Wednesday, January 8, 2014

အဖေနှင့် သူ၏ဆက်ရက်(ဇရက်)ကလေး...


"ဒီမယ်... ငါ့သမီး... ယောက်ျားဆို ဘယ်ယောက်ျားမှ မယုံနဲ့၊ သင်းတို့တွေ ဘယ်ကောင်မှ ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး၊ နည်းနည်းဆိုးတဲ့သူရယ် များများဆိုးတဲ့သူရယ် ဒါပဲရှိတယ်..." 

"ဟင်...ဒါဆို... ဖေဖေလည်း ယောက်ျားပဲဟာ.. ဖေဖေရော မကောင်းဘူးလား..." 

"အေး... ဖေဖေလည်း မကောင်းဘူး..." 

အဲဒါကတော့ မရွှေစု ငယ်ငယ်ကတည်းက နားထဲရိုက်သွင်းခဲ့သော အဖေ့စကားများဖြစ်သည်။ သမီးချည်း ၃ယောက်မွေးထားသော အဖေသည် သူ့သမီးတွေ မကောင်းတဲ့ယောက်ျားတွေနဲ့ တွေ့သွားမှာ အင်မတန်ကို စိုးရိမ်ကြီးလွန်းလှသည်။ ဟော... သူ့သမီး မရွှေစု ဆယ်တန်းအောင်၍ ယောက်ျားလေးတွေပေါများလှသော စက်မှုတက္ကသိုလ် တက်ခွင့်ရပြီဆိုသောအခါ ထိုစကားကိုပင် ထပ်ခါထပ်ခါ ပြောပြန်လေသည်။ မရွှေစုကလည်း ထုံးစံအတိုင်း အထွန့်တက်မြဲဖြစ်သည်။ 

"ဖေဖေလည်း ယောက်ျားပဲဟာ... မေမေ့အပေါ် ဒီလောက်ကောင်းတာများ..." 

အဖေသည် မရွှေစုပြောစကားကို မကြားချင်ယောင်ဆောင်ကာ ခုခေတ်ကာလသားများမှာ များသောအားဖြင့် သောက်သောက်စားစား လူ့မင်းသား အရက်သမားတွေ ဖြစ်ကြောင်း၊ ဘိန်းစားတွေများကြောင်း၊ မဟုတ်ရင်လည်း ဖဲသမား နဲ့ လူပေါ်ကြော့တွေသာ ပေါကြောင်း... ငါ့သမီးတွေ နုံနုံအအနဲ့မို့ သတိထားနေဖို့အကြောင်း စသဖြင့် အပ်ကြောင်းထပ်အောင် ရေရွတ် ပြောပြန်လေ၏။ 

ဒီလိုနှင့် မရွှေစု ဘွဲ့ရလို့ အလုပ်ဝင်ပြီး နောက်တစ်နှစ်မှာ ရည်းစားရသည်။ ဦးရေချမ်းနဲ့ ပထမတော့ သူငယ်ချင်း နောက်တော့ ရည်းစားဆိုတာ အမေနှင့် မိသားစုဝင်အားလုံး သိကြပေမယ့် အဖေ့ကို ဖွင့်မပြောရဲ၊ အဖေ စိတ်ဆိုးသွားမှာထက် ကိုယ့်ကိုသိပ်ချစ်တဲ့အဖေ စိတ်မကောင်းဖြစ်သွားမှာ စိုးလို့ဖြစ်သည်။ ဦးရေချမ်းဘက်ကလူကြီးတွေလာပြီး စေ့စပ်ခါနီးမှသာ ဖွင့်ပြောဖြစ်တော့၏။ အဖေက ဦးရေချမ်းအပေါ် ကောင်းသည်လည်း မပြော၊ ဆိုးသည်လည်း မဆို၊ အေးလေ... ကိုယ်ကြိုက်ရာကိုယ်ယူကြပေါ့ဟုသာ မတတ်သာ၍ခွင့်ပြုရသလိုလို စကားတစ်ခွန်းနှင့် သိပ်ကြည်လင်ကျေနပ်ပုံမရ။ မရွှေစုရဲ့သူငယ်ချင်းများအားလုံးအပေါ် ဘယ်သူ့ကိုမဆို သူ့သားသမီးတွေလို မေတ္တာထားချစ်တတ်သောအဖေသည် ဦးရေချမ်းက သမီးရဲ့ရည်းစားဟု သိတဲ့နေ့ကစ၍ မျက်နှာသာ ကောင်းကောင်း မပေးတော့ပဲ မျက်နှာထားကြီးနှင့် ဆက်ဆံတာမျိုးကလည်း လုပ်သေးသည်။ သူ့လက်ထဲကနေ သူ့သမီးကို လုယူသွားသူဟု မြင်နေပုံရသည်။ မေမေခေါ်သလို မောင်ရေချမ်းဆိုတဲ့ နာမည်ကိုလည်း မခေါ်... ဟိုကောင် ဟုသာ နာမ်စားသုံး ပြောလေသည်။ 

ရယ်စရာအဖြစ်တစ်ခုကို မှတ်မိနေသေးသည်။ တစ်ခါသား ဦးရေချမ်း လမ်းထဲဝင်လာတာကို အိမ်ပေါ်ထပ်မှာရှိတဲ့အဖေက လှမ်းမြင်မြင်ခြင်းမှာပင် မရွှေစုဆီ ချက်ချင်းဆိုသလို အလျှင်အမြန်လာပြီး ဘယ်သူမှ မကြားအောင် အသံကလေးနှိမ့်ကာ တိုးတိုးလေး သတင်းပို့သည်။ 

"သမီး... သမီး... ဟိုကောင် အိမ်ကိုလာနေတယ်...၊ မတွေ့ချင် သွားပုန်းနေပါလား..."

သြော်...။ အဖေ့နှယ်... ဖြစ်မှဖြစ်ရလေ...။ ကိုယ့်ရည်းစားကိုယ့်ဆီလာတာ ဘယ်သူက မတွေ့ချင်ပဲ နေပါ့မလဲ၊ သူလာမယ်ဆိုတာလည်း ကြိုဖုန်းဆက်ထားတဲ့ဟာ.. ။ မရွှေစုက စိတ်ထဲမှာပင် တွေးကာ ရယ်ချင်လွန်းတာနှင့် နှုတ်ခမ်းကိုကိုက်ပြီး ခပ်တည်တည်နေလိုက်ရသည်။ အဖေသည် အဲ့သလို။ 

ဒါပေမယ့် ဦးရေချမ်းကတော့ လူလည်၊ သူက အဖေ သူ့အပေါ်ကျလာအောင် ပေါင်းသင်းနိုင်လေသည်။ တစ်ခါက မရွှေစုနဲ့ အဖေရယ် ဦးရေချမ်းကို ကားမောင်းခိုင်းပြီး သင်္ကန်းကျွန်းဘက်က မိတ်ဆွေတစ်ယောက်ဆီမှာရှိတဲ့ လူကြုံပစ္စည်းယူရန် ထွက်လာခဲ့သည်။ လမ်းမှာ ကားမောင်းနေရင်း အဖေက ဦးရေချမ်းကို ဤသို့ပြောလိုက်သည်။ 

 "ဟေ့... မင်း မောင်းနေတာ လမ်းမှားနေပြီထင်တယ်ကွ၊ ဒီလမ်းက သွားရမှာမဟုတ်ဘူး... ဟိုဘက်လမ်းကိုကွေ့..." 

"ဟုတ်ကဲ့ ခင်ဗျ... " 

တကယ်တော့ ဦးရေချမ်းမောင်းတဲ့လမ်းကမှ အမှန်ဖြစ်သည်။ ဒါပေမယ့် သူက ဘာမှ စောဒက မတက်ပဲ အဖေ မောင်းခိုင်းသည့် လမ်းညွှန်ချက်အတိုင်း လိုက်မောင်း၏။ မရွှေစုက ကြားထဲကနေ မဟုတ်ဘူးနဲ့တူတယ်လို့ ပြောတာကိုတောင် ဦးရေချမ်းက အပြောမခံ၊ မှားကာမှ မှားရော.. လူကြီးစိတ်ချမ်းသာအောင် အရင် လိုက်လုပ်ပေးသည်။ နောက်တော့မှ အဖေက သူလမ်းမှားသွားတာသိ၍ ပြန်ကွေ့ဆိုတော့လည်း ကြည်ကြည်သာသာပင် ကွေ့ပေးလိုက်သည်။ လမ်းဆိုတာ မှားဖူးမှ ပိုမှတ်မိတာလို့တောင် အဖေ့ဘက်လိုက်ပြီး ကူပြောလိုက်သေး၏။ 

"သူပြောတဲ့လမ်းအတိုင်းသွားလို့ မှားလည်း ခဏပေါ့ကွာ၊ အရေးတကြီးကိစ္စ သွားနေတာမှ မဟုတ်တာ၊ မလိုအပ်တဲ့ အသေးအဖွဲအရာတွေမှာ ဘယ်သူနဲ့မှ ပြိုင်မငြင်းရဘူး၊ အထူးသဖြင့် လူကြီးတွေနဲ့ ပြိုင်မငြင်းရဘူး..." တဲ့။ ဦးရေချမ်းက ဒီလို ခံယူချက်မျိုးရှိတဲ့သူ။

အဖေ့ရဲ့ဇနီးနဲ့ သမီးတွေကမှ တစ်ခါတစ်ခါ အဖေနဲ့ ပြောမကောင်း ဆိုမရ စကားပြောမတည့်ကြ၊ အဖေနဲ့ ငြင်းခုန်ကြ၊ အဖေ့ အခေါ် သူ့ ဟိုကောင် ကတော့ သူနှင့် ကြာလေကြာလေ စကားပြောပိုတည့်လေ။ ဦးရေချမ်းက အဖေနဲ့စကားပြောတိုင်း ဘယ်တော့မှ ပြန်လှန် ငြင်းခုန်ခြင်းမလုပ်၊ အဖေ့ သဘောအတိုင်း လိုက်လျောပေးတာချည်း။ သူ့သမီးတွေ ခွင့်မပြုတာတွေ၊ အဖေလုပ်ချင်တာတွေကိုလည်း တိတ်တိတ်လေးခိုးလုပ်လို့ရအောင် ကူညီပေးတာချည်း။ ပြီးတော့ စည်းစနစ်ကြီးသောမရွှေစု မသိအောင် တစ်ယောက်အမှားတွေ တစ်ယောက်က ကူပြီးဖုံးကွယ်ပေးတာမျိုးတွေကလည်းရှိသေး။ 


တစ်နှစ်က စင်ကာပူကို အဖေအလည်လာတာ သွားကြိုတော့ အိမ်မရောက်သေးဘူး၊ လမ်းမှာတင် သူ့ သားမက်တော် မန္တလေးသားကို အားရဝမ်းသာ ပြုံးရယ်ကာ ပြောနေသည်။ 

"မင်းတို့ မန်းသားတွေအကြိုက် ပုရစ်တွေ ပါတယ်ကွ၊ အမတွေချည်း ရွေးဝယ်လာတယ်..." 

ဗုဒ္ဓေါ... မရွှေစုက အဖေ့ကို မျက်လုံးပြူး မျက်ဆန်ပြူး မော့ကြည့်မိသည်။ ဘယ့်နှယ်... ရန်ကုန်သားလို့ ဆိုရမယ့် ရန်ကုန်မှာပဲကြီးပြင်းခဲ့သူ၊ ပုရစ်စားဖူးဖို့ နေနေသာသာ ပိုးကောင်မြင်ရင်တောင် လန့်တဲ့သူကများ... ပုရစ်ဝယ်ရင် ဘာကိုရွေးဝယ်ရမယ်ဆိုတာပါ သိလို့နေပါကလား....။ အိမ်ရောက်တာနှင့် အဖေက သူ့အိတ်ကိုချက်ချင်းဖွင့်ပြီး ရန်ကုန်ကပါလာတဲ့စားစရာပစ္စည်းတွေကို တစ်ခုချင်း ကိုယ်တိုင် ထုတ်ပေးလေသည်။ 

"အေး... ဒါကတော့ ဟိုကောင်ကြိုက်တဲ့ ငါးနီတူကြော်နဲ့ ငါးကြင်းကြော်၊ ဒါက ဟိုကောင်အတွက် ပဲခူးကကိုယ်တိုင်သွားဝယ်ခဲ့တဲ့ မနီငါးချဉ်နဲ့ ပုစွန်ချဉ်၊ ဒါက ဟိုကောင်မှာတဲ့ ရှယ်ကြက်သွန်ဖြူရှမ်းချဉ် သေချာ ရှာဝယ်လာတာ၊ ဒါလည်း ဟိုကောင့်အတွက်ပဲ... နေပါဦး... မှန်းစမ်း... ဘာပါလိမ့်..." 

ပစ္စည်းတွေတစ်ခုပြီး တစ်ခုရေရွတ်ပြီးထုတ်နေတာ ဟိုကောင့်အတွက်ချည်း ဖြစ်နေလေသည်။ ဦးရေချမ်းကလည်း သူ့အတွက် ပါလာတဲ့ စားစရာ နာမည်တစ်ခုကြားလိုက် ... မိုက်တယ်ဗျာ... ရှယ်ပဲ... လို့ အားပေးလိုက်နှင့် အတိုင်အဖောက်ညီနေကြသည်။ ဘေးနားမှာ မျက်မှောင်ကြုတ်ရင်း ငုတ်တုတ်လေး ထိုင်ကြည့်နေသော မရွှေစုက ကြာတော့ စိတ်ထွက်လာကာ ခါးထောက်လိုက်ရင်း ဤသို့ ပြောလိုက်မိတော့သည်။ 

"နေပါဦး...နေကြပါဦး... တစ်ခါထုတ်လိုက်တော့လည်း ဟိုကောင်အတွက်၊ နောက်တစ်ခါ ထွက်လာတော့လည်း ဟိုကောင့်ဖို့နဲ့... ဘေးနားက ဟိုကလောင်မကိုရာ... သတိရကြပါသေးရဲ့လား ..." 

အဖေ နှင့် သူ့ဟိုကောင်တို့သည် မရွှေစုကို ရုတ်တရက် ပြိင်တူ မော့ကြည့်ကြရင်း ရှက်အားနာပြုံးများ ကိုယ်စီနှင့် ဖြစ်နေလေတော့သတည်း။ 

++++

9 comments:

Kay Thwel said...

အကြီးကြီးပဲ ပြုံးရ :)

ဆုမြတ်မိုး said...

ကြိုက်တယ်ကြီးစုရယ်..ဟိုတစ်ခါတုန်းကပြောဖူးသလိုပဲ... ----နှစ်ယောက်တောင်ရှိပြီဆိုတော့ မြန်မြန်လေး....ပါတော့လို့..။ :P ပြီးရင် အမီးကိုလက်ဆောင်ပေးနော်..ခစ်ခစ်..
ချစ်လို့နောက်သည် ။ (အပေါ်ကဟာက အတည်ပြောတာပါ..)

ဆုညတ်

စုချစ် said...

ညလေးဆုညတ်တို့နဲ့ တွဲထုတ်မယ်လေ... :)

စုချစ် said...

ကေ့ကိုလဲ အကြီးကြီးကျေးဇူးတင်..... :)

တန်ခူး said...

နှစ်ယောက်လုံးကို ပြေးမြင်ပြုံးမိတယ် သူငယ်ချင်း...
သားမက်နဲ့ ယောက္ခမ ဘောက်မကျတဲ့ အဖြစ်တွေရှိပါသေးတယ်ဆို သက်သေပြလိုက်သလိုပဲ... တကယ်တော့ နားလည်မှုပါပဲ...

pandora said...

ချစ်စရာကောင်းတဲ့အဖေပဲ :)

Adora etc. said...

Adoraလဲပြီးခဲ့တဲ့တခေါက်ပြန်တုန်းကမှ မိတ်ဆက်ပေးထားတာ။ အမအဖေကမှဟိုအကောင်လို့သုံးသေး။ သမီးရည်းစားမှာ နာမည်တောင်မရှိရှာဘူး အဟီး။ နောက်ဆိုမစု အဖေနဲ့ကိုရေချမ်းလိုဖြစ်ပါစေလို့ပဲဆုတောင်းရတော့မယ်။

"သမီး... သမီး... ဟိုကောင် အိမ်ကိုလာနေတယ်...၊ မတွေ့ချင် သွားပုန်းနေပါလား..." ဆိုတဲ့နေရာမှာတော့ ကြည်ကြည်နူးနူးနဲ့ ပြုံးမိတယ်မရေ။

စုချစ် said...

ညီမလေး Adora လည်း အဆင်ပြေမှာပါ... တကယ်တော့ လူကြီးတွေက ချစ်လွယ်ကြပါတယ်...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဖတ်ပြီး ကြည်နူးလိုက်ရတာလေ။ သိပ်ကို သာယာတဲ့ အိမ်ထောင်ရေးလေးကို အားကျမိပါတယ်။ ဦးရေချမ်းလို ယောက်ခမအပေါ် သိတတ်ပြီး နားလည်တဲ့ ရွှေသားမက်မျိုးကလည်း အခုခေတ်မှာ သိပ်ကို ရှားပါးလို့နေပြီ။ မရွှေစုက ကံကောင်းလိုက်တာရှင်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်