Friday, December 11, 2009

မေတ္တာရပ်ခံပါတယ်ရှင်...

၂၀၁၀ပြက္ခဒိန်လေးတွေကို မျှော်နေကြမဲ့ မိတ်ဆွေသူငယ်ချင်းများကို အထူးတောင်းပန်ပါတယ်နော်။ ၂၀၁၀ပြက္ခဒိန်ကို ဇန်န၀ါရီလလည်လောက်မှာ တင်ပေးပါ့မယ်နော်။

နိုဝင်ဘာလတောက်လျှောက် အလုပ်တွေများနေပေမဲ့ စိတ်ထဲမှာတော့ ၂၀၀၉နှစ်မကုန်ခင် ပြက္ခဒိန်လေး ပြီးအောင်လုပ်မယ်၊ နှစ်သစ်စတာနဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံးအတွက် နှစ်သစ်လက်ဆောင်တင်ပေးမယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒီနှစ်မှာတော့ မနှစ်ကနဲ့ မတူအောင်ဘယ်လို ဒီဇိုင်းလေးလုပ်မယ်၊ ဘယ်လိုပုံလေးတွေထည့်မယ်၊ ဘာကဗျာလေးတွေသုံးမယ်လို့ စဉ်းစားရတာလည်း အမောပါ။

ဒါပေမဲ့ အလုပ်တွေက မထင်မှတ်ပဲများပြီး လက်မလည်နေတာနဲ့ ပြက္ခဒိန်ဒီဇိုင်းလုပ်တဲ့ဘက်ကို အချိန်မပေးနိုင်ဖြစ်သွားခဲ့ရပါတယ်။ အချိန်ရှိသလောက်လေး ဒီဇိုင်းလုပ်ထားပေမဲ့ ရုံးမှာ နှစ်ကုန်ခါနီး ပရောဂျက်တွေအမှီပေးနိုင်အောင်စိုင်းပြင်းနေရတာနဲ့၊ နှစ်ကုန်ခါနီး ခရီးထွက်စရာလေးလည်း ရှိနေတာနဲ့ နှစ်သစ်အမှီ ပေးနိုင်တော့မယ် မထင်ပါဘူးဆိုတာ အသိပေးပါတယ်ရှင်။ ပြက္ခဒိန်ကို ကမန်းကတန်းနဲ့ ပြီးစလွယ်လည်းမလုပ်ချင်လို့ ဇန်န၀ါရီလလည်လောက်ကြမှပဲ တင်ပေးပါတော့မယ်လို့ အထူးတောင်းပန်မေတ္တာရပ်ခံပါတယ်ရှင်....။

မနှစ်ကလိုပဲ ဒီဇိုင်း၂မျိုးနဲ့ လုပ်ပေးပါ့မယ်။ ပြက္ခဒိန်စောင့်စားနေသူများကို မလေးစားသလို ဖြစ်သွားခဲ့ရတာ၊ နောက်ကျသွားတာကို ခွင့်လွှတ်ကြပါရှင်။

ဇန်န၀ါရီလလည်လောက်မှာ တင်ပေးပါ့မယ်နော်။

လေးစားချစ်ခင်စွာဖြင့်...
စုချစ်

Tuesday, November 10, 2009

အခြေခံကောင်းဘို့လိုကြောင်းပုံပြင်

အခြေခံကောင်းဘို့လိုကြောင်းပုံပြင်

တနေ့တွင် မင်းတုန်းမင်းတြားကြီးသည် ဗန်းမော်ဆရာတော်အား နန်းတော်သို့ပင့်ကာ ဆွမ်း လုပ်ကျွေးပြီး တရားဒေသနာ နာကြား၍အပြီးတွင် လျှောက်ထားသည်မှာ....

''တပည့်တော်အနေဖြင့် စိတ်ထဲတွင် မရှင်းလင်းသည့် ကိစ္စတရပ်ကို အခွင့်သင့်တုန်း လျှောက်ထားလို ပါသည်''

''မြတ်စွာဘုရားသည် သတ္တ၀ါများအား ကျောသားရင်သား မခွဲခြားဘဲ တရားရေအေးတိုက်ကျွေးပါလျှက် အချို့ပုဂ္ဂိုလ်တို့သည် သရဏဂုံသာတည်၍ အချို့မှာ သောတာပန်၊ အချို့မှာ အနာဂါမ် တည်ကြသည်မှာ အဘယ်ကြောင့်ပါနည်း'' ဟု'' တပည့်တော်စဉ်းစား၍ မရနိုင်သဖြင့် အရှင်ဘုရား ရှင်းလင်းမိန့်ကြားပါရန် လျှောက်ထား အပ်ပါသည်ဘုရား''

ထိုအခါ ဗန်းနော်ဆရာတော်ကပြုံးရယ်တော်မူပြီးနောက်

ုတကာတော်သိလိုသည့်အချက် အကွက်ကျကျ ဥပမာပြောရလျှင် ရှေးအခါက ရွာတရွာမှာ သူငယ်ချင်းနှစ်ယောက် ဗေဒင်ပညာကို အထူးပင်ဝါသနာပါ၍ ဒီသာပါမောက္ခဆရာထံ ဗေဒင် ပညာ သင်ယူဆည်းပူးရန်တိုင်ပင်၍ အတူပင်သွားကြလေသည်။

စွယ်စုံပညာကို သင်ကြားပေးနိုင်သည့် ဒီသာပါမောက္ခဆရာကြီးကရောက်ရှိလာကြသည့် တပည့် နှစ်ဦးအား....
ု''မင်းတို့...ဘာပညာများ သင်ယူကြမှာလဲ''
ဟုမေးလေသည်။ ထိုအခါ တပည့်နှစ်ဦးက...
ု''ဗေဒင်ပညာကို အဓိကထားပြီး သင်ယူလိုပါသည်''
ဟုပြောလေရာ၊ ဆရာကြီးက ဗေဒင်ပညာကိုအသားပေးပြီး သင်ကြားပေးလေသည်။ တပည့် နှစ်ဦးတို့သည် ဗေဒင်ပညာကို တစ်နှစ်ကျော်မျှ သင်ယူမိကြသောအခါ အတော်ကျေနပ်လောက်အောင်ပင် သင်ယူမိကြလေသည်။

ထို့နောက်သူငယ်ချင်းနှစ်ယောက်တို့သည် ဒီသာပါမောက္ခ ဆရာကြီးအား ခွင့်ပန်ပြီး မိမိရွာသို့ ပြန်လာခဲ့ကြသည်။ ဆရာကြီးကလည်း ဆုများပေးပြီး ပြဿနာရှိလျှင် လာခဲ့ကြဟု မှာကြားလေသည်။

သူငယ်ချင်းနှစ်ယောက်တို့သည် မိမိရွာသို့မရောက်မှီ လမ်းခုလပ်အကြား ရွာတရွာသို့ နေ၀င်ဖြိုးဖြ ရောက်ရှိသွားကြလေသည်။ ထိုရွာတွင် မိတ်ဆွေအသိတစ်ယောက်ရှိသည်နှင့် ၀င်ရောက် တည်းခိုကြသည်။ ၄င်းအသိမိတ်ဆွေအိမ်တွင် မိန်းမဧည့်သည်တစ်ယောက်လည်း ရောက်ရှိနေသည်။

သူငယ်ချင်းနှစ်ယောက်တို့သည် အိမ်ခံမိတ်ဆွေနှင့် စပ်မိစပ်ရာပြောကြရင်းက မိမိတို့သင်ယူလာ သည့် ဗေဒင်ပညာအကြောင်း ရောက်ရှိသွားကြသည်။ ထိုအခါ မိန်းမဧည့်သည်ကလည်း အပျိုရှာကညာတွေ့၊ အချိုရှာသကာတွေ့ ဖြစ်သွားလေသည်။

''နေပါအုံး...ဆရာလေးတို့ရဲ့ ကျမမေးစမ်းပါရစေအုံး'' ဟု မိန်းမဧည့်သည်က ကြားဖြတ်၍ မေးလိုက်လေသည်။
''ဟုတ်ကဲ့... မေးပါ... အလိုရှိတာကို မေးနိုင်ပါတယ်''

ဖိုးဖြေချင်... ဖိုးတွက်ချင်ဖြစ်နေကြသည့် လက်သစ်ဗေဒင်ဆရာနှစ်ဦးတွင် တဦးကပြောလိုက် ရာ...

''ကျမခင်ပွန်း အရပ်တပါးသို့ စီးပွားရှာသွားတာ နှစ်ခါလည်ကျော်သွားပြီ ဆရာလေးတို့ရဲ့၊ အဲဒါစာလဲမလာ လူလဲမရောက်ဖြစ်နေလို့ ဆရာလေးတို့တွက်ပေးစမ်းပါ '' ဟုပြောဆိုသည်။

ခုနှစ်သက္ကရာဇ် နေ့ရက်များမေးပြီး ပထမသူငယ်ချင်းက တွက်ချက်၍ ''ခင်ဗျားခင်ပွန်းသေပြီ '' ဟု ပြောလိုက်လေသည်။

ဒုတိယသူငယ်ချင်းကလည်း သူ့နည်းသူ့ဟန်နှင့်တွက်ချက်ပြီး ''ခင်ဗျားခင်ပွန်းသေတာမှ ကမ်းနားမှာ ကျားခဲလို့သေပြီ'' ဟု ပြောလိုက်လေသည်။

ထိုမိန်းမသည် နောက်တနေ့နံနက်တွင် ဗေဒင်ကိန်းအရ ကမ်းနားသို့သွားရှာရာ တကယ်ပင် မိမိ ခင်ပွန်း ကျားစားထားသည်ကို ကမ်းနားစပ်တွင် တွေ့ရတော့သည်။

ဤတွင်ပထမသူငယ်ချင်းသည် သူ၏ဟောချက် မတိကျမရေရာ၍ များစွာမကျေမနပ်ဖြစ်သွား သည်။

''ဟေ့... သူငယ်ချင်း ဆရာကြီးက ဗေဒင်ပညာကို မင်းကိုပိုပြီးသင်ပေးတယ်ကွ၊ငါ့ကျတော့ မရေရာ ဘူး'' ဟု ပြောလိုက်လေသည်။

''ဟ...သင်ပေးတာတော့ အတူတူရှိမှာပါပဲကွ၊ ငါ့ပိုပြီး သင်ပေးမယ် မဟုတ်ပါဘူး '' ဟု ဒုတိယ သူငယ်ချင်းက ပြောလေရာ...
''သင်ပေးတဲ့ အချိန်လဲအတူတူ၊ လက်ဆောင်အသပြာပေးရတာလဲအတူတူ၊ ငါတော့မကျေနပ်ဘူး ကွာ၊ ဆရာကြီးထံပြန်ပြီးမေးကြမယ်'' ဟု ပြောပြီး သူငယ်ချင်းနှစ်ယောက် တို့သည် ဒီသာပါမေက္ခ ဆရာကြီးထံ ပြန်လည်၍ သွားကြလေသည်။

ဒီသာပါမေက္ခဆရာကြီးသည် တပည့်နှစ်ယောက် ပြန်လည်ရောက်ရှိလာသည်ကို အကဲခတ်မိလေ သည်။ ဆရာကြီးက တပည့်တို့အား ''မင်းတို့... ခရီးလဲပမ်းလာကြတယ်၊ နားနားနေနေပေါ့ကွာ၊ မနက်လင်းမှပဲ စကားစံမည်ပြောကြတာပေါ့၊ ကဲအိပ်ကြအုံး၊ အိပ်ကြအုံး'' ဟု ပြောလိုက်သည်။

နံနက်ခင်း ဝေလီဝေလင်း လက်ကြားမမြင့်တမြင့် အချိန်တွင် ဆရာကြီးက '' ရော့... ဟောဒီ အရွယ် တူညီသည့်အိုးနှင့် မြေပေါ်မခသေးတဲ့ နှင်းရည်ကို ပြည့်အောင်ခတ်ခဲ့ကြ'' ဟု ပြောပြီး အရွယ်တူသည့် အိုးကလေးနှစ်လုံးကို တလုံးစီပေးလိုက်လေသည်။

တပည့်နှစ်ယောက်တို့သည် ရေးကြီးသုတ်ပြာ အိုးကိုယ်စီယူပြီး နှင်းရည်များသွားခံကြသည်။ ပထမ တပည့်က နှင်းရည်အမြန်ရလိုဇောဖြင့် သစ်ပင်တပင်မှတပင်ကူးပြီး အိုးကို အောက်ကခံကာ သစ်ကိုင်းများကို လှုပ်ချလေသည်။

ဒုတိယတပည့်မှာမူ ခေါင်းမှ ပုဝါကိုချွတ်၍ ၄င်းပုဝါနှင့်ပင် မြက်၊သစ်ပင်တို့အပေါ်မှ နှင်းရည်ကို စိုစွတ်စေပြီး အိုးထဲသို့ ညှစ်ထည့်လေသည်။

နေခြည်ရောက်၍ နှင်းပျောက်လာသည့်အခါ နှင်းရည်များကို ယူ၍မရတော့ချေ။ တပည့်နှစ်ဦးတို့ သည် မိမိတို့ရရှိသည့် နှင်းရည်ကို တဦးကိုတဦးကိုအား အသိမပေးဘဲ ဆရာကြီးထံပြန်၍ နှင်းရည်အိုးများ ပေးအပ်ကြလေသည်။ အိုးနှစ်လုံးထဲတွင် ပထမလူ၏ နှင်းရည်ကနည်း၍ ဒုတိယတပည့်၏ နှင်းရည်အိုးမှာ ပြည့်လုမတက် ရလာလေသည်။

ဤတွင်ဆရာကြီးက ''မင်းတို့ကို ပညာပေးတဲ့နေရာမှာတော့ အတူတူပေးတာပဲ၊ ပညာခံယူတဲ့ တပည့်ရဲ့ ဥာဏ်အပေါ်မှာသာ အဓိကဘဲ '' ဟုပြောပြီး တပည့်နှစ်ဦးအားပြန်လွှတ်ပေးလိုက်လေ သည်။

''ဒီဥပမာအတိုင်းဘဲ တကာတော်ရေမြေ့ရှင်ရဲ့၊ ဟောကြားတဲ့တရားကတော့ အတူတူပါပဲ၊ နာယူ မှတ်သားတဲ့ပုဂ္ဂိုလ်ရဲ့ အဇ္ဈာသယကသာ အဓိကဘဲ'' ဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်း တရားကြီးအား မိန့်ကြားလိုက်ရာ ဘုရင်မင်းမြတ်သည် များစွာ ကျေနပ်နှစ်သိမ့်သွားလေသည်။

*****************

ဗန်းမော်နှင့် မယ်ကင်း

ဗန်းမော်နှင့် မယ်ကင်း စစ်ကိုင်းမှာတွေ့ခြင်း

ဗန်းမော်ဆရာတော်သည် မင်းတုန်းမင်းကို စိတ်နာ၍ စစ်ကိုင်းပိတောက်ချောင်မှာနေစဉ် သီလရှင်မယ်ကင်းမှာလည်း တပည့်တပန်းများစွာနှင့် စစ်ကိုင်းချောင်တွင် စာပေပို့ချနေသည်။

တနေ့တွင် သီလရှင်မယ်ကင်းက မိမိချောင်အတွင်း၌သီးသော သင်္ဘောသီးလှလှကြီးတလုံးရ၍ တပည့်သီလရှင်များအား ဗန်းမော်ဆရာတော်ထံ ကပ်လှူစေခိုင်းလိုက်ပြီး သီလရှင်နှစ်ဦးကို အမှာစကားပါးလိုက်သေးသည်။

''ဗန်းမော်ဆရာတော်ကများ မင်းတို့ဆရာက သင်္ဘောသီးကြီးလှူပြီး ဘာဆုကို တောင်းလိုက်သေးသလဲ မေးခဲ့ရင် (ဘုရားဆုကို တောင်းပါတယ်) လို့ လျှောက်ပါဘိ'' ဟူ၍မှာကြားလိုက်သည်။

ဗန်းမော်ဆရာတော်ထံ ရောက်၍ သင်္ဘောသီးကို သီလရှင်ဆရာကင်းက အကပ်ခိုင်းကြောင်းလျှောက်ထားသည့်အခါ ထင်သည့်အတိုင်းပင် ဆရာတော်က မေးတော့သည်။ သီလရှင်များကလည်း ဆရာကင်းက မှာသည့်အတိုင်းပင် လျှောက်တင်လိုက်လေသည်။

ဗန်းမော်ဆရာတော်၏စိတ်တွင် ကြီးကျယ်လိုက်တာဟု ထင်တော်မူသည်လား မပြောတတ်၊ ရုတ်ချည်းပင်...
''အေး.. နင်တို့ဆရာကို ပြောလိုက်၊ ဘုရားဆုလိုချင်ရင် ငါ့ပေါင်ကြားထဲကဟာ နင့်ပေါင်ကြားထဲရောက်အောင် အရင်ဆုတောင်းအုံး'' ဟု မှာကြားလိုက်လေသည်။

ဆရာတော်၏ဆိုလိုရင်းမှာ ဘုရားဆုကိုပန်လျှင် ယောက်ျားဘ၀ကိုရအောင် အရင်တောင်းအုံး၊ ယောက်ျားဘ၀ရမှ ဘုရားဆုပန်လို့ရမှာဟူ၍ ဆိုလိုဟန်ရှိပေသည်။

******************************

ဝက်ဝက်ကွဲစာချိုး နှစ်ပုဒ်

သီလရှင်များ ဆရာကင်းထံ ပြန်ရောက်လေလျှင် ဆရာတော်၏စကားကို ပြန်လည်ပြောကြားလေတော့သည်။ ဆရာကင်းမှာလည်း မာနတံခွန် ထူနိုင်သည့်ကာလမို့ စပ်စပ်ထိမခံ အမှန်ကိုမဆင်ချင်နိုင်ဘဲ ရုတ်တရက် ဒေါသအိုးပေါက်ကွဲကာ ဒွေးချိုးတပုဒ် ရေးစပ်၍ တပည့်များကို အပို့ခိုင်းလိုက်တော့သည်။

ထိုဒွေးချိုးမှာ...
''အဖျားရယ်ပေ၊ အနားခွေ မခိုင်ပြန်ခါမှ၊ မြိုင်ရပ်ကိုမှီး။
စိတ်ပုတီးနဲ့ ယပ်ကြီးကိုင်၊ မဂ်လမ်းကို ဘယ်လိုဆိုင်ပ
ဝတ်သင်းပိုင် မုန်ယိုကွက်တွေနှင့် တောထွက်ခင်ကြီး။''

ဗန်းမော်ဆရာတော်သည် သီလရှင်မယ်ကင်း၏ ဒွေးချိုးကိုဖတ်ရသောအခါ ဒေါပွသွားဟန်တူသည်။ တသက်လုံးက သူများကိုချည့်ချလာခဲ့၍ တယောက်တလေမှ ပြန်၍ မလှန်ရဲခဲ့သော ဗန်းမော်ဆရာတော်အဖို့ ယခုပထမဆုံးအကြိမ် သီလရှင်မယ်ကင်းက ပြန်၍နှံလိုက်သောအခါ ခပ်စပ်စပ် နာသွားဟန်တူသည်။ အရင့်သီးဆုံး စကားလုံးများဖြင့်ပြီးသော အောက်ပါဒွေးချိုးကို ပြန်လှန်ရေးစပ်၍ ပေးလိုက်လေသည်။


******************************

ဤသည်တို့ကား ဗန်းမော်ဆရာတော်၏ ဟာသရသ ကဗျာများကို ကိုရင်ဘ၀မှ နောက်ဆုံး အချိန်ထိ အစဉ်အတိုင်း ဖေါ်ပြ၍ပြီးပါပြီ။ သို့သော်စုံလင်ပြီဟူ၍ကား မဆိုနိုင်သေးပါ။ ကျန်ရှိနေဦးမည်သာ ဖြစ်ပါသည်။ စုဆောင်းရသမျှ ဖေါ်ပြရဖြင်းပင်ဖြစ်ပါသည်။

ယခုဆက်လက်၍ ဗန်းမော်ဆရာတော် ဟောကြားခဲ့သော ဥပမာ ပုံပြင် ၀တ္ထုများကို သီးသန့်ခွဲခြား၍ ဖေါ်ပြပါဦးမည်။ ဥပမာ သမူဟဂီရက္ကမကျမ်းတွင်ပါရှိသော ဥပမာ ပုံပြင် ၀တ္ထုအစုစုတို့ကို ဖတ်ရှု လေ့လာတော်မူကြပါကုန်။

ဤဥပမာ ပုံပြင် ၀တ္ထုတို့ကို ဖေါ်ပြရာတွင် ခေတ်အစဉ်အတိုင်း မဟုတ်မူဘဲ အလျဉ်းသင့်သလို ဖေါ်ပြသွားမည် ဖြစ်ပါကြောင်း။


******************************

ဗန်းမော်နှင့် မယ်ကင်းချစ်ကြိုက်ဘူးသလော

ဗန်းမော်နှင့် မယ်ကင်းချစ်ကြိုက်ဘူးသလော

သို့ဖြစ်၍ ဤတေးထပ်နှစ်ပုဒ်ကို ဆန်းစစ်ကြည့်လျှင် ကာလအပိုင်းအခြားကို ခန့်မှန်းရသလောက် စစ်ကိုင်းချောင်အကြောင်းအရိပ်အမြွက်မျှ မပါခြင်း၊ တပည့်တပန်း အသင်းအပင်း အသိုင်းအ၀ိုင်းများအကြောင်း တေးထပ်နှစ်ပုဒ်စလုံးတွင် မပါရှိကြခြင်း၊ တကိုယ်တည်း ဧကစာကျင့်ကာ ဘာဝနာပွားများမည်ဟု တေးထပ် ဆိုထားပါလျှက် ဆရာကင်း၏ လက်တွေ့ဘ၀မှာ တပည့်တပန်းများစွာနှင့် စာပေပို့ချမှုစခန်းတွင်သာ ကျင်လည်နေခဲ့ရခြင်းတို့ကြောင့် ဤတေးထပ် နှစ်ပုဒ်စလုံးမှာ ပျိုရွယ်စဉ်က ရေးသားခဲ့ကြသော တေးထပ်များ ဖြစ်သည်ဟုပင် ကောက်ချက်ချရပေတော့မည်။

သို့ဖြစ်လျှင် ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့မှာ ငယ်စဉ်ကပင် သိကျွမ်းနေကြကြောင်း ထင်ရှားပေသည်။ ဤမှတဆင့်တက်၍တွေးလျှင် ငယ်စဉ်က ရေးကြသော တေးထပ်နှစ်ပုဒ်စလုံး အပြန်အလှန် သုံးသပ်ကြည့်လျှင် ဆရာကင်း၏တေးထပ်မှာ (လောဘပယ်၍ မောဟမတွယ်တော့ပါ) (ဧကစာ ကျင့်သုံး၍ မဂ်လမ်းကိုရှာပါမည်) ဟု ရိုးရိုးသားသား ကိုယ့်ရည်မှန်းချက်ကို ကိုယ်ရေးစပ်ထားသော တေးထပ်ဖြစ်ပါလျက် ဗန်းမော်ဆရာတော်က ဒေါသတကြီး ပက်ပက်စက်စက် တနည်းဆိုရလျှင် ဆဲရေးတိုင်းထွာ၍ ပြန်လည်ချေပ ရေးသားရသနည်း။ ပုဂ္ဂိုလ်တဦး၏ အဆိုအမိန့်အတိုင်း စာသင်ဘက် ပျိုရွယ်စဉ်ဘ၀က ချစ်ကြိုးသွယ်မိကြပြီး တကယ့်အရေးကျမှ ငြင်းပယ်လိုက်သော တေးထပ်ဖြစ်၍ စိတ်နာနာနှင့် ပက်ပက်စက်စက် ဆဲရေးတိုင်းထွာပြီး ပြန်လည်ချေပခြင်း ဖြစ်ရာသည်ဟု ယူဆရန်ပင် ရှိတော့သည်။

***************************
ဦးပဉ္စင်းဘ၀က ရေးစပ်သည်ဆိုသော တေးထပ်

ဗန်းမော်ဆရာတော်၏ စာပေများတွင် ဖေါ်ပြထားခြင်းမရှိသော်လည်း ဗန်းမော်ဆရာတော် ပဉ္စင်းတက်ကာစကရေးသော တေးထပ်ဟုဆိုသည့် တေးထပ်တပုဒ်မှာ အချို့စာအုပ်များတွင် ကြိုးကြားကြိုးကြား တခါတရံ တွေ့ရပေသည်။ ဗန်းမော်ဆရာတော်၏ စာပေစာစုများ၌ မတွေ့ရသည်မှာ ဖေါ်ပြရန်မသင့်ဟု ယူဆသောကြောင့် ဖြစ်ဟန်တူပေသည်။

ဤစာအုပ်သည် ဗန်းမော်ဆရာတော်၏ ဟာသရသ ကဗျာများနှင့် ပုံပြင် ၀တ္ထုများစုဆောင်းဖေါ်ပြလိုရင်း ဖြစ်ရာ ဗန်းမော်ဆရာတော်၏အခြားကဗျာ စာချိုးများထက်ပို၍ပင် ကြမ်းသည်ဟုမဆိုနိုင်သော ကဗျာတပုဒ်ကို မကြွင်းကျန်ရအောင် ဖေါ်ပြပါမည်။ ဗန်းမော်ဆရာတော် ပျိုရွယ်စဉ်ဘ၀က ရေးသောစာ ဟုတ်မဟုတ် ကိုယ်ပိုင်ဥာဏ်ဖြင့်ပင် ဆုံးဖြတ်ကြပါလေ၊ ဗဟုသုတ အဖြစ်သာ ဖေါ်ပြလိုရင်းဖြစ်၍ မြှပ်ထားသော စာလုံးများကို ဖြည့်စွက်၍သာ ဖတ်ရှုကြပါလေကုန်။

အောက်ပါတေးထပ်မှာ ဗန်းမော်ဆရာတော်မဖြစ်မှီ ကိုရင်ဘ၀က ရဟန်းဘောင်သို့ တက်မည်ရှိသောအခါ သီလရှင်မယ်ကင်းအား ''ဘယ်နှယ်လဲ ပဉ္စင်းတက်ရတော့မလား'' ဟုမေးသည်ဆို၏။ မယ်ကင်းကအဖြေမပေး၍ ပဉ္စင်းတက်လိုက်ရပြီးနောက် စိတ်နာနာနှင့် (အောက်ပါတေးထပ်ကို) ရေးစပ်၍ မယ်ကင်းထံပို့လိုက်သည်ဆို၏။ ဤတေးထပ်ကို လက်ခံ ရရှိ ပြီးနောက် မယ်ကင်းသည် မျက်ဖြေတေးထပ်ဖြစ်သော (ဘိက္ခူနီ ဆရာကင်းက တဏှာကွင်းပစ်ပယ်) အစချီသော တေးထပ်ကို ဗန်းမော်ဆရာတော်လောင်း ပဉ္စင်းပျိုထံ ပေးပို့လိုက်သည်ဆို၏။ မယ်ကင်းတေးထပ်ကို ရသောအခါ ပဉ္စင်းပျိုက (ဘိက္ခူနီ ဆရာကင်းက တဏှာကွင်းစွတ်မယ်) ဟူသော တေးထပ်ဖြင့် ပြန်လည်ချေပခြင်းဖြစ်သည်ဟုဆို၏။ အတ္တနောမတိ သဘောကြိုက်ညီရာကို ယူကြပါကုန်။

ဗန်းမော်ဆရာတော် ပဉ္စင်းပျိုဘ၀က ရေးစပ်သည်ဆိုသောတေးထပ်

အထက်ပါ တေးထပ်မှာ ရုန့်ရင်းကြမ်းတမ်းသည် ဆိုရသော်လည်း နောက်ထပ် ဗန်းမော်ဆရာတော်နှင့် မယ်ကင်းတို့ အပြန်အလှန်ရေးသော စာချိုးနှစ်ပုဒ်ထက်တော့ ဆိုးလိမ့်မည် မထင်ပေ၊ တေးထပ်ဟန်မှာ ဗန်းမော်ဆရာတော် မဟုတ်သည့်တိုင်အောင် ဗန်းမော်ဆရာတော်၏လက်ရာနှင့် အတော်ပင်နီးစပ်သော တေးထပ်ပင်ဖြစ်သည်။

တေးထပ်၏ အဓိပ္ပါယ်ကလည်း...

''မနှစ်က ယခုတိုင်အောင် ချစ်ပါချစ်ပါဟု တောင်းဆိုသော်လည်း အပျိုထွားက နေနိုင်ရက်သည်။ နဂိုကစပြီး ယခုမှ ရက်စက်တော့သည်။ မမှန်လျှင် မကြံပါနှင့်။ ယခုမှ မင်းဘာကြောင့် ငိုရသလဲ'' ဟူသော အဓိပ္ပါယ်ပါရှိနေသည်ကို ထောက်၍ (နဂိုကတော့စပြီး ချစ်ပါဆိုတော့လဲ မချစ်နိုင်၊ အခုလိုငြင်းပယ်တာဟာ ရက်စက်အားကြီးပါတယ်၊ မင်းငြင်းပယ်လို့ ငါပဉ္စင်းခံပြီးခါမှ ဘာပြုလို့ ငိုရတာလဲ) ဟူ၍သာ အဓိပ္ပါယ်ကောက်ယူရန် ရှိပေတော့သတည်း။

***************************

Thursday, November 5, 2009

The Most Beautiful Smile in the World!!!

The Most Beautiful Smile in the World!!!


မီးပုံထဲက ကြာ

ရဲ၊
ဇွဲ၊
ဉာဏ်၊
စည်း၊
တာ၊
မကြောက်တရား တေးကဗျာ
မီးပုံထဲက ကြာ။

ဟံသာဝတီဦးဝင်းတင်

Tuesday, November 3, 2009

ကမ္ဘာပျက်ရင် ပြန်ဆွဲပေးမယ်

ကမ္ဘာပျက်ရင် ပြန်ဆွဲပေးမယ်

ရွှေစုချစ်... ထ... ထ အိပ်မနေနဲ့... ဟိုမှာ မသက်ဝေ က နင့်ကို စိတ်တွေတိုနေသယ်...
။ ကမ္ဘာပျက်တော့မဲ့ဟာ ခုထိ အပျင်းထူ အိပ်နေလို့တဲ့.... သူရေးခိုင်းတာရေးလေတဲ့...။ နာတောင် ရေးပီးသွားပီဟဲ့... တော်ကြာနေ ဟ၀ှာပြုသွားလို့ နင်ရေးချင်တာလေး မရေးလိုက်ရပဲနေဦးမယ်တဲ့....

အာ... ချိုဂျီး ကလဲ... ပျက်ရင် နင်နဲ့ အစ်မ သက်ဝေ Mechanical ပိုင်း Hardware တွေ Design တွေ ဘာတွေ မှားနေလဲ အရင် ကြည့်ထားလိုက်...။ ပြီးရင် မမသီတာ က Electronics ပိုင်းကိုကြည့်ပေးလိမ့်မယ်...။ အဲသာတွေပြီးမှ အီဖေကိုယ်ရေးထားတဲ့ Firmware နဲ့ upgrade လုပ်ကြည့်မယ်...။ မရသေးရင် သေချာအောင် ဆရာကိုဧရာ ကို ဘာလိုလဲ ထပ်ပြီး စစ်ခိုင်း၊ ကွန်ဖန်းလုပ်ခိုင်း....။ ဆရာရေးတဲ့ Firmware နဲ့ဆို စိတ်သာချ... ဘယ်တော့မှ မပျက်ဘူး.... အီဖေကိုယ်တို့ရုံးမှာ သာမျိုး အများကြီး လုပ်နေကြပါဟယ်... မပူပါနဲ့.... ငှဲ ငှဲ ငှဲ....

ဒုန်း...ဒုန်း... ( အမသက်ဝေမှ စိတ်တိုတိုနှင့် စားပွဲထုသံ....)
အမလေးတော့ အစ်မသက်ဝေရ.... အခုပဲ ရေးပါတော့မယ်... မပျင်းတော့ပါဘူးတော့.... ဟိ...

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...
အစားအစာ စုဆောင်းထားတဲ့ သူတွေ... ချိုဂျီးတို့ ဘာတို့နဲ့ နီးနီးကပ်ကပ်နေမှ... ကပ်စားလို့အောင်လေ.. ဟိ...

(၂) ဘာတွေ ခံစားနေရမလဲ...
တကယ် ပျက်မှာဟုတ်လို့လားတော့... ကြည့်ရတာ.... ခုထိ အလန်းကြီးရှိသေး... သူများအတိုင်းပဲ... ခစ်...

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…
ပရောဂျက်တားဂက်ကလိုပါသေးတယ်... အေးဆေးပေါ့... အဲလေ... ယောင်လို့ ..ဟီး... ရုံးနဲ့မှားသွားလို့...။ ဟိုးသင်းသွားခါနီးကျမှ ဟိုသင်းကပေါက် လိုက်ရှာတတ်သူ ကျမပါခင်မျ... အဲလေ... တော့... ။ အိတ်ကျတော့မှ စဉ်းစားဖို့ ပြင်ဆင်တော့မယ်လေ... အဟိ...

(၄) ၀မ်းနည်းမိမှာက…
တောက်... တာကာရှီမာယာက ၆၅ဒေါ်လာတန် ဘူဖေး ဈေးကြီးတယ်ဆိုပြီး တခါမှ မစားမိဘူးလိုက်ဘူးတော့... ဟင့်...

(၅) ကြောက်လန့်မိတာက...
အရင်သေတဲ့သူ သရဲလာမခြောက်ကြေး... ဂတိ... ခစ်...

(၆) ဆောင်ထားချင်တာ...
ရီစရာစာအုပ်တွေ... အဲသာမှ တချိန်လုံး ဟာသတွေဖတ်ပြီး ရီနေရမှာ... ကမ္ဘာပျက်မှာတောင် မေ့နေမှာ... ဟာဟ...

(၇) ဘာတွေ ရေးမိမလဲ…
ကိုယ့်ကောင်းကြောင်းတွေ တခြားသူတစ်ယောက်ယောက်က ရေးသလိုလို ခပ်တည်တည်ရေးခဲ့မှ...။ မှတ်တမ်းမှတ်ရာကြည့်ပြီး စုချစ်ဆိုတာ တယ်တော်တဲ့သူပါလားလို့ နောက်ကမ္ဘာကသူတွေက ထင်ကုန်ကြရော... ခစ်...

(၈) တွေးမိတွေးရာ အတွေး…
ဒါမှန်းသိရင် အပင်ပန်းခံ အန်ဂျန်နီယာမလုပ်ခဲ့ပါဘူး။ ဖူး... ခုတော့ မောလိုက်သာ.... ဟွန့်...

(၉) ဂုဏ်ယူချင်တာက…
ဟယ်... သဌေး မဖြစ်ခဲ့တာ ဂုဏ်ယူဖွယ်ကောင်းလေစွ... တော်နေ ကမ္ဘာကပျက် ပိုက်ပိုက်တွေ ပိုက်ပြီး ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတော့မှာ... ခိခိ...

(၁၀) ရှာကြံဖြေသိမ့်မိတာက…
စောစောအိပ်ရတာပေါ့... မဆိုးဘူးဟ...

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
ဒီကမ္ဘာပျက်တဲ့ထိ စုချစ်နေသွားတယ်ဟေ့.... ဘူးထွားထွား ဟားဟား.................................

ကိုင်း... ရေးလို့ပြီးပီ...
အမသက်ဝေ... မမသီတာ ... ပြန်အိပ်တော့မယ်နော်...
ပျက်ပြီဆို လာနှိုးနော်....
ခေါ... ခလော... ခေါ...

****************************

တကယ်အတည်ရေးရရင်တော့... မေးခွန်းအားလုံးအတွက် အဖြေက တစ်ခုထဲပါရှင်...
ကိုယ့်မိသားစုရယ် ချစ်ခင်ရသူတွေရယ် အားလုံး တစုတဝေးထဲ စိုးရိမ်၊ ထိတ်လန့်၊ ကြောက်ရွံ့မှုတွေကို အတတ်နိုင်ဆုံး ဖြေဖျောက်ရင်း တရားသတိနဲ့ ကမ္ဘာရဲ့နောက်ဆုံးတလကို နေသွားကြရတော့မှာပေါ့... နော်...

****************************
သတိတရ တက်တဲ့ မမသီတာနဲ့ အစ်မသက်ဝေကို ပုံလေးတွေဆွဲပေးထားတယ်... မလှရင် စိတ်ဆိုးနဲ့နော်...
ချစ်ခင်စွာ... စုချစ်

Friday, October 23, 2009

လူကြီးသူမများနှင့် နေထိုင်ခြင်း

လူကြီးသူမများနှင့် နေထိုင်ခြင်း

တချို့ကပြောကြတယ်။ အဘိုးအဘွားနဲ့ နေခဲ့ရတဲ့သူတွေဟာ ကံကောင်းတဲ့သူတွေ တဲ့။ သာဆိုရင် ကိုယ်ကတော့ ကံကောင်းတဲ့ အထဲမှာ ပါနေတဲ့သူလို့ ပြောရမယ်။ အဖေ့ဘက်က အဘိုးအဘွားကို မမြင်ဖူးလိုက်ပေမဲ့ လူမှန်းသိတတ်စကတဲက အမေ့ဘက်က အဘိုး၊ အဘွားနဲ့ အတူနေ ကြီးပြင်းလာခဲ့ရတယ်။

ကံကောင်းတာကတော့ ရှေးစကားတွေ ကြားရသာပေါ့လေ။ အမေကြီးတို့ဘက်က စကားပြောရင် စာသံပေသံ၊ ကာရန်နဘေနဲ့ ပြောတတ်တယ်။ အမေကြီးရဲ့ အမေ ဘွားဘွားကြီးကိုလည်း မှီလိုက်သေးတယ်။ ကိုယ့်အသက် ၈နှစ်လောက်မှ ဘွားဘွားကြီး အသက် ၉၈နှစ်မှာ ဆုံးသွားခဲ့တာ။ ဘွားဘွားကြီးကလည်း စကားကို ကာရန်နဘေနဲ့ ပြောတာပဲ။ သူ့သားမက် အဖေကြီးက လျက်ဆားတွေစားပြီး အီးအရမ်းပေါက်တာပဲ။ နေ့လည် နေ့ခင်း ထမင်းစားပြီး အဖေကြီး၊ အမေကြီးက အိမ်အပေါ် ထပ် မှာ တရေးတမော အိပ်နေကြတာကို... မောင်တော် နှမတော် စက်တော်ခေါ် အီးတော် ဖင်က တဘွတ်ဘွတ် လို့... ကိုယ်တို့ မြေးတွေနဲ့ ၀ိုင်းဖွဲ့စကားပြောရင်း ဘွားဘွားကြီးက စာစပ်ပြီး အတင်းတုတ်တယ်။ ပြီးရင် သူစပ်တဲ့စာလေး သူ့ဘာသာသဘောကျပြီး တခွိခွိနဲ့ ရယ်တော့သာ။

ပြီးရင် ကိုယ်တို့ မောင်နှမ၄ယောက်က အထူးအဆန်း ကစားနည်းမျိုးစုံနဲ့ ကစားကြသယ်။ အဲသာကို ဘွားဘွားကြီးက ထူးပေသည် ဆန်းပေသည် ဦးရွှေစံမြေးတွေသည် လို့ စာစပ်တယ်။ ဆုံးသွားတဲ့ သူ့ယောက်ျား ဘိုးဘိုးကြီးနံမည်က ဦးစံကိုး။ သူ့ယောက်ျားနံမည်လေးပါ ပါအောင် စပ်ရှာတာ။ နောက်တော့ ဘွားဘွားကြီး မတော်တဆ ခြေထောက်ကျိုးပြီး အိပ်ရာထဲလဲ... အဲသာကနေ မထနိုင်တော့ပဲ ဆုံးသွားခဲ့တယ်။ ဆုံးတာလည်း ညင်ညင်သာသာပဲ... အဲဒီနေ့နံနက်က သူ့ဘာသာ အိပ်ရာကနေ မနိုးတော့တာ။

အဖေကြီးကတော့ စိတ်အရမ်းတိုတတ်တဲ့သူ။ စိတ်လဲကောက်တတ်တယ်။ သူ့သားသမီးတွေ၊ မြေးတွေကို ဘယ်သူ့ကိုမှ နံမည်မခေါ်ဘူး။ ကလေးလို့ဘဲ ခေါ်တယ်။ ညဖက်စာကျက်နေတဲ့ ကိုယ်တို့တွေ မအိပ်မချင်း ခဏခဏ ထကြည့်တတ်တဲ့သူ။ ပြီးရင် သူက သူနဲ့ အတူလာအိပ်ခိုင်းတတ်တယ်။ အဖေကြီးက အီးတဘူဘူပေါက်တဲ့သူမို့ ကိုယ်တို့တွေ ဘယ်သူမှ သူနဲ့ အိပ်ချင်ကြဘူး။ ပြီးရင် ည ဘယ်လောက် ညဥ့်နက်နက် မနက် ၃နာရီဆို ဘုရားရှိခိုးဖို့ ထတာပဲ။ ပရိတ်ကြီး ၁၁သုတ်၊ ဓမ္မစကြာ၊ ပဋ္ဌာန်း ရှိသမျှ အကုန်ရွတ်တာပဲ။ ရွတ်ပြီး ၅ခွဲ၊ ၆လောက်မှ ပြန်အိပ်တာ။

သူက ကိုယ်တို့ အကစားမက်တာကို မကြီုက်ဘူး။ အဲဒီတော့ သူ့ရဲ့ ရှိသမျှ နှုတ်လို့ရသဲ့ အမွှေးမှန်သမျှ (နှာခေါင်းမွှေး၊ မုတ်ဆိတ်မွှေးစတာတွေကို) မွှေးညှပ် တချောင်းနဲ့ နှုတ်ခိုင်းတော့တာပဲ။ မရှိတော့ပါဘူး... ကုန်နေပီပြောလဲ မရဘူး။ အသားထဲ စိုက်ဝင်နေသာကို အတင်းစမ်းပြီး ဒီမှာ ရှိသေးတယ်... ရအောင်နှုတ်လို့ လုပ်တတ်တယ်။ ကံကောင်းချင်တော့ သူက အသက် ၅၀လောက်ကတဲက ဇာကနာလို ဂတုံးတုံးပြီးနေတဲ့သူ။ အဲသာကြောင့် ဆံပက်ဖြူနှုတ်ရတော့ သက်သာသွားတယ်။ အမွှေးနှုတ်လို့ ကုန်ရင် နင်းရတယ်။ မပြီးနိုင်မစီး နိုင် တမေ့တမောကြီးပဲ နင်းနေရတာ... ငယ်တုန်းက သိပ်စိတ်ညစ်ခဲ့တာပေါ့။ သာပေမဲ့ သူ့စိတ်ကြိုက် လုပ်ပေးပြီးသွားရင် မုံ့ဖိုးကိုတော့ မြိုးမြိုးမြက်မြက်လေး ပေးလေ့ရှိတယ်။ အဖေကြီးက ၂၀၀၄ခုနှစ် အသက် ၁၀၁နှစ်မှာ ကွယ်လွန်သွားခဲ့တယ်။

အမေကြီးက ငယ်ငယ်လေးနဲ့ အသက် ၁၇နှစ်မှာ အိမ်ထောင်ကျခဲ့လို့ ဆုံးခန်းတိုင် စာမသင်ခဲ့ရပေမဲ့ အရမ်းခေတ်မှီတယ်။ သတင်းစာဆို နိုင်ငံတကာသတင်းနဲ့ နိုင်ငံရေးသတင်းတွေကိုမှ အရင်ရွေးဖတ်တဲ့သူ။ ပြီးတော့ သူက သူ့မြေးတွေရဲ့ သာမည စွမ်းဆောင်ချက်လေးတွေကို သဘောတကျနဲ့ ဘယ်လို အသိအမှတ်ပြုပေးရမယ်ဆိုတာ နားလည်တဲ့သူ။ အမေကြီးက အနုပညာ အာရုံခံစားမှုလည်းကောင်းတယ်။ စာသံပေသံ ကာရန် နဘေနဲ့ ပြောတတ်သူဆိုတော့ ကဗျာလည်းဝါသနာပါတယ်။ ကိုယ်ကျောင်းတုန်းကရေးခဲ့တဲ့ ကဗျာစာအုပ်လေးတွေကို သူက ယုယုယယနဲ့ သိမ်းထားတတ်တဲ့သူ။ ကိုယ်ဆွဲတဲ့ ပန်းချီကားတွေကို သေချာသိမ်းထားပြီး ဧည့်သည်လာတိုင်းထုတ်ကြွားတဲ့သူ။ ကိုယ်ထိုးပေးတဲ့ သိုးမွှေးတဘက်ကိုမှ အကောင်းလုပ်ပြီး ကုသိုလ်ရအောင် ဘုရားရှိခိုးတိုင်း ခြုံတတ်တဲ့သူ၊ ကိုယ်ချုပ်ပေးတဲ့ အဘွားကြီးအင်္ကျီလေးကို ဘယ်လောက်ဟောင်းဟောင်း မမေ့မလျော့ ထုတ်ဝတ်တတ်တဲ့သူ။ အမေကြီးက အခုလာမဲ့ ဒီဇင်ဘာမှာ အသက် ၉၉နှစ်ပြည့်မယ်။ သူ့အတွက် ထူးထူးခြားခြား အလှူလေးလုပ်မယ်လို့ စဉ်းစားထားတယ်။

ရှေးလူကြီးတွေဆိုတော့ အဖေကြီး၊ အမေကြီးတို့နဲ့ နေရတာ အနေအထိုင်တော့ အတော် ကျဉ်းကြပ်ခဲ့တယ်။ စကားပြောတာတွေ ဆင်ခြင်ရတယ်။ ဇမ္ဘူဒီပါလက်ယာတောင်ကျွန်း သြဘာနမိတ်ထွန်းတဲ့။ ကျက်သရေမရှိ၊ မင်္ဂလာမရှိတဲ့ စကားမျိုးမပြောရဘူး။ ဒုက္ခပါပဲ၊ သေတော့မှာပဲ၊ သေချင်တယ်၊ လုပ်ကြပါဦး ... စတဲ့ ... စတဲ့ စကားမျိုးလုံးဝမပြောရဘူး။ မတော်တဆ ပြောမိရင် အဲသာ အဆူကောင်းကောင်းခံရပြီပဲ။ အလန့်တကြား အာမေဋိတ်တောင် မလုပ်ရဘူး။ ဆံပင်ကို ဖါးလျားမချရဘူး။ စည်းထား၊ ထုံးထားရတယ်။ ဖားလျားချတာ အပူသည်တွေလုပ်တာတဲ့။ ပြီးတော့ အမြဲလဲ အုန်းဆီရွှဲနေအောင်ထည့်ရသယ်။ ဆီမရှိတဲ့ ပြောင်းဖူးမွှေးဆံပင်က ဆင်းရဲသားတွေတဲ့။

ဘုရားစင်ရှေ့ အကြောင်းမရှိပဲ မသွားရဘူး။ ခြေဆင်းမထိုင်ရဘူး။ ဒူးပေါ်မေးမတင်ရဘူး။ မေးမထောက်ရဘူး။ ခါးမထောက်ရဘူး။ ခြေမချိတ်ရဘူး။ မပြေးရဘူး။ ခြေနင်းမကြမ်းရဘူး။ မီးဖိုချောင်ထဲ ဟင်းချက်ရင်း သီချင်းမညည်းရဘူး။ မိန်းမကောင်းဆိုတာ သွား၎ချောင်းပဲ ပေါ်အောင်ပြုံးတတ်ရမတဲ့။ ထမင်းစားရင် ပန်းကန်ပြောင်အောင်မစားရဘူး။ ပြတ်ပြတ်မမြည်ရဘူး။ ထမင်းစားရင်း စကားမပြောရဘူး။ စတာ... စတာတွေ အများကြီးပဲ။ အ၀တ်အစားနဲ့ ပါတ်သက်လို့တော့ လက်ပြတ်မ၀တ်ရ၊ လည်ဟိုက်မ၀တ်ရ၊ ထမီအင်္ကျိပြောင် အနီ၊ အနက် မ၀တ်ရတဲ့။

အမေကြီးက ယောက်ျားတွေဟာ မိန်းမတွေထက် မြင်ြ့မတ်တယ်လို့ ယုံကြည်တယ်။ အိမ်မှာ ယောက်ျား၊ မိန်းမ ရေချိုးခန်းခွဲထားတယ်။ အဖေကြီး ရေချိုးရင်သုံးတဲ့ ရေခွက်၊ ဆပ်ပြာ၊ သတ်သတ်ခွဲထားရတယ်။ မိန်းမတွေ ယူမသုံးရ။ ယောက်ျားလေးတွေလာလည်ရင် ဘယ်လောက် ငယ်ငယ် အမေကြီးက သူအမြင့်မှာ ထိုင်နေရင် ချက်ချင်း ထပြီး ဖယ်ပေးတယ်။ အိမ်ကို ကိုယ်တို့ သူငယ်ချင်း ယောက်ျားလေးတွေ လာလည်လို့ အချင်းချင်းပြောင်နောက်ပြီး ကောင်စုတ်လို့ ပြောမိရင်၊ ခြေထောက်နဲ့ရွယ်မိရင် အမေကြီးက ကိုယ့်နဖူးကို ဒေါက်ကနဲ ခေါက်လိုက်တာပဲ။ ယောက်ျားလေးတွေကို ဘာလို့ မရိုမသေလုပ်ရတာလဲတဲ့။ အဲသာများ အခု မေမေလည်း အဲသလို အတူတူပဲ။ အဲသာကြောင့် သူငယ်ချင်းတွေက ကိုယ့်ကို စိတ်မဆိုးဆိုးအောင်စ... ကိုယ်ကစိတ်ဆိုးလို့ တခုခု လုပ်မယ်ကြံရင်... ဒီမှာ အန်တီ... အနော်တို့ကို ကောင်စုတ်လို့ ပြောပါတယ်။ ခြေထောက်နဲ့ရွယ်ပါတယ်လို့ တိုင်ကြတယ်။

ကိုယ်တို့ မောင်နှမတတွေ တခုခု မဟုတ်တာလုပ်ရင် အဖေကြီးက စိတ်တိုတတ်သူပီပီ တွေ့ရာတုတ်တချောင်းနဲ့ဆော်လေ့ရှိပြီး၊ အမေကြီးကတော့ မသိသလို တရားစောင်း ဟောလေ့ရှိတယ်။ သူဟောတဲ့ တရားစောင်းက များသောအားဖြင့် လူကြီးစကားနားမထောင်လို့ နောင်ဘ၀ ချေးကြုံးတဲ့ အမျိုးမှာ ၀င်စားတတ်တယ်ဆိုတာနဲ့ အဆုံးသတ်လေ့ရှိတယ်။ အထူးသဖြင့် အဆူခံရတာတွေကတော့ မောင်နှမတွေ ရန်ဖြစ်ကြလို့ရယ်၊ စကားအကျယ်ကြီးပြောမိတာတွေရယ်၊ အာပြဲကြီးနဲ့ ရီမိတာတွေပေါ့။ အမေကြီးက ပြောတယ်။ မိန်းကလေးဆိုတာ ချစ်သနားဖွယ်လေးဖြစ်အောင် နေတတ်၊ ထိုင်တတ်၊ ပြောတတ်၊ ဆိုတတ် ရတယ်တဲ့။ ခုတော့ နင်တို့စကားပြောနေကြတာ နားထောင်ရတာ ဘာကိုမှ နားမလည်ဘူး။ ခွေးတွေ ၀ိုင်းကိုက်နေကြသလိုပဲတဲ့လေ။

အခု... ဒီစည်းကမ်းတွေ ပြောပြလို့ ဒေါ်စုချစ်တို့ အဲသလို လိုက်နာတယ်လို့တော့ မထင်ကြပါနဲ့။ ဟီး...။ အဖေကြီး၊ အမေကြီးတို့ သွန်သင်သလို တသွေမတိမ်းဖြစ်မလာခဲ့ပေမဲ့၊ အဖေကြီး အမေကြီးတို့ ဆိုဆုံးမခဲ့တာလေးတွေကိုတော့ ခုထိ မမေ့မလျော့ နားထဲကြားယောင်ဆဲ... သူတို့ ကိုယ့်နားမှာမရှိပေမဲ့ သူတို့မကြိုက်တာလေးတွေ လုပ်မိရင် အလိုလို စိတ်ထဲ တွန့်တွန့်သွားနေဆဲဆိုတာတော့ ၀န်ခံရပါမယ်။

ဘွားဘွားကြီး၊ အဖေကြီး၊ အမေကြီးတို့ကို ဤစာဖြင့် ရိုသေစွာ ကန်တော့လိုက်ပါတယ်။

**************************

Sunday, October 18, 2009

၄၇နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

၁၈-၁၀-၂၀၀၉
၄၇နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့


Happy Birthday to
My Dearest Brother Ko Min Ko Naing

အစ်ကိုကြီးကိုမင်းကိုနိုင်ကို ၁၉၈၉ခု မတ်လ(၂၃)ရက်တွင် ပထမဆုံးအကြိမ် ဖမ်းဆီးထောင်ချခဲ့ပြီး ၂၀၀၄ခုနှစ် နိုဝင်ဘာ(၁၉)ရက်တွင် ထောင်မှပြန်လွတ်ခဲ့ပါသည်။
၂၀၀၆ခု စက်တင်ဘာ(၂၇)ရက်တွင် ထပ်မံဖမ်းဆီးခံခဲ့ရပြီး ၂၀၀၇ခု ဇန်န၀ါရီလ(၁၁)ရက်တွင် ပြန်လည်လွတ်လာခဲ့ပါသည်။
၂၀၀၇ခု သြဂုတ်(၂၁)ရက်ညတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅)နှစ် ကျခံနေရပါသည်။
ယခုတဖန် ပြန်လည် လွတ်မြောက်လာမည့်ရက်မြတ်အား စောင့်စားမျှော်လင့်လျက်....

*****************

အစ်ကိုကြီး ကိုမင်းကိုနိုင် စစ်တွေထောင်တွင် စပ်ဆိုခဲ့သော ကဗျာတပုဒ်



Friday, October 16, 2009

Four-O Present for U!!!!!

Some say, life begins at four-O.

It’s hard to believe that

you will begin new chapter of life starting from today.

But I know you are aging like fine wine!

I wish you be enjoy real peace, real harmony and real happiness.





On this very special day,

I have a surperb birthday present for you!!!!!

I will let you win an argument……………………….!!!!!
Cheers!!!!!!!!!!!!!!!!!!!!
&
Happy Birthday four-O.

Wednesday, October 14, 2009

တေးထပ် သုံးသပ် ဝေဖန်ချက်

မယ်ကင်းတေးထပ် သုံးသပ် ဝေဖန်ချက်

ဤတေးထပ်နှစ်ပုဒ်ကို ပြန်လည်သုံးသပ်ကြည်ံပါလျှင် ပထမတေးထပ်သည် ဆရာကင်းစစ်ကိုင်းချောင် တွင်နေစဉ်က ရေးသောတေးထပ်၊ သို့မဟုတ် စစ်ကိုင်းတောင်တွင် နေစဉ်က ရေးသောတေးထပ်ဖြစ်ဖွယ်ရှိသည်။ တေးထပ်ပါ အချက်အလက်တို့ကို ပြန်လည်သုံးသပ်လျှင် ဆရာကင်း၏တေးထပ်၌ (ဂူမွေ့လို့ လူတွေ့ရှောင်တယ်) ဟူသောအချက် (ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းချူတယ်) ဟူသောအချက် (မထိပ်သာ စိတ်ရဲလို့ မိတ်ဖေါ်လဲမပါ) ဟူသောအချက် (တောခလို့ လောဘပယ်တယ် မောဟကွယ် ရှိဘူးထင့်လေး ) ဟူသောအချက် တို့ကို ထောက်ထားလျှင် ဆရာကင်းသည် မင်းတုန်းဘုရင်က နေပြည်တော်သို့ ပင်ြ့ပီးမှရေးသော တေးထပ်မဟုတ်နိုင်၊ တောသံ တောင်သံ ဂူအောင်းသံတွေပါနေသဖြင့် ဆရာကင်းအဖြစ် ထင်ရှားပြီးမှ ရေးသောတေးထပ် မဟုတ်နိုင်။

ထို့အပြင် စစ်ကိုင်းတောင်တွင် ဆရာကင်းအဖြစ် ထင်ရှားသည့်အခါ စာပေပရိယတ္ထိပို့ချနေစဉ်ကာလတွင် သို့မဟုတ် ဗန်းမော်ဆရာတော် စစ်ကိုင်းချောင်သို့ ရောက်ပြီးမှ ရေးသောစာ မဖြစ်နိုင်ပေ၊ အကြောင်းမူကား ဆရာကင်း၏တေးထပ်နှင့် ဆရာကင်းအဖြစ် ထင်ရှားနေသော လက်တွေ့ဘ၀မှာ ကွာဟ ကွဲလွဲနေသောကြောင့်ဖြစ်သည်။ ဆရာကင်း၏တေးထပ်သည် (လူများကိုမတွေ့လို ဂူထဲတွင် ပျော်မွေ့လိုသည်) ဟူ၍၎င်းင်း၊ (ကမ္မဋ္ဌာန်း ဘာဝနာ ပွားများ၍ မဂ်လမ်းကို တက်လှမ်းရန် ရည်ရွယ်သည်) ဟူ၍၎င်း၊ (အဖေါ်မပါဘဲ စိတ်ကို ရဲဆေးတင်၍ မထိပ်သာ မလန့်သာ ဘာဝနာ ပွားများတော့မည်) ဟူ၍၎င်း တွေ့ရပေရာ ဆရာကင်း၏ လက်တွေ့ဘ၀မှာ ပဋိပတ္တိ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုထက် ပရိယတ္ထိ စာပေပို့ချမှုဘက်ကိုသာ အားထုတ်၍ သီလရှင် တပည့်တပန်းများစွာနှင့် စည်ကားသိုက်မြိုက်စွာ စစ်ကိုင်းချောင်တွင် နေထိုင်ကြောင်း တွေ့ရပေမည်။ (ဆရာကင်း၏ တေးထပ်ကို တဖန်ပြန်လည်ဖတ်ရှု၍ သုံးသပ်ကြည့်စေလိုပါသည်။)

ထိုအချက်များထက် (မထိပ်သာစိတ်ရဲလို့ မိတ်ဖေါ်လဲမပါ) ဟူသောအပိုဒ်သည် အားငယ်သံပါနေ၍ ငယ်စဉ်က ရေးသော တေးထပ် ဖြစ်ဘို့ဘက်က များလေသည်။

****************************

ဗန်းမော်ဆရာတော်၏ တေးထပ် သုံးသပ်ချက်

ဗန်းမော်ဆရာတော်၏ ပြန်လည်ချေပထားသော တေးထပ်ကို ဝေဘန် သုံးသပ်ကြည့်လျှင် (မန်းသေလာတောင်မြင့်မှာ ဖေါ် မလင့် ဧကစာ) ဟူသော အပိုဒ်တပိုဒ်တည်းကိုသာ ဝေဘန်သုံးသပ်လျှင် အဖြေတခု သို့မဟုတ် ဗန်းမော်ဆရာတော်က ပြန်လည်ချေပသည့် တေးထပ် ရေးစပ်သည့်ကာလကို ခန့်မှန်းနိုင်လိမ့်မည် ထင်ပါသည်။

''မန်းတောင်ရိပ်သေလာမှာ ဧကစာ ကျင့်သုံးလို့ '' ဟူသော အပိုဒ်အရ ဆရာကင်းသည် စစ်ကိုင်းတောင်ရိုးသို့ မရောက်သေး၊ သို့မဟုတ် ဆရာကင်းကို မင်းတုန်းမင်း မန္တလေးသို့ ပင့်ဆောင်ပြီးနောက်မှ ရေးသောတေးထပ်ဖြစ်ရပေမည်။ ဗန်းမော်ဆရာတော်၏ ချေပချက် တေးထပ်တွင် (မန္တလေးတောင်) ဟူ၍၎င်း ''ဖေါ်မလင့် ဧကစာ'' ဟူသောအပိုဒ်အရ အဖေါ်မပါဘဲ မန္တလေးတောင်တွင် တဦးတည်း ကျင့်ကြံ အားထုတ်မှုဟူသော အဓိပ္ပါယ်ကို ဖေါ်ပြနေပေရာ ဗန်းမော်ဆရာတော်၏ တေးထပ်အရတွင်လည်း ဆရာကင်းငယ်ရွယ်စဉ်ကာလတွင် ချေပရေးသားထားသောတေးထပ်ဖြစ်ကြောင်း ယူဆရန်ဘက်က အလေးသာနေပေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကင်း မန္တလေးတွင် ရှိနေကြောင်း ထင်ရှားသည့်အချက်က တချက်၊ ထို့နောက် မင်းတုန်းမင်း ပင့်ပြီးမှ နန်းတွင်းသူများကို စာပေပို့ချနေစဉ်ကာလ၊ တပည့်တပန်း မြောက်များစွာ ရှိနေသောကာလမဟုတ်ဘဲ (အဖေါ်မပါ ဧကစာ) ကျင့်သည့်အကြောင်း ဗန်းမော်ဆရာတော်၏ တေးထပ်က ဖေါ်ပြနေပေသည်။

****************************

ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်း

ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်း

မြန်မာစာပေသမိုင်းတွင် ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့၏ အကြောင်းမှာ အထင်ရှားဆုံးသော စာဆိုနှစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တဦးနှင့်တဦး စာချိုးကြရာမှာ အညှာမပေးတတ်သော ကဗျာပဂေးနှစ်ဦးဖြစ်၍၎င်း၊ ''ဂမ္မဒေါသ'' သင့်အောင်ပင် စာစပ်ကြသောကြောင့်၎င်း၊ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ သတင်းမှာ ယနေ့တိုင်ထင်လင်းနေပေသေးသည်။

ဗန်းမော်ဆရာတော်သည် ဘုန်းကြီးလောကတွင် ထင်ရှားခဲ့သလောက် သီလရှင်မယ်ကင်းမှာလည်း သီလရှင်လောကတွင် အလွန်ထင်ရှားသော ဆရာတဆူအဖြစ် ဂုဏ်ရှိန်ကြီးမားသော ပုဂ္ဂိုလ်တဦးပင်ဖြစ်သည်။ သီလရှင်မယ်ကင်းဟု အဖျားဆွတ်၍ လွယ်လွယ်ပင်ခေါ်ခဲ့ကြသော်လည်း အမှန်မှာ ဆရာကြီး ဆရာကင်းပင်ဖြစ်သည်။ ကစ္စည်းသဒ္ဒါကြီး၊ သင်္ဂဟနှင့် ဋီကာကျော်များ၊ အဋ္ဌသာလိနီ အဋ္ဌကထာနှင့်၊ သမ္မောဟ ၀ိနောဒနီ အဋ္ဌကထာများ၊ ည၀ါနှင့် အဋ္ဌကထာများ သင်ကြားတတ်မြောက်ခဲ့သူဖြစ်ပေသည်။

သီလရှင်မယ်ကင်းမှာ ကသည်းလူမျိုးဖြစ်သည်။ ငယ်ဖြူဖြစ်၍လူမှုကိစ္စအ၀၀တို့နှင့် ကင်းကွာခဲ့လေသည်။ ငယ်စဉ်ကပင် စာပေပရိယတ် လေ့လာလိုက်စားမှုကိုသာ အစဉ်မပြတ် အချိန်ရှိသမျှ သင်ကြားခဲ့ခြင်းကြောင့် ထိုခေတ်ထိုအခါတွင် စာတတ်ပေတတ်စာရင်းတွင် ပေါ်လွင်ထင်ရှားခြင်းဖြစ်လေသည်။

စစ်ကိုင်းတောင် ဂူတလုံးချောင်တွင် တောရဆောက်တည်နေထိုင်၍ ထွဋ်ခေါင်ဆရာတော်ထံတွင် ည၀ါနှင့် အထကဋ္ဌာများ သင်ကြားခဲ့သည်။ ထို့ကြောင့်လည်းဆရာကင်းသည် မိမိသင်ကြားတတ်မြောက်သည့် ပညာများကို သီလရှင်တပည့်များနှင့် ၀ါသနာပါသူ လူဝတ်ကြောင်မိန်းကလေးများကို သင်ကြားပို့ချ၍ပေးခဲ့လေသည်။ ပရိယတ္ထိစာပေ သင်ကြားပို့ချသည့်အတွက်လည်း ကျောက်ထီးကန္တု အလေးပြုအပ်သည့် ဆရာကြီးတဆူအနေဖြင့် စာတတ်ပေတတ်သီလရှင်အများအပြားကို မွေးထုတ်ပေးခဲ့ပြီး သီလရှင်လောကကြီး စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်ဖြစ်ပေသည်။

ထိုမှတပါးလည်း သုဓမ္မာဝင်ဖြစ်သည့် ရှမ်းကလေးကျွန်းဆရာတော်သည် ဆရာကင်း၏မောင်အရင်းဖြစ်သည်။ ရှမ်းကလေးကျွန်းဆရာတော် အရှင်နန္ဒမှာ သုဓမ္မာဝင်ဆရာတော်များထည်းတွင် ကျော်ဇောထင်ရှားသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ မင်းတုန်းမင်းတရားကြီး၏ လေးစားကြည်ညိုမှုကို ခံယူရသည်။ ထိုရှမ်းကလေးကျွန်းဆရာတော်၏ ၀ိနိစ္ဆယပြန်တမ်းအတွက် ဗန်းမော်ဆရာတော် ဗန်းမော်မြို့သို့ အပို့ခံရခြင်းဖြစ်သည်။

ဆရာကင်းသည် မင်းတုန်းဘုရင် ကြည်ညိုလေးစားသောရှမ်းကလေးကျွန်းဆရာတော်၏ အစ်မအရင်းဖြစ်၍တကြောင်း၊ ကိုယ်တိုင်ကလည်း စာတတ်ပေတတ် ပုဂ္ဂိုလ်အကျော်ဖြစ်၍တကြောင်း သီလရှင်သာသနာကို ကြီးမားပြန့်ပွားအောင် ဆောင်ရွက်နေသူဖြစ်၍တကြောင်း မင်းတုန်းမင်းသည် ဆရာကင်းကို အလွန်ပင်လေးစားလေသည်။

စစ်ကိုင်းချောင်တွင် ကျော်ဇောထင်ရှားသည့် သီလရှင်ကြီးတပါးရှိသေးသည်။ ထိုသီလရှင် ဆရာကြီးမှာ ဆရာမယ်နတ်ပေးဖြစ်သည်။ ဆရာမယ်နတ်ပေးသည် ပဋိပတ္တိ ကမ္မဋ္ဌာန်းဘာဝနာဘက်၌ ကြိုးပမ်းအားထုတ် တရားပြသမှုတွင် ထင်ရှားကျော်ကြားသည်။ ၁၂၂၁-ခုနှစ်တွင် ဆရာကင်းနှင့် ဆရာမယ်နတ်ပေးတို့ကို နေပြည်တော်သို့ ပင့်ဆောင်လေသည်။ မင်းတုန်းမင်းကြီး ပင့်ဆောင်သည့်အခါတွင် ဆရာကင်းတို့က မင်းတုန်းမင်းထံ ကတိသုံးချက်တောင်းခံသည်။

၁။ မိမိသည် မိန်းမသားဖြစ်၍ ဆရာတော် သံဃာတော်များကို ရိုသေလေးစားရပါမည်။ သို့ဖြစ်၍ ပြဿာဒ်၊ ဘုံဆောင်အဆင့်ပါသည့် ကျောင်းဇရပ်များ ဆောက်လုပ်လှူဒါန်းခြင်းမပြုပါရန်။
၂။ မည်သည့်ဘွဲ့တံဆိပ်တော်မှ ဆက်ကပ်လှူဒါန်းခြင်းမပြုပါရန်။
၃။ ဆွမ်းဝတ် ဆွမ်းအုပ်များ မလှူဒါန်းရန်တို့ ဖြစ်သည်။

ဤကတိသုံးချက်ရသဖြင့် နေပြည်တော်သို့ လိုက်ပါခဲ့လေသည်။ နန်းတွင်းရှိ မိဖုရားများ၊ သမီးတော်များ၊ နန်းတွင်းသူများကို စာပေပရိယတ္ထိ ပို့ချပေးလေသည်။ ဆရာကင်းသည် နန်းတွင်းနန်းပြင်၌ ထင်ရှားသည့် ရှမ်းကလေးကျွန်း ဆရာတော်နှင့် ဆရာကင်းတို့မှာ မောင်နှမလည်းဖြစ်၍ မင်းတုန်းဘုရင်အပေါ် သြဇာသက်ရောက်၍ မင်းနှင့်အကျွမ်းတ၀င်နေကြသဖြင့် အချို့သော ဆရာတော် သံဃာတော်များမှာ လိုလား နှစ်သက် ကြဟန်မရှိပေ။ ထိုအထဲတွင် ဗန်းမော်ဆရာတော်က ထိပ်တန်းက ပါနေမည်မှာ မလွဲပေ။ ဗန်းမော်ဆရာတော်၏ ပင်ကိုယ်သဘောကပင်လျှင် အခွင့်ထူးခံသူများ၊ ဘုရင့်အနီးတွင်နေပြီး ဘုရင့်စိတ်ကြိုက် လိုက်၍နေသူများကို ရွံရှာမုန်းတီးသည့်သဘော ရှိပေသည်။ ထို့ကြောင့်လည်း ဆရာကင်းနှင့်ပတ်သက်လာလျှင် ဗန်းမော်ဆရာတော်သည်အညှာမပေး။ ပက်ပက်စက်စက် ရက်ရက်စက်စက် တွယ်လေ့ရှိပေသည်။ မြန်မာစာပေတွင် ဗန်းမော်ဆရာတော်နှင့် သီလရှင် မယ်ကင်းတို့၏ အပြန်အလှန်စာချိုးများမှာ ထင်ရှားလှပေသည်။

တခါတွင် သီလရှင်ဆရာကင်းက သံဝေဂတေးထပ် တပုဒ်ကိုရေးစပ်လေသည်။ ထိုတေးထပ်မှာ...

ဘိက္ခူနီဆရာကင်းက တဏှာကွင်းပစ်ပယ်၊
ဗလာကျင်းခေတ်နှယ် ချစ်စဖွယ်ဟန်နွဲ့၊
ဂူမွေ့လို့ လူတွေ့ရှောင်တယ်၊
မြူရွေ့တောင် အားသစ်လို့ခဲ။
ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းချူတယ်၊
တက်လမ်းမူ တနဲ၊
မထိတ်သာ စိတ်ရဲလို့ မိတ်ဖေါ်လဲမပါ၊
ဘာဝနာဘိညာဉ်ကွန် တိမ်ယာဉ်ညွန့်စီးတော့မည့်ခါ
ပုတီးနှင့် အပြီးပါတယ်၊ မညည်းရာဈာန်ရိပ်နှင့်၊
ပန်စိတ်တဲ့သီလသယ် ထူးတဲ့အံ့ဘွယ်၊
တောခလို့ လောဘပယ်တယ်၊
မောဟကွယ် ရှိဘူးထင့်လေး။

ဆရာကင်း၏အထက်ပါတေးထပ်ကို ဗန်းမော်ဆရာတော်တွေ့သောအခါတွင် အောက်ပါအတိုင်း အရွဲ့တိုက်၍ ရေးလိုက်လေသည်။

ဘိက္ခူနီဆရာကင်းက တဏှာကွင်းစွတ်ဖယ်၊
ဗလာကျင်းဝတ်ထည်ကို ချွတ်မယ်လို့ ကုန်ဖွင့်၊
ကူပွေ့လို့ လူတွေ့ခံတယ်၊
မြူရွေ့ဟန် ဆိုတဲ့ အကျင့်။
ပြာတဆုပ်နှင့် မဂ်သုတ်သင်တယ်၊
စက်ဆုပ်ချင်သထင့်၊
မန်းသေလာတောင်မြင့်မှ ဖေါ်မလင့် ဧကစာ၊
လင်မြှော်ခါ ဖန်ရည်ရိပ်ကယ်နှင့်၊
ကြံစည်စိတ်များလှတော့တာ၊
ပုတီးသုံးလို့ လူပုန်းရှာတယ်၊
သူနုံးခါငြိမ်သက်နှင့်၊
ကြံရက်တဲ့သီလသယ် ထူးပေ့အံ့ဘွယ်၊
လောဘနှင့် မောဟတွယ်သည်၊
တောခတယ် မယ်ကင်းတဲ့လေး။ ။

အထက်ပါတေးထပ်နှစ်ပုဒ်မှာ အချိန်ကာလ ဖေါ်ပြထားခြင်းမရှိပေ။ အချို့ကဆိုကြသည်။ ဤတေးထပ်နှစ်ပုဒ်အကြောင်းမှာ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ ပျိုရွယ်စဉ်က အပြန်အလှန် ရေးခဲ့ကြသည်ဟု ဆိုသည်။ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ ငယ်စဉ်က ပညာသင်ဘက်ဖြစ်ခဲ့ကြသည်။ တဦးနှင့်တဦး ရည်ငံခဲ့ကြဟန်တူသည်။ ဗန်းမော်ဆရာတော်လောင်းက ပဉ္စင်းတက်မည်ရှိသောအခါ သီလရှင်မယ်ကင်းထံ ''ဘယ်နှယ်လဲ ပဉ္စင်းတက်ရတော့မှာလား'' ဟုမေးသည်ဆိုသည်။ ထိုအခါ သီလရှင်မယ်ကင်းက အထက်ပါတေးထပ်ဖြင့် အကြောင်းပြန်လိုက်သည်ဟု ဆိုသည်။ ထိုအခါ ဗန်းမော်ဆရာတော်လောင်း မောင်ပဉ္စင်းလောင်းက စိတ်နာနာနှင့် ပြန်လည်ချေပသော တေးထပ်ဖြစ်သည်ဟု အဆိုရှိခဲ့သည်။

*************************

Friday, October 9, 2009

မပျင်းပေါင်ရှင်...


ရုံးက သူငယ်ချင်း မလေးတရုတ်မလေးက ပြောတယ်။ ခုတလော သူ အရမ်းစိတ်ပင်ပန်းတာပဲတဲ့။ အလုပ်လုပ်ရတာ စိတ်ဓါတ်တွေကျတယ်...စိတ်မပါဘူး... နေရထိုင်ရတာလဲ မပျော်ဘူး ... စိတ်ညစ်တယ်တဲ့။

ဘာဖြစ်လို့လဲ... ရုံးမှာအလုပ်တွေ မနိုင်မနင်းများနေလို့လား၊ ဘော့စ် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကတောက်ကဆဖြစ်သလား၊ သားသမီးတွေက ပြောစကားနားမထောင်လို့လား၊ စာမေးပွဲကျလို့လား၊ ကိုယ့်လူကြီးမိဖ တစ်ယောက်ယောက်နေမကောင်းဖြစ်နေလို့လား၊ ယောက်ျားနဲ့ အဆင်မပြေလို့လား၊ ငွေရေးကြေးရေးပူစရာရှိသလား၊ ကိုယ်ကိုယ်တိုင် နေထိုင်မကောင်းဖြစ်နေသလား... စတာတွေ မေးကြည့်တော့ ..ဟင့်အင်း... ခါတိုင်းလို.. ပုံမှန်ပဲ... ဘာမှ မထူးခြားဘူး... ရုတ်တရက် ဖီလင်က ဖြစ်လာတာ... နေရတာ မပျော်တာ သက်သက်တဲ့...။ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်လာ မနက်စာပြင် ရုံးကိုလာ ရုံးအလုပ်တွေလုပ်၊ အချိန်တန် ရုံးဆင်းတော့ အိမ်ပြန်၊ ကလေးတွေ စာသင်၊ ယောက်ျားခူးခပ်ကျွေး၊ ပိတ်ရက်ကျတော့ အိမ်ရှင်း၊ ကိုယ့်ဘ၀အတွက် ဘာမှမလုပ်ရပဲ ဒီလို လည်ပတ်နေတာကြီးကို မုန်းလာ၊ ငြီးငွေ့လာ၊ ဘ၀ကြီးကို ပျင်းလာတာတဲ့.. နင်ကော အဲသလိုမဖြစ်ဘူးလားတဲ့။

ကိုယ်ကပြုံးနေလိုက်တယ်။ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မဖြစ်အောင်နေတယ်... ကိုယ့်ဘ၀ကိုယ် မပျင်းအောင်၊ စိတ်ဓါတ်မကျအောင် နေရတယ်လို့...။ တခါတလေ သူငယ်ချင်းတွေထဲကလည်း အဲသလို ပြောတာမျိုးတွေ ကြားရတတ်တယ်။ ပြီးတော့ ကိုယ်တို့က ကလေးမရှိတော့ နင်တို့ ၂ယောက်ထဲ နေရတာ မပျင်းဘူးလားလို့ မေးတာ ခဏခဏ ကြုံရတယ်။ သူ့မိန်းမနဲ့ ခဏခဏ စကားများတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကဆို ငါသာ နင်တို့လို ကလေးမရှိရင် ငါ့မိန်းမနဲ့ ကွဲတာကြာပြီတဲ့။

သူတို့ကို အသေးစိတ်တော့ ရှင်းပြမနေ၊ ဖြေမနေတော့ဘူးရယ်။ လူဆိုတာ ကိုယ့်ဘ၀အကြောင်းနဲ့ကိုယ်ဆိုတော့ကာ သူနဲ့ ကိုယ်နဲ့ ယှဉ်ပြီးပြောနေလို့မရဘူး။ ကိုယ်နေရတာ ပျင်းတိုင်း၊ စိတ်ညစ်တိုင်း သူများတွေလဲ အဲသလိုပဲနေမယ်လို့ ထင်နေမဲ့သူကိုလည်း နားလည်စွာနဲ့ ငြိမ်နားထောင်ပေးရတတ်တယ်။

တကယ်က ကိုယ်တို့ဘ၀မှာ ပျင်းချိန်တောင်မရှိဘူး။ ကိုယ်က ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာပါတယ်။ မျက်လုံးလေးမှိတ်ပြီး ငြိမ်နေချင်တဲ့သူမှုတ်ဘူး။ ပြီးတော့ ဘ၀မှာ ပုံမှန် အလုပ်တွေနဲ့ လည်ပတ်နေတဲ့ကြားထဲက စိတ်ဝင်စားစရာလေးတွေ၊ ကိုယ့်အတွက်၊ လောကအတွက် အကျိုးရှိမယ်ထင်တာလေးတွေကို လျှောက်လုပ်တတ်တယ်။

ပန်းချီဆွဲတယ်။ စာရေးတယ်။ သီချင်းဆိုတယ်။ အိမ်နားက ဒုံမင်းတီးတဲ့ အန်ကယ်ကြီးအိမ်မှာ စိတ်ရတဲ့နေ့ဆို ရှေးသီချင်းတွေသွားသွားဆိုကြ တီးကြတယ်။ အေးအေးဆေးဆေး လမ်းသလားချင်ရင် ယောက်ယောက်နဲ့ ၂ယောက်သား ဆန်တိုစာဖြစ်ဖြစ်၊ အိစ်ကုပ်မှာ ဖြစ်ဖြစ် လမ်းလျှောက်ကြတယ်။ ကျောက်ဆောင်မှာထိုင်၊ ပင်လယ်ရေတွေကြည့်ရင်း နေကြာစေ့ဝါးတယ်။ ပြီးရင် စက်ဘီးစီးတယ်။

ကုသိုလ်ရေးအတွက်ကတော့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္ဆသွားလုပ်ပေးတယ်။ တခါတခါ ဘာမှလုပ်စရာမရှိလို့ ပျင်းနေတယ်ထင်ရင် ဘုန်းကြီးကျောင်း ကုဋီတွေသွားဆေးတယ်။ ပိတ်ရက်တွေတရားကျောင်းမှာ တရားသွားထိုင်တယ်။ သူငယ်ချင်းအိမ်မှာ တရားစခန်းဖွင့်ရင် သူတို့ဆီ တရားသွားထိုင်တယ်။ ရံဖန်ရံခါ တရားနာတယ်။ အချိန်ရရင်တရားစခန်းတွေမှာ အကူလိုက်လုပ်ပေးတယ်။ ဘုန်းကြီးကျောင်း ၀က်ပေ့ခ်ျ၊ ပိုစတာ လုပ်တာ တာဝန်ယူထားတယ်။

ရုံးဗော်လန်တီယာအဖွဲ့ကနေ ကလေးတွေစာလိုက်သင်တယ်။ နေမကောင်းတဲ့ သူငယ်ချင်း၊ ဒါမှမဟုတ် သူတို့ မိဖတွေ ဆေးခန်းပြစရာလိုအပ်ရင် အကူလိုက်ပေးတယ်။ ဗိုက်ကြီးသည် သူငယ်ချင်းတွေ စားချင်တာလှမ်းပြောရင် ချက်ပြီးသွားပို့ပေးတယ်။ စီဗီရေးခိုင်းတဲ့သူ၊ အလုပ်စာကူရေးခိုင်းတဲ့သူတွေကို ကူညီတယ်။

ဖိုရမ်ထဲ စာရေးတယ်။ ဘလော့လေးလုပ်ထားတယ်။ ဂျီတော့နဲ့ ဟိုလူ ဒီလူတွေနဲ့ သူငယ်ချင်းတွေဖြစ်ကြ၊ နောက်ကြ၊ ပြောင်ကြတယ်။ စိတ်ဆိုးစရာတွေ မဖြစ်အောင် တတ်နိုင်သမျှရှောင်တယ်။

အဲဒီတော့ ကိုယ့်ဘ၀မှာ အလုပ်နဲ့ အိမ် ၂မျိုးထဲ မဟုတ်ပဲ စိတ်ဝင်စားစရာ၊ ပျော်စရာ၊ အကျိုးရှိမယ်လို့ ကိုယ်ယူဆထားတဲ့ အရာပေါင်းများစွာနဲ့ အားချိန်မရှိ လည်ပတ်နေလို့ ကိုယ့်ဘ၀ကြီးက တသမတ်ထဲ သွားနေတယ်လို့ မယူဆ၊ ပျင်းချိန်တောင်မရဘူး။

မြန်မာပြည်လွမ်းတာနဲ့ အိမ်ကလူကြီးမိဖတွေ သတိရတာကလွဲလို့၊ ဒီနှစ်ထဲ ကျန်းမာရေးကြောင့် စိတ်အနှာက်အယှက် အနည်းငယ် ဖြစ်ရတာလေးကလွဲလို့ ဘာမှ စိတ်ညစ်စရာမရှိ၊ ပျင်းချိန်မရ။

ယောက်ယောက်က ကိုယ်လျှောက်လုပ်သမျှ ဘာကိုမဆို အနောက်ကနေ မငြီးမငြူ ပံ့ပိုးပေးတယ်။ အလုပ်လုပ်ရတာလည်း တော်ရုံနဲ့တော့ မငြီးငွေ့ဘူး။ ပျင်းစိတ်ဝင်လာရင် ဒီအလုပ်လေးရှိနေလို့ ဒီပိုက်ဆံလေး ကိုယ်ရနေတာ...။ ဒီပိုက်ဆံလေးရနေလို့ ကိုယ်လုပ်ချင်တာ ကိုယ်လျှောက်လုပ်လို့ရတာ။ ကိုယ့်မိဖတွေ ကန်တော့နိုင်တာ။ ကိုယ်လှူချင်တာ လှူနိုင်တာ။ အလုပ်ကိုမငြီးငွေ့တဲ့အပြင် ကျေးဇူးတောင်တင်သေးတယ်။

အဲ... မနက် အိပ်ရာထတာကတော့ ပျင်းတယ်။ တခါတခါ ညမိုးချုပ်ထိနေမိလို့ မနက်ရုံးအသွားမှာ အိပ်ရေးကမ၀ဘူး။ ယောက်ယောက်က ဟိုတုန်းက ဖေဖေ ကိုယ့်ကို ကျောင်းလိုက်ပို့သလိုမျိုး။ ကိုယ့်ရုံးအိတ်နဲ့ သူ့ရုံးအိတ်ကိုပုခုန်းတဖက်မှာရောလွယ်၊ သူ့အတွက်နဲ့ ကိုယ့်အတွက် ရုံးထမင်းဘူးအိတ်တွေကို လက်တဖက်ကကိုင်၊ လက်တဖက်က ကိုယ့်လက်ကိုဆွဲ.. မနက်၇နာရီ၁၅မိနစ်ဆို ရုံးသွားကြဖို့ ကားဆီကို အိမ်က အတူထွက်ကြတယ်။

သူ့ရဲ့နွေးထွေးတဲ့လက်နဲ့ထိတွေ့ရတဲ့ မနက်ခင်းဟာ အိပ်ရေးမ၀လို့ နောက်ကျိနေတဲ့၊ ပျင်းနေတဲ့ ကိုယ့်စိတ်ကို နေ့သစ်အတွက် ခွန်အားရှိအောင် အားအင်သစ်တွေ လောင်းထည့်ပေးသလိုပဲ။
ကဲ... ဘယ်မှာလဲ... ပျင်းချိန်... စိတ်ညစ်ချိန်....

၀၈-၁၀-၂၀၀၉
ည ၁၁း၁၁မိနစ်
(ယောက်ယောက်သို့... ၈နှစ်မြောက်မင်္ဂလာ အမှတ်တရ... )

Thursday, October 8, 2009

SMC 5th Kathina Robe Offering Ceremony (11-10-09)

Dear Friends, Sisters and Brothers,

We are happy to extend an invitation on SMC 5th Kathina Robe Offering Ceremony on 11th October 2009, Sunday at 9 am.

Our group (Myanmar Cupid Singapore Community) is going to prepare big money tree to offer in Kathina day.

I will be offering Butter rice and chicken curry to all devotees in Kathina day. Also there is food fiesta in Kathina day, offering different kinds of Burmese foods to everybody such as, Mote Hin Khar, Nan Gyi Thote, Shwe Yin Aye, Burmese tea, Burmese semolina, etc.

Programme on 11 October 09 (Sun)

8.45 am All sponsors to be seated
9.00 am The Venerable Sangha take their seats
Taking of 5 precepts by the devotees
Offering of Kathina robes and requisites by the main sponsor followed by devotees
Dhamma Talk
Sharing of Merits
11.00 am Sanghikadana – Offering of lunch to the Sangha
Lunch for all devotees

Address
Satipatthana Meditation Centre
40 Jalan Malu-Malu, Sembawang Springs Estate
Singapore 769657

MAP --> http://www.smcmeditation.org/SMC_map.htm

Please come and participate in this meritorious offering ceremony with us.
Thanks.

with metta,
SuuChit

Monday, October 5, 2009

သီတင်းကျွတ်ညလေးတည ပြန်လည်ကာ သတိရမိပါတယ်


''သီတင်းကျွတ်ညလေးတည ပြန်လည်ကာ သတိရမိပါတယ်''


မနေ့က သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှာ ဘုရားမီးပူဇော်ပြီး တအိမ်လုံး ရေချိုးခန်း၊ မီးဖိုချောင်၊ အိပ်ခန်းတွေကအစ...ဖယောင်းတိုင်မီးခွက်လေးတွေ ထွန်းတယ်။ ပြီးတော့ လျှပ်စစ်မီးတွေပိတ်ပြီး ဖယောင်းတိုင် မီးရောင်လေးတွေနဲ့ နေကြတာ အိမ်လေးက လှလိုက်တာ၊ ကျက်သရည်ခငြောင်းလိုက်တာဆိုတာ...။ ဒီတခါ သီတင်းကျွတ်လပြည့်နေ့က ပိတ်ရက်နဲ့ တိုက်ဆိုင်လို့ ဥပုသ်လေးရသွားတယ်။

ညကဘုန်းကြီးကျောင်းကအပြန်မှာ ညီမလေးက ကိုယ်တို့ ၂ယောက်စလုံးကြိုက်တဲ့ ဒိုးနတ်မျိုးစုံမုံ့ဘူးကြီးနဲ့ သီတင်းကျွတ်ကန်တော့တယ်။ အိမ်ကယောက်ယောက်က ကိုယ်ကလွဲရင် သူ့ကို ဘယ်သူမှ ကန်တော့တာမခံဘူးတော့ ဘာဆုပြန်ပေးရမှန်းမသိဘူးဖြစ်နေတယ်....။ ညီမလေးက အစ်ကိုကြီး နဲ့ မမလတ်ကို ကန်တော့ပါတယ်လည်းပြောရော... ပြုံးပြုံး...ပြုံးပြုံးနဲ့... အေး..နင်ပေးတဲ့ဆုနဲ့ ပြည့်ရပါစေတဲ့...။ ဟာ...မှားနေပြီလေ... ဟိုက ကန်တော့နေတာ..ဆိုတော့မှ အေး..ဟုတ်သားဆိုပြီး ရီပြီး ဘာပြောရမယ်မှန်းမသိ ခေါင်းတွေကုပ်နေတယ်။ ကိုယ်ကတော့ ညီမလေးအတွက် သေချာဆုမွန်ကောင်းလေးပေးလိုက်တယ်။

ကိုယ်တို့မိသားစုမှာ ငယ်ငယ်လေးကတဲက ကြီးစဉ်ငယ်လိုက်ကန်တော့ကြတာ အလေ့အထမို့ ကိုယ်တို့အတွက်တော့ ကန်တော့တာ၊ အကန်တော့ခံရတာ မဆန်းဘူး။ ညတိုင်း ဘုရားရှိခိုးပြီးတာနဲ့ အဖိုး၊ အဖွား၊ အဖေ၊ အမေကို ကန်တော့ပြီးမှ အိပ်ရတယ်။ ပြီးရင် မောင်နှမတွေ ကြီးစဉ်ငယ်လိုက်ကန်တော့ကြတယ်။ ကျောင်းသွားခါနီးတိုင်း၊ အပြင်ထွက်ခါနီးတိုင်း ဘုရားကန်တော့၊ လူကြီးတွေ ကန်တော့ပြီးမှ ထွက်ကြရတယ်။

သီတင်းကျွတ်ဆိုရင် လပြည့်နေ့မှာ တအိမ်လုံးဥပုသ်စောင့်ကြရတယ်။ လပြည့်ကျော်၁ရက်နေ့ကြမှ မုံ့တွေ၊ သစ်သီးတွေကို ဗန်းတွေထဲထည့်ပြီး အင်္ကျိလှလှပပလေးတွေဝတ်လို့ လူကြီးမိဖတွေကို လိုက်ကန်တော့ကြရတယ်။ ပြီးရင် တန်ခိုးကြီး ဘုရားတွေကို သွားရောက်ဖူးမြှော် ဆီမီးပူဇော်ကြတယ်။ အဲသာကတော့ ကိုယ်တို့မိသားစုရဲ့ သီတင်းကျွတ်တေးသံပဲ။

စင်ကာပူကို ထွက်မလာခင် နောက်ဆုံးနှစ်က ယောက်ယောက်နဲ့ ရည်းစားဖြစ်ပြီး ၂လလောက်အကြာ သီတင်းကျွတ်လကိုရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် သီတင်းကျွတ်လပြည့်နေ့နဲ့ သူ့မွေးနေ့က အဲဒီနှစ်မှာ တိုက်ဆိုင်နေတယ်။ သိတဲ့အတိုင်း မန်းလေးသီတင်းကျွတ်ဆိုတာကလည်းအရမ်းကိုစည်တာ။ အဲဒီနေ့က သူနဲ့ နှစ်ယောက် ဆိုင်ကယ်လေးနဲ့ မန်းလေးက သွားလို့ရနိုင်သမျှ နေရာစုံ ဘုရားသွားဖူးပြီး ဘုရားဝင်းတွေမှာ ဆီမီးပူဇော်ကြတယ်။

တိမ်ကင်းစင်တဲ့ မီးခိုးပြာရောင်ရင့်ရင့် မိုးကောင်းကင်ကြီးပေါ်က ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးက ပြုံးပြီးငုံ့ကြည့်နေသလို...လောကကြီးက အေးချမ်းသာယာလို့။ ဘုရားရိပ် တရားရိပ်ကလည်း ငြိမ်းအေးချမ်းမြေ့လို့...။ ရင်ထဲမှာ အတိုင်းမသိ ကြည်နူးရတာ ခုပြန်တွေးမိလိုက်တိုင်းပဲ။ ဘုရားရှိခိုးဆုတောင်းပြီး ဖယောင်းတိုင်မီးလေးတွေကို ဘုရားရင်ပြင်တော်မှာ ပတ်ပတ်လည် မီးပူဇော်ကြရတာ.. အရမ်းကိုပျော်စရာကောင်းပါတယ်။ တွေးမိတိုင်းလည်း လွမ်းဆွတ်သတိရမိတယ်။

အဲဒီနှစ်က ယောက်ယောက်ကို ပုဆိုး၊ ဖိနပ်တို့နဲ့ ကန်တော့တယ်။ သူက မထင်မှတ်ဘဲ ကန်တော့ခံရလို့ အံ့တွေသြပြီးရှက်နေသေး.. ဆုကလည်းမပေးတတ်တော့... ဘာလုပ်ရမယ်မှန်းမသိ ခေါင်းတွေကုပ်ပြီး... ပြုံးပြုံးပြုံးပြုံးနဲ့.. ကျေးဇူးဘဲတဲ့။ နောက်တော့ သူ့အိမ်ကလူကြီးတွေကြိုက်တတ်တဲ့ စားစရာမုံ့တွေဝယ်ပေးလိုက်ပြီး ကိုယ်စားကန်တော့ခိုင်းလိုက်သေးတယ်။

တကယ်က မြန်မာပြည် သီတင်းကျွတ်ကိုပြန်ချင်တာ အရမ်းပဲ။ တချို့က မြန်မာနှစ်သစ်ကူး သင်္ကြန်ဆိုရင် မြန်မာပြည်ပြန်ချင်ကြတယ်လို့ပြောတယ်။ ကိုယ်ကတော့ နှစ်သစ်ကူးသင်္ကြန်ထက် မြန်မာပြည်သီတင်းကျွတ်၊ တန်ဆောင်တိုင်တွေကို ပိုလွမ်းတယ်။

တွေးလိုက်တိုင်း နောက်နှစ်သီတင်းကျွတ်တော့ ပြန်ဖြစ်အောင် ပြန်မယ်..ပြန်ဖြစ်အောင် ပြန်မယ် လို့ ရည်ရွည်ရင်းနဲ့ပဲ သီတင်းတွေလည်းကျွတ်ပေါင်းများခဲ့ပြီ။ ကိုယ်လည်း မြန်မာပြည် သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ ဝေးခဲ့တာ ၁၂နှစ်တိုင်ခဲ့ပါပြီ။

******************

Thursday, October 1, 2009

ထွဋ်ခေါင်ဆရာတော်သို့ စာချိုးခြင်း

ထွဋ်ခေါင်ဆရာတော်သို့ စာချိုးခြင်း

ထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် ပရိယတ္တိ ပဋိပတ္တိနှင့် ပြည့်စုံ၍ မင်းတုန်းဘုရင်ကြီးက အလွန်ပင် ကြည်ညို ကိုးကွယ်ထားသော်လည်း မန္တလေးနေပြည်တော်တွင် နေတော်မမူဘဲ စစ်ကိုင်းတောင်ရိုးရှိ ပိတောက်ချောင်တွင် အရည၀ါသီ တောမှီ ကျင့်သုံးတော်မူသည်။

ထွဋ်ခေါင်ဆရာတော်မှာ ကမ္မဋ္ဌာန်းတရား ဟောကြား ပြသရာတွင် အလွန်နာမည်ကြီးလှ၍ တောရမှီသည့် ယောဂီများနှင့် သီလရှင်များပါ ထွဋ်ခေါင်ဆရာတော်နှင့် နီးရာတွင် ဇရပ်များ ဆောက်လုပ်၍ ဆည်းကပ်ကိုးကွယ်နေကြသည်။

ဗန်းမော်ဆရာတော်လည်း ထွဋ်ခေါင်ဆရာတော်နှင့် မနီးမဝေးပိတောက်ချောင်တွင်ပင် သီတင်းသုံးသည်ဖြစ်ရာ ထွဋ်ခေါင်ဆရာတော်ထံ မကြာခဏ အဖူးအမျှော် ရောက်ခဲ့လေသည်။ ထွဋ်ခေါင်ဆရာတော်မှာ ဗန်းမော်ဆရာတော်ထက် ၀ါတော်ကြီးသည်ဖြစ်၍ ဗန်းမော်ဆရာတော်က ဆည်းကပ်ကိုးကွယ်ခြင်းပင်ဖြစ်သည်။

သို့သော်လည်းဗန်းမော်ဆရာတော်၏ အမြင်တွင် သီလရှင်များဝိုင်းရံနေသော အဖြစ်ကို မမြင်လို မကြည့်လိုပေ။ သို့သော် သက်ကြီးဝါကြီးပုဂ္ဂိုလ်ဖြစ်၍ အောင့်အီး၍နေရပေသည်။ ၀ါသနာဆိုသည်ကားစွန့်ခဲလှပေသည်။ ဗန်းမော်ဆရာတော်၏ ၀ါသနာကို သိခဲ့ပြီးအတိုင်းပင် မျက်စိထဲ အမြင်မတည့်လျှင် စာချိုးချင်သောဝါသနာ၊ ပစ်စာပစ်လိုသော ၀ါသနာမှာ ဒွန်တွဲ၍ နေလေသည်။

ထို့ကြောင့်ပင် တနေ့တွင် ဗန်းမော်ဆရာတော်က အောက်ပါအတိုင်း စာချိုး၍ ထွဋ်ခေါင်ဆရာတော်၏ ကျောင်းဝင်းအတွင်းသို့ ညအခါ တိတ်တဆိတ် စာပစ်၍ထားခဲ့သည်။

စိတ်ပုတီးနှင့် ရိပ်မှီးတဲ့ထွဋ်ခေါင်၊
ဦးရွှေညို သီလချောရယ်နှင့်၊
တောခိုသည့်ချောင်။
ခန္ဓာကောင်၊
ရုပ်ဆောင်တဲ့ရှင်ထွဋ်၊
သီလဆို ဖြူဖြူဆွတ်ကို၊
အားရအောင်ချွတ်။

ထွဋ်ခေါင်ဆရာတော်၏ကျောင်းအနီးသို့ ချထားသောစာချိုးကို နံနက်စောစော တံမြက်လှဲသော ကိုရင်ကြီးက ကောက်ရသဖြင့် ဖတ်ကြည့်ပြီး ဆရာတော်အားဆက်ကပ်လေသည်။

ထွဋ်ခေါင်ဆရာတော်သည် ထိုစာချိုးကို ဖတ်ရှုပြီး ကိုရင်ကြီးအား...
''ဗန်းမော်ဆရာတော်ကို ငါက ဆွမ်းစားပင့်တယ်လို့ လျှောက်ချေပါကွယ်'' ဟု မိန့်တော်မူလိုက်သည်။

ကိုရင်ကြီးသည် ဗန်းမော်ဆရာတော်ထံ သွားရောက်လျှောက်ထားရာ ''အေး..အေး...ငါ အခုလာခဲ့မယ်'' ဟုပြောဆိုလိုက်ပြီး ချက်ခြင်းပင် နောက်ကလိုက်၍သွားလေသည်။ ထွဋ်ခေါင်ဆရာတော် ကျောင်းပေါ် သို့ ရောက်လေလျှင် ဗန်းမော်ဆရာတော်က ၀တ်ဖြည့်၍ ရိုသေစွာထိုင်သည့်အခါ ထွဋ်ခေါင်ဆရာတော်က...
''ဘယ်နှယ်လဲ ကိုဗန်းမော် ကျုပ်ကို သီလရှင်တွေနဲ့ ပြောင်လှောင်ပြီး စာချိုးတာလား''
ဗန်းမော်ဆရာတော်က...
''သီလရှင်တွေနဲ့ စွပ်စွဲတာ မဟုတ်ပါဘုရား၊ ဆရာတော်အပေါ် အကြည်ညို သဒ္ဓါပွား၍ စာချိုးမိကြောင်းပါ ဘုရား''
''သယ်... မင်းက စကားလွှဲပြောပြန်ပြီ၊ ဦးရွှေညို သီလချောရယ်နဲ့ဆိုတာ ငါ့နံမည်က ဦးရွှေညိုဆိုတော့ ငါ့ကိုသီလရှင်ချောချောနဲ့ ပေးစားပြီး စာချိုးတာ မဟုတ်လား''
''မဟုတ်ရပါဘုရား... သီလချောဆိုတာ အရှင်ဘုရား၏ သီလတော် စင်ကြယ်ချောမွတ်ခြင်းကို ရည်ရွယ်စပ်ဆိုခဲ့တာပါဘုရား''

ထွဋ်ခေါင်ဆရာတော်က ပြုံးတော်မူ၍ ''တန်စမ်းပါ ဗန်းမော်ရယ်.. မင်းဆိုလိုတာ ဒါ မဟုတ်ပါဘူး၊ မင်း ငါ့ကို နှစ်စွယ်နှစ်ဝ အဓိပ္ပါယ်ရတဲ့ စကားနဲ့ စပ်ထားတာ မဟုတ်လား'' ဟု မေးမြန်းလေမှ ဗန်းမော်ဆရာတော်လည်း ခတ်ပြုံးပြုံးလုပ်၍ နေလေတော့သတည်း။

****************************

ဗန်းမော်ဆရာတော်၏ သဘာဝကဗျာ

ဗန်းမော်ဆရာတော်၏ သဘာဝကဗျာ

ဗန်းမော်ဆရာတော်သည် သီလရှင်များနှင့်ပါတ်သက်၍ သဘာဝ ကဗျာတပုဒ်ကို စပ်ဆိုထားခဲ့သေးသည်။ ထိုကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။

မကျွမ်းတဲ့မကျင်၊
ဇရပ်ပေါ် မယ်သီလကို၊
ခွန်းစလိုက်ချင်၊
အသွေးငယ်ယဉ်၊
အသွင်ကပျော့ပြောင်း၊
သူဝတ်လေ ဖြူဆွတ်ကယ် လျှော်တေပ၊
တောင်ခြေမှာ ကျင့်တရားငယ်နှင့်၊
ဖွားသီလကျောင်း။

***************************

တောထွက်ကြီး စာမပီ၍ ဖွဲ့ဆိုသောကဗျာ

စစ်ကိုင်းပိတောက်ချောင်တွင် သီတင်းသုံးနေခိုက် ဗန်းမော်ဆရာတော်၏ကျောင်းသို့ တောထွက် ဦးပဉ္စင်းကြီးတပါး ရောက်ရှိနေလေသည်။ ထိုဦးပဉ္စင်းကြီးအမည်မှာ ဦးကဲဟူ၍ လူဘ၀ကအမည်ကိုပင် ခေါ်ကြသည်။ ဦးကဲသည် လူဘ၀တွင်ရှိစဉ်က စာပေပရိယတ္တိ သင်ကြားဘူးခြင်းမရှိပေ။ ထို့ကြောင့်လည်း အသက်ကြီးမှ ရဟန်းပြုသောအခါ၊ ပုဒ်-ပါဋ္ဌ် အက္ခရာများကို မှန်အောင်မရွတ်နိုင်ဘဲ ရှိလေသည်။ အထူးအားဖြင့် ရ-ကောက်သံကိုပီအောင် မရွတ်နိုင်ဘဲ ယ-ပက်လက်အသံသာ ထွက်နေသည်။ (တိသရဏေန)ကို အကြိမ်ကြိမ်သင်ပေးသော်လည်း (တိသဏေန) ဟူ၍ ယပက်လက်သံချည့်သာဖြစ်နေသည်။

ဗန်းမော်ဆရာတော်ကိုယ်တိုင်မရလျှင် မနေဟု ထို (တိသရဏေန) ကိုပင် ထပ်ခါတလဲလဲ ရွတ်ဆိုစေ၍ သင်ကြားပေးရာ သင်ကြားစဉ်ကအခါက ရ-ကောက်သံနှင့်ရွတ်နိုင်သော်လည်း နောက်တနေ့တွင် ယ-ပလက်အသံနှင့်သာ ဖြစ်လာပြန်သည်။ ငယ်စဉ်ကပင် နှုတ်ကြိုး၍ ယပလက်အသံကိုသာ စွဲ၍နေရာ ဗန်းမော်ဆရာတော်သည်ပင်လျှင် လက်လျှော့ရတော့သည်။

သို့သော် ၀ါသနာကြီးလှသော စာချိုးခြင်းဖြင့် တောထွက်ဦးပဉ္စင်းကြီး ဦးကဲအား မှတ်တမ်းတင်လိုက်သည်။

တိသရဏကို (သယဏ) လို့ သူကဆို၊
နဂိုက ဟုတ်ပါဘဲ၊
နံနက် တကျော်ကျော်နှင့်၊
ကျောင်းပေါ်မှာ အခံခက်တယ်၊
တောထွက်ခင်ကြီး။ ။

(ဦးကဲနှင့်ပါတ်သက်၍ ဆရာတော်ဟောကြားသော ပုံပြင်ကို နောက်ပိုင်း ပုံပြင်အခဏ်းတွင် ရှုပါ) ။

****************************

ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ကို စာချိုးခြင်း

ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ကို စာချိုးခြင်း

ဤခေတ်တွင် သင်္ဂဇာဆရာတော် ဦးအဂ္ဂနှင့် ရွှေကျင်ဆရာတော်တို့နှစ်ပါးမှာ ပရိဝါသ်-မာနတ် ၀တ်ပြုမှုကိစ္စနှင့် ပတ်သက်၍ အယူအဆသဘောထားကွဲလွဲနေကြသည်။ ဘုရားကြီးဆရာတော်၊ စလင်းဆရာတော်၊ သက်ပန်းဆရာတော် စသည်ဖြင့် ဆရာတော်ကြီးများက ၀င်ရောက်ဖြန်ဖြေကြသည်။

ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့မှာ နှစ်ပါးစလုံး စာတတ်အကျော်အမော်များ ဖြစ်ကြလေရာ၊ နှစ်ဘက်စလုံးကမိမိတို့ အယူအဆမှန်ကန်ကြောင်း အကိုးအကား အထောက်အထား ခိုင်လုံစွာတင်ပြကြလေသည်။ နှစ်ဘက်စလုံးမှာလည်း အခိုင်အမာများဖြစ်သော်လည်း တပါး၏တင်ပြချက်ကို တပါးကလက်မခံ၊ တပါး၏အကိုးအကားကို တပါးကမကြိုက်ဖြင့် အညီအညွတ်မဖြစ်ဘဲ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်းဟူ၍ ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ နှစ်ဘက်သံဃာများ ဂိုဏ်းကွဲလုမတတ်ရှိနေတော့သည်။

ဗန်းမော်ဆရာတော်သည် ဤအချက်ကိုမြင်ပြင်းကပ်လှသည်နှင့် စာတပုဒ်ချိုး၍ ဘုရားကြီးဆရာတော်ထံ အပို့လွှတ်လိုက်လေသည်။ ရွှေကျင်ဆရာတော်မှာ မန္တလေးတောင် မြောက်ဘက်၌ သီတင်းသုံးတော်မူသည်။ သင်္ဂဇာဆရာတော်၏ဘွဲ့အမည်မှာ ဦးအဂ္ဂဖြစ်သည်။ ထို့ကြောင့်ပင်...

မန်းတောင်တော် မြောက်စောင်း၌၊
ခိုအောင်းတဲ့ ထိုဆရာနှင့်၊
သင်္ဂဇာ မောင်ရွှေအဂ်ကယ်တို့၊
မှားချက်ကနာ၊
ဝတ်နေမှုငယ်နှင့်၊
အခြေပြု သမောဓာန်မှာ၊
ဥာဏ်ဗလချာက ရှုပ်စပ်ပြဲ၊
ယူမမှန်၊
ဆူသံကအလွန်ပြင်းတယ်၊
ကွဲချက်ကကြီး။

ဟူ၍စာစပ်ပေးလိုက်ရာ ဘုရားကြီးဆရာတော်က ပြုံးရယ်တော်မူပြီး ''ဗန်းမော်တို့များ ဘယ်ဟာမှ ချန်မထားဘူး မြင်မြင်သမျှ စာချိုးတော့တာဘဲ'' ဟု မိန့်တော်မူလေသည်။

*****************************

စစ်ကိုင်းချောင်မှ စာချိုးများ

ဗန်းမော်ဆရာတော်သည် စစ်ကိုင်းသို့ ရောက်နေသော်လည်း စာချိုးမှုတွင် ၀ါသနာအရ အလျှော့ပေးသည်မရှိပေ။

တချိန်တွင် ဆရာတော်သည် ဦးပဉ္စင်းနှစ်ပါးနှင့်အတူ ပိတောက်ချောင်မှ ဆင်း၍လာရာ သီလရှင်များနေထိုင်သော ဇရပ်များကို တွေ့လေသည်။ ထိုဇရပ်များပေါ်တွင် ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ကျောင်းတိုက်မှ သီလရှင်တို့ နေထိုင်ကြလေသည်။

ထိုစဉ်ကာလက စစ်ကိုင်းချောင်မှာ လူသူစည်ကားခြင်းမရှိသေးပေ။ တောရမှီသော ပုဂ္ဂိုလ်များသာလျှင်ရှိကြလေသည်။ သို့ဖြစ်၍ လူအသွားအလာနီးသော ဇရပ်များပေါ်တွင် နေထိုင်ကြသည့် သီလရှင်များမှာ လူတို့သဘာဝ လွတ်လွတ်လပ်လပ် နေကြဟန်တူသည်။ အိပ်သူကအိပ်၊ အလုပ်လုပ်သူကလုပ်၊ စကားပြောသူကပြောနှင့် ရှိနေကြသည်ကို ဗန်းမော်ဆရာတော်သည် အဝေးမှလှမ်းမြင်မိပေသည်။ ကဗျာရှင် စာရှင် ပုဂ္ဂိုလ်ကြီးဖြစ်၍ စာချိုးလိုက်ချင်သည်မှာ အူယား၍နေတော့သသည်။ ထို့ကြောင့်လည်း ဦးပဉ္စင်းနှစ်ပါးကိုစောင့်၍ သစ်ပင်အောက်မှ ရပ်ကာ ...
''ဟေ့... ဟိုမှာကြည့်စမ်း၊ ထွဋ်ခေါင်ရဲ့ ကြက့်ဖြူမတွေ'' ဟုမိန့်ကြားလိုက်ပြီး...
''နားထောင်ကြအုံးကွာ၊ ငါစာတပုဒ် ချိုးလိုက်အုံးမယ်''
ဟုဆိုကာ အောက်ပါစာတပုဒ်ကို ရေးလိုက်သဖြင့် ဗန်းမော်ဆရာတော်၏သမိုင်းမှတ်တမ်းဝင် စာတပုဒ်ဖြစ်၍ လာလေသတည်း။

ဒူးနှစ်ဘက် အပေါ်ထောင်၊
တော်ပေါင်ကွဲ့ တနဲ၊
ဘ၀င်စိတ်ကယ်တုံ၊
နင်အိပ်ပုံ အလွန်ဆိုးတယ်၊
ဂျိုကင်လိုဘဲ။

ဤကဗျာမှာ ဟာသရသ ကဗျာ ဖြစ်သည်။ ကြားရသူတို့ အတွက် ရွှင်မြူးစေရသော ကဗျာမျိုးဖြစ်သည်။

****************************

Monday, September 14, 2009

ဗန်းမော်မရောက်မှီက ဖြစ်ရပ်၂ခု

ဗန်းမော်မရောက်မှီက ဖြစ်ရပ်၂ခု

ဗန်းမော်ဆရာတော်အပေါ် သံယောဇဉ်ကြီးလှ၍ အကြိမ်ကြိမ်ပင့်စေသော်လည်း မကြွရောက်ရုံမျှမက မင်းတုန်းမင်းအပေါ်တွင် အမျိုးမျိုး အဖုံဖုံ ပြောဆို၍နေလေသဖြင့် မင်းတုန်းမင်းနှင့်မိဖုရားခေါင်ကြီးတို့မှာ များစွာပင် စိတ်မချမ်းမြေ့စွာ နေထိုင်၍ လက်လျှော့ကာ သွားကြလေသည်။

ဗန်းမော်ဆရာတော်သည် အလွန်''ထက်''သော ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။ နေပြည်တော်ရှိ ပညာကျော်ပုဂ္ဂိုလ် ဂုဏ၀န်၊ သီလ၀န် မထေရ်ကျော်တို့အလယ်တွင် မျက်နှာမငယ်ဘဲ တင့်တယ်စွာရှိပေသည်။ သာသနာရေးကိစ္စနှင့်ပတ်သက်လာလျှင် ဗန်းမော်ဆရာတော်မပါလျှင်မပြီး ပင့်ဘိတ်ရသည်ချည့်ပင် ဖြစ်သည်။

ဗန်းမော်ဆရာတော်ကလည်း မဟုတ်တာမြင်လျှင် စာချိုးချင်သည်။ သို့သော် တပည့်ရင်း သင်္ဂဇာဆရာတော်၏ ပျက်ရည်ပြုခြင်းကိုမူ သည်းခံ၍ သဘောကျတော်မူသည်။

ထိုစဉ်ကာလကပင် သင်္ဂဇာဆရာတော် ခေါင်းဆောင်သည့် သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဆရာတော်ခေါင်းဆောင်သည့် ရွှေကျင်ဂိုဏ်းနှင့် အုတ်ဖိုဆရာတော် ဦးဥဂ္ဂံသခေါင်းဆောင်သည့် ဒွါရဂိုဏ်းတို့ ဂိုဏ်းကွဲများအဖြစ် ပေါ်ပေါက်လာရန် အခြေခံအစပျိုးနေပြီဖြစ်သည်။ သုဓမ္မာဂိုဏ်း၏ ဦးစီးဦးဆောင်ဖြစ်သည့် သင်္ဂဇာဆရာတော်ဦးအဂ္ဂမှာလည်း ဗန်းမော်ဆရာတော်၏တပည့်ဖြစ်သည်။ ဒွါရဂိုဏ်းကို စတင်တည်ထောင်သော အုတ်ဖိုဆရာတော် ဦးဥဂ္ဂံသမှာလည်း ဗန်းမော်ဆရာတော်ထံ ပညာဆည်းပူးခဲ့ဘူးလေသည်။ ရွှေကျင် ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ ပရိဝါသ်ပြုမှု၊ မာနတ်ပြုမှု အကျင့်စသော ၀တ်ပြုမှုတို့တွင် စတင်၍ သဘောထားကွဲလွဲကြရာမှ တဘက်နှင့်တဘက် အငြင်းအခုန် ဖြစ်ခဲ့သည်။

ဤသည်တို့မှာ ဗန်းမော်ဆရာတော်ကို ဗန်းမော်မြို့သို့ မပို့မှီကပင် သုဓမ္မာနှင့် ရွှေကျင်ဂိုဏ်းကွဲကြမည့် အခြေအနေများ ဖြစ်သည်။ ဗန်းမော်ဆရာတော်သည် ဤအချက်ကိုလည်း ကြိုတင်၍ စာချိုးဖြင့် သတိပေးခဲ့သည်။

*****************************

သင်္ဂဇာဆရာတော်ကိုချီးကျူးခြင်း

ဗန်းမော်ဆရာတော်အားမဟုတ်မခံ ဇတ်ဇတ်ကြဲနှံတတ်သောပုဂ္ဂိုလ်ဟုထင်ရသော်လည်း နေရာတကာတွင် နှံသူမဟုတ်၊ သည်းခံသောအခါတွင်လည်း သည်းခံတတ်သေးကြောင်းတွေ့ရသည်။

စကားအရာတွင် ဥပမာ၊ ဥပမေယျ ထုံးတမ်းပုံပြင် စုံလင်စွာဖြင့် ဟောကြားတတ်သော သင်္ဂဇာဆရာတော်သည်၊ ဗန်းမော်ဆရာတော်ထံပညာရင်နို့ သောက်စို့ခဲ့ရဘူးသည်။ တနေ့တွင် သုဓမ္မာဇရပ်၌ ဆရာတော်များစုံညီခိုက် သင်္ဂဇာဆရာတော် အဖူးအမျှော်ရောက်ရှိ၍ ဆရာတော်များအား ကန်တော့လေသည်။ ထိုစဉ်အခိုက် မောင်းထောင်ဆရာတော်ကြီးက အမိန့်ရှိသည်မှာ...
''သင်္ဂဇာတို့များ စကားအရာ ကျွမ်းကျင်လိမ္မာတယ်လို့နာမည်ကြီးနေလိုက်တာ ဗန်းမော်ဆရာတော်ရဲ့ တပည့်ပီသပါပေတယ်''
ထိုအခါ သင်္ဂဇာဆရာတော်က လျှောက်ထားသည်မှာ...
''မှန်လှပါ... တပည့်တော် ဗန်းမော်ဆရာတော်၏ ကျေးဇူးတော်ဂုဏ်ကြောင့် ဤမျှပင် ထုံးတမ်းပုံပြင်များကို ပြောဟောခြင်းပြုနိုင်ခဲ့ရပါသည်။ သို့ဖြစ်၍လည်း နေ့စဉ်ပင် ဗန်းမော်ဆရာတော်ရှိရာ အရပ်ကိုရည်မှန်းလျက် ကန်တော့ပါသည်။''

သင်္ဂဇာဆရာတော်သည်၊ ဗန်းမော်ဆရာတော်အား လက်အုပ်ချီပြီး ဗန်းမော်ဆရာတော် အရှေ့အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော်သည် အရှေ့အရပ်သို့ ရည်မှန်း၍ ကန်တော့ပါသည်။ ဗန်းမော်ဆရာတော် အနောက်အရပ်တွင် သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော်သည် အနောက်အရပ်သို့ ရည်မှန်း၍ ဦးချပါသည်။ ဗန်းမော်ဆရာတော် တောင်အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော် တောင်အရပ်သို့ ရည်မှန်း၍ ကန်တော့မြဲဖြစ်ပါသည်။ ဗန်းမော်ဆရာတော် မြောက်အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် မြောက်အရပ်သို့ ရည်ရုန်း၍ ကန်တော့ပါသည်။

သင်္ဂဇာဆရာတော် ဤသို့ရှည်လျားစွာ စကားကိုချီနေသည်နှင့် စလင်းဆရာတော်၊ သစ်ဆိမ့်ဆရာတော်၊ ခင်မကန်ဆရာတော်တို့သည် နားစွင့်၍ နေကြပေသည်။

သင်္ဂဇာဆရာတော်က ဆက်လက်၍...

''ဗန်းမော်ဆရာတော် ဘ၀နတ်ထံစံလွန်လျှင် တပည့်တော်သည် အောက်အရပ်မြေကြီးကိုသာ ရည်မှန်း၍ ကန်တော့ရပါတော့မည်'' ဟုပြုံးရွှင်စွာ လျှောက်ထားလိုက်သည့်အတွက် ဆရာတော်အားလုံး သဘောတော်တွေ့ကာ ပြုံးရွှင်စွာ ရယ်မော်တော်မူကြလေသည်။

ဆရာတော်များသည် ဗန်းမော်ဆရာတော်က မည်သို့များ ပြန်၍ နှက်လေမည်နည်းဟု ဗန်းမော်ဆရာတော်သို့လှမ်း၍ ကြည့်ကြရာ၊ ဗန်းမော်ဆရာတော်သည် ပြုံးရယ်၍သာ နေတော်မူသဖြင့် မောင်းထောင်ဆရာတော်က ဗန်းမော်ဆရာတော်၏စိတ်ကို ဆွပေးလိုသဖြင့်...
''ဒီလိုဆို သင်္ဂဇာက မင်းဆရာဗန်းမော် ပျံလွန်တော်မူရင် မဟာအ၀ီစိငရဲကျမှာဘဲလို့ ဆိုလိုသပေါ့'' ဟု ဗန်းမော်ဆရာတော်၏စိတ်ကို ဆွပေးသော်လည်း ပြုံးရယ်မြဲသာ ပြုံးရယ်၍ သည်းခံတော်မူလေမှ သင်္ဂဇာဆရာတော်က...

''တပည့်တော်၏ဆရာကို ဤသို့ မဆိုရဲပါ၊ တပည့်တော်ပညာရင်နို့ သောက်စို့ခဲ့ရသော ဆရာဖြစ်ပါ၍ နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထ၀ီမြေကြီးတမျှ ကြီးမားလှသော ကျေးဇူးတော်ကိုရည်မျှော်၍ အောက်အရပ် မြေကြီးကို ကန်တော့ခြင်းသာ ဖြစ်ပါသည်ဘုရား'' ဟုလျှောက်ထားလေသည်။

ထိုအခါမှ ခပ်မဆိပ်နေခဲ့သော ဗန်းမော်ဆရာတော်သည် သင်္ဂဇာဆရာတော်အား ပြုံးပြုံးကြီးကြည့်ကာ...
''အင်း.. သင်္ဂဇာတို့များ စကားမရှားလှဘူးဗျ''
ဟု ကျေနပ်စွာပင် ချီးကျူးတော်မူလေသည်။

*****************************

ဘယ်မအေ့လင်တွေကပြောသလဲ

ဘယ်မအေ့လင်တွေကပြောသလဲ

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော် မိမိအပေါ်တွင် မည်မျှပင် မကောင်းပြောခဲ့သော်လည်း စိတ်ဆိုးခြင်း ရှိဟန်မတူ။ ဗန်းမော်ဆရာတော် မန္တလေးသို့ ကြွလာရေးအတွက် ဇွဲလုံ့လမလျော့ဘဲ ကြံစည်မြဲကြံစည်လျက်ရှိနေသည်။

တနေ့သော် မင်းတုန်းမင်းတွင်အကြံတခုရလာသည်။ ကဗျာ့ပါရဂူ၊ ကဗျာ့ဝိဇ္ဇာဓိုရ်အဖြစ် ယနေ့ခေတ်တွင် ကျော်ဇောထင်ရှားလှသော စလေဦးပုညသည် ဗန်းမော်ဆရာတော်ထံတွင် ကဗျာနှင့်ပတ်သက်၍ ပညာဆည်းပူးခဲ့သည်။ ဗန်းမော်ဆရာတော်သည် စလေဦးပုညအား များစွာလိုလားချစ်ခင်တော်မူသည်ကို မင်းတုန်းမင်းတြားသိရှိတော်မူသည်။ သို့ဖြစ်၍ စလေဦးပုညအား ဗန်းမော်ဆရာတော်ထံ စေလွှတ်၍ ဥပါယ်တမည်ဖြင့် လျှောက်ထားပင့်ဆောင်ရန်နှင့် အကယ်၍ နေပြည်တော်သို့ ကြွရောက်လိုခြင်း မရှိပါကလည်း မင်းတုန်းမင်းတြား၏မကောင်းသတင်းများကို ပြောကြားခြင်းမပြုပါရန် လျှောက်ထားပေးဘို့ စေလွှတ်လိုက်လေသည်။

စလေဦးပုညသည် စစ်ကိုင်းဘက်သို့ကူး၍ ဆရာတော်ထံပညာဆည်းပူးရန်နှင့် ၀တ်ကြီး ၀တ်ငယ်ပြုရန် အကြောင်းပြ၍ လှူဘွယ်တန်းရန်များနှင့်သွားရောက်လေသည်။ ဆရာတော်ဘုရားထံတွင် ၄-၅ရက်မျှနေ၍ ၀တ်ကြီး ၀တ်ငယ်ပြုနေသည်။

ထိုစဉ်အတွင်း စကားအလျဉ်းသင့်သလို နေပြည်တော်သို့ ကြွရောက်သီတင်းသုံးရန် အကြိမ်ကြိမ်လျှောက်ထားသော်လည်း စကားကိုလက်မခံ ငြင်းပယ်တော်မူရုံမျှမက မင်းတုန်းမင်းအား ထိပါးပုတ်ခတ် ပြောဆို၍သာ နေလေသဖြင့် ဦးပုညလည်း လက်လျှော့ရလေတော့သည်။

သို့ဖြင့် ၄-၅ရက်ကြာပြီး နောက်တနေ့တွင် မန္တလေးဘက်ကမ်းသို့ ကူးတော့မည်ဟု လျှောက်ထားရင်း...
''အရှင်ဘုရား... တကာတော် မင်းတုန်းမင်းဘုရားက ဆရာတော်အား လျှောက်ကြားရန်မှာကြားပါသေးသည်။ မန္တလေးမြို့သို့မကြွလိုသော် စိတ်ချမ်းမြေ့ရာစံတော်မူပါ။ သို့ရာတွင် ဘ၀ရှင်မင်းတြားအပေါ် မကောင်းသတင်း ပြောကြားနေခြင်းများ ရပ်စဲတော်မူပါရန်လျှောက်တင်ခဲ့ဘို့မှာကြားလိုက်ပါသည်ဘုရား''

ဗန်းမော်ဆရာတော်က မျက်ခုံးကိုပင့်ကာ ကွမ်းပတ်ကိုထွေးရင်း...
''ဟေ့... မင်းတို့ရှင်ဘုရင်က ငါဒီဘက်ကမ်းက သူ့အကြောင်းမကောင်းပြောတာ ဟိုဘက်ကမ်းကနေ ကြားသတဲ့လား''
''မှန်လှပါ... ကြားသိရကြောင်းပါဘုရား''
''နေပါအုံးကွ၊ မင်းတို့ဘုရင်ရဲ့ မိဖုရားခေါင်ကြီး မကျန်းမာတုံးက ခွေးအူသံတွေကြားရတာ နားငြီးတယ်ဆိုပီး၊ ဟိုဘက်ကမ်းကခွေးတွေ ဒို့စစ်ကိုင်းဘက်ကမ်းပို့ခဲ့ဘူးတယ် မဟုတ်လား''
''မှန်ပါ... ပို့ထားခဲ့ဘူးကြောင်းပါဘုရား''
''အေး.. အဲဒီတုံးက ဘိုးသူတော်ဦးမင်းစာစပ်ခဲ့တာ မင်းမှတ်မိရင် ဆိုပြစမ်း''

''ဒီနှစ်တွင် ကြုံပြန်ရ၊ ကျားမ နှင့် ဂမ္ဘီ။
မောင်ကြီး ကြိုးတွေသိုင်းပါလို့
စစ်ကိုင်းဆို ဇေယျာမြို့ကို
ကူးပို့ပြန်ပြီ။
ယင်းရဲ့ ကျောက်ဆောင်ဆိပ်ဆီက
လွမ်းစိတ်နဲ့ မယ်တို့ဆီ
မျှော်ပြီကွဲ့... ၀ူး။
မောင့်နည်းတူပင်
မောင်ကြီးလှေငယ်တင်၍
ကူးပြန်လျှင် မနေစိမ့်ပါနှင့်
သောတာပန်ဆိုတဲ့ ဆိပ်ကိုကွယ်
(အို ...ရှင်) လှိုင်းတိတ်မှကူး။
ပါတဲ့ ဘုရား...''

''အေး..ဟုတ်ပြီ၊ အဲဒီလို သူ့မိဖုရားခေါင်ကြီး မကျန်းမာလို့ ခွေးတွေကို စစ်ကိုင်းပို့ထားခဲ့တော့ ဒီဘက်ကမ်းက ခွေးဟောင်သံကို မင်းတို့ ဘုရင်ရော မိဖုရားခေါင်ကြီးပါ ကြားရသလားကွဲ့''
''မှန်ပါ...မကြားရကြောင်းပါဘုရား''
''အေး.. အဲဒီတုံးက ဒီဘက်ကမ်းကခွေးဟောင်သံကိုမှ မကြားဘဲနဲ့ အခုငါပြောမှ ကြားတယ်ဆိုတော့၊ မင်းတို့ဘုရင်ကို ဘယ်အမေ့လင်တွေက သွားပြီး သံတော်ဦးတင်လို့လဲ'' ဟု မိန့်တော်မူလေရာ၊ ဦးပုညသည် ဆက်လက် မလျှောက်ထားရဲတော့ဘဲ ငြိမ်သက်၍သာနေတော့သည်။

******************************
မိန်းမတွေပေါင်ခြားထဲကရှင်ဘုရင်

စလေဦးပုညသည် ဆက်လက်မလျှောက်ထားရဲတော့သဖြင့် ငြိမ်သက်၍နေစဉ်ပင် ဗန်းမော်ဆရာတော်က ဆက်လက်၍...
''မင်းတို့ဘုရင်က ဒါတင်ဘဲမှာလိုက်သလားကွ၊ ဘာတွေများ မှာလိုက်သေးသလဲ''
ထိုအခါမှ စလေဦးပုညသည် ဦးခေါင်းကိုဖေါ်နိုင်ပြီး မော်၍ဖူးမျှော်ပြီး လျှောက်ထားပြန်သည်။
''ဘုရင်မင်းမြတ်က ဆရာတော်ဘုရား နေပြည်တော်ကြွရောက်၍ ပရိယတ္တိသာသနာ ဖွံ့ဖြိုးအောင် ဆောင်ရွက်တော်မူပါ။ အကယ်၍ နေပြည်တော်သို့ မကြွလိုဘဲ စစ်ကိုင်းတောင်ရိုးတွင်သာ သီတင်းသုံးမည်ဆိုပါကလည်း ပဋိပတ္တိသာသနာ ကမ္မဌာန်း ဘာဝနာများ အားထုတ်၍ တရားအလုပ်နှင့် ပျော်မွေ့တော်မူပါလျှင် တကာတော်တို့များစွာ အားရရွှင်လန်း ရှိပါမည်ဘုရားဟု သတင်းစကားလျှောက်ထားခဲ့ရန် မှာကြားလိုက်ပါသည်ဘုရား...''

ထိုအခါဗန်းမော်ဆရာတော်ကဒေါပွ၍သွားပြန်သည်။ မင်းတုန်းဘုရင်က မိမိအပေါ် ဆရာလုပ်သည်ကို မခံချင်သောစိတ်ထားဖြင့် မိန့်ကြားတော်မူလေသည်မှာ...

''အံမာ... ကြီးကျယ်လိုက်တာကွာ မိန်းမတွေ ပေါင်ခြားထဲနေတဲ့ မင်းတို့ဘုရင်က တောင်ခြားထဲနေတဲ့ ငါ့ကိုများ တရားအားထုတ်ခိုင်းတာများ အံ့ပါ့ကွာ၊ အဲဒီအတိုင်းငါပြောလိုက်တယ်လို့သာ လျှောက်လိုက်ပေတော့'' ဟုမိန့်တော်မူလိုက်ရာ စလေဦးပုညမှာ ဘာကိုမျှ မလျှောက်ရဲတော့ဘဲ ၀တ်ချကာ ပြန်လာခဲ့ရလေတော့သတည်း။

******************************

သံယောဇဉ်ကြီးလှပုံ

ဗန်းမော်ဆရာတော်အပေါ် သံယောဇဉ်ကြီးလှပုံ

မင်းတုန်းမင်းသည် ပဉ္စမသင်္ဂါယနာတင်မင်းအဖြစ်ကျော်ဇောထင်ရှားသည်မှာ သာသနာရေးတွင် အလွန်ဦးစားပေးသည်။ ရဟန်းသံဃာတော်များကို အလွန်ကြည်ညိုလေးမြတ်သည်။ မင်းတုန်းမင်း၏မိဖုရားခေါင်ကြီးမှာ ပုဂံမင်း၏နှမတော် ''သီရိပ၀ရမဟာရာဇိန္ဒာဓိပတိ ရတနာဒေ၀ီ'' ဘွဲ့ခံမိဖုရားခေါင်ကြီးဖြစ်သည်။ ပိဋကတ်ဗေဒင် ကျွမ်းကျင်လိမ္မာတော်မူသည်ဖြစ်၍ ရဟန်းသံဃာတော်များကို အလွန်လေးမြတ်တော်မူသည်။ ၁၂၃၃-ခုနှစ်တွင် ပိဋကတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီးနောက် ကျောက်ပြား ၇၂၉-ချပ်ပေါ်တွင် ကမ္ဗည်းအက္ခရာတင်၍ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် စိုက်ထား ကိုးကွယ်သည်။ ပထမပြန် စာမေးပွဲများကိုလည်း မင်းတုန်းမင်းတြားကြီး လက်ထက်တွင် ကျင်းပပေးခဲ့သည်။

ပိဋကတ်သုံးပုံကျောက်ချပ်ရေ ၇၂၉-ချပ်ကို အရှည်တည်တန့်စေရန်အတွက် အုဋ္ဌ်ဂူ ၇၂၉-ခု ပြုလုပ်ထားသည်။ မင်းတုန်းမင်းသည် သက္ကရာဇ် ၁၁၇၆-ခုနှစ်တွင်ဖွားမြင်သည်။ ဗန်းမော်ဆရာတော်သည် ၁၁၆၈-ခုနှစ်တွင် ဖွားမြင်သည်။ သို့ဖြစ်ရာ ဗန်းမော်ဆရာတော်က အသက်၁၂-နှစ်ကြီးသည်။

ဗန်းမော်ဆရာတော်သည် မင်းတုန်းမင်း၏နောင်တော် ပုဂံမင်းလက်ထက် သာသနာပိုင်ဆရာတော် ဗားကရာဆရာတော်ထံတွင် စာဆိုပဉ္စင်း ၀ိနည်းဖြတ်ထုံးရေး တာဝန်ယူနေစဉ်ကာလတွင် ဗန်းမော်ဆရာတော်လောင်း ဦးပဉ္စင်းသည် သာသနာပိုင်ဆရာတော်၏ အတွင်းရေးမှူးရာထူးတမျှ ရရှိနေသောကြောင့် ၁၀နှစ် ၁၅နှစ်သားအရွယ် မင်းတုန်းမြို့ကို မစားရသေးမီက မင်းညီမင်းသားဘ၀ကပင် ဗန်းမော်ဆရာတော်အား ရိုသေလေးစားမည်မှာ မလွဲပေ။

ထိုနည်းတူစွာ မင်းတုန်းမင်း၏ မိဖုရားခေါင်ကြီး ရတနာဒေ၀ီသည်လည်း ပုဂံမင်း၏နှစ်မတော်အဖြစ် ပိဋကတ်သုံးပုံဗေဒင်အရာ၌ ကျွမ်းကျင်လှသည်ဟု ရာဇ၀င်များအဆိုအရ၎င်းင်း၊ မင်းတုန်းမင်း၏ အသက်တော်နှင့် ခန့်မှန်းရလျှင် မိဖုရားခေါင်ကြီးပညာသင်ယူချိန်၌ ဗန်းမော်ဆရာတော်သည် ပဉ္စင်းပျိုဘ၀ သာသနာပိုင်ဆရာတော်၏ အတွင်းရေးမှူးတမျှ တွင်ကျယ်နေသည့်ကာလတွင် ပညာသင်ယူချိန်နှင့် တိုက်ဆိုင်နေ၍ ဗန်းမော်ဆရာတော်အား ကြည်ညိုရင်းစွဲရှိမည်မှာ မလွဲပေ။ သို့ဖြစ်၍ ဗန်းမော်ဆရာတော်အပေါ် မင်း မိဖုရား နှစ်ပါးစလုံးပင် ငယ်စဉ်က ကြည်ညိုခဲ့ရသော ကိုယ်တော်ဖြစ်၍ သံယောဇဉ် ကြီးမားလှသည်မှာ သဘာဝကျလှပေသည်။

သို့ကြောင့်လည်း ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့မှ သွားရောက်ပင့်ခေါ် သည်တွင် မိဖုရားခေါင်ကြီး၏ လျှောက်ထားမှုကြောင့် ပင့်ခေါ်ရသည်ဟု အဆိုရှိကြသည်။ ဗန်းမော်မြို့သို့ မပို့မီကာလကလည်း မင်းတုန်းမင်းကြီးကိုယ်တိုင် ဗန်းမော်ဆရာတော်အားကိုယ်တိုင်ပင့်ဘိတ်ပြီး တရားရေအေးတိုက်ကျွေး၍ အဆုံးအမ သြ၀ါဒပေးရန် လျှောက်ထားခံရသော ပုဂ္ဂိုလ်ဖြစ်သည်။

မင်းတုန်းမင်းနှင့်မိဖုရားခေါင်ကြီး နှစ်ပါးစလုံးပင် ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့မှ ပြန်လည်ပင့်ဆောင်လာသော်လည်း မင်းတုန်းဘုရင်ကို စိတ်နာ၍ စစ်ကိုင်းမြို့မြောက်ဘက် ပိတောက်ချောင်သို့ (အချို့မှတ်တမ်းများ၌ မြင်းကွန်းဘက်ကမ်း ဗန်းမော်ချောင်ဟုအဆိုရှိသည်။) ကြွရောက်သီတင်းသုံးနေသဖြင့် များစွာစိတ်ချမ်းမြေ့ကြဟန်မတူပေ။

သို့ဖြစ်၍ ဆရာတော်အား မန္တလေးသို့ကြွပါရန် မဟာဒဏ်ဝန်အားစေလွှတ် ပင့်ဆောင်စေရာတွင် (အရိပ်ကို နင်းမိမှာစိုးလို့) ဟူသော ခနဲ့တဲ့တဲ့ ဥပမာစကားဖြင့် ငြင်းပယ်တော်မူခဲ့သည်။ ထိုမျှသာမက ဗန်းမော်ဆရာတော်အထံသို့ ၀န်ကြီးများ၊ အမတ်လိမ္မာများကိုစေလွှတ်၍ အကြိမ်ကြိမ် ပရိယာယ်ဆင်ကာ ပင့်ဆောင်ပါသော်လည်း မန္တလေးဘက်သို့ ကြွလာခြင်းမရှိရုံမျှမက၊ မင်းတုန်းမင်းတြားကြီး၏ မကောင်းသတင်းများကိုသာ မိန့်ကြားလျက်ရှိနေကြောင်း မင်းတုန်းမင်းကိုယ်တိုင်ကြားသိရ၍လည်း များစွာ စိတ်မချမ်းမြေ့ဟန် တူပေသည်။

*******************************

စစ်ကိုင်းဘက်သို့ သွားရောက်ပင့်ခြင်း

စစ်ကိုင်းဘက်သို့ မဟာဒဏ်ဝန် သွားရောက်ပင့်ခြင်း

ဗန်းမော်ဆရာတော်သည် စစ်ကိုင်းဘက်သို့ ကြွရောက်သီတင်းသုံးလိုသဖြင့် စစ်ကိုင်းဘက်သို့ပို့ပေးရန် အမိန့်ရှိ၍ လှေသင်းအတွင်းဝန်မှာ အလွန်ဆန်နိုင်ဘဲ စစ်ကိုင်းဆိပ်ကမ်းသို့ ပို့ပေးရကြောင်း မင်းတုန်းဘုရင်နှင့်မိဖုရားကြီးတို့သိရှိရလျှင် များစွာစိတ်မကောင်းကြပေ။

ဗန်းမော်ဆရာတော်သည် တိုင်းပြည်အကျိုးကို ဒိုးဒိုးဒေါက်ဒေါက် တိတိကျကျ ပြတ်ပြတ်သားသား ခပ်ကြမ်းကြမ်းပင် ဝေဖန်ပြောဆိုတတ်ကြောင်းကိုသိသည်။ ဘုရင်နှင့်မိဖုရား အပေါ်တွင် စေတနာထားရှိ၍ ပြောဆိုခြင်းဖြစ်ကြောင်းကိုလည်း ဘုရင်နှင့်မိဖုရား နှစ်ပါးစလုံးသိကြသည်။

မိမိတို့က မန္တလေးမြို့သို့ ပင့်ဆောင်သော်လည်း မကြွလာဘဲ စစ်ကိုင်းဘက်သို့ ကြွသွားခြင်းမှာ မိမိတို့ ဗန်းမော်သို့ ပို့သည်ကို အခဲမကြေဖြစ်နေသေးသည်ထင်ပြီး ကိုယ်တိုင်လည်း သွားရောက်မပင့်ရဲကြပေ။ တစုံတရာ ပက်ပက်စက်စက် ပြောလိုက်မှာကို စိုးရွံ့ဟန်တူသည်။ သို့ဖြစ်၍ မဟာဒဏ်ဝန်ကို ပင့်ဆောင်ရန် စေလွှတ်ရသည်။

*******************************

အာဏာပါးကွက်သား ဥပမာနှင့် ထင်ဟတ်၍ မိန့်ကြားပုံ


မင်းတုန်းမင်း၏အမိန့်အရ မဟာဒဏ်ဝန်သည် လှူဘွယ်တန်းရန်ပစ္စည်းများနှင့်တကွ ဗန်းမော်ဆရာတော်ထံသို့ ၀င်ရောက်ဖူးမျှော်သည်။ ဗန်းမော်ဆရာတော်က အလ’ာပ သလ’ာပ စကားများပြောကြားပြီးနောက် မဟာဒဏ်ဝန်က လျှောက်ထားသည်။

''ဘ၀ရှင်မင်းတရားကြီးနှင့်မိဖုရားကြီးက ဆရာတော်၏ဆုံးမသြ၀ါများကိုနာကြားလိုပါ၍ ဆရာတော်အား ဖူးမျှော်လိုပါသောကြောင့် မန္တလေးသို့ ကြွရောက်သီတင်းသုံးခါ အဖူးအမျှော်ခံစေလိုပါသတဲ့ဘုရား''

ဗန်းမော်ဆရာတော်က ရုတ်တရက်မိန့်ကြားသည်မှာ...
''အေးကွဲ့... မင်းပြစ်မင်းဒဏ်နဲ့ ဗန်းမော်ကို အပို့ခံရတဲ့ ရာဇ၀တ်သားပေကိုးကွ၊ အခုတော့ မင်းပြစ်မင်းဒဏ်က အလွှတ်ခံရတော့ အစဉ်အလာအတိုင်းဆိုရင် အာဏာပါးကွက်သား ဖြစ်ရပေမပေါ့ ဟုတ်ရဲ့လား''

မဟာဒဏ်ဝန်သည် ဘာကိုမျှမလျှောက်ရဲ၊ ငြိမ်သက်၍သာနေသည်။ ဆရာတော်ကဆက်၍...

''ပြောစမ်းပါဦး မဟာဒဏ်ဝန်ရဲ့၊ မင်းပြစ်မင်းဒဏ် သင့်တဲ့သူများ မင်းပြစ်မင်းဒဏ်က လွှတ်တော်မူပါဘုရား၊ ကောင်းမွန်စွာနေပါ့မယ်၊ ခိုင်းစေရာလုပ်ပါ့မယ်လို့ ကတိခံလို့ အပြစ်ဒဏ်က လွှတ်ပေးရင် ဘာလုပ်ရသလဲကွဲ့''

''အာဏာပါးကွက်သား အလုပ်တာဝန်ကို ဆောင်ရွက်ရပါတယ်ဘုရား''
''အေး... အဲဒီရာဇ၀တ်အာဏာပါးကွက်သားများဟာ မြို့ဝန်ရဲ့နောက်နားက ဓါးဆွဲပြီး အမြဲလိုက်နေရတယ် မဟုတ်လား''

မဟာဒဏ်ဝန်သည် ဗန်းမော်ဆရာတော် ဤမျှစကားချီနေခြင်းမှာ ရှင်ဘုရင်အားနှက်လို၍ အကွက်ဆင်နေခြင်းဖြစ်ကြောင်းကို ကြိုတင်ရိပ်မိသော်လည်း မည်သည့်အချက်တွင် အကွက်ဆင်၍ နှိပ်လိုက်မည်ကို ကြိုတင်မရိပ်မိနိုင်သဖြင့် ဗန်းမော်ဆရာတော်၏ စကားပရိယာယ်ထဲတွင် မိမိတရားခံအဖြစ် ငြိစွန်းပါဝင်နေမည်ကို စိုးရိမ်ကာ ခတ်ဆိုင်းဆိုင်းပင် ဖြစ်နေသဖြင့် ဗန်းမော်ဆရာတော်က...

''အာဏာပါးကွက်သားဟာ မြို့ဝန်မင်းနောက်နားက ဓါးဆွဲပြီးလိုက်နေရတယ်မဟုတ်လား''
ဟု ထပ်မံမေးမြန်းပြန်သဖြင့်...
''မှန်ပါ့ဘုရား''ဟု ခတ်လေးလေး လျှောက်ထားလိုက်သည်။

ဗန်းမော်ဆရာတော်ကဆက်၍...
''အာဏာပါးကွက်သားများ၊ မင်းမိဖုရား၊ မင်းဆွေ၊ မင်းမျိုးတွေရဲ့ အရိပ်ကို မတော်တဆနင်းမိရင် ဘာလုပ်ရသလဲကွဲ့''
''မှန်ပါ.. ဖျဉ်ဖြူ ဖျဉ်နီ ကန်တော့ပွဲနဲ့ ကန်တော့ရပါတယ်ဘုရား''
ဗန်းမော်ဆရာတော်က ခတ်ပြုံးပြုံးမိန့်တော်မူသည်။
''အေး..မင်းတို့ ရှင်ဘုရင်ကိုပြောလိုက်စမ်းကွယ်၊ ငါက နယ်နှင်ဒဏ်ခံရပြီး၊ အပြစ်ဒဏ်ကလွတ်လာတဲ့ ရာဇ၀တ်သားလကွဲ့၊ ငါနေပြည်တော်ပြန်နေရင် မင်းညီမင်းသားတွေရဲ့ အရိပ်ကိုနင်းမိလို့ ဖျဉ်ဖြူ ဖျဉ်နီကန်တော့ရမှာစိုးလို့ နေပြည်တော်ကို မလာချင်တော့ဘူးလို့ ပြောလိုက်ပါလကွယ်''

မဟာဒဏ်ဝန်လည်းတစုံတရာ ပြန်လည်မလျှောက်ထားဝံ့ဘဲ ၀တ်ဖြည့်၍သာပြန်လာခဲ့ရသည်။

မင်းတုန်းဘုရင်နှင့် မိဖုရားခေါင်ကြီးတို့သည် မဟာဒဏ်ဝန်ထံမှ ထိုစကားကို ကြားရသောအခါအသဲမာလှသော ဗန်းမော်ဆရာတော်အတွက် များစွာ စိတ်မကောင်းဖြစ်ကြရတော့သည်။

*******************************

နေပြည်တော်သို့ပြန်ပင့်ခြင်း

နေပြည်တော်သို့ပြန်ပင့်ခြင်း

ဗန်းမော်ဆရာတော်သည် လောကဓံကိုလည်းမကြောက်၊ ကြံ့ကြံ့ခံနိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။ ဗန်းမော်မြို့သို့ရောက်သည့်အခါ၌လည်း ဗန်းမော်မြို့ရှိ ဒါယကာ၊ ဒါယိကာမများနှင့် ပျော်ရွှင်စွာပင်နေခဲ့ကြောင်း ရှေ့ပိုင်းမှ အရိပ်အမြွက်မျှ ဖေါ်ပြခဲ့ပေပြီ။

မင်းတုန်းမင်းလည်း ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့သို့ပို့ခဲ့သည့်ကာလမှာ တန်လောက်ပေပြီဟု သဘောတော်ရရှိ၍ လှေသင်းအတွင်းဝန်အား အစီအစဉ် ပြုလုပ်စေပြီးကာ လှူဒါန်းဘွယ်ရာများနှင့်တကွ နေပြည်တော်သို့ ပြန်လည်ပင့်ခဲ့ရန် စေလွှတ်လိုက်လေသည်။

လှေသင်းအတွင်းဝန်လည်း ကိုယ်တိုင်ပင်လျှင်ဗန်းမော်မြို့သို့ သွားရောက်ခါ ဗန်းမော်ဆရာတော်အား ဘုရင်မင်းမြတ်က နေပြည်တော်သို့ ပင့်ဆောင်ခဲ့ရန် အမိန့်တော်ရှိ၍ ရောက်လာခဲ့ရပါကြောင်း လှေတော်များဖြင့်ကြွရောက်ပါရန် လျှောက်ထားသည်။ ဗန်းမော်ဆရာတော်သည် ရှောရှောရူရူပင် လှေပေါ် သို့လိုက်ပါခဲ့သည်။

သို့သော်ဗန်းမော်ဆရာတော်သည် မင်းတုန်းမင်းအား အခဲကျေဟန်မတူ။ မင်းတုန်းမင်းနှင့် မျက်နှာချင်းမဆိုင်လို။ မန္တလေးသို့ရောက်ခါမှ လှေပေါ်မှမဆင်းဘဲ စစ်ကိုင်းဘက်သို့ ပို့ပေးရန် လှေသင်းအတွင်းဝန်အား အမိန့်ရှိတော်မူသည်။

လှေသင်းအတွင်းဝန် အခက်ကြုံပေပြီ။

''ဘုရင်မင်းမြတ်က နေပြည်တော်သို့ပင့်ဆောင်လာခဲ့ရန်အမိန့်တော်မြတ်ကို ဦးထိပ်ရွက် ပန်ဆင်ထားရပါသောကြောင့် ဂေါဝန်ဆိပ်မှသာ တက်ကြွတော်မူပါရန်'' လျှောက်ထားရသည်။

ဗန်းမော်ဆရာတော်က ''ဟေ့ မင်းတို့ဘုရင်က မင်းတို့ကိုသာ မန္တလေးပင့်ခဲ့ဘို့ အမိန့်ပေးတာ ငါ့ကိုပင့်တာမဟုတ်ဘူး။ ဒါကြောင့်ငါမလိုက်နိုင်ဘူး။ ငါ့ကို စစ်ကိုင်းဘက်ရောက်အောင်ပို့'' ဟု ခတ်ပြတ်ပြတ်ပင် အမိန့်ရှိလိုက်သည်။

ဗန်းမော်ဆရာတော်သည် မင်းတုန်းမင်းအပေါ်တွင် ချစ်ခင်ဟန်၊ လေးမြတ်ဟန်တူပေသည်။ အဘယ်ကြောင့်ဆိုသော် မင်းတုန်းမင်း၏မှားယွင်းချက်များ ရှိသည့်အခါတိုင်း အမြဲတန်း သတိပေးလေ့ရှိသည်။ ဥပမာအားဖြင့် မင်းတုန်းမင်းသည် သာသနာရေး၌ အလွန်ပင်အားထုတ်တော်မူသော်လည်း ကာမဂုဏ်ဘက်၌ မိဖုရား၆၀ကျော်ထားရှိခြင်းကြောင့် မင်းတုန်းမင်း၏နမူနာကိုယူ၍ သားတော်၊ ၀န်ကြီး၊ မူးမတ်များနှင့် မင်းဆွေ၊ မင်းမျိုးများသည် တလင်တမယားစနစ်ကို လျှစ်လျှူရှု၍ သားမယားများအပြိုင်အဆိုင်ယူကြသော ခေတ်ကြီးဖြစ်နေသည်ကို သတိပေးလို၍ အခွင့်သာသည်နှင့်တပြိုင်နင် မင်းတုန်းမင်းအား ''လူကဘုန်းကြီး (-)က ဓါးပြ'' ဟူ၍ သတိပေးခဲ့သည်။

ထို့ပြင် သုဓမ္မာ ဆရာတော်များ ခန့်ထားရာတွင် အရည်အချင်းမပြည့်စုံသော ပုဂ္ဂိုလ်များ ရှိနေကြောင်းကို...

မောင်သက်ပန်းက၊ တသန်းသန်းတဝေေ၀၊
မောင်လှထွေမှာ စာပေမသိ၊
မောင်စလင်းမှာတော့ ပျင်းလို့ စာမကြည့်၊
မင်းနန်မှာလူနှင့်နှောတယ် သောသောညံဘိ၊
မဏ္ဍလာ မှုချင်းရာမစုံစမ်းခင်က ငေါက်ငန်းပါဘိ။

ဟူ၍သက်ပန်းဆရာတော်သည် တရားစီရင်ရာ၌ သန်းဝေတတ်ကြောင်း၊ လှထွေဆရာတော် စာမတတ်ကြောင်း၊ စလင်းဆရာတော် စာမကြည့်ကြောင်း၊ ပုခန်းဆရာတော် ဦးနန္ဒမှာ လူဒါယကာတို့နှင့် အရောတ၀င်နေ၍ သောသောညံအောင် စကားပြောလေ့ရှိကြောင်း၊ မဏ္ဍလာရာမ ဆရာတော်မှာ အမှုအကျိုးအကြောင်းကို မစစ်ဆေးမီကပင် ငေါက်ငန်းလေ့ရှိကြောင်း မင်းတုန်းမင်း သိအောင် ပြောပြခဲ့ပေသည်။

ထို့နောက် လွှတ်တော်ဝန်ကြီးလေးပါးနှင့်ပတ်သက်၍လည်း၊

ပုခန်းမှာ....လေ၊
လောင်းရှည်မှာ....ဓါး၊
ခန်းလတ်မှာ....နား၊
ရေနံတတိုင်ချင်း လင်းပါ့မလား။

ဟူ၍ သတိပေးခဲ့ပြန်သေးသည်။ မင်းတုန်းမင်းသည် တိုင်းပြည်အုပ်ချုပ်ကြရမည့် လွှတ်တော်ဝန်ကြီးလေးပါးရှိရာတွင် ပုခန်းမြို့စားဝန်ရှင်တော်မင်းကြီးမှာ လေနာရောဂါသည်ကြီး ဖြစ်သည်။ လောင်းရှည်မြို့စားဝန်ရှင်တော်မင်းကြီးမှာမြင်ကွန်း မြင်းခုန်တိုင် အရေးတော်ပုံတွင် ဓါးဒဏ်ရာရှိပြီး မစွမ်းမသန်သူဖြစ်သည်။ ခန်းလတ်မြို့စားဝန်ရှင်တော်မင်းကြီးသည် နားထိုင်းသူဖြစ်၍ လွှတ်တော်ဝန်ကြီးလေးပါးရှိသည့်အနက် သုံးပါးစလုံး တိုင်းပြည်အုပ်ချုပ်မှုတွင် တင်းပြည့်ကျပ်ပြည့် တိုင်းပြည့်တာဝန်ကိုထမ်းဆောင်နိုင်မည်မဟုတ်၊ ရေနံချောင်းမြို့စား ၀န်ရှင်တော်မင်းကြီးတဦးတည်းနှင့် တိုင်းပြည်ကိစ္စများ ဆောင်ရွက်နိုင်ပါ့မလားဟု သတိပေးခဲ့သည်။

ယခုလည်း မင်းတုန်းမင်းသည် ဗန်းမော်ဆရာတော်ကိုပင့်ရာတွင် အကယ်ပင်နေပြည်တော်သို့ ကြွရောက်လိုပါက မင်းတုန်းမင်းကိုယ်တိုင် ပင့်လျှောက်လွှာတစောင်ရေးသား၍ လှေသင်းအတွင်းဝန်မင်းနှင့် ပေးအပ်ထိုက်သည်။ ယခုမူ လှေသင်းအတွင်းဝန်အား ဗန်းမော်ဆရာတော်ကို ပင့်ချေဟုစေခိုင်းလိုက်ခြင်းမှာ မင်းတုန်းမင်းဘုရင်၏ ပေါ့ဆမှုဖြစ်ကြောင်းကို ထင်ရှားစေလို၍...

''ဟေ့ မင်းတို့ဘုရင်က မန္တလေးကိုပင့်ခဲ့ဘို့ မင်းတို့ကိုမှာတာ၊ ငါ့ကို မန္တလေးကြွဘို့ ပင့်တာမဟုတ်ဘူး၊ ဒါကြောင့် ငါသွားချင်တဲ့ဆီသွားမယ်၊ ငါ့ကိုစစ်ကိုင်းသာပို့'' ဟုမိန့်တော်မူသဖြင့် လှေသင်းအတွင်းဝန်မှာ ရှင်ဘုရင်ပင်ကြောက်နေရသော ဗန်းမော်ဆရာတော်၏အမိန့်ကို မလွန်ဆန်ဝံ့၍ စစ်ကိုင်းဘက် ဆိပ်ကမ်းသို့ ပို့ဆောင်ရတော့သည်။ ဗန်းမော်ဆရာတော်သည် စစ်ကိုင်းတောင်ရိုးတွင်ပင် ပျော်မွေ့စွာ သီတင်းသုံးတော်မူသည်။

******************************

Friday, August 21, 2009

ဆရာကံချွန် (၁၉၄၆-၂၀၀၉)


ဆရာကံချွန် ကွယ်လွန်သွားပြီဆိုလို့ စိတ်မကောင်းဘူး။

တနေ့ကပဲ အမေစုသတင်းကို လျှပ်တပြက်ဂျာနယ်မှာဖတ်နေရင်း ဆရာကံချွန်ပုံလေးနဲ့ အင်တာဗျူးကို ဖတ်မိလိုက်သေးတယ်။ ဓါတ်ပုံကိုကြည့်တော့ တော်တော်လေးပိန်သွားတာမို့ စိတ်မကောင်း ဖြစ်နေမိတယ်။

အဲဒီမှာ အင်တာဗျူးတဲ့သူရဲ့ ထော်လော်ကန့်လန့်မေးခွန်းတွေကို ကိုယ်ကစိတ်ပျက်စွာဖတ်ရင်း နောက်ဆုံးဖြေခဲ့တဲ့ ဆရာ့အဖြေကို အတော်လေး နှစ်ခြိုက်မိပါရဲ့...

မေး - ဆရာကံချွန်တို့ရဲ့ ဟံသာဝတီသတင်းစာခေတ်၊ လူထုသတင်းစာခေတ်အကြောင်း ဆရာကံချွန်ဖြတ်သန်းခဲ့ရတဲ့ အခန်းဂဏ္ဍနဲ့ပတ်သက်ပြီး ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်လေးတွေ သိချင်ပါတယ်ဆရာ။
ဖြေ- အဲဒါအရှည်ကြီးပဲဗျ။ သတင်းထောက်တွေစုပြီး စာအုပ်တစ်အုပ်ထုတ်ကြည့်။ ဟံသာဝတီကောပေါ့။

ဆရာ့ရဲ့ ဘနဲ့ဘွားစွာရယ်၊ ကျော်မင်းဟန်ရယ်ကတော့ ကိုယ်ဘယ်တော့မှ မေ့နိုင်မဲ့ဇာတ်ကောင်တွေမှုတ်ပါဘူး။

ဆရာရဲ့ “ကာတွန်း ကံချွန် တကိုယ်တော်ပြပွဲ ၂၀၀၉” ကျင်းပခဲ့တဲ့ နောက်ဆုံးနေ့. (၂၀-၀၈-၂၀၀၉).. ပွဲပြီးတဲ့နေ့မှာဘဲ ဆုံးသွားခဲ့သတဲ့။

မသေခင်အချိန်ထိ အနုပညာကို ချစ်မြတ်နိုးစွာ ဖက်တွယ်သွားသူ ဆရာကံချွန် ကောင်းရာသုဂတိမှာ ငြိမ်းချမ်းနိုင်ပါစေ...

Monday, August 17, 2009

အခုတလော...

အမသက်ဝေက Tag ထားတယ်...။ ပေါ့ပေါ့ပါးပါး... အားရင် ရေးပေးနော်...တဲ့။ ဘလော့မှာ သူများတွေ တစ်ယောက်နဲ့တစ်ယောက် Tag လုပ်ပြီးရေးခိုင်းတာတွေ ဖတ်ရရင် ကိုယ်ကလည်း အားကျတယ်။ ကိုယ်လည်း ကိုယ်ချစ်တဲ့ ဘလော့ကာတွေကို ကိုယ်သိချင်တဲ့ topic အကြောင်း Tag ပြီး ရေးခိုင်းချင်တယ်။ ဒါပေမဲ့ ကိုယ့်မှာက ဘလော့ရှိလို့ ဘလော့ကာနံမည်သာခံထားရတာ၊ အသိအကျွမ်းကနည်းပါးလှ။ နံမည်ကြီးဘလော့ကာတွေကို သူရို့ကိုသာ ကိုယ်ကသိပေမဲ့ ကိုယ့်ကိုမည်သူမျှ မသိကြတော့ မTag ၀ံ့။

Tag ကြတဲ့အထဲမှာလည်း တခါမျှမပါဝင်ခဲ့ဖူးဘူး။ ဟီး ...ဘယ်သူမှ Tag မဲ့သူမရှိလို့။ အခုတော့ အမသက်ဝေ ကျေးဇူးနဲ့ ပထမဆုံး Tag ခံရလို့ ဂုဏ်ယူစွာနဲ့ ရေးလိုက်ပါတယ်။

*********
အခုတလော...

တွေးနေမိတာက
ဘာကိုစလုပ်ရရင် ကောင်းမလဲ၊ တော်ပါပြီ ဘာမှမလုပ်တော့ဘူး...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လုပ်ချင်တာတွေများပြီး ဘာမှမလုပ်ဖြစ်သောသူ...

ကျန်းမာရေး
ကောင်းတချက်၊ မကောင်းတချက်…

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဘလော့၊ ဖိုရမ်၊ မြန်မာအိုးလုပ်ငန်း၊ Arts movement...

ရောက်နေဖြစ်တာက
ပုံမှန်က ရုံး နဲ့ အိမ်၊ အိမ်နဲ့ ရုံး...
ဒီပိတ်ရက်တော့ ပန်းချီ စတူဒီယို မသွားမဖြစ်လို့ သွားရတယ်။ ပြီးတော့ လျှောက်လည်ပစ်တယ်...

ရေးဖြစ်နေတာက
အလာပ၊ သလာပတွေ...

နားထောင်ဖြစ်နေတာက
သံယောဇဉ်၊ သံယောဇဉ်…

ရွတ်နေမိတဲ့ကဗျာက
The Gardener XVI: Hands Cling to Eyes by Rabindranath Tagore
This love between you and me is simple as a song...

ဖြစ်ချင်နေတာက
ဖြစ်ချင်တာတွေ အများကြီး…

စားဖြစ်နေတတ်တာက
ညီမလေးချက်ကျွေးတာ...

သနားနေမိတာက
မှားတာကို မှားမှန်း မသိသူတွေ...

လွမ်းနေမိတာက
ပျော်ရွှင်စရာအချိန်များ အားလုံး...

မေ့လျော့ပစ်နေမိတာက
သေခြင်းတရား...

ခါးသက်နေမိတာက
မြန်မာပြည်က သတင်းတွေ...

တမ်းတနေမိတာက
အမေနဲ့ လွတ်လွတ်လပ်လပ် တွေ့ချင်တယ်၊ စကားပြောချင်တယ်...

ကြိတ်ပြီးချီးကျူးနေမိတာက
ဒီပလိုမေစီ ဖြစ်သူများ...

ကြိတ်ပြီးအထင်သေးနေမိတာက
ငွေနဲ့ ရာထူးမက်သူများ...

ဆန္ဒမရှိတဲ့နေရာ
မင်္ဂလာတရားတော်နှင့် မညီသော အရပ်...

ဆန္ဒရှိနေတဲ့ကိစ္စ
ပန်းချီစတူဒီယိုတခု ထောင်ချင်တယ်။ အောက်ထပ်မှာ ကော်ဖီ၊ လက်ဘက်ရည်ဆိုင်ဖွင့်မယ်...

မုန်းတီးနေမိတာက
ဘာပြောကောင်းမလဲ… သူရို့ဘဲ ရှိတယ်…

ချစ်နေတာက
ချစ်စရာကောင်းသူတွေ အားလုံး...

စိတ်ပျက်နေမိတာက
ပျင်းလွန်းတဲ့ ကိုယ့်ကိုယ်ကို...

စွဲလန်းနေမိတာက
ကွန်ပြူတာ.. ပြောရရင် အင်တာနက်… ဂေါ်ဂဲ...
ဘာသိလို့လဲ… ဂေါ်ဂဲမှာ လိုချင်တာ အားလုံးရှာလို့ရတယ်…
how to deliver baby ဆိုပြီး ကလေးမွေးနည်းတောင်ရှိတာကြီးကိုး...

လိုအပ်နေတာက
ကြိုးစားအားထုတ်မှု...

တောင်းနေမိတဲ့ဆု
အမေနဲ့ အတူတကွ ဦးကြီး၊ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေးတို့ ဘေးရန်ကင်းပါစေ...

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
ရှေ့ဆက်ပြီး ကိုယ်ဘာများလုပ်ရမလဲ…

ဝန်ခံချင်တာက
ကိုယ်ဟာ ငပျင်းပါ...

Friday, August 14, 2009

ထူးအိမ်သင် ၅နှစ်ပြည့် အမှတ်တရ...



ခေါင်းလောင်းလေးတွေ မြည်နေပြီ
ငှက်ကလေးတွေလည်း တေးဆိုသည်
နာရီစင်က ၃ချက်တီးသံမြည်...
နှင်းတွေလဲ ကျနေသည်
ဒီဆောင်း မြောက်လေ မြူးသည်...
ခုတော့ သိပြီ
သူ့ကို ကိုယ်ချစ်သည်.....

Tuesday, July 21, 2009

ဗန်းမော်ဆရာတော်ကို ဗန်းမော်သို့ ပို့ရသနည်း

ဗန်းမော်ဆရာတော်ကို အရေးယူရသည့်အကြောင်းရင်း

မင်းတုန်းမင်းတရားကြီးသည် သာသနာရေး ဘက်တွင်၎င်း၊ ပညာရှိများကိုဆည်းကပ်ကိုးကွယ်မှုတွင်၎င်း၊ အလွန်ချီးကျူးဘွယ်သော မင်းတပါးပင်ဖြစ်သည်။ ဗန်းမော်ဆရာတော်နှင့် မင်းတုန်းမင်းတို့သည် သက်တော်မတိမ်းပင်ရှိကြလေသည်။ ဗန်းမော်ဆရာတော် (၁၁၆၈ -၁၂၃၉) နှင့် မင်းတုန်းမင်း (၁၁၇၆-၁၂၄၁) တို့ ဖြစ်ကြသည်။

မင်းတုန်းမင်းသည် ဗန်းမော်ဆရာတော်၏အကြောင်းကိုငယ်သိ၊ အစင်းသိဖြစ်သည်။ နော်တော်ပုဂံမင်းလက်ထက်သာသနာပိုင်ဆရာတော်ဘုရား၏ ဖြတ်ထုံးရေးရဟန်း၊ စာဆိုရဟန်းဖြစ်၍ ဗန်းမော်ဆရာတော်သည် ရဟန်းပျိုဘ၀ကပင် ထူးခြားသောပုဂ္ဂိုလ်ဖြစ်၍ ထင်ရှားသောကိုယ်တော် ဖြစ်ရသည်မှာ မလွဲပေ။ ဗန်းမော်ဆရာတော်၏တိကျပြတ်သားစွာ ဆန့်ကျင်တတ်သော သဘောကြောင့်၊ သုဓမ္မာဆရာတော်များ အဖွဲ့တွင် မထည့်သွင်းဝံ့၍သာ မထည့်သွင်းခြင်းဖြစ်ပေလိမ့်မည်။

ဗန်းမော်ဆရာတော်အားကိုးကွယ်မှု၊ ဗန်းမော်ဆရာတော်အပေါ် သည်းခံမှုတို့ကိုကြည့်ရှုလျှင် ဗန်းမော်ဆရာတော်က ကိုယ်ရေးကိုယ်တာ၊ လူကဘုန်းကြီး (-) ကဓါးပြဟူ၍ ပြစ်ပြစ်နှစ်နှစ် ဆိုလိုက်ခြင်းကိုလည်း ပြုံးပြုံးကြီးသာ ခံခဲ့သည်။ လွှတ်တော်ဝန်ကြီးများအား ချိုကျိုးနားရွက်ပဲ့ များဖြစ်အောင်ဖေါ် ထုတ်မှုတွင်၎င်း၊ သုဓမ္မာဆရာတော်များကို ပျက်ရယ်ပြုရာတွင်၎င်း၊ မင်းတုန်းမင်းသည် ခတ်မဆိတ်နေခဲ့ခြင်း၊ ဗန်းမော်ဆရာတော်အား ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း မလျော့ပါးကြောင်းကိုထောက်၍ သိသာပေသည်။

***********************

အဘယ်ကြောင့် ဗန်းမော်သို့ ပို့ရသနည်း

သို့ဖြစ်လျှင် ဗန်းမော်ဆရာတော်အား အဘယ်ကြောင့်နယ်နှင်ဒဏ်ပေးလိုက်သနည်း။ ဤအချက်သည် အရေးကြီးပေသည်။ မင်းတုန်းမင်းကိုယ်တိုင်က ရှမ်းကလေးကျောင်း ဆရာတော်အား ပြုစုစေခဲ့သောဝိနိစ္ဆယစာတမ်းကို သုဓမ္မာဆရာတော်များ စစ်ဆေးကြည့်ရှုအတည်ပြု၍ သာသနာပိုင်ဆရာတော်၏ အတည်ပြုချက် ထပ်မံရယူပြီး တိုင်းပြည်ရှိ ရဟန်းသံဃာအားလုံးကိုလိုက်နာရန် ထုတ်ပြန်လိုက်သော အချိန်ကျခါမှ ဗန်းမော်ဆရာတော်က ၀င်ရောက်တိုက်ခိုက်လိုက်ခြင်းမှာ မင်းတုန်းမင်း၏ဂုဏ်သိက္ခာကို၎င်း၊ သုဓမ္မာဆရာတော်များ၏ ဂုဏ်သိက္ခာကို၎င်း၊ များစွာကျဆင်းစေသည့် ကိစ္စဖြစ်လာသည်။ ထိုကိစ္စအတွက် မင်းတုန်းမင်းတွင် သော်၎င်း၊ သုဓမ္မာဆရာတော်များတွင် သော်၎င်း၊ ဂုဏ်သိက္ခာကျဆင်းမှုအတွက် အဖတ်ဆယ်ရန် ဗန်းမော်ဆရာတော်အား ၀န်ခံတောင်းပန်စေရလျှင် ဗန်းမော်ဆရာတော်မှာလည်း ဂုဏ်သိက္ခာကျဆင်းသွားမည်မဟုတ်ဘဲ၊ မင်းတုန်းမင်းနှင့်တကွ သုဓမ္မာဆရာတော်များ၏ သိက္ခာကိုဆယ်နိုင်ပေလိမ့်မည်။ သာသနာပိုင် ဆရာတော်အား တွေ့ဆုံ စစ်ဆေးမေးမြန်း၍ မိမိရေးကြောင်း ၀န်ခံစေရန် စီမံခဲ့သော်လည်း ဗန်းမော်ဆရာတော်သည် ၀န်မခံရုံမျှမက သာသာနာပိုင်ဆရာတော်အားလျှင်ပင်...

"တိုင်းလုံးငယ်ကျော်၊
ဗန်းမော်ကိုမိပြီမှတ်လို့၊
ညာလက်ခတ်တီး၊
ဝှေးစေ့ကိုလှန်၊
အဆံကိုတူနဲ့ထုလို့၊
သေလုအောင် ဘယ်လိုစစ်တော့၊
ပစ်စာရှင်ပညာကြီးကို
(-)မှမိဘူး"။

ဟူ၍ပင် သာသနာပိုင်ဆရာတော်ဘုရားအား ပြန်လှန်၍ကော်လိုက်သောအခါ မင်းတုန်းမင်း၊ သုဓမ္မာဆရာတော်များသာမကတော့ပဲ၊ သာသနာပိုင် ဆရာတော်ဘုရားပင်လျှင် ဂုဏ်သိက္ခာ ကျဆင်းရပေတော့သည်။

ဤသို့ပင်မည်သူမျှ မနိုင်နိုင်အောင် မည်သူမျှပင် မကြောက်၊ ဂရုမစိုက်၊ ရိုသေမှု၊ လေးစားမှု၊ ဂါဝရမရှိတော့သော ဗန်းမော်ဆရာတော်ကို နေပြည်တော်တွင် ဆက်လက်ရှိနေပါက ရှေ့အဘို့သာသနာရေးကိစ္စ၊ တိုင်းပြည်ကိစ္စတို့တွင် ဘာမျှလုပ်၍ ရနိုင်တော့မည် မဟုတ်တော့ချေ။ ဤအချက်မှာ မင်းတုန်းမင်းဘက်မှနေ၍ တွက်ကြည့်ရသောအချက်ပင်ဖြစ်သည်။

သာသနာပိုင်ဆရာတော်ဟူသည်မှာ သံဃာ့ရာဇာ သံဃာတို့၏ ဘုရင်ပင် ဖြစ်ရပေမည်။ မင်းတုန်းဘုရင်သည် လူပုဂ္ဂိုလ်တို့အား ဥပဒေအမိန့်ဖြင့် ကွတ်ညှပ်ထုတ်ဆင့် အပြစ်ဒဏ်ပေးသော် သင့်လျှော်၏။ ရဟန်းသံဃာများအား မင်းသည် မအုပ်ချုပ်ထိုက် ဟူ၍ သံဃာတော်တို့၏မင်းအဖြစ် သာသနာပိုင်ဆရာတော်တပါးရွေးချယ်ခန့်ထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းရှိလျှင် တိုင်းပြည်အုပ်ချုပ်သော မင်းသည်ပင်လျှင် သာသနာပိုင် ဆရာတော်၏ သြ၀ါဒကိုနာခံရပေမည်။ သေပြစ်၊ သေမိန့် ကျပြီးသော ရာဇ၀တ်သားများကိုပင် သာသနာပိုင် ဆရာတော်၏ အမိန့်ဖြင့် သေပြစ်၊ သေမိန့်မှ ကင်းလွတ်ခွင့် ပေးနိုင်ပေသည်။

ဤသို့ပင် သံဃာ့ရာဇာဖြစ်သော သာသနာပိုင်ဆရာတော်ကိုပင် ပျက်ရယ်ပြုရုံမျှမက ရုန့်ရင်းသောစာချိုးဖြင့် သရော်ပြောင်လှောင်ခြင်းခံရသည့်အခါတွင် သံဃာတို့အား အုပ်ချုပ်မှု ပျက်ပြားစရာ အကြောင်းတပါး ဖြစ်လာတော့သည်။ ထို့ကြောင့်သာလျှင် ဗန်းမော်ဆရာတော်အား နေပြည်တော်မှ ဝေးရာသို့ နယ်နှင်ဒဏ် ပေးလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

ဤသို့ဗန်းမော်ကိုပို့လိုက်ရသော်လည်း အစစ၊ အရာရာ လိုလေသေးမရှိ ဆွမ်း၊ ကွမ်းမှစ၍ ပြည့်စုံအောင် စီမံပြီးမှ ပို့လိုက်ခြင်းဖြစ်သည်ကိုထောက်၍ ရာဇ၀တ်ပြစ်ဒဏ်ဖြင့် ဗန်းမော်သို့ ပို့ခြင်းမဟုတ်၊ သာသနာပိုင်ဆရာတော်၏ ဂုဏ်သိက္ခာနှင့် အခြားသံဃာများအပေါ် သြဇာမကျဆင်းစေခြင်းငှာသာလျှင် ဗန်းမော်ဆရာတော်အား ဗန်းမော်သို့ ပို့ခြင်းဖြစ်ဟန်တူသည်။ သို့ဖြစ်၍ ဗန်းမော်ဆရာတော်အား ဗန်းမော်သို့ပို့ခြင်းမှာ ပြစ်ဒဏ်အနေနှင့် ပို့ခြင်းမဟုတ်ဘဲ၊ နေပြည်တော်အတွင်းရှိ သံဃာတော်များကိုထိန်းသိမ်းမှုရစေရန်နှင့် ခဏတဖြုတ်မျှ နားအပူသက်သာစေရန် ရည်ရွယ်ဟန်တူပေသည်။

***********************