Friday, November 11, 2011

ချစ်ပါကွယ် ... လား... လား... လား...

မရွှေစုတို့ ငယ်ငယ် အပျိုပေါက် အရွယ်လောက်က ရပ်ကွက်တွေထဲမယ် တန်ဆောင်တိုင်တွေဆို အလွန်အင်မတန်စည်ကားတယ်။ သီတင်းကျွတ်မှာသာ သိပ်မစည်ကားရင် နေမယ်။ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကိုတော့ နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိကြတယ်။ တချို့နှစ်များဆို ၁၃လမ်း အောက်လမ်းမှာ လုပ်တဲ့ ဆရာဦးဘဂျမ်း ကာတွန်း ပြပွဲကို အတုခိုးပြီး ကာတွန်းတွေကို မီးပုံးတွေနဲ့ အတူ ချိတ်ကြတယ်။ တန်ဆောင်မုန်းလပြည့် မကျော်ခင် ကျင်းပရတဲ့ ကထိန်ပွဲ ဒါမှမဟုတ် ဆွမ်းသိမ်းပွဲ အကြောင်းပြလို့ ဆိုင်းသွင်းတဲ့ အခါ သွင်း၊ အငြိမ့်တို့၊ ဇာတ်ပွဲတို့ ဋ္ဌားပြတဲ့အခါ ပြ၊ မိုးအလင်း ရုပ်ရှင်တွေ ပြတဲ့အခါ ပြ၊ အဲသာတွေမှ မလုပ်ဖြစ်ရင် အနည်းဆုံးတော့ ရပ်ကွက် အလိုက်၊ တချို့ လမ်းတွေ အလိုက် လူငယ်တွေစုပြီး ဘောလုံးကွင်းလို ဒါမှမဟုတ် ကျောင်းဝင်းတွေထဲက ကွက်လပ်မျိုးလို နေရာတွေမှာ စင်တွေထိုးပြီး တေးသရုပ်ဖော် သီချင်းတွေ နဲ့ ဆိုကြ ကကြလေ့ရှိတယ်။

အို ... မရွှေစုတို့ အိမ်နား အဲသလို ပွဲရှိတဲ့ နေ့ဆို မုံ့ဆိုင်လေးတွေဆိုတာများ ဘူတာရုံလမ်းမတစ်လျှောက်ကနေ ပွဲခင်းရှိတဲ့ မူလတန်းကျောင်းက ကွင်းပြင် အထိ အရောက် လမ်းအပြည့်ခင်းထားတာပဲ။ အသုတ်စုံ၊ မုံ့ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အမဲအူပြုတ်၊ ၀က်သားတုတ်ထိုး၊ အကြော်စုံ၊ ကောက်ညှင်း ကျည်ထောက်၊ မုံ့လေပွေ၊ ဘိန်းမုံ့၊ မုံ့လင်မယား၊ ရေမုန့်၊ စုံလို့ စုံလို့..။ ပြီးတော့ မဟာဗန္ဓုလ စစ်သူကြီး ဦးထုတ်တွေနဲ့ ဘောလုံးတွေ၊ ပလုတ်တုတ် ချိုးရုပ်စတဲ့ ကလေးကစားစရာ မျိုးစုံ ရောင်းတဲ့ဆိုင်တွေ... စသဖြင့်။

မရွှေစုက အစားတော့ မမက်ဘူး။ ပွဲတော့ မက်တယ်။ မရွှေစုတို့ ငယ်ငယ်က အဖိုး အဖွားတွေနဲ့လည်း နေရ၊ မိသားစုကလည်း ရှေးဆန်ကြတော့ ရပ်ကွက်ထဲက ပွဲတွေ ကို လူတွေနဲ့ ရောရောနှောနှော ကြည့်ခွင့် မပေးချင်ဘူး။ ရပါတယ်။ ကြည့်ခွင့်မပေးတော့ ဒီလိုပဲ အိမ်နားကလူတွေနဲ့ ကပ်လိုက်သွားပြီး တခါတခါ ရသလောက်လေး ခိုးကြည့်ရတာပေါ့။ ခိုးကြည့်လို့ မရလဲ မူလတန်း ကျောင်းဝင်းထဲ ပွဲလုပ်တဲ့ ဇာတ်စင်က အိမ်နဲ့ နီးနီးလေးဆိုတော့ သီချင်းသံတွေက ကြားနေရတယ်ရယ်ကိုး။ အဲဒီ အချိန်က တတ်နိုင်ရင် မရ ရအောင် ခိုး ပြီး သွားကြည့်ဖြစ်တာ ရပ်ကွက်ထဲက လူငယ် လူရွယ်တွ ကတဲ့ တေးသရုပ်ဖော် အကတွေပေါ့။ ကျော်ရဲအောင်ဆိုရင် ရုပ်ရှင်မင်းသား မဖြစ်ခင်က ရပ်ကွက်ထဲက စင်တွေမှာ အဲသလို တေးသရုပ်ဖော်တွေ ကခဲ့တဲ့သူပေါ့။

အဲဒီခေတ်က သူတို့ တေးသရုပ်ဖေါ်ကခဲ့တဲ့ နာမည်ကျော် သီချင်းတွေက သိသလောက် ဘိုဘိုဟန် သီချင်းတွေ၊ သန်းနိုင်၊ ပုလဲ သီချင်းတွေ၊ နွဲ့ယဉ်ဝင်း၊ စိုးပိုင် သီချင်းတွေ ဆိုတာ ခုထက်ထိ မှတ်မိနေတယ်။

နီနီ...ညိုညို ခေါ်တယ်... ကောင်မလေး ၂ယောက်ရှိတယ်။ ခင်ပါ မင်ပါ ဘာညာ ဒီလိုနဲ့ သိခဲ့ပြီးတော့ ...ပြီးတော့ ပြီးတော့.... ထို့နောက် ထို့နောက်ပါ....
အဲသာကို ကောင်မလေး ၂ယောက်က အညိုရောင်နဲ့ အနီရောင် အင်္ကျီတွေ ၀တ် ပြီး အလယ်က ကောင်လေးက အဖြူရောင် ပရက်စလေလို ၀တ်ပြီး သရုပ်ဖော်ကတယ်။

ဟေ့.. ကောင်မလေး ...ကမ္ဘာပေါ်မှာ မြန်မာဆိုတာ အယဉ်ကျေးဆုံး တိုင်းပြည် တစ်ခုပါ။ လိမ်လိမ်မာမာ ဆရာ မိဖ စကားကို ရိုးရိုးသားသား နားထောင်စေချင်တာ စေတနာ... တော်စမ်းပါ.... တော်နိုင်ဘူးလေကွာ... မသိရင် ခက်မှာ....
အဲသာကိုတော့ ကောင်လေးနဲ့ ကောင်မလေး စုံတွဲ ဟန်ပါပါ သရုပ်ဆောင်ကြတယ်။

ရည်းစား၂ယောက်လောက် ထားပါ အတော်ပဲ။ တစ်ယောက်ယောက်နဲ့ ကွဲရင် အဖော်ရှိမယ်။ ဦးဘညွန့်ရဲ့ ချစ်ဒုက္ခကို မသိလား။ ခုပဲ ချစ်လိုက် ခုပဲကြိုက်လိုက် ခုပဲ မုန်းလိုက် ချစ်တယ်ဆိုတဲ့ ကော်မလေးတွေ မယုံပါနဲ့ ဟေ့...ဟေ့...ဟေ့...
အဲသာကိုတော့ ကောင်လေး တစ်ယောက်က လိမ်ကောက်ပြီး ကပြတယ်။

ဝိုင်းဝိုင်း စက်စက် ၀လုံးကို ရေး ... အမေ့ကျောင်း အတူသွားမယ်.... ဖိုးလမင်းက လမ်းပြပါ... အနောက်ကလိုက်လို့...ကျောင်းတက်မှာ....
အဲသာကတော့ ကလေးမလေး တစ်ယောက်က သရုပ်ဖော် က တယ်။

မယုံဘူးလား နားရွက်ဆွဲပြီး ထထိုင်လို့ ခိုင်းစမ်းပါနော်ကွယ်...
အမယ်.... အဲဒီ စုံတွဲသီချင်းဆို ကောင်လေးက တကယ် နားရွက်ဆွဲ ထိုင်ထ လုပ်ပြလိုက်သေး။

ပြောရရင်တော့ သီချင်းတွေကို အများကြီးပဲ။ အဲဒီထဲမယ် အခုထက်ထိ မှတ်မိနေတဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ်။ အဲဒီတုန်းကများ မှတ်ဉာဏ်က ဘာကောင်းသလဲ မမေးပါနဲ့။ သီချင်းတွေကလည်း ဆိုလွယ်တေးတွေ များတော့ သီချင်း တစ်ပုဒ် တစ်ခါ နားထောင်ပြီးရင် ဆိုလို့ ရနေပြီတော့။ အဲသမှာ ညတုန်းက ကပွဲမှာ ခိုးကြည့်ခဲ့တဲ့ သီချင်းလေး နားထောင်လို့ကာင်း၊ ဆိုလို့ ကောင်းတာနဲ့ နောက်တနေ့ မနက်ထိ အိမ်မှာ ပန်းကန်ဆေးရင်း ကြမ်းတိုက် တံမြက်လှည်းရင်း ညည်း... ညည်းနေမိတာ လူကြီးတွေ ကြားတော့ သမ္ဖပလာပ ပေါက်ကရတွေ ဆိုတယ် ဆိုပြီး အဖွား ခေါက်တာခံရ၊ ကြီးဒေါ်အပျိုကြီးကတော့ မိန်းခလေးတန်မဲ့ ဒီလိုသီချင်းမျိုးဆိုပြီး ရွချင်အုံးဟဲ့ ဆိုပြီး ပေါင်တွင်းကြော လိမ်ဆွဲတာ ခံရ။

မရွှေစုကလည်း ဆိုနေမိတာ သီချင်းမှာ တချို့စာသားတွေကို ၀ါးဝါးချ၊ ထပ်ကာထပ်ကာ ကျော့ပြီး ဆိုနေမိတဲ့ အပိုဒ်က ... ဒီလို။
မင်းအသက်က သိပ်မငယ် ဘာများတွေးနေလဲ...
၁၆နှစ်ထဲတောင် ၁ရက်လျှော့နေတယ်...

ချစ်ပါကွယ် ... လား...လား...လား...

မချစ်နိုင်ပေါင်... သွား... သွား...သွား....

ဟီး... ကိုယ်ကလည်း အဲဒီတုန်းက ၁၃-၁၄-၅ နှစ် အရွယ် ဆိုတော့ လူကြီးတွေက ဆဲတော့ မပေါ့... နော့လေ။

အဲဒီ သီချင်း ခေါင်းစဉ်၊ ရေးတဲ့သူ၊ မူရင်းဆိုတဲ့သူတွေတော့ သေချာ မမှတ်မိဘူးဖြစ်နေတယ်။ နောက်ပိုင်း ပိုးအိစံ တို့ ပြန်ဆိုထားတဲ့ အထဲက သီချင်း တစ်ပုဒ်လုံး ကူးရေးပေးလိုက်ပါတယ်။

(မကြာခင် သီတင်းကျွတ်တော့မယ်...
မင်းနဲ့ အတူ နေရာစုံအောင် ....လျှောက်လည်ချင်တယ်...

ဖြည်းဖြည်း ပြောကွယ် ... စိတ်ကူးလွန်ပြီး မောင်မောအုံးမယ်....
လက်ထပ်ဖို့ အရေး .... မတွေးချင်ပါတယ်....)

(ချစ်ပါကွယ် .... လား...လား...လား...
ချစ်နိုင်ပေါင် သွား.. သွား..သွား...)

(မင်းအသက်က သိပ်မငယ် ဘာများတွေးနေလဲ...
၁၆နှစ်ထဲတောင် ၁ရက်လျှော့နေတယ်
မိုးကြိုးပစ်လိမ့်မယ် ညာပြီး ပြောနေရင်
မိုးကြိုးကြီး ပစ်ပါစေ အမှန်အတိုင်းပြောနေတာ... ဟာ...
ဒီလိုပုံ မငြင်းနဲ့ သူများကြားရင် ရီနေမယ်
မိန်းမသားမို့ သိပ်ခက်တယ်.... စဉ်းစားလွန်းမှ တော်နိုင်မယ်
ကိုယ့်အကြောင်းလည်း မင်းအသိနဲ့ စိတ်ညစ်လှချည်ရဲ့
အိုး... မောင်... စိတ်ကြိုက်သာ စီစဉ်ပါ... လိုက်လျောရမှာပါ
ဒီလောကမှာ ဒီတစ်ခါ အပျော်ဆုံးပဲ... မေရာ)


ChitParKwe PoeEiSan


ကိုင်း ... ခုများတော့ အနားမှာ ခေါင်းခေါက်မယ့်သူတို့ လိမ်ဆွဲမယ့်သူတို့ မရှိတုန်းလေး ဟစ်လိုက်အုံးမယ်....

အို ...ဘာတဲ့... ချစ်ပါကွယ်... လား...လား...လား......။

**************

12 comments:

မိစံ said...

ကွယ်..
မရွှေစုတို့များမတော့
ဝါသနာက..တယ်ကြီးသကိုးး)

T T Sweet said...

ချစ်ပါကွယ်လာ လာ လာ ဆိုတော့ ဒီည ရှိခိုးဖို့မေ့နေဦးမယ်။ ဦးရေချမ်းကိုး)

အဲဒီသီချင်းတွေ အကုန်မှတ်မိတယ်။ တို့တွေငယ်ငယ်ကတော့ သီတင်းကျွတ် တေးသရုပ်ဖော်ကြည့်ရုံတင်အားမရ အိမ်ပြန်ရောက်ရင် ကိုယ့်ဟာကိုယ်ဆို စားပွဲပေါ်တက်ကကြပြီး တေးသရုပ်ဖော်လုပ်ကြသေးတယ်။ ငယ်ငယ်က ကစားဖော်သူငယ်ချင်းတွေတောင် သတိရသွားတယ်။ သီချင်းတွေကလဲ ခေတ်ကာလ အချိန်တွေကို ညွှန်းဆိုနေတတ်တယ်။

လွင်ပြင်လှိုင်းငယ် said...

အားပေးသွားပါတယ်

rose said...

Your parents did not allow to watch music show, neither did my mom. This post makes me smile, KyiSu. Your cartoon drawing is also so cute. ( Pardon me for typing in English, no Myanmar typing font here :)

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ချစ်စု
“ မချစ်နိုင်ပေါင်သွား----သွား----သွား---သွား ”
ဟားဟားဟား - - -

အမ်တီအန် said...

စုရေ...

ငယ်ဘ၀ကို အရမ်းကို လွမ်းသွားမိတယ်။

မမြသွေးတို့ အဲ့ဒီအချိန်တုန်းက ၄တန်းကျောင်းသူလောက်ရှိမှာပေါ့။ မမြသွေးတို့ အဖွားရပ်ကွက်မှာ တန်ဆောင်တိုင်ဆို နေ့ဘက်မှာ ကထိန်ပွဲ ပဒေသာပင်တွေ တလမ်းနဲ့တလမ်း အပြိုင်ခင်းကြတယ်။ ရုပ်ပုံတွေ၊ တိရစ္ဆာန်ပုံတွေ၊ မျိုးစုံလုပ်ပြီး ပဒေသာပင်သီးကြတာ။ တစ်လမ်းစီ ဆင်တူဝတ်စုံတွေနဲ့ပေါ့။ ပဒေသာပင်တွေ မဲဖောက်ချိန် ညနေဆို ရင်တွေ ခုန်နေရပြီ။

ညပိုင်းဆို ကတဲ့စင်တွေ ပတ်ကြည့်တာပေါ့။ စု ပြောတဲ့သီချင်းတွေ ဆိုကြတယ်လေ။ တို့များခေတ်က ဟော့တ် ခဲ့တဲ့ သီချင်းတွေပေါ့။ မိန်းမရှာတွေ ကတဲ့စင်တွေလည်း ရှိတယ်လေ..။ မမြသွေးမှတ်မိနေတဲ့ သီချင်းလေးရှိသေးတယ်...။ စစချင်း အဖွဲ့လိုက် လက်အုပ်လေးတွေ ချီပြီး ဆိုကြတဲ့ သီချင်းလေးလေ...။

♪ ♫ ဗုဒ္ဓံသရဏံ ဂစ္စာမိ...♪ ♫ ဓမ္မံသရဏံ ဂစ္စာမိ...♪ ♫ သံဃံသရဏံ ဂစ္စာမိ...♪ ♫

စုချစ် said...

မမိစံ၊ ဆွိ၊ ကိုလွင်ပြင်၊ ညီမလေးရိုစ့်၊ ဂျစ်၊ မမြသွေး... အားပေးဖတ်ရှုလို့ ကျေးဇူးပါနော်...း)

ကိုခိုင် said...

ကိုခိုင်
စာတွေလာဖတ်ပါတယ်။
ဲရန်ကုန်က တန်ဆောင်တိုင်ကို သတိရသွားပါတယ်။
တောင်ကြီးမှာတော့ မီးပုံးပျံတွေ လွှတ်ချိန်ပေါ့
(ကြားဘူးတာပါ။း) )
ဦးရေချမ်းကိုလည်း သတိရကြောင်းပြောပေးပါလေ။

ကိုခိုင်

ကိုခိုင် said...

ရန်ကုန်က တန်ဆောင်တိုင်ကို သတိရသွားပါတယ်။
ဦးရေချမ်းကတော့ သဘောကောင်းပုံရတယ်။
ဘာလုပ်လုပ် ခွင့်ပြုမဲ့ပုံး)
သတိရကြောင်းပြောပြပေးပါ။

ကိုခိုင်

ကြည်မြန်မာ said...

အဆိုတော် နောင်နဲ့ နီနီဝင်းရွှေတို့ တီဗီကလွှင့်လို့ပဲ ကြည့်ဘူးတာ..။ သီတင်းကျွတ်တွေ တစ်ခါမှ လည်ဘူးဘူး..။ အဲလိုပွဲတွေ ရှိလည်းရှိဘူး..။

စုချစ် said...

ကျေးဇူး ကိုခိုင်....
ကိုခိုင်လည်း ပျောက်နေလိုက်တာ...
ကဗျာလေးတွေ ရေးပါအုံး...
ကိုခိုင် ကဗျာတွေ စုထားတယ်...
း)

လာလည်တာ ကျေးဇူးပါ မစပယ်...း)

Ernest said...

လာလည်သွားတယ် .. ပြုံးပျော်ရွင်သွားတယ် ဒီသီချင်းလေး နားထောင်ပြီးတော့ ။ ကျီးစု ရဲ့ ၀ိုင်းကြီးပတ်ပတ် ဒူုဝေေ၀လည်းဖတ်သွားသေးတယ် နော် :)