Tuesday, May 22, 2012

From Undercover Boss to Recover Boss

အခု စင်ကာပူက channel 5 မှာ တနင်္ဂနွေ ည ၁၀နာရီကို US CBS Channel က Undercover Boss Series ပြနေတယ်။ တစ်ခါ နှစ်ခါ အမှတ်မထင် ကြည့်ရင်း သဘောကျတာနဲ့ပဲ အချိန်ရရင် ရသလောက် ကြည့်ဖြစ်တယ်။ ကြည့်နေရင်း ဘာကို သတိရသွားလဲဆိုတော့ ဒီ စီးရီးစ်ကို စရိုက်တဲ့ UK ကသူတွေ မြန်မာ့ရှေးပုံပြင်တွေ ဖတ်ဖူးတဲ့သူတွေ ဖြစ်ရမယ်လို့...။ ဘာလို့ဆို ရှေးက ပုံပြင်တွေထဲမှာ မြန်မာဘုရင်တွေလည်း ဆင်းရဲသားယောင်ဆောင်ပြီး တိုင်းပြည်ကို အဲသလိုလှည့်လည်ကြတာကိုးနော်...။ တိုင်းပြည်အနှံ့ လမ်းမှာ တွေ့သမျှ သူတွေဆီက တိုင်းရေး ပြည်ရေး သာရေးနာရေး စီးပွားရေး အမြင်တွေ လေ့လာတယ်။ သူ့တိုင်းသူပြည်သားတွေက သူ့ကို ဘယ်လို မြင်သလဲဆိုတဲ့ စုံစမ်းတယ်။ လူတွေ ရိုးသားမှု ရှိမရှိ ပညာရှိမရှိကြကိုလည်း စမ်းသပ်လိုက်သေးတယ်။ တိုင်းသူပြည်သားတွေရဲ့ ဝေဖန်အကြံပေးချက်တွေ ကနေ တိုင်းပြည်ကောင်းအောင် ဘယ်လို လုပ်ရမလဲ၊ သူ့အပေါ် ထားရှိတဲ့ အမြင်ကနေ သူကိုယ်တိုင်ရော ဘာတွေ ပြုပြင်သင့်သလဲဆိုတာ လေ့လာ သုံးသပ်တယ်။ ပုံပြင်ထဲက ပညာရှိတဲ့ ဘုရင်များ ပြောပါတယ်။ 

ကဲ... အခု ခေတ်သစ် Undercover Boss မှာလည်း company ပိုင်ရှင် Boss ကိုယ်တိုင်၊ ဒါမှမဟုတ် CEO ဒါမှမဟုတ် Upper Executive Level က သူတွေက တစ်ပတ်လောက် သူတို့ company တွေ ရဲ့ ရှိသမျှ လုပ်ငန်းခွဲတွေဆီကို လှည့်လည်သွားပြီး အလုပ်သမားတွေနဲ့ အတူ ဒိုးတူဘောင်ဖက် အလုပ်တွေ ၀င်လုပ်ကြရင်း ကိုယ့်လုပ်ငန်းအောက်ခြေမှာ ဘာတွေ ဖြစ်နေကြတယ် ဆိုတာကိုလည်း သုံးသပ်၊ အလုပ်သမားတွေရဲ့ ဘ၀တွေကိုလည်း ထဲထဲဝင်ဝင် လေ့လာကြတာ။ ဟော... ဟိုတုန်းက မြန်မာ ဘုရင်တွေလိုပဲ ဘုရင် က နန်းတော်ပြန်ရောက်တော့ သူနဲ့ လမ်းမှာ တွေ့ပြီး သူ ပညာစမ်းခဲ့တဲ့သူ ဒါမှမဟုတ် သူ့ကို ကူညီခဲ့တဲ့သူတွေကို ဆင့်ခေါ်ပြီး ဆုလဒ်တွေ ပေးသနားတာတို့ လုပ်လေ့ရှိသလို သူတို့ကလည်း သူတို့နဲ့ တွေ့ခဲ့ အတူတွဲလုပ်ခဲ့ရတဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပြီး ရာထူးတိုးပေးတာတို့ ဆုကြေးပေးတာတို့ လုပ်ကြတာ။ ဒါနဲ့... ပုံပြင်ထဲက ဘုရင်တွေ အကြောင်း ထားပါတော့။ အခုက ကင်မရာ သမားတွေ အများကြီး နဲ့ ဟိုရိုက် ဒီရိုက်လုပ်နေတာ အလုပ်သမားတွေ က မရိပ်မိဘူးလားဆို... Company ရဲ့ entry workers တွေ အကြောင်ီး Documentary မှတ်တမ်း ရိုက်တာလို့ ပြောပြီး ရိုက်ကြသတဲ့။ ဘယ်လို ဖြစ်ဖြစ် ဒီခေတ်သစ် ဘုရင် သူ့ တိုင်းပြည်ငယ်လေးကို လှည့်လည်တဲ့ အကြောင်း က စိတ်ဝင်စားစရာ အားရ၀မ်းသာ ဖြစ်စရာ သဘောကျစရာတော့ ကောင်းသား။ 

မရွှေစု သဘောကျတာလေး တစ်ခု ပြောရရင် ကြည့်လိုက်ရသမျှ စီးရီးစ်တွေမှာ ဒီလောက် ကျိကျိတက် ချမ်းသာလွန်းလှတဲ့ ဘော့စ်တွေ တော်တော်များများဟာ အင်မတန်ကို Humble ဖြစ်ကြတယ်။ အို... ဒါတော့ တကမ္ဘာလုံးကြည့်နေတဲ့ တီဗွီ ရိုက်နေတာကိုးလို့ ပြောချင်ရင်လည်း ပြောကြလိမ့်မယ်။ သို့သော် လူ့မျက်နှာ ခံစားချက်ဆိုတာ ဖုံးဖိလို့ ရတာမှ မဟုတ်တာကိုး နော်။ ဟန်ဆောင်မှု ဆိုတာ အနည်း နဲ့ အများတော့ ပေါ်နိုင်သေးတာကိုးနော်။ မရွှေစုကတော့ သူတို့ နာမည်ကြီးချင်လို့ လုပ်တယ်ပဲ ဆိုဆို ဒီလောက် တအား ချမ်းသာတဲ့သူတွေက ဒီလို အောက်ခြေကို ဆင်းပြီး Undercover လုပ်ကြည့်ဖို့ သဘောတူကတည်းက အမှတ်ပေးပြီးသား ဖြစ်နေပြီ။ 

