Saturday, December 24, 2011

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် (Tag From Sis Rose)

ညီမလေးရိုစ့်ရေ.... ရေးတာ နောက်မကျလောက်သေးပါဘူးနော်... ဒီနေ့မှ ခရစ်စမတ် အကြိုနေ့ပဲ ရှိသေးတာနော့... ညီမလေး ရဲ့ မေးခွန်းလေးတွေကို ဖြေပေးထားပါတယ်နော်....

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် (Tag)

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ခရစ်စမတ် ရောက်ခါနီးရင် လူတွေက အားလပ်ရက်တွေ နီးလာပြီဆိုတဲ့စိတ်နဲ့ ပေါ့ပါးလာကြပြီး လှုပ်လှုပ်ရှားရှား ပျော်ပျော်ရွှင်ရွှင်တွေနဲ့ တွေ့ရလို့ ကိုယ်ပါ ရောပြီး ပျော်မိပါတယ်။

♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
အိမ်ကိုတော့ ပုံမှန် ဘာနဲ့မှ အလှဆင်လေ့မရှိပါဘူး။ ဒါပေမယ့် နှစ်သစ် မှာ ရှင်းရှင်းလင်းလင်း သန့်သန့် ပြန့်ပြန့် ဖြစ်ရအောင် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ပါတယ်။ ဘုရားကို ရေမွှေးနံ့သာ နဲ့ သန့်ရှင်း ပူဇော်ပါတယ်။ တစ်နှစ်လုံး အောင်းနေတဲ့ မလွှတ်ပစ်ရက်တဲ့ အမှိုက်တွေ နှမျော နှမျောနဲ့ စုပြီး လွှတ်ပစ်ရပါတယ်။း)

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
ဒီဇင်ဘာတချို့သော နှစ်တွေမှာ အလုပ်တာဝန်နဲ့ နှင်းတွေ ဖွေးပြီးအေးခဲနေတဲ့ နေရာ ကို ရောက်နေတတ်တဲ့ အခါတွေ ရှိခဲ့တယ်။ ခရစ်စမတ်ဟာ နှင်းဖြူဖြူတွေ ရှိနေတာ မရှိနေတာထက် ကိုယ်ချစ်တဲ့သူ ကိုယ့်ဘေးနားမှာ ရှိနေဖို့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်လို့။ နှင်းတွေမြင်ရင် ပိုလွမ်းစရာ ကောင်းတတ်လွန်းလို့ နှင်းတွေကို ချစ်ပေမယ့် နှင်းတွေနဲ့ တစ်ယောက်ထဲတော့ မရှိချင်ပါဘူး။

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ခရစ်စမတ်ဟာ များသောအားဖြင့် ပိတ်ရက် နားရက်တွေနဲ့ တိုက်ဆိုင်တာကြောင့် အလုပ်တာဝန်နဲ့ ခရီးထွက်စရာမရှိဘူးဆိုရင် အဆင်ပြေ အချိန်ရရင် မိသားစုတွေနဲ့ ခရီးတို ခရီးရှည်တွေ ထွက်ဖြစ်ပါတယ်။ တချို့နှစ်တွေမှာ တရားစခန်း သို့မဟုတ် သီလရင် ၀တ်ဖြစ်ပါတယ်။

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
အရင်တုန်းကတော့ ခရစ်စမတ်ဆို ရုံးမှာ လက်ဆောင်လေးတွေ လဲကြတယ်။ ကိုယ်တိုင်တော့ မှတ်မိသလောက် ခရစ်စမတ်လက်ဆောင် အဖြစ်အနေနဲ့ သက်သက် ဘယ်သူ့ကိုမှ မပေးဖြစ်ခဲ့ဖူးပါဘူး။ အမှတ်တရ အနေနဲ့ မဟုတ်ပဲ သူတို့ လိုတဲ့ အချိန်မှာ လိုမယ်ထင်တာလေးတွေ တိတ်တိတ်ကလေး မရရအောင်ရှာဝယ်လာပြီး Surprise အနေနဲ့တော့ ပေးဖြစ်ပါတယ်။

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ဒီဇင်ဘာ ဟာ အမှတ်တရ အများဆုံး ပေးတဲ့ လတစ်ခုပါ။ ငယ်ဘ၀ လွမ်းစရာ ပျော်စရာ၊ ချစ်သူနဲ့ အတူ လွမ်းစရာ ပျော်စရာ၊ သူငယ်ချင်းတွေနဲ့ အတူ လွမ်းစရာ ပျော်စရာ၊ စသဖြင့် အမှတ်တရလေးတွေ ပြည့်နေတဲ့ လ တစ်ခုပါ။ ပြောစရာတွေ အများကြီးထဲက တစ်ခုကတော့ တစ်ခုသော ဒီဇင်ဘာမှာ ချစ်သူနဲ့ ပထမဆုံးခွဲပြီး အဝေးကို တစ်ယောက်ထဲ ထွက်လာခဲ့ရဖူးလို့ ဘယ်တော့မှ မေ့မရတဲ့ ဒီဇင်ဘာ ပါ။

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ကိုယ်က ချစ်တဲ့သူ ကိုယ့်ကို ချစ်တဲ့သူတွေ အားလုံးနဲ့ ရှိချင်ပါတယ်။

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
အမြဲတော့ မဟုတ်။ တိုက်ဆိုင်ရင်တော့ countdown ပြုပါတယ်။ တစ်ခါတရံ ဘုရားစာ ရွတ်ရင်း၊ မေတ္တာဘာဝနာ ပွားများရင်း ကြိုဆိုပါတယ်။ အမှတ်တရ အနေနဲ့ကတော့ သက္ကရာဇ်၂၀၀၀ မှာ ထောင်စုနှစ် ပြောင်းတဲ့ ထူးထူးခြားခြားနှစ်မို့လို့ သူငယ်ချင်းတွေနဲ့ စုပြီး ကြိုဆိုခဲ့ကြပါတယ်။

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
ချစ်တဲ့သူတွေ အနားမှာ ရှိရင် ပြည့်စုံတာမို့ ဘယ်နေရာ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒီနှစ်တော့ အလည်အပတ် အစီအစဉ် မရှိလို့ အိမ်မှာပဲ မေတ္တာဘာဝနာပွားများရင်း ကြိုဆိုဖြစ်မယ်ထင်ပါတယ်။

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
နှစ်သစ်မှာ မှ အဲသလို ဆုံးဖြတ်ချက်တွေ သတ်သတ် ချလေ့ မရှိပါ။ ပန်းချီဆွဲချိန် များများ ရှိချင်တယ်။ စာရေး စာဖတ်ချိန် များများတော့ ပိုရချင်ပါတယ်။

♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
သြော်... အသက်တစ်နှစ် ကြီးသွားပြန်ပါပကော။ အချိန်တွေ ကုန်လွယ်လှပါ ပကော လို့ သံဝေဂတော့ ရမိတတ်ပါတယ်။

♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
သူငယ်ချင်းတွေ ကတော့ ပို့ကြတတ်ပါတယ်။ ကိုယ်ကသာ ပျင်းတတ်တဲ့သူမို့ ပြန်မပို့မိတတ်တာ များပါတယ်။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
သတိတရ တဂ်တဲ့ ညီမလေးရိုစ့်နဲ့ ဘလော့ကာ သူငယ်ချင်းများ၊ ဘလော့ စာဖတ် ပရိတ်သတ်များ အားလုံး မင်္ဂလာရှိသော ပျော်ရွှင်စရာကောင်းသော ခရစ်စမတ် နဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်နော်။

Merry Christmas and Happy New Year to All!!!

မေတ္တာဖြင့်... စုချစ်
++++++++

Friday, December 23, 2011

ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆံပင်နှင့် ခေါင်းမြီးခြုံ ဖက်ရှင်

ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆံပင်နှင့် ခေါင်းမြီးခြုံ ဖက်ရှင်


သီလရင် ၀တ်ရတာကတော့ တကယ်ကို စိတ်ချမ်းမြေ့ဖို့ ကောင်းပါတယ်။ ဒီအ၀တ်ကလေး ၀တ်လိုက်ရုံနှင့် ကိုယ့်စိတ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေ တစ်ဝက်လောက် စင်ကြယ်သွားသလို ဒီအ၀တ်ကြောင့် သီလတွေ အလိုလို ထိန်းမိရက်သား ဖြစ်သွားသလိုလို ဘာလိုလိုနဲ့။ ဒါကြောင့်လည်း အိမ်က လူကြီးမိဘတွေ နဲ့ ကိုရေချမ်းဆီက သဘောမတူတူအောင် မနည်း ရအောင် ခွင့်တောင်းပြီး ဒီအ၀တ်ကို ထပ်မံ ၀တ်ခဲ့ရတာပဲ။ ဒီတခါ ၀တ်ဖို့အတွက်များဆို ၂၀၀၈ ခုနှစ်ကတဲက စပြီး လေးနှစ် တိုင်တိုင် မရမက ခွင့်တောင်းခဲ့ရတာပ။ အဲသလောက် ၀တ်ချင်ခဲ့ရတဲ့ သီလရင် ဘ၀၊ လူထွက်တော့မှ ခက်တော့တာပဲ။ ဂတုံး အကြောင်းပြုပြီး ဟိုလူက စချင်၊ ဒီလူက စချင်၊ ပြောင်ချင် လှောင်ချင်။ သီလရင် မ၀တ်ခင်ကတဲကကို ကတုံးကိုဖတ်ကနဲ လာရိုက်ချင်တဲ့သူက တမျိုး၊ ကတုံးမလို့ ကြိုတင်ရေရွတ် ခေါ်ချင်တဲ့သူက တမျိုးနဲ့ စာစီ ကဗျာသီ ပြောင်ချင် သူက တမျိုး။

အဲဒီထက် ပိုပြီး ခက်သေးတာက စင်ကာပူမှာ အလုပ်လုပ်နေရင်း ကတုံး ဖြစ်ရတဲ့ ဘ၀ပဲ။ ၂၀၀၀ခုနှစ်က Hitachi ဂျပန် ကုမ္ပဏီမှာ အလုပ် လုပ်နေရင်း ပထမဆုံး သီလရင် စ၀တ်ဖြစ်တယ်။ ကိုယ့်ရုံးခန်းထဲက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ မန်နေဂျာကို မြန်မာပြည် ပြန်ပြီး သီလရင် ၀တ်မယ်ဆိုတာ ကြိုတင် အကြောင်းကြား သတင်းပေးပြီးသားရယ်။ မဟုတ်ရင် မတော်တဆ ကတုံးကို တွေ့မိလိုက်လို့ ရှော့ ရနေမှာ စိုးလို့လေ။ အဲဒီတုန်းက သီလရင် လူထွက်ကာစတော့ ဆံပင်တုလေးစွပ် ရုံးတက်တာပေါ့လေ။ တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက်လောက် နေတော့ အဲဒီဆံပင်တုဒဏ်ကို မခံနိုင်တော့ဘူး။ ခေါင်းကို တအားကြီး ချုပ်ပြီး စည်းထားသလိုဖြစ်တော့ ခေါင်းတအား ကိုက်လာတယ်။ ဒါနဲ့ ရုံးမှာ ဘယ်လို လုပ်ရလဲဆို အိမ်သာထဲသွား ဆံပင်တုကို ချွတ်ပြီး ၃မိနစ်လောက် ခဏနေ၊ ခေါင်းကို အကိုက်ပြေအောင် လက်နဲ့နှိပ်၊ နည်းနည်း သက်သာပြီဆိုမှ ဆံပက်တုကိုပြန်တတ်ပြီး အိမ်သာထဲက ထွက်၊ နောက် နာရီဝက်လောက်ကြာ တစ်ခါ အိမ်သာထဲ ပြန်ဝင်၊ ခုနကလို ပြန်လုပ်၊ အာ... တစ်နေ့ တစ်နေ့ ရုံးရောက်တာနဲ့ အိမ်သာ ၀င်လိုက် ထွက်လိုက်၊ ဆံပင်တုကြီး ချွတ်လိုက် စွပ်လိုက်၊ တစ်ယောက်ထဲ ဒုက္ခများနေတာ ဆိုတာများ။ နောက်ဆုံး သူငယ်ချင်းတွေက ဆံပင်တုကြီး ချွတ်ထားပါ၊ ကိုယ်က ကောင်းတာလုပ်ထားတာပဲ ဂတုံး ဘာဖြစ်လဲလို့ အားပေးကြတာနဲ့ပဲ (တကယ်တော့ မြှောက်ပေးကြတာ) မရွှေစုတို့ ဆံပင်တုကြီး ချွတ်ပစ်ပြီး ဦးထုတ်ကလေးပဲ ဆောင်း အော်ရင်ဂျီနယ် ကတုံးလေး အတိုင်းပဲ ဆံပင်ပြန်မရှည်မချင်း နေလိုက်ရတော့တယ်။

ဇာတ်လမ်းက အဲဒီမှာ စတော့တာပဲ။ ကတုံးလူသားကို ကြည့်ပြီး ဟိုက သည်က တခြား ဌာနက သူတွေ တီးတိုး တီးတိုး သဖန်းပိုးလုပ်ကြတော့တာ။ ဘာဖြစ်တာလဲ နေမကောင်းလို့လား၊ ဆေးရုံတက်ရလို့လား၊ ရောဂါ ဖြစ်တာလား ဘာလား ညာလား၊ တချို့ကလည်း ကိုယ်တိုင် လာမေးတယ်။ တချို့ကျလည်း ကိုယ့်အခန်းက သူတွေကို လက်တို့ စပ်စုကြတယ်။ သီလရင် ဝတ်တယ်ဆိုတာကိုလည်း သူတို့က နားလည်ကြတာမှုတ်ဘူး။ ဘာဖြစ်လို့ ၀တ်ရတာလဲ၊ ဘာအကြောင်းကြောင့် ဝတ်ရတာလဲနဲ့၊ အဲသမှာ စိတ်မရှည်တဲ့ သူငယ်ချင်း တစ်ယောက် ကတော့ စိတ်ပေါက်ပေါက်နဲ့ ဒီလို ပြန်ဖြေလိုက်တယ်။

'' ဟာ... သူတို့ မြန်မာလူမျိုးတွေက မင်္ဂလာဆောင်ခါနီးရင် သီလရင် မ၀တ်မနေရ ဝတ်ကြရတယ်။ သူက မကြာခင် မင်္ဂလာဆောင်တော့မှာ....အဲသာကြောင့် ဝတ်တာ သိပြီလား။ တော်တော့ ထပ်လာမမေးနဲ့...''

သူ့အပြောနဲ့ပဲ လူတွေ ပါးစပ်ပိတ်။ တစ်နေ့တော့ Managing Director ဂျပန်ကြီးနဲ့ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့၊ နင်တို့ မြန်မာတွေ မင်္ဂလာဆောင်ခါနီးရင် သီလရင် ဝတ်ရတယ်ဆို ဟုတ်လားတဲ့။ ဟယ်... ဘယ်နှယ် ဒီသတင်း ဟိုးအခေါင် အချုပ်ဆီတောင် ရောက်ပါပေါ့လား။ ဟုတ်တယ်လို့ ပြောရခက်၊ ဟုတ်ဘူးလို့ ပြောရခက်နဲ့။ ပြုံးမဲ့မဲ့နဲ့ နေ နေ ရတယ်။

ဟော... တော်နေကြာတော့ မရွှေစုတို့ဌာနကို မြန်မာကောင်မလေးတစ်ယောက် ရောက်လာတာ ရှိပါရော။ သူက အိမ်ထောင်ကျပြီးသား ဆိုတာသိသွားကြတဲ့ အိုလေ...ဟို...ရုံးက ကိုစပ်စု မစပ်စုတို့က... နင်ရော မင်္ဂလာမဆောင်ခင် သီလရင် ၀တ်ခဲ့သလား ဆိုတာ အစမရှိ အဆုံးမရှိ သွားမေးကြတော့... ဟိုကလည်း ဘုမသိ ဘမသိနဲ့ ဘာလို့ ဝတ်ရမှာလဲ၊ ဝတ်ပါဘူးလို့ ပြန်ပြောရော၊ နောက်ကျမှ ဇာတ်ရည်လည်သွားတဲ့ ကောင်မလေးက အစ်မရယ် အစ်မလုပ်တာနဲ့ ကျမလည်း ကိုယ့်လူမျိုး Culture နဲ့ Tradition ကို မထိန်းတဲ့သူပဲလို့ ပြောခံရတော့တာပဲ တဲ့။

အဲ... အဲသလို အဖြစ်မျိုးတွေ မကြုံချင်တော့ ဒီတစ်ခါ မယ်သီလရင် မဝတ်ခင်၊ ဆံပင်တု ကောင်းကောင်းတွေ ဘန်ကောက်မှာ ပေါသဆိုလို့ ပြောကြတော့ အစ်ကိုကြီးကိုအရုဏ်ဦး ကို ဂျီတိုက်ပြီး မှာလိုက်တော့တာပါပဲ။ ကိုအရုဏ်ခမျာလည်း အလုပ်များတဲ့ကြားထဲက ဘယ်ရှိမှန်း မသိတဲ့ ဆံပင်တုဆိုင်တွေ ရှာဖွေပြီး ၂ခုဝယ် အမြန်ချောနဲ့ စင်ကာပူထိ ပို့ပေး ပါရမီဖြည့်ပေးရှာတယ်။ မရွှေစုတို့လည်း ရောက်လာတဲ့ ဆံပင်တုကြီးကိုင်၊ ဝုဒ်လန်းက တင်မိုးလွင် ညီမ ဆံပင်ညှပ်ဆိုင်သွားပြီး ကိုယ်မျက်နှာနဲ့ အဆင်ပြေအောင် ညှိ ညှပ်တာတွေ ကြိုလုပ်ထားလိုက်တယ်။ ဆံပင်တုလေးက ဒီတခါ ခေါင်းမနာတော့ဘူးကွ... သားရည်ကြိုး အလျှော့အတင်းလုပ်လို့ရတယ်။ ဆံပင်ပုံစံကလည်း လှတယ်။ ဆံပင် အရောင်ကလည်း မရွှေစု နဂို ဆံပင် အရောင် အညိုရောင်။ ကွက်တိ။ ဒီတခါတော့ အဆင်ပြေပြီ။ တွက်ရေးကတော့ စက်သူဌေး။

သီလရင်ထွက်တာက ည၇နာရီမှ ထွက်တယ်။ နောက်တစ်နေ့ နံနက် ချက်ချင်း ရုံးတက်ရတော့ အဆင်သင့် လုပ်ထားတဲ့ ဆံပင်တုလေး စွပ်ပြီး ကျော့ကျော့ မော့မော့နဲ့ ရုံးလာတာပေါ့လေ။ ဟော.. ရုံးရောက်တော့ သူငယ်ချင်းတွေက အယ်... ကတုံးလည်း မဟုတ်ပါလားနဲ့ သီလရင် မ၀တ်ဖြစ်တော့ဘူးလားနဲ့ ၀ိုင်းမေးကြတာ။ ဘော့စ်ကလည်း Why you still got the hair နဲ့ လာလုပ်နေသေး။ ပြီးမှ ဆံပင်တုကြီး စွပ်ထားလား၊ အစစ် အတိုင်းပဲ စသဖြင့် အာပြဲကြီးတွေ နဲ့ အော်နေကြလို့ ရှုး ရူး နဲ့ သတိပေးရသေး။

ကိုယ့်ဆံပင်လေးလှတယ်ဟ ဆိုပြီး မာနတွေ တက်လို့ ပြုံးပြုံး ပြုံးပြုံးနဲ့ ကိုယ့်စားပွဲကိုယ် အလုပ်လုပ်ဖို့ ထိုင်နေတုန်း မကြာပါဘူး၊ ခေါင်းငုံ့လိုက်ရုံရှိသေး ...ဂျွတ်...ကနဲ အသံ တစ်ခု ထွက်လာပြီး ခေါင်းပေါ်က ဆံပင်က ချောင်သွားသလို ခံစားလိုက်ရတာ။ ဟိုက်... ဆံပင် ဘာများ ဖြစ်သွားတုန်း ဆိုပြီး မျက်လုံးပြူး မျက်ဆန်ပြူး အိမ်သာပြေးကြည့်တော့ (အင်း... ဒီတခါလည်း အိမ်သာ ပြေးရပြန်တာပဲ) ဆံပင်နောက်က အစွပ်မှာ အတိုးအလျှော့လုပ်ပေးတဲ့ သားရည်ပင်က ကလစ်တွေ အားလုံး ကျိုးကုန်တာကိုး။ ကလစ်တွေ ကျိုးသွားတော့ ဆံပင်ကြီးက ချောင်ပြီး ခေါင်းပေါ်မှာ လည်နေတာရယ်။ နဂိုဆံပင် ဘေးခွဲက အလည်ခွဲဖြစ်လိုက် သုံးပုံ တစ်ပုံခွဲဖြစ်လိုက် နောက်ခွဲဖြစ်လိုက် ရှေ့ဆံပင်တွေက တိုသွားလိုက် ရှည်လာလိုက် ခေါင်းပေါ်မှာ ဆံပင်တုကြီးက ရယ်ကလည် လိုက်ပြီး ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကနေတာများ။

'' တကာကြီးရေ...တကာကြီးရေ... ဆရာလေး လူထွက် ဆံပင်တုကြီး စွပ်မရတော့ဘူးတော့။''

တကာကြီးဆီ အပြေးအလွှားဖုန်းဆက် ဖြစ်ပုံ ပျက်ပုံ ပြောပြတော့ ကဲ... ညနေ အောချက်က ဆံပင်တု ဆိုင် ရှာဖွေ သွားကြည့်ကြတာပေါ့လို့ ပြောတယ်။ အောချက်ဆံပင်တု ဆိုင် မေးမြန်းစုံစမ်းကြည့်တော့ ဆံပင်တု တစ်ခု စလုံး ဒေါ်လာ၆၀၀ လောက် ရှိသတဲ့။ ဆရာလေးလူထွက် အမှတ်လွတ်ထွက် မသွားအောင် ရင်ဘတ် ဖိထားရတယ်။ တော်ပြီ ဒီလောက် ဈေးကြီးတာတော့ မ၀ယ်ချင်တော့ဘူးဆိုပြီး အောချက် မသွားတော့ဘူး။ နောက်တစ်နေ့ မနက် ဘယ်လို ရုံးသွားရလဲဆို ဆံပင်တု ချောင်ချောင်ကြီး ခေါင်းမှာစွပ်၊ အဲဒီအပေါ်ကမှ ပုဝါလေးသိုင်း။ ရုံးက အကြောင်း မသိတဲ့ သူတွေက ဆရာလေး လူထွက် ကို ပြုံးကြည့်ကြတယ်။ ဖက်ရှင်တွေ လုပ်လှချည်ကလားတဲ့။ အက်စကီးမိုးလားတဲ့။ အာရေဗီယန်လား၊ ပါကစ္စတန်နီးစ်လား၊ အိန္ဒိယ ကုလားမလားတဲ့။

ကဲ... ဒါနဲ့ ပြီးပြီလား ဆိုတော့ မပြီးသေးဘူး။ နောက်တစ်နေ့ ညနေ အိမ်ပြန်ရောက်တော့ ခေါင်းက ယားလို့ ခဏခဏ ကုပ်တာ၊ အဲဒီ ဆံပင်တုက နိုင်လွန်နဲ့ လုပ်ထားတာ ဆိုတော့ ပူပြီး ခေါင်းမှာ အပူဖုတွေလို မိတ်ဖုတွေလို ထွက်လာပြန်ရော။ ကတုံး ဆံပင်ဆိုတာကလည်း သိတဲ့ အတိုင်း ကိုယ့်ခေါင်းကိုယ် အလကားနေရင်း ပွတ်လို့က သိပ်ကောင်းတာ၊ ဒီအဖုတွေ ထွက်လာတော့ ပိုယား ပိုပွတ်၊ အဖုတွေ ပိုများ။

''တကာကြီး နောက်တစ်ဆိုင်မှာ ဒေါ်လာ၂၅၀တန် ဆံပင်တု လည်း ရှိတယ်တဲ့။ အဲသာလေး ၀ယ်လိုက်ရ ကောင်းမလား။ ''

တကာကြီးဆီ အဲသလို အကြံဉာဏ်တောင်းတော့ တကာကြီး တစ်ယောက် ပြာပြာသလဲနဲ့... ''ဟာ... ဆရာလေးက ကတုံးလေးနဲ့ လိုက်ပါတယ်၊ ခုလိုပုံလေးက ပိုတောင်ကျက်သရေ ရှိသေး။ တကယ်ပြောတာ'' လို့ ၂၅၀ အပိုကုန်မှာ ကြောက်ရှာတဲ့ တကာကြီး၊ ဆရာလေးလူထွက် ကတုံးနဲ့ တအားလှကြောင်း အခိုင်အမာ ထွက်ဆိုနေလေရဲ့။ ပြောမယ့်သာ ပြောရတာပါ။ ကိုယ်လည်း ဒီလောက်ဈေးကြီးတာတွေ ခဏလေး သုံးဖို့ အတွက် မ၀ယ်ချင်ပါဘူး။ ဆံပင်ဆိုတာကလည်း နှစ်လ သုံးလနေရင် ပြန်ပေါက်လာမှာပဲ မဟုတ်လား။

ဒါနဲ့ပဲ ခုတော့ဘယ်လိုလုပ်ရသလဲဆို မနက်ရုံးလာရင် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဆံပင်တု ချောင်ချောင်ကြီး ခေါင်းမှာစွပ်၊ အဲဒီအပေါ်ကမှ ကုလားမတွေလို ပုဝါလေးသိုင်းခြုံ၊ ရုံးက ကိုယ့်အခန်း ကိုယ်ထိုင်နေတဲ့အခါ အဲဒီဆံပင်တုကြီး ချွတ်၊ ပုဝါလေးပဲ ပြန်ပတ်ထား။ အစည်းအဝေးတို့ ဘာတို့ အပြင်ဘာညာ သွားစရာ ရှိတယ်ဆိုရင်တော့ ပုဝါအောက်ကနေ ဆံပင်တုလေး ပြန်စွပ်လိုက်ပေါ့။ ဒါမှမဟုတ်ရင်တော့ ပုဝါအောက်က အော်ရီဂျင်နယ် ကိုယ့်ကတုံးလေး ကိုယ်ပွတ်ရင်း အလုပ်လုပ်နေရတာများ ဆံပင်ပေါက်စနတွေက စူးစူး စူးစူးနဲ့မို့ တယ် ဇိမ်ရှိတာပဲကလား။

အဟုတ် တကယ် ပြောတာ။ မယုံရင်တော့ ကိုယ်တိုင် ကတုံး တုံး ကြည့်ကြပေါ့။ မှုတ်ဘူးလား နော့။

+++++++++

Wednesday, December 21, 2011

တကာကြီးသို့ မေတ္တာစာ

တကာကြီးသို့ မေတ္တာစာ
by Artist MinWaeAung

အရုဏ်မလာခင် မီးခိုးရောင် ရင့်ရင့် မိုးကောင်းကင်အောက်က မနက်လေးနာရီ နံနက်ဦးလေဟာ အေးမြ သန့်ရှင်း မွှေးထုံ လန်းဆတ်နေတတ်တယ်။ အရင်ညတတွေက မိုးရွာထားတယ်ဆိုရင် ညင်းညင်းညံညံ တိုက်ခတ်နေတဲ့ လေပြေလေးက နွေးတလှည့် အေးတလှည့်နဲ့ တပည့်တော်ရဲ့ ဦးပြည်းကို ခပ်သဲ့သဲ့ကလေး လာထိခတ်နေတတ်သေးတယ်။ တခါတခါ လေပြင်း တစ်ချက်က ဖြတ်ကနဲ တိုးဝှေ့တိုက်ခတ်လိုက်ရင်တော့ သီလရင် အပေါ်ဝတ်ရုံဟာ တဖြတ်ဖြတ်နဲ့ လွင့်လို့။ နေ့တစ်နေ့ရဲ့ အစမှာ သုံးထပ်ဆောင် တရားဓမ္မာရုံ ၀ရံတာထိပ် စေတီတော်ဘက် ဦးတည်လှည့် မတ်မတ်ရပ်ရင်း ဗုဒ္ဓာ နုဿတိ၊ သြဒိဿ မေတ္တာ၊ အနောဒိဿ မေတ္တာ ဘာဝနာတွေကို နာရီဝက်လောက် အမြဲတမ်း ဦးစွာ ပထမ ပွားများ ဖြစ်ပါတယ်။

မေတ္တ္တာဘာဝနာ ပွားများအပြီး ဓမ္မာရုံ ခြေရင်းဝရံတာဘက်ကို ခပ်ဖြည်းဖြည်း စင်္ကြန်လျှောက်ရင်းက ငုံ့ကြည့်လိုက်တဲ့အခါ ကျောင်းဝန်းရဲ့ နောက်ဘက်ကပ်လျက် ၀န်းခြံထဲမှာ ဖြိုဖျက်ပြီးသလောက် ရှိတဲ့ အဆောက်အအုံဟောင်းရဲ့အုတ်ကျိုးတွေ သံချောင်းအဟောင်းတွေ၊ ၀န်ချီစက်တွေ မြေတူးစက်တွေ ကျောက်တူးစက်တွေ တန်းစီကာ ရပ်တည်လို့ ငူငူကြီး ငြိမ်သက် တိတ်ဆိတ်လျက်ရှိနေကြတာကို သတိပြုမိလိုက်တယ်။ ၀န်းခြံထောင့်က အလုပ်သမား တန်းလျားလေးကတော့ အမှောင်ရိပ်ထောင့်စွန်းမှာ ခပ်ငူငူ အိပ်စက်နေဆဲ။ ဒီလို ငြိမ်သက် တိတ်ဆိတ်နေတာကို အမြင်အာရုံမှာ ရှုမှတ်ရင်း မျက်လုံးအိမ်ထဲ မျက်ရည်ကြည်တွေ ရုတ်တရက် ဝေ့၀ဲ တက်လာရာက ပါးပေါ်ကို တဖြည်းဖြည်း စီးကျလာတယ်။

တပည့်တော် တရားစခန်းရောက်တဲ့နေ့က စပြီး မနက် ၈နာရီကစလို့ ညနေ၆နာရီလောက်ထိ ဒီ ဆောက်လုပ်ရေး ၀န်းခြံထဲက မြေတူးသံ၊ အဆောက်အအုံဟောင်းက ကွန်ကရစ် ကျောက်တိုင်တွေကို ဖြိုခွဲလှဲနေတဲ့ ဆူညံသံတွေဟာ နားမခံနိုင်အောင်ကိုပဲ မြည်ဟိန်းနေတယ်။ အခုတော့ မနက်စောစော မှာ သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေလိုက်ကြတာများ၊ မြေတူးစက်ရဲ့ မြေကော်လက်ကြီးဟာ မြေကြီးထဲ ထိုးဝင်စိုက်ကာ ငိုက်မြည်းလို့၊ ကျောက်တူးစက်ရဲ့ ကျောက်စူးကြီးကတော့ ကွန်ကရစ်တိုင်အဟောင်းတစ်ခုပေါ် မေးတင် အိပ်စက်လို့၊ ၀န်ချီစက်တွေရဲ့ သံကြိုးတွေနဲ့ သံကောက်ကြီးတွေဟာ သက်သက်သာသာ အေးအေးချမ်းချမ်း ခွေလျှော့ပုံလို့၊ နေ့ဘက်မှာ ပွက်လောထနေတဲ့ ဆူညံသံတွေ သူတို့စီကပဲ မဟုတ်ကြသလို။ ဒါတွေကို ကြည့်ပြီး ကိုယ့်ဘ၀နဲ့ နှိုင်းယှဉ် တွေးမိလိုက်တယ်။ တပည့်တော်လဲ ခုချိန်မှာ တရားဓမ္မတွေ ထုံလွှမ်းလို့ ခေတ္တခဏ အေးချမ်းနေရပေသိ လောကကြီးထဲ ပြန်ဝင်တာနဲ့တပြိုင်နက် နေ့ဘက်မှာ တဒီဒီ တဒိုင်းဒိုင်းနဲ့ ဆူညံပူလောင်စွာ သူတို့ ရှိနေကြသလို လောဘ ဒေါသ မောဟတွေနဲ့ ပွက်လောင်နေတဲ့ လောကအပူမီးကြီးထဲ ပြန်တိုးဝင်သွားရအုံးမှာပါပဲလားလို့ တွေးမိပြီး သံဝေဂနဲ့ ထိတ်လန့်ကာ အလိုလို မျက်ရည်ကျမိတော့တာပါပဲ။

မနက် ၄နာရီ အချိန်မှာ တကာကြီးကတော့ အိပ်ပျော်နေဆဲ ရှိအုံးမှာပဲ။ တပည့်တော်ကတော့ ဒီတရားစခန်းရောက်ကတဲက မနက်ဆို ၃နာရီခွဲ ကနေ ည ၁၀နာရီခွဲလောက်ထိ တတ်နိုင်သလောက် လုံ့လ ၀ီရိယနဲ့ မနားမနေ ကြိုးကြိုးစားစား တရား အားထုတ်နေပါတယ်။ တကယ်တော့ တပည့်တော်ဟာ အင်မတန် အအိပ်မက်တဲ့သူဆိုတာ တကာကြီးလည်း သိမှာပါပဲ။ သို့သော်လည်း တရားစခန်းရောက်တဲ့ နေ့ကစပြီး သူများထက် ဦးစွာအရင် သတ်မှတ်ချိန်ထက်ကို နာရီဝက်လောက်ကြိုပြီး အိပ်ရာထပါတယ်။ သူများထက် နောက်ကျမှ အိပ်ရာဝင်ပါတယ်။ မနက် အိပ်ရာထပြီဆိုတာနဲ့ အိပ်ရာကို တခါတည်းလိပ်ထားပြီး လုံးဝ ပြန်မနားတော့ပဲ ည အိပ်ရာဝင်ခါနီးမှ အိပ်ရာလိပ်ကို ပြန်ဖြေပါတယ်။

ပထမရက်တွေတုန်းကတော့ တပည့်တော်လည်း နေ့လည် ဆွမ်းစားအပြီး တရားစခန်းက သတ်မှတ်ချိန် ၁၂နာရီကနေ ၁နာရီ အတွင်း နားချိန်မှာ ခဏ ကျောခင်း အညောင်းဖြေ နားမလားလို့ ကြံစည်မိပါသေးတယ်။ သို့သော်လည်း ဒီလို ခေတ္တခဏလေး တစ်ပတ်၊ ဆယ်ရက်လောက် တရားအားထုတ်ချိန်မှာ အချိန်ရရင် ရသလောက် ဘာလို့များ မကြိုးစားချင်ရတာလဲ၊ နားချင်ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပါတယ်။ ခုလို တရားစခန်းမှာ နေစဉ် တပည့်တော် ကိုယ့်ကိုယ်ကိုယ် ကြည်ညိုချင်ပါတယ်။ လူဆိုတာ လောကမှာ သူများ ကြည်ညိုအောင် လုပ်ရဖို့ လွယ်သလောက် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည်ညိုချင်အောင် လုပ်ရတာကတော့ အင်မတန် ခက်လှပါတယ်။ ကိုယ်ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါပဲ။ တပည့်တော်တို့ တရားအားထုတ်တဲ့ သူတွေ အတွက် အလှူရှင်တွေ ကျွေးတာ လှူဒါန်းတာတွေ စားသောက်ပြီးတော့လည်း အလှူရှင်တွေ လှူရကျိုးနပ်အောင် တပည့်တော် ကြိုးစားရပါမယ်။

တရားစခန်း တစ်ခါ ၀င်ဖြစ်ဖို့ ဆိုတာ သူများတွေ အတွက်တော့ မပြောတတ်ပေမယ့် တပည့်တော် အတွက်တော့ ခက်ခဲလှပါတယ်။ ခုလို သီလရင်ဝတ်နဲ့ တရားဝင်ဖြစ်ဖို့ တရားအားထုတ်ဖြစ်ဖို့ ပိုတောင် မလွယ်လှပါသေးတယ်။ တကာကြီးကိုလည်း တပည့်တော်တို့ အိမ်ထောင်စကျကတဲက တရားထိုင်ဖြစ်ဖို့၊ တရားစခန်း ၀င်ဖို့ တိုက်တွန်းလိုက်ရတာ ဆိုတာ ၁၀နှစ်တိုင်တိုင် ကြာခဲ့ပါတယ်။ နောက်ဆုံး အောင်မြင်ခဲ့ပြီး ခုဆို တကာကြီးလည်း ကောင်းစွာ တရား အားထုတ်တတ်နေပြီ မဟုတ်လား။ အဲသလို တိုက်တွန်းတဲ့အတွက် တပည့်တော်ကတော့ အင်မတန် တရား ၀င်ချင်နေတဲ့သူ တရားအားထုတ်ချင်တဲ့သူ တရားအလုပ်လုပ်တဲ့သူပဲလို့ ထင်ကောင်းထင်ခံရလိမ့်မယ်။ တကယ်ကတော့ တပည့်တော်ဟာ အင်မတန် အပျင်းထူတဲ့သူပါ။ ဘုရား အလုပ် တရား အလုပ် လုပ်ရမှာကိုလည်း တအားကို ပျင်းပါတယ်။ မနက် အစောကြီးထ တရားထိုင်ရမှာ အိပ်ရေးပျက်ရလို့ စိတ်ညစ်ပါတယ်။ ညဘက် ရုံးက ပြန်လာ ညစာစားပြီးတာနဲ့ တရားထိုင်ဖို့ထက် မအိပ်ခင် ကျောလေးခင်း အညောင်းလေးဆန့် တီဗွီရှေ့မှာ စာလေးဖတ် လုပ်ချင်တဲ့သူပါ။

လောကမှာ သူများကို တိုက်တွန်းရတာ လွယ်သလောက် ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းရတာ အခက်တကာ အခက်ဆုံး အလုပ်ပါပဲ တကာကြီး။ တပည့်တော် အဲဒီ အခက်ဆုံး အလုပ်ကို အားတင်းပြီး ရအောင် ကြိုးစားလုပ်ဆောင် ကိုယ့်ကိုယ်ကိုယ် အောင်နိုင်စေရန် တိုက်တွန်း နှိုးဆော်ခြင်း အမှုကို ပြုရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းသည်သာ အောင်မြင်ခြင်းတကာမှာ အမြတ်ဆုံးပဲ မဟုတ်ပါလား။ တပည့်တော်ဟာ တကာကြီးကို တရားအလင်းရောင် ရှိတဲ့နေရာ သွားရအောင် မှန်မီးအိမ်ထွန်း လမ်းပြခဲ့သူ ဖြစ်ကောင်းဖြစ်မယ်။ သို့သော် သူများကို မှန်မီးအိမ်ထွန်းပြနေတဲ့ တပည့်တော်ကိုယ်တိုင်က မျက်စိကွယ်နေတဲ့သူ၊ အဲဒီအလင်းရောင်ကို မမြင်ရတဲ့သူ အဲဒီလမ်းကို မမြင်တဲ့သူ မဖြစ်ချင်ပါဘူး။ တပည့်တော် ကိုယ်တိုင် တပည့်တော် ထွန်းပြနေတဲ့ အလင်းရောင်ကို မြင်ချင်တဲ့အတွက် ကြိုးစားပြီး လုပ်ဆောင်နေရခြင်းပဲ ဖြစ်ပါတယ်။

တကာကြီး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပါ။ တပည့်တော် တရားစခန်းနေစဉ်အတွင်း ကိုးပါးသီလကိုလည်း စင်စင်ကြယ်ကြယ် လုံခြုံစွာ ခံယူ ကျင့်သုံး ဆောက်တည်ခဲ့ပါတယ်။ ဒါနမှာလည်း တရားပြ သံဃာတော် အရှင်သူမြတ်များနဲ့ တရားအားထုတ်နေသူ ယောဂီများ အတွက် တစ်ရက်စာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အသက်ကြီးတဲ့ ယောဂီ အမေကြီး နှစ်ယောက်ကို ယောဂီထမီ၊ ယောဂီ တဘက်နဲ့ မျက်နှာသုတ်ပုဝါတွေ လှူဒါန်းခဲ့ပါတယ်။ ဆေးလိုတဲ့ ယောဂီများအတွက် ဆေးလှူဒါန်းခဲ့ပါတယ်။ တပည့်တော် တရားစခန်းအတွက် ယူသွားတဲ့ အသုံးအဆောင် ပစ္စည်းများကိုလည်း တရားစခန်းမှာ အများသုံးနိုင်အောင် ထားခဲ့ လှူခဲ့ပါတယ်။ ဘာဝနာ အနေနဲ့ကတော့ မမေ့မလျော့တဲ့ လုံ့လ ၀ီရိယနဲ့ တတ်နိုင်သလောက် ကြိုးစား အားထုတ်ခဲ့ပါတယ်။

ဒီကနေ့ဟာ တပည့်တော် သီလရင် အ၀တ်ချွတ်ရတော့မယ့်နေ့၊ ဒီတရားစခန်းမှာ နောက်ဆုံး နေရမယ့်နေ့ပါပဲ။ သီလရင် အ၀တ် ချွတ်ရတော့မှာ ဖြစ်တဲ့အတွက် ရင်ထဲမှာ ဆို့နင့်မိပါသေးတယ်။ ဘယ်အခါကျမှ ဒီအ၀တ်ကို ထပ်ပြီး ၀တ်နိုင်မှာလဲ ဆိုတာ တပည့်တော်လည်း မသိပါဘူး။ သို့သော်လည်း ဘယ်အရာ မဆို နောက်ဆုံးမှာတော့ အဆုံးသတ်ရတော့တာပဲ၊ ဖြစ်ပြီးရင် ပျက်ရတော့တာပဲ ဆိုတာကို တရားနဲ့သာ နှလုံးသွင်း ဆင်ခြင်မိပါတော့တယ်။ တပည့်တော် မွန်မွန်မြတ်မြတ် ဆောက်တည် ကျင့်သုံးခဲ့တဲ့ ဒါန သီလ ဘာဝနာ သုံးခုလုံး အတွက် အမိ အဖ ဘိုးဘွားများနဲ့ ဝေနေယျ သတ္တ၀ါအားလုံးကို မေတ္တာ ပို့သ အမျှပေးဝေပါတယ်။ တပည့်တော် ပြုခဲ့ရတဲ့ ကောင်းမှု ကုသိုလ် အတွက် အားလုံး အမျှ ရ၍ ချမ်းသာ ကြပါစေ။

ဒီလို ကောင်းမှု ကုသိုလ်တွေကို မပူမပင်ရပဲ တပည့်တော် အားစိုက်ခွန်စိုက် လုပ်ဆောင်နိုင်အောင် ကူညီ ပံ့ပိုးပေးခဲ့တဲ့ တကာကြီးလည်း ချမ်းသာပါစေ။

မေတ္တာဖြင့်...
မပညာဝတီ
(၁၂-၁၂-၂၀၁၁ မှ ၁၉-၁၂-၂၀၁၁)

++++++++++

Thursday, December 1, 2011

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အမှတ်တရ

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အမှတ်တရ
၀၁ ဒီဇင်ဘာ ၂၀၁၁


အဲဒီနေ့ညနေက အပြင်မှာ မိုးတွေ အုံ့မှိုင်းပြီး သည်းသည်းမည်းမည်း ရွာနေခဲ့တယ်။

+++++

ခဲသားရောင် ခပ်မှိုင်းမှိုင်း မိုးကောင်းကင်အောက် ဖွဲဖွဲလေး ရွာသွန်းနေတဲ့ မိုးရေတွေကြား ကိုရေချမ်းက ကားကို သတိထားပြီး ထိန်းမောင်းနေတယ်။ ကိုအရုဏ်ဦး သူငယ်ချင်း ကားက ဒဂုံမြို့သစ်ရဲ့ ကျောက်ပေါက်မာ အသင့်အတင့်နဲ့ မီးခိုးရောင် ကတ္တရာလမ်းတွေပေါ် ဟိုဝင် သည်ထွက် ကွေ့ကောက်သွားရင်း ရှေ့ကနေ လမ်းညွှန်ပြပေးတယ်။ သူတို့ကားသာ မပါလာခဲ့ရင် ကျမတို့ လမ်းမှားမှာ အသေအချာပါပဲ။ တပင်ရွှေထီးလမ်းမှာလို့ ကိုအရုဏ်ဦးက ပြောလိုက်တဲ့ ခဏမှာ ရှေ့ကသွားနေတဲ့ကားက လမ်းချိုးတစ်ခုဆီ ချိုးဝင်ရင်း သပ်ရပ်သန့်ရှင်းတဲ့ ခြံဝန်းရှေ့တစ်ခုမှာ ရပ်လိုက်လို့ ကျွန်မတို့ကားလည်း နောက်ကနေ ရပ်လိုက်တယ်။ မိုးတွေက အဲဒီအချိန်မှာပဲ ဖွဲဖွဲကနေ သဲကြီးမဲကြီး ဗြုန်းကနဲ ရွာချလာတယ်။ မိုးကို အမှု မထားနိုင်ပဲ ထီးတွေကိုယ်စီနဲ့ ကားပေါ်က အားလုံး ဆင်းလိုက်ကြတယ်။ ခရမ်းရောင် စက္ကူပန်းလေးတွေ ဝေနေအောင် မိုးထားတဲ့ သံပန်းတခါးကနေ ခြံဝန်းထဲလှမ်းကြည့်မိတော့ အပြာရောင် နောက်ခံ အဖြူရောင်စာလုံးတွေနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရတယ်။

သုခရိပ်မြုံ
လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ



သူနာပြု ဆရာမလို့ ထင်ရတဲ့ ပိန်ပိန်သွယ်သွယ် ဆရာမတစ်ယောက် နဲ့ အုပ်ချုပ်သူ ကရင် ဆရာမကြီး တစ်ယောက် က ကျမတို့ကို ကြိုဆိုပြီး ခြံဝင်း ကနေ ၀င်ဝင်ခြင်း ရုံးခန်းလေးမှာ နေရာချထားပေးလို့ သုခရိပ်မြုံ အကြောင်း ကျမ တို့ မေးမြန်း စုံစမ်းသမျှကို ဆရာမကြီးက အခုလို ရှင်းပြပါတယ်။

သုခရိပ်မြုံ ဆိုတှာုံဠ ရောဂါပိုး ကူးစက်ခံထားရတဲ့ ကလေးသူငယ်များအတွက် မိသားစုနဲ့ မခြား ပြုစု စောင့်ရှောက်ပေးတဲ့ ပရဟိတ ဂေဟာ ဖြစ်ပါတယ်။ အဲဒီကလေးငယ်တွေဟာ မိဘ၂ဦးစလုံး ဆုံးပါးသွားတာ ဖြစ်စေ ၊ ဒါမှမဟုတ် မိဘတစ်ဦး ဆုံးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါ ဝေဒနာ ခံစားနေရလို့ ကလေးငယ်ကို မစောင့်ရှောက်နိုင်တဲ့ အခြေအနေရှိနေသူ၊ မိဘမဲ့ မဟုတ်သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် ကလေးငယ်ကို ကောင်းစွာ မစောင့်ရှောက်နိုင်၊ မကြည့်ရှုချင်သော အခြေအနေ မျိုးကြုံတွေ့နေရတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒီ လူမှု ထောက်ပံ့ရေး စီမံချက်ကို ဆရာမ ဒေါ် သန်းမြင့်အောင်ဂာ ၂၀၀၅ခုနှစ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ သံလျင်မှာ အိမ်လေးတစ်လုံးငှားပြီး စတင် အခြေတည်ခဲ့ကြရာကနေ ၂၀၀၆ခုနှစ် နှစ်လည်လောက်မှာ ဒီ ဒဂုံမြို့သစ် အရှေ့ပိုင်း ယခုနေရာလေးကို မြေလေးကွက်စာ ၀ယ်ယူပြီး စေတနာရှင်များရဲ့ ပံ့ပိုးမှုနဲ့ ဒီ သုခရိပ်မြုံ လေးကို စတင်ခဲ့တာ ယနေ့ထက်တိုင်ပါပဲ။

အခုလောလောဆယ် သုခရိပ်မြုံမှာ မွေးရာပါ HIV ရောဂါပိုး ငြိတွယ်နေကြတဲ့ ကလေး ၁၁လ ကနေ ၁၆နှစ်ထိ ၇၀ဦးခန့် ကို ပြုစု စောင့်ရှောက်လျက်ရှိပါတယ်။ ပညာသင်ကြားဖို့ အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးတွေကို သူငယ်တန်းကနေ ဆဌမတန်း အထိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ ကျောင်းထားပေးပါတယ်။ နေ့စဉ် သုခရိပ်မြုံမှ မော်တော်ယာဉ်နဲ့ ကျောင်းအသွား အပြန် ကြိုပို့ လုပ်ပေးပါတယ်။ မူကြိုအရွယ်ကလေးများကိုတော့ မူကြိုသင်တန်းဆင်းဆရာမများ နဲ့ ဂေဟာ မှာပဲ စာသင်ပေးပါတယ်။

ကျန်းမာရေးအတွက် လိုအပ်သလို အနီးကပ် စောင့်ကြည့်ပေးပြီး ကိုယ်ခံအား စီဒီဖိုး နှစ်ရာအောက်ဆင်းသူများကို အေအာတီဆေး တိုက်ကျွေးရပါတယ်။ အေအာတီဆေး မလိုတဲ့ ကလေးများကတော့ ပိုးသတ်ဆေး ပုံမှန်တိုက်ကျွေးနေပါတယ်။ ကလေးများအတွက် သဇင်ဆေးခန်း က ကူညီပြီး လိုအပ်တဲ့ ရက်ချိန်းမှာ ဆေးစစ်၊ သွေးဖောက်၊ စသဖြင့် ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါတယ်။ အထူးသဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် သိပ်ငယ်လွန်းတဲ့ ကလေးတွေ အတွက် ( ၃နှစ်ခန့်အထိ ) ဆရာမတွေ ကိုယ်တိုင် ရေချိုး၊ ထမင်းကျွေး၊ အနာဆေးထည့်၊ စသဖြင့် ကြင်နာ ယုယစွာဖြင့် ပြုစု စောင့်ရှောက်ပေးပါတယ်။

ကလေးငယ် ၇၀ဦး အတွက် လောလောဆယ် တစ်နေ့စာ အစားအသောက် ကုန်ကျငွေက ၇သောင်းခန့်ဖြစ်ပါတယ်။ သာမန်ကလေးများထက် အာဟာရ ပိုဖြစ်အောင် ဂရုစိုက်ရမှာ ဖြစ်တဲ့ အတွက် အစားအသောက်မှာ ခွန်အားရှိစေမယ့် အစားအစာများကို ရွေးချယ် စီစစ် ကျွေးမွေးပါတယ်။ မနက် ၇နာရီမှာ နံနက်စာ ပဲပြုတ်ထမင်း၊ ကြာဇံ၊ ခေါက်ဆွဲ၊ အစရှိသဖြင့် ကျွေးမွေးပြီး နေ့လည်စာကို နေ့လည် ၁၁နာရီ၊ ညစာကို ညနေ ၅နာရီ ပုံမှန် အသားဟင်း၊ ငါးဟင်း၊ အသီးအရွက်များနဲ့ ကျွေးမွေးပါတယ်။ အဆာပြေ အနေနဲ့ မနက် ၉နာရီမှာ တစ်ကြိမ်၊ နေ့လည် ၂နာရီမှာ တစ်ကြိမ် ည ၈နာရီမှာ တစ်ကြိမ် ဘီစကစ်၊ အိုဗာတင်း၊ ကြက်ဥ၊ နွားနို့၊ အသီးအနှံများ စသဖြင့် ကျွေးရပါတယ်။





ဆရာမကြီးက ပြောပြောဆိုဆို သိလိုသမျှတွေ ရှင်းပြပြီး လက်ကမ်းစာစောင်လေးတွေလည်း ပေးပါတယ်၊ အဲဒီနောက် ကျူးပစ်မှ အစ်ကိုကြီး ကိုအာရုဏ်ဦးရဲ့ အလှူငွေ (၂၅) သိန်း အပါအ၀င် မြန်မာများအတွက် မြန်မာအဖွဲ့က စုငွေ ၅သိန်း နဲ့ ပေါင်းပြီး - စုစုပေါင်း သိန်း ၃၀ ကို မြန်မာများအတွက် မြန်မာအဖွဲ့အနေ နှင့် သုခရိပ်မြုံ သို့ လှူဒါန်းနိုင်ခဲ့ပါတယ်။ ကိုအာရုဏ်ဦးမှ သူ့ ကုမ္ပဏီ နာမည်နှင့် ထပ်မံ၍ ၅သိန်း လှူတဲ့အတွက် အဲဒီနေ့က စုစုပေါင်း ငွေသား ၃၅ သိန်း လှူနိုင်ခဲ့ကြပါတယ်။ ဆရာမကြီးတို့မှ ကျေးဇူးတင်စကား ပြောကြပြီး အလှူငွေ ရေတွက်နေစဉ် ကျမက ကလေးတွေကို ကြည့်လို့ ရမည်လား ဟု မေးမြန်းမိပါတယ်။



အခုလောလောဆယ် ကလေးတွေကို ညစာထမင်းကျွေးနေပါတယ်။ ဘေးက ကပ်ရက် အဆောင်မှာ သွားကြည့် လေ့လာနိုင်ပါတယ်လို့ ဆရာမကြီးက ပြောလာတော့ ကိုအရုဏ်ဦး သူငယ်ချင်း အစ်ကိုကြီး တစ်ယောက် နဲ့ ကျမတို့ နှစ်ယောက်သား ကလေးများ ရှိတဲ့ အဆောင်ဆီကို မိုးရေတွေကြားထဲက ထွက်လာခဲ့ကြပါတယ်။

++++++++

သန့်ရှင်း သပ်ရပ်မှုရှိတဲ့ အဆောက်အအုံထဲက အခန်းတံခါး တစ်ခုကို ဖွင့်လိုက်တာနဲ့.... ဟော... တွေ့ပါပြီ။ သူတို့ကို။

အသက် ၃နှစ် နဲ့ အောက် အရွယ်ရှိတဲ့ ကလေး ၁၅ယောက်ခန့်ကို ဆရာမ တစ်ဦးက ကြက်သား အာလူးနဲ့ နယ်ထားတဲ့ ထမင်းဇလုံကြီးကနေ တစ်ယောက်စီ ညစာ ထမင်း ခွံ့ကျွေးနေခြင်းပဲ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေက ၀၀ကစ်ကစ်လေးတွေ၊ မျက်နှာမှာလည်း သနပ်ခါး ဘဲကြားလေးတွေနဲ့ ရောဂါသည်လို့ မထင်ရက်စရာ တက်<က ပျော်ရွှင်လျက် ရှိတာ တွေ့ရတယ်။ ခွံ့ကျွေးနေတဲ့ ထမင်းကို ကိုယ့်အလှည့်ရောက်လို့ တစ်လုပ်စာ စားပြီးတိုင်း နောက်ကနေ ပြန်တန်းစီလိုက်နဲ့ အပူအပင် ကင်းမဲ့စွာ ပျော်ရွှင်စွာနဲ့ ဆော့ကစားလို့ နေကြသေးတယ်။

ကျမတို့ ဧည့်သည်တွေ ၀င်လာတာ တွေ့ရတာ သူတို့က ပိုပြီး ပျော်နေပုံရတယ်။ ကျမက သူတို့ ထမင်းစားနေတဲ့ နေရာနား ထိုင်လိုက်တော့ ကျမရဲ့ နောက်ကျောကို တစ်ယောက်က ကျောလာပိုးတယ်။ နောက်တစ်ယောက်က အားကျမခံ ကျမ ရင်ခွင်ထဲ တိုးဝင်တယ်။ နောက်တစ်ယောက် က ရသမျှ တိုးကပ်ပြီး ကျမ ပေါင်ပေါ်မှာ လာထိုင်တယ်။ နေရာမရနိုင်တော့တဲ့သူတွေက ကျမရဲ့ လက်မောင်းတွေ၊ ပုခုန်းတွေ၊ ဆံစတွေပါ မကျန် သူတို့ လက်သေးသေးလေးတွေနဲ့ လာထိ ထားကြတယ်။ ဒီအတိုင်းပဲ ကျမနဲ့ ပါလာတဲ့ အစ်ကိုကြီးပေါ်ကိုလည်း ဖက်တွယ်တက်ပြီး ဆော့ကစားနေကြတယ်။ ကျမကသာ သူတို့ကို ကြည့်ပြီး အံ့သြ သနား နေရပေမယ့် ဂေဟာကို လာလှူနေကြဖြစ်တဲ့ အစ်ကိုကြီးကတော့ သူတို့လေးတွေ နဲ့ ရယ်မော စကားပြောရင်း အဖွဲ့ကျနေပါတယ်။

ကလေးလေးတွေက ဂတုံးလေးတွေနဲ့မို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်စွာ အချင်းချင်း ဂတုံးလေးတွေ ပုတ်ပြီး ကျီစယ် ဆော့ကစားနေတော့ ကျမက အဲသလို မစရ မရိုက်ရဘူးနော်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ရမယ်လို့ပြောတော့ တစ်ယောက် ဂတုံးလေးတွေ တစ်ယောက် ဖက်နမ်းပြလိုက်ပါသေးတယ်။ အဲဒီ အခန်းထဲမှာ အငယ်ဆုံး ၁၁လသားအရွယ် မိန်းကလေး ကို သစ်သားပုခက်လေးနဲ့ သိပ်ထားတာ တွေ့ရပါတယ်။ ကလေးလေးက ၁၁လသားဆိုပေမယ့် တအားကို သေးကွေး ပိန်လှီလွန်းတော့ ၃လသားလောက်လို့တောင် ထင်မှတ်မှားစရာရှိပါတယ်။ ကျမတို့ ထိုင်နေတုန်းမှာပဲ ကလေးလေးက ရုတ်ရက် ငိုပါတယ်။ ကြည့်လိုက်တော့ သူ့ ဒိုင်ပါမှာ ၀မ်းတွေ သွားထားတာ တွေ့ရတယ်။ အဲဒီအချိန် အသက် ၈နှစ်- ၉နှစ်ခန့် အရွယ် ယောက်ျားလေး နှစ်ယောက် ရောက်လာပြီး ကလေးငယ်လေးကို ဂျိုင်းကနေ မချီလို့ မနီးမဝေးမှာ ရှိတဲ့ ရေချိုးခန်းထဲ ခေါ် သွားပြီး သန့်ရှင်းရေး လုပ်ပေးနေတာ တွေ့ရပါတယ်။

ကလေးများအတွက် စည်းကမ်းပိုင်းအရ အချင်းချင်း ကူညီရိုင်းပင်းမှု၊ ကြီးသူကို ငယ်သူက ရိုသေလေးစားမှု၊ ငယ်သူကိုလည်း ကြီးသူက ကူညီစောင့်ရှောက်ဖေးမမှု ရှိစေတယ်ဆိုတဲ့ ဆရာမကြီး စကားကို ပြန်ကြားယောင်လာမိပြီး ကလေးလေးအတွက် မောင်နှမအရင်းနဲ့ မခြား မရွံမရှာ ကြင်နာစွာ ပြုစုသုတ်သင်ပေးနေတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး စိတ်ထဲမှာ ၀မ်းသာ ၀မ်းနည်း ခံစားမိပါတယ်။ အသက် ၈နှစ် ၉နှစ် ဆိုတာ သူတို့ ကိုယ်တိုင်ကို က ကလေး အရွယ်လေးတွေပါ။ လူကြီးလုပ်ပြီး ငယ်သူကို ကူညီပေးနေကြတာ ကို တွေ့ရတာ အံ့သြ ၀မ်းသာ ကြည်နူး စရာပါ။ ကလေးလေးကို သန့်ရှင်းရေးလုပ်ပေးပြီး ကလေး ပုခက်လေးက အ၀တ်တွေကိုပါ သန့်စင် လဲလှယ် ပေးနေကြပါတယ်။ အချင်းချင်း တွက်ကပ်နေခြင်းလည်း မရှိကြပါဘူး။ ကလေးလေးကတော့ ရေသန့်စင်လိုက်တာ အေးသွားလို့လား မသိ... ငိုနေတုန်းပါပဲ။ ဖျော့တော့တိုးလျပေမယ့် နာကြင်ကြေကွဲနေသလို ငိုညည်းနေတဲ့ သူ့အသံလေးကြားရတာ ကျမရင်ထဲ ထိခိုက်လှပါတယ်။ သြော်... ဒီအရွယ်လေးဟာ မိခင် ရင်ငွေ့နဲ့ ထိပြီး ထွေးထားရမယ့် အရွယ်လေး....ခုတော့.... ။ ကျမ သက်ပြင်း ခပ်လေးလေး တစ်ချက်ကိုသာ ချရင်း ငေးနေမိတယ်။

အပြင်မှာ မိုးတွေကလည်း သည်းသည်းမည်းမည်းရွာလို့ ကောင်းတုန်း၊ မိုးလည်း ချုပ်ပြီမို့ သူတို့ကလေးတွေကို နှုတ်ဆက်ရင်း ဂေဟာကနေ ပြန်ထွက်လာခဲ့တယ်။ အပြန်ကားပေါ်အထိ သူတို့ မျက်နှာလေး၊ အသံလေးတွေ ၊ ဟန်ပန်လေးတွေက ကျမတို့ မျက်ဝန်းထဲ ကပ်ညိတွယ် ပါလာကြတယ်။

ကျမတို့ဟာ ကျန်းမာ သန်စွမ်းစွာ မိစုံ ဘစုံ ဘ၀နဲ့ မွေးဖွားလာကြတယ်။ ပြုစု ယုယမယ့် မိဘ မောင်နှမ များနဲ့ ပျော်ရွင် ချမ်းမြေ့ အပူအပင် ကင်းမဲ့စွာ ကလေး ဘ၀ကို ဖြတ်ကျော်လာကြပြီး ပညာကို ကောင်းစွာ သင်ကြားနိုင်ခဲ့ကြလို့ လူတန်းစေ့ ကောင်းကောင်းမွန်မွန် နေနေကြရတယ်။ ကျမတို့လို မဟုတ်ပဲ ကမ္ဘာပေါ်မှာ ကံမကောင်းနိုင်တဲ့သူတွေ အများကြီး ရှိနေကြပါတယ်။ ကံကောင်းတဲ့ သူတွေ အနေနဲ့ တခြားတစ်ဖက်က ကံမကောင်းတဲ့ သူတွေကို ကျမတို့ ဘာလို့ မေ့ထားကြမှာလဲ။ ကျမတို့ရထားတဲ့ ကံကောင်းခြင်း လက်ဆောင်တွေကို သူတို့အတွက် ကျမတို့ ဘာလို့ မဝေမျှနိုင်ရမှာလဲ။ ကိုယ့်ရဲ့ စောင့်ရှောက်မှု လိုအပ်နေသူတွေ အတွက် ကျမတို့ သူတို့ကို ဘာလို့ မစောင့်ရှောက်ပဲ နေကြမလဲ။ ကျမ တို့ တတ်နိုင်သမျှ ကူညီ မပံ့ပိုး သင့်ပေဘူးလား။

+++++


ကားပေါ်မှာ ရှိတဲ့ သူတွေ အားလုံး မျက်နှာ မကောင်းကြပါဘူး။ ကိုရေချမ်းက နဂိုကတဲက နှုတ်နည်းသူမို့ မျက်မှောင်ကြုပ်ကာ ပိုလို့ နှုတ်ဆိတ်နေတယ်။ အစ်ကိုကြီး ကိုအရုဏ်ဦး ခမျာလည်း လှူရတဲ့အတွက် ၀မ်းသာခြင်းက တဖက် ကလေးများအတွက် သနားခြင်းက တဖက်နဲ့ ၀မ်းသာ ၀မ်းနည်းခံစားနေရရှာတယ်။ ကျမကတော့ ဘယ်အချိန် ဘယ်ကာလအထိ ၁၁လသမီးလေးရဲ့ ငိုသံကို ကြားယောင်နေအုံးမလဲ မသိဘူး။

အဲဒီနေ့ညနေက အပြင်မှာ မိုးတွေ အုံ့မှိုင်းပြီး သည်းသည်းမည်းမည်း ရွာနေခဲ့တယ်။ ကျမတို့ရဲ့ ရင်ထဲမှာလည်း မိုးတွေ အုံ့မှိုင်းပြီး ရွာနေခဲ့ပါတယ်။


စုချစ်
၀၁-၁၂-၂၀၁၁
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အမှတ်တရ

++++++++++