Showing posts with label Birthday. Show all posts
Showing posts with label Birthday. Show all posts

Thursday, October 16, 2014

See you at the Roof !!! ( ခေါင်မိုးပေါ်ကလူကြီး မွေးနေ့ အမှတ်တရ…)

ခေါင်မိုးပေါ်မှာ နေကြသူများ 

၁။
မနက်ခင်း ဦးရေချမ်း လမ်းလျှောက်မှ ပြန်လာချိန်.... 

" ဘုရားပန်းတွေ ဝယ်လာတာကောင်းလဲမကောင်းဘူး၊ မမြင်ဘူးလားဟယ်… ဒီမယ် အပွင့်တွေနွမ်းနေ ကြွေနေတာ…"
" မြင်သား… ပန်းသည်က အလှဆုံးကို ရွေးပေးထားတယ်ပြောတော့ အားနာတာနဲ့ပဲ သူပေးတဲ့အတိုင်းယူလာတာ…"
" နောက်တစ်ခါဆို အဲ့ပန်းသည်ကို ပြောဦးမှပဲ…"
" ကျနော်မပါတဲ့ အခေါက်ကျမှ ပြောနော်… ကျနော့်ရှေ့ မပြောနဲ့…"
" ငြုတ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးကလည်း နည်းနည်းပဲဝယ်ပါဆို ဘာလို့အများကြီး ဝယ်လာတာလဲ… ပျဉ်းတော်သိမ်ရောပါမလာဘူးလား…"
ဦးရေချမ်း ဘာမှမပြော၊ မကြားချင်ယောင်ဆောင်နေသည်။ ပျဉ်းတော်သိမ်က အလကားယူရသည့်အတွက် ယူရမှာရှက်လို့ တမင် ယူမလာတာပဲဖြစ်မည်။ 

++++ 

၂။
At Starbucks …. 

"ကျနော်… ကော်ဖီ သွားဝယ်လိုက်ဦးမယ်…"
" နေဦး… ဒီမှာ ဟိုတစ်နေ့က စတားဘတ်ခ်ကပေးလိုက်တဲ့ ကူပွန်လေးရှိတယ်… ရော့ ဒါလေး နဲ့ သွားဝယ်လေ…"
" ဟာ… အဲ့ဒါဆို အလကားတောင်းသလိုကြီး ဖြစ်နေမှာပေါ့…. ရှက်စရာကြီး… မရွှေစု သွားဝယ်ပေးမလား…"

 ++++ 

၃။
At Shopping center …. 

"ဟင်… မုန့်သွားဝယ်တယ်ဆို … မုန့်ထုတ်တွေရော…"
" ဟိုက်… ပိုက်ဆံပေးပြီး အထုတ်မယူပဲ ထွက်လာမိတာ... ကောင်တာမှာ ကျန်ခဲ့ပြီ…"
" ခဏလေးပဲ ရှိသေးတာ… ပြန်သွားယူလိုက်လေ…"
" ဟဲ… ဟိုလေ… ပေးပေး… လက်ထဲကအထုတ်တွေ ကျနော် အကုန်ကိုင်ပေးထားပြီး ဒီကစောင့်နေမယ်… ရော့ဒီမှာ ဘောင်ချာ… မရွှေစု သွားယူပေးနော်… "
"အာ… ကိုယ်ဝယ်ပြီးကျန်ခဲ့တာ ကိုယ့်ဘာသာ သွားယူပါလား…"
" ဘာလဲ… မပြောရဲဘူးလား… တယ်…လူကြောက်တာပဲ…"

 ++++ 

၎။
အိမ်ငှားကိစ္စ….

မနက်...
"အိမ်က ကလေး အိမ်ထဲမယ် ဆေးလိပ်သောက်လို့ အနံ့တွေ နံတာ၊ ညမိုးချုပ်ကြီး ဧည့်သည်တွေခေါ်တာ သတိပေးမယ်ဆို သူ ကျောင်းမသွားခင် ပြောလိုက်ဦးလေ…"
" အေးပါ... ခုမှ အိပ်ရာထ မနက်အစောကြီးဆိုတော့ ခဏ နေပါဦး…"
......
နေ့လည်
" ကိုယ်လည်း သူ့ကို နေ့လည်စာ ကောင်းကောင်းချက်ကျွေးတာပဲ... ပြောရမဲ့ကိစ္စ ပြောလိုက်လေ…"
" အေးပါ... ခုမှ နေ့လည်စာ စားပြီးတာ... ခဏ နေပါဦး…"
...... 

" သူ စာကျက်နေတယ်... ည မအိပ်ခင် ပြောလိုက်လေ…"
" အေးပါ... စာကျက်နေတော့ အနှောက်အယှက် ဖြစ်နေပါဦးမယ်... ခဏ နေပါဦး…"

" နေတော့... ကိုယ်ဘာသာပဲ ပြောလိုက်တော့မယ်... တကတည်း...  "
 
 ++++


၅။
ပုံပြင်လေးတစ်ပုဒ်...

တခါတုန်းက ရွာတရွာမှာ ဦးမောင်နဲ့ ဒေါ်မိဆိုတဲ့လင်မယား၂ယောက်ဆိုတာ ရှိကြသတဲ့။ ဦးမောင်က အရမ်းရှက်တတ် ကြောက်တတ် အားနာတတ်တာတဲ့။ ဒါပေမယ့်လို့ သူ့ကို ရှက်တတ် ကြောက်တတ်တယ်လို့ ပြောခံရမှာကိုလည်း မကြိုက်ဘူးတဲ့။ 

တနေ့တော့ သူတို့အိမ်ခေါင်မိုး မိုးယိုနေလို့ အမိုးပြင်ဖို့ လုပ်ရတယ်တဲ့။ ရှေးက တောရွာတွေမှာဆို အိမ်တိုင်းကိုယ်စီ တူ၊ လွှ၊ ဆောက် စတဲ့ လက်သမားပစ္စည်းတွေ စုံအောင်မရှိ၊ ရှိတဲ့သူအချင်းချင်း မျှတပြီးသုံးလေ့ရှိကြတယ်တဲ့။ အမိုး ပြင်မဲ့ ဦးမောင်ဟာ သံတွေ ခါးပိုက်ဆောင်ထဲထည့်၊ နှီးတွေကိုခါးမှာပတ်၊ သက်ကယ်ဗျတ်တွေပိုက်ပြီး အိမ်ခေါင်မိုးပေါ်ကို တက်သွားရောတဲ့။ ခေါင်မိုးပေါ် ရောက်တော့မှ ထုတ်တန်းပေါ်မှာထိုင်ပြီးတော့... 

“ အေ... မယ်မိရေ... ဘိုးသောင်တို့ အိမ်က တူလေး သွားငှားလိုက်စမ်းဟေ့...” 

“ မောင်ခွေးတို့အိမ်က ဆောက်ကလေး ခဏလို့ပြောပြီး ယူပေးစမ်း...” 

“ အရီးမြတို့ အိမ်က လွှကလေး သွားဆွဲလိုက်ပါအုံး... “ စသဖြင့် ဒေါ်မိကို တခုပြီး တခု ခိုင်းပါရောတဲ့။

ပြီးတော့ သူက ပြောသေးတာတဲ့။
" ခေါင်မိုးပေါ်ရောက်နေလို့ မသွားအားလို့ပါကွာ... နို့မို့ ငါ သွားပေးပါတယ်ကွာ.. " တဲ့။ 

ဒေါ်မိလည်း ချက်ရင်းပြုတ်ရင်း ကလေးထိန်းရင်း ဟိုပြေး ဒီပြေးနဲ့ ပစ္စည်းတွေ လိုက်ငှားရတာ ကြာတော့ စိတ်ကတိုလာတာပေါ့။ 

“ ဘယ့်နှယ်တော်... ကိုယ့်ဘာသာ ခေါင်မိုးပေါ် မတက်ခင် အကုန်စုံအောင် ယူသွားပါလား။ ခုမှ ဟိုခိုင်း ဒီခိုင်းနဲ့...” 
လို့ မောမောနဲ့မြည်တွန်တောက်တီးသတဲ့။

အဲသလို ပြောတော့လည်း ဦးမောင်က အလျှော့မပေးဘူး ဆရာ။ 

“ ဒါလေးတောင် မလုပ်ပေးချင်ဘူး။ ဒီမိန်းမ … တယ်... လူကြောက်တာပဲ... “ လို့ ပြန်ပြောသေးတာတဲ့။ 

++++ 

အဲ့ဒီပုံပြင်လေးဟာ မရွှေစုတို့ အဖွား ပြောပြတဲ့ ပုံပြင်လေးရယ်ပါ။ မရွှေစုတို့ (အဖိုး) အဖေကြီး က တခုခု သူများကို ပြောရမှာ အားနာလို့ ရေငုံနေပြီဆို ( အဖွား ) အမေကြီးက ...
" ဟေ့... နင်တို့အဖိုးတော့ ခေါင်မိုးပေါ် တက်သွားပြီဟေ့...။ ငါပဲ တူတွေ လွှတွေ သွားငှားရတော့မှာပါပဲကွယ်..." လို့ ရယ်ရယ်ပြုံးပြုံး ပြောလေ့ရှိတယ်။ 

မရွှေစုတို့ မေမေလည်း တစ်ခုခု ပြောစရာရှိလာလို့ ဖေဖေက ဘာမှ မပြောပဲ ငြိမ်နေပြီဆို ..
"အင်း... နင့်အဖေ ခေါင်မိုးပေါ်မှာ ငါ့ကို စောင့်နေတယ်ဟေ့..." လို့ ငေါ့ပြောတော့တာပါပဲ။ 

မရွှေစု အလှည့်ကျတော့ရော....။ 
ဟား... ဦးရေချမ်းလား... ဘာပြောကောင်းမလဲ။ 
ကျနော်... ခေါင်မိုးပေါ်မှာ အမြဲ နေ နေပါသည်တဲ့။
ခေတ်မီသွားအောင်ပြောလိုက်ဦးမယ်... See you at roof ဆိုလားပဲ…။ 
ညှင်းညှင်းညှင်း…။ 


မှ... 
သင့် ချစ်ဇနီး 
( တူတို့ ဆောက်တို့ လွှတို့ ပြေးလွှားငှားပေးရသူ )
ခေါင်မိုးပေါ်က လူကြီး မွေးနေ့ အမှတ်တရ…။
၁၆ အောက်တိုဘာ ၂၀၁၄

Tuesday, December 10, 2013

ဖေဖေ

(ဖေဖေတို့ လူပျိုဘဝ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်က ကင်မရာကို နောက်ကျောပေးပြီး ဓါတ်ပုံရိုက်ရှိုးထုတ်တာတွေ ခေတ်စားခဲ့ဖူးတယ်...)

ငယ်ငယ်လေးကတည်းက မေမေရော မေမေ့ဘက်ကဆွေမျိုးတွေကပါ ၀ိုင်းပြီးပြောကြတယ်၊ ညည်းဟာ အဖေ့သမီးမှ အဖေ့သမီး အစစ်ပဲတဲ့၊ ဒီတော့ ကိုယ်က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စဉ်းစားမိတယ်၊ ဒီအဖေက မွေးတာ ဒီအဖေ့သမီးအစစ်မဟုတ်လို့ ဘယ်သူ့သမီး ဖြစ်ရအုံးမလဲပေါ့၊ တော်တော်ခက်တဲ့ လူကြီးတွေပဲလို့ စိတ်ထဲ မကြေမလည် ဖြစ်ခဲ့မိတယ်။ တော်တော်လေး နားလည်လာတတ်တော့မှ အဖေ့သမီးဆိုတာ အဖေနဲ့ စိတ်ချင်းတူ ရုပ်ချင်းတူ အဖေကိုချစ် အဖေကိုမျက်စိအောက်ကအပျောက်မခံ အဖေနဲ့ ဘယ်သူပဲ စကားများများ အဖေ့ဘက်ကပဲလိုက် အဖေပြောသမျှအမှန် အဖေ့ကိုနည်းနည်းမှ အထိမခံ ... ဒါကြောင့်မို့ အဖေ့သမီးလို့ ပြောကြတာကိုးလို့...။

ကိုယ်ငယ်ငယ်တုန်းက အဖေနဲ့ အမေနှစ်ယောက်ကြားမှာ အိပ်လေ့ရှိတယ်၊ တစ်နေ့တော့ ညအိပ်ခါနီး အိပ်ရာထဲ သားအမိ သားအဖတတွေ ဆော့နေရင်း စရင်းနောက်ရင်းနဲ့ အဖေက ကိုယ့်ကျောကိုပုတ်လိုက်တာ မတော်တဆ လက်ဆပြင်းပြီး နာသွားလို့ ကိုယ်လည်း အော်ငိုမိတယ်၊ ကျောကိုလှန်ကြည့်တော့ နဲနဲလေး နီနေလို့ မေမေက သူ့သမီးကို နာအောင် လုပ်ရပါ့မလားဆိုပြီး ဖေဖေ့ကို ရန်တွေ့ရာက အဖေနဲ့ အမေ ၂ယောက်သား ရန်ဖြစ်ကြပါလေရော၊ တော်ကြာတော့ ဖေဖေက အိပ်ရာပေါ်ကနေ ဆင်းသွားပြီး အိမ်ရှေ့ဧည့်ခန်းမှာ သွားအိပ်တယ်၊ ကိုယ်လား... အမေ့ကို တစ်ချက်စွေကြည့်ပြီးတော့ ဖေဖေ့နောက်ကိုဆင်းလိုက်သွားတာပါပဲ၊ ပြီး ဖေဖေနဲ့အတူဧည့်ခန်းမှာ နေပေးတယ်။ မေမေက ဒီအကြောင်းကို အခုထက်ထိ ပြောမဆုံးဘူး၊ သူ့ဘက်ကလိုက်ပြောပေးရတဲ့ အမေနားမနေခဲ့ပဲ သူ့ကိုရိုက်တဲ့အဖေ့ဘက်ကို ပါတဲ့သူတဲ့။ ငယ်ငယ်က ညဆို ဖေဖေ့နောက်ကျောကို ခပ်တင်းတင်း ဖက်အိပ်ရင်း ဖေဖေသေသွားရင် ငါဘယ်သူနဲ့ နေရပါ့မလဲလို့ စိတ်ပူထိတ်လန့်မိခဲ့ဖူးတဲ့ရက်တွေရှိတယ်။ အဖေက သမီး ဘယ်အရွယ်ထိ ဖေဖေနဲ့ အတူအိပ်မလဲဆို အိုတဲ့အထိ ... အိုတဲ့အထိလို့ ပြောခဲ့တာ မှတ်မိနေသေးတယ်။ ညအိပ်ကြရင် တစ်ယောက်တစ်လှည့်စီ ကိုယ့်ဘက်သူ့ဘက်လှည့်အိပ်ကြေးလုပ်ထားပြီး ဒီနေ့ အဖေက သမီးဘက်ကို လှည့်အိပ်ရမဲ့နေ့၊ နောက်နေ့ သမီးက အဖေ့ဘက်ကို လှည့်အိပ်ရမဲ့နေ့နဲ့ သားအဖနှစ်ယောက် ခဏခဏ ငြင်းကြလွန်းလို့ ငယ်ကတည်းက စနစ်တကျနဲ့ မတိကျကြီး လုပ်ချင်တတ်တဲ့ကိုယ်က တစ်ယောက်ဘက်တစ်ယောက် လှည့်အိပ်ရမဲ့ရက်တွေကို ပြက္ခဒိန်မှာ အသေအချာ မှတ်သားထားခဲ့ဖူးတာတွေကိုလဲ သတိရနေမိတယ်။

အဖေက သူ့သမီး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတယ် ဆိုတာ သတိထားမိပုံလည်း မရဘူး၊ အထက်တန်းကျောင်းသူကြီး ဖြစ်တဲ့အထိ လွယ်အိတ်ကြီးလွယ်ပေးပြီး ကျောင်းကို လိုက်ပို့တုန်း၊ ကျူရှင်ကို လာကြိုတုန်း၊ မြို့ထဲလမ်းလျှောက်ရင် အဖေနဲ့ သမီး လက်ချင်းချိတ်ပြီး လျှောက်ကြတုန်း၊ အဖေက ချောလဲချော အရွယ်တင် နုပျိုနေတော့ မသိတဲ့သူတွေက ဒီကောင်မလေး အတွဲရနေသလားလို့ အထင်မှားကြမတတ်၊ ဒါပေတဲ့ အဖေကတော့ ကိုယ့်ကို ကလေးလို့ ထင်မှတ်တုန်း။ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူဘဝမှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ လမ်းမှာတွေ့တော့ နှုတ်ဆက်ကြတာ၊ ဒါ... ကျနော့်သမီးလေ... အီလက်ထရွန်နစ် နောက်ဆုံးနှစ် ကျောင်းသူကြီးပေါ့...အင်ဂျင်နီယာမကြီးဖြစ်တော့မယ်... ဒါပေတဲ့ အခုမှ အသက်က ၂၀ပဲရှိသေးတာ... ငယ်ငယ်ကလေး... တဲ့၊ တစ်ဘက်လူကတော့ ကိုယ့်ကို အသက်လိမ်ပြီးကျောင်းနေခဲ့သူလားလို့ ဇဝေဇဝါဖြစ်နေတော့မှာပဲ၊ တကယ်ဆို အဲ့ဒီအချိန် ကိုယ့်အသက် ၂၄နှစ်ထဲမှာ။

ဒီလိုနဲ့ သမီးရော အဖေပါ တဖြည်းဖြည်း အသက်ကြီးလာကြပြီ။ တကယ်ဆို အဖေက အင်မတန်မှ ကျန်းမာရေးကောင်းတယ်၊ တစ်သက်လုံးမှာ ဖျားတယ် နာတယ်ရယ်လို့ ထူးထူးခြားခြားမရှိခဲ့စဖူး၊ ပင်စင်ယူပြီးတာတောင်မှ ရုံးက အကြံပေးပြန်ခန့်တော့ အသက်၆၄နှစ်လောက်ထိ ရှေးဟောင်းနယ်မြေတွေ လျှောက်သွားပြီး တတ်နိုင်သလောက် သုတေသန အလုပ်တွေ လုပ်ပေးခဲ့သေးတယ်။ အဖေ့ လက်မောင်းတွေကိုင်ကြည့်ရင် ကြွက်သားတွေ နဲ့ တင်းတင်းရင်းရင်းရှိတုန်း၊ မနက်ဆို ဈေးကို ကိုယ်တိုင် လမ်းလျှောက်သွားတုန်း၊ စင်ကာပူနဲ့ ရန်ကုန်ကို သွားလိုက် ပြန်လိုက် လုပ်လို့ကောင်းတုန်း၊ ညဘက် မိုးချုပ်တာတောင် တစ်ယောက်တည်း ကားမောင်းပြီး စာအုပ်ဆိုင်တွေ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအိမ်တွေ ဟိုဟိုသည်သည် လျှောက်လည်လို့ကောင်းတုန်း၊ စိတ်ရင်းကောင်းပေမယ့် စိတ်တိုတတ်လေ့ရှိတဲ့သူတွေရဲ့ ထုံးစံအတိုင်း စိတ်ကလေးလက်တစ်ဆစ်နဲ့ သမီးတွေကို အလိုမကျရင် အော်ကျယ်ဟစ်ကျယ် ဆူပွက်လို့ကောင်းတုန်း၊ ဒါပေမဲ့ ဟိုတုန်းကလိုပဲ ဇနီးနဲ့ သမီးတွေ လိုတာမှန်သမျှ သူတတ်နိုင်တာထက် ပိုပြီး ဖြည့်ဆည်းပေးချင်တုန်း။ ဟိုးအရင်တုန်းက အဖေက ကိုယ့်ကို အသက်ငယ်သေးတယ်လို့ မှားထင်ခဲ့မိသလို ကိုယ်တို့တွေကလည်း အဖေ့ကို ခုချိန်ထိ လူငယ်လေးလို့ ထင်ကောင်းတုန်း၊ တကယ်ဆို အဖေ့အသက်က ၇၀ကျော်လာပြီကိုး။

အဖေရဲ့ ချစ်စရာကောင်းတဲ့ နောက်တစ်ချက်က သမီး၃ယောက်ရှိတာ ဘယ်သမီးကိုမှ ရွေးပြီး ပစားမပေးခဲ့စဖူး၊ သမီးတွေမှာရှိတဲ့ ချို့ယွင်းချက်လေးတွေကိုလည်း အပြစ်မတင် ခွင့်လွှတ်တတ်စမြဲ၊ ကိုယ်ဟာ သမီးတွေအားလုံးထဲမှာ အဖေ့သမီးဖြစ်တဲ့အတွက် အဖေ့စိတ်ကြိုက် အဖေစီမံသလို အဖေသဘောကျ အရာအားလုံး လိုက်နာခဲ့လို့ ကိုယ့်အတွက် ပိုပြီးဂုဏ်ယူတာမျိုးပဲရှိတယ်၊ အဲ့အတွက်နဲ့ တခြားသမီးတွေထက်ပိုပြီး ကိုယ့်ကိုတစ်ခါမှ မမြှောက်စားခဲ့ပါဘူး၊ အဖေလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေလို့ မျက်နှာသာပိုပေးတာမျိုးလည်း လုံးဝမလုပ်ခဲ့ပါဘူး၊ အဲသာကို ကိုယ်ကလည်း အဖေ့စိတ်နဲ့ညီ အဖေ့သဘောအတိုင်း စိတ်ထဲ ကျေနပ်တယ်၊ တကယ့်မျှတတဲ့အဖေဆိုတာ ဒါမျိုးပဲဖြစ်ရမယ်လေ။

ဟိုတစ်နေ့ကတော့ အဖေနဲ့ ကိုယ် ၂ယောက်သား စကားများကြတယ်၊ ဒါကတော့ ဆရာအလုပ်မခံချင်တတ်တဲ့ လူကြီးတွေရဲ့သဘောနဲ့ စိတ်ပူတတ်တဲ့ သားသမီးတွေကြား ဖြစ်တတ်တဲ့ ထုံးစံ သဘာဝအတိုင်းပေါ့။ အဖေ့ကို ကြိုပြီး အမျိုးမျိုး ချော့ထားပါရက်ကနဲ့ စကားနားမထောင်ချင်တဲ့အတွက် စကားများကြတာမှာ... အဖေကလည်း စိတ်တိုပြီး အော်... ကိုယ်ကလည်း အဖေ့သမီးလေ... ဒီတော့ တပြန် စိတ်တိုပြီး ပြန်အော်... ၊ အဖေဟာ သူ့ကို မအော်စဖူး ကိုယ်အော်လိုက်တဲ့အခါ ဘာမှ ဆက်မပြောတော့ပဲ အသံ တိတ်သွားတယ်၊ အဖေ အသံ တိတ်သွားတော့မှ ကိုယ်လည်း အတော့်ကို ဝမ်းနည်းသွားမိတယ်၊ ကိုယ့်အဖေတစ်ယောက်လုံးကို ဒီလို ပြောရသလား မိုက်လိုက်ပုံနှယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသပြန်ထွက်မိတယ်၊ ဒါနဲ့ အဖေ့နား သွားပြီး အဖေ့ကို ကောင်းစေချင်လို့ ပြောမိတာ စိတ်မဆိုးပါနဲ့နော်လို့ အဖေ့ပါးကို အသာနမ်းရင်း သမီးကို ခွင့်လွှတ်ပါနော်လို့ ဒူးထောက်တောင်းပန် ရှိခိုးလိုက်တယ်၊ အဖေ့မျက်နှာက စိတ်ဆိုးမနေတဲ့အပြင် ပြုံးယောင်ယောင်နဲ့၊ အဖေက ကိုယ့်ကို တစ်ချက်မော့ကြည့်ရင်း သူ ပြောလေ့ပြောထမရှိခဲ့တဲ့ စကားတစ်ခွန်းကို တိုးတိုးကလေး ပြန်ပြောတယ်...၊ အဖေ့သမီးတွေထဲမှာ သမီးကို အချစ်ဆုံးပဲ၊ ဘာလို့ စိတ်ဆိုးရမှာလဲတဲ့...။

ကျေးဇူးရှင် ဖေဖေ ဒီကနေ့ မွေးနေ့ကစလို့ ခံစားနေရသော ရောဂါများ ပိန်းကြာဖက် ရေမတင်လျှောကာကျသကဲ့သို့ ပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သူတော်ကောင်း သူမြတ်ကောင်းတရားများကို ပွားများအားထုတ်နိုင်၍ တရားဓမ္မများနှင့် မွေ့ပျော်နိုင်ပါစေ။

၇၆နှစ်မြောက် အဖေ့မွေးနေ့အမှတ်တရ...
မှ... အဖေ့ချစ်သမီးလတ်

++++

Tuesday, August 6, 2013

Floating in the yellow space....




This morning, I woke up with roses from my hubby as usual in every year of this time since we got married, oh I suddenly realized, today is one of the steps in my life, step count will be forty-three.

My beloved hubby went to market in the early morning and bought the flowers for me to offer Buddha in my birthday. He does never change & still the same as sweet as always since first day I have met him. Fortunately, today is Uposatha Observance day which is Waso New Moon day, hence
I can offer the Buddha with very fresh and beautiful flowers and will observe the Sabbath as well.

Usually, if my birthday falls into holiday or if I can take a leave from office, I would go to temple for meditation and help out with necessities, especially, clean the floors and toilets. Today is not a holiday or rest day, so I did some Meritorious Deeds in the temple on last Saturday dedicating to my birthday remembrance. Since SMC temple is holding meditation retreat during this week, I did clean Yogi Toilets & rubbish bins, Sanga bath rooms and toilets as well. Also assist to the Sayardaws to guide the yogis in their meditation.

Get back today, on the way to office, I called my parents to worship them & pay respects them. My mom did specially wish for me to get peaceful life all the way, she never said any success or wealth but only peace and health. I wish and I do continue to provide and support my parents whatever they want and I wish them to be healthy and happy & peaceful with their Dhamma. My beloved parents-in-law also called me and wished me for the best. How lucky I am, I can pay respect both parents in my birthday early morning. I thank my fortune for being love with me.

When I think back of last forty over years, I never regretted anything what I have ever done. I am of cause not a perfect person but I always try my best even beyond my ability for myself, my hubby, my family, my friends and as well as to society. But my ability might be lower than others expected for, that can’t be helped, but I am always bear in mind I will try harder to be a better person time and time again.

So, please kindly wish for me to be a better person in this mysterious world even beyond. And I do share my merits to you all !!!


Ma Shwe Suu
6 August 2013


++++

Tuesday, June 19, 2012

စုမေမေ

စုမေမေ ၆၇နှစ်မြောက် မွေးနေ့ အမှတ်တရ
သမီးစု
၁၉ ဇွန် ၂၀၁၂

Tuesday, October 18, 2011

၄၉နှစ် မြောက် မွေးနေ့ အမှတ်တရ

၄၉ နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

၁၈ အောက်တိုဘာ ၂၀၁၁

ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုး ထားပါတယ်...
ကိုမင်းကိုနိုင်
ကျိုင်းတုံထောင် ၁၄-၁၀-၂၀၁၁

Sunday, June 19, 2011

Happy 66th Birthday to Ah May


Happy 66th Birthday to Ah May


19/06/2011

HER KINDNESS
Acrylic on Canvas by ChitThaMee SuuChitThu



Sunday, February 13, 2011

2011 English Myanmar Calendar


13 - 02 -2011
Myanmar National Leader General Aung San
96th Year Birthday Remembrance

၂၀၁၁ အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်ကို ၁၃ ဖေဖေါ်ဝါရီလ ၂၀၁၁ ခုနှစ်
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၆ နှစ်မြောက်
မွေးနေ့ အထိမ်းအမှတ် အမှတ်တရ အနေဖြင့်
ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ မိန့်ခွန်း ကောက်နှုတ်ချက်များဖြင့်
ဒီဇိုင်းရေးဆွဲ ထုတ်ဝေလိုက်ပါသည်။

Download Mediafire Link
Download Ifile Link

အဖိုး ဗိုလ်ချုပ်အောင်ဆန်းနှင့် အမေဒေါ်အောင်ဆန်းစုကြည်တို့အား
ရိုသေလေးစားစွာဖြင့် ဂါရ၀ပြု ဦးညွှတ်ကန်တော့လျက်...

မေတ္တာဖြင့်... စုချစ်


Thursday, January 27, 2011

Happy 50th Birthday to U Zarganar

U ZARGANAR
50th Happy Birthday
27 January 2011


The People CRY, we CRY
The People LAUGH, we LAUGH
The People HATE, we HATE

We must reflect the people!!!
We must sacrifice for the people!!!

by Zarganar

Tuesday, January 4, 2011

ရာပြည့် ဘွားဘွား ဘွားသက်ရှည်

ရာပြည့် ဘွားဘွား ဘွားသက်ရှည်


Acrylic on Canvas By SuuChit

ဒီနေ့မနက် မြန်မာပြည်အိမ်မှာ ဆွေတွေမျိုးတွေ စုံလင်စွာနဲ့ ကျင်းပပြုလုပ်မယ့် ၂၀၁၁ နှစ်ဆန်းတစ်ရက်နေ့က အသက် ၁၀၀နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အမေကြီးရဲ့ ရာပြည့်မွေးနေ့ အလှူတော်မင်္ဂလာကို ပါဝင်မဆင်နွှဲနိုင်တဲ့မရွှေစုမှ ဒီနေရာလေးကနေပဲ အမေကြီးကိုတမ်းတမှန်းဆလို့ ရိုသေလေးစားစွာ ရှိခိုးကန်တော့လိုက်ရပါတယ်။

ဟိုး လွန်ခဲ့တဲ့ ၃နှစ်ကျော် ၄နှစ် ၂၀၀၇ခုနှစ် ဧပြီလောက်က အမေကြီး အသဲအသန် နေမကောင်းဖြစ်ခဲ့ပါတယ်။ အိမ်ကလူကြီးတွေက အမေကြီး အသက်မှီချင် အမြန်ပြန်လာပါလို့ ခေါ်တဲ့အတွက် အဝေးရောက် မြေးတွေ အားလုံး ရန်ကုန်ကို အပြေးအလွှား ပြန်ခဲ့ကြရတယ်။ ရန်ကုန် လေဆိပ်ကနေ ဆေးရုံကို တခါထဲ တန်းသွားခဲ့ရ၊ ဆေးရုံရောက်တော့ အမေကြီးက မျောသလို ဖြစ်နေပါပြီ။ စကားမေးလဲ မရ၊ သတိလဲ မရ မျက်လုံးလဲ မဖွင့်တော့ပါဘူး။ ဘာရောဂါရှိလဲဆို သွေးတိုး၊ နှလုံး၊ ဆီးချို စသဖြင့် ဘာရောဂါမှတော့ ကြီးကြီးကျယ်ကျယ် ထွေထွေထူးထူး မရှိလှပါဘူး။ အသက်ကြီးလာတဲ့အတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ တချို့ အိုမင်းဟောင်းနွမ်း ယိုယွင်းလာတာကလွဲရင်ပေါ့။

အမေကြီးကို ဆေးရုံပေါ် ဆေးပိုက်တွေ တန်းလန်းနဲ့ ထားရတာပါ။ အဲဒီနေ့ညက မရွှေစုတို့ မြေးတစုလည်း အမေကြီးကုတင်နား ၀ိုင်းဝန်းလဲလျောင်းလို့ ဆေးရုံမှာ ညစောင့်အိပ်ရင်း ရသမျှ ဘုရားစာတွေ ရွတ်၊ ပရိတ်တွေရွတ်၊ ဓမ္မစကြာတွေရွတ်နဲ့ပေါ့။

နောက်နေ့ မနက်မှာ မမျှော်လင့်စွာနဲ့ပဲ အမေကြီး နိုးလာခဲ့တယ်။ နိုးနိုးချင်းမှာပဲ လက်အုပ်ကလေးချီလို့ ဘုရားရှိခိုးနေတာ တွေ့ရပါတယ်။ ပြီးတော့ ဘာတွေ ရွတ်မှန်းမသိ ရေရွတ်နေပါတယ်။ မျက်လုံးတော့ မဖွင့်ပဲ သူ့ဘာသာ တစ်ယောက်ထဲ စကားတွေ ပြောနေတာပါ။ အမေကြီး ရုတ်တရက် နိုးလာတာတွေ့တော့ မရွှေစုတို့ မြေးတစုနဲ့ နပ်စ်မလေးတို့ အပြေးအလွှား အနားရောက်သွားကြပြီး အမေကြီး၊ အမေကြီးလို့ ၀မ်းသာအားရ ၀ိုင်းခေါ်ကြပါတယ်။ အမေကြီး ရေရွတ်နေတာတွေ ကပ်နားထောင်ကြည့်တော့ ဘုရားကြီး၊ ဘုရားကြီးလို့လည်း ကြားရဲ့၊ အနံ့တွေ မွှေးလိုက်တာ၊ မွှေးလိုက်တာ၊ ဘယ်လို မွှေးမှန်းမသိဘူး စသဖြင့်လည်း တတိုးတိုးနဲ့ ပြောနေလေရဲ့။ ပြီးတော့... ပြုံးနေတဲ့ အမေကြီးက အရည်တွေ တွန့်ပြီး မျက်ခွံတွေအိကျနေတဲ့ကြားက သူ့မျက်လုံး သေးသေးကလေးတွေကို ဖြည်းဖြည်းသာသာ ဖွင့်ပြီး သူ့ကို ၀ိုင်းကြည့်နေကြတဲ့ မရွှေစုတို့အားလုံးရဲ့ မျက်နှာတွေကို တလှည့်စီ လိုက်ကြည့်ပါတယ်။ ပြီးတော့ ငါ့မြေးတွေ ငါ့ကို တယ်ချစ်တာပဲ၊ တယ်ဂရုစိုက်တာပဲလို့ ခပ်သဲ့သဲ့လေး ပြောပါတယ်။ ဆေးပိုက်တွေတန်းလန်းနဲ့ မိန်းမောနေရာက ပြန်သတိရလာတယ်သာ ဆိုတယ်။ အမေကြီးမျက်နှာဟာ ကြည်လို့ လန်းဆန်းလို့ပါပဲ။ ဝေဒနာ ခံစားနေရတဲ့ ရုပ်နဲ့ မတူပါဘူး။

အဲဒီ ၂၀၀၇ခုနှစ်က အသဲအသန်ဖြစ်ခဲ့လို့ ဆေးရုံပေါ်မှာ ၃ရက်လောက် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေရာကနေ၊ ဆရာဝန်တွေက မရတော့ဘူးလို့ လက်လျှော့ထားရာကနေ အမေကြီးတစ်ယောက် ပြန်လည် ကျန်းမာပြီး ထူထူထောင်ထောင် ဖြစ်လာခဲ့တာ ယနေ့ ၂၀၁၁ အသက် ၁၀၀ပြည့် မွေးနေ့လေးတောင် လုပ်နေရပြီပဲ။

အမေကြီးဟာ ဆွေတွေ မျိုးတွေကြားမှာ မှတ်ဉာဏ် အင်မတန် ကောင်းသူရယ်လို့ နာမည် ကျော်ကြားခဲ့သူပါ။ သား သမီး မြေး တူ တူမ ဆွေမျိုးတွေရဲ့ မွေးနေ့၊ အလုပ်အကိုင် စတာတွေအားလုံးကို ခေါင်းထဲမှာ အမြဲ အလွတ်ရနေတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်က ရွာမှာ လယ်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသမီး ရွာနီးချုပ်စပ် ရှိသမျှသူတွေ လာပိုးနေလို့ စိတ်မချတဲ့အတွက် ၁၇နှစ်သမီးနဲ့ ယောက်ျားပေးစားခံရလို့ ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျ၊ ခေတ်ပညာကို သေချာမသင်ဖူးခဲ့ပေမယ့် အင်မတန် ခေတ်မှီတဲ့သူ ဖြစ်ပါတယ်။ သတင်းစာဆို နိုင်ငံရေးနဲ့ စီးပွားရေး သတင်းတွေကိုမှ စိတ်ဝင်တစား ဦးစားပေး ရွေးဖတ်တဲ့သူ၊ မရွှေစုရေးတဲ့ ကဗျာတွေကိုဖတ်၊ ဆွဲတဲ့ပန်းချီကားတွေကို ချီးကျူးဝေဖန်ပေးတဲ့သူ၊ အနုပညာကို လေးစား တန်ဖိုးထားရ ကောင်းမှန်း သိတဲ့သူ၊ မရွှေစုလက်နဲ့ ချုပ်ပေးခဲ့တဲ့ အင်္ကျီလေးတွေ သိုးမွှေးတဘက်ကလေးတွေကို ဘယ်လောက်ပဲ လက်ရာ ညံ့သည်ဖြစ်စေဦး ဟောင်းနွမ်းနေတာတောင်မှ မြတ်မြတ်နိုးနိုး ၀တ်ဆင်ပေးတဲ့သူ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

ခုတော့ အဲဒါတွေ အားလုံး ဘာကိုမျှ အမေကြီး သတိမရတော့ပါဘူး။ အသဲအသန် ဖြစ်ရာက ပြန်သတိရလာပြီးတဲ့နောက် အမေကြီးရဲ့ မှတ်ဉာဏ်တွေ အားလျော့လာတာ၊ ဆွေမျိုး မိသားစု တတွေရဲ့ နာမည်တွေကိုတောင် မမှတ်မိနိုင်ဖြစ်လာတာ တဖြည်းဖြည်းနဲ့ သတိထားမိလာကြပါတယ်။ နဂိုကတဲက နားလေးတဲ့သူဖြစ်လို့ နားကြပ်တတ်ဆင်ပြီးနေရသူက အခုဆို နားကြပ်လည်း မတတ်တော့ ဘယ်သူ ဘာပြောပြောနေနေ တော်ရုံတန်ရုံလဲ နားစိုက်မထောင်တော့ပါဘူး။ မိသားစုအရေး ဘာကိုမျှလည်း စိတ်မ၀င်စားတော့ပါဘူး။

အမေကြီးမှာ မြေး၅ယောက်ရှိတာ ၄ယောက်က နိုင်ငံခြားမှာပါ။ အနီးကပ် အမြဲ ပြုစုနေတဲ့ မြေးအကြီးဆုံးကို တခါတရံ မှတ်မိသလို ရှိတတ်တာကလွဲလို့ အဲဒီ နိုင်ငံခြားမှာ နေတဲ့သူတွေ (မရွှေစု အပါအ၀င်) မြေး၎ယောက်စလုံးကို မေ့သွားရှာပါပြီ။ မရွှေစုတို့ကို ဘယ်သူတွေမှန်းလဲ မသိ၊ နာမည်တွေလည်း မမှတ်မိတော့ပါဘူး။ သူ့မှာ သမီး ၃ယောက်ရှိတာ၊ သမီး အငယ်ဆုံးက အမေရိက မှာ နေတာကို ဝေးလွန်းတဲ့ အရပ်ဆိုပြီး သဘောမကျခဲ့တာတွေလည်း မမှတ်မိတော့ပါဘူး။ ဘယ်သူတွေ သူ့နား လာလာ မလာ-လာ ဘယ်သူ့ကိုမှ မျှော်လည်း မမျှော်တော့ပါဘူး။ သူ့ သမီး မြေးတွေ ဆွေတွေမျိုးတွေ ဘယ်သူ့အကြောင်းကိုမှလည်း မမေး၊ ဘာကိုမှလည်း ပူပန်ခြင်းမရှိတော့ပါဘူး။

နေ့တိုင်း မနက် ၈နာရီလောက် ပုံမှန် အိပ်ရာကနိုးလာရင် တစ်ယောက်က မျက်နှာသစ်ပေး၊ ကိုယ်လက် ကူညီ သုတ်သင်ပေးပြီးတာနဲ့ အမေကြီး ပထမဆုံး လုပ်တာက ဘုရားရှိခိုးတာပါ။ သူ့ဘာသာသူတော့ မထိုင်နိုင်ရှာပါဘူး။ ဒီတော့ အိပ်နေရင်းကနေ လက်အုပ်ကလေး ချီရင်ချီ၊ ဒါမှမဟုတ်ရင်လည်း ခေါင်းအုံးတွေမှီလို့ ထိုင်ခုံလေးမှာ ထိုင်စေပါတယ်။ ပြီး ... ပါးစပ်က သူ့ဘာသာ ဘုရားစာတွေ ရွတ်နေပါတယ်။ သားသမီး မြေးတွေရဲ့ နာမည်တွေကို မေ့ကုန်သော်လည်း အချိန်မှန်ဘုရားစာရွတ်ဖို့နဲ့ တရားထိုင်ဖို့ကိုတော့ လုံးဝ မမေ့ပါဘူး။ သူနေ့စဉ် အမြဲရွတ်နေကျ ဘုရားစာတွေကို ရွတ်နေတယ်လို့ ထင်ရတုန်းပါပဲ။ ဘာတွေ ရွတ်နေမှန်းတော့ ဘေးလူတွေက နားမလည်၊ မသဲကွဲလှပါဘူး။

မနက်ပိုင်း ဘုရားရှိခိုးပြီးသွားပြီဆိုတာနဲ့ မနက်စာ မုန့်စားပါတယ်။ မုန့်စားနေရင်းက နင့် အဖေကြီးကိုလည်း မနက်စာ ကျွေးပြီးပလား၊ ကျွေးလိုက်ဦးနော်လို့ တစ်ခွန်းသတိပေးပါတယ်။ အနားမှာ ရှိသမျှ သူအားလုံးရဲ့ နာမည်တွေကို မေ့ကုန်တာပဲလား၊ မမှတ်မိတာလား မသိ၊ ဘယ်သူ့ကိုမှ အမည် နာမ တတ်ပြီး မခေါ်တော့ပါဘူး။ ဒါပေမယ့် သူ့ ယောက်ျား အနှစ် ၈၀လောက် ပေါင်းသင်းခဲ့ရတဲ့ အဖေကြီး နာမည်ကျတော့ ထူးထူးခြားခြား အမှတ်ရနေတုန်းပါပဲ။ တကယ်တော့ အဖေကြီးက ၂၀၀၄ခုနှစ် အသက် ၁၀၁နှစ်မှာ ဆုံးသွားခဲ့ပါပြီ။

ဒီလိုနဲ့ မနက်စာစားချိန်စား၊ နေ့လည်စာ ညနေစာ စားချိန်မှာ စားသောက်ပြီးစီးတိုင်း မျက်လုံးလေးမှိတ်ပြီး တရားမှတ်နေတော့တာပါပဲ။ စားချိန်ရောက်တဲ့အခါ သူ့ကို လာကျွေးတာ မှန်သမျှ စားပါတယ်။ ဘယ်လောက်ပဲ မစားချင်တာ ဖြစ်ပစေ အားနာသမှုနဲ့ တဇွန်းလောက်တော့ စားပေးရှာပါတယ်။ ဆေးတိုက်ရင်လည်း မညည်းမညူ သောက်ပါတယ်။ အစားအစာနဲ့ ပါတ်သက်ပြီး ဇီဇာ မကြောင်ပါတော့ပါဘူး။ ဒိမတိုင်ခင်ကတော့ စားစရာဆို ဇီဇာကြောင်လေ့ရှိသူပါ။ လိုချင်လောဘ မလိုချင် ဒေါသ စသဖြင့် တစက်လေးမျှ ဖြစ်ချိန်မရှိပဲ တကယ်ကို အေးချမ်းလှပါတယ်။ အဲ... သူနားနေတဲ့အချိန်မှာ စကားသွားပြောရင် မကြိုက်ပါဘူး။ တရား မှတ်လိုက်အုံးမယ်လို့ ပြောပြီး ဘာပဲ သွားပြောပြော မတုန့်ပြန်ပဲ မျက်လုံးမှိတ်နေတော့တာပါပဲ။ ဒါပေသိ အမေကြီးကို ခြေဆုပ်လက်နယ် ပြုစုသူမှန်သမျှကို အရင်ကအတိုင်း ဆုတွေ တသီကြီး မမေ့မလျော့ ပေးတုန်းပါပဲ။

အမေကြီးက သူ့သမီးအကြီးဆုံး အပျိုကြီးနဲ့ အဖော်၂ဦးနဲ့ တခြားအိမ်တစ်အိမ်မှာနေကြတာမို့ မရွှေစုမေမေက နေ့တိုင်းလိုလို မိုးလင်းကနေမိုးချုပ်ထိ အဲဒီအိမ်မှာသွားနေပြီး အမေကြီးအနားမှာ အနီးကပ် ပြုစု စောင့်ကြည့် ပေးပါတယ်။ အဲသလို မေမေက နေ့တိုင်း သူ့အိမ်လာပြီး သူ့ကို ပြုစုပေးနေတာကို အမေကြီးကသိပါတယ်။ ဒါပေမယ့် သူ့ကိုလာပြုစုပေးနေသူဟာ သူ့သမီးအလတ်တော်စပ်တယ် ဆိုတာကိုတော့ မေ့နေပါပြီ။ မေမေ နှိပ်ပေးလျင်ဖြစ်စေ၊ ကိုယ်လက် သုတ်သင်ပေးနေလျင်ဖြစ်စေ ထုံးစံအတိုင်း သဘောတကျ ဆုတွေပေးပါတယ်။ ပြီးတော့ မေမေ့ကို လူကြီးကို စိတ်ရှည်လက်ရှည် ပြုစု ဂရုစိုက်လိုက်တာ၊ တော်လိုက်တာနော်... တဲ့။ ဒါနဲ့ ... သမီးမှာရော အမေရှိသေးလား။ လို့ မေးသတဲ့။ မေမေက ရှိတာပေါ့ အဖွားရဲ့လို့ ပြန်ဖြေပါတယ်။ ဟုတ်လား၊ အမေက ဘယ်အရွယ်တုန်းလို့ ပြန်မေးပါတယ်တဲ့။ မေမေက ကျမအမေက အဖွားနဲ့ရွယ်တူပဲ အဖွားရဲ့လို့ ပြန်ပြောတော့... အော်... ကံကောင်းလိုက်တာနော်... ဒီအရွယ်အထိ အမေနဲ့နေရတာ ကံကောင်းတာပေါ့လို့ ပြန်ပြောသတဲ့။ ပြီးတော့ မေမေ့ကို ဒီမိန်းမ၀၀ဟာ ငါ့ကို တော်တော်သံယောဇဉ် ရှိရှာတာပဲ။ နေ့တိုင်းကို အိမ်လာပြီး ပြုစုပေးနေတာပဲလို့ မေမေ ပြန်သွားတဲ့အခါ အနားမှာရှိတဲ့သူတွေကို ပြောပြနေသေးသတဲ့။

မနှစ်က မရွှေစုနဲ့တွေ့တော့လည်း မရွှေစုက အမေကြီးနား ကပ်ပြီး - အမေကြီး၊ သမီး စုလေ မှတ်မိလားလို့... မေးတော့ ကိုယ့်မြေးတွေပဲကွယ် မမှတ်မိပဲ နေမလားလို့ ပြုံးပြီး ဖြေပါတယ်။ တကယ်တော့ မရွှေစု ဘယ်သူဆိုတာ သူ မသိရှာပါဘူး။ မေးတဲ့သူ ကျေနပ်အောင် အလိုက်အထိုက် ပြန်ဖြေနေတာ မရွှေစုတို့က သိတာပေါ့။ ၂၀၁၀ခုနှစ် အမေကြီး ၉၉နှစ် မွေးနေ့မှာ မရွှေစု ရှိနေတော့ ဘိုးဘွားရိပ်သာမှာ အမေကြီး ကိုယ်စား အဘိုးအဘွားတွေကို အလှူလေး လုပ်ပေးခဲ့ပါတယ်။ တကယ်တော့ နှစ်စဉ်နှစ်တိုင်း လှူနေကြ အလှူလေးပါ။ အလှူကပြန်လာတော့ အမေကြီးရေ... အမေကြီး မွေးနေ့ အလှူလုပ်ခဲ့တာ သာဓုခေါ်ပါဦးလို့ ခြေထောက်လေးတွေ နှိပ်ပေးရင် ပြောပြတော့ သာဓုလို့ ၃ခါ အကျယ်ကြီး ရွတ်ဆိုလိုက်သမို့ မရွှေစုတို့ တတွေ အားလုံး ပြုံးကြရသေးတယ်။

အမေကြီးဟာ ဘာရောဂါမှ မရှိပေမယ့် သူ့မှာ အိုတဲ့ဒါဏ်ကို ခံစားရတဲ့ အိုနာ ဒုက္ခတော့ရှိရှာပါတယ်။ အရိုးတွေ နာတယ်။ အကျောတွေ ဆိုင်းသလိုဖြစ်တယ်။ တခါတလေ ၀မ်းမသွားနိုင်တာ ဖြစ်တယ်။ သူများ ထူပေးမှ သွားနိုင် လာနိုင်ရှိတယ်။ တချို့ကတော့ ပြောတယ်။ အဲသလောက် အသက်ရှည်ရှည် မနေချင်ဘူးတဲ့။ မရွှေစု အမြင်ကတော့ အသက်ရှည်ခြင်း မရှည်ခြင်းဟာ ကိုယ်ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ကိစ္စကတော့ အသက်ရှင်နေစဉ် အချိန်အတွင်းမှာ ရသမျှအချိန်ကလေးကို ကိုယ်စွမ်းကိုယ်စ ရှိသလောက် ကုသိုလ်ကောင်းမှုတွေပြုလို့ အသက်ရှင်ခြင်းကို ငြိမ်းချမ်းစွာနဲ့ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ပဲ လိုပါတယ်။

လူ့လောကကြီးမှာ အသက်ရာကျော်နေနိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ မရွှေစုဟာ မတော်တဆများ အမေကြီးလို အသက်ရာကျော်နေခွင့်ရခဲ့မယ်ဆိုပါက အမေကြီးလို မလိုအပ်တဲ့ အရာအားလုံးကို မေ့နိုင်စွမ်းရှိတဲ့ လောဘ ဒေါသ မောဟ တဏှာတွေ ကင်းစင်အေးချမ်းတဲ့ တရားဓမ္မများမှာပဲ အစဉ်သတိကပ်နိုင်တဲ့သူမျိုး ဖြစ်ရပါလို၏လို့ ဆုတောင်းမိမယ်ထင်ပါရဲ့။

အမေကြီးရဲ့ ရာပြည့်မွေးနေ့လေးမှာ ကျေးဇူးရှင်အမေကြီး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့စွာဖြင့် တရားဓမ္မများ အားထုတ်နိုင်ပါစေလို့ ရိုသေစွာဖြင့် ဆုတောင်း မေတ္တာများ ပို့သ ရှိခိုး ကန်တော့လျက်။

အဝေးတနေရာမှ
မြေး - မရွှေစု

*********************

Tuesday, November 2, 2010

မင်းသား ကျော်သူ နှင့် လူမှုရေးရှေ့ဆောင်လမ်းပြ ....

မင်းသား ကျော်သူ နှင့်
လူမှုရေးရှေ့ဆောင်လမ်းပြ ပြည်သူ့ဘက်တော်သား ဦးကျော်သူ

Media – Ipad Sketch with Finger by SuuChit

ကျော်သူ... မင်းသား ကျော်သူ... တဲ့။ အဲဒီနာမည်ကို ၁၉၈၀ ခုနှစ်ကျော်များဆီက စပြီး ကြားခဲ့ရတယ်။ နောက်တော့ သူက မြန်မာ့ရုပ်ရှင်လောကမှာ ထိပ်တန်း နာမည်ကြီး မင်းသားတစ်လက်ဖြစ်လာခဲ့တယ်။

အခု ၂၀၁၀ခုနှစ် တိုင်အောင်လည်း ကျော်သူဟာ နာမည်ကျော်တုန်းပါပဲ။ ဒါပေမယ့် ရုပ်ရှင်မင်းသားတစ်ယောက် အနေနဲ့ မဟုတ်တော့ဘူး။ မြန်မာနိုင်ငံနာရေးကူညီမှုအသင်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း၊ သုခ အလင်းစာကြည့်တိုက် တည်ထောင်သူ ဦးဆောင်သူ၊ လူမှုရေးရှေ့ဆောင်လမ်းပြ ပြည်သူ့ဘက်တော်သား အနုပညာရှင်တစ်ဦး၊ ပြည်သူ့ဂုဏ်ရည် လေးစားဖွယ်ရာ မြန်မာတစ်ဦး အနေနဲ့ပါ။

----- ။ -----

ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ကျော်ဆီက တနေ့မှာ ဖေဖေ့မိတ်ဆွေ ဒါရိုက်တာဘဘဦးရန်နိုင်စိန် အိမ်ကိုအလည်လာတော့ သမီးတို့ အကြီုက် မင်းသားသစ်လေး တစ်ယောက် လာတော့မယ်... အဲဒီမင်းသားလေးကလေ... ရှေ့ကနေကြည့်လည်း လှ... ဘေးက ကြည့်လည်းလှသတဲ့။ အပြင်မှာ မြင်ဖူးချင်ရင် ဘဘ ရိုက်ကွင်းသွားတဲ့အခါ လိုက်ခဲ့ကြတဲ့။ ဘဘရဲ့ မင်းသားနာမည် တခါမှလည်း မကြားဖူးပါလား မေးကြည့်တော့... အခု သူရိုက်နေတဲ့ရုပ်ရှင် မကြာခင်ထွက်တော့မှာတဲ့။

မကြာပါဘူး။ ချစ်ကြိုးလေးနှစ်မျှင်ဆိုတဲ့ သူ့ရုပ်ရှင်ကားထွက်လာတော့ ရုပ်ရှင်ရုံတွေတိုင်းမှာ ကြည့်လိုက်ကြတဲ့သူတွေ ကြိတ်ကြိတ်တိုး စည်ကားတာဆိုတာ။ ရုပ်ရှင်အမြဲမကြည့်ရတဲ့ မရွှေစုတို့လို လူမျိုးတောင် ကြည့်ကြမှတော့ သူ့ ပထမကားမှာတင် ဘယ်လောက်အောင်မြင်တယ်ဆိုတာ သိနိုင်ပြီပေါ့နော်။ သူ့ရဲ့သရုပ်ဆောင်မှုတွေဟာ ပြောင်မြောက်တယ်လို့ ပြောလို့မရပေသိ၊ ( အဲဒီကားမှာ အဖေလုပ်တဲ့သုမောင် ဆူတော့ သူက ပြုံးစိ ပြုံးစိ ဖြစ်နေတာ အခုထိ မှတ်မိနေသား။) ငယ်ဂုဏ်ရယ် ချောမောပြေပြစ်တဲ့ သူ့ရုပ်ရည်ရယ်၊ အပြစ်ကင်းတဲ့သရုပ်ဆောင်မှုတွေရယ်ကြောင့် ပရိတ်သတ်ရဲ့ လက်ခံအားပေးမှုကို ချက်ချင်းရခဲ့တယ်လို့ ထင်ပါတယ်။

သူနဲ့ ခေတ်ပြိုင်မင်းသားတွေကတော့ စိုးသူနဲ့ ပြေငြိမ်းလို့ ပြောလို့ရမယ်နဲ့တူတယ်။ အဲဒီခေတ်တုန်းက သူတို့တွေက အပြင်မှာလည်း သူငယ်ချင်းတွေလို ခင်မင်ကြသတဲ့။ တခါက မဂ္ဂဇင်း တစ်ခုမှာ ကျော်သူ၊ စိုးသူ၊ ပြေငြိမ်း၊ တင်နီလာဝင်း၊ မို့မို့မြင့်အောင်၊ ခိုင်ခင်ဦးတို့ ခေတ်ပြိုင် မင်းသား၊ မင်းသမီးတွေ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး အတူတူရုပ်ရှင်သွားကြည့်ကြတဲ့ အကြောင်းရေးထားတာတွေ ဖတ်ခဲ့ရတာ ခုထိ မှတ်မိနေသေးတယ်။

မရွှေစုကလည်း အဲဒီတုန်းက အပျိုပေါက်စ အရွယ်။ ဒီမင်းသား၃ယောက်ကို ဘယ်လို ကြိုက်မှန်းမသိ ကြိုက်ခဲ့တာပေါ့။ ကိုယ်က ပန်းချီဆွဲတာလည်း ၀ါသနာပါတော့ အိမ်မှာ အားရင် ပုံဆွဲဖြစ်တာ ကျော်သူ၊ စိုးသူ၊ ပြေငြိမ်း ပုံတူတွေလေ။ အို... အဲဒီတုန်းကများ စိုးသူ၊ ကျော်သူ၊ ပြေငြိမ်းပုံတွေဆို မျက်စိမှိတ်ပြီးတောင် ဆွဲနိုင်တဲ့အထိ အလွတ်ရခဲ့တယ်။

----- ။ -----

ကျော်သူသရုပ်ဆောင်တာကို တော်တော်လေးစွဲလန်းခဲ့ဖူးပါတယ်။ သူပြုံးလိုက်ရင် နှုတ်ခမ်းတစ်ဖက်ထောင့်စွန်းလေးကွေးသွားပုံက ဘယ်သူနဲ့မှမတူ ဆွဲဆောင်မှုရှိစေတယ်လို့ ထင်တယ်။ သူ သရုပ်ဆောင်ရင် ကိုယ့်ရဲ့ညီမကို ချစ်လို့ကြည့်တဲ့မျက်လုံးနဲ့ ရည်းစားကို ချစ်လို့ကြည့်တဲ့မျက်လုံး မတူကွဲပြားအောင် သရုပ်ဆောင်တာမို့ တခါတခါ သူဟာ ကိုယ့်အစ်ကိုဖြစ်သွားလိုက်၊ ရည်းစားကို ကြည့်တဲ့မျက်လုံးကလည်း ချစ်ရိပ်ချစ်ငွေ့တွေ ရွှန်းလက်နေအောင် သရုပ်ဆောင်တတ်တာဆိုတော့ ကိုယ်ပါကြားထဲက ရောယောင်ရင်ခုန်လိုက်၊ သူငိုရင် လိုက်ငိုလို့၊ သူရယ်ရင် လိုက်ရယ်လို့ သူ့သရုပ်ဆောင်မှုတွေ အားလုံးနောက်မှာ လိုက်ပြီး နစ်မျောခဲ့ဖူးတယ်။

စိုးသူ သရုပ်ဆောင်တာကိုတော့ ဒီလောက်ကြီး မစွဲလန်းခဲ့ဖူး။ ဒါပေမယ့် သူ့ကိုလည်း သဘောကျခဲ့တာပါပဲ။ သူက သီချင်းလည်းဆိုတော့ သူ့စတိတ်ရိုးပွဲတွေဆို ၄-၅ခါထက်မနည်း ရှေ့ဆုံးတန်းကထိုင်ပြီးကို အားပေးခဲ့ဖူးတယ်။ ကြည်ဖြူပါ... ကြည်ဖြူပါမေရယ်... ဒီညလည်း ကိုယ်လေ အိပ်မပျော်နိုင်...လို့ဆိုနေရင်း စတိတ်ပေါ်ကနေ တချက်ပြုံးပြလိုက်ရင် ကိုယ့်ကိုပဲလာပြောနေသလို ရှက်ရှက်နဲ့ သူ့ကိုပြန်မကြည့်ရဲ။ သူက လူပျိုမင်းသား ဆေးကျောင်းသားဆိုတော့ တခြားမင်းသားတွေထက် ပိုစွံတာပေါ့။ အဲဒီခေတ်ကကောင်မလေးတွေဆို သူ့ကို သည်းသည်းလှုပ်ပဲ။ သူ့မွေးနေ့မှာ သူ့အိမ်ရှေ့ မွေးနေ့လက်ဆောင်တွေ တိတ်တိတ်ကလေး လာချတဲ့အကြောင်း မဂ္ဂဇင်းတွေမှာ ဟိုးဟိုးကျော်ပါပဲ။

ပြေငြိမ်းကတော့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ရီလိုက်ရင် သွားတက်ကလေးနဲ့ သူ့ပုံစံလေးဟာ ရိုးသားတဲ့ ဖိုးသခွားပုံစံလေး၊ စကားပြောတော့ သူ့အသံက အက်တက်တက် ရှတတ။ အဲဒီ အက်တက်တက် ရှတတ အသံလေးကိုပဲ မရွှေစုတို့ ပရိတ်သတ်တွေက သဘောကျနေပြန်ရော။ မကြာပါဘူး။ သူက ရထားပေါ်က ပြုတ်ကျပြီး ဆုံးသွားပါရောလား။ အို... ကောင်မလေးတွေများ ငိုလိုက်ကြတာ။ မရွှေစုတို့လည်း ၀မ်းနည်းလိုက်ရတာ။ သူ့ကို နှမျှောလိုက်တာ သနားလိုက်ရတာ။

----- ။ -----

အခုတော့ ဒီအဖြစ်တွေက နှစ်ပေါင်း ၂၀ကျော်-၃၀ နီးပါး ကြာခဲ့ပါပြီ။ မရွှေစုလည်း မြန်မာနိုင်ငံနဲ့ဝေးခဲ့တာ ၁၀စုနှစ်ကျော်မကကြာခဲ့ပြီ။ ဝေးရပ်မြေတနေရာမှာ မြောက်မြားလှစွာသောတာဝန်တွေကြား ရုန်းကန်နေရသူမို့ မြန်မာရုပ်ရှင်လောက က သူတွေအကြောင်းကိုလည်း သိပ်မသိတော့သလို၊ အရင်ကလို စိတ်ဝင်စားမှုလည်း မရှိတော့ပါဘူး။ ကိုယ်လည်း အသက်ကြီးလာသလို ကိုယ့်ခေတ်က ကိုယ်ကြိုက်ခဲ့တဲ့ ကိုယ့်အသဲစွဲမင်းသားတွေလည်း ခုချိန်မှာ ရှိနေသေးရင် အဖိုးကြီးတွေ ဖြစ်ကုန်ကြပြီပေါ့။

သေသောသူ ကြာရင်မေ့ဆိုသလို ကိုယ်သဘောကျခဲ့ဖူးတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ပြေငြိမ်းကိုဆို တဖြည်းဖြည်းနဲ့ မေ့သွားလိုက်တာ အရင်တုန်းက အလွတ်ဆွဲနိုင်ပါတယ်ဆိုတဲ့ သူ့ပုံရိပ်ကို ခုချိန်မှာ မနည်းပြန်စဉ်းစားယူရပါတယ်။

စိုးသူကတော့ နိုင်ငံခြား ထွက်သွားပြီးတဲ့နောက် အနုပညာလုပ်ငန်းနဲ့ နည်းနည်းအဆက်ပြတ်သွားပုံရတယ်။ မရွှေစုတို့လည်း သူ့ကို ခပ်မေ့မေ့။ တလောကတော့ သူ့ရဲ့ ရိုးပွဲကျင်းပတယ် အောင်မြင်တယ်လို့ ကြားမိတယ်။ ဒါပေမယ့် မရွှေစုကတော့ ငယ်ငယ်တုန်းကလို တ-တမ်းတမ်း၊ တ-တတနဲ့ ကြည့်ချင်လှချည်ရဲ့ဆိုတာ မရှိတော့ဘူး။

ကျော်သူလည်း ၂၀၀၀ကျော်ခုနှစ်တွေထိ ရုပ်ရှင်ကားတွေ ရိုက်နေသေးတယ်ဆိုပေမယ့် ကိုယ်ကနိုင်ငံခြားမှာနေသူမို့ မြန်မာရုပ်ရှင်တွေကို တကူးတကန့်မှာပြီး မကြည့်ဖြစ်ခဲ့ဖူး။ သူအအောင်မြင်ဆုံးလို့ပြောတဲ့ အကယ်ဒမီဆုတွေ အများကြီးရတယ်ဆိုတဲ့ အမေ့နို့ဖိုးဆိုတဲ့ကားမျိုးတောင် မကြည့်ဖြစ်တော့တဲ့အထိ မြန်မာရုပ်ရှင်တွေနဲ့ အဆက်ပြတ်သွားခဲ့တယ်။

ငယ်ရွယ်စဉ်အချိန်က စိတ်ကူးယဉ် သဘောကျခဲ့ဖူးတဲ့ မင်းသားတွေဟာ အဲဒီအချိန် ခဏတာမျှသာ အာရုံမှာ စွဲထင်နေမှာဖြစ်ပြီး အချိန်နဲ့အမျှ ဒီအာရုံတွေက တဖြည်းဖြည်း ပျောက်ကွယ် ရွေ့လျားကုန်တာ မေ့လျော့ကုန်တာ သဘာဝကျတဲ့ အဖြစ်အပျက်တစ်ခုပဲ ထင်ပါရဲ့။

----- ။ -----

ဒီနေ့ ဒီအချိန်အခါမှာ ဟိုးတခေတ်တခါက ပရိတ်သတ်တွေရဲ့ အသဲစွဲဖြစ်ခဲ့တဲ့ မင်းသားကျော်သူဆိုတဲ့ပုံရိပ်ဟာ မရွှေစုတစ်ယောက်တည်းရဲ့ အမြင် အတွေး အကြား အာရုံမှာသာမက မြန်မာပြည်သူတွေရဲ့အာရုံမှာပါ မှုန်ဝါးကောင်း မှုန်ဝါးသွားနိုင်ပြီလို့ ထင်ပါတယ်။ မင်းသားကျော်သူဆိုတာ… အဲဒီခုနှစ်များဆီက အအောင်မြင်ခဲ့ဆုံး မင်းသားတစ်လက်ပေါ့ဆိုတဲ့ အသိကလွဲရင် တခြားမင်းသားတွေကိုသတိရသလောက်ပဲ သတိရစရာ အကြောင်းရှိပါတယ်။ ဒီထက်ပိုပြီး အမှတ်ရနေစရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူမှုရေးရှေ့ဆောင်လမ်းပြ ခေါင်းဆောင်တစ်ဦး၊ လေးစားအားကျဖွယ်ရာ မြန်မာ့ဂုဏ်ဆောင် အမျိုးသားကောင်းတစ်ဦး၊ အကူအညီ လိုအပ်နေသူများအတွက် ဖေးမကူညီနေသူတစ်ဦးအနေနဲ့ ပေါ်ထွက် လင်းလက်လာတဲ့ ကျော်သူဆိုတဲ့ပုံရိပ်ကတော့ မြန်မာပြည်သူတွေရဲ့ ရင်ထဲ အသဲထဲမှာ လွယ်လွယ်နဲ့ မေ့ပျောက်သွားမှာ မဟုတ်ပဲ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထင်လင်းစွာ မြဲမြံ ခိုင်ခန့် တည်တံ့ နေလိမ့်မယ်လို့ ယုံကြည်မိတယ်။

သေခြင်းနဲ့ ရှင်ခြင်းဟာ နံရံပါးပါးလေး တချပ်သာ ခြားထားတာပါ။ သေခြင်းတရားဟာ ဒီနံရံပါးလေးကို ချိုးဖျက်ပြီး ကိုယ့်ဆီကို အချိန်မရွေး ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် မရွှေစုတို့ဟာ သေခြင်းတရားကို မေ့လျှော့၊ မောဟအမှောင်ထဲမှာ နေထိုင်ကြပြီး၊ သူဟာ ကိုယ်နဲ့လားလားမျှမဆိုင်သလို မသိချင်ယောင်ဆောင်ကြလို့၊ ဥပေက္ခာပြုလို့၊ သေတဲ့လေသံကလေးကိုမျှ မကြားချင် မကြားရဲ၊ နှာခေါင်းရှုံချင်နေတတ်ကြ၊ သေပြီလို့ကြားရင်ပဲ မကြည့်ချင် မမြင်ရဲ ဖြစ်နေတတ်ကြတယ်။

အရင်ကဆို သေတဲ့သူကို မကြည့်ရဲ အသံကြားတာနဲ့ ကြောက်တတ်တဲ့ မရွှေစုဟာ အခုဆို ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအဖွဲ့က လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ် ဖတ်ရှုပြီး နာရေးဓါတ်ပုံတွေကိုပါ အမြဲစောင့်ကြည့် သံဝေဂ ယူတတ်နေပါပြီ။ သေတဲ့သူရဲ့ ဓါတ်ပုံတွေကို ကြည့်ရမှာလည်း အရင်ကလို မကြောက်တော့ပါဘူး။ အဝေးကနေ ငွေအားဒါနကုသိုလ်သာပြုနိုင်တာမို့ မြန်မာပြည်ကို ပြန်လာနိုင်တဲ့တနေ့ ဦးကျော်သူ ဦးဆောင်တဲ့ အဖွဲ့မှာပါဝင် လုပ်အားဒါန ပြုချင်တဲ့အထိ စိတ်ဆန္ဒများ ဖြစ်ပေါ်မိပါတယ်။

----- ။ -----

ငယ်ငယ်တုန်းက မင်းသားကျော်သူပုံတူတွေ အများကြီးဆွဲခဲ့ဖူးတယ်။ အဲဒီတုန်းက မင်းသားတစ်ယောက်ကို သာမန် သဘောကျခြင်းသက်သက်နဲ့ သူ့ပုံတူတွေဆွဲခဲ့မိတာကလွဲလို့ ဘာခံယူချက် ဘာခံစားမှုမှ အပိုမပါခဲ့ဘူး။
နှစ်ပေါင်း၂၀ကျော် ကွာခြားသွားပြီးတဲ့နောက် အခု ဦးကျော်သူရဲ့ ၅၁နှစ်မြောက်မွေးနေ့မှာ အမှတ်တရ ဂုဏ်ပြုချင်လို့ဆွဲမိတဲ့ ဒီပုံတူမှာတော့ မြန်မာပြည်သားများအားလုံးကိုယ်စား ဦးကျော်သူအပေါ် ချစ်ခင် ကြည်ညို အားထားမှု၊ လေးစား အားကျ ဂုဏ်ယူမှုတွေ ထင်ဟပ် ပျော်ဝင်နေမှာ ဖြစ်ပါတယ်လို့။

ဦးကျော်သူ မွေးနေ့မှာ ကိုယ်ရော စိတ်ပါ ကျန်းမာ ရွှင်လန်း ချမ်းသာပါစေရန် ဆုတောင်းမေတ္တာများပို့သလျက်... ။ ။

စုချစ်
၀၂ နိုဝင်ဘာ ၂၀၁၀

----- ။ -----

Monday, October 18, 2010

၄၈နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

၁၈-၁၀-၂၀၁၀
၄၈နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဖူး

လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဖူး

ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ

အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဖူး

နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဖူး

လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဖူး

မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ် ကဗျာ

Tuesday, June 1, 2010

သမီးလတ်ရင်ထဲက ချစ်မေမေ

သမီးလတ်ရင်ထဲက ချစ်မေမေ

၀၁-၀၆-၂၀၁၀

မေမေ...။

ဒီနေ့ မနက်အိပ်ရာကထတော့ သမီးလတ် ခေါင်းတွေမူးနေတယ်။ ခုတလော ညလယ်တွေမှာ ခဏခဏ လန့်ပြီးနိုးတယ်။ အလုပ်တွေ မပြီးလို့ လန့်လန့်ပြီး နိုးတာ မေမေရဲ့။ မနေ့ညကတော့ စိတ်ညစ်ပြီး ငိုတောင်ငိုချင်နေတာ။ ဘာလို့လဲဆို ဒီကနေ့ new product ကို run ဖို့ရာ သမီးလတ်ရေးတဲ့ Firmware Code အသစ်ကိုပေးရမှာ။ code က error တွေ တက်နေလို့ အချိန်မှီ မပေးနိုင်ဘူး... မေမေ။ သမီးလတ်လဲ ကြိုးစားပြီး လုပ်တာပဲ။ ပြီးခဲ့တဲ့ အပတ်ကလေ ... သမီးလတ်တို့ ရုံးက ၄ရက်ဆက်ပိတ်တာတောင် မနားပဲ ဆက်တိုက် လုပ်တာပဲ။ ဒါပေမဲ့ စိတ်အရမ်းပူနေလို့လားမသိ... လူကဟုန်နေတယ်။ ခေါင်းရှင်းရှင်း ထားပြီး အလုပ်မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီ code ကို မပေးနိုင်ရင် သမီးလတ်တို့ group က မျက်နှာပျက်စရာဖြစ်မှာ မေမေရဲ့၊ ကိုယ့်အတွက်ကြောင့် ကိုယ့်အဖွဲ့ကို ဂုဏ်မငယ်စေချင်တဲ့စိတ်နဲ့ စိတ်တွေပါ ညစ်နေတယ်။

သမီးလတ်လေ မေမေ့ စကားကိုနားထောင်ပါတယ်။ ညတိုင်း မအိပ်ခင် တရားမှန်မှန်ထိုင်တာပဲ။ စိတ်တွေက ပျံ့လွင့်ပေမဲ့ သမီးလတ် ကြိုးစားပြီး တရားမှတ်ပါတယ်။ အရာရာ မမြဲဘူး။ စိတ်ပျော်နေတာ အမြဲ မရှိသလို စိတ်ညစ်စရာလဲ အမြဲမရှိဘူးလို့ ညစ်နေတဲ့စိတ်သဘောကို သိအောင် မှတ်တာပါပဲ။ မှတ်လဲမှတ်မှတ်နဲ့ပဲ မသိစိတ်အဟုန်က ညစ်နေတယ် ထင်တာပါပဲ မေမေရယ်။ အဲသာကြောင့် ညလယ်တွေ လန့်လန့်နိုးပြီး မနက်ရုံးသွားရင် ခေါင်းတွေမူးနေတယ်။ ဒါတောင် အဲဒီလောက် တရားထိုင်နေလို့သာ စိတ်က နေသာထိုင်သာရှိတာ။ နို့မဟုတ်ရင် သမီးလတ်က အလကားနေရင်း စိတ်ပူတတ်၊ စိတ်များတတ်ပါဘိသနဲ့... တရားသာမကယ်ရင် ခုလောက်ရှိ အလုပ်တွေပိပြီး နှလုံးရောဂါလောက်တော့ အသာလေးရနေလောက်ပြီ ထင်တာပါပဲ။

ဒီနေ့ မနက်လဲ ရုံးကို ခါတိုင်းလို အစောကြီးရောက်တော့ ဘယ်သူမှ မလာခင် စားပွဲမှာ ထိုင်ပြီး မေမေပြောသလို နာရီဝက်လောက် တရားမှတ်ပါတယ်။ တရားမှတ်နေရင်းနဲ့မှ... ဟင်... ဒီကနေ့ မေမေ့ မွေးနေ့ပါလားဆိုတာ အမှတ်ရတော့တယ်။ တရားမှတ်မလို့ ပြင်တော့ ဘုရားကန်တော့ရင်း အဖေ၊ အမေ ရည်စူးကန်တော့မယ် လုပ်တော့မှ ဗြုန်းကနဲ အမှတ်ရသွားတာပါ... မေမေ။

ဒီကနေ့ မနက်ပိုင်း သင်တန်းတက်စရာလဲ ရှိတယ်... မေမေ။ အဲဒီ သင်တန်းက ဒီနေ့ နောက်ဆုံး တက်ရမှာ။ project presentation က နောက်တပတ်မှတဲ့။ တော်သေးတာပေါ့...မေမေရယ်။ အလုပ်အရမ်းများနေလို့ အဲဒီ project ကို ဘာမှ မလုပ်နိုင်ပဲ ပြစ်ထားရတာ။ ခုလာမဲ့ ပိတ်ရက်ကျမှပဲ ပြန်ကိုင်ရတော့မယ်။ အလုပ်က ပိုအရေးကြီးလို့ပါ မေမေ။ သမီးလတ်လဲ တရား မှတ်ပြီးတာနဲ့ သင်တန်းမသွားခင် အချိန်ရသလောက် အလုပ်ကလေး လုပ်လိုက်သေးတယ်။ နေ့လည် သင်တန်းက ပြန်လာတော့ ထမင်း ကမန်းကတန်းစားပြီး coding ကို ပြန်ကြည့်ရတာပဲ။ သမီးလတ်ရဲ့ စီနီယာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက သမီးလတ်ကို တတ်နိုင်သလောက် ကူရှာပါတယ်။ ဒါပေမဲ့ သူကိုင်တိုင်လဲ ဘယ်လိုလုပ်ရမယ်မှန်းမသိလို့ အခက်တွေ့နေကြရတာပါ။

နေ့လည် ၂နာရီလောက်မှာ test အဖွဲ့က code ပေးနိုင်မလား လှမ်းမေးတယ် မေမေရဲ့။ သမီးလတ်လဲ Plan Aက မဖြစ်တော့ Plan B နဲ့ လုပ်ဆိုပြီး တခြား code တခုကိုပေးလိုက်ရတယ်။ အဲဒီအတွက် double process တော့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သမီးလတ် ဘာများတတ်နိုင်ပါမလဲ။ သမီးလတ်ကသာ မျက်နှာပျက်နေတာ။ ဘော့စ်ကတော့ ကိစ္စမရှိပါဘူးလို့ ဖြေသိမ့်တယ်။ သမီးလတ်ကတော့ ဒါဟာ ကိုယ်... capable မဖြစ်တာများလားလို့ ကိုယ့်ကိုယ်ကို သံသယ၀င်မိပြီး စိတ်ပျက်သလို ခံစားရတယ်။ test အဖွဲ့ကို run ဖို့ code ပေးလိုက်ပြီးတော့ သမီးလတ် စိတ်ကို ဒုံးဒုံးချလိုက်တယ်။ တင်းနေတဲ့ စိတ်တွေကို ခဏ ဖြေလွှတ်လိုက်တယ်။

စားပွဲရှေ့က မေမေ့ ဓါတ်ပုံလေးကို ကြည့်တယ်။ ဒီကနေ့ မေမေ့ မွေးနေ့။ မေမေ့ ကို သမီးလတ်ချစ်တယ်။ မေမေ့ရဲ့ တုနှိုင်းမရတဲ့ မေတ္တာကို တသအောင့်မေ့မိလိုက်တယ်။ မေမေ... သမီးလတ် အလုပ်တွေ လုပ်မရဘူး။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဘာဆက်လုပ်ရမလဲ၊ ဆိုတာလဲ မတွေးတတ်တော့ဘူး။ ဒါပေမဲ့... မေမေ့ အတွေးထဲမှာ သမီးလတ်က သူရဲကောင်းဖြစ်နေမယ်ဆိုတာ သမီးလတ်သိတယ်။ မေမေ့ သမီးလတ် လုပ်ရင် အရာရာ ဖြစ်နိုင်တယ်လို့ မေမေက ယုံကြည်ပေးတယ်။ မေမေ့ပုံလေးက... သမီးလတ် ကို... အင်အားတွေ ပေးတယ်။ ဟုတ်တယ်။ ဘာလို့ မဖြေရှင်းနိုင်ရမှာလဲ။ မေမေက ပြောဘူးတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားရမယ်၊ အလုပ်လုပ်ရမယ်တဲ့။ မဖြစ်လာသေးတာကိုလဲ မပူနဲ့၊ ဖြစ်ခဲ့ပြီးတာကိုလဲ မပူနဲ့တဲ့။ မေမေ့ ပုံလေးကို ကြည့်တယ်။ စိတ်ထဲက ကန်တော့တယ်။ မေမေ... သမီးလတ် ဒီပြဿနာကို ဒီကနေ့ မရရအောင် ဖြေရှင်းမယ်။ ဒီကနေ့ မပြီးမချင်း သမီးလတ် အလုပ်ထိုင်လုပ်မယ်။ အလုပ်တခုကို မပြီးခင် တ၀က်တပျက်မှာ စိတ်ပျက်လက်ပျက် ဖြစ်တဲ့သူဟာ လူပျော့လူညံ့လို့ မေမေက ပြောဖူးတယ်။

သမီးလတ် ကြိုးစားပြီး code တွေ အဆင့်လိုက် တခုစီ တခုစီ အစတွေ ဆွဲထုတ် ဖြေထုတ်တယ်။ ပြဿနာ ဖြစ်နိုင်တာတွေကို တခုစီ စိတ်ရှည်လက်ရှည် ပြန်ပြောင်းတယ်။ ပြီးခဲ့တဲ့ ၂ပတ်လုံးလုံး လုပ်ခဲ့တဲ့ debugging stage တွေကို တဆင့်စီ စိတ်ရှည်လက်ရှည် ပြန်စစ်တယ်။ မျက်လုံး ခဏမှိတ်တယ်။ တရားမှတ်တယ်။ code တွေကို ပုံဖေါ်ကြည့်ပြီး ဘယ်နေရာက ဘာဖြစ်နိုင်တယ်ဆိုတာ စိတ်အေးလက်အေး ပြန်စဉ်းစားတယ်။ ၃နာရီလောက်ကြာသွားတယ်။

မေမေရေ... ။ မေမေရေ... ။ မေမေ မေတ္တာကြောင့်... ၂ပတ်လောက် သမီးလတ် မဖြေရှင်းနိုင်တဲ့ ပြဿနာ မထင်မှတ်ပဲ ဗြုန်းကနဲ အဆင်ပြေသွားပြီ။ management ကို ချက်ချင်း အသိပေး၊ code အသစ်ကို ချက်ချင်း released လုပ်နိုင်အောင် ပေးလိုက်တယ်။ ပင်ပန်းလွန်းလို့ သမီးလတ် မျက်နှာက နွမ်းချင်နွမ်းနေမယ်။ ဒါပေမဲ့ သမီးလတ် ရင်ထဲမှာ မေမေ... မေမေ.. လို့ ရွှင်လန်းစွာနဲ့ အသံတိတ် မြည်တမ်းနေတယ်။

မေမေ... မေမေ... သမီးလတ်ရင်ထဲက ချစ်မေမေ...
မွေးနေ့မှာ ကျန်းမာ ချမ်းသာ လန်းဖြာစွာနဲ့ တရားဘာဝနာများ သက်ဆုံးတိုင် ကောင်းစွာ ပွားများ အားထုတ်နိုင်ပါစေ။

ချစ်သမီးလတ်

Thursday, March 11, 2010

Wednesday, January 27, 2010

ဦးဇာဂနာသို့ မွေးနေ့ဆုမွန်

ဦးဇာဂနာသို့ မွေးနေ့ဆုမွန်

၂၇-၀၁-၂၀၁၀



သူ့ကိုစသိကာစကတော့ ခပ်ရေးရေးပဲ။ အသံတုတွေ လုပ်တာတော့ မှတ်မိတယ်။ သူက ဖေဖေ လေးစားရတဲ့ ဖေဖေ့ မိတ်ဆွေ ဘဘဦးနန်းညွန့်ဆွေရဲ့ သားတဲ့။ ကိုယ်တို့မြို့နယ်ကပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ ဘဘက စာပေဟောပြောတယ်။ အဲဒီတုန်းက ခပ်ငယ်ငယ် ကိုသူရက အသံတုလုပ်ပြီး ပရိတ်သတ်တွေကို ဖျော်ဖြေတယ်။ အဲဒီကတဲက ကိုသူရငယ်ငယ်ကို အရမ်းသဘောကျတယ်။ နောက်တော့ လေးစားလာရတယ်။


၁၉၈၀ကျော်ပတ်ဝန်းကျင် သင်္ကြန်တွေမှာ တက္ကသိုလ်ပေါင်းစုံအနုပညာအသင်း၊ မြို့တော်ခန်းမ ဖျော်ဖြေပွဲတွေကနေ သူ့ကို အပြင်မှာ ပြန်မြင်ရတယ်။ သူ့မျက်နှာက အပြင်မှာဆို ခပ်တည်တည်လိုနဲ့ ပြက်လုံးပြက်တော့မယ်ဆိုမှ မျက်နှာထားက ရီရတော့တာ။ သူ့ပြက်လုံးတွေက ပညာပါတော့ ငယ်တုန်းက အဓိပ္ပါယ်ကိုသေချာနားမလည်။ တဖြည်းဖြည်းနဲ့မှ သူ့ကို တအားသဘောကျခဲ့ရတယ်။

သူ့ရဲ့ ရိသဲ့သဲ့လေသံကြီးနဲ့ပြောတတ်တဲ့ နေကောင်းသွားမှာပါ၊ အားလည်းနာတယ်၊ ခင်လည်းခင်တယ်၊ သနားတယ်၊ သိနေတယ်လေ၊ သိနေတယ် စတဲ့ စကားလုံးတွေက ရပ်ကွက်ထဲမှာရော ကျောင်းက သူငယ်ချင်းတွေကြားမှာ အလွန်ရေပန်းစားခဲ့တာပေါ့။

အဲဒီနောက် သူ့ရဲ့ ပြောင်မြောက်တဲ့ ဟာသတွေကြောင့် ခဏခဏ ခေါ်ယူစစ်ဆေးခံရတယ်လို့ ကြားတယ်။ ဒီနိုင်ငံမှာ နေပြည်တော်လည်း မကောင်းဘူး။ သမတလည်းမကောင်းဘူး၊ ပပ၀င်းပဲ ကောင်းတယ်ဆိုတဲ့ မထိတထိ ပြက်လုံး၊ ဟိုကောင်စီလည်း မကောင်းဘူး၊ ဒီကောင်စီလည်း မကောင်းဘူး။ မင်းတို့ အုတ်စီနေတာ တယ်ခက်တာပဲ ဆိုတဲ့ ခပ်တည်တည်လေသံ၊ လွှတ်တော် အစည်းအဝေးတွေ ကျင်းပနေချိန် ကောင်မလေးကို ဖက်ထားပြီး ကောင်မလေးက လွှတ်တော်၊ လွှတ်တော် မကောင်းဘူးဆိုတဲ့ ရိသဲ့သဲ့ ထေ့လုံး၊ ဂျိုကုတ်ဒူးကြီးကျောပြောင်ဆိုတဲ့ ကြံကြံဖန်ဖန် လှောင်ပြောင်ဟန်၊ သူက ဘာကိုမဆို ဟာသဉာဏ်နဲ့ အကုန်ကြည့်တတ်တဲ့သူကိုး။ ဒီလို ဟာသတွေလုပ်လို့ သူ့ကိုဖမ်းမှာကိုလည်း သူက ကြောက်ရွံ့နေတတ်တဲ့သူမဟုတ်ပါဘူး။

၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့က နောက်ဆုံး အဖမ်းခံရတဲ့အချိန် အင်တာနက်နဲ့အစိုးရကို အကြည်ညိုပျက်အောင် လုပ်တယ်ဆိုတဲ့ အီလက်ထရောနစ် အက်ဥပဒေ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်တဲ့ လှုံ့ဆော်မှုနဲ့ ဗီဒီယိုအက်ဥပဒေ စတာတွေနဲ့ စွတ်စွဲခံရပြီး ထောင်ဒဏ် ၅၉နှစ် စီရင်ချက်ချခံရတာတောင်မှ သူက ဘယ်သူ့ကိုမှ မကြောက်မရွံ့ သတ္တိရှိရှိ ဟာသညာဏ်ပါပါနဲ့ ကမ္ဘာမှာ စီးပွားရေးတွေ ဆက်တိုက်လို ကျဆင်းနေပေမဲ့ မြန်မာနိုင်ငံက တက်နေတယ်ဗျို့၊ ထောင်ဒဏ်တွေလို့ ခပ်ထေ့ထေ့လေး သရော်ခဲ့ပါသေးတယ်။

မြန်မာတို့ရဲ့ အချစ်တော် လူရွှင်တော်ဇာဂနာရဲ့ ၂၇ရက် ဇန်န၀ါရီလ ၂၀၁၀ခုနှစ်မှာ ကျရောက်တဲ့ ၄၉နှစ်မြောက်မွေးနေ့မှာ မတရားဖမ်းဆီးခံနေရမှုမှ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး ဦးဇာဂနာမြတ်နိုးတဲ့ အနုပညာကို သက်ဆုံးတိုင် လွတ်လပ်ပျော်ရွှင်စွာ ပြုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

******************************

Sunday, October 18, 2009

၄၇နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

၁၈-၁၀-၂၀၀၉
၄၇နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့


Happy Birthday to
My Dearest Brother Ko Min Ko Naing

အစ်ကိုကြီးကိုမင်းကိုနိုင်ကို ၁၉၈၉ခု မတ်လ(၂၃)ရက်တွင် ပထမဆုံးအကြိမ် ဖမ်းဆီးထောင်ချခဲ့ပြီး ၂၀၀၄ခုနှစ် နိုဝင်ဘာ(၁၉)ရက်တွင် ထောင်မှပြန်လွတ်ခဲ့ပါသည်။
၂၀၀၆ခု စက်တင်ဘာ(၂၇)ရက်တွင် ထပ်မံဖမ်းဆီးခံခဲ့ရပြီး ၂၀၀၇ခု ဇန်န၀ါရီလ(၁၁)ရက်တွင် ပြန်လည်လွတ်လာခဲ့ပါသည်။
၂၀၀၇ခု သြဂုတ်(၂၁)ရက်ညတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅)နှစ် ကျခံနေရပါသည်။
ယခုတဖန် ပြန်လည် လွတ်မြောက်လာမည့်ရက်မြတ်အား စောင့်စားမျှော်လင့်လျက်....

*****************

အစ်ကိုကြီး ကိုမင်းကိုနိုင် စစ်တွေထောင်တွင် စပ်ဆိုခဲ့သော ကဗျာတပုဒ်



Friday, October 16, 2009

Four-O Present for U!!!!!

Some say, life begins at four-O.

It’s hard to believe that

you will begin new chapter of life starting from today.

But I know you are aging like fine wine!

I wish you be enjoy real peace, real harmony and real happiness.





On this very special day,

I have a surperb birthday present for you!!!!!

I will let you win an argument……………………….!!!!!
Cheers!!!!!!!!!!!!!!!!!!!!
&
Happy Birthday four-O.

Friday, June 19, 2009

Happy Birthday to Ah May Suu



Happy Birthday to Ah May Suu

64th Birthday


19-06-2009


Free bird towards a free Burma

My home...
where I was born and raised
used to be warm and lovely
now filled with darkness and horror.

My family...
whom I had grown with
used to be cheerful and lively
now living with fear and terror.

My friends...
whom I shared my life with
used to be pure and merry
now living with wounded heart.

A free bird...
which is just freed
used to be caged
now flying with an olive branch
for the place it loves.

A free bird towards a Free Burma.

Aung San Suu Kyi

Monday, March 23, 2009

မှိုင်းရာပြည့် - ၂၃ - ၀၃ -၂၀၀၉


၂၃-၀၃-၂၀၀၉
လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးပိသုကာဖခင်ကြီး
အဘိုး သခင်ကိုယ်တော်မှိုင်း
၁၃၃နှစ်မြောက်မွေးနေ့ အမှတ်တရ

မြန်မာနိုင်ငံသမိုင်းမှာ မေ့ပျောက်ထားဖို့ မသင့်တဲ့၊ မြန်မာအမျိုးသား အားလုံးရဲ့ စံပြ၊ မျိုးချစ် ကဗျာ၊ စာပေ ပညာရှင်၊ အဘိုးသခင်ကိုယ်တော်မှိုင်း ၁၃၃နှစ်မြောက်မွေးနေ့ အမှတ်တရမှာ ပန်းချီပုံတူလေးရေးဆွဲပြီး အဘိုးစပ်ဆိုခဲ့တဲ့ ကဗျာတချို့ကို ရွတ်ဖတ်၍ ပူဇော်ကန်တော့ လိုက်ပါတယ်။

“ (အော်) ဝေးခရီးပေမဲ့
အရေးကြီးလျှင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့
ဆရာလဲကွာ-ပဋ္ဌမအရင် ကနဦးဆီက
မြန်မာ့တခွင်မှာ သမတရှင်ဘုရင် မလူးခင်ပ
(ထ)ဆင်ထူးကို-တမြည်မြည် သင်ခဲ့သမို့
(ထီ)မထင် ကျောင်းတော်သားတွေသို့
အမည်အစဉ်မှာ-ဂေါင်အပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို-စာရင်းတို့ကာ ထားလိုက်ကြပေတော့ …”
ဘွိုင်းကောက်ဋီကာ

“ မန်းပလ္လင် ခေတ်မသာတဲ့ သမိုင်းတွင်မှ
ကမ္မဋ္ဌာန်းဝင် ဖြစ်စရာအတိုင်းပေပေါ့
ဘန်းယင်သင် ချစ်စရာ ကသိုဏ်းတွေနှင့်
မစ္စတာမှိုင်းရယ်လို့ တစ်ဂိုဏ်းတည်ကာဖန်
အိုကွယ်- အသစ်မြန်မာ ဆိုင်းမဟဲ့လို့
မြစ်အညာ စစ်ကိုင်းရယ်နဲ့ တစ်တိုင်းပြည်မှာစံ။ ။ …”
သံဝေဂ လေးချိုးကြီး

“နောက်ယမန်သမယဆီက
အထောက်မတန်လှခဲ့တဲ့
ပေါက်ကံ ကျခါမှ
ဆရာ့မှာ အင်မတန်လွမ်း …”
ပုဂံ ရာဇ၀င် အလွမ်းဘွဲ့

“ရွှေရဲခေါင် သာတဲ့ ကွန်းဆီက
ကြေကွဲအောင် စာဖွဲ့လို့ညွှန်းလိုက်မယ်
ကေသာရယ် … ဒါနဲ့ လွန်း (လွမ်း) ကြပေရော့ကွာ…”
မင်းကြီး ရွှေလရောင်ဘွဲ့

“ရွှေမြတောင် သာတဲ့ တိုက်ဆီက
နေလ နှစ်ဆောင် ပါတော်မူတဲ့ အခိုက်ကိုဖြင့်
ကတိုက်ကရိုက်အမြန် မြင်ရတော့
မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နဲ့ …”
ပါတော်မူအဖွဲ့

“နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့၊
ဝသီလို တဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊
ခွေးဘီလူးလိုအကောင်မိုက်တွေက၊
သြော် အမှောင်စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ
ယာယီတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့လွမ်းစေဘို့၊
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့ …”
အာဇာနည်ဗိမာန်ဘွဲ့ လေးချိုးကြီး

Ref: