Monday, February 22, 2010

ဂျစ်တူး(မုံရွာ) သို့ ကျေးဇူးတင်လွှာ

ဂျစ်တူး(မုံရွာ) သို့ ကျေးဇူးတင်လွှာ


သူ့ကို စတွေ့ဖူးတာ SMC ဘုန်းကြီးကျောင်းက ပြုလုပ်တဲ့ ပွဲတွေမှာ ကင်မရာကြီးတလွယ်လွယ်နဲ့လေ။ သူ့ရဲ့လှုပ်ရှားမှု၊ ဟန်ပန်နဲ့ ကင်မရာကိုကိုင်တွယ်ပုံ၊ အသုံးပြုပုံ၊ ဓါတ်ပုံတွေကို စနစ်တကျ စိတ်ရှည်လက်ရှည် ရိုက်နေပုံတွေ မြင်ရကတဲက Professional Cameraman မှန်း ပြောစရာမလိုဘဲ သိတာပေါ့။ SMC Webpage မှာတင်ဖို့ သူရိုက်ထားတဲ့ ဓါတ်ပုံတွေကိုတောင်းဦးမလို့။ ဒါပေမဲ့ အခန့်မသင့်တာနဲ့ သူ့ကို သွားပြီးမိတ်မဆက်ဖြစ်၊ စကားမဆိုဖြစ်ခဲ့ဘူး။

တခါက သူ့ကွန်ပြူတာပျက်သွားလို့ဆိုပြီး SMC ကျောင်းက တရုတ်မလေးက ကူပြင်ပေးဖို့ ပြောလာတယ်။ ကိုယ်က အဲသဟာ သူမှန်းတော့ မသိဘူးရယ်။ အဲဒီအချိန် ကိုယ်ကလည်း တခြားသွားပြီး ပြင်ပေးနိုင်လောက်အောင် အချိန်မပေးနိုင်တာနဲ့ ဘာဖြစ်မှန်းသေချာမသိတော့ ပျက်တာပြင်ချင်တယ်ဆို အိမ်ကိုလာပို့ပေးထားပါလား။ အိမ်မှာထားပြီး သေချာစစ်ပေး၊ ကြည့်ပေးမယ်လို့ ပြောခဲ့ပေမဲ့ အချိန်မရလို့လား၊ အားနာလို့လားမသိ၊ ပေါ်မလာ။

မနေ့မနက်က ချမ်းမြေ့ဆရာတော် တရားစခန်းမှာ သူနဲ့ ထပ်ဆုံဖြစ်ကြတယ်။ သူက ကင်မရာဆက်တင်းတွေအကြောင်း ဆရာတော်ကို ရှင်းပြနေတာ။ ကိုယ်က ဆရာတော်နားမှာ ဆရာတော်ရေးသားတဲ့ တရားစာတထုတ်ကို စာလုံးပေါင်းတွေကူစစ်ပေးနေတာ။ သူ့ကိုမှတ်မိပေမဲ့ နှုတ်မဆက်ဖြစ်ကြ။ ထမင်းစားချိန်ရောက်တော့မှပဲ သူက ကိုယ်ဝတ်ထားတဲ့ မြန်မာရင်ဖုံးအင်္ကျီကိုလှတယ်ပြောလို့ (လူတော့မပါပေါင်...း-) ) စကားစမိကြတော့တယ်။ ကိုယ်က မသိသေးတဲ့လူတစ်ယောက်ကို စပြီးစကားပြောဖို့သာ အရှိန်ယူရပေမဲ့ ကိုယ့်ကို စကားလာစပြီဆိုရင်တော့ ဆက်ကာ ဆက်ကာ ပြောဖို့၊ ခင်ဖို့ မင်ဖို့ ၀န်မလေးသူပါ...း-)

ကိုယ်က သူ့ကို SMC ပွဲတွေမှာ ဓါတ်ပုံရိုက်နေကြမှလား၊ ဓါတ်ပုံတွေ SMC Webpage မှာတင်ဖို့ တောင်းချင်လို့ ချောင်းနေတာလို့ ပြောမိတာပေါ့။ အဲဒီမှာ သူက ... အစ်မ ဘလော့မှာ ကျနော့်ပုံတွေ ရှိနေသားပဲတဲ့။ ကိုယ်လည်း ဟင်... ဘယ်တုန်းကရလို့လဲ၊ ရှိပါဘူး... အတင်းငြင်းပေါ့။ နောက်တော့မှ သူ့ကို အားနာလိုက်တာ၊ မျက်နှာပူလိုက်တာ၊ တကယ်။

၂၀၀၈ခုနှစ်က ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ မြန်မာပြက္ခဒိန်မှာ ယူသုံးထားတဲ့ စွယ်တော်ရွက် ဓါတ်ပုံတွေက ဂျစ်တူးရိုက်ထားတဲ့ပုံတွေဖြစ်နေတာကိုး။ အဲဒီတုန်းက မြန်မာပြက္ခဒိန်ကို အားလုံးကို ဝေတာမဟုတ်သေးတော့ အင်တာနက်ကရတဲ့ ပန်းဓါတ်ပုံလေးတွေကိုလည်း မှန်မှန်ကန်ကန် credit မပေးထားမိလိုက်ပါဘူး။ ပြီးတော့ ဟောတော့ သီချင်းသရုပ်ဖော်မှာလည်း အဲဒီ စွယ်တော်ရွက်နဲ့ ပန်းလေးတွေကို ယူသုံးထားသေးတယ်။ အဲဒီသီချင်းမှာတော့ သင်္ကြန်ဓါတ်ပုံများ အာလုံးကို various websites များမှ ကူးယူရရှိပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ်တောင်းပန်ပါသည်။ လို့ ပဲရေးထားမိပါတယ်။

အဲဒီစွယ်တော်ရွက်တွေကို ၂၀၀၇ခုနှစ် စက်မှုတက္ကသိုလ်အာစရိယပူဇော်ပွဲမှာ စွယ်တော်ရိပ်စာစောင် စာအုပ်ဒီဇိုင်းလုပ်ဖို့ဆိုပြီး သူငယ်ချင်းတစ်ယောက်က လှမ်းပို့ပေးထားတာပါ။ ဘယ်ကရသလဲ မေးတော့ သူ့ သူငယ်ချင်းဆီကရတယ်ပဲ ပြောပါတယ်။ သူပေးတဲ့ စွယ်တော်ရွက်ပုံတွေကလည်း အများကြီးပါ။ တကယ်က အခု ဂျစ်တူးနဲ့ စကားပြောမိတော့မှ သူ့ကို အဲဒီ စွယ်တော်ရိပ်စာစောင် အတွက် အကူအညီတောင်း ဓါတ်ပုံ ရိုက်ခိုင်းခဲ့ကြတာပါတဲ့။ အဲဒါကို ကိုယ်တို့ နည်းမှန်လမ်းမှန် credit ပေးဖို့ မေ့လျော့ခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ဂျစ်တူးကို အားလုံးရဲ့ ကိုယ်စား တောင်းပန်လိုက်ပါတယ်။ ဂျစ်တူးကဘာမှ မပြောပါဘူး။ အစ်မ ကြိုက်သလို ယူသုံး၊ ဘာဖြစ်လဲလို့ ပြောရှာပါတယ်။ ကိုယ်ကတော့ အင်တာနက်က၊ သူငယ်ချင်းဆီက၊ ဖောဝတ်အီးမေးလ်တွေကနေရလို့ ဘယ်သူ့ကို credit ပေးရမယ်မှန်းမသိလို့ မှန်ကန်စွာ credit မပေးမိပေတော့၊ ကိုယ်ကတမင်လုပ်တာ မဟုတ်ပေမဲ့ အခုလိုပိုင်ရှင်နဲ့ တိုက်ရိုက်တန်းတိုးတဲ့အခါ ကိုယ့်ကိုယ်ကို သူခိုးလူမိသလို မျက်နှာပူမိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘလော့တွေကို အချိန်ပေးပြီး နေ့တိုင်းမသွားဖြစ်တာ၊ မဖတ်ဖြစ်တာလည်းပါပါတယ်။

ခုနောက်ပိုင်းတော့ credit ဘယ်သူ့ကိုပေးရမယ်မှန်းမသိရင် မသုံးဖြစ်အောင် ဆင်ခြင်ပါတယ်။ မြန်မာပြက္ခဒိန်လုပ်တာတောင်မှ ပန်းချီဆရာကြီးတွေရဲ့ ပန်းချီပုံတွေကို ခွင့်မတောင်းဘဲ ယူသုံးရတာ အတော်ကို စိတ်ကသိကအောင့်ဖြစ်မိပါတယ်။ (တကယ်လို့ စုချစ်သူ ဘလော့မှာ ခွင့်မတောင်းပဲ တစုံတရာ မတော်တဆ ယူသုံးထားမိသည်များ တွေ့မိသည်ရှိသော် အချိန်မရွေး ဆက်သွယ်ပြောကြားပေးကြပါလို့ အနူးအညွှတ် ပန်ကြား မေတ္တာရပ်ခံအပ်ပါတယ်ရှင်...၊ ကာယကံရှင် သဘောမတူပါက ဘလော့မှ ချက်ချင်း ပြင်ဆင်ပေးပါမည်ရှင်။ ကျေးဇူး။ ။)

ကိုယ်တိုင်ကလည်း ပန်းချီဆွဲတဲ့သူမို့ အနုပညာတခုဖြစ်ပေါ်လာဖို့ကို ဘယ်လို အချိန်ပေးအားထုတ်ရတယ်ဆိုတာ၊ ဓါတ်ပုံဆရာ တစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့ ဓါတ်ပုံလေးတစ်ပုံဖြစ်လာဖို့ အခက်အခဲအမျိုးမျိုးကြားက ဘယ်လို အပင်ပန်းခံပြီး ရိုက်ရတယ်ဆိုတာ ကိုယ်ချင်းစာပြီးနားလည်ပါတယ်။ ဂျစ်တူးကလည်း သူအဲဒီစွယ်တော်ရွက်လှလှပပလေး ရဖို့ ခက်ခက်ခဲခဲ ရိုက်ခဲ့ရတဲ့အကြောင်း ဒီမှာ ရေးထားပါတယ်။ စွယ်တော်ပန်းလေးကတော့ ဒီမှာ၊ နဲ့ ဒီမှာ ပါ။ အရင်က သူ့ဘလော့ကို ၀င်ဖတ်ဖူးပေမဲ့ အခုမှ လှန်လှောရှာရင်း အဲဒီပိုစ့်တွေကို တွေ့မိတာပါ၊ ခွင့်လွှတ်ပါ ဂျစ်တူးရေ...း-)

သူ့ကို နံမည်ဘယ်လိုခေါ်လဲဟင်လို့ မေးတော့ ဂျစ်တူးပါတဲ့။ နံမည်ရင်းကို မေးတာလေဆိုတော့... အင်းလေ... အဲသာ နံမည်ရင်းတဲ့။ သူ့ရဲ့ ဆုရထားတဲ့ ဓါတ်ပုံတွေအကြောင်း၊ ဘယ်ပုံဘယ်နည်းသုံးပြီး ရိုက်ထားရကြောင်း အားပါးတရ ပြောပြပါတယ်။ သူက အွန်လိုင်းကနေ ဓါတ်ပုံရိုက်နည်းတွေ သင်ပေးနေတာတဲ့။ ယောက်ယောက်ကလည်း ဂျစ်တူးပြောသမျှ သဘောတကျနားထောင်ရင်း ဂျစ်တူးနဲ့တွေ့တုန်းလေးမှာ ရသလောက်လေး မေးမြန်းလေ့လာသင်ယူလိုက်ပါသေးတယ်။

စင်ကာပူမှာ မင်္ဂလာဆောင် အမှတ်တရအယ်လ်ဘမ်၊ မိသားစု ပေါ့ထရိတ် ကောင်းကောင်း ရိုက်လိုသူများ ခင်မင်စရာကောင်းတဲ့ ဓါတ်ပုံဆရာလေး ဂျစ်တူး(မုံရွာ) စတူဒီယိုသို့ စုံစမ်းမေးမြန်း ဆက်သွယ်နိုင်ကြပါတယ်လို့...။

ချစ်ခင်စွာ...
စုချစ်

Saturday, February 13, 2010

အောင်ဆန်းဇာနည်

အောင်ဆန်းဇာနည် ၉၅နှစ် တိုင်ခဲ့ပြီ
၁၃-၀၂-၂၀၁၀



ဖေဖေါ်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ်ငါး
ရှေ့နေဦးဖာသား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်။
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့သား။

Friday, February 12, 2010

နယူရီးယားနှင့် ခရမ်းချဉ်သီး... ကိုယ်

နယူရီးယား နှင့် ခရမ်းချဉ်သီး... ကိုယ်

အခုပဲ... ရုံးမှာ ဟိုသည် ပတ်ပြီး ဟက်ပီးနယူးရီးယားတွေ လိုက်လုပ်နေတာ။ ဘော့စ်က အလုပ်မများတဲ့သူ ပြန်တဲ့။ တော်တော်များများလည်း ပြန်ကုန်ကြပြီ။ ဟင့်... သူများကတော့ အလုပ်က မပြီးသေး၊ သို့သော် အလုပ်လုပ်ရမှာ စိတ်မပါတော့။ ဟောလီဒေးမုဒ်က ၀င်နေပြီ။

လုပ်ဖော်ကိုင်ဘက်တွေက မေးကြတယ်။ Are you celebrating Chinese New Year too!!! တဲ့။ ဒီက ပြုံးပြုံးလေး ပြန်ဖြေတာပေါ့။ I am celebrating all kinds of New Year! လို့။ ဟုတ်တယ်လေ... ဒီလောက် အလုပ်များတဲ့ နိုင်ငံကြီးမှာ နေနေရတာ ဟောလီဒေးလောက်တွေပဲ ရက်ရှည်ပိတ်ပြီး အနားရကြတာ။ အနားရမယ်ဆို I am warmly welcome any New Year ပဲ... ဟဲဟဲ။

တကယ်တော့လည်းရီရတယ်။ ကိုယ်တို့ဌာနမှာ လူမျိုးပေါင်းတော်တော်များတယ်။ ဟာရီယာရာ ဆိုလည်း မလေးတွေကိုလိုက်ပြီး နယူးရီယားလုပ်လိုက်တာပဲ။ ဒေပါဝလီဆိုလည်း အိန္ဒိယ လူမျိုးတွေကို နယူးရီယားလိုက်လုပ်တာပဲ။ ခရစ်နှစ်အပြောင်း နယူးရီးယားမှာလည်း ပျော်ရွှင်စွာ နယူးရီးယားလိုက်တာပဲ။ ကိုယ့်မြန်မာ နယူးရီးယားမှာလည်း သူတို့က ရေတွေ လာတောက်ပြီး ကစားကြသေးတာပဲ။ ကိုယ်ကလည်း မုံ့လုံးရေပေါ်တွေ ရုံးယူသွားပြီး ကျွေးလိုက်တာပဲ။ ဒီလိုပဲ သူတို့ နယူးရီးယားတွေမှာလည်း သူတို့အိမ်မှာလုပ်တဲ့ ယူလာတဲ့ မုံ့တွေကို ကိုယ်ကတော့ အားပါးတရ စားတာပဲ။

အထူးသဖြင့်ကိုယ်ကတော့ သန့ှ်ရှင်းရေးလုပ်တဲ့ အန်ကယ်၊ အန်တီတွေကို သူတို့ရဲ့ နယူရီးယားအလိုက် မလေးအန်ကယ်ဆို ဟာရီယာရာမှာ၊ ကုလားမလေးကိုဆို ဒေပါဝလီမှာ၊ တရုတ်မ အမ်းမားကြီးကိုဆို အခုလို တရုတ်နှစ်ကူးမှာ အိတ်လေးတွေထဲ ပိုက်ဆံထည့်ပြီး အံပေါင်းပေးလိုက်တယ်။ အခု တရုတ်နှစ်သစ်ကူးဆို လိမ်မော်သီး တတောင်းဝယ်ထားပြီး ကိုယ့်လက်အောက်က ကလေးတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့သူတွေကို တစ်ယောက် လိမ်မော်သီး ၂လုံးစီပေးလိုက်တယ်။ သူတို့က နယူးရီးယားမှာ အံပေါင်းရရင်၊ လက်ဆောင်ရရင် ပျော်တယ်တဲ့။

ကိုယ်ကလည်း ဘယ်နယူးရီယားမဆို အဟုတ် တကယ် ပျော်တယ်။ ကြည့်လိုက်ရင် လူတွေအားလုံးက အ၀တ်သစ် အစားသစ်တွေနဲ့ ရီလို့ မောလို့။ ဈေးတွေမှာလည်း ကြိတ်ကြိတ်တိုး စည်ကားလို့။ လေထဲမှာ နယူးရီယားသီချင်းလေးတွေကလည်း လွင့်ပျံစီးမျောလို့...။

