Tuesday, November 11, 2008

ကွန်ဒိုထက်တော့ တန်ပါတယ်

Image from http://www.fotosearch.com/
တနေ့က မတွေ့တာကြာပြီဖြစ်တဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ၊ အဆောင်မှာ အတူတူနေခဲ့တဲ့ အစ်မတွေနဲ့တွေ့ဖြစ်ခဲ့တယ်။ မတွေ့တာ ကြာပြီဆိုတော့ အားရ၀မ်းသာ နှုတ်ဆက်ကြ၊ စကားပြောကြ၊ သူ့အကြောင်း ကိုယ့်အကြောင်းမေးကြ၊ မြန်းကြနဲ့ စကားတွေပြောလို့ကို မကုန်နိုင်ဘူး။ တော်တော်များများ ကိုယ့်ကို သြဘာပေးကြတာကတော့... နင့်နှယ်ဟယ်...ခုထိလည်း ကလေးမယူသေးပါလား၊ အလုပ်တွေပဲ ကျုံးလုပ်မနေနဲ့၊ ပိုက်ဆံ တွေ ထားစရာ နေရာမရှိပဲ နေဦးမယ်တဲ့။

ဒါနဲ့... စကားတွေ ပေါက်ပေါက်ဖောက်သလိုပြောရင်း စပ်မိစပ်ရာ စီးပွားရေးအကြောင်းတွေ ရောက်သွားတော့... ဘယ်သူကတော့ အလုပ်ထွက်ပြီး ဘာစီးပွားရေးလုပ်နေတယ်... ဘယ်လို အမြတ်တွေရတယ်... ဘယ်သူကတော့ အပိုဝင်ငွေ ဘယ်လို ရှာတတ်တယ်... စသဖြင့် သွားရည်ကျစရာပေါ့။ တချို့ကျတော့လည်း... သူတို့ကတော့ ဘာစီးပွားရေးမှလည်း မလုပ်တတ်တာမို့... ရှိတဲ့ ပိုက်ဆံလေးနဲ့... ရန်ကုန်မှာ အိမ်တွေ... ခြံတွေ ၀ယ်ထားသတဲ့။ အသက်ကြီးတဲ့ အချိန် ပြန်သွားရင် အဆင်သင့်နေနိုင်အောင်တဲ့။ နောကတစ်ယောက်ကတော့ ရန်ကုန်မှာပဲ ကွန်ဒိုတွေ ၀ယ်ထားပြီး ဋ္ဌားစားတယ်တဲ့။ နောက်တစ်ယောက်ကတော့ မေမြို့မှာ ခြံအကျယ်ကြီးတခု လောလောဆယ်ဝယ်ထားပလိုက်တယ်တဲ့။ နောက်တစ်ယောက်ကတော့... မြန်မာပြည်ပြန်ပြီး ၀ယ်ထားလို့လည်း ဘယ်သူမှ ကြည့်ပေးနိုင်တာ မဟုတ်လို့... စင်ကာပူမှာ ကွန်ဒို တစ်လုံးဝယ်ထားပြီး ဌားစားထားသတဲ့။ ကိုယ်တို့ အရွယ်တွေက ဒီအရွယ်မှာ သူဌေးဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဘယ်တော့ မှ သူဌေးမဖြစ်တော့ဘူးဆိုတဲ့ အရွယ်တွေကိုး။

အိတ်လို သူတို့ တစ်ယောက်တလှည့်ပြောပြီးသကာလ... ဟဲ့... နင်ရော... ဘာတွေလုပ်နေလဲ... စီးပွားရေးကောလုပ်သလား...။ ဒီမှာ ကွန်ဒိုဝယ်ပြီးပြီလား...။ မြန်မာပြည်ပြန်ပြီးရော ၀ယ်ထားသလား... မေးလိုက်တာမှ အစုံ။ ကိုယ့်မှာ ယောက်ယောက်မျက်နှာကို အသာလှမ်းကြည့်ပြီး (သူကတော့ ဘာမှ မကြားသလို အိတ်အိမ်က သတင်းစာ ကို သဲကြီးမဲကြီးဖတ်လို့...) ဘယ်မှာမှ မ၀ယ်နိုင်ပါဘူး၊ မ၀ယ်ထားပါဘူး... အစ်မတို့ရာ... စီးပွားရေးလည်း ဘာမှ မလုပ်တတ်ပါဘူး... အစ်မတို့လောက်မချမ်းသာပါဘူးလို့ ပြောလိုက်မိတာပေါ့။ ဟုတ်တယ်လေ... သူတို့လို့ ပြောစရာ... ကိုယ့်မယ်... ဘယ်မှာမှ မရှိတဲ့ဥစ္စာ။ အိတ်တော့လည်း ... အားလုံးက ၀ိုင်းအော်ကြရော။ အောင်မလေး... လစာကောင်း ၀င်ငွေကောင်းတဲ့ သူတွေကများ... လင်မယား၂ယောက်ရှာနေတဲ့ သူတွေကများ... သုံးမဲ့သူလည်းမရှိပဲနဲ့... ငါတို့လို တစ်ယောက်ထဲ ရှာစားနေတဲ့သူတွေ ပြောဖို့လည်း ချန်ထားပါဦးဟယ်လို့ ကွန်ဒိုဝယ်ထားတယ်ဆိုတဲ့ အပျိုကြီးမမ၂ယောက်က ၀ိုင်းအော်ကြတယ်။

သူတို့ပြောတာတွေးကြည့်တော့ ကိုယ်တို့၂ယောက်လုံး ဘွဲ့ရကတဲက အင်ဂျင်နီယာအလုပ်ပဲ တသက်လုံးလုပ်လာတယ်။ ဘာစီးပွားရေးမှ လုပ်ဖို့ မစဉ်းစားတတ်ခဲ့ဘူး။ အပိုဝင်ငွေ ရှာရအောင်လည်း မကြံစည်တတ်ခဲ့ကြဘူး။ အပိုဝင်ငွေဆိုလို့... တစ်ခေါက် မြန်မာပြည် ပြန်တော့ ကိုယ်တို့ အိမ်နဲ့ ၁လမ်းကျော်မှာ တိုက်အသစ်ကြီး ဟီး... လို့ ဆောက်ထားတာ။ အိတ်အိမ်က အစတုန်းက ပျဉ်ထောင်သွပ်မိုးနဲ့ ခပ်ယိုင်ယိုင်အိမ်ရယ်။ တယ်ဟုတ်ပါလား.... ဘယ်လိုများ ချမ်းသာသွားပါလိမ့်လို့လည်းမေးကြည့်တော့ ကိုယ်တို့ မျက်စောင်းထိုးအိမ်က အန်တီမော်က ပြောတယ်။ အိတ်ကောင်လေးက စင်ကာပူမှာ ညည်းလိုပဲ အလုပ်လုပ်နေတာလေ။ ပိုက်ဆံတွေထောလိုက်တာများမနည်းဘူး။ ဒီကောင်လေးအေ... တော်ချက်က စလုံးရောက်တာ ၂နှစ်ပဲ ရှိသေးတယ်အေ့တဲ့။ ညည်းတို့လို အင်ဂျင်နီယာမဟုတ်...။ ညည်းတို့လို နိုင်ငံခြားဘွဲ့တွေမရ...။ ညည်းတို့လို မန်နေဂျာဖြစ်စရာမလို...။ ပြောရရင်အေ... ညည်းတို့လို ပညာတတ်စရာမလိုပေါင်...။ ညည်းတို့ထက် တော်တယ်...။ ၀င်ငွေကောင်းသတဲ့။ နောက်မှ သေချာစုံစမ်းကြည့်တော့ ဒီကောင်လေးက ပထမတော့ construction site မှာ ဖိုမင်နဲ့ အလုပ်စ၀င်ပြီး နောက်ပိုင်းမှာ စလုံးပွဲစားနဲ့ပေါင်း... မြန်မာပြည်က အလုပ်သမားခေါ်ပေးတဲ့ လူပွဲစားလုပ်နေတာကိုး။ မရှိမဲ့ရှိမဲ့ အလုပ်သမားလေးတွေဆီက မတန်တဆ ပွဲစားခတွေယူ၊ မစားရ၀ခမန်းတွေပြောပြီး တခါတရံလိမ်တယ်လို့လည်း ကြားမိတယ်။ အော်... ချမ်းသာဖို့ ... ပညာတတ်စရာမလိုဘူး၊ လုပ်တတ်ဖို့ပဲ လိုတယ်ဆိုတာ ဒါမျိုးပြောတာလားမသိ။

ယောက်ယောက်ကတော့ အပိုဝင်ငွေ အိတ်လို ပွဲစားခ ရဖို့ ဝေးသေးပေါ့။ တခါသား မြန်မာပြည်က ကောင်လေးတွေကို သူ့ဆိုဒ်အတွက်ဆိုပြီး ခေါ်ပေးဘူးတယ်။ တခါမှ မမြင်ဘူးတဲ့သူတွေ အတွက် ကြားထဲကနေ ပွဲစားခ (wp တင်ဖို့အတွက် ရုံးက တရားဝင်ဋ္ဌားထားတဲ့ ပွဲစားကိုပေးရတဲ့ငွေ၈၅၀ကို သူ့အိတ်ထဲက စိုက်ပြီး ပေးတဲ့ သူကလား...)။ တခါတခါ ဆိုဒ်မှာ award ဆိုပြီး ၃၀၀၊ ၄၀၀လောက် အပိုရတတ်တယ်။ မိန်းမရေ... ဆိုဒ်က ဆုကြေးဆိုပြီး ငွေ ၃၀၀ ဒီနေ့ ပေးတာ... အလုပ်သမားတွေ သနားလို့ ခွဲပေးလိုက်ပြီဆိုတဲ့ လူမျိုး။ တခါက ယိုးဒယားအလုပ်သမားက နှစ်ကူးယိုးဒယားပြန်တာ ရုံးကို advance တောင်းတာ မပေးလို့ သနားတာနဲ့ သူ့အိတ်ထဲစိုက်ပေးလိုက်တယ်တဲ့။ ဟိုက ပိုက်ဆံပြန်ပေးလား... မပေးလားတော့ မသိဘူး။ အိတ်ယိုးဒယားပြန်လာပြီး ပေးတဲ့ လက်ဆောင် ရှပ်အင်္ကျီ (brand အတု) ကိုဝတ်လို့... သနားပါတယ်ကွာ... သူ့ခမျာ ရှပ်အင်္ကျိလေး ၀ယ်လာရှာတယ်ဆိုပြီး သဘောကျနေတတ်တဲ့လူမျိုး ဆိုတော့ သူ့ကို အပိုဝင်ငွေ ရှာခိုင်းဖို့ဆိုတာ အိမ်မက်ထဲတောင် ထည့်မမက်နဲ့ပဲ။ အင်း... သူ့ကိုသာပြော... ကိုယ့်ကျတော့လည်း... ကျောင်းတက်တဲ့ သူငယ်ချင်းတွေ ပိုက်ဆံလိုလို့ဆိုပြီး ချီးထားတာ သူတို့ လာပြန်ပေးမှ အော်... ဟုတ်သားပဲ ဆိုပြီး ပြန်သတိရတတ်တဲ့ လူစား။

ဒါနဲ့ အိတ်ကပြန်လာပြီး အိမ်ရောက်တော့... ယောက်ယောက်ကို ပြောတာပေါ့။ ကိုယ်တို့တွေ ဒီမှာနေတာလဲ ဆယ်စုနှစ်ကျော်နေပြီ။ ခုနေများ... စင်ကာပူမှာ အလုပ်မရှိတော့လို့ မြန်မာပြည် ပြန်မယ်ဆိုရင်တောင် နေစရာအိမ်လေးတစ်လုံးမရှိ...။ ပြန်သွားရင် အရင်ကလို ဘတ်စ်ကားကလည်း တိုးမစီးချင်... ရှိတဲ့ ပိုက်ဆံကလည်း အိမ်တစ်လုံးဝယ်ဖို့တောင်မလောက်...။ ဒီတော့ ကိုယ်တို့တွေ ကားဝယ်ပြီး ကားပေါ်မှာပဲ အိမ်လုပ်နေကြတာပေါ့ဟယ်လို့ ရီစရာပြောဖြစ်ကြတယ်။

္ဘယောက်ယောက်ကတော့ အားပေးရှာတယ်။ ပိုက်ဆံတွေ ကောင်းကောင်းမစုမိဘူး၊ သူများတွေလို ကွန်ဒို မ၀ယ်နိုင်ဘူး။ ဒါပေမဲ့ ဒီ၁၀စုနှစ်အတွင်း ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ဘာတွေလုပ်ပေးနိုင်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားစမ်းတဲ့။ ခေါင်းလောင်းမထိုးတဲ့ အလှူတွေ အများကြီး လုပ်ဖြစ်ခဲ့တယ် မှုတ်လားတဲ့။ ဒီတော့ ကိုယ်လည်း ပြန်စဉ်းစားကြည့်လိုက်တာ...

နှစ်ဘက်မိဖတွေကို လိုလို မလိုလို လစဉ် ကန်တော့ငွေ မှန်မှန် ပို့ပေးတယ်။ မြန်မာပြည်က ဆေးရုံတွေမှာ ဆေးဝါးတွေ အခန့်သင့်တိုင်းလှူတယ်။ မင်္ဂလာနှစ်ပတ်လည်တိုင်းမှာ ထူးထူးခြားခြားအလှူတွေ လုပ်ဖြစ်ခဲ့တယ်။ မနှစ်ကဆို ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ မြန်မာပြည်က မွတ်ဆလင် အခမဲ့ ဆေးရုံအတွက် ၁၀သိန်းလှူခဲ့တယ်။ နာဂစ်ဖြစ်တော့ ဆန်၁၀သိန်းဖိုး သတ်သတ်လှူလိုက်သေးတယ်။ ဒီနှစ် မင်္ဂလာ နှစ်ပတ်လည်အတွက်တော့ ဘဘဦးဝင်းတင်ကို သီတင်းကျွတ်အမှီ အမှတ်တရ ကန်တော့နိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၇နှစ်လောက်ကတည်းက မိဖတွေက စွန့်ပစ်သွားတဲ့ တောက ကလေး ၄ယောက်ကို တာဝန်ယူ စောင့်ရှောက်ပေးထားတယ်။ ကလေး၁ယောက်က ခုဆို ၉တန်းတောင်ရောက်နေပြီ။ သူကစာကြိုးစားလို့ ကိုယ့်မှာ ၀မ်းသာပီတိဖြစ်ရတယ်။ ဆွေမျိုးထဲက စာတော်ပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေကို ပညာသင်ထောက်ပံ့ကြေးပေးတယ်။ ကလေးတစ်ယောက်က ဆရာဝန်လိုင်း မှီအောင်ကြိုးစားမယ်လို့ ပြောတယ်။ ကိုယ်တို့က ဆရာဝန်ဖြစ်တဲ့ထိ တာဝန်ယူမယ်... ကြိုးစားလို့ ပြောဖြစ်ခဲ့တယ်။ အိမ်အနီးအနားက ဆင်းရဲတဲ့ သက်ကြီးရွယ်အို အဖိုး အဖွား၃၀လာက်ကို အဖိုးရဲ့ အသက်၁၀၀ပြည့်မွေးနေ့တုန်းက ထူးခြားတဲ့ အလှူလေးတခု လုပ်ပေးခဲ့ဘူးတယ်။ အိမ်အနီးအနားက ငွေကြေးမတတ်နိုင်တဲ့သူတွေကို ရဟန်းခံ ရှင်ပြု ပွဲလေး လုပ်ပေးခဲ့ဘူးတယ်။ သီရိလင်္ကာက စာသင်သံဃာတစ်ပါးကို မာစတာ ဘွဲ့ရသည်အထိ ပညာရေးထောက်ပံ့ခဲ့တာ မနှစ်ကပဲ သူ မာစတာ ရသွားပြီ။ ဗုဒ္ဓဘာသာ သာသနာ စင်ကာပူမှာ ပြန့်ပွားရေးအတွက် SMC မှာ လစဉ်ငွေကြေးရော၊ လူအားပါ တတ်နိုင်သလောက် ကူညီပေးတယ်။ ခုလောလောဆယ်... မြန်မာများအတွက် မြန်မာအဖွဲ့မှာ လစဉ် အလှူငွေ ၅၀ ပါဝင်တယ်.........................ပြီးတော့......... ...............ပြီးတော့.......

ယောက်ယောက်ရေ... ယောက်ယောက်ရေ..................... ကွန်ဒိုထက်တန်သတော့....။ ခုနေသေသွား... ကွန်ဒိုနဲ့ မနေဘူးလိုက်တာပဲ ရှိမယ်...။ နောက်ဘ၀အတွက် ၀မ်းစာလေး နည်းနည်းပါးပါး ရှိသတော့ လို့....။ ကိုယ့်စဉ်းစားခန်းနဲ့ကိုယ် ရုတ်တရက်ထအော်လိုက်တော့ ယောက်ယောက်ခမျာ လန့်သွားရှာတယ်...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

No comments: