ဘာမှမပြော ပိုဆိုးတော့မှာ…”
“လီလန်းရေ… အဲဒီအဖွားကတော်ပါသေးတယ်ကွာ။ တနေ့က ကိုယ်ရုံးကိုအလာ တံမြက်လှဲနေတဲ့ ကိုကိုဘင်္ဂလားကလေ… လူလာနေတာ တွေ့ရဲ့သားနဲ့ဟယ်... ရပ်မပေးဘူး။ ကိုယ့်မှာ အဲဒီ ဖုန်တွေရှူမိပြီး ချောင်းဆိုးနေတာ…ခုထိမပျောက်သေးဘူး…”
မေလင်းကလည်း ချောင်းလေး တဟွတ်ဟွတ်ဆိုးလျက် စိတ်ပျက်လက်ပျက် ညည်းရှာတယ်။

လူတွေစိတ်ရွှင်လန်း၊ ကျန်းမာရအောင် သန့်ရှင်းစေဖို့ အမှိုက်ရှင်းလင်းပြီး ကူညီရမှာ သူတို့ နားမလည်ကြတော့ ခက်ပြီပေါ့။

(ခ)
“ဟယ်လို… မောနင်း… ”
“မောနင်း… အန်ကယ်။ ဒီအမှိုက်ပုံးမှာ စွတ်ထားတဲ့ ပလတ်စတစ်က ကြာနေပြီနော်…။ ခုထိ မလဲသေးဘူးလား။”
“ကုမ္ပဏီက ပလတ်စတစ်အိတ်တွေအရင်ကလို အများကြီးမပေးတော့လို့ နေ့တိုင်းလဲပေးလို့ မရတော့ဘူး။ တပတ်မှာ တခါပဲ လဲပေးနိုင်မှာ…။ ဒါပေမဲ့ ဒီနေ့တော့ ..လဲပေးခဲ့မယ်နော်…”
အမှိုက်လာသိမ်းတဲ့ ဦးလေးကြီးက သူ့လက်ထဲက ပါလာတဲ့ ပလတ်စတစ်အိတ်အသစ်တခုနဲ့ အမှိုက်အိတ်အဟောင်းကို ပြန်လဲပေးရင်း အစစအရာရာ ချွေတာနေရကြောင်းလဲ ရှင်းပြနေသေးတယ်။ ကိုယ်ကတော့ သန့်ရှင်းရေးလုပ်ဖို့ကို တန်ရာတန်ကြေးပေးထားရတာ၊ ကန်ထရိုက်ရပြီးတော့မှ အဲသလို ခိုပြီးလုပ်ဖို့ ဘယ်ကောင်းပါ့မလဲလို့… စိတ်ထဲက အထွန့်တက်နေမိတယ်။
တော်လေးကြာတော့ ကိုယ့်စားပွဲကို သူပြန်ရောက်လာပြန်ရော…။ အဲဒီအခါမှာတော့ Recycled လုပ်ထားတဲ့ အေ၄ စာရွက်ဖြူလေးကိုင်လို့။
“ဒီစာရွက်လေးကို အမှိုက်ပုံးအောက်ခြေမှာ ခံထားပေးမယ်နော်…။ အမှိုက်အိတ်က နေ့တိုင်းမလဲရတော့ စာရွက်လေးခံနေတော့ သိပ်မညစ်ပတ်တော့ဘူးပေါ့…”

ဦးလေးကြီးရဲ့ ဖြတ်ထိုးဥာဏ်နဲ့ စေတနာပါတဲ့ အပြုအမူကြောင့် ကိုယ့်ရဲ့ မကျေလည်တဲ့ အတွေးတွေ ပူစီပေါင်းလေးပေါက်သလို ဖေါက်ကနဲ ပျောက်သွားတယ်။ သဘောတကျနဲ့ ပြုံးပြမိလိုက်တယ်။

***********
အဖြစ်အပျက် - ၃
(က)
“တော်တော်စိတ်ပျက်ဖို့ကောင်းတယ်…။ တကတဲ… ”
ပါးစပ်မှ ပွစိပွစိဖြင့် ရုံးခန်းထဲဝင်လာတဲ့ ကက်ကိုကြည့်ပြီး ဘာဖြစ်လာတာလဲ ဟုမေးလိုက်မိတယ်။
“ပြောချင်ပါဘူးဟယ်…။ ကလေးကျောင်းပို့ဖို့ စောစောစီးစီးထ၊ ကမန်းကတန်းနဲ့ ပြင်ဆင်ပြီး အိမ်ကထွက်ရ၊ ရုံးရောက်မှ သန့်စင်ခန်းကို သွားရတာ…။ အထဲမှာ မပြီးသေးဘူး။ သန်ရှင်းရေးမမက တံခါးခေါက်ပြီး သူ သန့်ရှင်းရေးလုပ်မှာမို့ ငါ့ကို အော်ကြီးဟစ်ကျယ်နဲ့ ထွက်ခိုင်းတယ်လေ။”
“အမလေး ကက်ရေ… အဲသာတော့ စိတ်တိုမနေနဲ့တော့…။ ကိုယ်လဲ ဟိုနေ့က အထဲမှာ ရှိနေတုန်း သူက ရုတ်တရက်ရောက်လာပြီး တခြားနေရာကို သန့်ရှင်းရေး သွားမလုပ်ဘူးတော့။ ကိုယ်ရှိတဲ့ အခန်းအပြင်ကနေ တံမြက်စည်းကို ထိုးသွင်းပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ အခန်းထဲက မထွက်ထွက်အောင် လုပ်တာဗျာ…။”
“သူ… သန့်ရှင်းရေးလာလုပ်တတ်တဲ့ အချိန်တွေ မှတ်ထားပြီး အောင့်ထားကြရမဲ့ပုံဖြစ်နေပြီ..”

ကိုယ်တို့ အားလုံး ပြိုင်တူ သက်ပြင်းချမိကြတယ်။

(ခ)
“ဘိုလေး…ဘိုလေး… ကမ်း…ကမ်း… ”
Cleaning in progress ဆိုတဲ့ အ၀ါရောင်ဆိုင်းကို သန့်စင်ခန်းရှေ့မှာ တွေ့ရတာနဲ့ ပြန်လှည့်ထွက်မယ်အလုပ် သန့်ရှင်းရေးလုပ်နေတဲ့ မလေးအန်တီကြီးမြင်သွားပြီး… ရတယ်… ၀င်ပါ… ၀င်ပါလို့ … မလေးလို လှမ်းပြော၊ လက်ယပ်ခေါ်တာကြောင့် ကိုယ်လည်း လက်လေးပြ အားနာပါနာနဲ့ပဲ ၀င်လိုက်ရတယ်။ သူက ဟိုဖက်အစွန်ကအခန်းကိုဝင်၊ အဲသာက သန့်ရှင်းရေးလုပ်ပြီးသားမို့ ပိုပြီး သန့်သန့်ပြန့်ပြန့်သွားလို့ရတာပေါ့လို့ ဘေစင်တွေဆေးရင်း အင်္ဂလိပ်လို မတတ်တတ်နဲ့ ပြုံးပြီး ပြောပြလိုက်သေးတယ်။

စိတ်ထဲကနေ ဘာရယ်မဟုတ် ဗမာပီပီ သာဓုခေါ်လိုက်မိတယ်။ အသားမဲတူနေပေမဲ့ စေတနာဖြူလှတဲ့ အန်တီကြီးကို နောက်ဘ၀ကျ ဖြူဖြူစင်စင် သန့်သန့ှ်ရှင်းရှင်းနဲ့ ဘ၀လေး လှပပါစေလို့ ဆုတောင်းပေးမိပါရဲ့။

***********

လောကမှာ ဘယ်လောက်ပဲသေးဖွဲတဲ့ အလုပ်လေးဖြစ်ဖြစ်… ကိုယ့်ရဲ့ စေတနာ၊ မေတ္တာပါတဲ့ အပြုအမူလေးကြောင့် ကိုယ့်ပတ်ဝန်းကျင်လေးကို ပြောင်းလဲနိုင်ပါစေတယ်လို့ ပြောရင် လက်ခံပေးမှာလား…။ ။

Tuesday, February 24, 2009

ဦးဇော်ဖေ


ဆရာအော်ပီကျယ် (ကာတွန်းများ ၁ +၂ စုစည်းမှု စာအုပ်မှ)

ငယ်ငယ်တုန်းက ကိုယ်တို့ ရပ်ကွက်ထဲမှာ ဦးဇော်ဖေဆိုတဲ့ လူကြီးတစ်ယောက်ရှိတယ်။ နီကြောင်ကြောင် ကျိုးတို့ကျဲတဲနဲ့ စုတ်ဖွားဖွား ဆံပင်တွေအောက်မှာရှိတဲ့၊ ဂျီးချောင်းအထပ်ထပ်နဲ့ စုတ်ချွန်းချွန်း ညှင်းသိုးသိုး မျက်နှာပေါ်က ဖျော့တော့တဲ့ သူ့မျက်ဝန်းတစုံဟာ တစုံတခုကို စဉ်းစားနေသလို တွေရီငေးမောနေလေ့ရှိတယ်။ နေလောင်ထားတဲ့သပိတ်ရောင်အသားနဲ့၊ ပိန်ပိန်ရှည်ရှည် နံရိုးပြိုင်းပြိုင်း ခပ်ကိုင်းကိုင်း ကိုယ်ပေါ်မှာ တခုထဲသောအ၀တ်အစားကတော့ ဘယ်အချိန် ဘယ်ကာလကတဲက ၀တ်ထားမှန်းမသိတဲ့၊ မူလအရောင်အဆင်းက ဘာရယ်လို့ ခန့်မှန်းလို့ကို မရနိုင်လောက်အောင် မွဲပြာနေတဲ့၊ အနားတွေ ဖွာနေတဲ့ ပုဆိုးပိုင်းလေးပေါ့။ သူ့မှာ ထူးခြားတာက အဲဒီလောက် အပေါက်တွေ၊ အကွဲတွေ ဖာရာဗရပွနဲ့ ပုဆိုးပိုင်းကို သူများမျက်စိရှေ့မှာ မရိုင်းအောင်၊ သူ့အရှက်ကို လုံအောင် သေချာဝတ်ထားနိုင်တာပါပဲ။ တင်ပါးလေးတောင်မပေါ်စေရအောင် တော်တော်စုတ်တဲ့ အပိုင်းများကို အထဲဘက်ကို ထည့်ဝတ်ပြီး လမ်းလျှောက်တဲ့အခါမှာလည်း ပေါင်လေးကပ်ပြီး အသေအချာ ပိပိရိရိလေး လျှောက်လေ့ရှိတယ်။ ပုခုန်းတဖက်မှာတော့ လွယ်အိတ်စုတ်လေးတလုံးကို လွယ်ထားလေ့ရှိတယ်။ သူ့ကို ရပ်ကွက်ထဲမှာ တွေ့နေရပေမဲ့ သူဘယ်မှာ နေတယ် ဆိုတာ ဘယ်သူမှ သေချာ မသိကြဘူး။

အဲဒီတုန်းက ကိုယ်တို့အိမ်မှာ စတိုးဆိုင်သေးသေးလေးဖွင့်ထားတယ်။ အဓိကဆိုင်ထိုင် ရောင်းတဲ့သူကလည်း ၆တန်းကျောင်းသူလေး ကိုယ်ဆိုတော့ တကယ်ပါ စတိုးဆိုင်လေးက သေးသေးလေးဆိုမှ တကယ်သေးသေးလေး။ စကားမစပ် အဲဒီ ဆိုင်သေးသေးလေးက အိမ်ရဲ့ ဈေးဖိုးကို တော်တော်တော့ ကူညီခဲ့သား။ ဆိုင်မှာ ရောင်းတာတွေက သကြားလုံး ချိုချဉ်၊ ဇီးထုတ်၊ ငှက်ပျောသီး စတဲ့ ကလေး မုံ့ပဲသွားရည်စာလေးတွေရယ်၊ ကြက်သွန်၊ ဆီ ၊ အချိုမှုန့် ၊ နို့ဆီ၊ သကြား စတဲ့ မီးဖိုချောင်သုံး ကုန်ခြောက်ပစ္စည်းတိုတိုထွာထွာလေးတွေရယ်၊ ဆေးပေါလိပ်၊ စီးကရက်၊ ကွမ်းယာ စတာတွေပေါ့။ ကိုယ့်ကို ကွမ်းယာ ယာခိုင်းကြည့်ရင် ခုချိန်ထိ ရှယ်ယာပေးတတ်တယ်။ (ဤကားစကားချပ်)

အဲဒီမှာ ဦးဇော်ဖေက ကိုယ်တို့ ဆိုင်ရဲ့ ဆေးလိပ်ဖောက်သည်ကြီးပေါ့။ ဆေးလိပ်ဖောက်သည်ကြီးဆိုလို့ ပိုက်ဆံပေး ၀ယ်တယ်မထင်ပါနဲ့။ သူက ဘယ်ကနေရောက်လာလို့ ဘယ်ကို သွားမှန်းမသိပေမဲ့၊ ကိုယ်တို့ ဆိုင်လေးရှေ့က တပတ်၊ ၁၀ရက်မှာ တစ်ခါဆိုသလို ဖြတ်လျှောက်လေ့ရှိတယ်။ အဲဒီအခါတိုင်း ဆိုင်ကို ၀င်ပြီး ဆေးလိပ်လို့ အသံမထွက်တထွက်နဲ့ လူကိုမကြည့်ပဲ ပြောတယ်။ ပြီးတော့ ပါးစပ်က အကြွေးမှတ်ထားလို့ ပြောပြီး ၅ပြားတန် (နံမည် မမှတ်မိတော့) ဆေးလိပ်တွေကို သူ့လက်တဖက်နဲ့ ကြုံးပြီး ဆန့်သလောက် ယူသွားတော့တာပဲ။ တခါယူရင် အနည်းဆုံး ၁၀လိပ်ကနေ အလိပ်၂၀လောက်ထိ ပါသွားတတ်တယ်။ ကိုယ်ကတော့ သူ့ကို စိတ်မမှန်လို့ သနားပေမဲ့ အဲသလိုကြီး တခါမှလဲ ပိုက်ဆံမပေးပဲ အကြွေး၊ အကြွေးဆိုပြီး ယူယူနေတာကို ကလေးပီပီ ကပ်စေးနည်းနည်းနဲ့ တခါတခါတော့ သိပ်မကြိုက်လှဘူးရယ်။ စိတ်မမှန်တာကိုပဲ အထူးအခွင့်ထူးခံလူတန်းစားဆိုပြီး အလကားပေးနေရတော့တာပဲလို့ စိတ်ပုတ်ပုတ်နဲ့ တွေးမိသေးတော့။ တခြားဆိုင်တွေက သူ့ဆို အ၀င်မခံတော့ ကိုယ်တို့ ဆိုင်ကပဲ သူ့ဖောက်သည်ဆိုင်ကြီးလို ဖြစ်နေတော့တယ်။ မေမေကတော့ ကိုယ့်ကို ပြောတယ်။ သမီးရယ် သူက တကယ်စိတ်မမှန်လို့ ပွင့်ပွင့်လင်းလင်းပြောပြီး ကိုယ့်ဆီမှာ ရိုးရိုးသားသား တောင်းတာ ယူတာ ယူပါစေတဲ့။ ကိုယ့်ဆီက မလိမ့်တပတ်နဲ့ အမြတ်ကြီးစားပြီး ခိုးတာ၊ လိမ်တာမှ မဟုတ်တာတဲ့။

ဦးဇော်ဖေဟာ စိတ်မမှန်ဘူးဆိုသော်ငြားလည်း စည်းကမ်းတော့အတော်ရှိရှာတယ်။ လောဘလည်း မကြီးဘူး။ အဲဒီတုန်းက ဆေးပေါလိပ်တွေမှာ မှတ်မိသလာက် နှင်းဆီတို့၊ ငွေစပယ်တို့က တလိပ်၁၅ပြား၊ ၂လိပ်ကို တမတ်။ ဒါပေမဲ့ ဈေးကြီးတဲ့ ၁၅ပြားတန် ဆေးလိပ်ကို သူက ဘယ်တော့မှ မယူဘူး။ စိတ်ချရတယ်... ၅ပြားတန်ကိုပဲ အမြဲ ယူတယ်။ တခါတလေ ကိုယ်က စိတ်ကောင်းဝင်နေချိန်၊ ဒါမှမဟုတ် ဆိုင်မှာ မေမေလည်းရှိနေချိန် သူယူတဲ့ ဆေးလိပ်အပြင် တခြားမုံ့တခုခုကို စားဖို့၊ ယူဖို့ ပြောတဲ့အခါတိုင်းလဲ သူက ခေါင်းခါပြီး ဘယ်သူ့မျက်နှာကိုမှ မကြည့်၊ အကြွေးမှတ်ထားလို့ တခွန်းပြောပြီး သူယူနေကြ ဆေးလိပ်ကိုပဲ ခေါင်းကြီးငုံ့ပြီး ယူသွားတတ်တယ်။ ဆိုင်ရှေ့ကဖြတ်လျှောက်တိုင်းလဲ သူက ဆေးလိပ်ဝင်ယူတာမှုတ်ဘူး။ သူ့မှာ ဆေးလိပ်သောက်ဖို့ တကယ်မရှိမှ သူက၀င်ယူတာ။

တခါတခါ သူဟာ လမ်းသွားရင်း ဘာတွေမှန်းလဲမသိ တတွတ်တွတ်နဲ့ ရွတ်ရင် ရွတ်နေတတ်တယ်။ ပြုံးပြုံးကြီးလုပ်ရင်လည်း လုပ်နေတတ်သေးတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ သူက ဒုက္ခမပေးဘူး။ ကြာလာတော့ ကိုယ်လည်း သူ့ကို အသိတစ်ယောက်၊ မိတ်ဆွေကြီးတစ်ယောက်လို မှတ်ထားနေမိတော့တယ်။ ဆေးလိပ်တွေ အလကားယူနေတဲ့သူဆိုပြီး ငြိုငြင်တဲ့ စိတ်လည်း မဖြစ်မိတော့ဘူး။ သူ့ကိုမတွေ့တာကြာပြီဆို ကိုယ်နဲ့ မေမေက ဘာလို့များ မလာပါလိမ့်၊ ၅ပြားတန် ဆေးလိပ်တွေကလည်း ကုန်ခဲလိုက်တာလို့ တွေးမိ၊ မျှော်မိတဲ့အထိပဲ။ တခါသားမှာတော့ မေမေက သူ့ကို ဆေးလိပ်တွေပေးရင်း၊ ဇော်ဖေရယ် နင်လည်း ငါ့တို့ဆိုင်က ဆေးလိပ်တွေယူနေတာ နှစ်ပေါက်နေပြီ၊ အကြွေးဆပ်ဖို့ရော စိတ်ကူးလေးဘာလေးရှိရဲ့လားလို့ ရီရီမောမော စလိုက်တယ်။ အဲသလိုပြောတော့ သူက တနေ့ကျ ရမှာပါဆိုပြီး တည်တည်ကြီးနဲ့ပြောလို့ ရီကြရသေးတယ်။

ဒီလိုနဲ့ ကိုယ် ၈တန်းနှစ်အရောက်မှာ ဖေဖေက ကိုယ့်အတွက် စာဖတ်ဖို့ ပိုအရေးကြီးလာတယ် ဆိုပြီး အဲဒီ ဆိုင်လေးကို ဆက်ပြီး မထိုင်ခိုင်းတော့ပဲ ဆိုင်ပိတ်ဖို့ လုပ်ရတာ့တယ်။ ဦးဇော်ဖေလာတဲ့ တနေ့မှာ ကိုယ်နဲ့ မေမေက ဒီဆိုင်လေးပိတ်တော့မှာမို့ နောက်တခေါက်လာရင် ရှိမှာမှုတ်တော့ဘူးလို့ သူ့ကို ပြောပြလိုက်တယ်။ သူကဘာမှ ပြန်မပြောဘူး။ သူယူနေကြဆေးလိပ်တွေကိုပဲ သူ့ထုံးစံအတိုင်း အကြွေးလို့ပြော ခေါင်းကြီးငုံ့ပြီး ယူသွားတယ်။ ဒါပေမဲ့ နောက်တနေ့ နေ့လည်ခင်းမှာတော့ ဦးဇော်ဖေက ကိုယ်တို့ဆိုင်ကို မထင်မှတ်ပဲ ရောက်လာခဲ့တယ်။

သူက ဆိုင်ထဲကိုဝင်လာ၊ မေမေ့ ဆီကို သွားပြီး လက်ဖြန့်လို့ ပြောတယ်။ မေမေက ဘာမှန်းမသိ လက်ဖြန့်ပေးလိုက်တော့ လွယ်အိတ်အစုတ်လေးထဲက သူ့လက်တဖက်ထွက်လာပြီး ရော့...အကြွေးဆပ်တာဆိုပြီးတော့ အကြွေစေ့တွေ လက်တဆုပ်စာ အများကြီး မေမေ့လက်ထဲ ထည့်ပေးလိုက်တယ်။ ကိုယ်ရော၊ မေမေပါ အံ့သြလိုက်တာဆိုတာ မပြောပါနဲ့တော့။ အမြဲ အကြွေး၊ အကြွေးဆိုပြီး သူဝယ်ခဲ့တာ၊ တနေ့တော့ ရမှာပါလို့ သူပြောခဲ့တာတွေဟာ၊ သူအပိုပြောခြင်းမဟုတ်။ သူတကယ့်ကို ပြောခဲ့တာပါလားလို့ မယုံနိုင်စွာ နားလည်လိုက်ရတယ်။ ဆိုင်ပိတ်တော့မယ်ပြောလို့ သူဟာ ချက်ချင်းပဲ သူ့မှာ ရှိသလောက် ပိုက်ဆံတွေ လာပေးသွားတာ။ ကိုယ်တို့မှာ အံ့သြလွန်းလို့ ဘာစကားမှ မပြောနိုင်ခင်မှာပဲ ဦးဇော်ဖေဟာ ဆိုင်အပြင်ဖက်ကို ငိုက်စိုက် ငိုက်စိုက်နဲ့ ပြန်ထွက်သွားတယ်။ ကိုယ်နဲ့ မေမေက သတိတရနဲ့ ဆေးလိပ်မယူတော့ဘူးလားလို့ အော်မေးလိုက်မိသေးတာကိုတောင် သူပြန်လှည့်ကြည့်မသွားခဲ့ဘူး။ သူ့ပိုက်ဆံတွေ မလိုချင်ဘူးလို့ ကိုယ်တို့ကပြောလည်း ပြန်ယူမဲ့ပုံမပေါက်ပါဘူး။

ဆိုင်ပိတ်ပြီး နောက်ပိုင်း ဦးဇော်ဖေ ဘယ်ရောက်သွားလဲ ကိုယ်တို့ သေချာမသိတော့ဘူး။ ကိုယ်နဲ့မေမေကတော့ ဆေးလိပ်ဖိုးအတွက်ဆိုပြီး သူပိုက်ဆံတွေပေးသွားခဲ့တာကို ယနေ့ထက်ထိ မှတ်မှတ်ရရ ရှိနေကြတုန်းပဲ။ တခြားလူတွေအတွက်တော့ ဒီ... ဦးဇော်ဖေဆိုတာ သာမန် စိတ်မမှန်တဲ့ လူတစ်ယောက်ပဲလို့ မြင်ကြမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ဘ၀မှာတော့ ဦးဇော်ဖေက စည်းကမ်းရှိဖို့၊ လောဘမကြီးဖို့၊ တတ်နိုင်သလောက် ဂတိတည်ဖို့၊ သူတပါးပစ္စည်းအလကားမယူတတ်ဖို့ သတိပေးခဲ့တဲ့ ဆရာတစ်ယောက်ပါပဲ။

လောကမှာ ကိုယ့်ကိုယ်ကို စိတ်မှန်တယ်လို့ ထင်ပြီး စိတ်မမှန်တဲ့ လူတစ်ယောက်လောက်တောင် မကျင့်ကြံနိုင်ရင် ဘယ်လောက်များ ရှက်စရာကောင်းလိုက်ပါ့မလဲလို့။

မှတ်ချက်။ ။ စစချင်းကရေးတဲ့ အောက်ဆုံးစာကြောင်းလေး မကြိုက်လို့ ပြန်ပြင်ထားပါတယ်။
***********************

Sunday, February 22, 2009

ပြက္ခဒိန်လေးတွေ ဘယ်လိုချုပ်မလဲ...

မစုချစ်ကတော့ ကိုယ်ပိုင်ပြက္ခဒိန်လေးတွေ ကိုယ့်ဖာသာပဲ ချုပ်ပါတယ်။ လက်ရာ အထူးကြီးမကောင်းလှပေမဲ့ စင်ကာပူမှာက အပြင်မှာ သွားလုပ်ခိုင်းရင် ဈေးကြီးတော့ ကိုယ့်အားပဲ ကိုယ်ကိုးရပါတော့တယ်။

ပထမဆုံး စားပွဲတင် ပြက္ခဒိန်အဟောင်းတွေရဲ့ စတန်းကို ယူပါတယ်။ အဲဒီ စတန်းနဲ့ ကိုက်အောင် ပြက္ခဒိန်တွေကို ပရင့်ထုတ်ပါတယ်။ မစုချစ်သုံးတဲ့ စတန်းရဲ့ size က (6 x 8.5) inch ရှိပါတယ်။ print out ကို အဲဒီ အရွယ်အစားနဲ့ ကိုက်အောင် ထုတ်ပါတယ်နော်။

ပြီးရင် စတန်းနဲ့ ကိုက်အောင် စာရွက် အကြမ်း တစ်ခု အရင် ဖြတ်ထားပါ။

(စာရွက်ဖြတ်စက် ရှိရင်တော့ ပိုအဆင်ပြေမှာပါ။ ကိုယ့်မှာတော့ စာရွက် ဖြတ်စက်မရှိလို့ သစ်သားတုံးလေး တစ်ခုပေါ်တင်ပြီး ပေတံနဲ့၊ ဓါးထက်ထက် တစ်ခုကို သုံးပြီးဖြတ်ပါတယ်။ ပြက္ခဒိန်တွေက ဘုန်းကြီးကျောင်းကိုပါ လှူဖို့လုပ်တာဆိုတော့ စာရွက်တွေ အများကြီးဖြတ်ရတာ ဖေဖေရယ်၊ ယောက်ယောက်ရယ်၊ မောင်လေး တစ်ယောက်ရယ်က ကူညီဖြတ်ပေးကြပါတယ်။)

အဲဒီ စာရွက် အကြမ်းလေးနဲ့ စတန်းနဲ့ ကိုက်ရဲ့လား သေချာ ညှိကြည့်ပါ။


ကိုက်ပြီ ဆိုရင် အဲဒီ စာရွက် အကြမ်းလေး ကို ကိုယ်ဖြတ်မဲ့ ပြက္ခဒိန် စာရွက်ပေါ်ထပ်တင်ပြီး ဓါးလေးနဲ့ အားစိုက်ပြီး တစ်ချက်ထဲ ဆွဲဖြတ်ပါ။ တချက်ထဲ ဖြတ်မှ စာရွက်က တိတိရိရိလေးပြတ်ပြီး ညီညာမှာပါ။




စာရွက်တွေ အားလုံးဖြတ်ပြီးပြီဆိုရင် စတန်းမှာ တတ်ဖို့ အပေါက်ဖောက်ရပါမယ်။ စတန်းရဲ့ အပေါက်နဲ့ ညီအောင် ပြက္ခဒိန် စာရွက်တွေမှာအပေါက်လိုက်ဖောက်ရပါမယ်။ ပုံမှာ ပြထားတာ ကြည့်ပါနော်...


အပေါက်ဖောက်စက်က တစ်ဖက်ပဲ သုံးရမှာပါ။ အခြား တစ်ဖက်ကို စာရွက် ၀င်မနေမိပါစေနဲ့။ ပြီးတော့ အပေါက်ကို ဖောက်တဲ့အခါ စာရွက်အားလုံးတဆုံးမထည့်လိုက်ပါနဲ့။ နေရာ နည်းနည်းလေးချန်ထားပါ။


ပြီးရင် စတန်းမှာ ချိတ်ဖို့ ကလစ်တတ်ရပါမယ်။ ကလစ်လေးတွေကို ပေါ်ပြူလာမှာ ၀ယ်လို့ရပါတယ်။






အပေါက်တွေ အားလုံးဖေါက်ပြီးပြီဆိုရင် စတန်းမှာ အလွယ်တကူ ဒီလိုလေးတတ်လိုက်ရုံပါပဲ။






တကယ်က စာရွက်အပြည့် အပေါက်လေးတွေ ဖေါက်ပြီး တတ်ရင်လည်း ရပါတယ်။ မစုချစ်ကတော့ ပျင်းတာနဲ့ အပြည့်မဖေါက်ဖြစ်တာပါ။ ကလစ်ကို ၀ယ်လို့မရဘူးဆိုရင် စတန်းအဟောင်းက ချိတ်တဲ့ဟာကိုပဲ ပြန်သုံးလို့လည်းရပါတယ်။ အောက်ကပုံထဲက ကိုယ့်ဓါတ်ပုံလေးတွေနဲ့ ပြက္ခဒိန်ဒီဇိုင်းတစ်ခုက စတန်းအဟောင်းက ချိတ်ကို ပြန်သုံးထားတာပါ။


ရွှင်လန်းချမ်းမြေ့ကြပါစေ...။

မေတ္တာဖြင့်... စုချစ်

Friday, February 20, 2009

Business email writing tips - 5

Image from http://www.fotosearch.com/

မောင်လေး တစ်ယောက်က ဆက်ရေးပေးပါဦးလို့ တောင်းဆိုလာသမို့ အီးမေးလ် ရေးနည်း တွေ့မိတာလေးတွေ၊ သိတာလေးတွေ ပြောပြဦးမယ်နော်။ တကယ်က အင်တာနက်က ရှာတွေ့တာတွေကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး နားလည်သလို ပြန်ရေးပေးထားတာပါနော်။ မစုချစ်ရဲ့ ရုံးသုံးအီးမေးလ် ဆောင်းပါးများမှာ အလုပ်စ၀င်မည့် ကလေးများအတွက်နဲ့၊ ရုံးသုံးအီးမေးလ် တခါမျှမရေးဘူးသူများအတွက်သာ ရည်ရွယ်ပါတယ်နော်။ သိပြီးသား၊ တတ်ပြီးသား သူတွေကတော့ ကျော်ဖတ်သွားကြပါနော့...

ကဲ... ဒီတပတ် ပြောမှာကတော့... ( အင်း... မရေးတာကြာလို့ ပြောပြီး ရေးပြီးသားတွေ ထပ်ရေးမိတယ်ဆိုရင်တော့ ခွင့်လွှတ်ပါဗျို့... )

များသောအားဖြင့်တော့ အီးမေးလ်ရေးနည်း ကျွမ်းကျင်သူများက အကြံပေးကြတာ တွေ့ရတာ ဟောဒီအချက်များဖြစ်ပါတယ်။

1) keep it short and simple
2) be specific and avoid generalizations
3) use the active voice
4) arrange their sentences with parallel structure
5) organize their writing by following an outline
6) use a tone that will give readers a positive mental picture of writer

၁) keep it short and simple
အရင်က ရေးတဲ့ ပိုစ့်မှာလည်း ရေးဖူး၊ ပြောဖူးတယ်နဲ့ တူပါတယ်နော်။
အီးမေးလ်ရေးတယ်ဆိုတာ အင်္ဂလိပ်စာ အက်ဆေးရေးနေတာ မဟုတ်ဘူးဆိုတာကို သိထားသင့်ပါတယ်။ ဖွဲ့နွဲ့ရေးစရာမလို၊ အရမ်းကြီး တခမ်းတနားလုပ်ရေးနေစရာလည်း မလိုပါဘူး။ ကိုယ်ပြောချင်တာကို အများနားလည်နိုင်မဲ့ အရှင်းဆုံး၊ အလွယ်ဆုံး အင်္ဂလိပ်စကားလုံးတွေ သုံးပြီး လိုရင်းတိုရှင်း ရေးရတာ ဖြစ်လို့ အီးမေးလ် ရေးရတာ ထင်သလောက် မခက်လှပါဘူး။ မေးလ်ဖတ်နေတဲ့သူရဲ့ ဘေးနားကို သွားပြီး သူ့ကို စကားပြောနေသလို မျိုးရေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

အီးမေးလ်ရေးတဲ့အခါ ကိုယ့် company ကပဲနားလည်တဲ့၊ ဒါမှမဟုတ် ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ အတိုကောက် စကားလုံးတွေဖြစ်တဲ့ acronyms နဲ့ buzzwords တွေ ထည့်မရေးသင့်ပါဘူး။ ဥပမာ … ကိုယ့်ရုံးတွင်းမှာပဲ သုံးတဲ့ အတိုကောက် စကားလုံး EPC လို့ရေးတာ Engineering Process Control လို့မရှင်းပြပဲ တခြားသူက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။

ကိုယ်ရေးလိုက်တဲ့ စာထဲမှာ အများနားလည်ဖို့ မလွယ်တဲ့ စကားလုံးတွေသုံး၊ Big words တွေသုံး၊ long sentenceတွေ သုံးပြီး ရေးလို့ ဖတ်တဲ့သူက အထင်ကြီးမှာမဟုတ်ပါဘူး။ အီးမေးလ်တစ်ပုဒ်ဖတ်ဖို့ အရေး ဘေးနားမှာ dictionary တစ်အုပ်ထားဖို့ လိုတယ်ဆိုရင်တော့ မဟုတ်တော့ပါဘူးနော်။

ဥပမာ…
လူအများမြင်ဘူးနေကျ စကားလုံး လွယ်လွယ်ကို ဦးစားပေးသုံးပေါ့နော်…

ergo = therefore
henceforth = from now on

so to speak = as we say

utilize = use

disseminate = send out

equitable = fair


တကယ်လို့ ၀ါကျအရှည်ကြီး ရေးမိတယ်ဆိုရင် ရေးပြီးတဲ့အခါ ကိုယ်ရေးတဲ့စာကို ကိုယ့်ဖာသာပြန်ဖတ်ကြည့်ပါဦး။ ဖတ်နေရင်းနဲ့ အသက်ရှူဖို့ ခဏရပ်နေရတယ်ဆိုရင် အဲဒီဝါကျကို ၂ကြောင်းလောက်ခွဲထုတ်ဖို့ လိုနေပြီပေါ့။ ထပ်နေတတ်တဲ့ စကားလုံးတွေ ရှိရင် ဖယ်ပစ်လိုက်ဖို့ လိုပြီပေါ့။

ဥပမာ…
It has come to our attention that your account is three months in arrears.
လို့ ရေးထားတာကို …
Your account is three months past due.
လို့ ခပ်တိုတို ပြန်ပြင်ရေးနိုင်ပါတယ်နော်။

ဥပမာ…
ဒီလို စကားလုံးရှည်ရှည်တွေကိုလည်း အတိုနည်းနဲ့ပဲ ဖလှယ်ပြီးရေးသင့်ပါတယ်။

for the purpose of = for
the majority of = most

in order to = to

provide an introduction = introduce

on a daily basis = daily

on a regular basis = routinely

can able to do = can do


ဥပမာ…
ခု ရေးထားတဲ့ စာပိုဒ်အရှည်ကြီးကို ဖတ်ရလွယ်အောင် ရှင်းအောင် ဘယ်လို ပြန်ပြင်ရေးကြမလဲ…

This document is for the purpose of giving the reader a detailed explanation of the inventory process. It describes the activities we currently do in the majority of instances on a daily and weekly basis. In order to provide an introduction to the process for employees who work on a temporary basis, we also have prepared an overview, which describes the highlights of the inventory process in just two pages.

ဒီလိုလေးရေးတော့ တိုတိုလေးနဲ့ ပိုပြီး ရှင်းမသွားဘူးလား...

This document explains the inventory process in detail. It describes our usual daily and weekly activities. We also have prepared a two-page overview to introduce the process to temporary employees.

ဆက်ရန်...
Ref:
http://owl.english.purdue.edu/

http://ezinearticles.com/?10-Steps-to-Emailing-Success&id=1283238

http://esl.about.com/od/businessenglishwriting/a/bizdocs_3.htm

http://classweb.gmu.edu/mwasser1/writinghb/tentips.htm
http://www.businesswritingblog.com/
http://www.syntaxtraining.com/business_writing_tips.html

http://oregonstate.edu/dept/eli/buswrite/

Wednesday, February 18, 2009

ရှေးခေတ် မြန်မာကဗျာများ

ရှေးခေတ် မြန်မာကဗျာများ



အင်တာနက်ကနေ ရှေးခေတ်မြန်မာ ကဗျာစာအုပ်လေး တွေ့မိလို့ ကဗျာချစ်သူများ အားလုံးအတွက် ဝေမျှလိုက်ပါတယ်။ ဒီကဗျာ စာအုပ်လေး ဖတ်ရတော့မှ မေ့နေတဲ့ ကဗျာလေးတွေ ပြန်သတိရလာတယ်။ စုချစ်အတွက်တော့ တန်ဖိုးထား မြတ်နိုးရမဲ့ မြန်မာ့ ရှိုးရာ ရှေးဟောင်းကဗျာစာအုပ်လေး တစ်အုပ်ပါပဲ။

မှတ်ချက်။ ။
ကဗျာစာအုပ်ပုံလေးပေါ်မှာ ကလစ်ခေါက်လိုက်ပြီး Mediafire link ကနေလည်း ဒေါင်းလုပ် လုပ်လို့ရပါတယ်နော်... သတိမထားမိကြမှာစိုးလို့ပါ...။

မေတ္တာဖြင့် စုချစ်

credit to original link Here

Monday, February 16, 2009

ဈေးစာရင်း

ဘာရယ်မှုတ်ဘူး။ မနေ့က မနက်ပိုင်း ဘူကစ်ဘတုတ် ၀က်မားကက်နဲ့ ရွမ်ချင်းက စင်းဆောင်း မှာ တပတ်စာလိုတာတွေ ဈေးဝယ်တာကို ဘယ်သောအခါမှ ဈေးစာရင်း မလုပ်ဖူးဘူးလို့ အမှတ်တရ ရေးထားလိုက်တာ။

၁၅၊ ၀၂၊ ၂၀၀၉ တပတ်စာ ဈေးဝယ်စာရင်း
နံနက် - ဘူကစ်ဘတုတ် ၀က်မားကက်
ပေါင်မုန့် - ၁.၈၅
အီကြာကွေး - ၃.၀၀
ကြက်၁ကောင် - ၉.၅၀

ညနေ - ရွမ်ချင်း စင်းဆောင်း
ဟင်းသီးဟင်းရွက်
ခရမ်းသီး - ၀.၈၀
ပဲပင်ပေါက် - ၀.၂၅
နှင်းပဲပင် - ၁.၃၅
ကြက်သွန်မိတ် - ၀.၄၀
ငရုတ်သီးစိမ်း - ၀.၃၅
ပြောင်းဖူး - ၁.၂၅
မျှစ် - ၂.၀၀

အသား၊ ငါး
ပုဇွန် - ၈.၄၀
ကတ်ကတစ် - ၈.၀၀
ဆော်လမွန် - ၆.၉၀

အသီး
ဆန်းကစ် ၃လုံး - ၂.၅၀
ပန်းသီး ၅လုံး - ၂.၂၀
ကီဝီသီး ၅လုံး - ၂.၅၀
စပျစ်သီး - ၄.၉၀

အခြား
ဂျင်း - ၀.၇၅
ကြက်သွန်နီ တအိတ် - ၆.၀၀
ဆီတပုလင်း - ၇.၅၀
ငရုတ်သီးမှုန့် - ၁.၉၀
ဂျုံကြာဇံ ၂ထုတ် - ၁.၄၀
သက်သတ်လွတ် ကင်ချီခေါက်ဆွဲခြောက် - ၃.၅၀
ကောက်ညှင်းဆန် အမဲ - ၁.၄၀
ကောက်ညှင်းဆန် အဖြူ - ၁.၇၀
ငါးနီတူခြောက် - ၄.၉၅
မီဆိုး ဟင်းချိုထုတ် - ၄.၈၀
ကော်ဖီမိတ် - ၂.၄၀
ဘီစကစ် - ၁.၉၅
ရေခဲမုန့် - ၃.၉၅
ခေါက်ဆွဲ စစ်တဲ့ ဇကာ - ၂.၄၀
ရေစစ်အသေးလေး - ၀.၉၅
ပုံဆွဲစာအုပ် - ၁.၆၅
ရေပိုက် ဗားခလုတ် - ၄.၅၀
****************************
စုစုပေါင်း - ၁၀၇. ၈၀

Friday, February 13, 2009

၉၄နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့


၁၃၊ ၀၂၊ ၂၀၀၉
အဖိုးဗိုလ်ချုပ်အောင်ဆန်း ၉၄နှစ်မြောက် မွေးနေ့ အမှတ်တရ...



ဗိုလ်ချုပ်အောင်ဆန်း

(အတိတ်နှင့် ပစ္စုပ္ပန်)



မသိ၍ဆို၊

မလို၍ပြော။


သူ့စိတ်မှာ အလွန်ယဉ်လို့၊

သူ့ဥာဉ်မှာ အလွန်သန့်တယ်၊

ထူးချွန့်သဘော။ ။


မသိ၍ထင်၊

မမြင်၍ပြော။


သူ့ဝိညာဉ် မသေပျောက်ပါဘူး၊

မိုးပေါက်လို အစဉ်ကြည်လို့၊

နေခြည်လို အစဉ်လန်းကာ၊

ဖျန်းဆွတ်စိတ်စော။ ။


မင်းသုဝဏ်

Tuesday, February 10, 2009

မမ နှင့် ညီမလတ်


မမ နှင့် ဂျစ်တူးမ
( မမက သဘောကောင်းတဲ့ပုံလေး၊ ကိုယ့်ပုံကတော့ စွာတေးလန် )

ငယ်ငယ်တုန်းက မမက ကိုယ့်ကို သိပ်ပြီးကြည့်လို့မရဘူး။ သူ့နောက်က ရောက်လာတဲ့ အငယ်ဆိုပြီး ချစ်ပုံလည်း မရဘူး။ ကိုယ်မွေးလာတော့ မေမေတို့က ညီမလေးကို လာကြည့်လှည့်ဦးလေလို့ ခေါ်တာတောင် လက်နှစ်ဖက်နောက်ပစ်ပြီး ခပ်ဝေးဝေးကနေ စိမ်းစိမ်းကြီး စိုက်ကြည့်နေတာတဲ့။ အနားတိုးကြည့်ဖို့ လက်ဆွဲပြီး အတင်းလဲ ခေါ်ရော... အာခေါင်ခြစ်ပြီး အော်ငိုပါလေရောတဲ့လေ။ (ဟွန်း... လူကိုများ သရဲသဘက် ထင်လေလားမသိ...) အဲဒီတုန်းက မမက အိမ်မှာ အတူနေတာမဟုတ်ပဲ အဖိုး၊ အဖွားအိမ်မှာလိုက်နေတာ။ မမက သမီးအကြီးဆုံး စနေသမီးဖြစ်နေတာမို့ အဖေကြီးက မမကို သမီးအဖြစ်မွေးစားလိုက်တယ်။ အဲသာကြောင့် မမက အဖိုးနဲ့ အဖွားကို အဖေကြီး၊ အမေကြီးလို့ ခေါ်ပြီး အဖေနဲ့ အမေကို ကြတော့ (သူငယ်ငယ်က) ကျော်ကျော်နဲ့ နှင်းနှင်းလို့ ခေါ်သတဲ့။ မြေးဦးကအဲသလို ခေါ်တော့ ကိုယ်တို့ နောက်မွေးလာတဲ့ မြေးတွေ အားလုံးကလည်း အဖိုး၊ အဖွားကိုခေါ်တာ အဖေကြီး၊ အမေကြီးလို့ ဖြစ်ကုန်ကြတော့တာပဲ။

မမကို မေမေတို့ရဲ့ အဖိုး (မေမေတို့အခေါ် - အဘ) ၀င်စားတယ်လို့လည်း ပြောကြတယ်။ သူ့ရဲ့ နားရွက်လေးမှာ အဘလို အမှတ်လေးပါတယ်တဲ့။ အဘလို ဖြူဖြူသွယ်သွယ်၊ အရပ်ရှည်ရှည်ကြီးလည်းဖြစ်လို့တဲ့။ ဘာပဲဖြစ်ဖြစ် မမကမြေးဦးဆိုတော့ အဖိုး၊ အဖွား၊ အဒေါ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ အရခဲ့ဆုံးသောသူပါပဲ။

မူလတန်းအရွယ် ရောက်လာတော့ မမက အိမ်ကို ပြန်ရောက်လာတယ်။ ငယ်ငယ်တုန်းက ညီအစ်မ၂ယောက် ချစ်သလား၊ မချစ်သလား မသိဘူး။ ခဏခဏ ရန်ဖြစ်ကြတာတော့ မှတ်မိတယ်။ လူကြီးတွေက တခုခုပေးပြီဆို ဘယ်လောက်ပဲ ညီညီမျှမျှပေးပေး၊ ကပ်သပ်ပြီး လုကြ၊ သူ့ဟာကပိုကောင်းတယ်၊ ငါ့ဟာက အစုတ်ကြီး ဆိုပြီး ရန်ဖြစ်ကြ၊ နပန်းလုံးကြတော့တာပဲ။ တခါက ရောင်စုံစက္ကူလေးတွေနဲ့ အရုပ်လေးတွေ ချိုးပြတဲ့ ဂျပန်ပြပွဲတခု သွားကြည့်ကြတာ ပြန်လာတော့ ရလာတဲ့ ရောင်စုံစက္ကူတွေလုပြီး ၂ယောက်သား အကြီးအကျယ် ရန်ဖြစ်ကြသပေါ့။ အဲသလို ရန်ဖြစ်တိုင်း ကိုယ်ကတော့ ခံဖက်ကကြီးပဲ။ ၂နှစ်ကျော်ကျော်လောက်သာကွာတာ။ သူက လူကောင်းကြီးကြီး ခြေဆန်၊ လက်ဆန်ရှည်ရှည်။ လက်ကလှမ်းပြီး ဖြန်းကနဲရိုက်၊ နောင်ခြေတလှမ်းဆုတ်လိုက်ရင် ကိုယ်လို အကောင်သေးသေး ပုပုညှက်ညှက်က မမှီမကန်းနဲ့ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ တခါတခါ စိတ်ဆိုးလွန်းလို့ သူမမြင်ရအောင် နောက်ကနေ ခြေသံဖော့ပြီးတော့ တိတ်တိတ်လေး ရိုက်တာ၊ တွန်းတာတွေ လုပ်တာ။ သူ့လက်တံရှည်ရှည်က ကိုယ်ပြေးလို့ မလွတ်ခင် ကိုယ့်နောက်ကျောကို ဗြန်းကနဲ လာထိတာပဲ။

ဒါပေသိ ကိုယ်တို့၂ယောက် ဘယ်လောက်ရန်ဖြစ်ဖြစ်၊ ၁နာရီပြည့်အောင်တောင် မခေါ်ပဲ မနေနိုင်ကြဘူး။ ရန်ဖြစ်ပြီး ၁၅မိနစ်လောက်နေရင် တစ်ယောက်ကို တစ်ယောက် ခိုးကြည့်၊ ချောင်းကြည့်၊ ပြုံးစိစိတွေလုပ်ပြီး၊ (တခြား ကစားဖော်ကလည်းမရှိတော့) မြန်မြန်ပြန်တည့်သွားကြတာပဲ။ သာပေမဲ့ ကြီးလာတော့ မမက ကိုယ့်ကိုညှာခဲ့တာ၊ အိမ်ကို ကိုယ့်ထက်ပိုပြီးသိတတ်ခဲ့တာတွေကလည်း အများကြီးပဲ။ သူ့ကျောင်းမုံ့ဖိုးတွေဆို ကိုယ်ကချီးတယ်ပြောပြီး ယူယူသုံးပစ်တတ်တာမနည်းဘူး။ အစားအစာဆိုလည်း ဝေပုံကျပေးထားတာကို ကိုယ်က မြန်မြန်ပါးစပ်ထဲထည့်ပစ်ပြီး သူ့ဝေစုကို သွားသွားတောင်းတတ်တာ။ အိမ်မှာ ဟင်းချက်ထားတာနည်းတဲ့နေ့ဆို သူကဟင်းရည်လေးနဲ့ပဲ နယ်စားပြီး ကိုယ်တို့ကို အသားတွေထည့်ပေးတတ်ခဲ့တာ။ ကိုယ့်ကိုဆို ထမီကအစ၊ ဘောင်းဘီအဆုံး စာကြည့်ပျက်မှာစိုးလို့ ဆိုပြီး သူပဲလျှော်ပေးခဲ့တာ။

မမက အရမ်းလည်း ရှက်တတ်တဲ့သူ။ ကိုယ်က သူ့ကိုစိုက်ကြည့်နေပီဆို သူမနေတတ်တော့ဘူး။ နင်နော် ..ငါ့ကို လာမကြည့်နေနဲ့ဆိုပြီး ရှက်ရှက်နဲ့ လိုက်ရိုက်တတ်တဲ့သူမျိုး။ အဲသလို လူက တစိမ်းယောက်ျားလေးတွေ ရှေ့မှာဆိုပို ရှက်တတ်တာပေါ့။ အပျိုပေါက်လေးဖြစ်လာတော့ ယောက်ျားလေးတွေ ရှေ့ရောက်ရင် သူ့မှာ ခြေလှမ်းတွေမှား၊ ဘယ်မှလည်း မော့မကြည့်ရဲ့နဲ့...။ သူ့နောက်ကလိုက်ရတဲ့ မဂျမ်းတောကိုယ်က သူ့သက်တော်စောင့် အလိုလို ဖြစ်လာတယ်။ သူ့ကို လိုက်နေတဲ့သူတွေကလည်း ကိုယ့်ကိုဆို အသေကြောက်။ ထမင်းဘူးနဲ့ အခေါက်ခံရဘူးတဲ့သူ၊ ထီးနဲ့ လိုက်ရမ်းလို့ ထွက်ပြေးဘူးတဲ့သူ.. အစုံပါပဲ။ သူကလည်း သူ့နောက်ကလိုက်စကားပြောတဲ့သူကို ဘယ်လိုခြောက်လဲဆိုတော့ နောက်မှာ ညီမလတ်ပါလာတယ်နော်... သူ့အကြောင်းသိတယ်မှုတ်လားတဲ့။ ဟိုကဘာပြန်ပြောလဲဆိုတော့... သိပါတယ်တဲ့။ အိတ်ညီမလတ်က အိမ်ရှေ့ဝရန်တာ ကုလားထိုင်မှာ အိပ်ပျော်နေတာ တွေ့လို့ အန္တရယ်ကင်းပြီဆိုပြီး ရဲရဲတင်းတင်းလိုက်လာပါသတဲ့... ဖြစ်ပုံများ...။ ဟွန်း... ကိုယ့်ဖာသာ မကြိုက်ရင် မကြိုက်ဘူး မပြောဘူး။ ပြီးတော့ သူက ရှက်တတ်တာများ အ၀တ်အစားအသစ်ဝတ်ရမှာကိုတောင် အသစ်ကြီးမို့ ရှက်လို့ ဆိုပြီး ခြေ၀တ်တတ်တဲ့သူမျိုး။ အလှပြင်ရမှာကိုလည်း ဟယ်..အလှပြင်ထားတယ်လို့ သူများတွေကပြောမှာကို ရှက်တတ်တာမျိုး။

အဲဒီတော့ အဲသလို အရှက်ကြီးတဲ့သူက အဲသလောက်အရှက်ကြီးစွာနဲ့ အညီ ခုချိန်ထိ တခါမှ ရည်းစားမထားဘူးတဲ့ အပျိုစင်၊ အပျိုကြီးဖြစ်သွားရတာ အံ့သြစရာတော့ မရှိလောက်ပါဘူးနော်။ ကိုယ့်ကို သူကဘာပြောလဲဆိုတော့.. မဂျမ်းတောကတော့ သူများကို လိုက်တဲ့ သူကိုသာ ထီးနဲ့ လိုက်ရိုက်ပြီး သူ့လိုက်တာကြတော့ ခေါင်းညှိတ်ပလိုက်လို့ ခုတော့ ယောက်ျားလေးတစ်ယောက် အဆစ်ရနေပြီပေါ့တဲ့။

မမရေ... အရမ်းသတိရတယ်။

ညီမလတ်
ခေတ္တ အဝေးတနေရာ
(၁၀-၀၂-၂၀၀၉) မမမွေးနေ့ အမှတ်တရ

Monday, February 9, 2009

သက်ကြီးပူဇော်ပွဲ (၂၀၀၄)

လက်ကိုက်နေလို့ ဒီနေ့ ရုံးမတက်ဖြစ်ဘူး။ အိမ်မှာနေရင်း လွမ်းသလို ဆွေးသလိုနဲ့... အိမ်က လူကြီးတွေကို သတိရနေမိတယ်။ သာနဲ့ မိသားစု ဓါတ်ပုံတွေ ပြန်ကြည့်ရင်း ၂၀၀၄ ခုနှစ် အဖေကြီးမဆုံးခင် အဖေကြီးအတွက် သက်၁၀၀ပြည့်မွေးနေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲ ဓါတ်ပုံတွေ အလွမ်းပြေကြည့်မိတယ်။

ဓါတ်ပုံတွေကြည့်မိတော့မှ ပိုပြီး လွမ်းသလို ဆွေးသလို....။

**********

အိမ်ထောင်ကျပြီးကတဲက ကိုယ်တို့ ၂ယောက်က နှစ်စဉ် အိမ်ပြန်တိုင်း ထူးထူးခြားခြား ခေါင်းလောင်းမထိုးတဲ့ အလှူတွေ စိတ်တူကိုယ်တူ လုပ်ဖြစ်တယ်။ ၂၀၀၄ခုနှစ်ကတော့ အဖေကြီး (အဖိုး) ရဲ့ သက်၁၀၀ပြည့် မွေးနေ့နဲ့ ကိုက်နေလို့ ကိုယ်က သက်ကြီးပူဇော်ပွဲလေး လုပ်ပေးရအောင်လို့ ပြောတော့ ယောက်ယောက်ကလည်း သဘောကျတယ်။ သာနဲ့ ဖေဖေ နဲ့ မေမေကို လှမ်းပြော...ဖေဖေတို့ကလည်း အားရ၀မ်းသာသဘောတူကြတယ်။ ကိုယ်က ရပ်ကွက်ထဲက အသက် ၇၅နဲ့ အထက် (တချို့ တအား နွမ်းပါးတဲ့ အဖိုးအဖွားရှိရင်တော့ အသက်၇၀လောက်လဲ ထည့်ပေါ့နော်... ) နွမ်းပါးတဲ့ အဖိုးအဖွား စာရင်းကောက်ခိုင်းထားလိုက်တော့ အယောက်၃၀လောက် ရှိတယ်တဲ့။ သာနဲ့ ကိုယ်တို့ ရည်မှန်းထားတဲ့ အလှူငွေ ၁၀၀၀ကို ၃၀နဲ့ စား။ တယောက်ကို စလုံးဒေါ်လာ ၃၅ကျပ်လောက်နဲ့ ညီမျှတဲ့ မြန်မာငွေကို ကန်တော့နိုင်ကြတာပေါ့။ တခြား ပစ္စည်းတွေ မကန်တော့ပဲ လူကြီးတွေ သုံးချင်တာသုံးရအောင်ဆိုပြီး ငွေသားကိုပဲ စာအတ်ထဲ ထည့်ကန်တော့ လိုက်တယ်။ ဧည့်ခံတာကတော့ လွယ်လွယ်ကူကူ လက်ဖက်ရည်နဲ့ ကိတ်မုန့်ပဲ။

အဲဒီနေ့က ကိုယ်တို့ အိမ်မှာ ကျက်သရေအပေါင်းခညောင်းစွာ လူကြီးသူမတွေ စည်စည်ကားကားနဲ့ပေါ့။ တချို့ အဖိုး အဖွားတွေဟာ ကောင်းကောင်းမကျန်းမာတော့လို့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ သားသမီး မြေးမြစ်တွေတွဲလို့ ဆိုက်ကားနဲ့ ရောက်လာကြပြီး အိမ်ပေါ်ကို ချီတင်ရတယ်။ သာပေမဲ့ လာရောက်ချီးမြှင့်ကြတဲ့ အဖွားတွေဟာ သနပ်ခါးလေးတွေ အဖွေးသားနဲ့ လှလှပပ၊ အဖိုးတွေကလည်း တိုက်ပုံနဲ့ သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ငြားငြား။ ကိုယ်နဲ့ ယောက်ယောက်က တစ်ယောက်ချင်းစီရဲ့ လက်ထဲကို စာအိတ်လေးတွေ လိုက်ထည့်ပြီး ကန်တော့ကြတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး အားလုံးဟာ ပီတိ မျက်ရည်လည်ကြတယ်။

အကန်တော့ခံ လာရောက်ချီးမြှင့်ကြတဲ့ အဖိုးအဖွားတွေထဲမှာ အသက် အကြီးဆုံး ၉၅ကစလို့ အသက် ၇၀လောက် ထိပါကြတယ်။ ကိုယ်တို့ အဖိုး (အဖေကြီး) ကတော့ အသက်၁၀၀ အသက်ကြီးဆုံးပေါ့။ အဖွား (အမေကြီး) က အဲဒီတုန်းက ၉၃နှစ်လောက်။ အိပ်ရာထဲ လဲနေတဲ့ အဖိုးတစ်ယောက်နဲ့ ခြေထောက် မသန်လို့ လမ်းမလျှောက်နိုင်တဲ့ အဖွား တစ်ယောက် ကိုတော့ သူတို့ အိမ်တွေထိ ကိုယ်တို့ သွားကန်တော့ခဲ့ကြတယ်။ အိပ်ရာထဲ လဲနေတဲ့ အဖိုးက ကိုယ်တို့ ကန်တော့ ပြီး သိပ်မကြာခင်မှာ ဆုံးပါးသွားခဲ့တယ်။ အဲဒီအဖိုးရဲ့ သမီးက ဘာပြောလဲဆိုတော့ အဖိုးဟာ မဆုံးခင်ထိ ကိုယ်တို့ကို တတွတ်တွတ်နဲ့ သတိတရ ဆုတောင်းမေတ္တာတွေ ပို့ပေးခဲ့ပါသတဲ့။ တချို့ အဖိုးအဖွားတွေကျတော့လည်း ဘာပြောလဲဆိုတော့ သူတို့ တသက် တခါမှ အဲဒီလောက်ငွေ တလုံးတခဲ မကိုင်ခဲ့ဘူးဘူးပါသတဲ့။

နောက်တခုကတော့ ဂလိုင်ခေါက်ပြီး ရေခဲချောင်းလိုက်ရောင်းတဲ့ အသက်၆၀ခန့် အဖိုးတစ်ဦးက ဘယ်မှ မသွားပဲ အိမ်အောက်က ခြံတခါးလေးရှေ့မှာ ငုတ်တုတ်လေးလာထိုင်နေပါတယ်လို့ မောင်လေးတစ်ယောက်က သတင်းလာပို့တယ်။ သာနဲ့ ကိုယ်တို့လည်း သူ့ကို အိမ်ပေါ်ခေါ် လက်ဖက်ရည်တိုက်၊ ကိတ်မုန့်ဧည့်ခံပြီး ငွေသား ကန်တော့လိုက်တယ်။ သူကတော့ ၀မ်းသာအားရနဲ့ မကုန်တဲ့ ရေခဲချောင်းတွေ ပြန်အပ်ပြီး တခါထဲ ဇလွန်ဘုရားဖူး ထွက်မယ်ဆိုပဲ။ မသေခင် ဘုရားဖူးထွက်ချင်လို့ သွားဦးမယ်လို့ နှုတ်ဆက်သွားလေရဲ့။

ခုချိန်မှာတော့ ဓါတ်ပုံတွေထဲက အဖိုးအဖွား တော်တော်များများ မရှိကြတော့ဘူး။ အဖေကြီးက ပူဇော်ပွဲအပြီး ၆လအကြာမှာ ဆုံးပါးခဲ့တယ်။ ပူဇော်ပွဲကိုလာခဲ့တဲ့ အဖိုးအဖွားတွေလည်း တစ်ယောက်ပြီး တစ်ယောက် သစ်ရွက်လေးတွေ ကြွေကျသလို ပျောက်ပျောက်သွားကြတယ်။

အဖေကြီး


အဖေကြီး+ အမေကြီး


သက်ကြီးပူဇော်ပွဲ အမှတ်တရ ဓါတ်ပုံများ















Tuesday, February 3, 2009

ဖိုးဖိုး

(၂၀၀၄ခုက မေမြို့ကို သွားတုန်းက ရိုက်ထားတဲ့ ဖိုးဖိုးဓါတ်ပုံလေး)

တနင်္ဂနွေနေ့ (၀၁၊၀၂၊၂၀၀၉) ညနေ က မန္တလေးအိမ်ကဖုန်းခေါ်လာတယ်။ ဖိုးဖိုးဆုံးပြီတဲ့။ ဆေးရုံတင်ထားတာ သိပေမဲ့ အဲဒီနေ့မတိုင်ခင်ကတင် ဖုန်းဆက်တော့ ဆီးမသွားနိုင်တာကြောင့်ဆေးရုံတင်တာဆိုပြီး ပြန်ကောင်းသွားမယ်လို့ပဲ ထင်ခဲ့တယ်။ အိပ်ရာထဲ လဲနေတဲ့ လူမမာလိုကြီးမှ မှုတ်တာ။ အဲဒီလောက်မြန်မြန် ဆုံးလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ထင်မှတ်မထားခဲ့ဘူး။ ဖိုးဖိုးအသက်က ၉၁နှစ်ရှိပြီဆိုတော့ သားသမီးတွေ အားလုံးက အသက်ကြီးပြီပဲဆိုပြီး မဆုံးပါးခင်သေချာပြုစုပေးလိုက်ရတာကိုပဲ စဉ်းစားလို့ ဖြေသိမ့်ကြတယ်။ ယောက်ယောက်ကလည်း ဖိုးဖိုးရှိနေစဉ် ကိုယ်တို့ တတ်နိုင်သမျှထောက်ပံ့ပေးခဲ့တာဆိုတော့ သိပ်ပြီး စိတ်လက်မကောင်းတဲ့ ပုံစံ မျက်နှာကမပြဘူး။ ကိုယ်လည်း ညနေတောက်လျှောက်အေးဆေးပါပဲ။

ည... အိပ်ရာဝင်တော့မှ တုတ်ကောက်လေး လက်တဖက်ကကိုင်လို့ ကာကီညိုရောင်ဘောင်းဘီရှည်ပွပွ၊ စွပ်ကျယ်ဖြူအောက်ခံနဲ့ ရှပ်အင်္ကျိအဖြူကို အပြင်ထုတ်ဝတ်တတ်တဲ့ ဖိုးဖိုး အရိပ်က မျက်စိထဲ တိုးဝင်လာတယ်။ ဖိုးဖိုးကို စသိတာ ၁၉၉၆၊ လွန်ခဲ့တဲ့ ၁၃နှစ်၊ ဖိုးဖိုးအသက် ၈၀နီးပါးလောက်ကပေါ့။ ယောက်ယောက်နဲ့ စကြိုက်ခါစ သူက မနက် ရုံးမသွားခင် ခပ်စောစော ၇နာရီလောက်ဆို Staff House မှာ ကိုယ့်ကိုလာကြိုတယ်။ ကိုယ်တို့က အိမ်ကထွက်လာပြီဆို နေ့တိုင်း အောင်တော်မူ ဘုရားမှာ ပုတီးသွားစိတ်တယ်။ ပြီးရင် မင်းသီဟတို့၊ တက္ကသိုလ်နားကဆိုင်၊ ဒါမှမဟုတ်၊ အောင်တော်မူဖက်က မုံ့ဟင်းခါးဆိုင်၊ စိုးစိုးမုံ့တီဆိုင် စသဖြင့် အဆင်ပြေရာ ဆိုင်တခုခုမှာ မနက်စာသွားစားကြတာပေါ့။ တနေ့မှာ မနက်စာစားပြီး ရုံးကိုအလာ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ကိုယ့်ကို အသားဖြူဖြူနဲ့ တရုတ်အဖိုးကြီးလို့ ထင်ရတဲ့ အဖိုးတစ်ယောက်က လမ်းလျှောက်ရာက ရပ်ပြီး လက်တွေပြနေတာ။ တုတ်ကောက်လေးကို လက်တဖက်က ထောက်ကိုင်ပြီး ပြုံးကလည်း ပြုံးလို့ပေါ့။ သာနဲ့ ကိုယ်ကလည်း ဘုမသိ ဘမသိ ပြန်ပြုံးပြပြီး လက်တွေပြန်ပြတာပေါ့။ သူက အဲဒီရောက်နေတဲ့နေရာမှာတင် ရပ်ပြီး လက်တွေပြနေတာ ကိုယ်တို့ ဟိုးခပ်ဝေးဝေးရောက်သွားတဲ့အထိ။

ကိုယ်က အဲသလိုပဲ တခါတလေ မသိတဲ့ သူတွေက ကိုယ့်ကို လာပြုံးပြရင် ပြန်ပြုံးပြလေ့ရှိတော့ ဖိုးဖိုးဟာ ယောက်ယောက်ရဲ့ ဖိုးဖိုးမို့ ကိုယ်တို့ကို သိလို့ လက်ပြတာလို့ မထင်မိခဲ့ဘူး။ သာပေမဲ့ ယောက်ယောက်က ရုံးရောက်တော့ ခုနက လမ်းမှာ ဖိုးဖိုးကို တွေ့ခဲ့တယ်မှုတ်လားလို့ မေးလိုက်တော့မှ ကိုယ်လည်း တကိုယ်လုံး မွှန်ထွန်ပူထူပြီး... အဲတော့... ဘယ်သူမှန်းမသိ... ဒီကလဲ လက်တွေ ပြန်ပြခဲ့တယ်လို့ ပြောတာပေါ့။

နောက်နေ့... နောက်နေ့ တွေလည်း အဲသလို .. ဖိုးဖိုး လမ်းလျှောက်အပြန် ကိုယ်တို့က မနက်စာစားအပြီး ရုံးအသွား လမ်းမှာ ဆုံလေ့ရှိကြတယ်။ ဖိုးဖိုးက လူသွားလမ်းလေးပေါ်က ကိုယ်တို့ကို မျက်စိတဆုံးကြည့်ပြီး တာဝန်မပျက် အမြဲ လက်ပြနှုတ်ဆက်လေ့ရှိတယ်။ ဖိုးဖိုးမှန်း သိသွားတဲ့ ကိုယ်ကတော့ နောက်နေ့တွေမှာ ပထမတော့ ခေါင်းလေးပု.. လက်လေး မထုတ်ရဲ၊ ထုတ်ရဲ၊ မပြုံးရဲ ပြုံးရဲပေါ့။ နောက်.. နည်းနည်းကြာလာတော့ မှ ရဲရဲတင်းတင်းပြုံးပြီး လက်ပြရဲတော့တယ်။ ယောက်ယောက်နဲ့ ကြိုက်ပြီး ၃-၄လ အကြာ ကိုယ်က စင်ကာပူထွက်လာတော့ ဖိုးဖိုးကို အဲသလို လမ်းမှာ လက်ပြနှုတ်ဆက် ကြုံခဲ့တာကလွဲလို့ လူချင်းမတွေ့ဆုံခဲ့ဘူး၊ စကားမပြောဖြစ်ခဲ့ဘူးဘူး။ မန္တလေးမှာနေစဉ် သီတင်းကျွတ်နဲ့ ကြုံလို့ ယောက်ယောက်ကို ပစ္စည်းတွေ ပေးပြီး လူကြီးတွေကို ကိုယ်စား ကန်တော့ခိုင်းလိုက်ပေမဲ့ ကိုယ်တိုင်တော့ သူတို့အိမ်ကို မရောက်ဖြစ်ခဲ့လိုက်ဘူး။

သာနဲ့ ၅နှစ်အကြာ ယောက်ယောက်နဲ့ ကိုယ်တို့ မင်္ဂလာဆောင်တော့မှပဲ ဖိုးဖိုးနဲ့ ပြန်လည်ဆုံခွင့်ရတော့တယ်။ ဖိုးဖိုးက ကိုယ့်ကို စတွေ့တွေ့ခြင်းပဲ မြေးကို ခုမှပဲ သေချာ မြင်ဘူးတော့တယ်။ ဟိုတုန်းက ခပ်လှမ်းလှမ်းကပဲ လက်ပြရတာလို့ အသံ အေးအေးလေးလေးကြီးနဲ့ သူ့ထုံးစံ ပြုံးပြီးပြောတယ်။

အဲဒီမှာ ဖိုးဖိုးအရမ်းအနေအေးတာကို သတိပြုမိတယ်။ မနက်စောစာ လမ်းထလျှောက်မယ်။ ပြန်လာရင် မနက်စာစားပြီး အိမ်က မွေးထားတဲ့ ခွေးလေးတွေကို အစာကျွေးမယ်။ ပြီးရင် ပက်လက်ကုလားထိုင်လေးမှာ သူ့ဖာသာ ထိုင်နေပြီး ရုပ်မြင်သံကြား ကြည့်ချင်ကြည့်မယ်။ စာအုပ်ဖတ်ချင်ဖတ်မယ်။ ဘုရားဝတ်ပြုရင် ပြုမယ်။ ဖိုးဖိုးနဲ့ အနီးကပ်မနေခဲ့ဘူးလို့ သူ့ရဲ့ တခြားဝါသနာ၊ နိစ္စဓူဝအကျင့်လေးတွေတော့ အသေးစိတ်မသိဘူးပေါ့။ ကိုယ်တို့တွေ ဆူညံစွာစကားပြောနေတာ၊ ယောက်ယောက်ညီမက မွေးတဲ့ ကလေးတွေ ဆော့နေတာတွေကို ဘာမှ မပြောပဲ၊ ဘယ်တော့မှ မဆူပဲ ပြုံးပြုံးကြီးထိုင်ကြည့်နေတတ်တဲ့သူပေါ့။ အဲ.. သူနည်းနည်း နားငြီးလာပြီဆိုရင် သူ့အခန်းထဲ ၀င်သွားမယ်။ ဒါမှမဟုတ် လမ်းလျှောက်ထွက်မယ်။ ပြီးတော့ သူက ဘယ်သူနဲ့မှ စကားသိပ်မပြောဘူး။ တနေ့လုံးနေလို့ လိုအပ်တဲ့ စကားကလွဲလို့ တကယ်ကို အပိုစကား ဘာမှ မပြောတဲ့သူ။

ဖိုးဖိုးကိုကြည့်ပြီး ယောက်ယောက်ဘာလို့ စကားသိပ်မပြောလဲဆိုတာ သဘောပေါက်မိတယ်။ ယောက်ယောက်က ဖိုးဖိုးနဲ့ တော်တော်ကို တူတဲ့လူပါ။ ကိုယ်ကတော့ အဲဒီတုန်းက ဖိုးဖိုးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ယောက်ယောက်တို့ ဖွားဖွားက ဆုံးသွားတာကြာပြီဆိုတော့ ဖိုးဖိုးမှာ အထီးကျန်သလို ခံစားနေရမှာ အမှန်ပဲ။ အဲသာကြောင့် စင်ကာပူကနေ ဖုန်းခေါ်ပြီဆို ကိုယ်က ဖိုးဖိုးကို သတိတရ လှမ်းခေါ်ခိုင်းပြီး စကားစမည်ပြောလုပ်ရတယ်။ တလောက ဆီးကျိတ်လိုမျိုးခွဲပြီးကတဲက ဖိုးဖိုးကို တစ်ယောက်ထဲ လမ်းလျှောက်ဖို့ မလွှတ်တော့ဘူး။ အဲသာကို ဖိုးဖိုးက စိတ်မကြည်လှဘူးလို့ပြောတယ်။ ဖိုးဖိုး စိတ်ကိုလျှော့လိုက်လို့သာ ခုလို မြန်မြန်ကြီး ဆုံးပါးသွားတာလို့ ကိုယ်ကတော့ တွက်တာပဲ။

ကိုယ်က ဘယ်ညာ လူးလိမ့်နေတော့ ယောက်ယောက်က အိပ်မပျော်သေးဘူးလားမေးတယ်။ ပြီးတော့ ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ အိပ်ပျော်တတ်တဲ့ သူကပြောတယ်။ သူလဲ အိပ်လို့ မရဘူးတဲ့။ ကိုယ်ကတော့ အမှန်အတိုင်း ပြောရရင် ဖိုးဖိုးဆုံးလို့ ၀မ်းနည်းနေမိတာလား၊ ဒါမှမဟုတ် အဲသလို အသက်ကြီးလာလို့ ကိုယ်ကမရှိတော့ပဲ ယောက်ယောက်တစ်ယောက်ထဲ ကျန်ရစ်ပြီး ဖိုးဖိုးလို အထီးကျန်နေမှာ စဉ်းစားမိပြီး ၀မ်းနည်းလို့ အိပ်မပျော်တာလားဆိုတာတော့ ကိုယ့်ဖာသာကိုယ် ဝေခွဲလို့ မရနိုင်တော့ဘူး.....။

ဒီတပတ် ဘုန်းကြီးကျောင်းမှာ ဖိုးဖိုးကြိုက်တဲ့ ပဲဟင်း၊ ပဲထမင်း လိုမျိုး ချက်ပြီး ဆွမ်းကပ်ဖို့ စီစဉ်ထားကြတယ်။ ဖိုးဖိုး ကောင်းရာသုဂတိ လားပါစေေဿာ်...။