Wednesday, August 31, 2011

ချစ်သော ဘလော့ကာများ

ချစ်သော ဘလော့ကာများ

ဘလော့ကာ သူငယ်ချင်းများ၊ အစ်ကို၊ အစ်မများ၊ မောင်လေး၊ ညီမလေးများနှင့် စုချစ်သူ ဘလော့သို့ အလည်အပတ်လာသူများ အားလုံး သို့....

စုချစ်သူ ရေးသမျှ ဆိုသမျှ စာများ ပုံများ သီချင်းများ အတွက် ချစ်ခင်စွာ ကော်မန့် ရေးပေးသူများ နှင့် ဘလော့မှာ ခြေရာ လက်ရာ ချန်မထားခဲ့သော်လည်းပဲ စုချစ်သူ ဘလော့ကို အမြဲတမ်း ဒါမှမဟုတ် အမှတ်မထင် ဒါမှမဟုတ် မတော်တဆ ဒါမှမဟုတ် ကြုံကြိုက်လာလို့ လာရောက် အားပေး ဖတ်ရှုသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေရန် ၂၀၁၁ခု ဘလော့ဒေး အမှတ်တရ ဦးစွာ ပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်နော်။

၂၀၀၆ ခုနှစ်မှ စပြီး ဘလော့တွေကို လည်ပတ် သွားလာ ဖတ်ရှုခဲ့ကာ ၂၀၀၇ ကစလို့ ကိုယ်ပိုင် ဘလော့လေး ဖန်တီးခဲ့ပေမယ့် ခုချိန်ထိ ကိုယ်ချစ်သော ဘလော့ကာများ၊ စာဖတ်သူများနဲ့ တရင်းတနှီး ရှိမနေသေးတာ အပြစ်တစ်ခုလို ကိုယ့်ကိုယ်ကိုယ် ယူဆမိပါတယ်။ အဲဒီအတွက် တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ဆိုသလိုပဲ... ကိုအောင်(ပျူနိုင်ငံ)က ဘလော့ဒေးအတွက် တဂ်လာတော့ ကိုယ်ဖတ်ရှုခဲ့တဲ့ ဘလော့များ အကြောင်းနဲ့ ချစ်ခင်လေးစား အားကျရတဲ့ ဘလော့ကာများ အကြောင်း မှတ်မိသိရှိ ခံစားမိသလို ပြောချင်ပါတယ်နော်။

ရှေးဦး ဘလော့ကာများထဲက ဒီနေ့ ဒီအချိန်ထိ မှတ်မှတ်ရရ နှစ်သက် လေးစား သဘောကျမိတဲ့ ဘလော့ကာ တစ်ဦးကတော့ ကိုညီလင်းဆက် ဖြစ်ပါတယ်။ သုတ ရသ စုံနေတဲ့ သူရေးတဲ့ ဘလော့ပိုစ့်တိုင်းဟာ အနုပညာမြောက်တယ်လို့ ခံစားမိတယ်။ မြန်မာပြည်က ထွန်းပေါက်လာမယ့် မျိုးဆက်သစ် သုတ ရသ အနုပညာရှင် တစ်ယောက်အနေနဲ့ သူ့ကို မျှော်လင့် အားထားမိတယ်။ သူဟာ တစ်ခါတရံ လူငယ်ဘာဝ အနည်းငယ် စိတ်တို စိတ်ဆတ်တတ်တာတွေ ရှိပေမယ့် သူ့ရေးတဲ့စာတိုင်းမှာ သူ့ message တွေတိုင်းမှာ ရိုးသားတဲ့ စေတနာ တစ်ခု ပါဝင်နေတာ တွေ့ရတယ်။ အဲဒါလေးဟာ မရွှေစုအတွက် သူ့အပေါ် မချစ်ခင် သဘောမကျပဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ဒီကနေ့မှာ သူဘလော့လေး ဆက်လက် အသက်မ၀င်တော့တဲ့အတွက် အတော် နှမျော မိတယ်။ သတိရတိုင်း သူများ ပြန်လာမလား မျှော်နေမိတယ်။ ကိုညီလင်းဆက် ဘလော့ပြန်ရေးပါစေလို့ ဆုတောင်း မေတ္တာပို့သပါတယ်။ ကိုညီလင်းဆက်ကနေ တဆင့် သိရှိပြီး အားပေးခဲ့ရတဲ့ ဘလော့ကာများကတော့ ဓါတ်ပုံဆရာ ကို မောင်လှ ဘလော့နဲ့ အာခီတက် အနုပညာရှင်ကိုသခင်ကြီး ဘလော့တွေပဲ ဖြစ်ပါတယ်။ အဲဒီကနေ ကို မတ်(ခ်) ရဲ့ ဘလော့ ပရိတ်သတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုညီလင်းဆက်၊ ကိုမောင်လှ၊ ကိုစေတန်ဂေါ့ စတဲ့ ရှေးဦး ဘလော့ကာများရဲ့ ဘလော့လုပ်နည်း လမ်းညွှန်ချက်နဲ့ မရွှေစု ဘလော့ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။

မြန်မာစာကို မြတ်နိုးတဲ့ မရွှေစု အတွက် ချစ်ရတဲ့ ဘလော့ကာ နောက်တစ်ဦးကတော့ မမေ ( မေဓာဝီ ) ပဲ ဖြစ်ပါတယ်။ ကိုပြူးကျယ်သို့ ပေးစာများ ဆိုတဲ့ စာစုတွေနဲ့ သူ့ ဘလော့ရဲ့ ပရိတ်သတ်ဖြစ်ခဲ့ရတယ်။ မမေရဲ့ စာပေစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်ကို လေးစားတယ်။ သူ့ အရေးအသားလေးတွေနဲ့ မြန်မာဆန်မှုလေးတွေကိုလည်း ချစ်တယ်။ မမေဟာ မြန်မာစာကို ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ နဲ့ လိုရင်းကို ထိထိမိမိ ကျစ်ကျစ်လစ်လစ် ရေးတတ်သူဖြစ်တယ်။ မမေလိုပဲ မြန်မာစာလေ့ကျင့်ခန်းတွေ ကို သင်ကြားပေးသူ မြန်မာစာ ချစ်မြတ်နိုးသူ တစ်ယောက် ကတော့ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ ဘလော့က ကိုဟယ်ရီဖြစ်ပါတယ်။ မရွှေစုဟာ သူ့ရဲ့ မြန်မာကဗျာဆိုတာ ဂျိုနဲ့လား ဆိုတဲ့ စာစုတွေနဲ့ မြန်မာ ကဗျာ ပို့ချချက်တွေကို လိုက်နာ သင်ယူနေတဲ့ တပည့်တစ်ယောက် ဖြစ်ပါတယ်။ မမေရဲ့ ဘလော့ကနေ အပြန်အလှန် ကဗျာလေးတွေ ရေးတဲ့ ကိုကိုမောင်(ပန်းရနံ့) ဘလော့ ရဲ့ ကဗျာဖတ် ပရိတ်သတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကော်မန့်ကနေ သူတို့ အပြန်အလှန်ရေးကြတဲ့ ကဗျာလေးတွေ ကို အံ့သြ အားကျ နှစ်ခြိုက် အားပေးခဲ့ပါတယ်။

မြန်မာဘလော့ကာများရဲ့ ခေတ်ဦးပိုင်းကတဲက အားပေးဖတ်ရှုခဲ့ရတဲ့ ခုချိန်မှာ စာရေးဆရာမတစ်ယောက် အနေနဲ့ စာအုပ်များ ထုတ်ဝေနေပြီဖြစ်တဲ့သူကတော့ မနိုင်းနိုင်းစနေ ဖြစ်ပါတယ်။ သူ့ဘလော့လေးကိုတော့ သူ့ရဲ့ အမေ ပိုစ့်နဲ့ ပိုပြီး အကျွမ်းဝင်ခဲ့ခြင်းဖြစ်ပါတယ်။ မနိုင်းနိုင်းစနေရဲ့ သုတ ပိုစ့်များ က စဉ်းစားစရာလေးတွေ ပေးသလို ဟာသ ပိုစ့်လေးများဟာ စာဖတ်သူ ဘ၀င်ကို ရွှင်ပြုံးစေပါတယ်။ ဘလော့ကာ ခေတ်ဦးမှာ မှတ်မှတ်ထင်ထင်ရှိခဲ့ရတဲ့ မျိုးချစ်စိတ် နိုင်ငံရေးစိတ်ထက်သန်တဲ့ လူငယ်တွေထဲက ဘလော့ကာ ညီမလေး တစ်ဦးဖြစ်တဲ့ မလင်းလက်ကြယ်စင်ရဲ့ ဘလော့ကိုလည်း မေ့ချန်လို့ မဖြစ်ပါဘူး။ ဒီထက်မက ပြောချင်သေးတဲ့ အားပေးခဲ့ရတဲ့ ဘလော့တွေရှိပါတယ်။ ကိုကလိုစေးထူးတို့ ကိုကဒေါင်းညင်သာတို့ သံလွင်အဖွဲ့က စာရေးသူ ဘလော့ကာများ၊ စသဖြင့် တချို့လည်း ခုချိန်မှာ မရေးတော့လို့ နာမည်တွေ ရုတ်တရက် ပေါ်မလာဘူးဖြစ်နေတာပါ။

ဘလော့ကာထဲမှာ အခန်းဆက် ကိုယ်တွေ့ဆောင်းပါးများကို စောင့်ဖတ်ခဲ့ရတဲ့သူကတော့ ကိုမင်းဒင်ရဲ့ သက်ခိုင်ပဲ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ သုတ ရသ ကိုယ်တွေ့ ဆောင်းပါးတွေသာမကနိုင်ဝင်းဆွေရဲ့ ၀တ္ထုတွေကို ရိုက်တင်ပေးတဲ့ ဆရာငြိမ်းဝေဘလော့ ပဲ ဖြစ်ပါတယ်။ စာရေးဆရာတွေထဲကဆို မမိုးချိုသင်း ဘလော့ကို နေ့စဉ်မပြတ် အားပေးခဲ့တယ်။ ခုတော့ သူ့ဘလော့လေး လှုပ်မနေတော့လို့ စိတ်မကောင်းဖြစ်ရတယ်။ စာရေးဆရာများ ဘလော့ကာထဲက ဖတ်ရှု အားပေးဖြစ်တာကတော့ ဆရာမ မေငြိမ်း ( မြသီလာ တမ်းချင်းတွေကို စောင့်ဖတ် အားပေးခဲ့သူပါ )၊ ဆရာမ မနော်ဟရီ၊ ဆရာမ မတူးတူးသာ၊ အခုနောက်ပိုင်း ဆရာမ ခက်မာ ဘလော့၊ ဆရာအတ္တကျော်၊ ဆရာဆူးငှက် ၊ ကိုဘိုဘိုလန်းစင်.... စတာတွေ ဖြစ်ပါတယ်။ ရှားပါးတဲ့ စာကောင်းပေကောင်းတွေကို ရိုက်တင်ပေးတတ်တဲ့ အညာအကြောင်းလေးတွေ ရေးတတ်တဲ့ အစ်မရွှေစင် ဘလော့ကတော့ နေ့တိုင်း မ၀င်မဖြစ် ၀င်ရတဲ့ ဘလော့လေးပေါ့။ ပြီးတော့ ထူးထူးဆန်းဆန်း သတင်းတွေကို သူများတွေနဲ့ မတူအောင် ဟာသလေးတွေ ဖက်ပြီး ရေးတတ်တဲ့ ကိုပီတာ ဘလော့ရယ်ပေါ့။ We She Me ဘလော့ကလည်း အရင်တုန်းက စာရေးအားကောင်းတဲ့ စဉ်းစားစရာလေးတွေ ပေးတဲ့ ဘလော့လေး ဖြစ်ပါတယ်။ ခုတော့ သူလည်း ရပ်တန့်နေလို့ နှမျောမိပါတယ်။

ကိုယ်က အနုပညာချစ်တဲ့သူဆိုတော့ အနုပညာ သမားတွေရဲ့ ဘလော့တွေကိုလဲ ခြေရာမချန်ပေမယ့် မှန်မှန် ရောက်ဖြစ်ပါတယ်။ ပန်ပန်(ပန်ဒိုရာ) နဲ့ ကို ကောင်းကင်ကို တို့ရဲ့ ကဗျာဖတ် ပရိတ်သတ်၊ ကိုသစ်နက်ဆူးရဲ့ စိတ်ဝင်စားဖွယ်ရာ ဘ၀အကြောင်းတွေ အပြင်၊ သူဆွဲတဲ့ ပန်းချီ၊ သီချင်း အဆို အက တွေရဲ့ ပရိတ်သတ်၊ ကယ်ရီကေးချား ဘလော့ရဲ့ ပရိတ်သတ်၊ ပန်းချီ ဒီဇိုင်းဆရာမလေး နန်းညီ၊ ကိုမြစ်ကျိုးအင်း၊ ဘလော့ စသဖြင့်။

ဘလော့စာမျက်နှာတွေ လှန်တိုင်း ရောက်ဖြစ်နေတတ်တဲ့ ဘလော့ တချို့ကို မှတ်မိသလောက် ရေးရင် အစ်မ ခင်မင်းဇော်၊ အစ်မခင်ဦးမေ၊ မငယ်နိုင်၊ မဗေဒါ၊ မရှင်းလေး၊ မကေ၊ ကိုနဗန၊ ကိုBoyz၊ မခွန်မြလှိုင်၊ မရီတာ၊ ဖူးနုသစ်၊ ဒီကိုလာ(ကိုTZA)၊ မအိမ့်ချမ်းမြေ့၊ မ၀ါဝါခိုင်မင်း၊ ညီမလေး မြတ်နိုး၊ တီချမ်း၊ ဟန်ဂုရွာ၊ ကိုလင်းဦး၊ ကိုခိုင်၊ ကိုယောဟန်အောင်၊ကိုချစ်ဖေ၊ ကိုသစ်ကောင်းအိမ်၊ ကိုလူသစ်၊ ကိုသင်ကာ၊ ကိုအောင်သာငယ်၊ ကိုဇော်၊ အန်တီတင့် ဘလော့၊ ဟင်းချက်ကောင်းတဲ့ မလုလုရဲ့ ဘလော့၊ မျက်ရှု၊ မရွှေမိ၊ ညီမလေးကွင်း၊ ညီမလေးစုမြတ်၊ ညီမလေး ရိုစ့်၊ ညီမလေး မီးငယ် စသဖြင့် ပြောရရင်တော့ ဆုံးမယ် မထင်ပါဘူး။ နာမည်တွေ ချရေးရရင် အများကြီး ကျန်နေပါသေးတယ်။ အဆင်ပြေရင် ပြေသလို တွေ့သမျှ ဘလော့တိုင်းလိုလိုကို စာကောင်းရင် စဉ်းစားစရာလေးတွေ ပါရင် ဖတ်ဖြစ်သွားတာပါပဲ။ သတိတရ ပြောရရင် ကိုအောင်(ပျူနိုင်ငံ) ရဲ့ ဘလော့ကို ပျူအကြောင်းရှာရင်း မတော်တဆ ရောက်ရာကနေ ဒီနေ့ အထိ အလည်သွားနေတဲ့ ဘလော့လေး ဖြစ်လာပါတယ်။

ဘလော့တွေ အများကြီးဖတ်ဖြစ်ပေမယ့် ဘလော့ကာတွေနဲ့ တော့ ရင်းနှီးမှု မရှိတာ ၀မ်းနည်းစရာပါပဲ။ အချိန်အားရသလောက် လိုက်ဖတ်ရတာမို့ ကော်မန့် မရေးဖြစ်တာ ခပ်များများမို့ သူတို့ရဲ့ စာဖတ်ပရိတ်သတ် ဖြစ်ပေမယ့် ဘယ်သူနဲ့မှ မခင်မင်ရခြင်း ဖြစ်ပါတယ်။ သူတို့က မရွှေစုကို မသိပေမယ့် သူတို့ စာများမှာ ကော်မန့်တွေ မရေးဖြစ်ပေမယ့် မရွှေစုကတော့ ကိုယ်ချစ်တဲ့ ဘလော့ကာများကို စိတ်ထဲမှာ အစဉ်အမြဲ လေးစား ခင်မင် ရင်းနှီးနေပါတယ်။ စိတ်မကောင်းစရာ ပြောရရင် ကိုကြီးကျောက်ရဲ့ စာဖတ်ပရတ်သတ်ဖြစ်ပေမယ့် သူသာ ဆုံးပါးသွားရော နေမကောင်းဖြစ်တာသိရလို့ ကော်မန့်လေး တစ်ခါ ရေးဖူးတာကလွဲလို့ စကားတောင် မပြောဖြစ်လိုက်ပါဘူး။ အဲသာ မရွှေစုရဲ့ ခင်မင်အောင် မနေတတ်တဲ့ ချို့ယွင်းချက်ပါပဲ။

ဘလော့ရေးတဲ့အထဲက အပြင်မှာလည်း မြင်ဖူးပြီး ခင်မင်နေတဲ့ သူငယ်ချင်းများကတော့ အစ်မ သက်ဝေ (စိတ်မကောင်းစရာဖြစ်ရတဲ့ စာတောင် ချစ်စရာကောင်းအောင် ဖန်တီးနိုင်သောသူ၊ လူလေးကလည်း သူ့စာတွေလိုပဲ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးနဲ့ ချစ်စရာကောင်းသူ )၊ တီတီဆွိ (ဟာသလေးနဲ့ ဟောဟော ဒိုင်းဒိုင်း ပြောတတ် ပြုံးချင်စရာ ကောင်းအောင် ရေးတတ်သူ၊ ဟင်းချက် ကောင်းသူ )၊ အစ်မသီတာ ဆရာဧရာ (ကိုယ့်ဘေးမှာ လာ စကားပြောနေသလို ပြုံးချင်စရာ ချစ်စဖွယ် လေသံနဲ့ ရေးတတ်တဲ့သူ နဲ့ လောကီ ရေးရာမှာ သင်ကြားပြသပေးရုံမက လောကုတ္တရာမှာလည်း အသိအမြင်တိုးအောင် လမ်းပြပေးသူ)၊ အစ်မသိင်္ဂီနွယ် ( ဆရာကြီး သိပ္ပံမောင်ဝရဲ့ မြေး၊ ပြောချင်တာလေးတွေကို ရိုးရိုးရှင်းရှင်း ရေးတတ်တဲ့ အစ်မ)၊ သူငယ်ချင်း တန်ခူး (ကျောင်းကတဲက မဂွဇင်းတွေမှာ ရေးသားနေတဲ့ စာရေးဆရာမ၊ သူ့ ကဗျာလေးတွေကို ပိုပြီး စွဲလန်းနှစ်ခြိုက် မိ)၊ အစ်မ ချစ်ကြည်အေး (ဟာသလေးနဲ့ ချစ်စရာ ကောင်းတဲ့စာလေးများ ဖန်တီးတတ်သူ - ဘလော့ကာ အမျိုးသမီးတွေထဲမှာ ကွင်းပေးရရင် အစ်မချစ်ကြည်ကို ပေးတယ်။ မရွှေစု မျက်လုံးထဲမှာ အရမ်းချစ်စရာကောင်းတယ်၊ ကြည်တယ် သန့်တယ် နုတယ်)၊ ကိုပေါ (စာရေးကောင်း အပြောကောင်းသူ၊ တခါတခါ ဟာသ တခါတခါ ဘာမှန်းမသိ ဘုကလန့်စာများ ရေးတတ်တဲ့ သူ - ခုတော့ ပျောက်ချက်သား ကောင်းနေ)၊ ကဗျာဆရာ ကိုထက် (အလွန်စတတ်ပေမယ့် စိတ်ရင်းကောင်း သူ့ထက် အသက်လေး နည်းနည်းပဲ ကြီးပေမယ့် ကိုယ့်ကို တကယ့် အစ်မကြီးလို ရိုသေလေစားတမှုပြုသူ၊ အနုပညာ ချစ်မြတ်နိုးသူ၊ စာအုပ်တွေ ခရေစီ ဖြစ်သူ)၊ ဓါတ်ပုံဆရာလေးဂျစ်တူး (ပွင့်ပွင့်လင်လင်း ပြောတတ်၊ သူတပါးကို အလွန်ကူညီတတ် စေတနာကောင်းသူ) ... အဲ ... ရုံးမှာ အလုပ်လုပ်ရင်း အမြန်အမြန် ရေးရတော့ ဘယ်သူများ ကျန်ဦးမလဲ မသိ။

ဒိအပြင် ဒေါက်တာလွဏ်းဆွေ ညွှန်တဲ့ သတင်း ဘလော့တွေ၊ ပြီးတော့ ဘာသာရေး ဆွေးနွေးချက် ဘလော့တွေ၊ ဆရာတော်တွေ ရေးသားတဲ့ ဘာသာရေး လမ်းညွှန် ဘလော့တွေ၊ ဆရာဝန်များ ရေးတဲ့ ကျန်းမာရေး လမ်းညွှန် ဘလော့တွေ ကိုလည်း ကျေးဇူးတင်စွာ ဖတ်ရှုဖြစ်ပါတယ်။

နောက်ဆုံး ပြောချင်တာလေးကတော့ ကိုယ်ကတာဝန် မကျေပေမယ့် မရွှေစု ဘလော့မှာ ကော်မန့်လေးတွေ ရေးပြီး အားပေးခဲ့တဲ့ သူငယ်ချင်းများ စာဖတ်သူများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်လို့။ အထူးသဖြင့် ရေးသမျှ စာတိုင်းနီးပါး ကော်မန့်လေး ပေးပြီး အားပေး ချီးမြှင့်ပေးတတ်တဲ့ ကိုအောင်(ပျူနိုင်ငံ)၊ ကိုခိုင်၊ ညီမလေး ကွင်းတို့ကို အထူး အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့။

၂၀၀၇ ကစလို့ ဒီနေ့ ဒီအချိန်ထိ ရေးသမျှ တင်သမျှတွေထဲမှာ စာဖတ်သူများ လာရောက် လည်ပတ်သူများကို မတော်တဆ အနှောက်အယှက်များ ဖြစ်မိပါကလည်း ခွင့်လွှတ်ပေးကြပါ။ နောင်ကိုလည်း လာလည်ကြပါ၊ ဘလော့များမှာ ကော်မန့် မရေးမိသမျှ ချစ်သော ဘလော့ကာများ အခု ရေးလိုက်တဲ့ ပိုစ့်လေးနဲ့ ခွင့်လွှတ် နားလည် ချစ်ခင်ပေးကြပါလို့။

Happy Blog Day to All!!!

မေတ္တာများစွာဖြင့်...
စုချစ်
31 Aug 2011

Wednesday, August 24, 2011

ဂြိုဟ်သားများနှင့် နိုင်ငံတော်သစ်ကြီးအားကြိုဆိုလျက်


စကားမစပ်တော့ ...။

စာရေးဆရာကြီးမောင်ကိုယုဆိုတာ ရှေ့နေလောကမှာ နာမည်ကြီးတဲ့ ဥပဒေဘက်တော်သားတစ်ယောက်၊ သူဟာရဲရင့်တယ်၊ သတ္တိရှိတယ်၊ ဟာသဉာဏ်နဲ့ ပြည့်စုံတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူ့ရဲ့ဘ၀သရုပ်ဖော် ဝတ္ထုတွေ၊ ဥပဒေနောက်ခံ ဝတ္ထုတွေ၊ အထူးသဖြင့် သရော်စာတွေဟာ စာချစ်သူတွေ ရင်ဘတ်ထဲမှာ ယနေ့ထိ စွဲမြဲစွာကျန်ရစ်နေတုန်းပါပဲ။

ဟော... အခု ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ်ကြီးက သန့်ရှင်းသော နိုင်ငံတော်ကြီး ဖွဲ့စည်း တည်ထောင်ကြတော့မတဲ့။ ဒါနဲ့ ဟိုးတုန်းက ဆရာကြီးဦးကိုယု ရှုမဝထဲမှာ ရေးခဲ့ဖူးတဲ့ "ဂြိုဟ်သား" ဆိုတဲ့ ဝတ္ထုတိုလေးကို ဖြတ်ခနဲ သတိရသွားမိတော့တယ်။ အဲသဟာလေးကို စာပေဟာပြောပွဲတစ်ခုမှာ ပြန်ပြောပြသူကတော့ စာရေးဆရာဦးအောင်ပြည့်ပေါ့။

မူရင်းဝတ္ထုစာသား အတိအကျထက် ဆရာဦးအောင်ပြည့်ပြန်ပြောပြတာက ပိုပြီး ဟာသ ရသ ပါလို့ ဆရာဦးအောင်ပြည့် လေအတိုင်းပဲ မှတ်မိသလောက် တိုတိုပဲ ပြောပြမယ်နော့။

တစ်နေ့တော့ ဆရာကြီးဦးကိုယုအိမ်မှာ ရေပိုက်တွေပျက်လို့ အိမ်ပေါ်မယ် ရေလျှံကုန်သတဲ့။ ဒါနဲ့ ဆရာကြီးသားတွေရယ်၊ ဆရာကြီးရယ် ရေပိုက်တွေကို ဟိုပြင် သည်ပြင် ဟိုလှည့် သည်လှည့် ကြိုးစားပြီးလျှောက်လုပ်ကြတာ ကောင်းမလာတဲ့ အပြင် တစ်အိမ်လုံး ရေတွေ ရွှဲနစ်ကုန်သတဲ့။ နောက်ဆုံး စည်ပင်သာယာရုံးက ရေပိုက်ပြင်တဲ့သူ ပြေးခေါ်တော့ စက်ဘီးစုတ်ကလေးစီးလို့ လွယ်အိတ်နုပ်ကလေးလွယ်လို့ ဦးထုတ်အဖာကလေးဆောင်းလို့ ဆေးပေါလိပ်ကလေးလည်း လက်ထဲမယ်ဖွာလို့ အဲဒီရေပိုက်ပြင်ပေးတဲ့သူ ရောက်လာ၊ အိမ်ကလူတွေလည်း သူ့ကို ကူညီပြီး သူလိုတာတွေဝိုင်းကူလုပ်ပေး၊ ရေပိုက်တွေ ကူကိုင်ပေး။ အဲဒီလူကတော့ ရေပိုက်ခေါင်းတွေ ဟိုကတတ် ဒီကဖြုတ် ဟိုကပိတ် သည်ကဖွင့် ဆက်တာဆက် ပြင်တာပြင် စသဖြင့် ၁၅မိနစ်လောက်လုပ်ပြီးရော ရေပိုက်ခေါင်းတွေ အားလုံးကောင်းသွားရောတဲ့။ ဟာ... တတ်တဲ့သူလုပ်လိုက်တော့လည်း ခဏလေးနဲ့ ပြီးသွား ကောင်းသွားတာပဲနော်ပေါ့။

ဆရာကြီးဦးကိုယုတို့ သားအဖတတွေလည်း သူ့ကို ကျေးဇူးတင်လွန်းတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် မျက်စတွေဘာတွေ ပြစ်ပြက်ပြကြ... လက်ဘက်ရည်ဖိုးလေး ဘာလေး ပေးရအောင်ပါ့။ ဒါပေသိ... ရေပိုက်ပြင်တဲ့သူက သူတို့ပေးတဲ့ပိုက်ဆံကို မယူဘူး... ငြင်းသတဲ့။ နေပါစေ... မလိုပါဘူး ဘာညာ ဆိုပြီး သူ့ပစ္စည်းလေးတွေ သူ့အိတ်ထဲ ကောက်ကက်ထည့် လှေခါးကဆင်း ပြန်သွားသတဲ့။ ဟာ... ပေးတာ နည်းများ နေသလား မသိပါဘူးကွာ... ရော့ရော့... ပိုက်ဆံပိုယူပြီး လိုက်ပေးပါကွ ဆိုပြီး လှေခါးဆင်းသွားတဲ့သူနောက်ကနေ ထပ်လိုက်ပေးကြပြန်ရော။ ကျေးဇူးတင်တာကိုးနော်။

အဲဒီလို အတင်းကာရော ပိုက်ဆံလိုက်ပေးကြတော့ ရေပိုက်ပြင်သမားက လှေခါးကနေ လည်ပြန်ကြည့်ပြီး ရန်တွေ့တော့တာပဲတဲ့။ ဘာတုန်း... ခင်များတို့ သားအဖတတွေ မိုက်ရိုင်းလှချေလား၊ ခင်များတို့က လူကို စော်ကားတာလား။ ကျုပ်ကို ဘယ်လို အစားများ ထင်နေကြတာလဲဗျ။ နိုင်ငံတော် အစိုးရက ကျုပ်ကို လစာပေးခန့်ထားတယ်။ ကျုပ်က ကျုပ်အလုပ်ကို ကျုပ်လုပ်တယ်။ ခင်များတို့က ဘာလဲဗျလို့ ကြိမ်းမောင်းရေရွတ် လှေခါးကနေ ဒုန်း ဒုန်း နဲ့ ဆက်ဆင်းသွားပြီး ဒေါတွေခွီးလို့ စက်ဘီးကိုလည်း ဒုန်း ဒိုင်း မြည်အောင် ခွစီးပြီး ထွက်သွားတာပေါ့လေ။ ဆရာကြီးတို့ သားအဖ တတွေလည်း ရုတ်တရက်ဆိုတော့ ကြောင်ကြည့်ပြီး ကျန်နေခဲ့ကြတာ ခဏနေတော့မှ ဆရာကြီးက... သတိဝင်လာပြီး ဘာပြောလိုက်သလဲ ဆိုတော့...

''ဟ့... သားရေ... လိုက်ဟေ့... လိုက်ဟ... အဲသဟာ... လူမဖြစ်နိုင်ဘူး... ဂြိုဟ်သားဖြစ်လိမ့်မယ်။"
တဲ့။

အို... ဘာပဲ ဖြစ်ဖြစ် ကိုယ်တို့ကတော့ ဂြိုဟ်သားများနဲ့ ဖွဲ့စည်းထားမယ့် နိုင်ငံတော်သစ်ကြီးကို ကြိုဆိုဖို့ အသင့်ပါပဲ။

++++++++++++

Thursday, August 18, 2011

Right Speech....

Right Speech....
''ငါ... စိတ်ညစ်တယ်.... လောကကြီးဟာ မတရားဘူး။ ငါလုပ်သလောက် ငါပြန်မရဘူး။''

ဒါကတော့ လုပြောနေကြစကားပါ။ လုဟာ မရွှေစုတို့ ဌာနက Hardware Engineer လေး တစ်ယောက် ဖြစ်တယ်။

“နင် စဉ်းစားကြည့် Hardware နဲ့ ပါတ်သက်တာတွေ အားလုံး ငါပဲ လုပ်နေရတာ၊ အဲသာကိုတောင် ဒီနှစ် appraisal မှာ ငါ့ကို Rating 3 ပဲ ပေးတယ်။ နင်ရော Rating ဘယ်လောက်ရလဲ။”

မရွှေစု က တစ်ခါ သေဘူး ပျဉ်ဖိုး နားလည်နေပြီမို့ ဘာမှ ပြန်မပြောဘူး။ ပြုံးရုံပဲ ပြုံးပြလိုက်တယ်။ တကယ်ဆို ကိုယ့်ကို ပေးတဲ့ Rating ဆိုတာ personnel ဖြစ်တယ်။ ပြီးတော့ Highly confidential ပဲ မဟုတ်လား။ ဒါပေမယ့် သူစိတ်ချမ်းသာအောင်တော့ ဖြေပြောပြောရတယ်။

“ဒီလိုပါပဲ။ ငါကတော့ Rating ဘယ်လောက်ပေးပေး အေးဆေးပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ် လုပ်ရပြီး စိတ်ချမ်းသာဖို့က ပိုအရေးကြီးတယ် ထင်တာပဲ။”

ဒီလို ပြောပြီးတော့ ကွန်ပြူတာ ဖက် ပြန်လှည့်ရင်း အလုပ်များချင်ယောင်ဆောင်ရတယ်။ မဟုတ်ရင် လုဟာ အနားကနေ တော်တော်နဲ့ မခွါတော့ပဲ သူရသင့်ရထိုက်တာတွေ မရတဲ့ အတွက် မကျေနပ်နိုင်ဘူးဆိုတာတွေ တွတ်တွတ်ထိုးပြောဦးမယ်။

တကယ်တော့ လုဟာ မရွှေစုအတွက် မောင်လေးတစ်ယောက်လို ခင်မင်ရသူပါ။ ရုံးမှာ မရွှေစု လိုအပ်တာ မှန်သမျှကို ဒိုင်ခံ ကူညီပေးတတ်တဲ့သူလည်း ဖြစ်တယ်။ ဥပမာ မရွှေစု လိုချင်တဲ့ပုံစံအတိုင်း Hardware တွေ ဆင်ပေးတာ မျိုးတို့၊ test setup က တစ်ခုခု မှားရင် စိတ်ရှည်လက်ရှည် ကူကြည့်ပေးတာမျိုးတို့။ ယုတ်စွအဆုံး မရွှေစုတို့ ရုံးကလူတွေ အပြင်ထွက်ကြလို့ ဟိုဝယ်သည်ဝယ်လုပ်ရင်တောင် ကိုယ်ဝယ်တဲ့ ပစ္စည်းမှန်သမျှ နောက်ကနေ ကူသယ်ပေးတာတို့ကအစ လုပ်ပေးတတ်တဲ့သူပါ။ ဒါပေမယ့် လူဆိုတာ perfect မရှိဘူးဆိုတဲ့ သဘောတရား အတိုင်း သူက စကားပြော အနည်းငယ်ရိုင်းတယ်။ ဆရာလုပ်ချင်တယ်။ သူသိ သူတတ်လုပ်ချင်တယ်။ မလိုအပ်ပဲ အပိုစကားတွေ ပြောလွန်းတယ်။ သူတစ်ဖက်သား သူ့ထက်အားနည်းတဲ့သူဆိုရင် အထင်သေးချင်တယ်။ အဲသလို စရိုက်လေးတွေ ရှိတဲ့ အတွက် သူ့မှာ အပေါင်းအဖော်နည်းတယ်။ ရုံးမှာ တခန်းထဲနေပြီး လူ၁၀ယောက်မှာ သူနဲ့ စကားမပြောတဲ့သူ ၃ယောက်လောက် ရှိတယ်။ မရွှေစုကတော့ ရန်သူ မရှိ၊ မိတ်ဆွေသာ ရှိ ပေါ်လစီကို အတတ်နိုင်ဆုံး လက်ကိုင်ထားချင်သူမို့ သူ့စရိုက်လေးတွေ တခါတခါ ကသိကအောက်ဖြစ်ရပေမယ့် ခင်မင်မှု မပျက် နေနိုင်ခဲ့တယ်။

ဒါနဲ့ သူ့ကြောင့် ပထမဆုံး ကသိကအောက် ဖြစ်ရတာကို ခုထိ သတိရမိသေးတယ်။ အဲဒီတုန်းက မရွှေစု အလုပ်ဝင်ခါစ တစ်နှစ်ပဲ ရှိသေးတယ်။ ဘော့စ်နဲ့ ပထမဆုံး appraisal လုပ်ရပြီး Rating စရတဲ့ နှစ်လည်း ဖြစ်တယ်။ အဲဒီနေ့က လုတစ်ယောက် ဘော့စ်အခန်းကနေ ပျော်ရွှင်စွာထွက်လာပြီး မရွှေစု စားပွဲနေရာကို ရောက်လာတယ်။

“ငါလေ... ငါ... ဘောနပ်စ်တွေ အများကြီး ရတယ်... သိလား... နင်ရောရလား။”

“သြော်... နင်...Key Performance Bonus ရတယ်ပေါ့....အေးအေး...၀မ်းသာစရာကြီး...”

မရွှေစုက အဲသလို ပြောတော့ လုက အံ့သြဟန်နဲ့ မျက်ခုန်းပင့်ကြည့်တယ်။

“အမယ်... အခုမှ ရုံးရောက်တဲ့သူက Key Performance Bonus အကြောင်းတွေ ဘာတွေ သိလို့... နင်ရော ရသလား..”

“အင်းလေ... ရတာပေါ့...”

သူလည်းရတယ်ဆိုတော့ ကိုယ်လည်း ရတယ်လို့ မရွှေစုက ရိုးရိုးသားသားဖြေမိတယ်။

“အမယ်... ပုံမှန်ဆို ခုမှ အလုပ်ဝင်တဲ့သူ ပေးလေ့မရှိဘူး။ နင်ရတယ်ဆိုတော့ ဘော့စ်က နင့်ကို တော်တော် သဘောကျလို့ ဖြစ်မယ်။ ကဲ..ကဲ... ဘာမုန့် ကျွေးမှာလဲ...”

အဲဒီအထိတော့ လုဟာ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပါပဲ။ မရွှေစုရတာကိုလည်း သူက ၀မ်းသာပုံပဲ။ ဒါပေမယ့် ပြဿနာက နောက်တစ်နေ့ကျမှ စတာ။ လုဟာ စောစောစီးစီး မရွှေစု စားပွဲဆီကို ရောက်လာပြီးတော့...

“တောက်... အတော်မိုက်ရိုင်းတယ်။ သိလား။ ငါရတာ ရိုးရိုး Bonus...ပဲ။ Key Performance Bonus မဟုတ်ဘူး။ မနေ့ညက ငါ့ Bank Account ကို စစ်ပြီးပြီ။ ဘော့စ်ပြောတာကို ငါနားကြားလွဲသွားတယ်။ အဓိပ္ပါယ်မရှိဘူး။ ခုမှ အသစ်ဝင်လာတဲ့သူတွေကျတော့ ပေးပြီး ငါ ဒီလောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ရတာကို မပေးဘူး။ လောကကြီး မတရားဘူး။”

မရွှေစု တော်တော်လေး စိတ်ညစ်သွားတယ်။ လုဟာ ဒီရုံးကို မရွှေစု စပြောင်းလာခါစက တခြားသူတွေနဲ့ မတူ အင်မတန် အကူအညီပေးခဲ့တဲ့သူ ဖြစ်တော့ ကိုယ့်စိတ်ထဲ ကိုယ့်မောင်လေးတစ်ယောက်လို ခင်မင်ကျေးဇူးတင်တဲ့အပြင် သူကလည်း ကိုယ့်လို ရတယ်ထင်လို့ အမှန်ကို ပြောမိတယ်။ အဲဒီတုန်းက တစ်ပတ်လောက် မရွှေစု စိတ်ညစ်လိုက်ရတယ်။ သူ့ကို စကားမပြောမိအောင် ရှောင်ရတယ်။ စိတ်ကသိကအောက် ဖြစ်ရတာများ မနာလို ၀န်တိုတဲ့သူကို မျက်နှာချင်းဆိုင်နေရတာများ လောကကြီး စိတ်ကုန်တာ မရှိတော့ဘူး။ အဲဒီကတဲက မှတ်သွားလိုက်တာ... နောက်ပိုင်း ဘယ်သူ ဘာရတယ်ပြောပြော ကိုယ်ရတာကို အနည်းဆုံးလို့ပဲ ပြုံးပြုံးလေး ပြောတတ်တဲ့ အကျင့်ကို ကျင့်ထားရတော့တယ်။

လုဟာ သူလုပ်ချင်တာတွေလုပ် သူပြောချင်တာတွေ ပြော၊ သူ့ဘာသာ စိတ်ကောက်နေလို့ တခါတခါ တစ်ရက်လောက် စကားမပြောပဲ နေပြီးရင် မနေနိုင်တော့တဲ့ အခါကျရင် တခြားသူတွေနဲ့လည်း စကားပြောစရာမရှိတဲ့အတွက် ဟိုဟာ ဒီဟာလေး ကူလုပ်ပေးရင်း မရွှေစုဘက်ကိုပဲ ပြန်လှည့်လာတတ်မြဲပါပဲ။ မရွှေစုကလည်း သူ့ကို ခွင့်လွှတ်မြဲပါပဲ။ ဒါပေမယ့် တခါတခါတော့ သူ့ကို ပြောပြ ချင်မိတယ်။ လုဟာ အရမ်းကြီး bright မဖြစ်ပေမယ့် အလုပ်ကြိုးစားတာမှန်တယ်။ သူများတွေကို ကူညီတတ်တာ မှန်တယ်။ သူ ဘာကို ပြင်သင့်လည်း ဆိုတာ သူသိသင့်တယ်။ ဒါကြောင့် မရွှေစုက သူ့ကို ပြင်ဖို့ ကြိုးစားမိတယ်။

“လု... နင်... စကားပြောရင် လိုရင်းတိုရှင်းပြော၊ အလုပ်သဘောမှာ မလိုအပ်တာတွေ အပိုဆာဒါးတွေ ထည့်ပြောရင် လူတွေက စိတ်မရှည်ချင်တတ်ကြဘူး။”

“ဟာ... ဒါကတော့ အဲသလို ရှင်းပြမှ သူတို့က နားလည်မှာ။ ငတုံးတွေ။”

“လု... လူတစ်ယောက်ဟာ ဘယ်လောက်ပဲ အမှားတွေ လုပ်မိဦး။ You are wrong လို့ တဲ့တိုးပြောရင် ဘယ်သူမှ မကြိုက်တတ်ကြဘူး။ You got a problem, very difficult to talk to you စသဖြင့် စကားတွေကို ရှောင်ပြီး တခြားနည်းနဲ့ ပြောရတယ်။”

“သူတို့ မှားနေတာ မှားတယ်မပြော ဘယ်လို ပြောရမှာလဲ။ why you all are so sensitive ငါကတော့ စိတ်ထဲ ရှိသလို ဟုတ်တာပြောမှာပဲ... I can't accept your thinking”

တခါတော့ လုက မရွှေစု ကို မေးတယ်။ နင်နဲ့ နင့် စီနီယာ ဘယ်သူ ပိုတော်လဲတဲ့။ မရွှေစု တို့ ဌာနမှာ မရွှေစုနဲ့ စီနီယာအစ်ကိုနဲ့ စုစုပေါင်း မြန်မာ နှစ်ယောက်ရှိပါတယ်။ စီနီယာ အစ်ကိုက RIT မှာ နှစ်တော်တော်များများ Roll No One ရခဲ့သူ၊ တကယ်ကို Genius ဖြစ်တဲ့သူပါ။ သူ့ခေါင်းဟာ အံ့သြစရာကောင်းလောက်အောင် စည်ကြီးလိုပဲ၊ တီးလိုက်တာနဲ့ တိန်ကနဲ မြည်သလို ကိုယ်သိချင်သမျှ မေးလိုက်တာနဲ့ အဖြေကအဆင်သင့်ရှိပြီးသားပဲ။ မရွှေစု ကိုယ့်ကိုယ်ကိုယ် သူ့လောက်မတတ်တာ မတော်တာ ၀န်ခံပါတယ်။ ဒီတော့... ဟယ်... ငါက သူ့ ခြေဖျားတောင် မမှီပါဘူးပေါ့။ ဟုတ်ပါတယ်။ မရွှေစု ဟာ Genius တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် လူကို လူလို ပေါင်းတယ်။ ကိုယ့်ထက် အသက် ဒါမှမဟုတ် ရာထူး ကြီးကြီး ငယ်ငယ် Respect ထားတယ်။ ယုတ်စွ အဆုံး အိမ်သာဆေး အမှိုက်ရှင်းပေးတဲ့သူကိုတောင် Thank you လို့ တွေ့တိုင်း စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ပြောတယ်။ သူတို့ ရှင်းပေးလို့ ညစ်ညစ်ပတ်ပတ် မမြင်ရတဲ့ အတွက် သူတို့ကို တကယ် ကျေးဇူးတင်တယ်။ အပေါ်ယံ နှုတ်ခမ်းဖျားက ပြောတာမဟုတ်၊ ရင်ထဲက တကယ်ခံစားရတဲ့ အတိုင်းပြောတယ်။

ပြဿနာ တစ်ခုခု ဖြစ်ရင် ကိုယ့်ဖက်ချည်း မကြည့်ပဲ သူ့ဖက်ကနေကြည့်ပြီး ကူစဉ်းစားပေးဖို့ ကြိုးစားတယ်။ ကိုယ့်ရဲ့ အားနည်းချက် ကို သိအောင်လုပ်တယ်။ မရွှေစုဟာ စိတ်တိုတတ်တယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် အမြဲ သတိထားတယ်။ စိတ်တိုတတ်ခြင်းဟာ ဆုံးရှုံးခြင်း တမျိုးလို့ ကိုယ့်အမှားကို ကိုယ်သိတယ်။ သိတိုင်း ပြုပြင်နိုင်အောင် ကြိုးစားတယ်။ လူတိုင်းကို ရိုးရိုးသား ဆက်ဆံတယ်။ အလုပ်မှာ ကိုယ်သိရင် သိတယ်။ မသိရင် မသိဘူး၊ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်တယ်။ မလုပ်နိုင်ရင် အချိန်ယူရမယ် ပွင့်ပွင့်လင်းလင်းပြောပြီး တတ်နိုင်သလောက် ကြိုးစားလုပ်တယ်။ မရွှေစုမှာ ရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ ဂုဏ်ရည်ဟာ အထူးသဖြင့် ရိုးသားခြင်းလို့ ထင်တာပဲ။ အဲသာနဲ့ပဲ သိပ်မသိ၊ သိပ်မတတ်၊ သိပ်မတော်တဲ့ သာမန်မရွှေစုဟာ ဘယ်နေရာရောက်ရောက် သူများ နောက် မကျအောင်တော့ နေနိုင်ခဲ့တာချည်းပဲ။ ပြောပြချင်တာက ကိုယ့်ထက်တော်တဲ့သူဖြစ်ဖြစ် ညံ့တဲ့သူဖြစ်ဖြစ် Respect ထားဖို့နဲ့ ရိုးသားစွာကျင့်ကြံဖို့ပဲ။

ဒါပေမယ့် ဒီစကားတွေ ကို လုကို မပြောပြမိလိုက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့...သူ့ပါးစပ်က I can't accept your thinking လို့ ပြောထားလို့ပါပဲ။

စကား စကား ဆိုပြီး နေ့စဉ်နေ့တိုင်း ဘယ်လူမျိုးမဆို ပြောနေကြရတဲ့ စကား ပြောနည်းဆိုနည်းတွေမှာ စကားအင်္ဂါ လေးတန်၊ ခြောက်ရပ်၊ စကားအရာ ဆယ်ပါးနဲ့ ပြည့်စုံရမယ်တို့၊ စကား ခြောက်ခွန်း လူ၌ထွန်း လေးမျိုးကိုပယ်၊ နှစ်ခွန်းတည်တို့၊ ရေကူးညာတင်၊ ကောက်ပင်ရိပ်လှီးစတဲ့ စကားကြီး ဆယ်ခွန်းတို့၊ စကားမွှေ၊ စကားနှောက်၊ စကားလျှောက် စတဲ့ စတဲ့ စကားအမျိုးအစားပေါင်း ရှစ်ဆယ့်ခြောက်မျိုးတို့ စသဖြင့် စကားအပြောအဆိုနဲ့ ပါတ်သက်ပြီး ရှေးလူကြီးတွေက သင်ကြား ပြသ လမ်းညွှန်ခဲ့ကြပါတယ်။ ဒီထဲမှာမှ မြတ်စွာဘုရားဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်မှာ သမ္မာဝါစာ - မှန်သော စကားကို ပြောရမယ်ဆိုတဲ့ အကျင့်မြတ်တစ်ခု ပါဝင်ပါတယ်။

ကောင်းပါပြီ...။
Right Speech - မှန်သောစကားပြောရမည်။ ကောင်းသော စကားပြောရမည်။ မှန်တိုင်း ကောင်းတိုင်း ပြောရမည်လား။ မဟုတ်ပါ။
Sincere ဖြစ်ရမည်၊ ရိုးသားရပါမည်။ ကဲ... ရိုးသားတိုင်းရော ပြောရမည်လား၊
Polite ဖြစ်ရပါမည်။ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ သူများ နားဝင်အောင် ပြောရပါမည်။ ယဉ်ကျေးတိုင်းရော လုံလောက်ပြီလား၊ မဟုတ်ပါ၊
Beneficial ဖြစ်ဖို့ လိုပါသည်။ သူ့အတွက်ရော ကိုယ့်အတွက်ရော လောကအတွက်ရော ကောင်းကျိုးဖြစ်ရပါမည်။ ကောင်းကျိုးဖြစ်ပြီ ဆိုရင်ရော အဆင်ပြေပြီလား၊
Harmonic တစ်ဦးနဲ့ တစ်ဦး ချစ်ခင် ညီညွတ်စေတဲ့ စကားမျိုး ဖြစ်ရပါမည်။ ကိုယ်ပြောလိုက်တဲ့ စကားကြောင့် တခြားသူတွေအချင်းချင်း အမုန်းမပွားစေရပါဘူး။ ဒါဆိုရင် ပြောရတော့မတဲ့လား။ နောက်ဆုံး တစ်ချက် ကျန်ပါသေးသည်။
Must be acceptable ဖြစ်ရမည်။
Right time, Right place, Right person ဖြစ်ရမည်။ ကာလံ ဒေသံ ပုဂ္ဂလံ ပေါ် မူတည်ပြီး အဲဒီအရာတွေက ကိုယ်ပြောတာကို လက်ခံနိုင်လောက်တယ်လို့ ယူဆမှ ပြောရပါမည်တဲ့။

ဒါဟာ ဘုရားဟော မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ထဲက မဂ္ဂင်တစ်ပါးပဲ ဖြစ်ပါတယ်။

မရွှေစု ဟာ ငယ်ငယ်က အင်မတန် စကားများသလောက် အခုတော့ စကားနည်းနိုင်အောင် ကြိုးစားနေမိပါတော့တယ်။

ကျေးဇူးရှင် သဲကုန်းဆရာတော် ဘုရားကြီးအား ရိုသေလေးမြတ်စွာ ရှိခိုးကန်တော့လျက်....

မေတ္တာဖြင့်...
စုချစ်
၁၈-၀၈-၂၀၁၁

++++++++++++

Tuesday, August 16, 2011

Elvis Presley Remembrance

34th year of Elvis Presley Remembrance
He died at aged 42, August 16, 1977

Whenever I see him, I feel a great pity for him...
I sketched him with this kind of feeling....

Sunday, August 14, 2011

ထူးအိမ်သင် ၇ နှစ်ပြည့် အမှတ်တရ အလွမ်း....

ထူးအိမ်သင် ၇ နှစ်ပြည့် အမှတ်တရ အလွမ်း....
၁၄ - ၀၈ - ၂၀၁၁


မေ့မရပြီ စိတ်မှာစွဲ....
ညခင်း ဆည်းဆာလေးပါပဲ...
မင်း... လမ်းခွဲသွားခဲ့...
နှုတ်ခမ်းများမှာ တောက်ပတဲ့ အပြုံးနဲ့...
ဘာကြောင့် မျက်လုံးများ ငိုနေကြလဲ...
နှလုံးသားတွေ ကွဲကြေပြီ...
မပြောလဲ သိတယ်....
....
မနက်ခင်းလေးမှာ နိုးလာခဲ့...
အရင်ဆုံး မင်းကို လွမ်းပါတယ်...
.......
.....
...
.

Wednesday, August 10, 2011

ဆရာမောင်မောင်သိုက်သို့...


ဆရာမောင်မောင်သိုက်သို့...


ပန်းချီဆရာဦးမောင်မောင်သိုက် ကွယ်လွန်ပြီလို့ ကြားရတဲ့အတွက် အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာဟာ မရွှေစုတို့ငယ်ငယ်က နွေရာသီ မြို့နယ်ပန်းချီသင်တန်းတွေမှာ အခမဲ့ စေတနာဝန်ထမ်း ကလေးတွေကို ကူညီ ပန်းချီသင်ကြား ပြသပေးခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။ ဆရာ့ပုံရိပ်ကို မြင်မိတဲ့အတိုင်းပြောရရင် ဆရာဟာ အနေအေးပါတယ်။ စကားနည်းပုံရပါတယ်။ နေတာထိုင်တာလည်း ခပ်ယို့ယို့နဲ့ ရှက်တတ်တဲ့ပုံလည်း ပေါ်ပါတယ်။ မရွှေစုစိတ်ထဲ ဆရာ့ကို အဲဒီခေတ်က နာမည်ကြီးမင်းသား စိန်မြင့်နဲ့ တူတယ်လို့ ထင်မိပါတယ်။

ဆရာဟာ စကားနည်းသူပီပီ တခြားဆရာတွေလို ပန်းချီဆွဲနည်း နိသျှည်းတွေ ဘာတွေကို အတန်းရှေ့မှာ ရှည်ရှည်ဝေးဝေး ရှင်းမပြတတ်ပေမယ့် သင်တန်းသား ကလေးတွေတစ်ယောက်ချင်းစီကို အကဲခတ်ပြီး သူတို့ဆွဲထားတဲ့ ပုံပေါ်မှာ မူတည်လို့ သိသင့်တာလေးတွေကို သူ့အရွယ်နဲ့သူ သင့်တော်သလို ရှင်းလင်းစွာ ပြောပြပေးတတ်ပါတယ်။ ဆရာဆွဲနေကျ ပုံစံမျိုးဖြစ်တဲ့ မိန်းခလေး လှလှပုံလေးတစ်ပုံကိုလည်း သင်တန်းသားတွေအတွက် သင်တန်းမှာ လက်တွေ့ဆွဲပြပေးပါတယ်။ အဲဒီတုန်းက ကလေးသင်တန်းမို့ များသောအားဖြင့် သင်တန်းမှာ ရေဆေးနဲ့ပဲ လက်တွေ့ ဆွဲကြရပါတယ်။ ဆရာကလည်း ရေဆေးအထူ၊ အပါးဆွဲရာမှာ ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။

ဆရာပန်းချီဆွဲပုံကို မှတ်မိသလောက်ပြောပြရရင် ဆွဲချက်က အင်မတန် မြန်လှပါတယ်။ စက္ကူပေါ် ခဲကြောင်းရာပြီးတာနဲ့ တပြိုင်နက် စုတ်ကလေးနဲ့ ဆေးကို တစ်ချက်တို့လိုက် လိမ်းလိုက် ရေထဲမှာ နှစ်တဲ့တခါ နှစ်လိုက်၊ လှစ်ခနဲ လှစ်ခနဲ ဖြစ်နေအောင် လှုပ်ခါသွားတဲ့ လက်ဖျားလေးများကနေ ဆေးစက်လေးတွေကျရာ တခဏမှာပဲ လှပတဲ့ မိန်းခလေးပုံက တဖြည်းဖြည်းနဲ့ အသက်ဝင်လှုပ်ခတ် လာတာကို ကြည့်ရတာ တကယ်ကို အံ့သြ ချီးကျူးချင်စရာပါ။ တခါတော့ သင်တန်းမှာ ဆရာလက်တွေ့ ဆွဲပြတဲ့ မျက်ဝန်းလေးတွေ ညို့ညို့မှိုင်းမှိုင်းနဲ့ အဝေးတစ်နေရာကို ဆွေးဆွေးမြည့်မြည့်လေး ငေးကြည့်နေတဲ့ မိန်းခလေးပုံကိုကြည့်ပြီး အဲဒီအတိုင်းမတူ တူအောင် တုပြီးဆွဲဖို့ ကြိုးစားမိပါတယ်။ ဆရာ့ရဲ့ ဆွဲပြီးသားပုံကိုကြည့်လိုက် တသွေမတိမ်း ဖြစ်အောင် ကူးဆွဲလိုက် လုပ်နေတဲ့ မရွှေစုကို တွေ့သွားတဲ့ ဆရာဟာ အတန်းရှေ့မှာရှိနေရာက မရွှေစုထိုင်ခုံနေရာကို ချက်ချင်းဆိုသလို ရောက်လာပါတယ်။ သူများဆွဲပြီးသားပုံကို အခုလို ကူးဆွဲမယ့်အစား ကိုယ်စိတ်ထဲရှိသလို ဆွဲဖို့ အရောင်လေးတွေ ဘယ်လိုစပ်ရတာလဲဆိုတာ လေ့လာဖို့ စကားသံ အေးအေးလေးနဲ့ ရှင်းပြပေးပါတယ်။ ဟုတ်တာပေါ့နော်... ဆရာဆွဲတဲ့ပုံလေးတွေဟာ ဘယ်ပုံကို ကြည့်လိုက် ကြည့်လိုက် အရောင်စပ်ထားတာတွေ လှလိုက်တာဆိုတာ အသွေးအရောင်ကလည်းဆန်း ဆွဲဆောင်မှုကလည်း အပြည့်ပဲကိုး။ အဲဒီတုန်းက ဆရာဟာ ကလေးတစ်ယောက် နားလည်စေနိုင်တဲ့ အသုံးအနှုန်းတွေနဲ့ အတတ်နိုင်ဆုံး ရှင်းပြနေရင်း ပြောပြောဆိုဆို မရွှေစုရဲ့ ပုံဆွဲစာရွက်ဘေးမှာ နမူနာပုံလေး တစ်ပုံကို ချက်ချင်းပဲ ကောက်ခြစ်ဆွဲပြပြီး သင်ပေးပါတယ်။ အဲဒီပုံလေး အခုထက်ထိ ရန်ကုန်အိမ်မှာ ရှိနေပါတယ်။

ဆရာမောင်မောင်သိုက်ဟာ မဂ္ဂဇင်းဝတ္ထုတို ၀တ္ထုရှည်တွေ အတွက် စာနယ်ဇင်း သရုပ်ဖော်ပုံတွေသာမက နာမည်ကြီး စာရေးဆရာပေါင်းများစွာရဲ့ ၀တ္ထုမျက်နှာဖုံး ပုံတွေကို သရုပ်ဖော်ဆွဲတဲ့နေရာမှာ နှစ်ပေါင်း၄၀ကျော် ယနေ့ခေတ်တိုင်အောင် ပန်းချီလောကမှာ အောင်မြင်ခဲ့တဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဆရာ့ရဲ့ ပန်းချီလက်ရေးက အင်မတန်လှလို့ တခြားပန်းချီဆရာကြီးတွေက သူတို့ ပန်းချီကားတွေမှာ ပန်းချီစာလုံးလေးတွေ ကူညီရေးဖို့ ပြောလေ့ရှိတယ်လို့ သိရပါတယ်။ ဆရာဦးအောင်သင်းရဲ့ သရက်ထောင်ဖောက်တဲ့ ပုံတူပန်းချီကို ပန်းချီဆရာဦးညိုဝင်းက ပြန်ရေးဆွဲပေးတဲ့အခါ ဆရာမောင်မောင်သိုက်ရဲ့ ပန်းချီလက်ရေးနဲ့ စာတန်းထိုးစေတယ်လို့ ဆိုပါတယ်။

ဆရာဟာ မိန်းမလှလေးတွေကို ဆွဲတဲ့ နေရာမှာ သူများနဲ့ မတူ ကျွမ်းကျင် ပိုင်နိုင်ပုံရတယ်။ ဆရာဆွဲတဲ့ မိန်းခလေးပုံတွေဟာ ချောတာလှတာထက်ပိုတဲ့ မိန်းခလေးသွင်ပြင် ချစ်စရာ သနားစရာ အမူအယာလေးတွေပါ ပါအောင် ဆွဲတတ်ပါတယ်။ အခု နောက်ပိုင်း ဆရာဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကို ကြည့်ရင် အမေစုပန်းချီပုံတူလေးတွေဟာ တည်ကြည်ချောမွေ့ရုံမက ဆရာ့လက်ရာစုတ်ချက်ကလေးတွေနဲ့ နုပျို ချစ်စရာကောင်းလွန်းလှပါတယ်။

လွန်ခဲ့တဲ့ နှစ်၂၀လောက်က မဂ္ဂဇင်းထဲမှာ ပါဝင်ခဲ့တဲ့ ဆရာကောင်းညွန့်နဲ့ ဆရာဦးမောင်မောင်သိုက်ရဲ့ အင်တာဗျူးလေးကို အမှတ်တရ ပြန်လည်တင်ပြလိုက်ပါတယ်။ အင်တာဗျူးတွေ စုစည်းပေးတဲ့ မောင်လေးကိုထက်ကို ကျေးဇူးတင်ပါတယ်။


ဆရာ့ကို ဒီစာလေးနဲ့ ရိုသေစွာ နောက်ဆုံးနှုတ်ဆက် ဂါဝရပြု လိုက်ရပါတယ်။ ဆရာ ငြိမ်းချမ်းပါစေ။

စုချစ်

++++++++++

Tuesday, August 9, 2011

မိန်းမ ကြောက်ရေး မကြောက်ရေး...

မိန်းမ ကြောက်ရေး မကြောက်ရေး...
ဒို့ အရေး... ဒို့ အရေး...


''ဟေ့ရောင်... မင်း မိန်းမ ကြောက်ရသလားကွ...''

သူငယ်ချင်းတွေက ဒီလိုအမေးမျိုးနဲ့ စူးစမ်းလာတိုင်း ကိုရေချမ်းတစ်ယောက် မကြားချင်ယောင်ဆောင်သလိုလို ဂရုမစိုက်သလိုလို ဟိုလိုလိုဒီလိုလိုနဲ့ ဘာမှပြန်မပြောပဲ ပြုံးတုံ့တုံ့နေလေ့ရှိတယ်။ တခါတခါ သူမလုပ်ချင်တာ တွေကို မိန်းမအကြောင်းပြပြီး ငြင်းလို့ ကာလို့ ရနေတော့ မိန်းမ ကြောက်ရတယ်လို့ လူတကာက ထင်နေတာပဲ တမျိုးတော့ ကောင်းသလိုလို...။


'' မင်းကြည့်ရတာ အတော်ကြောက်နေရတဲ့ ပုံစံမျိုးပါကွာ...''

မြုံစိစိ လုပ်နေတာကို မဖြေမချင်း ထပ်ကာ ထပ်ကာ မေးရုံမက မဖြေ ဖြေအောင် စွပ်စွဲလာပြီဆိုရင်တော့ တကယ်လို့ ဘေးနားမှာလည်း မရွှေစုပါ ရှိနေတယ်ဆိုရင်တော့...

''
ဟေ့ရောင်... ငါက မင်းလို ကြောက်တာ မှုတ်ဖူးကွ... ချစ်တာ... ချစ်တာ... ''

အဲသလို ဆောင့်ကြီး အောင့်ကြီး ပုံစံနဲ့ ပြန်ဖြေလေ့ရှိတယ်။ သူ့ သူငယ်ချင်းတွေကလည်း မခေပါဘူး။


'' အေးပါကွာ... ငတို့ နားလည်ပေးပါတယ်... မရွှေစုက မိန်းမ ကြောက်တယ် မပြောရဘူးလို့ မှာထားတယ် မှုတ်လား... ငါ့ကောင်ကြီးရာ... '' လို့ မနိုင်နိုင်အောင် ပြန်ပြောကြတာပဲ။

ဟိုတစ်နေ့က သူ့သူငယ်ချင်းတွေ တွေ့ကြတဲ့ပွဲ မရွှေစုက နေမကောင်းလို့ မလိုက်နိုင်ဘူး။ ကိုရေချမ်းက ပျင်းလို့ မသွားချင်ဘူး။ အကြောင်းပြချက်ကတော့ မရွှေစု တစ်ယောက်ထဲ ထားခဲ့ရမှာမို့ မလာတော့ဘူးပေါ့။ တကယ်တမ်း သူ့ဘာသာ ပျင်းပြီး မသွားချင်တာ မရွှေစုတို့က သိပြီးသား။ သူ့သူငယ်ချင်းတွေကတော့ ပြောပြီပေါ့... ဒီကောင် ... မိန်းမ မလွှတ်လို့ မလာဘူးပေါ့...။ မရွှေစုတို့ကတော့ ဒီလို ကိစ္စတွေ ခံရပေါင်းများလို့ မကျေနပ်နိုင်ဘူး။ တကယ်လည်း ကိုယ့်ကို မကြောက်ပဲနဲ့ ကြောက်တယ် အထင်ခံနေရတယ်။ လူတွေမေးတော့လည်း ကိုရေချမ်းက မိန်းမ ကြောက်ရပါတယ်လို့ ဟန်ဆောင်ပန်ဆောင်လေးတောင် ဘယ်တော့မှ မပြောဘူး။ မဖြစ်ဘူး... မဖြစ်ဘူး.. ဒီကိစ္စ ဒီည အပြတ် ရှင်းမှ ဖြစ်တော့မယ်။


''
ဒီမယ်... ကိုရေချမ်းရဲ့...''

ထမင်းလုံးစီပြီး မျက်လုံးမှေးစင်းကာ အိပ်ဖို့ပြင်နေတဲ့ ကိုရေချမ်း တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာတဲ့ ခပ်စွာစွာ အသံကြောင့် မျက်လုံးကို မဖွင့်ချင် ဖွင့်ချင် ဖွင့်ကြည့်ရတော့တယ်။


'' သူများ ပြောမယ်... နားထောင်ပေးပါ... ''

'' အေးအေး... ပြောပြော... နားထောင်နေတယ်...''

'' နောက်တစ်ခါ သူများတွေက မိန်းမ ကြောက်ရလား မေးရင် ကြောက်ရတယ် ဖြေပါ...''

'' ဟန်... ဘာလို့တုန်း... ''

အဆက်အစပ်မရှိ ပြောလာတဲ့ စကားကြောင့်
ကိုရေချမ်းတစ်ယောက် အနည်းငယ် မျက်စိကျယ်သွားတယ်။ သူ့စိတ်ထဲ တစ်သက်လုံး ထင်နေတာက မရွှေစုက သူ့ ကြောက်ရတယ်လို့ ပြောရင် မကြိုက်ဖူးလို့ပဲ မှတ်နေတာကိုး။

'' ကိုရေချမ်းတို့ဟာလေ... လှတောသားတွေလောက်တောင် မရိုးသားဘူး...''

''
လှတောသားက ဘာဖြစ်လို့လဲ...''

'' လှတောသားက ပြောတယ်လေ။ လှတောသားတွေ မိန်းမကြောက်ရလားလို့ မေးတော့... အမလေး... ကျနော်... မိန်းမ ကြောက်ရပုံများတော့ ဘာပြောကောင်းမလဲ...ဆရာကြီးရယ်တဲ့... မိန်းမကိုကြောက်ရတဲ့အတိုင်း ငယ်ငယ်တုန်းကဆရာမကို ကြောက်ခဲ့ရင် အခုနေ ပါရဂူဘွဲ့ ၁၀ခုလောက်ရလို့ ပရော်ဖက်ဆာကြီး ဖြစ်နေလောက်ပြီတဲ့... ကဲ...''

''
ဟားဟား... ဟားဟား... မိုက်တယ်ဗျာ... အဲဒီတော့ ကျနော်လည်း အဲသလို ပြောရမှာလား...''

'' အမယ်... မလှောင်ပါနဲ့... ကိုရေချမ်းတို့က မိန်းမကြောက်ရတယ်ဆိုတာ ဂုဏ်ငယ်တယ်များ ထင်နေတာလား... ဆရာကြီးဦးမင်းနွယ် ပြောတဲ့ အိမ်ထောင်ရေး အဘိဓမ္မာဆိုတာ ပြောပြရမလား...''

''
ကဲ... ဆိုပါဦး...ဆရာမရယ်... ''

''
သူ့မိတ်ဆွေတစ်ယောက်ကတဲ့... အိမ်လည်းမကပ်၊ မိန်းမကိုလည်း လခ အပြည့်မပေး၊ ပေတေပြီးပဲ နေနေတော့ မိန်းမက သိပ်ကိုစိတ်ညစ်နေတာပေါ့။ အဲဒီလူက တကယ်တော့ လူကောင်း တစ်ယောက်တဲ့... ဘယ်လိုကနေ ဘယ်လို အဲသလို ဖြစ်သွားမှန်း မသိတာတဲ့။ ဒါနဲ့ သူ့မိန်းမပုံစံကြည့်လိုက်တော့ ရုပ်ကလေး သနားကမားရှိပေမယ့် စိတ်ညစ်နေတာမို့ ဖြစ်ကတတ်ဆန်းနေ၊ စိတ်မကြည်တော့ ယောက်ျားကိုလည်း နေ့စဉ် ဆူဆူပူပူတွေလုပ်၊ အိမ်ကို ကြည့်လိုက်တော့လည်း ရှုပ်ရှက်တွေခတ်နေ၊ အဲသာနဲ့ ဆရာကြီးက ယောက်ျားကို ဆူဆူပူပူ မလုပ်ဖို့၊ အိမ်ကိုလည်း သန့်သန့်ပြန့်ပြန့်လေး နေချင့်စဖွယ်ထားဖို့၊ စားကောင်းသောက်ကောင်းတွေ ချက်ကျွေးဖို့၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ပြင်ဆင်ဆင်လေး နေဖို့ အဲဒီ အမျိုးသမီးကို အကြံပေးခဲ့သတဲ့...''

''
အင်း...''

'' အဲသာနဲ့ ၆လလောက်ကြာပြီး သူတို့ဘယ်လိုနေကြလဲ စုံစမ်းကြည့်တော့ ဒီလူနဲ့တေဖေါ်တေဖက် အပေါင်းအသင်းတွေက စကားတင်းဆိုကြတာပေါ့။ ဒီကောင် ဘာဖြစ်မှန်း မသိပါဘူး။ ပေါင်းလို့ သင်းလို့ မကောင်းတော့ဘူး... အရင်လို ခေါ်လို့လည်း မလိုက်ဘူး။ မိန်းမ ဒီလောက်ကြောက်နေတာ ဆေးများမိနေပြီလား မသိဘူးလို့ ပြောကြသတဲ့...။ ဘာလို့ဆို သူ့မိန်းမက ဆရာကြီးဦးမင်းနွယ် အကြံပေးတဲ့အတိုင်း လိုက်လုပ်တာကိုး...''

'' ဒီတော့...''

''
ဒီတော့ ... ဘာဖြစ်ရမလဲတော့... လိမ္မာတဲ့ တော်တဲ့ မိန်းမတွေကို သူတို့ယောက်ျားတွေ ကြောက်ရတာပေါ့... ဟုတ်တာလုပ်နေတဲ့သူလက်ထဲမှာ ဘယ်သူမှ မဟုတ်တာ မလုပ်ရဲတော့ဘူးပေါ့... အဲဒီတော့ မိန်းမ ကြောက်ရတယ်လို့ ပြောတာ ဘာဖြစ်လဲ... ဂုဏ်ငယ်သွားလား၊ ကိုယ့်မိန်းမ တော်လို့ ကြောက်ရတယ်ဖြစ်တော့ ကိုယ်က ပိုတောင် ဂုဏ်ရှိသွားသေးတယ်... သူများပြောတာ...မှုတ်ဖူးလား... ကဲ... ''

'' အင်း... အင်း... ဟုတ်ပါတယ်ဗျာ... ဟုတ်ပါတယ်...''

''
ဟင်း... ဒါတောင် မိန်းမကြောက်ရလို့ အောင်မြင်သွားတဲ့ ကမ္ဘာကျော်လူတွေအကြောင်း သူများ ဖတ်ထားတာတွေ ပြောပြဖို့ ကျန်သေးတယ်။ ဒီညတော့ အချိန်မရှိတော့လို့...''

အချိန်မရှိတော့လို့ လို့ မရွှေစုက ဟန်နှင့်ပန်နှင့် ပြောလာတဲ့အခါ ကိုရေချမ်းခမျာ ထိတ်ကနဲနေအောင် ၀မ်းသာသွားမိတော့တယ်။ နောက်ထပ် ဆက် နားမထောင်ရတော့ဘူးဆိုရင် ဘာပဲ ဖြစ်ဖြစ် ထောက်ခံလိုက်ဖို့က အသင့်ပြင်ထားရသေးတယ်။


'' အဲဒီတော့ နောက်တစ်ခါ သူများတကာက မိန်းမကြောက်ရလားမေးလာရင် ... အေးကွာ... ကြောက်တယ်ပဲ ပြောလိုက်... ကြောက်တယ်... ဘာဖြစ်လဲ...။ ကဲ... ကဲ... အခု သူများ ရှေ့က တိုင်ပေးမနော်.. ဘာလိုက်ဆိုရမလဲဆိုတာ ကိုယ့်ဘာသာ သိနော်... စမယ်နော်... မိန်းမကြောက်ရေး... မကြောက်ရေး...''

''
ဒို့ အရေး... ဒို့ အရေး...''

'' ဟိ...Good!!! My hubby is so smart... now you can be going to sleep peacefully....Good night....!!! ''

နောက်ဆုံးမတော့ ပြောင်စပ်ပြောင်စပ်နဲ့ ပြောပြီး အပြင်ပြန်ထွက်သွားတဲ့ မရွှေစုကို ကြည့်ပြီး ကိုရေချမ်းလည်း လွတ်ပြီ ကျွတ်ပြီဆိုကာ သက်ပြင်းလေးခိုးချ၊ သူ့မိန်းမ ရူးတူးတူး ပေါတောတောကို အလိုလိုက် ခွင့်လွှတ်နေကြအတိုင်း ခွင့်လွှတ်ပြီး သူဆိုစေချင်တဲ့အတိုင်း လိုက်ဆိုတာတွေ လုပ်ပြီးတဲ့နောက် အိပ်ဖို့ ပြင်ရလေတော့တယ်။ နို့မို့ ဆက်ငြင်းနေရင် ဒီည အိပ်ရမှာ မှုတ်ဖူးလေ...။

အိပ်နေရင်းနဲ့တော့ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး ငြိမ်းချမ်းတယ်လို့များ တွေးနေသေးလား မသိ...။


ပြီးပါပြီ...။ ။
စုချစ်

+++++++++++