Tuesday, July 21, 2009

ဗန်းမော်ဆရာတော်ကို ဗန်းမော်သို့ ပို့ရသနည်း

ဗန်းမော်ဆရာတော်ကို အရေးယူရသည့်အကြောင်းရင်း

မင်းတုန်းမင်းတရားကြီးသည် သာသနာရေး ဘက်တွင်၎င်း၊ ပညာရှိများကိုဆည်းကပ်ကိုးကွယ်မှုတွင်၎င်း၊ အလွန်ချီးကျူးဘွယ်သော မင်းတပါးပင်ဖြစ်သည်။ ဗန်းမော်ဆရာတော်နှင့် မင်းတုန်းမင်းတို့သည် သက်တော်မတိမ်းပင်ရှိကြလေသည်။ ဗန်းမော်ဆရာတော် (၁၁၆၈ -၁၂၃၉) နှင့် မင်းတုန်းမင်း (၁၁၇၆-၁၂၄၁) တို့ ဖြစ်ကြသည်။

မင်းတုန်းမင်းသည် ဗန်းမော်ဆရာတော်၏အကြောင်းကိုငယ်သိ၊ အစင်းသိဖြစ်သည်။ နော်တော်ပုဂံမင်းလက်ထက်သာသနာပိုင်ဆရာတော်ဘုရား၏ ဖြတ်ထုံးရေးရဟန်း၊ စာဆိုရဟန်းဖြစ်၍ ဗန်းမော်ဆရာတော်သည် ရဟန်းပျိုဘ၀ကပင် ထူးခြားသောပုဂ္ဂိုလ်ဖြစ်၍ ထင်ရှားသောကိုယ်တော် ဖြစ်ရသည်မှာ မလွဲပေ။ ဗန်းမော်ဆရာတော်၏တိကျပြတ်သားစွာ ဆန့်ကျင်တတ်သော သဘောကြောင့်၊ သုဓမ္မာဆရာတော်များ အဖွဲ့တွင် မထည့်သွင်းဝံ့၍သာ မထည့်သွင်းခြင်းဖြစ်ပေလိမ့်မည်။

ဗန်းမော်ဆရာတော်အားကိုးကွယ်မှု၊ ဗန်းမော်ဆရာတော်အပေါ် သည်းခံမှုတို့ကိုကြည့်ရှုလျှင် ဗန်းမော်ဆရာတော်က ကိုယ်ရေးကိုယ်တာ၊ လူကဘုန်းကြီး (-) ကဓါးပြဟူ၍ ပြစ်ပြစ်နှစ်နှစ် ဆိုလိုက်ခြင်းကိုလည်း ပြုံးပြုံးကြီးသာ ခံခဲ့သည်။ လွှတ်တော်ဝန်ကြီးများအား ချိုကျိုးနားရွက်ပဲ့ များဖြစ်အောင်ဖေါ် ထုတ်မှုတွင်၎င်း၊ သုဓမ္မာဆရာတော်များကို ပျက်ရယ်ပြုရာတွင်၎င်း၊ မင်းတုန်းမင်းသည် ခတ်မဆိတ်နေခဲ့ခြင်း၊ ဗန်းမော်ဆရာတော်အား ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း မလျော့ပါးကြောင်းကိုထောက်၍ သိသာပေသည်။

***********************

အဘယ်ကြောင့် ဗန်းမော်သို့ ပို့ရသနည်း

သို့ဖြစ်လျှင် ဗန်းမော်ဆရာတော်အား အဘယ်ကြောင့်နယ်နှင်ဒဏ်ပေးလိုက်သနည်း။ ဤအချက်သည် အရေးကြီးပေသည်။ မင်းတုန်းမင်းကိုယ်တိုင်က ရှမ်းကလေးကျောင်း ဆရာတော်အား ပြုစုစေခဲ့သောဝိနိစ္ဆယစာတမ်းကို သုဓမ္မာဆရာတော်များ စစ်ဆေးကြည့်ရှုအတည်ပြု၍ သာသနာပိုင်ဆရာတော်၏ အတည်ပြုချက် ထပ်မံရယူပြီး တိုင်းပြည်ရှိ ရဟန်းသံဃာအားလုံးကိုလိုက်နာရန် ထုတ်ပြန်လိုက်သော အချိန်ကျခါမှ ဗန်းမော်ဆရာတော်က ၀င်ရောက်တိုက်ခိုက်လိုက်ခြင်းမှာ မင်းတုန်းမင်း၏ဂုဏ်သိက္ခာကို၎င်း၊ သုဓမ္မာဆရာတော်များ၏ ဂုဏ်သိက္ခာကို၎င်း၊ များစွာကျဆင်းစေသည့် ကိစ္စဖြစ်လာသည်။ ထိုကိစ္စအတွက် မင်းတုန်းမင်းတွင် သော်၎င်း၊ သုဓမ္မာဆရာတော်များတွင် သော်၎င်း၊ ဂုဏ်သိက္ခာကျဆင်းမှုအတွက် အဖတ်ဆယ်ရန် ဗန်းမော်ဆရာတော်အား ၀န်ခံတောင်းပန်စေရလျှင် ဗန်းမော်ဆရာတော်မှာလည်း ဂုဏ်သိက္ခာကျဆင်းသွားမည်မဟုတ်ဘဲ၊ မင်းတုန်းမင်းနှင့်တကွ သုဓမ္မာဆရာတော်များ၏ သိက္ခာကိုဆယ်နိုင်ပေလိမ့်မည်။ သာသနာပိုင် ဆရာတော်အား တွေ့ဆုံ စစ်ဆေးမေးမြန်း၍ မိမိရေးကြောင်း ၀န်ခံစေရန် စီမံခဲ့သော်လည်း ဗန်းမော်ဆရာတော်သည် ၀န်မခံရုံမျှမက သာသာနာပိုင်ဆရာတော်အားလျှင်ပင်...

"တိုင်းလုံးငယ်ကျော်၊
ဗန်းမော်ကိုမိပြီမှတ်လို့၊
ညာလက်ခတ်တီး၊
ဝှေးစေ့ကိုလှန်၊
အဆံကိုတူနဲ့ထုလို့၊
သေလုအောင် ဘယ်လိုစစ်တော့၊
ပစ်စာရှင်ပညာကြီးကို
(-)မှမိဘူး"။

ဟူ၍ပင် သာသနာပိုင်ဆရာတော်ဘုရားအား ပြန်လှန်၍ကော်လိုက်သောအခါ မင်းတုန်းမင်း၊ သုဓမ္မာဆရာတော်များသာမကတော့ပဲ၊ သာသနာပိုင် ဆရာတော်ဘုရားပင်လျှင် ဂုဏ်သိက္ခာ ကျဆင်းရပေတော့သည်။

ဤသို့ပင်မည်သူမျှ မနိုင်နိုင်အောင် မည်သူမျှပင် မကြောက်၊ ဂရုမစိုက်၊ ရိုသေမှု၊ လေးစားမှု၊ ဂါဝရမရှိတော့သော ဗန်းမော်ဆရာတော်ကို နေပြည်တော်တွင် ဆက်လက်ရှိနေပါက ရှေ့အဘို့သာသနာရေးကိစ္စ၊ တိုင်းပြည်ကိစ္စတို့တွင် ဘာမျှလုပ်၍ ရနိုင်တော့မည် မဟုတ်တော့ချေ။ ဤအချက်မှာ မင်းတုန်းမင်းဘက်မှနေ၍ တွက်ကြည့်ရသောအချက်ပင်ဖြစ်သည်။

သာသနာပိုင်ဆရာတော်ဟူသည်မှာ သံဃာ့ရာဇာ သံဃာတို့၏ ဘုရင်ပင် ဖြစ်ရပေမည်။ မင်းတုန်းဘုရင်သည် လူပုဂ္ဂိုလ်တို့အား ဥပဒေအမိန့်ဖြင့် ကွတ်ညှပ်ထုတ်ဆင့် အပြစ်ဒဏ်ပေးသော် သင့်လျှော်၏။ ရဟန်းသံဃာများအား မင်းသည် မအုပ်ချုပ်ထိုက် ဟူ၍ သံဃာတော်တို့၏မင်းအဖြစ် သာသနာပိုင်ဆရာတော်တပါးရွေးချယ်ခန့်ထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းရှိလျှင် တိုင်းပြည်အုပ်ချုပ်သော မင်းသည်ပင်လျှင် သာသနာပိုင် ဆရာတော်၏ သြ၀ါဒကိုနာခံရပေမည်။ သေပြစ်၊ သေမိန့် ကျပြီးသော ရာဇ၀တ်သားများကိုပင် သာသနာပိုင် ဆရာတော်၏ အမိန့်ဖြင့် သေပြစ်၊ သေမိန့်မှ ကင်းလွတ်ခွင့် ပေးနိုင်ပေသည်။

ဤသို့ပင် သံဃာ့ရာဇာဖြစ်သော သာသနာပိုင်ဆရာတော်ကိုပင် ပျက်ရယ်ပြုရုံမျှမက ရုန့်ရင်းသောစာချိုးဖြင့် သရော်ပြောင်လှောင်ခြင်းခံရသည့်အခါတွင် သံဃာတို့အား အုပ်ချုပ်မှု ပျက်ပြားစရာ အကြောင်းတပါး ဖြစ်လာတော့သည်။ ထို့ကြောင့်သာလျှင် ဗန်းမော်ဆရာတော်အား နေပြည်တော်မှ ဝေးရာသို့ နယ်နှင်ဒဏ် ပေးလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

ဤသို့ဗန်းမော်ကိုပို့လိုက်ရသော်လည်း အစစ၊ အရာရာ လိုလေသေးမရှိ ဆွမ်း၊ ကွမ်းမှစ၍ ပြည့်စုံအောင် စီမံပြီးမှ ပို့လိုက်ခြင်းဖြစ်သည်ကိုထောက်၍ ရာဇ၀တ်ပြစ်ဒဏ်ဖြင့် ဗန်းမော်သို့ ပို့ခြင်းမဟုတ်၊ သာသနာပိုင်ဆရာတော်၏ ဂုဏ်သိက္ခာနှင့် အခြားသံဃာများအပေါ် သြဇာမကျဆင်းစေခြင်းငှာသာလျှင် ဗန်းမော်ဆရာတော်အား ဗန်းမော်သို့ ပို့ခြင်းဖြစ်ဟန်တူသည်။ သို့ဖြစ်၍ ဗန်းမော်ဆရာတော်အား ဗန်းမော်သို့ပို့ခြင်းမှာ ပြစ်ဒဏ်အနေနှင့် ပို့ခြင်းမဟုတ်ဘဲ၊ နေပြည်တော်အတွင်းရှိ သံဃာတော်များကိုထိန်းသိမ်းမှုရစေရန်နှင့် ခဏတဖြုတ်မျှ နားအပူသက်သာစေရန် ရည်ရွယ်ဟန်တူပေသည်။

***********************

၂၁။ ဆုတဆယ့်ငါးပါးရသော တကာမကြီး

ဆုတဆယ့်ငါးပါးရသော တကာမကြီး

ဗန်းမော်မြို့သို့ ရောက်လေလျှင် နေပြည်တော်မှ ပညာတတ်ထေရ်အကျော် ဆရာတော်တပါးဖြစ်၍ ကိုးကွယ်သည့်သူ အလွန်များပြားလေသည်။ အခါတပါးတွင် ဒါယကာမကြီးတယောက် ဆွမ်းအုပ်များလာ၍လှူဒါန်းရာ ဆရာတော်က...
"များများကုသိုလ်ရအောင် များများစားရတာပ"
ဟုအမိန့်ရှိပြီး အားပါးတရ ဘုဉ်းပေးတော်မူလေသည်။ ဆရာတော် အားပါးတရ ဘုဉ်းပေးသည်ကို မြင်ရသော ဒါယကာမကြီးမှာ များစွာကျေနပ်၍...
"အရှင်ဘုရား... များများဘုဉ်းပေးတော့ တပည့်တော်မ ၀မ်းသာတာဘဲဘုရား၊ နက်ဖြန် ဆွမ်းအုပ်လာပို့ပါဦးမယ်၊ ဒီထက်များများကြီး ချက်ခဲ့မယ်ဘုရား များများကြီးသုံးဆောင်ပါဘုရား"
"အေး... များများလှူတော့ များများကုသိုလ်ရတာပေါ့"

နောက်တနေ့တွင် ဒါယကာမကြီးပင် ဆွမ်းနှင့် ဆွမ်းဟင်းများကို များများကြီးချက်ခဲ့ရာ ဆရာတော်မှာ ကုန်အောင်ပင် ဘုဉ်းပေးတော်မူသဖြင့် ဗန်းမော်သူ ဒါယကာမကြီးက "တပည့်တော်မ ကုသိုလ်များများ လိုချင်လို့ များများကြီးချက်ခဲ့တာ၊ ဆရာတော် အားပါးတရ ဘုဉ်းပေးတော့ တပည့်တော်မ သိပ်ပြီးဝမ်းသာတာဘဲဘုရား၊ တပည့်တော်မကို ဆုတွေ များများကြီးပေးတော်မူပါဘုရား"
ဆရာတော်မှာ ဒီတခါမှ မျက်လုံးပြူးချေပြီး...
"အင်း... တကာမကြီး ဆွမ်းတွေများများ ဘုန်းပေးထားတော့ ဆုတွေ များများကြီးပေးစေချင်တာလဲ ဟုတ်ပါရဲ့၊ ကျုပ်ကလဲ များများကြီးပေးချင်ပါရဲ့၊ ဒါပေမဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဆွမ်းအကျိုးက ငါးပါးဘဲရှိတော့ ကျုပ်ကပိုပေးချင်လို့ မရဘူး တကာမကြီးရဲ့၊ အဲဒီတော့ ဘုရားဟောခဲ့တဲ့ ဆွမ်းအကျိုး ငါးပါးကို တကာမကြီး ရမှာက အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်း၊ ဥစ္စာပစ္စည်းများခြင်း စတဲ့ အကျိုးငါးပါးနဲ့ တလုံးတ၀တည်း ပြည့်စုံစေဗျား"

ဗန်းမော်သူဆွမ်းအမကလည်း ဆုငါးပါးကို အားရကျေနပ်စွာပင် ဆွမ်းအုပ် ဆွမ်းအိုးတို့ကို တောင်း၌ထည့်ပြီး ကျောင်းအောက်ထပ်၌ တအောင့်တနား နားနေလေသည်။

မကြာမှပင် အခြားတကာမတဦးသည် ရေအိုးတလုံးရွက်လာပြီး ဆရာတော်အားလာရောက်၍ လှူဒါန်းပြန်သည်။ ဆရာတော်က ရေလှူရသောအကျိုးမှာ ဆယ်ပါးသောအကျိုးကို မတောင်းဘဲနှင့်ရသည်။ ရေသည် အရေးကြီးသော ပစ္စည်းဖြစ်၍ အကျိုးဆယ်ပါးကို မတောင်းဘဲနှင့်ရသည်။
၁၊ စင်ကြည်ခြင်း
၂၊ လျှင်မြန်ခြင်း
၃၊ ကျော်စောခြင်း
၎၊ မွတ်သိပ်ခြင်းမှ ကင်းခြင်း
၅၊ အခြံအရံများခြင်း
၆၊ အသက်ရှည်ခြင်း
၇၊ အဆင်းလှခြင်း
၈၊ ခွန်အားကြီးခြင်း
၉၊ ပညာကြီးခြင်း
၁၀၊ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်း
စသော အကျိုးဆယ်ပါး ရ ရှိ ကြောင်း ဟောကြားတော်မူလိုက်လေသည်။

ဗန်းမော်သူဆွမ်းတကာမသည် ရေလှူသူဆင်း၍အသွား ကျောင်းပေါ် သို့ပြန်တက်လာပြီး ဆရာတော်ရှေ့၌ ဆောင့်ကြီးအောင့်ကြီးထိုင်၍...
"ဆရာတော်ဘုရား မတရားဘူးဘုရား"
ဗန်းမော်ဆရာတော်မှာ ဘာများဖြစ်လာပါလိမ့်ဟု အံ့သြ၍ နေသည်။
"တပည့်တော်မမှာ ချက်လိုက်ရတဲ့ဆွမ်း၊ ချက်လိုက်ရတဲ့ဆွမ်းဟင်း၊ များများလှူရင် များများရတယ်ဆိုလို့ များများကြီးချက်လာတော့လဲ ဆရာတော်ဘုရားက ဆုငါးပါးထဲပေးတယ်။ တပည့်တော်မ ကျေနပ်ပါတယ်ဘုရား။ ဒါပေမဲ့ မပင်မပန်း ငွေမကုန်ပဲ ကန်ထဲက အလကားရတဲ့ရေခပ်ပြီးလှူတာတော့ အရှင်ဘုရားက ဆုတွေဆယ်ပါးတောင် ပေးလိုက်တယ်၊ ဒါ တရားသလား ဘုရား"

ဆရာတော်မှာ ထိုအခါမှ သဘောပေါက်ကာပြုံးနိုင်ရယ်နိုင်လာတော့သည်။

"တကာမကြီး ရေအကျိုးဆယ်ပါးက မတောင်းဘဲနှင့်ရတာ၊ တကာမကြီး ဆွမ်းချက်တော့ ရေနဲ့မချက်ရဘူးလား"
"ရေနဲ့ချက်မှ ဆွမ်းဖြစ်မှာပေါ့ဘုရား"
"ဆွမ်းဟင်းချက်တော့ ရေမပါဘူးလား"
"ရေပါရတာပေါ့ဘုရား"
"တကာမကြီး ရေနွေးကြမ်းကပ်တော့ကော ရေကိုဘဲ ကြိုချက်ပြီး လှူရတာဘဲ မဟုတ်လား"
"မှန်ပါ့ဘုရား"
"အဲဒီတော့ တကာမကြီး ဆွမ်း၊ ဆွမ်းဟင်းချက်တုန်းက ရေပါခဲ့တာရယ်၊ ရေကို ကြိုချက်ပြီးကပ်တာရယ်၊ အဲဒီ ရေအကျိုးဆယ်ပါးက မတောင်းဘဲနဲ့ ရပြီးသားဘဲ၊ ဆွမ်းအကျိုးငါးပါး ထပ်ပေါင်းလိုက်တော့ တကာမကြီးမှာ အကျိုး တဆယ့်ငါးပါးတောင်ရနေပြီဘဲ"
ဗန်းမော်သူ တကာမမှာ ထိုအခါမှ သဘောကျစွာ ပြုံးရယ်လာပြီး...
"ဒီလိုဆို တော်သေးတာပေါ့ ဘုရား"
ဟုကျေနပ်စွာ ပြောဆိုရင်း ၀တ်ပြု၍ ကျောင်းပေါ်မှ ဆင်းသွားတော့သည်။ နေပြည်တော်တွင် စွာခဲ့သမျှ ဗန်းမော်ကျမှ ဆုဆယ့်ငါးပါးရအောင် ကြံဖန်၍ပေးလိုက်ရသော မိမိ၏အဖြစ်ကို မိမိတွေးမိရင်း တပါးတည်း ပြုးမိလေသတည်း။

**************************

၂၀။ ပညာကိုအယူမှားလို့ ရှမ်းမယားဖြစ်ရသောပုံပြင်

ပညာကိုအယူမှားလို့ ရှမ်းမယားဖြစ်ရသောပုံပြင်

ဆရာတော်က ဆက်လက်၍မိန့်တော်မူသည်မှာ ''မင်းတို့ ရှင်ဘုရင် မသေမချာလုပ်တိုင်း ငါပြောနေရတော့ ငါ့ကို လူဆိုးလို့ ထင်ကြတယ်။ လွှတ်တော်ဝန်ကြီးလေးပါးမှာ ချိုကျိုးနားရွက်ပဲ့တွေထားတာ၊ သုဓမ္မာဆရာတော်တွေကို သူထင်ရာခန့်တာ၊ ရှမ်းကလေးကျွန်းဆရာတော် ၀ိနိစ္ဆယစာတမ်းကို ထုတ်ပြန်တာတို့၊ သူမသေချာသမျှ ငါပြောရတာ ငါအဆိုးကျတယ်၊ အခုလဲကြည့်ပါလား၊ ပညာကိုအယူမှားလို့ ရှမ်းမယားဖြစ်ရသလို မင်းတို့ကိုပေးလိုက်တဲ့ အမိန့်အတိုင်းသာ ငါလုပ်ရရင် ငါလဲလူဆိုးဖြစ်၊ မင်းတို့လဲ ရာဇဒဏ်သင့်မှာ အမှန်ဘဲ'' ဟု ညွှန်ကြားရာ ပရိတ်သတ်များက...

"အရှင်ဘုရား အမိန့်ရှိတဲ့ ပညာကို အယူမှားလို့ ရှမ်းမယား ဖြစ်ရတဲ့ ပုံပြင်ကို တပည့်တော်တို့ကို မှတ်သားရန် မိန့်တော်မူပါဘုရား" ဟုလျှောက်ထားပြန်ရာ ဆရာတော်က စိတ်ရှည်လက်ရှည် အောက်ပါပုံပြင်ကို မိန့်တော်မူလေသည်။

ရှေးအခါက ရွာတရွာတွင် နေထိုင်ကြသော လင်မယားနှစ်ယောက်ရှိလေသည်။ အခါတပါးတွင် လင်သားသည် စီးပွားရေးအတွက် အောက်ပြည်အောက်ရွာသို့ ခရီးထွက်ရမည်ရှိသောအခါ မယားအား တကြိမ်တခါမှ ခွဲ၍ မသွားဘူးသဖြင့် အစစမှာကြားနေလေသည်။

မှာကြားသောစကားများမှာ များပြားလွန်းသဖြင့် မယားမှာ မမှတ်မိနိုင်လောက်အောင်ဖြစ်နေသည်။ မမှတ်မိတိုင်း လင်သားကိုမေး၍ မေး၍နေရာ ခရီးထွက်မည့် အာရုံတက်အချိန်သို့ပင် တိုင်လေသည်။

လင်သားမှာ မကြာခဏ ရှင်း၍ရှင်း၍ပြနေရသဖြင့် စိတ်မရှည်နိုင်တော့ဘဲ လိုရင်းကို တိုတိုပင်မှာခဲ့သည်။

"ကဲ...ကဲ... အတိုချုပ်မှတ်ထား၊ ပညာနဲ့သာ အမြဲနေ" ဟု ခတ်တိုတိုပင် မှာခဲ့တော့သည်။

လင်ယောက်ျား ခရီးထွက်သွားပြီးနောက် လင်၏စကားကို မြေ၀ယ်မကျ နားထောင်လိုသော မယားက (ပညာနဲ့သာ အမြဲနေ ) ဟူသော မှာစကားအတိုင်း မိမိလင်ယောက်ျား ပြန်လာလျှင် မှာကြားသည့်အတိုင်း ပညာနဲ့မနေပါလျှင် မိမိအပေါ် အပြစ်တင်တော့မည်ကိုစိုးရိမ်သဖြင့် အိမ်နီးနားချင်းဖြစ်သည့် ရှမ်းလူမျိုးကိုပညာကို တောင်းတောင်းပန်ပန် အိမ်ပေါ်သို့ ခေါ်ထားပြီး ရှမ်းလူမျိုး ကိုပညာနှင့် သွားအတူ၊ လာအတူ၊ စားအတူမျှမက အိပ်အတူပင် ဖြစ်နေကြတော့သည်။ လင်သား၏အတိုချုပ်စကားမှတ်သားမိသောမယားမှာ ပညာကို အယူမှားလို့ ရှမ်းမယားဖြစ်ရလေတော့သည်။

ဆရာတော်၏ပုံပြင်ဆုံးသဖြင့် ပရိတ်သတ်မှာ ပြုံးရယ်ကြရတော့သည်။ ဆရာတော်က ဆက်လက်၍အမိန့်ရှိသည်မှာ....
"မင်းတို့ဘုရင် မသေမချာမှာတဲ့ စကားအတိုင်း ငါလိုက်လုပ်ရရင် မင်းတို့ဘဲ ရှမ်းမယားဖြစ်မလား၊ ငါဘဲ ရှမ်းမယား ဖြစ်မလားတော့ မသိဘူး" ဟု ရယ်မောရင်းမိန့်တော်မူသည်။

**************

Sunday, July 19, 2009

၁၉ ဇူလိုင် ၂၀၀၉

(၆၂)ကြိမ်မြောက် အာဇာနည်နေ့
၁၉ ဇူလိုင် ၂၀၀၉
မြန်မာစံတော်ချိန် ၁၀နာရီ၃၇မိနစ်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
နှင့်
ကျဆုံးလေပြီးသောအာဇာနည်သူရဲကောင်းများအား
ဦးညွှတ်အလေးပြု
....


Thursday, July 16, 2009

၁၈။ ဗန်းမော်ဆရာတော် ပုဂံဘုရားများဖူးလိုခြင်း

ဗန်းမော်ဆရာတော် ပုဂံဘုရားများဖူးလိုခြင်း

ဗန်းမော်ဆရာတော်သည် ဗန်းမော်မြို့သို့ ဆန်တက်ခဲ့ရာတွင် မင်းတုန်းမင်းက ဆရာတော် အစားအသောက်ကောင်းကြောင်းနှင့် အလွန်ဘုန်းပေးနိုင်ကြောင်း ကြိုတင်သိပြီးတဲ့အတိုင်း လိုလေးသေးမရှိအောင် စီမံစေခဲ့ရာ ဆရာတော်မှာ လမ်းခရီး၏ ရှုခင်းများကိုကြည့်၍ ကြည်နူးခြင်းများစွာ ကျေနပ်နှစ်သိမ့်တော်မူသည်။

ဤသို့ အေးချမ်းငြိမ်သက်လှသော ခရီးတွင် ဆရာတော်သည် ကဗျာဥာဏ် ကွန့်မြူးမိမှာမလွဲပေ။ သို့သော် ဤသို့သာယာသော ရှုခင်းများကို စပ်ဆိုသောကဗျာများသည် မှတ်တမ်းအဖြစ်မရှိခဲ့ပေ။ ဆရာတော်၏အတိုက်အခိုက် အနောက်အပြောင် ကဗျာများသာ ထင်ရှားနေခဲ့သည်မှာ အံ့သြစရာကောင်းလှသည်ထက် စဉ်းစားဘွယ်တရပ်ဖြစ်ပေသည်။

ဤသို့နှင့် စိတ်ချမ်းမြေ့ဘွယ်ရာသော ရေလမ်းခရီးကို ၁၀ညအိပ်မျှ ဆန်တက်မိသည်နှင့်ပဲ့နင်းကြီးက ဆရာတော်အား လျှောက်ထားသည်။

"ဆရာတော်ဘုရား ညောင်းညာတော်မူသလားဘုရာ့"
"မညောင်းပါဘူးကွာ၊ အလွန်ပဲစိတ်ချမ်းသာလှတယ်။ နေပြည်တော်မှာဆိုရင် ဟိုအကြောင်းကြားရ၊ သည်အကြောင်းကြားရနဲ့ စိတ်မချမ်းသာဘူးကွ၊ အခုတော့ နားလဲ ချမ်းသာတယ်၊ စိတ်လဲချမ်းသာတယ်"
"မှန်လှပါဘုရား... နက်ဖြန်ညနေဆိုရင် ဗန်းမော်မြို့ကိုရောက်တော့မှာပါဘုရား"
"ဟေ...ဟုတ်လား၊ ဒီလိုဆို ဗန်းမော်မရောက်ခင် ဘုရားဖူးချင်သေးသကွာ"
"မှန်ပါဘုရား အမိန့်တော်ပါပါတယ်။ ဗန်းမော်မရောက်ခင် ဆရာတော် ဖူးချင်တဲ့ ဘုရားကို ဖူးခွင့်ပြုဘို့ပါဘဲဘုရား"
"အေး... ဟန်ကျတယ်ကွ၊ ငါကလဲ တခေါက်မှ မရောက်ဘူးလို့မို့ ပုဂံဘုရားတွေ ဖူးချင်နေတာကြာနေပြီ၊ ငါ့ကို ပုဂံဘုရားဖူးရအောင်ပို့ပေးစမ်းကွာ"

ပဲ့နင်းကြီးသည် မျက်လုံးများပင် ပြူးသွားလေသည်။
"မှန်လှပါ၊ ပုဂံဘုရားများမှာ မန္တလေးအောက်ဘက်ကို စုန်ဆင်းရမှာပါဘုရား၊ အလွန်ဝေးကွာလှပါတယ်"
ဗန်းမော်ဆရာတော်က မျက်နှာတင်းမာစွာဖြင့်....
"ငါ့ကို ပုဂံဘုရားဖူးရအောင် ပို့မှာသာပို့ကွာ"
ပဲ့နင်းကြီးသည် မျက်စေ့မျက်နှာ ပျက်ပျက်နှင့်...
"မှန်လှပါဘုရား၊ နေပြည်တော်ကို ဖြတ်ကျော်စုန်ဆင်းသွားရင် တပည့်တော်တို့ ရာဇဒဏ်ထိမှာ သနားတော်မူပါဘုရား"

ဗန်းမော်ဆရာတော်သည် ပို၍ဒေါသဖြစ်လာဟန်ဖြင့်....
"ဟေ့...တကာ၊ မင်းတို့ဘုရင်က ဘယ်လိုအမိန့်ပေးလိုက်သလဲ"
"မှန်လှပါ၊ ဗန်းမော်မရောက်ခင် ဆရာတော်ဘုရား ဖူးမျှော်ချင်တဲ့ ဘုရားများကို ဖူးမျှော်ခွင့်ပေးပါလို့ အမိန့်တော်ပါပါတယ်ဘုရား"
"အေး... ငါ ဗန်းမော်ရောက်ပြီလား"
ပဲ့နင်းကြီးသည် တုန်လှုပ်စွာဖြင့် "နက်ဖြန်ရောက်ပါတော့မယ်ဘုရား"
ဆရာတော်သည် ပို၍ဒေါသဖြစ်ဟန်ဖြင့် အော်ငေါက်ကာ...
"ရှင်းရှင်းဖြေစမ်းပါကွာ၊ အခု ငါ ဗန်းမော်ရောက်ပြီလား"
"မရောက်သေးပါဘုရား"
"မင်းတို့ ဘုရင့်အမိန့်ကဘာတဲ့"
"ဗန်းမော်မြို့ကိုမရောက်မီအတွင်းပါဘုရား"
"ဘယ်ဘုရားကိုပို့ရမယ် သတ်မှတ်သေးသလား"
"ဘယ်ဘုရားကိုမှ သတ်မှတ်မပေးပါဘုရား၊ အရှင်ဘုရား ဖူးချင်တဲ့ဘုရားလို့ အမိန့်တော်ပေးပါတယ်ဘုရား"
"အေး... ငါ အခု ဗန်းမော်မရောက်သေးဘူး၊ ငါဖူးချင်တဲ့ ဘုရားက ပုဂံဘုရား၊ မင်းတို့ဘုရင့်အမိန့်အရ ငါပြောတာဘဲ၊ ငါ့ကို ပုဂံလိုက်ပို့ ဒါဘဲ"

ဆရာတော်သည် ဤသို့ မိန့်တော်မူပြီး သပ်ရပ်စွာ ပြုပြင်ထားသော အိပ်ဆောင်သို့ ၀င်သွားလေသည်။ ပဲ့နင်းကြီးသည် ဆရာတော်ထံမှ ထွက်လာခဲ့ပြီး လှေထိုးသားများအား အကျိုးအကြောင်းပြောပြရာ၊ လှေထိုးသားများမှာ ရာဇ၀တ်ဘေးနှင့် မုချတွေ့ရတော့မည်။ ဆရာတော်ကို အသနားခံ လျှောက်ထားမည်ဟု တိုင်ပင်ကြကာ ဆရာတော်ဘုရား၏ အိပ်ခန်းဆောင်အနီးတွင်္ဏရုံးစုရုံးစုနှင့် ဆရာတော် အိပ်ရာမှ ထမည့်အချိန်ကို စောင့်မျှော်နေကြသည်။ ဆရာတော်သည် လူသံသူသံများကြားသဖြင့် အိပ်ဆောင်မှထွက်လာပြီး...

"ဟေ့..ဘာဖြစ်နေကြတာလဲကွ"
"မှန်လှပါ၊ တပည့်တော်တို့ ရာဇ၀တ်ဘေးကို သနားသဖြင့် ကယ်တင်တော်မူပါဘုရား"
"ဘာဖြစ်လို့ ရာဇ၀တ်သင့်ရမှာလဲကွ၊ မင်းတို့ဘုရင့်အမိန့်အတိုင်းလုပ်ရတာဘဲ"
"မှန်လှပါ၊ နေပြည်တော်ကိုဖြတ်ကျော်ပြီး စုန်ဆင်းရင် အမှန်ပင် ရာဇမာန်ရှမှာ ကြောက်ရပါတယ်ဘုရား။ တပည့်တော်တို့ကို သနားတော်မူပါဘုရား" ဟု အလွန်ထိတ်လန့်သော မျက်နှာများနှင့် ၀ိုင်းဝန်းလျှောက်ထားလေလျှင် ဆရာတော်သည် အတန်ငယ်တွေဝေနေပြီးမှ...

"အေး... မင်းတို့ကို သနားလို့ ငါအလျှော့ပေးလိုက်မယ်။ ရှင်ဘုရင့်အမိန့်ဆိုတာ တိတိကျကျရှိရတယ်ကွ၊ ပေါ့ပေါ့ဆဆ မလုပ်ရဘူး၊ ငါလဲ အဲဒီလိုပြောမိလို့ ဗန်းမော်အပို့ခံရတာဘဲ" ဟု ပြုံးရွှင်စွာပြောလေသဖြင့် ပဲ့နင်းကြီးနှင့်တကွ လှေထိုးသားများမှာ ၀မ်းမြောက်ဝမ်းသာဖြစ်ကြလေသတည်း။

*******************************

ငယ်ပါလိုမနေတတ်လို့ပုံပြင်

ဗန်းမော်ဆရာတော်သည် လှေထိုးသားများအား တဆက်ထည်းပင်မိန့်ကြားသည်မှာ...
"အေး.. ငါ့မလဲ သူများတွေသာ ဆုံးမနေရတာ၊ ငါ့ဟာငါကျတော့ ငယ်ပါလို မနေတတ်လို့ အခုလို ဗန်းမော်အပို့ခံရတာပေါ့ကွာ" ဟု ရယ်ရယ်မောမော ပြောဆိုလေသဖြင့် ပဲ့နင်းကြီးနှင့်တကွ လှေထိုးသားများမှာ ဆရာတော်အပေါ် ပြောရဲဆိုရဲ ရှိလာကြသဖြင့်...
"မှန်လှပါ၊ ငယ်ပါလိုမနေတတ်လို့ ဆိုတဲ့ အကြောင်း တပည့်တော်တို့ မှတ်သားရအောင် အမိန့်ရှိပါဘုရား"
"ဟ..ဘာခက်လို့လဲ၊ မင်းတို့ စဉ်းစားကြည့်ပါလား၊ ငယ်ပါများကိုကြည့်စမ်း... ထိုင်နေနေ၊ ထနေနေ၊ အိပ်နေနေ၊ ပြေးနေနေ၊ ဂျွမ်းထိုးနေနေ၊ သူ့ကိုမထိမခိုက်အောင်နေတတ်တယ် မဟုတ်လား"
"အေး..ငါကတော့ ငယ်ပါလို မနေတတ်လို့ ဗန်းမော်အပို့ခံရတာပေါ့ကွာ"ဟု ပြောပြလေရာ ပဲ့နင်းကြီးနှင့် လှေထိုးသမားများမှာ သဘောပေါက်စွာဖြင့် တဟားဟား ရယ်မောရလေတော့သည်။

*******************************

၁၇။ လှေပေါ်မှ ကဗျာတပုဒ်

လှေပေါ်မှ ကဗျာတပုဒ်

ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့သို့ မင်းတုန်းမင်းဘုရင်က နယ်နှင်ဒဏ်ပေးလိုက်သည်တွင် ဘုရင်မင်းမြတ်အမိန့်တော် သတ်မှတ်သည့်အတိုင်း လှေသင်းအတွင်းဝန် ဦးချိန်က အစစ အရာရာ လိုလေးသေးမရှိရအောင် စီမံခန့်ခွဲရလေသည်။

ရွက်တိုက်လှေကြီးတစင်း၊ လှေထိုးသား ၃ဦး၊ ကပ္ပိယ ၂-ဦး၊ လမ်းတွင် ချက်ပြုတ်ဆက်ကပ်ရန် ဆွမ်း၊ ဆန်၊ ဆီ၊ ငရုတ်၊ စသည့် ရိက္ခာများကို လိုလေသေးမရှိအောင် လှေသင်းအတွင်းဝန် ဦးချိန်က အသင့်စီမံထားလေသည်။

မဟာဒဏ်ဝန်နှင့် မဟာဒဏ်ဝန်စာရေးတို့က အစီအစဉ်ရှိသည့်အတိုင်း နာရီစောင့်ပြီး ဗန်းမော်ဆရာတော်ကို ပင့်ဆောင်ခဲ့ကြလေသည်။

ဆရာတော်၏တပည့်တပန်းများဖြစ်ကြသည့် ရဟန်းသာမဏေများ၊ ဗန်းမော်ဆရာတော် ဗန်းမော်မြို့သို့ ကြွရတော့မည်ဟု ကြားသိကြရသည့် ဆွမ်း ကွမ်း "ဂေါစရဂါမ်" တပည့် တကာ တကာမများ ကျမျက်ရည်များ သိမ်းဆီးကာ ဆရာတော်၏ နောက်မှ လိုက်ပါပို့ဆောင်ကြလေသည်။

ထိုခေတ်တွင် မြင်းရထားယာဉ် အနည်းငယ်ရှိသော်လည်း ဆရာတော်သည် မြင်းရထားယာဉ်စီးတော်မမူပဲ မြို့လူထု တကာ တကာမများ အကြည်ညိုခံပြီး ဘုရင်မင်းမြတ်၏ နယ်နှင်ဒဏ်ကို ပြုံးရွှင်စွာခံယူတော်မူပြီး မဟာဒဏ်ဝန်နှင့် မဟာဒဏ် စာရေးတို့ပင့်ဆောင်ရာသို့ လိုက်ပါကြွချီခဲ့လေသည်။

ဗန်းမော်ဆရာတော် ကြွလာသည်ကို မြင်လျှင် လှေသင်းအတွင်းဝန်ဦးချိန်က မိမိအပြည့်အစုံစီမံထားသည့် လှေကြီးပေါ် သို့ လက်အုပ်ကလေးချီကာ "ဆရာတော် ကြွတော်မူပါဘုရား... အားလုံး အပြည့်အစုံစီမံပြီး ဖြစ်ကြောင်းပါဘုရား" ဟု လျှောက်ထားပြီး ပင့်ဆောင်လေသည်။

ဆရာတော်သည် ပင့်ဆောင်ရာ လှေကြီးပေါ် သို့ ပြုံးရွှင်စွာတက်ရောက်ခဲ့လေသည်။ လိုက်ပါပို့ဆောင်ကြသည့် တပည့်သံဃာတော်များနှင့် တကာ တကာမများ၏ မျက်နှာမှာ ညိုးငယ်နွမ်းလျ မရွှင်ပြသလောက် ဆရာတော်၏မျက်နှာမှာ ကြည်လင်ရွှန်းပလျက် ရှိလှသည်။ ဆရာတော်၏မျက်နှာမှာ အခါတိုင်းထက်ပင် ပြုံးရွှင်နေသည်ဟု ထင်ရသည်။

လှေထွက်ရန် နာရီစေ့ပြီဖြစ် လှေသင်းအတွင်းဝန် ဦးချိန်က စိုက်ထားသည့် ၀ါးတိုင်မှ လှေကြိုးကိုအသာဖြေပြီး လှေပေါ် သို့ ပစ်တင်လိုက်သည်။ လှေထိုးသားတို့သည် တက်မကိုယ်စီကိုင်၍ လှုပ်ရှားအားယူနေကြတော့သည်။ လှေထွက်စတွင် ဆရာတော်က လှေသင်းအတွင်းဝန်အား "မင်းတို့မင်းမြတ်က ဘာများသတ်မှတ်မှာလိုက်သေးသလဲ" ဟုမေးရာ...

"မှန်ပါ... လမ်းခုလပ်ဆိုက်ကပ်မည့်မြို့များက တန်ခိုးကြီးဘုရားများ ဆရာတော်ဖူးလိုပါက လှေထိုးသားများ ဆိုက်ကပ်ပေးရန်မှာကြားလိုက်ကြောင်းပါဘုရား" ဟုလျှောက်ထားလေသည်။

ဆရာတော်က "ငါ့ပြောတာမှမဟုတ်ပဲ လှေထိုးသား ပြောတာပဲကွာ" ဟုမိန့်ခဲ့လေသည်။

မိုးလအကုန် ဆောင်းလအကူး တန်ဆောင်မုန်းလထူး၏ နံနက်ခင်းမှာ နှင်းမှုန်ရည်မပျောက်တပျောက်နေရောင် မရောက်တရောက် အချိန်ဖြစ်သည်။ လှေကြီးကား ကမ်းနားမှရွေ့လျား၍ ထွက်ခွါနေပေပြီ။

ဗန်းမော်ဆရာတော်သည် လှေထွက်၍ မလှမ်းမကမ်းအရောက်တွင် စာချိုးတပုဒ်ပါရှိသည့် ပေလိပ်ကလေးကိုလှေသင်းအတွင်းဝန်အနီးသို့ ပစ်ချခဲ့လေသည်။

ထိုစာချိုးမှာ...
ဗန်းမော်ကိုနှင်
မောင်လွင်လူမိုက်က
မုန်းလိုက်ပါဘိ၊
နေရစ်ကြနော်
နောင်ခါသော်
မှားပီဘုရားလို့
ကြားယောင်ပါ၏။

ဟူသတည်း။

မင်းတုန်းဘုရင်၏ ငယ်နံမည်မှာ မောင်လွင်ဖြစ်သည်။ ဗန်းမော်ဆရာတော် လှေပေါ်မှာ စပ်သော ကဗျာတွင်ပင် ဘုရင်ကို ငယ်နာမည်ခေါ်၍ နှက်လိုက်သော သတ္တိကား အာဂသတ္တိပင်တည်း။

**************************

၁၆။ ထပ်၍စာချိုးပြန်ခြင်း

ထပ်၍စာချိုးပြန်ခြင်း

ဗန်းမော်ဆရာတော်သည် ကျောင်းသို့ပြန်ရောက်လျှင် ရောက်ခြင်း ကဗျာတပုဒ်ကို ချက်ခြင်းရေးကာ နန်းတော်ထဲသို့ သွား၍ချထားစေလေသည်။

"တိုင်းလုံးငယ်ကျော်၊ ဗန်းမော်ကိုမိပြီမှတ်လို့၊ ညာလက်ခတ်တီး၊
ဝှေးစေ့ကိုလှန်၊ အဆံကိုတူနဲ့ထုလို့၊ သေလုအောင် ဘယ်လိုစစ်တော့၊
ပစ်စာရှင်ပညာကြီးကို (-)မှမိဘူး"။
ဟူ၍ ပစ်ပစ်ခါခါ နှစ်နှစ်ကာကာကြီး ရေးလိုက်လေသည်။ ထိုမျှသာမက နောက်ထပ်တပုဒ်လည်း စပ်ဆိုသေးသည်။

"တိုင်းလုံးငယ်ကျော်၊ ဗန်းမော်ဖမ်းလို့စစ်တယ်၊
သည်ခေတ်ဝယ် ကမ္ဘာဆုံးစေတော့၊ သီကုံးသူ ပစ်စာရင်းကို မင်းတို့သိဘူး"။
ဟူ၍ဖြစ်သည်။

မင်းတုန်းမင်းလည်း သာသနာပိုင်ပင် မနိုင်သော ဗန်းမော်ဆရာတော်အတွက် ရှည်ရှည်ဝေးဝေး တွေး၍ တွေး၍ မနေတော့ပေ။

"ဗန်းမော်မြို့သို့ လှေနှင့်ပို့စေ" ဟု အမိန့်တော်ချမှတ်သည်။ မဟာဒဏ်ဝန်တို့လည်း အမိန့်တော်အရ ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့သို့ ပို့ရမည့်အကြောင်း လျှောက်ထားလေရာ၊ လျှောလျှောရှူရှူပင် လက်ခံတော်မူသည်။ အကြောင်းမူကား ဗန်းမော်ဆရာတော်သည် သာသနာပိုင်ဆရာတော်ဘုရားနှင့် သုဓမ္မာဆရာတော်များပင် လက်လျှော့ထားရသောသတင်းသည် မြို့တွင်းမြို့ပြင် ဟိုးလေးတကျော် ပျံ့နှံ့ နေသောကြောင့် ဗန်းမော်ဆရာတော်၏အထံသို့ ၀င်ထွက်သွားလာဝံ့သူများ နည်းပါးလာတော့သည်။ ဗန်းမော်ဆရာတော်ဆိုလျှင် ဘုရင်ငြိုငြင်သောပုဂ္ဂိုလ်တဦးအနေနှင့် အဝေးမှ ရှောင်ရှားကြတော့သည်။ မှန်ရာကိုမှန်သည့်အတိုင်းရေးသည် ပြောသည်ဆိုစေကာမူ ဟုတ်တာဆို နာလိုခံခက် အမျက်ထွက်ကြသဖြင့် ဗန်းမော်ဆရာတော်အတွက် ထောက်ခံဝံ့သည့် ဘက်တော်သားများမရှိသလောက် ဖြစ်သွားရလေသည်။ ထို့ကြောင့်ပင် ဗန်းမော်သို့ လှေနှင့် စုန်ခါနီး၌ စာချိုးတပုဒ်ရေးသားစပ်ဆိုလိုက်သေးသည်။

"ငါ့ကံနှယ်ဆိုးပါဘိ၊
နင့်အမေ( - )တဲ့ကံရယ်၊
ငါ့ (လဆီး ) ပါမှ...
ငါ့ချည့်သာကျန်တော့တယ"

နောက်ဆုံးတွင်ကား ဗန်းမော်ဆရာတော်သည် ဗန်းမော်မြို့သို့ နယ်နှင်ဒဏ်ခံရလေတော့သည်။

***************************

Tuesday, July 14, 2009

၁၅။ ဗန်းမော်သို့ အပို့ခံရသည့်ကိစ္စကြီး

ဗန်းမော်သို့ အပို့ခံရသည့်ကိစ္စကြီး

ဗန်းမော်ဆရာတော်သည် ကြီးစွာသော အကြပ်အတည်းတခုနှင့်ရင်ဆိုင်လာရပြန်သည်။ ဆရာတော်သည် သူ၏အထုံဝါသနာအတိုင်း မည်သည့်တိုင်းရေးပြည်ရေး၊ သာသနာရေးကိစ္စမဆို ထေ့လုံး ငေါ့လုံးများဖြင့် ရေးလေ့ရေးထ ချိုးလေ့ချိုးထ ရှိသည်။ ဗန်းမော်ဆရာတော် အကြပ်တခုနှင့်ရင်ဆိုင်လာရသည်မှာ မင်းတုန်းဘုရင်မင်းမြတ်သည် ပိဋကတ်သုံးပုံနှင့် ၀ိနိစ္ဆယတို့၌ အထူးကျွမ်းကျင်သော ရှမ်းကလေးကျွန်းဆရာတော် ဦးနန္ဒအား ရဟန်းသာမဏေများ ၀ိနည်းတော်နှင့်အညီ ကျင့်ကြံနိုင်ရန် အမိန့်ပြန်တမ်းတခု ရေးသွင်းစေလေသည်။

ရှမ်းကလေးကျွန်းဆရာတော်က နှစ်ရာ့နှစ်ဆယ် ခုနှစ်သွယ်အပါအ၀င်သေခိယကျင့်စဉ် "နဥပါဟန" "နစတ္တ" သိက္ခာပုဒ်များအရ ရဟန်းတော်နှင့် သာမဏေများ ရွာတွင်းမြို့တွင်းဝင်ရောက်ရာတွင် ထီးမဆောင်းရ၊ ဘိနပ်မစီးရကြောင်း "အမိန့်ပြန်တမ်း" တစောင်ကို ဘုရင်မင်းမြတ်ထံ ရေးသွင်းဆက်ကပ်လေသည်။

ထိုအမိန့်ပြန်တမ်းကို မင်းတုန်းဘုရင်မင်းမြတ်က သုဓမ္မာဆရာတော်ရှစ်ပါးအား ပင့်ဖိတ်ပြီးဆက်ကပ်အတည်ပြုစေသည်။ သုဓမ္မာဆရာတော်များကလည်း အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး ၀ိနည်းတော်များနှင့်ညီညွတ်၍ ထိုအမိန့်ပြန်တမ်းကိုအတည်ပြုစေတော့သည်။

မဟာဒဏ်ဝန်က သာသနာပိုင်ဆရာတော်ထံ ဆက်ကပ်ပြီး လေးခွင် လေးရပ်နှင့်တကွ တိုင်းလုံးပြည်လုံးအနှံ့ ထိုအမိန့်ပြန်တမ်းကို ထုတ်ဆင့်လေသည်။

ဗန်းမော်ဆရာတော်သည် ထိုအမိန့်ပြန်တမ်းကို တွေ့ရှိဖတ်မိတော့သည်။ ဗန်းမော်ဆရာတော်၏စိတ်ထဲတွင်လည်း ရိုးတိုးရွတ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ရှမ်းကလေးကျွန်းဆရာတော်မှာ "ကသည်း"လူမျိုးဖြစ်သည်။ "ကသည်း"လူမျိုးများသည် နေဒဏ်လေဒဏ်နှင့်တကွ အပင်ပမ်းဆင်းရဲအမျိုးမျိုးကို ခံနိုင်စွမ်းရှိသည်။ ဒါကြောင့် မပြောပလောက်သည့် လဟုက အာပတ်လေးကို ရေးကြီးခွင့်ကျယ်လုပ်၍ "ထီးမဆောင်းရ၊ ဘိနပ်မစီးရ" ဟူသော အမိန့်ပြန်တမ်းကို ထုတ်ဆင့်ခြင်းဖြစ်သည်ဟု ဗန်းမော်ဆရာတော်ကယူဆသည်။

နောက်ပြီး ဗန်းမော်ဆရာတော်က မြန်မာလူမျိုး ရဟန်းသာမဏေများသည် "ကသည်း"လူမျိုး ရဟန်းသာမဏေများလောက် အပင်ပမ်း အဆင်းရဲ ခံနိုင်စွမ်းမရှိ "ဂရုက အာပတ်" ကြီးလေးသည့် ၀ိနည်းပညတ်ချက်များကိုသာ မကျိုးမပေါက်အောင်အလေးဂရုပြုသင့်ကြောင်း၊ ထီး၊ ဘိနပ်မစီး မဆောင်းမူ၍ မြို့တွင်းရွာတွင်းသွားမိပါက ဥတုသပ္ပါယ မမျှပဲ ရောဂါဘယထူပြောနိုင်ကြောင်း၊ သာသနာတော်အရှည်လေးမြင့်စွာ ထမ်းရွက်နိုင်မည်မဟုတ်ကြောင်း သဘောတော်ရရှိလေသည်။

ထို့ကြောင့်ပင် ဗန်းမော်ဆရာတော်သည် နန်းတော်တွင်းရှိ လှေသင်းအတွင်းဝင် ဦးချိန်၏ အိမ်အနီးသို့ အောက်ဖေါ်ပြပါ အဆုံးသတ်ပါရှိသော ပြန်တမ်းသိမ်းအမှုငြိမ်း "၀ိနစ္ဆယသြ၀ါဒ" စာချိုးတပုဒ်ကို ပစ်ခဲ့လေသည်။

ရာဇ၀င်ထုံးတမ်း၊ လှမ်းလိုက်သည့် ပြန်တမ်းတော်မှာ၊
စာမှားတွေဗလချာနှင့်၊ အရာရာပြဆိုချက်ဒို့ရှက်ပါဘိ၊
စာစပ်တဲ့ဝိနည်းကျယ်၊ လယ်ချင်လှမောင်ရှမ်း၊
ထွက်ခဲ့နော် ဘက်ပေါ်လျှင် အမြန်ဖြုတ်မယ်၊
ရှုံးထိပ်ပုတ်တမ်း။ ။

ဤသို့ဖြင့်ဗန်းမော်ဆရာတော်သည် နန်းတွင်းသိအောင် ပစ်စာကိုပစ်သည့်အပြင် ရှမ်းကလေးကျွန်းဆရာတော် သီတင်းသုံးသည့် ကျောင်းဝန်းအတွင်းသို့လည်း အောက်ပါရှည်လျားသည့် စာချိုးတပုဒ်ကိုပစ်ခဲ့လေသည်။

တောတွင်းကနကျစ်သိုး၊ ချိုကျိုးမနော်
တော်ရုံတွင်မတွန်ဘဲ၊ ရဲဇာနည် တောဆီကကျော်မလား။
နိုင်ငံတော်တလွှားမှာ ပြိုင်ဘက်ကရှား၊
တက်မယ်လား၊
ထွက်ပါတော့လား၊
မထွက်ဝံ့ ဒို့အနားမှာ၊
ဘာပြုလို့ တွန်သလား၊
မြစ်ကမ်းယံ ရေနားက၊
လူ့ပြည်မှာ ငါတကားဟု
စိတ်ထားကြီးတဲ့တောရ၀ါ၊ မှားချက်ကနာ၊
မောင်တို့အဖြစ်ကား ကိုယ်စားရှက်လှပါ။
နောက်များကိုပါ လူ့ဘုံကိုမသီလာချင်နဲ့၊
ခင်တို့ဟာနေရာမြဲမို့၊
နောက်တော်ပါ ဖေါ် သဟဲနှင့်၊
ပြေးရော့တကတဲ။

ဆရာတော်ဆိုလိုသည့်အဓိပ္ပါယ်မှာ ရှမ်းကလေးကျွန်းဆရာတော်ကို နွားနှင့်နှိုင်း၍ ကိုယ်နှင့်တန်ရာတန်ရာမတွန်ပဲ ဤအမိန့်တော်ပြန်တမ်းကို အဘယ်ကြောင့် အဝေးမှနေပြီး တွန်နေပါသလဲ။

ငါနှင့် ရဲဝံ့စွာ ပြိုင်လိုလျှင် အမြန်ထွက်လာပါ၊ မြစ်ကမ်းယံရေနားကလူ့ပြည်မှာ ငါတကားဟု စိတ်ထားကြီးတဲ့တောတွင်းက ရဟန်း သင်မှားနေပြီ၊ သင်တို့ကိုယ်စားရှက်လှသည်။ နောက်များကို လူ့ပြည်လူ့ရွာ မလာချင်ပါနှင့်၊ ဒို့ဒီမှာအမြဲရှိနေတယ်၊ သင့်အဖေါ်အပေါင်းတွေနှင့် ပြောပေရော့ဟု ဆိုလိုပေသည်။

မင်းတုန်းမင်းကြီးသည် ဤကိစ္စမှာသေးငယ်သောကိစ္စမဟုတ်၊ မိမိကိုယ်တိုင်မှာ သုဓမ္မာ ဆရာတော်များနှင့် တိုင်ပင်၍ပြုလုပ်ထားသောပြန်တမ်းဖြစ်သည်။ မိမိကိုယ်တိုင်က မလျှောက်ထားလို၊ သာသနာပိုင်ထံလျှောက်ထား၍ ဤစာများရေးမရေးကို သာသနာပိုင်ဆရာတော်က မေးမြန်းပါရန် မင်းတုန်းမင်းကလျှောက်ထားလေသည်။

သာသနာပိုင်ဆရာတော်က ဗန်းမော်ဆရာတော်အား ခေါ်ယူစစ်မေးသောအခါ ဗန်းမော်ဆရာတော်ဖြေကြားပုံမှာ...
"ပဏ္ဍိတံပညာရှိကို ညေယျ သိရာ၏" ဟူ၍ဖြစ်သည်။ သာသနာပိုင် ဆရာတော်၏ဘွဲ့မှာ ဦးညေယျဖြစ်သည်။

သာသနာပိုင်ဆရာတော်က သုဓမ္မာက လက်ခံထားသောဝိနိစ္ဆယစာတမ်းကို ဗန်းမော်ဆရာတော် မကျေမချမ်းဖြစ်၍ စာချိုးရေးပြီးကပ်ထားသည်မှာ ဗန်းမော်ဆရာတော်ပင် မဟုတ်ပါလောဟု မေးလေလျှင် ဗန်းမော်ဆရာတော်က....
"ပဏ္ဍိတမရေး" ဟူ၍ ငုံးတိတိဖြေသည်။

သာသနာပိုင်ဆရာတော်က ဗန်းမော်ဆရာတော်၏စကားကို အချက်ပိုင်ပိုင် မရနိုင်သေး၍ လက်ဆုတ်လက်ကိုင် မိစေရန်...
"ပဏ္ဍိတမရေးရင် နှုတ်နဲ့ကော ပြောပေးတာမဟုတ်လား" ဟုမေးသည့်အခါ...
"ပဏ္ဍိတ မသိ" ဟူ၍ငုံးတိတိဖြေကြားတော်မူသည်။ သာသနာပိုင် ဆရာတော်လည်း ညစ်ကျယ်ကျယ်လုပ်နေသော ဗန်းမော်ဆရာတော်အား လက်လျှော့လိုက်ရလေသည်။

**********************

Monday, July 13, 2009

ညီမလေး နှင့် မမလတ်


13-07-2009
ညီမလေးမွေးနေ့ အမှတ်တရ

Water color on paper

မေမေက ညီမလေးကိုမွေးလာတော့ စိတ်ထဲမှာ ထူးဆန်းသလိုခံစားရတယ်။ ၈နှစ်ကျော်လောက်အငယ်လုပ်လာပြီးမှ ရုတ်တရက် ကိုယ့်ထက်အငယ်တစ်ယောက်ရောက်လာတာကို မယုံနိုင်သလိုလည်းဖြစ်ရတယ်။ ဒါပေမဲ့ ညီမလေး ဖြူဖြူဖွေးဖွေးသေးသေးလေးကို တို့ချင် ထိချင် စချင်တာကြောင့် ညီမလေး မိသားစုထဲဝင်လာတာ ကိုယ့်အတွက်တော့ စိတ်လှုပ်ရှားစရာ ပျော်စရာတခုဖြစ်တာကတော့ အမှန်ပဲ။

ငယ်ငယ်ကဆို နွေရာသီကျောင်းပိတ်ရက်တွေမှာ အိမ်နားကသူငယ်ချင်းတွေနဲ့ လျှောက်သွားတိုင်း ညီမလေးကို မနိုင့်တနိုင်ချီပြီး ခေါ်သွားတတ်စမြဲ။ ခေါ်တာတော့ ခေါ်တယ်.... ဒါပေမဲ့ အနိုင်ကလည်း ကျင့်သေးတယ်။ သူငယ်ချင်းတွေရှေ့မှာ ညီမလေးကိုချထားပြီး ဟိုအကလေး ကပြလိုက်စမ်း၊ ဒီသီချင်းလေးဆိုပြစမ်းနဲ့ ၂နှစ်အရွယ်ကလေးလေးကို အတင်းခိုင်းတတ်သေးတာ။ မလုပ်ချင်ဘူးဆိုရင်... အေး..အဲသာဆို ညကြရင် အကောင်ကြီးလာကိုက်လိမ့်မယ်လို့ ချောက်တတ်သေးတာ... သူ့ခမျာ မျက်နှာလေး ငိုမဲ့မဲ့နဲ့ ကိုယ်သင်ပေးထားတဲ့ သီချင်းလေးတွေ ဆိုပြ၊ ကပြ လုပ်ရတယ်။ ကိုယ်ကလည်း သူငယ်ချင်းတွေ၊ အသိတွေကြားမှာ ကိုယ့်ညီမလေး ဘယ်လောက်တတ်ကြောင်း၊ ချစ်စရာကောင်းကြောင်း ကြွားချင်တာကိုး...။

ကိုယ် ၉တန်းမှာ ညီမလေးက သူငယ်တန်း စတက်တယ်။ ကိုယ့်အတန်းထဲက သူငယ်ချင်းတွေအားလုံးက ညီမလေးကို အရမ်းချစ်ကြတယ်။ သူက အမြဲပြုံးပြုံး ပြုံးပြုံးနဲ့ ဘာပြောပြော ဘာစစ စိတ်မဆိုးတတ်တဲ့သူကိုး။ နင့်ညီမလေးက အရမ်း sweet ဖြစ်တာပဲ... နင့်လို စူပုတ်ပုတ်ရုပ်မဟုတ်ဘူးလို့ သူငယ်ချင်းတွေက ၀ိုင်းပြောကြတယ်။ သူက အဲသလို မျက်နှာချိုတဲ့သူဆိုတော့ သူစိတ်ဆိုးပြီဆို အရမ်းသိသာတယ်။ မပြုံးတော့ဘူး..မျက်နှာတည်သွားပြီဆို.. အဲသာ စိတ်ကောက်နေတာလို့ ချက်ချင်းသိလိုက်ရတာပဲ။

ညီမလေးက စာကျက်ပျင်းတဲ့အထဲမှာပါတယ်။ ဒါပေမဲ့ ရွှီးတတ်တဲ့နေရာမှာတော့ စံပဲ။ သူမလုပ်ချင်တဲ့အရာဆို အကြောင်းအရာတခုခုကို မရ ရအောင် ရှာဖွေပြီးပြောတတ်တယ်။ မှတ်မိသေးတာ... ၃တန်းလောက်က လူမျိုးတွေအကြောင်းစာကျက်ရတော့ လူမျိုး၁၂မျိုးရှိတာကို လူမျိုး၃မျိုးအကြောင်းပဲ သူ့ဘာသာစပေါ့ရိုက်ရွေးပြီးကျက်တယ်။ ကျန်တာကို ဖတ်ခိုင်း မှတ်ခိုင်းလို့မရဘူး။ ကိုယ်ကသူ့ကို စာသင်ပေးနေတဲ့သူဆိုတော့ အဲသလို မလုပ်ရဘူးအတင်းပြောတော့ ဆရာမက သမီးကိုချစ်လို့ တိတ်တိတ်လေးစပေါ့ပေးထားတာပါလို့ ရွှီးတယ်။ ဒါပေမဲ့ စာမေးပွဲမှာ သူ မဖတ်ထားတဲ့ အထဲက ရှမ်းလူမျိုးများကြောင်းကိုမေးပါလေရော...။

သူကတော့ အေးဆေးပါပဲ... မမလတ်ကလည်း သမီးဖြေနိုင်ပါတယ်လို့ ပြောတယ်။ ကိုယ်လည်း ဒေါသပုန်ထပြီး နင်ဘာမှမဖတ်ထားပဲ ဘယ်လို ဖြေနိုင်မလဲဆိုပြီး ဆူတာပေါ့...။ အစမ်းစာမေးပွဲဆိုတော့ အဖြေလွှာတွေ အိမ်ကိုပေးလိုက်တော့ သူဘယ်လိုဖြေထားလဲ... အမှတ်ဘယ်လောက်ရလဲ ကြည့်ကြည့်တာ... အောင်မလေး... သူက အမှတ်ကို တ၀က်မကရတယ်။ ရှမ်းလူမျိုးများသည် ရှမ်းပြည်နယ်တွင်နေထိုင်ကြပါသည်၊ ရှမ်းဘာသာစကားများပြောကြပါသည်။ ရှမ်းတောင်သူရိုးရာ အလုပ်များလုပ်ကိုင်ကြပါသည်။ ရှမ်းစာများစားကြပါသည်....စသဖြင့်... အဲသလို ရွှီးထားတာ.....။ အင်း.. အဲသလို လူမျိုးအကြောင်း အရွှီးတော်လို့လားမသိ.. ခုကြီးလာတော့ သူက Anthropology နဲ့ လူမျိုးတွေအကြောင်း Research လုပ်တဲ့သူဖြစ်လာတယ်။

ငယ်ငယ်ကသူ့ကိုစာသင်ပေးခဲ့တဲ့သူဆိုတော့ ညီမလေးက ဥာဏ်ကောင်းတဲ့အထဲမှာပါတယ်ဆိုတာ ကိုယ်သိတယ်။ အဲဒီတော့ သူ့ကို သိပ်ပြီး ဖြစ်ထွန်းစေချင်တာပဲ။ ဒါပေမဲ့ သူပျင်းတတ်ပုံကြောင့် စာသင်တိုင်း ညီအစ်မနှစ်ယောက် တုတ်တပျက် ဓါးတပျက်ဖြစ်ရတယ်။ ညဘက်အစောကြီးရှိသေး..အိပ်ချင်တယ်ဆိုလို့... ကိုယ့်မှာ သူအိပ်ချင်ပြေအောင် ကပြပြီးတောင် စာသင်ပေးခဲ့ရတယ်။ ကိုယ်ကလောဘကြီးတာလည်း ပါတာပေါ့လေ။ ကြာလာတော့ ဖေဖေတို့က ကိုယ့်ကို စာပေးမသင်ခိုင်းတော့ဘူး။ စာသင်တိုင်း အော်သံတွေ၊ ငိုသံတွေနဲ့ စီစီညံခဲ့တယ်ပေါ့လေ။ အဲသာကြောင့် ကိုယ်စာသင်ပေးတုန်းက အဆင့်၁ကနေ၃အတွင်း အမြဲ ရတဲ့သူဟာ နောက်ပိုင်း အဆင့်တွေလျှောခဲ့တယ်။ အဓိက သူ၁၀တန်းရောက်တဲ့ အချိန် ကိုယ်က RIT နောက်ဆုံးနှစ် ပြီးတော့ အဝေးမှာ အလုပ်သွားလုပ်နေတော့ သူ့ကို သေသေချာချာဂိုက်လုပ်မဲ့သူမရှိဖြစ်သွားတာ... သူ့ဘ၀ရဲ့ အရေးကြီးဆုံးအချိုးအကွေ့ ဆုံးဖြတ်ရမဲ့ အချိန် သူ့နားမှာ မကူညီပေးရတာ တွေးလိုက်တိုင်းစိတ်မကောင်းဖြစ်ရတယ်။

ညီမလေးက အိမ်မှာအငယ်ဆုံးဖြစ်ပေမဲ့ အခွင့်ထူးခံ အခွင့်အရေးတော့ မရခဲ့ရှာဘူး။ အ၀တ်အစားဆို ကိုယ်တို့ အကျ၊ ဒါမှမဟုတ် ကိုယ်တို့မကြိုက်တာကိုယူရတယ်။ အစားအစာဆိုလည်းသူက ဂျီးမများ၊ ဘာမဆိုစားဝင်တဲ့သူဆိုတော့ အစားမှာလည်း ဦးစားပေးမခံရဘူး။ ကိုယ်ကငယ်ငယ်လေးကတဲက ပိန်ပိန်သေးသေး၊ အစားအစာ ဂျီးများတဲ့သူမို့... လူကြီးတွေက အစားအစာဆို ကိုယ်ကြိုက်တာအရင်ရွေး အကျန်ကိုမှ မမနဲ့ ညီမလေးက ရကြတယ်။ ကိုယ်နဲ့ မမက ၂နှစ်လောက်ပဲကွာတာမို့ အမြဲတန်းတိုးတိုးဖော်... ညီမလေးက မမတို့ ဘာတွေပြောနေတာလဲလို့ လာမေးရင်... တယ်... ကလေး..ကလေးလို မနေဘူးလို့ ငေါက်လွှတ်တတ်သေးတာ။

နောက်ပိုင်း ကိုယ်ကအဝေးကိုရောက်သွားမှ မမကတွဲစရာအဖော်မရှိတော့ ညီမလေးကို လူကြီးအရာသွင်းရတော့တယ်။ ခုတော့ ညီမလေးက ကိုယ်နဲ့ အတူနေဖို့ ရောက်လာပြီဆိုတော့ ကိုယ့်မှာ တိုးတိုးဖော်ရလာလို့ ၀မ်းသာရတယ်။ အရင်တုန်းက ကိုယ်နဲ့ပဲ စကားတွေအများကြီးပြောတဲ့ မမက ဖုန်းဆက်ရင် ကိုယ်နဲ့ ပြောတာကနည်းနည်း သူ့ညီမနဲ့ပဲ ပြောတော့တယ်။ အိမ်မှာ ကိုယ်မရှိတဲ့ နောက်ပိုင်း သူတို့က တိုးတိုးဖော်ဖြစ်ခဲ့ကြတာကိုး။ ကိုယ်ကလည်း ညီမလေးရောက်လာကတဲက အိမ်ကို ၃ရက်တခါလောက်ဖုန်းဆက်နေကြကနေ တပတ်တခါပဲဆက်တော့လို့ အမလေး.. သူ့ညီမရောက်တာနဲ့.... မမလတ်တို့ သွေးကြီးသွားတာ... ဖုန်းတောင်မဆက်ချင်တော့ပါလားလို့ အိမ်ကလူတွေက စကားနာထိုးကြတယ်။

တကယ်တန်းက ညီအစ်မနှစ်ယောက် ၁၀စုနှစ်ကြာပြီးမှ တခါ ပြန်လည် တုတ်တပျက် ဓါးတပျက်ဖြစ်နေကြတာရယ်....။ သူက အခု စင်ကာပူကို ကျောင်းတက်ဖို့ ရောက်လာတာကိုး.....။

၁၃၊၀၇၊၂၀၀၉
နံနက် ၁၀နာရီ၅မိနစ်

ညီမလေး မွေးနေ့ အမှတ်တရ......

Sunday, July 12, 2009

၁၄။ သုဓမ္မာဆရာတော်များသို့ ဝေဘန်ချက်ကဗျာ

သုဓမ္မာဆရာတော်များသို့ ဝေဘန်ချက်ကဗျာ

ဗန်းမော်ဆရာတော်သည် ဘုရင်နှင့်ဝန်ကြီးများကိုသာ ဟုတ်တိုင်းမှန်တိုင်း ဟောဟောဒိုင်းဒိုင်းနှင့်ရေးတတ် ပြောတတ်သည်မဟုတ်သေး။ သာသနာတော်ပိုင်ဆရာတော်များကိုပင်လျှင် ချမ်းသာပေးတတ်သူမဟုတ်။ သုဓမ္မာဆရာတော် စာတတ် ပေတတ် အကျော်အမော်များကိုလည်း ချမ်းသားပေးခဲ့သူမဟုတ်ပေ။ သုဓမ္မာဆရာတော်များမှာ ရှစ်ပါးရှိသည်။ သုဓမ္မာဆရာတော်ရှစ်ပါး၏ စည်းဝေးဆုံးဖြတ်ချက်များသည် သာသနာရေးကိစ္စတွင် အတည်ဖြစ်ရသည်။ ထိုသုဓမ္မာဝင် ဆရာတော်ရှစ်ပါးမှာ...

၁။ ပြည်ဆရာတော်၊ မဏ္ဍလာရာမတိုက်
၂။ မတ္တရာဆရာတော်၊ အရှေ့မတ္တရာတိုက်
၃။ မောင်းထောင်ဆရာတော်၊ မင်္ဂလာရာမတိုက်
၎။ သက်ပန်းဆရာတော်၊ သက်ပန်းတိုက်
၅။ စလင်းဆရာတော်၊ အရှေ့စလင်းတိုက်
၆။ စံကျောင်းဆရာတော်၊ စံကျောင်းတိုက်
၇။ သင်္ဂဇာဆရာတော်၊ အရှေ့သင်္ဂဇာတိုက်
၈။ ပုခန်းဆရာတော်၊ မဟာဝိသုဒ္ဓါရာမတိုက်

ဤသို့လျှင် သုဓမ္မာဆရာတော်ရှစ်ပါးရှိရာ လျော့သွားလျှင် ထပ်မံဖြည့်စွက်ရသည်။

ဗန်းမော်ဆရာတော်မှာလည်း အထက်ပါဆရာတော်ကြီးများကဲ့သို့ပင် ဘွဲ့ရဆရာတော်တပါးဖြစ်သော်လည်း မဟုန်လျှင်မခံမှန်ရာကို ဒဲ့ဒိုးပြောတတ်၍ မည့်သူ့ကိုမျှမညှာ အမှန်တရားကိုလိုလားသော ပုဂ္ဂိုလ်ဖြစ်ရာ၊ သုဓမ္မာတွင် ထည့်သွင်းပါက အကော်အကပ်များနှင့် ဆုံးဖြတ်ချက်တခုကျရန် အတော်ပင်ကြိုးပမ်းယူရမည်ဟု ထင်မြင်ကြသောကြောင့် သုဓမ္မာအဖွဲ့တွင် မထည့်သွင်းခြင်းဖြစ်ဟန်တူသည်။

ဤတွင် အလျဉ်းသင့်သဖြင့် ၀ိဝါဒတရပ်ကိုဖေါ်ပြလိုပေသေးသည်။ ဤအချက်မှာ
ဗန်းမော်ဆရာတော်၏ ဘွဲ့တော်မှာ "ပဏ္ဍိတ၀ံသာဘိ ဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရု" ဖြစ်ကြောင်းကို မှတ်တမ်းအသီးသီးတွင် တူညီပေသည်။ သို့သော်ဤဘွဲ့တံဆိပ်တော်ကို မင်းတုန်းမင်းဆက်ကပ်သည်ဟူ၍၎င်းင်း၊ ပုဂံမင်းဆက်ကပ်သည်ဟူ၍၎င်းင်း၊ ၀ိဝါဒကွဲပြားခဲ့ကြသည်။ ဤအချက်ကိုပြန်လည်သုံးသပ်လျှင် မင်းတုန်းမင်းနန်းတက်ချိန်တွင်
ဗန်းမော်ဆရာတော်သည် ပုဂံမင်း၏မိဖုရား ဥပေါတရာဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်၍နေပေသည်။ မင်းတုန်းမင်းခေတ်တွင် ဗန်းမော်မင်းသမီး၏ ကျောင်းတိုက်ကိုအမှီပြု၍ ဗန်းမော်ဆရာတော်ဟူ၍လည်း တွင်နေခဲ့လေသည်။ သို့ဖြစ်၍ မင်းတုန်းမင်းက ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်လော၊ ပုဂံမင်းက ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်လောဟု ဆန်းစစ်သုံးသပ်လျှင် ပုဂံမင်းဆက်ကပ်သော ဘွဲ့တံဆိပ်တော်ဖြစ်မည်က ပို၍နီးစပ်ပေသည်။

သာသနာရေးကိစ္စတွင် ထိပ်တန်းကနေသော သာသနာ့အာဏာပိုင် ဆရာတော်များဖြစ်ကြ၍ သုဓမ္မာဆရာတော်ကြီးများကိုပင် မလွတ်တန်းဝေဘန်၍ စာချိုးခဲ့ဘူးလေသည်။

မောင်သက်ပန်းက တသန်းဝေေ၀၊
မောင်လှထွေမှာ စာပေနတ္တိ၊
မောင်စလင်းမှာတော့ ပျင်းလွန်းလို့ စာမကြည့်၊
မင်းနန်မှာလူနှင့်နှောတယ် သောသောညံ၏၊
မဏ္ဍလာ မှုချင်းရာမစုံစမ်းခင်က ငေါက်ငန်းပါ၏။

ဤကဗျာ၏အဓိပ္ပါယ်မှာ "မောင်သက်ပန်းက တသန်းဝေေ၀" ဟုဆိုသည်မှာ သက်ပန်းဆရာတော်ဘုရား တရားသဘင် စီရင်သောအခါ၌ တရားသဘင်၌ စိတ်မ၀င်စား၊ ထိနမိဒ္ဓများ၍ တသန်းသန်း ဝေေ၀နှင့် ငိုက်မြည်းလေ့ရှိကြောင်း။

"မောင်လှထွေမှာ စာပေနတ္တိ" ဟူသည်မှာ လှထွေဆရာတော်သည် စာပေမတတ်ကြောင်းကို အတိအလင်းဖေါ်ပြထားလေသည်။

"မောင်စလင်းမှာတော့ ပျင်းလွန်းလို့ စာမကြည့်" ဟူသည်မှာ စလင်းဆရာတော်သည် တရားသဘင်စီရင်ရာ၌ ၀ိနည်းအထောက်အထား၊ ကျမ်းဂန် အကိုးအကားတို့ကို ရှာဖွေတိုက်ဆိုက်ကြည့်ရှူရာ၌ အခြားဆရာတော်များကိုသာလွှဲအပ်၍ စလင်းဆရာတော်က ၀ိနည်းပိဋကတ် ကျမ်းဂန် အထောက်အထားကို ရှာဖွေကြည့်ရှူရမှာ အလွန်ပျင်းလှကြောင်း။

"မင်းနန်မှာလူနှင့်နှောတယ် သောသောညံ၏" ဟူသည်မှာ ပုခန်းဆရာတော် ဦးနန္ဒကို မင်းနန်ဟုတင်စား၍ ထိုပုခန်းဆရာတော်မှာ လူဒါယကာများနှင့် အရောတ၀င်နေ၍ စကားကိုဖေါင်လောက်အောင် ပြောတတ်ကြောင်း။

"မဏ္ဍလာ မှုချင်းရာမစုံစမ်းခင်က ငေါက်ငန်းပါ၏" ဟူသည်မှာ မဏ္ဍလာရာမဆရာတော်သည် အမှုအခြင်းအရာကို မစုံစမ်းသေးဘဲ ကြိုတင် ငေါက်ငန်းတတ်ကြောင်းဟူ၍ဖြစ်သည်။

ဤကဗျာကို သုဓမ္မာဇရပ်တွင်ကပ်ထားသည်ကိုတွေ့ကတည်းက ဗန်းမော်ဆရာတော်၏ လက်ချက်မှန်းကို သိလိုက်ကြသည်။ သုဓမ္မာဆရာတော်တို့မှာ အဘယ်မျှမခံချင်စရာဖြစ်ချေမည်နည်း။ ကဗျာ၏ "ရသ' အားဖြင့် အပေါ်လွင်ဆုံးနှင့်ထိထိမိမိ ရှိလှသည်။ ပုဂ္ဂိုလ်တပါးစီ၏ စရိုက်ကို ကွင်းကွင်းကွက်ကွက်မြင်နိုင်သည်။ သို့သော်ဗန်းမော်ဆရာတော်ကား မျက်နှာကောင်းရမည်မဟုတ်ဘဲ အငြို အငြင် ခံရမည်မှာ သေချာသည်။

***************************

မင်းတုန်းမင်း နှင့် ၀န်ကြီးလေးပါးသို့ ဝေဘန်ချက်

မင်းတုန်းမင်း စိတ်ကတော့ ဘုန်းကြီးပါ

ဗန်းမော်ဆရာတော်သည် ပြောစရာရှိလျှင် မည်သူ့မျက်နှာကိုမှ မထောက်ထား၊ မိမိအား ကိုးကွယ်ဆည်းကပ်နေသည့် ပဉ္စမသံဂါယနာတင် မင်းတုန်းမင်း၏ မျက်နှာကိုပင်မငဲ့ညှာခဲ့ပေ။ မင်းတုန်းမင်းသည် ကာမဂုဏ်ခံစားရာတွင် နှစ်ယောက်မရှိသော မင်းဖြစ်ခဲ့သည်။ မိဖုရားပေါင်း ၆၀ကျော်နှင့်ခံစားသည်။

တဖက်ကမိဖုရား "များသည်"ဟု ဆိုရသော်လည်း သာသနာရေးဘက်တွင် အလွန်အကျူး အားပေးတော်မူသော မင်းတပါးဖြစ်သည်။
တနေ့သောအခါ မင်းတုန်းဘုရင်မင်းမြတ်က ဗန်းမော်ဆရာတော်အား နန်းတော်သို့ပင့်ပြီး ဆွမ်းကပ်တော်မူသည်။ သင်္ကန်းစသော ပရိက္ခရာပစ္စည်းများကိုလည်း လှူဒါန်းပူဇော်လေသည်။ တရားမနာမီ ဆွမ်းဘုန်းပေးအပြီး မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့ အလ္လာပ-သလ္လာပ ပြောဆိုလျှောက်ထားနေကြစဉ် မင်းတုန်းမင်းက "တပည့်တော်တို့ လူ့လောက ၀တ်ကြောင်ပုဆိုးတွေ ကောင်းကျိုးမပေးပါလားဘုရား။ အဖေါ်မမှီး တကိုယ်တည်း ဆိတ်ငြိမ်ရာအရပ်သို့ တောထွက်ရ ကောင်းမလားပင် တွေးတောမိပါသည်ဘုရား" ဟုလျှောက်ထားလိုက်ရာ ...

ဗန်းမော်ဆရာတော်က ကွမ်းဝါးရင်းပြုံးတော်မူသည်။ နောက်အတန်ငယ်ကြာမှ မင်းတုန်းမင်းဘက်လှည့်ပြီး "ဒကာတော်က စိတ်ကဘုန်းကြီး၊ (ရီး) က ဒမြဖြစ်နေတယ်၊ တောထွက်နိုင်ပါ့မလား" ဟု ဗန်းမော်ဆရာတော်က ကွမ်းဝါး၍ ပြုံးရင်းက ပြန်လှန်မေးခွန်းထုတ်လိုက်ရာ မင်းတနုးမင်းမှာ အတော်မျက်နှာပျက်သွားလေသည်။ နန်းတွင်းသူ နန်းတွင်းသားများလည်း မျက်နှာပျက်သွားကြလေသည်။ မင်းတုန်းဘုရင်ကြီးသည် ဗန်းမော်ဆရာတော်က အမှန်သဘာဝကို ပြောဆိုခြင်းသာဖြစ်သည်ဟု အောင်မေ့ပြီး မချိတင်ကဲ ပြုံးတော်မူရသည်။ အခြား နန်းတွင်းသူ နန်းတွင်းသားများမှာလည်း ဘုရင့်မျက်နှာတော်ကို ကြည့်၍ ပြုံးလာကြရသည်။

ဗန်းမော်ဆရာတော်သည် ဤသို့ပင် မိမိအား ကိုးကွယ်ဆည်းကပ်သည့်မင်းဟု မျက်နှာမထောက်ပဲ စိတ်ထဲ ထင်လာမြင်လာသည်ကို မချန်မထိန် ဒဲ့ဒိုး ပြောဆို မိန့်ကြားခဲ့လေသည်။

**************************

ဝန်ကြီးလေးပါးသို့ ဝေဘန်ချက်ကဗျာ

တိုင်းပြည်ရေးရာနှင့် ပါတ်သက်၍လည်း ဗန်းမော်ဆရာတော်သည် အမှုမဲ့ အမှတ်မဲ့မနေ၊ လျစ်လျူရှု၍မထား၊ ဝေဘန်သင့်သည်ကိုဝေဘန်၊ သတိပေးသင့်သည်ကို သတိပေးသည်။ သို့သေည်ဆရာတော်သည် မင်းပေါင်စိုးပေါက်မဟုတ်၍ ထိုဝေဖန်ချက်ကဗျာကို နန်းတော်ရင်ပြင်ထဲ၌ ပစ်ချထားလေသည်။

မင်းတုန်းမင်းလက်ထက်တွင် ၀န်ကြီးလေးပါးရှိလေသည်။ လွှတ်တော်ဝန်ကြီးများဖြစ်သော ပုခန်းမြို့စား ၀န်ရှင်တော်မင်းကြီးသည် လေနာရောဂါ စွဲကပ်နေသောကြောင့် အမှုအခင်းများကို ကောင်းစွာမဆုံးဖြတ်နိုင်။

လောင်းရှည်မြို့စား ၀န်ရှင်တော်မင်းကြီးမှာကား မြင်ကွန်း မြင်းခုန်တိုင်အရေးတွင် ဓါးဒဏ်ရာရရှိ၍ ကောင်းစွာမသန်စွမ်းချိနဲ့နေသဖြင့် အမှုကိစ္စများကို ကောင်းစွာမဆောင်ရွက်နိုင်။

ခမ်းလတ်မြို့စား ၀န်ရှင်တော်မင်းကြီးကလည်း နားထိုင်းနေ၍ အမှုကိစ္စဆောက်ရွက်ရာတွင် များစွာအခက်အခဲရှိသည်။

ရေနံချောင်းမြို့စားမင်းကြီးတပါးသာလျှင် ကျန်းကျန်းမာမာ ရှိသည်ကို ဗန်းမော်ဆရာတော်တွေ့မြင်သည်။ ပြည်ရေးပြည်ရာကို စီရင်ဆုံးဖြတ်ရသော တိုင်းပြည်၏ကြိုးကိုင် ၀န်ကြီးလေးပါးတွင် သုံးပါးမှာ ရောဂါသည်များဖြစ်နေ၍ တိုင်းရေးပြည်မှုများတွင် အင်အားချိနဲ့နေသည်ကိုမြင်၍ ဤသို့ သတိပေးဟန်တူပေသည်။ ထိုကဗျာမှာ...

ပုခန်းမှာ....လေ၊
လောင်းရှည်မှာ....ဓါး၊
ခမ်းလတ်မှာ....နား၊
ရေနံတတိုင်ချင်း လင်းပါ့မလား။

ဤကဗျာမှာ အတိုဆုံးနှင့် အဓိပ္ပါယ် အထိရောက်ဆုံး တာအသွားဆုံး တိုင်းပြုပြည်ပြု ကဗျာတပုဒ်ပင်ဖြစ်သည်။ သို့သော် ဗန်းမော်ဆရာတော်သည်ကား တိုင်းပြည်အတွက်စေတနာရှိ၍ သတိပေးသော်လည်း မျက်နှာကောင်းမရပေ။ တိုင်းပြည်ထိပ်သီး လေးဦးရှိသည့်အနက် သုံးဦးတို့၏ အငြိုအငြင်ကို ခံခဲ့ရသည်။ ဆရာတော်ကား မည်သူကပင်မုန်းစေ၊ ဂရုမစိုက်သော ပုဂ္ဂိုလ်မျိုးဖြစ်သည်။ သို့သော် ဗန်းမော်ဆရာတော်သည် ပစ်စာသဖွယ်ရေးပေးသည့်အတွက် အဘိုးတန်သော်လည်း တန်ဘိုးမရှိဖြစ်လေသည်။ ထိုကဗျာနှင့် ထိုပစ်စာကို မြင်ကတည်းက ဗန်းမော်ဆရာတော်ဟု သိကြလေသည်။

**************************

ဗန်းမော်ဆရာတော်ဖြစ်လာခြင်း နှင့် ကဗျာဥာဏ်

ဗန်းမော်ဆရာတော်ဖြစ်လာခြင်း

ဦးပဏ္ဍိတသည် ပုဂံမင်းတရား၏ သာသနာပိုင် ဗားကရာဆရာတော် ဘုရားကြီးထံတွင် ပညာရှာမှီးရန် ရောက်ရှိလာသည်။ ဗားကရာဆရာတော်သည် ၀ိနည်းအဆုံးအဖြတ်တွင် နာမည်ကျော်လှသည်။ ဗားကရာဆရာတော်၏ ၀ိနည်းအဆုံးအဖြတ်များကို ဖြတ်ထုံးများအဖြစ် ရေးသားရန် ရှိသည့်အခါတိုင်း ဦးပဏ္ဍိတကိုပင် ဆရာတော်ကခိုင်းသည်။ ဤအချက်ကိုထောင့်ချင့်၍ ဗန်းမော်ဆရာတော်လောင်းဦးပဏ္ဍိတသည် လက်ရေးလက်သားလှသည်။ ပုရပိုက်အရေးအသား မြန်ဆန်သည်ဟု ယူဆရမည်ဖြစ်သည်။

ထိုမျှသာမက စာဆိုရဟန်းအဖြစ်လည်း ဗားကရာဆရာတော်ကရွေးချယ်သည်။ စာဆိုရဟန်းဆိုသည်မှာ စာသင်သားသံဃာပေါင်းများစွာတို့အနက်မှ တပါးသားလျှင်ရွေးချယ်ခံရခြင်းဖြစ်သည်။ စာဆိုသည့်နေရာတွင် ဥာဏ်ရည်အလွန်ရွှင်ပြီး အသံကြည်လင်ပြတ်သားလှသောကြောင့် စာလိုက်၊ စာနာ သံဃာတော်များမှာ အလွန်သဘောတွေ့ကြသည်။

(မှတ်ချက်။ ။ ရဟန်းတော်များ စာတက်စာသင်ပြုလုပ်ရာတွင် စာဆိုဟူ၍၎င်းင်း၊ စာနာဟူ၍၎င်းင်း နှစ်မျိုးရှိသည်။ စာချဘုန်းကြီး နောက်မှတပါးတည်းလိုက်ဆိုရသူကို စာဆိုဟုခေါ်ပြီး၊ စာဆိုရဟန်း၏စာသံကိုစိတ်ထဲက မှတ်ရုံသာမှတ်နေရာသော အခြားသံဃာတော်များကို စာနာသံဃာ၊ စာလိုက်သံဃာတော်များဟု ခေါ်ဆိုလေသည်။)

ဗန်းမော်ဆရာတော်လောင်းဦးပဏ္ဍိတသည် ဤအချိန်အခါကပင် ထူးချွန်၍ဗားကရာဆရာတော် ဘုရားကြီး၏လက်စွဲဖြစ်သည်။ ဗန်းမော်မြို့စား (ဘိုးတော်မင်းတရား၏မိဖုရား ) ဝေသာလီမင်းသမီးက ကျောင်းဆောက်လှူဒါန်းရာ "ဗန်းမော်ကျောင်း"ဟု အမည်တွင်သည်။ ထိုဗန်းမော်ကျောင်းတွင် ဦးပဏ္ဍိတကျောင်းထိုင်ဆရာတော်ဖြစ်လာသောအခါ "ဗန်းမော်ဆရာတော်" ဟုတွင်သည်။

ဗန်းမော်ဆရာတော်သည် သာသနာရေး၊ တိုင်းပြည်ရေးတို့တွင် အမှုမဲ့ အမှတ်မဲ့နေလေ့မရှိ၊ တပါးသူတို့၏ ကောင်းကျိုး ဆိုးပစ်များကို အမြဲဆင်ခြင် သုံးသပ်လေ့ရှိသည်။

စိတ်ထဲမှန်သည်ထင်လျှင် ပြတ်ပြတ်သားသား ပြောချတတ်သောကြောင့်လည်း၊ သုဓမ္မာဆရာတော်များစာရင်းတွင် ဗန်းမော်ဆရာတော်မပါဝင်ခဲ့ပေ။

ဗန်းမော်ဆရာတော်အား မင်းတုန်းမင်းသည် မပစ်ပယ်ပေ။ ဗန်းမော်ဆရာတော်၏ ဝေဖန်စာ၊ ပစ်စာများ သောင်းကျန်းသောအခါ၊ ဆရာတော်အား ဗန်းမော်မြို့သို့ မင်းမိန်ဖြင့်ပို့လိုက်ရသည်။ နောင်တွင် ပြန်၍ပင့်သော်လည်း မင်းနေပြည်တော်တွင် မနေ၊ တဘက်ကမ်း မင်းကွန်းနှင့် စစ်ကိုင်းမှာပင် နေလေသည်။ ပညာမာန လွန်ကဲသော ပုဂ္ဂိုလ်ဖြစ်၍ ဘုရင်ကိုးကွယ်မခံရသည်ကို မမှုသောဆရာတော်ဖြစ်သည်။ ရှေ့အခဏ်းများတွင် ဆက်လက်ရှုပါလေ။

******************************

သေဘေးတွင်းမှ ကဗျာဥာဏ်

တနေ့တွင် မြစ်ကမ်းနဖူးကျောင်းတကျောင်း၌ ရဟန်းခံပွဲတခုရှိသည်။ ပဋိသန္ဓေတည်နေသည့်နေ့မှစ၍ အသက်၂၀ဖွားပြီးနောက် ၁၉နှစ်၃လ ရဟန်းခံနိုင်သည့် အရွယ်ရောက်နေသည့် ရှင်သာမဏတပါးကို ရဟန်းခံပေးရမည့် ဥပသမ္ပဒကံဆောင်ပွဲ၊ ရဟန်းခံပွဲဖြစ်သည်။ ထိုကံဆောင်ပွဲမှာ အနည်းဆုံး ရဟန်းတော်ငါးပါးရှိမှ ကံမြောက်သည်။ ရဟန်းခံပွဲပြီးမြောက်သည်။ ဗန်းမော်ဆရာတော်အပါအ၀င် သင်္ဂဇာဆရာတော် ဦးအဂ္ဂနှင့် အခြားဆရာတော်ဦးဂန္ဓမာ၊ ဆရာတော်ဦးသောဘိတ၊ ဆရာတော် ဦးသြဘာသတို့လည်းပါဝင်သည်။

အဆိုပါ မြစ်ကမ်းနဖူးကျောင်းတွင် မြေပေါ်၌သမုတ်(သတ်မှတ်)ထားသော သိမ်မရှိပဲ၊ မြစ်ကမ်းစ ကျောက်ချ ရပ်တန့်ထားသည့် ၀ါးဖောင်ကို ရေသိမ်အဖြစ် သတ်မှတ်ကာ ရဟန်းခံပွဲကျင်းပသည်။ ရဟန်းခံပွဲ (ဥပသမ္ပဒကံဆောင်ပွဲ) စတင်ကျင်းပနေပြီဖြစ်၍ ဗန်းမော်ဆရာတော်အပါအ၀င် ဆရာတော်ငါးပါးနှင့် ရဟန်းလောင်း ရှင်သာမဏေကြီးပါ ၀ါးဖောင် (ရေသိမ်) ပေါ် သို့ ရောက်ရှိနေကြပြီးဖြစ်သည်။

ဆရာတော်များက ရှင်သာမဏေကြီးအား ရဟန်းမဖြစ်မြောက်နိုင်သည့် ရောဂါများနှင့်တကွ ကြွေးမြီ ဘေးရန်တို့ ရှိ၊ မရှိ ထုံးစံအတိုင်းမေးပြီး ဥပသမ္ပဒကံဆောင်ရန် ကမ္မ၀ါစာချပ်များကို ကိုင်ဆောင်နေကြသည်။ ကမ္မ၀ါဖတ်ထားရန် ဆရာတော်များက "နမောတဿ" သုံးခေါက်ရွတ်ဖတ်ပြီး အဆုံးတွင် မမြှော်လင့်ဘဲ အရပ်လေးမျက်နှာမှ တိုက်ခိုက်လာသည့် မိုးသက်လေပြင်းဒဏ်ကို အပြင်းအထန်ခံလိုက်ရတော့သည်။ ဤတွင် ၀ါးဖောင်မှာ လေဒဏ်လှိုင်းဒဏ်ကြောင့်ပျက်စီးသွားရသည်။ ကမ္မ၀ါဆရာတော်များမှာ မြစ်လယ်တွင် လက်ပြစ်ကူး၍ အသက်ကိုလုနေကြရတော့သည်။

ဗန်းမော်ဆရာတော်သည် အသက်ကိုလုနေရသည့်အတွင်း ခံစားချက်တခု ပေါ် ထွက်လာပြန်သည်။ ကဗျာဆရာတို့သည် ခံစားချက်တွေ့ထိတိုင်း ကဗျာဖြစ်ပေါ်လေ့ရှိသည့်အတိုင်း ဗန်းမော်ဆရာတော်သည် သူ့ခံစားချက်ကို အသက်ဘေးကြားထဲမှ အောက်ပါကဗျာအချိုးကို ရွတ်ဆိုလိုက်လေသည်။

ဒို့သားအမိ ကံတော်ဆိုး၊
ရေရိုးမှာတဲ့ မျောတော့မယ်၊
ကျန်ရစ်သူ မိတ်ဆွေများရယ်၊
တားကြနှင့်ကွယ်၊
အဂ်-ဂန်-သော နှင့် သြဘာတသွယ်၊
ဒီတခါ သည်ရေမြစ်တွင်၊
သေဖြစ်ရှာတော့မယ်။

ဟုရွတ်ဆိုလိုက်လေသည်။ ကမ်းနဖူးပေါ်မှ ပရိတ်သတ်များရုတ်ရုတ်သဲသဲ ရှိနေစဉ်မှာပင် တံငါလှေများက ဆရာတော်များကို အသက်ဘေးမှ ကယ်ဆယ်လိုက်ရတော့သည်။

******************************

တွေ့မရှောင် အကုန်စားတယ် နှင့် ဟဲ့သာပေါ်

တွေ့မရှောင် အကုန်စားတယ်

ပဉ္စင်းပျိုဦးပဏ္ဍိတသည် အလုံမြို့သို့ ခရီးထွက်ရာ ကြမ်းပြဲရွာသို့ အရောက်တွင် ဘုန်းကြီးကျောင်းသို့ဝင်၍ တည်းခိုလေသည်။ ကျောင်းပေါ် သို့ရောက်လျှင် ဆရာတော်အား ဦးချ၍ကန့်တော့ကာ ဂါဝရပြုပြီးနောက် စာသံပေသံဖြင့် လျှောက်ထားလေသည်။

ကျောင်းထိုင်ဘုန်းတော်၊ မထေရ်ကျော်၊ ၀ါတော်မည်မျှရှိပြီနည်း။

ဆရာတော်မှာ ဦးပဉ္စင်းငယ်၏ ကဗျာသံ စာသံကို လွန်စွာသဘောကျ၍...
''လေးဆယ့်နှစ်ဝါ သိက္ခာရပြီ" ဟု မိန့်ကြားတော်မူသည်။ ထိုအခါစာဆိုရှင် ပဉ္စင်းငယ်ဦးပဏ္ဍိတသည် ချက်ချင်းပင်ကောက်၍ စာစပ်လိုက်ပြန်သည်။

ဝါလေးဆယ်နှစ်၊ ရသည်ဖြစ်ရာ၊ အပြစ်တောင်လိုမို့လတံ့။

ဆရာတော်မှာ ကဗျာဥာဏ်ရွှင်လှသော မောင်ပဉ္စင်းကိုသဘောကျသွားသည်။

**************************

ဟဲ့သာပေါ် ကွမ်းအစ်ယူခဲ့စမ်း

ဆရာတော်မှာ ဖျားနေရင်းကပင် ကျောင်းသားကလေးအား ဆွမ်းပြင်ခိုင်းသည်။ ဆရာတော်သည် မောင်ပဉ္စင်းနှင့်အတူ ဆွမ်းဘုန်းပေးသည်။ ဆရာတော်မှာ ဖျားနေလျက်နှင့်ပင် ဆွမ်းဘုန်းပေးရာ၊ တဲ့သည် မတဲ့သည်ကို အမှုမထား၊ ဆွမ်းဟင်းများကို ကုန်အောင်စားလေသည်။ အစားကြမ်းသော ဦးပဏ္ဍိတမှာ အစားကြမ်းသောဆရာတော်နှင့်တွေ့ရသဖြင့် လက်လျှော့လိုက်ရသည်။ ဆရာတော်က ဆွမ်းစားရင်ပြောသည်။ ကောင်းစွာမကျန်းမာ မကြာခဏ အဖျားတက်လေ့ ရှိသည်ဆိုသော်လည်း အစားတွင် တဲ့သည် မတဲ့သည်ဟူ၍မကြည့် ရှိသမျှအကုန်စားပြီးသည့်အပြင်၊ အချိုပွဲဆက်ကပ်ရာ၌လည်း ဆက်လက်ဘုန်းပေးပြန်သည်။ ဆွမ်းစားပြီးနောက် ဆရာတော်က ဦးပဏ္ဍိတအား...

"မောင်ပဉ္စင်းက ကဗျာစာပေ တော်တော် ၀ါသနာပါတယ်ထင်တယ်"
"မှန်ပါ့ဘုရား... တပည့်တော် လေ့လာနေဆဲပါဘုရား"
ဆရာတော်လည်း စကားပြောနေရာမှ ကျောင်းသားတယောက်သို့လှမ်း၍...
"ဟဲ့သာပေါ် ကွမ်းအစ်ယူခဲ့စမ်း" ဟု ခိုင်းလိုက်လေသည်။ ကျောင်းသားကလေးသည် ပြာပြာသလဲနှင့်ယူလာသည့်ကွမ်းအစ်ကိုကပ်လေသည်။ ဆရာတော်ကဆက်၍...
"ငါ့မလဲ အဲဒီ တူကလေးတယောက်ရှိတယ်၊ လက်တိုလက်သုံးခိုင်းနေရတာ၊ ငါ့ကျောင်းမှာ ကျောင်းသားလဲမမြဲ ကိုရင်လဲမမြဲ" ဟုအမိန့်ရှိသည်။ ဦးပဏ္ဍိတသည် ဆရာတော်အားစေ့စေ့ကြည့်၍ နေသည်။ ဆရာတော်သည် ကွမ်းကိုကိုယ်တိုင်ယာ၍ ၀ါးရင်း ဒူးပေါ် ပေါင်ပေါ် ထိုင်နေသည်။ ထို့နောက်...
"ဦးပဉ္စင်း ကျုပ်အကြောင်းကို စာတပုဒ်လောက်စပ်စမ်းပါ" ဟုပြောသည်။ ဦးပဏ္ဍိတသည် ရုတ်ချည်းပင် ကောက်၍ စာစပ်လိုက်သည်။

ကွမ်းအစ်ကြီး နီတာရဲနှင့်၊ ကြမ်းပြဲမှာသူပျော်၊ သာပေါ်တို့တူအရီး၊
ထိုးကွင်းမှင်ကြောင်နဲ့၊ တွေ့မရှောင်အကုန်စားတယ်၊ ဖျားတဲ့ခင်ကြီး။

ဟူ၍စပ်လိုက်လေသည်။ ကြမ်းပြဲဆရာတော်မှာ လွန်စွာသဘောကျလေသတည်း။


**************************

Wednesday, July 8, 2009

၇။ ရှင်ပဏ္ဍိတ၏ တင်္ခဏုပ္ပတ္တိဥာဏ်

ရှင်ပဏ္ဍိတ၏ တင်္ခဏုပ္ပတ္တိဥာဏ်

တခါကဖောင်းကွဲရွာတွင် အသားအလွန်မဲသော ကျောင်းသားငယ်တဦးရှိသည်။ ထိုကျောင်းသားငယ်သည် နွား၊ မြင်းစသော သတ္တ၀ါများကိုမစီးဘဲ ဆိတ်ကိုသာစီး၍ ဆော့ကစားတတ်သည်။ အခြားကလေးငယ်များနှင့်မတူပဲ မျောက်ရှုံးအောင် ဆော့တတ်သည်။ တနေ့တွင် ဆိတ်သိုးတကောင်ကိုစီးရာ ဆိတ်သိုးကခါချသဖြင့် မြေပြင်သို့ကျပြီး လက်တချောင်းကျိုးလေသည်။ ကျောင်းနေ ဦးပဉ္စင်းများက ရှင်ပဏ္ဍိတအား စာတပုဒ်ချိုးပါဟု ဆိုလေလျှင် ချင်ခြင်းပင်ကောက်၍ စာစပ်သည်မှာ....

ဆိတ်စီးလို့ လက်ကျိုး၊
အနက်မျိုး ဖေါင်းကွဲ၊
တချောင်းထဲကျန်တော့တယ်။

ဦးပဉ္စင်းများမှာ သဘောကျ၍အားရပါးရရယ်ကျလေ၏။

ရှင်ပဏ္ဍိတသည် ဦးပဉ္စင်းဘ၀သို့ ရောက်ပြီးနောက် မန္တလေးမြို့တွင် နံနက်တိုင်း ဆွမ်းခံထွက်ရလေသည်။ သံဃာတော်များသောမြို့ဖြစ်၍ ဆွမ်းလောင်းနေကြ အိမ်ရှေ့များတွင် စီတန်း၍ ဆွမ်းခံကြရလေသည်။

ဆွမ်းချက်ခြင်း ဆွမ်းလောင်းခြင်းအမှုကို မိန်းမကြီးများ မိန်းမပျိုကလေးများ၏ တာဝန်ဖြစ်သည်၊ ဇလုံများ ယွန်းအုပ်များတွင် ဆွမ်းထည့်၍ ကြေးဇွန်းကြီးများဖြင့်ခပ်၍ လောင်းလေ့ရှိကြသည်။ ဦးပဉ္စင်းငယ် ဦးပဏ္ဍိတသည် ဇလုံကြီး၊ ကြေးဇွန်းကြီးတို့ဖြင့် ဆွမ်းလောင်းနေသည်ကိုတွေ့၍ ကမန်းကတန်း အမှီပြေးလေရာ မိန်းကလေးများက ပဉ္စင်းပျို ဦးပဏ္ဍိတကျမှ ကန်တော့ဆွမ်းပါဟူ၍ ပြောလိုက်လေသည်။

ဦးပဏ္ဍိတသည် မကျေမချမ်းဖြစ်သွားလေသည်။ အဘယ်ကြောင့် ငါ့ကျမှကန်တော့ဆွမ်းရသလဲဟု စဉ်းစားသည်။ အမှန်မှာ ဆွမ်းကိုလိုချင်ဇောဖြင့် အပြေးကလေးသွားမိရာတွင် သင်္ကန်း ဘိုသည်ဘတ်သီနှင့် ကာယိနြေ္ဒပျက်လောက်အောင် ဖြစ်သွား၍ ကန်တော့ဆွမ်းလိုက်ရကြောင်း ပြန်ပြောင်း၍ပေါ်လာသည်။ သို့ကြောင့် ကျောင်းသို့ရောက်လျှင် အောင်ပါတေးထပ်ကို ရေးစပ်လိုက်လေတော့သည်။

“မန်းမြို့သူသောက်ကျင့်၊ ထောက်ချင့်၍စာနာ
ဆွမ်းကိုဖြင့်မခံလိုပါ၊ တန်ပါပြီသာရီး၊
မစားဘဲအငတ်နေမည်၊ သေချင်သေမှတ်ဟဲ့အပြီး၊
ဟိုနေ့ကအိမ်တအိမ်မှာ၊ ပြည့်စုံစွာဖန်တည်း၊
ကျယ်ဝန်းစွာဇလုံကြီးရယ်နဲ့၊ မောက်လုနီးဆွမ်းတွေ
လောင်းလိမ့်မည့်ထင်အမှတ်နဲ့၊ ၀င်ကပ်လို့ရပ်မိသလေ
ပဏ္ဍိတခေါင်းပြောင်ကို၊ လောင်းပေါင်ဆို ကိုရင်ကြီးရယ်လို့
ကန်တော့ဆွမ်းဆီးလို့သူဆို၊ သူ့ရဲ့လင်လို
မကျေဘူးကမ္ဘာပြိုတောင်၊ ငါရွှေကိုယ်နာလွန်းလို့လေး၊”

*****************

Sunday, July 5, 2009

၆။ အစက ပဏ္ဍိတလို ကျက်ခဲ့ပါလား

အစက ပဏ္ဍိတလို ကျက်ခဲ့ပါလား

နယုန်လရောက်၍ စာပြန်ပွဲတော်ကျင်းပမည့်ရက်တွင် မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်တွင် စာဖြေ သံဃာတော်များအတွက် ဆွမ်းကွမ်းကိစ္စ စီမံကြသလိုပင် စာဖြေမည့် သံဃာများသည်လည်း နီးရာသစ်ပင်ရိပ်များ၌ ပုရပိုက် ပေစာထုတ်များကို ပြန်လည်ကြည့်ရှူကာ မေးမည်ထင်သမျှကို ပြန်လည် ကျက်မှတ်ခြင်းများလည်း ပြုလုပ်နေကြလေသည်။

စာစစ် သံဃာတော် ဆရာတော်များသည်လည်း စစ်မေးရန် ရှိသမျှ စာပြန်ပွဲဝင် ပုဂ္ဂိုလ်များကို မဟာဒဏ်ဝန်၏ ပင့်ဘိတ်ချက်အရ တပါးပြီးတပါး စစ်မေး၍ နေကြလေသည်။ ရှင်ပဏ္ဍိတ အလှည့်သို့ ရောက်လေလျှင် မဟာဒဏ်ဝန်က...

''မြင်းဝန်တိုက်မှ ရှင်ပဏ္ဍိတ ကြွပါဘုရား'' ဟု အသံကျယ်လောင်စွာဖြင့်ဟစ်၍ လျှောက်ထားလေသည်။ အသားမဲမဲ၀၀တုတ်တုတ် ကိုရင်ပဏ္ဍိတသည် ပရိတ်သတ် ဗိုလ်ပုံအလယ်တွင် ရဲဝံ့စွာ လျှောက်၍သွားသည်။ စာမေးပွဲစစ်သည့် ဆရာတော်များက ဖြေဆိုရမည့်အခန်းကို ညွှန်ပြ၍ ရွတ်ဆို ဖြေကြားရန် မိန့်တော်မူသည့်အခါ ကိုရင်ပဏ္ဍိတသည် မြင်းကောင်း ပြေးသကဲ့သို့ မနားတန်းရွတ်ဆို၍သွားလေသည်။ အသံသြဇာမှာလည်း အံ့သြလောက်အောင် နက်ကျယ်ကောင်းမွန်လှသဖြင့် မဟာဒဏ်ဝန်နှင့်တကွ ဆရာတော် သံဃာတော်များစာဖြေပုဂ္ဂိုလ်တို့မှစ၍ သုဓမ္မာဇရပ်တွင်ရှိသမျှ ပရိတ်သတ်အပေါင်းတို့မှာ ကိုရင်ပဏ္ဍိတ အပေါ်တွင် အာရုံဝင်စား၍ ဆိတ်ငြိမ်စွာ နားထောင်နေကြတော့သည်။

မြင်းကောင်းပြေးသကဲ့သို့မေးသမျှတို့ကို ပုဒ်ပါဋ္ဌ်ပီပြင်ကျနစွာရွတ်ဆိုသည့်ကြားမှ လျှင်မြန်လွန်းအားကြီးသဖြင့် ပုရပိုက်ကိုလိုက်၍ဖတ်သော စာစစ်ဆရာတော် များသည် ကိုရင်ပဏ္ဍိတ၏ရွတ်သံကို မှီအောင်မဖတ်နိုင်ပဲ ပုရပိုက်တချပ်လှန်တိုင်း ကျန်ခဲ့သဖြင့်...

''ဟဲ့... ကိုရင် ရပ်အုံး''ဟု အမိန့်ရှိသည့်တိုင်အောင် မရပ်မနားဆက်၍ရွတ်နေရာ စာစစ်ဆရာတော်တို့က ''ရပ်အုံးဆိုတာ မကြားရော့သလား'' ဟု ငေါက်ငန်းလေသဖြင့် ကိုရင်ပဏ္ဍိတသည် စာကိုရွတ်နေရာက ရပ်တန့်၍...

''ဘာခုမှရပ်အုံးလဲ အစကပဏ္ဍိတလို ကျက်လာခဲ့ပါလား'' ဟု စာစစ်ဆရာတော်တို့ကိုပင် ပြန်လည် ငေါက်ငန်းလေသည်။ ပရိသတ်တို့မှာ ''၀ါး''ကနဲပွဲကျသလောက် ကိုရင်ပဏ္ဍိတသည်လည်း ထင်ရှား၍သွားသည်။ မြင်းဝန်မင်းကိုရင်ဖြစ်၍လည်း မြင်းဝန်မင်းမှာ အများ၏ အာရုံစိုက်ခြင်းခံရသဖြင့် ကိုရင်ပဏ္ဍိတအား များစွာ ကျေနပ်နှစ်သိမ့်လေသည်။

*******************

၅။ ဗန်းမော်ဆရာတော် စာကြိုးစားပုံ

ဗန်းမော်ဆရာတော် စာကြိုးစားပုံ

ဗန်းမော်ဆရာတော်သည် ကိုရင်ဘ၀နှင့် မန္တလေးမြို့ မြင်းဝန်တိုက်တွင် စာသင်ကြားသည်။ ထိုခေတ် ထိုအခါက မင်းတုန်းမင်းတရားကြီးကိုယ်တိုင် နှစ်စဉ်ပင် စာပြန်ပွဲတော်ကို တခမ်းတနားကျင်းပ၍ ဘွဲ့တံဆိပ်များ ကပ်လှူပူဇော်လေသည်။ နယုန်လစာပြန်ပွဲတော်မှာ အလွန်ပင်ကြီးကျယ်ခမ်းနားလှပေသည်။ ဘုရင်ကိုယ်တိုင် ကြီးမှုး၍ကျင်းပသော စာပြန်ပွဲတော် ဖြစ်သဖြင့်လည်း မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ ၀န်ကြီးမှူးမတ်များပါမကျန်၊ စာပြန်ပွဲတော်တွင် ရဟန်း သာမဏေများကို ရွေးချယ်၍ တင်သွင်းရသည်။ မိမိတို့၏ ရဟန်း သာမဏေများ စာပြန်ပွဲတွင် ထူးချွန်စွာ အောင်မြင်သလောက် ဂုဏ်ရှိကြသည်ဟု အယူရှိကာ ဂုဏ်တုဂုဏ်ပြိုင် ပြုလုပ်ကြသော ပွဲကြီးလည်းဖြစ်သည်။

မြင်းဝန်မင်းသည် ခရီးထွက်နေရ၍ စာပြန်ပွဲဝင်ရဟန်းတပါး စာရင်းတင်သွင်းရန် နောက်ကျ၍နေလေရာ မိမိ၏ဆရာတော်အား စာပြန်ပွဲဝင်ရန် ရဟန်းတပါး ချီးမြှင့်သနားပါရန် လျှောက်ထားလေသည်။

မြင်းဝန်တိုက်ဆရာတော်ဘုရားလည်း ကိုရင်ပဏ္ဍိတ၏အလားအလာကို ရိပ်မိသိရှိသည်နှင့်အညီ မြင်းဝန်မင်းအား ပဉ္စင်းများတော့ တင်သွင်းရန်မရှိ၊ ကိုရင်ပဏ္ဍိတမှာ အလားအလာရှိသည်ဟု မြင်သည်။ သို့အတွက် ကိုရင်ပဏ္ဍိတကိုသာ စာရင်းတင်သွင်းလိုက်ပေတော့ဟု အမိန့်ရှိလိုက်သည်။ မြင်းဝန်မင်းသည် ကိုရင်ပဏ္ဍိတအား စာရင်းတင်သွင်း၍ ဆွမ်းကွမ်းစသည်တို့ကို လိုလေသေးမရှိအောင် လှူဒါန်း၍ထားလေသည်။

ရှင်ပဏ္ဍိတသည် လှူဒါန်းသမျှကိုအ၀စားကာ အိပ်၍သာနေသဖြင့် ဆရာတော်က စာကျက်ရန် တိုက်တွန်းရပေသည်။

ကိုရင်ပဏ္ဍိတ စာကျက် စာအံသည်မှာ အလွန်ပင်ဇွဲကောင်းလှသည်။ နားသည်ဟူ၍မရှိ၊ ရေချိုးရာ ကုဋီတက်ရာမှာပင် ပါးစပ်မှ ဒလစပ် စာရွတ်၍နေတော့သည်။

ကိုရင်ပဏ္ဍိတမှာ အစားကြီး၍ ငိုက်မြည်းတတ်သော အလေ့ရှိရာ ဆွမ်းစားပြီးသည်နှင့် ရေတွင်းနှုတ်ခမ်းပေါ်တွင် လူတကိုယ်စာ ပျဉ်ပြားတချပ်တင်၍ ထိုပျဉ်ပြားပေါ်တွင် အိပ်ရင်းစာကျက်လေသည်။ ဤသို့စာကျက်နည်းမှာ စာကျက်ရင်း ငိုက်မြည်းလျှင် ရေတွင်းထဲသို့ ကျမည်ဖြစ်၍ ရေတွင်းထဲသို့ မကျရန် သတိထားနေရလျှင် ငိုက်မြည်းခြင်းပြေပျောက်သွားရန်ဟု စိတ်ကူး၍ ရေတွင်းနှုတ်ခမ်းပေါ်တွင် စာကျက်ခြင်းဖြစ်သည်။

***********************

၎။ ကိုရင်ဘ၀ ရွှင်လှသော ကဗျာ

ကိုရင်ဘ၀ ရွှင်လှသော ကဗျာ

ဗန်းမော်ဆရာတော်သည် သာမဏေဘ၀ကပင် ကဗျာစာစပ်ရာ၌ တော်လှသည်။ ရှင်ပဏ္ဍိတသည် သာမဏေ ဘ၀မှ ခေတ္တလူထွက်၍ ရွှေတောင်မြို့ရှိအိမ်သို့ ပြန်လာရာ ငယ်သူငယ်ချင်းများနှင့် ရွာထဲသို့ လည်ပတ်ကြသည်။ ရွာလယ်တွင် ကြီးမားလှသော ညောင်ပင်ကြီးတပင်ရှိသည်။ ရွာထဲမှလူငယ်လူရွယ်တို့သည် အရိပ်ကောင်းလှသော ညောင်ပင်ကြီးအောက်တွင် စုရုံးကာ ကစားခြင်း၊ အေးဆေးစွာထိုင်၍ စကားပြောခြင်းတို့ကို ပြုလုပ်ကြသည်။

ကိုရင်လူထွက်ပဏ္ဍိတသည် သူပိုးပန်းနေသော မမင်းမှိန်နှင့် အပျိုဖော်တစု ညောင်ပင်အောက်တွင် ရှိနေသဖြင့် ရစ်သီရစ်သီလုပ်နေသည်။ မမင်းမှိန်ကိုသာ ဂရုတစိုက်နှင့် မလှမ်းမကမ်းမှာ စကားပြောနေသည်။ ဤသို့ စကားပြောနေစဉ် မမင်းမှိန်သည် အန္တရယ်မအောင့်နိုင်ပဲ ''လေလည်'' လိုက်သည်ကို ကြားလိုက်ရသဖြင့် ကဗျာဥာဏ် ၀ါသနာကြီးလှသော ကိုရင်လူထွက်မှာလည်း မအောင့်နိုင်တော့ပဲ စာချိုးတပုဒ်ကို ရုတ်တရက်စပ်လိုက်သည်။

ရွှေညောင်ပင် သာသည့်ကုန်း၊
စုရုံး၍နေကြရာ၊
မမင်းမှိန် အပျိုကြီးရယ်၊
အီးညှစ်လို့ပါ။

ဟူ၍စာချိုးလိုက်ရာ ကာလသားများ ''၀ါးကနဲ'' ပွဲကျ၍ ရယ်မောလိုက်ကြသည်။ ထိုကာလသားများတွင် မမင်းမှိန်၏မောင်တော်သူငစွန်က သူ့အစ်မလေလည်သည်ကို လူပုံအလယ်တွင် အရှက်ကွဲအောင် စာချိုးရမလားဟု ဒေါသမာန်ပွားကာ ကိုရင်လူထွက် ပဏ္ဍိတကို ဆဲဆိုလေသည်။ ထိုအခါ ကိုရင်လူထွက် ပဏ္ဍိတသည် ရုတ်ချည်းကောက်၍ စာချိုးလိုက်ပြန်သည်မှာ

မလိမ္မာ ဗာလနာ မိုက်ခဲ။
သူ့အစ်မ စအိုတွန်လို့၊
မောင်ငစွန် မျက်မာန်ရှတယ်၊
ဒေါသနဲ့ဆဲ။

***********************

၃။ ဗန်းမော်ဆရာတော်၏ အကြောင်း

ဗန်းမော်ဆရာတော်၏ အကြောင်း

ဗန်းမော်ဆရာတော်ဟူ၍ ထင်ရှားနေသည်မှာ ဗန်းမော်မြို့၏ ဖွားရာဇာတိဖြစ်၍ မဟုတ်ပေ၊ ဘိုးတော်မင်းတရား၏မိဖုရား ဝေသာလီမင်းသမီး ဗန်းမော်မြို့စား ဥပေါတရာ ဆောက်လုပ်လှူဒါန်းသော ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးသောကြောင့် ဗန်းမော်ဆရာတော်ဟုတွင်သည်။

ဗန်းမော်ဆရာတော်သည် ရွှေတောင်မြို့ ကွပ်ညှပ်စင်ရွာ၌ သက္ကရာဇ် ၁၁၆၈-ခုနှစ်တွင်ဖွားမြင်သည်။ ငယ်မည်မောင်ဖြူဝင်းဖြစ်သည်။ ရဟန်းဘွဲ့ ဦးပဏ္ဍိတဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက ပဏ္ဍိတ၀ံသာဘိဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရု၊ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းသည်။

ဗန်းမော်ဆရာတော်သည် ဥပဓိရုပ် အလွန်ထူးခြားသည်။ လွန်စွာ ကြံ့ခိုင် ခန့်ညားသည်။ အသံတော်မှာလည်း နက်ကြယ်ပြတ်သား၍ ရူပလက္ခဏာနှင့် သဒ္ဒလက္ခဏာ လွန်စွာကောင်းလှသည်။ ဆရာတော်ကို ဖူးတွေ့၍ အသံတော်ကိုကြားရလျှင် လွန်စွာလေးစားလာရသည်။ ထိုခေတ်တွင် အသံရော လက္ခဏာပါထူးခြားကောင်းမွန်သော ပုဂ္ဂိုလ်နှစ်ဦး ပေါ်ခဲ့သည်။ မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့ ဖြစ်သည်။

ဆရာတော်လို ပုဂ္ဂိုလ်မျိုးကား ရှာမှရှားလှသည်။ လောကကြီးတခုလုံးကိုထီမထင်ပဲ ဟုတ်တိုင်းမှန်ရာအတိုင်းသာ သဘောထားတတ်သည်မှာ သူ၏ပင်ကိုယ်စိတ်ဓါတ်ပင်ဖြစ်ဟန်ရှိသည်။ အမှန်တရားဘက်မှစုံရပ်၍ စိုးစဉ်းမျှမကွယ်မထောက် မချုပ်တည်း မမျိုသိပ်ပဲ ရက်ရက်စက်စက်ရေးတတ်သည်။

ဗန်းမော်ဆရာတော်သည် ပြတ်သားရဲရင့်လှသော ပုဂ္ဂိုလ်ဖြစ်သည်။ အမှန်စင်စစ် ဆရာတော်တို့ခေတ်တွင်၊ ဆရာတော် လေ့လာဆည်းပူးထားသည့် ပညာရပ်များနှင့်ဆိုလျှင် အခေါင်အဖျားအထိ ကျော်ကြားသင့်ပေသည်။ သို့သော် မင်းလိုလိုက် မင်းကြိုက်မဆောင်၍ သာသနာပိုင်အဖွဲ့တွင် ပါဝင်သင့်သောပုဂ္ဂိုလ်ဖြစ်ပါလျှက် မပါဝင်ခဲ့ရပေ၊ သို့သော် ဆရာတော်ကား မမှု။

ဆရာတော်ကား ကဗျာအရာတွင် ထူးခြားပြောင်မြောက်တော်မူလေသည်။ ဟာသဥာဏ်၊ ဇ၀နဥာဏ် ထက်မြက်တော်မူသည်။ ကဗျာအရာတွင် မယှဉ်သာအောင် ပြောင်မြောက်သော စလေဦးပုညပင် ဗန်းမော်ဆရာတော်၏ အထံတော်၌ ကဗျာနည်းများ ခံယူခဲ့ဘူးသည်။

***********

Friday, July 3, 2009

၂။ ဗန်းမော်ဆရာတော်၏ ထူးခြားချက်များ

ဗန်းမော်ဆရာတော်၏ ထူးခြားချက်များ

မဟုတ်လျင် နဲနဲမျှမခံတတ်၊
အမြင်မတော်လျှင် ဆော်ထဲ့သည်၊
မင်းအလိုလိုက် မင်းအကြိုက်မဆောင်၊
သာသနာပိုင်များဟူ၍ အညှာမပေး၊
အရွဲ့တိုက်ရာတွင် ကြောက်စရာကောင်းသည်။
ကန့်လန့်လုပ်ရာတွင်လည်း မည့်သူ့မျှမကြောက်၊
ရေးစရာရှိလျင် အတုံးလိုက်ယ အတစ်လိုက် ရေးသည်။
နှိုက်နှိုက်ချွတ်ချွတ် ခတ်ကြမ်းကြမ်းရေးတတ်သည်။
မိမိမှန်သည်ထင်လျှင် ပြောရယ ရေးရမှ ကျေနပ်လေ့ရှိသည်။
စာယ ကဗျာအရေးအသား၌ ဂါမဒေါသ သင့်အောင်ရေးသည်။
အပြောအဆို ရင့်သီးသည်။
အနေအထိုင် ကြမ်းတမ်းသည်။
အစားအသောက် ကြမ်းရာ၌လည်း မည်သူမျှ မမှီနိုင်အောင် ကြမ်းသည်။ (ဆန်ဖြူ တခွက်ချက် -နို့ဆီဗူး လေးလုံးချက်၊ စာကလေး တပိဿာချက်၊ ၀က်သား တပိဿာချက်၊ အမဲသား တပိဿာချက်၊ ဟင်းချို ဇလုံကြီးနှင့် သုံးလုံးကို ဘုဉ်းပေးတော်မူပြီး တဆက်ထည်းပင် မုန့်ဆီကြော်ကြီးသုံးယှက်၊ နံ့သာပုငှက်ပျော ခြောက်ဖီး၊ မန်ကျည်းဖျော်ရည် သုံးပိဿာတို့ကို တထိုင်ထည်း တဆက်ထည်းနှင့် ကုန်အောင် ဘုဉ်းပေးတော်မူနိုင်လေသည်။)

အမြင်မတော်သည်များရှိလျင်လည်း စာချိုးတတ်သည်။ ကဗျာစပ်လေ့ရှိသည်။ သာသနာပိုင်သော၊ ရှင်ဘုရင်သော၊ အမျိုးသမီးသော ဘာကိုမျှမရှောင်၊ စိတ်မထင်လျှင် မထင်သလို ပက်ပက်စက်စက် ရေးတတ်သည်၊ ပြောတတ်သည်။

ထို့ပြင် ယခုခတ်အခေါ် (ငှက်ခါးပျံစာ) ပစ်စာ အလုပ်တွင်လည်း ၀ါသနာပါလှသည်။ ရှေ့အခဏ်းများတွင် တွေ့ရပါလိမ့်မည်။

ဗန်းမော်ဆရာတော်သည် ကြောက်စိတ်လုံးဝမရှိ၊ အပြစ်ပေးသော်လည်း ပြုံးပြုံးပင်ခံသည်။ ထို့ကြောင့် ဗန်းမော်ဆရာတော်အား -ပရစ်- နှင့်တူသည်။ ရှင်စဉ်ကလည်း မျက်လုံးပြူးပြူး၊ သေတော့လည်း မျက်လုံးပြူးပြူးဟု သာသနာပိုင်ဆရာတော်ဘုရားက မိန့်ဘူးသည်။

ဤအချက်များကပင် ဗန်းမော်ဆရာတော်၏ ကျော်ကြားခြင်းတွင် ထိပ်ဆုံးက ဖြစ်လာရသည်။ ထိုခေတ် ထိုအခါက ဗန်းမော်ဆရာတော်အား သာသနာပိုင်မှ အစ ရှင်ဘုရင် ၀န်ကြီးများပါမကျန် ရွံ့ကြောက်ကြပြီး ဆိုးသတင်းများဖြင့်သာ ကျော်ကြားခဲ့သည်။ ယခုခေတ်တွင်မူ ဗန်းမော်ဆရာတော်၏ စာများသည် ကြမ်းတမ်းသည်ဆိုသော်လည်း ဟာသရသဖြင့် ထင်ရှားနေသည်။ ထို့ကြောင့်လည်း မြန်မာစာပေသမိုင်းတွင် တဘာသာ သီးခြားထင်ရှားနေသော ပုဂ္ဂိုလ်ဖြစ်၍ မြန်မာစာပေ မကွယ်မပျောက်သမျှ ဗန်းမော်ဆရာတော်၏ ဟာသရသ ကဗျာများသည်လည်း ထင်ရှားနေမည်သာ ဖြစ်ပေသည်။

*********************

၁။ ဗန်းမော်ဆရာတော်

ဗန်းမော်ဆရာတော်

မြန်မာလူမျိုးဟူ၍ ရှိနေသမျှ မြန်မာစာပေဟူ၍ ရှိနေမည်။ မြန်မာစာပေရှိနေသမျှ ဗန်းမော်ဆရာတော်၏ အမည်သည် ဘယ်တော့မှ တိမ်ကောပပျောက်၍ သွားလိမ့်မည်မဟုတ်၊ နာမည်မသေနိုင်သော ပုဂ္ဂိုလ်တပါး ဖြစ်ပေသည်။

အဘယ်ကြောင့်နည်း။ ဗန်းမော်ဆရာတော်သည် အလွန် ထက် သော ပုဂ္ဂိုလ် ဖြစ်သည်။

ပိဋကတ်သုံးပုံနှင့်တကွ ကျမ်းဂန်အရပ်ရပ်တို့တွင် အထူးပင်နှံ့စပ် ကျွန်းကျင်တ်ာမူလေသည်။

ဝိနည်းဘက်တွင် မယှဉ်သာအောင် ကျွမ်းကျင်တော်မူသည်။ (၀ိနည်းဘက်တွင် ပြိုင်ဘက်ကင်းသော သာသနာပိုင် ဗားကရာဆရာတော်၏ အထံတွင်နေ၍ ဗားကရာဆရာတော်ဘုရားကြီးစီရင် ဆုံးဖြတ်ခဲ့သမျှ ၀ိနည်းစီရင်ထုံး မှန်သမျှကို ရေးမှတ်ရသော ဖြတ်ထုံးရေး ရဟန်း ဖြစ်ခဲ့ဘူးသည်။ဤအတွေ့အကြုံများက ၀ိနည်းဘက်တွင် အထူးကျွမ်းကျင်တော်မူသည့် အခွင့်ရေးကို ရခဲ့သည်။)

ထိုမျှသာမက ရဟန်းစာဆိုလည်းဖြစ်သည်။ (ဗားကရာဆရာတော် စာချစဉ် ဆရာတော်မိန့်သမျှကို အနီးမှနေ၍ တလုံးချင်းလိုက်၍ဆိုရသော စာဆိုရဟန်းဖြစ်သည်။ ယင်းစာဆိုရဟန်းမှာ သာမညဥာဏ်ရည်နှင့် မဖြစ်နိုင်ပေ။)

ဤသို့ပညာတတ်ရုံမျှ ပညာရှိရုံမျှ မြန်မာ့စာပေသမိုင်းတွင် ချွင်းချန်၍မရနိုင်သည့် ပုဂ္ဂုလ်ထူးတပါးဟု မခေါ်ဆိုနိုင်သေးပေ။ ပညာဥာဏ်ထက်မြက်သည်။ ပိဋကတ် ၀ိနည်း ကျွမ်းကျင်သည် ဆိုသည်တို့ထက် ပို၍ကျော်ကြားရသော အကြောင်းကား မြန်မာ့စာပေသမိုင်းတွင် ရှိရှိသမျှသော ပုဂ္ဂိုလ်အပေါင်းတို့ထက် ထူးခြားသောအကြောင်းများရှိ၍ဖြစ်သည်။

***************************

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ - မာတိကာ

မာတိကာ

၁။ ဗန်းမော်ဆရာတော်
၂။ ဗန်းမော်ဆရာတော်၏ ထူးခြားချက်များ
၃။ ဗန်းမော်ဆရာတော်၏ အကြောင်း
၎။ ကိုရင်ဘ၀ ရွှင်လှသောကဗျာ
၅။ ဗန်းမော်ဆရာတော် စာကြိုးစားပုံ
၆။ အစက ပဏ္ဍိတလို ကျက်ခဲ့ပါလား
၇။ ရှင်ပဏ္ဍိတ၏ တင်္ခဏုပ္ပတ္တိဥာဏ်
၈။ တွေ့မရှောင် အကုန်စားတယ်
၉။ ဟဲ့သာပေါ် ကွမ်းအစ်ယူခဲ့စမ်း
၁၀။ ဗန်းမော်ဆရာတော် ဖြစ်လာခြင်း
၁၁။ သေဘေးတွင်းမှ ကဗျာဥာဏ်
၁၂။ မင်းတုန်းမင်း စိတ်ကတော့ ဘုန်းကြီးပါ
၁၃။ ၀န်ကြီးလေးပါးသို့ ဝေဖန်ချက်ကဗျာ
၁၄။ သုဓမ္မာဆရာတော်များသို့ ဝေဘန်ချက်ကဗျာများ
၁၅။ ဗန်းမော်သို့ အပို့ခံရသည့်ကိစ္စကြီး
၁၆။ ထပ်၍စာချိုးပြန်ခြင်း
၁၇။ လှေပေါ်မှ ကဗျာတပုဒ်
၁၈။ ဗန်းမော်ဆရာတော် ပုဂံဘုရားဖူးလိုခြင်း
၁၉။ ငယ်ပါလိုမနေတတ်လို့ ပုံပြင်
၂၀။ ပညာကိုအယူမှားလို့ ရှမ်းမယားဖြစ်ရသောပုံပြင်
၂၁။ ဆုတဆယ့်ငါးပါးရသော တကာမကြီး
၂၂။ ဗန်းမော်ဆရာတော်ကို အရေးယူရသောအကြောင်းရင်း
၂၃။ အဘယ်ကြောင့်ဗန်းမော်သို့ ပို့ရသနည်း
၂၄။ နေပြည်တော်သို့ပြန်ပင့်ခြင်း
၂၅။ စစ်ကိုင်းဘက်သို့ မဟာဒဏ်ဝန် သွားရောက်ပင့်ခြင်း
၂၆။ အာဏာပါးကွက်သားဥပမာနှင့် ထင်ဟတ်၍မိန့်ကြားပုံ
၂၇။ ဗန်းမော်ဆရာတော်အပေါ် သံယောဇဉ်ကြီးလှပုံ
၂၈။ ဘယ်မအေ့လင်တွေက ပြောသလဲ
၂၉။ မန်းမတွေပေါင်ကြားထဲက ရှင်ဘုရင်
၃၀။ သင်္ဂဇာဆရာတော်ကို ချီးကျူးခြင်း
၃၁။ ဗန်းမော်မရောက်မှီ ဖြစ်ရပ် ၂-ခု
၃၂။ ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ကို စာချိုးခြင်း
၃၃။ စစ်ကိုင်းချောင်မှ စာချိုးများ
၃၄။ ဗန်းမော်ဆရာတော်၏ သဘာဝကဗျာ
၃၅။ တောထွက်ကြီးစာမပီ၍ ဖွဲ့ဆိုသော ကဗျာ
၃၆။ ထွဋ်ခေါင်ဆရာတော်သို့ စာချိုးခြင်း
၃၇။ ဗန်းမော်ဆရာတော်နှင့် သီလရှင် မယ်ကင်း
၃၈။ မယ်ကင်းတေးထပ် သုံးသပ်ဝေဖန်ချက်
၃၉။ ဗန်းမော်ဆရာတော်၏တေးထပ် သုံးသပ်ချက်
၄၀။ ဗန်းမော်နှင့်မယ်ကင်းချစ်ကြိုက်ဘူးသလော
၄၁။ ဦးပဉ္စင်းဘ၀က ရေးစပ်သည်ဆိုသော တေးထပ်
၄၂။ ဗန်းမော်ဆရာတော် ပဉ္စင်းပျိုဘ၀က ရေးစပ်သော တေးထပ်
၄၃။ ဗန်းမော်နှင့်မယ်ကင်း စစ်ကိုင်းမှာတွေ့ခြင်း
၄၄။ ၀က်ဝက်ကွဲ စာချိုးနှစ်ပုဒ်
၄၅။ အခြေခံကောင်းဖို့လိုကြောင်း ပုံပြင်
၄၆။ ထိုးကွင်းနှင့်မိန်းမကြီးပုံပြင်
၄၇။ သုံးခွန်းသောစကားပုံပြင်
၄၈။ မြွေပွေးအမြီးကိုင်သူ ဥပမာပုံပြင်
၄၉။ အရမ်းမငြင်းကြနဲ့ပုံပြင်
၅၀။ အထက်ပေါက်နဲ့အောက်ပေါက် ပုံပြင်
၅၁။ အထက်ပေါက်ကြောက်ကာမှ အောက်ပေါက်နဲ့တွေ့
၅၂။ ကြက်ကုပ်ပေမဲ့ တိုက်ပွဲသွင်းရမှာပဲ
၅၃။ ငယ်ပါကိုတောင်မြင်နိုင်ပုံ
၅၄။ မှားရုံးသာမှား ဆက်မမိုက်နဲ့
၅၅။ ဖိုးသူတော် ပုတီးစိတ်သလို
၅၆။ မုဆိုးမအိမ်ပေါ်က သူခိုးအကြောင်း
၅၇။ ငါ့မကြိုက်နဲ့
၅၈။ ဥဒက ဗက ပုံပြင်
၅၉။ မောင်ဟိန်း ဘီလူးကြိမ်းသလို ပုံပြင်
၆၀။ ဖအေနဲ့သား ရန်များရတော့မလို
၆၁။ လမင်းကို သက်သေတည်ပုံပြင်
၆၂။ ဓူဝံကြယ်တောင်ဘက်ရွှေ့သွားပြီ
၆၃။ တယောက်တည်းတဲ့အောင်နေ
၆၄။ ပျင်းရုံသာပျင်း မဖျင်းနဲ့
၆၅။ အမိုက်တရား ဟောကြားတော်မူခြင်း
၆၆။ မိုးဗေဒင်ကောင် အကြောင်း
၆၇။ သတ်ပုံမှားလို့ သက်သာပေတော့
၆၈။ တူရွင်းမုံ့ဟင်းခါး
၆၉။ အစေ့ကြီးတဲ့ အုန်းသီး
၇၀။ ထုံးကွင်းပြောင်းမှတ် အရပ်လွဲသလို ပုံပြင်
၇၁။ ငချဉ်သည်မိအေးလို ဖြစ်မှာစိုးလို့
၇၂။ သူများအပြစ်ကိုချည့် မကြည့်နဲ့
၇၃။ ပါဋ္ဌ်တချက် အနက်ဆယ်ထွေ
၇၄။ အံ့ပါရဲ့ကွာ
၇၅။ ကျမလင် ယောင်သုံးဆယ်
၇၆။ အနီးဆုံးရန်သူ ဘယ်သူလဲ
၇၇။ အလောသုံးဆယ်
၇၈။ နင့်စိတ်ကူးကြောင့် ငါ့ကျောအောင့်တယ်
၇၉။ နို့ထမင်းဆိုတာ ကွေးကွေးလေးပါလား
၈၀။ များများလှူမှ ကျန်းသေရမှာ
၈၁။ ငွေပါမှ မယားကကြည်သာမယ်
၈၂။ နိဗ္ဗာန်ကိုရောက်မှာတောင် အိမ်တခေါက်ပြန်ချင်တဲ့ မောင်ဆောင်
၈၃။ ရှေ့နေဆိုတော့ စကားတတ်တာကိုး
၈၄။ ပညာရှိမောင်ထင် ဆင်မမြင်ဘူးသလို
၈၅။ သီလခံယူတယ်ဆိုတာ နပန်းချတတ်မှ
၈၆။ နိဂုံးချုပ်

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ



တနေ့က မြန်မာကျူးပစ်ဖိုရမ်ကမောင်နှမတတွေနဲ့ အလာပ၊ သလာပ စကားပြောကြ၊ ဆိုကြရင်း ရှေးခေတ်က စာကဗျာတွေမှာ ရိတတ်၊ ထေ့တတ်လေ့တဲ့ ရှေးစာဆို၊ က၀ိ အကျော်အမော်တွေအကြောင်း စကားရောက်တော့ ဗန်းမော်ဆရာတော်ရဲ့ ပြောင်မြောက်လှတဲ့ စာချိုးတွေအကြောင်း ပြောဖြစ်ကြတယ်။ ကိုယ့်လက်ထဲမှာ ရန်ကုန်က ပါလာတဲ့ ၁၉၇၂ခုနှစ်က ဦးကျော်ဦးပြုစုတဲ့ ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ ဆိုတဲ့ စာအုပ်ရှိတယ်ဆိုတော့ ဖတ်ချင်ကြလို့ ရိုက်တင်ပေးပါလို့ တောင်းဆိုကြတယ်။ ဒါနဲ့ ဒီကနေ့ ဆေးခန်းကအပြန် စာစရိုက်ဖြစ်ပါတယ်။ ဘလော့လာလည်တဲ့ သူငယ်ချင်းမိတ်ဆွေများလည်း ဖတ်ချင်ကြလိမ့်မယ်လို့ ယူဆတာကြောင့် ဒီမှာလည်း ပြန်တင်လိုက်ပါတယ်။ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

************
ဦးကျော်ဦးပြုစုသည့်

ဗန်းမော်ဆရာတော်



ဟာသ-ရသ
ကဗျာ-ပုံပြင်များ



ပထမအကြိမ်
၁၉၇၂-ခုနှစ်၊ ဇူလိုင်လ
အုပ်ရေ ၃၀၀၀
တအုပ် သုံးကျပ်


******************

စာရိုက်သူ၏အမြင်
ကုန်းဘောင်ခေတ်မှာ ကျော်ကြားခဲ့သည့် စာဆိုအကျော်အမော် စလေဦးပုညကို ယခုခေတ်လူငယ်တော်တော်များများက သိရှိကြမည်ဟု ယုံကြည်ပါသည်။ စာဆိုတော်ဦးပုည၏ ခပ်ထေ့ထေ့နိုင်လှသော စာ၊ ကဗျာများကို မဖတ်ဘူးခဲ့ရင်တောင်မှ ရေသည်ပြဇာတ်ကိုတော့ သိရှိကြမည်ထင်ပါသည်။

ထို့ပြင် ကုန်းဘောင်ခေတ် ပုဂံမင်း၊ မင်းတုန်းမင်းမှ စ၍ သီပေါမင်းတိုင်အောင် ထင်ရှားခဲ့သောဆရာတော်တပါးဖြစ်သည့် သင်္ဂဇာဆရာတော်မှာလည်း တရားဟောသည့်နေရာတွင် သူမတူအောင် ကျော်ဇောခဲ့ပါသည်။ ဆရာတော်၏ ပုံတိုပတ်စများ၊ စကားပုံများ နှင့် ဥပမာ ဥပမေယျများ၊ စကားကြွယ်ဝပုံများမှာ မည်သူမျှလိုက်မမှီအောင် ထင်ပေါ်ခဲ့ပါသည်။

ထိုစာဆိုတော် အကျော်အမော်တို့၏ဆရာတဆူဖြစ်ခဲ့သော ဗန်းမော်ဆရာတော် အကြောင်းကို ယခုခေတ်လူငယ်များ ဖတ်ရှုကြနိုင်စေရန် ရည်သန်၍ ၁၉၇၂ခုနှစ်ထုတ် ဦးကျော်ဦးပြုစုသည့် ဗန်းမော်ဆရာတော်၏ ဤ-ဟာသ-ရသ၊ ကဗျာ-ပုံပြင်များစာအုပ်ကို စာရိုက်၍ ဖြန့်ဖြူးလိုက်ပါသည်။

သို့ရာတွင် ဗန်းမော်ဆရာတော်မှာ သူမကြိုက်သည့်အရာများကို ပက်ပက်စက်စက် ပြောတတ်သည့် ဉာန်၊ သဘာဝ ရှိသောကြောင့် ဤစာအုပ်ပါအချို့စကားလုံးများမှာ အလွန်ကြမ်းတမ်းကောင်းကြမ်းတမ်းနိုင်ပါသည်။ ဗန်းမော်ဆရာတော်၏စာချိုးများတွင် အချို့မှာ ကြမ်းတမ်းလှသည်ဖြစ်၍ အချို့မမြင်သင့်သောနေရာများကို (-) ခံ၍ ဖေါ်ပြသွားမည်ဖြစ်ပြီး ဆရာတော်၏ ဂါမဒေါသသင့်အောင် ရေးတတ်သော စာ ကဗျာများကို ဗဟုသုတရဖွယ် ဖတ်ရှုနိုင်စေရန် နှင့် ဤမျှ စာပေတွင်နှံ့စပ်ကာ ထက်မြက်လှသော ရှေးခေတ်ဆရာတော်တပါးအကြောင်းကို သိရှိလေ့လာနိုင်ကြစေရန် ကြိုးစား စာရိုက်တင်ပြလိုက်ရပါသည်။ စာရိုက်ရာတွင် စာအုပ်ပါအတိုင်း ရိုက်သည်ဖြစ်၍ မတော်တဆ ကြမ်းတမ်း၍ မမြင်သင့်သော စကားလုံးများပါနေသေးသည်ဟု ယူဆပါက အချိန်မရွေး အကြောင်းကြား သတိပေးနိုင်ကြပါကြောင်း ကြိုတင် တောင်းပန်အပ်ပါသည်။

မေတ္တာဖြင့်... စုချစ်

နေကောင်းသွားမှာပါ...


image source
ခုညဖက်လာနေတဲ့ ကိုရီးယားကားကို တီဗွီရှေ့ထမင်းစားရင် တခါတလေကြည့်ဖြစ်တော့ မနေ့ကစီးရီးစ်မှာ အလုပ်ဖြုတ်ခံရလို့ စိတ်ညစ်ရတဲ့အကြောင်းပါလာတယ်။ ဇာတ်လမ်းထဲကသူတွေကြည့်ပြီး တလောက ရုံးကအဖြုတ်ခံလိုက်ရတဲ့ လုပ်ဖော်ကိုင်ဖက်၂ယောက်ကိုသတိရပြီး ရင်ထဲမကောင်းဖြစ်သွားလို့ ထမင်းတောင် မျိုမကျတော့ဘူးရယ်။ အလုပ်ပြုတ်သွားလို့ သူတို့မျက်နှာက စိတ်ပူကြောင်း မပြကြပေမဲ့ သူတို့မိသားစုမှာ မူလတန်းသာသာကလေးတွေ ရှိတယ်ဆိုတာ သိနေတာမို့ အလုပ်များထပ်ရှာလို့မရရင် ဘယ်လိုများ ရှေ့ဆက်သွားကြမလဲလို့ သူတို့ကိုယ်စား စိတ်ပူမိပါရဲ့။

သူများကိုသာစိတ်ပူနေ... ကိုယ်ကလည်း ဒီနှစ်ထဲမှာ ထူလိုက်တဲ့ရောဂါနှယ်။ နှစ်စလောက်ကတဲက ဗိုက်အောင့်၊ လေအောင့်၊ ရင်ဘတ်နာ၊ အသက်ရှူကျပ်... အို ဘာတွေမှန်းမသိ... ဟိုဟာလေးဖြစ်လိုက်၊ ဒီဟာလေးဖြစ်လိုက်။ တလောက အသေးစားခွဲစိတ်မှုလုပ်ရတယ်။ ပြီးလည်းပြီးရော သွားကိုက်တာက၀င်လာရော။ ခုပိုက်ဆံထွက်သွားပြီး သွားကိုက်တာသက်သာလာတော့ အတန်ကြာမေ့နေတဲ့ လက်ကိုက်တဲ့ရောဂါက ပြန်ရောက်လာတယ်။

လက်ကိုက်တာကဖြစ်နေတာ ကြာပြီ။ ခံနိုင်ရည်ရှိပါတယ်ဆိုပြီး ပြစ်ထားလိုက်တာရယ်။ အလုပ်တခုလုပ်လိုက်ရင်းနဲ့ ညာဖက်လက်မောင်းရင်းက ဒဏ်ဖြစ်သွားတာ နှစ်ပေါက်နေပြီ။ ခုတလော ဘာပစ္စည်းမှသယ်လို့မရအောင်ပြန်နာလာလို့ အိမ်ကယောက်ယောက်ကလည်း ဆေးရုံအတင်းသွားခိုင်း၊ ဘော့စ်ကိုယ်တိုင်က ဆေးရုံဖုန်းဆက်ပြီး စီစဉ်ပေးလို့ ဒီကနေ့တော့ ရဖယ်ဆေးရုံမှာသွားပြဖြစ်တယ်။

အိတ်စရေးစကန်လုပ်ပြီးတော့ ဆရာဝန် မျက်နှာကကောင်းတယ်လည်းမဟုတ်၊ မကောင်းဘူးလည်းမဟုတ်။ လက်မောင်းရင်းဂျွိုင့်စကန်မှာ အဖြူရောင်အပြောက်တခုတွေ့ရတယ်။ အမ်အာအိုင် စကန်ထပ်လုပ်ရမယ်တဲ့။ အဲသာလုပ်ပြီးမှ ပြောနိုင်မယ်တဲ့။ ဘာဖြစ်နိုင်လည်း ကိုယ်ကအတင်းမေးတာ ပြောလို့မရသေးဘူးပဲ ငြင်းတယ်။ ကင်ဆာလားဆိုတော့ ကင်ဆာမှုတ်ပါဘူးတဲ့။ ဒါဖြင့်ဘာလဲဆိုတော့ စကန်လုပ်ပြီးမှ ပြောမယ်တဲ့။ တနင်္လာနေ့ စကန်လုပ်ဖို့နဲ့ ဆရာဝန်ပြန်ပြဖို့ ချိန်းပြီး ပြန်လာခဲ့တယ်။

ရုတ်တရက်ဆိုတော့ ကိုယ်လည်း အနည်းငယ်ထိတ်လန့်ပြီး ၀မ်းနည်းသွားတယ်။ ပိုက်ဆံပေးဖို့ ထိုင်စောင့်နေတုန်း ယောက်ယောက်ကိုဖုန်းဆက်ပြီး အကြောင်းစုံပြောပြလိုက်တယ်။ သူကတော့ ဘာမှန်းမသိသေးပဲ လျှောက်မတွေးဖို့၊ မစိုးရိမ်ဖို့ ပြောတာပေါ့။ လာခေါ်ရမလားမေးတာကို မလာနဲ့ ကိုယ့်ဘာသာပြန်လာမယ်... ဘာမှမှ မဖြစ်တာလို့ ပြောလိုက်တယ်။

သာနဲ့ထိုင်ခုံမှာ ထိုင်နေရင်းရောက်တတ်ရာရာတွေးနေမိတယ်။ ဒီနှစ်ထဲကြမှ ဘယ်လိုများဖြစ်ပြီး ရောဂါထူနေပါလိမ့်လို့ တွေးနေရင်းနဲ့ပေါ့။ ခုလက်ကလည်း ဘာမှန်းအဖြေကမသိသေးဆိုတော့ စိတ်ကတထင့်ထင့်နဲ့။ အရိုးကင်ဆာဆိုရင်တော့ ဒုက္ခပါပဲဆိုတဲ့အတွေးရယ်။ မတော်တဆလက်ဖြတ်ရရင်တော့ ငါဘယ်လိုပန်းချီဆွဲရပါ့လို့ထိ အတွေးကရောက်သွားတယ်။ သေနိုင်သလားဆိုတဲ့... အတွေးထိတော့ မရောက်ဘူး။ ဒါပေမဲ့ဖြစ်လာရင် ခံစားရမဲ့ ဝေဒနာတွေနဲ့ ဘေးကမိသားစုတွေ စိတ်ညစ်ကြမှာကိုအရမ်းစိုးတယ်။

သူငယ်ချင်းဆရာဝန်မဆီဖုန်းဆက်တယ်...။ ဖုန်းပိတ်ထားတယ်။ နောက်တစ်ယောက်ဆီဆက်တယ်။ ဘာအဖြေမှတော့ သူ့ဆီကမရပါဘူး.. ပြောလို့မရဘူး... ဘာမှန်းမသိဘူး... အမ်အာအိုင်ပဲ စောင့်ကြည့်ပါ.. မစိုးရိမ်ပါနဲ့ အဖြေပဲရတယ်။ ကိုယ်ကလည်း ဘာဆိုတာ အကြမ်းဖျင်း သိချင်တာပဲ ရှိတာပါ။ တကယ်တန်းခုခုဖြစ်လာပြီဆို ရှောင်လွှဲလို့မှ မရတာ... ပြေးတွေ့ရုံပဲ ရှိတော့တာပေါ့။

သူငယ်ချင်းတွေက ခုတလော ကိုယ်ရောဂါထူနေတာသိတော့ တချို့က ဗေဒင်လေးဘာလေး မေးကြည့်၊ ယတြာခြေဦးလို့တိုက်တွန်းကြတယ်။ ဗေဒင်၊ ယတြာမယုံတဲ့သူမို့ သူတို့ပြောတာ ကိုယ်မလုပ်ဘူး။ ဘုရား၊ တရားပိုလုပ်ရမယ်ဆိုတာတော့ သတိချပ်မိပါရဲ့။ ကိုယ့်မှာ ဖြစ်လာရမဲ့ကံပါလာရင် ဒီကံကပြေးလို့မှ မလွတ်တာ... ယတြာခြေပြီးနောက်ဘ၀ထိတော့ စောင့်မနေချင်တော့ဘူး။ ဖြစ်ရမှာရှိရင်လည်း ပြေးတွေ့လိုက်ရုံပဲ ရှိတော့တာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။

ပထမဆုံး လေယာဉ်စီးဘူးတဲ့ အဖြစ်ကို သတိသွားရမိတယ်။ မန္တလေးကနေ ရန်ကုန်ကို အဖော်မပါပဲ ပထမဆုံး လေယာဉ်စီးဘူးတော့... စိတ်ထဲက အမှန်ကိုပြောရရင် အတော်လေးလန့်တယ်။ ရာသီဥတုမကောင်းတော့ လေယာဉ်က ယိုင်ထိုးယိုင်ထိုးတက်သွားလိုက်တာ... ရင်တွေကလည်း တဒိုင်ဒိုင်းခုန်လို့။ နောက်တော့ စိတ်ကိုလျှော့လိုက်တယ်။ သေတနေ့... မွေးတနေ့... ဘာမှ ကြောက်မနေတော့ဘူး။ ဒါပေမဲ့ သေလည်း ကောင်းကောင်းမွန်မွန်သေရအောင် ငါ ဘုရားစာရွတ်နေမှ ဖြစ်မယ်ဆိုပြီး ဘာမှ မတွေးတော့ပဲ သရဏဂုံ၃ပါးနဲ့ သမ္ဗုဒ္ဓေ ကို လှည့်ပြန်ရွတ်ပြီး ရန်ကုန်ရောက်ရတယ်။

ခုလည်း... တခြားဘာမှ မတွေးတော့ဘူး။ ငါ ဘုရား၊ တရား ကောင်းကောင်း မလုပ်၊ ဘာဝနာ အားမထုတ်လို့ သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတွေက တမင်သတိများပေးနေသလားလို့ တွေးမိပါရဲ့။ နောက်တခုက ကိုယ့်ဘာသာစိတ်ကဖြစ်နေတာ... ၉ဂဏန်းကို ၀င်ကတဲက ရောဂါကထူလာသကိုး။ ခုသြဂုတ်ဆို ၃၉ပြည့်မယ်... မွေးနေ့ကျော်ရင်တော့ ကောင်းသွားမှာလို့ သူများဗေဒင်မယုံပေမဲ့ ကိုယ့်ဗေဒင်နဲ့ကိုယ် ဖြေတွေး တွေးမိတယ်။

ဒီတပတ်စနေကစလို့တော့ သူငယ်ချင်းအိမ်မှာ တရားထိုင်ဖို့ရှိတာ အစကတော့ သွားရင်ကောင်းမလို မသွားပဲနေရမလိုနဲ့... မသိစိတ်က ညီမလေးကို စာကူလုပ်ပေးရမှာရှိလို့၊ ယောက်ယောက်ပျင်းနေမှာစိုးလို့ ..စသဖြင့် အကြောင်းပြချက် လိုက်ရှာနေခဲ့တယ်။ ခုတော့ သွားကိုသွားရမယ်လို့ ဆုံးဖြတ်ချက်ကျသွားတယ်။ ဒုက္ခဖြစ်မှ ဘုရားတရားလုပ်ဖို့ သတိရတယ်လို့ ပြောရင်လည်း ဟုတ်နေတော့ ခံရမှာပဲ။

တနင်္ဂနွေတော့ ကျောင်းဖွင့်ပွဲနဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲရှိလို့ ဘုန်းကြီးကျောင်းမှာ ကူလုပ်ပေးမယ်လို့ ပြောထားတော့အတော်ပါပဲ...။ ဘုန်းကြီးကျောင်းတနေကုန်ရောက်နေတော့ တခြား ဘာမှ မတွေးဖြစ်တော့ဘူးပေါ့...။