Wednesday, July 30, 2008

မြန်မာများအတွက် မြန်မာ အဖွဲ့ (M4M)



မြန်မာများ အတွက် မြန်မာဆိုသည်မှာ...

မြန်မာများအတွက် မြန်မာ (M4M Group) သည် မည်သည့် နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးများနှင့် ပတ်သက် ဆက်နွယ်မှု မရှိဘဲ အနှောင်အဖွဲ့ ကင်းရှင်းစွာဖြင့် မြန်မာ နိုင်ငံသားများ အတွက် သာရေး၊ နာရေး စသော လူမှုရေး လုပ်ငန်းများနှင့် ဖွံ့ ဖြိုးရေး လုပ်ငန်းများကို ဦးတည် ဆောင်ရွက်ရန် ရည်ရွယ်ပြီး နိုင်ငံအသီးသီးရှိ မြန်မာလူငယ်အချို့မှ စေတနာသန့်သန့်ဖြင့် စုစည်းထားသည့် အွန်လိုင်းလူမှုရေး အစုအဖွဲ့ငယ် (Online Community Group) တစ်ခု သာလျှင် ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံအတွင်း ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ထိခိုက် ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ပြည်တွင်းသာမက ပြည်ပရှိ မြန်မာ နိုင်ငံသားများမှ တတ်စွမ်းသမျှ ပံ့ပိုးကူညီ လှူဒါန်းမှုများ ကိုယ်စီကိုယ်ငှ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ အထောက်အပံ့ ပေးခဲ့ကြသူများတွင် နာမည်ကြီး မြန်မာ ဖိုရမ်ကြီးတစ်ခုအတွင်း ဆုံဆည်း မိတ်ဆွေ ဖြစ်ခဲ့ကြသော မြန်မာလူငယ်များမှ ဖိုရမ်ပေါ်တွင်တိုင်ပင်ကာ မိမိတို့ တတ်စွမ်းသလောက် ငွေကြေးစုစည်းပြီး မြန်မာပြည်တွင်းရှိ လှုမှုရေးလုပ်ငန်းများကို လက်တွေ့လုပ်ကိုင် နေကြသော အဖွဲ့အစည်းများသို့ လှူဒါန်းထောက်ပံ့ခြင်းများအပြင် အသိမိတ်ဆွေများမှတဆင့် လေဘေး ဒုက္ခသည် များကို တိုက်ရိုက် လှူဒါန်းမှု များကိုလည်း လုပ်ကိုင် ခဲ့ကြပါသည်။

နာဂစ်မုန်တိုင်းအလွန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရေရှည်လုပ်ကိုင်ရန် လိုအပ်သည့် လုပ်ငန်းများ အနက် မုန်တိုင်းကြောင့် ခိုကိုးရာမဲ့ ကလေး သူငယ်များ၏ စား-၀တ်-နေရေး၊ ပညာ သင်ကြားရေး အတွက် တတ်စွမ်းသလောက် အထောက်အကူပေးနိုင်ရန်နှင့် နောင်တွင် မြန်မာနိုင်ငံ အတွင်း နာဂစ် ကဲ့သို့သော သဘာဝကပ်ဘေးများ ကြုံတွေ့လာပါကလည်း ချက်ချင်း စုစည်း ကူညီထောက်ပံ့နိုင်ရန်အတွက် နည်းလမ်းများကို ၀ိုင်းဝန်းစဉ်းစားကြရာမှ “မြန်မာများအတွက် မြန်မာ” ဟူသည့် (Online Community Group) ငယ်တစ်ခု အဖြစ် စုစည်း ထောက်ပံ့ကြရန် ဆုံးဖြတ်တည်ထောင်ခဲ့ကြပါသည်။

**************************
နိုင်ငံရပ်ခြားမှာ ရှိကြတဲ့ မြန်မာ လူငယ်များ ပေါင်းစု ဖွဲ့စည်းထားတဲ့ မြန်မာများအတွက် မြန်မာအဖွဲ့ အကြောင်း ပိုမိုသိချင်တယ် ဆိုရင်တော့ အောက်ပါ Internet web page မှာ လေ့လာဖတ်ရှုနိုင်ကြပါတယ်ရှင်...။

Tuesday, July 22, 2008

Last Mughal King of India

အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းပြီး တဲ့နောက်ပိုင်း၊ မြန်မာပြည်ခေါ်လာတဲ့ အိန္ဒိယ ဘုရင်ရဲ့ဂူ မြန်မာပြည်မှာ ရှိပါတယ်။ သူ့ရဲ့ဂူက ရွှေတိဂုံဘုရားလမ်းအနီးဝန်းကျင်မှာရှိတယ်လို့ကြားဘူးတယ်။ တလောက နိုင်ငံခြားသတင်းဌာန တခုကတောင် ရန်ကုန်မှာရှိတဲ့ အိန္ဒိယဘုရင်ရဲ့ဂူကို လာပြီးဂါရ၀ပြုမဲ့သူရှိပေမဲ့ အိန္ဒိယကမြန်မာဘုရင်ရဲ့ဂူကတော့ ဘယ်သူမှတောင်သတိတရ မရှိလှပါဘူးလို့ ပြောသွားသေးတယ်။

Internet မှာ ရှာ ကြည့်တော့ ဒီလို တွေ့ပါတယ်။

Bahadur Shah Zafar was the last Mughal King of India.
Bahadur Shah Zafar was born in Delhi on October 24 1775. His father was Akbar Shah II and his mother was a Rajput lady Lal Bai. Bahadur Shah Zafar died in exile in the captivity of the British. He died at Yangoon, Myanmar at the age of 87 on November 7 1862. He was buried there and now there is a shrine in Yangoon, the name of the shrine is Bahadur Shah Zafar Dargah and it is located near the Shwe Degon Pagoda at 6 Ziwaka Road, near the intersection with Shwe Degon Pagoda Rd, Yangoon.

Source

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Saturday, July 19, 2008

အဘိဓမ္မာ

ဇောတွေအကြောင်းသိချင်ရင် အဘိဓမ္မာက ၀ီထိပိုင်းကို လေ့လာဖတ်ရှုနိုင်ပါတယ်နော်။ ၀ီထိဆိုတာက အာရုံတခုခုကိုသိဖို့အတွက် ဖြစ်သွားတဲ့ စိတ်အစဉ်အတန်းတခုပါ။

ဆရာဒေါက်တာမင်းတင်မွန်ရဲ့ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်ထဲက ၀ီထိပိုင်းကို နည်းနည်းကောက်နှုတ်ရေးပြမယ်နော်။ ကိုယ်ကိုယ်တိုင်လည်း လေ့လာနေတုန်းမို့ အများကြီးတော့မသိပါဘူး။ အမြဲလည်းဖတ်နေတာ မဟုတ်တော့ မေ့နေတာတွေလည်း အများကြီးပဲ။

**************
ဝီထိ
ဒွါရ၆ပါးတို့၌ထင်လာသောအာရုံတစ်ခုစီကို သိရှိရန်အတွက် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ကူဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တီရဏ၊ ၀ုဋ္ဌော၊ ဇော၊ တဒါရုံ စသည်ဖြင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်တန်းတစ်ခုစီကို ၀ီထိဟုခေါ်၏။

စိတ်၏အသက်
စိတ်တခု၏အသက်သည် ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏဟူ၍ခဏငယ်၃ခုရှိသည်။
စိတ်ဖြစ်ဆဲခဏ = ဥပါဒ်ခဏ
စိတ်တည်ဆဲခဏ = ဌီခဏ
စိတ်ပျက်ဆဲခဏ = ဘင်ခဏ
ခဏငယ်၃ချက် = စိတ္တက္ခဏ ၁ ချက်

လက်ဖျစ် ၁တွက်၊ မျက်စိ၁မှိတ်ကာလ၌ စိတ္တက္ခဏ ကုဋေ ၁သိန်းကျော်ရှိ၏။
စိတ်၁ခု၏အသက်သည် ၁စက္ကန့်၏ကုဋေ ၁သိန်းပုံ၁ပုံရှိ၏။

ရုပ်၏အသက်
ရုပ်ကလပ်၁ခု၏အသက် = စိတ်အသက်၏၁၇ဆ (၀ါ) စိတ္တက္ခဏ ၁၇ ချက်
= ခဏငယ် ၁၇ ထ ၃ => ၅၁ချက်
ရုပ်၏ဥပါဒ်ခဏ = ခဏငယ် ၁ချက်
ရုပ်၏ဘင်ခဏ = ခဏငယ် ၁ချက်
ရုပ်၏ဌီခဏ = ခဏငယ် ၄၉ချက်

လက်ဖျစ် ၁တွက်၊ မျက်စိ၁မှိတ်ကာလ၌ ရုပ်ကလပ်ပေါင်း ကုဋေ ၅၈၀၀ကျော် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပျက်သွားကြ၏။
ရုပ်ကလပ်၁ခု၏အသက် = ၁-စက္ကန့်၏ ကုဋေ ၅၈၀၀ ပုံ ၁ပုံ

ဝီထိ ၆-ပါးကို ရိုးရိုးစင်းစင်းမှတ်ရရင်
၁) စက္ခုဒွါရ (ရူပါရုံ)
၂) သောတဒွါရ (သဒ္ဒါရုံ)
၃) ဃာနဒွါရ (ဂန္တာရုံ)
၎) ဇိဝှာဒွါရ (ရသာရုံ)
၅) ကာယဒွါရ (ဖောဋ္ဌဗ္ဗာရုံ)
၆) မနောဒွါရ (ပဉ္စာရုံ)
အဲဒီဒွါရ ၆ပါးကို ဖြစ်စေတဲ့ အကြောင်းတရားတွေ (၄-မျိုးစီရှိ) ကို အကြောင်းပြုပြီး စိတ်အစဉ်တွေ ဖြစ်ပေါ်လာပါတယ်။ ပြီးတော့ အဲဒီဒွါရတို့မှာ အာရုံထင်ပါတယ်။

ဘ၀င်စိတ် ၃မျိုး
သတ္တ၀ါတို့၏ ဘ၀တခုသည် ပဋိသန္ဓေစိတ်ဖြင့် စတင်၏။ ပဋိသန္ဓေစိတ်ချုပ်ငြိမ်းပြီးသည်နှင့် တပြိုင်နက် ဘ၀င်စိတ်အစဉ်သည် တလုံးပြီးတလုံး အဆက်မပြတ် ဖြစ်ပျက်သွား၏။ သေဆုံးသည့်အခါနောက်ဆုံးဖြစ်သည့် ဘ၀င်စိတ်ကို စုတိစိတ်ဟုခေါ် သည်။

စက္ခုဒွါရမှာ ဖြစ်ပေါ်တဲ့ အတိမဟန္တာရုံ ၁-၀ီထိဖြစ်ပေါ်လာပုံကို လေ့လာကြည့်ပါ။

အတိမဟန္တာရုံ ၁-၀ီထိဖြစ်ပုံ
ဓ တီ-န-ဒ-ပ-စ-သံ-ဏ-၀ု-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဒါ-ဒါ- ဓ
အဲဒီ ဇ = ဇော ၇ချက်ဟာ အကုသိုလ်ဇော (၀ါ) ကုသိုလ်ဇော

ဆိုရိုး
စက္ခုဒွါရက အတိမဟန္တာရုံဝီထိဖြစ်ဟန်ကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘ၀င် ၁-ချက် အလွန်တွင် စက္ခုပသာဒ၌အာရုံထင်ခြင်းသို့ရောက်သဖြင့် ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တ္တီရဏ၊ ၀ုဋ္ဌော၊ ဇော ၇ကြိမ်၊ တဒါရုံ ၂ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၁၇-ချက် ရုပ်သက်စေ့ကြသောကြောင့် ဒုတိယတဒါရုံ၏ ဘင်နှင့် ပြိုင်၍ချုပ်ကြ၏။ ထို့နောက် ဘ၀င်စိတ်အစဉ်ဖြစ်၏။

ရှင်းချက်
အတိမဟန္တာရုံခေါ်သော အလွန်ထင်ရှား အားကြီးသည့်အာရုံသည် စက္ခုပသာဒကို ထိတိုက်လာသောအခါ တိုက်လျှင်တိုက်ချင်းအာရုံမထင်သေးပါ။ အလွန်အားကြီးသော အာရုံဖြစ်လင့်ကစား (တီ) အတီတဘ၀င်ဟုခေါ်သော ဘ၀င်စိတ် ၁ချက် လွန်ပြီးမှ အာရုံထင်၏။ ထိုအာရုံသစ်ထင်မှုကြောင့် ဘ၀င်္ဂစလန (န)၊ ဘ၀င်္ဂုပစ္ဆေဒ (ဒ) ဟူ၍ဘ၀င်စိတ်၂ကြိမ် လှုပ်ပြီးပြတ်၏။ ထိုအခါ (ပ) ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အာရုံသစ်ကို နှလုံသွင်းဆင်ခြင်၏။ ထိုသို့ နှလုံးသွင်းမှုကြောင့် (စ) စက္ခုဝိညာဏ်စိတ်က အာရုံကိုမြင်၏။ မြင်သည်ဆိုသော်လည်း စိတ်၁ချက်မျှ အလွန်လျှင်မြန်စွာ အာရုံကို မြင်လိုက်ကာမျှသာရှိသေး၏။ ထိုအာရုံကိုသဲသဲကွဲကွဲမသိသေး။ သို့ဖြစ်၍ (သံ) သမ္ပဋိစ္ဆိန်းစိတ်က စက္ခုဝိညာဏ်စိတ်၏အာရုံကို လက်ခံယူ၏။ (ဏ) သန္တီရဏစိတ်က ထိုအာရုံကို စူးစမ်း၏။ (၀ု) ၀ုဋ္ဌော ခေါ် မနောဒွါရ၀ဇ္ဇန်းစိတ်က ထိုအာရုံကောင်းမကောင်းကိုဆုံးဖြတ်၏။ ထို့နောင် (ဇ) ဇောစိတ်တို့သည် ထိုအာရုံ၏ အရသာကိုခံစားလျှက် ၇-ကြိမ်တိုင်တိုင် အရှိန်အဟန်ဖြင့်ဖြစ်၏။ ထို့နောက် (ဒါ) တဒါရုံစိတ်တို့သည် ဇောနောက်သို့လိုက်၍ဇောယူသည့်အာရုံကိုပင်ယူ၍ ၂-ကြိမ်ဖြစ်၏။ ထိုဒုတိယ တဒါရုံစိတ်ချုပ်ငြိမ်းသည့် ဘင်အခိုက်၌ ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၎င်းင်းတို့ စတင်ဥပါဒ်ခဲ့ကြသော အတီတဘ၀င်ဥပါဒ်ချိန်မှ ရေတွက်လျှင် စိတ္တက္ခဏ ၁၇ချက်စီ စေ့မြောက်သွားကြလေပြီ။ ထို့ကြောင့်၎င်းင်းရူပါရုံနှင့် စက္ခုပသာဒရုပ်တို့သည် ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ငြိမ်းကြ၏။

**************

ကုသိုလ်ဇော၊ အကုသိုလ်ဇော
ကုသိုလ်ဇော၊ အကုသိုလ်ဇော တို့မှာ အာရုံအားလျှော်စွာ ပုံသေကားကျဖြစ်ပေါ်ခြင်းမရှိကြ။
သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းနိုင်လျှင် ကုသိုလ်ဇောဖြစ်၏။
သင့်တင့်လျှောက်ပတ်စွာ နှလုံးမသွင်းနိုင်လျှင် အကုသိုလ်ဇောဖြစ်၏။

ကာမဇော
ကာမဇောတို့သည် သာမာန်အခါ၌ ၇-ကြိမ်စောလေ့ရှိကြသည်။ မွေးဖွားခါစ အလွန်အားနည်းသောအခါနှင့် မေ့မြောနေသည့်အခါတို့တွင် စိတ်မှီရာ ဟဒယ၀တ္ထု၏ အားနည်းမှုကြောင့် ၆-ကြိမ် သို့ ၅-ကြိမ်သာ စောကြ၏။

သေခါနီး အခါ၌မရဏာသန္နဇော သည် ၅-ကြိမ်သာ စောကြ၏။ ထိုဝီထိကို မရဏာသန္န၀ီထိ ဟုခေါ် သည်။

**************

စင်ကာပူ SMC မှာ ဆရာဒေါက်တာမင်းတင်မွန်က အဘိဓမ္မာသင်တန်းတို ၂၀၀၆ နဲ့ ၂၀၀ရမှာ ပို့ချပေးဘူးပါတယ်။ ဒီနှစ်လည်း ကလင်မတီ ဖုန်းကြီးကျာင်းမှာ သင်တန်းပေးသေးတယ်လို့ကြားတယ်။

SMC မှာ ပြုလုပ်ခဲ့တဲ့ ဆရာဒေါက်တာမင်းတင်မွန် အဘိဓမ္မာသင်တန်း (The Essence of Buddha Abhidhamma Course) ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် အသံဖိုင်ကို ဒီမှာယူပါ။ ပိုကောင်းတဲ့ အသံဖိုင်ကိုလိုချင်ရင် DhammaWeb ကနေဒေါင်းပါ။ အဲဒါလည်း SMC သင်တန်းက အသံဖိုင်ပါပဲ။ SMC ကတော့ နှစ်တိုင်းအဘိဓမ္မာသင်တန်းလုပ်ပေးပါတယ်။ ဒီနှစ်မှာက ဆရာတော် ဒေါက်တာနန္ဒမာလာက Abhidhamma for Daily Life ကို English လိုပို့ချပေးပါတယ်။ နောက် မြန်မာလိုသင်တန်းလည်း ထပ်ဖွင့်ဖို့ရှိပါသေးတယ်။

အဲဒီအသံဖိုင်ကို ဆရာ့ရဲ့စာအုပ်နဲ့တွဲကြည့်ရင် ပိုကောင်းပါတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

အာဇာနည်နေ့ တို့မမေ့


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များအား ဤနေရမှဦးညွှတ်အလေးပြုလိုက်ပါသည်။
၁၉ ဂျူလိုင် ၂၀၀၈

Tuesday, July 15, 2008

ရန်ုကုန်မှ ကားသမားများ

Image from http://www.fotosearch.com/

ရန်ကုန်မှာ ကားမောင်းတဲ့ သူတွေ စည်းကမ်းမဲ့ပုံ ပြောပြရဦးမယ်...။
နည်းနည်းတော့ ဒိတ်အောက်နေပါပြီ။ တမြန်နှစ်က မြန်မာပြည်ပြန်တော့ သူငယ်ချင်းတွေဆီ သွားတွေ့တာပေါ့နော်...။ အိတ်သူငယ်ချင်းက အစကတဲက ခပ်စွာစွာရယ်.... ခုကြည့်တော့ ပိုစွာလာသလိုပဲ။ ;-)

ဒါနဲ့... သူကလည်းမအားတော့ သူ့အလုပ်ကိစ္စ ကားနဲ့သွားရာ လျှောက်လိုက်ပြီး စကားစမြည် ပြောရတာပေါ့။ အိတ်မှာ မြို့ထဲက လမ်းတွေမှာ ကားတွေက ရပ်ချင်သလို ရပ်ထားကြတာပဲ။ ၂၂လမ်းလား၊ ဘာလမ်းလည်း သေချာမမှတ်မိတော့ဘူး။ အဲဒီလမ်းထဲက ဆိုင်တဆိုင်ကို ၂ယောက်သားဝင်ပြီး ပြန်ထွက်လာကြတော့ ကိုယ့်ကား ပတ်ကင်လုပ်ထားတဲ့ ကားရှေ့မှာ ကားတစီးကပိတ်ပြီးရပ်ထားပါလေရော။ ကားထဲ ဘယ်သူမှလဲမရှိ။ သူငယ်ချင်းကလည်း ပွစိပွစိနဲ့ အဲဒီ.... ကားသမားတွေ စည်းကမ်းကိုမရှိဘူး။ ရပ်ချင်သလိုရပ်ကြတာပဲ တခါထဲဘာညာနဲ့ ပြောပြီး ဟွန်းကြီး အကျယ်ကြီးပဲတီးပြီး အဲဒီကားသမား လာလိုလာငြားခေါ်တာပေါ့နော်။ ၁၀မိနစ်လောက်ထိစောင့်တာ ဘယ်သူမှမလာတော့ သူဘာဆင်းလုပ်တယ်... ထင်လည်း... သိလား။ ကားသော့ကြီးယူပြီး ဆောင့်ဆောင့်နဲ့ ဆင်းသွား၊ အဲဒီကားကို ၀ုန်းဆို တံခါးကြီးဆွဲဖွင့်ပြီး ကားပေါ်တက် စက်နှိုး၊ အခြားတဖက် လွတ်တဲ့နေရာကို ရွှေ့ပြစ်လိုက်တယ်။ စုချစ်မှာ ဒါမျိုးတခါမှ မတွေ့ဘူးတော့ လန့်ဖြန့်ပြီး အလန့်တကြား....ဟဲ့....ဟဲ့နဲ့ အော်လိုက်ရတာ မပြောပါနဲ့တော့။ ဘယ်နှယ့်... ဘယ်နှယ့်... ကြုံဘူးပေါင်... ဂုဏ်ထူးဆောင်.... ကားတံခါးကလည်းအလွယ် တကူပွင့်... ကားကလည်း ဘယ်သော့နဲ့ မဆို အလွယ်တကူပွင့်။

အမလေး... အမလေးရယ်... နင်တော့ အဖမ်းခံရတော့မှာပဲ... သူများကားမသိပဲဘာလို့ သွားတက်မောင်းသတုန်းလို့ တုန်တုန်ရီရီနဲ့မေးတော့... ဘာမှမပူနဲ့... မြို့ထဲမှာ တခါတရံ သူအိတ်လိုလုပ်နေကြတဲ့။ သူတို့ကားက ပိတ်ရပ်ထားတာ လာပြောရင် ပြန်အော်ပစ်မှာပေါ့တဲ့။
ပြီးတော့ ကားမှန်သမျှက အစုတ်တွေတဲ့ ... ဘာသော့နဲ့ ဖွင့်ဖွင့် ပွင့်ပြီးသားတဲ့လေ။


နောက်ရက်မှာပဲ ဖေဖေနဲ့ မြို့ထဲသွားတော့ ကိုယ့်ရှေ့မှာ ကားတစီး အိတ်လို ပိတ်ရပ်နေတာမျိုး ကြုံရပြန်ရောတော်။ သူ့လိုတော့ မလုပ်ရဲလို့ သားအဖ ၂ယောက် နာရီဝက်လောက် စောင့်လိုက်ရပါရောလား....။ စည်းမဲ့ကမ်းမဲ့ နဲ့ စိတ်ပျက်ဖို့ ကောင်းလိုက်တာများ....။ ဟင်း......

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

အငြိမ်းစားဝန်ထမ်း တဦး၏ အိပ်ရာဝင် ပီတိ


စုချစ် ၁၁နှစ်၊ ၁၂နှစ် သမီးအရွယ်လောက်ကပေါ့။ အဲဒီတုန်းက ဖေဖေဟာ မြို့ထဲက တရားရုံး (.....) မှာ အချိန်ပိုင်း တွဲဖက်တရားသူကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။

တနေ့ညနေခင်းအချိန် အိန္ဒိယလူမျိုးအနွယ် လူကြီး၃ယောက် ဖေဖေကို တွေ့ချင်လို့ဆိုပြီး အိမ်ကိုရောက်လာကြတယ်။ ဖေဖေရုံးကပြန်မရောက်သေးတော့ အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်စောင့်နေကြ တယ်လေ။ စုချစ်ရဲ့ ညီမလေးက အဲဒီတုန်းက ၃နှစ်လောက်ပဲရှိသေးတာပေါ့။ ကိုယ်ရယ် ညီမလေးရယ်က ဧည့်သည်တွေနားမှာတချိန်လုံး ရစ်ဝဲရစ်ဝဲလုပ်နေမိကြတာမှတ်မိနေတယ်။ ဖေဖေမြန်မြန်လာပါစေဆိုပြီးလည်း ဖေဖေ့ကို ဧည့်သည်တွေနဲ့အတူတူ တမျှော်မျှော်ပေါ့။ ဘာလို့လည်းဆိုတော့ အဲဒီဧည့်သည်တွေဆီမှာ ကိတ်မုန့်ဘူးကြီး ၃ဘူးပါလာတာ မြင်ကြလို့လေ။ သီတင်းကျွတ်ဖေဖေ့ကို လာကန်တော့တယ်လို့ ကိုယ်တွေက ထင်ကြတာ။ သူတို့ပြန်တာနဲ့ ကိတ်မုန့်တွေတ၀ကြီး စားရတော့မှာပေါ့နော်။ အစိုးရ၀န်ထမ်း သားသမီးတွေ ဆိုတော့ ဒီလိုဈေးကြီးတဲ့ ကိတ်မုန့်မျိုးကို အချိန်တိုင်း စားနိုင်ကြတာမှမဟုတ်တာ။ ပြီးတော့ စားရရင်လည်း ဝေစုနဲ့စားရတာ။ ဘယ်တော့မှ ၀တယ်လို့ မထင်မိဘူး။ ဒီတော့ မုန့်ဘူးတွေ မြင်ပြီး စုချစ်တို့ အငယ်၂ယောက် ပျော်နေကြတာပေါ့။

ဒါနဲ့ နေ၀င် မှောင်စပျိုးတော့.... ဖေဖေရုံးက ပြန်ရောက်လာတာပေါ့နော်။ ဖေဖေက သူတို့တွေ အိမ်ပေါ် ရောက်နေတာလည်းတွေ့ရော မျက်နှာထားတင်းတင်းနဲ့ ခင်ဗျားတို့ ဘာလာလုပ်ကြလဲ။ အမှုမပြီးမချင်း ကျုပ်အိမ် ခင်ဗျားတို့ လာခွင့်မရှိဘူး။ ခုပြန်ပါဆိုပြီး ခရီးရောက်မဆိုက်နှင်ထုတ်တော့တာပဲ။ သူတို့က ဘာမှမဟုတ်ပါဘူး ဆရာရယ် ကလေးတွေစားဖို့ ကိတ်မုန့်လေးလာပေးတာပါလို့ ပြာပြာသလဲ ပြောပြီး ကိတ်မုန့်ဘူးကြီး ပေးတာပေါ့နော်။

အိတ်မှာ ဖေဖေရယ်... ကိတ်မုန့်လည်း မပေးနဲ့ ပြန်ယူ... ပြန်ယူဆိုပြီး အတင်းပြန်ပေးပြီး သူတို့ကို အိမ်ပေါ်ကပါ ချက်ချင်းထွက်သွားခိုင်းတာ။ စုချစ်နဲ့ညီမလေးဆို မျက်လုံးအပြူးသားကြည့်နေကြတာပေါ့။ နောက်သူတို့လည်း စိတ်ပျက်လက်ပျက် နဲ့ မုန့်ဘူးတွေ ယူပြီး ပြန်ကုန်ကြတယ်။

သူတို့လည်း ပြန်ရော ညီမလေးလည်း ငိုလိုက်တာဆိုတာ ပြောပါနဲ့တော့။ သူက ကလေးဆိုတော့ ကိတ်မုန့်စားဖို့ အင်မတန်မျှော်လင့်နေတာ။ ကိတ်မုန့်ဘူးကြီးပြန်ပါသွားတော့ ၀မ်းပမ်းတနည်း ငိုတော့တာပေါ့နော်။ အိတ်မှာ ဖေဖေရယ် ချက်ချင်းပဲ လမ်းထိပ်ကိုပြေးပြီး သမီးတွေစားဖို့ ကိတ်မုန့်သွားဝယ်ပေးရှာတယ်။ စုချစ်လည်း အိတ်လူကြီးတွေကို ... ဟွန်းညံ့လိုက်တာကွာ.... အသာလေး၊ တိတ်တိတ်လေး အိမ်အောက်မှာ ထားခဲ့ကြ ပြီးရောဆိုပြီး ကိတ်မုန့်တွေနှမျှောတသ ဖြစ်နေလိုက်သေးတယ်။

နောက်မှ စုချစ်တို့ သိရတာက... အဲဒီတုန်းက အိတ်လူကြီးတွေလာပေးတာ.... ကိတ်မုန့်မဟုတ်ပဲ မုန့်ဘူးထဲ ပိုက်ဆံတွေ ထည့်ပြီးလာပေးတာဆိုပဲ။ သူတို့ကသူများကို မတရားအမှုဆင်ထားကြတာတဲ့။ အဲဒါ နိုင်ချင်တော့ အကြံအဖန်လာလုပ်ကြတာဆိုပဲ။ ဖေဖေက အဲဒါတွေမြင်လို့ ချက်ချင်းမောင်းထုတ်တာတဲ့။

ဖေဖေဟာ... သူဝန်ထမ်းလုပ်ခဲ့တဲ့ သက်တမ်းတလျှောက် သီတင်းကျွတ်မှာ ဆရာသမားအနေနဲ့ လာကန်တော့တာကို လက်ခံခဲ့တာကလွဲလို့ အခြားဘာကိုမှ မယူခဲ့ဘူးဘူး။ လာကန်တော့လည်း တန်ဖိုးနည်းတာပဲလက်ခံလေ့ရှိတယ်။ အသီးအနှံတို့... ပုဆိုးတို့... ရှပ်အင်္ကျီဆိုတာတွေမျိုးပဲ သူ့ကို ကန်တော့လို့ရတယ်။ ပြီးတော့ သူတိုယ်တိုင်လည်း မသန့်ရှင်းတဲ့ ငွေကို လက်မခံနိုင်ဘူး။ အဲဒီငွေနဲ့လည်း မိသားစုကို ကြံရာပါအဖြစ်မခံနိုင်ဘူးတဲ့။ ဖေဖေ က ၂၀၀၀ခုနှစ်မှာ ပင်စင်ယူခဲ့ပါတယ်။ ၁နှစ်ကျော်ကျော်လောက် အကြံပေးအနေနဲ့ ဆက်လုပ်ခဲ့သေးတယ်။ နောက်စုချစ်က စင်ကာပူကို အတင်းခေါ် ထားလို့ အကြံပေးအလုပ်ကနေကနေထွက်လိုက်တယ်။ ဖေဖေပင်စင်ယူပြီး ပြောခဲ့တဲ့ စကားလေးကိုခုထိနားထဲကမထွက်ပါဘူး။

ဖေဖေကပြောတယ်။ အနှစ် ၄၀ကျော် အလုပ်လုပ်ခဲ့တာ.... ခုချိန်ညအိပ်ရာဝင် နဖူးပေါ်လက်တင်ပြီး ၀န်ထမ်းဘ၀အကြောင်းစဉ်းစားလိုက်ရင် ပီတိတွေ ဖြစ်ရတာပဲရှိတယ်တဲ့။ သူများကို မတရားလုပ်ခဲ့လို့၊ ညစ်ပတ်ခဲ့လို့ ဆိုပြီး လန့်ပြီး စိတ်တုန်လှုပ်နေရတာမျိုးလုံးဝကင်းရှင်းတယ်တဲ့။ အဲဒီအတွက်ကြောင့် အိပ်မပျော်တာမျိုးဘယ်တော့မှ မရှိခဲ့ရဘူးတဲ့။ ပီတိစိတ်လေးနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် သွားတာကြီးပဲတဲ့။ ဒါကြောင့် သမီးတို့လည်း ဘ၀မှာ သူများကို တတ်နိုင်သလောက်အကူအညီပေး၊ မတရားတာကို ဘယ်တော့မှ လက်ပိုက်ကြည့်မနေနဲ့၊ နောင် အသက်ကြီးလို့ အလုပ်က အနားယူတဲ့ အချိန်မှာ နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ပီတိလေးနဲ့ အိပ်ပျော်နိုင်အောင် ကြိုးစားကြပါတဲ့။

*****************************************

လွန်ခဲ့တဲ့၎နှစ်လောက်က အသိတစ်ယောက်ဟာ မတော်တဆ ကားတိုက်မှုဖြစ်ခဲ့တယ်။ သူတိုက်ခဲ့မိတာက အရက်မူးသမား ဦးလေးကြီး။ သေသွားရှာတယ်။ သူလည်း အမှုဖွင့်ပြီး အရေးယူခံခဲ့ရတယ်။ အဲဒီသေသွားတဲ့ ဦးလေးကြီး ကသမီးလေးတစ်ယောက်ပဲရှိပြီး အမှုကိုပြေငြိမ်းပေးရှာခဲ့တယ်။ နောက်ဆုံး အမှုက အားလုံးပြီးစီး အဆင်ပြေသွားခဲ့တယ်။ အဲဒီအသိက ပြောတယ်။ အဲဒီအမှုအတွက် သူ သိန်း၁၀၀လောက်ကုန်သွားခဲ့သတဲ့။
ရဲ = ၃၀သိန်း
တရားသူကြီး = ၆၀သိန်း
သေသွားတဲ့ ဦးလေးကြီးသမီး = ၁၀သိန်း

*****************************************

လူတိုင်းလူတိုင်း အလုပ်က အနားယူတဲ့အချိန်ရောက်လို့ ညအိပ်ရာဝင်ခါနီး နဖူးပေါ်လက်တင် စဉ်းစားမိကြတဲ့အခါ တုန်လှုပ်ချောက်ချားမှုများမှ ကင်းဝေး၍ ပီတိများဖြင့် ငြိမ်းချမ်းစွာအိပ်ပျော်နိုင်ကြပါစေ။

Thursday, July 10, 2008

အာဝေဏိက

မြတ်ဘုရားရဲ့ အာဝေဏိက ဂုဏ်တော် ၁၈-ပါးရှိပါတယ်။ ဘုရားရှင်အတွက် သက်သက်သီးခြား ဂုဏ်တော် ၁၈ပါး လို့ သာသနာရေးကထုတ်တဲ့ သရုပ်ပြအဘိဓါန်မှာ ဘာသာပြန်ထားပါတယ်။

အာဝေဏိက ဂုဏ်တော် ၁၈-ပါး
၁) အတိတ် အဖို့၌
၂) အနာဂတ် အဖို့၌
၃) ပစ္စုပ္ပန် အဖို့၌
ဉာဏ်တော်၏ အပိတ်အပင် အတားအဆီးမရှိခြင်း။

၎) ကာယကံမှု အလုံးစုံ၌
၅) ၀စီကံမှု အလုံးစုံ၌
၆) မနောကံမှု အလုံးစုံ၌
ဉာဏ်တော်သာလျှင်ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာအစဉ်လိုက်ခြင်း။

၇) အလိုဆန္ဒတော်
၈ ) အားထုတ်မှုဝီရိယ
၉) သမာဓိတော်
၁၀) ပညာတော်
၁၁) တရားဟောရာ ၌
၁၂) ၀ိမုတ္တိတရား အဖို့၌
ယုတ်လျှော့အားနည်းမှု မရှိခြင်း။

၁၃) ပြက်ရယ်ပြုမှု မြူးတူးမှုမရှိခြင်း။
၁၄) ချွတ်ချော်တိမ်းပါးမှုမရှိခြင်း။
၁၅) ဉာဏ်တော်နှင့် မတွေ့ထိသော အရာဟူ၍မရှိခြင်း။
၁၆) အဆောအလျင်ပြုရသည်၏ အဖြစ်မျိုးမရှိခြင်း။
၁၇) ကြောင့်ကြမဲ့စိတ်မျိုးမရှိခြင်း။
၁၈ ) ပညာ ဉာဏ်မဆင်မခြင် ရှုလေ့မရှိခြင်း။

နောက်တခုက အာဝေဏိက ဒုက္ခ ၅-ပါး ပါ။ မိန်းမများအတွက် သီးခြားခံယူရသော ဒုက္ခ ငါးပါး လို့ ဆိုပါတယ်။

နောက်တမျိုးရှိပါသေးတယ်။ အာဝေဏိက၊ ပို့ကြမေတ္တာ၊ ၇ဖြာပါ။
သီးခြား ကန့်သတ်၍ ပို့သ ပွားများရသော ဓသြဒိဿ မေတ္တာ၇ပါးဓ ကို အာဝေဏိကမေတ္တာ လို့ ခေါ်ပါတယ်တဲ့။

အာဝေဏိက ဆိုတာ ပါဠိ နာမ၀ိသေသန လို့ပြောရင်ရနိုင်တယ်ထင်ပါတယ်။
အာဝေဏိက - သက်သက်သီးခြားဖြစ်သော ပေါ့နော်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, July 8, 2008

Bond with Singapore Jobs

Image from http://www.fotosearch.com/

စင်ကာပူကအလုပ်တွေရဲ့ ဘွန်း (Bond) နဲ့ (Contract) တွေအကြောင်း ပြောကြရအောင်နော်။ စင်ကာပူမှာ အလုပ်တခု စ၀င်တဲ့ အခါ Company တွေပေါ်မှာ မူတည်ပြီး ဘွန်းထိုးရတာတွေရှိပါတယ်။ ပထမအမျိုးအစားက အလုပ်စခန့်ခန့်ချင်းမှာပဲ ကိုယ့်ကို job training သင်တန်းတွေပေးမယ်။ အနည်းဆုံး ၁နှစ်တော့ လုပ်ပေးရမယ်။ အဲဒီမှာ ကိုယ်က HR မှာ Contract အနေနဲ့ လက်မှတ်တွေ၊ ဘာတွေ ထိုးထားရမယ်။ ဘွန်းဖျက်ရင် လစာ ၂လစာ ပြန်လျှော်၊ ဘာညာ စသဖြင့်ပေါ့။

နောက်တခုက Company ကလွှတ်တဲ့ သင်တန်းသွားတက်ခဲ့တဲ့သူတို့၊ ဘာတို့ပေါ့။ ၃လသင်တန်းဆို ဘွန်း ၆လ ၊ ၃လနဲ့ အထက်ဆို ၁နှစ် စသဖြင့် ရှိပါသေးရဲ့။ Company ကနေ Project Transfer တို့ ဘာတို့ သွားထားပြီး Project မပြီးခင်ထွက်ရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ ဘွန်းတွေ ထားလေ့ရှိပါတယ်။ ထားလည်းထားသင့်တယ်လို့ ထင်ပါတယ်။

နောက် တခုက Company ကနေပြီး တခြားနိုင်ငံကိုသွားပြီး အလုပ်ခန့်ဖို့ခေါ်လာတဲ့သူမျိုးပေါ့။ အနည်းဆုံး ဘယ်နှယ်နှစ်လုပ်ရမယ် ဆိုပြီး ဘွန်းထိုးထားရတာလည်းရှိတယ်။ ကိုယ် မြင်ဘူးတာကတော့ အရင် အလုပ်တစ်ခုမှာ အိန္ဒိယ နဲ့ တရုတ် ကနေခန့်ထားတဲ့ အင်ဂျင်နီယာတွေရှိတယ်။ Company က အဲဒီနိုင်ငံတွေကိုသွား Interview ပြီး ခန့်လာခဲ့တဲ့သူတွေလေ။ သူတို့ ဘွန်း ၅နှစ်တောင် ထိုးရပါတယ်။ ၅နှစ်မပြည့်ခင်ထွက်ချင်ရင် ဘယ်လောက်လျှော်ပေါ့။ အဲဒီမှာ အိန္ဒိယ အင်ဂျင်နီယာတယောက်နဲ့ သူ့မန်နေဂျာ အဆင်မပြေဖြစ်ပြီး သူကထွက်တယ်။ ၅နှစ်မပြည့်သေးတော့ စာချုပ်ထဲက အတိုင်း လျှော်ပေးရပါတယ်။ HR Contract မှာ လက်မှတ်ထိုးထားလို့ မလျှော်ဘူးလုပ်လို့မရပါဘူး။ စကားမစပ်....သူသွားပြီး ၂ပတ်လည်းကြာရော... သူရေးခဲ့တဲ့ program တွေအားလုံး Expired, If you want to use, pls contact to administrator ဆိုပြီးဖြစ်အောင်လုပ်သွားခဲ့တယ်။

နောက်တခုတွေ့ဘူးတာက Company ကနေ Professional Training သင်တန်းသွားတက်တဲ့သူတွေဆို ဘွန်းထိုးရပြန်ရော။ သင်တန်းကြေးအနည်းအများပေါ်မူတည်ပြီး ဘွန်းထိုးရတာပါ။ ဥပမာ... ရုံးကနေ SAP သင်တန်း (အဲဒီ SAP သင်တန်းက စလုံးငွေ ၂သောင်းလောက်ပေးရတာပါ။) သွားတက်ထားတဲ့သူက ၆လလောက်အရောက်မှာ နောက်အလုပ် တခုကောင်းကောင်းက offer ရတော့ လျှော်ပြီးထွက်တယ်လေ။ တက်ထားတဲ့ သင်တန်းကြေးထက် ပိုပြီးလျှော်ရတာပါနော်။ Company အသစ်က သူ့ကိုလိုချင်တော့ သူ့အတွက်လျှော်ပေးတာပေါ့။

Individual Company ပေါ်မှာပဲမူတည်ပါတယ်။ ခုကိုယ်လက်ရှိ လုပ်နေတဲ့ Company ကတော့ ဘာသင်တန်းတွေ တက်တက်၊ ဘာ Oversea Project Transfer ပဲသွားသွား...လုံးဝ ဘွန်း မရှိပါဘူး။ ဒါပေမဲ့ လူတွေက Company ပိုက်ဆံတွေနဲ့သင်တန်းတွေ တက်... Oversea Project Transfer သွားပြီးမှ ၂လ၊ ၃လလောက်နဲ့ အလုပ်တွေထွက်ကုန်တာ စိတ်ပျက်ဖို့ကောင်းတယ်။ ကိုယ့် Responsibility တော့ကိုယ်သိဖို့ ကောင်းပါတယ်နော်။

တနေ့က အသိ အမကြီးက သူအလုပ်ဝင်နေတာ ၃လမပြည့်သေးဘူး။ အလုပ်ပြောင်းမလို့ရှာနေတယ်တဲ့။ သူဝင်တုန်းက သူ့ကို Company က သင်ပေးမယ်။ ဘွန်း၂နှစ်လို့ ဆိုတာသိထားတော့ ကိုယ်ကလည်း... ဟင်ဘွန်းက ဘယ်လိုလုပ်မတုန်းလို့ မေးမိတယ်။ သူကပြောတော့... သူ့ဘွန်းက ပါးစပ်ကတိပဲတဲ့။ ဘာမှ စာချုပ်မရှိဘူးတဲ့။ စာချုပ်မရှိပဲ ပါးစပ်ကတိဆိုရင်တော့ ဘာမှ မဖြစ်လောက်ဘူးပေါ့နော်။ ဒါပေမဲ့ ဘာလို့ထွက်ချင်တာလဲ သူ့ကိုမေးတော့ လည်းရေရေရာရာ အဖြေကမရှိဘူး။

ကိုယ်လုပ်နေတဲ့ Company ကတကယ့်ကို ဆိုးလွန်းလို့ ဘယ်လိုမှ အလုပ်ဆက်ပြီး လုပ်ရင်မဖြစ်နိုင်တော့လို့ ဘွန်းကို ဖျက်ပြီးထွက်ကြတယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ဘာမှ မဟုတ်တာလေးနဲ့ တော့ ပါးစပ်ကတိဖြစ်ဖြစ်၊ စာချုပ်ကတိဖြစ်ဖြစ် မဖျက်တာအကောင်းဆုံးပါပဲ။ ခုအလုပ်က ပင်ပန်းလို့ဆိုပြီးထွက်မယ်လုပ်။ နောက်အလုပ်က မပင်ပန်းဘူးတော့ မထင်လိုက်ပါနဲ့။ ဒီအလုပ်က လူတွေက ဆိုးတယ်ထင်လို့ ထွက်မယ်လုပ်... နောက်အလုပ်မှာတော့ ဒီထက်ကောင်းမဲ့သူတွေ ရှိနေမယ်လို့ မမျှော်လင့်ထားပါနဲ့။ အကောင်းဆုံးကတော့ (လူကိုလူလို ကို လုံးဝမဆက်ဆံလို့ စိတ်ညစ်လို့ အလုပ်ထွက်တာမှအပ) ကိုယ်ဝင်မိလိုက်တဲ့ အလုပ်မှာ အနည်းဆုံး ၁နှစ်တန်သည်၊ ၂နှစ်တန်သည် နေပြီး... ရနိုင်သလောက် ကြိုးစားပညာယူသင့်တယ်လို့ထင်ပါတယ်။ ၃လလောက်နဲ့တော့ အလုပ် Experiences တွေ အများကြီးရှိပြီးသူမှ အပ ခုမှ စအလုပ်ဝင်တဲ့သူဟာ အလုပ်ခွင်မှာ ဘယ်လိုမှ အခြေကျနိုင်မှာ မဟုတ်ပါဘူး။ ဒါကို စိတ်ပျက်ပြီး အလုပ်ထွက်ရင် နောင်အလုပ်မှာလည်း ဒီပြဿနာမျိုးနဲ့ပဲ ထပ်တွေ့ရမှာပါပဲ။

ရေးရင်းနဲ့ စာကရှည်သွားပြီ။ အချုပ်ပြောရရင် ဘွန်းတွေရှိပါတယ်။ ဖေါက်ဖျက်ခဲ့ရင် ဘယ်လိုပေးရမှာ၊ လျှော်ရမှာ ဆိုတာတွေက ကိုယ် စာချုပ်တုန်းကပေါ်မှာ မူတည်ပါတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။