Showing posts with label Food. Show all posts
Showing posts with label Food. Show all posts

Friday, January 29, 2010

လတပို့တွဲ ထမနဲပွဲ

မနေ့ညက အိမ်မှာ ထမနဲထိုးကြလေသည်။ များများစားစားမဟုတ်ပါ။ ကောက်ညှင်းဆန် ၂လုံးသာသာလောက်မျှသာ ဒီကနေ့ တပို့တွဲလပြည့်နေ့ ဘုရားဆွမ်းတော်ကပ်ရန်အမှီ အဓိက ရည်ရွယ်ထိုးကြရခြင်းဖြစ်သည်။ အဲဒီတော့ မြေပဲဆန်နည်းနည်း၊ နှမ်းနည်းနည်း၊ အုန်းသီးနည်းနည်း၊ ဂျင်းနည်းနည်း၊ ပြီးတော့ မြန်မာပြည်က သယ်လာသည့် ပဲဆီ ရွှဲရွဲနှင့် သားအမိ၃ယောက် ထမနဲထိုးကြလေသည်။

မေမေသည် ထို နည်းနည်း၊ နည်းနည်း ပုံထားသည်များကိုကြည့် ခေါင်းခါရင်း အားမလို အားမရ ရေရွတ်သည်။ တို့ရွာမှာဆို တခါထိုးရင် အနည်းဆုံး ၄တင်း (ကောက်ညှင်းဆန် ၂တင်းအိတ် ၂အိတ်) ထိုးကြရတာ။ ရွာမှာ ဆင်းရဲတယ်ဆိုတဲ့သူတောင် အနည်းဆုံးတော့ ဆန်၂ပြည်လောက်ထိုးနိုင်ကြပြီး ဘုန်းကြီးကျောင်းကပ်ကြတာဟု ပြောလေသည်။ လွမ်းဆွေးသွားသည့် မေမေ့ မျက်လုံးများကို ကြည့်ပြီး ကျမတို့က မေမေရယ် မေမေတို့ ငယ်ငယ်က ထမနဲပွဲအကြောင်းပြောပြပါဦးလို့ အလိုက်သတိ မေးကြတော့ မေမေက ယခုလို ခရားရေလွှတ် တတွတ်တွတ် ပြောပြပါလေတော့သည်။

တို့ရွာမှာ ၁၂လရာသီပွဲတိုင်း မစည်ကားတဲ့ ရာသီဆိုတာ မရှိခဲ့ဘူး။ တပို့တွဲလမှာလည်း လပြည့်မတိုင်ခင် ၁၀ရက် လောက်ကစပြီး ပွဲတွေစသွင်းတာ။ ရွာနီးချုပ်စပ်က လှည်းတွေကိုပြည့်လို့။ အဲဒီမှာ တနှစ်က စိန်အောင်မင်း ဇာတ်လာကတော့ ဘိုစိန်ဆိုတဲ့ မင်းသား ပါလာသတဲ့။ အဲဒီမင်းသားက ဗမာအစစ်မဟုတ်ဘူးတဲ့။ ရုပ်ကလည်း ဘိုရုပ်တဲ့။ အမက (မေမေ့ အမေ) အဲဒီမင်းသားကတာကြည့်ပြီး မေမေ့ကိုမွေးတော့ မေမေက အဲဒီမင်းသားလိုပဲ နှာခေါင်းချွန်ချွန် ဖြစ်နေလို့ မေမေရဲ့ ငယ်နံမည်ဟာ ဘိုစိန်လို့ တွင်ခဲ့သေးတာ။

မေမေတို့ ကလေးတွေဆိုတာ ပွဲတွေ စလာပြီဆိုတာနဲ့ ပျော်လိုက်တာဆိုတာ။ အဲဒီမှာ ထမနဲထိုးဖို့အတွက် ဋ္ဌားထားတဲ့ သူတွေနဲ့ အိမ်ကလည်း အရှေ့ အနောက် အပြည့်ပဲ။ ၁၄ရက်နေ့ည လပြည့်မတိုင်ခင် ထမနဲ ထိုးဖို့ ရွာနီးချုပ်စပ်က သူတွေကို ဋ္ဌားကြရတာ။ အထူးသဖြင့် အဖေ့ အသိ ကရင်ကြီးတွေက လာကူညီလေ့ရှိတယ်။ ဆန်ပြာတဲ့သူ။ မြေပဲဆံချွတ်တဲ့သူ၊ ထုတဲ့သူ။ ကရင်ကြီးတွေက အုန်းသီးခူး၊ အုန်းသီးခွာ၊ အုန်းဆံလှီးတာတွေ လုပ်ကြတာ။ ဆောင်းတွင်းအေးပေမဲ့ ကျောပြောင်တွေမှာ ချွေးတွေနစ်လို့။ ခုစဉ်းစား ခုပြန်မြင်ယောင်လာတယ်။ တကယ်။ အိမ်ရှေ့ကွပ်ပျစ်မှာ ချထားတဲ့ လက်သမားသုံး ရေပေါ် ထိုးတာကို ပြောင်းပြန်လှန်ပြီး အုန်းသီးတွေ ခြစ်ကြတာ။

မေမေတို့ ကလေးတွေကတော့ အိမ်ရှေ့ဒုန်းစိုင်းပြေးလိုက်၊ နောက်ဖေးဒုန်းစိုင်းပြေးလိုက်နဲ့ အလကားနေရင်းပျော်နေကြတာ။ လေထဲကို စွေ့ခနဲ၊ လွှားခနဲ ဖြာလွင့်သွားတဲ့ ဆန်လေးတွေ တစိကလေးမှ အောက်ကို မကျအောင် ဆန်ပြာနိုင်တဲ့ မိန်းမတွေနား တအံ့တသြ သွားကြည့်လိုက်ကြ။ မြေပဲဆံနွှာနေတဲ့သူတွေနားသွားပြီး မြေပဲတွေ ကောက်ဝါးလိုက်ကြ၊ ကရင်ကြီးတွေ အုန်းသီးခွာနေတာ၊ ခြစ်နေတာ တွေ ငုတ်တုတ်ထိုင်ကြည့်ရင်း အုန်းသီး ပါးစပ်ထဲကောက်ထည့်လိုက်ကြပေါ့။ ပြီးရင် ကရင်ကြီးတွေက မြစ်ဆိပ်ကရေတွေခပ် ကောက်ညှင်းဆန်တွေ နိုင်နိုင်ဆေးကြရတာ။ မိုးပြဲဒယ်တွေဆေးကြတာ။ ပြီးရင် အိုးအခြေခိုင်ဖို့ တွင်းတူးပြီး မီးဖိုလုပ်ကြရတာ။

ထမနဲစထိုးပြီဆို တဒယ်မှာက ပဲဆီတွေနဲ့ ဂျင်းကိုကြော်၊ ဂျင်းမွှေးလာပြီဆိုရင် ဆန်တွေကိုထည့်ကျော်၊ ပြီးတော့ ဟိုဖက် တဒယ်က ရေနွေးပွက်ပွက်ဆူဆူကို လောင်းထည့်၊ ရေနည်းနည်းခမ်းသွားပြီဆိုတော့မှ ငှက်ပျော်ဖက်နဲ့ အုပ်ပြီးနှပ်ထား၊ အဲသလို လုပ်ရတာ။ အဲ ဆန်နပ်သွားပြီဆိုရင် မီးဖိုကချ ခုနက ဒယ်အိုးဖင်ငြိမ်အောင်တူးထားတဲ့ တွင်းလေးပေါ်တင်ပြီး သန်မာတဲ့ ယောက်ျား၎ယောက်လောက်က နှဲကြရတော့တာ။ လှေလှော်တက်မပုံစံ ယောက်မပြား ၂ချောင်းကို အပေါ်က မတ်တတ်ရပ်နေတဲ့ ယောက်ျား၂ယောက်ကကိုင်ပြီးမွှေ၊ အောက်က ယောက်ျား၂ယောက်က ဆောင့်ကြောင့်ထိုင်ပြီး ယောက်မအရင်းကနေ ကိုင်ပြီး ကျိတ်ချေပေး။ အပေါ်ကနေ မြေပဲတွေ၊ အုန်းသီးဖတ်တွေကို မိန်းမတွေကလောင်းထည့်၊ ပြီးခါနီးကျတော့ နှမ်းကို နှံ့စပ်အောင်ဖြူးကြ။ ဒီလိုနဲ့ တဒယ်ပြီး တဒယ် ဆက်ပြီးနှဲကြရတာလေ။ အနည်းဆုံး ယောက်ျားမိန်းမ ၁၀ယောက်ထက်မက ၀ိုင်းလုပ်ကြရတာ။

အဲသလိုပဲ ကိုယ့်ဘက်အိမ်က လုပ်နေသလို ဟိုဘက်အိမ်ဝိုင်းကလည်း အပြိုင်အဆိုင် နှဲနေကြတာပဲ။ ထမနဲတွေကို ညတွင်းခြင်းပဲ ရွာဦးဘုရားမှာ မနက်ဖြန် လပြည့်အမှီ ပြေးကပ်ကြတာ။ သူ့အိမ်က ထမနဲ၊ ကိုယ့်အိမ်က ထမနဲနဲ့ အို... ဘုရားပေါ်မှာ ထမနဲတွေအပြည့်။ ရွာနီးချုပ်စပ်က လူတွေကိုလည်း ညတွင်းခြင်းပဲ ဝေကြတာ။ ပွဲကလည်းရှိ၊ ပွဲဈေးကလည်းရှိ၊ ထမနဲထိုးပွဲတွေလည်းရှိပြီး ထမနဲတွေလည်းဝေကြတော့ တညလုံး မီးရောင်တွေ ထိန်ထိန်လင်းလို့ တရွာလုံး စည်ကားလိုက်တာဆိုတာ....။

မေမေ့ မျက်လုံးတွေမှာ အတိတ်က ပျော်ရွင်ဖွယ်ရာကောင်းသော အရိပ်ကြောင့် ရွှန်းလဲ့တောက်ပနေကြလေသည်။ ဘုရားဆွမ်းတော် ဦးချပြီး ထမနဲပန်းကန်လေးရှေ့ချထားကာ စကားဝိုင်းဖွဲ့နေကြသော ကျမတို့ သားအမိ၃ယောက်စလုံး မေမေတို့ရွာမှ ထမနဲပွဲကို စိတ်ကူးဖြင့် အရောက်လှမ်းနေမိကြပေတော့လေသတည်း။ ။

*********************

Monday, May 4, 2009

အုန်းနို့ခေါက်ဆွဲ


တနေ့က ညီမလေးနဲ့ ၂ယောက်သား အုန်းနို့ခေါက်ဆွဲ အတူချက်ကြပြီး သူက ကျူးပစ်မှာရေးတင်ထားတာကို ပြန်ဖော်ပြပါတယ်။

လိုအပ်သောပစ္စည်းများ
လိုအပ်တဲ့ အချိန်အတွယ် အတိအကျတော့ မရေးပေးတော့ပါဘူးနော်။ ကျွန်မချက်တာကလည်း လက်မှန်းနဲ့ ချက်တာများလို့ပါ။

ဟင်းရည်ချက်ရန်
ကုလားပဲ၊ ကြက်ဥ
နွားနို့၊ နို့စိမ်း၊ အုန်းနို့
ဆီ၊ ငါးငံပြာရည်၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ နနွင်း
ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း (ဆီသတ်ရန်)
ကြက်သွန်နီအသေးလေး (ဟင်းရည်အိုးထဲ ထည့်ရန်)
ကြက်ရိုး၊ ကြက်အသား၊ ကြက်အသဲအမြစ်

ရောနှောစားရန်
ခေါက်ဆွဲအစို အလုံး၊ အပြား
ကြက်ဥပြုတ်၊ ပဲကြော်၊ အီကြာကွေး၊ ငါးဖယ်ဆုတ်ကျော်၊ ကြက်သွန်နီပါးပါးလှီး၊ မုံ့ကြွတ်ကြော်၊ သံပုရာသီး၊ ငရုတ်သီး အလှော်မှုန့်။

ဟင်းရည်ချက်နည်း
၁) ကုလားပဲကို မချက်ခင်ညကတဲက ရေစိမ်ထားပြီး၊ ချက်မဲ့နေ့ နံနက်မှာ ဂျင်းလေးနည်းနည်းနဲ့ နူးနေအောင် ပြုတ်ထားပါတယ်။ ညကတဲက ရေစိမ်ထားတော့ ခဏလေးနဲ့ နူးပါတယ်။
၂) ကြက်ဥတွေ ဟင်းရည်ထဲထည့်ဖို့နဲ့ ရောစားဖို့ပြုတ်ထားပါတယ်။
၃) ကြက်သားကို အနေတော် ခုတ်ပိုင်းဆေးကြောပြီး ပဲငံပြည်ရည်အချိုရည်နည်းနည်း၊ သကြားနည်းနည်း၊ ဆားနည်းနည်းနဲ့ နယ်ပြီး နှပ်ထားတယ်။
ဈေးမှာ ကြက်ရိုးကို လည်ပင်းကနေ ကျောရိုးတောက်လျှောက် အရိုးကြီးပဲ ( ၃ခု - ၁ကျပ်၂၀) ၀ယ်လို့ ရလို့ အဲဒီ အရိုး၃ခုကိုလည်းခုတ်ပြီး ထည့်နယ်ထားတယ်။ အရိုးတွေများရင် အချိုရည် ပိုရပြီး၊ ဟင်းရည်ထဲက အရိုးကို ကိုက်ရတာ သဘောကျလို့ပါ။ အရိုးတွေရှုပ်နေမှာ မကြိုက်ရင် နောက်မှ ဆယ်ပြီး ထုတ်ပစ်လိုက်လို့ ရပါတယ်။
၎) ခဏနှပ်ထားတုန်း ကြက်သွန်နီ၊ ဖြူ၊ ဂျင်းစတာတွေကို ကြက်သားထဲ ထည့်ပြုတ်ဖို့နဲ့၊ ကြက်သွန်နီလုံးလေးတွေ ဟင်းရည်အိုးထဲ ထည့်ဖို့၊ ကြက်သားဆီသတ်ဖို့ အဆင်သင့်ဖြစ်အောင် လှီးချွတ်၊ ထောင်းထုထားလိုက်ပါတယ်။
၅) ၁၀မိနစ်လောက်ကြာရင် နှပ်ထားတဲ့ ကြက်သား အရိုးအသားတွေကို ဂျင်း၊ ကြက်သွန်ဖြူတွေထည့်ပြီး ရေနဲ့ ပြုတ်ပါတယ်။
၆) ၁၅မိနစ်လောက်ကြာတော့ ကြက်သားနူးပြီဆိုရင် အသားတွေကို အိုးထဲက ဆယ်ပြီး အအေးခံပါတယ်။ ကြက်ပြုတ်ရည်အိုးက ဟင်းရည်အိုးဆက်လုပ်မှာပါ။ ကြက်သားကို ကိုင်လို့ ရပြီဆိုရင် အသားနွှင်ပါတယ်။ ကျန်တဲ့ အရိုးတွေကို ဟင်းရည်အိုးထဲ ပြန်ထည့်ပါတယ်။ နွှင်ထားတဲ့ အသားလေးတွေကို ပဲငံပြာရည် အချိုရည် နည်းနည်းနဲ့ ထပ်နယ်လိုက်ပါသေးတယ်။
၇) ကုလားပဲနူးနေတာကို ဘလန်ဒါနဲ့ ညက်နေအောင် ကြိတ်ပြီး ကြက်ပြုတ်ရည်ဟင်းအိုး ထဲကို ထည့်ပါတယ်။
၈) ဒယ်အိုးမှာ ဆီတန်သလောက်ထည့်ပါတယ်။ ဟင်းရည်ကို ဆီတွေ အများကြီးနဲ့ မစားချင်လို့ပါ။ မွှေးအောင် နှမ်းဆီလေးပါရောထည့်ပါတယ်။ ဆီကျက်ပြီဆို ရောထောင်းထားတဲ့ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းနဲ့ ငရုတ်သီးအရောင်တင်မှုန့်ကို နနွင်းမှုန့်လေး နည်းနည်းရောပြီး ဆီသတ်ပါတယ်။ မွှေးလာပြီဆို ကြက်သားနွှင်ထားတာတွေ ထည့်ပါတယ်။ မီးပြင်းပြင်းနဲ့ မွှေးလာအောင်မွှေပြီး ကြက်သားဆီသတ်ပါတယ်။ ချခါနီးရင် ငါးငံပြာရည်ထည့်ပြီး မွှေလိုက်ပါသေးတယ်။
၉) ကြက်ပြုတ်နဲ့ ပဲဟင်းရည်အိုး ပွက်ပွက်ဆူထဲကို အဲဒီ ကြက်သားဆီသတ်ထားတာကို အကုန်ထည့်လိုက်ပါတယ်။
၁၀) ကြက်သွန်နီဥသေးလေးတွေကိုလည်း ဟင်းအိုးထဲထည့်ပါတယ်။ ဟင်းရည်အိုးထဲ ရေထပ်ထည့်၊ မီးနည်းနည်းလျော့ပြီး ပွက်အောင်ထပ်တည်ပါ။ ဟင်းရည်ဆူလာရင် အုန်းနို့ရည်၊ နွားနို့၊ နို့စိမ်းစတာတွေကို လိုသလောက်ထည့်ပါတယ်။ အုန်းနို့အများကြီးမတည့်လို့ နို့စိမ်းနဲ့ နွားနို့ ကူထည့်တာပါ။
၁၁) ဟင်းအိုးမှ အုန်းနို့နံ့သင်းသင်းလေးမွှေးပြီး ဟင်းရည် ကောင်းကောင်းပွက်ကာ ကြက်သွန်နီဥလေးတွေလည်း နူးလောက်ချိန်တွင် ပြုတ်ထားသော ကြက်ဥများကို ပါးပါးလှီးပြီးဟင်းရည်အိုးထဲကို ထည့်ပါ။ ဟင်းရည်အိုးကို လိုသလောက် အပေါ့အငံမြည်းပြီး၊ မီးမျှင်းမျှင်းလေးနဲ့ မီးဖိုပေါ်တွင် တည်ထားလိုက်ပါ။
၁၂) ဆေးကြောသန့်စင်ထားပြီး ပဲငံပြာရည်အချို၊ ဆား၊ သကြားအနည်းငယ်နဲ့ နှပ်ထားတဲ့ အသဲအမြစ်တွေကို အိုးတအိုးမှာ ရေကိုပွက်ပွက်ဆူအောင်တည်ထားတဲ့အထဲ ၁၀မိနစ်လောက် ထည့်ပြုတ်ပါတယ်။

မုံ့ပွဲနှင့်ရောစားရန်
၁) ကြက်သွန်နီတွေကို ပါးပါးလှီးပြီးရေဆေးပါ။ ပူတာကြိုက်ရင် ရေဆေးပြီးမှ ပါးပါးလှီးထားပါ။
၂) သံပုရာသီးစိပ်လေးတွေ လှီးပြီး ပန်းကန်ထဲ ထည့်ထားပါ။
၃) ဆီပူပူမှာ ကြော်ထားတဲ့ မုံ့ကြွတ်ကို ပန်းကန်ထဲ ထည့်ထားပါ။
၎) ရန်ကုန်က ယူလာခဲ့တဲ့ အသင့်ကျော်ပြီးသား ပဲကြော်ကို ပန်းကန်ထဲ ထည့်ထားပါတယ်။
၅) အဆင်သင့် ကျော်ပြီးသား ငါးဖယ်ကြော်ကိုလည်း ပါးပါးလှီးပြီး ပန်းကန်ထဲ ထည့်ထားပါတယ်။
၆) အီကြာကွေးလေးတွေကိုလည်း ကတ်ကျေးနဲ့ ခပ်သေးသေး ညှပ်ပြီး ထားပါတယ်။
၇) ကြက်ဥပြုတ်ပြီးသား ပါးပါးလှီးထားပါတယ်။
၈ ) ပြုတ်ထားတဲ့ အသဲအမြစ်တွေကို ပန်းကန်လေးတခုနဲ့ ထည့်ထားပါတယ်။
၉ ) ခေါက်ဆွဲအစိုကို ဆီသန့်သွားအောင် ရေနွေးပူပူနဲ့ ဖျောလိုက်ပြီး စစ်ထားပါတယ်။

အားလုံး အဆင်သင့်ဖြစ်ချိန်တွင် သုံးဆောင်နိုင်ပါပြီ။

မုန့်ပွဲပြင်ရန်
ပန်းကန်ထဲကို စစ်ထားတဲ့ ခေါက်ဆွဲဖတ်ထည့်ပါ။ အပေါ်ကနေ ကြက်သွန်နီပါးပါးလှီး၊ ပဲကြော်၊ မုံ့ကြွတ်ကြော်၊ ငါးဖယ်ကျော်၊ ကြက်ဥပြုတ်နည်းနည်း၊ ပြုတ်ထားတဲ့ အသဲအမြစ်နည်းနည်း၊ အီကြာကွေးလေးထည့်၊ သံပုရာသီးလေးညှစ်ထည့်၊ ငရုတ်သီးအလှော်မှုန့်လေးနဲ့ အုန်းနို့ဟင်းရည်ထည့်ပြီး ချိုဆိမ့်ချဉ်စပ်အရသာ အုန်းနွားနို့နံ့မွှေးမွှေးလေး နဲ့ အုန်းနို့ခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီ။

Monday, February 16, 2009

ဈေးစာရင်း

ဘာရယ်မှုတ်ဘူး။ မနေ့က မနက်ပိုင်း ဘူကစ်ဘတုတ် ၀က်မားကက်နဲ့ ရွမ်ချင်းက စင်းဆောင်း မှာ တပတ်စာလိုတာတွေ ဈေးဝယ်တာကို ဘယ်သောအခါမှ ဈေးစာရင်း မလုပ်ဖူးဘူးလို့ အမှတ်တရ ရေးထားလိုက်တာ။

၁၅၊ ၀၂၊ ၂၀၀၉ တပတ်စာ ဈေးဝယ်စာရင်း
နံနက် - ဘူကစ်ဘတုတ် ၀က်မားကက်
ပေါင်မုန့် - ၁.၈၅
အီကြာကွေး - ၃.၀၀
ကြက်၁ကောင် - ၉.၅၀

ညနေ - ရွမ်ချင်း စင်းဆောင်း
ဟင်းသီးဟင်းရွက်
ခရမ်းသီး - ၀.၈၀
ပဲပင်ပေါက် - ၀.၂၅
နှင်းပဲပင် - ၁.၃၅
ကြက်သွန်မိတ် - ၀.၄၀
ငရုတ်သီးစိမ်း - ၀.၃၅
ပြောင်းဖူး - ၁.၂၅
မျှစ် - ၂.၀၀

အသား၊ ငါး
ပုဇွန် - ၈.၄၀
ကတ်ကတစ် - ၈.၀၀
ဆော်လမွန် - ၆.၉၀

အသီး
ဆန်းကစ် ၃လုံး - ၂.၅၀
ပန်းသီး ၅လုံး - ၂.၂၀
ကီဝီသီး ၅လုံး - ၂.၅၀
စပျစ်သီး - ၄.၉၀

အခြား
ဂျင်း - ၀.၇၅
ကြက်သွန်နီ တအိတ် - ၆.၀၀
ဆီတပုလင်း - ၇.၅၀
ငရုတ်သီးမှုန့် - ၁.၉၀
ဂျုံကြာဇံ ၂ထုတ် - ၁.၄၀
သက်သတ်လွတ် ကင်ချီခေါက်ဆွဲခြောက် - ၃.၅၀
ကောက်ညှင်းဆန် အမဲ - ၁.၄၀
ကောက်ညှင်းဆန် အဖြူ - ၁.၇၀
ငါးနီတူခြောက် - ၄.၉၅
မီဆိုး ဟင်းချိုထုတ် - ၄.၈၀
ကော်ဖီမိတ် - ၂.၄၀
ဘီစကစ် - ၁.၉၅
ရေခဲမုန့် - ၃.၉၅
ခေါက်ဆွဲ စစ်တဲ့ ဇကာ - ၂.၄၀
ရေစစ်အသေးလေး - ၀.၉၅
ပုံဆွဲစာအုပ် - ၁.၆၅
ရေပိုက် ဗားခလုတ် - ၄.၅၀
****************************
စုစုပေါင်း - ၁၀၇. ၈၀

Friday, September 5, 2008

Japanese Fish Head

ကိုယ်တို့ကခြေ၄ချောင်းသားမစားတော့ စားစရာက ငါး၊ ကြက်သားနဲ့ ပုဇွန်ပဲရှိတာကိုး။ သူများနဲ့ အပြင်သွားစားပြီဆို အရမ်းအားနာရတယ်။ ကိုယ်က မစားတာတွေများတော့ သူတို့မှာ ကိုယ့်အတွက်နဲ့ ဟိုဟာရွေးရ၊ ဒီဟာရွေးရနဲ့။

၂၀၀၂ လောက်ကဂျပန်မှာ အလုပ်လုပ်စဉ် နေမကောင်းဖြစ်တယ်။ နေပြန်ကောင်းတော့ ရုံးက ဂျပန်မန်နေဂျာနဲ့ သူငယ်ချင်းတွေက ကိုယ့်ကို သနားကြလို့လားမသိဘူး။ အိမ်လွမ်းလို့ နေမကောင်းဖြစ်တာနေမှာ ဆိုပြီး တပတ်တခါ သောကြာနေ့ရောက်ပြီဆို အပြင်မှာလိုက်ကျွေးကြတယ်။ အဲဒီမှာ ပြဿနာက သူတို့က အမဲသားအရမ်းကြိုက်တဲ့ သူတွေ... ကိုယ်ကလည်းမစားတော့ သူတို့မှာ အမဲသားဆိုင်ခေါ်ချင်ပေမဲ့ ခေါ်လို့က မရဘူး။

အဲဒီတော့ လွတ်လွတ်ကင်းကင်း အဆင်ပြေရအောင် တခါတရံ ငါးဆိုင်ကို သွားကြတယ်။ ငါးအစိမ်းကို အဲဒီမှာ စစားဘူးတာပဲ။ နောက်တော့... ငါးခေါင်း...။ အကြီးကြီးမှ အကြီးကြီးရယ်...။ ငါးခေါင်းကြီးကြည့်ပြီး ကြောက်လို့ မစားရဲပြန်ဘူး။ ဓါတ်ပုံတွေ ရှာကြည့်တာတွေ့လို့ ကြည့်ကြည့်ပါဦး။ မျက်လုံးကနေ သွေးတွေ စီးကျနေသလိုပဲ။ လုံးဝမတို့ခဲ့ဘူး။ ကြည့်ရတာ... အူယားလို့။ အဲဒီငါးခေါင်းကြီး ဓါတ်ပုံရိုက်ထားတာ ပြန်ကြည့်ရင်တောင် ပြန်လန့်တယ်။ အမလေး... မကြည့်ရဲပါဘူးဆိုလို့ စားပွဲထိုးကိုခေါ်ပြီး အမြန် ဖျက်ခိုင်းရတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။