Thursday, October 30, 2008

ကျွန်လား၊ သခင်လား

Image from http://www.fotosearch.com/
မိမိမှာ ကျောင်းပြီးခါစ မန္တလေးမှာ အလုပ်လုပ်စဉ် မိဖများနှင့်ပါ လွန်စွာခင်မင်ရင်းနှီးသော အသိအစ်ကိုကြီး တစ်ဦးမှ ဖိတ်ကျွေးသည့် ညစာစားပွဲကို တက်ရောက်ခြင်းပြုခဲ့လေသည်။ အစ်ကိုတော်သည် စီးပွားရေးလောကတွင် အောင်မြင်နေသူတစ်ဦးဖြစ်ပြီး ထိုညစာစားပွဲတွင် ဖိတ်ကြားထားသော သူ့အပေါင်းအသင်း စီးပွားရေးသမား အချို့နှင့် တွေဆုံခဲ့ရလေသည်။ ညစာစားပွဲကို နံမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ ကျင်းပခြင်းဖြစ်သည်။ ထိုစဉ်က ခေတ်စားနေသည့် စားသောက်ဆိုင်က ကာရာအိုကေ သီချင်းသည်ပျိုလေးများကို မိမိမှာ ပထမဆုံးမြင်ဘူးခြင်းလည်းဖြစ်သည်။ မိမိက အစားကောင်း၊ အသောက်ကောင်းများကို စားသောက်နေစဉ် ထိုပျိုဖြူလေးများမှာ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ဖျော်ဖြေနေလျက် အနှီပုရိသများ၏ ပန်းကုံးများကို ငံ့လင့်လျက်နေကြပေသည်။ မိမိစားပွဲဝိုင်းမှ ကျောက်ကုန်သည်ဆိုသူသည် ပန်းကုံးများ အမြောက်အများ ၀ယ်လျက် သမီးအရွယ်လောက် သီချင်းသည်မလေးများ၏ လက်ကို အားပါးတရ ဆွဲယူနမ်းရှုံ့၍ ပန်းကုံးများ ချီးမြင့်လေသောအခါ စားပွဲများတွင် ရှုစားနေသော အနှီပုရိသအပေါင်းတို့သည် ကောင်းလေစွဟု အရက်ခွက်များကိုမြှောက်လျက် လက်ခမောင်းများခတ်ကြကုန်လေ၏။ မိမိသည် ထိုပုရိသအပေါင်းအား မြင်ပြင်းများစွာကပ်လျက် ထိုကျောက်ကုန်သည်ကိုလည်း လွန်မင်းစွာ ရွံရှာခြင်းဖြစ်မိလေလတံ့။

စားပွဲဝိုင်းတွင် အစ်ကိုတော်က မိမိမှာ နိုင်ငံခြားခေတ်မှီဟော်တယ် တည်ဆောက်ရေးမှာ အလုပ်လုပ်နေသူ အင်ဂျင်နီယာ ဟု မိတ်ဆက်ပေးထားသဖြင့်အစ်ကိုတော်၏ မိတ်ဆွေများအားလုံးမှာ မိမိအား လူကြီးတစ်ဦးလို အရာသွင်းလျက် အလာပသလာပ စကားများ ပြောဆိုခြင်းပြုကြလေသည်။ မိမိက သီချင်းသည်မလေးများအား တစ်ဦးစီ အကဲခတ်၍ ထိုမိန်းကလေးများထဲတွင်လည်း မိန်းမကောင်းလေးများ ရှိနေနိုင်ကြောင်း၊ ယခုခေတ်ကြီးတွင် ကုန်ဈေးနူန်းများမြင့်တက် စားဝတ်နေရေးကအဆင်မပြေ၍သာ သူတို့မှာ ဤလို အလုပ်မျိုးကို လုပ်ကိုင်နေကြတာဖြစ်နိုင်ကြောင်း ဆွေးနွေးမိလေသည်။ မိမိ၏ရည်ရွယ်ချက်မှာ တနေ့နေ့ တချိန်ချိန်တွင် မြန်မာပြည်ရှိ ခိုကိုးရာမဲ့၊ အလုပ်လက်မဲ့ အမျိုးသမီးများကို ပြုပြင်ထိမ်းသိန်း၊ ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ဖြစ်ကြောင်း၊ သို့မို့ကြောင့် မိမိဝင်ငွေဖြင့်မတည်နိုင်အောင်၊ ငွေရအောင်ရှာကာ တတ်နိုင်သလောက် လူမှုရေး၊ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ချင်ကြောင်း စသဖြင့် ပြောပြရာတွင် အစ်ကိုတော်နှင့် မိတ်ဆွေများမှာ၊ ကာရာအိုကေ ကောင်မလေးများကို ကြည့်၍ မိမိစကားများကို ပြုံးပြီးနားထောင်နေကြလေသည်။

ထို့နောက် မိမိ၏လောလောဆယ် နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ရန် ကြိုးစားနေသည်ကို သိရှိသွားသော ပန်းကုံးများနှင့် ကျောက်ကုန်သည်က မိမိအား ဘာလို့ နိုင်ငံခြားကိုသွားပြီး ကျွန်ခံချင်ရတာလဲ၊ ကိုယ့်ပြည်ကိုယ့်မြေမှာလည်း အလုပ်လုပ်စားစရာတွေပုံလို့ဟုပြောပါသည်။ ထို့နောက်သူက ဆက်ပြောသည်မှာ သူသည်လည်း အင်ဂျင်နီယာ တစ်ဦးဖြစ်ကြောင်း၊ သို့ရာတွင် သူသည် သူတပါးနိုင်ငံသွားပြီး ကျွန်တော့ မခံဟု ဆိုကာ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားခဲ့သဖြင့် ယခုဆိုလျင် အောင်မြင်သော စီးပွားရေးသမားကြီးဖြစ်နေပြီဖြစ်ကြောင်း။ သူနှင့်အတူ ကျောင်းနေဖက်များမှာ ယခုချိန်ထိ နိုင်ငံခြားတွင် ကျွန်စုတ်တဲ့ သရက်စေ့ သာသာများသာ ဖြစ်နေကြကြောင်း... စသဖြင့် ကိုယ်ရည်များ သွေးလျက် ပန်းကုံးများကို မြှောက်ကာ မြှောက်ကာ၊ အရက်ခွက်ကို ဆကာ ဆကာဖြင့် ရယ်သံသွေးကာ ပြောဆိုနေလေ၏။ မိမိမှာ ထိုကျောက်ကုန်သည်၏ စကားများကို အော်ဂလီ ဆန်လှသည်ဖြစ်သော်လည်း ပညာရှိအမျက် အပြင်မထွက်နဲ့ဟူသော စကားအတိုင်း၊ မျက်နှာ မပျက်စေပဲ မည်သို့မည်ပုံ ယဉ်ယဉ်ကျေးကျး ပြန်ပြောရမည်ကိုသာ စိတ်ထဲမှ အပြေးအလွှားတွေးတောလျက်ရှိသည်။

ထိုစဉ် မိမိတို့၏စားပွဲနှင့် မလှမ်းမကမ်းသို့ ဧည့်သည် အသစ်များရောက်ရှိလာလေသည်။ ထိုသူများမှာ မိမိထက်ပင် ငယ်ဦးမည့်ပုံဟန်ရှိသော လုလင်ပျိုတစ်ဦးနှင့် အပေါင်းအသင်းများဖြစ်ပေသည်။ ကျောက်ကုန်သည်မှာ အနှီလုလင်ပျိုအား အမှတ်မဲ့ လှမ်းမြင်လိုက်သောအခါ သတိအနေအထားကဲ့သို့ မတ်သွားလျက်၊ လက်ထဲမှ အရက်ခွက် နှင့် ပန်းကုံးများကို စိတ်သိမှတ်မှုကင်းမဲ့စွာပစ်ချလျက်၊ သခင်ကိုရုတ်တရက်တွေ့လိုက်သော သစ္စာရှိအိမ်စောင့်ခွေးလေးကဲ့သို့ အမြှီးလေးကုတ်လျက်၊ ထိုစားပွဲဝိုင်းသို့ သွားရောက်နှုတ်ဆက်လေသည်။ လုလင်ပျိုက ကျောက်ကုန်သည်အား တချက်မော့ကြည့်ကာ အရေးမစိုက်သည့်ဟန်ပြသော်လည်းပဲ အနှီကျောက်ကုန်သည်မှာ လက်ကလေး၂ဖက်နောက်ပို့လျက် ရို့ရို့ကလေးရပ်ကာ အမိန့်ကိုနာခံလျက်ရှိသော သစ္စာရှိကျွန်ယုံကဲ့သို့ ကျင့်ကြံလျက်ရှိနေပေသည်။ မိမိမှာ ထိုအဖြစ်အပျက်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုလျက် အစ်ကိုတော်နှင့် စားပွဲဝိုင်းမှာ ရှိလျက်ကုန်သော လူကြီးလူကောင်းမင်းများထံမှ စုံစမ်းရာ ထိုလုလင်ငယ်ပျိုမှာ ကျောက်ကုန်သည်နှင့် စီးပွားရေးမကင်းရာမကင်းကြောင်းဖြစ်သော ၀န်မင်းတပါး၏ သားတော်ဖြစ်နေကြောင်း သိရှိရလေသည်။

အတန်ငယ်ကြာအောင် အမိန့်နာခံပြီးမှ ထိုကျောက်ကုန်သည်မှာ မိမိတို့ စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာလေသည်။ ထို့နောက် အစ်ကိုတော်က မိမိအားအိမ်ပြန်လိုက်ပို့ရန် အားလုံးသော လူကြီးမင်းများအား နှုတ်ဆက်ကြရသောအခါ မိမိသည် ကျောက်ကုန်သည်အား "အန်ကယ်ရော... ကျွန်မခံရတာ သေချာရဲ့လား" ဟုမမေ့မလျော့ ကောင်းမွန်စွာ နှုတ်ဆက်ခဲ့လေတော့သတည်း။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

No comments: