Monday, December 23, 2013

ကျွန်မချစ်သော ယောက်ျားနှစ်ယောက်...

 

Dec 3
ညနေ ရုံးကပြန်ရောက်တာနဲ့ အဖေနဲ့ ဦးရေချမ်း ကြိုက်တတ်တဲ့ ဟင်းတတွေ အပြေးအလွှားချက်လို့.... ညစာ စားသောက်ပြီးပြီဆို အရင်လို ကွန်ပြူတာရှေ့ မထိုင်နိုင်ဘူး... တွေ့ရာစာအုပ် ကောက်မကိုင်ဖြစ်ဘူး... ပန်းချီဆွဲခဲတံ လက်ထဲ ညှပ်မထားဝံ့ဘူး... အကြွေးကျန် ရုံးအလုပ် လှည့်မကြည့်အားဘူး... ညစာ အချိုပွဲ တစ်ခုခုကို ပြင်ပေးပြီး တီဗွီရှေ့ ဧည့်ခန်းမှာ ထိုင်ပေးရတယ်။

အဖေက ညာဘက်ဆိုဖာ... ဦးရေချမ်းက ဘယ်ဘက်က ဆိုဖာထိုင်ခုံမှာ လှဲအိပ်ရင်း တီဗွီ ကြည့်ကြလို့... မရွှေစုက သူတို့ နှစ်ယောက် အလည်မှာ ထိုင်ပြီး ဟိုဘက်ကို စကားလှည့်ပြောလိုက်... ဒီဘက်ကို စကားလှည့်ပြောလိုက်နဲ့... သူရို့က ကိုယ်ပြောတာကို မျက်လုံးလေးမှေးစင်းပြီး ဇိမ်နဲ့ နားထောင်ကြ... တစ်ချက် တစ်ချက်လည်း မှေးကနဲ ငိုက်ကြသေး... ငိုက်သွားလို့ လွတ်သွားတဲ့ အကြောင်းအရာဆို ပြန်နိုးလာတဲ့အခါ... ဟင်.... အဲသာ ဘာကြီးတုန်း... မကြားလိုက်ဘူး... ပြန်ပြောပါဦးဆိုတဲ့အခါ ထပ်ဆင့်ကြော့ရပြန်တယ်။

ညမအိပ်ခင် အဖေ့ ခြေထောက်ကို ပရုတ်ဆီလိမ်းပြီး ခဏ နှိပ်ပေးတယ်... ဟမလေး... ကိုယ့်လည်ချောင်းပါ ပရုပ်ဆီ လူးရတယ်.... တစ်ယောက်ကို ပြောတဲ့ စကား နောက်တစ်ယောက် က ငိုက်နေလို့ မကြားတာကို ထပ် ထပ် ပြန် ပြောပြရတာများ လည်ချောင်းတွေတောင် နာလို့... ။
— feeling happy and adventurous.

Dec 10
ဖေဖေ့မွေးနေ့ ရုံးက စောစောပြန်ပြီး ဘုန်းကြီးကျောင်းလိုက်ပို့ပေးတယ်။ ဘုန်းကြီးကျောင်းမှာ ၃ယောက်သား တရားထိုင် ပုတီးစိတ်ကြတယ်။ အသက်၁၀၈နှစ်ရှည်စေသော်ဆိုပြီး တိုပါးရိုးကျောင်းကြီးအတွက် မြေစတုရန်း၁ပေ အလှူ ၁၀၈ဒေါ်လာလှူတယ်၊ မွေးနေ့ညစာ Suntec City မှာ ဘူဖေးသွားစားတယ်၊ မွေးနေ့လက်ဆောင် ဖေဖေ့စိတ်ကြိုက် အင်္ကျိ ဘောင်းဘီ တစ်စုံ ဝယ်ပြီးကန်တော့လိုက်တယ်... he looks so happy....။
— feeling great and appreciated.

Dec 11
ဘလော့၊ ဖိုရမ် နဲ့ ဖေ့ဘုခ်က စာရေးတဲ့ သူငယ်ချင်းတွေ စာအုပ်တွေ ထုတ်ကြတာမြင်တော့ မရွှေစုတစ်ယောက်လည်း သူတို့အတွက် ဂုဏ်ယူပြီး အားကျလို့ပေါ....၊ တချို့ သူငယ်ချင်းအပေါင်းအသင်းတွေက မရွှေစုလည်း ရေးထားတဲ့စာတွေရှိတာပဲ စာအုပ်ထုတ်ပါ... အားပေးပါမယ်လို့ ဝိုင်းမြှောက်ပေးကြပါရဲ့...။

ဒါနဲ့ အိမ်မှာ အဲ့ဒီအကြောင်း ပြောပြမိတယ်... ဒီတော့ အဖေ ရော ဦးရေချမ်းကပါ အားပေးကြတယ်... စာတွေရေး... စာအုပ်ထုတ်တဲ့။ ဒီတော့ မရွှေစုက... သြော်... ပြောတော့ဖြင့် လွယ်လွယ်လေး... ဘယ်မလဲ ထုတ်ဝေသူ... ဘယ်သူက ထုတ်ပေးမှာလဲလို့မေးတော့... ဟိ... ၂ယောက်စလုံး ဒီလို ပြိုင်တူ ဖြေကြတယ်...။

ဖေဖေ ထုတ်ပေးမှာပေါ့... ကျနော် ထုတ်ပေးမှာပေါ့...။

မိုက်တှယ်နော်... မရွှေစုတို့များ ရေးတဲ့စာ ဘယ်မှာနေမှန်းမသိဘူး... ထုတ်ဝေသူက ၂ယောက်ကြီးများတောင်... ခစ်....။
— feeling blessed and loved.

Dec 15
အဖေနဲ့ ဦးရေချမ်းပေါ့... တီဗွီကြီး အလယ်မှာ ဖွင့်ထားပြီး တစ်ဖက်တစ်ချက်ဆိုဖာပေါ်မယ်...၂ယောက်လုံး အိပ်ပျော်နေကြတယ်။တီဗွီသွားပိတ်ကြည့်... ဘာလို့ ပိတ်တာလဲ... ကြည့်နေတာပါလို့ အော်ခံရမှာ အသေအချာပဲ....။

သူရို့အနားမှာ ပုံဆွဲဆရာမကြီး တစ်ယောက်လုံး ရှိနေကြတာ မေ့နေတယ်နဲ့ တူရဲ့...  ၂ယောက်လုံး မျက်နှာ နှုတ်ခမ်းမွှေးသွားခြယ်ပေးလိုက်ရ မကောင်းဖြစ်တော့မယ်... ခစ်ခစ်....။
— feeling naughty and amused.

Dec 20
ကြွားဦးမယ် ... သိလား...။

ဦးရေချမ်းကြီး ရင်ဘတ်အာင့်တာ ဖြစ်ဖူးတော့ ဆရာဝန်နဲ့ ဆေးစစ်ချက်ယူကြည့်တာ ကိုလက်စထရောတွေတက် သွေးကနဲနဲချိုချင်... ဆရာဝန်က ဆေးစသောက်ခိုင်းတာ ဆေးမသောက်ချင်ဘူး... အစားနဲ့ လေ့ကျင့်ခန်းနဲ့ ထိန်းကြည့်ဦးမယ်လို့ ပြောခဲ့တယ်... ဒါနဲ့ သူစားရမဲ့ အစားအစာတွေ အားလုံး ကိုယ်က ပြန်စီစစ်ပေး ထိန်းပေးနဲ့ တောက်လျှောက် လုပ်ပေးခဲ့တာ အခု ဒီနှစ်မှာလည်း ဆေးပြန်စစ်ကြည့်တာ အားလုံးကောင်းသတော့.... သွေးလဲ မချို ကိုလက်စထရောကလဲ within limit ... ဒါကြောင့်... ဘာဆေးမှလည်း သောက်စရာမလိုဘူး... ဒီတိုင်း ဆက် ထိန်းသွားရုံပဲ....တဲ့။

အဲ့ဒီဆေးစစ်ချက်တွေ ဖေဖေ့ကို ပြပြီး ဆရာ လုပ်လိုက်သေးတယ်၊ ကဲ... ဖေဖေ ရော သမီးပြောစကား နားထောင်တော့မယ် မှုတ်လားလို့ ဆိုတော့ ဖေဖေက အေးပါကွယ်တဲ့...။

ကိုယ် လုပ်ပေးခဲ့တာတွေ အရာထင်တော့ ပျော်စရာကြီး... ဖေ့ဘုတ်မှာ လူတွေ ပျော်ရင် ပြောနေကြ အတိုင်း အတုခိုးရေးလိုက်ဦးမယ်... ဒချိ... ဒချိ....
— feeling proud and awesome.

Dec 22
ဗိုက်ကလေးကေ ဖြစ်သွားသောသူ နှင့် တွတ်ပီ ဦးထုတ် ဆောင်းရမည့်သူ တို့ နှစ်ယောက်အကြောင်း။

မနေ့က တနင်္ဂနွေဆိုတော့ ဖေဖေ့ကို ခြေသည်း လက်သည်း ညှပ်ပေးတယ်...။ ကလေးလိုပဲ ခေါင်းလျှော်ရမှာ အသကုန်ကြောက်တဲ့ ဖခမည်းတော်ကို ခေါင်းလျှော်ဖို့ မနည်းပြောယူရတယ်၊ မလျှော်ချင်ဘူးဖြစ်နေတော့ ဆံပင်တွေရှည်နေပြီ ဆိုင်သွားပြီး ဆံပင် ညှပ်ပါလား ပြောတော့ ငါ့သမီး ညှပ်ပေးလို့ ပြန်ပြောတယ်။

ဦးရေချမ်း ဆံပင်တွေကလည်း ရှည်နေပြီဆိုတော့ ဦးရေချမ်းကို အရင်ညှပ်ပေးလိုက်တယ်၊ သိတဲ့အတိုင်း မရွှေစုလက်က မမှန်တတ်တော့ ပြီးခဲ့တဲ့တစ်ခေါက်က ညှပ်တာ ကောင်းပေတဲ့ ဒီတစ်ခါ ဆံပင် ညှပ်တာ ဦးရေချမ်းဆံပင် အနောက်ဘက်မှာ ကြွက်ကိုက်သလို ဖြစ်နေပြီး ရှေ့က ဗိုက်ကလေး ကေ ဖြစ်သွားရှာတယ်။ သူကတော့... အို ... ဘာပဲဖြစ်ဖြစ် တိုရင် ပြီးရော လှစရာမလိုဘူး တဲ့... ခစ်ခစ်။

ဦးရေချမ်း ကို ညှပ်ပေးထားတဲ့ ဆံပင်ပုံ ကြည့်ပြီး သူ့အလှည့်ရောက်တော့ ဖေဖေ့ခမျာ လန့်နေရှာတယ်၊ ဒါပေတဲ့ သူ့သမီးကိုလည်း မညှပ်နဲ့လို့ မပြောရက်ဘူးနဲ့ တူပါရဲ့...၊ ရင်တထိတ်ထိတ်နဲ့ အညှပ်ခံရှာတယ်၊ ဆံပင်ညှပ်ပြီး ခေါင်းလျှော်ပျင်းတဲ့ အဖေကို ခေါင်းပါ လျှော်ပေးလိုက်တယ်၊ ဆံပင်တွေ ခြောက်အောင်သုပ်ပေး လုပ်ပေး ခေါင်းဖြီးပေးပြီး မှန်လည်း ပြလိုက်ရော... စကားတစ်ခွန်းသာ ဆိုနိုင်ရှာတော့တယ်။ ငါ့... ဦးထုတ်တစ်လုံးလောက် ဝယ်ပေးပါကွယ်တဲ့... ဟိဟိ။

မမကိုလည်း ဆံပင်လေး တိပေးပါဦးနော်လို့ စောနက ဘုတ်ကင်လုပ်ထားတဲ့ မမကြီးကတော့ ဦးရေချမ်းနဲ့ ဖေဖေ့ကို ဆံပင် ညှပ်ပေးအပြီး သူ့လုပ်ပေးမလို့ဟာ ဘယ်ပျောက်သွားမှန်းကို မသိဘူး၊ ရှာမရတော့ဘူး။

ပုံ ....
နာမည်ကျော် ဟဲ ဒရက်ဆာ စပယ်ရှယ်လစ် မာမီမရွှေစု
ကောင်းချင်လျှင်ကောင်းမည်၊ မကောင်းချင်လျှင် မကောင်းဘူး အာမခံသည်။

— feeling special.


 
++++

Tuesday, December 17, 2013

ရှစ်စပ်က ဂျင်ခြေလည်သူ (စာအုပ်အညွှန်း)

Harold Robbins 
(May 21, 1916 – October 14, 1997)

ဟာရိုးရော်ဘင် (Harold Robbins) ရေးပြီး အထောက်တော်လှအောင် ဘာသာပြန်ခဲ့တဲ့ ရှစ်စပ်က ဂျင်ခြေလည်သူ (The Carpetbaggers) စာအုပ်ဟာ ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ စာဖတ်သူအများဆုံး စာအုပ်တွေထဲက နံပါတ်၎ နေရာမှာရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနောက်တိုင်းနာမည်ကျော်စာရေးဆရာတွေက များသောအားဖြင့် သူတို့ဖန်တီးတဲ့ဇာတ်လမ်းတွေကို လူတွေ အထူးစိတ်ဝင်စားအောင် နဲ့ စာအုပ်ရောင်းအားကောင်းအောင်လုပ်တဲ့နေရာမှာ စာအုပ်ထဲကဇာတ်လိုက်တွေကို အပြင်မှာတကယ်ရှိတဲ့ နာမည်ကျော်ကြားလူသိများသူတွေနဲ့ ကိုယ်စားပြု ဇာတ်အိမ်ဖွဲ့ပြီးရေးလေ့ရှိကြပါတယ်။ ဒီစာအုပ်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျိုနပ်စ်ကော့ ဂျူနီယာ ဆိုတာ နာမည်ကျော်အမေရိကန်သူဌေးကြီး (Howard Hughes) ဟောင်းဝပ်ဟူးစ် ဘဝကို စံထားပြီး ရေးထားတာပဲဖြစ်တယ်။ သန်းပေါင်းများစွာကြွယ်ဝတဲ့ သူ့အဖေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အသက်၁၈နှစ်ကစလို့ အမွေ ဆက်ခံခဲ့တဲ့ ဟောင်းဝပ်ဟူးစ်ဟာ လေယာဉ်ပျံ ပေါ်ဦးစကတည်းက လေယာဉ်စက်ရုံတွေ တည်ထောင်ခဲ့ပြီး လေယာဉ် ဒီဇိုင်းအသစ် အမျိုးမျိုးကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ သူ့ကိုယ်ပိုင်စက်ရုံက တီထွင်ထားတဲ့ လေယာဉ်တွေ ကိုယ်တိုင်စမ်းသပ်မောင်းနှင်ပြပြီး အမောင်းစံချိန်သစ် တင်နိုင်ခဲ့တဲ့ စွန့်ဦးစွန့်စားလိုစိတ်ရှိသူ တစ်ယောက် ဖြစ်တယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ  ထုတ်လုပ်သူလည်း လုပ်ခဲ့ပြီး ဟောလိဝုဒ်က နာမည်ကြီး မင်းသမီးချောများနဲ့ ထည်လဲတွဲ ရည်းစားများသူ မိန်းမပွေသူ ရှုပ်သူ အဖြစ် နာမည်ကြီးခဲ့ပါတယ်။

 Howard Robard Hughes, Jr. 
(December 24, 1905 – April 5, 1976) 

မြန်မာမှာ ကုဋေရှစ်ဆယ် သူဌေးသားဆိုတဲ့ ပုံပြင်လေး ရှိပါတယ်။ အဲ့ဒီပုံပြင်မှာ မိဖတွေဆုံးပါးသွားတော့ အမွေမြောက်မြားစွာရခဲ့တဲ့ သူဌေးသားဟာ အတတ်ပညာဘာမှမရှိ ဘာအလုပ်ကိုမှလည်း မည်မည်ရရ ကြိုးစားမလုပ် ဘေးနားမှာရှိတဲ့ မြှောက်စားပေါင်းစားသူတွေရဲ့ဒဏ်နဲ့ နောက်ဆုံးတော့ လမ်းဘေးမှာ ဆင်းရဲငတ်ပြတ်ပြီး သေဆုံးသွားတယ်။ ဟောင်းဝပ်ဟူးစ်လည်း သူ့အသက် ၁၈နှစ် ပညာမစုံသေးခင်မှာပဲ မိဖ၂ပါးလုံး ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမဲ့ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဌေးသားလို ထင်သလို ပျော်ပါးသောက်စားသက်သက်နဲ့ ဘဝကို ရေစုန်မျှောမပစ်ပဲ စီးပွားရေးလုပ်ငန်းပေါင်းစုံ တည်ထောင်ပြီး ဒီထက်မက ချမ်းသာကြွယ်ဝအောင် စွမ်းဆောင် ကြိုးစားလို့ သူ့ကိုယ်ပိုင် အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်။ ရိုဘင်ရဲ့ဇာတ်ကောင် ဂျိုနပ်စ်ကော့ဟာလည်း သူ့ အသက် ၁၈နှစ်မှာ မိဖတွေ ဆုံးပါးပြီး တစ်ကောင်ကြွက်ဖြစ်ခဲ့ပေတဲ့ တစ်ပါးသူရဲ့ ချုပ်ကိုင်မှုကို မခံ၊ မြှောက်ပင့်မှုတွေကို အရေးမထား၊ ဘဝကို အရှုံးမပေးပဲ ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် အံတုခဲ့တာတွေ၊ ငွေရဖို့အတွက်ဆို ဘယ်သူ့ကိုမှမညှာနိုင် ဘီလူးစီး စီးသလို အချင်းချင်းလည်လှီးခုတ်ထစ်ပြီး လောဘဇောတိုက်နေကြတဲ့ အမေရိကန်စီးပွားရေးလောကကို ခိုင်မာတဲ့စိတ်ဓါတ်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဘယ်လိုအံတုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာတွေ အားကျအတုယူဖွယ်ရာ ဇာတ်လမ်းဖွဲ့ရေးသားထားပါတယ်။

ဂျိုနပ်စ်ကော့အပြင် စာဖတ်သူတွေကို ဆွဲဆောင်သွားတဲ့ တခြားအဓိကဇာတ်ကောင်တွေကတော့ သူငယ်စဉ်ကတည်းက သူ့ကိုသားအရင်းလို ချစ်မြတ်နိုး ပြုစုစောင့်ရှောက်ခဲ့တဲ့ နီဗားဒါးစမစ်၊ ဂျိုနပ်စ်ဘဝမှာ တစ်သက်တာလုံး အတွက် ချစ်မြတ်နိုးခဲ့ရတဲ့ ချစ်ဦးသူ ဒါပေမဲ့ သူ့မိထွေးဖြစ်သွားတဲ့ ရီနာမာလိုး၊ ရိုးသားကြိုးစားတဲ့ ဂျူးလူမျိုး ဒေးဗစ်ဝုဖ်နဲ့ အတ္တကြီးမားလွန်းတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူ့ဦးလေးနော်မန်၊ ဘဝအမှောင်ထဲ မမျှော်လင့်ပဲရောက်ရာက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဖြစ် အဲဒီကနေ ဘဝဟောင်းရဲ့အရိပ်မဲကြောင့် အေးချမ်းတဲ့ သာသနာပြု သီလရှင်ဘဝကို ကူးပြောင်းသွားတဲ့ သနားစရာကောင်းလှတဲ့ ဂျင်နီဒင်တန်။

ဒီစာအုပ်မှာ အနောက်တိုင်းက နာမည်ကျော် ဇာတ်လမ်းတွေရဲ့ သဘောသဘာဝအရ မိန်းမကိစ္စ အညှီအဟောက်တွေနဲ့ ရက်စက်တဲ့လက်စားချေမှုတွေ စသဖြင့် ကိုယ့်မြန်မာ့ယဉ်ကျေးမှုမျက်စိနဲ့ မကိုက်ညီတဲ့ ဇာတ်ကွက်တွေတော့ တွေ့ရမှာပဲ၊ ဒါပေတဲ့ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်စရိုက် ပီပီပြင်ပြင် နိုင်နိုင်နင်းနင်းရေးသားနိုင်မှု အတတ်ပညာကို စာရေးချင်တဲ့သူတွေ လေ့လာနိုင်သလို၊ လူငယ်တွေအတွက်တော့ စီးပွားရေးမှာ ကိုယ့်အားကိုယ်ကိုးပြီး စွမ်းစွမ်းတမံ ဘယ်လိုမျိုး ကြိုးစားအားထုတ်မှုတွေ လုပ်ရမယ်ဆိုတာတွေ အတုယူအားကျစေနိုင်ပါတယ်။ ကိုယ့်စီးပွား ငွေတစ်မျက်နှာအတွက် ကိုယ့်သွေးရင်းသားရင်းကိုမှ မညှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ချင်တာတွေ၊ မိမိ အာဏာတည်မြဲရေးအတွက် တခြားသူတွေရဲ့ဘဝကို နင်းခြေသွားရက်တာတွေ... စတဲ့ လောဘ ဒေါသ မောဟတွေရဲ့ ဆိုးယုတ်မှုတွေကိုလည်း ကြည့်တတ်ရင် တွေ့နိုင်ပါသေးတယ်။ ဆရာမြဟောပြောဖူးတဲ့ ရပ်စကင်းရဲ့စကားလိုပဲ စာတစ်အုပ်မှာ ပါနေတာ ရွှေတွေချည်းပဲလည်း မဟုတ်ဘူး၊ ကျောက်ဖြုန်းတွေချည်းပဲလဲ မဟုတ်ဘူး၊ ဒီတော့ စာတစ်အုပ်ဖတ်တဲ့အခါ အဲ့ဒီထဲက မလိုတဲ့ ကျောက်ဖြုန်းတွေကိုဖယ် ကိုယ့်အတွက် အကျိုးရှိစေနိုင်တဲ့ အဖိုးထိုက်တန်တဲ့ ရွှေကိုသာမြင်ပြီး ယူတတ်ရမယ်။

ကျွန်မ အသက်၁၈နှစ်လောက်က ဒီစာအုပ်ကို ပထမဦးဆုံး ဖတ်ခဲ့ဖူးပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ နောက်တစ်ခေါက်ပြန်ဖတ်တော့ အံ့သြစရာ ကျွန်မ မမေ့မလျော့ မှတ်မိနေတဲ့ ဇာတ်ကောင်ဟာ အဓိက ဇာတ်ကောင် ဂျိုနပ်စ် မဟုတ်ပဲ နီဗားဒါးစမစ်၊ ဒေးဗစ်ဝုဖ်နဲ့ ဂျင်နီဒင်တန် တို့ပဲ ဖြစ်တယ်။ ရီနာကိုလည်း သနားစရာကောင်းတဲ့ ဇာတ်ရုပ်အဖြစ်ကလွဲလို့ သူ့အကြောင်းက ခေါင်းထဲ အမှတ်ထင်ထင် မကျန်ရစ်ဘူး။

နီဗားဒါး စမစ်က လူဖြူအဖေ ရက်အင်ဒီယန်းအမေ တို့က မွေးဖွားလာသူ  ဇွဲသတ္တိ ခွန်အား အပြည့်နဲ့ ရဲရင့်တဲ့ လူငယ် တစ်ယောက်ဖြစ်တယ်၊ တစ်နေ့ သူ့အဖေနဲ့ အမေကို သတ်မဲ့လူဆိုးတွေကို လူဆိုးတွေမှန်း မသိပဲ သူကိုယ်တိုင် သူ့အိမ်သွားတဲ့လမ်း ပြမိလိုက်တယ်။ အဲ့ဒီလူဆိုးတွေကို သူ့လက်နဲ့ ပြန်လက်စားချေခဲ့ပြီးနောက် ဝရန်းပြေးဖြစ်တဲ့အခါ သူ့ နောက်ကြောင်းကို ဖျောက်ဖျက်လိုက်ပြီး ဂျိုနပ်စ် အဖေဆီမှာ အလုပ်ဝင်လုပ်ရင်း ဂျိုနပ်စ်ကို သားအရင်းလို ပြုစု စောင့်ရှောက်ခဲ့သူဖြစ်တယ်။ နီဗားဒါးစမစ်က လူဆိုးတွေကို ပြန်သတ်တဲ့ အခန်းမှာ
ကျွန်မဟာ လူငယ်ပီပီ လူငယ်တို့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့  လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ဖူးတာ မှတ်မိနေပါတယ်။ ခုချိန်ထိ မမေ့မလျော့ ရှိနေတဲ့ စကားတစ်ခွန်းက နီဗားဒါးစမစ်ရဲ့အမေကို လူဆိုးတွေက အင်ဒီယန်း အရေဆုတ်ဖို့ အရှင်လတ်လတ် ကိုယ်ကို ဓါးနဲ့ခွဲတော့ မိန်းမပေမဲ့ လူဆိုးတွေကို ဘာမှတောင်းပန်ငိုယိုနေတာတွေ မလုပ်ပဲ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ပြောလိုက်တဲ့ စကားတစ်ခွန်းပါပဲ၊ အဲဒါကတော့ ... " ကျွန်မ မကြောက်ပါဘူး၊ သူတို့ အကုသိုလ်နဲ့ သူတို့ သွားကြမှာပါ " ။ ကျွန်မဟာ သတ္တိရှိတဲ့ မိန်းမတွေကို အစဉ်အမြဲ လေးစားတယ်။

ဒုတိယ ကျွန်မမှတ်မိနေတဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ ဒေးဗစ်ဝုဖ်ပဲဖြစ်တယ်၊ ဒေးဗစ်ဝုဖ်က ဂျူးလူမျိုး၊ သူ့ အဖေနဲ့ အမေ ဂျာမဏီကထွက်ပြေးလာပြီး အမေရိကန်ရောက်မှ သူ့ကိုမွေးခဲ့တယ်၊ သူ့အဖေဟာ အဝတ်ဟောင်းရောင်းသူ အဖြစ် ခက်ခက်ခဲခဲ အသက်မွေးရတယ်၊ အဲ့ဒီအချိန် သူ့အမေရဲ့ အစ်ကို ဖြစ်သူ ဦးလေး နော်မန်က ဂျာမဏီကနေ အစောကြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ အမေရိကန်ရုပ်ရှင်လုပ်ငန်းမှာ သန်းကြွယ်သူဌေးဖြစ်နေပြီ။ သူဌေးမဖြစ်ခင်ကတော့ သူ့အဖေရဲ့ မရှိမဲ့ရှိမဲ့ အဝတ်ဟောင်းရောင်းရတဲ့ ငွေထဲက ဦးလေးနော်မန်ကို ထောက်ပံ့ခဲ့ဖူးပေတဲ့ သူ သူဌေးဖြစ်တဲ့အခါ ဒေးဗစ်အလုပ်တောင်းတာတောင် မပေးချင်ပဲ နောက်ဆုံး မတတ်သာတော့မှ ဘယ်သူမှ မသွားချင်တဲ့ ကုန်လှောင်ရုံတစ်ခုမှာ ခွေးစားစား နွားစားစားဆိုပြီး အလုပ်ပေးခဲ့တယ်။ ဒေးဗစ်က ဉာဏ်ကောင်းတယ်၊ လာဘ်မြင်တယ်၊ စီးပွားရေးအမြင်ရှိတယ်၊ သတ္တိရှိတယ်၊ ကျွန်မသဘောအကျဆုံး မမေ့နိုင်တဲ့ ရင်တထိတ်ထိတ်နဲ့ ဖတ်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ခုကတော့ သူ့ဦးလေးရဲ့ ကုန်တိုက်ကို ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာ လောဘကြီးတဲ့ ပလက်ဖောင်းလူကြီးရယ်၊ ထင်သလို ချယ်လှယ်နေတဲ့ ဖိုမင်ရယ် အလုပ်သမားတွေနဲ့ရယ်ကို သူရင်ဆိုင်ဖြေရှင်းခဲ့တာတွေကိုပဲ။

ရင်နာနာနဲ့ မှတ်မိနေတဲ့ နောက်ဇာတ်ကောင်တစ်ယောက်အကြောင်းကတော့ သနားဂရုဏာသက်စရာကောင်းလှတဲ့ ဂျင်နီဒင်တန်နဲ့သူ့အဖေတို့ရဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်တယ်။ ဆင်းရဲလှတဲ့ မျက်နှာမွဲ သားအဖတတွေ ဒုက္ခရောက်ပြီး ကူသူမဲ့ဖြစ်ခဲ့ပုံတွေ၊ ဂျင်နီ မတရားစော်ကားခံရမှန်းသိသိကြီးနဲ့ အကျင့်စာရိတ္တကောင်းမွန်တယ်ဆိုတာလည်း ယုံကြည်ပါလျက်ကနဲ့ သူ့ရဲ့ဆရာတွေဖြစ်တဲ့သီလရှင်တွေကအစ၊ သူတို့တွေ ယုံကြည်လေးစားစွာ ကိုးကွယ်ခဲ့တဲ့ဘုန်းတော်ကြီးပါမကျန် ဘယ်သူကမှ သူတို့ဘက်မှာ ရှိမနေခဲ့ဘူး။ သာသနာပြု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့သူပဲ ဖြစ်ဖြစ်၊ လူသားတွေရဲ့စိတ်ထားမြင့်မြတ်လာအောင် တရားဟောနေပါဆိုတဲ့ဘုန်းတော်ကြီးပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ လူဆိုတာ ငွေရှိသူ အာဏာရှိသူ မျက်နှာဖက်ကိုသာ လိုက်ပါချင်တတ်တဲ့ အကျင့်ရှိသူတွေပါလားဆိုတာ နားလည်မိတော့တယ်။

ဒီဇာတ်ကောင်တွေကို မမေ့မလျော့ ထူးထူးခြားခြား ကျွန်မ မှတ်မိနေတာ အကြောင်း တစ်ခုထဲကြောင့်ပါပဲ။ ကျွန်မက မကြောက်တတ်တဲ့သူတွေ (no fear) ကို သဘောကျလေ့ရှိတယ်၊ လောကမှာ မကြောက်တတ်ဖို့ဆိုတာ မှန်မှန်ကန်ကန်ရပ်တည်တဲ့လူ (upright) ဖြစ်ဖို့လိုပါတယ်။



First edition cover

စာ အညွှန်းလဲ ရှည်နေပြီဆိုတော့ စာအုပ်နာမည်လေး အကြောင်း ခံစားမိသလို ပြောပြီး နိဂုံးချုပ်ပါမယ်နော်။ ဟာရိုးရော်ဘင် (Harold Robbins) က သူ့စာအုပ်ကို ပေးထားတဲ့ နာမည် Carpetbaggers ရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ့်နယ်မဟုတ်တဲ့ စီးပွားရေးနယ်ပယ်သစ်ကို ချဲ့ထွင်သူ ဒါမှမဟုတ် စီးပွားရေးကို အောင်မြင်အောင် မျိုးစုံလုပ်သူ လို့ ခပ်တိုတိုပြောရမယ်နဲ့ တူတယ်။

ဆရာအထောက်တော်လှအောင်ရဲ့ စာအုပ်နာမည်လေးကို ပိုသဘောကျမိပါတယ်၊ ရှစ်စပ်က ဂျင်ချေလည်သူ တဲ့...။ တောင်သူဦးကြီးတွေ လယ်ထွန်တဲ့အခါ ထွန်တုံးမှာတတ်ထားတဲ့ ထွန်သွားနဲ့ အရပ်ရှစ်မျက်နှာ အသွားအပြန် လွန်းထိုးပြီး ထွန်ရေးညက်တဲ့အထိ နှံ့စပ်အောင် ထွန်ရပါတယ်။ အဲ့ဒီ ထွန်သွားက မြေကြီးကို ယက်တဲ့အခါ ဂျင်လည်သလိုမျိုး လည်နေတာပေါ့၊ မွမွညက်ညက်ဖြစ်တဲ့ လယ်ကို ရနိုင်ဖို့ အဲ့ဒီဂျင်လေးက လယ်အစပ် ရှစ်စပ်ကို နှံ့အောင်ရောက်နေသလို အရာရာနှံ့စပ်တဲ့သူ ကျွမ်းကျင်လည်ပတ်တဲ့သူကို ရှစ်စပ်ကဂျင်ခြေလည်သူလို့ မြန်မာတွေက ခိုင်းနှိုင်းပြီးပြောကြပါတယ်။ နောက်တစ်ခုက အလုပ်အလွန်များတာကို ဂျင်ချေလည် လို့ မြန်မာအဘိဓါန်က ဖွင့်ဆိုပါတယ်။

စာကောင်းပေမွန်များ ဖတ်ခြင်းဖြင့်
ဖြောင့်မတ်မှန်ကန်သော စိတ်ဓါတ်ခွန်အားများ တိုးပွားကြပါစေ။ 

ကိုးကား။
ရှစ်စပ်က ဂျင်ခြေလည်သူ (အထောက်တော်လှအောင်)
http://www.biography.com/people/howard-hughes-9346282
http://en.wikipedia.org/wiki/Howard_Hughes
http://en.wikipedia.org/wiki/Harold_Robbins
http://en.wikipedia.org/wiki/The_Carpetbaggers


မေတ္တာဖြင့်... မရွှေစု

 ++++

Tuesday, December 10, 2013

ဖေဖေ

(ဖေဖေတို့ လူပျိုဘဝ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်က ကင်မရာကို နောက်ကျောပေးပြီး ဓါတ်ပုံရိုက်ရှိုးထုတ်တာတွေ ခေတ်စားခဲ့ဖူးတယ်...)

ငယ်ငယ်လေးကတည်းက မေမေရော မေမေ့ဘက်ကဆွေမျိုးတွေကပါ ၀ိုင်းပြီးပြောကြတယ်၊ ညည်းဟာ အဖေ့သမီးမှ အဖေ့သမီး အစစ်ပဲတဲ့၊ ဒီတော့ ကိုယ်က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စဉ်းစားမိတယ်၊ ဒီအဖေက မွေးတာ ဒီအဖေ့သမီးအစစ်မဟုတ်လို့ ဘယ်သူ့သမီး ဖြစ်ရအုံးမလဲပေါ့၊ တော်တော်ခက်တဲ့ လူကြီးတွေပဲလို့ စိတ်ထဲ မကြေမလည် ဖြစ်ခဲ့မိတယ်။ တော်တော်လေး နားလည်လာတတ်တော့မှ အဖေ့သမီးဆိုတာ အဖေနဲ့ စိတ်ချင်းတူ ရုပ်ချင်းတူ အဖေကိုချစ် အဖေကိုမျက်စိအောက်ကအပျောက်မခံ အဖေနဲ့ ဘယ်သူပဲ စကားများများ အဖေ့ဘက်ကပဲလိုက် အဖေပြောသမျှအမှန် အဖေ့ကိုနည်းနည်းမှ အထိမခံ ... ဒါကြောင့်မို့ အဖေ့သမီးလို့ ပြောကြတာကိုးလို့...။

ကိုယ်ငယ်ငယ်တုန်းက အဖေနဲ့ အမေနှစ်ယောက်ကြားမှာ အိပ်လေ့ရှိတယ်၊ တစ်နေ့တော့ ညအိပ်ခါနီး အိပ်ရာထဲ သားအမိ သားအဖတတွေ ဆော့နေရင်း စရင်းနောက်ရင်းနဲ့ အဖေက ကိုယ့်ကျောကိုပုတ်လိုက်တာ မတော်တဆ လက်ဆပြင်းပြီး နာသွားလို့ ကိုယ်လည်း အော်ငိုမိတယ်၊ ကျောကိုလှန်ကြည့်တော့ နဲနဲလေး နီနေလို့ မေမေက သူ့သမီးကို နာအောင် လုပ်ရပါ့မလားဆိုပြီး ဖေဖေ့ကို ရန်တွေ့ရာက အဖေနဲ့ အမေ ၂ယောက်သား ရန်ဖြစ်ကြပါလေရော၊ တော်ကြာတော့ ဖေဖေက အိပ်ရာပေါ်ကနေ ဆင်းသွားပြီး အိမ်ရှေ့ဧည့်ခန်းမှာ သွားအိပ်တယ်၊ ကိုယ်လား... အမေ့ကို တစ်ချက်စွေကြည့်ပြီးတော့ ဖေဖေ့နောက်ကိုဆင်းလိုက်သွားတာပါပဲ၊ ပြီး ဖေဖေနဲ့အတူဧည့်ခန်းမှာ နေပေးတယ်။ မေမေက ဒီအကြောင်းကို အခုထက်ထိ ပြောမဆုံးဘူး၊ သူ့ဘက်ကလိုက်ပြောပေးရတဲ့ အမေနားမနေခဲ့ပဲ သူ့ကိုရိုက်တဲ့အဖေ့ဘက်ကို ပါတဲ့သူတဲ့။ ငယ်ငယ်က ညဆို ဖေဖေ့နောက်ကျောကို ခပ်တင်းတင်း ဖက်အိပ်ရင်း ဖေဖေသေသွားရင် ငါဘယ်သူနဲ့ နေရပါ့မလဲလို့ စိတ်ပူထိတ်လန့်မိခဲ့ဖူးတဲ့ရက်တွေရှိတယ်။ အဖေက သမီး ဘယ်အရွယ်ထိ ဖေဖေနဲ့ အတူအိပ်မလဲဆို အိုတဲ့အထိ ... အိုတဲ့အထိလို့ ပြောခဲ့တာ မှတ်မိနေသေးတယ်။ ညအိပ်ကြရင် တစ်ယောက်တစ်လှည့်စီ ကိုယ့်ဘက်သူ့ဘက်လှည့်အိပ်ကြေးလုပ်ထားပြီး ဒီနေ့ အဖေက သမီးဘက်ကို လှည့်အိပ်ရမဲ့နေ့၊ နောက်နေ့ သမီးက အဖေ့ဘက်ကို လှည့်အိပ်ရမဲ့နေ့နဲ့ သားအဖနှစ်ယောက် ခဏခဏ ငြင်းကြလွန်းလို့ ငယ်ကတည်းက စနစ်တကျနဲ့ မတိကျကြီး လုပ်ချင်တတ်တဲ့ကိုယ်က တစ်ယောက်ဘက်တစ်ယောက် လှည့်အိပ်ရမဲ့ရက်တွေကို ပြက္ခဒိန်မှာ အသေအချာ မှတ်သားထားခဲ့ဖူးတာတွေကိုလဲ သတိရနေမိတယ်။

အဖေက သူ့သမီး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတယ် ဆိုတာ သတိထားမိပုံလည်း မရဘူး၊ အထက်တန်းကျောင်းသူကြီး ဖြစ်တဲ့အထိ လွယ်အိတ်ကြီးလွယ်ပေးပြီး ကျောင်းကို လိုက်ပို့တုန်း၊ ကျူရှင်ကို လာကြိုတုန်း၊ မြို့ထဲလမ်းလျှောက်ရင် အဖေနဲ့ သမီး လက်ချင်းချိတ်ပြီး လျှောက်ကြတုန်း၊ အဖေက ချောလဲချော အရွယ်တင် နုပျိုနေတော့ မသိတဲ့သူတွေက ဒီကောင်မလေး အတွဲရနေသလားလို့ အထင်မှားကြမတတ်၊ ဒါပေတဲ့ အဖေကတော့ ကိုယ့်ကို ကလေးလို့ ထင်မှတ်တုန်း။ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူဘဝမှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ လမ်းမှာတွေ့တော့ နှုတ်ဆက်ကြတာ၊ ဒါ... ကျနော့်သမီးလေ... အီလက်ထရွန်နစ် နောက်ဆုံးနှစ် ကျောင်းသူကြီးပေါ့...အင်ဂျင်နီယာမကြီးဖြစ်တော့မယ်... ဒါပေတဲ့ အခုမှ အသက်က ၂၀ပဲရှိသေးတာ... ငယ်ငယ်ကလေး... တဲ့၊ တစ်ဘက်လူကတော့ ကိုယ့်ကို အသက်လိမ်ပြီးကျောင်းနေခဲ့သူလားလို့ ဇဝေဇဝါဖြစ်နေတော့မှာပဲ၊ တကယ်ဆို အဲ့ဒီအချိန် ကိုယ့်အသက် ၂၄နှစ်ထဲမှာ။

ဒီလိုနဲ့ သမီးရော အဖေပါ တဖြည်းဖြည်း အသက်ကြီးလာကြပြီ။ တကယ်ဆို အဖေက အင်မတန်မှ ကျန်းမာရေးကောင်းတယ်၊ တစ်သက်လုံးမှာ ဖျားတယ် နာတယ်ရယ်လို့ ထူးထူးခြားခြားမရှိခဲ့စဖူး၊ ပင်စင်ယူပြီးတာတောင်မှ ရုံးက အကြံပေးပြန်ခန့်တော့ အသက်၆၄နှစ်လောက်ထိ ရှေးဟောင်းနယ်မြေတွေ လျှောက်သွားပြီး တတ်နိုင်သလောက် သုတေသန အလုပ်တွေ လုပ်ပေးခဲ့သေးတယ်။ အဖေ့ လက်မောင်းတွေကိုင်ကြည့်ရင် ကြွက်သားတွေ နဲ့ တင်းတင်းရင်းရင်းရှိတုန်း၊ မနက်ဆို ဈေးကို ကိုယ်တိုင် လမ်းလျှောက်သွားတုန်း၊ စင်ကာပူနဲ့ ရန်ကုန်ကို သွားလိုက် ပြန်လိုက် လုပ်လို့ကောင်းတုန်း၊ ညဘက် မိုးချုပ်တာတောင် တစ်ယောက်တည်း ကားမောင်းပြီး စာအုပ်ဆိုင်တွေ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအိမ်တွေ ဟိုဟိုသည်သည် လျှောက်လည်လို့ကောင်းတုန်း၊ စိတ်ရင်းကောင်းပေမယ့် စိတ်တိုတတ်လေ့ရှိတဲ့သူတွေရဲ့ ထုံးစံအတိုင်း စိတ်ကလေးလက်တစ်ဆစ်နဲ့ သမီးတွေကို အလိုမကျရင် အော်ကျယ်ဟစ်ကျယ် ဆူပွက်လို့ကောင်းတုန်း၊ ဒါပေမဲ့ ဟိုတုန်းကလိုပဲ ဇနီးနဲ့ သမီးတွေ လိုတာမှန်သမျှ သူတတ်နိုင်တာထက် ပိုပြီး ဖြည့်ဆည်းပေးချင်တုန်း။ ဟိုးအရင်တုန်းက အဖေက ကိုယ့်ကို အသက်ငယ်သေးတယ်လို့ မှားထင်ခဲ့မိသလို ကိုယ်တို့တွေကလည်း အဖေ့ကို ခုချိန်ထိ လူငယ်လေးလို့ ထင်ကောင်းတုန်း၊ တကယ်ဆို အဖေ့အသက်က ၇၀ကျော်လာပြီကိုး။

အဖေရဲ့ ချစ်စရာကောင်းတဲ့ နောက်တစ်ချက်က သမီး၃ယောက်ရှိတာ ဘယ်သမီးကိုမှ ရွေးပြီး ပစားမပေးခဲ့စဖူး၊ သမီးတွေမှာရှိတဲ့ ချို့ယွင်းချက်လေးတွေကိုလည်း အပြစ်မတင် ခွင့်လွှတ်တတ်စမြဲ၊ ကိုယ်ဟာ သမီးတွေအားလုံးထဲမှာ အဖေ့သမီးဖြစ်တဲ့အတွက် အဖေ့စိတ်ကြိုက် အဖေစီမံသလို အဖေသဘောကျ အရာအားလုံး လိုက်နာခဲ့လို့ ကိုယ့်အတွက် ပိုပြီးဂုဏ်ယူတာမျိုးပဲရှိတယ်၊ အဲ့အတွက်နဲ့ တခြားသမီးတွေထက်ပိုပြီး ကိုယ့်ကိုတစ်ခါမှ မမြှောက်စားခဲ့ပါဘူး၊ အဖေလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေလို့ မျက်နှာသာပိုပေးတာမျိုးလည်း လုံးဝမလုပ်ခဲ့ပါဘူး၊ အဲသာကို ကိုယ်ကလည်း အဖေ့စိတ်နဲ့ညီ အဖေ့သဘောအတိုင်း စိတ်ထဲ ကျေနပ်တယ်၊ တကယ့်မျှတတဲ့အဖေဆိုတာ ဒါမျိုးပဲဖြစ်ရမယ်လေ။

ဟိုတစ်နေ့ကတော့ အဖေနဲ့ ကိုယ် ၂ယောက်သား စကားများကြတယ်၊ ဒါကတော့ ဆရာအလုပ်မခံချင်တတ်တဲ့ လူကြီးတွေရဲ့သဘောနဲ့ စိတ်ပူတတ်တဲ့ သားသမီးတွေကြား ဖြစ်တတ်တဲ့ ထုံးစံ သဘာဝအတိုင်းပေါ့။ အဖေ့ကို ကြိုပြီး အမျိုးမျိုး ချော့ထားပါရက်ကနဲ့ စကားနားမထောင်ချင်တဲ့အတွက် စကားများကြတာမှာ... အဖေကလည်း စိတ်တိုပြီး အော်... ကိုယ်ကလည်း အဖေ့သမီးလေ... ဒီတော့ တပြန် စိတ်တိုပြီး ပြန်အော်... ၊ အဖေဟာ သူ့ကို မအော်စဖူး ကိုယ်အော်လိုက်တဲ့အခါ ဘာမှ ဆက်မပြောတော့ပဲ အသံ တိတ်သွားတယ်၊ အဖေ အသံ တိတ်သွားတော့မှ ကိုယ်လည်း အတော့်ကို ဝမ်းနည်းသွားမိတယ်၊ ကိုယ့်အဖေတစ်ယောက်လုံးကို ဒီလို ပြောရသလား မိုက်လိုက်ပုံနှယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသပြန်ထွက်မိတယ်၊ ဒါနဲ့ အဖေ့နား သွားပြီး အဖေ့ကို ကောင်းစေချင်လို့ ပြောမိတာ စိတ်မဆိုးပါနဲ့နော်လို့ အဖေ့ပါးကို အသာနမ်းရင်း သမီးကို ခွင့်လွှတ်ပါနော်လို့ ဒူးထောက်တောင်းပန် ရှိခိုးလိုက်တယ်၊ အဖေ့မျက်နှာက စိတ်ဆိုးမနေတဲ့အပြင် ပြုံးယောင်ယောင်နဲ့၊ အဖေက ကိုယ့်ကို တစ်ချက်မော့ကြည့်ရင်း သူ ပြောလေ့ပြောထမရှိခဲ့တဲ့ စကားတစ်ခွန်းကို တိုးတိုးကလေး ပြန်ပြောတယ်...၊ အဖေ့သမီးတွေထဲမှာ သမီးကို အချစ်ဆုံးပဲ၊ ဘာလို့ စိတ်ဆိုးရမှာလဲတဲ့...။

ကျေးဇူးရှင် ဖေဖေ ဒီကနေ့ မွေးနေ့ကစလို့ ခံစားနေရသော ရောဂါများ ပိန်းကြာဖက် ရေမတင်လျှောကာကျသကဲ့သို့ ပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သူတော်ကောင်း သူမြတ်ကောင်းတရားများကို ပွားများအားထုတ်နိုင်၍ တရားဓမ္မများနှင့် မွေ့ပျော်နိုင်ပါစေ။

၇၆နှစ်မြောက် အဖေ့မွေးနေ့အမှတ်တရ...
မှ... အဖေ့ချစ်သမီးလတ်

++++

Tuesday, November 5, 2013

ရာမမင်းသားရဲ့နောင်တ



ကိုရေချမ်းနဲ့ မရွှေစုတို့ ဒီကနေ့ ညစာ ထမင်းစားနောက်ကျရလေသည်။ နောက်ကျရခြင်းအကြောင်းရင်းကား မရွှေစုငယ်သူငယ်ချင်းတစ်ယောက်မှ ဖုန်းဆက်လာပြီး ဟိုဘက်ကနေ မျက်ရည်လေးစမ်းစမ်း နှင့် သူ့ ယောက်ျားဖြစ်သူရဲ့အကြောင်း တိုင်တည် ပြောပြတာတွေကိုနားထောင်ရင်း တတ်သမျှ မှတ်သမျှ နှစ်သိမ့်ပေးနေရသောကြောင့်ဖြစ်၏။ နာရီဝက် ၄၅မိနစ်လောက် ကြာသော် ဖုန်းတွေလည်းပူ နားတွေလည်း ပူလာပေပြီ၊ စိတ်ရင်းအတိုင်းဆိုသော် အဲသာမျိုး နည်းနည်းမှ သည်းညီးမခံနဲ့၊ သူပြောသလို ပြန်ပြောပလိုက်စမ်း၊ ဒါမျိုး ခံနေရင် ရောင့်တက်မှာပေါ့... ဘာညာကွိကွ နှင့် မြှောက်ပေးလိုက်ချင်သည်။ သို့သော် လက်တွေ့မှာမူကား.... သည်းခံလိုက်ပါဟယ်၊ နင်တို့ ချစ်လို့ယူထားကြတာပဲဟာ၊ သူပြောလာလည်း ကိုယ်မဟုတ်ရင်ပြီးရောမဟုတ်လား၊ မကြိုက်လည်း မကြားချင်ယောင်ဆောင်နေ အေးတာပေါ့ဟယ်...၊ လင်မယားတွေဆိုတာ ဒီလိုပါပဲ... ငါတို့လည်း ရန်ဖြစ်ကြတာပဲ...ရန်ဖြစ်ပြီး ပိုတောင်ချစ်ကြသေးတယ်၊ စသဖြင့် လေအေးလေးနှင့် ရွှီးရလေသည်။


ဟုတ်တယ်လေ... လင်မယားကြားဝင်မပါနဲ့ဆိုတဲ့စကားလည်း အရှိသားမဟုတ်လား၊ သူတို့က သူတို့ဘာသာရန်ဖြစ်ပြီး ခဏနေ ပြန်ချစ်ကြမှာ... ကိုယ်က မဟုတ်တာသွားအာချောင်မိရင် ကြားထဲက ငထွားက ခါးနာနေဦးမှာ... ။


ငိုလို့ တိုင်တန်းလို့ အားရသော် မယ်မင်းကြီးမဘက်ကဖုန်းချသွားလေပြီ၊ ကိုရေချမ်းက အလိုက်တသိ သောက်ရေခွက်ကို အဆင်သင့်လှမ်းပေး၏။ ဂွက်ခနဲ ရေကို အမောတကောသောက်ရင်း ထမင်းပွဲပြင်ရ၏။


“ဘယ့်နှယ် ဆရာမကြီး... ဖြေသိမ့်ပေးရတာ အတော်မောသွားပလား၊ ဒီတစ်ခါက ဘာဖြစ်သတဲ့လဲ...”


“ထုံးစံအတိုင်းပေါ့... မနေ့ကရုံးပိတ်ရက်ဖြစ်ပေမဲ့ အရေးတကြီးကိစ္စရှိလို့ ရုံးသွားရသတဲ့၊ အမေရိကဘက်နဲ့ စည်းဝေးလုပ်နေရလို့ ညမိုးချုပ်မှ ပြန်ရောက်သတဲ့၊ အဲသာကို သူ့ယောက်ျားက ပိတ်ရက်မယ် တစ်ယောက်တည်းဖြစ်နေလို့ ချက်ကျွေးမယ့်သူမရှိလို့ မကြည်လင်တာတဲ့... မကြည်လင်တာ ရိုးရိုးမဟုတ်ပဲ... ဟိုလူသည်လူတွေနဲ့ပါ သံသယတွေဝင် ပေါက်ကရ လိုက်စွပ်စွဲပြီး ပေးစားလို့တဲ့... မမလေးက ဝမ်းနည်းပက်လက် ဖြစ်နေတာ...”


“ဒီလူကလည်း သူ့မိန်းမကို စယူကတည်းက တွေ့သမျှလူနဲ့ စိတ်မချပဲ သံသယဖြစ်လွန်းလှတာ... ခုချိန်ထိကို မပြီးနိုင်သေးဘူးလား...”


“မသိပါဘူး ဦးရေချမ်းရယ်... တကယ်က သူများသူငယ်ချင်းက ကျောင်းတုန်းကလည်း ရီးစားဆိုလို့ တစ်ခါမှ ထားဖူးတဲ့သူ မဟုတ်ဘူး၊ ဒီတစ်ယောက်ပဲတွေ့ ဒီတစ်ယောက်ပဲ ချစ်ကြိုက် ယူခဲ့ကြတာကပဲ၊ သင်းကမှ ရီးစားတွေမှိုလိုပေါက်ခဲ့တာ၊ အဲသဟာကို ငါးဖယ်ကတစ်ပြန် ဟိုသည် စွပ်စွဲတာကတော့ တခါတခါ နားကြားရ ပြင်းကပ်လှတယ်... အဲ့ဟာမကလည်း သူ့ယောက်ျားကို သည်းညည်းခံလိုက်တာ ချစ်လိုက်တာဆိုတာ တုန်နေတာပဲ...၊ သည်းညည်းခံတော့ ဟိုကရောင့်တက်တော့တာပဲ...၊ လူတွေကလည်း ခက်ပါတယ်... သူများကို ထင်ရာစွပ်စွဲလိုက်တာ ပြောချင်တာပြောလိုက်တာက ကိုယ့်ပါးစပ်က ထွက်သွားတာက တစ်ခွန်းတည်းရယ်... ခံစားလိုက်ရတဲ့သူမှာတော့ တနင့်တပိုးကြီးဆိုတာ မသိကြဘူးရယ်..”


မရွှေစုကပြောပြောဆိုဆို စားပွဲပေါ်ကို ဟင်းပွဲတွေချရင်း ရေနွေးခပ်ဖို့ ပြင်နေလေသည်။ ဦးရေချမ်းက အေးနေပြီဖြစ်သော ထမင်းများကို ပြန်နွှေးပေးသည်။


“အဲသာပြောတာပေါ့... တချို့ ယောက်ျားတွေဟာ သိပ်တစ်ကိုယ်ကောင်းဆန်ကြတာပဲ...၊ အဲ့လိုလူမျိုးတွေ နောင်မှ နောင်တရလိမ့်မယ်... ကြည့်နေ... “


စားပွဲမှာ ထမင်းပန်းကန်တွေချရင်း ထိုင်နေပြီဖြစ်သောဦးရေချမ်းက မကျေမနပ်နှင့်ပြောနေသည့်မရွှေစုကို မျက်လုံးလှန်ကြည့်ရင်း ခပ်ပြုံးပြုံးလုပ်နေလေသည်။


“ဟဲဟဲ... အန်တီမရွှေစုတို့ မကျေမနပ်ဖြစ်ပြီဆို ကျွန်တော် ပုံပြင်တစ်ပုဒ်နားထောင်ရတော့မှာ သေချာတာပေါ့ဗျာ...”


ဟင်... ဘယ်လိုသိလဲ အကြည့်ဖြင့် ဦးရေချမ်းကို ကြည့်ရင်း မရွှေစုက ဖြတ်ခနဲပေါ်လာသည့် ပုံပြင်တစ်ပုဒ်ကို ချက်ချင်းပင် သတိရမိသွား၏။


“ဦးရေချမ်း ရာမာယဏ ဇာတ်လမ်းသိတယ်မှုတ်လား...၊ အဲ့မှာ ရာမမင်းဆိုလည်း နောင်မှ နောင်တ ရတာလေ... “


“ရာမယဏဇာတ်ဆိုရင် ရာမ လက္ခဏာ သီတာ ရယ်၊ လေးတင်တဲ့ အခန်းရယ်၊ ဒဿဂီရိက ရွှေသမင်အရောင်ပြပြီး သီတာဒေ၀ီကို ခိုးယူတာရယ်၊ သိရ်ဃိုဠ်ပြည် မီးလောင်တာရယ်... ဒါပဲသိတယ်၊ ရာမမင်းကြီးက ဘာလို့နောင်တရတာတဲ့လဲ... အဲသဟာတော့ မသိပေါင်ဗျာ...”


မရွှေစုက ဟင်းပွဲတွေစီရင်း မတ်တပ်ရပ်လျက်ပင် ဦးရေချမ်းပန်းကန်ထဲ ပုဇွန်ထုပ်ခပ်ကြီးကြီးတစ်ကောင်ကို ဦးချပေးလိုက်သည်။


“ဟုတ်တာပေါ့... ဒီဇာတ်လမ်းကို ကြည့်ဖူး ဖတ်ဖူးသူ တော်တော်များများက ရာမမင်းကြီး ဉာဏ်ပညာကြီးတာ တန်ခိုးကြီးတာတွေပဲသိတာလေ၊ သူပြုမိတဲ့ အမှုကြောင့် နောက်မှ နောင်တရပြီး သူ့မိဖုရား သီတာဒေ၀ီကို လက်လွှတ်လိုက်ရတဲ့ အကြောင်းကို မသိကြဘူး၊ တကယ်က ဒါလေးကလည်း ရာမယဏဇာတ်မှာ ဂရုပြု မှတ်သားသင့်တယ်ထင်တာပဲ”


“လင်းစမ်းပါဦးဗျာ...”


မရွှေစုက ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်ရင်း စကားဆက်သည်။


“ဒီလိုလေ... ရာမမင်းသားတို့ စစ်နိုင်ပြီး သီတာဒေ၀ီကို ဒဿဂီရိလက်ထဲကနေပြန်ရလာတော့ သီတာဒေ၀ီမင်းသမီးက ရာမမင်းသား သံသယကင်းအောင်ဆိုပြီး သစ္စာအဓိဋ္ဌာန်ပြု မီးပုံထဲ ခုန်ဆင်းပြီး သူဖြူစင်ကြောင်း သက်သေပြခဲ့ရတယ်မှုတ်လား။ ဒါပေမဲ့ အဲ့ဒီတုန်းက မှော်ရုံတောကနေ သုကျိတ်ပြည်မှာ ခေတ္တစံနေတဲ့အချိန်၊ ရာမမင်းသားဖခမည်းတော် နတ်ရွာစံတော့မှ သူတို့က ပြည်တော်ပြန်ရတာကိုး၊ ပြည်တော်ပြန်ရောက်လို့ ဖခမည်းတော်နေရာကိုယူ ဘုရင်ဖြစ်လာတဲ့အခါ ပြည်သူပြည်သားတွေက ဒဿဂီရိလက်ထဲက ပြန်ရောက်လာတဲ့ သီတာဒေ၀ီကို မိဖုရားကြီးမြှောက်ရမလားဆိုပြီး စကားတင်းဆိုကြ၊ ဆန္ဒပြကြရောတဲ့၊ အဲ့ဒီမှာ မီးပုံထဲဆင်းပြတာတောင် မီးမလောင်ပဲ သစ္စာမှန်တဲ့ကိုယ့်မိဖုရားဘက်က ယောက်ျားပီပီ မရပ်တည်ပဲ ပြည်သူအလိုကျ မိဖုရားကို စွန့်ပစ်လိုက်တယ်လေ...”


“သြော်... “


မရွှေစုက စကားစ ခဏရပ်ကာ ပါးစပ်ထဲက ထမင်းလုပ်ကိုပြီးအောင်ဝါးလိုက်ပြီးမှ...


“အမေစုတောင်မှ ဒီအကြောင်းလေးကို ကိုးကားပြီး ဒီမိုကရေစီ အကြောင်းရှင်းပြထားသေးတယ်...”


“ဟုတ်လား.. လုပ်စမ်းပါဦး”


“ရာမမင်းဟာတဲ့... မင်းတစ်ပါးအနေနဲ့ဆိုရင် အင်မတန်မှကောင်းတဲ့မင်းဖြစ်ပေမယ့် သူ့ရဲ့မိဖုရားအပေါ်မှာ မျှမျှတတ မဆက်ဆံခဲ့ဘူးတဲ့၊ သူ့မိဖုရား ဖြူစင်သန့်ရှင်းမှန်း သိရက်သားနဲ့ သူများပြောတာ ဘာဖြစ်လို့ နားထောင်ရလဲဆိုတော့ ပြည်သူပြည်သား အများရဲ့ဆန္ဒ ဒီမိုကရေစီကို ဦးစားပေးမှုကြောင့်ပဲတဲ့၊ ဒါကြောင့် ဒီမိုကရေစီဆိုတာ အကောင်းချည်းပဲ မဟုတ်ဘူး၊ သူ့ရဲ့အားနည်းချက်တွေလည်း ရှိနေနိုင်သတဲ့၊ အများကနေ အလကားသက်သက်၊ သွားပုပ်လေလွင့်၊ အားအားယားယားပြောနေတဲ့ ကိစ္စတွေဟာ တစ်ခါလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးထားတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့ အများကြီးသတိထားရမတဲ့... ကဲ... တို့ အမေစုပြောပြတာလေး သတိထားစရာ မကောင်းလှပေဘူးလား...”


“မှန်ပါ့ဗျာ... ဟုတ်လိုက်တာ...၊ ဒါနဲ့... နေပါဦး... အဲသလို စွန့်ပစ်လိုက်မိလို့ ရာမမင်းသားက နောင်တရတာလား၊ ဒီလိုလား...”


ပြောရင်းဆိုရင်း ပုံပြင်နားထောင်လို့ကောင်းရဲ့ထင်၊ ဦးရေချမ်းက ထမင်းတွေထပ်ထည့်နေလေသည်။


“ဘယ်ကသာ...”


မရွှေစုက ထမင်းဝါးရင်း ခေါင်းတခါခါဖြင့်မျက်နှာကို ရှုံ့မဲ့လိုက်သေး၏။


“ဒါဖြင့်... ဘာကြောင့် နောင်တရသတဲ့လဲ...”


“သီတာဒေ၀ီက ပြည်နှင်ဒါဏ်ပေးခံရတော့ ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ တောထဲက ရသေ့ကြီးကျောင်းမှာ သွားနေရင်း ရာမမင်းသားရဲ့ သားတော်လေးကို မွေးသတဲ့၊ ရာမမင်းသားရဲ့သားတော် အရင်းရယ်၊ တိုတိုပြောရရင် နောက်ထပ် မွေးစားထားတဲ့ သားတော်တစ်ပါးရယ်ကို ခုနက ရသေ့ကြီးက ရာမယဏလင်္ကာကြီး သင်ပေးတယ်တဲ့။ အဲ့ဒီမင်းသားလေး နှစ်ပါးက ရာမမင်းသားရဲ့ မြင်းခင်းတော်မှာ အဲ့လင်္ကာကဗျာကို ရွတ်ဆိုပြလိုက်တော့ ရာမမင်းသားဖြစ်တဲ့ ဘုရင်ကကြားသွားပြီး မိဖုရားနဲ့ သားတော်နှစ်ပါးကို ပြည်တော်ပြန်ဝင်စေသတဲ့။”


“ဒါဆို ပြီးနေပြီပဲ... ဘာနောင်တ ရစရာရှိတော့သလဲ...”


“လာဦးမယ်လေ... လာဦးမယ်... ဦးရေချမ်းတို့ ထိုထို ယောက်ျားတို့တတွေရဲ့ မဆုံးနိုင်တဲ့ သံသယတွေလာဦးမယ်၊ ဇာတ်လမ်းက အခုမှ ပြောချင်တဲ့နေရာကိုရောက်မှာ...”


“ကဲ... ဆိုပါဗျာ...”


“သူက သားတော်နှစ်ပါးနဲ့ မိဖုရားကို ပြန်ခေါ်တာတော့ ဟုတ်ပါရဲ့၊ ဒါပေတဲ့ မိဖုရားကို နောက်ထပ်တစ်ကြိမ် ကျမ်းကျိန်ခိုင်းသေးတာတဲ့ရှင်... ၊ အဲ့ဒီတော့ သီတာဒေ၀ီမင်းသမီးလည်း သူဒီလောက် ဖြူစင်ရဲ့သားနဲ့ သူ့ကို အယုံအကြည်မရှိလှတာ... ရင်နာတယ်နဲ့ တူပါရဲ့...၊ ပြီးတော့ လူဆိုတာ ဘယ်လောက်ပဲ သဘောကောင်းပစေဦး၊ သူတို့သည်းခံနိုင်တဲ့ အတိုင်းအတာတစ်ခုထက် လွန်လာရင် မရတော့ဘူးလေ...၊ ဒီတော့ ရာမမင်းရှေ့မှာ ဘယ်လိုကျိန်ဆိုလိုက်သလဲဆိုတော့ မိမိဟာ တခြားယောက်ျားတစ်ပါးနဲ့မှားယွင်းခြင်းမရှိပါ၊ ဤမှန်သောသစ္စာစကားကြောင့် မြေနတ်သမီးက သူ့ကို ယူဆောင်သွားပါစေလို့ ကျိန်လိုက်သတဲ့...”


“အဲ့ဒီတော့...”


“အဲ့ဒီတော့ အဲသဟာပဲလေ... နတ်သမီးက သီတာဒေ၀ီကို ခေါ်ဆောင်သွားလေတော့သတည်းပေါ့၊ သီတာမင်းသမီးမရှိတော့မှ ရာမမင်းသားလည်း သူ့အမှားအတွက် နောင်တ အကြီးအကျယ်ရပြီး ဗြဟ္မာမင်းကြီးအထိတက်ပြီး သူ့မိဖုရားကို ပြန်တောင်းပေမယ့် ဟိုကပြန်မပေးတော့ဘူးတဲ့...၊ ဇာတ်လမ်းကတော့ ဒါပဲ၊ ဒါကြောင့် ကိုယ့်မိဖုရားအပေါ် ဒီလောက်တောင် မယုံမကြည်နဲ့ သံသယများလှတဲ့ရာမမင်း နောက်ဆုံးမတော့ ဘယ်လိုမှပြင်မရတဲ့ နောင်တတွေနဲ့ ကျန်ရစ်ခဲ့ရတော့တာပေါ့...”


“သြော်... ဒီလိုလား...၊ အဲသာလေး... ခင်ဗျား သူငယ်ချင်းယောက်ျားကို ပြောပြလိုက်ပါလား.... အဟီး... “


“အွန့်...ကြောက်ပါတယ်တော်... ပြောမပြရဲပေါင်... ကိုယ့်အိမ်က ကိုယ့်လူမို့ ကိုယ်ပြောရဲသဟာ...”


မရွှေစုက ပုခုန်းတွန့်ရင်း ရယ်ကျဲကျဲလုပ်နေမိသည်။ ကိုရေချမ်းက နောက်ထပ် ထမင်းတစ်ပန်းကန် ထပ်ထည့်ဖို့ပြင်ရင်း...


“နောက်ဆို ထမင်းစားရင်း ပုံပြင်မပြောရင် ကောင်းမယ်ဗျို့... ခုတော့ ဘယ်လို စားကောင်းမှန်းကို မသိဘူးဗျာ...”


မရွှေစုက ဦးရေချမ်းအား မျက်စောင်းထိုးရင်း ပြုံးကာ ကြည့်နေမိတော့သည်။



ကိုးကား

၁) မောင်ထင်ရေးသားသော အိန္ဒိယစာပေသမိုင်း၊ ရာမာယဏ ဇာတ်လမ်းအကျဉ်းမှ ကောက်နှုတ်ချက်

၂) ၁၉၉၉ စာဆိုတော်နေ့ အထိမ်းအမှတ်ထုတ် ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမာယဏလက်ကမ်းစာစောင်မှ ကောက်နှုတ်ချက်




+++++

Wednesday, October 23, 2013

ဧရာဝတီမှ မဲခေါင်သို့ .... ၁


ဆီးရိဗ်မြို့ထဲဝင်လာတော့ ည၉နာရီထိုးလုပါပြီ၊ ကျွန်မတို့စီးလာတဲ့ကား မဲခေါင်ဘတ်စ်ကားဂိတ်ထိုးရပ်လိုက်တဲ့အချိန်မှာပဲ ကျွန်မတို့တည်းမဲ့ဟော်တယ်အမှတ်တံဆိပ်နောက်ခံနဲ့ ကျွန်မနာမည်ရေးထားတဲ့ ဘုတ်ပြားကို မြှောက်ကိုင်ပြီး မော့ကြည့်နေတဲ့ သူ့ကို စတွေ့လိုက်ရပါတယ်။ မူလဘူတ ခမာလူမျိုးတို့ပုံစံ အသားခပ်ညိုညို အရပ်ခပ်ပြတ်ပြတ် မေးရိုးခပ်ချိုင့်ချိုင့်၊ ဝတ်စားထားတာက အနည်းငယ်ညှိုးနွမ်းနေပေတဲ့ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ်ရှိအောင် နေထိုင်တတ်ပုံရတယ်။ ကျွန်မအမျိုးသားက ဟိုင်း... လို့ သူ့ကို စတင်နှုတ်ဆက်စဉ်မှာပဲ လက်ထဲက ခရီးဆောင်အိတ်ကို ကူညီဆွဲယူရင်း နေလောင်ထားတဲ့ အသားညိုညစ်ညစ်မျက်နှာပေါ်က ဖွေးဖြူနေတဲ့ သူ့သွားတွေကို အစွမ်းကုန်ဖော်ပြုံးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

မဲခေါင်ကားဂိတ်နဲ့ ဟော်တယ်ဟာ တုတ်တုတ်နဲ့ နာရီဝက်လောက် သွားရပါတယ်။ မှောင်မှောင်မဲမဲ ဆီးရိဗ်မြို့လေးထဲ ဖြတ်သန်းရင်း ကျွန်မရင်ထဲ အနည်းငယ်လှုပ်ရှားမိတယ်၊ Gateway to the Angkor-era လို့ တင်စားထားတဲ့ ဒီမြို့ဟောင်းလေးထဲကို ခြေချမိတာ ရှေးနှစ်ပေါင်းများစွာက ဘ၀ဟောင်းတစ်ခုကို ပြန်ငေးကြည့်ဖို့ ကြေးမုံပြင်တစ်ချပ်ဆီကို ဦးတည်သွားနေရသလို ခံစားရတယ်။ ဟိုးအရင်ခေတ်က ၀ိညာဉ်တွေဟာ ညအမှောင်ထဲမှာ တိုးတိတ်စွာ ရွေ့လျားဝဲပျံနေကြမလား။ မိုးရွာပြီးစ မြေသင်းနံ့တချို့နဲ့ ရေကန်ကြီးလိုဘေးကဖြတ်သွားရတဲ့အခါ ရေမှော်နံ့တချို့ကိုပါ ရလိုက်ပါတယ်။ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေတဲ့ လူငယ်တချို့တလေကလွဲလို့ ရှင်းလင်းနေတယ်။ တုတ်တုတ်မောင်းသမားလေးနဲ့ ကျွန်မအမျိုးသားတို့ စကားပြောနေသံက နားထဲ မကြားတစ်ချက် ကြားတစ်ချက်။ ဟော်တယ်ရောက်တော့ သူက နောက်နေ့တွေ လျှောက်လည်ဖို့ သူ့ကို ခေါ်ပါလို့ ပြောတယ်၊ သူ့ အင်္ဂလိပ်စကားပြော သံနေသံထားက မဆိုးလှပါဘူး။ ကျွန်မတို့က သူ့ကိုပဲ ခေါ်ပါမယ်လို့ ကတိပေးလိုက်တယ်။ ခမာနယ်မှာ ပထမဆုံး စတွေ့ရ သိရတဲ့ ခမာလူမျိုးတစ်ယောက် စိတ်ချမ်းသာအောင် ကျွန်မတို့က ဘာလို့ မကူညီပဲ နေရမှာလဲ။

++++

ကျွန်တော့်နာမည် ဗွန်လို့ ခေါ်ပါတယ်၊ ကျွန်တော့်ကို ဒီ ကနေ ကီလိုမီတာ ၄၀လောက်ဝေးတဲ့ ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ။ မိဖတွေက လယ်ကူလီ နဲ့ တောင်ယာ အလုပ် လုပ်ကြပါတယ်၊ ရွာမှာနေတုန်းက ကျောင်းမနေခဲ့ဖူးပါဘူး။ ကျွန်တော့် အသက် ၁၃နှစ်လောက်မှာ အဖေ့ သူငယ်ချင်း တစ်ယောက် အကူအညီနဲ့ ဆီးရိဗ်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးကျောင်းသား အနေနဲ့ ရောက်သွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းမှာ ဝေယျာဝစ္ဆ ကူလုပ်ရင်း ဗုဒ္ဓဘာသာ၊ အင်္ဂလိပ်စာ၊ ကမ္ဘောဒီးယား သမိုင်း နဲ့ ယဉ်ကျေးမှု စတာတွေကို သင်ကြားခဲ့ရပါတယ်။ သင်ပေးတဲ့ဆရာတွေကတော့ ဘုန်းကြီးတွေရော၊ လူ ကျောင်းဆရာတွေရောပါ ပါတယ်။ ဘုန်းကြီးကျောင်းမှာနေရင်းနဲ့ ကျွန်တော် အလယ်တန်းထိ အောင်မြင်ခဲ့ပါတယ်။

အသက် ၂၁နှစ်မှာ ကျွန်တော်ဘုန်းကြီးဝတ်ပါတယ်၊ ပဉ္ဇင်းဘ၀နဲ့ ၃နှစ်နေခဲ့ပါတယ်။ ကျွန်တော့် အသက် ၂၄နှစ်လောက်ရောက်တော့ ဘုန်းကြီးကျောင်းမယ် နေရတာ မပျော်တာနဲ့ လူထွက်ပါတယ်။ ကျောင်းလဲ ဆက်မနေချင်တော့တာနဲ့ အဖေ အမေရှိရာ ရွာကိုပဲ ပြန်လာခဲ့ပါတယ်။ ရွာမှာ မိဖတွေနဲ့ လယ်အလုပ်ကူလုပ်ရင်း အိမ်ထောင်ကျပါတယ်။ ကျွန်တော့် ယောက္ခမက ဒီအန်ကောက အင်္ဂလိပ် တိုးဂိုက်တစ်ယောက်ပါ။ ဆီးရိဗ်မှာ ရှိတဲ့ အန်ကောကို နိုင်ငံခြားခရီးသွားတွေ အမြောက်အမြားလာကြတော့ သူ့အလုပ်က အဆင်တပြေရှိပါတယ်။ အိမ်ထောင်ကျတော့ ယောက္ခမတွေ ပိုင်တဲ့ ၀င်းထဲမယ် လိုက်နေပါတယ်၊ ယောက္ခမပိုင်တဲ့ လယ်ယာမြေထဲက တစ်ကွက်ကို အိမ်ဝင်းလေးခတ်ပြီး ဖြစ်သလို တဲအိမ်လေးဆောက်ပြီး နေကြတာပါ၊ အခုတော့ ဆီးရိဗ် လေဆိပ်အသွားလမ်းမကြီးပေါ်မှာရှိလို့ နေရာကောင်းလို့ ဆိုနိုင်ပါတယ်။ အရင်ကတော့ ကျွန်တော်တို့ကို အိမ်ဆောက်နေခွင့်မရှိဘူးဆိုပြီး အစိုးရတာဝန်ရှိသူတွေက လာတားကြပါတယ်။ အခုတော့ ဘာမှ လာမပြောကြတော့ပါဘူး။

မိန်းမနဲ့ ဆီးရိဗ်မှာ နေရင်း ယောက္ခမက ကျွန်တော့်ကို မင်း ဘာအလုပ် လုပ်မလဲ၊ ဘုန်းကြီးကျောင်းမှာ နေတုန်းက အင်္ဂလိပ်စာ သင်ဖူးလို့ တုတ်တုတ်မောင်းပါလားလို့ ပြောပါတယ်၊ တကယ်ကတော့ ဘုန်းကြီးကျောင်းမှာ နေစဉ်က သင်ခဲ့ရတဲ့ အင်္ဂလိပ်စာက ရွာကို ပြန်သွားတော့ အားလုံးနီးပါး မေ့ကုန်ပြီ၊ ဒါပေတဲ့ သူက ငါပြန်သင်ပေးမယ်ဆိုပြီး နည်းနည်းပါးပါး ပြန်သင်ပေးပါတယ်၊ ဒီလိုနဲ့ ကျွန်တော်လည်း တုတ်တုတ် မောင်းသမားဖြစ်လာပါတယ်။ အလုပ်လုပ်ခါစက နိုင်ငံခြားသားတွေ ပြောတာ တော်တော်များများကို ကျွန်တော် နားမလည်ပါဘူး၊ သူတို့ ဟန်ပန်ကိုကြည့်ပြီး မှန်းပြီး နားထောင်ရင်း ပြောရင်း တစ်လုံးစ နှစ်လုံးစ တဖြည်းဖြည်း တိုးတက်လာပြီး တတ်လာတာပါပဲ။

အရင်က ကျွန်တော်က ဘယ်ဟော်တယ်နဲ့မှ မချိတ်ဆက်ပဲ ဒီတိုင်း အလွတ်မောင်းနေတာပါ၊ ခုနောက်ပိုင်း တုတ်တုတ်မောင်းသမားတွေ တအားများလာတော့ ခရီးသည်ရဖို့က အတော်ကို ခက်ခဲပါတယ်။ လမ်းလျှောက်နေတဲ့ နိုင်ငံခြားသားမြင်ရင် တုတ်တုတ်စီးမလားမေးတဲ့အမောင်းသမားတွေက ကျွန်တော့်စိတ်ထင် ၁၀မိနစ်အတွင်း ၄-၅-၁၀ယောက်လောက်တောင် ရှိမလားပဲ၊ ဒါနဲ့ ကျွန်တော့်ရသမျှလေး စုဆောင်းပြီး တုတ်တုတ်ကိုယ်ထည် အသစ်ကလေး လုပ်ပါတယ်၊ ဒီတုတ်တုတ်အသစ်လေးက ဒေါ်လာ၇၅၀လောက်ကျပါတယ်၊ ဆိုင်ကယ်ကတော့ အရင်ကတည်းက မောင်းနေတာလေးပဲ သုံးပါတယ်၊ ဆိုင်ကယ်က အဟောင်းဝယ်ရင်တောင် ဒေါ်လာ ၁၅၀၀လောက် အနည်းဆုံးပေးရတော့ ရှိတာလေးပဲ ထိန်းမောင်းနေရပါတယ်၊ တုတ်တုတ်အသစ်လုပ်ရတာကတော့ ဟော်တယ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ချင်ရင် တုတ်တုတ်ကိုယ်ထည်က ဟောင်းနေ စုတ်နေရင် ဟော်တယ်တွေက မသုံးချင်ကြပါဘူး။

ဟော်တယ်နဲ့ ချိတ်ဆက်ထားတော့ ကျွန်တော်တို့ကို အလှည့်ကျစနစ်နဲ့ ခရီးသည် ပေးပါတယ်၊ အခု အောက်တိုဘာ ရာသီအစမှာ တုတ်တုတ် တစ်နေကုန်ငှားရင် တစ်နေ့ကို ၁၅ဒေါ်လာ ကျပါတယ်၊ ဟော်တယ်က ၃ဒေါ်လာဖြတ်ပြီး ကျွန်တော်တို့က ၁၂ဒေါ်လာ ရပါတယ်၊ အခု အစ်ကိုတို့တည်းတဲ့ဟော်တယ်မှာ ကျွန်တော့်လို တုတ်တုတ်မောင်းသမား ၄၅ယောက် ချိတ်ဆက်ထားကြပါတယ်။ အလှည့်ကတော့ တခါတခါ reception က သူတွေနဲ့ အလျဉ်းသင့်ရင် သင့်သလို အလှည့်ပိုရတတ်တာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ ဆီးရိဗ်က ခရီးသွားရာသီက အောက်တိုဘာကနေ ဧပြီလထိ ဖြစ်ပါတယ်။ ခရီးသွားရာသီမျိုးမှာ တစ်လကို ၂၅၀ဒေါ်လာလောက်ထိ ၀င်ငွေ ရှိတတ်ပေမယ့် ခရီးသွားရာသီ မဟုတ်တဲ့ အချိန်ဆို ဒေါ်လာ ၁၀၀လောက်ပဲ ၀င်ငွေရှိပါတယ်။ ကျွန်တော့်မှာ သားလေး နှစ်ယောက်ရှိပါတယ်၊ သားအကြီးလေးက ၆နှစ်ရှိပါပြီ၊ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ကျောင်းစတက်တာပါ။ အငယ်လေးက ၂နှစ်သားပဲ ရှိပါသေးတယ်၊ ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ပါဘူး။ ကျွန်တော့်ဝင်ငွေနဲ့ လောက်လားဆိုတော့ လောက်ငတယ်လို့ ထင်တာပါပဲ၊ တစ်လ တစ်လ စားစရိတ်ဘယ်လောက်ကုန်တယ် ကျွန်တော် မသိပါဘူး၊ ကျွန်တော်ရှာရသမျှ ကျွန်တော့်မိန်းမလက်ထဲ အကုန်အပ်လိုက်ပါတယ်၊ သူက အစစအရာရာစီမံ ခန့်ခွဲပါတယ်။

ကျွန်တော်က ဒီမြို့လေးကို ချစ်တယ်၊ ဒီက ရှေးဟောင်းလက်ရာတွေ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဂုဏ်ယူလားဆိုတော့ အဲသာတွေ ကျွန်တော် မပြောတတ်ဘူး၊ ဘုန်းကြီးကျောင်းမယ် နေတုန်းက ခမာယဉ်ကျေးမှုတွေ သမိုင်းတွေ သင်ခဲ့ရပေတဲ့ ကျွန်တော့်ခေါင်းထဲ မှတ်မိလှတာ မဟုတ်ဘူး။ ကျွန်တော်ပြောတတ်တာက ကျွန်တော်ဒီမြို့မှာ နေရတာ ပျော်တယ်၊ ကျွန်တော့်အတွက် အဆင်ပြေတယ်၊ ကျွန်တော့်မိသားစု အတွက် အဆင်ပြေတယ်၊ ဖနွမ်ပင်ကို ကျွန်တော်မကြိုက်ဘူး၊ နေဖို့ဝေးရော သွားကိုမသွားချင်ဘူး၊ ဟော... ဟိုမှာကြည့်... အစ်ကို... အဲဒီကန်ကြီးဟာ အရင်က ဘုရင်ရေချိုးကန်လို့ဆိုကြတယ်၊ အခု ကျွန်တော်တို့ ချိုးလို့ရတယ်၊ မပြောနိုင်ဘူး အစ်ကို... ကျွန်တော်ဟာ အန်ကောခေတ်ဟောင်းက ဘုရင်တစ်ပါးဖြစ်ချင်လဲ ဖြစ်ခဲ့နိုင်တယ်၊ လူတွေကို အတင်းခေါ်ပြီး အဆောက်အဦကြီးတွေ ဆောက်ခိုင်းခဲ့လို့ ဒီခေတ်မှာ လူတွေကို ပြန်ပြဖို့ တုတ်တုတ်မောင်းနေရတာလဲ ဖြစ်နိုင်တယ်၊ ဟုတ်တယ်မဟုတ်လား အစ်ကို။

ကျွန်တော်မွေးတဲ့ အချိန်က ကမ္ဘောဒီးယားမှာ ခမာနီတွေ ထွက်သွားတဲ့အချိန် ၁၉၇၉ခုနှစ်ပါ။ ကျွန်တော့်မိဖ
ဘိုးဘွားတွေကတော့ ခမာနီတွေရဲ့ဒါဏ်ကို မသေရုံတမယ် ခံခဲ့ရပါတယ်။ အစ်ကိုက ကျွန်တော့်ကို ပုရစ်စားလားလို့မေးတော့ ကျွန်တော်က ပြောပြချင်ပါသေးတယ်၊ ပိုးကောင်တွေ မှန်သမျှ ကျွန်တော်စားတတ်ပါတယ်၊ ဟိုးအရင်ခေတ်ကတော့ စစ်ကြောင့် ငတ်လွန်းလို့ တွေ့တာ ရှာစားရင်းနဲ့ ပိုးကောင်တွေ စားတတ်သွားတယ် ထင်တာပါပဲခင်ဗျာ၊ သူတို့ကနေ ဆင်းသက်တဲ့ ကျွန်တော်လည်း ပိုးကောင်တွေ စားတတ်တာပေါ့၊ ကျွန်တော်အကြိုက်ဆုံး အကောင်ကတော့ ကင်းမြီးကောက် ခင်ဗျ။ နောင် ကြုံမှ အစ်ကိုနဲ့ အစ်မကို ကျွန်တော် ကျော်ကြွေးပါဦးမယ်။ အစ်မက ခမာ အစားအစာတွေ ကြိုက်တတ်လို့ နောက်တစ်ခါလာရင် ကျွန်တော်ကိုယ်တိုင် ချက်ကျွေးချင်ပါတယ်၊ အစ်မကြိုက်တဲ့ တို့စရာအစုံနဲ့ တမာရွက် နုနုလေးတွေပါ ခူးထားဖို့ မမေ့စေရပါဘူး။ နောက်တစ်ခါ အစ်ကိုတို့လာရင် ကျွန်တော် တုတ်တုတ်မောင်းသမားဘ၀ကနေ ကိုယ်ပိုင် တက်စီမောင်းသမားဖြစ်ပါစေဆိုတဲ့ အစ်ကိုပေးတဲ့ဆုနဲ့လဲ ပြည့်ချင်ပါတယ်။

++++

Tuesday, October 22, 2013

လူအများ ကားမောင်းနေကြတယ်....




မီးခိုးရောင်လဲ့လဲ့အဆင်းနဲ့ တိမ်လိပ်လေးတွေ အဆုပ်လိုက် အဆုပ်လိုက် ပြေးနေတဲ့ ကောင်းကင်ပြာပြာဟာ မနက်ခင်းတစ်ခုလုံးကို ကြည်လင်အေးမြစွာနှုတ်ခွန်းဆက်သလို့..။ ကားမောင်းသွားရာ အရှေ့ဘက်ယွန်းယွန်းဆီမှာ မြင်နေရတဲ့ ဒေါင်းဖန်ဝါနေမင်းက တရိပ်ရိပ်ပြေးနေသလို ထင်ရတဲ့ သစ်ပင်အုပ်ကြား မိုးမျှော်တိုက်တွေကြားက မခို့တရို့စောင်းငဲ့ကြည့်ရင်း လိမ်မော်ရောင်အသွေး နဲ့ ၀င်းပလို့...။ သုတ်ခနဲ အပြေးအလွှားနဲ့ ကားလမ်းတစ်ဖက်တစ်ချက်ကို ဖြတ်ကူးသွားတဲ့ ငှက်တစ်အုပ်ကို မီးပွိုင့်မှာ ကားရပ်လိုက်စဉ် ရုတ်တရက် မြင်လိုက်မိတယ်။

“ဟယ်... ဦးရေချမ်းရေ... ကြည့်ပါဦး... ဟိုငှက်အုပ်ကို....”

“ဘာဖြစ်လို့...”

“ဟိုမယ်လေ... ဟိုဘက်ကားလမ်းကနေ ကသုတ်ကရက်နဲ့ တစ်အုပ်ကြီး ဖြတ်လာပြီး ဒီဖက်ထိပ်လည်းရောက်ရော ဗြုန်းခနဲ နောက်ပြန်လှည့်သွားရောတော့... ဟော...ဟော... ခုနက ငှက်အုပ် နောက်ဆုံးကနေ တစ်ကောင်တည်း နောက်ကျကျန်ရစ်ခဲ့လို့ ကသောကမျော အပြေးအလွှားလိုက်လာတဲ့ ငှက်ကလေးကလည်း ကမန်းကတန်းနဲ့ နောက်ပြန်လှည့်ရရော....”

ဦးရေချမ်းက မရွှေစု လက်ညိုးညွှန်ပြနေတဲ့ ငှက်အုပ်ကလေးကို လိုက်ကြည့်နေတယ်။

“ဟော... ၀ိုင်းကြီးပတ်ပတ် လုပ်နေပြန်ပြီ... ဘာတွေလုပ်တာလဲ မသိဘူးနော်...၊ ငှက်ကလေးတွေကို ကြည့်ရတာ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ကြည့်... ကြည့်... ဟိုဖက်သွားမယ့်ဟာ မသွားသေးပဲ ဟိုဝဲ သည်ဝဲ လုပ်နေကြတယ်...”

“ပတ်ဝန်းကျင် အခြေအနေကို လေ့လာစုံစမ်းတာဖြစ်မှာပေါ့... ပြီးတော့ ရှေ့ကသူတို့ခေါင်းဆောင်ငှက်လုပ်သမျှ နောက်ကငှက်တွေက လိုက်လုပ်ကြတာလေ...”

“ဟယ်တော့... ဟယ်တော့... ဦးရေချမ်းရေ... သူများတို့လဲ ဘာမှမမှားပဲ ဟိုလူက လက်ကြီးထောင်ပြီး အသားလွတ် ဆဲသွားတယ်...”

မီးပွိုင့်စိမ်းသွားလို့ ကားကို အသာမောင်းထွက်ရင်း ဘေးက ဖြတ်သွားတဲ့ ဆိုင်ကယ်သမားလုပ်ပုံကြောင့် မရွှေစုက အံ့သြတကြီးပြောလိုက်မိတယ်။

“ဘယ်သူတုန်း...”

“ဟိုမယ်... ဟိုဆိုင်ကယ်သမားလေ... ဟော... ဟိုမှာ... တွေ့လား... သူများ ကိုယ့်လမ်းအတိုင်း ကိုယ်မောင်းနေတာ ဘာမှားလို့တုန်း...”

“အေးပါ... ဟုတ်ပါတယ်... မရွှေစု မမှားပါဘူး... မှားနေတာက ဟောဒီ သုံးမြှောင့်တြိဂံပဲ...”

“ဘာ... ဘယ်လို... ဘာလို့....”

“ဒီလိုလေ... ကျွန်တော်တို့ ကားမှာ သုံးမြှောင့်တြိဂံဆိုင်းကလေး တတ်ထားတော့ ဒီကားကိုမောင်းတဲ့သူက ကားလိုင်းစင် အခုမှရမှန်း သိတယ်လေ... ဒါကြောင့် လူတွက မရိုသေချင်ဘူး၊ အလကားပါကွာ... အခုမှကားမောင်းတတ်တဲ့သူပါဆိုပြီး အထင်သေးချင်တယ်... လူ့သဘောဆိုတာ ဒါပဲ...”

“အို... ဒီဆိုင်းလေးပြထားတဲ့သဘောက ဒီကားမောင်းတဲ့သူဟာ လိုင်စင်ရခါစမို့ မောင်းတာကျွမ်းပြီးသားသူတွေက ဒီကားကို သတိထားဖို့၊ ဦးစားပေးဖို့၊ လမ်းပေးဖို့၊ ခွင့်လွှတ်ပေးဖို့ သဘောမျိုးလို့ မရွှေစုက ယူဆထားတာ...”

“ခုနက မရွှေစု ပြတဲ့ ငှက်ကလေးတွေ တွေ့လား၊ စဉ်းစားဆင်ခြင်တွေးခေါ်နိုင်တဲ့ အသိဉာဏ်က လူတွေလိုမမြင့်မားတော့ ရှေ့ကငှက်သွားရာနောက် အစဉ်တစိုက် လိုက်ကြတာပဲ၊ ရှေ့ကငှက်ဘာဖြစ်လို့ နောက်ပြန်လှည့်လဲ၊ ဘာဖြစ်လို့ ပတ်ပတ်လည် ကနေလဲ၊ သူလုပ်တာနဲ့ အစာရှာဖို့ အချိန်ကုန်တယ် ဘာညာ ဘယ်ငှက်ကမှ အထွန့်မတက် ပြဿနာမရှာကြဘူး... “

“အင်း...”

“လူတွေမှာကြတော့ စဉ်းစားဆင်ခြင်တွေးခေါ်နိုင်တဲ့အသိဉာဏ်မြင့်မားကြတယ်၊ တချို့က အဲ့ဒီအသိဉာဏ်ကို ကောင်းတဲ့နေရာမှာ အသုံးချတယ်၊ တချို့က ဆိုးယုတ်တဲ့နေရာမှာ အသုံးချတယ်၊ တချို့က အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ကိုယ့်အတွက် မနစ်နာရအောင် အဆင်ပြေသလို အသုံးချကြတယ်...၊ ကိုယ့်အတွက် နည်းနည်းလေးနစ်နာတယ် ထင်လိုက်တာနဲ့ လူတွေမှာ ကောက်ကျစ်စိတ်တွေ ၀င်လာတတ်ကြတယ်... “

“အင်း... လူတွေဟာ အသိဉာဏ်မြင့်မားကြတဲ့အတွက် တခြားသူတွေအပေါ် ဘယ်လိုကောက်ကျစ်ရမလဲဆိုတာ ပိုသိကြတာလဲ ဖြစ်နိုင်တယ်....”

“အဓိက ကတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်ကြတယ်၊ လူတွေ ကိုယ့်ကိုယ်ကိုယ် အချစ်လွန်ကြရင် ဒုက္ခများကြတော့တာပါပဲ...”

“ဟုတ်တယ်... မရွှေစုလည်း ကိုယ်တိုင် ကားမောင်းကြည့်တော့မှ လမ်းပေါ်က စရိုက်ပေါင်းစုံနဲ့ ကားမောင်းတဲ့လူတွေ တွေ့ရပြီး လူတွေဘယ်လောက် အတ္တကြီးမှန်း လောဘကြီးမှန်း ဒေါသကြီးမှန်း ပိုသိလာတယ်။ ဒီလမ်းဟာ ငါအရင်ရောက်တဲ့လမ်း၊ ငါပိုင်တဲ့လမ်း၊ ငါ အဆင်ပြေရင် ပြီးရောဆိုတဲ့သူကခပ်များများ...”

“ခုနကလေ... ဦးရေချမ်းတွေ့လိုက်လား... မရွှေစုက ဒီဘက်ကွေ့မယ့်လမ်းကို လိုချင်လို့ အချက်ပြပြီး ခေါင်းလေးတည်ထားတာ... ဘေးက အမျိုးသမီးတစ်ယောက်မောင်းနေတဲ့ကားက သူ့လမ်းကို ယူမှာစိုးလို့ အတင်းပိတ်ပြီး မောင်းနေတယ်၊ မရွှေစုတို့ ရှေ့ကကားကလည်း လမ်းလိုချင်လို့ တောင်းတာကို သူကမပေးပဲ အတင်းပဲ ပိတ်ထားတာ....၊ နောက်တစ်လမ်းရောက်တော့ သူက မရွှေစုတို့ လမ်းကို လိုချင်လို့ ပြန်တောင်းတာ ရှေ့ကကားက ဘယ်... လမ်းပေးမှာလဲ... သူ့အလှည့်တုန်းက ပေးမှမပေးခဲ့တာကိုးနော်...၊ မရွှေစုကတော့ လမ်းပေးလိုက်တယ်... သိလား... ဘာပဲဖြစ်ဖြစ် သူများတကာ အဆင်ပြေရင် ကိုယ်ကအလကားနေရင်း ကုသိုလ်ရတာပဲ...နော်...”

“Give and Take ဆိုတဲ့ စကားမှာ ကိုယ်က အရင်ပေးမှ ပြန်ရတာလေ၊ ကိုယ်ကတော့မပေးချင်၊ သူများဆီကချည်းပဲ လိုချင်လို့တော့ ဘယ်ဖြစ်ပါ့မလဲ...။ ဒါပေမယ့် ကိုယ်သွားရမဲ့ လမ်းကြောင်းအတိုင်း စနစ်တကျ တန်းမစီပဲ ဘေးကနေ ဖြတ်ဝိုက်ပြီး အတင်းကျော်တက်ချင်တဲ့ကားမျိုးကြတော့ ကျွန်တော်က လမ်းမပေးချင်ဘူး...”

“မရွှေစုကတော့ အဆင်ပြေရင် လမ်းပေးလိုက်ပါတယ်၊ စောနကပြောသလို ဒီလမ်းတွေဟာ ကိုယ်ပိုင်တဲ့ လမ်းမှ မဟုတ်တာ၊ အဲသာ ဟိုတစ်နေ့က ကားတစ်စီးရယ် အတင်းဖြတ်ကျော် လုတက်လွန်တာ အရှိန်မထိန်းနိုင်တော့ပဲ ရှေ့ကကားကို ဝင်ဆောင့်ပါလေရောလား...၊ တကယ်တော့ ရှေ့ဆုံးကို သူများထက် အရင်ဦးအောင် ရောက်ချင်တိုင်းလည်း အရင်ရောက်သွားကြတာမဟုတ်ပါဘူး၊ နောက်တွေ့မိတဲ့ ကားတစ်စီးကကြတော့ ရှိသမျှကားတွေကို မြွေလိမ်မြွေကောက်ကျော်တက်ပြီး တအားမောင်းတာလေ... ပြီးတော့လဲ မထူးပါဘူး... မီးပွိုင့်ရောက်တော့ နောက်က အေးဆေးဆေးဆေး မောင်းလာတဲ့ မရွှေစုတို့ကားနဲ့ အတူတူစောင့်ကြရတာပဲ...”

“ကားကို ဘယ်တော့မှ မြွေလိမ်မြွေကောက် ကျော်မတက်နဲ့...၊ ကိုယ့်အတွက် သူတပါးကို အန္တရယ်မဖြစ်စေနဲ့၊ တခြားသူကပေးမယ့် အန္တရယ်ကိုလည်း ကိုယ်က တတ်နိုင်သလောက် ရှောင်ပေးတတ်ရတယ်၊ ကိုယ့်လမ်းတစ်လျှောက်က အတူသွားနေတဲ့ ကားတွေကို လေးစားမှုအပြည့်နဲ့ သူတို့အတွက်လည်း အဆင်ပြေစေ၊ ကိုယ့်လမ်းကိုယ်လည်း စနစ်တကျနဲ့ မောင်းတတ်ရတယ်...၊ မြန်ရမဲ့လမ်းမှာလည်း မနှေးစေနဲ့၊ နှေးရမဲ့လမ်းမှာလည်း မမြန်စေရဘူး...”

“အင်း... မနေ့ညက မိုးရွာနေလို့ လမ်းကချောနေလို့ အမြန်လမ်းမှာ နည်းနည်းနှေးသွားတာလေ... အနောက်ကကားက တောက်လျှောက် မီးကြီးလှမ်းထိုးပြီးပါလာတယ်၊ တကယ်ပဲ... လူတွေဟာ ဆတ်ဆတ်ထိ မခံနိုင် စိတ်မရှည်ကြတာ ခုမှ ပိုသိတယ်...”

“ လူဆိုတာ ဘယ်လောက်ပဲ စိတ်တိုတတ်သူဖြစ်ပါစေ၊ ကားမောင်းတဲ့အချိန်မှာ စိတ်ရှည်ရှည်ထားရတယ်...၊ စိတ်မရှည်ရင် ကိုယ်ပဲ ဒုက္ခများလိမ့်မယ်...”

“ဒါနဲ့စကားစပ်မိလို့ ပြောပြရဦးမယ်... မောင်လေးတစ်ယောက် ပြောပြတာ... ရန်ကုန်မယ် ကားတွေတအားများလာတော့ တချို့မောင်းတဲ့သူတွေကလည်း မတတ်တတတ်နဲ့ မောင်းနေကြတာတဲ့၊ အဲသာ ကားမောင်းကျွမ်းတဲ့ တချို့ဒရိုင်ဘာတွေက သေချာမမောင်းတတ်တဲ့သူမောင်းနေရင်း ကိုယ့်ကားကို မတော်တဆ ထိမိတော့မယ်ဆို သေလောက်အောင် အန္တရယ်မများဘူးဆို ရှောင်လို့ရနိုင်သားနဲ့ ရှောင်မပေးပဲ ကားကို အပွန်းအပဲ့ခံပြီး တမင် အတိုက်ခံကြတယ်တဲ့၊ ပြီးမှ မတန်တဆ အလျော်တောင်းကြတယ်ဆိုပဲ...”

“သြော်... ပြောပြီးပါပကောလား မရွှေစုရယ်... လူတွေရဲ့သဘောဟာ ကောက်ကျစ်တတ်ကြပါတယ်လို့... “

“ဆရာကြီးဦးအောင်သင်း ရေးခဲ့တဲ့စာလေး သတိရမိတယ်၊ ဒဿနိက ပညာရှင်တွေက လူတွေကို တိရစ္ဆာန်စိတ်နဲ့ ဆင်ခြင်ဉာဏ်တွဲနေတဲ့ သတ္တ၀ါမျိုးတွေလို့ဆိုသတဲ့၊ အဲဒီဆင်ခြင်ဉာဏ်က ကောင်းတဲ့ဆင်ခြင်ဉာဏ်မျိုးမဟုတ်ပဲ သူတစ်ပါးဒုက္ခရောက်အောင် လုပ်မဲ့ကောက်ကျစ်ဉာဏ်မျိုးဖြစ်ရင်တော့ လူဟာ တိရစ္ဆာန်ထက်ကိုဆိုးတော့တာပဲ...၊ ဒါကြောင့် ကိုယ့်ရဲ့ ကောက်ကျစ်ချင်တဲ့စိတ် သူများထက်အသာစီးရလိုတတ်တဲ့စိတ် အဲသာတွေကို ကိုယ်ချင်းစာတရား၊ ကိုယ်ကျင့်တရားတွေနဲ့ သတိမြဲမြဲထားပြီး ထိန်းရမယ်တဲ့... “

“ဟုတ်တာပေါ့... ကဲ... ရုံးကိုလည်းရောက်ပြီ... ညနေ ရုံးဆင်း အပြန်ကျမှ စကားဆက်ကြသေးတာပေါ့.... “

ကားရပ်ပြီး ဆင်းလိုက်တဲ့ ခဏမှာ ခုနက တရိပ်ရိပ်ပြေးနေတယ်လို့ ထင်ရတဲ့ လမ်းဘေး တစ်ဖက်တစ်ချက်ဆီက သစ်ပင်အုပ်ဆိုင်းဆိုင်းဟာ တကယ်တော့ သူ့နေရာနဲ့သူ မလှုပ်မယှက် တည်ငြိမ်စွာရပ်တည်နေကြလို့၊ ဒေါင်းဖန်ဝါနေမင်းနဲ့ မိုးကောင်းကင်ကြီးကလည်း ခါတိုင်းနေ့များလိုပဲ သဘာဝကျစွာ သာယာလှပလို့... ။ ။


++++