Tuesday, July 27, 2010

ရာသီစာ

ရာသီစာ



ဒီနေ့မနက်စောစော အိပ်မှုန်စုံမွှားဖြင့် ဘုရားအာရုံပြု မျက်နှာသစ်နေရင်းမှ မရွှေစုတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိကာ တစုံတရာကို အလန့်တကြား ရေရွတ်မိလိုက်ပေသည်။

****************************************

စနေနေ့ညက ကိုရေချမ်းနဲ့ မရွှေစုတို့ စင်ကာပူရဲ့ နာမည်ကျော် ဂေလမ်း (Geylang) ဘက်ကို ပထမဦးဆုံးအကြိမ် အဖြစ် ရောက်ခဲ့လေသည်။ အရှေ့ဘက်သို့သွားရင်း ရံဖန်ရံခါ ဂေလမ်းရှေ့မှ ကားဖြတ်မောင်းဖူးသော်လည်း တခါမျှ ဆင်းပြီး လမ်းမလျှောက်ခဲ့စဖူး။ ဒီတခါတော့ မရွှေစုကလည်း စပ်စုချင်နေတာနဲ့ တနေရာမှာ ကားရပ်ပြီး လမ်းလျှောက်ကြရအောင်ဆိုတဲ့ ကိုရေချမ်း အဆိုပြုချက်ကို သဘောတူလိုက်သည်။ ကိုရေချမ်း ရည်ရွယ်ချက်ကတော့ ရာသီစာ ဒူးရင်းသီးဆိုင်များကို ငေးချင် ငမ်းချင်၍ဖြစ်မည်။ မရွှေစုကစိတ်လည်ပြီး ၀ယ်ချင်လည်းဝယ်ပေါ့ ပြောမည်ဟု သူက သေချာပေါက် မျှော်လင့်ထားသည်။

တကယ်က Lavender ဘက်မှာ လူကြုံပစ္စည်း သွားပေးရင်း အပြန်မှာ ကိုရေချမ်းက ဘယ်သွားရရင် ကောင်းမလဲဟု မေးလေသည်။ ညက ၉နာရီကျော်နေပြီ။ ဒီအချိန်ကျမှ တခြားဝေးဝေး ဘယ်ကိုမှ သွားစရာမရှိတော့။ နီးနီးနားနား ကားကိုကွေ့လိုက်လျင် ဂေလမ်းရှိသည်။ ဒါမှမဟုတ် ညလုံးပေါက်ဖွင့်သည့် မူစတာဖာရှိသည်။ ကိုရေချမ်း ဒူးရင်းသီး စားချင်နေတာကို သိသည့် မရွှေစုလည်း ဂေလမ်းဖက်ဦးတည်သွားနေသည့်ကားကို ဘာမှမပြောသာတော့ပဲ ဒူးရင်းသီး ၀ယ်ချင်ဝယ်ပါစေဟု မသိမသာ အခွင့်ပေးလိုက်တော့သည်။ တနေ့ကမှ သတင်းဖတ်ထားတာ... ဘာတဲ့ မကာအိုက လောင်းကစားဘုရင် သူဌေးကြီးဆိုလား... ကိုယ်ပိုင် ဂျက်လေယာဉ်ကို စင်ကာပူလွှတ်ပြီး ဒူးရင်းသီး ၈၈လုံး၊ စလုံး ဒေါ်လာ ၂၀၀၀ကျော်ဖိုး ၀ယ်သွားဆိုပဲ။ ဖြစ်နိုင်တာ ဂေလမ်း ဆိုင်တွေကနေ ၀ယ်သွားပုံရသည်။ မရွှေစု အသေအချာ မသိပါ။ ကိုရေချမ်းလည်း မကာအိုသူဌေး၊ မြန်မာသူဌေး၊ ဘာသူဌေးမှ မဟုတ်ပေမင့် သူ့ရှိတဲ့ကားလေးနှင့် အာသာပြေ ဒူးရင်းသီး ၂၀ဖိုးလောက်တော့ ၀ယ်ပါစေလို့ မရွှေစုက ရီချင်ပက်ကျိ စဉ်းစားမိနေသေးသည်။

နှစ်စဉ် ဒီလို အချိန်ရောက်လာပြီဆိုလျင် ကိုရေချမ်းတို့ ၃ရက်တခါလောက် ရုံးကနေအိမ်ကိုတန်းတန်းမတ်မတ် မပြန်။ အိမ်နောက်ဘက် ၁၀မိနစ်လောက်လျှောက်လျင်ရောက်သည့် ရပ်ကွက်ညဈေးလေးကို သွားပြီး ဒူးရင်းသီးတွေ တအိတ်တပိုးဆွဲ ၀ယ်ပြန်လာလေ့ရှိသည်။ ဒီနှစ်မှာတော့ ကိုရေချမ်းတစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ငြိမ်ကုပ်နေရသည်။ ဟိုဘက်အိမ် ဒီဘက်အိမ်မှ အနံ့ရလာလျှင် နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်ကာ ဒူးရင်းသီးအနံ့ကွဟု မရွှေစုကများ ဘာများပြောလာမလဲသဘောဖြင့် စကားခေါ်တတ်သည်။ ပြီးခဲ့တဲ့လကမှ ကိုလက်စထရောတွေတက်၊ သွေးတွေတိုး၊ ရုတ်တရက် နှလုံးကအောင့်လာလို့ ဆေးရုံရောက်သွားခဲ့သေးတာ။ အဲဒီကစလို့ မရွှေစုက ကိုရေချမ်း စားသမျှကို ထိန်းချုပ်လိုက်သည်။ ပီဇာ၊ မက်ဒေါနယ်၊ ကြက်ကျော်၊ အာလူးကြော်၊ ထောပတ်၊ ချိစ်၊ ကြက်ဆီထမင်း၊ ဘဲသား စသဖြင့် ကိုလက်စထရောများမည့် အစားများနှင့် ဝေးဝေးနေပေရော့။ အသီးအရွက်နှင့် အသားများကို မကျော်မလှော် မချက်တော့ပဲ စတီင်းမ်လုပ်ပြီး ကျွေးသည်။ ကော်ဖီကို နွားနို့နှင့်ဖျော်သောက်စေသည်။ ကော်ဖီမိတ်မသုံးရတော့။ ဆလာရီကို အနံ့မကြိုက်မှာစိုးလို့ ပန်းသီးနှင့် ရောပြီး သစ်သီးဖျော်ရည်လုပ်တိုက်ရသည်။ ကြက်သွန်ဖြူကို ပျားရည်၊ ဗနီကာတို့နှင့် စိမ်ပြီးတိုက်သည်။ သစ်သီးမျိုးစုံဝယ်ထားပြီး နေ့လည်စာ ယူသွားစေသည်။ တနေ့ကတော့ ကိုရေချမ်းက ကျနော် နွားကြီးဖြစ်နေပြီဗျလို့ အသီးအရွက်တွေ တချိန်လုံးစားနေရတာကို အကြောင်းပြပြီး အရွဲ့တိုက်ပြောနေသေးသည်။ မရွှေစုက သူ့မပြောသလို မသိချင်ယောင် မကြားချင်ယောင် ဆောင်နေလိုက်သည်။

****************************************

ည၉နာရီကျော် ဂေလမ်းသည် လမ်းဘေး ဘီယာဆိုင်များ၊ သစ်သီးဆိုင်များနှင့် မီးရောင်များ တလက်လက်တောက်ပကာ အတော်ကို စည်ကားလှသည်။ ပလက်ဖောင်းမှာ ချထားသည့် စားပွဲများတွင် ဘီယာသောက်နေသည့် လူများကို ကွေ့ပတ်ကျော်ဖြတ်ရင်း လူများ ကြိတ်ကြိတ်တိုးနေသည့် ဒူးရင်းသီးဆိုင်များကို အဝေးကပင်လှမ်းတွေ့ရသည်။ ဘီယာသောက်နေသည့် လူများမှာ များသောအားဖြင့် အသက်ကြီးကြီး တရုတ်အဖိုးကြီးများဖြစ်ကြသည်။ တချို့စားပွဲများတွင်မတော့ ဘောင်းဘီတိုပြတ် ရှင်မီးလည်ဟိုက် ဆံပင်ဝါကြောင် နှုတ်ခမ်းနီရဲ မျက်ဝန်းလဲ့ပြာရီများနှင့် ပြည်ကြီးတရုတ်မလေးများ ထိုင်နေကြတာကိုလည်း တွေ့ရသည်။ တချို့ အဖိုးကြီးများက သူတို့ပုခုန်းများကို ဖက်ကိုင်ထားကြလေသည်။ လမ်းချိုးတကွေ့ နှစ်ကွေ့ တွေမှာတော့ စီးကရက်ဗူးများကို ကျွတ်ကျွတ်အိတ်လေးထဲထည့်ကာ ပလက်ဖောင်းထောင့်လေးများမှာ ချရောင်းနေကြတာကိုလည်း တွေ့ရသည်။ ကိုရေချမ်းက ကာစတမ်မာခေါ်တယ်ဆိုတဲ့ဟာတွေရောဟုဆိုကာ တီးတိုးလှမ်းမေးလေသည်။ စင်ကာပူ တီဗွီလိုင်း Channel News Asia ကလာတဲ့ Get Real ဆိုတဲ့ စီးရီးစ်တွေကို ကြည့်ဖူးသည့် မရွှေစုက စုံထောက်မကြီး အိုင်တင်နှင့် အဲသာတွေက လမ်းကြားတွေထဲ၊ လမ်းသွယ်တွေထဲ၊ ဒါမှမဟုတ် နည်းနည်း မှောင်ရိပ်ကျတဲ့နေရာတွေမှာ ရှိမှာပေါ့လို့ ပြန်ပြောလေသည်။



ဒူးရင်းသီးဆိုင်တွေနှင့် သစ်သီးဆိုင်တွေက ပလက်ဖောင်းတောက်လျှောက် အပြည့်ဖြစ်သည်။ သူတို့က ဘီယာဆိုင်တွေနှင့် တဖက်ခြမ်းက ကားလမ်းဘေးမှာ ဖြစ်လေသည်။ မရွှေစုတို့ ကားလမ်းကူးကာ လူတော်တော်များများ တိုးနေသည့် ဒူးရင်းသီးအရောင်းဆိုင်ထဲကို ၀င်သွားလိုက်သည်။ ဆိုင်က စားပွဲများမှာ ဒူးရင်းသီး ထိုင်စားနေကြသူများ အပြည့်။ မိသားစုလိုက်၊ သူငယ်ချင်း အုပ်စုလိုက် ဒူးရင်းမွှာလေး စားလိုက် အုန်းစိမ်းရည်လေးစုတ်လိုက်ဖြင့် စကားတပြောပြော တရီမောမော ဆူဆူညံညံ စည်စည်ကားကား။ မရွှေစုတို့လည်း ဖေဖေ မေမေတို့နှင့် တရုတ်တန်းမှာ တခါလား အဲသလို သွားထိုင်စားဖူးပါသည်။



ဆိုင်ထဲက စင်တွေမှာတော့ ဒူးရင်းသီး အမျိုးမျိုးအစားအစား တလုံး ၁ကျပ်တန်ကစလို့ ၁၀တန် ၂၀တန် ထိ ရှိသည်။ ထုံးစံအတိုင်း စင်ကာပူမှာ နာမည်ကြီးသည့် လူအသိအများဆုံး ဒူးရင်းသီးကတော့ D24 ပေါ့။ ဆိုင်မှာ ရောင်းနေသည့် အမျိုးအစားများကတော့ D24, D13, XO နှင့် D101 တို့ဖြစ်သည်။ ကိုရေချမ်းက မရွှေစုနားကပ်ကာ ၀ယ်မယ်နော်ဟုပြောပြီး တဆိုင်လုံးက ဒူးရင်းသီးတွေ လိုက်ကြည့်သည်။ ကြည့်လို့အားရမှ ၃လုံး -၂၀တန်ကို သူကရွေးဝယ်လေသည်။ ဒူးရင်းသီးတွေကလည်း တချို့က ခပ်စိမ်းစိမ်း၊ တချို့က ခပ်ဝါ၀ါ၊ တချို့က မစိမ်း မ၀ါ၊ တချို့က ဘဲဥပုံ၊ တချို့က အ၀ိုင်း၊ တချို့က အချွန်၊ ဆူးကြဲ၊ ဆူးစိတ် စသဖြင့် အမျိုးမျိုး အဖုံဖုံ စုံလင်လှသည်။

****************************************

စကားစပ်မိလို့ ဒူးရင်းသီးကို ဘယ်လို ဘယ်ပုံရွေးရတယ်ဆိုတာ သိသလောက် ပြောပြချင်ပါသည်။ အသီးရဲ့ အညှာရိုးတံက အရမ်းခြောက်နေရင် အဲဒီအသီးက ခူးထားတာကြာပြီမို့ မလတ်ဆတ်တော့ဘူးလို့ ပြောကြပါသည်။ တကယ်က ဒူးရင်းသီးဆိုတာ ခူးရတာထက် အပင်ကမှည့်လို့ အလိုလိုကြွေကျတာကို ကောက်စားတာ ပိုကောင်းတယ်လို့လည်း ကြားဖူးလေသည်။ အရင်က စင်ကာပူ-မလေးရှားနယ်စပ် တောထဲက ဆောက်လုပ်ရေးဆိုဒ်မှာ အလုပ်လုပ်သည့် အသိမောင်လေးတစ်ယောက်က ကိုရေချမ်း ဒူးရင်းသီးကြိုက်မှန်းသိလို့ လတ်လတ်ဆတ်ဆတ် ကြွေကျထားသော အသီးများကို တောထဲမှာ မနက်စောစော သွားကောက်ပြီး လာပေးလေ့ရှိသည်။ နောက်တခုက အသီး အောက်ခြေက အက်နေရင် အမှည့်လွန်နေတာမို့ မကောင်းတော့ပါ။ ဒူးရင်းသီးကို နမ်းကြည့်လို့ အနံ့က အရမ်းစူးရင် ကောင်းဖို့ များပါသည်တဲ့။ တကယ်လို့ နမ်းကြည့်ပြီး ဘာအနံ့မှ မရသေးရင် မမှည့်သေးလို့ မကောင်းတတ်ပါတဲ့။ ပြီးတော့ အသီးကို လက်နဲ့အသာလေးခေါက်ကြည့်လို့ လှိုဏ်ခေါင်းသံမြည်နေရင်၊ နား- နားမှာ ကပ်ပြီး လှုပ်ကြည့်လို့ လှုပ်နေတဲ့ အသံကြားရရင် ကောင်းပါသည်တဲ့။ ပိုးကိုက်ထားလား ဆိုတာ သိရအောင်တော့ အသီးမှာ အပေါက်ရှိနေလား ကြည့်ကြည့်ပါတဲ့။ အကောင်းဆုံး စစ်ဆေးနည်းကတော့ အခွံခွာပြခိုင်းပြီး မြည်းကြည့်ခြင်းပါပဲတဲ့။



မရွှေစုတို့ကတော့ အကောင်းဆုံးစစ်ဆေးနည်းကို အသုံးချတာမို့ ဒူးရင်းသီးရောင်းတဲ့ ဦးလေးကြီးက ကိုယ်ရွေးယူလိုက်တဲ့ အသီးကို ခွဲပြပေးပါသည်။ တချို့အလုံးများကို သူကိုယ်တိုင်လည်း ရွေးပေးသည်။ အရသာကို ခါးတာယူမလား၊ ချိုတာ ယူမလား၊ မချိုမခါးလေးယူမလား စသဖြင့် ဦးလေးကြီးကို ပြောပြီး ရွေးခိုင်းလို့ ရပါသည်။ မရွှေစုတို့ကတော့ မချိုမခါးအရသာကိုပဲ ကြိုက်ပါသည်။ တအားခါးတာမှ ကောင်းတာလို့ ပြောသော်လည်း ခါးသည့်အရသာကိုတော့ မကြိုက်လှပါ။ ဦးလေးကြီးက အရသာ၃မျိုးစားရအောင် အပင်မတူသည့် အသီးများကို စိတ်ရှည်လက်ရှည်ရွေးပေးလေသည်။ အခွံနွှာလိုက်တဲ့ ခဏမှာပဲ မွှေးကြိုင်သော ရနံ့ခပ်ပြင်းပြင်းက စူးကနဲ လေထဲကို ပျံ့လွင့်လာသည်။ စိမ်းမြရောင်ခြယ် ဆူးခွံများကြားမှ ချောင်းကြည့်နေသည့် ဒူးရင်းမွှာများက ရှက်သွေးဖြာနေသည့် အပျိုစင်လေးလို မထိရက်စရာ ၀ါရောင်ဝါသွေးနှင့် လှလိုက်သည့်ဖြစ်ခြင်း။

****************************************

ဒူးရင်းသီးဝယ်ပြီးတော့ သူနှင့်တွဲဖက်စားဖို့ မဖြစ်မနေ၀ယ်ရမည့် အသီးက မင်းဂွတ်သီးပင်ဖြစ်သည်။ ကပ်လျက်ဆိုင်မှာ မင်းဂွတ်သီး အလုံးလှလှကြီးတွေ တစ်ကီလို ၄ကျပ်တဲ့။ မရွှေစုက တစ်ကီလို မှန်းပြီး ရွေးကာပေးလိုက်သည်။ ချိန်လိုက်တော့ နည်းနည်းလေး သာနေတာကို ဆိုင်ရှင်တရုတ်မလေးက ၄လုံးလောက် ထပ်ပစ်ထည့်ပေးပြီး ၅ကျပ်ဖိုး ယူနော်ဟု ပြောလေသည်။

လှည့်ပြန်လာပြီးမှ လမ်းမှာ ထပ်တွေ့ရသည်က တစ်ကီလို ၂ကျပ်တဲ့။ သူကတော့ နည်းနည်း အလုံးသေးသည်။ မရွှေစုက တစ်ကီလိုစာ ထပ်ဝယ်ပြန်သည်။ နည်းနည်းလေးသာနေတာကို သူကလည်း ခုနကဆိုင်လို ၃လုံးလောက်ထပ်ထည့်ပေးပြီး ၃ကျပ်ဖိုး ယူပါနော်ဟု ပြောပြန်သည်။ ဒါနဲ့ မင်းဂွတ်သီး ၇ကျပ်ဖိုး ၀ယ်ဖြစ်တော့သည်။

တနင်္ဂနွေနေ့ IMM မှာ ဈေးသွားဝယ်တော့ သစ်သီးတန်းမှာ မင်းဂွတ်သီးတွေ တောင်လိုမောက်နေသည်။ တစ်ကီလို ၁ကျပ်ပြား၉၀တဲ့။ မရွှေစုက တစ်ကီလိုသာသာလောက်ဝယ်ပြန်သည်။ ကိုရေချမ်းက မင်းဂွတ်သီးမကြိုက်။ ဘာဖြစ်လို့ အဲသလောက် ၀ယ်နေတာလဲ ဟုမေးသည်။



မရွှေစုက ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ ၀ယ်လာသည့် ဒူးရင်းသီးများ ကိုရေချမ်း စားလျင်ရောဂါရမှာစိုးလို့ တော်တော်များများကို မရွှေစုချည်းပဲ စားပစ်လိုက်တာဖြစ်သည်။ ပြောသာပြောရ၊ ဂေလမ်းဒူးရင်းသီးကလည်း စားဖူးသမျှထဲမှာ တော်တော်လေးကို အရသာရှိပါသည်။ အရသာရှိသလောက် အစွမ်းကလည်းပြသည်။ စားပြီး လူက တကိုယ်လုံးပူနေသည်။ ခေါင်းတွေ မူးချင်ချင်ဖြစ်နေသည်။ ၃ရက်ဆက်တိုက်စားပြီး ညတွေမှာဆို ပူလွန်းလို့ ရေချိုးပြီးသား ရေထပ်သွားချိုးရသည်။ ရေတွေ ခဏခဏ သောက်လွန်း၍ ဗိုက်ကြီးလည်း ကယ်နေပေပြီ။ သူငယ်ချင်း ဆရာဝန်မက ကိုရေချမ်း ဒူးရင်းသီးစားဖို့ မသင့်တာ ဘာလို့ စားစေရတာလဲဟု ဖုန်းဆက်ပြောနေသေးသည်။ အော်... တခါတခါလည်း သူတပါး အာသီသရှိတာလေး သူကြိုက်တာလေးကို ရာသီစာမို့ မစားနဲ့ ပြောရမှာ ဟန့်ရတာလည်း မကောင်း။ မပူပါနဲ့ကွယ်... မရွှေစုပါးစပ်ထဲပဲ အများကြီးရောက်တာပါဟု ပြောလိုက်ရသေး၏။

****************************************

ဒီနေ့မနက်စောစော အိပ်မှုန်စုံမွှားဖြင့် ဘုရားအာရုံပြု မျက်နှာသစ်နေရင်းမှ မရွှေစုတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိကာ တစုံတရာကို အလန့်တကြား ရေရွတ်မိလိုက်ပေသည်။

အမေ့... မျက်နှာမှာ အဖုတွေတော့................။ ။
စုချစ်
၂၇-၀၇-၂၀၁၀


****************************************

Monday, July 26, 2010

တနေ့တာ


ဒီကနေ့ ၀ါဆိုလပြည့်နေ...။

မနက်စောစောစီးစီးမှာပဲ မိုးတွေကရွာနေလိုက်တာ သဲကြီးမဲကြီး။ ရုံးသွားရမှာမို့ ဥပုသ် ဘယ်စောင့်နိုင်မလဲ။ ငယ်ငယ်တုန်းကတော့ တနှစ်မှာ ဥပုသ်မစောင့်မနေရ ရက်တွေရှိတယ်။ အဲဒီရက်တွေက ၀ါဆိုလပြည့်နေ့ရယ်၊ သီတင်းကျွတ်လပြည့်နေ့ရယ်နဲ့ နှစ်ဆန်း၁ရက်နေ့တွေပဲ။ ခုတော့ လပြည့်ရက်တွေက ပိတ်ရက်တွေနဲ့ တိုက်မှပဲ ဥပုသ်စောင့်ဖြစ်တော့တယ်။ ဥပုသ်မစောင့်ဖြစ်ပေမဲ့ ကိုယ့်စိတ်ထဲ ကုသိုလ်ကောင်းမှုလို့ ထင်တာ ရတန်သလောက် တတ်နိုင်သလောက် ကိုယ့်အထွာလေးနဲ့ကိုယ် ကိုယ့်အတိုင်းအတာလေးနဲ့ ကြိုးစားပြီး လုပ်ယူတာပဲ။ ဒါပေမဲ့ တအားလည်း လုပ်ဖြစ်တယ်မဟုတ်ပြန်ဘူး။ ကျူးပစ်ကမောင်လေးကိုဇေကြီးလို စနေတိုင်းလည်း ဥပုသ်မစောင့်ဖြစ်ဘူး။ ရုံးမသွားခင် ၁နာရီ ဘုရားရှေ့ တရားထိုင်တယ်ဆိုတာ အားကျသာတာ ရှိတာ။ ကိုယ့်ဘာသာကျတော့ မလုပ်ဖြစ်ဘူး။ တရားစခန်းဆိုတာလည်း မ၀င်ဖြစ်တာ ကြာလှပါပြီ။

မနက် မျက်စိနှစ်လုံးပွင့်လို့ အိပ်ရာကမထခင် ပထမဆုံးသတိတရနဲ့ လုပ်တဲ့အလုပ်က သရဏဂုံ၃ပါးရွတ်လိုက်တာပါပဲ။ မျက်နှာသစ်၊ သွားတိုက်ရင်းနဲ့လည်း တခြား ဘာမှ မတွေးမိအောင် ဒါပဲရွတ်နေတာပဲ။ အဲသာကို အကျင့်လုပ်ထားပါတယ်။ အကျင့်လုပ်ထားတဲ့အတွက် အလိုလို ကို ရွတ်နေပြီးသား ဖြစ်နေပါတော့တယ်။ တခါတလေ လူ့စိတ်ဆိုတာ အစိုးရတာ ကောင်းတာ မဟုတ်ဘူး...။ မနက်စောစောစီးစီး မင်္ဂလာရှိရှိနေရမဲ့ အချိန်မှာ စိတ်တိုစရာတွေ စိတ်ပူပင်စရာတွေ ရုတ်တရက်တွေးရင် တွေးနေမိတတ်တာ။ ဆိုတော့ ဘာမှ မတွေးမိအောင် ဘုရား ဂုဏ်တော် ဒါမှမဟုတ် သရဏဂုံတည်နေတာ အကောင်းဆုံးလို့ မရွှေစု ယူဆတာပဲ။

ထုံးစံကတော့ ရုံးသွားမဲ့ မနက်တိုင်း ကိုရေချမ်းက အိပ်ရာလာနှိုးလေ့ရှိတယ်။ သူမနှိုးခင်ကတဲကတော့ နိုးနေတာပေါ့။ သူကတော့ မနက်သမား။ ညဖက် ဘယ်လောက် မိုးချုပ်အိပ်အိပ် မနက်ကို အစောကြီးထ။ ရေမိုးချိုး၊ ဘုရားပန်းလဲ သောက်တော်ရေကပ် ဆွမ်းတော်ကပ် ဘုရားရှိခိုး။ ပြီးရင် မနက်စာ စားရင်း ကော်ဖီကို ဇိမ်လေးနဲ့သောက် အေးအေးဆေးဆေး သတင်းထိုင်ကြည့်တတ်တာ။ မရွှေစု ရုံးထဲ့ဖို့ နေ့လည်စာ မနက်စာကိုလည်း သူပဲပြင်ပေး ထည့်ပေးတယ်။ ကိုယ်ကတော့ ညကတဲက အဆင်သင့် အားလုံး လုပ်ပေးထားတာပေါ့လေ။ သူက နွှေးပြီး ထည့်ပေးတာပေါ့။

မရွှေစုက အိပ်ရာစောစောမထနိုင်တော့ ရုံးသွားမဲ့ မနက်ဆို ဘုရားထိုင်ရှိခိုးဖို့ အချိန်မရဘူး။ လက်အုပ်ပဲ ချီရတော့တယ်။ ကားပေါ်ရောက်ရင်တော့ တမနက်စာ ဘုရားစာရွတ်ပေါ့။ သံဗုဒ္ဓေ ၉ခေါက်၊ မေတ္တာသုတ် ၉ခေါက် နဲ့ ဓါရဏ ပရိတ်ရွတ်၊ ပြီးတော့ သတ္တ၀ါတွေအားလုံး မေတ္တာပို့ အမျှဝေ။ အချိန်ရသေးရင်တော့ တရားမှတ်ပေါ့။ မနက်ပိုင်း ရုံးသွားရင်း ကားပေါ်မှာ ကိုရေချမ်းနဲ့ စကားတခွန်းမှ ပြောလေ့မရှိဘူး။ ရုံးရှေ့ရောက်တော့မှပဲ သူ့ကို သွားပြီနော်လို့ တခွန်းနှုတ်ဆက်၊ ကားဖြည်းဖြည်းမောင်းလို့ တခွန်းပြော။ ဒါပဲ။

သူလိုက်ပို့တဲ့ နေ့ဆို ရုံးကို မနက် ၇နာရီခွဲဆို ရောက်ပြီကိုး။ မနက်၈နာရီမှာ ရုံးချိန်စပေမဲ့ ရုံးဝန်ထမ်းတော်တော်များများက ၈ခွဲလောက်မှ ရောက်ကြတာများတယ်။ မရွှေစုက ရုံးထဲဝင်တာနဲ့ ရုံးသမားတွေကို မေတ္တာစပို့တာပဲ။ မင်္ဂလာရှိသောနံနက်ခင်းမှာ မင်္ဂလာရှိသော စကားများပြောရပြီး ကောင်းသောမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေ ဘာညာ စသဖြင့် စိတ်ထဲ တတ်သမျှ မှတ်သမျှလည်း ရွတ်လိုက်သေးသကိုး။ ပြီးတော့ ကိုယ့်စားပွဲရောက်တာနဲ့ နံရံမှာ ချိတ်ထားတဲ့ ဘုရားပုံတော်ကိုဝတ်ပြုပြီး တရားမှတ်တာပဲ။ အခန်းထဲကသူတွေက ၈ခွဲလောက်မှရောက်တော့ အနည်းဆုံး ၄၅မိနစ်လောက် တရားမှတ်ချိန်ရပါတယ်။ တခါတလေလည်း ကောင်းကောင်းမှတ်လို့ ရတယ်။ တခါတလေလည်း စိတ်တွေ ပျံ့လွင့်နဲ့ပေါ့။ အိပ်ရေးပျက်တဲ့ နေ့တွေဆို နည်းနည်းလဲ အိပ်ငိုက်ပေါ့။ ဒါပေမဲ့ တအားအိပ်ရေးပျက်လို့ ခေါင်းကိုက်နေရင် တရား မမှတ်မဖြစ် မှတ်ကိုမှတ်ရပါတယ်။ မနက်စောစောစီးစီး တရားမှတ်လေးနဲ့နေလိုက်ရင် စိတ်လည်း ကြည်လင်တယ်။ တနေ့လုံး နေလို့ ထိုင်လို့လည်း ကောင်းသွားပါတယ်။

ရုံးမှာ အလုပ်သိပ်မများဖူး ဆိုရင်တော့ တရားလေးဘာလေး ဆက်နာပေါ့။ များသောအားဖြင့် ဆရာတော် ဦးဇောတိကရဲ့ တရားထိုင်နည်းနဲ့ ဟိုးတုန်းကဦးဉာဏ်ဏိဿရ တရားခွေတွေပဲ ရုံးက ကွန်ပြူတာမှာ ရှိလို့ အဲဒီအခွေတွေပဲ လှည့်ပတ် နာလေ့ရှိတယ်။ မနက်ပိုင်း ၄၅မိနစ်စာ တရားနာပြီးသွားရင်တော့ သီချင်းလေးဘာလေး ဆက်နားထောင်ချင်ရင်ထောင်၊ ဒါမှမဟုတ် သတင်းနားထောင်ပေါ့။ အလုပ်များနေရင်တော့ တရားမနာနိုင်တော့ပါဘူး။ နားမှာ တရားဖွင့်ထားတဲ့ နားကြပ်ကြီးတတ်ထားပြီး စိတ်က ဘာမှ အာရုံမစူးစိုက်နိုင်ရင် အလကားပဲကိုး။

ဒီလိုနဲ့ အလုပ်လုပ်လိုက် ဘလော့တွေ ဖိုရမ်တွေဖတ်လိုက် သတင်းလေး ဖတ်လိုက် သူငယ်ချင်းတွေနဲ့ ပြောင်လိုက် နောင်လိုက်နဲ့ ရုံးမှာ တနေကုန်တာပါပဲ။ နေ့လည်စာ ထမင်းဘူးပါလို့ ထမင်းလဲ ထွက်မစားဖြစ်ဘူး။ တခါတခါ ထိုင်ရာတာ ညောင်းလာရင် ခြေလှမ်း ၃၀၀လောက်လှမ်းမှ ရောက်တဲ့ ကောရစ်ဒေါကနေ အဝေးက ကွန်ဒိုတွေ ဘန်ကလို အိမ်တွေ မြက်ခင်းစိမ်းစိမ်းတွေ မျက်လုံးအညောင်းပြေကြည့်ရင်း နေပူစာ လှုံရတယ်။

ညနေ ၅နာရီခွဲရင်တော့ ပုံမှန်ပြန်တာပဲ။ ရုံးကနေ ၁ကျပ်ခွဲပေးစီးရင် မားစလင်းထိရောက်တဲ့ အလုပ်သမားတွေစီးတဲ့ မလေးရှားကို သွားတဲ့ ဘတ်စ်ကားပြာကြီး ရှိတယ်။ အဲဒီကားကြီးကို နာရီဝက် သာသာလောက်စီးရင် မားစလင်းရောက်ရော။ ရုံးအပြန်ကားပေါ်မှာတော့ ဘုရားစာမရွတ်ဖြစ်ဘူး။ တခြားဌာနက သူငယ်ချင်းတွေနဲ့ ရုံးသတင်းပလင်း ဖလှယ်ရတယ်။ မားစလင်းကနေ အိမ်ထိ တခါ ရထားစီးတဲ့ အချိန်ကျတော့ စာအုပ်ဖတ်တော့တာပဲ။ တရားစာအုပ်ဖတ်တာ နည်းပါတယ်။ ကိုဇေကြီးတို့ ဘာသာရေးသရက်မှာ တင်ပေးထားတဲ့ စာအုပ်တွေတိုင်း အလျင်မှီအောင်တော့ လိုက်ကူးသား။ တအုပ်မှတော့ မဖတ်ဖြစ်ဖူး။ တလောက သူငယ်ချင်းအိမ် အလှူသွားတော့ ရှားရှားပါးပါး ဟိုးရှေးစာအုပ်ဟောင်းတွေ တွေ့တယ်။ သူငယ်ချင်းက တရားစာအုပ်ကလွဲလို့ ဘာမှ မဖတ်တော့တာမို့ နင်လိုချင် အဲဒီစာအုပ်တွေ ကြိုက်တာယူသွားလိုက်တဲ့။ မရွှေစု ခမျှာ အားရ၀မ်းသာနဲ့ တကယ်လားဆိုပြီး ယူလာလိုက်တာပေါ့။

ပြီးတော့ အဲဒီသူငယ်ချင်းကို ကျူးပစ်မှာ ကိုဇေကြီးတို့ တင်ပေးထားတဲ့ တရားစာအုပ်တွေ ကူးထားတာ အားလုံးပို့ပေးမယ်လို့ ပြောလိုက်တယ်။ ကိုယ်မဖတ်ဖြစ်ပေမဲ့ တကယ်ဖတ်ဖြစ်မဲ့သူဆီပို့ပေးပြီး ရသမျှ ကုသုလ်ကြံဖန်ယူချင်သေးတာကိုး။ တကယ်လို့များ နောက်ဘ၀တခုခုမှာ နင်ကောင်းရာရောက်နေလို့ ငါ့ကိုသတိတရ ရှာကြည့်လို့ မဟုတ်တဲ့နေရာရောက်နေရင် ကူညီဖို့ မေ့နဲ့နော်လို့ တဆက်ထဲ မှာထားရသေးတယ်။ သူကလည်း အေးပါဟယ်တဲ့ ဂတိပေးရှာတယ်။

ဒါနဲ့ ကား၊ ရထား၊ ကားစတာတွေနဲ့ အိမ်ပြန်ရောက်တော့ ည၇နာရီကျော်နေပြီ။ ရေမိုးချိုးပြီး ညီမတော်ချက်ထားတဲ့ ညစာကို နည်းနည်းပါးပါး နှမ်းဝင်ဖြူးပေးပြီးတဲ့နောက်တော့ ၈နာရီပေါ့။ ခုတလော ကိုရေချမ်းက ပြန်တာ မိုးချုပ်လို့ သူ့ကို ထမင်းစား မစောင့်ဖြစ်တော့ဘူး။ သူက ည၁၀နာရီလောက်မှ ပြန်ရောက်တာကိုး။ သူပုံမှန်ပြန်လာချိန်ကတော့ ၈နာရီလောက်။ အဲသာဆို သူရေမိုးချိုးပြီး ၈ခွဲမှာ ညစာအတူစားကြ။

ည ၁၀နာရီဆို မျက်နှာသစ် ခြေလက်ဆေးကြောသန့်စင်ပြီး တအိမ်လုံး မီးပိတ်၊ နာရီဝက်တရားထိုင်ကြတယ်။တနေ့လုံး အလုပ်လုပ်ခဲ့ကြတဲ့ စိတ်က ပျံ့တော့ ပျံ့လွင့်တာပဲ။ ဒါပေသိ ကြိုးစားပြီးတော့ တော့ ထိုင်ကြရတာပဲပေါ့။ ဆရာတော်ဘုရားတွေ ဟောကြားသလို တရားအားထုတ်တယ်ဆိုတာ စိတ်ကို ကျူးလုပ်တာပဲကိုး။ တနေ့လုံး အလုပ်ထဲမှာ အနည်းနဲ့ အများဆိုသလို လောဘ ဒေါသ မောဟတွေနဲ့ ညစ်ပေ နပန်းလုံးခဲ့တယ်ဆိုရင် ညမှာ တရားထိုင်လိုက်ရင် နောင်အခါအတွက် အနည်းငယ်တော့ ဆင်ခြင်တုန်တရား ရသွားတာပဲကိုး။ ကိုယ်ဘာမှားသွားသလဲဆိုတာ ဒီအချိန်မှာ ရှင်းရှင်းကြီးပေါ်လာပြီကိုး။ စိတ်ဆိုတဲ့အရာကလဲ တော်တော်ဆန်းကြယ်တဲ့အရာ။ စိတ်ကိုပြန်ကြည့်တဲ့ အခါ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူကိုယ်ကို တနေ့ အနည်းဆုံး တခါ သန့်စင်အောင် ရေချိုးပေးသလို စိတ်ကို သန့်စင်အောင် ရေချိုးပေးဖို့၊ ကိုယ့်စိတ်ထဲဖြစ်နေတာကို အလွတ်မရှိ စဉ်ဆက်မပြတ်သိအောင်ကျင့်ဖို့ကလည်း အများကြီး အရေးကြီးတာကိုးနော်။ တရားတခါမှ မထိုင်ဖူးတဲ့ သူငယ်ချင်းတွေက အမယ်.. နင်က ဒီလောက်တရားထိုင်နေတာ တရားခုထိ မပေါက်သေးဘူးလားလို့ နောက်ပြောင်ကြတော့... တရားထိုင်ကြည့်တော့မှပဲ မရွှေစုဆိုတဲ့ အပုတ်ကောင်ကြီး တော်တော်တရားမရသေးတယ်ဆိုတာ သိရတော့တယ်လို့ပဲ ပြန်ပြောမိပါတယ်။ အဟုတ်ပါပဲ။

တရားထိုင်ပြီးရင် မရွှေစုက ဘုရားစာဆက်ရွတ်၊ ဓမ္မစကြာ၊ မေတ္တာသုတ်၊ ဗောဇဉ်သုတ်၊ မင်္ဂလသုတ် စသဖြင့်၊ ပရိတ်ကြီး ၁၁သုတ်လုံးတော့ မရွတ်ဖြစ်ဘူး။ ပြီးတော့ ဂုဏ်တော် ၉ပါးပုတီးဆက်စိတ်တယ်။ မေတ္တာပို့ အမျှဝေ။ သာဆိုရင် မရွှေစုတို့ရဲ့မိသားစုရဲ့ တနေ့တာ ပြီးသွားပြီပဲ။ ကိုရေချမ်းက တရားထိုင်ပြီးတာနဲ့ အိပ်ရာဝင်ပါတယ်။ မရွှေစုကတော့ ဘုရားဆက်ရှိခိုးပြီးတာနဲ့ မအိပ်သေးပဲ ဟိုလိုလို ဒီလိုလိုနဲ့ ကွန်ပြူတာပြန်ကိုင်ပါတယ်။ တခါတလေ ပန်းချီဆွဲပါတယ်။ တခါတလေ စာရေးပါတယ်။ တခါလေ သူငယ်ချင်းတွေနဲ့ စကားပြောပါတယ်။ ည ၁၂နာရီ ၁ချက်လောက်မှ ပုံမှန်အိပ်ဖြစ်ပါတယ်။ ဒီလိုနဲ့ မရွှေစု တနေ့တာဟာ အကောင်းကြီးမဟုတ်ပေမဲ့ အဆိုးကြီးမဟုတ်တဲ့ နိစ္စဒူဝတွေနဲ့ လည်ပတ်နေရပါတယ်။

ဒီနေ့တော့ ၀ါဆိုလပြည့်ဖြစ်နေတော့ ဒီနေ့ည ဓမ္မစကြာစုရွတ်ဖြစ်မယ်ထင်ပါတယ်။ တရားထိုင်တာကတော့ ကိုရေချမ်းကိုလည်း စည်းရုံးကြည့်ပြီး ၁နာရီ ကြိုးစား ထိုင်ဖြစ်လိမ့်မယ် ထင်ပါကြောင်း။

စုချစ်

*************************

Monday, July 19, 2010

အလေးပြု


၁၉ ဇူလိုင် ၂၀၁၀
၁၀ နာရီ ၃၇ မိနစ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော
အာဇာနည် ခေါင်းဆောင်ကြီးများအား
အလေးပြု

Wednesday, July 14, 2010

ကိုရေချမ်း နဲ့ မရွှေစု


အမသက်ဝေနဲ့ အမချစ်ကြည်တို့က အသွင်တူမတူ ရေးခိုင်းတော့ ရေးစရာတွေများလွန်းလို့ ဘယ်ကနေ စရေးရမယ်မှန်းတောင်မသိ။ ရေးစရာတွေ များတယ်ဆိုတာ အသွင်တွေတူလွန်းလို့တော့ မဟုတ်၊ အသွင် လုံးဝ မတူသောကြောင့်ဆိုတာကို ရိပ်မိမှာပေါ့နော်...။

သူ့ကို ငယ်ငယ်တုန်းက အမျိုးတွေခေါ်ကြတာ ကိုရေချမ်းတဲ့။ အေးချမ်းလွန်းတယ်ဆိုတာပဲ။ မရွှေစုငယ်နာမည်လား... မရွှေစုပဲထားလိုက်ပါတော့နော်...။ မိစွာတေးတို့၊ မစပ်စုတို့၊ မရှပ်တေးတို့၊ ပဲခူးဆားတို့ ဘာတို့ ညာတို့ဆိုတဲ့ ငယ်နာမည်တွေ လုံးဝမရှိခဲ့ပါဘူး။ အဟုတ် တကယ်ကြီးပြောတာပါ။

*********

အခုတလော မရွှေစုတစ်ယောက် သီချင်းဆိုချင်တဲ့ ဓါတ်ကျနေတယ်။ အဲသာကြောင့် တနေ့တနေ့ သီချင်းတွေချည်း လှိမ့်ဆိုနေတာပါပဲ။ တချို့တော့ ဗွီဒီယိုလေး လုပ်ဖြစ်ရင် ယူကျုပေါ်တင်လိုက်တာပေါ့နော်။ အဲသာ... တနေ့က ဖြူသီရဲ့ ပိုလာဘာလီ သီချင်းလေးဆိုနေတာ အသံသွင်းနေတာကို သူကြားတော့ ဘာပြောတယ်မှတ်လဲ...။ ဟာ... အဲဒီသီချင်းကြီး မဆိုစမ်းပါနဲ့ကွာ... သီချင်းထဲ အနမ်းလေးတွေ ချွေလေတိုင်း... ဘာညာနဲ့ ရှက်စရာကြီး... တဲ့။ အလကားနေရင်း ရှက်တတ်တာများတော့ ဖေ့ဘုတ်ထဲ ကျနော့်ပုံတွေ မတင်နဲ့နော်။ ဘလော့ထဲ ဖိုရမ်ထဲ ကျနော့်အကြောင်းတွေ လျှောက်မရေးနဲ့နော်။ ရှက်စရာကြီးတဲ့။ ခုတော့အမတို့ ရေးခိုင်းလို့ရေးရတာနော်... ဒါပဲ။

ရှက်တတ်တာပြီးတော့ ကြောက်တတ်တာကရှိသေး။ မရွှေစုက ဆရာငြိမ်းရေးတဲ့.... မပြီးသေးသော ပန်းချီကား သီချင်းလေးဆိုတော့ အဲဒီသီချင်းသံကြားရင် ကြောက်ပြန်သတဲ့။ လှော်ခတ်သူလဲတစ်ယောက်မပါ သူ့အလိုလိုသာပင်... လှေကြီးတစင်းကမ်းသို့ ဆိုက်ခါဝင်... ဆိုတဲ့နေရာရောက်ရင် လန့်လာသယ်ဆိုပဲ။ အဲသာနဲ့... မရွှေစုတစ်ယောက် ကိုရေချမ်းအိမ်မှာမရှိတဲ့အချိန် ကိုယ်ဆိုချင်တဲ့ သီချင်းလေးတွေ ခိုးဆိုရတဲ့ အဖြစ် ရောက်ကရော။

ဒါပေမဲ့ ဟိုတနေ့က ဆရာရွှေတိုင်ညွန့်ရဲ့ မေတ္တာအရင်းခံ သီချင်းဆိုတာ တနေရာမှာ ကီးမမှန်လို့ ဘယ်လို ဆိုရမယ်မှန်းမသိတော့ သူ့ကို သင်ခိုင်းတော့လဲ စိတ်ရှည်လက်ရှည်သင်ပေးဖေါ်ရသား။ သူက ကျောင်းတုန်းက ဒရမ်မာကိုး။

*********

စင်ကာပူမှာ ကားကိုလက်နဲ့ ကပ်ပြီး အကြာဆုံးနေနိုင်တဲ့သူက ကားရတဲ့ ပြိုင်ပွဲရှိတာ သိတယ်မလားဟင်။ တခါက အောချက်ကိုသွားရင်း ကြုံလို့ ပြိုင်တဲ့သူတွေကို ၀င်ကြည့်ကြပါရော။ ကိုရေချမ်းကတော့ အဲဒီအချိန် host လာလုပ်နေတဲ့ သူ့အကြိုက် ဒီဂျေ ဗနီတာလိုပတ်စ်ကို ၀င်ငမ်းတာ။ မရွှေစု အဖေနဲ့ အမေလည်း အဲဒီအချိန်က စင်ကာပူရောက်နေကြတာ။ အဲဒီမှာ ကားကို လက်ကပ်တဲ့ ပြိုင်ပွဲ အသေးလေးတွေလဲ လုပ်နေကြတာရယ်။ ၁နာရီကပ်နိုင်ရင် ဘာဆုရမယ်။ ၂နာရီကပ်နိုင်ရင် ဘာဆုပေးမယ်ပေါ့လေ။ မရွှေစုတို့ သားအမိ၊ သားအဖ ၃ယောက်လည်း ကြုံတုန်း အပျော် လက်ဝင်ကပ်ကြတာပေါ့။ ၁နာရီကပ်နိုင်ရင် ပိုလိုရှပ် တထည်၊ ထီးတချောင်းနဲ့ တိုလီမိုလီတွေ ရမယ်ဆိုထားတာကိုး။ ကိုရေချမ်းရေ... ရှင်ကော ၀င်ကပ်မလား မေးမလို့ကြံတုန်း... ရှက်တယ်ဆိုပြီး ဝေးဝေးကို ပြေးသွားပါရောလား။ ကိုရေချမ်းနှယ်... သူများတို့ကို ဓါတ်ပုံလေးတော့ ရိုက်ပေးလှည့်ပါအုံးပြောတော့မှ ခပ်လှမ်းလှမ်းကနေ သူနဲ့မသိသလို ရိုက်ပေးတယ်။ အနားတော့ မလာဘူး။ ရှက်တယ်တဲ့။ ဖြစ်ရလေ။ မရွှေစုကတော့ ပြောင်စပ်စပ်ပါပဲ... မရှက်ပေါင်။

အဲဒီကားကို လက်နဲ့၁နာရီ မရွေ့မလျားကပ်နိုင်လို့ ရလာတဲ့ဆူပါရု(ပ်)တံဆိပ်နဲ့ပိုလိုရှပ်ကလေးကို ကိုရေချမ်းဝတ်လို့ရအောင် large size ရွေးယူထားတာ။ ပြီးကျတော့လဲ သူက တမြတ်တနိုးဝတ်နေသား။

*********

တလောကတော့ ရှော့အန်စေ့မှာ ဈေးဝယ်ကြတယ်။ ပိုက်ဆံပေးတဲ့ နေရာမယ် တန်းစီနေကြတဲ့သူတွေ များတော့ ကိုရေချမ်းကို သူများ အရင် တန်းသွားစီနှင့်မယ်နော်...။ ကားထဲ့ထည့်ဖို့အတွက် ရေမွှေးဝယ်ပြီးရင် နောက်ကလိုက်ခဲ့လို့ ပြောပြီး သူ့ကို ဈေးဝယ်လှည်းကြီင်္းနဲ့ ထားခဲ့ပြီး အရင်တန်းစီနှင့်တာပေါ့။ ဟာ... ပြီးလဲ ပြီးရော... ကိုရေချမ်းတစ်ယောက် ပေါ်မလာ ပေါ်မလာနဲ့... ကြာလိုက်တာဆိုပြီး ဟိုဟိုဒီဒီ ကြည့်မိတော့ ကိုယ်စီတဲ့ နေရာနဲ့ ၃လိုင်းခြားကတန်း... ဟိုး...နောက်မှာ လှည်းကြီးရပ်လို့ စီနေတာ။ အော်... ဒီကတော့ ကိုယ့်ကို မမြင်လို့ ရှာမတွေ့လို့ မလာတာပဲ ထင်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကိုယ့်မှာ ဟန်ုးဖုန်းလဲ ပါမလာတော့ သူ့ကို ဖုန်းဆက်ခေါ်လို့လဲမရ။ ဒီတော့ သူကိုယ့်ကို မြင်အောင်ဆိုပြီး ဒီဘက်လိုင်းကနေ (အရပ်ကလဲ ပုဆိုတော့) ခုန်ဆွ ခုန်ဆွ လုပ်ရင်း လက်ယပ်ခေါ်တာပေါ့လေ။ ၄-၅ခါ ခုန်ဆွလိုက်ပြီးတော့မှ ကိုရေချမ်းက တချက်ကြည့်ပြီး ပြန်လက်ကာပြတယ်။ ခေါင်းမသိမသာ ယမ်းပြတယ်။ မလာဘူးဆိုတဲ့ သဘော။ ကိုယ့်မှာ စိတ်တွေတိုပြီး ကိုယ်စီထားတဲ့ နေရာလေး နှမျောတောတောနဲ့ လက်လွှတ်ပြီး သူ့နားသွားရတော့တာပေါ့။ ဘာကိစ္စမလာချင်ရတာလဲ... ဒီမှာ တန်းကအရှည်ကြီး စီရအုံးမယ်... ဘာညာနဲ့ စိတ်တိုနေတဲ့ မရွှေစုကို သူကအေးဆေးပဲ ပြောပါတယ်။ လှည်းကြီးနဲ့ ပစ္စည်းတွေ အများကြီးနဲ့ လူတွေကြားထဲက အတင်းတိုးပြီးလာရမှာ အားနာစရာကြီးတဲ့။ ကိုယ်ကအရမ်းအရင်လိုနေတာမှ မဟုတ်တာ အချိန်ရနေသေးတာပဲ... တဲ့။ ကိုရေချမ်းသည် အဲသလို လူ။

အို... ဘယ်ရမလဲ... အခုများတော့ ရှော့ပင်းစင်တာ ဈေးဝယ်ရင် မရွှေစုက သူ့ကို အရင် တန်းစီခိုင်းလိုက်တာပေါ့။ မရွှေစုကတော့ အိတ်စကျုမီနဲ့ ပလိစ် လှိုင်လှိုင်သုံးပြီး လူတွေကြားထဲ ရအောင်တိုးလိုက်တာပါပဲ။ မရွှေစုခမျာ အဲသလို ဂျန်တယ်မန်းနဲ့ အဆင်ပြေအောင် ပေါင်းနေရတဲ့သူပါ။

*********

မနှစ်က အိမ်ပြန်ကြတယ်။ မရွှေစုတို့ ရန်ကုန်ကအိမ်ရှေ့လမ်းထောင့်မယ် ဆိုက်ကားဂိတ်ကလေးရှိတယ်။ ကိုရေချမ်းတစ်ယောက် တီရှပ်အဖြူ၊ ဘောင်းဘီကွာတားအဖြူရောင်နဲ့ ကင်မရာကြီးတလွယ်လွယ် အိမ်ရှေ့ထွက်ပြီး ဆိုက်ကားတွေ ဓါတ်ပုံရိုက်လိုက်၊ ဟိုဟာမြင်ဓါတ်ပုံရိုက်လိုက်၊ ဒီဟာမြင် ဓါတ်ပုံရိုက်လိုက်နဲ့။ ဆိုက်ကားသမားတွေ၊ လမ်းထောင့်က ဈေးသည်တွေက သူ့ကိုကြည့်ရင် သူကပြုံးပြုံး... ပြုံးပြုံးနဲ့ တပြုံပြုံးပြန်လုပ်ပြသေးတာ။ တမနက် မရွှေစုရဲ့အမက ဈေးသွားဖို့ ဆိုက်ကားစီးတော့ ဆိုက်ကားသမားတွေက ၀ိုင်းမေးကြသတဲ့။ အမကြီး ... ညီမရဲ့ ယောက်ျားက နိုင်ငံခြားသားလားတဲ့။

မရွှေစုကတော့ သွားဆေးခန်းကို ခရီးသွားစရာရှိလို့ မြန်မြန်လေး လုပ်ပေးပါဆရာရယ်လို့ ပြောမိလိုက်တာ... သမီးက နယ်က ကျောင်းဆရာမလေးလားတဲ့။ အဲသလို ကိုရေချမ်းနဲ့ မရွှေစုတို့ဟာ မြို့ကြီးသား စတိုင်ကျကျနဲ့ တောသူမ စုံတွဲရယ်ပါ။

*********

မရွှေစုရေ... ကျနော်... ဒီနားခဏသွားလိုက်အုံးမယ်။ ပြီးမှ ပြန်လာမယ်။ ခင်ဗျားစားချင်တာလေး ၀ယ်စားထားနှင့်လိုက်နော်...။ သိပ်မကြာပါဘူး... ခဏပါ။ အင်း... အင်း... ရတယ်... သွား.. သွား။ အဲသလို မရွှေစုနဲ့ကိုရေချမ်းတို့ စကားပြောနေကြတာကို ဘေးနားရောက်လာတဲ့ ကိုရေချမ်းကိုမသိတဲ့ သူငယ်ချင်းက အဲသာဘယ်သူလဲ... နင့်အမျိုးသားရော ခေါ်လာမယ်ဆိုတာ ပါမလာဘူးလားတဲ့။ အို... အဲသာ... ကိုရေချမ်းလေဆိုတော့... ဟင်... နင့်ယောက်ျားကလဲ နင့်ကို စကားပြောတာ ကျနော် ... ခင်ဗျားတဲ့...။ အော်... သူက အလွန် အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ မန်းသားမို့ပါဟယ်... ခွင့်လွှတ်ထားပါတယ်လို့..။

ထစ်ကနဲရှိ စိတ်တိုတတ်တဲ့ မရွှေစုတို့ စိတ်ရှည်တတ်လာရင်၊ ဘုရားတရား ဘာမှမလုပ်တဲ့ ကိုရေချမ်းတို့ ဘုန်းကြီးကျောင်းဝေယျာဝစ္ဆတွေ လုပ်လာရင်၊ တခါမှ တရားမထိုင်ဖူးတဲ့သူ တနေ့နာရီဝက် အနည်းဆုံး တရားထိုင်တတ်လာတယ် ဆိုလို့ ရှိရင် အဲသာတွေဟာ ရည်းစားသက် ၅နှစ်၊ အိမ်ထောင်သက် ၉နှစ် ဆိုတဲ့ ဘလန်ဒါနဲ့ ရောမွှေကြိတ်ခြင်းခံလိုက်ရတဲ့ ရလဒ်တွေပါပဲ။

*********

အမသက်ဝေနဲ့ အမချစ်ကြည်တို့ရေ... ရေးရရင်တော့ တထောင့်တည ပုံပြင်တွေထက် ရှည်သွားမှာ စိုးလို့ ဒီမှာပဲ ရပ်လိုက်တော့မယ်နော်... ။ အသွင်မတူတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။ သို့သော်လည်းပဲ ဟိုးအပေါ်က ကာတွန်းလေးလိုပေါ့... အသွင်လုံးဝမတူကြပေမဲ့ တစ်ယောက်ရှိမှ တစ်ယောက်အတွက် complete ဖြစ်တယ်လို့ ထင်နေကြပါတယ်။

ချစ်ခင်စွာ...
ကိုရေချမ်း + မရွှေစု

Thursday, July 1, 2010

ဆုံးဖြတ်ချက်



ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။

*****************************

၂၀၁၀ခုနှစ်ရဲ့ နှစ်တ၀က်ကို ကုန်လွန်ခဲ့ပေပြီ။ မရွှေစုတစ်ယောက် ၂၀၁၀နှစ်စကတဲက အခုနှစ်လည်ထိ များလိုက်သည့် အလုပ်ဆိုတာ အဖြစ်က မနှစ်ကနဲ့ပင် မတူလို့ ညည်းရတော့မလောက်ပင်ဖြစ်သည်။ နှစ်စမှာ ရုံးတွင်း ၆လသင်တန်းကို တက်ရမည်ဟု ဘော့စ်က ပြောလာသည့်အခါ ခပ်ပေါ့ပေါ့ပဲသဘောထားမိခဲ့၏။ အိုကေ... တက်တာပေါ့ဟု လွယ်လွယ် သဘောတူမိခဲ့သည်။ ဟေးလားဝါးလား ဟီးဟီးဟားဟားနှင့် အသာကလေးပြီးသွားမည့်သင်တန်းဟု အပျော်သဘောလောက်သာ တွက်မိခဲ့သည်။ တကယ်တန်းကျတော့ မရွှေစု၏ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားပေတော့သည်။

ဇန်န၀ါရီအစ သင်တန်း အောရီယန်တေးရှင်းကိုသွားလိုက်မှ မရွှေစုတစ်ယောက်မှားမှန်းသိတော့၏။ သင်တန်းက စာမေးပွဲလဲဖြေရမတဲ့။ ကျရင် သင်တန်းကထွက်ရ မတဲ့။ ပြီးတော့ ပရောဂျက်လုပ်ရမတဲ့။ ပရောဂျက်မပြီးရင် သင်တန်းဆင်းလက်မှတ် မရဘူးတဲ့။ တကယ်သင်တန်းစတော့လဲ အတန်းထဲ စာသင်ရင်း သင်တန်းဆရာများက ဟိုလူ့လက်ညိုးထိုး၊ ဒီလူ့လက်ညိုးထိုးနှင့် စာကမေးသေးသည်။

သင်တန်းတက်နေရပါသည်ဆိုမှ အလုပ်ကလဲ များလိုက်သည့်ဖြစ်ခြင်း။ new product တွေက တခုပြီးတခု ရောက်လာသည်။ New chip-set design တွေနဲ့မို့ Firmware code ကို ပြောင်းရသည်မှာ ခေါင်းစားစရာတွေတပုံကြီး။ Firmware test released လုပ်ပါမည်ဟု ဂတိပေးထားသည့် Target Date အတွင်းမပြီးမှာ ကိုယ့်ဘာသာကိုယ် စိုးရိမ်နေမိသည်။ သင်တန်းတဖက်နှင့် ဘယ်လို့  handle လုပ်ရပ။

သင်တန်းမှာ မရွှေစုဘေးနားမှာ ထိုင်သည့် တခြားဌာနကတစ်ယောက်လဲ အလုပ်များသည် အကြောင်းပြကာ သင်တန်းက drop လုပ်သွားသည်။ ဒီလိုပဲ လူတော်တော်များများ တစ်ယောက်ပြီးတစ်ယောက် သင်တန်းက ထွက်ကုန်ကြပြီ။ မရွှေစုလည်း မနေနိုင်တော့။ ကိုယ်လဲ သင်တန်းဆက်မတက်နိုင်ကြောင်း၊ အလုပ်တွေအရမ်းများကြောင်း ဘော့စ်ကိုသွားပြောသည်။ ချစ်လှစွာသော ဘော့စ်သည် မရွှေစု အဆိုပြုချက်ကို လက်မခံပေ။ ရပါတယ်... အလုပ်ကိုပြီးသလောက်ပဲလုပ်၊ သင်တန်းကိုလဲ ရသလောက်ပဲလုပ် တဲ့။ နင့်ကို ငါဘာမှ ပရက်ရှာမပေးဘူး။ စိတ်ချတဲ့။ ဟာ... ဘယ်လို တုန်း။ မလုပ်နိုင်ပါဘူးဆိုမှ... ဒီမှာ စနေ၊ တနင်္ဂနွေတွေလဲ မနားရ။ ညတိုင်အိမ်ပြန်ရောက်ရင်လဲ မနားရနဲ့ ရသလောက်ပဲဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ကခက်တာ။ မရွှေစု ရသလောက် ကွန်ပလိန်းတက် ဘော့စ်က ခေါင်းမာမာနှင့် မလျှော့... နောက်ဆုံးတော့ ( Customer is always right မဟုတ်ပါ။ My boss is always right ဆိုပြီး ) မရွှေစုပဲ ခေါင်းခါခါ လည်ခါခါ စူစူအောင့်အောင့်နှင့် လက်လျှော့ရတော့သည်။

ဒီတော့ အလုပ်ထဲမှာ သင်တန်းထဲမှာ ပရောဂျက်ထဲမှာ အချိန်ပြည့် ခေါင်းစိုက်ရင်း ဘလော့လဲ မရေးနိုင်၊ ဖိုရမ်လဲ မဖတ်နိုင်၊ အွန်လိုင်း အလာပ သလာပလဲ မလုပ်နိုင်တိုင်း ချစ်လှစွာသော ဘော့စ်ကို မေတ္တာတွေ ပို့ကာ စိတ်တွေအကြီးကြီး ဆိုးမိလေသည်။ သူ့ကို စိတ်ဆိုးတိုင်း သင်တန်းက အလကားကျွေးသော မုံ့များကို နင်းကန်စားလေသည်။ မနက်ဆို ကြာဇံကျော်၊ ထမင်းကျော်နဲ့ အသားတခုခုစား၊ ပြီးရင် ကော်ဖီ ၂ခွက်ဆင့်သောက်သည်။ နေ့လည် ထမင်းကိုလဲ အသကုန်စားသေးသည်။ ညနေပိုင်း အတန်းမှာ အိပ်ငိုက်သည် အကြောင်းပြ၍ ကော်ဖီ၃ခွက်သောက်သည်။ စာသင်တာ နားထောင်ရတာ ပျင်းတိုင်း စားပွဲမှာချထားသည့် သကြားလုံးများ တလုံးပြီး တလုံး ပါးစပ်ထဲ ကောက်ကောက်ထဲ့သည်။ ညနေ တီးဘရိတ်မှာ ကျွေးသည့်မုံ့များ တဖြဲနှစ်ဖြဲ ထပ်စားသည်။ချောကလက် ကိတ်မုန့်ဆို ၂ချပ်၊ အသားမုန့်အကြီး၁ခု၊ ဆန်းဒ၀တ်ခ်ျ ၂ခု၊ သစ်သီး စသဖြင့်...။ အဲသလောက်စားလို့ ညစာ မစားနိုင်လိမ့်မည်မထင်ပါနှင့်။ ညီမတော်ချက်သည့် ညစာကိုလဲ အိမ်ပြန်ရောက်တော့ အသကုန်ကြိတ်ပါသေးသည်။

စနေ၊ တနင်္ဂနွေကျတော့ရော။ နေ့လည် ထမင်းစားပြီးတာနဲ့ ကွန်ပြူတာရှေ့မယ် အလုပ်တွေ၊ ပရောဂျက်တွေသာ ထိုင်လုပ်နေရသည်... စိတ်ကသေချာမပါသာ အသိသာကြီး။ အဲဒီတော့ မီးဖိုချောင်ကို အခါ၂၀လောက်ဝင်သည်။ ရေခဲသေတ္တာကို အခါ၂၀လောက်ဖွင့်သည်။ တခုပြီး တခု တွေ့တာတွေ ယူစားလေသည်။ တော်ကြာ ဘီစကစ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ တော်ကြာ ချောကလက် ရေခဲချောင်း၊ တော်ကြာနေကြတော့ နက်စ်ကဖီးကို နွားနို့တွေထဲ့ ရေခဲတွေထဲ့ ဘလန်ဒါနဲ့ လှည့်ပြီး ကော်ဖီအေးလုပ်သောက်၊ ဒါမှမဟုတ်ရင် နွားနို့အေးထဲ ရေခဲ့မုန့်၊ ပန်းသီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီးတွေ လှီးထဲ့ စားပြန်သည်။ အဲသာတွေရိုးသွားတော့ပဲလှော်နှင့် မော်လမြိုင်ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် သောက်ချင်သောက်၊ ဒါမှမဟုတ် မရိုးနိုင်တဲ့ ပုဇွန်ခြောက်နိုင်နိုင်နဲ့ လက်ဘက်သုတ်။ ညီမတော်က မျက်လုံးပြူးနှင့် ကြည့်သည်။ မမလတ် ဟုတ်ကောဟုတ်သေးရဲ့လား ဆိုသည့် သဘောနှင့်။ မရွှေစုတို့ မယုံကြည်နိုင်စရာ စားသောက်ကောင်းနေလိုက်သည်မှာ မပြောပါနဲ့တော့။

မနေ့က မတွေ့တာကြာပြီ ဖြစ်သော တခြားဌာနက သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ ဟယ်... ရွှေစုရယ် မတွေ့တာမှ ၃-၄လ ရှိသေး။ ၀လာလိုက်တာ လုံးနေတာပဲ... ကောင်းတယ် ကောင်းတယ် တဲ့...။ အဲ့... အယ်။

ဒီကနေ့ မနက် ရုံးသွားဖို့ ပြင်ဆင်တော့ မရွှေစုတစ်ယောက် အ၀တ်အစားလဲသည့် အခန်းထဲမှ တော်တော်နှင့် ထွက်မလာနိုင်။ အပြင်က စောင့်နေသည့်ယောက်ယောက်က မပြီးသေးဘူးလားဟေ့... နောက်ကျနေပြီဟု ခေါ်နေပြီမို့ ကမန်းကတန်း ပြေးထွက်လာရသည်မှာ ချော်လဲမတတ်။ အဘယ်ကြောင့်ကြာနေသနည်းဆိုသော် မ၀တ်တာ ကြာပြီဖြစ်သော ဂျင်းဘောင်းဘီကို လျှာရှည်ပြီး ၀တ်နေတာ... ခုန်... ခုန်ပြီး ၀တ်နေရလို့ ဖြစ်ပါသည်။

*****************************
ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။ နက်ဖြန်ကစပြီး Gym ကိုပြန်သွားပြီး exercise ပြန်လုပ်တော့မည်ဟု။ ဂျင်းဘောင်းဘီတွေ ၀တ်လို့ မရတော့ရင် နှမျောစရာ... နော့လေ။

စုချစ်