Friday, May 10, 2013

စံပယ်


စံပယ် စံပယ် စံပယ်ပန်းရယ်
သင်းရနံ့ ကြူ ဖြူဖြူဖွေးတယ် ...

မူမှန် တမင်ပွင့် အဖြူခံ အဆင် နှင့်
အသွင်တင့် ယဉ်ကျေးပါပေတယ် ...
 
ငွေရည်ငွေသွေး ရိုးရိုးလေးနဲ့ မြင်သူငေးဖွယ်
ဘယ်ရှေးဆုတောင်းလဲကွယ့် စံပယ်ရယ် ...


စံပယ်
ဂီတနက်သန်ကိုစောညိန်း

Thursday, February 14, 2013

ကျောင်းအစ်မကြီးရယ်... ၀ိသာခါ

ကျောင်းအစ်မကြီးရယ်... ၀ိသာခါ... မြေးတွေရတောင် လှနေမှာ...


ကိုရေချမ်းနဲ့ မရွှေစုတို့ ဒီနှစ် ဖေဖေါ်ဝါရီလ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်မှာ ရှေ့နောက်ရက်တွေကိုပါ ခွင့်ယူပြီးတော့ မလေးရှား တရားစခန်း ကို ပထမဆုံးအကြိမ် အတူတူ တရားဝင်ဖို့ သွားခဲ့ကြတယ်။ ဦးရေချမ်း အတွက်ကတော့ ဒါဟာ ဒုတိယအကြိမ်မြောက် တရားစခန်း ၀င်ခြင်းပေါ့။ ဟိုအရင် မရွှေစု ကိုယ့်ဘာသာ တစ်ယောက်ထဲ တရားစခန်း ၀င်တိုင်း ပထမဆုံး တစ်ရက် မှာ သူက လိုက်ပို့၊ တရား ထွက်တဲ့ နေ့မှာ လာကြို၊ ကြားထဲမှာ လုံးဝ လာမတွေ့ခိုင်းဘူး၊ ဖုန်းကိုလည်း ပိတ်ထားလိုက်တာ။ ဒီအတိုင်းပဲ သူ မှော်ဘီမှာ ဘုန်းကြီး ၀တ်တော့လည်း သူ တရားစခန်းဝင်နေစဉ် လုံးဝ သွားမတွေ့ခဲ့ဘူး။


တရားစခန်းကို ဒီတခါ ၂ယောက်အတူ သွားကြမယ်ဆိုတော့ သူ့ကို ကြိုမှာထားတယ်။


“ဦးရေချမ်းနော်... ဓမ္မာရုံထဲမှာ စုပေါင်းတရားထိုင်ဖို့ လာတဲ့အခါ၊ ဆွမ်းစားဆောင်မှာ ထမင်းစားဖို့ သွားတဲ့အခါ မတော်တဆ တွေ့ကြရင် သူများကို စကားပြောဖို့ နေ နေ သာ သာ လုံးဝ မကြည့်ရဘူးနော်၊ ဒါပဲ”

“နည်းနည်းလေးတောင် ပြုံးမပြရဘူးလား... “

မန်းသားပီပီ အထွန့်မတက်ရရင် မနေနိုင်တဲ့ ထုံးစံအတိုင်း ဈေးဆစ်နေသေးတယ်။

“ဟေ့အေး... မရဘူး။ အာ... မကြည့်ပါနဲ့ဆိုတာ ဘာကို ပြုံးပြရမှာတုန်း...”

“ဒါဆိုလဲ ပြီးရော၊ ဒါနဲ့.. ထမင်းစားတာ ဘူဖေးဆိုတော့ ကျွန်တော် အလှည့်ကျမှ ကျွန်တော်ကြိုက်တဲ့ ဟင်းတွေ ကုန်သွားရင်ကော ဘယ်လို လုပ်ရမလဲ...”

“ဟင်း... သူတို့ အမျိုးသား ယောဂီတွေက ရှေ့ဆုံးက တန်းစီဝင်ရတဲ့ဟာ... မလုပ်ဘူးတာ ကြနေတာပဲ... တကတဲ... တရားဝင်ဖို့ သွားမှာလား၊ အစား စားဖို့ သွားမှာလား... ဘာတုန်း... “

မရွှေစုက ဤသို့ မာန်မဲလိုက်မှ ကိုရေချမ်းလည်း ခေါင်းလေးကုပ်ကာ ကုပ်ကာနဲ့ ငြိမ်သွားလေတယ်။

“အိပ်ရာကော ခင်းတတ်ရဲ့လား၊ အမျိုးသား ယောဂီဆောင်ဆိုတော့ သူများ လိုက်မလုပ်ပေးတော့ဘူးနော်...”

“အေးပါ... ခင်းတတ်ပါတယ်...”


ခါတိုင်း မလေးရှား တရားစခန်းအတွက် ခရီးထွက်ရတာ ဝေယျာဝစ္ဆဆိုတော့ ၂ယောက်အတူ သုံးလို့ရတဲ့ ပစ္စည်းတွေကို ၂ခုခွဲထည့်စရာမလို၊ အခုကျတော့ ကိုရေချမ်းအတွက် ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ရေချိုးခန်း အသုံးအဆောင်နဲ့ အထူးသဖြင့် အအေးမိရင်၊ နှာစေးရင်၊ ခေါင်းကိုက်ရင်၊ ဗိုက်နာရင်၊ ၀မ်းကိုက်ရင်၊ စသဖြင့် သောက်ဖို့ ဆေးတွေကို နာမည်ထိုးပြီး သတ်သတ် ထုတ်ပေးရသေးတယ်။ အ၀တ်ညစ်တွေကို ၀တ်ပြီးရင် သတ်သတ်ထည့်ဖို့ ကျွတ်ကျွတ်အိတ်၊ ချွေးသုတ်ဖို့ လက်ကိုင်ပုဝါ၊ နေ့စဉ်ဝတ်ဖို့ တီရှပ်အဖြူတွေ၊ အိမ်ကို ကြိုမှာထားတဲ့ ပုဆိုးအညိုကွက်စိပ်၊ မိုးရွာရင် ၀တ်ဖို့ မိုးကာ၊ အသေးအဖွဲကအစ အိတ်ထဲက ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကိုလည်း ပြောရသေး၊ မနက် ၄နာရီ ဆို တရားထိုင်တဲ့အချိန်အေးရင် အင်္ကျီ၂ထပ်ဝတ်ဖို့၊ ညကို စောင်ခြုံအိပ်ဖို့ အဖွားကြီးတစ်ယောက်လို တတွတ်တွတ်နဲ့ မှာရသေး။ တရားထိုင်တာ နေကောင်းကျန်းမာမှ ပိုထိုင်လို့ ကောင်းတာကိုး... နော်။


ဒါပေမယ့် မလေးရှား တရားစခန်းရောက်တော့ တခြားယောဂီတွေ ဘယ်သူမှ မရောက်သေးတာနဲ့ ကိုယ်ပဲ သူ့အတွက် ပြေးလွှားပြီး အိပ်ရာခင်း ပြင်ဆင် လုပ်ပေးခဲ့တော့တယ်။ အဲသမှာ မရွှေစုတို့ ပြောတုန်းကတော့ ကိုယ့်ကို လာမကြည့်နဲ့နော် ဘာညာ မှာတယ်၊ တရားစခန်းမှာ ရှိခဲ့တဲ့ တောက်လျှောက် ၅ရက် အတွင်း တရားဟောဆောင် စုပေါင်းတရားထိုင်ရတဲ့ ဓမ္မာရုံမှာ အချိန်ကျလို့ လူတွေလာကြရင် ဦးရေချမ်းတစ်ယောက် အချိန်မှီ ရောက်မှရောက်လာရဲ့လား၊ အိပ်ရာက နိုးမှ နိုးရဲ့လား၊ နေမှ ကောင်းရဲ့လား၊ နှာတွေ ချေနေသေးသလား၊ မျက်နှာက ကြည်ကြည်လင်လင် ရှိရဲ့လား ဆိုတာ အဝေးကနေ လူမသိ သူမသိ တစ်ချက်လောက်တော့ လှမ်းပြီး ချောင်းကြည့်မိသေး။ အဲ... သူ့မျက်နှာက နေကောင်းထိုင်သာပုံနဲ့ အေးအေးချမ်းချမ်း ရှိနေတာ မြင်ရတော့မှ အဲ့နေ့အတွက် ကိုယ့်ဘာသာ စိတ်ချလက်ချ တရားထိုင်နိုင်တော့တယ်။


ညနေရောက်ပြန်တော့ တရားစစ်ဖို့ လာရမယ့် အချိန် - အချိန်ဇယား ကပ်ထားတာကို သိမှ သိရဲ့လား စိတ် ပူရသေးတယ်၊ ကုန်းမြင့်အထက် ဓမ္မာရုံပေါ်ကနေ စင်္ကြံလျှောက် တရားမှတ်နေရင်း အောက်ဖက်လှေခါးထစ်တွေကနေ ဦးရေချမ်းတစ်ယောက် တီရှပ် အဖြူနဲ့ ကုန်းကုန်း ကုန်းကုန်း နဲ့ တရားစစ်တဲ့ဆီ တဖြည်းဖြည်း တက်လာနေတာ မြင်ရမှ ကိုယ်လည်း စိတ်ဖြောင့်ဖြောင့် နဲ့ ကိုယ့်တရားကိုယ် ဆက်မှတ်နိုင်တော့တယ်။


မနက် အရုဏ်နဲ့ နေ့လည် ဆွမ်းစားချိန်ရောက်ရင် သူတို့က အမျိုးသား ယောဂီတွေမို့ အရင်အဦးဆုံး ရှေ့ဆုံးက တန်းစီ ယူရတာကိုး၊ ဒီနေ့ ဘာဟင်းဆိုရင်... အဲတော့ တော်ပါသေးရဲ့ ဦးရေချမ်း အကြိုက်ပဲ၊ အင်း.. ဒီနေ့တော့ ဦးရေချမ်း စားနိုင်ပါ့မလား၊ သူမကြိုက်တဲ့ဟင်း ဖြစ်နေပါ့လားနဲ့၊ သူ့စားပွဲဘေးက ဖြတ်သွားလို့ ထမင်း ဟင်းတွေ တပုံတပင်နဲ့ စားနေတာမြင်ရမှ အဆင်ပြေမှာပါလေဆိုပြီး တွေးရင်း... အဲ... ဒီယောဂီတော့ ဒီလိုပုံနဲ့ ဘာမဟုတ်တဲ့ အပူတွေပူပြီး တရားတော့ ရတော့မှာပဲလို့ ကိုယ့်ဘာသာ ပြန်ဆုံးမရသေး။


တရားစစ်ဖို့ ၀င်တော့ အချိန်ဇယားမှာ မရွှေစုတို့ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ၀င်ရတယ်။ မရွှေစု တစ်ယောက် ကိုယ့်တရား ကိုယ်လျှောက်ဖို့ထက် ဦးရေချမ်း တစ်ယောက် ဘယ်လိုများ တရား လျှောက်ပါ့မလဲဆိုတာ .. စိတ်ပူပြီး သူ့စကားကို ထိုင်နားထောင်နေခဲ့သေး။ ကိုယ့်ဘာသာကိုယ်တော့ တပည့်တော် ထင်သလောက် တရားမှတ်လို့ မကောင်းဘူး ဘုရား ... သမာဓိ သိပ်မရဘူးလို့ ဆရာတော်ဆီ လျှောက်ဖြစ်တယ်၊ တကယ်လည်း ဟုတ်တယ်၊ ဟိုအရင် ကိုယ် တစ်ယောက်ထဲ တရားစခန်း ၀င်တုန်းက တရားက ခဏလေးနဲ့ တက်တယ်၊ ခုတော့ ၅ရက်မှာ တကယ့်ကို ထိုင်လို့ ကောင်းခဲ့တာ တစ်ကြိမ်ထဲရယ်၊ ကျန်တဲ့ အချိန်တွေက လုပ်တာတော့ ကြိုးစားပြီး လုပ်တာပဲ၊ ထင်သလောက် မရခဲ့တာပဲ။


အဲ... ကိုယ့်ဝမ်းနာကလည်း ကိုယ်သာသိလေ... မပူရမယ့်ဟာ ကိုယ့်ဘာသာ လျှောက်ပြီးပူပန်နေသကိုး...။ ဆရာတော်ကတော့ ထင်သလောက် ဖြစ်မလာလည်း စိတ်မပျက်ဖို့၊ တရားမတက်တာတောင်မှ ၀ိပဿနာ ပါရမီ ကုသိုလ်တွေ ရမှာပါလို့ ဖြေသိမ့်ပေးတယ်။ ပြီးတော့ ဦးရေချမ်း တရားထိုင်ဖြစ်နိုင်အောင် တိုက်တွန်းပေးနိုင်တဲ့ ကုသိုလ်ကလည်း နည်းတာမှ မဟုတ်တာလို့ မိန့်ပြန်တယ်။ တခြား ယောဂီ အန်တီတွေကလည်း ဒီနှစ်ယောက် စိတ်တူကိုယ်တူ တရား အတူ လာထိုင်နိုင်ကြတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူးကွဲ့လို့ ပြောကြပြန်တယ်။


ဒီလိုနဲ့ တရားစခန်းက ထွက်လာတော့ ဦးရေချမ်းကို မေးကြည့်ရသေးတယ်။


“တရားထိုင်ရတာ ဘယ်နှယ့်နေသတုန်း... အဆင်ပြေလား၊ ငြိမ်းချမ်းလား...”

“ဟာ... တောရိပ် တောင်ရိပ် တိတ်တိတ်ဆိတ်ဆိတ် နဲ့ ဆိုတော့ တအားငြိမ်းချမ်းတာပဲ။ တော်တော်ကောင်းတယ်ဗျာ၊ တရား ထိုင်တာလဲ ထိုင်နေရင်း နာတာကျင်တာတွေ ကျော်လွန်နိုင်တော့ လူ့ကို အေးချမ်းနေတာပဲ”

“ထမင်းစားတာရော၊ စားကောင်းလား”

“အာ... ကျွန်တော်တော့ အကုန်စားကောင်းတယ်၊ အကုန်ကြိုက်တယ်၊ အားလုံးအဆင်ပြေတယ်”

“အခန်းဖော်နဲ့ ရော စကားပြောလား... “

“မပြောဖြစ်ပေါင်ဗျာ... ကျွန်တော် မနက် ၄နာရီဆို အိပ်ရာက ထတယ်။ ၄နာရီခွဲမှာ တရားထိုင်တဲ့ ခန်းမကို ရောက်ပြီ။ နေ့လည်ကိုတော့ ဆွမ်းစားဆောင်ကပြန်လာပြီး နာရီဝက်ကျော်ကျော်လောက် နားတယ်၊ ၁၂ခွဲ အမျိုးသား ယောဂီဓမ္မခန်းမ မှာ ပြန်တရားထိုင်တာ ညအထိပဲ။”

“သူများကိုရော ရှာကြည့်သေးလား...”

“မာမီပဲ သားကို မှာထားပြီးတော့... မရှာရဘူးဆို၊ မကြည့်ရဘူးဆို... “


မရွှေစုက စိတ်ထဲကနေပဲ ကြိတ်ပြီးပြုံးနေလိုက်တယ်၊ သူ့ကို ကိုယ် အဝေးကနေ လှမ်းချောင်းတဲ့ အကြောင်းတော့ ပြောမပြပေါင်။


“အိမ်း... ဒါနဲ့... နက်ဖြန် ဗာလင်တိုင်းနေ့ ဆိုပဲ... ၊ ကျွန်တော့်ကို ဘာလက်ဆောင် ၀ယ်ပေးမှာတုန်း...”

“ဟန်... အခုပဲ... တရားစခန်းက ပြန်လာတာ... လိုချင် လောဘ ရှိနေတုန်းလား...”


မရွှေစုက ခပ်တည်တည်ပြောတော့ ဦးရေချမ်းတစ်ယောက် ပြုံးစိစိနဲ့ မရွှေစု ခေါင်းကို ပုတ်လိုက်ပြီး ဘာမှ ပြန်မပြောဘူး။ မရွှေစုက တရားစခန်းက ပြန်ပါလာတဲ့ အ၀တ်ထုတ်တွေ အိပ်ရာခင်းတွေ လျှော်ဖို့ ရှင်းဖို့ လင်းဖို့ လုပ်ရင်း စိတ်ထဲက တစ်ယောက်ထဲ ပြောနေမိတယ်။


ဒီနှစ် ဗာလင်တိုင်းဒေး လက်ဆောင်ကတော့ ဦးရေချမ်း တရားစခန်းမှာ အေးအေးချမ်းချမ်း နဲ့ အဆင်ပြေပြေ တရားထိုင်နိုင်အောင် ကူညီ ပံ့ပိုးပေးခြင်းပဲပေါ့ကွယ်လို့...။ ဒီလောက်ကောင်းတဲ့ လက်ဆောင် ရပြီးမှတော့ ဒီထက် ကောင်းတာ ဘာရှိဦးမှာလဲ...။


ဦးရေချမ်းသို့... ဗာလင်တိုင်းဒေး အမှတ်တရ...
မှ ... မရွှေစု
၁၄ ဖေဖေါ်ဝါရီလ ၂၀၁၃


+++++

Thursday, January 10, 2013

ရှန်ဂရီလာ

 Lost Horizon
by

JAMES HILTON
မြန်မာပြန် 
ရှန်ဂရီလာ 
by
မာင်ထွန်းသူ

မောင်ထွန်းသူရဲ့ ရှန်ဂရီလာစာအုပ်ကို လက်ဆောင်ပေးချင်လို့ ရန်ကုန်ပြန်တုန်းက စာအုပ်ဆိုင်တွေမှာ ရှာကြည့်ပေမယ့် မရခဲ့ပါဘူး။ အွန်လိုင်းက စာအုပ်ဆိုင်တွေမှာလည်း ရောင်းတာ မတွေ့မိဘူး။ အဲသာကြောင့် စာဖတ်သူများ အားလုံး ဖတ်ခွင့်ရနိုင်ရန် မြန်မာကျူးပစ်ဖိုရမ်မှာ ၂၀၁၁ ကတဲက စာရိုက်ပေးနေတာ အချိန်မရတာနဲ့ စာမျက်နှာ အနည်းငယ်ပဲ ရိုက်တင်နိုင်ခဲ့ပါတယ်။ အခုတော့ မောင်လေး တစ်ယောက်က သူ အဲ့ဒီစာအုပ်ရှာနေတာ ပန်းဆိုးတန်းမှာ လည်း ခြေတိုနေပြီ၊ အဟောင်းတန်းမှာတောင် ရှာလို့ မရတော့ဘူး မြန်မြန်ဖတ်ချင်ပါတယ် ဆိုလို့ စာရိုက်ဖို့ကလည်း ကြာမှာမို့ စကန်ဖတ်ပြီး တင်ပေးလိုက်ပါတယ်။ စာအုပ်က စကန်ဗားရှင်းမို့ သိပ်မကြည်လင်ရင် ခွင့်လွှတ်ကြပါနော်။ 

စာအုပ်မိတ်ဆက်
James Hilton ရေးတဲ့ Lost Horizon  (ပျောက်ဆုံးသွားသည့် မိုးကုပ်စက်ဝိုင်း) ဘာသာပြန် ဆရာမောင်ထွန်းသူရဲ့ ရှန်ဂရီလာဟာ ဒဏ္ဍာရီဆန်ဆန် ကမ္ဘာကျော် ဂန္ထ၀င်ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ ရင်ထဲမှာ တလှုပ်လှုပ်တခတ်ခတ် လွမ်းတသသဖြစ်ကျန်ရစ်ပြီး စိတ်ကူးအမျိုးမျိုး ကွန့်လူးနေမိပါတော့တယ်။ စားလည်းဒီစိတ် အိပ်လည်းဒီစိတ်နဲ့ မမြင်နိုင်တဲ့ အရပ်ဒေသတစ်ခု ငြိမ်းချမ်းရာနယ်မြေလေး တစ်ခု၊ ဘယ်သူမှ ရေရေရာရာ သေသေချာချာ မသိပေမယ့် ရှိကိုရှိနေရမယ်လို့ ယုံကြည်မိတဲ့ နေရာလေးတစ်ခုဆီကို ရောက်ရတော့မလိုလို စိတ်ကူးတွေပဲ ယဉ်နေမိပါတော့တယ်။

ဘာသာပြန်သူ ဆရာမောင်ထွန်းသူ အညွှန်းမှာလည်း “မြန်မာပြန်သူ အဖို့တော့ ဤ၀တ္ထု လော့ဇ် ဟော်ရဇုန် သို့မဟုတ် ရှန်ဂရီလာ သည် အလွန်ထူးဆန်း အံ့သြဖွယ်ကောင်းသည့် ၀တ္ထုတစ်ပုဒ် ဖြစ်သည်။ ဆင်ခြင်စဉ်းစားစရာ ကောင်းသည့် ၀တ္ထု တစ်ပုဒ် ဖြစ်သည်။ စိတ်ကူးယဉ်စရာ ကောင်းသည့် ၀တ္ထု တစ်ပုဒ်လည်း ဖြစ်နေသည်။ စာဖတ်သူများ အနေဖြင့်လည်း ဤအတိုင်းပင် ခံစားကြရလိမ့်မည်ဟု မျှော်လင့်ပါသည်။” လို့ ရေးထားခဲ့ပါတယ်။ ဆရာမောင်ထွန်းသူ ပြောခဲ့တဲ့အတိုင်း တကယ့်ကို တသွေမတိမ်း ခံစားရတဲ့ ၀တ္ထု ဖြစ်ပါတယ်။

ရှန်ဂရီလာ မိတ်ဆက်
ရှန်ဂရီလာဆိုတာ တိဗက်ဒေသမှာရှိတဲ့ ဟိမ၀န္တာတောင်တန်း ခွန်းလွန်းတောင် အနောက်ပိုင်းအဆုံးက ဒေသ တစ်နေရာမှာ ရှိတဲ့ စိတ်အေးချမ်း သာယာ ပျော်ရွှင်ဖွယ်ရာကောင်းလှပြီး ဒဏ္ဍာရီဆန်တဲ့ တောင်ကြားဒေသလေးလို့ ဆိုကြပါတယ်။ အဲဒီနေရာလေးဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိ၊ သီးခြားရပ်တည်နေတဲ့ ဆိတ်ငြိမ်းရာအရပ်လေးလည်း ဖြစ်သတဲ့။ သိမ်မွေ့နူးညံ့တဲ့ လာမာဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ နေထိုင်ကြတဲ့ အဲဒီရှန်ဂရီလာဒေသက သူတွေဟာ ဥာဏ်ပညာ အလွန်ကြီးမားကြပြီး၊ လောဘ ဒေါသ မောဟတွေ မရှိသလောက် လျော့နည်းကြတယ်တဲ့။ သာမန် လူ့သက်တမ်းထက် ပိုမိုရှည်လျားစွာ နေထိုင်နိုင်ကြတယ်လို့လည်း ဆိုကြတယ်။ ရှန်ဂရီလာဒေသမှာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ၊ လူတွေရဲ့ အတိတ်နဲ့ အနာဂါတ်ကို ပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေ အေးချမ်းစွာ တရားကျင့်ကြံ နေထိုင်လျက်ရှိကြပြီး တရားဓမ္မတွေ ထွန်းကားတဲ့ ကမ္ဘာ့ အစိမ်းရောင်နယ်မြေ အဖြစ် သတ်မှတ်ထား ပါသတဲ့။

ဆရာမင်းသိင်္ခကတော့ (Shambhala) ရှန်ဘဲလာဆိုတာကို မှီငြမ်းပြီး မဟာမြိုင်ခရီးသည်ဝတ္တုမှာ အဲဒီလို ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ မြန်မာလိုပြောရင်တော့ ၀ိဇ္ဇာ ဇော်ဂျီတွေ နေတဲ့ ဒေသအကြောင်း ရေးသားခဲ့တာ တွေ့နိုင်ပါတယ်။ ပြီးတော့ စနေမောင်မောင်နှင့်မြေလျှိုးမိုးပျံဂိုဏ်း စာအုပ်ထဲမှာလည်း ဒီရှန်ဂရီလာထဲက ဇာတ်လမ်း ဇာတ်ကွက်တွေကို ယူပြီးရေးထားတာ တွေ့ရပါတယ်။ 

စာရေးဆရာ ဂျိမ်းဟစ်လ်တန်ဟာ ဒီဝတ္ထုကို မထုတ်ဝေခင် ရှန်ဂရီလာ တည်ရှိတယ်လို့ နာမည်ကြီးထင်ရှားတဲ့ ဒေသတစ်ခုဖြစ်တဲ့ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တိဗက်နယ်စပ်နဲ့ နီးစပ်တဲ့ Hunza တောင်ကြားဒေသကို လည်ပတ်ခဲ့ပါတယ်တဲ့။ ယခုခေတ်အခါမှာတော့ အဲဒီဒေသ အနီးမှာရှိတဲ့ Skardu valley - The Hidden Paradise in Pakistan လို့ လည်းခေါ်တဲ့ တောင်ကြားဒေသကို ကမ္ဘာလှည့် ခရီးသည်များအတွက် ရှန်ဂရီလာ အပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်ထားပါတယ်တဲ့။

၂၀၀၁ခုနှစ်မှာ တရုတ်ပြည် Yunnan Province ရဲ့ အနောက်မြောက်မှာ ရှိတဲ့ တီဗက်တန်တွေရဲ့ Zhongdian ဒေသကိုလည်း ကမ္ဘာလှည့် ခရီးသည်များအတွက် ရှန်ဂရီလာဒေသလို့ တရားဝင် နာမည်ပေးခဲ့ပါတယ်တဲ့။

တရုတ်ပြည်အနောက်တောင်ဖက်စူးစူးက ယန်ဇီမြစ်ကြီး စီးဝင်ရာ အဲဒီရှန်ဂရီလာဒေသဟာ ဒဏ္ဍာရီထဲက အတိုင်း ငြိမ်းချမ်းတိတ်ဆိတ် လှပလွန်းပြီး ကမ္ဘာလှည့် ခရီးသည်များကိုလည်း အင်မတန်မှ ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ရှန်ဂရီလာ Lost Horizon ဇာတ်လမ်းအကျဉ်းချုပ်
၁၉၃၁ခုနှစ် ဗြိတိသျှတို့ အိန္ဒိယကို သိမ်းယူထားစဉ် ဘတ်စကူးမြို့ (အီရန်နိုင်ငံမှမြို့)မှာ တိုက်ပွဲတွေနဲ့ အခြေအနေ ဆိုးဝါးလာတဲ့အတွက် အဲဒီမှာသောင်တင်နေတဲ့ လူဖြူတွေဘေးကင်းရာ ပြောင်းရွှေ့ကြတဲ့အခါ ဗြိတိသျှကောင်စစ်ဝန်ကွန်ဝေး၊ သူ့လက်ထောက်အရာရှိ မာလင်ဆန်နဲ့အတူ တခြားခရီးသည်နှစ်ဦးတို့လည်း အထူးလေယာဉ် တစ်စီးနဲ့ ပက်ရှဝါမြို့ကို (ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်နားမှာရှိ) ထွက်ခွာခွင့်ရခဲ့ကြတယ်။ ဒါပေမယ့် အမည်မသိ လူစိမ်းတစ်ဦးက လေယာဉ်မူးကို တိုက်ခိုက်ချန်ထားရစ်ခဲ့ကာ ဖြတ်သန်းရခက်ခဲ မြင့်မားလှတဲ့ ဟိမ၀န္တာတောင်တန်းများနဲ့ တိဗက်တောင်တန်းများဆီသို့ လေယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်ပြီး သူတို့အားလုံးကို ခေါ်ဆောင်သွားခဲ့တယ်။ 

နောက်ဆုံး သူတို့ဆိုက်ရောက်သွားတဲ့နေရာဟာ  လမ်းပန်းဆက်သွယ်ရေး အသွားအလာ လွန်စွာ ခက်ခဲပြီး မြေပုံထဲမှာတောင် မည်သူမျှ ရှာမတွေ့နိုင်တဲ့၊ ပြင်ပကမ္ဘာနဲ့ တသီးတခြားစီရှိပြီး မြင့်မားလှတဲ့ကရာကာလ်တောင်တန်းကြီး အုပ်မိုးထားတဲ့ လေးဖက်လေးတန် တောင်နံရံတွေနဲ့ ပိတ်ဆီးကာရံနေတဲ့၊ လပြာရောင် တလက်လက် လင်းလက်တောက်ပနေကာ ထူးခြားဆန်းကြယ် လျှို့ဝှက်နက်နဲမှုအပြည့်နဲ့ ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေတဲ့ တောင်ကြားလွင်ပြင် ရှန်ဂရီလာပဲဖြစ်ပါတယ်။ 

ဒါပေမယ့် အဲဒီမှာ မထင်မှတ်နိုင်ဖွယ်ရာ ခေတ်မှီ အနောက်တိုင်း အသုံးအဆောင်တွေ ရှိတယ်။ အရသာ တမူထူးကဲလှတဲ့ ၀ိုင်တွေနဲ့ လတ်ဆတ် ချိုမြတဲ့ အစားအစာ ပြည့်ဝလုံလောက်စွာ ရှိတယ်။ ကမ္ဘာစာပေနယ်အသီးသီးမှာ အကောင်းဆုံးလို့ သတ်မှတ်ယူဆထားတဲ့ ဘယ်မှာမှ ရှာလို့မရနိုင်တဲ့ အဖိုးထိုက် အဖိုးတန် စာအုပ်များနဲ့ပြည့်နှက်နေတဲ့ အံ့မခန်း စာကြည့်တိုက်ကြီးရှိတယ်။ ကမ္ဘာကျော် မိုးဇက် တေးဂီတတွေသာမက ဘယ်အခါကမှ မထုတ်လွှင့်ခဲ့ဖူးတဲ့ ရှိုပင်ရဲ့ တေးဂီတတွေကိုပါနားထောင်ရမယ်။ ဘာသာရပ် နယ်ပယ် အသီသီးကို သုတေသနလုပ်နေသူ ပညာရှင် လာမာဘုန်းတော်ကြီး အလျောင်းအလျာတွေရှိတယ်။ ဆေးရေးပန်းချီအရုပ်တစ်ခုလို ရောင်နီဦးမှာ ပွင့်လာတော့မယ့် ပန်းပွင့်ချပ်လေးတွေလို အနူးညံ့ဆုံးနှင့် အသိမ်မွေ့ဆုံးတို့၏ အမှတ်လက္ခဏာ နုနယ်ငယ်ရွယ်လှပခြင်းတို့ရဲ့သင်္ကေတ ပန်းနုရောင်ပြေး မန်ချူးမိန်းမပျိုငယ်လေး ရှိတယ်။ 

သမုဒ္ဓရာထက် ခဏတက်တဲ့ ရေပွက်ပမာလို တိုတောင်းလှတဲ့ လူသားတို့ရဲ့ခဏတာ ဘ၀ခရီးမှာ အနိမ့်အမြင့် အတက်အကျ လှုပ်ရှားမှုဆိုတာတွေ လျော့နည်းအောင်၊ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းတရားကိုပါ အလွန့်အလွန်  နှေးကွေးစွာရောက်ရှိလာစေနိုင်အောင်၊ မြင့်မြတ်တဲ့သဘောထားတွေ စိတ်ချမ်းမြေ့ ငြိမ်းချမ်းခြင်းတွေ ပိုင်ဆိုင်လာအောင် ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်တွေ နဲ့ လမ်းညွှန်ပြသပေးမယ့် ၁၈ရာစု အစအဦးကတဲက မွေးဖွားခဲ့တယ်ဆိုတဲ့ အသက်၃၀၀ နီးပါး ထွက်ရပ်ပေါက် လာမာဂိုဏ်းချုပ်ကြီး ဖာသာပါးရော့ရှိတယ်။ 

တကယ်တော့ ဒီဝတ္တုဟာ သာမန် စွန့်စားခန်း ဒါမှမဟုတ် သာမန် လျှို့ဝှက်သည်းဖို ၀တ္တုတစ်ပုဒ် မဟုတ်ပါဘူး။ လူ့ဘ၀နဲ့ ဆက်စပ်ယှက်နွယ်နေတဲ့ အချိန်ရဲ့သဘောသဘာဝနဲ့ အရေးပါ အရာရောက်မှု  ပြဿနာကို နက်နဲသိမ်မွေ့စွာ ဇာတ်ကောင်စရိုက် ပီပြင်စွာ ဖန်တီးထားတဲ့ ၀တ္တုတစ်ပုဒ်ပဲဖြစ်ပါတယ်။

ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့ စာအုပ်ကို ကိုယ်တိုင်ပဲ အချိန်ယူ ဖတ်ကြည့် ကြဖို့ ညွှန်းလိုပါတယ်။

အင်္ဂလိပ်လို ဖတ်ချင်သူများအတွက် James Hilton ရဲOriginal Book ကိုပါ တင်ပေးလိုက်ပါတယ်။
 

ဓါတ်ပုံလေးတွေ တွေ့သမျှ တင်ပေးလိုက်ပါတယ်။

အိပ်မက်ကမ္ဘာ လမင်းပြာပြာ

Photo shows the Jinsha River turning round in Shangri-la, a mythical enchanting wonderland in Diqing County, southweat China's Yunan Province.

Photo shows the Tibetan dagobas standing at the foot of the Mount Meili in Shangri-la, a mythical enchanting wonderland in Diqing County, southweat China's Yunan Province.

Ref:
1) Wiki - Shangri-La
2)
Shangri-la, paradise on earth
3) Lost Horizon

+++++

Friday, January 4, 2013

၂၀၁၃.. လာ ... အတူ သွားမယ် !!!

2013 New Year Resolution ...
I don't want to be Great but REAL !!!
I won't be bothering with competition or any comparison !!!
I be ordinary, simple & I will enjoy my life as it is !!!
YES, I will enjoy being alive !!!

ကျွန်မတို့အတွက်၂၀၁၃ ခုနှစ်ဟာ လွန်ခဲ့တဲ့၂၀၁၂ခုနှစ် လို ရိုးရှင်းစွာနဲ့ ဖြတ်ကျော်ရအုံးမှာပဲ။ အရင်တုန်းကတော့ အခက်အခဲဆိုတာတွေ လောကဓံ ဆိုတာတွေ ကို ကျော်ဖြတ်သင့်သလောက် ကျော်ဖြတ်ခဲ့ရတယ်၊ လောကကြီးမှာ ၀ဲလည်နေသရွေ့ လောကဓံဆိုတာကတော့ တွေ့ကြုံနေရအုံးမှာပဲ။ အခက်အခဲတွေ့တိုင်း များသောအားဖြင့်တော့ မကြောက် မရွံ့ခဲ့ဘူး၊ ကိုယ့်ဘ၀က မိသားစုကို ဦးဆောင်ပေးရတဲ့ ဘ၀ဆိုတော့ ကြောက်ချင်ရင်တောင်မှ ထိုင်ကြောက်နေရအောင် အခွင့်မပေးခဲ့တာ၊ ဘေးနားက ကျွန်မရဲ့ ဘ၀အဖေါ်က စိတ်ဓာတ်အင်အား ဖြည့်ပေးခဲ့တာတွေဟာ ကျေးဇူးတင်စရာပဲ၊ ဒါကြောင့် အခက်အခဲဆိုတာ ကျော်ဖြတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်က ပိုပြီး ခိုင်မာလာမြဲ၊ ပိုပြီး စွန့်စားရဲတဲ့ စိတ်တွေ ၀င်လာစမြဲ၊ အခု အသက်၄၀ကျော်ပြီး နောက်ပိုင်းမှာတော့ အရင်လို သိပ်ပြီး Eager မဖြစ်တော့တာ တွေ့ရတယ်။

ကျန်ရှိနေသေးတဲ့ ဘ၀လေးကို အေးအေးချမ်းချမ်း နေချင်စိတ်ပဲ ၀င်လာတော့တယ်။ ဘယ်သူနဲ့မှလည်း အတိုက်အခံ မလုပ်ပါဘူး။ ကိုယ့်ကို မကြိုက်တဲ့သူ ရှိရင် အဲဒီသူနဲ့ ဝေးဝေးမှာ ရှောင်နေပေးပါမယ်။ ကိုယ့်ကို တခြားသူတွေ ချစ်အောင်လည်း တမင်မလုပ်ပါဘူး။ အရှိကို အရှိအတိုင်း နေချင်ပါတယ်။ နှိုင်းယှဉ်ချက်တွေ မထုတ်ဘူး၊ ပြိုင်လည်း မပြိုင်ဆိုင်ဘူး။ ကိုယ့်ထက် အောင်မြင် အဆင်ပြေနေတဲ့သူတွေဟာ ကိုယ့်ထက် ပိုပြီး ကြိုးစားအားထုတ်မှု ရှိခဲ့လို့ပဲ။ ကိုယ်မလုပ်လို့ ကိုယ်မရတာဟာ ကိုယ်တကယ်မလိုချင်လို့လည်း ဖြစ်မယ်၊ လိုအပ်သလောက်ကြိုးစားအားထုတ်မှု မပြုခဲ့လို့လည်း ဖြစ်မယ်။ ကိုယ့်ဘ၀မှာ မရခဲ့တာတွေဟာ ကိုယ်တကယ်မလိုချင်တာမို့ အဲသာတွေအတွက် ခေါင်းထဲထား ၀မ်းမနည်းအားဘူး။

ကျွန်မတို့ နှစ်ယောက် မနက်ဆို အတူတူ ရုံးသွား၊ ညနေ ရုံးကနေ အတူတူ ပြန်ကြ၊ အပြန်နောက်ကျတဲ့ နေ့ဆိုရင် လမ်းက အဆင်ပြေတဲ့ ဆိုင်မှာ ညစာ ၀င်စား၊ နည်းနည်းစောရင်တော့ အိမ်ပြန်ရောက်မှ ညစာချက်စား၊ ပြီးရင် သတင်းနားထောင်၊ ဘုရားရှိခိုး၊ တရားထိုင်။ အိပ်ခါနီးတော့ လောလောဆယ် ဖတ်နေတဲ့ စာအုပ်တွေ အကြောင်း သူ့ကို ပြောပြ။ တစ်ပတ်မှာ ၂ခါ ၃ခါလောက် တရားစာ ဖတ်ပြ။ သူသည် စာဖတ်ပျင်းတဲ့ အတွက် တခြားတစ်ယောက်က စာရှင်းပြသလို ရှင်းပြတာကို မျက်လုံးမှိတ် နားထောင်ရတာပိုပြီး ၀ါသနာပါသောကြောင့် ကျွန်မက စာဖတ်ပြီး ပြန်ရှင်းပြရမြဲ။ ပြီးတော့ ဖတ်တဲ့ စာအကြောင်း အပြန်အလှန် ဆွေးနွေး။ ကျွန်မ မှားနေတာ ရှိရင် သူက ထောက်ပြ ပြင်ပေး။ ၂၀၁၃ မှာတော့ သူ့ကို တရားစာ ဖတ်ပြတာ အချိန် များများ ပိုရအောင် လုပ်ချင်ပါတယ်။

စနေ၊ တနင်္ဂနွေ ပိတ်ရက် အားရက်တွေမှာ ပန်းချီ များများ ဆွဲနိုင်အောင် ကြိုးစားချင်ပါတယ်။ စာများများ ဖတ်နိုင်အောင်၊ ရေးချင်တဲ့စာတွေ တကယ်ရေးဖြစ်အောင် လုပ်ချင်ပါတယ်။ ခေါင်းထဲမှာ စီထားပြီး ပျောက်သွားတာမျိုး မဖြစ်ချင်တော့ပါဘူး။ ကျန်းမာရေး အတွက် ကိုယ်လက် ကြံ့ခိုင်မှု အနေနဲ့ မနက်စောစော ပိတ်ရက်များမှာ သူနဲ့ အတူ လမ်းထလျှောက်ဖြစ်အောင် ကြိုးစားပါမယ်။

နှစ်ဘက်မိဘ လူကြီးတွေ အသက်ကြီးလာကြပြီမို့ သူတို့ အတွက် ကျန်းမာရေးကို အထူးဂရုပြု စောင့်ရှောက်ပေးရပါမယ်။ လိုအပ်တဲ့ ဆေးတွေ ဒီကနေ ရှာကြံ ၀ယ်ပြီး ပို့ပေးတယ်။ တရား အလုပ် များများ လုပ်ဖြစ်အောင် သားသမီးတွေ အတွက် စိတ်မပူရအောင် တိုက်တွန်းရမယ်။

ကိုယ်တွေအတွက်ကတော့ ဖေဖေါ်ဝါရီလလယ် တရုတ်နှစ်သစ်ကူးမှာ မလေးရှား တရားစခန်းဝင်ဖြစ်မယ်။ အဲဒီ မလေးရှား တရားစခန်းက ၆ဧကလောက်ကျယ်တဲ့ တောင်ကုန်းတွေ ပတ်လည် ၀န်းရံနေတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးထဲမှာ လုပ်မှာ၊ မနှစ်ကတော့ ဗော်လံတီယာ လုပ်မယ့်သူ နည်းနေလို့ ဗော်လံတီယာ လုပ်ပေးရတယ်၊ ဒီနှစ်တော့ အေးအေးချမ်းချမ်း တရားထိုင်ချင်တာမို့ လုပ်အားပေး အတွက် တခြား ငယ်တဲ့သူတွေ ရှာပါလို့ ဘုန်းကြီးကျောင်းကို ကြိုတင်တောင်းပန်ထားတယ်။ ဟိုးအရင် ဘယ်တုန်းကမှ တရားကို စိတ်ဝင်စားသူ မဟုတ်တဲ့ သူကိုယ်တိုင် တက်တက်ကြွကြွ နဲ့ တရားဝင်ချင်နေတာတွေ့ရလို့ ၀မ်းသာမိတယ်။ သူဟာ ကျွန်မ ကို ဘ၀မှာ ဖြောင့်ဖြောင့်တန်းတန်း နဲ့  စိတ်ချမ်းသာစွာ လျှောက်လှမ်းနိုင်အောင် စောင့်ရှောက်ကူညီပေးတဲ့သူ တနည်းအားဖြင့် ကျွန်မရဲ့ ကျေးဇူးရှင်လို့ ပြောနိုင်သမို့ ကိုယ့်ကြောင့် သူဟာ တရားကို စပြီး စိတ်ဝင်စားလာတာဖြစ်လို့ ဒီနည်းဟာ ကျွန်မရဲ့ ဘ၀အဖေါ်မွန်ကို အကောင်းဆုံး ကျေးဇူးဆပ်နည်း လို့ ထင်တာပါပဲ။

ကျွန်မတို့ မတ်လမှာ ခရီးတိုလေး တစ်ခု ထွက်မယ်၊ သူက ရုံးအားရက်မယ် ၃ - ၄ရက် လောက် လျှောက်လည်ချင်တယ် ပြောလို့ လေယာဉ်လက်မှတ် ဟော်တယ် ဘုတ်ကင်ကြည့်ရအုံးမယ်။

နှစ်လည် မေ၊ ဇွန်လ မှာတော့ ကျွန်မတို့  မြန်မာပြည်ပြန်ဖြစ်မယ် ထင်ပါတယ်၊ ဒီတစ်ခါ သူ့ အဖေ နဲ့ အမေကို ခေါ်ပြီး ငပလီ လိုက်ပို့ဖို့ စီစဉ်ထားတယ်။ ငပလီကို ပြည်၊ တောင်ကုပ်ကနေ တဆင့် အိမ်က ကားကို မောင်းပြီး သွားမယ်။ ပြည်မှာ အိပ်မယ်။ တောင်ကုပ် က ဆရာအိမ်ကို ၀င်လည်မယ်။ ပြီးတော့ ငပလီမှာ ၃ည နေမယ် ဆိုလားပဲ။ ဒါတော့ နီးမှပဲ ဟော်တယ်တွေ စုံစမ်းတော့မယ်။ နောက်နှစ်ဝက် ၂၀၁၃ နှစ်ကုန်ပိုင်း အတွက် ခရီး ထွက်ချင်တဲ့ အစီအစဉ်လည်း နီးမှပဲ စဉ်းစားမယ်။

အလုပ် အနေနဲ့တော့ လက်ရှိ နှစ်ယောက်စလုံးရဲ့ အလုပ်က အဆင်ပြေတဲ့ အတွက် ဘယ်ကိုမှ ပြောင်းဖို့ ပြုဖို့ မတွေးမိဘူး၊ ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ပေးဖို့ပဲ ခေါင်းထဲရှိတယ်။

အချုပ်အားဖြင်တော့ ၂၀၁၃ခုနှစ် မှာ ကျွန်မတို့ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်  ကောင်းအောင်၊ သတိနဲ့ နေနိုင်အောင် ကြိုးစားပါမယ်။ ပြီးတော့ ကိုယ့် အနီးအနား မှာ ရှိတဲ့ မိဘ မောင်နှမ ဆွေမျိုး သားချင်း မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကို စိတ်ချမ်းသာအောင် စောင့်ရှောက် ကူညီနိုင်သူများ ဖြစ်ချင်ပါတယ်။

ကိုယ်ဟာ ခုချိန်ထိ သတိတရား နဲ့ အသက်ရှင်ပြီး နေနိုင်သေးတာကို ကျေးဇူးတင်ပါတယ်။

+++++