Friday, December 19, 2008

Office Gathering

ဒီနေ့ ၁၉ရက်ကစပြီး (shut down) ရုံးပိတ်တာ နောက်နှစ် ၂၀၀၉ ခု ဇန်န၀ါရီ ၅ရက်နေ့မှ ရုံးပြန်တက်ရမယ်။ Senior Director - Chris က orchard က ဆာကူရာမှာ နေ့လည်စာကျွေးတယ်။ ကိုယ်တို့ dept. က လူ ၅၀လောက်တက်ကြတယ်။ WS ကားနဲ့ ကိုယ်ရယ်၊ YC ရယ်၊ Liaw ရယ်၊ TC Tan ရယ် ၅ယောက်သား ၁၁နာရီလောက်ကတဲက ရုံးက ထွက်လာခဲ့ကြတယ်။ WS က ကားကို ပလာဇာ စင်ကာပူရမှာ ရပ်တယ်။ အဲသည်မှာ ကားပတ်ကင်ခ အသက်သာဆုံးဆိုပဲ။ အဲဒီတော့ centre pt ထိရောက်အောင် လမ်းထပ်လျှောက်ရသပေါ့။

ဆာကူရာ ဘူဖေးကလည်း စားလို့ သိပ်မကောင်းပါဘူး။ နည်းနည်းပဲ စားတာပါ... ဒီမှာလေ... ဟီး...။

စားလည်းပြီးရော... ထုံးစံအတိုင်း Chris က မိန့်ခွန်းချွေပေါ့။ ပြီတော့ ကံစမ်းမဲ ဖေါက်ကြတာပေါ့လေ...။ ပြောချင်ပါဘူး။ ဒီရက်ပိုင်း အတွင်း ရုံးမှာ ကံစမ်းမဲ ၃ခါတောင်လုပ်ကြတာ...။ ပေါက်မဲက Apple ipod တွေ...။ မစုချစ်တို့များ ၃ခါစလုံး ဘာဆိုဘာမှ ရပါဘူး......။ အိတ်လောက် ကံစမ်းမဲ နဲ့ အကျိုးပေးတာ... ဟွန်း...။

ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဓါတ်ပုံလေး ဘာလေး ရိုက်ကြ...။ Chris နဲ့ တောင် အမှတ်တရ ဓါတ်ပုံတွဲရိုက်လိုက်သေး။ အိတ် ... လူညစ်ပတ်ကြီးတွေက Chrisနဲ့ ကိုယ်တွဲပြီး ဓါတ်ပုံရိုက်တော့ Chris ကို ကိုယ့်ပုခုန်းဖက်လိုက်လေလို့ ၀ိုင်းအော်ကြသေးတယ်။ တော်သေးတာပေါ့... Chris က လူနောက်မဟုတ်လို့....။

ကိုယ်တို့ ဘော့စ် Manoj က ဒါပြီး ရုံးပြန်မှာလား လာမေးနေသေးတယ်...။ ကိုယ်က နှုတ်သီးချွန်ချွန်နဲ့ ...ဘာလို့ ပြန်ရမှာလဲလို့.... ဆိုပြီး ပြန်ပက်တော့... တဟားဟားနဲ့ ရယ်ပြီးထွက်သွားတယ်။ အေးလေ... ပြန်သွားစရာလား...လို့။

အိတ်ကအပြန် YC နဲ့ ၂ယောက်သား North Bridge Rd က Straight commercial arts ကို သွားကြတယ်။ ကိုယ်ပန်းချီဆေးတွေ ၀ယ်စရာရှိတာ ဆိုင်ရှင်က သူ့သူငယ်ချင်းမို့ YC က အဖော်လိုက်ပေးတာ...။ ပန်းချီင်္ဆေးတွေ လောဘ ကြီးကြီးနဲ့ ၀ယ်လိုက်တာ ၄၀၀ဖိုး နီးပါး။ တလောက ၀ယ်ထားတာနဲ့ ပေါင်းလိုက်ရင် ၆၀၀နီးပါးဖိုးရှိနေပြီ။ ပန်းချီကားတွေ ဈေးကြီးတာပဲ သိကြတာနော်...။ ပန်းချီဆေးတွေ၊ Materials တွေ ဈေးကြီးတာ ဘယ်သူမှ သိဘူးရယ်။

အိတ်ကအပြန် YC က မြန်မာလက်ဘက်ရည် သောက်ချင်တယ်ဆိုလို့ ပင်နီဆူလာက အင်းဝကိုခေါ်သွားလိုက်တယ်။ ပြီးတော့ သူက နေကြာစေ့ပါစားချင်တယ်ဆိုလို့ အပေါ်ထပ်တက်ပြီး မြန်မာနေကြာစေ့ပါ လက်ဆောင်ဝယ်ပေးလိုက်ရတယ်...။

ဝယ်ထားတဲ့ ပန်းချီဆေးတွေ ကြည့်ပါဦး...။
ပန်းချီဆွဲဖို့ကတော့ အသင့်ပဲ....။ ကဲ... ဒီ၂ပတ် ပိတ်ရက်မှာ ဆွဲပါလေတော့..........။

Wednesday, December 10, 2008

ချစ်ဖေဖေ

ဒီနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့က ဖေဖေ့မွေးနေ့လေးပါ။

ဖေဖေ့အကြောင်းတွေရေးမယ်ဆိုရင် တခြားဘာမှ မစဉ်းစားမိဘူး။ ဖေဖေ့ရဲ့ ကျေးဇူးတွေပဲ သတိရပြီး ထိုင်ထိုင် ရှိခိုးချင်စိတ်ပဲပေါက်တယ်။ ပြီးတော့ မိသားစုနဲ့ မနေခဲ့ရတဲ့ အမိမဲ့သားရဲ့ ငယ်ဘ၀လေးကိုတွေးပြီး မျက်ရည်ဝဲမိ၊ တဆက်ထဲ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘ၀ကို မြင်ယောင်ပြီး အားကျစိတ်တွေ တဖွာဖွား ဖြစ်ပေါ်လာမိတယ်။

ဖေဖေက ဘယ်သူနဲ့မှ မတူ တမူထူးခြားတဲ့ ဖခင်တဦးပေါ့။ သားသမီးတွေအတွက်ဆိုရင် ကိုယ့်ကိုယ်ကို အနစ်နာခံ တတ်နိုင်သမျှ ဘာမဆို လုပ်ပေးမယ်ဆိုတဲ့ ဖခင်စိတ်အပြည့်နဲ့ လူသားတစ်ယောက်ပေါ့။ သမီး၃ယောက်မှာ မမကြီးက ငယ်ငယ်ကတဲက ဉာဏ်သိပ်မကောင်းဘူး။ ကိုယ်နဲ့ မမကြီးက ၂နှစ်ကွာတယ်။ ကိုယ်က စာတပိုဒ်ကို ၅မိနစ်လောက်ဖတ်ပြီး ရတဲ့ အချိန်မှာ မမကြီးက တနေ့လုံး ကျက်လို့ မမှတ်မိသေးဘူး။ ဒါကို ဖေဖေက မမကြီး မေမေ့ ဗိုက်ထဲရှိတုန်း သူဆေးလိပ်တွေသောက်လို့ သူ့ကြောင့်ဖြစ်ရတာဆိုပြီး တက်တခေါက်ခေါက်နဲ့...။ ငါ့သမီးကြီး ဘာမှ မပူနဲ့...။ ဖေဖေတစ်ယောက်လုံးရှိတယ်။ သူများလောက် ဉာဏ်မကောင်းလဲ ဘာဖြစ်လဲ...။ ၀ိရိယကောင်းရင် ဉာဏ်ကောင်းတဲ့ သူတွေ ထက်သာတယ်... ဆိုပြီး အမြဲအားပေးလေ့ရှိတယ်။

ကိုယ်နဲ့ ညီမလေး တို့ ကျောင်းမှာ အဆင့်နည်းနည်းလေးကျသွားရင် အဆူခံရ၊ တခါတလေ တုတ်နဲ့ပါ အဆော်ခံချင်ခံရမယ်။ မမကြီး အမှတ်နည်းတာတို့၊ တခါတလေ တချို့ဘာသာတွေ ကျတာတို့တောင် ဖေဖေက ဘယ်တော့မှ မဆူဘူး။ အဲဒီဘာသာအတွက် မမကြီးကို ကိုယ်တိုင် ဂိုက်လုပ်ပြီး သင်ပေးတယ်။ အားမလျှော့အောင် အားပေးတယ်။ ဖေဖေ့ရဲ့ မေတ္တာနဲ့ မှန်ကန်တဲ့ အားပေးမှုကြောင့် ဆွေမျိုးတွေ အားလုံးက အထင်သေး၊ ဆယ်တန်းတောင်အောင်မှာ မှုတ်ပါဘူးလို့ မှတ်ယူထားခြင်းခံရတဲ့ မမကြီးဟာ.... ဒီနေ့မှာ ဘွဲ့လွန်တွေလည်းရတဲ့ ဘွဲ့၃ခုပိုင်ရှင်၊ နိုင်ငံခြား သုတေသန ခရီး တွေလည်းသွားရတဲ့ အထင်ကရ သုတေသန လုပ်ငန်းမှာ အရာရှိကြီး တစ်ယောက် အဖြစ် ခန့်ခန့်ထည်ထည် ရှိနေပါပြီ။

ကိုယ်နိုင်ငံခြားမှာ ဘွဲ့လွန် တက်ချင်တော့လည်း ဖေဖေက သမီး... ဘာမှ အားမငယ်နဲ့။ စာကိုပဲ ကြိုးစား... ပိုက်ဆံအတွက် ဖေဖေ ရအောင်ရှာပေးမယ်လို့ ပြောခဲ့တာ မှတ်မိနေတယ်။ ကိုယ်က ဟိုစပ်စပ် ဒီစပ်စပ်သမားဆိုတော့ ဖေဖေက ကိုယ့်ကို ဘက်စုံ ထူးချွန်စေချင်တယ်။ ငယ်ငယ်ကတဲက ကိုယ့်ကို ပန်းချီသင်တန်းတွေ ပို့တယ်။ ကြက်ခြေနီသင်တန်းတက်ရတယ်။ ဒီကြားထဲ မြန်မာမိန်းကလေး ဆိုတာ ရိုးရာ အနုပညာ အတီးအမှုတ်တခု တတ်ရမယ်ဆိုပြီး စောင်းတီးလည်း သင်ခိုင်းသေးတယ်။ ပတ္တလားကိုလည်း အတီးလေ့ကျင့်စေတယ်။ နိုင်ငံခြားထွက်ခါနီး ရုပ်သေးဆွဲနည်း သင်ခိုင်းနေလို့ ဖေဖေရယ်... သမီး နောက်မှ ပဲ သင်တော့မယ်..လို့ ပြောရသေးတယ်။ တလောက အမေရိကန် မိတ်ဆွေက မြန်မာ့ ရုပ်သေးအကြောင်းမေးနေလို့.. အော် ... ဖေဖေ့ စကားနားထောင်ပြီး သင်ခဲ့ရင်... ကောင်းသားလို့ တွေးမိသေးတော့တယ်။

ဖေဖေနဲ့ ပါတ်သက်ပြီး စဉ်းစားလိုက်ရင် မကုန်နိုင်၊ မခန်းနိုင်တဲ့ ဖေဖေ့ ကျေးဇူးတွေက အများကြီး၊ တသီတသန်းကြီး ထွက်ပေါ်လာ စမြဲပဲ...။ ရေးလို့လည်း ကုန်နိုင်မယ် မထင်ပါဘူး။

ချစ်ဖေဖေ...ကျန်းမာ၊ ချမ်းသာစွာ တရားဘ၀နာပွားများနိုင်ပြီး၊ အသက်ရာကျော်ရှည်ပါစေ...။

သမီးလတ်
ခေတ္တ အဝေးတနေရာ

၁၀ - ဒီဇင်ဘာ - ၂၀၀၈

Wednesday, November 19, 2008

စာစီစာကုံး

Image from http://www.fotosearch.com/

သူငယ်ချင်းတွေက စာစီစာကုံးအကြောင်းတွေ ပြောလာတော့ စာစီစာကုံးနဲ့ ပါတ်သက်ပြီး ကိုယ်ငယ်ငယ်က ဘာဆုမှ မရဘူးပါဘူး။ မရဘူးဆို ပြိုင်ပွဲလည်း ၀င်မှ မ၀င်ဖြစ်ပဲကိုး။ မှတ်မှတ်ရရ ၁၀တန်းမှာပဲ တခါလား မြို့နယ်အတွက် ၀င်ပြိုင်ဘူးတယ်။ အထိမ်းအမှတ် နေ့တခုခု အတွက်ပဲ။ ဘာနေ့ အတွက် ဆိုတာတောင်မမှတ်မိတော့ဘူး။ ကိုယ်တို့ မြန်မာစာ သင်တဲ့ ဆရာမက ကိုယ့်ကို အားကိုးလို့ ဆုရစေချင်တော့ ပေါ်လစီ စာအုပ်တွေ ဖတ်ခိုင်းပြီး ထည့်ရေးဖို့ ပြောတယ်...။ အဲသာမှ ဆုရမယ်လို့ ပြောသကိုး။ ဟုတ်ကဲ့... ဟုတ်ကဲ့ ပြောပြီး ... ဆရာမ ပေးတဲ့ စာအုပ်ကို စာအုပ်စင်ပေါ် တရိုတသေ သိမ်းထားလိုက်တယ်။ အိတ်မှာ ... ဆုလည်း မရပါဘူး။ တတိယဆုတောင် မချိတ်ဘူး။ ဆရာမခမျာ... သမီးရယ်... ညည်း ရေးရင် ဖြစ်ရဲ့သားနဲ့ အပျင်းကလည်းကြီးတယ်...။ ဘာလို့ အားကြိုးမာန်တက်မလုပ်ရလဲဆိုပြီး ဂရုဏာဒေါသောနဲ့ပေါ့...။

အင်း... ၁၀တန်းအောင်တော့လည်း မြန်မာစာဂုဏ်ထူး မပါခဲ့ပါဘူး။ ၇၂ လား ၇၃ လားနဲ့ ကပ်ကျန်တယ်။ မြန်မာစာအနေနဲ့ ဘာ ကျူရှင်မှ မတက်ခဲ့ဘူးဘူး။ သူများတွေ ဆရာဦးတင်မိုး၊ ဆရာဦးအောင်သင်း၊ ဂုဏ်ထူးဦးသိန်းနိုင်တို့ ဆီမှာ သင်တယ်လို့ အပြောနဲ့ ကြားပြီး သွားရည်ယိုခဲ့... တက်ချင်ခဲ့ဘူးတယ်။ ဒါပေမဲ့လည်း... အိမ်ကို ဒုက္ခမပေးချင်တာနဲ့... အင်္ဂလိပ်စာနဲ့ မြန်မာစာကို ဘယ်မှာမှ ကျူရှင်မယူခဲ့ဘူးဘူး။ ဖေဖေ၀ယ်ပေးတဲ့ ဒို့ကျောင်းသား၊ မိုးသောက်ပန်း၊ ရွှေသွေး၊ ဂါးဒီယန်း အားကိုးနဲ့ စာမေးပွဲမှာ လူတွင်ကျယ်ခဲ့သပေါ့။ ဒါတောင် အင်္ဂလိပ်လိုဆို ပျင်းပြီး ကျော်ကျော် ဖတ်တော့ အင်္ဂလိပ်စာက ၁၀တန်းမှာ နံကြားထောက် ဂုဏ်ထူးထွက်ခဲ့သော်လည်း ခုချိန်ထိ ခွေးအကြီး လှည်းနင်းသလို ဖြစ်ဖြစ်နေတုန်း။

ဘ၀မှာ ၀တ္ထုရှည်အနေနဲ့ ပထမဆုံးဖတ်ဘူးတာကတော့ ၅၅၀နိပါတ်တော်ပေါ့။ ငယ်တုန်းက ကိုယ်တို့က တကယ်ကို ရှေးရိုးဆန်တဲ့ အဖိုးအဖွားလက်ထဲမှာ ကြီးပြင်းလာတယ်ဆိုတော့ အဖိုးအဖွားက အပြင်စာတွေ ပေးမဖတ်ဘူး။ တရားဟောမဟုတ်ပဲ ဇာတ်လမ်းဆင်ရေးထားတာ မဖတ်ကောင်းဘူး... ငရဲကြီးတတ်သတဲ့။ ကိုယ်ကလည်း စာဖတ်ဝါသနာပါတော့ ရှိတဲ့ ဘုရားစာအုပ်တွေကပဲ နားမလည်တဲ့ ပါဌိတွေကိုကျော်ပြီး လှိမ့်ပိန့်ဖတ်ပေါ့။

၅တန်းအောင်ပြီး ၆တန်းတက်မဲ့ နွေရာသီ ကျောင်းပိတ်ရက် တနေ့ခင်းမှာ မှတ်မှတ်ရရ ဖေဖေက ဘာသာပြန်ဝတ္ထုစာအုပ်လေးပေးဖတ်တယ်။ အဲသာကတော့ ပေါ်လီယာနာ။ လိုချင်တာမရရင် ခြေဆောင့်၊ စိတ်ကောက်တတ်တဲ့ သမီးကို ဖေဖေက ၀မ်းသာတမ်း ကစားတဲ့နည်း တဖက်လှည့်နဲ့ သင် ပေးခဲ့တာလေ။ ဒါနဲ့ အပြင်ဝတ္ထုတွေ တဖြည်းဖြည်းဖတ်တတ်လာတယ်။ အဖေကြီးနဲ့ အမေကြီး (အဖိုး နဲ့ အဖွား) မသိအောင်တော့ ဖတ်ပေါ့။ သိသွားရင် တရားအရှည်ကြီး နာနေရတတ်လို့...။

တကယ်ဆို ... ဖေဖေမှာက အင်္ဂလိပ်စာအုပ်တွေ၊ မြန်မာစာ ရှေးဟောင်းစာအုပ်တွေ အများကြိးရှိတယ်။ ဖေဖေက စာဖတ်ဝါသနာပါ၊ စာအုပ်စုရတာဝါသနာပါတယ်။ သူ့စာအုပ်ဘီဒိုမှာ အင်္ဂလိပ်စာအုပ်တွေ၊ ရှေးဟောင်းသုတေသန စာအုပ်၊ ဗေဒင်၊ ဘာသာရေး၊ စွယ်စုံကျမ်း၊ မြန်မာဝတ္ထု၊ ဘာသာပြန် ၀တ္ထု၊ ကဗျာ၊ သတင်းစာ စသဖြင့် အမျိုးအစားစုံစုံလင်လင်ကို ရှိတာ...။ သာပေမဲ့ စာအုပ်ဘီဒိုကို ဖေဖေ က သော့ခတ်ထားတယ်။ အထူးသဖြင့် ကိုယ်က မွှချင်တိုင်းမွှတတ်တော့ ဖေဖေက... ခုတော့ ဒါတွေ မဖတ်နဲ့ဦး... သမီး၁၀တန်းအောင်ရင် အပိုင်ပေးမတဲ့။ ၀မ်းနည်းစရာ ကောင်းတာက အိတ်စာအုပ်တွေကို... ကိုယ်မပိုင်ခဲ့လိုက်ပါဘူး။ ငွေအလွန် အင်မတန် ကျပ်ခဲ့တဲ့ တနေ့ ( ကိုယ် ၆တန်းနှစ် နွေရာသီမှာပဲ ) မှာ တန်ဖိုးရှိတဲ့ ရှေးဟောင်းစာအုပ် တော်တော်များများကို ( အိတ်စာအုပ်ဘီဒို တခုလုံးနီးပါးပါပဲ) ရောင်းလိုက်ရတယ်။ မေမေကနေမကောင်းဘူး၊ ဆေးကုဖို့ ငွေလိုတယ်။ ရလာတဲ့ ပိုက်ဆံ အရင်းအနှီးနဲ့ အိမ်မှာ ကုန်စုံဆိုင်လေး ဖွင့်ဖြစ်ခဲ့တယ်။ စာအုပ်များမှ ပေးတဲ့ အရင်းအနှီး မတန်မရာပေါ့။ အိတ်တုန်းက မျက်ရည်တွေ ၀ဲနေတဲ့ ဖေဖေနဲ့ အပြိုင် ကိုယ်လည်း စာအုပ်တွေကို နှမျောလွန်းလို့ ငိုမိခဲ့ဘူးတယ်။ ခုထိတော့ ဟိုးတုန်းက (ဗိုလ်ချုပ်အောင်ဆန်းခေတ်က) သတင်းစာအဟောင်းတွေ ရှိသေးတယ်။ ( စကားချပ်။ အဆင်ပြေတဲ့ တနေ့ စကန်ဆွဲပြီး တင်ပေးပါ့မယ်။)

အယ်... စာစီစာကုံးအကြောင်းပြောရင်း တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပါပြီ။ ဆက်ရရင်... ကိုယ်က စာဖတ်လည်း ဒီလောက်နာတဲ့သူ မှုတ်ဘူး။ စာစီစာကုံးဆုလည်း တခါမှမရဘူးဘူး။ ကြံကြံဖန်ဖန် ကီသွင်းပြီး စဉ်းစား ကြွားရရင် တက္ကသိုလ်ပထမနှစ်မှာ လက်တန်းရေးခိုင်းတဲ့ စာစီစာကုံး ကို ဆရာမက သဘောကျလို့ အတန်းသားတွေရှေ့မှာ ဖတ်ပြခဲ့ဘူးတာလေးရယ်၊ ၈တန်းတုန်းက ကိုယ်ရေးတဲ့ ခရီးသွားတဲ့ အကြောင်း အင်္ဂလိပ်အက်ဆေးတပုဒ်ကိုလည်း (အဲသာကတော့ ဟိုက ဒီက ကူးချထားတာ... ဟိ) ဆရာမက excellent ဆိုပြီး အတန်းကို ဖတ်ပြပေးခဲ့ဘူးတာရယ်ပဲ မှတ်မှတ်ရရရှိပေါ့...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Monday, November 17, 2008

သာသနာ သက္ကရာဇ်

သာသနာ သက္ကရာဇ် ကိုဘယ်လို ကြည့်မလဲဆိုရင်...

လက်ရှိခရစ်သက္ကရာဇ်ကို ၅၄၄ နဲ့ပေါင်းပြီး အလွယ်တွက်ကြည့်လို့ ရပါတယ်နော်။
သာသနာ သက္ကရာဇ် = ၅၄၄ + ခရစ်သက္ကရာဇ်
................................= ၅၄၄ + ၂၀၀၈ = ၂၅၅၂

ဆိုတော့ အခု ခရစ်သက္ကရာဇ်၂၀၀၈ခုနှစ်မှာ သာသနာ သက္ကရာဇ် ၂၅၅၂ ရှိပါပြီ။

ပိုပြီးအသေးစိတ် သိချင်ရင်တော့ ဒီလင့်လေးကနေ ကြည့်ကြည့်လိုက်ပါကွယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, November 11, 2008

ကွန်ဒိုထက်တော့ တန်ပါတယ်

Image from http://www.fotosearch.com/
တနေ့က မတွေ့တာကြာပြီဖြစ်တဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ၊ အဆောင်မှာ အတူတူနေခဲ့တဲ့ အစ်မတွေနဲ့တွေ့ဖြစ်ခဲ့တယ်။ မတွေ့တာ ကြာပြီဆိုတော့ အားရ၀မ်းသာ နှုတ်ဆက်ကြ၊ စကားပြောကြ၊ သူ့အကြောင်း ကိုယ့်အကြောင်းမေးကြ၊ မြန်းကြနဲ့ စကားတွေပြောလို့ကို မကုန်နိုင်ဘူး။ တော်တော်များများ ကိုယ့်ကို သြဘာပေးကြတာကတော့... နင့်နှယ်ဟယ်...ခုထိလည်း ကလေးမယူသေးပါလား၊ အလုပ်တွေပဲ ကျုံးလုပ်မနေနဲ့၊ ပိုက်ဆံ တွေ ထားစရာ နေရာမရှိပဲ နေဦးမယ်တဲ့။

ဒါနဲ့... စကားတွေ ပေါက်ပေါက်ဖောက်သလိုပြောရင်း စပ်မိစပ်ရာ စီးပွားရေးအကြောင်းတွေ ရောက်သွားတော့... ဘယ်သူကတော့ အလုပ်ထွက်ပြီး ဘာစီးပွားရေးလုပ်နေတယ်... ဘယ်လို အမြတ်တွေရတယ်... ဘယ်သူကတော့ အပိုဝင်ငွေ ဘယ်လို ရှာတတ်တယ်... စသဖြင့် သွားရည်ကျစရာပေါ့။ တချို့ကျတော့လည်း... သူတို့ကတော့ ဘာစီးပွားရေးမှလည်း မလုပ်တတ်တာမို့... ရှိတဲ့ ပိုက်ဆံလေးနဲ့... ရန်ကုန်မှာ အိမ်တွေ... ခြံတွေ ၀ယ်ထားသတဲ့။ အသက်ကြီးတဲ့ အချိန် ပြန်သွားရင် အဆင်သင့်နေနိုင်အောင်တဲ့။ နောကတစ်ယောက်ကတော့ ရန်ကုန်မှာပဲ ကွန်ဒိုတွေ ၀ယ်ထားပြီး ဋ္ဌားစားတယ်တဲ့။ နောက်တစ်ယောက်ကတော့ မေမြို့မှာ ခြံအကျယ်ကြီးတခု လောလောဆယ်ဝယ်ထားပလိုက်တယ်တဲ့။ နောက်တစ်ယောက်ကတော့... မြန်မာပြည်ပြန်ပြီး ၀ယ်ထားလို့လည်း ဘယ်သူမှ ကြည့်ပေးနိုင်တာ မဟုတ်လို့... စင်ကာပူမှာ ကွန်ဒို တစ်လုံးဝယ်ထားပြီး ဌားစားထားသတဲ့။ ကိုယ်တို့ အရွယ်တွေက ဒီအရွယ်မှာ သူဌေးဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဘယ်တော့ မှ သူဌေးမဖြစ်တော့ဘူးဆိုတဲ့ အရွယ်တွေကိုး။

အိတ်လို သူတို့ တစ်ယောက်တလှည့်ပြောပြီးသကာလ... ဟဲ့... နင်ရော... ဘာတွေလုပ်နေလဲ... စီးပွားရေးကောလုပ်သလား...။ ဒီမှာ ကွန်ဒိုဝယ်ပြီးပြီလား...။ မြန်မာပြည်ပြန်ပြီးရော ၀ယ်ထားသလား... မေးလိုက်တာမှ အစုံ။ ကိုယ့်မှာ ယောက်ယောက်မျက်နှာကို အသာလှမ်းကြည့်ပြီး (သူကတော့ ဘာမှ မကြားသလို အိတ်အိမ်က သတင်းစာ ကို သဲကြီးမဲကြီးဖတ်လို့...) ဘယ်မှာမှ မ၀ယ်နိုင်ပါဘူး၊ မ၀ယ်ထားပါဘူး... အစ်မတို့ရာ... စီးပွားရေးလည်း ဘာမှ မလုပ်တတ်ပါဘူး... အစ်မတို့လောက်မချမ်းသာပါဘူးလို့ ပြောလိုက်မိတာပေါ့။ ဟုတ်တယ်လေ... သူတို့လို့ ပြောစရာ... ကိုယ့်မယ်... ဘယ်မှာမှ မရှိတဲ့ဥစ္စာ။ အိတ်တော့လည်း ... အားလုံးက ၀ိုင်းအော်ကြရော။ အောင်မလေး... လစာကောင်း ၀င်ငွေကောင်းတဲ့ သူတွေကများ... လင်မယား၂ယောက်ရှာနေတဲ့ သူတွေကများ... သုံးမဲ့သူလည်းမရှိပဲနဲ့... ငါတို့လို တစ်ယောက်ထဲ ရှာစားနေတဲ့သူတွေ ပြောဖို့လည်း ချန်ထားပါဦးဟယ်လို့ ကွန်ဒိုဝယ်ထားတယ်ဆိုတဲ့ အပျိုကြီးမမ၂ယောက်က ၀ိုင်းအော်ကြတယ်။

သူတို့ပြောတာတွေးကြည့်တော့ ကိုယ်တို့၂ယောက်လုံး ဘွဲ့ရကတဲက အင်ဂျင်နီယာအလုပ်ပဲ တသက်လုံးလုပ်လာတယ်။ ဘာစီးပွားရေးမှ လုပ်ဖို့ မစဉ်းစားတတ်ခဲ့ဘူး။ အပိုဝင်ငွေ ရှာရအောင်လည်း မကြံစည်တတ်ခဲ့ကြဘူး။ အပိုဝင်ငွေဆိုလို့... တစ်ခေါက် မြန်မာပြည် ပြန်တော့ ကိုယ်တို့ အိမ်နဲ့ ၁လမ်းကျော်မှာ တိုက်အသစ်ကြီး ဟီး... လို့ ဆောက်ထားတာ။ အိတ်အိမ်က အစတုန်းက ပျဉ်ထောင်သွပ်မိုးနဲ့ ခပ်ယိုင်ယိုင်အိမ်ရယ်။ တယ်ဟုတ်ပါလား.... ဘယ်လိုများ ချမ်းသာသွားပါလိမ့်လို့လည်းမေးကြည့်တော့ ကိုယ်တို့ မျက်စောင်းထိုးအိမ်က အန်တီမော်က ပြောတယ်။ အိတ်ကောင်လေးက စင်ကာပူမှာ ညည်းလိုပဲ အလုပ်လုပ်နေတာလေ။ ပိုက်ဆံတွေထောလိုက်တာများမနည်းဘူး။ ဒီကောင်လေးအေ... တော်ချက်က စလုံးရောက်တာ ၂နှစ်ပဲ ရှိသေးတယ်အေ့တဲ့။ ညည်းတို့လို အင်ဂျင်နီယာမဟုတ်...။ ညည်းတို့လို နိုင်ငံခြားဘွဲ့တွေမရ...။ ညည်းတို့လို မန်နေဂျာဖြစ်စရာမလို...။ ပြောရရင်အေ... ညည်းတို့လို ပညာတတ်စရာမလိုပေါင်...။ ညည်းတို့ထက် တော်တယ်...။ ၀င်ငွေကောင်းသတဲ့။ နောက်မှ သေချာစုံစမ်းကြည့်တော့ ဒီကောင်လေးက ပထမတော့ construction site မှာ ဖိုမင်နဲ့ အလုပ်စ၀င်ပြီး နောက်ပိုင်းမှာ စလုံးပွဲစားနဲ့ပေါင်း... မြန်မာပြည်က အလုပ်သမားခေါ်ပေးတဲ့ လူပွဲစားလုပ်နေတာကိုး။ မရှိမဲ့ရှိမဲ့ အလုပ်သမားလေးတွေဆီက မတန်တဆ ပွဲစားခတွေယူ၊ မစားရ၀ခမန်းတွေပြောပြီး တခါတရံလိမ်တယ်လို့လည်း ကြားမိတယ်။ အော်... ချမ်းသာဖို့ ... ပညာတတ်စရာမလိုဘူး၊ လုပ်တတ်ဖို့ပဲ လိုတယ်ဆိုတာ ဒါမျိုးပြောတာလားမသိ။

ယောက်ယောက်ကတော့ အပိုဝင်ငွေ အိတ်လို ပွဲစားခ ရဖို့ ဝေးသေးပေါ့။ တခါသား မြန်မာပြည်က ကောင်လေးတွေကို သူ့ဆိုဒ်အတွက်ဆိုပြီး ခေါ်ပေးဘူးတယ်။ တခါမှ မမြင်ဘူးတဲ့သူတွေ အတွက် ကြားထဲကနေ ပွဲစားခ (wp တင်ဖို့အတွက် ရုံးက တရားဝင်ဋ္ဌားထားတဲ့ ပွဲစားကိုပေးရတဲ့ငွေ၈၅၀ကို သူ့အိတ်ထဲက စိုက်ပြီး ပေးတဲ့ သူကလား...)။ တခါတခါ ဆိုဒ်မှာ award ဆိုပြီး ၃၀၀၊ ၄၀၀လောက် အပိုရတတ်တယ်။ မိန်းမရေ... ဆိုဒ်က ဆုကြေးဆိုပြီး ငွေ ၃၀၀ ဒီနေ့ ပေးတာ... အလုပ်သမားတွေ သနားလို့ ခွဲပေးလိုက်ပြီဆိုတဲ့ လူမျိုး။ တခါက ယိုးဒယားအလုပ်သမားက နှစ်ကူးယိုးဒယားပြန်တာ ရုံးကို advance တောင်းတာ မပေးလို့ သနားတာနဲ့ သူ့အိတ်ထဲစိုက်ပေးလိုက်တယ်တဲ့။ ဟိုက ပိုက်ဆံပြန်ပေးလား... မပေးလားတော့ မသိဘူး။ အိတ်ယိုးဒယားပြန်လာပြီး ပေးတဲ့ လက်ဆောင် ရှပ်အင်္ကျီ (brand အတု) ကိုဝတ်လို့... သနားပါတယ်ကွာ... သူ့ခမျာ ရှပ်အင်္ကျိလေး ၀ယ်လာရှာတယ်ဆိုပြီး သဘောကျနေတတ်တဲ့လူမျိုး ဆိုတော့ သူ့ကို အပိုဝင်ငွေ ရှာခိုင်းဖို့ဆိုတာ အိမ်မက်ထဲတောင် ထည့်မမက်နဲ့ပဲ။ အင်း... သူ့ကိုသာပြော... ကိုယ့်ကျတော့လည်း... ကျောင်းတက်တဲ့ သူငယ်ချင်းတွေ ပိုက်ဆံလိုလို့ဆိုပြီး ချီးထားတာ သူတို့ လာပြန်ပေးမှ အော်... ဟုတ်သားပဲ ဆိုပြီး ပြန်သတိရတတ်တဲ့ လူစား။

ဒါနဲ့ အိတ်ကပြန်လာပြီး အိမ်ရောက်တော့... ယောက်ယောက်ကို ပြောတာပေါ့။ ကိုယ်တို့တွေ ဒီမှာနေတာလဲ ဆယ်စုနှစ်ကျော်နေပြီ။ ခုနေများ... စင်ကာပူမှာ အလုပ်မရှိတော့လို့ မြန်မာပြည် ပြန်မယ်ဆိုရင်တောင် နေစရာအိမ်လေးတစ်လုံးမရှိ...။ ပြန်သွားရင် အရင်ကလို ဘတ်စ်ကားကလည်း တိုးမစီးချင်... ရှိတဲ့ ပိုက်ဆံကလည်း အိမ်တစ်လုံးဝယ်ဖို့တောင်မလောက်...။ ဒီတော့ ကိုယ်တို့တွေ ကားဝယ်ပြီး ကားပေါ်မှာပဲ အိမ်လုပ်နေကြတာပေါ့ဟယ်လို့ ရီစရာပြောဖြစ်ကြတယ်။

္ဘယောက်ယောက်ကတော့ အားပေးရှာတယ်။ ပိုက်ဆံတွေ ကောင်းကောင်းမစုမိဘူး၊ သူများတွေလို ကွန်ဒို မ၀ယ်နိုင်ဘူး။ ဒါပေမဲ့ ဒီ၁၀စုနှစ်အတွင်း ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ဘာတွေလုပ်ပေးနိုင်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားစမ်းတဲ့။ ခေါင်းလောင်းမထိုးတဲ့ အလှူတွေ အများကြီး လုပ်ဖြစ်ခဲ့တယ် မှုတ်လားတဲ့။ ဒီတော့ ကိုယ်လည်း ပြန်စဉ်းစားကြည့်လိုက်တာ...

နှစ်ဘက်မိဖတွေကို လိုလို မလိုလို လစဉ် ကန်တော့ငွေ မှန်မှန် ပို့ပေးတယ်။ မြန်မာပြည်က ဆေးရုံတွေမှာ ဆေးဝါးတွေ အခန့်သင့်တိုင်းလှူတယ်။ မင်္ဂလာနှစ်ပတ်လည်တိုင်းမှာ ထူးထူးခြားခြားအလှူတွေ လုပ်ဖြစ်ခဲ့တယ်။ မနှစ်ကဆို ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ မြန်မာပြည်က မွတ်ဆလင် အခမဲ့ ဆေးရုံအတွက် ၁၀သိန်းလှူခဲ့တယ်။ နာဂစ်ဖြစ်တော့ ဆန်၁၀သိန်းဖိုး သတ်သတ်လှူလိုက်သေးတယ်။ ဒီနှစ် မင်္ဂလာ နှစ်ပတ်လည်အတွက်တော့ ဘဘဦးဝင်းတင်ကို သီတင်းကျွတ်အမှီ အမှတ်တရ ကန်တော့နိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၇နှစ်လောက်ကတည်းက မိဖတွေက စွန့်ပစ်သွားတဲ့ တောက ကလေး ၄ယောက်ကို တာဝန်ယူ စောင့်ရှောက်ပေးထားတယ်။ ကလေး၁ယောက်က ခုဆို ၉တန်းတောင်ရောက်နေပြီ။ သူကစာကြိုးစားလို့ ကိုယ့်မှာ ၀မ်းသာပီတိဖြစ်ရတယ်။ ဆွေမျိုးထဲက စာတော်ပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေကို ပညာသင်ထောက်ပံ့ကြေးပေးတယ်။ ကလေးတစ်ယောက်က ဆရာဝန်လိုင်း မှီအောင်ကြိုးစားမယ်လို့ ပြောတယ်။ ကိုယ်တို့က ဆရာဝန်ဖြစ်တဲ့ထိ တာဝန်ယူမယ်... ကြိုးစားလို့ ပြောဖြစ်ခဲ့တယ်။ အိမ်အနီးအနားက ဆင်းရဲတဲ့ သက်ကြီးရွယ်အို အဖိုး အဖွား၃၀လာက်ကို အဖိုးရဲ့ အသက်၁၀၀ပြည့်မွေးနေ့တုန်းက ထူးခြားတဲ့ အလှူလေးတခု လုပ်ပေးခဲ့ဘူးတယ်။ အိမ်အနီးအနားက ငွေကြေးမတတ်နိုင်တဲ့သူတွေကို ရဟန်းခံ ရှင်ပြု ပွဲလေး လုပ်ပေးခဲ့ဘူးတယ်။ သီရိလင်္ကာက စာသင်သံဃာတစ်ပါးကို မာစတာ ဘွဲ့ရသည်အထိ ပညာရေးထောက်ပံ့ခဲ့တာ မနှစ်ကပဲ သူ မာစတာ ရသွားပြီ။ ဗုဒ္ဓဘာသာ သာသနာ စင်ကာပူမှာ ပြန့်ပွားရေးအတွက် SMC မှာ လစဉ်ငွေကြေးရော၊ လူအားပါ တတ်နိုင်သလောက် ကူညီပေးတယ်။ ခုလောလောဆယ်... မြန်မာများအတွက် မြန်မာအဖွဲ့မှာ လစဉ် အလှူငွေ ၅၀ ပါဝင်တယ်.........................ပြီးတော့......... ...............ပြီးတော့.......

ယောက်ယောက်ရေ... ယောက်ယောက်ရေ..................... ကွန်ဒိုထက်တန်သတော့....။ ခုနေသေသွား... ကွန်ဒိုနဲ့ မနေဘူးလိုက်တာပဲ ရှိမယ်...။ နောက်ဘ၀အတွက် ၀မ်းစာလေး နည်းနည်းပါးပါး ရှိသတော့ လို့....။ ကိုယ့်စဉ်းစားခန်းနဲ့ကိုယ် ရုတ်တရက်ထအော်လိုက်တော့ ယောက်ယောက်ခမျာ လန့်သွားရှာတယ်...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Saturday, November 1, 2008

မျက်ရည်များနဲ့ အလွမ်းစာ

Image from http://www.fotosearch.com/
ကိုဝက်ရဲ့....

သူ့ကို ငါတို့စသိတာ တတိယနှစ်မှာလေ။ ငါတို့ စာစုလုပ်နေတဲ့ library ရှေ့က ၀ရံတာ လက်ရန်းမှာ ထိုင်ရင်း ငါတို့အုပ်စုကို သူက ရှုနေကြပေါ့။ ငါနဲ့ မင်းမင်းက တတိယနှစ်မှာ ခုံနံပါတ် မနီးမဝေး။ lab လုပ်ရင် တစ်အုပ်စုထဲ အတူကျတော့ lab report တွေရေးရင် ငါတို့က library ထဲမှာ ထိုင်ရေးလေ့ရှိတယ်။ အဲဒီအချိန်တိုင်း သူ့ကို library ရှေ့မှာ အမြဲ တွေ့ရတတ်တယ်။ ငါလို ငအူက သူ... ဘယ်သူ့ကို လာရှိတ်နေမှန်းသိဘူးရယ်။ နောက်... ငါတို့နဲ့ခင်တဲ့ မိုး... ကိုလိုက်နေတဲ့... နင်တို့ သူငယ်ချင်း နက်မောက်သား နောက်တစ်ယောက် ကပြောတော့မှ သူက မင်းမင်းကို လိုက်ကြည့်နေတယ် ဆိုတာသိရတော့တယ်။ ဒါပေမဲ့ ငါတို့က သူ့ကိုတော့ ခင်ကြပါတယ်။ မင်းမင်းကိုလိုက်ကြည့်နေတာ မြင်ပြီး ကြားထဲကနေ သနားမိတယ်။ ဘာလို့လည်းဆိုတော့ သူက တခြားယောက်ျားလေးတွေနဲ့ မတူဘူးရယ်။ သူ့ရဲ့ အကြည့်ဟာ ရိုးစင်းတဲ့ အပြုံးတစုံနဲ့ အေးမြတဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံထားတတ်လို့ပဲ။ အမြဲတန်း ပြုံးနေတတ်တဲ့ သူနဲ့ ငါတို့ အုပ်စုက သိပ်မကြာတဲ့ အချိန်အတွင်းမှာပဲ သူငယ်ချင်းအရင်းတွေလို ခင်မင်ခဲ့ကြတယ်။ နောက် မင်းမင်းနဲ့ သူ ၄တန်းမှာ (ငါအမှတ်မမှားရင်) ကြိုက်သွားကြတော့ ငါတို့အားလုံး လိုက်ဖက်ညီတဲ့ သူတို့ ၂ယောက်အတွက် ပျော်ရွှင်ခဲ့ကြတယ်။

က၀က်ရေ... နင်သိတဲ့ အတိုင်း... ငါတို့ အုပ်စုဆိုတာ အတန်းထဲမှာ ဘရုတ်ကျလွန်းလို့ သရဲ၎ကောင် ဆိုပြီး နံမည်ရတဲ့ အုပ်စုဆိုတာ။ သူလည်း ငါတို့အုပ်စု ဘရုတ်ကျတဲ့ဒါဏ်ကို ဘယ်လွတ်လိမ့်မလဲ... သေချာခံခဲ့ရတာပေါ့။ နင်မှတ်မိသေးလား။ ငါတို့ တွေ ဖိုင်နယ်မှာ ဆရာကြီး ဦးဆန်းတင့် အင်တာဗျူးကို ၀င်ခဲ့ကြရတာလေ။ သူ့အလှည့်က နေ့လည်ထမင်းစားပြီး ၀င်ရမှာ။ ငါတို့တွေ ထမင်းစားပြီးချိန် အဲဒီ ရုံးခန်းနားရောက်နေတုန်း သူက ကမန်းကတန်းပြေးလာပြီး... သူ့အလှည့်ရောက်ပြီလား၊ သူ့ခုံနံပါတ်ခေါ် သံ ကြားလားလို့မေးတယ်။ ဘယ်ရမလဲ... ငါတို့ကလည်း အရေးကြီးတဲ့ ပုံစံတွေနဲ့ မျက်လုံးပြူး၊ မျက်ဆန်ပြူးလုပ်ပြပြီး... အေးအေး... နင့် ခုံနံပါတ်ခေါ်နေတာ ကြာလှပြီ...နင်နဲ့ အတူတူဝင်ရမဲ့ အုပ်စုအားလုံး ၀င်သွားကြပြီ... မြန်မြန်ဝင်လို့ ဂျောက်တွန်းကြတာပေါ့။ အဲဒီတော့ သူက ပါးစပ်ထဲက ၀ါးနေတဲ့ ကွမ်းတွေ ကမန်းကတန်းနဲ့ ထွေးထုတ်။ အနီးက သောက်ရေအိုးမှာ ကပြာကရာ ပလုတ်ကျင်းလို့... ငါတို့ နောက်တာပါလို့... ပြန်တောင်ပြင်မပြောနိုင်ခင်... ၀ူးဆို ဆရာကြီး အခန်းထဲကို ပြေးဝင်သွားတယ်။

ငါတို့လည်း သူပြေးဝင်သွားတာလည်းမြင်ရော... အဲဒီနေရာကနေ တချိုးထဲ လစ်... လှေခါးထောင့်ချိုးရောက်မှ သူဘယ်လိုပုံနဲ့ ပြန်ထွက်လာမလဲလို့ ချောင်းကြည့်ကြတာပေါ့။ တော်ကြာတော့ သူက ခေါင်းကို လက်နဲ့ ကုတ်ပြီး ပြုံးစိစိနဲ့ ထွက်လာတာကိုမြင်ရတယ်။ သူများတကာတွေလို သူက ဘယ်မလဲ ..ဒီသရဲ၎ကောင်လို့ စိတ်ဆိုးပြီး ငါတို့ကို ရှာမနေပါဘူး။ သူ့ပုံစံ အေးအေးဆေးဆေးကိုတွေ့တော့မှ ငါတို့လည်း ပုန်းနေရာကနေ ရယ်ကျဲကျဲတွေနဲ့ ထွက်လာကြတော့တာပေါ့။ ငါတို့ကို သူက တခုပဲ... ပုခုန်းတွန့်ပြီးပြောတယ်... နင်တို့တော်တော်ဆိုး... ငါ့မှာ အားနာလိုက်တာ အရမ်းပဲတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာကြီးက အခန်းမှာ ဧည့်သည်နဲ့ စကားပြောနေရာက ရုတ်တရက် ကမူးရှုးထိုးဝင်လာတဲ့ သူ့ကိုကြည့်ပြီး အထိတ်တလန့်နဲ့ ဘာဖြစ်တာလဲ မေးလို့တဲ့လေ။ က၀က်ရဲ့... သူနဲ့ ပါတ်သက်လို့ ... အဲဒီနေ့က သူ့ပုံစံက ရီစရာကောင်းလွန်းလို့... အဲဒါကို ယနေ့ထိ ငါမှတ်မိနေတယ်။

ကျောင်းပြီးလို့ သူငယ်ချင်းတွေ တကွဲတပြားဖြစ်ကုန်ကြတော့ ငါတို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပြန်မဆုံနိုင်ကြပေမဲ့ တစ်ယောက်ရဲ့ သတင်းစကား တစ်ယောက်နားထောင်ရင်း... အလွမ်းဖြေလို့ နေကြရတယ်။ ဟဲ့... သူကတော့ ကလေး ဘယ်နှယ်ယောက်ရနေပြီ။ သူကတော့လေ... အရမ်းကို ချမ်းသာနေပြီပေါ့။ သူကတော့ ရာထူးတွေ ကြီးလို့ပေါ့ဟယ်။ သူကတော့ ဒေါက်တာကြီးဖြစ်နေပြီတဲ့။ သူကတော့ ....သူကတော့... သူကတော့... စသဖြင့် သတင်းကောင်းလေးတွေ စောင့်မျှော် ပီတိပွားရပါတယ်။

ဒါပေမဲ့... ငါလေ... ဒီလို ၀မ်းနည်းစရာကောင်းတဲ့ သတင်းမျိုးကိုတော့ ဘယ်တော့မှ မကြားပါရစေနဲ့လို့.... ဆုတောင်းနေမိလေရဲ့။ ဘ၀ဆိုတာ တိုတိုလေး... တချိန်မှာ ငါတို့ အားလုံးဒီလမ်းကို သွားကြရမယ်ဆိုတာ သိနေသော်လည်းပဲ... အချိန်မတန်ခင် ခွဲခွာသွားကြမဲ့ အဖြစ်မျိုးကိုတော့ မလိုလားဘူးဟယ်။

ငါတို့သူငယ်ချင်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလျက်...။ ။

အလွမ်းများစွာဖြင့်....
သရဲ၁ကောင်
၁-၁၁-၂၀၀၈
ည၁နာရီ၄၀မိနစ်

Thursday, October 30, 2008

ကျွန်လား၊ သခင်လား

Image from http://www.fotosearch.com/
မိမိမှာ ကျောင်းပြီးခါစ မန္တလေးမှာ အလုပ်လုပ်စဉ် မိဖများနှင့်ပါ လွန်စွာခင်မင်ရင်းနှီးသော အသိအစ်ကိုကြီး တစ်ဦးမှ ဖိတ်ကျွေးသည့် ညစာစားပွဲကို တက်ရောက်ခြင်းပြုခဲ့လေသည်။ အစ်ကိုတော်သည် စီးပွားရေးလောကတွင် အောင်မြင်နေသူတစ်ဦးဖြစ်ပြီး ထိုညစာစားပွဲတွင် ဖိတ်ကြားထားသော သူ့အပေါင်းအသင်း စီးပွားရေးသမား အချို့နှင့် တွေဆုံခဲ့ရလေသည်။ ညစာစားပွဲကို နံမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ ကျင်းပခြင်းဖြစ်သည်။ ထိုစဉ်က ခေတ်စားနေသည့် စားသောက်ဆိုင်က ကာရာအိုကေ သီချင်းသည်ပျိုလေးများကို မိမိမှာ ပထမဆုံးမြင်ဘူးခြင်းလည်းဖြစ်သည်။ မိမိက အစားကောင်း၊ အသောက်ကောင်းများကို စားသောက်နေစဉ် ထိုပျိုဖြူလေးများမှာ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ဖျော်ဖြေနေလျက် အနှီပုရိသများ၏ ပန်းကုံးများကို ငံ့လင့်လျက်နေကြပေသည်။ မိမိစားပွဲဝိုင်းမှ ကျောက်ကုန်သည်ဆိုသူသည် ပန်းကုံးများ အမြောက်အများ ၀ယ်လျက် သမီးအရွယ်လောက် သီချင်းသည်မလေးများ၏ လက်ကို အားပါးတရ ဆွဲယူနမ်းရှုံ့၍ ပန်းကုံးများ ချီးမြင့်လေသောအခါ စားပွဲများတွင် ရှုစားနေသော အနှီပုရိသအပေါင်းတို့သည် ကောင်းလေစွဟု အရက်ခွက်များကိုမြှောက်လျက် လက်ခမောင်းများခတ်ကြကုန်လေ၏။ မိမိသည် ထိုပုရိသအပေါင်းအား မြင်ပြင်းများစွာကပ်လျက် ထိုကျောက်ကုန်သည်ကိုလည်း လွန်မင်းစွာ ရွံရှာခြင်းဖြစ်မိလေလတံ့။

စားပွဲဝိုင်းတွင် အစ်ကိုတော်က မိမိမှာ နိုင်ငံခြားခေတ်မှီဟော်တယ် တည်ဆောက်ရေးမှာ အလုပ်လုပ်နေသူ အင်ဂျင်နီယာ ဟု မိတ်ဆက်ပေးထားသဖြင့်အစ်ကိုတော်၏ မိတ်ဆွေများအားလုံးမှာ မိမိအား လူကြီးတစ်ဦးလို အရာသွင်းလျက် အလာပသလာပ စကားများ ပြောဆိုခြင်းပြုကြလေသည်။ မိမိက သီချင်းသည်မလေးများအား တစ်ဦးစီ အကဲခတ်၍ ထိုမိန်းကလေးများထဲတွင်လည်း မိန်းမကောင်းလေးများ ရှိနေနိုင်ကြောင်း၊ ယခုခေတ်ကြီးတွင် ကုန်ဈေးနူန်းများမြင့်တက် စားဝတ်နေရေးကအဆင်မပြေ၍သာ သူတို့မှာ ဤလို အလုပ်မျိုးကို လုပ်ကိုင်နေကြတာဖြစ်နိုင်ကြောင်း ဆွေးနွေးမိလေသည်။ မိမိ၏ရည်ရွယ်ချက်မှာ တနေ့နေ့ တချိန်ချိန်တွင် မြန်မာပြည်ရှိ ခိုကိုးရာမဲ့၊ အလုပ်လက်မဲ့ အမျိုးသမီးများကို ပြုပြင်ထိမ်းသိန်း၊ ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ဖြစ်ကြောင်း၊ သို့မို့ကြောင့် မိမိဝင်ငွေဖြင့်မတည်နိုင်အောင်၊ ငွေရအောင်ရှာကာ တတ်နိုင်သလောက် လူမှုရေး၊ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ချင်ကြောင်း စသဖြင့် ပြောပြရာတွင် အစ်ကိုတော်နှင့် မိတ်ဆွေများမှာ၊ ကာရာအိုကေ ကောင်မလေးများကို ကြည့်၍ မိမိစကားများကို ပြုံးပြီးနားထောင်နေကြလေသည်။

ထို့နောက် မိမိ၏လောလောဆယ် နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ရန် ကြိုးစားနေသည်ကို သိရှိသွားသော ပန်းကုံးများနှင့် ကျောက်ကုန်သည်က မိမိအား ဘာလို့ နိုင်ငံခြားကိုသွားပြီး ကျွန်ခံချင်ရတာလဲ၊ ကိုယ့်ပြည်ကိုယ့်မြေမှာလည်း အလုပ်လုပ်စားစရာတွေပုံလို့ဟုပြောပါသည်။ ထို့နောက်သူက ဆက်ပြောသည်မှာ သူသည်လည်း အင်ဂျင်နီယာ တစ်ဦးဖြစ်ကြောင်း၊ သို့ရာတွင် သူသည် သူတပါးနိုင်ငံသွားပြီး ကျွန်တော့ မခံဟု ဆိုကာ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားခဲ့သဖြင့် ယခုဆိုလျင် အောင်မြင်သော စီးပွားရေးသမားကြီးဖြစ်နေပြီဖြစ်ကြောင်း။ သူနှင့်အတူ ကျောင်းနေဖက်များမှာ ယခုချိန်ထိ နိုင်ငံခြားတွင် ကျွန်စုတ်တဲ့ သရက်စေ့ သာသာများသာ ဖြစ်နေကြကြောင်း... စသဖြင့် ကိုယ်ရည်များ သွေးလျက် ပန်းကုံးများကို မြှောက်ကာ မြှောက်ကာ၊ အရက်ခွက်ကို ဆကာ ဆကာဖြင့် ရယ်သံသွေးကာ ပြောဆိုနေလေ၏။ မိမိမှာ ထိုကျောက်ကုန်သည်၏ စကားများကို အော်ဂလီ ဆန်လှသည်ဖြစ်သော်လည်း ပညာရှိအမျက် အပြင်မထွက်နဲ့ဟူသော စကားအတိုင်း၊ မျက်နှာ မပျက်စေပဲ မည်သို့မည်ပုံ ယဉ်ယဉ်ကျေးကျး ပြန်ပြောရမည်ကိုသာ စိတ်ထဲမှ အပြေးအလွှားတွေးတောလျက်ရှိသည်။

ထိုစဉ် မိမိတို့၏စားပွဲနှင့် မလှမ်းမကမ်းသို့ ဧည့်သည် အသစ်များရောက်ရှိလာလေသည်။ ထိုသူများမှာ မိမိထက်ပင် ငယ်ဦးမည့်ပုံဟန်ရှိသော လုလင်ပျိုတစ်ဦးနှင့် အပေါင်းအသင်းများဖြစ်ပေသည်။ ကျောက်ကုန်သည်မှာ အနှီလုလင်ပျိုအား အမှတ်မဲ့ လှမ်းမြင်လိုက်သောအခါ သတိအနေအထားကဲ့သို့ မတ်သွားလျက်၊ လက်ထဲမှ အရက်ခွက် နှင့် ပန်းကုံးများကို စိတ်သိမှတ်မှုကင်းမဲ့စွာပစ်ချလျက်၊ သခင်ကိုရုတ်တရက်တွေ့လိုက်သော သစ္စာရှိအိမ်စောင့်ခွေးလေးကဲ့သို့ အမြှီးလေးကုတ်လျက်၊ ထိုစားပွဲဝိုင်းသို့ သွားရောက်နှုတ်ဆက်လေသည်။ လုလင်ပျိုက ကျောက်ကုန်သည်အား တချက်မော့ကြည့်ကာ အရေးမစိုက်သည့်ဟန်ပြသော်လည်းပဲ အနှီကျောက်ကုန်သည်မှာ လက်ကလေး၂ဖက်နောက်ပို့လျက် ရို့ရို့ကလေးရပ်ကာ အမိန့်ကိုနာခံလျက်ရှိသော သစ္စာရှိကျွန်ယုံကဲ့သို့ ကျင့်ကြံလျက်ရှိနေပေသည်။ မိမိမှာ ထိုအဖြစ်အပျက်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုလျက် အစ်ကိုတော်နှင့် စားပွဲဝိုင်းမှာ ရှိလျက်ကုန်သော လူကြီးလူကောင်းမင်းများထံမှ စုံစမ်းရာ ထိုလုလင်ငယ်ပျိုမှာ ကျောက်ကုန်သည်နှင့် စီးပွားရေးမကင်းရာမကင်းကြောင်းဖြစ်သော ၀န်မင်းတပါး၏ သားတော်ဖြစ်နေကြောင်း သိရှိရလေသည်။

အတန်ငယ်ကြာအောင် အမိန့်နာခံပြီးမှ ထိုကျောက်ကုန်သည်မှာ မိမိတို့ စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာလေသည်။ ထို့နောက် အစ်ကိုတော်က မိမိအားအိမ်ပြန်လိုက်ပို့ရန် အားလုံးသော လူကြီးမင်းများအား နှုတ်ဆက်ကြရသောအခါ မိမိသည် ကျောက်ကုန်သည်အား "အန်ကယ်ရော... ကျွန်မခံရတာ သေချာရဲ့လား" ဟုမမေ့မလျော့ ကောင်းမွန်စွာ နှုတ်ဆက်ခဲ့လေတော့သတည်း။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Sunday, October 26, 2008

သူငယ်ချင်းများ ... ၂

Image from http://www.fotosearch.com/

နောက် ရပ်ကွက်ထဲက သူငယ်ချင်း ၁ယောက်ကတော့ အိမ်နားမှာ စာအုပ်ဆိုင်လာဖွင့်ရင်းခင်တာ။ သူက ၈တန်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့အမေအစား ညနေဆို ဆိုင်ကို လာကူထိုင်ပေးလေ့ရှိတယ်။ သူ့နံမည်က "အေး" တဲ့။ သူကဖြူဖြူ သွယ်သွယ် ချောချောလေး...။ ညနေဆို... သနပ်ခါးလေးတွေ ညီနေအောင် မှုန်မှုန်လေးလိမ်းထားတဲ့၊ ဆံပင်ရှည်ရှည်စင်းစင်းလေးမှာ ပန်းလေးတွေ ပန်ထားတတ်တဲ့ သူ့ကို စာအုပ်လေးတွေ စီရင်း အပြုံးနုနုလေးပြုံးလို့ အမြဲတွေ့ရတတ်တယ်။ ကိုယ်က သူ့ဆိုင်မှာ ကာတွန်းတွေ ဋ္ဌားဖတ်ရင်းခင်တာ။ စာအုပ်ဋ္ဌားပြီးရင် ကိုယ်က ချက်ချင်းမပြန်သေးပဲ... သူ့ကို ကူပြီး စာအုပ်စီပေးတယ်။ လူရှင်းရင် စကားလေးဘာလေး ထိုင်ပြောကြပေါ့။ စာအုပ်ဋ္ဌားဖို့ ပိုက်ဆံမရှိလည်း စကားရောဖောရောနဲ့ အိတ်မှာထိုင်ပြီး အလကားဖတ်ပေါ့။

သူကချောတယ်ဆိုတော့ ရပ်ကွက်ထဲက ကောင်လေးတွေက ထုံးစံအတိုင်း ညနေဆို ဆိုင်ရှေ့လမ်းသလားတဲ့သူ သလား၊ စာအုပ်လာဋ္ဌားတဲ့သူကဋ္ဌား၊ မရှိတဲ့စာအုပ်ကို တမင်လာမေးတဲ့သူမေးနဲ့ ဆိုတော့ ဆိုင်ထဲမှာရော ဆိုင်ပြင်မှာပါ ကောင်လေးတွေနဲ့ အမြဲ တရုန်းရုန်းပါ့။ သူကလည်း လာတဲ့ သူတိုင်းကို၊ ပိုးတဲ့သူတိုင်းကို မခို့တရို့လေး ပြုံးပြုံးပြပြီး အသဲယားအောင် လုပ်လေ့ရှိတယ်။ တနေ့ ဆိုင်ဖွင့်ကာစ သူကစာအုပ်တွေစီနေတယ်။ ကိုယ်က ဆိုင်ရှေ့က ခုံတန်းလေးမှာ ထိုင်ပြီး ကာတွန်းတစ်အုပ်ဖတ်နေတယ်။ အိတ်အချိန် ကောင်လေး၃ယောက်လောက် ဆိုင်ရှေ့က ရုတ်တရက် ဖြတ်သွားပြီး ၀ှစ်ကနဲဆို တစုံတခုကို ဆိုင်ထဲ ပစ်ပေးသွားတယ်။ အဲဒါလေးက ဆိုင်ရှေ့ခုံတန်းလေးမှာ ထိုင်နေတဲ့ ကိုယ့်ခြေထောက်ရှေ့ကို ဘုတ်ကနဲဆိုပြီးကျလာတယ်။ ကိုယ်က ငုံ့ကြည့်လိုက်တော့ စာအိပ်ပန်းရောင်လေးက ခဲလုံးလေးနဲ့ တွဲချည်လို့...။

ဒါနဲ့... ကိုယ်လည်း... အေးရေ... ဟော့ဒီမှာတော့... လို့... မျက်စပစ်ပြ၊ မေးလေးနဲ့ ငေါ့ပြရင်း တပြိုင်ထဲ အိတ်စာအိတ်လေးကို ဘေးနားကမြောင်းထဲကို ခြေထောက်နဲ့ တခါထဲ ကန်ချပလိုက်မိတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အေးက ကိုယ့်ကို တားချိန်မရှိလိုက်ဘူး။ ဟဲ့... ဟဲ့... မလုပ်နဲ့လို့ ခပ်အုပ်အုပ် သူတားတဲ့အချိန်မှာ စာအိပ်လေးက မြောင်းထဲ ခေါင်းထိုးပြီး ကျသွားပြီ။ ဗွက်တွေနဲ့ လူးကျံ နစ်နေပြီး ရေစီးရာမျောပါဖို့ ပြင်နေပြီ။ "အေး" ဟာ... ဆိုင်ထဲကနေ ပြာပြာသလဲ ထွက်လာ၊ မြောင်းထဲကျသွားတဲ့ စာကိုကြည့်၊ မျက်နှာလေးက မဲ့တဲ့တဲ့ နဲ့ ခြေလေးဆောင့်ပြီး ဆိုင်ထဲ ပြန်ဝင်သွားတယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့... ဘယ်သူက သူ့ကို အိတ်လိုလုပ်ခိုင်းလို့လဲ ဘာညာနဲ့... ပေါ့။

ကိုယ်လည်း မျက်နှာငယ်လေးနဲ့... ဘာလုပ်ရမယ်မှန်းသိဘူး။ သိဘူးလေ... အပျိုစဖြစ်ကတဲက အိမ်က လူကြီးတွေ လက်ချာပေးထားတာက ကောင်လေးတွေ စာလိုက်ပေးရင် ဘယ်တော့မှမယူရ။ စာထဲမှာ ရေးထားတာ ယောင်လို့တောင် ဖတ်မကြည့်ရ။ စာဖတ်ကြည့်ပြီးရင် လူ့စိတ်က သနားသွားတတ်တယ်... အဲသလိုကြောင့်...ဘယ်တော့မှ စာကို မဖတ်ရ။ ကိုယ်သိတာ... ဒါပဲ။ ဒီတော့ ဒီကလည်း အိတ်စာကို ကန်ချပလိုက်တာပေါ့လို့...။

ဒါပေမဲ့... သူ့ဆိုင်မှာ သူငြိုငြင်တာ မခံရဲတော့... ရွှေစုချစ်တို့လည်း တုတ်လေးတချောင်းရှာ... စာလေးကို ကမန်းကတန်း ပြန်ဆယ်ယူရတော့တာပေါ့။ ဗွက်တွေကို တတ်နိုင်သလောက် ခါထုတ်ပြီး ရော့ဟယ်လို့... ပေး... စိတ်တိုတာနဲ့... အိမ်ပြန်လာလိုက်ရော။ အဲဒီ ကတည်းက... အေးနဲ့ ကိုယ် စိတ်ကောက်ပြီး စကားမပြောကြတော့ဘူး။ နောက်... သူတို့ စာအုပ်ဆိုင်လည်း ပိတ်သွားရော... ပိုပြီး မတွေ့ဖြစ်ကြတော့ဘူး။

၁၀တန်းလောက် အရောက်မှာ အေးက ရပ်ကွက်ထဲမှာ စတားဖြစ်နေပြီ။ သူက အရမ်းလည်းလှလာတယ်။ ၁၀တန်းကို တဖုံးဖုံးကျပြီး ဟိုကောင်လေးနဲ့လည်း ဘာလိုလို၊ ဒီကောင်လေးနဲ့လည်း ဘာလိုလို...။ ဟိုမှာလည်း ဟိုလူနဲ့တွဲလိုက်၊ ဒီမှာလည်း ဒီလူနဲ့ တွဲလိုက် ရေရေရာရာ မရှိ လုပ်နေတာသိရတယ်။ နောက်ဆုံး သူ့ကို ကိုယ်တွေ့တာ ရပ်ကွက်ထဲက နံမည်ကြီး သူဌေးသား လူချောတစ်ယောက်နဲ့တွဲလို့။ အဲသာပြီးတော့ ကိုယ်... သူ့ကို မေ့သွားတယ်။ ဘာတွေ ဆက်ဖြစ်လည်း မသိတော့ဘူးရယ်။

မနှစ်ကရန်ကုန်ပြန်တော့ ကိုယ်တို့အိမ်ကကားက လမ်းထဲ အကွေ့မှာ အမျိုးသမီးကြီးတစ်ယောက် တောင်းကြီးနဲ့ ဗြုန်းကနဲ ကားရှေ့ကပေါ်လာပြီး ... တိုက်မိတော့မလို့။ တော်သေးတာပေါ့... ဖေဖေက ကားကို အမြန်ဘရိတ်အုပ်လိုက်လို့...။ ကိုယ့်ဘေးက မမက... မရွှေစု...မှတ်မိလား... အဲဒါ"အေး"လေတဲ့...။ "အေး"ဟာ... ငယ်ငယ်တုန်းကလို မဟုတ် အသားတွေညိုလို့၊ ဆံစတွေက ဖရိုဖရဲနဲ့ ကွမ်းတွေစားထားတဲ့ ပါးစပ်ကလည်း နီရဲလို့၊ အပြုံးခပ်နွမ်းနွမ်းနဲ့ ကိုယ်တို့ကို လှမ်းကြည့်ပြီး လက်ကလေးကာပြ၊ တောင်းကြီး ခါးစောင်းတင်ပြီး ခပ်သွက်သွက် ထွက်သွားတယ်။ မမက အဲသာ... အေးရယ်လို့ ပြောလိုက်လို့သာ ကိုယ်မှာ ယုံလိုက်ရတာ။ ဘယ်လိုမှ မှတ်မိစရာအကြောင်းမရှိအောင် အေးက မိန်းမကြီးအသွင်ပေါက်နေတယ်။ မမရယ်... သူ... ကလေးဘယ်နှယ်ရောက်ရနေပြီလည်းလို့မေးတော့... နင်ကလည်း... ပေါက်ကရမေးဦးမယ်... သူက အပျိုကြီးဟဲ့... တဲ့လေ...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Saturday, October 25, 2008

စင်ကာပူမှာ .... ၃

Image from http://www.fotosearch.com/
အလုပ်သစ်တခု လျှောက်ပြီဆို လစာဘယ်လောက် လိုချင်လဲဆိုတဲ့... မျော်မှန်းလစာ (expected salary) ကို စလုံး ကုမ္ပဏီတော်တော်များများက တောင်းတတ်ကြပါတယ်။ ပြီးတော့ (current salary) လက်ရှိလစာကိုလည်း ရေးခိုင်းတတ်ကြပါတယ်။ အိတ်တော့ သူတို့က ဘယ်လောက်ပေးရမလဲ မှန်းလို့ရအောင်လို့ပေါ့။ လက်ရှိလစာရတာထက် သူတို့က အများကြီးခွာမပေးချင်တတ်ကြဘူး... အများဆုံး ပိုပေးချင် ၅၀၀ ပါ။ ဒါမှမဟုတ် ၂၀% အများဆုံးပါ။ စလုံး၁၀၀၀ ပိုရဘူးတဲ့ သူငယ်ချင်းတစ်ယောက်တော့တွေ့ဘူးတယ်။ သူက နောက်အလုပ်ထပ်လျှောက်တာ R&D မှာအလုပ်ရတော့ အရင် လစာထက် ၁၀၀၀ ပိုရဘူးပါတယ်။


မျှော်မှန်းလစာကို ဘယ်လိုတောင်းရမယ်မှန်းမသိရင် အကောင်းဆုံး အကြံမျှဝေပါ့မယ်။ ကိုယ်က အလုပ်ကလည်းလိုချင်... လစာ ပိုတောင်းလိုက်လို့ မခေါ်မှာလည်း စိုးတယ်ဆိုရင် Range နဲ့ တောင်းလိုက်ပါ။

ဥပမာ...
Expected salary - 2800 ~ 3500

နောက်... သူတို့ ကိုယ့်ကို ကြိုက်လို့ ခန့်ပြီဆို ဈေးညှိကြပေါ့။ နည်းပြီးတောင်းမိရင် အလုပ်ဝင်ပြီးမှ လခထပ်တက်ဖို့ဆိုတာ ပိုခက်လို့ပါ။ စကတဲက များများရထားတာ ပိုစိတ်ချရတာပေါ့နော့။ တောင်းမိတာ နည်းသွားလို့ တောင်းရင် ရရက်သားနဲ့ မတောင်းမိလိုက်လေခြင်းဆိုပြီး အလုပ်ဝင်ပြီးမှ စိတ်ညစ်နေတဲ့သူတွေ တွေ့ဘူးလို့လေ။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

သူငယ်ချင်းများ ... ၁

Image from http://www.fotosearch.com/
ငယ်ငယ်လေးနဲ့ ရီးစားထားကြတဲ့သူတွေ အကြောင်းပြောနေတာ ကြားရတော့... ထုံးစံအတိုင်း... ကိုယ်လည်း... ကိုယ့်သူငယ်ချင်းအကြောင်းလေးတွေ ဖောက်သယ်ချရဦးမယ်။

အိတ်တုန်းက ကိုယ်တို့က ၇တန်း၊ ၈တန်း... အပျိုပေါက်စနလေးပေါ့။ ဒါပေမဲ့... ကိုယ်က လူကောင်ခပ်သေးသေး၊ ဆံပင်က ဘိုကေ၊ လူပုံ မိုက်တိမိုက်ကန်း၊ သူများကိုကြည့်ရင် ရှုတည်တည်၊ ၀တ်တာက ရှပ်အင်္ကျီနဲ့ ဘောင်းဘီ ဆိုတော့ ကိုယ်လိုလူမျိုး ဘယ်သူမှ အပျိုစာရင်းမသွင်းကြပေါင်။ အဲ... ကိုယ်နဲ့တွဲတဲ့ သူတွေကတော့ ထမီခြေမဦးထိုးဝတ်၊ ဆံပင်လေးတွေ ဟိုချည် ဒီချည်၊ ခါးလေးတွေနွဲ့ပြီး လမ်းလျှောက်၊ ကောင်လေးတွေများတွေ့ရင် မျက်စမျက်နပစ်လို့... အပျိုဂိုက်စဖမ်းနေပြီဖြစ်တဲ့ မမလေးတွေပေါ့။ ကျောင်းက မြို့ထဲက လသာ၂မှာ တက်ရလို့ ရပ်ကွက်ထဲကသူငယ်ချင်းသိပ်မရှိပေမဲ့၊ အဲဒီ ၇တန်းကျောင်းပိတ်ရက် နွေရာသီမှာ ရပ်ကွက်ထဲက နံမည်ကြီး သင်္ချာကျူရှင်တခုတက်ဖြစ်လိုက်တော့ ရပ်ကွက်ထဲက သူငယ်ချင်းတွေ ရလာတယ်။

ကျူရှင်က စနေ၊ တနင်္ဂနွေ ည ၇နာရီ တက်ရတာ။ ဒါပေမဲ့ ကိုယ်တို့အားလုံး ၆နာရီလောက်ကတဲက ကျူရှင်ကို ရောက်နေကြပြီ။ ကိုယ်က ထုတ်ဆီးတိုးဖို့စိတ်ဝင်စားတုန်းမှာ သူတို့က ဇီးထုတ်စားရင်း ရုပ်ရှင်မင်းသားအကြောင်းနဲ့ ဟိုကောင်လေးက ဘယ်လို ဒီကောင်လေးက ဘာညာ အကြောင်းပဲ တွတ်ထိုးချင်ကြတယ်။ အတန်းမစခင် ထုတ်စီးတိုးချင်ပေမဲ့ ချွေးထွက်ပြီး အလှပျက်မှာ သူတို့က ကြောက်တတ်နေကြပြီ။ ကိုယ်ကတော့ သူတို့နဲ့ မပေါင်းရမှာ ကြောက်လို့ သူတို့ဒါဆို... ဒါလိုက်တာပေါ့။ ဒီလိုနဲ့ ကိုယ့်သူငယ်ချင်းမိုးမိုးနဲ့ အိတ်ကျူရှင်အိမ်နားက ကောင်လေး၁ယောက်တို့ ဟိုလိုလို သည်လိုလိုနဲ့ သိပ်မကြာခင်မှာ ကြိုက်သွားကြရော။ မှတ်မိနေသေးတာ... အိတ်ကောင်လေးက လသာ၁က... သူ့ အိမ်နံမည်က သံချောင်းတဲ့။

တနေ့ကြတော့ ကျူရှင်က မီးပျက်နေရော။ မှတ်မှတ်ရရ... အိတ်နေ့က မိုးတွေ တအားရွာထားလို့ ရပ်ကွက်ထဲလမ်းတွေပေါ်မှာ ရေတွေလည်း ကြီးနေတာ။ ကျူရှင်က မီးပျက်နေတာ မတက်သေးရတော့ မိုးမိုး နဲ့ ခိုင်ခိုင်က ဒီနားခဏသွားစရာရှိတယ် လိုက်ခဲ့ဆိုပြီး အဖော်ခေါ်လို့ လိုက်သွားမိတယ်။ လမ်းတွေက မှောင်မှောင်မဲမဲနဲ့ ရေတွေထဲ ဖြတ်ပြီးသူတို့နောက် လိုက်ရတာ... လက်စပ်သတ်တော့ မရွှေမိုးက သံချောင်းနဲ့ ချိန်းတွေ့ဖို့ သွားတာကိုး။ ဟိုး... ရထားလမ်းဖက်က ခပ်စုတ်စုတ် အိမ်လေးတအိမ်ရှေ့လည်းရောက်ရော... သံချောင်းနဲ့ အမြဲတွဲနေကြ လုံးလုံးဆိုတဲ့ ကောင်လေးက ထွက်လာပြီး လာလာ... ဒီကိုလာ ဆိုပြီးထွက်ခေါ်တယ်။ အိတ်တော့ မိုးမိုးရယ်... အိတ်အိမ်မှောင်မှောင်လေးထဲကို ၁ယောက်ထဲ ၀င်သွားသတော့။ ကိုယ်ရယ်၊ ခိုင်ခိုင်ရယ်၊ လုံးလုံးရယ်က အိတ်အိမ်အပြင်ဖက်လမ်းပေါ်က ရေတွေထဲမှာ ရပ်ပြီးစောင့်နေကြတယ်။ ကိုယ်တို့ ကြောင်လိုက်ပုံက ခိုင်ခိုင့်ကို ... နင်ဝင်လိုက်သွားပါလား... ဟိုမှာ မိုးမိုး၁ယောက်ထဲ မှောင်ကြီးထဲ ကြောက်နေလိမ့်မယ်ပေါ့လို့ ပြောလိုက်သေးတယ်။ ခိုင်ခိုင်က ... အသာနေစမ်းပါဟယ်ဆိုပြီး ကိုယ့်ကို မာန်တယ်။

ကိုယ်ကအသာ မနေနိုင်ပါဘူး။ ကိုယ့်စိတ်ထဲ တော်တော်လေး အံ့သြနေတာ... ဘာလို့ ဒီမှောင်ထဲက အိမ်ထဲမှာ ချိန်းတွေ့လဲဆိုတာ နားမလည်နိုင်ဘူး။ မတော် သူ့လည်ပင်းညှစ်လိုက်ရင် ဘယ်လိုလုပ်မလဲဆိုပြီး လန့်တာ။ (ဟီး... တခြားကိတ်စတော့ မသိသေးလို့... မပူမိဘူးတော့) ။ အဲသာနဲ့... ၅မိနစ်လောက်ကြာတော့ မိုးမိုးပြန်ထွက်လာအောင် အကြံထုတ်တာပေါ့။ ရေတွေထဲ ခြေထောက်ကိုလွှဲပြီး ဖိနပ်ဦးနဲ့ ခတ်... ခတ် ကစားရင်း အကြံထုတ်လိုက်တာ... တချက်... ဖိနပ်ကို တခါထဲ ခပ်ဝေးဝေး ကန်ထုတ်လိုက်တယ်။ ပြီးလည်းပြီးရော... အီး... ဖိနပ်ကြီး ရေထဲ မျောသွားပြီတော့... လုပ်ကြပါဦးလို့ အော်တာပေါ့။ ဖိနပ်အသစ်ကြီး... ရှာပေးကြပါ... ရှာပေးကြပါလို့ ခုနှစ်သံချီနဲ့ အော်လည်းအော်ရော... လုံးလုံးက ... ဟဲ့...ဟဲ့...အော်မနေနဲ့... ငါရှာပေးမယ်ဆိုပြီး ပြောလည်း ... မရပါဘူး။ ကိုယ်ကတော့ အော်တာပဲ။ နောက်ဆုံး... ဟိုအိမ်ထဲက ၂ယောက်ထွက်လာမှ အအော်ရပ်ပေးလိုက်တယ်။ မှတ်မှတ်ရရ ကိုယ့်ဖိနပ်တဖက်... အိတ်တုန်းက တကယ်ဆုံးသွားပါတယ်။ ရေတွေထဲ မျောသွားတာ ညကလည်းမှောင်နေတော့ ဘယ်လိုမှ ရှာမတွေ့တော့ဘူးရယ်။ ဒါပေမဲ့ ကျေနပ်တယ်... မိုးမိုးက ထွက်လာတော့... ပြန်ကြမယ်ဆိုပြီး ကိုယ်တို့ အားလုံး... အိတ်က ပြန်လာကြတာပေါ့။ သံချောင်းနဲ့ လုံးလုံးကတော့ ဘာလို့ အိတ်ကောင်မလေးကိုခေါ်လာရတာလဲ။ နောက်ဆို ခေါ်မလာခဲ့နဲ့လို့ မိုးမိုးတို့ကိုမှာသတဲ့။ အိတ်နေ့က အိမ်ကို ဖိနပ်မပါပဲ ပြန်လာတဲ့ ကိုယ့်ကို ကျူရှင်မရှိတာ အိမ်ပြန်မလာပဲ ရွာရိုးကိုးပေါက်၊ ပေါက်လွှတ်ပဲစား လျှောက်သွားနေရသလားဆိုပြီး မေမေရိုက်တာ ခံလိုက်ရသေးသတော့။ အိတ်လို သူများရည်းစားချိန်းတာ အဖော်လိုက်ပေးတယ်ဆိုတာများ သိရင်တော့ မိုးမီးလောင်မှာ။

နောက်တော့ ကိုယ်လည်း ကျူရှင် မတက်ဖြစ်တော့လို့ သူတို့နဲ့ မတွဲဖြစ်တော့ဘူး။ သူ့ကိုလည်း ဖိနပ်အဆုံးခံပြီး ကယ်မဲ့သူမရှိတာနဲ့... မိုးမိုးဟာ ၁၀တန်းမှာပဲ ယောက်ျားနောက်လိုက်ပြေးသွားတယ်။ သံချောင်းနဲ့တော့ မှုတ်ဘူး။ အသက်၃၀မှာ ကလေး၃ယောက်နဲ့ သူ့ယောက်ျားဆုံးသွားတော့ မုဆိုးမလေး ဖြစ်ပြီးကျန်ခဲ့တာသိရတော့ တော်တော် စိတ်မကောင်းဘူး။ တနှစ်က ရန်ကုန်ပြန်တော့ သူနောက်ယောက်ျားယူလိုက်ပြီတဲ့။ သူ့နောက်ယောက်ျားကလည်း မုဆိုးဖို ကလေး၂ယောက်အဖေတဲ့။ ဒါပေသိ... နောက်ယောက်ျားက စီးပွားရှာကောင်းလို့ ရပ်ကွက်ထဲက ဖုန်းကြီးကျောင်းမှာ ကျောင်းဆောင်တောင် ဆောက်ပြီးလှူကြသတဲ့။

တောင်ရောက်...မြောက်ရောက် သူငယ်ချင်း ၁ယောက် အကြောင်းပေါ့....။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Friday, October 24, 2008

သံယောဇဉ်ဆူး

Image from http://www.fotosearch.com/
သူများတွေ ကဗျာစာအုပ်အကြောင်းတွေ ပြောတာ ဖတ်ရတော့ ကိုယ်လည်း ပထမနှစ်တက်ကာစ... ၁၆နှစ်သမီးအရွယ်သာသာက ဘုမသိ ဘမသိ ထုတ်ခဲ့ဘူးတဲ့ ကဗျာစာအုပ်လေးအကြောင်းကို ခုချိန်ထိ သတိတရနဲ့ လွမ်းနေမိပါသေးပါရဲ့။ အဲဒီ ကဗျာစာအုပ်လေး နံမည်က သံယောဇဉ်ဆူးတဲ့။ နှစ်ပေါင်းများစွာ ကြာတဲ့ထိ ရင်ထဲမှာ ညိနေသေးတဲ့ ဒီကဗျာအပိုင်းအစလေးကတော့...

"သံယောဇဉ်ဆူး"

စူးနင့်နေဆဲ
ရင်ထဲမှာပေါ့
သံယောဇဉ်
တိုးဝင်ကာ ဝေဒနာဖြစ်မှ
စူးရှနာကျင်
ဆူးအသွင် စူးဝင်နေလဲ
နှုတ်ရက်ပါဘူး
ချစ်ဦးသူ
အမှတ်တရ ချန်ခဲ့တဲ့
သံယောဇဉ်ဆူး...။

ကိုသျှား

ဒီကဗျာလေးကိုရေးတဲ့ သူငယ်ချင်းနံမည်ကတော့ ကိုသျှားတဲ့။ ကိုယ်က ဒီ ကဗျာစာအုပ်လေးနဲ့ပါတ်သက်ပြီး အများကြီးတော့ မကူညီခဲ့ဘူးဘူး။ ဒီစာအုပ်လေးထဲမှာ ကိုယ့်ကဗျာ၃ပုဒ်ပါဝင်ခဲ့၊ စာအုပ်ထုတ်ဖို့အတွက်... မရှိမဲ့၊ ရှိမဲ့ မုံ့ဖိုးလေး ၅၀ကို မျှဝေခဲ့...၊ ပြီးစာအုပ်ထွက်လာတော့မှ... ရော့...အင့်... ဆိုပြီး သူတို့က ကိုယ့်လက်ထဲထည့်... ဒါနဲ့... ဟိုလူ့ ဒီလူ့ လိုက်ရောင်းခဲ့တယ် ဆိုတာက ပိုမှန်မယ်။ ဒီဇိုင်းဘယ်သူဆွဲသလဲ...၊ လက်ရေး ဘယ်သူရေးသလဲ...၊ ဘယ်မှာ မိတ္တုလှည့်ကြသလဲ...၊ စာအုပ်တွေ ဘယ်လိုချိုးလို့ ဘယ်မှာ ချုပ်ကြသလဲ... ဘာမှ မသိလိုက်ဘူး။ အဲဒီကဗျာစာအုပ်မှာ ရေးတဲ့သူတွေ အားလုံးကိုလည်း ကိုယ်သိလည်းမသိဘူး။ တွေ့လည်းမတွေ့ဘူးဘူး။ ကိုယ့်ကလောင်နံမည်က ယောက်ျားလေး နံမည်ယူထားလို့ ဒီကဗျာ၃ပုဒ်ကို ရေးတဲ့သူဟာ ကိုယ်ဆိုတာ၊ မိန်းကလေး၁ယောက်ဆိုတာ သူတို့တွေလည်း မသိကြဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ့်မှာ ဒီကိစ္စကို အိမ်က လူကြီးတွေ မသိအောင် ခိုးကြောင်ခိုးဝှက် လုပ်ရရှာသကိုး။

စာအုပ်လေးထွက်လာပြီးတော့ ညဖက်... ညဖက်... လူကြီးတွေ မသိအောင်... ခဏခဏ... ခိုးခိုး ကြည့်ခဲ့ရတာ သတိရမိတယ်။ ကိုယ့်ကဗျာလေးဘေးမှာ ရေးထားတဲ့ နဂိုဒီဇိုင်းကိုမကြိုက်လို့ ကိုယ့်ဖာသာ သရုပ်ဖော်ပုံလေးတွေ ထပ်ဆွဲတယ်။ ကဗျာစာအုပ်လေး မွမွကြေမတတ် ရေးထားတဲ့ ကဗျာတွေအားလုံး အထပ်ထပ်အပြန်ပြန် ဖတ်တယ်။ ဘယ်သူ့ကဗျာတော့ အကြိုက်ဆုံးရယ်လို့ အမှတ်တွေ ကိုယ့်ဖာသာပေးတယ်။ ဒါဟာ... ငါ့ရဲ့ စာပေဘ၀ခရီးအစ...ခြေလှမ်းတခုပဲလို့... ၁၆နှစ်သမီးဟာ... ကြီးကြီးကျယ်ကျယ် စိတ်ကူးယဉ် မိခဲ့ဘူးတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, October 21, 2008

Business email writing tips - 4

Image from http://www.fotosearch.com/

ရုံးအီးမေးလ်ရေးတဲ့နေရာမှာ သတိထားသင့်တဲ့ အချက်လေးများကို အလျင်းသင့်သလို ပြောဦးမယ်နော်။

Be Positive
အကောင်းမြင်တဲ့ အမြင်ဖြင့် ရေးပါ။

ဥပမာပြောရရင် ကလေးတွေကို ဆုံးမတဲ့နေရာမှာ သူလုပ်လိုက်တာမှားတယ်လို့ ပြောမဲ့အစား ဒီလိုလေးလုပ်ရင် ပိုကောင်းတယ်လို့ ပြောရမဲ့သဘောလိုပေါ့...။ ကလေး၁ယောက်က တံခါးကို ၀ုန်းကနဲဆောင့် ပိတ်လိုက်တယ်ထားပါတော့။ သူ့ကို ဘယ်လိုပြောမလဲ။ တံခါးကို ဘာလို့ဆောင့်ပြီးပိတ်တာလဲလို့ အပြစ်မပြောပဲ... တံခါးဆိုတာ ဖြည်းဖြည်းညင်ညင်သာသာ ပိတ်ရတယ်လို့ သူနားလည်အောင် အမှန်ကို တည့်မတ်ပေးမယ်ဆိုရင် ပြောတဲ့သူရော၊ ပြောခံရတဲ့သူပါ ကျေကျေနပ်နပ် ဖြစ်ပါတယ်။ သဘောကတော့....
the child needs to learn what’s right—not just what is wrong လို့ဆိုလိုချင်တာပါ။

ဒီသဘောအတိုင်းပါပဲ... အီးမေးလ်ရေးတဲ့ အခါမှာလည်း အပြစ်သဘောတွေမပါ၊ အပြုသဘောနဲ့ရေးသားတတ်ဖို့ လိုအပ်ပါတယ်။ ၁ယောက်ယောက်က အမှားလုပ်လို့ သတိပေးပြောစရာရှိတဲ့အခါဆိုရင်လည်း သူ့အမှားကို ထောက်ပြအပြစ်ပြောတာထက် သူဘယ်လို အမှန်လုပ်သင့်တယ်ဆိုတာ သူသဘောတူလာအောင် စည်းရုံးပြီး ရေးသားဖို့ ဂရုစိုက်ရပါမယ်။

အဲဒီတော့ ကိုယ်အီးမေးလ် ပို့လိုက်တဲ့သူဆီက Affirmative response ရချင်တယ်ဆိုရင် အပြုသဘောမျိုး ရေးသားတတ်အောင် ဂရုစိုက်ရပါမယ်။

ဥပမာလေးတွေ ရေးပြမယ်နော်...။

1) Say what you want, rather than what you do not want
It will be great if we can have a code released on this Tuesday, since production will run the test on this Tuesday. Please kindly help to expedite it.
(Yes)
We need the code released on this Tuesday. If we don't get the code on time from you, production cannot run the test. Please release it on time.
(No)

2) State what to do – not what to avoid
Please kindly provide the information within this week.
(Yes)
Don't take too long to provide the information more than a week.
(No)

3) Say what you can do – not what you cannot do
We will release the latest firmware code by end of this week and we are working on it.
(Yes)
We cannot release the firmware code by now; you need to wait until end of this week.
(No)

4) Use neutral rather than blaming language
Please let me clarify what I meant.
(Yes)
You misunderstood what I said.
(No)

5) Avoid blaming others
The test sequence can be improved further and please clear the unnecessary lines and resubmit. Thanks.
(Yes)
You created the test sequence very messy. Redo it.
(No)

6) Use words that create a positive feeling
We value the natural resources.
(Yes)
We don't waste natural resources.
(No)

7) Watch your tones
We are expecting the report from you. We would like to understand more on current Network problem and we hope that you can solve the problem as soon as possible. Please kindly help to expedite it.
(Yes)
I am regarding your failure to send the report. You claimed that network problem has been solved. But you have a serious lack of insight into the problem.
(No)
(You claim လို့ပြောတာက "you say so, but I don't believe you." လို့ပြောလိုက်တာပါပဲ။ "failed to," "neglected to" or "lack of" စသဖြင့် words တွေက accuse အပြစ်တင်တဲ့ စကားလုံးတွေပါ။)

8 ) Motivate the people with your words whenever you have opportunity
Good job! We have received your latest released test code. You helped us a success on product launch on-time. Thanks for your hard work on it and hope to have your continuous support.
(Yes)
We have received the latest code released. Product has been launched.
(No)

9) Take every opportunity to communicate positively
We received your letter with thanks.
(Yes)
We got your letter.
(No)

Thank you for taking the time to consider my ideas.
(Yes)
Please review my ideas.
(No)

Ref:
http://www.syntaxtraining.com/business_writing_tips.html


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Saturday, October 18, 2008

Happy Birthday Brother Ko Min Ko Naing!

ဒီကနေ့... အောက်တိုဘာလ ၁၈ ရက် ၂၀၀၈ ခုနှစ်ဟာ ဆိုရင် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း ရဲ့ (၄၆) နှစ် မြောက်မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်ကို ၁၉၈၉ မတ်လမှာ အကျဉ်းချခဲ့တာ၊ ၁၅နှစ်ကျော် ၁၆နှစ်နီးပါး အကျဉ်းကျခံခဲ့ရပြီး ၂၀၀၄ နိုဝင်ဘာမှာ ပြန်ည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၇ သြဂုက်၁၉ရက်မှာ ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။

မိမိကိုယ်ကျိုးမငဲ့ပဲ မြန်မာပြည်သူပြည်သားများအတွက် တိုက်ပွဲဝင်နေသော ကိုမင်းကိုနိုင်နှင့်တကွ ဖမ်းဆီးခံနေရသော ကျောင်းသားခေါင်းဆောင်များအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေရန် အစ်ကိုကြီးကိုမင်းကိုနိုင်ရဲ့ ၄၆ နှစ်မြောက်မွေးနေ့လေးမှာ ၀ိုင်းဝန်းဆုမွန်ကောင်းများတောင်း၍၊ ဆုတောင်း မေတ္တာများ ပို့သကြပါစို့...။

"သစ္စာ"

အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား

တိုင်တည်သစ္စာပြုပါ၏။


မပြီးပြတ်သေး
တော်လှန်ရေးတွင်

ကျွန်ုပ်၏သွေး မနီသေးလျှင်

အသင်တို့ သွေးပက်ဖြန်းပေး၍

ရဲဆေးတင်ပေးကြပါလေ။


မပြီးပြတ်သေး
တော်လှန်ရေးတွင်

ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍

မချင့်မရဲ သတ္တိနည်းလျှင်

သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍

ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။


မပြီးပြတ်သေး
တော်လှန်ရေးတွင်

ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု

မထောက်မညှာ ပြုမိပါလျှင်

အသင်တို့၏ မညွတ်ပြောင်းသော

ခွပ်ဒေါင်းလက်ဖြင့်

ဝိုင်းညှပ်အပြစ်ပေးကြပါလေ။


မပြီးပြတ်သေး
တော်လှန်ရေးအတွက်

ကျွန်ုပ်အသက်လမ်းတ၀က်မှ
ပေးဆပ်ရလည်း

လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ

တာဝန်တရပ်ကျေပြွန်မှတ်၍

ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်

ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍

သင်တို့ ရှိရာ ကျွန်ုပ်လာမည်

ရင်ဖွင့် ကြိုကြပါလေ။

မင်းကိုနိုင်

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Friday, October 17, 2008

အညာစကား နဲ့ အကြေစကား

Artist - Saya T Naing Soe

အညာစကားနဲ့ အကြေစကား ကွဲလွဲတယ်ဆိုတာ ဖတ်ပြီး ၂၀၀၃-၄လောက် မြန်မာပြည်ပြန်ခဲ့တုန်းက ချောင်းသာ အလည်သွားခဲ့တာကို ပြန်သတိရလို့ တောင်ရောက်မြောက်ရောက်ရေးလိုက်ဦးမယ်....။

မြန်မာပြည်ကတောသူတောင်သားတွေဟာ ရိုးသားပြီး၊ ဟန်မဆောင်တတ်၊ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း စကားပြောတတ်တာကိုပြောချင်လို့ပါ။ အိတ်တုန်းက ယောက်ယောက်ရယ် ကိုယ်တို့ ညီအစ်မ၃ယောက်ရယ် ချောင်းသာကိုအလည်သွားကြတာ...။ အပြန်ကျတော့ ဇက်ကူးဖို့က... (ဘာလို့ဆိုလည်း... ဗွီအိုင်ပီဆိုလား... ဘာလား... ရှိလို့ဆိုပြီး ) အကြာကြီးထိုင်စောင့်ခဲ့ရတယ်...။

အဲဒါနဲ့ကိုယ်တို့တွေလည်း... မြစ်ဆိပ်မှာပဲ လ္ဘက်ရည်ဝင်သောက်... ပြီးတော့ အိတ်ဆိုင်ရှေ့ အရိပ်အောက်က ထိုင်ခုံလေးတွေမှာ ထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကားတွေ ရေပက်မ၀င်အောင်ပြော... ပြောင်လိုက်နောက်လိုက်နဲ့ နေနေကြတာပေါ့။ အိတ်မှာ ကိုယ်တို့ စကားပြောတဲ့ အနားကို ထန်းလျက်သည်တွေ ရောက်လာကြတယ်။ ထန်းလျက်ရောင်းချင်လို့ အနားကိုရောက်လာကြတာမှုတ်ဘူးနော်။ ကိုယ်တို့ အချင်းချင်း ပေါက်ကရ ပြောင်နေနောက်နေကြတာကို စိတ်ဝင်တစားတွေနဲ့... ပထမတော့ ခပ်လှမ်းလှမ်းက အကဲခတ်သလိုကြည့်... နောက်တဖြည်းဖြည်းရှေ့တိုးလာကြည့်။ ပြီးလည်းပြီးရော... ကိုယ်တို့နားက အရိပ်အောက်မှာ ပြုံးပြုံး... ပြုံးပြုံးနဲ့ ဗန်းတွေချပြီး တစ်ယောက်ပြီး တစ်ယောက်လာထိုင်ကြတော့တာပဲ။

ကိုယ်တို့တွေ ပြောနေကြတာကို... ငေးမောနားထောင် ရီမောရင်း သူတို့ကပါ စကားတွေ ၀င်ပြောကြတာလေ။ အဲဒါနဲ့ သူတို့တွေက ကိုယ်တို့ကို ဘယ်လိုတော်စပ်ကြသလဲဆိုပြီး မေးတာပေါ့နော်။ ကိုယ်နဲ့ ယောက်ယောက်ကလည်း ကိုယ့်ညီအစ်မတွေနဲ့ အတူတူခရီးသွားကြတယ်ဆိုရင် ၂ယောက်လုံး အပျို၊ လူပျို ဟန်ဆောင်ကြတာလေ... ဟီး...။ ပြီးတော့... ရုပ်ချင်းကလည်း ခပ်ဆင်ဆင်တွေမို့... မောင်နှမတွေ တော်တယ်လို့ ပြောရင် လူတိုင်းယုံကြတယ်။ ယောက်ယောက်ကို လက်ညိုးထိုးပြပြီး... ဒါ... မောင်လေး အငယ်ဆုံးလေးလို့ ပြောကြတာပေါ့။ ညီမလေးကိုတော့ လက်ညိုးထိုးပြီး... ဒါကတော့... အစ်မအကြီးဆုံးလို့ လုပ်ကြတာပေါ့... ခစ်ခစ်။ အိတ်တော့... သူတို့တွေက ညီမလေးကို ၀ိုင်းကြည့်ကြပြီး ... ဟယ်... ကောင်မက... အစ်မအကြီးဆုံးတဲ့တော့... မထင်ရဘူးတော့တဲ့။ ကောင်မဆိုတော့ ညီမလေးက စတွန့်သွားတယ်။ နောက်ထပ်စကားလည်းကြားရော... ကိုယ်တို့တွေ မပြုံးပဲ ၀ါးလုံးကွဲကို ရီမိလိုက်ကြတယ်။ သူ့အပြောက... ကောင်မမျက်ခွက်ကလည်း လှပါ့အေ... တဲ့...။

လှတယ်လည်းဆိုသေး... ပြောတာကလည်း မျက်ခွက်တဲ့... ဟိဟိဟိ...။ ဒါနဲ့ သူတို့ကို ဘယ်အရပ်ကလည်းဆိုတာ မေးကြည့်တော့ သူတို့က အထက်အညာဒေသကဆိုပဲ။ သူတို့ ရွာနံမည်ပြောပြတာတော့ မေ့သွားပြီ။ သူတို့တွေ ကိုယ်တို့နဲ့ တ၀ါးဝါး တဟားဟား... စကားတွေ ကောင်းနေကြတာ... ဟိုမှာ နောက်ထပ် ခရီးသည်ကားတွေ လာနေတယ်... ထန်းလျက်သွားရောင်းကြချည်လေ ဆိုလည်း ထိုင်ရာကမထကြဘူး။ နေပစေ... ကိုယ်တို့နဲ့ စကားပြောရတာပျော်တယ်တဲ့။ ဒီနေ့အတွက်လည်း ရောင်းထားတာ နေ့တွက်ကိုက်နေလို့တဲ့။ တကယ့်ကို ဘယ်မှသွားမရောင်းပဲ ကိုယ်တို့တွေဇက်ကူးတဲ့ထိကို စကားထိုင်ပြောကြတာ။ ဘာတွေ မေးကြ... ပြောကြလည်း... ဆိုတာ... အတိအကျပြန်စဉ်းစားကြည့် တော့ ရေးတေးတေးရယ်။ ဒါပေမဲ့... ကိုယ်တို့က ပေါက်ကရတွေ ပြောလိုက် သူတို့ကရီလိုက်။ သူတို့ ရိုးရိုးကြီးပြောတာကို ကိုယ်တို့ကရီလိုက်ကြနဲ့။ သူတို့ဘ၀အကြောင်း... စိတ်ညစ်စရာလေးတွေကို ပြောပြတာတောင်မှ သူတို့က ရီကာမောကာနဲ့ ပေါ့ပေါ့ပေါ့ပါးပါးပုံစံလေးတွေနဲ့ ပြောပြကြတာကိုတော့ မှတ်မိနေတယ်။

*********************

အိတ်ကပြန်လာပြီးကတဲက... ယောက်ယောက်က တခါတခါ... နောက်လေ့ရှိတယ်...။ ငါ့မိန်းမက မျက်ခွက်က လှသားပဲတဲ့.............. လေ။

*********************

မေ့လို့...။ ချောင်းသာကအပြန်... သူငယ်ချင်းတွေ၊ အမျိုးတွေကို လက်ဆောင်တွေဝေတော့... အားလုံးက အံ့သြပြီး... ဟယ်..ချောင်းသာမှာ ထန်းလျက်ပေါသလားတဲ့.....................။ ဇီးထန်းလျက်၊ အုန်းထန်းလျက်၊ ပေါက်ပေါက်ဆုတ် ထန်းလျက်၊ ရိုးရိုးထန်းလျက်... အမျိုးစုံအောင်ကို ပါလာတာလေ...။

Thursday, October 16, 2008

မွေးနေ့ ကဗျာလက်ဆောင်

Image from http://www.fotosearch.com/

စုချစ်ရေးထားတာကို ဖတ်ပြီး ရင်ထဲမှာ ကြည်နူးလွန်းလို့၊ စုချစ်ယောက်ယောက် အတွက် မွေးနေ့လက်ဆောင် အဖြစ် ကဗျာလေးရေးပေးမယ်နော်။

စုချစ်ရဲ့ ဒိုင်ယာရီ ကို အခုမှ ဖတ်ဖြစ်တယ်။ စုချစ်ရော... ကို--- ကိုပါ ခင်နေ၊ တွေ့ဖူးတဲ့ သူတယောက် အနေနဲ့ စုချစ် ရေးထားတာလေး နဲ့ မျက်လုံးထဲမှာ မြင်ကြည့်တာလေးနဲ့ တော်တော် ကို ကြည်နူးမိပါတယ်။

နောက်တခု က စုချစ်နဲ့လေဒီ ညတိုင်းနီးပါး စကားပြောဖြစ်တဲ့အခါတိုင်း၊ တခါတလေ နောက်နေ့မှာ ပိတ်ရက်မျိုးဆို တို့တွေ ၂ယောက် ည သန်းခေါင်ကျော် ပြောရင်တောင် မှ စုချစ် အိပ်မှ အိပ်တယ် ဆိုပြီး၊ ဘေးနားမှာ ထိုင်စောင့်နေတတ်တဲ့၊ ကို--- ကို ကျေးဇူးတင်မိတယ်၊ စုချစ်တို့ကိုလဲ အားကျမိတယ်။

ဘန်ကောက်မှာတွေ့ကြ တုန်း ကလဲ ကျူးပစ်တွေ အမ်ဖိုးအမ် နဲ့ ကျူးပစ်ထဲ ကအကြောင်း ပြောမ၀ ဖြစ်နေချိန်မှာ ပြုံးပြုံး နဲ့၊ စကားမစပ် အဲဒီတုန်းက ပါလာတဲ့ နောက်ကျူးပစ် စီနီယာ တယောက်ရဲ့ ပါရမီဖြည့်ဖက် ကိုလည်း တယ် ချီးကျူးပါတယ်။

လေဒီကိုလည်း အမြဲတန်းအားပေးတတ်တဲ့စုချစ်၊ ဂရုစိုက်တတ်တဲ့ စုချစ်၊ ဒီလို ဂရုစိုက်ခွင့်ပေးတဲ့ စုချစ် ယောက်ယောက်၊ ယနေ့ မွေးနေ့မှသည် စုချစ်နဲ့တူတူ နောင်နှစ်ပေါင်းများစွာ၊ အဘိုးအဘွားများတောင့်တနေတဲ့ သားသမီးလေးတွေ နဲ့အတူတူ၊ ဒီနေ့လိုပဲ ဇင်ယော်ချိန် လေးတွေချည်းပဲ တသက် လုံး လှပ ပျော်ရွှင်နေပါစေလို့။

တစ်ထောင်ကိုးရာ ကိုးဆယ်ငါး
ရွှေမန်းသားနှင့် ရန်ကုန်သူ
နေပူပူ မန်းပရောဂျက်မှာ
တွေ့လိုက်ရာ... မှအစ။

ပန်းနီနီသူပေး

ကြာသာပတေးနေ့တိုင်း တဲ့လား
ရင်ခုံသံမှားသွားပေါ့ ဒို့စုချစ်ရယ်
ဆုံးဖြတ်တယ် တသက်လုံး
ပျော်မဆုံး မင်္ဂလာပွဲသို့...။

ရက်မှနှစ်ပြောင်း

မဟောင်းသည်က သူတို့အချစ်
အပြစ်ဆိုသည်မှာ မြူမှုန်
မေတ္တာထုံသင်း
ပျော်ရွှင်ခြင်းအတိ။


ဘ၀မစခင် တစ်နှစ်တဲ့

ကို--- ရဲ့မွေးနေ့

မမေ့တဲ့ဒေါ်စုချစ် သည်

ရေးချလိုက် ဒိုင်ယာရီရေ...

မုဒိတာဝေ အားကျစေသည်။


စုချစ် ယောက်ယောက်

မျက်မှန်ကောက်နှင့်

မြင့်ချစ်သူ... ဟု
စုချစ်တင်စား
ကို... အား
ဆုတောင်းချွေသည်

မွေးနေ့ဆီမှ... အိုသည်မင်းရ

သက်ဆုံးထိတိုင်၊ ပျော်ပိုင်ကြစေသော်...

တူစွ ရွှေဇင်ယော်...။ ။


ကာရံသိပ်မကိုက်ပေမဲ့.. အမှတ်တရပါ.. အခုချက်ခြင်းရေးချလိုက်လို့။

လေဒီ

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

အမှတ်တရ ကဗျာရေးပေးသော ချစ်သူငယ်ချင်းလေဒီအား ကျေးဇူးတင်ခြင်းများစွာဖြင့်...။
စုချစ်

Hubby! Happy Birthday, It's for U!

I met one charming guy around 1995-96 at Mandalay who became my lovely hubby in future. Actually, we were same batch University mates. But we've never talked before, back in University time even though we have seen each other around the University. I was from Electrical Engineering while he was from Petroleum Engineering.

We became closed friends when we were working together for Sedona Hotel Project, Mandalay after we've graduated. As per usual man-approaching method, he said that he sees me as his younger sister so he wants to treat me like one. He always helps me on everything I need and he is always there for me. He pretended that he would never fancy me. But he couldn't pretend any longer and he proposed me after 5 months we met.

He used to give me one beautiful red rose on every Thursday because both of us are on Thursday born. Sometimes, he gave it to me personally if nobody was around. Sometimes, he put it into my desk. I don't like red color rose but I like the rose from him. Most of the presents given to me are always red color and he said that his favorite color is red. Although red color is not really my favorite, I don't mind to get red color presents from him. Anyway, I also like him….I don't really know "what is love" but I am sure that I like him very much, especially on his being honesty, humble, being big heart, and sweet smile. Although I am aware that he won't be the most perfect person surrounded me.

Now, we have been married for 6years and going to be 7 years on this November. We still don't have any kids yet. He is still the same as before…..honest, humble, big heart and sweet smile. But I became to know some of his "bad" characters after we get married which I've never realized before. Sometimes, he is very forgetful person. Something like ….left his wallet in his office, left his hand phone in somewhere…etc. And he likes to have everything best of the best. No matter how expensive, he will get it for me or he will get it for himself too and he doesn't care about anything. He always has no worries and just an easy go happy person.

Occasionally, he would like to spend money on those stuffs like a watch, shoe, etc., which are usually very very expensive (as for me). Initially, I was very disappointed and don't understand why he wants to have such a branded stuff since we are just normal people and honestly....not high class - rich people. He also wanted to buy a car, which will definitely cost us a lot extra money in every month. So, I did totally disagree with him to buy a car and arguing with him that it was just wasting money. But finally, as usual and like always, I let him do what he likes to do……because, he is my only and one hubby and I don't want him to be upset but only to be happy.

Actually, he isn't only my hubby but also my partner, my brother, my friend, my teacher, my father and my son. According to circumstances, he behaves different characters in my life since we are away from our family's members. He also treats me as different characters since he also needs me in different ways. Most importantly, we fill each other needed in anytime and anyway. We valued each other and treasured each other everyday and every possible moment.

One of the his precious characters I like and very rare to find in this world is……He is very cool guy and he never gets angry easily. In short, his boiling point is very good while mine is poor. He seldom says bad things about others except he often scolds to those people whenever he thinks about Daw Aung San Su Kyi, Burmese political prisoners and Burmese people who are in a tragic plight. He is very kind to everybody whoever associates with him. Especially, he is very good in taking care of his subordinates and workers; no questions for that…of cause they like him very much too. But I think that some people are taking granted for his kindness. So I have to become bad person in order to protect him, sometimes.

My hubby also wants to travel around the world. He often follows and visits me the place, which I occasionally go for oversea work assignments. Whenever he sees planes, he always says that he wants to take that plane and flies somewhere to admire the scenery, season, culture, etc. When I said that you're always thinking how to spend money but never think how to save money then he didn't reply me anything but just smiling.

My angry or my worry is gone whenever I see his smile. That's my hubby and me.

16-10-2008, Thursday, 09:50 am

Thursday, October 9, 2008

ပြေး... အချစ်ရေ... ပြေး

Image from http://www.fotosearch.com/


ကျောင်းအစ်မကြီးဝိသာခါ အကြောင်းဖတ်ပြီးတော့ ငယ်ငယ်က အဖွားပြောတာတွေ သတိရမိတယ်။ ကိုယ်တို့မောင်နှမတွေမှာ မိန်းကလေးတွေက များတော့ မိန်းကလေးတွေဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတဲ့ အဖွားပြောတဲ့ စည်းကမ်းတွေကလည်းများသားပါ့။ အားလုံး... လိုက်နာသလားမေး... လစ်ရင်လစ်သလို... လည်သလို ကြည့်နေကြတယ်လို့ ဖြေရမယ်နဲ့တူတာပဲ။အဖွားရဲ့ စည်းကမ်းတွေထဲမှာ မိန်းကလေးတွေ အော်ကြီးဟစ်ကျယ် စကားမပြောရ မရယ်ရ၊ ပြေးလွှားမသွားရဆိုတာတွေလည်းပါသပေါ့။ သူတို့သမီးထွက်ရှာစဉ် ကျောင်းအစ်မကြီး ၀ိသာခါရဲ့ အိနြေ္ဒကြီးပုံဆိုတာလည်း အဖွားပြောပြဘူးခဲ့တယ်။ ကိုယ်တို့ မောင်လေးဝမ်းကွဲက ကိုယ်တို့ကို ဘယ်လို သြဘာပေးခဲ့လည်းဆိုတော့ ... နင်တို့လိုပုံမျိုးတော့ သေချာတယ်... ဘယ်သူမှ သူတို့သမီးကောက်ကြမှာ ဟုတ်ဘူးတဲ့လေ...။ သူပြောလည်းပြောစရာ... ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့ ... အယ်... ရွှေစုချစ်တို့က ဘာပြေးသလဲမေးပါနဲ့လား..ကွယ်ရို့...။

ငယ်ငယ်က လာသာ၂ မှာကျောင်းတက်တော့ ရထားကြီးစီးပြီး တက်ရတာ...။ ရထားက တခါတလေ ပုံမှန်ချိန်ထက် စောလာလို့ ခပ်လှမ်းလှမ်းကနေ ရထားလာနေတာတွေ့... ကိုယ်က ဘူတာရုံမရောက်သေး။ ကျောင်းလိုက်ပို့တဲ့ အဒေါ်က ထမင်းဘူးခြင်းတွေတို့လို့တန်းလန်းနဲ့ သူကိုယ်တိုင်လည်းပြေး... ပါးစပ်ကလည်း.... ဟဲ့... ကလေးတွေ ရထားမှီအောင်ပြေးကြ...ပြေးကြဆို...လွယ်အိတ်တွေ မနိုင်မနင်းလွယ်လို့ ခြေကုန်သုတ် အပြေးလိုက်ခဲ့ဘူးသပေါ့။ ရန်ကုန်မှာ ဘတ်စ်ကားစီးဘူးတယ်ဟုတ်...။ ကိုယ်က ဒီနေရာမှာ စောင့်နေတယ်ဆို... ကားက ဟိုနေရာ.. ခပ်လှမ်းလှမ်း မှာရပ်တယ်။ စပယ်ရာက ခပ်မြန်လေးလာလို့ ဆိုပြီး အော်ခေါ်ရာ အပြေးအလွှား သွားရတာ...။ အိတ်မှာ ဆင်မယဉ်သာလုပ်နေလို့ကတော့.... နေခဲ့ပေရော့ပဲ...။ ဒါမှမဟုတ်လည်း... ကိုကို စပယ်ရာတို့ရဲ့... အမလေး.. လှယဉ်ကျေးမယ်ရွေးပွဲလုပ်နေတာ မဟုတ်ပါဘူးဗျာ... ခပ်မြန်လေးလာကြပါလို့... အာပြဲသံကြီး ရောက်လာမှာ မလွဲပဲ...။ ပြီးတော့ရော.. ကားလမ်းကူးကြတာ အရှေ့အနောက် တောင်မြောက် ဘယ်ညာ ကိုယ့်ဖာသာကြည့်ပြီး အပြေးအလွှား ကူးကြရတာ...။ လူတွေ အများကြီး ပြေးပြေးလွှားလွှားကူးနေတဲ့ နေရာ ကိုယ်ပါရောပြီး ပြေးလွှားကူးပေါ့...။ ဒါမှ လိုရာမြန်မြန်ရောက်မယ်...။

တက္ကသိုလ်ရောက်တော့ရော... အထူးသဖြင့်... ပထမနှစ်မှာ အတန်း တချိန်ပြီးတိုင်း အပြေးအလွှားနဲ့ နေရာတွေ ဦးခဲ့ကြတာမှတ်မိနေတယ်။ Building 1 ကနေ Building 8 - Drawing အတန်းအကူးအပြောင်း တက်ရတဲ့ အချိန်တွေဆို ဘာပြောကောင်းမလဲ...။ လှေခါးကနေ တဒိုင်းဒိုင်းပြေးဆင်းကြတာပဲ။ တီစကွဲတွေ ယောက်ျားလေးတွေနဲ့ အပြိုင်လုပြီး သွားဌား..။ နောက်ကျလို့ နေရာက နောက်မှာထိုင်ရရင် ဆရာပြောတာတွေ သေချာမကြားရတော့ပဲ ကျူတိုရီယယ်ကြရင် ဒွတ်ခရောက်ရော...။ ဘယ်မှာ ဆင်မယဉ်သာလုပ်နိုင်ပါ့မလဲနော်...။ လုပ်တဲ့သူ မရှိဘူးတော့ မဟုတ်ဘူး..ရှိပါတယ်...။ တနေ့တော့ အိတ်လိုလှုပ်လီလှုပ်လဲ့ လမ်းလျှောက်တတ်တဲ့ သူငယ်ချင်း၁ယောက်နဲ့ (သူက..သူ့နောက်လိုက်နေတဲ့ လူကြီးတွေ ကြောက်လို့ အတန်းနားတဲ့အချိန် Physics Department မှာ စာအုပ်သွားယူစရာရှိလို့ အဖော်လိုက်ခဲ့ပေးတာခေါ်တာနဲ့... လိုက်ပေးတာ) အတူလိုက်လျှောက်ပေးရတာ။ ဒီကလောက် ကော်ရစ်တာ ဘယ်ညာမှာ ထောင်သောင်း မျက်လုံးတွေ စူးစိုက်ကြည့်နေတဲ့ကြား၊ သကောင့်သားတွေက... ဟေ့ဟား... အော်နေကြတဲ့ကြားမှာ သူက လှုပ်လီလှုပ်လဲ့ ကဗျာမမှီစာမပီ စတိုင်နဲ့ ဆင်မယဉ်သာလျှောက်နေတာ...ကိုယ်ကစိတ်မရှည်တော့ဘူး...။ ကဲ..နင်... လမ်းမြန်မြန် လျှောက်မလား... မလျှောက်ဘူးလား။ အိတ်လိုလုပ်နေရင် ကိုယ့်ဖာသာ နောက်ကလိုက်ခဲ့တော့...။ ငါ့ဖာသာ ရှေ့ကသွားနှင့်မယ်လို့ ရာဇသံပေးလိုက်တော့မှ... မရွှေစာက ကိုယ့်လက်မောင်းကို ဖက်ပြီး နောက်က တရွတ်တိုက်ပါလာတယ်။

အင်း... ခု...စလုံးရောက်လာတော့ရော...။ ကိုယ်အလုပ်စလုပ်လုပ်ခြင်းတုန်းက စီးနေကြ Express ကားက နာရီဝက် ၄၅မိနစ်ကြာမှ တစီးလာတာ...။ အိုးး...ဘတ်စ်ကားမှတ်တိုင် မရောက်သေးပဲ အိတ်ကားမြင်လိုက်လို့ကတော့ ... Forest ပြေး...ပြေး... ဆိုတာက အသာလေးပဲပေါ့...။ ဘတ်စ်ကား ဒရိုင်ဘာ ဦးလေးကြီးကလည်း ကိုယ်ပြေးလားတာတွေ့ရင် ရပ်စောင့်ပေးသဗျ...။ တလောက... ရုံးကနေ စောစော အပြန် ဘတ်စ်ကားစီးဖို့ ဂိတ်ကို ထွက်လာတုန်း ဟိုဖက် Department က မန်နေဂျာနဲ့ တွေ့လို့ သူကလည်း စောစောပြန်တယ်ဆိုပြီး ၂ယောက်သား စကားတပြောပြောနဲ့ ထွက်လာကြတာ..။ ကိုယ်တို့ စီးမဲ့ ဘတ်စ်ကားကြီးလာနေတာတွေ့တော့ ကိုယ်က မှီအောင်ပြေးတာပေါ့။ မဟုတ်ရင် တစီးလွတ်သွားရင် odd hour အချိန် မှာ နာရီဝက်လောက် စောင့်ရတတ်လို့...။ ဟာဟ... ကိုယ်က ရှေ့က... အိတ်မန်နေဂျာက နောက်ခပ်လှမ်းလှမ်းမှာရယ်... ။ ကိုယ်တို့ ပြေးလာတာတွေ့တော့ ဘတ်စ်ကားဆရာကြီးက စောင့်နေတာပေါ့...။ ကားပေါ်လည်းရောက်ရော.... နောက်မှရောက်လာတဲ့ အိတ်မန်နေဂျာကို ဘတ်စ်ကားဆရာကြီးက ဗလိုင်းကြီး ဆူပါလေရော...။ မိန်းကလေးက အရင်ပြေးပြီး တက်ရတယ်... မင်းက ဘာလို့ နောက်ကနေ ဖြည်းဖြည်းလေး လှုပ်လီလှုပ်လဲ့ လာတာလဲဆိုပြီး..။ ဟိဟိ..။ အိတ်လိုပဲ ... MRTစီးတော့လည်း လှေကားမတက်ခင် Display က ၁မိနစ်လို့ ပြထားရင် Excuse me လို့ ပြောပြီး escalator ကို ပြေးတက်တာပဲ...။

ရုံးအလုပ်နဲ့ ဂျပန်ကို ရောက်ခဲ့တုန်းက... မနက်.. မနက် ဘူတာရုံ အသွားမှာ ရုံးသွားဖို့ ထွက်လာတဲ့ ဂျပန်တွေတော်တော်များများဟာ... လမ်းရိုးရိုးလျှောက်တာထက် ပြေးပြီးသွားကြတာတွေ့ရတယ်...။ ဟိ... ကိုယ်ကလည်း သူတို့ နဲ့ အပြိုင်...လိုက်ပြေးတာပဲ...။ နောက်ပြီး... ဟိုးအရင် ပထမဆုံးအခေါက် US ကိုရောက်တုန်းက ကိုယ်သွားတဲ့ မြို့က State တွေအားလုံးမှာ အအေးဆုံးလို့ သတ်မှတ်ထားတဲ့ မြို့...။ အိတ်တုန်းက wind chill temperature (လေတိုက်ခတ်နှုန်းနဲ့ အအေးဓါတ်ပေါင်းသွားပြီး ရလာတဲ့ temperature ) -၃၀ နဲ့ -၄၀ ဒီဂရီ စီ လောက်ကို ကြုံခဲ့ဘူးတယ်။ ရုံးအပြင်က ကားပတ်မှာ ကားရပ်ပြီးရင် ...လာလေရော့... ကားကနေ ရုံးဆီကို တခါထဲ ဒိုင်ဗင်ထိုးချမတတ် ပြေးတော့တာပဲ...။

အင်း...မောင်လေးပြောခဲ့သလိုပါပဲ...။ ဒီလိုပုံမျိုးကို... ဘယ်သူကလာပြီး သူတို့သမီးကောက်မလဲပေါ့ကွယ်....။ ဒါပေမဲ့... ခစ်ခစ်ခစ်..................... ကံကောင်းလို့... ကျောင်းအစ်မကြီး ၀ိသာခါတို့ခေတ်မဟုတ်တော့လို့... ကောက်တဲ့သူကကောက်ခဲ့လို့.. တော်သေးရဲ့....။ ဟိ...

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, October 7, 2008

အရိပ်

Image from http://www.fotosearch.com/

တရုတ်မလေးအကြောင်းပြီးတော့ အဆောင်က ပြင်သစ်မအကြောင်းလေး ဆက်လိုက်ဦးမယ်။ သူများ မကောင်းကြောင်းတွေလိုပဲ ဖြစ်နေလို့ ရေးရတာ အားတော့နာပါရဲ့။ ဒါပေမဲ့ ကိုယ်မြင်တာ သိတာကနေ သင်ခန်းစာလေးတွေ ယူနိုင်အောင်လို့ပေါ့နော်...။

အဲဒီ ပြင်သစ်မလေးက အသက် ၂၃- ၂၄ လောက် ...။ အရပ်ကရှည်သွယ်သွယ်၊ ကိုယ်လုံးကိုယ်ပေါက် ခပ်ဖြောင့်ဖြောင့်၊ ပုခုန်းလောက်ရှိတဲ့ ရွှေညိုရောင်အဆင်း ဆံလေးတွေ တခါခါနဲ့ ချစ်စရာ အပျိုဖြန်းလေးပုံစံနဲ့ပေါ့...။ မြစိမ်းရောင်လဲ့လဲ့ မွှေးညှင်းနုနုလေးတွေနဲ့ မျက်နှာလေးဖြူသေးသွယ်ပေါ်က မျက်ခုံးတန်းလေး ညိုလဲ့လဲ့၊ မျက်ဝန်းလေး စိမ်းပြာပြာ၊ နှာတန်လေး သေးချွန်ချွန်၊ နှုတ်ခမ်းနီလေး ပါးလျလျနဲ့ မြင်သူအပေါင်းလည်း ငေးမောမိရတဲ့ ဘိုမလေးပေါ့။ ကိုယ်ဟန်ကျော့ကျော့မော့မော့နဲ့ စကပ်တိုတိုလေးတွေဝတ်လေ့ဝတ်ထရှိတဲ့၊ စပေါ့ရှူး ခပ်လှလှလေးတွေစီးတတ်တဲ့သူ ကျောင်းသွားဖို့ (ဒါမှမဟုတ်) အပြင်သွားဖို့ အပေါ် ထပ်က ဆင်းလာပြီဆို ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတို့ လုပ်လက်စ အလုပ်တွေ ခဏထားပြီး သူမသိအောင် သူ့ကို မော်ဒယ်မလေးတစ်ယောက်ကိုငေးကြည့်သလို မျက်စိတဆုံးလိုက်ငေးဖို့ ၀န်မလေးကြဘူး။

ဒါပေမဲ့ ချစ်စရာကောင်းတယ်လို့ သတ်မှတ်ခဲ့သမျှ မထင်မှတ်ပဲ သိလိုက်ရတဲ့ သူရဲ့စိတ်နေစိတ်ထားကြောင့် ကိုယ့်အနေနဲ့ စိတ်မသက်မသာဖြစ်မိခဲ့တာ အမှန်ပဲ။ အခု... စင်ကာပူမှာ အောက်တိုဘာ ၁ရက်ကစပြီး ဘတ်စ်ကားခတွေ၊ ရထားခတွေ ဈေးတက်တယ်ကြားတော့ မဆီမဆိုင် သူ့ကို သတိရမိလိုက်တယ်။ သူကလေးသာ ဒီမှာ ရှိနေတုန်းဆို ခုလိုဈေးတက်နှုန်းနဲ့ ဘယ်လို Cheating များ လုပ်ဦးမလဲလို့လေ။

ဟိုးအရင်တုန်းက စင်ကာပူမှာ Ez Link ကဒ်ဆိုတာမျိုး မရှိသေးဘူး။ ရိုးရိုးဘတ်စ်ကားကဒ်ကို ကိုယ်သွားမဲ့ လမ်းခရီးပေါ် မူတည်ပြီး စက်ထဲထည့် ကိုယ့်ဖာသာရွေးဖြတ်ရတာ။ ဘယ်လောက်ဖြတ်ရမယ်မှန်းမသိရင် ကားဆရာကြီးကို ကိုယ်ဆင်းမဲ့ မှတ်တိုင်ပြောပြပြီး ကားခဖြတ်ရတယ်။ လျှော့ပြီး ဖြတ်ထားတာဆိုရင် လတ်မှတ်စစ်တက်လာတဲ့အခါ ကိုယ်လက်မှတ်ကိုယူသွားပြီး ခရီးစဉ် အစအဆုံးထိ ဖြတ်ပစ်လိုက်တော့ ပိုက်ဆံ ပိုကုန်တာပေါ့နော်။ အဲ...တခြားတော့ ဘာမှ မပြော... မလုပ်ပါဘူး။ ဒီတော့ တချို့သော သူများဟာ ဘယ်ပဲသွားသွား အနည်းဆုံးခလုတ်ကို နှိပ်ပြီး လွယ်လွယ် နဲ့ ကားခခိုးစီးလေ့ရှိကြတယ်။

အဲဒီမှာ ... ခုပြောမဲ့ ပြင်သစ်မမလေးက လက်မှတ်ဖိုးလျှော့ပေးပြီး အမြဲ ခိုးစီးသူပေါ့။ သူက NUS မှာ Exchange Student အနေနဲ့ ကျောင်းတက်နေတဲ့သူ။ ကိုယ်တို့အဆောင်ကနေ ကျောင်းကို ၁ဒေါ်လာကျော်ကျော် ပေးရတာကို သူက အနည်းဆုံးဖြစ်တဲ့ ပြား၆၀ပဲပေးပါတယ်။ ကိုယ်တို့က ပထမတော့သူမသိလို့ လုပ်တာလို့ ထင်တာပါ။ ကျောင်းအသွား တကားထဲ အတူတူ စီးမိစဉ် သူက ကိုယ့်ရှေ့က တက်ပြီး ပြား၆၀ပဲဖြတ်တော့ အော်..သူ..ကျောင်းကို သွားတာမဟုတ်... လမ်းတနေရာမှာ ဆင်းမယ်လို့ ထင်တာပေါ့။ ကျောင်းရောက်လို့ ကားပေါ်ကအဆင်း သူလေးက ကိုယ့်ရှေ့က ဆင်းတာ တွေ့လိုက်ရတော့မှ... အာ... ဒီကောင်မလေးတော့ ကားလတ်မှတ်ဖိုးမှားဖြတ်နေပြီလို့ လွယ်လွယ် တွေးလိုက်တာပေါ့နော်။

သဟာနဲ့... သူကကိုယ့်ရှေ့က ပြာယာပြာယာ ထွက်သွားတော့ ဒီအကြောင်းကို မပြောလိုက်၊ သတိမပေးလိုက်ရဘူး။ တနေ့ ကိုယ်အဆောင် ဧည့်ခန်းထဲမှာရှိတုန်း သူက အင်္ကျီလျှော်ဖို့ ဆင်းအလာ... မနေနိုင် မထိုင်နိုင်နဲ့ စကားစပ်မိအောင် အတင်းစပ်ပြီး အဆောင်ကနေ ကျောင်းကို ဘတ်စ်ကားခက ပြား၆၀မဟုတ်ဘူး...နော်..။ ၁ဒေါ် လာကျော်လို့ ရီကာမောကာ ပြောပြလိုက်တယ်။ ဒီတော့ သူက အေးအေးဆေးဆေး... မထူးဆန်းတဲ့ပုံနဲ့... သူသိသားပဲ... တမင်မပေးတာတဲ့လေ...။ ကျောင်းမှမဟုတ်ဘူး... သူ... ဘယ်သွားသွား ကားခကို အနည်းဆုံးပဲဖြတ်တယ်။ ဘာလို့ပို ဖြတ်ရမှာလဲ... လက်မှတ်စစ်လာရင်လဲ... ငါ...ခုမှ ပြင်သစ်ကရောက်တာ..မသိလို့ လုပ်မိတာလို့ ပြန်ပြောမှာပေါ့တဲ့...။ ငါတို့ လူမျိုးတွေကို ဒီကလူတွေက တော်တန်ရုံ မပြောရဲပါဘူးတဲ့လေ...။ ငါတို့က နိုင်ငံကြီးသားတွေတဲ့... တော်ရုံတန်ရုံလူ ရှိန်တယ်တဲ့လေ...။ သူကပြောရင်းဆိုရင်း ကိုယ့်ကိုလည်း ဂရုမစိုက်တဲ့ အိုင်တင်နဲ့ ဘတ်စ်ကားခ အပြည့်ပေးစီးရတဲ့သူ... သနားစရာ သတ္တ၀ါတွေပဲဆိုတဲ့အမြင်နဲ့ ဆတ်ကော့လတ်ကော့ အပေါ် ထပ်ကို တက်သွားတယ်။

သူ့အပြော ကြားလိုက်ရတဲ့ ကိုယ်တို့တွေကတော့ သူ့ကို တအံ့တသြ လိုက်ကြည့်မိကြရင်း အတော်ကို စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတွေယမ်းမိတယ်။ တနေ့မှာတော့ သူနဲ့ အိမ်ရှိလူအားလုံးပြဿနာ ဖြစ်ကြရတယ်။ သူ့ရဲ့ ရွှံ့တွေသဲတွေနဲ့ ပေပွပြီး ညစ်ပတ်ပေရေနေတဲ့ စပေါ့ရှူးကို အ၀တ်လျှော်စက်ထဲ ထည့်လျှော်တဲ့ ကိစ္စနဲ့ပါတ်သက်ပြီး မိုးလင်း ကျောင်းသွားတာတောင် မျက်နှာမသစ်တဲ့ ပြည်ကြီးတရုတ်မမ မညစ်ပတ်ကအစ ဒေါမကန်စဖူးဒေါတွေကန်နေကြတယ်။ သူက ဖိနပ်ပေပေရေရေကို အ၀တ်လျှော်ကန်ထဲ ဒီတိုင်းပစ်ထည့်သွားတာလေ။ ခလုတ်နှိပ်ဖို့ မေ့သွားတာပဲလား... တွေ့တဲ့သူ၊ မနေနိုင်တဲ့သူ လုပ်လိမ့်မယ်ဆိုပြီး ဒီတိုင်းတမင်ထားသွားတာပဲလားတော့ မသိဘူး။ နောက်က အ၀တ်လျှော်ချင်တဲ့သူ ကဘယ်လို လျှော်ရမယ်မှန်းမသိ။ ဒီလောက်ပေပွနေတဲ့ ဖိနပ်ကို အရင်ဆုံးရေ မဆေးပဲ ထည့်တာကိုက လွန်လှပြီ။ ပြီးတော့ ကိုယ်က စည်းကမ်းဒလကြမ်းပြည့်နေတဲ့ မိသားစုကလာတော့ အဆောင်ကလူတွေ အ၀တ်လျှော်စက်ထဲ ပေါက်ကရအကုန်ထည့်ပြီး လျှော်တာကအစ လုံးဝကြိုက်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ အများနဲ့ ၁ယောက် ..အများပိုင်ပစ္စည်း.. သူတို့လျှော်ချင်ရာလျှော်တာ ကိုယ်ဘာများပြောလို့ရမှာလဲ။ ကိုယ်ကတော့ အဲဒီအချိန်ကစပြီး ပြင်သစ်မမကို ကြည့်ချင်စိတ် ကုန်ခန်းသွားတော့တာပဲ။ ကိုယ့်စိတ်ထဲမှာ သူ့ကိုလှတယ်လို့ ခံစားလို့ မရတော့တာလည်း အမှန်ပဲ။

သူ့အကြောင်းနဲ့ပါတ်သက်ပြီး ဆက်စပ်တွေးမိတာက နိုင်ငံကြီးသားဆိုတာ ဘာလဲ... ဆိုတာပါပဲ။ ဘာသာရေးအရ ခိုးစီးတာဟာ မကောင်းတဲ့အလုပ်လို့ မသိတာကို အသာထားဦး...။ အဲဒီလို ကလိန်ကညစ် လုပ်တတ်တဲ့အကျင့်နဲ့၊ စည်းမဲ့ကမ်းမဲ့ စရိုက်တို့ ပေါင်းစပ်ထားတဲ့ ပုံစံနဲ့ ကိုယ့်ကိုယ်ကို နိုင်ငံကြီးသားလို့ ပြောရတာ ရှက်စရာကောင်းတယ်လို့ သူမထင်မိဘူးလား။ အခြားတိုင်းတပါးသားများက ကိုယ်၁ယောက်မကောင်းတာနဲ့ ကိုယ့်လူမျိုးအားလုံးကိုပါ အထင်သေးသွားစေနိုင်တယ်ဆိုတာ သူမသိလေရော့သလား။ ငါလေ... စင်ကာပူမှာ ကျောင်းသွားတက်တဲ့ တောက်လျောက် ဘတ်စ်ကားအမြဲခိုးစီးခဲ့တာလို့ ပြင်သစ်ရောက်ရင် ပြန်ကြွားချင်လို့ပဲလား။ ဒါမှမဟုတ်... ငါ့ရဲ့ ညစ်ပတ်ပေရေနေတဲ့ ဖိနပ်တွေ ကို ကိုယ်တိုင်တောင် ဆေးစရာမလိုဘူး..။ ဒီလိုပဲ ပစ်ထားလိုက်တာ.. တွေ့တဲ့သူက လုပ်ပေးသွားတာ လို့ ဂုဏ်ယူချင်နေလား...ဆိုတာ ကိုယ်ကတော့ မဝေခွဲနိုင်ပါ။ သေချာတာ တခုကတော့ နှစ်တွေကြာသွားတဲ့အခါ အဆောင်ကလူတွေ အားလုံးဟာ သူ့နံမည် ဘယ်သူဆိုတာကို မေ့သွားကြမှာဖြစ်သော်လည်း ... တို့လေ... အဆောင်မှာ နေခဲ့တုန်းက ပြင်သစ်မ ၁ယောက်ပေါ့... ဆိုပြီး - သူ့နိုင်ငံကို ကိုယ်စားပြုလို့ - သူကောင်းခဲ့တာ၊ မကောင်းခဲ့တာလေးတွေကို သတိရမိတဲ့ အခါတိုင်း၊ တိုက်ဆိုင်မှုရှိလာတဲ့အခါတိုင်း ပြောဖြစ်နေကြမှာတော့ အမှန်ပါပဲ။ ကိုယ့်ဘ၀မှာ ပထမဆုံး နီးနီးစပ်စပ် တွေ့ခဲ့ဘူးတဲ့ ပြင်သစ်မ လှလှလေးဟာ... ကိုယ့်အတွက် memory လှလှလေး မချန်ခဲ့တာကလည်း အသေအချာပါပဲလေ။

********************

တခြားတပါးသော တိုင်းပြည်ကိုရောက်နေသူများအတွက် ကိုယ်ဟာ ကိုယ့်လူမျိုးကို ကိုယ်စားပြုနေတဲ့သူ ဆိုတာ မေ့ပစ်လို့ မရပါဘူး။ ကိုယ်ကကောင်းတာလုပ်ခဲ့ရင် အဲဒီကောင်းတဲ့အရိပ်က ကိုယ့်တမျိုးသားလုံးကို ကိုယ်စားပြုကျန်နေခဲ့မှာ ဖြစ်ပြီး၊ ကိုယ်က မကောင်းတာလုပ်မိခဲ့ရင် အဲဒီအရိပ်မဲက ကိုယ့်ကိုယ်စား ကိုယ့်နောက်မှာ ကိုယ့်လူမျိုးနံမည်နဲ့ချီပြီး ကျန်နေခဲ့မယ်ဆိုတာ သတိချပ်သင့်ပါတယ်။

မည်သူမဆို ... ကောင်းသော အရိပ်များ ချန်ခဲ့နိုင်ကြပါစေသော်...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Monday, October 6, 2008

မီးသတိပြု

Image from http://www.fotosearch.com/

တနေ့ကမှ... ဂျူးရောင်းအိစ်မှာနေတဲ့ သှုငယ်ချင်း နဲ့တွေ့လို့ သူကပြောပြတာ...။ စက်တင်ဘာ ဒုတိယပတ်လောက်က သူ့အိမ်အောက်ထပ်တည့်တည့်အခန်းက ၀ါယာရှော့ ဖြစ်ပြီး မီးလောင်တာ ကံကောင်းလို့ တတိုက်လုံးမလောင်တယ်တဲ့။ အောက်ထပ်ကအိမ်က Renovation လုပ်နေတာ... အဲဒီနေ့မှာ Contractor တွေက Flat TV ကြီးနံရံမှာဆင်ပြီး မီးခလုတ်တွေ မပိတ်ပဲ ပြန်သွားကြတာ...။ ညကြတော့ ရှော့ဖြစ်ပြီး မီးလောင်ရော..။ သူတို့က ၃ထပ်ကဆိုတော့ ပြေးဆင်းကြတာ...။ ဟိုးအပေါ် ထက်ကလူတွေ တော့ ပြေးဆင်းလို့ကို မမှီကြတော့ဘူးတဲ့လေ။ မီးခိုးလုံးကြီးတွေ တက်သွားတာ တော်တော်များတယ်ဆိုပဲ။ သူတို့တွေ အောက်ထပ်ကနေ ကြည့်နေပြီး သူတို့ အိမ်တော့ ပါသွားပြီထင်တာတဲ့။

နောက်မီးအေးမှ ပြန်တက်ကြတော့ သူ့အထပ်က မီးခိုးလုံးရိုက်ပြီး တအိမ်လုံးမဲသဲသွားတာပေါ့။ ကြမ်းခင်းတွေဆိုလဲ ပျက်စီးသွားတယ်တဲ့။ HDB Insurance က အပြင်နံရံတွေဆေးပြန်သုတ်ပေးတာနဲ့ တံခါးဘောင်တွေ ပျက်စီးတာပဲ လုပ်ပေးတယ်တဲ့။ အခန်းထဲ ပျက်စီးတာ ဘာမှ လုပ်မပေးဘူးတဲ့....။

မောင်နှမတွေ...သတိထားနိုင်အောင်လို့ ပြောတာ။ အပြင်ထွက်ပြီးဆို... သတိရှိရှိနဲ့ မီးခလုတ်တွေ အားလုံးပိတ်ခဲ့ကြဖို့ မမေ့ကြပါနဲ့။ ဂတ်စ်မီးဖိုတွေ ဘာတွေလည်း ခလုတ်ကိုမေ့ပြီး မပိတ်မိလို့ ဆိုပြီး ဂတ်စ်တွေ ထွက်နေတတ်တယ်။ အားလုံး..သတိရှိရှိထားကြလို့ နှိုးဆော်လျက်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Friday, October 3, 2008

Unfaithful!

Image from http://www.fotosearch.com/

ဘာရယ်ဟုတ်ဘူး....တောင်ရောက်မြောက်ရောက်တွေးရင်း နဲ့ စလုံးရောက်ကာစ အဆောင်မှာ နေတုန်းက တရုတ်မ၁ယောက်ကို သတိရသွားလို့....။

ကိုယ်စလုံးကို ရောက်ကာစ... နေခဲ့ရတဲ့ အဆောင်က လုံးချင်းအိမ်လေးတွေ၊ အောက်ထပ်မှာ ၁ယောက်ခန်း ၁ခန်း နဲ့ ၂ယောက်ခန်း ၁ခန်း၊ မီးဖိုဆောင်၊ ဧည့်ခန်း။ အပေါ် ထပ်မှာက ၂ယောက်ခန်း ၃ခန်း။ အဲဒီ အပေါ် ထပ်မှာ ပြည်ကြီး တရုတ်မ ၄ယောက်၊ ပြင်သစ်မ ၁ယောက် နဲ့ မလေးတရုတ်မ ၁ယောက်နေကြတယ်။ အောက်ထပ်မှာက ကိုယ်တို့ မြန်မာ ၃ယောက်နေကြတယ်။

ပြောချင်တာ အဲဒီအပေါ် ထပ်က လူတွေ အကြောင်း။ အဲဒီထဲမှာ ပြည်ကြီးမ ၄ယောက်က ကိုယ်စီ ဇာတ်လမ်းမျိုးစုံနဲ့...။ ဗမာပြည်ကလာတဲ့ ကွန်ဇာဗေးတစ် ရိုးရိုးစင်းစင်း မိသားစုက ကြီးပြင်းလာရတဲ့ ကိုယ်ကတော့ ရောက်ကာစက သူတို့နေပုံထိုင်ပုံကို ကြည့်ပြီး အဘား...အဘား နဲ့ အော်နေရ... မီးမီး ရှက်ရှက်လို့ လက်ကာထားရ... ဖြစ်နေတာပေါ့။ သူတို့ထဲက၁ယောက်ရဲ့ အကြောင်းလေးပြောချင်လာလို့...။

သူက NUS က ဓာတုအင်ဂျင်နီယာရင်းမှာ မာစတာလုပ်နေတဲ့ ကောင်မလေး။ သူ့ရည်းစားကောင်လေးက အဆောင်ကို အမြဲအလည်လာလေ့ရှိတယ်။ စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆိုရင် ကောင်လေးက နံနက် ၁၀နာရီ ကိုယ်တို့ မီးဖိုထဲမှာ ချက်ချိန်ပြုတ်ချိတ်လောက်ဆို ရောက်လာပါပြီ။ သူက အဆောင်ထဲကို မ၀င်ခင် တံခါးဝကနေ မ၀ံ့မရဲ့၊ မတိုးမကျယ် အသံ နဲ့ ဟယ်လို...လို့ အမြဲ ခေါ်လေ့ရှိတယ်။ အပေါ် ထပ်က သူ့ကောင်မလေးကတော့ ဘယ်ကြားပါ့မလဲ...။ ကိုယ်တို့ ကြားတဲ့သူ... ကြုံတဲ့သူတွေက သူ့ကို လက်ကလေး ခဏကာပြ... ပြီးတော့ လှေကားရင်းကနေ သူ့ကောင်မလေး နံမည်ကို အော်ခေါ်ပေး။ အိတ်တော့မှ... ပြုံးပြုံး... ပြုံးပြုံးနဲ့ ကောင်မလေးကဆင်းလာ။ သူ့ကောင်လေး လက်ကို ဆွဲပြီး အပေါ် ထပ်ကို ခေါ် သွားပေါ့။ မရွှေစာကသာ ဘယ်သူ့မှ အရေးမလုပ်တာ။ ကိုယ်တော်ချောကတော့ ရှက်ကိုးရှက်ကန်းဟန်နဲ့ ကိုယ်တို့ကို မလုံမလဲကြည့်... စိုင်းကျူး...လို့ တရုတ်သံဝဲ၀ဲနဲ့ပြောပြီး အပေါ် ထပ်ကို ပါသွား။ အဲဒါ ဖြစ်ရိုးဖြစ်စဉ် မြင်နေရတာ ကြာလာတဲ့အခါ ကိုယ်တို့အတွက် ထူးတောင်မထူးဆန်းတော့ဘူး။ ဒီတရုတ်လေးက အရပ်ကရှည်ရှည်မားမား၊ ရိုးသားမှုရှိတဲ့ မျက်လုံးတစုံနဲ့ ရှက်ကိုးရှက်ကန်း ဟန်တွေ ရှိလို့ ကိုယ်တို့ မြန်မာ၃ယောက်လုံး သူ့ကိုတော့ ဘာရယ်မဟုတ် ခင်နေမိကြတယ်။

အဲ... တနေ့ညခင်း ၁၀နာရီကျော်လောက် ဧည့်ခန်းထဲမှာ ကိုယ်စာထိုင်ဖတ်နေတုန်း မရွှေချော ပြန်လာတာတွေ့ရတယ်။ သူ့နောက်က သူတို့ လူမျိုး အသက်ခပ်ကြီးကြီး လူကြီး၁ယောက်နဲ့...။ ဒီလူကြီးက ကိုယ့်ကို ဟယ်လို ဆိုပြီး ပြုံးပြနှုတ်ဆက်တာကို လုပ်ရိုးလုပ်စဉ်အတိုင်း ခေါင်းငြိမ့်ပြီး ဟန်ဆောင်ပြုံးလေးတောင် ကိုယ်ပြန်မပြုံးပြနိုင်လိုက်မိဘူးထင်တယ်။ မရွှေချောကတော့ ကိုယ့်ကို စာဖတ်နေတာလား လို့ တချက် နှုတ်ဆက်ပြီးသကာလ ကိုယ့်ရှေ့ Fridge ထဲက အအေးဗူးတဗူးကို ထုတ်ယူလို့ ဘာမှ မဖြစ်သလို လူကြီးလက်ကိုဆွဲလို့ အပေါ် ထပ်ကို တက်သွားတယ်။ ဒီလူကြီးက လည်း ပိုင်စိုးပိုင်နင်း ခပ်တင်းတင်းနဲ့ ကိုယ့်ရှေ့ကဖြတ်လျှောက်လို့ အပေါ် ထပ်ကို လိုက်ပါသွားတယ်။ တကယ်ဆို အဆောင်မှာ ညအိပ်ညနေ လူလက်ခံခွင့်မရှိတာ သူတို့ မသိလေရော့သလား။ ကိုယ့်မှာသာ လက်ထဲက စာအုပ်ကိုဆက်မဖတ်နိုင်တော့ပဲ သူတို့ တက်သွားတဲ့ လှေခါးရှိရာကို... စိတ်တိုတောင်းစွာ လိုက်ကြည့်နေမိတယ်...။ ဒါ...ဘာသဘောလဲ....။ ဘာလုပ်တာလဲ...။ အခန်းထဲက ကိုယ့်သူငယ်ချင်းကို ခေါ်ပြီး ပြောလိုက်သေးတယ်...။ ဟိုဖက်အခန်းက နောက်သူငယ်ချင်းကလည်းထွက်လာပြီး ကိုယ်တို့ ၃ယောက် ပွစိပွစိ စကားတင်းဆိုကြလေတာပေါ့။ အိမ်ကို လူလိုက်လာလို့ စိတ်တိုတာထက် ... ကိုယ်တို့ ဘော်ဒါ တရုတ်လေးမျက်နှာကို မြင်ယောင်နေကြပြီး စိတ်တိုကြရတာကပိုတယ်။ ပြီးတော့ ကိုယ်တို့ အံ့တာက တခန်းထဲမှာ တခြားမိန်းကလေး ၁ယောက်နဲ့ အတူနေရတာ။ သူတို့ဘဲကို အခန်းခေါ် သွင်းတာကတော့ အံ့ရော...အံ့ရော..ဆိုတာပါပဲ။ သူ့အခန်းဖေါ်တရုတ်မက ဘာ ကွန်ပလိမ်းမှ မလုပ်တာလဲ... အံ့ရော...အံ့ရော...ပဲ။

ဒါနဲ့ပဲ... အဲဒီနေ့ကစလို့ ကိုယ်တို့ရဲ့ တရုတ်လေးဟာ.. ပျောက်ချင်းမလှ ပျောက်သွားပြီး အဆောင်ကို ဒီလူကြီးက အမြဲရောက်ရောက်လာတယ်။ သူက NUS ကပဲ အီးအီးမှာ PhD လုပ်နေတယ်ဆိုပဲ။ ကိုယ်တို့ကတော့ ဒီလူကြီးမျက်နှာကို ကြည့်ရတာ တရုတ်ကားတွေထဲက ဗီလိန်မျက်နှာနဲ့တူလို့။ မျက်နှာကအမြဲ အဆီပြန်ပြန်... အရပ်က ပုကွကွ.. အသက်ကလည်း ကြီးကြီး...။ ဒီ တရုတ်မ ဘာမြင်ပြီး သဘောကျရသလဲဆိုတာ နည်းနည်းမှ စဉ်းစားလို့ မရဘူး။ တခုပဲ ရှိတယ်.... ဒီလူကြီးရောက်လာမှ ကိုယ်တို့မှာမီးဖိုဆောင်ကို သူမချက်ခင် ရအောင်ဦးရတယ်။ ဒီလူကြီးက အချက်အပြုတ်ကတော့ နံပါတ်၁ ပဲ။ ခါတိုင်းဆို တရုတ်မတွေ ချက်လို့ ကိုယ်တို့ကို လာကျွေးရင် နည်းနည်း ၀င်မြည်းပေမဲ့ ဒီလူကြီး ချက်တာတွေတော့ သွားရည်ကျစရာ ကောင်းလောက်အောင် မွှေးကြိုင်နေသော်လည်းပဲ အမြင်ကပ်နေတဲ့ ပုဒ်မကြောင့် ဘယ်တော့မှ မစားဘူး။ သူတို့က စနေ၊ တနင်္ဂနွေဆိုရင် ၂ယောက်သား မီးဖိုဆောင်မှာ ချက်ကြ၊ ပြုတ်ကြ။ အဲ... စားပြီးသောက်ပြီးပြီ ဆိုရင်တော့ ၂ယောက်သား ရွှေလက်တွဲပြီး အပေါ် ထပ်က စံနန်းဆီကို မြန်းကြပေါ့။ ဒါကို ကြည့်ပြီး ကိုယ်တို့က မေးငေါ့... ကျန်ခဲ့ကြ...။

တနေ့သော နေ့လည်ခင်း မီးဖိုဆောင်ထဲမှာ ကိုယ်၁ယောက်ထဲ သန့်ရှင်းရေးလုပ်နေတုန်း ရုတ်တရက် ဟယ်လို ဆိုတဲ့ ကြားဘူးနေကြ အသံသဲ့သဲ့ လေးပေါ်လာလို့... တံခါးဝ ထွက်ကြည့်တော့.... မြတ်စွာဘုရား..ကယ်တော်မူပါလို့ အော်လိုက်မိမတတ် အတော်ကြာအောင် ပျောက်နေတဲ့ ကိုယ်တို့ မင်းသားတရုတ်လေးကို ထုံးစံအတိုင်း ရှက်ကိုးရှက်ကန်း အပြုံးတစုံနဲ့ မားမားကြီး တွေ့လိုက်ရတယ်။ သူက ထုံးစံအတိုင်း သူ့ကောင်မလေးရှိလားလို့ ကိုယ့်ကို မေးနေတယ်။ ကိုယ်ဘာပြန်ပြောရမယ်မှန်းမသိဘူး...။ မရွှေစာက အပေါ် မှာ ဟိုလူကြီးနဲ့...။ ကိုယ်က ထိတ်လန့်တကြား ပြာယာတွေခတ်ပြီး... ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိ... ဘာပြောရမယ်မှန်းမသိ...။ သူ့ကို ခဏလို့ လက်ကာပြပြီး ယောင်တောင်တောင်နဲ့ အခန်းထဲက ကိုယ့်သူငယ်ချင်း၂ယောက်ကို ... ဟဲ့...ဟဲ့... လုပ်ကြပါဦး... ဟို ကောင်လေးလာနေတယ်...။ ဟိုကောင်လေးလာနေတယ်လို့ ခပ်အုတ်အုတ်အော်ပြောမိတယ်။

ကိုယ့်သူငယ်ချင်း၂ယောက်ကလည်း အခန်းထဲက ချက်ချင်းဆိုသလို ထွက်လာကြပြီး ... ဟဲ့ မိစု...ခေါ်မပေးနဲ့... အပေါ်တက်သွားလို့ ပြောလိုက်..ပြောလိုက်...အပေါ် ကို သူ့ဖာသာတက်သွားပစေ... လို့ဆိုပြီး... တရုတ်မကို အမြင်ကတ်နေသူများပီပီ ၀ိုင်းပြောကြတယ်။ တရုတ်လေးက ကိုယ်တို့ပြောနေတဲ့ အသံတွေကို ကြားနေရတယ်။ ဘာတွေပြောနေကြမှန်းတော့ သူမသိပေဘူးပေါ့...။ ကိုယ်ကတော့ တရုတ်လေးကို မမြင်သင့်တာ မမြင်ရအောင်...ဘာပဲဖြစ်ဖြစ်လေ... အနည်းဆုံး မမြင်ရတော့ စိတ်သက်သာတာပေါ့လို့ တွေးမိပြီး... ကိုယ့်သူငယ်ချင်းတွေ တားတဲ့ ကြားက တရုတ်မလေးနံမည်ကို အာပြဲကြီးနဲ့ အော်ခေါ်... ဧည့်သည် ရောက်နေတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့ကို ဟန်ဆောင်ပြုံး... ပြုံးပြရင်း... မတော်... သူအပေါ်တက်သွားမှာစိုးလို့... စကားမရှိစကားရှာ... မတွေ့တာကြာပြီနော်လို့ ပြောတော့...သူက ...သူ.. တရုတ်ပြည်ကို ပြန်နေတာ လို့ ပြောတယ်။ မနေ့ကမှ ပြန်ရောက်သတဲ့...။ အဲဒီအချိန်မှာ မရွှေစာက လှေကားကနေ တဒိုင်းဒိုင်းနဲ့ ပြေးဆင်းလာပြီး တရုတ်လေးတွေ့တော့ အနည်းငယ် မှင်သက်တဲ့ ပုံနဲ့ လှမ်းကြည့်တယ်။ ပြီးတော့...သူတို့ ၂ယောက် တံခါးဝမှာပဲ ရပ်ပြီး ဘာတွေ ပြောကြလဲ မသိဘူး။ ပုံစံကတော့ ကိုယ်တို့ တရုတ်လေး ရင်ဝကို ခြေနဲ့ ဆောင့်ကန်တဲ့ စကားမျိုးတွေ ဖြစ်မှာပေါ့။ အတန်ကြာတော့ မီးဖိုဆောင်ပြူတင်းကနေ လှမ်းအကြည့် နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ ခေါင်းငိုက်စိုက်ချပြီး လှည့်ပြန်သွားတဲ့ ကိုယ်တို့ တရုတ်လေး နောက်ကျောကိုပဲ နောက်ဆုံးအနေနဲ့ လှမ်းမြင်လိုက်ရတော့တယ်။ အဲဒီအချိန်မှာတော့ ခုနကတဲက လှေခါးမှာ ချောင်းနားထောင်နေတဲ့ ကိုပုကွနဲ့ မရွှေစာတို့ကတော့ Fridge ထဲက အအေးဗူးတွေယူပြီး အပေါ် ထပ်ကို ဟီးဟီး ဟားဟားနဲ့ ပြန်တက်သွားလေရဲ့....။

အော်...မေ့လို့...ပြောစရာ တခုကျန်သွားတယ်...။ အဲဒီ...ကိုပုကွက တရုတ်ပြည်မှာ... မိန်းမနဲ့ ကလေးတွေ ရှိသတဲ့...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, September 30, 2008

Business email writing tips - 3

Image from http://www.fotosearch.com/
အီးမေးလ်ဆိုတာ immediate medium လည်းဖြစ်၊ easily and highly accessible လည်းဖြစ်၊ record တွေ ၊ reference တွေဆိုတာကလည်းလုပ်လို့ရတော့ အရမ်းသတိထားရပါမယ်။ မေးလ်ပို့တဲ့အခါ ကိုယ်ပို့လိုက်တဲ့သူ၁ယောက်ကိုပဲ သိစေချင်၊ ဖတ်ရုံပဲ ဖတ်စေချင်လို့ (တခြားသူတွေကို မမြင်စေချင်လို့) copy တို့ forward တို့စတဲ့ options တွေကို disable လုပ်ပြီးပို့လို့ရနိုင်တယ်ဆိုသော်လည်းပဲ အဲဒါတွေကို ဖြည်လို့ရတဲ့ နည်းတွေ၊ ဒါမှမဟုတ် capture လုပ်လို့ရတာဆိုတော့ အန္တရယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်မေးလ်ကြောင့် ကိုယ့် image ကိုထိခိုက်စေမဲ့ဟာမျိုးကို ဘယ်တော့မှ မပို့မိစေပါနဲ့။ ကိုယ်ရေးတဲ့စာကို evidence အထောက်အထားယူပြီး ကိုယ့်ကိုပြန်ဒုက္ခပေးတတ်ပါတယ်။

ဒါကြောင့် တရံတခါမျိုးတွေမှာ ကိုယ့်ဘောစ်နဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ် စိတ်တိုစရာ၊ စာရင်းရှင်းစရာရှိရင် လူကိုယ်တိုင် ပါးစပ်ကနေ ပြောပြဆွေးနွေးပါ။ ဒေါသတွေ တအားထွက်၊ စိတ်တွေတအားတိုလို့ အလွန်ဆုံးဆဲဆိုမိပါစေဦး... ဆဲတဲ့အသံက လေထဲမှာပဲပျောက်သွားပါတယ်။ အီးမေလ်နဲ့ လုပ်လိုက်လို့ကတော့ record ကြီးဖြစ်သွားပါလိမ့်မယ်။

ကိုယ်ကတော့ တခါကဘော့စ်ကို တအားစိတ်တိုဘူးတယ်။ သောကြာညရုံးကအပြန်မှာ စိတ်တွေတို၊ ဒေါသတွေထွက်လို့ လူကအိပ်လို့လုံးဝမရဘူး။ နောက်နေ့ စနေ ရုံးမသွားရတော့.... ဘော့စ်နဲ့က အဲဒီကိစ္စကို စကားပြောလို့ ရှင်းလို့မရပြန်ဘူး။စိတ်ထဲမှာ တနုံ့နုံ့နဲ့မနေနိုင်လို့ အိပ်ရာကထ... သူ့ဆီ မေးလ်တခု ပြင်းပြင်းထန်ထန်အရေးအသားတွေနဲ့ရေး...။ ရေးပြီးတော့မှ... အင်း... နေပါဦး... ခဏတော့ draft ထဲမှာ save ထားမှ ဆိုပြီး save ထားလိုက်တယ်။ နောက်နေ့ အိပ်ရေး၀၀အိပ်ပြီး အိပ်ရကထတော့ စိတ်နည်းနည်းပြေသွားပြီ။ ရေးထားတဲ့ မေးလ်ကိုပြန်ဖွင့်ကြည့်တော့... အမယ်... ကိုယ်ရေးတာ ပြင်းထန်လှချည်လား... ဆိုပြီး နည်းနည်း ပြေပစ်အောင်ထပ်ပြင်လိုက်တယ်။ ပြီးတော့ မပို့သေးပဲ... တခါပြန် save ထားလိုက်တယ်။ ဒီလိုနဲ့ ၂ခါ၊ ၃ခါ လောက်ပြင်လိုက်၊ သိမ်းထားလိုက်၊ ပြန်ဖတ်ကြည့်လိုက်နဲ့ နောက်ဆုံး ပြေပြေပြစ်ပြစ်မေးလ်တစောင်၊ ဒေါသကင်းတဲ့ မေးလ်တစောင်သူ့ဆီပို့လိုက်နိုင်တယ်။ သူကလည်း သူမှားကြောင်း ပေါ်တင်ဝန်မခံပေမဲ့ ကိုယ့်ကိုစိတ်ပြေစေမဲ့ စာမျိုးပြန်ရေးလာတယ်။ ဒါကြောင့် စိတ်တွေတအားတိုနေတုန်း၊ ဒေါသ တအားထွက်နေတုန်း ရေးထားတဲ့ မေးလ်ကို ချက်ချင်းမပို့ပါနဲ့... အမှားတွေ ပါတတ်ပါတယ်။

ပြီးတော့ ကိုယ့်ကိုပြန်ပြီး blackmail လုပ်လို့ရတဲ့ အရေးအသားမျိုး ဘယ်သူ့ကိုမှ မရေးမိပါစေနဲ့။ မသေချာတဲ့ ဂတိမျိုးကိုလည်း အီးမေးလ်ကနေ မပေးမိပါစေနဲ့။ ဥပမာ... ကိုယ့်မှာလည်း လက်ရှိ project တွေနဲ့ အလုပ်ကများနေ... တခြားဌာနတွေက ကြားဖြတ်အလုပ်တွေက၀င်လာပြီး push လုပ်ပြီး target date တောင်းနေရင် ကိုယ်ကသေချာ ဘယ်တော့လုပ်နိုင်မယ်မှန်းမသိသေးပဲနဲ့ အီးမေးလ်ကနေ အတိအကျကြီး ဂတိပြန်မပေးပါနဲ့။ မသေချာပဲနဲ့ ဘယ်သူ့ကိုမှ ဘယ်တော့မှ အီးမေးလ်နဲ့ commit မလုပ်ပါနဲ့။ အာမသွားမခံပါနဲ့။ မဖြစ်မနေပြန်ရေးရမယ်ဆိုရင် ကိုယ်အလုပ်တွေ များနေလို့ priority ကို ဘော့စ်ကနေ တဆင့် ဆွေးနွေးပါ... ဘာညာနဲ့ ပြောတာပိုကောင်းပါတယ်။ ကိုယ်က commit လုပ်ထားပြီးရင် အဲဒီကိုယ်တော်ချောတွေက ကိုယ်ရေးထားတဲ့ မေးလ်ကို ရှိသမျှလူတွေဆီ publish လုပ်ပြီး push လုပ်လေ့လုပ်ထရှိကြတယ်လေ။

အဲဒါနဲ့ပြောင်းပြန် သူများက အလုပ်ကိစ္စ ကိုယ့်ကို commit လုပ်ထားတယ်ဆိုရင်လည်း evidence ရအောင်ယူတတ်ရပါမယ်။ သူတို့ကို gentle reminder ဆိုပြီး သူတို့ကိုယ့်ဆီပို့ထားတဲ့ မေးလ်က target date ကို reference ပြပြီးတော့ ပြီးနိုင်မပြီးနိုင်မေးရပါမယ်။ အရေးကြီးတဲ့ ရုံးကိစ္စတွေမှာ ပါးစပ်ကတိကို လုံးဝယုံလို့မရပါဘူး။တကယ်လို့.. ဥပမာ..သူတို့က ဖုန်းထဲမှာ ကိုယ့်ကို ဂတိပေးသွားတယ်ထားပါတော့...။ ကိုယ်က အီးမေးလ်ထဲမှာ ဒီလိုပြန်ရေးပြီး evidence ကို မရအရ ယူရပါတယ်။

As per our telecommunications on 26 September, I understand that your team has been working on xxxxxxx issue and expect to be finished by next week......

စသဖြင့်ပေါ့...။ အဲဒီတော့ သူက မေးလ်နဲ့ မပြောပေမဲ့ ကိုယ်က ကိုယ့်ဖာသာသူ့ဆီရေးပြီး ရအောင်ယူရတာပေါ့။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Wednesday, September 24, 2008

Business email writing tips - 2

Image from http://www.fotosearch.com/

ရုံးအီးမေးလ် တစ်စောင် ရေးပြီးပြီဆိုရင် ကိုယ်ရေးထားတာကို သေချာပြန်စစ်ပါ။ စာလုံးပေါင်းတွေ၊ ရေးထားတဲ့ အကြောင်းအရာ၊ အချက်အလက် စသဖြင့် သေချာစစ်သင့်ပါတယ်။ မစစ်ပဲ ဒီတိုင်းမပို့နဲ့ပေါ့နော်။ send လုပ်ပြီးသွားရင် ပြန် edit လုပ်လို့ မရတော့ပါဘူး။ အဲဒီတော့ contents, grammar နဲ့ spellingကို ကိုယ့်အီးမေးလ် မပို့ခင် အမြဲတမ်း double check လုပ်သင့်ပါတယ်။ ရေးပြီးတာနဲ့ ဘာမှမစစ်ပဲ ဗြုန်းဆျိုsend ကို click မခေါက်မိအောင်လုပ်ရပါမယ်။

ကိုယ်လုပ်တာကတော့ သိပ်အရေးကြီးပြီး သတိထားရေးရမဲ့ အီးမေးလ်တွေကို အကြမ်းသဘောရေးပြီး ချက်ချင်းမပို့သေးပဲ draft ထဲမှာ အရင်ဆုံး save ထားလိုက်ပါတယ်။ ပြီးမှ သေချာစစ်ပြီး ပို့ပါတယ်။ spelling တော့ auto check ရှိနေတော့ စစ်ရတာ လွယ်ပါတယ်။

နောက်ပြီး အရေးကြီးတာက တချို့နံမည်တွေဆို ကိုယ်နဲ့ familiar မဖြစ်တော့ နံမည်စာလုံးပေါင်း ကိုသေချာ ဂရုစိုက်ပါ။ တချို့က သူတို့နံမည် စာလုံးပေါင်းမမှန်ရင် စိတ်ဆိုးတတ်တယ်။ နောက်ပြီး male လား female လား မဝေခွဲနိုင်တဲ့ နံမည်တွေအတွက်...မသေချာရင် male ကိုပဲ ကိုယ်စားပြုပြီးပြောပါ။ မိန်းမကို ယောက်ျားနံမည်နဲ့မှားတာခံသာပေမဲ့ ယောက်ျားကို မိန်းမဆိုပြီး မှားရင် ပိုဆိုးမလားလို့လေ။ ကိုယ်ကတော့ တရုတ်နံမည်တွေ မသေချာရင် သူငယ်ချင်းတရုတ်တွေကို မေးကြည့်ပြီး ဒီနံမည်က မိန်းမလား ယောက်ျားလားဆိုတာ confirm လုပ်ရပါတယ်။

ပြီတော့ရေးတဲ့ နေရာမှာ tone ကိုဂရုစိုက်ပါ။ department ချင်းမတူတဲ့ သူတွေဆီမေးလ်ပို့ရင်၊ ကိုယ့်ဌာနကမဟုတ်တဲ့သူတွေရဲ့အကူအညီကိုယူရဖို့ရှိရင်၊ ဒါမှမဟုတ် သူတို့ဌာနဖက်က မှားနေတာတွေရှိလို့ ပြောရရင် အရေးအသားကို တတ်နိုင်သမျှ diplomatic ဖြစ်အောင်ရေးသင့်ပါတယ်။

ကိုယ့်ဌာနက မဟုတ်တဲ့သူတွေဆီက အကူအညီယူဖို့ဆိုတာ ပြေပြေလည်လည် ချောချောမွေ့မွေ အီးမေးလ်ရေးသားပြီး အကူအညီတောင်းတတ်ဖို့ လိုပါတယ်။ သူတို့ကို command ပေးတဲ့ ပုံစံမျိုးသွားရေးလို့ မရပါဘူး။ polite ဖြစ်ရပါမယ်။ သူတို့ကို pushing လုပ်တဲ့ သဘောမျိုးမပါအောင်သတိထားရပါမယ်။ formal အကူအညီတောင်းဖို့ဆိုရင် ကိုယ့်မန်နေဂျာနဲ့ သူ့မန်နေဂျာတို့ရဲ့ အီးမေးလ်တွေကို CC လုပ်ပေးဖို့မမေ့ပါနဲ့။ ဥပမာ... ကိုယ်တို့ ရုံးမှာဆို တခြား development group ရဲ့ immediate အကူအညီကိုလိုလာတယ်ဆိုပါတော့။ ရုံးကိစ္စသူတို့လုပ်ရမဲ့ အလုပ်ပင်ဖြစ်သော်ငြားလည်း သူတို့ရဲ့ ပုံမှန် routine အလုပ်တွေကြားထဲကနေ ကြားဖြတ်လုပ်ပေးရမဲ့ ကိစ္စဖြစ်တာကြောင့် ကိုယ်က သူတို့လုပ်ပေးချင်အောင်ရေးတတ်ဖို့လိုတယ်လေ။ ပြီးတော့ ဒါဟာအရေးကြီးတဲ့ official request ဖြစ်လို့ ၂ဖက် မန်နေဂျာတွေရဲ့မေးလ်တွေပါ CC လုပ်ပေးလိုက်တာပေါ့။ သိပ်ပြီး critical ကျတာဆိုရင် ဆိုင်ရာမန်နေဂျာတွေအားလုံးကို CC လုပ်လိုက်ပေါ့။

တကယ်လို့ တခြားဌာနတခုရဲ့ အမှားကို အီးမေးလ်ပြန်စရာရှိတယ်ထားပါတော့။ ကိုယ်ကသူတို့အမှားကိုသွားပြီး ပြင်းပြင်းထန်ထန်တွေထောက်ပြမိရင် ရေးမိရင် သူတို့ကလည်း ကိုယ့်အလှည့်ရောက်ရင် ညှာကြမှာမဟုတ်တော့ပါဘူး။ အဲသလိုရေးလိုက်လို့လည်း communication နဲ့ relationship မှာ ပိုဆိုးသွားတာကလွဲပြီး အကျိုးမရှိစေပါဘူး။ အဲဒီတော့ သူများအပစ်ကိုတွေ့တာတောင်မှ ပြင်းပြင်းထန်ထန်တွေမရေးပဲ ပြေပြေပြစ်ပြစ်နဲ့ အပစ်တင်တဲ့ ပုံစံမျိုးမပါအောင် ဂရုစိုက်ရေးတတ်ဖို့လိုပါတယ်။

ကဲ... ကိုယ်ရေးတာ အကြောင်းအရာမှန်မှန်ကန်ကန်၊ စာလုံးပေါင်းမှန်မှန်ကန်ကန် အားလုံးအဆင်ပြေပြီဆိုရင် အပိတ်စကားလုံးရေးရမယ်။ ထုံးစံကတော့ Thank you and Best Regards စသဖြင့်ပေါ့။ ပြီးရင် ကိုယ့်ရဲ့ နံမည် အပြည့်အစုံ၊ ရာထူး၊ ဌာန၊ ဖုန်းနံပါတ်စတာတွေကို signature အနေနဲ့ ထည့်ထားသင့်ပါတယ်။ signature မှာ ကိုယ့်နာမည်ကို အပြည့်အစုံရေးတာကောင်းပါတယ်။ ဖုန်းနံပါတ်ထည့်ထားလိုက်တော့ အရေးကြီးတဲ့ ကိစ္စဆိုရင် သူက ကိုယ့်မေးလ်ကနေ ကိုယ့် နံပါတ်ကြည့်ပြီး ခေါ်လို့ရတော့ အဆင်ပြေစေပါတယ်။ ကိုယ့် customer ကိုမေးလ်ပို့တာဆို အရေးကြီးဆုံး ကိုယ့် contact info ကိုထည့်ထားမှ သူတို့ကကိုယ်မေးလ်ထဲက info ကိုစိတ်ဝင်စားလို့ ဆက်သွယ်ချင် ဆက်သွယ်လို့ရမှာပေါ့။

signature ကို template ထဲမှာ တခါထဲ ထည့်ထားလိုက်ရင်ရပါတယ်။ ကိုယ်ကတော့ signature မှာ နံမည်တွေအပေါ်က Best Regards ပဲရေးထားတယ်။ အပိတ် Thank you ကလိုသလို အခြေအနေအရပြောင်းရေးချင်လို့...။
ပုံမှန်ဆို Thank you လို့ရေးတယ်။
သိပ်ကျေးဇူးတင်ချင်ရင် Thank you so much (ခင်တဲ့သူ) or
Thank you very much (သိပ်မသိတဲ့သူ) ...
ဒါမှမဟုတ် Thanks in advance (ကိုယ်ကအကူအညီတောင်းထားရင်)...
ကိုယ့်သူငယ်ချင်းက အလုပ်များတဲ့အထဲက ကိုယ့်ကို official request ကြောင့်မဟုတ်ပဲ ရှင်းပြပေးတာ ကူညီတာမျိုးဆိုရင် Thanks a million or A Miilion Thanks..
ဒါမှမဟုတ်...
Thanks again!
Thanks for kind support!
Thanks for your help!
စသဖြင့် စိတ်ထဲပေါ်တာ အဆင်ပြေသလို လျှောက်ရေးတာပါပဲ။

တခုမမေ့ရမှာ၊ သတိထားရမှက အီးမေးလ်ဆိုတာ အမြဲတစေသုံးဖို့လိုအပ်တဲ့ အရာမဟုတ်ပါဘူး။ မလိုအပ်တာကို အီးမေးပို့ခြင်းမှ ရှောင်ကျဉ်ပါ။ တခါတလေမှာ အီးမေးလ်နဲ့ ရေးလိုက်တာထက် ဖုန်းနဲ့ပြောတာ၊ မျက်နှာချင်းဆိုင်စကားပြောလိုက်တာက ပိုပြီးကောင်းပါတယ်။ ဘေးချင်းကပ်ထိုင်နေတဲ့သူကို အီးမေးလ်ပို့ပြီး မင်း အဲဒီအလုပ်ပြီးပြီလားလို့မေးတာ သိပ်အရုပ်ဆိုးပါတယ်။ ဒါမှမဟုတ် ငါ..ဒါကိုနားမလည်လို့ ရှင်းပြပါဆိုပြီး အီးမေးလ်နဲ့ တဌာနထဲကလူကို ရေးနေစရာမလိုပါဘူး။ သူ့စားပွဲကိုသွား... ကိုယ့်ကို ဒါလေးရှင်းပြပါဆို ပြီးနေပါပြီ။ တကယ်လို့သာ တဖက်သူကလက်ပေါက်ကပ်တဲ့သူဖြစ်လို့၊ ကိုယ်က အီးမေးလ်နဲ့ prove လုပ်ဖို့ လိုတယ်ဆိုရင်တော့ သုံးပေါ့လေ။

နောက်တော့ အီးမေးလ်ဆိုတာ immediate medium လည်းဖြစ်၊ easily and highly accessible လည်းဖြစ်လို့ အရမ်းသတိထားရပါမယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။