ဘော့စ်တွေဟာ အောက်ခြေ သိမ်း အလုပ်တွေဖြစ်တဲ့ ပစ္စည်းထမ်းတာတို့၊ ကားရေဆေး၊ အိမ်သာဆေး၊ အမှိုက်သိမ်း၊ ဆေးသုတ်၊ စက်ပြင် စသဖြင့် တော်တော်များများကတော့ Company ရဲ့ Operators အလုပ်နဲ့ Technicians အလုပ်တွေ ကို ၀င်လုပ်ကြတယ်။ Great Wolf Resorts က အမျိုးသမီး ဘော့စ် Kimberly ဆိုရင် သူ့ resort ရေကူးကန်ထဲက ချေးတုံးကိုတောင် ကြုံးလိုက်ရသေးတယ်။ အဲသလို ကိုယ့်လုပ်ငန်းခွဲတွေဆီမှာ တစ်ပတ်ကြာအောင် တစ်ရက် ကို တစ်ခု ၀င်လုပ်ရင်း အလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ ကိုယ့် လုပ်ငန်း တိုးတက်စရာ၊ နှောင့်နှေးစရာ အကြောင်း အချင်းအရာတွေ၊ စတဲ့ အဆိုး အကောင်း မှန်သမျှ အကျိုး အကြောင်းတွေကို လက်တွေ့ မြင်ကြရတယ်။ လုပ်ငန်းအတွက် ဒီထက်မက အဆင်ပြေအောင် ဘာတွေဆောင်ရွက်နိုင်မလဲဆိုတာကိုလည်း သိလာရတယ်။ မရွှေစု အမြင် အကျိုးကျေးဇူး အဖြစ်ဆုံးကတော့ ကိုယ့် လုပ်ငန်း တိုးတက်အောင်မြင်စေရန် တစ်ထောင့် တစ်နေရာက ပါဝင်လုပ်ဆောင်နေတဲ့ အခြေခံအလုပ်သမား လူတန်းစားတွေရဲ့ ဘ၀ကို စာနာ နားလည် သွားနိုင်မှုပဲ။ အခြေခံ အလုပ်သမား လူတန်းစား အများစု အင်အား ပါဝင်မှု မရှိပဲ ဘယ်လုပ်ငန်းမှ ရည်ရှည် အောင်မြင်အောင် ရပ်တည်နိုင်မယ်မထင်ဘူး။ 

 တချို့ ဘောစ့်တွေဆိုရင် ဒီ အလုပ်သမားတွေရဲ့ ဘ၀ နဲ့ နေ့စဉ် ရုန်းကန်နေရတာတွေကို တအံ့တသြ ကြည့်ပြီး တော်တော်လေး emotional ဖြစ်ကြတယ်။ ဖြစ်လဲ ဖြစ်စရာကိုးနော်။ သာမန် အောက်ခြေ အလုပ်သမားတစ်ယောက်ရဲ့ ဘ၀နဲ့ သူတို့ ဘ၀ နှိုင်းယှဉ်လို့ မှ မရတာလေ။ သူတို့တွေ အနေနဲ့က အရမ်းချမ်းသာတဲ့သူတွေ၊ အနည်းဆုံးတော့ ငွေရေး ကြေးရေးနဲ့ ပါတ်သက်ပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေနေတဲ့သူတွေ၊ ရတဲ့ လစာ ဆိုတာကလည်း ပြောမနေပါနဲ့တော့ Direct TV က CEO ဆို အခြေခံလစာ 15 Million နဲ့ Stock Options ကြီးပဲကိုက ၃နှစ်ကို 25 Million ရသတဲ့။ တချို့ ဘော့စ်များ သူတို့ဘ၀မှာ အလုပ်ကြမ်းဆိုတာ ဘာကိုမှ လုပ်ခဲ့ဖူးဟန်မတူဘူး။ လောကမှာ လူဆိုတာ ကိုယ့်ထက် နိမ့်ကျတဲ့သူ မြင်ရရင် ကရုဏာ ဖြစ်လွယ်ကြတာမို့ သူတို့ အလုပ်သမားတွေ ပင်ပင်ပန်းပန်း ရုန်းကန်နေကြရတာကို မြင်ရတဲ့အခါ သူတို့ ဘ၀နဲ့ အဟ ကွာ လွန်းတော့ သနားမိတာ သဘာဝကျတယ်လို့ပဲ မြင်တယ်။ တချို့ Viewer တွေ သုံးသပ်သလို ရုပ်ရှင် ရိုက်နေတာမို့ ဟန်လုပ်နေတယ်လို့ ကိုယ်တော့ မယူဆဘူး။ 

မရွှေစု က အမှန်ပြောရရင် မျက်ရည်လွယ်တတ်တဲ့သူ။ သူတို့က ကိုယ့်ထက်တောင် မျက်ရည် ပိုလွယ်နေကြသလိုပဲ။ ကိုယ်မျက်ရည် လွယ်တာကို ရှက်နေတာ... သူတို့ကို ကြည့်ပြီး... ဟာ... ဒီလောက် ချမ်းသာ ဒီလောက် အောင်မြင်နေတဲ့ သူတွေတောင် မျက်ရည် လွယ်ကြသေးတာ... ကိုယ်က ဘာဟုတ်သေးလဲလို့တောင် တွေးမိတော့တယ်။ အမျိုးသမီး ဘော့စ် ကင်ဘာလီဆိုရင် သူ့ အလုပ်သမားနဲ့ စကားပြောရင်း ဟိုကငိုတော့ သူပါ ရောငိုတာ။ တနေ့ညက ပြသွားတဲ့ Lucky Strike Lanes က ဘော့စ်ဆိုလည်း သူ့ အမေအကြောင်းပြောပြရင်းလည်း ငို၊ အလုပ်သမားကို သနားလို့ ငို... ဟင်း... ဘာငိုသလဲ မမေးပါနဲ့။ အဲဒီတော့ ကိုယ့်မလဲ သူတို့ကြည့်ရင်း တစ်ရှုးလေး တတို့တို့နဲ့ပေါ့။ 

ထူးထူးခြားခြား undercover ဆိုပြီး cover ပျောက်သွားတဲ့ ဘောစ့်တစ်ယောက်လဲ ရှိသေးတယ်။ သူကတော့ Belfor က ဘောစ့်။ သူ့ company က disasters ခံထားရတဲ့ အဆောက်အအုံ တွေကို ပြင်တာတွေ ပြန်ဆောက်တာတွေ လုပ်တာ။ အဲသမှာ သူနဲ့ အတူ တွဲလုပ်နေတဲ့ အလုပ်သမား cleaning technician ကနေ water technician ကို ရာထူးတိုးခဲ့တာ တစ်နှစ်နီးပါးရှိပြီ။ ဒါပေမယ့် လစာတော့ လုံးဝမတိုးဘူးဆိုပြီး ပြောပြတော့ တအား သနားသွားတယ်နဲ့ တူရဲ့...။ ဘော့စ်မှန်း မသိအောင် ဆံပင်တုတတ် ရုပ်ဖျက်ထားတာတွေ ဆွဲဖြုတ်လိုက်ပြီး မင်းကို ခုချက်ချင်း လစာ တိုးပေးမယ်။ ငါဟာ မင်းရဲ့ CEO ပဲ ဆိုပြီး ပြောထည့်လိုက်ရော။ 

ထုံးစံအတိုင်း တချို့ သူ တွေက ကဲ့ရဲ့ ကြတာပေါ့နော်... ။ ဒီ ပရိုဂရမ်ဟာ supposed to be undercover ဖြစ်ရမှာ၊ မလိုတာ အပိုတွေ လျှောက်လုပ်တယ် ဘာညာပေါ့။ တချို့ Viewer တွေကြတော့လည်း တမျိုး ပြောပြန်တယ် ... ဘော့စ်တွေက သူတို့နဲ့တွေ့ခဲ့တဲ့ အလုပ်သမားအတွက်ပဲ ဆုကြေးတွေ အခွင့်အရေးတွေဖန်တီးပေးတာ... အဲသလို အလုပ်သမားမျိုးက ရာချီပြီး ရှိနေတာရော ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေ။ ကိုယ်မြင်သလောက်တော့ ဒီ ပရိုဂရမ်ကို ရိုက်တဲ့ အဓိက ဦးတည်ချက် ရည်ရွယ်ချက်မှာ ဘော့စ်တွေဟာ သူတို့ လုပ်ငန်း တိုးတက်အောင် ဘယ်လို လုပ်သင့်သလဲ၊ သူတို့နဲ့ အလှမ်းကွာလွန်းတဲ့ လုပ်ငန်းအောက်ခြေမှာ ဘာချွတ်ယွင်းချက်တွေ ရှိနေသလဲ၊ အခြေခံ လူတန်းစား အလုပ်သမားတွေရဲ့ ဘ၀တွေကရော ဘယ်လိုနေကြမလဲ ဆိုတာ စုံစမ်းချင်လို့ ဒီ ပရိုဂရမ်မှာ ၀င်လုပ်ကြတာ။ ဘာပဲ ဖြစ်ဖြစ် ဒီ ပရိုဂရမ်ကြောင့် အလုပ်သမားတွေရဲ့ ဘ၀ အခြေအနေ တစ်စိတ်တစ်ပိုင်းကို ဟိုးထိပ်ဆုံးက ဘော့စ်တွေ သိသွားရင် အမြတ်ပဲ မဟုတ်လား။ 

ဘော့စ်က သူနဲ့ အလုပ်အတူ လုပ်ခဲ့တဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပြီး သူဟာ သာမန် အလုပ်သမား မဟုတ်ကြောင်း၊ ဒီ Company ရဲ့ ဘော့စ် ဖြစ်ကြောင်း ဖွင့်ပြောတဲ့ အခန်းကတော့ ဒီ စီးရီးစ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပဲ။ လုံးဝ မမျော်လင့်ထားတာ တွေ့ရ သိလိုက်ရလို့ အလွန်အမင်း ထိတ်လန့် အံ့သြ သွားကြတဲ့ အလုပ်သမား တွေရဲ့ reaction တွေက စိတ်ဝင်စားစရာ ကောင်းတာကိုးနော်။ ဘော့စ်က သူတို့အတွက် ဆုကြေးတွေ အခွင့်အရေးတွေ ဖန်တီးပေးလို့ ပျော်လည်းပျော်၊ ပြီးတော့ ၀မ်းနည်း ၀မ်းသာဖြစ်ကြ။ 

နောက်ဆုံး အခန်းကတော့ Company မှာ ရှိတဲ့ တခြား ၀န်ထမ်းတွေ အလုပ်သမားတွေအားလုံး ဖိတ်ပြီး Undercover လုပ်တဲ့ တစ်ပတ် အတွင်း သူ ဘယ်လို ခံစားရတယ်ဆိုတာလည်း ဘော့စ်က ပြန်ပြောပြတယ်ပေါ့။ ပြီးတော့ ဒီလုပ်ငန်းကြီး အောင်မြင်စေရန် လုပ်ဆောင်နေကြတဲ့ သူ့ ၀န်ထမ်းတွေ အလုပ်သမားတွေကို ကျေးဇူးတင်ကြောင်း၊ သူ့ Company အောက်က အလုပ်သမား တစ်ဦးချင်းစီဟာ သူ့မိသားစုဝင်တွေပဲဖြစ်ကြောင်း ဒါကြောင့် ဒီအလုပ်သမားတွေရဲ့ လူမှု ဖူလုံရေး၊ အလုပ်သမား အခွင့်အရေးကို တတ်နိုင်သမျှ အပြည့်အ၀ တာဝန်ယူမယ် ဖြစ်ကြောင်း စသဖြင့် ပြောကြ ဆိုကြပေါ့လေ။ လူတိုင်းရဲ့ မျက်နှာတွေဟာလည်း ပြုံးလို့...။ အလုပ်သမားတွေကလည်း သူတို့ အပင်ပန်းခံ အလုပ်လုပ်ခဲ့ကြတာ အသိအမှတ်ပြုခံရတဲ့ အတွက် ပျော်ကြလို့...။ အားလုံးဟာ အလုပ်ကို ပိုခင်တွယ် ပိုချစ်မြတ်နိုးတဲ့ စိတ်ထားတွေ ဒီထက်မက တိုးပြီး ကြိုးစားလုပ်သွားအုံးမယ် ဆိုတဲ့ မျက်နှာထားတွေနဲ့... ပေါ့။ 

ဘာပြောကောင်းမလဲ မရွှေစုတို့လည်း ဒီ ပရိုဂရမ်ရဲ့ နောက်ဆုံးပိုင်းကို ရောက်ရင် တစ်ရှုးဘူးလေးပိုက်ပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့...။ သူတို့အစား ၀မ်းနည်း ၀မ်းသာကို ဖြစ်လို့... ဒါနဲ့ မျက်ရည်တွေကြားက ဆုတောင်းလိုက်သေးတယ်...။ မြန်မာနိုင်ငံက အလုပ်သမားတွေ ... အို... ကမ္ဘာပေါ်က အလုပ်သမားတိုင်း အလုပ်သမား အခွင့်အရေးတွေ အမြန်ဆုံး အပြည့်အ၀ ရကြပါစေလို့ ... ။

မျက်စိစုံမှိတ်ပြီး မသိချင်ယောင်ဆောင် အမှောင်တိုက်ထဲ ရောက်နေတဲ့ ဘော့စ်တွေလည်း Recover မြန်မြန်ဖြစ် အလင်းရလို့ လုပ်သားများရဲ့ ဘ၀ကို နားလည်စာနာ အမှန်မြင်ကြပါစေလို့... ။ 

ကိုးကား။ 
Undercover Boss (U.S. TV series) episodes

Monday, May 7, 2012

ကိုယ်သည် သူ မဟုတ်...

တစ်နေ့ နံနက် ရုံးရောက်ခါစမှာပဲ ကိုရေချမ်းဆီက ဖုန်းဝင်လာသည်။

“ဘယ်ဘက်ရင်ဘတ်က အသက်ရှုလိုက်တိုင်း အောင့် အောင့်နေတယ်”

 “ဟင်... ဘယ်လောက်ကြာနေပြီလဲ...”

“နာရီဝက်လောက်ရှိနေပြီ... ရင်ဘတ်ထဲ ဆွဲဆုတ်ပြီး ညှစ်ထားသလို ဖြစ်နေတယ်...”

မရွှေစု ထင့်ကနဲ စိတ်ပူသွားသည်။ ကိုရေချမ်းသည် တော်ရုံတန်ရုံ နေမကောင်းဖြစ်ရုံနဲ့တော့ ပါးစပ်က ဖွင့်ပြောတတ်သည့်သူမဟုတ်။ သူ့ဘာသာသူ ကြိတ်ပြီး ပေတေနေတတ်သည့်သူဖြစ်သည်။ သူ့အဖေက သွေးတိုးရောဂါရှိသည့်သူ၊ သူ့အမေဘက်က ဆီးချိုရောဂါ ရှိသည့်သူ။ အဲသာကြောင့် မျိုးရိုးလိုက်မှာစိုးလို့ ဆရာဝန်တွေက ဆေးစစ်တိုင်း သူ့ကို ကျန်းမာရေးအတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ diet လုပ်ဖို့ သတိပေးကြသည်။ ဆေးစစ်လိုက်တိုင်းလည်း သူ့ ကိုလက်စထရောက ရှိသင့်သည်ထက် အမြဲများသည်။ BMI Index ကလည်း အမြဲလိုလို များသည်။

မရွှေစုက သူငယ်ချင်းဆရာဝန်မဆီ ချက်ချင်းဆိုသလို ဖုန်းကောက်ဆက်ကာ အကျိုးအကြောင်း ပြောရင်း အကြံဉာဏ်လှမ်းတောင်းသည်။ သူငယ်ချင်းကတဖန် ကိုရေချမ်းထံ ဖုန်းလှမ်းဆက် သူ ပြောပြသမျှ သေသေချာချာ နားထောင်ပြီး Chest pain ဖြစ်နိုင်တာမို့ အရေးပေါ်ကို သွားရန် ညွှန်ကြား၏။ ကိုရေချမ်းက ဆေးရုံ မသွားချင်ဘူး။ ဆေးခန်းပဲ သွားမယ် ဈေးထပ်ဆစ်နေသေး၏။ စိတ်အလွန်ပူတတ်သော မရွှေစု က ရုံးကနေ ကိုရေချမ်းဆီ အပြေးအလွှား လိုက်သွားကာ ဆေးရုံကိုပင် ခေါ်လာခဲ့ရသည်။ ဆေးရုံရောက်တော့ ချက်ချင်း သွေးစစ်၊ အီးစီဂျီ ရိုက်၊ ဓါတ်မှန် ရိုက်၊ ထင်ထားသည့်အတိုင်း သွေး အနည်းငယ် တိုး၊ သွေး မဆိုစလောက် ချို၊ ကိုလက်စထရော များ။ ဒါနဲ့ ဆေးရုံတစ်ရက် တက်ခိုင်းကာ နှလုံးကို မော်နီတာ လုပ်ရမည်ဟု ပြောလေသည်။ ရင်ဘတ်အောင့်တာကတော့ ဆေးရုံရောက်ပြီး မကြာခင် သက်သာသွားသည်။

ဆေးရုံကဆင်းလာပြီး ထရက်မေး တွေ ဘာတွေမှာလည်း ပြေးပြီး နှလုံးအခြေအနေစစ်ဆေး၊ ဆရာဝန်မှတ်ချက်ကတော့ နှလုံးက စိုးရိမ်ရတဲ့ အခြေအနေမှာမရှိ။ သို့သော် ဆီးချို ဖြစ်နိုင်သည့် အလားအလာမှာ ရှိ၊ ထို့ကြောင့် အချို စားတာ လျှော့၊ သွေးတိုးတာကို ထိန်းဖို့ အငံလျှော့၊ ကိုလက်စရော အတွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်၊ အဆီများတဲ့ အစားတွေ မစားနဲ့ စသဖြင့် သတိပေးလိုက်သည်။ သူက အစကတဲက ဆေးလိပ်မသောက်၊ အရက်မသောက် သူ ဖြစ်၍ ဒီအတွက်ကတော့ ဆရာဝန် သတိပေးတာကို အထူးလိုက်နာရန် မလိုဘူးဖြစ်သွားသည်။အဓိက သူရှောင်ရမည့် အချက်မှာ မတည့်သည့် အစားအစာများ မစားရန်နှင့် လေ့ကျင့်ခန်း လုပ်ရန်သာ ဖြစ်တော့သည်။

ကိုရေချမ်းစားသည့် အစားအစာနဲ့ ပါတ်သက်ပြီး မရွှေစုမှာ အပြစ်မကင်းသလို ခံစားရသည်။ အစားတစ်ခုကို သူကြိုက်တယ်ပြောလာလျှင် မရွှေစုက တအားကျွေးချင်သည်။ ကျန်းမာရေးနှင့် ညီမညီ သူ့အတွက် သင့်မသင့် ဘယ်တော့မျှ ထည့်မစဉ်းစား။ မရွှေစု တို့ အမျိုးဘက်က သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါများ မည်သူမျှ မရှိကြ။ ဒါကြောင့် အစားကို အထူးတလည် မတည့်တာရှောင် စားရန် သတိမရကြ။ ကိုရေချမ်းက ထောပတ်ထမင်းကြိုက်တယ်ဆို ခဏခဏ ချက်ကျွေးမိသည်။ ကိတ်မုန့် အလွန်ကြိုက်သူဖြစ်၍ ထောပတ်တွေ ထည့်၊ စားလို့ကောင်းအောင် ထည့်လို့ရတာမှန်သမျှ အများကြီးထည့်ကာ ကိုယ်တိုင်ကိတ်မုန့်ဖုတ်ကာ အားပါးတရ စားစေသည်။ မရွှေစု ကိုယ်တိုင်က အချိုအလွန်ကြိုက်သဖြင့် ကိုယ်တိုင်လုပ်သော မုံ့မှန်သမျှ ချိုအီစိမ့်နေတာကြီးပဲ ဖြစ်သည်။

ဒါနဲ့ သူဆေးရုံက ဆင်းပြီးတဲ့နောက် မရွှေစုလည်း အစားအစာ သုတေသန သေသေချာချာ လုပ်ရသည်။ ဘာအစားအစာတွေက သူနဲ့ တဲ့မလဲ။ ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုမျိုး ချက်ကျွေးရမလဲ၊ ဆေးလည်း အစာ၊ အစာလည်းဆေး ဖြစ်အောင် ဘာတွေလုပ်ရမလဲ စသဖြင့်။ ပထမဦးဆုံး ရှောင်ရမည့် အစားတွေကို အရင်စဉ်းစားရသည်။ လောလောဆယ် အပြင်စာတွေ စားခြင်းကို ရှောင်လိုက်သည်။ သူက pizza လို အစားအစာတွေ အရမ်းကြိုက်တတ်သူ၊ အဲသလို အစာတွေကို အရင်ကလို ခဏခဏ မစားစေတော့။ အဆီပါတဲ့ အပြင်စာ မှန်သမျှ လောလောဆယ် မစားမိအောင် နေခိုင်းလိုက်သည်။ နံနက်စာကို အိမ်မှာတခါထဲစားသွားကာ နေ့လည်စာကို အိမ်ကပဲ စီစဉ် ထည့်ပေးသည်။
 
 ကိုရေချမ်းအတွက် ...

နံနက်စာ အတွက် ကွေကာအုတ် အကြမ်းတွေဝယ်ထားသည်။ အဲဒီ ကွေကွာ အကြမ်းကို ရေနွေးပူနဲ့ ပြုတ် ပြီး skin milk ဒါမှမဟုတ် low fat milk နဲ့ ရောသောက်စေသည်။ စားနေကြ ပေါင်မုန့် အဖြူကိုလည်း မစားတော့။ whole meal bread ပေါင်မုန့်ကြမ်း အညိုကို စားသည်။ ကိတ်မုန့်လုံးဝ မစားတော့။ ထောပတ် မစားတော့။ နေ့လည်စာ အဖြစ် ပေါင်မုန့်ကြားမှာ အသားပြား ဒါမှမဟုတ် low fat cheese ကို အရွက်များများနှင့် ညှပ်စားသည်။ အသီးအမျိုးမျိုးဝယ်ပေးထားပြီး များများ စားစေသည်။

မနက်စာ - ပေါင်မုန့်ကြမ်း အသားညှပ်နဲ့ ကွေကာအုတ်

ညစာထမင်းကို ဆန်အဖြူအစား ဆန်ညိုကို ပြောင်းစားသည်။ အချိန်ရရင် ငှဲ့ပြီး ချက်ပေးသည်။ သကြားကို ဆီးချိုသမားတွေစားသည့် သကြားကို ပြောင်းသုံးသည်။ ကော်ဖီဖျှော်သည့် အခါ ကော်ဖီမိတ် သုံးမည့် အစား ခုနက skin milk ဒါမှမဟုတ် low fat milk ကို သုံးသည်။ ဟင်းသီးဟင်းရွက်တွေကို အရင်ကလို ဆီနဲ့ ကျော်မကျွေး၊ ပေါင်းပြီး ကျွေးသည်။ အသား ငါး တွေ ကို ဆီပါလေရာနဲ့ ကင်သည်။ ဒါမှမဟုတ် ပေါင်းသည်။ ကျွတ်ကျွတ်ကျော်တွေ မလုပ်တော့။

 
ညစာ - ဆန်ညို ဆော်လမွန် အသားပေါင်း  low fat ကြက်အူချောင်း celery ဖျော်ရည်
 
ညတိုင်း ညစာထမင်းစားခါနီး celery ဆလာရီ ဖျော်ရည်တိုက်သည်။ တခါတလေလည်း ဆန်းကစ်တို့ ပန်းသီးတို့နဲ့ ရောဖျော်သည်။ မုန်လာဥနီ နဲ့ တခြား သစ်သီးတွေအနံ့ကို ကိုရေချမ်းက မကြိုက်လို့ ရောမဖျော်ဖြစ်။ တခါဖျှော်လျှင် celery ၄ချောင်းလောက်တော့ ထည့်ဖျော်သည်။ ဘာလို့ဆို celery ဆလာရီ က lower total cholesterol and LDL (bad) cholesterol ဆိုတာကိုး။

ပြီးတော့ ကြက်သွန်ဖြူ ကို apple cider vinegar ၊ ပျားရည်အနည်းငယ်နဲ့ အင်တာနက်ထဲက ဆေးနည်း recipe အတိုင်း လိုက်လုပ်ကာ ရောစိမ်ထားသည်။ apple cider vinegar က သွေးတိုး၊ ဆီးချို အတွက် ကောင်းသည်ဟု ဆိုသည်။ ကြက်သွန်ဖြူ ဆေးစိမ်တစ်နေ့ တစ်တက်ကျွေးသည့်အပြင် ကြက်သွန်ဖြူ အစိမ်းသက်သက် သည် သွေးခဲတာတွေ အဆီဓာတ်များတာတွေအတွက် ကောင်းတာမို့ ညစာ ထမင်းစားပွဲမှာ ကြက်သွန်ဖြူလေးတွေ စိတ်ပြီး သံပုရာရည်လေး ညှစ်ပေးထားသည်။ ထမင်းထဲကို မြုပ်စားပေါ့။ ဒီလိုနဲ့ ၃လလောက်ကြတော့ ကိုရေချမ်း သိသိသာသာ ကိုယ်ရည်စစ်သွားသည်။ ဆရာဝန်က ၆လကြာလို့ တခါလာဆေးစစ်တဲ့အခါ ကိုလက်စထရော များနေတုန်းပဲ ဆိုလျှင် ဆေးစသောက်ရမည်ဟု ပြောလိုက်သည်။ ခုအတိုင်းဆိုလျှင် ဆေးသောက်စရာမလိုတော့။ မရွှေစု ၀မ်းသာသွားသည်။ 

တစ်ရက်တော့ မတွေ့တာကြာပြီဖြစ်သေည မရွှေစုတို့ သူငယ်ချင်း စုံတွဲ တစ်တွဲ အိမ်အလည်လာသည်။ အမျိုးသားရော အမျိုးသမီး ၂ယောက်စလုံးနှင့် တစ်ကျောင်းတည်း သူငယ်ချင်းများ ဖြစ်ကြသည်။ သူ့ယောက်ျားကလည်း ကိုရေချမ်းလို ကိုလက်စထရော အရမ်းများနေလို့ အဆီကျဆေးတွေ သောက်နေရသူဖြစ်သည်ဟု ဆိုသည်။ မရွှေစုသည် စေတနာ ဗလပွဖြင့် မီးဖိုချောင်ထဲ တန်းဝင်ကာ celery ဖျော်ရည် ဖျော်ပြီး သူ့အမျိုးသားကို တိုက်သည်။ ကြက်သွန်ဖြူ ဆေးစိမ်ပုလင်းကြီးကို ထုတ်ပြကာ ကျွေးလိုက်သေးသည်။ လိုချင်ရင် တ၀က်ခွဲပေးမယ်လေဆိုတော့ မယူပါဘူးဟု အတင်းငြင်းကြသည်။ ကိုယ်လုပ်သည့် အကြောင်းကို ပြောပြကာ အစားအစာကို ထိန်းရင် ဆေးသောက်စရာမလိုအောင် ကောင်းကြောင်း ပြောမိသည်။ သို့သော် သူငယ်ချင်း အမျိုးသမီး ပြောသည့် စကားကို ကြားသောအခါ မရွှေစုရင်ထဲ နင့်ကနဲ ဖြစ်သွားမိလေသည်။ 

“နင်က... သူများ စားချင်မှန်း မသိ၊ မစားချင်မှန်း မသိ၊ ကိုရေချမ်းကို အတင်း ကွန်ထရိုးလိုက်လုပ်တာပဲ။ ကျန်းမာရေး အတွက်တော့ ဟုတ်တာပေါ့။ ငါတော့ ငါ့ယောက်ျားကို အဲသလို မလုပ်ပါဘူး။ သူစားချင်တာလေး စားပါစေ။ စားပြီး ဆေးသောက်လည်း ရတာပဲ... လူ့ဘ၀ စားချင်တာလေးမှ မစားရရင် ဘယ်လို လုပ် နေစရာ ရှိပါတော့မလဲ။ နင် အဲသလို မလုပ်သင့်ဘူး... “ 

သူတို့ ပြန်သွားသောအခါ မရွှေစု မှာ စဉ်းစားစရာ တပုံကြီးနှင့် ကျန်ခဲ့လေသည်။ ဟုတ်သည်။ ကိုရေချမ်း ဆေးရုံတက်ရပြီးကတဲက သူ့ကျန်းမာရေးကို စိုးရိမ်ပြီး အစားအစာအတွက် မရွှေစု ကွန်ထရိုးလုပ်မိသည်။ ဒါပေမယ့် သူစားသလို မရွှေစုပါ လိုက်စားခြင်းဖြစ်ပါသည်။ သူ ဆန်ညိုစားသလို မရွှေစုလည်း ဆန်ညိုစားရပါသည်။ သူ ပေါင်မုန့်ညို စားသလို ကိုယ်လည်း လိုက်စားရပါသည်။ သူ အရွက်ပြုတ်စားလျှင် ကိုယ်လည်း အရွက်ပြုတ်သာ စားရပါသည်။ ဒါပေမယ့် မရွှေစု စိတ်ထဲ ဘယ်လိုမှ မနေပါ။ ကိုရေချမ်း စိတ်ထဲဘယ်လိုနေသလဲဆိုတာ မရွှေစု မသိပါ။ သူသည် ဂျီးများတတ်သူမဟုတ်။ လုပ်ပေးတာနဲ့ ဖြစ်အောင် စားတတ်သည့်သူ။ မရွှေစု လုပ်ပေးတာမှန်သမျှကိုလည်း ကြိုက်တတ်သည့်သူ။ ဘာပဲဖြစ်ဖြစ် ထိုသူငယ်ချင်းပြောသွားသည့် စကားကို ကြားရတာ မရွှေစု စိတ်ထဲ တကယ်ကို မကောင်းဖြစ်နေတော့သည်။ ကိုယ်သည် သူတပါး အတွက် မစဉ်းစားပဲ ကိုယ်ဖြစ်ချင်တာကိုပဲ ဦးစားပေး စဉ်းစားသူလား။ သူများ စားချင်မှန်း မသိ မစားချင်မှန်း မသိ အတင်း ကျွေးသည့်သူလား။ 

 ဒီလိုနဲ့ ခါတိုင်း လုပ်ပေးနေကြလို ကိုရေချမ်းကို ညစာ စားခါနီး celery ဖျော်ရည် မဖျော်ပေးဖြစ်တော့။ ကြက်သွန်ဖြူ ဆေးစိမ်တစ်တက်ကို ဇွန်းနဲ့ကော်ကာ ပါးစပ်ဟ ... ဒါလေးစားလိုက်ပါဦး... လိမ်မာတယ်နော်... လို့ ချော့ကာမော့ကာ ပြောကာလည်း မကျွေးဖြစ်တော့။ နေ့လည်စာကိုလည်း အထူးတလည် မစီစဉ်ပေးဖြစ်တော့။ ညစာဟင်းကိုလည်း ပေါင်းတာတွေ ကင်တာတွေမလုပ်တော့၊ ဒါတွေ လုပ်ရတာ တကယ်တော့ လက်ဝင်ပြီး အလုပ်ရှုပ်တာလည်း ပါသည်။ ဒါနဲ့ ဟင်းကို ပုံမှန် ချက်သလို သာ ချက်လိုက်တော့သည်။ 

တစ်ညနေ တနင်္ဂနွေ မှာဖြစ်သည်။ ဈေးကပြန်လာပြီး အထုတ်တွေ စီနေ ပြုနေတုန်း ကိုရေချမ်းသည် အိမ်ရှေ့ခန်းမှာ မျက်နှာကြီး စူပုတ်ပြီး ထိုင်နေလေသည်။ 

 “ခုနက အကောင်းပါ။ အခုတော့ ဘယ်လို ဖြစ်နေတာတုန်း” 

“ခေါင်းကိုက်နေတယ်... သွေးတက်သလား မသိဘူး...” 

ထုံးစံအတိုင်း မရွှေစု ပျာယာခတ်သွားသည်။ 

“မနက်က ဘာအစား မှားသွားလို့လဲ။ မနေ့ညကလဲ အိပ်မပျက်ပါဘူး...။ ပါရာစီတမော့ သောက်မလား...” 

 ဆေး နှင့် ရေ ယူပေးတာကို သောက်ရင်း ကိုရေချမ်းက တစ်ခွန်းပြောသည်။ 

 “ခင်များက ကျွန်တော့်ကို အရင်ကလို ဂရုမှမစိုက်တော့တာ...” 

 “ဟန်... ဘာကို ဂရုမစိုက်ရမှာလဲ... ဘာလို့ အဲသလို ပြောတာလဲ...” 

“အေးလေ... အရင်ကဆို ညတိုင်း သစ်သီးဖျော်ရည် ဖျော်တိုက်တယ်လေ။ ကြက်သွန်ဖြူဆေး ဆိုလည်း သေချာ ကျွေးတယ်လေ။ အခု ဘယ်မှာ လုပ်တော့လို့လဲ...” 

မရွှေစု တအံ့တသြနှင့် ကိုရေချမ်းကို ကြည့်ကာ ရယ်လိုက်မိသည်။ 

 “ဟိုတလောက သော်သော် တို့ အိမ်လာလည် တာ မှတ်မိတယ်မလား။ သော်သော်က ပြောသွားတယ်။ သူဆို သူ့ယောက်ျားကို အတင်း ကွန်ထရိုး မလုပ်ဘူးတဲ့။ သူ့ယောက်ျား ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ မစားချင်ပဲ အတင်းမကျွေးဘူးတဲ့။ “ 

“အေးလေ... ကျွန်တော်က သူ့ယောက်ျားမှ မဟုတ်တာ။ ကျွန်တော်က မရွှေစု ယောက်ျားပဲ။ သူ့ဘာသာ မလုပ်ချင်နေပေါ့။ သူနဲ့ ကိုယ်နဲ့ ဘာဆိုင်လို့လဲ...” 

 “ဒါဖြင့်... မရွှေစု လုပ်ပေးနေတာတွေ မစားချင်ပဲ စားနေတာမှုတ်ဘူးပေါ့...” 

 “ကျွန်တော် ဘယ်တုန်းက မစားချင်ပဲ စားတာရှိသလဲ။ ကျွန်တော် စားတယ်ဆိုတာ ကြိုက်လို့ကို စားတာ။ ပြီးတော့ ကျွန်တော်က အဲသလို ငါးပေါင်းတို့ ဘာတို့ကို ပိုကြိုက်တာ... ကိုယ့်ကို ကောင်းစေချင်လို့ ကျွေးတာမို့ စားတာလဲ ပါတာပေါ့။ သူတို့ဘာသာ မလုပ်ချင်လို့ မလုပ်တာ သူလည်း ကိုယ်လို မလုပ်ချင် မလုပ်နဲ့။ ကိုယ်လည်း သူတို့လို လိုက်တုစရာမှ မလိုတာ...” 

 “အင်းပါ... အင်းပါ... အဲသာဆို ဒီနေ့ကစပြီး အရင်လို လုပ်ပေးပါ့မယ်။ “ 

မရွှေစု စိတ်ထဲ ပေါ့ပါးသွားသည်။ ကိုယ်လုပ်နေတာတွေသည် သူများတကာ အမြင်မှာ မဆီလျော် မှားချင် မှားနေနိုင်လိမ့်ပေမယ့် ကိုယ့်မိသားစုအတွက် ကိုယ်လုပ်စရာရှိတာကို လုပ်သင့်သည်ကို လုပ်နေတာဟာ အသင့်လျော်ဆုံး အမှန်ကန်ဆုံး ဖြစ်တာကို ရှာဖွေ တွေ့ရှိသွားပေပြီ။ ကိုယ့်အိမ်ထောင်ရေးမှာ အဆင်ပြေသည့်နည်းသည် သူများ အိမ်ထောင်ရေးအတွက် မှန်ချင်မှလည်း မှန်နိုင်ပေမည်။ ထို့အတူ သူများ အိမ်ထောင်ရေးမှာ အဆင်ပြေသည့်နည်းကလည်း ကိုယ့်အတွက် ကောင်းချင်မှ ကောင်းနိုင်မည်။ 

သူများသည် ကိုယ်မဟုတ်။ ကိုယ်သည် သူများ မဟုတ်။ ထို့ကြောင့် ကိုယ်ကောင်းဖို့ရာ သူများ ပြောတိုင်းလဲ အရာရာ နားမယောင်ရာ ပါတကား။ 

 +++++ 

Thursday, May 3, 2012

ချလိုက်ရမလား...???

ချလိုက်ရမလား... ???

ပြီးခဲ့တဲ့ ပိုစ့်မှာ မေမြို့ သရဲခြောက်ခံရတဲ့အကြောင်း ရေးလိုက်တော့ စာလာဖတ်တဲ့သူတွေ ကြောက်နေကြတာမြင်ရလို့ အကြောက်ပြေသွားကြရအောင် ဒီတခါတော့ ဟာသ သရဲ ပုံပြင်လိုမျိုးလေး ပြောပြမယ်နော့။ ပုံပြင်ဆိုပေသိ ပြောပြတဲ့ ကိုရေချမ်း အဆိုအရတော့ မော်လမြိုင်မှာ တကယ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တဲ့။ 

တကယ်တမ်းမတော့ မရွှေစုဟာ အင်မတန်သရဲ ကြောက်တတ်ခဲ့တဲ့သူပါ။ ငယ်စဉ်ဘ၀ အိမ်မှာ နေတုန်းကများ ဘယ်လောက်တောင် သရဲကြောက်တတ်သလဲဆို ကိုယ့်အိမ်ကိုယ် နေ့ခင်းကြီးကြောင်တောင် ဘယ်သူမှ မရှိရင် တစ်ယောက်ထဲ အပေါ်ထပ် မတက်ရဲဘူး။ ညဘက် အိမ်သာ တစ်ယောက်ထဲ မသွားရဲဘူး။ အခန်းထဲ တစ်ယောက်ထဲ မအိပ်ရဲဘူး။ ယုတ်စွ အဆုံး ကိုယ်ထိုင်နေတဲ့ ကြမ်းက ကျဲနေရင် အဲဒီကနေ သရဲက လှမ်းတို့မလားလို့ စိတ်ကူးပြီး ကြောက်နေတဲ့သူပါ။ ညဘက် တစ်ယောက်ယောက်က အိမ်တခါးလာခေါက်တဲ့အခါ ဖွင့်မပေးဝံ့ဘူး၊ လာလည်တဲ့ ဧည့်သည်က ငါပါဟလို့ အသံပေးတာတောင် သရဲ အယောင်ဆောင်လာသလား တွေးကြောက်သေး။ ညမှောင်မှောင် ကို မှန်တင်ခုံက မှန်ကို မကြည့်ရဲဘူး၊ သရဲမများ ထိုင်ပြီး ခေါင်းဖြီးနေမလားလို့။ ကိုယ့်အိမ်ပေါ်ထပ်တင် တခါတလေ ဘာမှန်းမသိ နောက်ဘက်ကို လည်ပြန် မကြည့်ရဲဘူး၊ လည်ပြန်ကြည့်လိုက်တုန်း သရဲက ကိုယ့်မျက်နှာနောက်မှာ ဘွားကနဲ ပေါ်လာမှာစိုးလို့...။ ဒါနဲ့ ဒီလောက်တောင် ကြောက်တတ်တဲ့ မရွှေစုကို ကိုရေချမ်းက တစ်နေ့တော့ ဒီပုံပြင်လေး ပြောပြပါတယ်။ 

“ကျွန်တော် သရဲကြောက်တတ်တာ လွန်ပြီထင်တာ။ မရွှေစု ကြောက်တတ်တာကတော့ ပိုတယ်ဗျာ... သရဲခြောက်တိုင်းလဲ မကောင်းဘူးမထင်နဲ့... သရဲခြောက်ခံရပြီး ကြီးပွားသွားတဲ့သူရှိတယ်နော်... ကြားဖူးလား...” 

“ဟင့်အင်း... ကြားဖူးပေါင်... ပြောပြပါအုံး...” 
မရွှေစုက ပုခုန်းတွန့်ရင်း ပြန်ပြောမိတယ်။ ဘယ်နှယ် သရဲခြောက်ခံရတာနဲ့ပဲ ကြီးပွားရမယ်လို့... သူ့ခေတ်မှပဲ ကြားဖူးတော့တယ်။ 

“တခါက မော်လမြိုင်မှာတဲ့... သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးတစ်အိမ် ရှိတယ်။ သရဲခြောက်လွန်းလို့ ဘယ်သူမှ မနေရဲပဲ စွန့်ပစ်ထားတော့ အိမ်ကြီးက အိုပြီး ဆွေးလည်းဆွေးနေတာပေါ့...”

“သူက ဘယ်လို ခြောက်သတဲ့လဲ...” 

“အဲဒီသရဲက ညသန်းခေါင်လောက်ဆို ချလိုက်ရမလား... ချလိုက်ရမလား လို့ အသံနက်ကြီးနဲ့ အော်မေးတတ်သတဲ့။ အဲသလို အော်သံကြီးကြားရတော့ ကြောက်ပြီး ဘယ်သူမှ မနေရဲတော့တာတဲ့...” 

“အင်း...” 

“တစ်ရက်တော့ ခပ်ရွတ်ရွတ် အရက်သမားတစ်ယောက်က မူးမူးနဲ့ အဲဒီအိမ်ပေါ် တက်အိပ်သတဲ့။ ညသန်းခေါင်လောက်လဲ ရောက်ရော ထုံးစံအတိုင်း ချလိုက်ရမလား၊ ချလိုက်ရမလား ဆိုပြီး အသံနက်ကြီး ထွက်လာရော...” 
ကိုရေချမ်းက ပြောပြောဆိုဆို ချလိုက်ရမလား... ကို အသံကြီးသြကာ အော်ပြနေသေးတယ်။ 

“အရက်သမား ကြောက်ပြီး ထွက်ပြေးရောလား...” 

“ဘယ်ကသာ... အဲဒီလူက ကျွန်တော့်လို့ ပေကပ်ကပ်နဲ့ အညာသားဖြစ်ဖို့များတယ်။ မင်းဟာမင်း အော်ချင်ရာအော်ကွာ ဆိုပြီး၊ ပေကပ်ပြီး ဆက်အိပ်နေတာတဲ့...” 

“အိ... ကြောက်စရာကြီး... အရေးထဲ သူ့ အညာသားက ပါသေးတယ်။ မော်လမြိုင် ဘယ်လိုလုပ်ပြီး အညာသား ရောက်မတဲ့လဲ... “ 

“အို... ဒါက အညာသားတွေ လုပ်တတ်ပုံကို ကြုံတုန်း ပြောပြတာပါ... ။ ကဲ... ဆက်ပြောရရင်... သရဲကလဲ အလျှော့မပေးဘူး ဗျာ။ ချလိုက်ရမလား၊ ချလိုက်ရတော့မလား ကိုပဲ အသံနက်ကြီးနဲ့ ထပ်ကာ ထပ်ကာ အဆက်မပြတ် အော်နေတော့တာပဲတဲ့...။ ဒါနဲ့ ဟိုလူလည်း စိတ်ကမရှည်တော့ဘူးမလား... ဟာ... ဒီသရဲ အိပ်ကောင်းခြင်း မအိပ်ရ... နားငြီးလိုက်တာ... ဒီလောက် ဖြစ်လှတာ.... ချကွာ... ချကွာ... ချချင်သလောက် ချ... လို့ ပြန်အော်တာတဲ့...” 

“ဟယ်... ဒါနဲ့ သရဲက သူ့ကို လာချရော တီးရောတဲ့လား...” 
မရွှေစုက မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ပြန်မေးမိတယ်။ 

“ဘယ်ကသာ... အဲသလို ချကွာ... ချ... လို့ ပြောလိုက်တာနဲ့ တပြိုင်နက်... မျက်နှာကျက်ကနေ အထုတ်ကြီး တစ်ထုတ် ဘုတ်ကနဲဆို ပြုတ်ကျလာပြီး အသံနက်ကြီးလဲ တခါထဲ ပျောက်သွားရောတဲ့.... အထုတ်ဖွင့်ကြည့်တော့... လားလား... ရွှေထုတ်ကြီး ဖြစ်နေတာတဲ့ဗျာ...” 

“ဟယ်... မိုက်တယ်တော့... မိုက်တယ်တော့...ဟားဟား...” 
ဒီတခါတော့ မရွှေစုက လက်ခုတ်လက်ဝါးတီးကာ ခုန်ဆွခုန်ဆွ လုပ်ပြီး အော်လိုက်မိတယ်။ ခုနက အသံနက်ကြီးဆိုတာတောင် ကြောက်ရကောင်းမှန်း မသိတော့။ 

“အဲဒီအိမ်လဲ နောက် ဘာသံမှ မကြားရတော့ဘူးတဲ့...။ သရဲက ဥစ္စာစောင့်လို့ ဖြစ်နေတော့ ဒါကို တစ်ယောက်ယောက်ပေးလိုက်ပြီးမှ လွတ်ရာ ကျွတ်ရာ သွားလို့ရမှာမို့ သဘောရိုးနဲ့ ချလိုက်ရလား မေးတာ လူတွေက ရမ်းသမ်း ကြောက်နေတော့တာကိုး... အိမ်း အဲတာကြောင့် သရဲ အလကားနေရင်း မကြောက်နဲ့... သူတို့လဲ ခြောက်ချင်လို့ ခြောက်တာမဟုတ်... သူတို့ ကိစ္စနဲ့ သူတို့ ခြောက်သလို ဖြစ်သွားတာပဲ နေမှာ...” 

“ဟီး...” 

“အင်း... ဒီပုံပြင် နားထောင်ပြီး သဘောပေါက်သွားတာ ... တခါတခါ တစ်ဖက်သားက ပြောတာ ကြောက်စရာလို ခြောက်သလို ဖြစ်နေပေသိ၊ စေတနာနဲ့ ပြုတာမျိုး ဖြစ်နေတတ်တယ်ဆိုတာလဲ သတိရ၊ ပြီးတော့ နောက်ထပ်တမျိုး စဉ်းစားရင် ကိုယ်က စေတနာနဲ့ ပြောပေမယ့်လည်း အပြောမတတ်ရင် အပြောကြမ်းနေရင် တဖက်လူမှာ နားလည်မှုလွဲကာ လန့်တတ်တယ်ဆိုတာကိုလည်း သတိရပေါ့... မှုတ်ဘူးလား...” 

ဒါနဲ့ ကိုရေချမ်းနဲ့ မရွှေစုတို့လည်း တခါတလေ အိမ်မှာ တစ်ယောက်က သဘောရိုးနဲ့ ပြောချင်ပေမယ့် အော်သလို ရန်တွေ့သလို စကားပြောကြမ်းသလို ဖြစ်သွားတယ်ဆိုရင်၊ တစ်ယောက်ကလည်း အဟုတ်တကယ် ရန်လုပ်တယ်ထင်ပြီး စိတ်ဆိုးသွားတယ်ဆိုရင် “မကြောက်ပါနဲ့ ချလိုက်ရတော့ မလား... ချလိုက်ရတော့မလား ...လို့ ... ဒီက အကောင်း မေးနေတာပါ” လို့ ပြောင်ပြီး ဖြေပြော ပြောတတ်ကြတယ်။ 

အဲဒီအခါ နောက်တစ်ယောက်က မနေနိုင်တော့ပဲ ရယ်မောလိုက်ရင်း... “အေး... ချကွာ... ချကွာ... ချသာ ချ...” ပြန်ပြောရင်း စိတ်ဆိုးပြေသွားတတ်ကြတယ်။ 

ကဲ... စာဖတ်ပရိတ်သတ် တို့ရေ... ချလိုက်ရမလား... ချလိုက်ရမလား... ။ ရွှေထုတ်ပေးချင်လို့ မေးတယ်မှတ်...။ ။

+++++