Showing posts with label Religion. Show all posts
Showing posts with label Religion. Show all posts

Monday, September 30, 2013

ဂုရုကြီးဂိုအင်ကာသို့ ကန်တော့ပန်း

Guruji Satya Narayan Goenka 
(January 30, 1924 to September 29, 2013) 

၁၉၉၈ခုနှစ် NUS မှာ ကျောင်းတက်နေစဉ်၊ တစ်ခုသော ညနေခင်း အတန်းစခါနီးမှာ အစ်မတစ်ယောက်က မရွှေစုရေ… စင်ကာပူကို ဂုရုကြီးဂိုအင်ကာ ကြွလာတယ် ပြောတယ်။ ဒီနေ့ညနေ သူ့တရားပွဲရှိသတဲ့၊ ကြုံတောင့်ကြုံခဲ တစ်ရက်ထဲ ဟောမှာမို့ နားထောင်ရအောင် သွားကြမလားတဲ့။ တကယ်က စာမေးပွဲနီးနေပြီမို့ အဲ့ဒီနေ့ကအတန်းမှာ ဆရာက အရေးကြီးတဲ့အချက်တွေ ရှင်းပြမှာမို့ တတ်နိုင်ရင် အတန်းမပျက်ကြပါနဲ့လို့ ကြိုမှာထားတာပါ။ ဒါပေမဲ့လည်း ဂုရုကြီးဂိုအင်ကာလို့ ကြားလိုက်တာနဲ့ လာခေါ်တဲ့အစ်မကို ချက်ချင်းခေါင်းငြိတ် သဘောတူကြောင်း အဖြေပေးကာ ဆရာကြီးဟောပြောမယ့် တရားပွဲရှိတဲ့နေရာကို စိတ်ထက်သန်စွာ သွားရောက် နာကြားခဲ့ပါတယ်။ အဲဒါကတော့ ဆရာကြီးဂိုအင်ကာကို ပထမဆုံး တွေ့ဆုံဖူးခဲ့ခြင်းပါ။

ဂုရုကြီးလို့ခေါ်တဲ့ ဆရာကြီးဂိုအင်ကာအကြောင်းကို ဖေဖေ့စာအုပ်စင်ကနေ ဖတ်ခဲ့ဖူးတာ ကြာလှပါပြီ။ ခေါင်းကိုက်ရောဂါပြင်းထန်စွာစွဲကပ်နေလို့ ရောဂါပျောက်လိုပျောက်ငြား ဆရာကြီးဦးဘခင်တရားရိပ်သာကို ရောက်လာခဲ့ရာက စစ်မှန်တဲ့တရားတော်မြတ်ရဲ့ သဘောသဘာဝကို လေ့လာသိရှိခဲ့ပြီးနောက် သဒ္ဓါတရားထက်ထက်သန်သန်နဲ့ ဝိပဿနာတရားတွေကို ကြိုးကုပ်အားထုတ်ခဲ့ပြီး၊ နောက်ဆုံးမှာ ရတနာသုံးပါးကို အကြွင်းမဲ့ယုံကြည်စွာ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားခဲ့တဲ့ အကြောင်းတွေပါ။ အဲဒီခေတ်ကာလ ရန်ကုန်ဟိန္ဒူဘာသာဝင်တွေရဲ့ ထိပ်သီးမာရဝါသီသူဌေးတစ်ယောက်ဖြစ်တဲ့ ဆရာကြီးဂိုအင်ကာ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ပြောင်းလဲလိုက်ခြင်းဟာ ထိုထိုအသိုက်အဝိုင်းမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားကျောင်းမှာ တရားနာယူကျင့်ကြံဖို့ နှောင့်နှေးမိခဲ့တာကိုလည်း ဆရာကြီးဂိုအင်ကာက သူ့တရားပွဲတချို့မှာ ထည့်သွင်းပြောခဲ့ဖူးပါတယ်။

မရွှေစု ကိုယ်တိုင်လည်း ဝန်ခံရမှာ တစ်ခုရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာပြည်မှာ မြတ်စွာဘုရားရဲ့ တရားတော်မြတ်တွေကို ဖြန့်ြုဖူးပေးနေတဲ့ ဆရာတော် သံဃာတော်တွေ အများကြီးရှိနေတာ၊ ဒီလူမျိုးခြားဆရာကြီး ဟောပြောတာ ကိုယ့်မြန်မာပြည်က ဆရာတော်ကြီးတွေကို မှီပါ့မလားဆိုတဲ့ အနည်းငယ်သောသံသယပါ။ ဒါပေမဲ့ ဆရာကြီးကို မြင်ဖူးတွေ့လိုက်ရတဲ့တခဏမှာပဲ အဲဒီသံသယဟာ မြူမှုန်မျှမထင် လုံးဝကင်းစင် ရှင်းလင်းသွားရပါတယ်။

ဆရာကြီးရဲ့ မျက်နှာတော်ဟာ တရားရှိတဲ့သူတွေရဲ့ ပုံပန်းသဏ္ဍာန်ပီသစွာ အေးချမ်းကြည်လင်လှပါတယ်။ ဘဝအဖော် မာတာကြီးက မျက်နှာတည်သလောက် ဆရာကြီးက အင်မတန်ကို မျက်နှာချိုပါတယ်။ ဆရာကြီး အသံကိုကြား မျက်နှာကို မြင်လိုက်ရတိုင်း စိတ်ထဲ အလိုလိုကြည်လင်ပြီး နွေးထွေးမှုကို ခံစားရပါတယ်။ တကယ်တော့ ဒါဟာ ကရုဏာတရားနဲ့ မေတ္တာတရားရဲ့ ရိုက်ခတ်မှုတွေကြောင့်ပါ။ တခါတခါ ဟိန္ဒီဘာသာစကား အသံနေအသံထားနဲ့ ဆရာကြီး ရွတ်ဖတ်ပူဇော်တဲ့ တရားဂါထာတွေကို နာကြားရတာ အဓိပ္ပါယ်နားမလည်တာတောင်မှ တရားတော်အသံမှာ နစ်ဝင်ပြီး ရင်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်မိပါတယ်။

၁၉၉၉ခုနှစ် စင်ကာပူမှာ ပထမဆုံးပြုလုပ်တဲ့ ဆရာကြီးဂိုအင်ကာ ၁၀ရက် တရားစခန်းကို ဝင်ခဲ့ပါတယ်။ စင်ကာပူမှာရှိတဲ့ ဆရာကြီးရဲ့သားတစ်ယောက်အိမ်မှာ တနင်္ဂနွေနေ့တိုင်းလုပ်တဲ့ တရားစခန်းမှာလည်း တရားထိုင်ခဲ့ဖူးပါတယ်။ တရားစခန်းတချို့တွေမှာလည်း လုပ်အားပေး လုပ်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ဆရာကြီးတို့မိသားစုဝင်တွေကို နီးနီးကပ်ကပ် တွေ့လာရပြီး ဒီမိသားစုကြီးကို ကြည့်ရ မြင်ရတာ စိတ်ထဲမှာ အင်မတန် စိတ်ကြည်နူးချမ်းမြေ့ အားကျမိပါတယ်။ ဆရာကြီးရဲ့ သား၊ ချွေးမ၊ မြေး၊ မြေးချွေးမ စသဖြင့် အားလုံးဟာ မေတ္တာတရားရိပ်အောက်မှာ စုပေါင်းနေထိုင်ကြတဲ့မိသားစု ဖြစ်နေလို့လားမသိ၊ မျက်နှာတွေဟာ ငြိမ်းချမ်းကြည်လင် ချစ်စရာကောင်းလှပါတယ်။ စင်ကာပူမှာပြုလုပ်တဲ့ တရားစခန်းတွေမှာ ဆရာကြီးမိသားစုဝင်တွေတော်တော်များများ ဓမ္မလုပ်သားအနေနဲ့ တက်ကြွစွာ လုပ်အားပေးကြတာကို တွေ့ရတော့ တစ်နေ့ ကိုယ်လည်း မိသားစုကြီးတစ်ခုရှိလာရင် ကိုယ့်ခင်ပွန်း ကိုယ့်သား ကိုယ့်မြေးတွေကို ဒီလိုတရားဓမ္မနယ်ထဲမှာ အတူလက်တွဲပြီး ပါဝင်လုပ်ကိုင်နိုင်အောင် ကြိုးစားမယ်လို့ အားကျကြည်ညိုစိတ်တွေ ဖြစ်လာမိပါတယ်။

တခါက ဆရာကြီးရဲ့တရားပွဲအမေးအဖြေ ဂဏ္ဍတစ်ခုမှာ လူတစ်ယောက်က Are you enlighten??? လို့ မေးပါတယ်။ အဲဒီမေးခွန်းလေးကို ဆရာကြီးရှင်းပြတာ မှတ်သားစရာကောင်းပါတယ်။ What I am today, When I compare what I was before coming to Vipassana, such a BIG CHANGE!!! Changing your life for the better. လို့ ဖြေသွားပါတယ်။ တရားတွေ ကျင့်ကြံကြိုးစား အားထုတ်နေသော်လည်း အကောင်းဘက်ကို ဘာမှ ပြောင်းမလာဘူးဆိုရင် ဒါဟာ တစ်ခုခု မှားနေတာ ဖြစ်နိုင်ပါတယ်၊ either technique is not good or you are not good လို့ မိန့်ပါတယ်။ လူတစ်ယောက်ကတော့ I am already happy. Why Should I practice Vipassana?? လို့ မေးဖူးပါတယ်။ ဆရာကြီးက I’m glad that you are happy. But don’t you want to become happier, become happiest??? လို့ ပြန်ဖြေပါတယ်။

ဆရာကြီးရဲ့ ဒီမိန့်ဆိုချက်တွေဟာ အသည်းထဲထိ စွဲမြဲနေပါတယ်။ တရားတွေသာ အားထုတ်နေတာ ဘာမှလည်း မတိုးတက်လာ၊ မထူးခြားပါလားလို့ မဖြစ်ရအောင် ယနေ့မရွှေစုနဲ့ မနေ့ကမရွှေစု အကောင်းဘက်ကို ဘယ်လောက်ပြောင်းလာသလဲ၊ စစ်မှန်တဲ့ပျော်ရွှင်မှုရော ကိုယ့်မှာရှိရဲ့လား ဆိုတာ တတ်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် လေ့လာသုံးသပ် ဆင်ခြင် နေထိုင်ကျင့်ကိုရလာပါတယ်။

ဒီစာလေးနဲ့ ဂုရုကြီးဂိုအင်ကာကို နောက်ဆုံး ဂါရဝပြု နှုတ်ဆက် ရှိခိုးပူဇော် ကန်တော့လိုက်ပါတယ်။ ဆရာကြီးရဲ့ တရားပွဲတွေတိုင်းမှာ ဆရာကြီးရွတ်ဖတ်နေကြ ဆုတောင်းလေးနဲ့ နိဂုံးချုပ်ပါရစေ။

May all of you enjoy Real Peace!!! Real Harmony!!! Real Happiness!!! 
May all of you be liberated from miseries of life!!! 

May Guruji Gorena be happy, peaceful & liberated!!! 


  +++++

Wednesday, November 30, 2011

Programme for CNY Retreat at Bodhiyarama, KKB (Jan 21 - Jan 29, 2012)

ဓမ္မမိတ်ဆွေအပေါင်းတို့ရှင်...

သတိပဋ္ဌာန်ရိပ်သာ (စင်္ကာပူ) မှ ဦးဆောင်၍ ၂၀၁၂ ဇန်န၀ါရီလ ၂၁ ရက်မှ ၂၉ ရက် ထိ (တရုတ်နှစ်သစ်ကူး ပိတ်ရက်) မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့အနီး ဗောဓိရာရမ (Bodhiyarama Hermitage) ကျောင်းတိုက်ဝန်းကြီး တွင် ကျင်းပ ပြုလုပ်မည့် (၉)ရက် ၀ိပဿနာ တရားစခန်းပွဲကြီး၏ အသေးစိတ် အစီအစဉ် ကို အောက်ပါလင့်မှ ဒေါင်းလုပ် ရယူ နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

Programme for CNY Retreat at Bodhiyarama, KKB (Jan 21 - Jan 29, 2012)
တရားစခန်း ကျင်းပပြုလုပ်မည့် ကျောင်းတိုက်ဝန်းကြီးမှာ ၆ဧကခန့်ကျယ်ဝန်းသော ခြံဝန်းကြီး အတွင်း တည်ရှိပြီး ကျောင်းတိုက်အဆောင်များတွင် ယောဂီ ၇၀ဦးခန့် ငြိမ်းချမ်းစွာဖြင့် တရားပွားများ အားထုတ် သတင်းသုံး နေထိုင် နိုင်ပါသည်။ ခရီးစဉ် ကို သတိပဋ္ဌာန်ရိပ်သာ (စင်္ကာပူ) မှ အခမဲ့ စီစဉ်ပေးမည် ဖြစ်ပါသည်။

တရားစခန်းသို့ အလှူဒါန ပြုလုပ်လိုသူများ အနေဖြင့်လည်း သဒ္ဓါတရား နည်းများမဆို ပါဝင် ကုသိုလ် ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

အသေးစိတ် အချက်အလက်များကို ထပ်မံ သိလိုသည်များရှိ ပါက ဒေါ်ခင်ကြူကြူ (၉၁၄၄ ၇၆၈၉) ၊ ဦးကျော်ဟန် ( ၉၆၁၉ ၉၅၄၀) သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မေတ္တာဖြင့်...
သတိပဋ္ဌာန်ရိပ်သာ ၀ိပဿနာ တရားစခန်း၊ စင်ကာပူ


သာဓု... သာဓု... သာဓု

++++++++++++++++

Saturday, November 26, 2011

သတိပဋ္ဌာန်ရိပ်သာ ၀ိပဿနာ (၉)ရက် တရားစခန်း၊ ၂၀၁၂ ခုနှစ် တရုတ်နှစ်သစ်ကူး

သတိပဋ္ဌာန်ရိပ်သာ ၀ိပဿနာ (၉)ရက် တရားစခန်း
၂၀၁၂ ခုနှစ် တရုတ်နှစ်သစ်ကူး - ဇန်န၀ါရီ ၂၁ ရက်မှ ၂၉ရက်


ကမ္မဋ္ဌာနစရိယ ဆရာတော်ဦးရာဇိန္ဒ ၊ ဆရာတော် ဦးသဇ္ဇနာလင်္ကာရ
နေ့ရက်
၂၁ ဇန်န၀ါရီ မှ ၂၉ ဇန်န၀ါရီ၊ (၉) ရက် တရားစခန်း
တရုတ်နှစ်သစ်ကူး ၂၀၁၂
ခုနှစ်
နေရာ Bodhiyarama Hermitage
(Kuala Kabu Bharu),
Selangor, (near KL), Malaysia
တရားပို့ချမှု
မြန်မာ ဘာသာ
ဝင်ကြေး အခမဲ့

လျှောက်လွှာ ၊ စည်းကမ်းချက်များ
ဤနေရာမှ ဒေါင်းလုပ် ပြုလုပ်ပါရန်။
1) Application form
2) Retreat Poster
3) Yogi's Responsibilities

ဆက်သွယ်ရန်
ဒေါ်ခင်ကြူကြူ (၉၁၄၄ ၇၆၈၉)
ဦးကျော်ဟန် ( ၉၆၁၉ ၉၅၄၀)
လျှောက်လွှာ ပို့ရန်
အီးမေးလ်
၁၅ ဒီဇင်ဘာ ၂၀၁၁ ကို နောက်ဆုံးထား ပြီး smc.retreat@gmail.com သို့ အီးမေးလ် ပို့ကာ Application form လျှောက်လွှာ တင်နိုင်ကြပါသည်။

မေတ္တာဖြင့်...
သတိပဋ္ဌာန်ရိပ်သာ ၀ိပဿနာ တရားစခန်း၊ စင်ကာပူ


သာဓု... သာဓု... သာဓု

++++++++++++++++

ကိုတာတန်ကီ အမှတ်တရ ( Kota Tinggi Remembrance )

ကိုတာတန်ကီ အမှတ်တရ ( Kota Tinggi Remembrance )

၂၀၀၉ ခုနှစ် တရုတ်နှစ်သစ်ကူး အားလပ်ရက်မှာ SMC (သတိပဋ္ဌာန် ရိပ်သာ၊ စင်ကာပူ) မှ စီစဉ် ကြီးမှုးပြီး (Santisukharama Hermitage, Kota Tinggi, Malaysia) မလေးရှားနိုင်ငံ၊ ကိုတာတန်ကီ၊ သန္တိသုခရာမ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆရာတော်ဘုရားဦးရာဇိန္ဒ ၏ (၇)ရက် တရားစခန်းတွင် ဝေယျာဝစ္ဆ လုပ်အားပေး အနေနဲ့ ကူညီလုပ်ကိုင်ခဲ့ပါတယ်။ ကနဦးကတော့ တရားထိုင်ဖို့ ရည်ရွယ် လိုက်ပါခဲ့သော်လည်း တရုတ် နှစ်ကူးမှာ စားသောက်ဆိုင်များ မှ ထမင်း၊ ဟင်းများ မှာယူနိုင်ခြင်း မရှိသည့် အတွက် ယောဂီများ ဆွမ်းကျွေးရန် အခက်အခဲ ဖြစ်နေသဖြင့် ချက်ပြုတ်ကျွေးမွေးရန် ဝေယျာဝစ္ဆ အနေနဲ့ ၀င်ရောက် လုပ်အားပေးရခြင်းဖြစ်ပါတယ်။

ယောဂီ ၈၀ နီးပါး အတွက် နေ့စဉ် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း များကို သဲသဲ၊ သန်းသန်း၊ အနီလေး နဲ့ မရွှေစုတို့ မိန်းခလေး ၄ယောက် ဦးဆောင်ပြီး ဈေးဝယ်၊ ချက်ပြုတ် လုပ်အား အလှူဒါန ပြုခဲ့ကြပါတယ်။ လောဘ ဒေါသ မောဟများမှ တတ်နိုင်သမျှ ဖယ်ခွာပြီး ကြိုးစား တရားအားထုတ်နေကြတဲ့ ယောဂီ သူတော်စင်များအတွက် လုပ်ကိုင်ပေးရတာမို့၊ အစား ကောင်းကောင်းဝင်မှ တရား ကောင်းကောင်း အားထုတ်နိုင်မှာလည်းဖြစ်တာမို့ အရသာ ရှိစေမယ့် အစားအစာများကို မမောနိုင် မပန်းနိုင် ကြိုးစား စီစဉ်ပေးကြရပါတယ်။ တစ်နေ့ အိပ်ချိန် ၃- ၄ နာရီသာ ရပေမယ့် သဲသဲ၊ သန်းသန်း နဲ့ အနီလေး တို့ အားလုံး ဘယ်သူမှ ပင်ပန်းတယ်လို့ တစ်ချက်မှ ညည်းညူခြင်း မပြုပဲ တကယ့်ကို စေတနာ သဒ္ဓါတရားများ အပြည့်နဲ့ ၀မ်းပမ်းတသာ လုပ်ကိုင်ကြတာ အင်မတန် ချီးကျူး ဂုဏ်ယူစရာ ကောင်းလှပါတယ်။

၂၀၀၉ ခုနှစ် နောက်ပိုင်းမှာတော့ SMC မှ ဦးစီးကျင်းပတဲ့ တရားစခန်းများကို စင်ကာပူရှိ SMC တရားရိပ်သာမှာ ပြုလုပ်ခဲ့ကြပါတယ်။ ယခု လာမယ့်နှစ် ၂၀၁၂ တရုတ်နှစ်သစ်ကူးမှာ SMC မှ ဦးစီးကျင်းပမယ့် (၉)ရက် တရားစခန်းကို မလေးရှားနိုင်ငံ ကွာလမ်လမ်ပူ မြို့အနီး ၆ဧက နီးပါး ကျယ်ဝန်းတဲ့ အေးချမ်းသာယာလှတဲ့ Bodhiyarama ကျောင်းတိုက်ကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ဓမ္မမိတ်ဆွေအပေါင်းတို့အား သတင်းကောင်းပေးလိုက်ရပါတယ်။

၂၀၀၉ ခုနှစ် တရုတ်နှစ်ကူး ကိုတာတန်ကီ၊ သန္တိသုခရာမ ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ (၇)ရက် တရားစခန်းမှ ဓါတ်ပုံများကို အမှတ်တရ တင်ပေးလိုက်ပါတယ်။


ယောဂီများ တရားထိုင်ရာ ဓမ္မအဆောင်

ယောဂီများအတွက် အိပ်ရာ နေရာ

ယောဂီများ အတွက် နေ့ဆွမ်း







အေးချမ်းသာယာလှတဲ့ သန္တိသုခရာမ ကျောင်းတိုက်

သာဓု... သာဓု... သာဓု...

+++++++++

Wednesday, August 25, 2010

မနာပ ဘာဝ ဒဿန

မနာပ ဘာဝ ဒဿန

ဒီကနေ့ ၀ါခေါင်လပြည့်နေ့သည် မေတ္တာတော်အခါနေ့ ဖြစ်သည့်အားလျော်စွာ ဤမေတ္တာ သီချင်းလေးဖြင့် မောင်နှမများအားလုံးသို့ ဆုတောင်း မေတ္တာများ ပို့သပေးလိုက်ပါ၏။




ဘ၀နေနည်းကို တချက်လောက် စောင်းငဲ့ပြီး လှည့်ကြည့်မယ်ဆိုရင် လောကကြီးမှာ ပျော်ပျော်ရွင်ရွှင် နေတတ်ဖို့ မေတ္တာတရားသည်သာ အရေးကြီးဆုံးလို့ မရွှေစု ယုံကြည် လက်ခံမိပါသည်။ ပျော်ရွှင်နေသည့် နှလုံးသားသည် မည်မျှပင်ရှည်လျားသည့် ခရီးမိုင်ရှည်ကြီးကို လျှောက်လှမ်းနေရပါစေဦး၊ ဘယ်တော့မျှ မောပန်းသည်လို့ မထင်ရပေမင့် မုန်းတီးခြင်းတွေ ပြည့်နှက်နေသည့် အလိုမကျသည့် နှလုံးသားသည် နည်းနည်းကလေးလှမ်းရသည်နှင့် ပန်းဟိုက်လာမည်မှာ အမှန်ဖြစ်ပါသည်။

နှလုံးသားမှာ အမုန်းတရားမရှိမှသာ တကယ်ပျော်ရွှင်နိုင်သည့်သူ ဖြစ်နိုင်မည်ထင်ပါသည်။ ဆိုတော့ သဲကုန်းဆရာတော်ကြီး ဟောခဲ့ဖူးသည် တရားစကားလေးကို အားလုံးအတွက် လက်ဆောင်ပါးချင်ပါသည်။ မနာပ ဘာဝ ဒဿန - မနာပ ဆိုတာ နှစ်သက်ဖွယ်ကောင်းတာ၊ ဘာဝ ဆိုတာ ဂုဏ်ကျေးဇူး၊ ဒဿန ဆိုတာကတော့ အမြင်ဖြစ်ပါသည်။ သူတပါး၏ နှစ်သက်ဖွယ် ဂုဏ်ကျေးဇူးကို မြင်တတ်သောသူဟာ ဘ၀မှာ တကယ် ပျော်ရွှင်သောသူ။ အ-ဒေါသတွေ လွှမ်းခြုံထားသည့် ဒေါသ ကင်းသောသူ၊ တနည်း မေတ္တာ တရားနှင့် ငြိမ်းချမ်းစွာ ပျော်ရွင်နေသောသူ ဖြစ်ပါသည်။

ဘလော့ဖတ်လာ မိတ်သဟာ မောင်နှမများ အားလုံး စိတ်ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်...
စုချစ်

Tuesday, June 30, 2009

ဖိတ်ကြားခြင်း

ခုလာမဲ့ ၅ရက်နေ့ ( ၀၅-၀၇-၀၉) တနင်္ဂနွေနေ့မှာ စင်ကာပူက SMC ကျောင်းသစ်ဖွင့်ပွဲ အခမ်းအနား နဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ကို တက်ရောက်ကြဖို့ ဖိတ်ကြားအပ်ပါတယ်။

အစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နံနက် ၉း၃၀ - ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားစတင်ခြင်း။
နံနက် ၉း၃၅ - သီလခံယူခြင်း၊ သံဃာတော် အရှင်မြတ်များမှ ပရိတ်တရားတော်များချီးမြင့်ခြင်း၊ တရားဒေသနာပေးသနားတော်မူခြင်း၊ ဗုဒ္ဓဘာသာ သင်တန်းဆင်းကလေးများကို ဆုချီးမြင့်ခြင်း၊ ၀ါဆိုသင်္ကန်းများကပ်လှူပူဇော်ခြင်း၊ နှင့်အမျှအတန်းပေးဝေကြခြင်း။
နံနက် ၁၁း၃၀ - သံဃာတော် အရှင်မြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း နှင့် ကြွရောက်လာသော ဓမ္မမိတ်ဆွေ သူတော်စင်ပရိတ်သတ် အပေါင်းတို့အား အကျွေးအမွေးဖြင့် ဧည့်ခံခြင်း။ ( မုံ့ဟင်းခါး၊ ကြာဇံချက်၊ အချိုပွဲ စသည်တို့ဖြင့် ဧည့်ခံမည် ဖြစ်ပါကြောင်း။ )

လာရောက်ရမည့်မြေပုံကို ဒီမှာ ကြည့်နိုင်ပါကြောင်း။

အသေးစိတ်သိလိုပါက SMC website တွင် ကြည့်ရှူနိုင်ပါတယ်။

သာဓု...၊ သာဓု...၊ သာဓု... ။

***********************
နောက်တခုကတော့ Lotus Foundation အဖွဲ့က အစ်မတစ်ယောက်က လက်ဆင့်ကမ်းကြော်ငြာခိုင်းလာတဲ့ အတွက် စိတ်ဝင်စားသူများ လှူဒါန်းနိုင်ရန် အသိပေးအကြောင်းကြားအပ်ပါတယ်။

ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ လောက အသင်းကြီး
http://www.lotusfoundationmm.org

သာဓု...၊ သာဓု...၊ သာဓု... ။

Saturday, July 19, 2008

အဘိဓမ္မာ

ဇောတွေအကြောင်းသိချင်ရင် အဘိဓမ္မာက ၀ီထိပိုင်းကို လေ့လာဖတ်ရှုနိုင်ပါတယ်နော်။ ၀ီထိဆိုတာက အာရုံတခုခုကိုသိဖို့အတွက် ဖြစ်သွားတဲ့ စိတ်အစဉ်အတန်းတခုပါ။

ဆရာဒေါက်တာမင်းတင်မွန်ရဲ့ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်ထဲက ၀ီထိပိုင်းကို နည်းနည်းကောက်နှုတ်ရေးပြမယ်နော်။ ကိုယ်ကိုယ်တိုင်လည်း လေ့လာနေတုန်းမို့ အများကြီးတော့မသိပါဘူး။ အမြဲလည်းဖတ်နေတာ မဟုတ်တော့ မေ့နေတာတွေလည်း အများကြီးပဲ။

**************
ဝီထိ
ဒွါရ၆ပါးတို့၌ထင်လာသောအာရုံတစ်ခုစီကို သိရှိရန်အတွက် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ကူဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တီရဏ၊ ၀ုဋ္ဌော၊ ဇော၊ တဒါရုံ စသည်ဖြင့် ဖြစ်ပေါ်လာသည့် စိတ်အစဉ်တန်းတစ်ခုစီကို ၀ီထိဟုခေါ်၏။

စိတ်၏အသက်
စိတ်တခု၏အသက်သည် ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏဟူ၍ခဏငယ်၃ခုရှိသည်။
စိတ်ဖြစ်ဆဲခဏ = ဥပါဒ်ခဏ
စိတ်တည်ဆဲခဏ = ဌီခဏ
စိတ်ပျက်ဆဲခဏ = ဘင်ခဏ
ခဏငယ်၃ချက် = စိတ္တက္ခဏ ၁ ချက်

လက်ဖျစ် ၁တွက်၊ မျက်စိ၁မှိတ်ကာလ၌ စိတ္တက္ခဏ ကုဋေ ၁သိန်းကျော်ရှိ၏။
စိတ်၁ခု၏အသက်သည် ၁စက္ကန့်၏ကုဋေ ၁သိန်းပုံ၁ပုံရှိ၏။

ရုပ်၏အသက်
ရုပ်ကလပ်၁ခု၏အသက် = စိတ်အသက်၏၁၇ဆ (၀ါ) စိတ္တက္ခဏ ၁၇ ချက်
= ခဏငယ် ၁၇ ထ ၃ => ၅၁ချက်
ရုပ်၏ဥပါဒ်ခဏ = ခဏငယ် ၁ချက်
ရုပ်၏ဘင်ခဏ = ခဏငယ် ၁ချက်
ရုပ်၏ဌီခဏ = ခဏငယ် ၄၉ချက်

လက်ဖျစ် ၁တွက်၊ မျက်စိ၁မှိတ်ကာလ၌ ရုပ်ကလပ်ပေါင်း ကုဋေ ၅၈၀၀ကျော် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပျက်သွားကြ၏။
ရုပ်ကလပ်၁ခု၏အသက် = ၁-စက္ကန့်၏ ကုဋေ ၅၈၀၀ ပုံ ၁ပုံ

ဝီထိ ၆-ပါးကို ရိုးရိုးစင်းစင်းမှတ်ရရင်
၁) စက္ခုဒွါရ (ရူပါရုံ)
၂) သောတဒွါရ (သဒ္ဒါရုံ)
၃) ဃာနဒွါရ (ဂန္တာရုံ)
၎) ဇိဝှာဒွါရ (ရသာရုံ)
၅) ကာယဒွါရ (ဖောဋ္ဌဗ္ဗာရုံ)
၆) မနောဒွါရ (ပဉ္စာရုံ)
အဲဒီဒွါရ ၆ပါးကို ဖြစ်စေတဲ့ အကြောင်းတရားတွေ (၄-မျိုးစီရှိ) ကို အကြောင်းပြုပြီး စိတ်အစဉ်တွေ ဖြစ်ပေါ်လာပါတယ်။ ပြီးတော့ အဲဒီဒွါရတို့မှာ အာရုံထင်ပါတယ်။

ဘ၀င်စိတ် ၃မျိုး
သတ္တ၀ါတို့၏ ဘ၀တခုသည် ပဋိသန္ဓေစိတ်ဖြင့် စတင်၏။ ပဋိသန္ဓေစိတ်ချုပ်ငြိမ်းပြီးသည်နှင့် တပြိုင်နက် ဘ၀င်စိတ်အစဉ်သည် တလုံးပြီးတလုံး အဆက်မပြတ် ဖြစ်ပျက်သွား၏။ သေဆုံးသည့်အခါနောက်ဆုံးဖြစ်သည့် ဘ၀င်စိတ်ကို စုတိစိတ်ဟုခေါ် သည်။

စက္ခုဒွါရမှာ ဖြစ်ပေါ်တဲ့ အတိမဟန္တာရုံ ၁-၀ီထိဖြစ်ပေါ်လာပုံကို လေ့လာကြည့်ပါ။

အတိမဟန္တာရုံ ၁-၀ီထိဖြစ်ပုံ
ဓ တီ-န-ဒ-ပ-စ-သံ-ဏ-၀ု-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဇ-ဒါ-ဒါ- ဓ
အဲဒီ ဇ = ဇော ၇ချက်ဟာ အကုသိုလ်ဇော (၀ါ) ကုသိုလ်ဇော

ဆိုရိုး
စက္ခုဒွါရက အတိမဟန္တာရုံဝီထိဖြစ်ဟန်ကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘ၀င် ၁-ချက် အလွန်တွင် စက္ခုပသာဒ၌အာရုံထင်ခြင်းသို့ရောက်သဖြင့် ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တ္တီရဏ၊ ၀ုဋ္ဌော၊ ဇော ၇ကြိမ်၊ တဒါရုံ ၂ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၁၇-ချက် ရုပ်သက်စေ့ကြသောကြောင့် ဒုတိယတဒါရုံ၏ ဘင်နှင့် ပြိုင်၍ချုပ်ကြ၏။ ထို့နောက် ဘ၀င်စိတ်အစဉ်ဖြစ်၏။

ရှင်းချက်
အတိမဟန္တာရုံခေါ်သော အလွန်ထင်ရှား အားကြီးသည့်အာရုံသည် စက္ခုပသာဒကို ထိတိုက်လာသောအခါ တိုက်လျှင်တိုက်ချင်းအာရုံမထင်သေးပါ။ အလွန်အားကြီးသော အာရုံဖြစ်လင့်ကစား (တီ) အတီတဘ၀င်ဟုခေါ်သော ဘ၀င်စိတ် ၁ချက် လွန်ပြီးမှ အာရုံထင်၏။ ထိုအာရုံသစ်ထင်မှုကြောင့် ဘ၀င်္ဂစလန (န)၊ ဘ၀င်္ဂုပစ္ဆေဒ (ဒ) ဟူ၍ဘ၀င်စိတ်၂ကြိမ် လှုပ်ပြီးပြတ်၏။ ထိုအခါ (ပ) ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အာရုံသစ်ကို နှလုံသွင်းဆင်ခြင်၏။ ထိုသို့ နှလုံးသွင်းမှုကြောင့် (စ) စက္ခုဝိညာဏ်စိတ်က အာရုံကိုမြင်၏။ မြင်သည်ဆိုသော်လည်း စိတ်၁ချက်မျှ အလွန်လျှင်မြန်စွာ အာရုံကို မြင်လိုက်ကာမျှသာရှိသေး၏။ ထိုအာရုံကိုသဲသဲကွဲကွဲမသိသေး။ သို့ဖြစ်၍ (သံ) သမ္ပဋိစ္ဆိန်းစိတ်က စက္ခုဝိညာဏ်စိတ်၏အာရုံကို လက်ခံယူ၏။ (ဏ) သန္တီရဏစိတ်က ထိုအာရုံကို စူးစမ်း၏။ (၀ု) ၀ုဋ္ဌော ခေါ် မနောဒွါရ၀ဇ္ဇန်းစိတ်က ထိုအာရုံကောင်းမကောင်းကိုဆုံးဖြတ်၏။ ထို့နောင် (ဇ) ဇောစိတ်တို့သည် ထိုအာရုံ၏ အရသာကိုခံစားလျှက် ၇-ကြိမ်တိုင်တိုင် အရှိန်အဟန်ဖြင့်ဖြစ်၏။ ထို့နောက် (ဒါ) တဒါရုံစိတ်တို့သည် ဇောနောက်သို့လိုက်၍ဇောယူသည့်အာရုံကိုပင်ယူ၍ ၂-ကြိမ်ဖြစ်၏။ ထိုဒုတိယ တဒါရုံစိတ်ချုပ်ငြိမ်းသည့် ဘင်အခိုက်၌ ရူပါရုံနှင့် စက္ခုပသာဒတို့သည် ၎င်းင်းတို့ စတင်ဥပါဒ်ခဲ့ကြသော အတီတဘ၀င်ဥပါဒ်ချိန်မှ ရေတွက်လျှင် စိတ္တက္ခဏ ၁၇ချက်စီ စေ့မြောက်သွားကြလေပြီ။ ထို့ကြောင့်၎င်းင်းရူပါရုံနှင့် စက္ခုပသာဒရုပ်တို့သည် ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ငြိမ်းကြ၏။

**************

ကုသိုလ်ဇော၊ အကုသိုလ်ဇော
ကုသိုလ်ဇော၊ အကုသိုလ်ဇော တို့မှာ အာရုံအားလျှော်စွာ ပုံသေကားကျဖြစ်ပေါ်ခြင်းမရှိကြ။
သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းနိုင်လျှင် ကုသိုလ်ဇောဖြစ်၏။
သင့်တင့်လျှောက်ပတ်စွာ နှလုံးမသွင်းနိုင်လျှင် အကုသိုလ်ဇောဖြစ်၏။

ကာမဇော
ကာမဇောတို့သည် သာမာန်အခါ၌ ၇-ကြိမ်စောလေ့ရှိကြသည်။ မွေးဖွားခါစ အလွန်အားနည်းသောအခါနှင့် မေ့မြောနေသည့်အခါတို့တွင် စိတ်မှီရာ ဟဒယ၀တ္ထု၏ အားနည်းမှုကြောင့် ၆-ကြိမ် သို့ ၅-ကြိမ်သာ စောကြ၏။

သေခါနီး အခါ၌မရဏာသန္နဇော သည် ၅-ကြိမ်သာ စောကြ၏။ ထိုဝီထိကို မရဏာသန္န၀ီထိ ဟုခေါ် သည်။

**************

စင်ကာပူ SMC မှာ ဆရာဒေါက်တာမင်းတင်မွန်က အဘိဓမ္မာသင်တန်းတို ၂၀၀၆ နဲ့ ၂၀၀ရမှာ ပို့ချပေးဘူးပါတယ်။ ဒီနှစ်လည်း ကလင်မတီ ဖုန်းကြီးကျာင်းမှာ သင်တန်းပေးသေးတယ်လို့ကြားတယ်။

SMC မှာ ပြုလုပ်ခဲ့တဲ့ ဆရာဒေါက်တာမင်းတင်မွန် အဘိဓမ္မာသင်တန်း (The Essence of Buddha Abhidhamma Course) ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် အသံဖိုင်ကို ဒီမှာယူပါ။ ပိုကောင်းတဲ့ အသံဖိုင်ကိုလိုချင်ရင် DhammaWeb ကနေဒေါင်းပါ။ အဲဒါလည်း SMC သင်တန်းက အသံဖိုင်ပါပဲ။ SMC ကတော့ နှစ်တိုင်းအဘိဓမ္မာသင်တန်းလုပ်ပေးပါတယ်။ ဒီနှစ်မှာက ဆရာတော် ဒေါက်တာနန္ဒမာလာက Abhidhamma for Daily Life ကို English လိုပို့ချပေးပါတယ်။ နောက် မြန်မာလိုသင်တန်းလည်း ထပ်ဖွင့်ဖို့ရှိပါသေးတယ်။

အဲဒီအသံဖိုင်ကို ဆရာ့ရဲ့စာအုပ်နဲ့တွဲကြည့်ရင် ပိုကောင်းပါတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Thursday, July 10, 2008

အာဝေဏိက

မြတ်ဘုရားရဲ့ အာဝေဏိက ဂုဏ်တော် ၁၈-ပါးရှိပါတယ်။ ဘုရားရှင်အတွက် သက်သက်သီးခြား ဂုဏ်တော် ၁၈ပါး လို့ သာသနာရေးကထုတ်တဲ့ သရုပ်ပြအဘိဓါန်မှာ ဘာသာပြန်ထားပါတယ်။

အာဝေဏိက ဂုဏ်တော် ၁၈-ပါး
၁) အတိတ် အဖို့၌
၂) အနာဂတ် အဖို့၌
၃) ပစ္စုပ္ပန် အဖို့၌
ဉာဏ်တော်၏ အပိတ်အပင် အတားအဆီးမရှိခြင်း။

၎) ကာယကံမှု အလုံးစုံ၌
၅) ၀စီကံမှု အလုံးစုံ၌
၆) မနောကံမှု အလုံးစုံ၌
ဉာဏ်တော်သာလျှင်ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာအစဉ်လိုက်ခြင်း။

၇) အလိုဆန္ဒတော်
၈ ) အားထုတ်မှုဝီရိယ
၉) သမာဓိတော်
၁၀) ပညာတော်
၁၁) တရားဟောရာ ၌
၁၂) ၀ိမုတ္တိတရား အဖို့၌
ယုတ်လျှော့အားနည်းမှု မရှိခြင်း။

၁၃) ပြက်ရယ်ပြုမှု မြူးတူးမှုမရှိခြင်း။
၁၄) ချွတ်ချော်တိမ်းပါးမှုမရှိခြင်း။
၁၅) ဉာဏ်တော်နှင့် မတွေ့ထိသော အရာဟူ၍မရှိခြင်း။
၁၆) အဆောအလျင်ပြုရသည်၏ အဖြစ်မျိုးမရှိခြင်း။
၁၇) ကြောင့်ကြမဲ့စိတ်မျိုးမရှိခြင်း။
၁၈ ) ပညာ ဉာဏ်မဆင်မခြင် ရှုလေ့မရှိခြင်း။

နောက်တခုက အာဝေဏိက ဒုက္ခ ၅-ပါး ပါ။ မိန်းမများအတွက် သီးခြားခံယူရသော ဒုက္ခ ငါးပါး လို့ ဆိုပါတယ်။

နောက်တမျိုးရှိပါသေးတယ်။ အာဝေဏိက၊ ပို့ကြမေတ္တာ၊ ၇ဖြာပါ။
သီးခြား ကန့်သတ်၍ ပို့သ ပွားများရသော ဓသြဒိဿ မေတ္တာ၇ပါးဓ ကို အာဝေဏိကမေတ္တာ လို့ ခေါ်ပါတယ်တဲ့။

အာဝေဏိက ဆိုတာ ပါဠိ နာမ၀ိသေသန လို့ပြောရင်ရနိုင်တယ်ထင်ပါတယ်။
အာဝေဏိက - သက်သက်သီးခြားဖြစ်သော ပေါ့နော်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Sunday, June 22, 2008

အာသဝေါတရား ၄ပါး

အာသဝေါတရား (၄) ပါးဆိုတာ ဘာလဲဆိုတာမေးလာတော့ သိသလိုလိုနဲ့ မရေရာဖြစ်နေလို့ အနားမှာ ရှိတဲ့ ဒေါက်တာမင်းတင်မွန်ရဲ့ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် စာအုပ်ကို ပြန်ဖတ်ကြည့်မိတော့....

အာသဝေါတရား (၄) ပါးဆိုတာ တွေဝေယစ်မူးစေတဲ့တရားပါတဲ့။ သူက လောဘ၊ ဒိဋ္ဌိ နဲ့ မောဟ တို့ပါ။ ပထမ (၂)ပါးက လောဘထဲမှာ ပါပါတယ်။

၁) ကာမသ၀ = ၀တ္ထုအာရုံကာမဂုဏ်ကို တပ်မက်တတ်သော တဏှာ။ လောဘမူစိတ် ၈-ပါး ၌ ယှဉ်သော လောဘစေတသိတ်။
၂) ဘ၀ါသ၀ = ရူပဈာန်၊ အရူပဈာန် နှင့် ထို ဈာန်တို့၏အကျိုးဝိပါက်ကို နှစ်သက်တွယ်တာသော တဏှာ။ လောဘမူ ဒိဋ္ဌိဂတ၀ိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော လောဘစေတသိတ်။
၃) ဒိဋ္ဌာသ၀ = အယူလွဲ မိစ္စာဒိဋ္ဌိ။ လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ယှဉ်သော ဒိဋ္ဌိစေတသိတ်။
၎) အ၀ိဇ္ဇာသ၀ = အာရုံ၏သဘောမှန်ကို မသိမှုမောဟ။ အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟစေတသိတ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။