Saturday, November 1, 2008

မျက်ရည်များနဲ့ အလွမ်းစာ

Image from http://www.fotosearch.com/
ကိုဝက်ရဲ့....

သူ့ကို ငါတို့စသိတာ တတိယနှစ်မှာလေ။ ငါတို့ စာစုလုပ်နေတဲ့ library ရှေ့က ၀ရံတာ လက်ရန်းမှာ ထိုင်ရင်း ငါတို့အုပ်စုကို သူက ရှုနေကြပေါ့။ ငါနဲ့ မင်းမင်းက တတိယနှစ်မှာ ခုံနံပါတ် မနီးမဝေး။ lab လုပ်ရင် တစ်အုပ်စုထဲ အတူကျတော့ lab report တွေရေးရင် ငါတို့က library ထဲမှာ ထိုင်ရေးလေ့ရှိတယ်။ အဲဒီအချိန်တိုင်း သူ့ကို library ရှေ့မှာ အမြဲ တွေ့ရတတ်တယ်။ ငါလို ငအူက သူ... ဘယ်သူ့ကို လာရှိတ်နေမှန်းသိဘူးရယ်။ နောက်... ငါတို့နဲ့ခင်တဲ့ မိုး... ကိုလိုက်နေတဲ့... နင်တို့ သူငယ်ချင်း နက်မောက်သား နောက်တစ်ယောက် ကပြောတော့မှ သူက မင်းမင်းကို လိုက်ကြည့်နေတယ် ဆိုတာသိရတော့တယ်။ ဒါပေမဲ့ ငါတို့က သူ့ကိုတော့ ခင်ကြပါတယ်။ မင်းမင်းကိုလိုက်ကြည့်နေတာ မြင်ပြီး ကြားထဲကနေ သနားမိတယ်။ ဘာလို့လည်းဆိုတော့ သူက တခြားယောက်ျားလေးတွေနဲ့ မတူဘူးရယ်။ သူ့ရဲ့ အကြည့်ဟာ ရိုးစင်းတဲ့ အပြုံးတစုံနဲ့ အေးမြတဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံထားတတ်လို့ပဲ။ အမြဲတန်း ပြုံးနေတတ်တဲ့ သူနဲ့ ငါတို့ အုပ်စုက သိပ်မကြာတဲ့ အချိန်အတွင်းမှာပဲ သူငယ်ချင်းအရင်းတွေလို ခင်မင်ခဲ့ကြတယ်။ နောက် မင်းမင်းနဲ့ သူ ၄တန်းမှာ (ငါအမှတ်မမှားရင်) ကြိုက်သွားကြတော့ ငါတို့အားလုံး လိုက်ဖက်ညီတဲ့ သူတို့ ၂ယောက်အတွက် ပျော်ရွှင်ခဲ့ကြတယ်။

က၀က်ရေ... နင်သိတဲ့ အတိုင်း... ငါတို့ အုပ်စုဆိုတာ အတန်းထဲမှာ ဘရုတ်ကျလွန်းလို့ သရဲ၎ကောင် ဆိုပြီး နံမည်ရတဲ့ အုပ်စုဆိုတာ။ သူလည်း ငါတို့အုပ်စု ဘရုတ်ကျတဲ့ဒါဏ်ကို ဘယ်လွတ်လိမ့်မလဲ... သေချာခံခဲ့ရတာပေါ့။ နင်မှတ်မိသေးလား။ ငါတို့ တွေ ဖိုင်နယ်မှာ ဆရာကြီး ဦးဆန်းတင့် အင်တာဗျူးကို ၀င်ခဲ့ကြရတာလေ။ သူ့အလှည့်က နေ့လည်ထမင်းစားပြီး ၀င်ရမှာ။ ငါတို့တွေ ထမင်းစားပြီးချိန် အဲဒီ ရုံးခန်းနားရောက်နေတုန်း သူက ကမန်းကတန်းပြေးလာပြီး... သူ့အလှည့်ရောက်ပြီလား၊ သူ့ခုံနံပါတ်ခေါ် သံ ကြားလားလို့မေးတယ်။ ဘယ်ရမလဲ... ငါတို့ကလည်း အရေးကြီးတဲ့ ပုံစံတွေနဲ့ မျက်လုံးပြူး၊ မျက်ဆန်ပြူးလုပ်ပြပြီး... အေးအေး... နင့် ခုံနံပါတ်ခေါ်နေတာ ကြာလှပြီ...နင်နဲ့ အတူတူဝင်ရမဲ့ အုပ်စုအားလုံး ၀င်သွားကြပြီ... မြန်မြန်ဝင်လို့ ဂျောက်တွန်းကြတာပေါ့။ အဲဒီတော့ သူက ပါးစပ်ထဲက ၀ါးနေတဲ့ ကွမ်းတွေ ကမန်းကတန်းနဲ့ ထွေးထုတ်။ အနီးက သောက်ရေအိုးမှာ ကပြာကရာ ပလုတ်ကျင်းလို့... ငါတို့ နောက်တာပါလို့... ပြန်တောင်ပြင်မပြောနိုင်ခင်... ၀ူးဆို ဆရာကြီး အခန်းထဲကို ပြေးဝင်သွားတယ်။

ငါတို့လည်း သူပြေးဝင်သွားတာလည်းမြင်ရော... အဲဒီနေရာကနေ တချိုးထဲ လစ်... လှေခါးထောင့်ချိုးရောက်မှ သူဘယ်လိုပုံနဲ့ ပြန်ထွက်လာမလဲလို့ ချောင်းကြည့်ကြတာပေါ့။ တော်ကြာတော့ သူက ခေါင်းကို လက်နဲ့ ကုတ်ပြီး ပြုံးစိစိနဲ့ ထွက်လာတာကိုမြင်ရတယ်။ သူများတကာတွေလို သူက ဘယ်မလဲ ..ဒီသရဲ၎ကောင်လို့ စိတ်ဆိုးပြီး ငါတို့ကို ရှာမနေပါဘူး။ သူ့ပုံစံ အေးအေးဆေးဆေးကိုတွေ့တော့မှ ငါတို့လည်း ပုန်းနေရာကနေ ရယ်ကျဲကျဲတွေနဲ့ ထွက်လာကြတော့တာပေါ့။ ငါတို့ကို သူက တခုပဲ... ပုခုန်းတွန့်ပြီးပြောတယ်... နင်တို့တော်တော်ဆိုး... ငါ့မှာ အားနာလိုက်တာ အရမ်းပဲတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာကြီးက အခန်းမှာ ဧည့်သည်နဲ့ စကားပြောနေရာက ရုတ်တရက် ကမူးရှုးထိုးဝင်လာတဲ့ သူ့ကိုကြည့်ပြီး အထိတ်တလန့်နဲ့ ဘာဖြစ်တာလဲ မေးလို့တဲ့လေ။ က၀က်ရဲ့... သူနဲ့ ပါတ်သက်လို့ ... အဲဒီနေ့က သူ့ပုံစံက ရီစရာကောင်းလွန်းလို့... အဲဒါကို ယနေ့ထိ ငါမှတ်မိနေတယ်။

ကျောင်းပြီးလို့ သူငယ်ချင်းတွေ တကွဲတပြားဖြစ်ကုန်ကြတော့ ငါတို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပြန်မဆုံနိုင်ကြပေမဲ့ တစ်ယောက်ရဲ့ သတင်းစကား တစ်ယောက်နားထောင်ရင်း... အလွမ်းဖြေလို့ နေကြရတယ်။ ဟဲ့... သူကတော့ ကလေး ဘယ်နှယ်ယောက်ရနေပြီ။ သူကတော့လေ... အရမ်းကို ချမ်းသာနေပြီပေါ့။ သူကတော့ ရာထူးတွေ ကြီးလို့ပေါ့ဟယ်။ သူကတော့ ဒေါက်တာကြီးဖြစ်နေပြီတဲ့။ သူကတော့ ....သူကတော့... သူကတော့... စသဖြင့် သတင်းကောင်းလေးတွေ စောင့်မျှော် ပီတိပွားရပါတယ်။

ဒါပေမဲ့... ငါလေ... ဒီလို ၀မ်းနည်းစရာကောင်းတဲ့ သတင်းမျိုးကိုတော့ ဘယ်တော့မှ မကြားပါရစေနဲ့လို့.... ဆုတောင်းနေမိလေရဲ့။ ဘ၀ဆိုတာ တိုတိုလေး... တချိန်မှာ ငါတို့ အားလုံးဒီလမ်းကို သွားကြရမယ်ဆိုတာ သိနေသော်လည်းပဲ... အချိန်မတန်ခင် ခွဲခွာသွားကြမဲ့ အဖြစ်မျိုးကိုတော့ မလိုလားဘူးဟယ်။

ငါတို့သူငယ်ချင်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလျက်...။ ။

အလွမ်းများစွာဖြင့်....
သရဲ၁ကောင်
၁-၁၁-၂၀၀၈
ည၁နာရီ၄၀မိနစ်

No comments: