Sunday, March 21, 2010

၅၄။ ဖိုးသူတော်ပုတီးစိတ်သလို

ဖိုးသူတော်ပုတီးစိတ်သလို


မင်းတုန်းမင်းတရားကြီးသည် တိုင်းရေးပြည်ရေးနှင့်တကွ သာသနာရေး၊ ဘာသာရေးတို့ကို အထူး ဦးစားပေးသည့်အတိုင်း ဆရာတော် သံဃာတော်များကို မကြာမကြာ နန်းတော်သို့ပင့်၍ ''သာဟတ္တိက'' ကိုယ်ထိလက်ရောက် ဆွမ်းကပ်ခြင်း၊ လှူဘွယ်ပစ္စည်းတို့ကို လှူဒါန်းခြင်းအမှုတို့ကို ပြုလုပ်လေ့ရှိသည်။

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်အပါအ၀င် ဆရာတော်၊ သံဃာတော်များအားနန်းတော် သို့ပင့်၍ ဆွမ်းကပ်လေသည်။ မင်းတုန်းမင်းကြီးသည် ဆရာတော် သံဃာတော်များနှင့် အလာပ၊ သလာပ စကားများကို အပြန်အလှန် ပြောဆိုလျှောက်ထားနေသည်။

ဤတွင် ဗန်းမော်ဆရာတော်က '' တကာတော် ရေမြေ့ရှင် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရဲ့လား၊ ရှစ်ပါးသီလ၊ ကိုးပါးသီလများကိုကော ဥပုသ်သီတင်း လပြည့် လကွယ်ရက်များတွင် စောင့်ထိန်းနိုင်ရဲ့လား'' ဟု မေးလေသည်။

''မှန်ပါ... ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲပါတယ်ဘုရား... ရှစ်ပါးသီလ၊ ကိုးပါးသီလများ ကိုလည်း ရှစ်ရက်သီတင်း လပြည့်၊ လကွယ်ရက်များတွင် စောင့်ပါတယ်ဘုရား '' ဟု မင်းတရားကြီးက လျှောက်ထားသည်။

'' ဒါဖြင့် တကာတော်ရေမြေ့ရှင် ပုတီးများကောစိပ်ရဲ့လား '' ဟုမေးသည်။
'' မှန်ပါ စိပ်ပါတယ် ဘုရား '' ဟုပင် လျှောက်သည်။

တကာတော်ရေမြေ့ရှင် အရင်က '' ဖိုးသူတော် ပုတီးစိပ်သလိုလဲ ဖြစ်နေအုံးမယ် '' ပြောပြီး အောက်ပါ ပုံပြင်ကို ပြောပြသည်။

ရှေးက ရွာတရွာကလူများမှာ ဗုဒ္ဓဘာသာကို အထူးလေးစား ယုံကြည်သည့်အတိုင်း ၀ါတွင်းသီတင်း နေ့များတွင် ရွာဦးကျောင်းသို့သွားရောက်၍ သီလခံယူခြင်း၊ တရားဘာဝနာများကို ဆွေးနွေး မေးမြန်းခြင်းများကို အမြဲပြုလုပ်လေ့ရှိသည်။

ညနေဘက်တွင် ကျောင်းအနီးရှိ ဥပုသ်ဇရပ်ပေါ်မှာ အမြဲလိုလို ပုတီးစိပ်ကြလေသည်။ ဖိုးသူတော် တယောက်ကလည်း ထိုဥပုသ်ဇရပ်အနီးရှိ သစ်ပင်ကြီးတပင်အောက်မှာ အမြဲထိုင်၍ ပုတီးစိပ်လေ့ ရှိသည်။

ဖိုးသူတော်စိပ်သောပုတီးမှာ အခြားသူများစိပ်သော ပုတီးကဲ့သို့ ၁၀၈လုံး၊ ၃၂လုံး၊ ၉လုံးမရှိပေ။ ၃လုံးသာရှိသည်။ ဖိုးသူတော်ပုတီးစိပ်နေသည်မှာ ပါးစပ်မှ နှုံပွနှုံပွနှင့် အလွန်မြန်ဆန်လှသည်။ ဇရပ်ပေါ်မှ ဥပုသ်သည်များပင် အတော်စိတ်ဝင်စားနေပေသည်။

ဖိုးသူတော်၏ ပုတီးစိပ်နည်းကို မေးမြန်းပြီး နည်းယူလိုသော ဇရပ်ပေါ်မှ ဥပုသ်သည်များမှာ ဦးသူတော်ကိုအားနာ၍ မမေးဖြစ်ခဲ့ပေ။ လာမည့် သီတင်းရောက်ရင် မေးမှဘဲဟု အားတင်းထားသော ဥပုသ်သည်များမှာ သီတင်းနေ့ကို စောင့်နေကြသည်။

သီတင်းနေ့ရောက်သည်တွင် ဖိုးသူတော်သည် အခါတိုင်းလိုပင် ပုတီးကိုသွက်သွက်စိပ်နေသည်။ ထိုနေ့တွင် ဥပုသ်သည် တဦးက ဦးသူတော်ကိုမေးသည်။

'' ဘယ့်နှယ်... ဦးသူတော် ပုတီးစိပ်တာမြန်လှချည်လား၊ နည်းကောင်းလေးဘာလေးရှိရင် ပေးပါအုံး၊ ဦးသူတော်က ဘုန်းကြီးနဲ့နီးလို့ နည်းကောင်းရလိမ့်မယ် '' ဟု ဥပုသ်သည်တဦးက ဦးသူတော်ကို မေးသည်။

ဦးသူတော်က '' ခင်ဗျားတို့ ဘုန်းကြီးပြောတုံးကတော့ မှတ်မထားဘူး၊ အခုမှမေးနေကြ '' ဟု ပြန်ပြောသည်။
'' ပြောပြစမ်းပါ ဦးသူတော်ရဲ့ '' ဟု ထပ်မေးသောအခါ ...
'' မှတ်ထား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ပထမတော့ တလုံးစီချစိပ်ရတယ်၊ နောက်တော့ ( ၄င်းနည်း ) ( ၄င်းနည်း ) ( ၄င်းနည်း ) ဆိုပြီး မြန်မြန်စိပ်ကြပေါ့ '' ဟု ပြောလေရာ ဇရပ်ပေါ်ရှိ ဥပုသ်သည်များမှာ ရယ်မောကြလေသည်။

ဤတွင် ဗန်းမော်ဆရာတော်က '' တကာတော်ရေမြေ့ရှင်လဲ ဦးသူတော် ပုတီးစိပ်သလို ( ၄င်းနည်း ) ( ၄င်းနည်း ) နဲ့များ စိပ်နေသလားလို့ '' ဟု ပြောကြားလေရာ ဘုရင်မင်းမြတ်လည်း များစွာသဘောကျ၍ ရယ်မောနေတော့သည်။

********************************

၅၃။ မှားရုံသာမှား ဆက်မမိုက်နဲ့

မှားရုံသာမှား ဆက်မမိုက်နဲ့

ဗန်းမော်ဆရာတော်၏ တပည့် သာမဏေများစွာတို့ အနက်မှ ရှင်က၀ိဆိုသော သာမဏေသည် ရဟန်းတက်မှာလား၊ လူထွက်မှာလားဟု မဝေခွဲနိုင်ဘဲ လွန်ဆွဲပြီး စိတ်ကစားနေသည်။ ကိုရင်က၀ိသည် အစပထမက ရဟန်းတက်ဘို့ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။ သို့ကြောင့်လည်း သဒ္ဒါ၊ သင်္ဂြိုလ်နှင့်တကွ ဒွေး၊ မာတိကာ စသော အခြေပြု ပရိယတ် စာပေများကို သင်ယူတတ်မြောက်ထားပြီး ဖြစ်နေသည်။ သီတင်းသုံးဘော်များကလည်း ရှင်က၀ိ စာကြိုးစားသည်ဟုပင် အသိအမှတ်ပြုထားကြသည်။

သို့သော် ရှင်က၀ိစိတ်ထဲတွင် နေ့တမျိုး ညတမျိုး ပြောင်းလဲနေသည့် စိတ်အစဉ်ကို မည်သူမျှ အကဲမခတ်မိကြပေ။ ရှင်က၀ိမှာ စာတက်ချိန်၊ ဆွန်းခံချိန် တို့ကို မှန်မှန်ပင် ပြုလုပ်နေသောကြောင့် ဖြစ်သည်။ ရှင်က၀ိမှာ သာသနာဘက်မှာ အားနည်းချက်တွေ ပေါ် ထွက်နေသည်။ ရွာက မိအိုဖအို များကို မြင်လာသည်။ လူထွက် ပြီးလုပ်ကျွေးချင်နေသည်။ သာသနာတော်မှာ ပို၍အားနည်း ချက်ဖြစ်ပေါ်နေသော အကြောင်းကား ငယ်ရီးစား မထွေးခင်၏ မျက်နှာရိပ်အစဉ်များ သူသင်အံနေသည့် စာရွက်တွေပေါ်မှာ ထင်မြင်နေသည်။ ဧကသီကို ခြေနှစ်ဘက်ဖြင့် ဖိပြီး ခေါင်းမြီးတင်းလောက်အောင် ခြုံ၍အိပ်သည့်အခါတိုင်းလည်း မထွေးခင်၏မျက်နှာရိပ်တွေ တရစ်ဝဲ၀ဲသာဖြစ်ပေါ်နေရသည်။

ရှင်က၀ိသည် ဆရာတော်ထံ လူဝတ်လဲရန် တကြိမ် နှစ်ကြိမ်တိုင် လျှောက်ထားသည်။ ခွင့်မရခဲ့ပေ။ သည်တကြိမ် လျှောက်ရင်တော့ ခွင့်ရလဲထွက်၊ မရလဲထွက်မည်ဟု ရှင်က၀ိက ဆုံးဖြတ်ထားလေသည်။

''သာသနာဘောင်နေရတာ စိတ်ချမ်းသာပါတယ်ကွာ ဘာလို့ ထွက်ချင်ရတာလဲ'' ဟုဆရာတော်ကမေးသည်။
''မှန်ပါ၊ မိအိုဖအိုများ လုပ်ကျွေးချင်လို့ပါဘုရား'' ဟု ရှင်က၀ိက လျှောက်ထားလေသည်။
''ရှေးလူဆိုတာ သူ့ကံနဲ့ သူချည့်ဘဲကွ မထွက်ဘဲနေနိုင်ရင် အကောင်းဆုံးဘဲ'' ဟုဆရာတော်ထံမှ နောက်ဆုံး တတိယအကြိမ် လျှောက်ထားရာတွင်ပြောလိုက်သည်။

ရှင်က၀ိမှာ ဆုံးဖြတ်ထားသည့်အတိုင်း အခြား သီတင်းသုံးဘော်များက အတန်တန်တားကြသော်လည်း နောက်ဆုံးတွင် လူဝတ်လဲကာ အိမ်ပြန်ခဲ့တော့သည်။

ရှင်က၀ိတဖြစ်လဲ မောင်ကျော်မြင့်မှာ ရွာသို့ရောက်သည့်အချိန်တွင် မိဘနှစ်ပါးနှင့်တကွ ဆွေမျိုး သားချင်း ငယ်ငယ်ကရောင်းရင်းတွေနဲ့ တရုံးရုံးတပြုံးပြုံးဖြစ်ကာ မောင်ကျော်မြင့်အဘို့ အပျော်ဆုံး နေ့များ ဖြစ်နေပေသည်။

ခြောက်လလောက်အကြာမှာ ငယ်ရီးစား မထွေးခင်နှင့်ပင် အကြောင်းဆုံရသည်။ မောင်ကျော်မြင့် သည် မထွေးခင်နှင့်ငြားစရက်တွေ အချိန်တွေမှာ မထွေးခင်မျက်နှာကို အမြဲကြည့်နေချင်သည်။ ကြားကလေသွေး ဝေးတယ်ဆိုတာ မှန်သည်ဟု မောင်ကျော်မြင့်က ယူဆနေသည်။ မောင်ကျော်မြင့်က ဇာတ်မင်းသားဦးစိန်ကတုံးကြီး၏ သစ္စာထား နှစ်ပါးသွားသီချင်းကို သွားသတိရသည်။ ဦးစိန်ကတုံးက သူ့မယားလောက်လှတာ ဗမာပြည်မြို့ရွာအနှံ့လိုက်ရှာလိုက်တာ မတွေ့ရသည့် အကြောင်းကိုဆိုသည်။

နတ်ပြည်တကာ စေ့ခဲ့ပါပေါ့၊ ဘယ်ပြည်ဘယ်ရွာ မတွေ့ခဲ့ပါဘူး၊
အိုးစည်ထဲဝင်ကာ အလုံတံခါး ပိတ်ပြီးတော့ ခင်ကညာအနိတ်နဲ့
ထမင်းမစားဘဲ စက်တော်ခေါ် စို့လဗျာ.......
ဟူသော ဦးစိန်ကတုံးကြီး၏ သီချင်းအတိုင်း မောင်ကျော်မြင့် ငြားစ မထွေးခင်ကို ဆို ဆိုပြနေသည်။

မောင်ကျော်မြင့်သည် အိမ်ထောင်သက် လေးနှစ်ထဲရောက်ရှိလာ၍ သူကသည့်ဇာတ် မိုးလင်းပိုင်း ဘက်သို့ ရောက်လာပြီကို သိနေပြီဖြစ်သည်။ သူထင်ခဲ့သလို မပျော်နိုင်ရှာတော့၊ ဃရာဝါသ ဗဟုကိစ္စ အိမ်ထောင်သားမွေးမှုသည် အလွန်အမှုပွေကြောင်း သူ့နဖူးကို အရိုက်ခံရပြီဖြစ်သည်။ ဃရာဝါသ အတိသမ္ပာဇ လူ့ဘောင်မှာ အလွန်ကျဉ်းမြောင်းကြောင်းကို ဗန်းမော်ကျောင်းထွက်ပီပီ သိလာရသည်။

မကြာမှီပင် မောင်ကျော်မြင့်သည် သူ၏ဆရာတော်ကို အလွန်သတိရလာသည်နှင့် မန္တလေးမြို့ရှိ ဗန်းမော်ဆရာတော်ထံ အပူဇော် အကန်တော့သွားသည်။

'' ဟေ့... ဘယ်သူလဲကွ ''
'' က၀ိပါဘုရား ''
'' အေး... မင်းအခုမှဘဲ လာနိုင်တော့တယ်နော်၊ ဘယ်နှယ်လဲ တော်တော်လေး ဒုက္ခတွေ့ပြီ မှို့လား '' ဟု ဆရာတော်ကမေးသည်။
'' မှန်ပါ... တော်တော်လေးဒုက္ခရောက်နေပါပြီဘုရား၊ အခုမှပဲ မှားမှန်း သိပါတော့တယ် ဘုရား '' ဟု မောင်ကျော်မြင့်က ဇာတ်စုံ လျှောက်ပြတော့သည်။
'' အေး... မှားမှန်းသိရင်တော့ ဆက်မမိုက်နဲ့ပေါ့ကွာ '' ဟု ဆိုပြီး တပည့် ရှင်က၀ိလူထွက်အား အောက်ပါပုံပြင်ကို ပြောဆိုဆုံးမတော့သည်။

ရှေးကရွာတရွာမှာ မောင်ရုပ်ဆိုးဆိုသော လူငယ်တယောက် အိမ်ထောင်ကျနေသည်။ သူ့ဇနီးမှာ သူ့ယောက္ခမများ၏ တဦးတည်းသောသမီးဖြစ်သည်။ မောင်ရုပ်ဆိုးဆိုသလောက် ခေါင်းက အလွန် ကြီးပြီး ခန္ဓာကိုယ်ကသေးနေ၍ အထက်အောက်မလိုက်ဘဲ အလွန်ကြည့်ဆိုးသည်။ သို့သော် သူ့၏ဇနီးက လူကြီးကသနားစရာကြီးပဲဟုဆိုပြီး အလွန်ကြင်နာသည်။

ရုပ်ဆိုး၏ယောက္ခမများကတော့ ရုပ်ဆိုးအပေါ် ကြည့်မရ၊ ဒီလိုနေပုံထိုင်ပုံမျိုးနဲ့တော့ လူမွေး မပေါက်၊ ဒီအလုပ်မျိုးနဲ့ လူစမပြောင်ဟု ခဏခဏသမီးကိုပြောရင်း ရုပ်ဆိုးကြားလောက်အောင် ပြောပြောနေသည်။ တနေ့သော် ယောက္ခမအထီးကြီးက စာချိုး၍ သမက်ရုပ်ဆိုးမြင်လောက်သော နေရာတွင်ချထားသည်။ ရုပ်ဆိုး၏အသွင်အပြင်နှင့် မုတ်ဆိပ်မွေးပေါကြောင်း စာချိုးတွင် ထည့်ရေး သည်။

ကိုယ်ကကြီးလို့ ခေါင်းကသေး၊
မုတ်ဆိပ်မွေးကလည်းထူသေး၏၊
လူမိုက်ဟူသတည်း။ ။

ဤစာချိုးကို ရုပ်ဆိုးတွေ့၍ ကောက်ဖတ်သည်။ ယောက္ခမရေးသည်ဟု သူမအောက်မေ့၊ ရုပ်ဆိုးက သူ့အတွက် နက်သိကြားတွေက သတိပေးသည်အနေနှင့် '' ရွှေပေလွှာ '' ချထားခြင်းသာ ဖြစ်သည်ဟု သူက ယူဆသည်။

မောင်ရုပ်ဆိုးသည် ရွှေပေလွှာက သတိပေးသည်ဟု ယူဆပြီး သူ၏မုတ်ဆိတ်များကို မီးစယူ၍ရှို့တော့သည်။ မုတ်ဆိပ်မွေးကဆက်၍ ခေါင်းကဆံပင်အထိ ကူးပြောင်းလောင်ကျွမ်းသွားတော့သည်။ မောင်ရုပ်ဆိုးမနေနိုင်တော့ဘဲ ခုန်ပေါက်ပြေးနေတော့သည်။ ဇနီးနှင့် ယောက္ခမများပါ အူယားဖါးယားဖြစ်ကာ တရပ်လုံးတရွာလုံး သိသွား၍ လူအများစုကာ လူမိုက်ဘဲဟု ပြောဆိုနေကြတော့သည်။

ဗန်းမော်ဆရာတော်သည် တပည့်ရှင်က၀ိလူထွက်အား ဤပုံကိုပြောပြ၍
'' မင်းလဲမှားရုံတွင်မှား ဆက်မမိုက်နဲ့ပေါ့ကွာ၊ သာသနာ့ဘောင်မှာ မနေနိုင်ဘဲ လူဝတ်လဲ၍ မှားတာမှားပါစေတော့..... ဆက်ပြီး ဒုစရိုက်မှုတွေ မမှားစေနဲ့၊ ဆံပင်ကို မီးဆက်မလောင်စေနဲ့ ''
ဟု ပြောဆိုဆုံးမလိုက်လေသည်။ တပည့်လူထွက်လည်း အဆုံးအမ နာယူပြီး ရွာသို့ပြန်သွားတော့သည်။


********************************

၅၂။ ငယ်ပါကိုတောင် မြင်နိုင်ပုံ

ငယ်ပါကိုတောင် မြင်နိုင်ပုံ

မင်းတုန်းမင်းတရားကြီး၏ လျှောက်ထားချက်အရ ရှမ်းကလေးကျွန်းဆရာတော်သည် ရဟန်း၊ သာမဏေတို့အား (သာမဏသာရုပ္ပ) မတင့်တယ် မဖွယ်ရာသည့် နေလွဲသောအခါ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အခါမဲ့ရပ်ထဲရွာထဲမှာ ထီးဆောင်း၍၎င်းင်း၊ ဘိနပ်စီး၍၎င်းင်း သွားခြင်းတို့ကို တားမြစ်သည့် အမိန့်ပြန်တမ်း (ဗန်းမော်ဆရာတော် ကန့်ကွက်ခဲ့သည့်) ပြန်တမ်းတခုကို ထုတ်ဆင့်ခဲ့လေသည်။ သုဓမ္မာဆရာတော်များကလည်း အတည်ပြုပြီးဖြစ်သည်။

ထိုအမိန့်ပြန်တမ်းအရ ဘုရင်မင်းမြတ်က ခန့်ထားသည့် မဟာဒဏ်ဝန်နှင့် မဟာဒဏ်စာရေးတို့က မန္တလေး လေးပြင်လေးရပ်ရှိကျောင်းတိုက်များသို့ သွားရောက်ပြီး ကြပ်မတ် ကွပ်ကဲရသည်။

အမိန့်ပြန်တမ်းအရ အပြစ်တွေ့ရှိပါက တိုက်တာရှိဦးစီးနာယက ဆရာတော်များနှင့် တိုက်အုပ် တိုက်ကြပ် ဆရာတော်များသို့ လျှောက်ထား၍ အပြစ်ပေးတန် ပေးရသည်။

မဟာဒဏ်ဝန်နှင့် မဟာဒဏ်စာရေးတို့သည် တာဝန်အရ ဒက္ခိဏရာမ ဘုရားကြီးတိုက်သို့ ရောက်ရှိသွားကြသည်။ တာဝန်အရတိုက်တွင်းရှိ ကျောင်းအသီးသီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုအခါ ရဟန်းတော်တပါး ကျောင်းခန်းတခုအတွင်းဝယ် ဆေးလိပ်သောက်နေသည်ကို တွေ့ရတော့သည်။

မဟာဒဏ်ဝန်နှင့် စာရေးတို့က ထိုရဟန်းငယ်အား စည်းကမ်းအရ ဘုရားကြီးတိုက် ဆရာတော်ထံ သွားရောက် လျှောက်ထားကြသည်။

ထိုအခါ ဘုရားကြီးတိုက်ဆရာတော်က ''မင်းတို့ဟာ မြို့ထဲ ရွာထဲမှာ စည်းကမ်း ကျော်လွန်နေတဲ့ ကိုယ်တော်တွေ၊ ထီးထမ်းလမ်းလျှောက်နဲ့ ဟော့ဟော့ရမ်းရမ်း ရင်ဘောင်တန်းပြီး လူ့အသွင် ဘမ်းပြသွားနေတဲ့ ကိုယ်တော်တွေ၊ သည်ကိုယ်တော်မျိုးတွေကို သွားရှာပြီး လျှောက်ထားမှပေါ့၊ အခုတော့ မင်းတို့ဟာ ကျောင်းခန်းထဲ ၀င်ကြည့်ရင် ငယ်ပါကိုတောင် မြင်ရလိမ့်အုံးမယ်ကွ'' ဟု ပြောလိုက်လေသည်။

မဟာဒဏ်ဝန်နှင့် ၀န်စာရေးတို့လည်း အသာလှည့်၍ ကန်တော့ပြီး ကျောင်းအောက်သို့ ဆင်းခဲ့ရတော့သည်။

မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ဆရာတော်မှာလည်း ဗန်းမော်ဆရာတော်ကဲ့သို့ပင် မဟုတ်လျှင်မခံ မမှန်လျှင် မလုပ်တတ်သည့် ရဲရဲတောက် ဆရာတော်တပါးသာ ဖြစ်ခဲ့လေသည်။

********************

Saturday, March 13, 2010

၅၁။ ကြက်ကုပ်ပေမယ့် တိုက်ပွဲသွင်းရမှာဘဲ

ကြက်ကုပ်ပေမယ့် တိုက်ပွဲသွင်းရမှာဘဲ


ဗန်းမော်ဆရာတော်သည် တပည့်၊ ရဟန်း၊ သာမေဏေများကို အမြဲမပြတ် သွန်သင်ဆုံးမတက်သော အလေ့ရှိသည့်အတိုင်း ဥပုသ်နေ့ ညတည ဘုရားဝတ်တက်အပြီးတွင် စာဝါကလည်းနားသောနေ့ဖြစ်၍ အချိန်အတော်ကြာအောင် ပြောဆိုဆုံးမသည်။

ရဟန်းရောသာမဏေများပါ တပါးစီ မေးမြန်းပြောဆိုဆုံးမနေရာ ကိုရင်ကြီးတပါးအလှည့်သို့ ရောက် သွားလေသည်။ ထိုကိုရင်ကြီးမှာ အခြား ရဟန်း၊ သာမဏေများကဲ့သို့ လန်းလန်းဆန်းဆန်း ရွှင်ရွှင်ပြပြ မရှိပေ။ ကုပ်ချောင်ချောင်း မှုံတေတေဖြစ်နေသည်။ စာပေပရိယတ္တိမှာလည်း ဖျင်းအလှသည်။

ဗန်းမော်ဆရာတော်က ထိုကိုရင်ကုပ်ချောင်းကြီးကို အကြောင်းပြုပြီး ကိုရင်နစ်နာစေရန် တိုက်ရိုက် ဆုံးမတော်မမူဘဲ ရွှင်ပြလာစေရန် သွယ်ဝိုက်၍ ဆုံးမလိုသောကြောင့် အောက်ပါပုံပြင်ကို ပြောဆို ဆုံးမလေသည်။

********************************

ရှေးအခါက ရွာတရွာမှာ ကြက်၊မွေးမြူရေးသမားတယောက် ရှိလေသည်။ ထိုကြက်မွေးမြူရေး သမား သည် သားဖောက်ခြင်း၊ အစာကျွေးခြင်း၊ ကြက်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ခြင်း စသည်ဖြင့် နေ့စဉ်ပင် ပြုလုပ်နေရပေသည်။

တနေ့တွင် ကြက်မတကောင်မှ ပေါက်သည့် သားပေါက်ကလေး ရှစ်ကောင်တည်းမှ တကောင် သော ကြက်သားပေါက်ကလေးမှာ အခြားကြက်ပေါက် ၇-ကောင်ကဲ့သို့ လန်းဆန်းမှုမရှိသည်ကို တွေ့ရလေသည်။ ကြက်ပေါက် ၇-ကောင်မှာကား လန်းဆန်းလှပြီး ကြက်မကြီးဝပ်နေသည့် ကျော ပေါ် သို့ ခုန်လိုက်တက်လိုက်လုပ်နေသည်ကို ၄င်းမိခင်ကြက်မကြီးက အစာရှိရာကို နှုတ်သီးဖြင့် ညွှန်ပြပြီး '' ကွတ်ကွတ်၊ ကွတ်ကွတ် '' ဟူသော အသံပြုရာသို့ ကြက်ပေါက်ကလေး ၇-ကောင်က ၀ိုင်းအုံ၍ '' ပိညှပ် '' သံရောထွေးလျက် အစာကောက်နေကြသည်ကို၎င်း မြင်ရ၍ ကြက်မွေးမြူသူ မှာ ရွှင်ပြလှသည်။ တကောင်သောကြက်ကလေးမှာကား ဟိုနားကျန်လိုက် သည်နားကျန်လိုက်နှင့် အခြားကြက်ကလေးများကဲ့သို့ မရွှင်ပြ မပီပြင်ဘဲ ကုပ်ချောင်ချောင်းကလေးသာ ဖြစ်နေသည်။ သို့သော် မွေးမြူသူမှာ ထိုကြက်ကုပ်ကလေးကို အထူးဂရုစိုက်၍ ကျွေးမွေးသည်။ ကျန်းမာရေးကိုပြု ပြင်သည်။

ထိုကြက်မွေးမြူသူသည် ရက်ကလေး အတော်ရလာပြီး ဖြစ်သည့်အတိုင်း ကြက်ကုပ်ကလေးမှအပ အခြားကြက်ကလေးများကား မြီးကောင်ပေါက်ပြီး ရောင်းလောက်လာ၍ ရောင်းချလိုက်လေသည်။

သို့သော် ထိုကြက်ကုပ်ကလေးမှာကား ရောင်းချသည့်အထဲတွင် မပါရှိဘဲ ကျန်နေပေသည်။ အထူး ဂရုတစိုက်လည်း ပြုပြင်နေသည်။ ကြက်ကလေးကားအနည်းငယ်ကြီးပြင်းလာရုံမှအပ ကုပ်ချောင်းချောင်း ဖြစ်နေဆဲပင် ရှိသေးသည်။ သို့သော် ထိုသူမှာ ကြက်ကုပ်ကလေး၏ အသွင်ပြောင်းလဲမှုကို သာအစဉ် ရှေးရှုနေသူဖြစ်သည်။

မိတ်ဆွေတယောက် အိမ်ရောက်လာတိုင်း ကြက်ကုပ်ကလေး၏ အသွင်ပြောင်းလဲမှုကို ကြံကြံဖန် ဖန် ရှာပြီးပြောလေ့ရှိသည်။ တနေ့ မိတ်ဆွေတယောက် အိမ်လာလည်ရာတွင်.....

'' ဘယ်နှယ်လဲမိတ်ဆွေ ကျနော့ ကြက်ကလေး ကြည့်ရတာ ထူးခြားမလာဘူးလား။အတက်ကလေး တွေတော့ အတော်ထွက်နေပြီဗျ၊ ကျနော်တော့တိုက်ကြက်အစစ်ဖြစ်လိမ့်မယ်လို့တော့ထင်တယ်ဗျ'' ဟုမွေးမြူသူက ပြောဆိုရာ အလည်ရောက်ရှိလာသည့် မိတ်ဆွေကလည်း.....

'' ခင်ဗျား ကြက် စွန်မယ်ဗျ၊ ကြက်ကလေးက အစအနရှိပါတယ် '' ဟု ရေလာမြောင်းပေး ပြောဆိုလိုက်လေသည်။ ကြက်မွေးသူလည်း သဘောတွေ့သွားသည်။

များမကြာမီ အခြားရွာတရွာမှ ကြက်သမားတဦးနှင့် ကြက်တိုက်ရန် အစီအစဉ် ပြုလုပ်ကြတော့ သည်။ မည်သူကမြှောက်ထားသည်မသိ ကြက်တိုက်ပွဲမှာ လောင်းကြေး တဘက်နှင့်တဘက် အတော်များကြသည်။ ကြက်ကုပ်ကလေးမွေးမြူသူမှာ မိမိကြက်အား မုချအနိုင်ရမည်ဟု ယူဆကာ ရှိသမျှစည်းစိမ်နှင့်တကွ အိမ်ပါထည့်၍ လောင်းကြေးထည့်သွင်းလိုက်သည်။

ကြက်တိုက်ပွဲကား စကြပြီ၊ လူများမှာလည်း တဘက်နှင့်တဘက် အုတ်အုတ်ကြက်ကြက် ဖြစ်နေသည်။ ကြက်ထိန်းများကလည်း တဘက်နှင့်တဘက်အားတက်သရော '' ခွပ်လိုက်ကွချက်ကောင်းကို '' ဟု အားပေးနေကြသည်။ ကြက်ကုပ်ကလေးကလည်း သူ့အစွမ်းရှိသလောက် တဘက်ရန်သူကြက်ကို ပြန်လှန်၍ ခွပ်လိုက်သည့်အခါ ပိုင်ရှင်နှင့်တကွ ဘက်တော်သားများ အားရကျေနပ်စွာ အော်ဟစ်၍ အားပေးကြသည်။

ကြက်ကုပ်ကလေးမှာ တာရှည်ပြန်၍ မခွပ်နိုင်ရှာဘဲ နောက်တချက် ရန်သူကြက်က ပြန်အခွပ်တွင် ချက်ကောင်းမိသွား၍ ကွင်းထဲမှာပင် စင်းစင်းသေသွားရှာတော့သည်။

ဤတွင် ဗန်းမော်ဆရာတော်က ကိုရင်ကြီးအား.....

'' မင်းလဲ ကုပ်ချောင်းချောင်း လုပ်မနေနဲ့ ကွင်းထဲရောက်မှ အစင်းသားဖြစ်နေမယ်။ ငါကတော့ ငါ့ တိုက်ကထွက်ရင် ကြက်ကောင်းချည်း အောက်မေ့မှာဘဲ၊ ကြိုးစားအားထုတ်ကြပေါ့ကွာ၊ စာဟာ ကျက်ရင်ရပါတယ် '' ဟု ကိုရင်ကြီးကို အကြောင်းပြု၍ အခြား တပည့် ရဟန်း၊ သာမဏေများကိုပါ သွယ်ဝိုက်၍ ဆုံးမလိုက်တော့သည်။

တပည့် ရဟန်း၊ သာမဏေများသည် ဆရာတော်အား ကန်တော့ပြီးကျောင်းအသီးသီးသို့ပြန်သွား ကြတော့သည်။

********************************

၅၀။ အထက်ပေါက်နဲ့ အောက်ပေါက်ပုံပြင်

အထက်ပေါက်နဲ့ အောက်ပေါက်ပုံပြင်


ဗန်းမော်ဆရာတော်သည် မန္တလေးနေပြည်တော်တွင် အလွန်တရာနာမည်ကြီးလှသည်။ မင်းတုန်းမင်းကြီး ကိုးကွယ်သည့်ဆရာတော်အဖြစ်၎င်း၊ စာပေအရာတွင်လည်း နာမည်ကြီးလှ၍ ဗန်းမော်ဆရာတော်မှာ အလွန်ထင်ရှားကျော်ကြားလှသည်။ ဆင်းရဲနွမ်းပါးသူများက ဗန်းမော်ဆရာတော်အား အိမ်အရောက်ပင့်ပြီး ဆွမ်းကပ်ချင်ကြသော်လည်း ကြွလိမ့်မည်ဟု စိတ်ကမထင်ကြပေ။ အမှန်မှာ ဗန်းမော်ဆရာတော်အား မည်သူတစုံတယောက်ကပင့်ပင့် ဆင်းရဲချမ်းသာ၊ မျက်နှာကြီး မျက်နှာငယ် မရွေး ကြွရောက်သည်ချည့်သာဖြစ်သည်။

တနေ့တွင် ဆင်းရဲနွမ်းပါးလှသည့် တကာတယောက်သည် ဗန်းမော်ဆရာတော်အား အိမ်အရောက်ပင့်ပြီး ဆွမ်းကပ်လှူဒါန်းလို၍ ဆရာတော်ထံ လာရောက်လျှောက်ထားသည်။

'' တပည့်တော်တို့ကဲ့သို့ ဆင်းရဲနွမ်းပါးသည့် တကာအိမ် ဆရာတော် မကြွဘူးအောင့်မေ့ခဲ့၍ ဆရာတော်ကို မပင့်ရဲဘဲ နေလာခဲ့တာ အခုမှ ဆရာတော်သည် မည်သူကပင့်ပင့် ကြွကြောင်းသိရ၍ ဆရာတော်ထံ လာရောက်လျှောက်ထားရခြင်းပါ ဘုရား '' ဟု ဗန်းမော်ဆရာတော်အား သွားရောက်လျှောက်ထားလေသည်။

ဗန်းမော်ဆရာတော်က.....
'' အေး..... ငါက မင်းတုန်းမင်းမွေးစားတဲ့ မွေးစားသားမှမဟုတ်ဘဲ၊ ဘယ်သူကပင့်ပင့် လိုက်တာချည့်ပါဘဲကွ '' ဟု မိန့်ကြားလိုက်လေသည်။

'' မှန်ပါ့ဘုရား။ တပည့်တော်တို့အိမ်သို့ အခု ၀ါဆိုလပြည့်နေ့ နံနက် ၅နာရီအချိန်တွင် ဆရာတော် နှင့်တကွ ကျောင်းတိုက်အတွင်းရှိ သံဃာတော်အားလုံး ဆွမ်းအလှူခံ ကြွရောက်ချီးမြှင့်ပါရန် လျှောက်ထားအပ်ပါသည်ဘုရား '' ဟု ဆွမ်းဒါယကာသည် ဗန်းမော်ဆရာတော်အား လျှောက်ထားတော့သည်။

'' အေး... အစားတော့ ကောင်းသဟေ့၊ များများသာချက်ထား '' ဟု မှာကြားလိုက်လေသည်။

'' မှန်ပါဘုရား '' ဟု လျှောက်ထားပြီး ဆွမ်းဒါယကာလည်း ပြန်သွားလေသည်။

ဆွမ်းဒါယကာသည် ဆွမ်းကပ်ရမည့်အ၀င်နေ့တွင် တက်အားသရွေ့နှင့် ထက်ထက်သန်သန် စီမံဖန်တီးလေသည်။ အကောင်းဆုံးစီမံထားသည့်ဟင်းလျာမှာ ချဉ်ပေါင်ရွက်နှင့် ၀က်သားရောချက် ရန်စီမံထားသည်။

ဆွမ်းဒါယကာသည် မိမိစီမံထားသည့် ချဉ်ပေါင်ရွက်၊ ၀က်သားရောချက်သည့် ဆွမ်းဟင်းလျာကို ဆရာတော်ဘုဉ်းပေးပါ့မလားဟု တွေးတောမိပြန်သည်။ သို့နှင့် ဆွမ်းဒါယကာသည် ဆွမ်းကပ်ရမည့် နေ့အ၀င်ဖြစ်သည့် အကြိုနေ့နေ့လည်ဘက်တွင် ဆရာတော်ထံရောက်သွားပြန် သည်။

'' ဆရာတော်ဘုရား နက်ဖြန်မနက်တော့ ဆွမ်းဟင်းအတွက် ချဉ်ပေါင်ရွက်နှင့်ဝက်သားရောချက်ဘို့ စီမံခဲ့ပါတယ်ဘုရား... ဆရာတော်ဘုဉ်းပေးပါ့မလားဟု အောက်မေ့ပါသည်ဘုရား '' ဟု လျှောက်ထားလေရာ၊ ဆရာတော်က '' မင်း...စကားဆိုက်လာပြန်တော့လဲ ပြောရသေးတာပေါ့ကွာ'' အစချီကာ အောက်ပါပုံပြင်ကို ပြောပြလေသည်။

********************************

အထက်ပေါက်ကြောက်ကာမှ အောက်ပေါက်နဲ့တွေ့

ရှေးအခါက အညာဒေသရှိ ရွာတရွာတွင် ဦးပဉ္ဇင်းလေးတပါးသည် ကျောင်းထိုင်ဘုန်းကြီးအဖြစ် ခံယူနေသည်။ ရပ်ရွာတည်းမှ တကာမတဦးသည် အခြားသူများထက်ပို၍ ဆွမ်းအုပ်ကို နေ့မှန်၊ ရက်မှန် ချက်ပြုတ်လှူဒါန်းလေသည်။

ထိုဆွမ်းတကာမမှာ ပေါက်ပွင့်သုပ်ကို လက်ကိုင်ပြု၍ နေ့စဉ်လှူဒါန်းလေသည်။ ကျောင်းထိုင် ကိုယ်တော်လေးသည် ပေါက်ပွင့်သုပ်ကို နေ့စဉ်ပင်မှီဝဲနေရသည်။ နှစ်ရှည်လများ ဖြစ်လာသော် ပေါက်ပွင့်ကိုမုန်းလာတော့သည်။ သို့ဖြစ်၍ ကိုယ်တော်လေးသည် စားရဖန်များလာပြီး စိတ်ညစ်၍ နေသည်။

ရက်ပေါင်း ကြာညောင်းလာသည့်အခါ ဦးပဉ္ဇင်းလေးသည် ထိုရွာမှ တိတ်တဆိတ် အောက်ပြည် အောက်ရွာသို့ စုန်ဆင်းခဲ့တော့သည်။

ငါးပိ၊ ငါးခြောက်ပေါသည့် အောက်ပြည်၊ အောက်ရွာ တရွာတွင် ပထမအာဂန္တု ဧည့်သည်အဖြစ်နေရ သည်။ နောက် အကြောင်းအပေါင်းသင့်ပြီး၊ ထိုရွာမှာပင် ကျောင်းထိုင်ဘုန်းကြီးဖြစ်၍ လာရပြန် သည်။

ထိုရွာတွင်လည်း ဆွမ်းတကာမတဦး အခြားသူတို့ထက် ထူးခြား၍ ပေါ် ထွက်လာပြန်သည်။ ကျောင်းထိုင်ကိုယ်တော်လေးကတော့ ငါးပိ၊ငါးခြောက်ပေါသည့် အောက်ပြည်၊ အောက်ရွာ ရောက်လာရ၍ အညာကပေါက်ပွင့်နဲ့တော့လွဲပြီဟု ထင်မှတ်ထားသည်။ ထိုရွာမှ ထူးခြားစွာပင် ဆွမ်းတကာမတဦးသည် နေ့မှန်၊ ရက်မှန် ဆွမ်းအုပ်ကို ချက်ပြုတ်လှူဒါန်းပြန်သည်။ ထို ဆွမ်းတကာမကလည်း နေ့စဉ်ပင် ပေါက်ပွင့်သုပ်ကို ပင်တိုင်ဟင်းအဖြစ် အသုံးပြုပြန်လေသည်။

ကျောင်းထိုင်ပဉ္ဇင်းလေးသည် ငါတော့ကျောက်ပွင့်သုပ်နှင့်ပင် လာတိုးရပြန်ပြီဟု စိတ်ညစ်ရပြန် သည်။ သုံးကျောင်းပြောင်း၍တော့မဖြစ်တော့ဘူး၊ အခြားတရွာပြောင်းရွှေ့သွားပါက ၄င်း ပေါက်ပွင့်သုပ်သော်မှ မစားရဘဲနေချေမည်ဟု တွေးတောမိပြီး၊ ဆွမ်းအုပ်ချက်သည့် တကာမအား ဟင်းပြောင်းချက်ရန်ပြောမှပဲဟု စဉ်းစားထားလေသည်။ အတော်အတန်ရင်းနှီးလာသည်ဖြစ်၍ ပြောရဲဆိုရဲလည်း ရှိလာသည်။

နောက်တနေ့ ဆွမ်းအုပ်ချက်သည့်တကာမကျောင်းသို့ ဆွမ်းအုပ်လာအပို့တွင်.....
'' တကာမကြီး.... ဒီနေ့တော့ဘာဟင်းချက်ခဲ့သလဲ '' ဟု ကိုယ်တော်လေးက ပေါက်ပွင့်သုပ်နဲ့ လွဲပါရစေဟု အောက်မေ့ပြီးမေးလေသည်။

'' မှန်ပါ ပေါက်ပွင့်သုပ် ပင်တိုင်ဟင်းပေါ့ဘုရား '' ဟုလျှောက်ထားလိုက်သည်။

ဤတွင် ကိုယ်တော်လေးသည် မထိန်မချန်တော့ဘဲ ဟင်းပြောင်းချက်ရန် ပြောပြတော့သည်။

'' ဟင်းတော့ပြောင်းချက်အုံးမှဘဲ တကာမကြီး၊ ကျုပ်အထက်အညာ ကျောင်းထိုင်တုန်းကလဲ ပေါက်ပွင့်သုပ် နေ့စဉ်စားနေရတာနဲ့ စိတ်ညစ်ပြီး၊ အောက်ပြည်၊ အောက်ရွာ ထွက်လာခဲ့တော့၊ အခုလဲ တကာမကြီးတို့ အောက်ပြည်အောက်ရွာမှာ ဒီပေါက်ပွင့်သုပ်နဲ့ဘဲ လာတိုးရပြန်ပြီ '' ဟု ပြောဆိုလေသည်။

ဆွမ်းတကာမသည် ကိုယ်တော်လေးမျက်နှာကိုကြည့်၍...

'' ဒါဖြင့် ကိုယ်တော် အထက်ပေါက်နဲ့ အောက်ပေါက် ဘယ်ဟာကပိုကောင်းသလဲ '' ဟု မေးလေ သည်။ ဦးပဉ္ဇင်းလေးသည် ခတ်ပြုံးပြုံးနှင့်ပင် အောက်ပေါက်ကသာ ကောင်းကြောင်းပြောလိုက်ရ လေသည်။ ထိုသို့မပြောလျှင် ချက်လက်စ ပေါက်ပွင့်သုပ်တောင်မစားရဘဲနေမည်ဟု တွေးမိပြီး ပြောလိုက်ခြင်းဖြစ်သည်။

အခုလဲ တကာ အမွန်အမြတ်စီမံချက်ပြုတ်ထားသည့် ချဉ်ပေါင်ရွက် ၀က်သားရောချက်ဟာ
'' အောက်ပေါက်ကသာတယ်ဘဲ ပြောရမှာပေါ့'' ဟု ကွမ်းစားရင်းခတ်ပြုံးပြုံးပြုလုပ်ကာ ဗန်းမော်ဆရာတော်က ပြောပြလိုက်တော့သည်။

ဆွမ်းဒါယကာလည်း ဗန်းမော်ဆရာတော်၏ ပြောဟောသောပုံပြင်ကို သဘောတွေ့ကာ အိမ်သို့ ပြန်ခဲ့လေတော့သည်။


********************************



၄၉။ အရမ်းမငြင်းကြနဲ့ ပုံပြင်

အရမ်းမငြင်းကြနဲ့ ပုံပြင်


မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်တွင် သံဃာတော်များသည် ပရိယတ်၊ ပဋိပတ်နှင့် စပ်လျဉ်း၍သော် ၄င်း၊ အခြားအဆုံးအဖြတ် တခုခုပြုလုပ်ရန်သော်၎င်း လပြည့်နေ့တိုင်း စည်းဝေးတိုင်ပင်ပြီး ဆုံးဖြတ် လေ့ရှိသည်။

ထိုဆွေးနွေး တိုင်ပင်နေကြသည့် သံဃာများတည်းမှ ဆရာတော်နှစ်ပါးသည် အကြောင်းအရာတခုကို မူတည်ပြီး အကြီးအကျယ် အငြင်းပွားနေကြသည်။ တပါးနှင့်တပါး ဒေါသပွားပြီး အနိုင်မခံ အရှုံးမပေးဘဲ အကြိတ်အနယ် ငြင်းခုံနေကြခြင်းဖြစ်၍ အသံဗလံများလည်း ဆူညံစွာ ထွက်ပေါ်နေသည်။

ဗန်းမော်ဆရာတော်သည် အကြောင်းတခုဖြင့် သုဓမ္မာဇရပ်အနီးသို့ ချဉ်းကပ်ရောက်ရှိသွားသည်။ ငြင်းခုံနေသည့်ဆရာတော်နှစ်ပါးနှင့်တကွ အခြားဆရာတော်များပါ ဗန်းမော်ဆရာတော် ကြွရောက် လာနေသည်ကို ခပ်လှမ်းလှမ်းတွင် တွေ့မြင်နေကြရသည်။ သံဃာတော်များသည် ဗန်းမော် ဆရာတော် ကြွရောက်လာသည်ကို မြင်ကတည်းကပင် ငြင်းခုံနေသည့် ကိုယ်တော်နှစ်ပါးကလည်း မိမိတို့အငြင်းအခုံစကားများကိုရပ်၍ အခြားသံဃာတော်များကလည်း မိမိတို့ ပြောလက်စ စကားများကို ဖြတ်ပြီး တရားဓမ္မခန်နှင့် စပ်လျဉ်းသော စကားများကိုသာ ပြောဆိုနေကြသည်။

ဗန်းမော်ဆရာတော်သည် ကိုယ်တော်နှစ်ပါး ဆူညံစွာ ငြင်းခုံနေသံများကို ခပ်လှမ်းလှမ်းမှပင် ကြားခဲ့ရသည်။ ဗန်းမော်ဆရာတော် သုဓမ္မာဇရပ်ပေါ် ရောက်ပြီးနောက် မထေရ်ကြီးများအား ၀တ်ပြုပြီး မထေရ်ငယ်များက ဗန်းမော်ဆရာတော်အား ၀တ်ပြုကြသည်။ ထို့နောက် ဗန်းမော်ဆရာတော်က ......

'' အခုန ကိုယ်တော်တို့ ငြင်းခုံနေသံကြားတယ်။ ဘာတွေ ငြင်းခုံနေကြတာလဲ '' ဟု မေးလေ သည်။

နောက်တဆက်တည်းပင် ဗန်းမော်ဆရာတော်က '' ကိုယ့်ဟာမှ အမှန်ဆိုပြီး သိတ်လဲ အငြင်းသန် မနေကြနဲ့အုံး၊ အရင်က တရားဟောတဲ့ဘုန်းကြီးနဲ့ တရားနာတဲ့ တကာတယောက်လိုလဲ ဖြစ်နေကြ အုံးမယ် '' ဟု ပြောဆိုလေသည်။

ငြင်းခုံနေကြသည့် ကိုယ်တော်နှစ်ပါးနှင့်တကွ အခြားဆရာတော်များပါ ဗန်းမော်ဆရာတော်၏ ပုံပြင်ကို နားထောင်လိုကြ၍ '' ဆရာတော်ရဲ့ တရားဟောဘုန်းကြီးနဲ့ တရားနာတကာ အငြင်းသန် နေကြတဲ့အကြောင်း ပုံကလေးကို အမိန့်ရှိပါအုံးဘုရား '' ဟု လျှောက်ကြလေသည်။ ထိုအခါ ဗန်းမော်ဆရာတော်က အောက်ပါအတိုင်းပြောပြလေသည်။

ရှေးက ရွာတရွာမှာ ဘုန်းကြီးတပါး ကျောင်းထိုင်နေရာ သာရေး၊ နာရေး အကြောင်းကိစ္စဟူသမျှ ၄င်းဘုန်းကြီးကချည့်တရားဟော ဓမ္မကထိက ပြုလုပ်နေပေသည်။ တနေ့ ဆွမ်းတရားနာတခုတွင် ဘုန်းကြီးက ဆိုင်ရာဆွမ်းတရား ဟောကြားပြီး နောက်ဆုံး အဘိဓမ္မာသတ်ရာတွင် (ကသလာဓမ္မာ အကသလာဓမ္မာ) ဟု အဘိဓမ္မာသတ်လေသည်။

ထိုတရားနာ ပရိတ်သတ်တည်းတွင် အတော်အတန် သိရှိနားလည်သည့် လူတယောက်ကထပြီး '' ကိုယ်တော် အဘိဓမ္မာသတ်တာ လွဲမှားနေပြီ၊ တပည့်တော် ကြားဘူးတာကတော့ (ကုသလာဓမ္မာ အကုသလာဓမ္မာ) ဟုသာ ကြားဘူးပါသည်ဘုရား'' ဟု လျှောက်ထားပြောဆိုလေသည်။

ဤတွင် တရားဟောဘုန်းကြီးသည် လူများစုရှေ့တွင်လည်းဖြစ်၍ ရှက်လည်းရှက်လှသည်နှင့်.....

'' ဟေ့ တကာ မင်းဘာနားလည်လို့လဲ ငါရွတ်တာ အမှန်ဘဲကွ၊ ငါအထောက်အထားပြရမလား '' ဟု ဒေါသတကြီးမေးတော့သည်။ တကာကလည်း အတော်အတန်သိပြီးဖြစ်၍ '' ကိုယ်တော်မှားကို မှားနေတာ အထောက်အထားရှိရင်ပြစမ်းပါ'' ဟု လျှောက်လေသည်။ ဘုန်းကြီးသည် ကျောင်းက ပေထုပ်ကို ထုတ်ပြလေသည်။ ပေစာထုပ်မှာ ပိုးရွခြပုန်းကိုက်ထား၍ အချို့နေရာများတွင် စုပ်ပြဲနေ သည်။ ဘုန်းကြီးယူပြသည့် ပေထုပ်မှာ (ကုသလာဓမ္မာ အကုသလာဓမ္မာ) ဟူသော စာသားအမှန် တွင် ပိုးရွခြပုန်းများကိုက်ထား၍ ကုတွေမှာ တချောင်းငင်တွေမရှိတော့ဘဲ (ကသလာဓမ္မာ အကသလာဓမ္မာ) ဟုသာရှိတော့သည်။

''ကိုယ်တော်တို့လဲ တရားဟောဘုန်းကြီး တချောင်းငင်ပြုတ် နေသလိုလဲ ဖြစ်နေကြအုံးမယ်'' ဟု ဗန်းမော်ဆရာတော်က ပြောလိုက်ရာ သုဓမ္မာဇရပ်ပေါ်ရှိ ကိုယ်တော်များမှာ များစွာရယ်မောပြီး တသောသောဖြစ်နေကြတော့သည်။


********************************

Thursday, March 11, 2010

Monday, March 8, 2010

International women's day ( 8 March 2010 )

၄၈။ မြေပွေးအမြီးကိုင်သူ ဥပမာပုံပြင်

မြေပွေးအမြီးကိုင်သူ ဥပမာပုံပြင်

ဗန်းမော်ဆရာတော်သည် ဥပုသ်နေ့ စာဝါနားသောနေ့တနေ့တွင် စာကြည့်နေလေသည်။ ထိုသို့ စာ ကြည့်နေစဉ် တကာတယောက်သည် ကျောင်းပေါ်ရောက်လာပြီး ဆရာတော်အား ၀တ်ချကန်တော့လေသည်။

“ ဘာ... အကြောင်းထူးများ ရှိလို့လဲတကာ “ ဟု စာကြည့်ရင်းမှ မေးလိုက်သည်။

“ မှန်ပါ... တပည့်တော်တို့ တကာအချင်းချင်း အငြင်းပွားနေတဲ့ အကြောင်းတခုရှိတာနဲ့ ဆရာတော်ထံ လာခဲ့ရခြင်းပါဘုရား “

“ ဆိုစမ်းပါအုံးကွ... ဘာတွေများငြင်းနေကြတာလဲ “

“ မှန်လှပါ... အရက်သေစာကို ရိုးရိုးရေအဖြစ်နဲ့ စိတ်ကမှန်းပြီးသောက်ရင် အပြစ်ရှိတယ်၊အပြစ်မရှိဘူး ငြင်းနေကြပါတယ်ဘုရား “

“ ကောင်းပြီ... ပြောရသေးတာပေါ့၊ အမေးရှိတော့လဲ အဖြေရှိရသေးတာပေါ့ကွာ “ ဟု ဆရာတော်က ပြောပြောဆိုဆိုနှင့်ပင် လာလျှောက်သည့်တကာအား ပြန်လည်မေးခွန်းထုတ်လေတော့သည်။

“ တကာ... အရက်သေစာဆိုတာ အပြစ်ရှိတာပေါ့ကွ၊ ရေအဖြစ်နဲ့စိတ်က မှန်းသောက်ရုံနဲ့ ဘယ် အပြစ်ကလွတ်ပါ့မလဲ၊ အပြစ်မလွတ်ဘူးကွ၊ အရက်သေစာဆိုတာ သောက်မိရင် မတွေဝေ မယစ်မူးဘူးလား “

“ မှန်လှပါ တွေဝေ ယစ်မူးပါတယ်ဘုရား “

“ အေး... အရက်သေစာဆိုတာ သောက်မိတာနဲ့ တပြိုင်နက် မေရယဆိုတဲ့ အာနိသင်အကျိုးဆက်နဲ့ တွဲဘက်နေလို့ တွေဝေစေတယ်၊ မိန်းမောစေတယ်၊ ယစ်မူးစေတယ်၊ ကုသိုလ်တရားတို့၌ မေ့လျော့ပြီး အကုသိုလ်မှုတွေကို ဆက်တိုက်ပြုမူတက်တယ် တကာရဲ့ “

“ ကဲ... ဆက်၍ ဥပမာတင်ပြီး မေးလိုက်ရအုံးမယ်၊ ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလှသည်ဆိုတာကို ကြားဘူးတယ် မဟုတ်လား “

“ မှန်ပါ... ကြားဘူးရုံမဟုတ်ပဲ ပိုးဖလံကောင်တွေ မီးကိုတိုးနေတာ မြင်တွေ့ဘူးပါတယ်ဘုရား “

“ အေး... ပိုးဖလံကောင်တွေဟာ မီးရောင်ကိုရွှေတောင်မှတ်ပြီး တိုးနေတာဘဲကွ၊ ရွှေရောင်ထင်ပြီး မီးရောင်ကိုတိုးနေတဲ့ ပိုးကောင်တွေ မသေဘူးလား “

“ မှန်ပါ... သေပါတယ်ဘုရား “

“ အေး... နောက်တခုဆက်မေးရအုံးမယ် “

“ မှန်ပါဘုရား “

“ မြေပွေးကိုမြက်ရှောလို့ စိတ်ကထင်မှတ်ပြီး အမြီးသွားကိုင်ရင် မကိုက်ဘူးလား “

“ မှန်ပါ... သေသေချာချာ ကိုက်ပါတယ်ဘုရား “

“ အေး... ကိုက်မိရင် အဆိပ်မတက်ဘူးလား “

‘ အဆိပ်တက်ပါတယ် ဘုရား “

“ အဆိပ်တက်ရင် သေတာပေါ့ကွ၊ အေး... ဒီဥပမာလိုဘဲ သေတက်တယ်ဆိုတာ သိရက်နဲ့တော့ မြေပွေးအမြီး မကိုင်မိကြဘို့ အရေးကြီးသပေါ့ကွာ၊ အရက်သေစာဆိုတာလဲ သောက်စားမိရင် မှောက်မှားတက်တဲ့ အရာမှန်သမျှကို လွယ်လွယ်ကူကူနဲ့ ပြုမူတက်တယ်။ တစတစ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြပေါ့ကွာ “

“ မင်းတို့ငြင်းကြတဲ့ မိတ်ဆွေအချင်းချင်းလဲ ဒီဥပမာပုံပြင် ပြောပြပေါ့ကွာ “ ဟု ဗန်းမော်ဆရာတော်က ပြောဟောဆုံးမပြီး ကြည့်လက်စစာကို ဆက်လက်ကြည့်ရှုတော်မူသည်။

လာရောက်လျှောက်ထားသည့် တကာလည်း အသာကန်တော့ပြီး ပြန်သွားလေတော့သည်။


********************************

၄၇။ သုံးခွန်းသောစကားပုံပြင်

သုံးခွန်းသောစကားပုံပြင်

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်အား နန်းတွင်းသို့ မကြာမကြာပင့်ပြီး ဆွမ်းကပ်လေ့ရှိသည်။

''ဆရာတော်ဘုရား... တပည့်တော်လဲ ချွေရံသင်းပင်းများစွာနှင့် ထီးနန်းစည်းစိမ်ကို ခံစားနေရပေမဲ့ အရွယ်ဟိုင်းလို့ ဇရာပိုင်းရောက်လာသည့်အတိုင်း လောကီနယ်ကထွက်ပြီး လောကုတ္တရာနယ်ထဲ ရောက်နိုင်မဲ့ တရားထူးလေးများ ရှာပြီးဟောပါအုံးဘုရား''ဟု မင်းတုန်းမင်းက ဗန်းမော်ဆရာတော်အား လျှောက်ထားလေသည်။

ထိုအခါ ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား '' တကာတော်ရေမြေ့ရှင် လျှောက်ထားတဲ့ အကြိမ်ပေါင်းလဲများလှပြီ၊ ဟောရတဲ့တရားလဲ များလှပါပြီ၊ ကဲ... ဒီတခါ ဥပမာတခုပေးကာ ဟောရအုံးမှာပေါ့'' ဟု မိန့်တော်မူပြီး အောက်ပါပုံပြင်တခုကို ထုတ်ဆောင်၍ ဟောကြားလေသည်။

ရှေးအခါက ရွာတရွာတွင် အိမ်ထောင်ဦးစီးတယောက်မှာ သားကျွေးမှု၊ မယားကျွေးမှုပြုလုပ်နေရာ၊ ဘာပညာမှလည်းတက်ကျွမ်းနားလည်မှုမရှိ၍ အခက်အခဲတွေ့နေရသည်။ မယားလုပ်သူကလည်း ''သားကလေးကလဲကြီးလာဘီ၊ ရှင်ပြုရတော့မယ်၊ စီးပွားဥစ္စာကလဲ လုံးပါးပါးနေတယ်၊ တော် ဒီအတိုင်းနေလို့ မဖြစ်ဘူး တခုခုလုပ်မှဖြစ်မယ်'' ဟု လင်သားအပေါ်မှာ ဆူပူကြိမ်းမောင်းလေသည်။

လင်ဖြစ်သူသည် စိတ်ညစ်ညစ်နှင့် ရှိစု၊ မဲ့စုငွေကလေးများစုဆောင်းပြီး အသာပြာ ၃၀၀ိ ပိုက်၍ မယားကျွေးမှု၊ သားကျွေးမှုအတွက် အရပ်တပါးသို့ ပညာရှာရန်ထွက်ခဲ့လေသည်။

သို့နှင့်တရွာဝင် တရွာထွက် ပညာရှာထွက်ခဲ့ရာ သုံးနှစ်ကျော်အချိန်အထိ ဘာပညာမှမရသေးဘဲရှိ နေခဲ့သည်။ နောက်ဆုံးပညာရနိုင်သည့်နေရာ ရှာဖွေစူးစမ်းရာ ဒီသာပါမောက္ခဆရာကြီးထံ ရောက်သွားလေသည်။

ဆရာကြီးက ဤပုဂ္ဂိုလ်၏ ကြံအင်လက္ခဏာကြည့်၍တကြောင်း၊ အသက်အရွယ်ထောက်၍ တကြောင်း၊ အချိန်တိုစနစ်နှင့် ပညာသင်ပေးမှဖြစ်မည်ဟု ကြံစီတွေးတောပြီး၊ အောက်ပါ စကားသုံးခွန်းကို သင်ကြားပေးလေသည်။

ဒီသာပါမောက္ခဆရာကြီးသည် ထိုပညာမဲ့တပည့်အား ကြည့်ကာ ''မင်းမှာ ဉာဏ်ပူဇော်ခ အသပြာ ကောပါရဲ့လား'' ဟုမေးလေသည်။

''ဟုတ်ကဲ့ဆရာကြီး ရှိစုမဲ့စုကလေးစုလာတဲ့ အသပြာ ၃၀၀ိတော့ပါပါတယ်ခင်ဗျား'' ဟုပြန်ပြောလေသည်။

''ကဲ ၃၀၀ိနဲ့တန်အောင်တော့ ပညာပေးရသေးတာပေါ့ကွာ စကားသုံးခွန်းသင်ပေးမယ် နားစိုက်ထောင်နော်'' ဟုပြောပြီး အောက်ပါစကားသုံးခွန်းကို သင်ကြားပေးလေသည်။

(၁) ကုလားသေ၊ ကုလားမော မအိပ်ရာ ပေးကွဲ့ငွေတရာ။
ဟု သင်ပေးရာ ''ဟုတ်ကဲ့ပါဆရာကြီး'' ဟု ပြောပြောဆိုဆို အိတ်ထဲက အသပြာ ၁၀၀ိ ကို ထုတ်ပေးလေသည်။ ထို့နောက် ဆရာကြီးက...

(၂) ရေချိုးဆိပ်မှာ မချိုးရာ ပေးကွဲ့ငွေတရာ။
ဟု ဆရာကြီးက သင်ပေးပြန်ရာ ''ဟုတ်ကဲ့ပါဆရာကြီး'' ဟု ပြောပြောဆိုဆိုပင် အိတ်ထဲမှ ငွေတရာ ကိုထုတ်ပေးပြန်သည်။

(၃) မစူးစမ်းမဆင်ချင် မပြုရာ ပေးကွဲ့ငွေတရာ။
ဟု သင်ပေးပြန်လေသည်။

ထိုအခါ ပညာမဲ့တပည့်က ပညာရ၍ အားရကျေနပ်စွာဖြင့် အိတ်ထဲမှ ကျန်နေသည့်ငွေတရာကို ထုတ်၍ ပူဇော်လိုက်သည်။ ပညာမဲ့တပည့်သည် ပညာရ၍ အားရ၀မ်းသာနှင့်ဆရာကြီးအားပြန်ရန် ကန်တော့ရာ ဆရာကြီးက ''မင်း... အဲဒီသုံးခွန်းသောစကားမြဲမြဲသာမှတ်ထား'' ဟုပြောပြီး ပြန်လွှတ် လိုက်လေသည်။

လမ်းခုလတ်ရွာတရွာတွင် နေကလည်းဝင်သွားပြီဖြစ်၍ အချိန်မရသည်နှင့် ထိုရွာ၏ အနီးရှိ ဇရပ်တဆောင်ပေါ် သို့ တက်ရောက်တည်းခိုပြီး အိပ်မည်ဟု ကြံစည်လေသည်။

ဆရာကြီးသင်ပေးလိုက်သည့် စကားများကို စိတ်ထဲကတွေးတောမိပြီး၊ ခရီးကလည်းပမ်းလာသည်ဖြစ်၍ အနည်းငယ် သက်သာရာရရုံမှိန်း၍သာ နေလေသည်။

သန်းခေါင်ကျော်အချိန်တွင် ဇရပ်ပေါ်ရှိ လူသားစားဘီးလူးမတကောင်သည် ထိုလူသားအား စားမည် အပြုတွင်.....
အိပ်မပျော်သောလူသားက ဘီးလူးမ၏လက်ကို တအားဆွဲ၍ ကျောကိုထောင်းထုတော့သည်။ ဘီးလူးမသည် အပွဲပွဲနွဲလာ ပြီး သည်တပွဲကျမှ ခံလိုက်ရခြင်းဖြစ်၍ ကြောက်အား၊ လန့်အားနှင့် ''အသက်ချမ်းသာပေးပါ၊ ဟောဒီ ရွှေသုံးပိသာယူပါ'' ဟု တောင်းပန်ပြောဆိုမှ ဘီလူးမကို လွှတ် လိုက်လေသည်။ ထိုသူသည်မိုးစင်စငိလင်းအထိ မအိပ်တော့ပေ။

ဤတွင်လူသားသည် ဆရာကြီးသင်ပေးလိုက်သည့် ''ကုလားသေ၊ ကုလားမော မအိပ်ရာ'' ဟူသော စကားအလွန် မှန်ကန်ကြောင်းသဘောပေါက်ပြီး ရွှေသုံးပိသာပိုက်၍ နောက်တနေ့တွင် ခရီးဆက်ခဲ့လေသည်။

လမ်းခုလပ် မြစ်ကမ်းပါးအနီး ရေချိုးဆိပ်သို့ရောက်လျှင် ရေချိုးရန်စိတ်ကူးထားလေသည်။ လူ အများရေချိုးရာ ရေဆိပ် ဖြစ်၍ ရေချိုးသူတွေ ရှုတ်ထွေးနေသည်ကိုလည်း တွေ့ရပြန်သည်။ ထို အခါ ဆရာကြီးမှာလိုက်သည့် ''ရေချိုးဆိပ်မှာ မချိုးရာ'' ဟူသော စကားကိုပြေး၍သတိယမိပြန် သည်။ ထို့ကြောင့် ထိုလူပေါများသည့်ရေဆိပ်တွင် ရေမချိုးတော့ဘဲ အခြားလူမရှိသည့် မြစ်အထက်ဘက်သို့သွားရောက်ပြီး ရေချိုးလေသည်။ ရေချိုးအပြီး အိမ်သို့အမြန်ရောက်ချင်ဇောဖြင့် အ၀တ်လဲ၍ ခတ်သုတ်သုတ် ခရီးဆက်ခဲ့သည်။ ခရီးအတော်လှမ်းလှမ်းရောက်သွားမှ ရေချိုး သည့် နေရာတွင် ရွှေသုံးပိသာကျန်ရစ်ခဲ့ကြောင်း သိရတော့သည်။ ဤတွင်မှ ကပြာကသီပြေး၍ ရေချိုးသည့်နေရာပြန်ကြည့်ရာ ရွှေသုံးပိသာမှာ နေရာမပျက်တွေ့ခဲ့ရသည်။ ''ရေချိုးဆိပ်မှာ မချိုးရာ'' ဟူသော ဆရာ့စကား အလွန်မှန်ကန်ကြောင်း တွေ့ရပြန်သည်။

ဆရာကြီးသင်ပေးလိုက်သည့် စကားများကို အမြဲနှလုံးသွင်း၍ အိမ်သို့အမြန် ပြန်ရောက်ရန်ခရီး ဆက်ခဲ့ပြန်သည်။ အိမ်ဝင်း အနီးသို့ရောက်ခဲ့ပေပြီ။ မယားအလှကို ရွှေစများပြချင်နေ၍ အိမ်ပေါ် သို့ လှမ်းကြည့်ရာ ခလေးသံနှင့် ဆူညံသံသာ ကြား နေရသည်။ ခတ်လှမ်းလှမ်းကမို့ ခလေးရော လူကြီးပါ မတွေ့ရသေးပေ။ အိမ်ပေါ် သို့တက်ရောက်မိသည်နှင့် ပုဏ္ဏားကွယ် ( ရင်ဖုံးကဲလား ) ကွယ်နေသည့် အခန်းတွင်းဝယ် ချစ်မယားသည် ကာလသားလူငယ် တယောက်နှင့် အတူတွဲအိပ် နေသည်ကို မြင်လိုက်ရာ၊ ထိုသူမှာ ''မျက်စပ်ပိုးဝင် ဆံတပင်တင်း ချစ်ခြင်းမယား'' ဟူသကဲ့သို့ ဒေါသဖြစ်သွားကာ ဒုတ်ဆွဲ၍ ရိုက်မည်ပြုလိုက်လေသည်။

ဤတွင်ထိုသူသည် ဆရာကြီးသင်ကြားလိုက်သည့် ''မစူးစမ်းမဆင်ချင် မပြုရာ'' ဟူသော စကားကို သွား၍ သတိရပြန်သည်။ နောက်စုံစမ်းမေးမြန်းကြည့်တော့မှ ၁၃-နှစ်သားက ထားခဲ့ သည့် အကြီးဆုံးသားဖြစ်နေကြောင်း သိရတော့သည်။ နောက်တွင်ကား အကြောင်းစုံသိရပြီး ပါလာသည့် ရွှေသုံးပိသာနှင့် မိသားစုအားလုံး ပျော်ရွှင်မဆုံးဖြစ်ကာ သာတောင့်သာယာ နေထိုင် သွားကြတော့သည်။

အဲဒီဥပမာကို နမူနာယူပြီး အိမ်ထောင်သားမွေး ကိစ္စတွေနဲ့စာရှုတ်ထွေးနေရသည့်သူသည် စကားသုံးခွန်းကို မဏ္ဏိုင်ထား သကဲ့သို့ တကာတော်ရေမြေ့ရှင်လည်း ''အနိစ္စ၊ ဒုက္ခ၊ အနတ္တ'' တည်းဟူသော လက္ခဏာရေးသုံးပါးကို ပွားများပြီးသာနေပါဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား မိန့်ကြားပြောဆိုလေရာ မင်းတြားကြီးမှာ များစွာကျေနပ်သွားလေတော့သည်။

********************************

Sunday, March 7, 2010

၄၆။ ထိုးကွင်းကြီးနဲ့မိန်းမကြီး ပုံပြင်

ထိုးကွင်းကြီးနဲ့မိန်းမကြီး ပုံပြင်

ဗန်းမော်ဆရာတော်သည် မျက်နှာကြီး၊ငယ်မရွေး ဆက်ဆံဖော်ရွေသည်။ မင်းတုန်းမင်းကြီးနှင့်သာ အကျွမ်းတ၀င်ဖြစ်သည်။ မင်းညီမင်းသား၊ နန်းတွင်းသူ၊ နန်းတွင်းသားများနှင့်သာ ဆက်ဆံသည် ဟု အထင်ရှိကြသော်လည်း အမှန်မှာ ဆင်းရဲ၊ချမ်းသာမရွေး ဆက်ဆံပြီး ဆင်းရဲသူ၊ဆင်းရဲသား၊ တကာ၊ တကာမများ ကျောင်းရောက်လျှင်လည်း စပ်မိစပ်ရာ ပုံဝတ္ထုများနှင့်သာ တရားသဘောများ ပြောဟောသော အလေ့အထရှိသည်။

ဗန်းမော်ဆရာတော်သည် မင်းနှင့်တကွနန်းတွင်းအကြောင်း၊ တိုင်းရေးပြည်ရေးအကြောင်း၊ ထင်ရှားသော ဆရာတော်များအကြောင်းတို့ကို သူမြင်တွေ့ရသည့် ရူဒေါင့်မှနေ၍ ဟာသဉာဏ်နှောကာ စာချိုးသည့် အလေ့များရှိသောကြောင့် ဂုဏ်သရေရှိ မင်းညီမင်းသား၊ ဂုဏ်သရေရှိဆရာတော်များနှင့်သာ ဆက်ဆံသည်ဟု ထင်ရသည်။

အမှန်မှာဆရာတော်သည် မျက်နှာကြီး၊ ငယ်မရွေး ဆက်ဆံသည်။ ဆင်းရဲ၊ ချမ်းသာမရွေး ဖေါ်ရွေသည်။ နေ့စဉ်ပင် မည်သည့် တကာ၊တကာမ ရောက်ရောက် စပ်ဆိုင်သလို ပုံဝတ္ထုများနှင့်ပြောဟောခြင်း။ စာသင်သား ရဟန်းသာမဏေများကို နေ့ဝါ၊ ည၀ါစာပေပို့ချခြင်းတို့ဖြင့်သာ အချိန်ကိုကုန်လွန်စေသည်။

တနေ့တွင် တပည့်စာသင်သား ရဟန်း၊သာမဏေများသည် ''ကောကော''ဟူသောပုဒ်ကို အမျိုးမျိုး ၀ိဂြိုဟ်လုပ်၍ အငြင်းထုတ်နေကြသည်။အချို့က ''ကောကော'' ဟူသောပုဒ်ကို ကုနိပါတပုဗ္ဗ ကရဓါတ်၊ ကွိ၊ ပစ္စည်ကြံ၍ ''ဘာဇနာဒီသုကုစ္ဆိတေ ၀စ္စာဒိကေ ကရောတီတိကာကော'' ဟု ၀ိဂြိုဟ်ပြုကြသည်။ အချိုက ရန်သူတို့၏ လေး၊မြှားသံကို နားထောင်တက်သည့် ဗျုပွတ်ကိုထောက် ၍ ၀ိဂြိုဟ်ပြုကြသည်။

ဤသို့အငြင်းထုတ်နေကြသည့် အနားသို့ဗန်းမော်ဆရာတော် ရောက်သွားလေရာ ''မင်းတို့... အရင်က ကျောင်းသားတစ်ယောက်လိုဘဲ၊ ရေးတေးတေးတော့အရှိသား၊ ထိုးကွင်းကြောင့် ခက်သကွယ် ဆိုတာလို ဖြစ်နေကြအုံးမယ်'' ပြောပြီး အောက်ပါပုံဝတ္ထုကိုပြောပြလေသည်။

ရှေးအခါက ရွာတရွာတွင် စည်ကားသိုက်မြိုက်သော ကျောင်းကြီးတကျောင်းရှိသည်။ ထိုကျောင်း ကြီးမှာ ကိုးကွယ်ဆည်းကပ်သည့် တကာ၊တကာမများလည်း အလွန်ပေါများ၍ သုံးဆင့်လယ်ပေါ် ကျောင်းကြီးဖြစ်လေသည်။ ကျယ်ပြန့်သောကျောင်းဝင်း ခြံကြီးထဲတွင် ဥယျာဉ်ဗိမာန်နှင့် ကြီးမား သော ရေကန်ကြီးတကန်လည်းရှိသည်။ ထိုရေကန်တွင် ကြာရိုး၊ကြာရွက်တို့ဖြင့်လည်း ပြည့်နှက် နေသည်။

တနေ့သော် ခရီးသွားယောက်ျားတဦးသည် မောကြီးပမ်းကြီးနှင့် ထိုကျောင်းအနီးသို့ ရောက်ရှိလာသည်။ နေကလည်းပူလှသဖြင့် ကျောင်းဝင်းအတွင်း ၀င်ရောက်တည်းခိုမိရာမှ ကျောင်းဝင်းအတွင်း ဖြစ်၍ ဘိနပ်ချွတ်ရတော့သည်။

ထိုအခါ ခရီးသွားယောကျာ်းသည် မထူးပါဘူးဆိုပြီး အရိပ်အာဝါသကောင်းသည့် ကျောင်းကြီးအောက် ကျအောင်ပင် ၀င်ရောက်သွားတော့သည်။

ထိုအခါကျောင်းကြီးပေါ်ရှိ ဘုန်းတော်ကြီးသည် ကျောင်းသားကလေးတစ်ယောက်ကိုခေါ်၍ ကျောင်းအောက်ရောက်လာသည့်တကာကို ''ဘယ်ကလဲ ဘယ်သူတုံးလို့ သွားမေးစေစမ်း'' ဟု ခိုင်းလိုက်လေသည်။

ကျောင်းသားကလေးကို ဘုန်းကြီးကခိုင်းလိုက်သည့်အသံကို ကျောင်းအောက်ရောက်နေသည့်တကာက ကြားလိုက်ရသည်။ ခရီးသွားတကာကလည်း ကြောက်အားလန့်အားနှင့် ကျောင်းဝင်းအတွင်းရှိ ရေကန်တည်းမှ ကြာရွက်တွေကွယ်ကာ ၀င်ရောက်ပုန်းအောင်းနေသည်။ ထိုတကာ ပုန်းအောင်း နေရာသို့ ကျောင်းသားလေးသည် သွားရောက်ကြည့်ရှုသည်။ ကျောင်းသားလေးမှာ တကာမှန်း၊ တကာမမှန်း၊ ယောကျာ်း၊ မိန်းမ မသဲကွဲပေ။ ပုန်းအောင်းနေသည့် ခရီးသွားယောကျာ်းကလည်း ကျောင်းသားလေး အနီးအနားသို့မရောက်ခင် သေချာအောင် နေရာရွှေ့ပြောင်း၍ ပုန်းအောင်းလေသည်။

ထိုအခါ ဦးခေါင်းမှ ခေါင်းပေါင်းမှာ ပြေလျှော၍ ပုခုံးပေါ်သို့ကျလာသည်။ ကပြာသီနှောင်ပင် ကျလာသည့် ခေါင်းပေါင်းကိုလည်း ထိန်းချုပ်၊ အောက်က ပုဆိုးကိုလည်း မတင်ပြီး နေရာပြောင်း ၍ ပုန်းအောင်းသည်။

ကျောင်းသားလေးသည် မြင်ခဲ့သည့် အချင်းအရာအတိုင်း ကျောင်းပေါ်ရှိ ဘုန်းတော်ကြီးထံ သွားရောက် လျှောက်ထားသည်။

ဘုန်းတော်ကြီးက ကျောင်းသားလေး ကျောင်းပေါ်ရောက်လာသည်နှင့်....
'' ဘယ်သူတုန်းကွ၊ ဘယ်ကလာတာတဲ့တုံး'' ဟုမေးလေရာ ကျောင်းသားလေးက...
'' ဘယ်ကလာတာမှန်းလဲ မသိဘူးဘုရား၊ မိန်းမကြီးတယောက် ကြာရွက်တွေအောက်မှာ ပုန်းနေတယ်ဘုရား'' ဟု လျှောက်ထားလေသည်။

''ဟာ...မင်းဟာ မိန်းမကြီးတယောက်တော့ မဟုတ်တန်ရာ၊ ခရီးသွားတယောက်ဖြစ်မှာပေါ့ကွ'' ဟု ဘုန်းတော်ကြီးကပြောသောအခါ ကျောင်းသားလေးက...
'' ဟုတ်သမှဘုရား မိန်းမကြီးမှမိန်းမကြီးအစစ်ပါဘုရား'' ဟု လျှောက်ထားလေသည်။
'' ဟ...မင်း ဘာအမှတ်အသားတွေ့ရလို့ မိန်းမကြီးလို့ပြောရတာလဲ''
'' မှန်ပါ ပေါင်မှာထိုးကွင်းတွေ မြင်လိုက်ရပါတယ်ဘုရာ့''
'' ထိုးကွင်းတွေ မြင်လိုက်ရရင် ယောကျာ်းဖြစ်မှာပေါ့''
'' မဟုတ်ဘူးဘုရာ့ မိန်းမကြီးမှမိန်းမကြီးအစစ်ပါဘုရာ့'' ဟုကျောင်းသားလေးက ပြန်လည်၍ လျှောက်ထားနေလေရာ ....
'' မိန်းမဆိုတာ ရေးတေးတေးဘဲ၊ ထိုးကွင်းပါနေတာက ခက်သကွယ်'' ဟုပြောဆိုလိုက်လေသည်။

ဗန်းမော်ဆရာတော်က တပည့်၊ ရဟန်း၊ သာမဏေများအား ဤပုံပြင်ပြောပြပြီး ''မင်းတို့လဲ ကာကောပုဒ် ၀ိဂြိုလ်ကြံနေတာ ရေးတေးတေးဖြစ်နေကြဦးမယ်။ ယောကျာ်းဘဲ၊ မိန်းမဘဲ ကွဲအောင်လုပ်၊ ဘာဓါတ်ဘဲ၊ ဘာပစ္စည်းသက်ပြီး ၀ိဂြိုဟ်ဘယ်နှစ်မျိုး လုပ်နိုင်မယ်ဆိုတာ ကွဲအောင် လုပ်ကြ'' ဟု ပြောဆိုဆုံးမပြီး စင်္ကြန်လျှောက်သွားလေတော့သည်။

********************************