ခရမ်းချဉ်သီးဆိုတာ သိကြလား။ သူက အရာရာ အားလုံးနဲ့ စပ်လို့ရ၊ ပေါင်းလို့ရတယ်တဲ့။ အသုပ်သုပ်တဲ့ထဲလည်းပါတာပဲ။ ဟင်းချိုထဲလည်း ပါတာပဲ။ ဟင်းချက်ရင်လည်း ပါတာပဲ။ ဖျော်ရည်လည်း ဖျော်သောက်ကြတာပဲ။

ဒီဂ ခရမ်းချဉ်သီးကိုယ်လည်း ကမ္ဘာပေါ်က ရှိရှိသမျှ ဟောလီဒေးတွေမှာ လိုက်ပြီး ပျော်ဝင်နေဦးမှာပဲ... အဟိ....


Happy Holiday & Chinese New Year to all!!!!!

Wednesday, February 3, 2010

တောသူအကြိုက် ကိုယ့်အကြိုက်


ဟီး... အစ်မသက်ဝေရ... သတိရလို့ ကျေးဇူး... ကျေးဇူး။ ဒီတခါတော့ တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ဆိုသလို ကြွားချင်နေတာနဲ့ အံကိုက်ပဲတော့။ ခုတခေါက် မြန်မာပြည်တော်အပြန်မှာ ထမီတွေလက်ဆောင်တွေ ရလာတာလေ ၅ထည်တောင်မှတော့။ မမကြီးဆီက အမရပူရပိုးချိတ်ရယ်၊ ညီမလေးသူငယ်ချင်းပေးတဲ့ ကယားပြည်က ကယားချည်လုံချည်ဝမ်းဆက်ရယ်၊ အောင်ပန်းနဲ့ မြစ်ကြီးနားမှာနေတဲ့ ယောက်ယောက် အဒေါ်၂ယောက်ကပေးတဲ့ ရှမ်းလုံချည်၊ ကချင်မနောတိုင်ဝမ်းဆက်၊ စစ်ကိုင်း ကောင်းမှုတော်ဘုရားဈေးက ယောက်ခမ အမေ၀ယ်ပေးတဲ့ အညာချည်ချောလုံချည်လေးရယ်။

ပြောရရင် ရွှေစုချစ်တို့က ရန်ကုန်သူလို့ ဘုရားစူးပြောမှ ယုံစရာကောင်းလောက်အောင် တောဂိုက်ကိုး အစ်မရ။ ထမီကို အရမ်းကြိုက်တော့ ခုထိ ရုံးသွားလည်း ရံဖန်ရံခါဆိုသလို ၀တ်တာပဲ။ ရုံးကလူတွေကလည်း ထမီလေးဝတ်သွားတဲ့နေ့ဆို you are so pretty အဟီး... တဲ့။ (ယုံချင်ယုံ မယုံချင်နေ... ခစ်) ရုံးကိုဝတ်တာတော့ ထမီ စကပ်လို ဟာမျိုးကို ၀တ်တာပေါ့နော်။ တော်ကြာ လူကြားထဲ ဖြန့်ဝတ်နေရ မခက်လား... အဟား။

စင်ကာပူပါလာတဲ့ ထမီတွေအားလုံးလိုလိုကတော့ များသောအားဖြင့် လက်ဆောင်ရတာတွေချည်းပါပဲ။ လွန်ခဲ့တဲ့ ၁၂နှစ်ကျော်ကတဲကစုလာတာတွေဆိုတော့ တဖြည်းဖြည်းနဲ့ များလာတာ ဘုန်းကြီးကျောင်းသွားရင် မြန်မာလုံချည်လေးတွေ ၀တ်ချင်တယ်ဆိုတဲ့ သူငယ်ချင်း တချို့တလေကို လှတာလေးတွေ သူတို့လိုချင်တာကို ပြန်လည်ဝေမျှရတယ်။ နည်းနည်းဟောင်းပြီး ၀တ်လို့ မကောင်းတော့တာတွေကို မြန်မာပြည်ပြန်တိုင်း ပြန်သယ်။ မရှိတဲ့သူတွေဝေပေး။ ဟိုတခါ နာဂစ်ဖြစ်တုန်းကတော့ အတော်ပဲဆိုပြီး ထမီတော်တော်များများ လှူဖြစ်လိုက်တယ် အစ်မရဲ့။

ကျောင်းတုန်းကလေ အစ်မသိတဲ့အတိုင်း သူများက ပိန်ပိန်သေးညှောင်လေးဆိုတော့ မြန်မာအင်္ကျီတွေဝတ်ရင် ကြည့်လို့မကောင်းဘူး။ အရမ်းရုပ်ဆိုးတာပဲ။ မြန်မာအင်္ကျီတွေက ပြည်ပြည့်ဖြိုးဖြိုးနဲ့မှ ကြည့်ကောင်းတာကိုးလို့။ ဟိုတခါ အစ်မရဲ့ ကမ္ဘာလုံးလေး ကိုရင်ဝတ်တုန်းက အစ်မကမြန်မာအ၀တ်အစားလေးနဲ့ တကဲ့ကို လှပြီးကျက်သရေရှိတာတော့။ အဲဒီနေ့က သူများတောင် မြို့ထဲ လမ်းသလားစရာရှိလို့ မြန်မာဝတ်စုံ မ၀တ်ခဲ့ရတာရယ်။ မဟုတ်ရင် သူများကလေ အခုမှ လူက ခပ်ပြည့်ပြည့်ဖြစ်လာတာဆိုတော့ အရင်က မ၀တ်နိုင်တာကို အတိုးချပြီး မြန်မာအင်္ကျီကို ခုံခုံမင်မင် နှစ်နှစ်သက်သက်ကြီးကို ၀တ်ပါတယ်အစ်မရယ်။ မြန်မာပြည်ပြန်ရင် ချည်လုံချည်၊ ချည်အင်္ကျီတွေပဲ အားပါးတရ ၀တ်တော့တာပဲ။ မျက်နှာမှာလည်း ဘယ်သွားသွား သနပ်ခါး ဘဲကျားရိုက်ပြီးကိုသွားတော့တာ။

သိလား။ အဲသာလေ... ရီစရာ ပြောရဦးမယ်။ မြန်မာပြည်ပြန်တော့ သွားဆရာဝန်သွားပြရရော အစ်မရယ်။ မန်းလေးကို မသွားခင် ရန်ကုန်ရောက်ရောက်ချင်းသွားပြတာပေါ့။ သွားတွေက ခရောင်းပြန်အုပ်ရမှာဆိုတော့ ဆရာ... သမီးက ခရီးထွက်ရမှာ ဘယ်လောက် ကြာမလဲ ဘာညာ မေးတာပေါ့နော်။ အဲသာလေ ချည်ရင်ဖုံးကွက်စိပ်၊ ကချင်အနားချိတ်ထမီဝတ်ထားတဲ့ သနပ်ခါး ပါးကွက်ကျားနဲ့ သူများကို ကြည့်ပြီး သွားဆရာဝန်က ဘာမေးလဲဆိုတော့ သမီးက နယ်ကျောင်းက ကျောင်းဆရာမလေးလားတဲ့။ ဟီး..........။ မြန်မာပြည်မှာ သနပ်ခါးပါးကွက်ကျားနဲ့ ထမီဝတ်တဲ့သူ ရှားနေပြီကိုး အစ်မရ။

ကဲ... ကြွားလို့... အဲလေ... ဟီး... ရေးလို့လဲ ၀ပြီ။ တောသူအကြိုက် ကိုယ့်အကြိုက်ကတော့ အဲသလောက်ပါပဲ အစ်မသက်ဝေရေ့................။ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်။

***********
ဟိ။ ကိုယ်လည်း ဘလော့ဂါ ပီသအောင် သူညားတွေကို ပြန်တက်လိုက်ဦးမယ်။
ချစ်သော မမေ (မေဓါဝီ)
ချစ်ညီမလေးကွင်း
ကပ်သီးကပ်သပ် ကထက် (တင်မင်းထက်) - စိတ်ပုတ်တယ်မပြောနဲ့... ပုဆိုးအကြောင်းရေးပေါ့။

အားရင် ရေးပေးပါနော်။

ချစ်ခင်စွာ
စုချစ်