Friday, October 3, 2008

Unfaithful!

Image from http://www.fotosearch.com/

ဘာရယ်ဟုတ်ဘူး....တောင်ရောက်မြောက်ရောက်တွေးရင်း နဲ့ စလုံးရောက်ကာစ အဆောင်မှာ နေတုန်းက တရုတ်မ၁ယောက်ကို သတိရသွားလို့....။

ကိုယ်စလုံးကို ရောက်ကာစ... နေခဲ့ရတဲ့ အဆောင်က လုံးချင်းအိမ်လေးတွေ၊ အောက်ထပ်မှာ ၁ယောက်ခန်း ၁ခန်း နဲ့ ၂ယောက်ခန်း ၁ခန်း၊ မီးဖိုဆောင်၊ ဧည့်ခန်း။ အပေါ် ထပ်မှာက ၂ယောက်ခန်း ၃ခန်း။ အဲဒီ အပေါ် ထပ်မှာ ပြည်ကြီး တရုတ်မ ၄ယောက်၊ ပြင်သစ်မ ၁ယောက် နဲ့ မလေးတရုတ်မ ၁ယောက်နေကြတယ်။ အောက်ထပ်မှာက ကိုယ်တို့ မြန်မာ ၃ယောက်နေကြတယ်။

ပြောချင်တာ အဲဒီအပေါ် ထပ်က လူတွေ အကြောင်း။ အဲဒီထဲမှာ ပြည်ကြီးမ ၄ယောက်က ကိုယ်စီ ဇာတ်လမ်းမျိုးစုံနဲ့...။ ဗမာပြည်ကလာတဲ့ ကွန်ဇာဗေးတစ် ရိုးရိုးစင်းစင်း မိသားစုက ကြီးပြင်းလာရတဲ့ ကိုယ်ကတော့ ရောက်ကာစက သူတို့နေပုံထိုင်ပုံကို ကြည့်ပြီး အဘား...အဘား နဲ့ အော်နေရ... မီးမီး ရှက်ရှက်လို့ လက်ကာထားရ... ဖြစ်နေတာပေါ့။ သူတို့ထဲက၁ယောက်ရဲ့ အကြောင်းလေးပြောချင်လာလို့...။

သူက NUS က ဓာတုအင်ဂျင်နီယာရင်းမှာ မာစတာလုပ်နေတဲ့ ကောင်မလေး။ သူ့ရည်းစားကောင်လေးက အဆောင်ကို အမြဲအလည်လာလေ့ရှိတယ်။ စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆိုရင် ကောင်လေးက နံနက် ၁၀နာရီ ကိုယ်တို့ မီးဖိုထဲမှာ ချက်ချိန်ပြုတ်ချိတ်လောက်ဆို ရောက်လာပါပြီ။ သူက အဆောင်ထဲကို မ၀င်ခင် တံခါးဝကနေ မ၀ံ့မရဲ့၊ မတိုးမကျယ် အသံ နဲ့ ဟယ်လို...လို့ အမြဲ ခေါ်လေ့ရှိတယ်။ အပေါ် ထပ်က သူ့ကောင်မလေးကတော့ ဘယ်ကြားပါ့မလဲ...။ ကိုယ်တို့ ကြားတဲ့သူ... ကြုံတဲ့သူတွေက သူ့ကို လက်ကလေး ခဏကာပြ... ပြီးတော့ လှေကားရင်းကနေ သူ့ကောင်မလေး နံမည်ကို အော်ခေါ်ပေး။ အိတ်တော့မှ... ပြုံးပြုံး... ပြုံးပြုံးနဲ့ ကောင်မလေးကဆင်းလာ။ သူ့ကောင်လေး လက်ကို ဆွဲပြီး အပေါ် ထပ်ကို ခေါ် သွားပေါ့။ မရွှေစာကသာ ဘယ်သူ့မှ အရေးမလုပ်တာ။ ကိုယ်တော်ချောကတော့ ရှက်ကိုးရှက်ကန်းဟန်နဲ့ ကိုယ်တို့ကို မလုံမလဲကြည့်... စိုင်းကျူး...လို့ တရုတ်သံဝဲ၀ဲနဲ့ပြောပြီး အပေါ် ထပ်ကို ပါသွား။ အဲဒါ ဖြစ်ရိုးဖြစ်စဉ် မြင်နေရတာ ကြာလာတဲ့အခါ ကိုယ်တို့အတွက် ထူးတောင်မထူးဆန်းတော့ဘူး။ ဒီတရုတ်လေးက အရပ်ကရှည်ရှည်မားမား၊ ရိုးသားမှုရှိတဲ့ မျက်လုံးတစုံနဲ့ ရှက်ကိုးရှက်ကန်း ဟန်တွေ ရှိလို့ ကိုယ်တို့ မြန်မာ၃ယောက်လုံး သူ့ကိုတော့ ဘာရယ်မဟုတ် ခင်နေမိကြတယ်။

အဲ... တနေ့ညခင်း ၁၀နာရီကျော်လောက် ဧည့်ခန်းထဲမှာ ကိုယ်စာထိုင်ဖတ်နေတုန်း မရွှေချော ပြန်လာတာတွေ့ရတယ်။ သူ့နောက်က သူတို့ လူမျိုး အသက်ခပ်ကြီးကြီး လူကြီး၁ယောက်နဲ့...။ ဒီလူကြီးက ကိုယ့်ကို ဟယ်လို ဆိုပြီး ပြုံးပြနှုတ်ဆက်တာကို လုပ်ရိုးလုပ်စဉ်အတိုင်း ခေါင်းငြိမ့်ပြီး ဟန်ဆောင်ပြုံးလေးတောင် ကိုယ်ပြန်မပြုံးပြနိုင်လိုက်မိဘူးထင်တယ်။ မရွှေချောကတော့ ကိုယ့်ကို စာဖတ်နေတာလား လို့ တချက် နှုတ်ဆက်ပြီးသကာလ ကိုယ့်ရှေ့ Fridge ထဲက အအေးဗူးတဗူးကို ထုတ်ယူလို့ ဘာမှ မဖြစ်သလို လူကြီးလက်ကိုဆွဲလို့ အပေါ် ထပ်ကို တက်သွားတယ်။ ဒီလူကြီးက လည်း ပိုင်စိုးပိုင်နင်း ခပ်တင်းတင်းနဲ့ ကိုယ့်ရှေ့ကဖြတ်လျှောက်လို့ အပေါ် ထပ်ကို လိုက်ပါသွားတယ်။ တကယ်ဆို အဆောင်မှာ ညအိပ်ညနေ လူလက်ခံခွင့်မရှိတာ သူတို့ မသိလေရော့သလား။ ကိုယ့်မှာသာ လက်ထဲက စာအုပ်ကိုဆက်မဖတ်နိုင်တော့ပဲ သူတို့ တက်သွားတဲ့ လှေခါးရှိရာကို... စိတ်တိုတောင်းစွာ လိုက်ကြည့်နေမိတယ်...။ ဒါ...ဘာသဘောလဲ....။ ဘာလုပ်တာလဲ...။ အခန်းထဲက ကိုယ့်သူငယ်ချင်းကို ခေါ်ပြီး ပြောလိုက်သေးတယ်...။ ဟိုဖက်အခန်းက နောက်သူငယ်ချင်းကလည်းထွက်လာပြီး ကိုယ်တို့ ၃ယောက် ပွစိပွစိ စကားတင်းဆိုကြလေတာပေါ့။ အိမ်ကို လူလိုက်လာလို့ စိတ်တိုတာထက် ... ကိုယ်တို့ ဘော်ဒါ တရုတ်လေးမျက်နှာကို မြင်ယောင်နေကြပြီး စိတ်တိုကြရတာကပိုတယ်။ ပြီးတော့ ကိုယ်တို့ အံ့တာက တခန်းထဲမှာ တခြားမိန်းကလေး ၁ယောက်နဲ့ အတူနေရတာ။ သူတို့ဘဲကို အခန်းခေါ် သွင်းတာကတော့ အံ့ရော...အံ့ရော..ဆိုတာပါပဲ။ သူ့အခန်းဖေါ်တရုတ်မက ဘာ ကွန်ပလိမ်းမှ မလုပ်တာလဲ... အံ့ရော...အံ့ရော...ပဲ။

ဒါနဲ့ပဲ... အဲဒီနေ့ကစလို့ ကိုယ်တို့ရဲ့ တရုတ်လေးဟာ.. ပျောက်ချင်းမလှ ပျောက်သွားပြီး အဆောင်ကို ဒီလူကြီးက အမြဲရောက်ရောက်လာတယ်။ သူက NUS ကပဲ အီးအီးမှာ PhD လုပ်နေတယ်ဆိုပဲ။ ကိုယ်တို့ကတော့ ဒီလူကြီးမျက်နှာကို ကြည့်ရတာ တရုတ်ကားတွေထဲက ဗီလိန်မျက်နှာနဲ့တူလို့။ မျက်နှာကအမြဲ အဆီပြန်ပြန်... အရပ်က ပုကွကွ.. အသက်ကလည်း ကြီးကြီး...။ ဒီ တရုတ်မ ဘာမြင်ပြီး သဘောကျရသလဲဆိုတာ နည်းနည်းမှ စဉ်းစားလို့ မရဘူး။ တခုပဲ ရှိတယ်.... ဒီလူကြီးရောက်လာမှ ကိုယ်တို့မှာမီးဖိုဆောင်ကို သူမချက်ခင် ရအောင်ဦးရတယ်။ ဒီလူကြီးက အချက်အပြုတ်ကတော့ နံပါတ်၁ ပဲ။ ခါတိုင်းဆို တရုတ်မတွေ ချက်လို့ ကိုယ်တို့ကို လာကျွေးရင် နည်းနည်း ၀င်မြည်းပေမဲ့ ဒီလူကြီး ချက်တာတွေတော့ သွားရည်ကျစရာ ကောင်းလောက်အောင် မွှေးကြိုင်နေသော်လည်းပဲ အမြင်ကပ်နေတဲ့ ပုဒ်မကြောင့် ဘယ်တော့မှ မစားဘူး။ သူတို့က စနေ၊ တနင်္ဂနွေဆိုရင် ၂ယောက်သား မီးဖိုဆောင်မှာ ချက်ကြ၊ ပြုတ်ကြ။ အဲ... စားပြီးသောက်ပြီးပြီ ဆိုရင်တော့ ၂ယောက်သား ရွှေလက်တွဲပြီး အပေါ် ထပ်က စံနန်းဆီကို မြန်းကြပေါ့။ ဒါကို ကြည့်ပြီး ကိုယ်တို့က မေးငေါ့... ကျန်ခဲ့ကြ...။

တနေ့သော နေ့လည်ခင်း မီးဖိုဆောင်ထဲမှာ ကိုယ်၁ယောက်ထဲ သန့်ရှင်းရေးလုပ်နေတုန်း ရုတ်တရက် ဟယ်လို ဆိုတဲ့ ကြားဘူးနေကြ အသံသဲ့သဲ့ လေးပေါ်လာလို့... တံခါးဝ ထွက်ကြည့်တော့.... မြတ်စွာဘုရား..ကယ်တော်မူပါလို့ အော်လိုက်မိမတတ် အတော်ကြာအောင် ပျောက်နေတဲ့ ကိုယ်တို့ မင်းသားတရုတ်လေးကို ထုံးစံအတိုင်း ရှက်ကိုးရှက်ကန်း အပြုံးတစုံနဲ့ မားမားကြီး တွေ့လိုက်ရတယ်။ သူက ထုံးစံအတိုင်း သူ့ကောင်မလေးရှိလားလို့ ကိုယ့်ကို မေးနေတယ်။ ကိုယ်ဘာပြန်ပြောရမယ်မှန်းမသိဘူး...။ မရွှေစာက အပေါ် မှာ ဟိုလူကြီးနဲ့...။ ကိုယ်က ထိတ်လန့်တကြား ပြာယာတွေခတ်ပြီး... ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိ... ဘာပြောရမယ်မှန်းမသိ...။ သူ့ကို ခဏလို့ လက်ကာပြပြီး ယောင်တောင်တောင်နဲ့ အခန်းထဲက ကိုယ့်သူငယ်ချင်း၂ယောက်ကို ... ဟဲ့...ဟဲ့... လုပ်ကြပါဦး... ဟို ကောင်လေးလာနေတယ်...။ ဟိုကောင်လေးလာနေတယ်လို့ ခပ်အုတ်အုတ်အော်ပြောမိတယ်။

ကိုယ့်သူငယ်ချင်း၂ယောက်ကလည်း အခန်းထဲက ချက်ချင်းဆိုသလို ထွက်လာကြပြီး ... ဟဲ့ မိစု...ခေါ်မပေးနဲ့... အပေါ်တက်သွားလို့ ပြောလိုက်..ပြောလိုက်...အပေါ် ကို သူ့ဖာသာတက်သွားပစေ... လို့ဆိုပြီး... တရုတ်မကို အမြင်ကတ်နေသူများပီပီ ၀ိုင်းပြောကြတယ်။ တရုတ်လေးက ကိုယ်တို့ပြောနေတဲ့ အသံတွေကို ကြားနေရတယ်။ ဘာတွေပြောနေကြမှန်းတော့ သူမသိပေဘူးပေါ့...။ ကိုယ်ကတော့ တရုတ်လေးကို မမြင်သင့်တာ မမြင်ရအောင်...ဘာပဲဖြစ်ဖြစ်လေ... အနည်းဆုံး မမြင်ရတော့ စိတ်သက်သာတာပေါ့လို့ တွေးမိပြီး... ကိုယ့်သူငယ်ချင်းတွေ တားတဲ့ ကြားက တရုတ်မလေးနံမည်ကို အာပြဲကြီးနဲ့ အော်ခေါ်... ဧည့်သည် ရောက်နေတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့ကို ဟန်ဆောင်ပြုံး... ပြုံးပြရင်း... မတော်... သူအပေါ်တက်သွားမှာစိုးလို့... စကားမရှိစကားရှာ... မတွေ့တာကြာပြီနော်လို့ ပြောတော့...သူက ...သူ.. တရုတ်ပြည်ကို ပြန်နေတာ လို့ ပြောတယ်။ မနေ့ကမှ ပြန်ရောက်သတဲ့...။ အဲဒီအချိန်မှာ မရွှေစာက လှေကားကနေ တဒိုင်းဒိုင်းနဲ့ ပြေးဆင်းလာပြီး တရုတ်လေးတွေ့တော့ အနည်းငယ် မှင်သက်တဲ့ ပုံနဲ့ လှမ်းကြည့်တယ်။ ပြီးတော့...သူတို့ ၂ယောက် တံခါးဝမှာပဲ ရပ်ပြီး ဘာတွေ ပြောကြလဲ မသိဘူး။ ပုံစံကတော့ ကိုယ်တို့ တရုတ်လေး ရင်ဝကို ခြေနဲ့ ဆောင့်ကန်တဲ့ စကားမျိုးတွေ ဖြစ်မှာပေါ့။ အတန်ကြာတော့ မီးဖိုဆောင်ပြူတင်းကနေ လှမ်းအကြည့် နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ ခေါင်းငိုက်စိုက်ချပြီး လှည့်ပြန်သွားတဲ့ ကိုယ်တို့ တရုတ်လေး နောက်ကျောကိုပဲ နောက်ဆုံးအနေနဲ့ လှမ်းမြင်လိုက်ရတော့တယ်။ အဲဒီအချိန်မှာတော့ ခုနကတဲက လှေခါးမှာ ချောင်းနားထောင်နေတဲ့ ကိုပုကွနဲ့ မရွှေစာတို့ကတော့ Fridge ထဲက အအေးဗူးတွေယူပြီး အပေါ် ထပ်ကို ဟီးဟီး ဟားဟားနဲ့ ပြန်တက်သွားလေရဲ့....။

အော်...မေ့လို့...ပြောစရာ တခုကျန်သွားတယ်...။ အဲဒီ...ကိုပုကွက တရုတ်ပြည်မှာ... မိန်းမနဲ့ ကလေးတွေ ရှိသတဲ့...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

No comments: