Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Wednesday, April 22, 2015

အစာလည်းဆေး ဆေးလည်းအစာ နေလဓာတ်ပညာ

မြန်မာ့တိုင်းရင်းဆေးပညာ မိတ်ဆက်

လူသားတိုင်း ကျန်းမာရေးနှင့် ပြည့်စုံလိုကြသည်၊ လှပလိုကြသည်၊ ကြံ့ခိုင်လိုကြသည်၊ အသက်ရှည်လိုကြသည်။ ထိုသို့ လှပ ကျန်းမာ သက်ရှည် ကြံ့ခိုင်စေဖို့အတွက် မိမိတို့နေ့စဉ် မှီဝဲစားသောက်နေကြရသော အစားအစာများကို မိမိနှင့် သင့်မသင့် လျော်မလျော် ချင့်ချိန်ပြီး မှန်မှန်ကန်ကန် မှီဝဲစားသောက်တတ်ဖို့ များစွာလိုအပ်လှပေသည်။

ခေတ်အဆက်ဆက်မှ လက်ဆင့်ကမ်းထိမ်းသိမ်းလာခဲ့သော မြန်မာ့ရိုးရာ မြန်မာ့တိုင်းရင်းဆေးပညာရပ်များ ထဲမှ နေလဆေးပညာရပ်သည် ရှေးခေတ်အခါက မြန်မာတို့၏ဆေးကုထုံးများအနက် ဓာတ်နည်းကုထုံး ဟု ခေါ်သော အစားအသောက်တို့ကို သင့်လျော်အောင် ရွေးချယ်ပြီး ဝေဒနာအလျောက် စားသောက်စေခြင်း၊ လိမ်းစေ၊ လူးစေခြင်း စသော နေလ ဓာတ်ပညာနည်း ဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာသော ရုပ်များသည် တည်မြဲနေခြင်းမရှိဘဲ အစဉ်သဖြင့် အပူဓာတ် အအေးဓာတ်တို့ဖြင့် ဖောက်လွဲဖောက်ပြန် ပြုခြင်းကိုခံနေကြရသောကြောင့် ထိုဓာတ်တို့၏ ပြုပြင်ဖန်ဆင်းမှုဖြင့်တည်တံ့နေသော ရုပ်အမျိုးမျိုးကို ခွဲခြားသိသာအောင်စုံစမ်းပြီး ကုသခြင်းလည်း ဖြစ်၏။ တစ်နည်းဆိုရသော် နေလဓာတ်ပညာဆိုသည်မှာ ရောဂါကို အဓိကထားပြီး ကုသခြင်းမဟုတ်၊ အပူကြိုက်သည့်လူ၊ အအေးကြိုက်သည့်လူ၊ အပူနာ၊ အအေးနာ ခွဲခြားပြီး ကုသခြင်း ဖြစ်ပေသည်။  

ပုဂ္ဂလဓာတ်ပညာဟုလည်း ခေါ်ဆိုနိုင်၍ ရှေးဦးစွာ ပညတ်နှင့် ပရမတ်ကို ကွဲပြားထင်ရှားအောင် ပြစွမ်းနိုင်သော အခြေခံပညာမျိုး ဖြစ်သည်။  

ပညတ်ဟု ဆိုရာတွင် လူသားအပေါင်းတို့က မိမိတို့ ဘာသာအလျောက် ခေါ်ဝေါ်နေကြခြင်းကို ပညတ်ဟုဆိုကြသည်။ တနည်းအားဖြင့် အခြေခံ အကြောင်းအချက် လုံလောက်စွာပြ၍ ခေါ်ဝေါ်ခြင်းကို ပညတ်ဟု ဆိုသည်။ ထို့ကြောင့် ပညတ်ဆိုသည်မှာ ဝေါဟာရအားဖြင့် လူတို့ ခေါ်ဝေါ်နေကြသည့် အမည်နာမ၊ အသုံးအနှုန်း စသည်များဖြစ်၏။  

ပုဂ္ဂလပညတ် - Concepts of Individuals နယ်ပယ်ကို အကျဉ်းချုပ်လိုက်သောအခါ အက္ခရာပညတ်၊ သင်္ချာပညတ်၊ နေ့ပညတ်ဟူ၍ ပညတ် ၃မျိုး ထွက်လာသည်။ ထို့အပြင် ရေ၊ မြေ၊ လေ၊ မီး ဟူသော ဓာတ်ကြီး၎ပါးသည် နိယာမ အစဉ်မပျက် ကမ္ဘာအဆက်ဆက် တည်ကြကုန်သည်။ ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီး၎ပါးကို အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသ ချ၍ ဓာတ်ခွဲလိုက်သောအခါ ၈မျိုးကွဲကာ အဖိုအမဓာတ်များ တွဲပေါ်လာသည်။  

ထိုသို့ဖြင့် ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ပညတ်တို့ဖြင့် ယှဉ်တွဲလျက် လူနာနှင့် တည့်သည့်ဓာတ် မတည့်သည့်ဓာတ်တို့ကို ဧကန်မလွဲ သိနိုင်အောင် လေ့လာသင်ယူပြီး ကုသပေးသောနည်း ဖြစ်လေသည်။

ပမာပြရသော် လောက၌ ရှိရှိသမျှသော အရာဝတ္ထု သက်ရှိသက်မဲ့များအားလုံးကို အက္ခရာအားဖြင့်သာလျှင် အမည်ပညတ် သတ်မှတ်ကြရသည်။ အက္ခရာများကို ရှောင်၍မရနိုင်ချေ။ အစားအစာ မှန်သမျှ ဆေးပင်မှန်သမျှတို့ကိုလည်း အမည်ပညတ်များဖြင့် သတ်မှတ်ထားရလေရာ ဗျည်းများ၊ သရများနှင့် လွတ်ကင်း၍ မရနိုင်ချေ။ ထိုပညတ်များနှင့်ယှဉ်တွဲပြီး သင့်မသင့်၊ လျော်မလျော် ချင့်ချိန် စားသောက်ရန် နေဂိုဏ်း လဂိုဏ်းများ ခွဲပေးလျက် လူနာနှင့် တည့်သော မတည့်သော အစာများ ခွဲခြားသတ်မှတ်ပေးခြင်း၊ ရုပ်ဆေး(လူးဆေး)၊ နာမ်ဆေး(သောက်ဆေး) များဖြင့် ကုသခြင်းလည်းဖြစ်ပါသည်။  

ထိုသို့ လူတစ်ဦးစီမှာ ရှိနိုင်သည့် တည့်သည့်ဓာတ် မတည့်သည့်ဓာတ်များအရ ချင့်ချိန်စားသောက်နေထိုင်ပြီး ကုသရသော မြန်မာ့တိုင်းရင်းဆေးပညာ တစ်ရပ်ဖြစ်သည့် ပုဂ္ဂလပညတ် နေလဓာတ်ပညာသည်ကား လူနာကို ကံသေကံမ ရောဂါပျောက်မပျောက် (ဝဋ်နာကံနာများကို ခြွင်းချက်ပြုနိုင်ရန်) တာဝန်မခံနိုင်သော်လည်း အကြံပြုထားသော အစားအစာ၊ ပေးလိုက်သော ဆေးများနှင့် လူနာ တည့်မတည့်ကိုကား အာမခံနိုင်ပေလိမ့်မည် ဟု ယုံကြည်မိပေသည်။

အောက်တွင် အမည်ပညတ်ကိုလိုက်၍ နေ လ ခွဲနည်းကို ရှင်းပြထားပြီး နေ လ တို့ နှင့် သင့်တော်သည့် အစားအစာများကိုလည်း တွဲဖက်ဖေါ်ပြထားပါသည်။



----။----

ရှေးမြန်မာမင်းများလက်ထက်မှစ၍ ယခုခေတ်တိုင်အောင် ခေတ်အဆက်ဆက် ပုဂ္ဂလဓာတ်ကျမ်းကို ဖော်ထုတ်ခဲ့သူများ နှင့် ထင်ရှားသူတချို့မှာ စလေဆရာဦးပုည၊ ဆရာပို၊ အောက်ပြည်အောက်ရွာသို့ ဓာတ်ပညာများ အဆင့်ဆင့်ဖြန့်ဖြူးပေးခဲ့ကြသော ဆရာဆောင်၊ ဒွါရသာသနာပိုင် အုတ်ဖိုဆရာတော်တို့အပြင် ဆရာမှဲ့ကြီး၊ ဆရာဦးသာဒွန်းအောင်၊ ပုဂ္ဂလဓာတ်ကျမ်းရေးသူ ဓာတ်ဆရာကြီးဆရာသန့်၊ ဆရာသန့်အတွက် ပေစာများ ကူးယူပေးခဲ့သူ ဆရာကြီးပီမိုးနင်း၏ဖခင် ဆရာဖြိုး၊ ဆရာတော်ခင်ကြီးဖျော်အနွယ်ဝင် အိုင်ကလောင်ဓာတ်ဆရာကြီးဆရာလှိုင်၊ ဆရာကျန်၊ ဆရာခိုင်၊ ဓာတ်ဆရာကြီးဆရာလှိုင်၏ တပည့်သားသမီးများဖြစ်ကြသော ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းရေးသူ (သတင်းစာ နှင့် စာရေးဆရာ အထောက်တော်လှအောင်၏ဖခင်) တိုင်းရင်းဆေးဆရာကြီး ဦးသာတင့်၊ သတင်းစာနှင့် စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၊ အိုင်ကလောင်ဓာတ်ဆရာကြီးဆရာလှိုင်၏သမီး ဒေါ်သန်းခင်၊ နေလဝိဇ္ဇာဆရာခိုင်၏မျိုးဆက် ဆရာကြီးဦးဝင်းကြည်၊ ဆရာမကြီးဒေါ်သင်းကြည် နှင့် ဓာတ်လက္ခဏာကျမ်းများ ရေးသားထုတ်ဝေလျှက်ရှိသော ဆရာဦးကျော်လင်း (နေလဝိဇ္ဇာ) တို့ ဖြစ်ကြပါသည်။ 

ယခုအခါ အနောက်တိုင်းဆေးပညာရှင် ဆရာဝန်များမှအစ ဤပညာကို လေ့လာဖေါ်ထုတ်ပေးလျှက်ရှိပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းဆေးတက္ကသိုလ်များတွင်လည်း တိုင်းရင်းဆေးဆရာကြီးများနှင့် ပူးတွဲကာ ပုဂ္ဂလဓာတ်ပညာကို သင်ကြားပြသပေးလျက် ရှိပါသည်။  

ကိုးကား။
ပုဂ္ဂလပညတ်အခြေခံဓာတ်ကျမ်း - ဆရာကြီးဦးသာတင့်  
ခန္ဓာဗေဒဓာတ်လက္ခဏာကျမ်း - ဓာတ်ဆရာဦးကျော်လင်း
ဆေးပညာဆောင်းပါးပေါင်းချုပ် - ဂျာနယ်ကျော်မမလေး
နေ၊ လ ဓာတ်စာ စာရင်း - KoHappyValley (mmcp) မှ ကူညီပါသည်။

မေတ္တာဖြင့်... မရွှေစု

+++
မြန်မာကျူးပစ်ဂျာနယ် အမှတ်စဉ်(၁၀) - ၂၀၁၃ ဧပြီလထုတ်တွင် ဖေါ်ပြပြီး။ ။
+++

မှတ်ချက်။ ။ 
ဤဆောင်းပါးသည် ရှေးမြန်မာ့တိုင်းရင်းဆေးပညာဖြစ်သော နေလဓာတ်ပညာအကြောင်း မိတ်ဆက် ဖြစ်ပါသည်။ ဆောင်းပါးရေးသူမှာ မြန်မာ့ဆေးပညာကို စိတ်ဝင်စားသူသက်သက်မျှသာဖြစ်ပြီး တိုင်းရင်းဆေးပညာရှင်မဟုတ်ပါ။ နေလ ဆေးပညာနှင့်ပါတ်သက်ပြီး ကျွမ်းကျင်သောဆရာများထံ၌သာ အကြံဉာဏ်ယူကြပါရန်။ ။ 

လေးစားစွာဖြင့်... မရွှေစု 

Tuesday, April 21, 2015

အစာလည်းဆေး ဆေးလည်းအစာ

မရွှေစုတို့ ရုံးမှာ ကျန်းမာရေးနဲ့ပါတ်သက်ပြီး ဟောပြောပွဲလေး လုပ်ပေးတာနဲ့ အပျင်းပြေသွားနားထောင်ခဲ့ပါတယ်။ လူတွေ နေ့စဉ် စားသုံးသင့်တဲ့ အစားအစာ ၁၀မျိုးဆိုပြီး ရှင်းပြတယ်။ အဲ့ဒီအစားအစာတွေဟာ ဈေးလဲမကြီးရဘူး၊ ကိုယ့်အနီးအနား မှာ လွယ်လင့်တကူ ရနိုင်တာမျိုးလဲဖြစ်ရမယ်တဲ့။  အဲ့ဒါတွေကတော့

၁) Soy and Soy Products
၂) Dark Chocolate
၃) Berries
၎) Fish
၅) Green leafy Vegetables
၆) Fungi
၇) Nuts & Seeds
၈) Spices
၉) Citrus Fruits
၁၀) WholeGrains တို့ပဲ ဖြစ်သတဲ့။

မရွှေစုကတော့ Soy and Soy Products ကို စည်သွပ်ဗူးတွေနဲ့ လာတာ မစားပါဘူး။ စနေ တနင်္ဂနွေ ပိတ်ရက် အိမ်နားကဈေးမှာ soya bean milk ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ဝယ်လို့ရတာ အတော်ကံကောင်းပါတယ်။ မနက်စာ အနေနဲ့ စားပါတယ်။ ဖျော်ရည်တစ်ခွက်မှ ပြား၇၀ ပူတင်းက ပြား၈၀ပဲပေးရပါတယ်။


ကိုယ်က အစာအိမ်ရောဂါ ရှိတဲ့သူမို့ မုန့်တခုခုကို အိတ်ထဲမှာ ဆောင်ထားရတော့ မုန့်အနေနဲ့ရော အပျင်းပြေအချိုတည်းတဲ့ အနေနဲ့ရော Dark Chocolate ကို ဆောင်ထားပါတယ်။

ဘလူးဘယ်ရီ စတော်ဘယ်ရီ ချယ်ရီတွေကို အလျဉ်းသင့်သလို စားပါတယ်။

အချိုရည် ဖျော်ရည်တွေ တတ်နိုင်ရင် မသောက်ဖြစ်အောင်နေပါတယ်။ အိမ်မှာတော့ လုံးဝ ဝယ်မသောက်တော့ပါဘူး။ အချိုရည်သောက်မဲ့အစား ကိုရီးယားဈေးဆိုင် grocery တွေမှာ ရောင်းတဲ့ ဘလူးဘယ်ရီ (သောက်လို့ရတဲ့ ရှာလကာရည် တစ်မျိုးပါ) ဖျော်ရည်ကို ဝယ်ထားပါတယ်။ တစ်ဗူးကို ၁၅ကျပ်ပေးရပြီး ၂လ-၃လလောက်သောက်လို့ရပါတယ်။ ရှာလကာရည်က အများကြီးမသောက်ရပါဘူး၊ နဲနဲလေးထည့်ပြီး ရေခပ်နွေးနွေးနဲ့ ရောသောက်ရပါတယ်။ အစာအိမ်ကောင်းစေတယ်၊ မျက်လုံးကောင်းစေပါတယ်။ Vinegar ရဲ့ အကျိုးကျေးဇူးတွေ တခြားဘာရှိလဲ ဆိုတာ အင်တာနက်ထဲမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။

ကိုယ်တွေက ခြေ၄ချောင်းသားမစားလို့ ငါးကတော့များများစားဖြစ်ပါတယ်။ ဆော်လမွန်လိုငါးမျိုးက ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်လို့ ဆိုကြပေတဲ့ အိမ်မှာတော့ ဗမာပြည်က ငါးကြင်း နဲ့ ဒီမှာ လွယ်လွယ်ဝယ်လို့ရပြီး အနံ့မညှီတဲ့ ကကတစ် (sea bass)၊ red snapper နဲ့ red grouper တွေကိုပါ ဝယ်စားဖြစ်တယ်။ အကြွပ်ကြော်စားတာထက် ဆီနည်းနည်းနဲ့ ဗမာလိုချက်ချင်ချက် မဟုတ်ရင် အသီးအရွက်နဲ့ ပေါင်းစား ဒါမှမဟုတ် မြန်သက်သာချင်ရင် အလူမီနီယမ်နဲ့ ပတ်ပြီး ကင်စား ပါတယ်။

မရွှေစု ဟင်းချက်တာ အချိုမှုန့် ကြက်သားမှုန့်တို့ကို မသုံးပါဘူး။ မှိုကလုပ်တဲ့ seasoning ကိုပဲ သုံးပါတယ်။


 ကြက်သားတို့ဘာတို့လည်း မချက်အားရင် အလူမီနီယမ်နဲ့ပတ်ပြီး roasted chicken ကင်လိုက် အလုပ်ရှုပ်သက်သာ မြန်ပြီး ဆီသုံးတာလဲ နည်းစေတာပေါ့။
 အသီးအရွက်ကိုတော့ ဟင်းချိုချက်သောက်၊ ဆလတ်လိုလုပ်စား၊ ကြော်စားအဆင်ပြေသလိုလုပ်စားပါတယ်။


 ဟင်းချိုကို များသောအားဖြင့် ကျောက်ဖရုံသီး ဒန့်ဒလွန်ရွက် မြင်းခွာရွက် စသဖြင့်။ ဒီ အရွက်တွေရဲ့ အကျိုးကျေးဇူးတွေကိုတော့ တော်တော်များများ သိပြီး ဖြစ်မှာမို့ အကျယ် ရေးမနေတော့ပါဘူး။

 မှိုအနေနဲ့ကတော့ ကန်ဇွန်းရွက်နဲ့ ရောကြော်တာမျိုးရယ်၊ ကြွက်နားရွက်မှိုကို သုပ်စားတာ လုပ်ဖြစ်တယ်။ သစ်သီး သစ်စေ့ကတော့ သစ်ကြားသီးတို့ မြေပဲတို့ကို ဆလတ်တို့ အသုပ်တို့ထဲ ထည့်သုံးတယ်။ သစ်ကြားသီးကို အဆာပြေစားဖို့ ပုလင်းနဲ့ ထည့်ထားပါတယ်။



Spices အနေနဲ့ကတော့ ဗမာတွေအကြိုက်မို့ နေ့စဉ် သုံးဖြစ်တာများပါတယ်။

မရွှေစုက နေ့စဉ် မနက်တိုင်း အိပ်ရာထထခြင်း ပျားရည်နဲ့ သံပုရိုသီး ဖျော်ရည် လုပ်သောက်တာ ၄-၅နှစ်လောက်ရှိပြီ ထင်တာပဲ။  Citrus Fruits လို့ သတ်မှတ်လို့ရတာပေါ့။ ဆရာဒဂုန်ရွှေမျှား ဘဝအကြောင်း စာအုပ်ဖတ်ပြီး ဆရာကြီးက ကျန်းမာရေးအတွက် နံနက်တိုင်း ပျားသံပုရာသောက်တယ်လို့ဖတ်ရတာနဲ့ လိုက်သောက်ဖြစ်တော့တာပဲ။ ဆရာကြီးကတော့ သံပုရာသီးနဲ့ သောက်တယ်လို့ဆိုတယ်၊ ကိုယ်က လသမားမို့ သံပရိုသီး (ဒါမှမဟုတ် ရှောက်သီး) နဲ့ သောက်ပါတယ်။ နေသမားဆို သံပုရာသီးနဲ့သောက်တာ ပိုကောင်းပါတယ်။ ထူးခြားတာကတော့ အဲ့ဒီဖျော်ရည် စွဲစွဲမြဲမြဲ စသောက်ပြီးကတည်းက လေနာတာ သက်သာလာတယ်၊ တော်ရုံအအေးမိ ချောင်းဆိုးမဖြစ်တော့ပါဘူး။ အရှင်း မဖြစ်ဘူးတော့ မဟုတ်ဘူး၊ အရင်လို လွယ်လွယ်နဲ့ မဖြစ်တော့ပါဘူး။

 ကန်ဇွန်းဥ နွားနို့ သာကူ

ကွေကာအုတ်စ် အော်ဂဲနစ် အကြမ်းကို နွားနို့ပူပူလေးနဲ့ မနက် ဒါမှမဟုတ် tea break time ဒါမှမဟုတ် ညအိပ်ရာဝင်ခါနီး ဗိုက်ဆာရင် စားပါတယ်။ ဒီလိုပဲ ကန်ဇွန်းဥ တို့ ဘာတို့ကို တစ်နေ့ နည်းနည်းစားပေးရင်လည်း ကျန်းမာရေးကောင်းစေတယ် ဆိုပါတယ်။ တရုတ်ပြည်မှာ ဆင်းရဲသား တရုတ်လယ်သမား လယ်သူမကြီးတွေ သက်ရှည်ကျန်းမာကြတာ ကန်ဇွန်းဥကြောင့်လို့ ဆိုထားတာတွေ တွေ့ရပါတယ်။

မရွှေစုတို့ အရွယ် အသက် ၄၅နှစ် ဖြစ်လာပြီမို့ Supplements ဆေးတချို့ကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး မှန်မှန် သောက်ပါတယ်။ အင်္ဂလိပ်ဆေးတင် မဟုတ် ကိုယ့်ဘာသာကိုယ် ပျားရည်နဲ့ လုံးထားတဲ့ နနွင်းကို တစ်နေ့အနည်းငယ် မှန်မှန်သောက်ပါတယ်။ နနွင်းက ကိုယ်တွင်းက အဖုအကျိတ် ယောင်တာတွေကို ကောင်းစေတယ်လို့ဆိုတယ်။

ဒါတွေ ရေးပြတာ ကျန်းမာရေးအတွက် အစားအသောက် ဘယ်လိုဆင်ခြင်ရမလဲဆိုတာ ကိုယ်လုပ်တာတွေကို အနည်းငယ် မျှဝေတဲ့သဘောပါပဲ။ အတိအကျ လိုက်လုပ်ရမယ် မဆိုလိုပါဘူး။ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ဓာတ်သဘောတွေရှိကြပါတယ်။ တစ်ယောက်က ဒီအစာနဲ့ တည့်ပေတဲ့ နောက်တစ်ယောက် အတွက် တည့်ချင်မှလဲ တည့်တတ်တယ်။ တကယ်တမ်းကြတော့ လူတွေဟာ ကိုယ့်ခန္ဓာအကြောင်းကိုယ်သိရပါမယ်၊ ဘာစားရင် တည့်တတ်လဲ ဘာစားရင် နေမကောင်းဖြစ်တတ်လဲ၊ တည့်တိုင်းလဲ အများကြီးစားလို့မရပဲ တန်ဆေး လွန်ဘေးဆိုတာကိုလဲ သတိပြုရပါမယ်။ ( နောက် ပို့စ်မှာ နေ လ ဓာတ်သဘောတွေ အကြောင်း ဂျာနယ်မှ ရေးထားတာကို ပြန်တင်ပေးပါမယ်။ တကယ်လို့ သိချင်တဲ့သူ ရှိရင်...)

ဦးရေချမ်း အကြောင်း နဲနဲ ပြောပြပါမယ်။ တလောက ဦးရေချမ်းတစ်ယောက် ရုတ်တရက်ကြီးအစာအိမ်အောင့်တဲ့ ရောဂါ ရလာပါတယ်။ ပထမတော့ အလုပ်က Stress တွေများ အစာမမှန်တာကြောင့်လို့ ဆိုပြီး အစာမှန်မှန် ပြန်စား နည်းနည်းနဲ့ ခဏခဏ စားပေးလုပ်လဲ မရပါဘူး။ ညနေဆို လေတွေအံ ဗိုက်ထဲက ထိုးအောင့်ချင်တယ်လို့ ဆိုတယ်။ ဒါနဲ့ ဆေးခန်းပြတော့ ဆရာဝန်က ဆေး ၂ပတ်သောက်ခိုင်းတယ်။ ဆေးသောက်ပြီး သက်သာသလို ရှိပေတဲ့ အရှင်းမပျောက်ပြန်ဘူး။ နောက်ထပ်၂ပတ်ကြာတော့ ဆရာဝန်က ဒီထက်ပြင်းတဲ့ဆေးတမျိုးပြောင်းပေးပြန်တယ်။ တကယ်လို့ မသက်သာဘူးဆိုရင် စကုပ်ထည့်ကြည့်မယ်လို့ ဆိုတယ်။

ရောဂါ သိပ်မဖြစ်ဖူးတဲ့ ဦးရေချမ်းက ရုတ်တရက်ဗိုက်အောင့်ရောဂါပေါ်လာပြီး တော်တော်နဲ့လည်း မပျောက်တော့ သူ့ဘာသာ စိုးရိမ်စိတ်တွေဖြစ်လာပါတယ်။ မရွှေစုကတော့ ကိုယ့်မယ် ဝေဒနာတခုခုခံစားရပြီဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာသလို ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်ပါတယ်။ အနေအထိုင် အစားအသောက်ဘာမှားနေလဲ ဘာလုပ်မိသလဲ၊ အမြဲ ပြန်သုံးသပ်တယ်။ လူတွေမှာ ကျန်းမာရေးထိခိုက်တာဟာ အထူးသဖြင့် အနေအထိုင် အစားအစာ တခုခု မှားယွင်းတာကြောင့် ဖြစ်တာများပါတယ်။

ဒါနဲ့ သူ့ရောဂါ ဘယ်က စလဲ ပြန်စဉ်းစားကြည့်တော့ မရွှေစု ခရီးသွားနေတုန်း ဂေါ်ဖီပန်းပွင့်တွေ အများကြီးကို မနူးမနပ်ကြော်စားပါတယ်။ ချက်ရမှာပျင်းတော့ ဆလတ်ဆိုပြီး အရွက်အစိမ်းတွေ အများကြီး အသားမပါပဲ နေ့တိုင်းစားပါတယ်။ တကယ်တော့ အသီးအရွက် အစိမ်းတွေဟာ အသားထက် အစာချေဖို့ ခက်ပါတယ်။ ကိုလက်စထရောကျစေဖို့ဆိုပြီး မနက်တိုင်း ကွေကာအုတ်သောက်ဖို့ဝယ်ပေးထားတာမှာ အဲ့ဒီ အော်ဂဲနစ်ကွေကာအကြမ်းတွေကို သေချာရေနွေးဆူဆူနဲ့ မနှပ်ပဲ အကြမ်းလိုက် သေချာမဝါးပဲ မျိုချပါတယ်။ ပေါင်မုန့်ကလဲ wholemeal bread အကြမ်းကိုပဲ စားတော့ အစာအိမ်က ကြာလာတဲ့အခါ သေချာမချေနိုင်ဖြစ်လာတယ်လို့ မရွှေစုက ယူဆတယ်။ ထပ်ပြီး ပြောရရင် ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါ။ ကိုယ့်ခန္ဓာမှာ ကိုယ့်ဝမ်းထဲမှာ ဘယ်လိုခံစားနေရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်  ချင့်ချိန်ပြီး သိရမှာပါ။

တစ်လကြာ ဆရာဝန်ပေးတဲ့ဆေးသောက်ပြီးတဲ့အခါ သူ့အစာအိမ် ဝေဒနာက နည်းနည်းတော့ သက်သာပေတဲ့ တချက်တချက် အံချင်သလို နာသလို ဖြစ်နေသေးတယ်လို့ ဆိုတယ်။ ကော်ဖီတို့ဘာတို့တော့ ခဏဖြတ်ခိုင်းထားပြီး မိုင်လိုအစားထိုးသောက်တယ်။ ဖြစ်ခါစ ဆံပြုတ်သောက်ပေမဲ့ ရက်ရှည်လများ ဘယ်သောက်ချင်ပါ့မလဲ။ ဒီတော့ အရွက်အစိမ်းတွေ အစာလွယ်လွယ်မကြေနိုင်တာတွေ မစားဖြစ်အောင် ရပ်ထားပြီးရှောင်ရတယ်။ အုတ်စ် နဲ့ ပေါင်မုန့်အကြမ်း စားတာကိုပါ ခဏ ရပ်လိုက်တယ်။ ပြီးတော့ apple cider Vinegar  (Bragg တံဆိပ်) ဇွန်းတစ်ဇွန်းစာကို ရေခပ်နွေးနွေးနဲ့ ရောပြီး မနက်တိုင်းသောက်ပါတယ်။ အခုတော့ အစာအိမ်အောင့်တာ လုံးဝ ပျောက်ကင်းသွားပါပြီ။

Vinegar ရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုပေတဲ့ သူ့ကိုလည်း အများကြီး လွန်မသောက်မိစေပါနဲ့။ တစ်နေ့ တစ်ဇွန်း ရေခပ်နွေးနွေးနဲ့သာ သောက်ပါ။

ခုခေတ်မှာ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ ကလည်း အင်တာနက်ထဲ ဖေ့ဘုခ်ထဲမယ် ပွထ နေတာပါပဲ၊ ဘာစားလို့ ဘာအကျိုးကျေးဇူး ဖြစ်တယ်၊ ဘာသောက်လို့ ဘာရောဂါကြီးပျောက်သွားတယ် ဆိုတာနဲ့ ကိုယ်နဲ့ တည့်မတည့် မကြည့်တော့ပဲ လိုက်လုပ်မိတတ်ကြတယ်။ တကယ်ကတော့ ဘယ်အရာမဆို အကျိုးနဲ့ အပြစ်တွေ ဒွန်တွဲရှိတတ်တာကို အမြဲဆင်ခြင်သတိပြုကြပါ။

လူတိုင်း ကျန်းမာသက်ရှည်ပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ။ ။

(ကျန်းမာရေးအတွက် မေးတဲ့ အစ်မအတွက် ရည်ရွယ်ပြီး ရေးပါတယ်။ )

*****
စာကြွင်း။ ။
ဦးရေချမ်း ဗိုက်အောင့်တာ Yakult တို့ probiotics တွေသောက်တာလည်း သက်သာစေပါတယ်။ Probiotics က brand တွေ အမျိုးမျိုး ရှိတဲ့အထဲ Shuanghor ကထုတ်တဲ့ lactoberry နဲ့ပဲ အဆင်ပြေပါတယ်။ အခုကတော့ ထမင်းစားပြီးရင် အလျဉ်းသင့်သလို ဒိန်ချဉ် စားပေးပါတယ်။ ဘာမှအရောမပါတဲ့ natural ကို သကြားမရောပဲ ဒီတိုင်းစားတာပါ။

++++

Sunday, May 31, 2009

သွားဆေးခန်းများ

သွားကိုက်၊ သွားနာတော့ ကူညီပြီး ဆေးခန်းရှာပေးကြ၊ ပြောကြနဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ မြန်မာပြည်ပြန်မလား စဉ်းစားမိတော့ မြန်မာပြည်က သွားဆေးခန်းတွေကို ကျူးပစ်က မောင်နှမတွေက ကူပြီးရှာပေးကြတာကို အားလုံးကြည့်လို့ရအောင် ဒီမှာ တင်လိုက်ပါတယ်။ ကိုယ်သိတဲ့ စင်ကာပူနဲ့ ဂျေဗွီက ဆေးခန်းလိပ်စာတွေပါ ရေးထားပါတယ်။

ဘလော့ဖတ်လာ မိတ်သဟာများအာလုံး သွားများကျန်းမာ၊ ခိုင်ခံ့၊ လှပလို့ နာခြင်း၊ ကိုက်ခြင်းမှကင်းရှင်းကြပါစေသော်....။ ။ ဒီကတော့ ခုလာမဲ့ အပတ်မှာ နောက်ထပ်တချောင်း အာတီစီလုပ်ရဦးမယ်...။ အီး.................

*******************

မြန်မာပြည်မှ သွားဆေးခန်းများ
၁) SSC သွားဆေးခန်း
၂) လမ်း ၃၀ သွားဆေးခန်း
၃) သွားဆေးခန်း ( ကုက္ကိုင်း ရေကူးကန်လမ်း )
မှတ်ချက်။ ။ အဆင့်မြင့် ပိုးသတ်စက်များလဲ ခေတ်မှီ၊ ကုသခ ဈေးကြီး။
၎) ဒန်ဒသုခ ( ဦးချစ်မောင် လမ်း )
၅) KOE ( ရှစ်မိုင်လမ်းဆုံနား )
မှတ်ချက်။ ။ ကုသခ ဈေးကြီး၊ အံဆုံးနှုတ်ခ - ၁ချောင်းကို ၁သိန်းခွဲ ( လက်ရှိဈေး) ။
၆) ဒေါက်တာဆန်းဝင်း - ဆန်းသွားဆေးခန်း ( လမ်းသစ်လမ်း )
မှတ်ချက်။ ။ လက်ရာကောင်း၊ ထက်ခါထပ်ခါ သွားစရာမလို၊ သွားဖာ - ၄၀၀၀၀ ( လက်ရှိဈေး) ။
၇) ဒေါက်တာမြတ်စိုး ( သော်မဆင် ၁လမ်း )
မှတ်ချက်။ ။ စိတ်ရှည်တယ်။ လက်ရာကောင်းတယ်။
၈ ) ဒေါက်တာကျော်မြင့် ( လှည်းတန်း တက္ကသိုလ် သွားဆေးခန်း )
မှတ်ချက်။ ။ ကုသခ ဈေးမများ။
၉ ) ဒေါက်တာအောင်ထန်း - safe & Clean Dental
မှတ်ချက်။ ။Root Canal Treatment Expert

မှတ်ချက်။ ။
အဲဒီမှတ်ချက်တွေက သွားပြဘူးတဲ့လူတွေ ပြောတဲ့အတိုင်းရေးထားတာပါနော်။ ကိုယ်တိုင်သိလို့ မှုတ်ပါဘူး။ အမှားပါခဲ့ရင် ခွင့်လွှတ်ပါ။

စင်ကာပူမှ သွားဆေးခန်းများ
၁) SGH - National Dental Centre
Tel: 6324 8802

၂) NUH
Tel: 6772 4921
Email : Dental_Centre@nuh.com.sg
Walk in - Morning 8 to 10am
Afternoon 1 to 3:30 pm

၃) Raffles
Tel: 6311 2360 / 6311 2365

၎) Q&M Dental Surgery ( Neighborhood Clinic )
There are associated Clinics in Island Wide
http://www.qandm.com.sg/

၅) International Dental Centre
Dr. Marlar Tun (Burmese Dr)
No. 6 Gemmill Lane
Singapore 069249
Tel: 6372 0082
Email: admin@idcsg.com

မှတ်ချက်။ ။
neighborhood GP ကို သွားတယ်ဆို Consultation fee မပေးရပါဘူး။ သွားဖာခ၊ နုတ်ခကိုသာယူပါတယ်။ Specialist ဒါမှမဟုတ် Professor လိုမျိုးကို ပြတယ်ဆိုရင်တော့ Consultation fee 80 လောက်က သတ်သတ်ပေးရပါတယ်။ NUH မှာStudent program လိုမျိုးရှိတယ်လို့ ပြောပါတယ်။ သွားဆေးကျောင်းတက်နေတဲ့ ကျောင်းသားတွေနဲ့ လုပ်ရင် တ၀က်မက ဈေးသက်သာပါတယ်။ အချိန်တော့ စောင့်ရပါတယ်တဲ့။ Raffles မှာ specialist နဲ့ ပြတာ အတော်ဈေးကြီးပါတယ်။ အပြင်ဆေးခန်း specialist က Bridge ကို ၂၀၀၀ လို့ ပြောရင် သူက ၃၀၀၀ လောက်ဈေးရှိပါတယ်။ Quality အထူးကောင်းလို့ ဈေးကြီးပါတယ်တဲ့။ တချို့ကလည်း ဆေးရုံက အပြင်ဆေးခန်းထက်ပိုနည်းစနစ်ကျ၊ စက်ပစ္စည်းပိုစုံတယ်ဆိုပြီး ဆေးရုံကိုပဲ ပိုအားသာကြပါတယ်။

မလေးရှား ဂျေဗွီမှ သွားဆေးခန်း
Lim Dental Surgery
Lot F27, Holiday Plaza
Jalan Dato Sulaiman,
Century Garden,80250
Johor Bahru, Malaysia
Tel : 07-3311858 for appointment

မှတ်ချက်။ ။
မလေးရှားမှာတော့ စင်ကာပူထက် တ၀က်မက ဈေးသက်သာလို့ ပြောကြပါတယ်။

Thursday, April 30, 2009

ဝက်တုပ်ကွေး / ငှက်တုပ်ကွေး ဆိုသည်မှာ ...

မြန်မာလို အရှင်းဆုံး အကျဉ်းရုံး ပြောရရင်တော့ဗျာ ...............

လူတွေမှာ တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရပါတယ်။ လူကို တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်မျိုးကွဲပေါင်း မြောက်များစွာရှိပါတယ်။ ဒါကြောင့်လဲ တခါ တုပ်ကွေးမိဘူးပေမယ့် နောက်ထပ် အကြိမ်ပေါင်းများစွာ ထပ်မိနိုင်တာပါ။ တခါဖြစ်ဖူးယုံနဲ့ တုပ်ကွေးကို ကာကွယ်နိုင်တဲ့ ကာကွယ်အား ( immunity ) မရဘူးပေါ့။

အထူးသဖြင့် ရာသီအကူးအပြောင်းတွေမှာ လူတွေ တုပ်ကွေးမိတတ်ပါတယ်။ ခလေးငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားကျဆင်းနေသော လူတချို့က လွဲရင် ဒါဟာ သိပ်ပြဿနာ မရှိပါဘူး။ ၀င်လာတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို မိမိခန္ဓာကိုယ်က အောင်မြင်စွာ နှိမ်နင်းလိုက်နိုင်ပြီဆို တုပ်ကွေး ပျောက်ပါပြီ။ တုပ်ကွေးအတွက် တိတိကျကျ ကုသဆေး မရှိပါ။ တုပ်ကွေးပျောက်ဆေးလို့ ခေါ်ကြတဲ့ ဆေးပေါင်းမြောက်များစွာဟာ တုပ်ကွေးရဲ့ ရောဂါဒဏ်တွေကို သက်သာစေတာပဲ ရှိပါတယ်။ အဓိက က မိမိခန္ဓာကိုယ်က ရောဂါခုခံစနစ် (Immune System ) ကိုပဲ အားကိုးရပါတယ်။

လူတွေမှာ လူတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ရှိသလို တိရိစ္ဆာန်တွေမှာလဲ သူတို့ကို တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး မျိုးကွဲတွေ ရှိပါတယ်။ သာမာန်အားဖြင့် အဲသည် တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေဟာ လူတွေဆီ မကူးနိုင်ပါဘူး။

ဒါပေမယ့် အခါအားလျော်စွာ လူတုပ်ကွေးဗိုင်းရပ်စ် နဲ့ တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်တို့ မျိုးစပ်မိသွားကြတဲ့အခါ တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်များဟာ လူဆီကို ကူးလာပြီး ရောဂါပေးနိုင်တဲ့ အခြေအနေကို ရောက်ရောက်လာတတ်ပါတယ်။ ( ငှက်တွေမှာဖြစ်နေကျ တုပ်ကွေးပိုး လူတွေဆီ ရောက်လာတော့ ငှက်တုပ်ကွေး-Bird Flu ပေါ့။ ၀က်တွေမှာဖြစ်နေကျ တုပ်ကွေးပိုး လူတွေဆီ ရောက်လာတော့ ၀က်တုပ်ကွေး -Swine Flu ပေါ့ ) ။

ဒီနေရာမှာ တိရိစ္ဆာန်က လူကိုပဲ ကူးတဲ့အဆင့်နဲ့ လူက လူချင်း ကူးနိုင်လာတဲ့ အဆင့်ဆိုပြီး ခွဲနိုင်ပါတယ်။ တိရိစ္ဆာန်ကနေ လူကိုကူးနိုင်ယုံသက်သက် အဆင့်မှာဆိုရင် တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသူများနဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာမချက်ပြုတ်ပဲ စားသုံးသူများ၊ ထိတွေ့ ကိုင်တွယ်သူများမှာ ဒီလိုရောဂါမျိုးကို ဖြစ်ပွားစေပါတယ်။

သို့ပေမယ့် ဗိုင်းရပ်စ်ဟာ အဲသည်ထက်ကို ဗီဇထူးချွန်လာပြီး လူကနေ လူချင်း ကူးစက်တဲ့အဆင့်ကို ရောက်လာပြီဆိုရင်ဖြင့် ပိုကြောက်စရာ ကောင်းလာပါတယ်။ တိရိစ္ဆာန်နဲ့ ထိတွေ့မှ စားသောက်ကိုင်တွယ်မှ မဟုတ်တော့ပဲ လူကနေ လူအချင်းချင်း လူတုပ်ကွေးကူးသလို ကူးနိုင်လာတော့ ပြန့်ပွားမှုအန္တရာယ်က အထူး ကြီးမားလာပါမယ်။

ပထမတော့ နှာရည်တို့ သလိပ်တို့လို အညစ်အကြေးတွေကနေ ကူးနေမယ်။ အဲသည်ထက်ကိုမှ ပိုဆိုးလာပြီး လေထဲလွင့်နေတဲ့ မမြင်ရတဲ့ အမှုံလေးတွေကနေပါ ကူးနိုင်လာပြီဆိုရင် ( Virus က Air Borne ဖြစ်လာပြီဆိုရင်တော့ ) အန္တရာယ်အမြင့်ဆုံးအဆင့်ကို ရောက်ပါပြီ။

လူဟာ လူတုပ်ကွေးကို သာမာန်အားဖြင့် ခံနိုင်ရည်ရှိပေမယ့် တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်များကိုတော့ ခန္ဓာကိုယ်စနစ်က အသစ်အဆန်းဖြစ်နေတဲ့အတွက် ချက်ခြင်းမတိုက်ဖျက်နိုင်ပါ။ အဲသည်လို ကြန့်ကြာနေချိန်မှာပဲ ဗိုင်းရပ်စ်က လူကို ပြင်းပြင်းထန်ထန် ဝေဒနာခံရစေပြီး သိပ်ဆိုးရင် အသက်ဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လဲ ဒီ ငှက်တုပ်ကွေး/ ၀က်တုပ်ကွေး တွေဟာ သာမာန်တုပ်ကွေးနဲ့ မတူပဲ ပိုပြီး အန္တရာယ်ကြီးတာပါ။

အမှန်ကတော့ သူတို့မှ မဟုတ်ပဲ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ဘယ် “ဗိုင်းရပ်စ်” ရောဂါမဆို ဆေးနဲ့မကုနိုင်ပဲ ခန္ဓာကိုယ်စနစ် ( Immune System ) ကိုပဲ အားကိုးကြရတာပါ။ Immune System ကို အငိုက်မိစေခြင်းကသာ ဒီရောဂါတွေရဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကို နားလည်မယ်ဆိုရင် “ ဒီရောဂါတွေဟာ ကုစရာ ဆေးမရှိဘူးတဲ့ ”... ဆိုပြီး ကြောက်လန့်တကြား ဖြစ်ကြရတာတွေကို နားလည်ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

ဗိုင်းရပ်စ်ပိုးတွေကို တိုက်ရိုက်တိုက်ခိုက် သတ်ဖြတ်တဲ့ဆေး Antiviral Medicines တွေ ရှိပေမယ့် သူ့ဗိုင်းရပ်စ်နဲ့ သူ့ဆေး တိတိကျကျမရှိလှတာရယ်၊ ဆေးတွေ ဈေးက အတော်ကြီးတာမို့ သိပ်ပြီး လက်လှမ်းမမှီနိုင်ကြတာတွေရယ်ကြောင့် သူတို့ကို သိပ်အားကိုးလို့ မရပါ။ ကာကွယ်ဆေးထုတ်နိုင်ဘို့ဆိုတာကလဲ အချိန်အတိုင်းအတာ တခု ယူရမှာဖြစ်သလို ထုတ်လိုက်တဲ့ ကာကွယ်ဆေးကလဲ ဒီတကြိမ်ပေါ်လာတဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲတခုအတွက်ပဲ စွမ်းပါလိမ့်မယ်။ သူ့ကိုပဲ အမြဲအားကိုးနေလို့လဲ မရနိုင်ပြန်ပါဘူး။

ကောင်းပါပြီ။
ဒါဆို ကျနော်တို့တွေ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ။ ပထမဆုံးအနေနဲ့တော့ ဒါမျိုး ဖြစ်လာပြီဆိုတိုင်း သူ စတင်ဖြစ်ပေါ်လာရာ ဒေသမှာပဲ ဒီပြဿနာရှိနေစေပြီး တခြားဒေသ တွေကို ပြန့်ထွက်မလာအောင် တားနိုင်ဘို့ ကျနော်တို့တွေ ကြိုးပမ်းရပါတယ်။ လူတွေကြားမှာ ဒီဗိုင်းရပ်စ်မျိုးသစ်ကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံစွမ်းအား လုံလုံလောက်လောက်ရှိသွားပြီဆို ဒီပြဿနာ ပြေလည်ပါပြီ။

သို့ပေမယ့် ဒီတကြိမ် မက္ကဆီကို မှာ အစပျိုးလိုက်သော ဒီ ၀က်တုပ်ကွေးကတော့ စပြီး သတိထားမိချိန်မှာကို ( လူကလူချင်း ကူးတဲ့ အဆင့် ) ကို ရောက်နေတာကြောင့် ပြင်ပကို ပြန့်မထွက်ဖို့ကြိုးစားတာ မအောင်မြင်လိုက်ပါဘူး။ ဒီနေ့ ( ဧပြီ ၂၉ ) သတင်းတွေအရ ခုဆို အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ တောင်အမေရိက သာမက နယူးဇီလန် နဲ့ အစ္စရေးမှာပါ ဒီရောဂါလို့ အတည်ပြုနိုင်တဲ့ လူနာတွေ တွေ့နေရပါပြီ။ ကမ္ဘာကြီးကလဲ ဟိုအရင်လိုမဟုတ်ပဲ လေယာဉ်တွေနဲ့ နာရီပိုင်းအတွင်းမှာကို လူတွေဟာ တိုက်ကြီးတွေ တခုကနေ နောက်တခုကို အချိန်မလပ် ကူးနေကြတာကိုး။

ဒါကြောင့်လဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ( Too late to contain ) လို့ မှတ်ချက်ချလိုက်ရတာပါ။ တခု တော်သေးတာက မက္ကဆီကိုက လွဲလို့ ကျန်တဲ့ဒေသတွေမှာ လူ အသေအပျောက်ဖြစ်လောက်အောင်တော့ ရောဂါပြင်းထန်တာ မတွေ့ရသေးတာပါပဲ။

ဒါပေမယ့် ဒါကို ပေါ့နေလို့တော့ မဖြစ်ပါ။ ခုဆို နိုင်ငံအတော်များများမှာ လေဆိပ်က ၀င်လာသူတွေကို ကိုယ်အပူချိန် screen လုပ်တဲ့ scanner တွေ တပ်ဆင်ပြီး စစ်ဆေးနေကြရပါပြီ။ ဖျားနေတဲ့သူ ပါလာရင် သေသေချာချာ စစ်ဆေးပြီး လိုအပ်ရင် အချိန်အပိုင်းအခြားတခုအထိ သီးသန့်ခွဲထားခြင်း Quarantine လုပ်ရအောင်လို့ပါ။ ဒါမှသာ ဒီရောဂါပိုး တနေရာက တနေရာကို အထိန်းအကွပ်မဲ့ ပြန့်ပွားတာကနေ ထိန်းချုပ်နိုင်ပါမယ်။

ငှက်တုပ်ကွေးလို ပြဿနာတုန်းကတော့ ငှက်ဆိုတာမျိုးက တနေရာက တနေရာ ကူးသန်းပျံသန်းနေကြတာမို့ လူတွေအချင်းချင်းဆီက မပြန့်လဲ ငှက်တွေဆီက ပြန့်သွားနိုင်ပါတယ်၊ မြန်ပါတယ်။ ၀က်တုပ်ကွေးကျတော့ ၀က်ဆိုတာက ငှက်လို ပျံပြီး လျှောက်သွားနေတာမဟုတ်တော့ တော်ပါသေးတယ်။ ဒါကြောင့်လဲ ကမ္ဘာပေါ်မှာ အခါအားလျော်စွာ ၀က်တုပ်ကွေးတွေ ပေါ်ဖူးပေမယ့် သိပ်ပြီး လူသိတဲ့အဆင့်တောင် မရောက်လိုက်ကြရတာပေါ့။

သို့ပေမယ့် ဒီတခေါက် ပြဿနာကျတော့ တမျိုးဖြစ်လာပါတယ်။ ဒီရောဂါကို စပြီး ဒီတခါ သတိထားလိုက်မိကြချိန်မှာ ( လူက လူကို ကူးတဲ့အဆင့် ) ကို တန်းပြီး ရောက်နေနှင့်ပြီး ဖြစ်နေပါတယ်။ ဒါကြောင့်လဲ ဒီလောက် မြန်မြန်ဆန်ဆန် ပြန့်ထွက်သွားတာပါ။ ခုချိန်ထိ ဘယ်နေရာက ဘယ်လိုဝက်ခြံတွေကနေ ဒီရောဂါ အစပျိုးလိုက်မှန်းကို နောက်ယောင်ခံ မရသေးပါဘူး။ လူတွေအချင်းချင်းကနေ ကောင်းကောင်းကူးနေပါပြီ။ အထူးသဖြင့် မူလ စတင်ခဲ့ရာ မက္ကဆီကိုမှာ အသေအပျောက်နှုန်းက အတော်မြင့်နေပါတယ်။ ပြီးတော့ သာမာန်လို ခလေးတွေ သက်ကြီးရွယ်အိုတွေမှာမဟုတ်ပဲ ကိုယ်ခံအားကောင်းလေ့ရှိတဲ့ သက်လတ်ပိုင်း သာမာန်လူတွေ အများကြီး ဖိတ်စဉ်နေရတာကိုက ကြောက်စရာ ဖြစ်နေရတာပါ။

ဒီထက်ပို ပြန့်ထွက်မလာအောင် နိုင်နိုင်နင်းနင်း ထိန်းထားလိုက်နိုင်မယ်ဆိုရင် အချိန်အတိုင်းအတာတခု အကြာမှာ လူတွေကြားမှာ ဒီ ဗိုင်းရပ်စ်မျိုးကွဲအသစ်အတွက် ခုခံအား ရသွားပြီဆို ဒီပြဿနာ ပြေလည်သွားမှာပဲ ဖြစ်ပါတယ်။

ဒီပြဿနာမျိုးဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလဲ ဖြစ်မှာမဟုတ်ပါ။ အခါအားလျော်စွာ ဒါမျိုးတွေကို ကျနော်တို့ လူသားတွေ ရင်ဆိုင်နေရဦးမှာပါပဲ။ လိုအပ်တဲ့ အသိပညာ ဗဟုသုတနဲ့ ပြည့်စုံပြီး အချိန်မှီ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရင် အနာဂါတ်အတွက်လဲ တွေးကြောက်နေစရာ မလိုပါ။ မဟုတ်ရင်တော့ ကြောက်စရာပါ။

အဲ .. လူတဦးချင်းအနေနဲ့ကကော ဘာတွေလုပ်သင့်ပါသလဲ။ အကျယ်အကျယ်ပြောနေရင် နားထွေးကုန်ယုံပဲ ရှိမှာမို့ ကျနော် အကျဉ်းချုပ်ပြောချင်ပါတယ်။ အအေးမိ .. နှာစေး .. တုပ်ကွေး မဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်ရမယ်ဆိုတာ လူတိုင်းနီးပါး သိပါတယ်။ အဲသည်အတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြယုံပါပဲ။

ဒီ ရောဂါလက္ခဏာတွေကကော .. ဘယ်လိုလဲ။ ဟုတ်ကဲ့ ... တုပ်ကွေး လူတိုင်းနီးပါး ဖြစ်ဖူးပါတယ်။ အဲဒါတွေပါပဲ။ သူက လူမှာဖြစ်နေကျ ပိုးမဟုတ်လို့ ခန္ဓာကိုယ်က အသစ်အဆန်းဖြစ်နေပြီး မတိုက်ဖျက်နိုင်ပဲ ရောဂါလက္ခဏာတွေ ပိုပြင်းထန်တာပဲ ကွာခြားပါတယ်။ ဒီတော့ ဒါအတွက် အထူးအဆန်းဖြစ်ပြီး ရောဂါလက္ခဏာက ဘာတွေလဲ .. ငါ့မှာများ ဒီရောဂါဖြစ်နေပြီလား .. အရမ်းတွေးပူမနေကြပါနဲ့ ။ ခုလိုရာသီအကူးအပြောင်းမှာ တုပ်ကွေး ဆိုတာက ဖြစ်နေကြမို့ ရိုးရိုး လူတုပ်ကွေးလဲ အချိန်မရွေး ကိုယ့်ဆီ ရောက်လာနိုင်တာပါပဲ။ ဖျားပြီဆိုတိုင်းလဲ အကြောက်မလွန်နေကြပါနဲ့ ... ။

ဝက်သားနဲ့ ဆက်စပ်ပစ္စ္စည်းတွေကနေ ဒီတခေါက် ဒီရောဂါ ပြန့်နေတာမဟုတ်လို့ ဒါတွေကို အတင်းကြီးတော့ ရှောင်နေဖို့ မတိုက်တွန်းပါ။ ဒါပေမယ့် လိုလိုမယ်မယ် ကင်းကင်းနေနိုင်ရင်တော့ ပိုကောင်းပါတယ်။ ကိုင်မယ်ဆိုရင်လဲ ကိုင်ပြီးတာနဲ့ လက်ကို ဆပ်ပြာနဲ့ သေချာဆေး၊ ချက်မယ်ဆို သေချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားကြမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ဆိုတာလေး တင်ပြလိုက်ပါတယ်ခင်ဗျား ။

တတ်နိုင်သမျှ ဆေးပညာဝေါဟာရတွေမသုံးပဲ အရိုးဆုံး အရှင်းဆုံး တင်ပြထားပါတယ်။
အားလုံး ဘေးကင်းကြပါစေ ...................... ။

ရွာစားကြီး (မြန်မာကျူးပစ်)
yzg (www.myanmarcupid.net)

**************************
မှတ်ချက်။။ မြန်မာကျူးပစ်မှဆရာဝန်ကိုရွာစားကြီး၏ ၀က်တုတ်ကွေးနှင့်ပါတ်သက်သော ဆောင်းပါးအား အစ်ကိုကြီး ကိုရွာစားကြီး၏ခွင့်ပြုချက်ဖြင့် ဘလော့ဖတ်သူများ အကျိုးဌာ စုချစ်သူဘလော့တွင် ပြန်လည် တင်ပြပါသည်။ အစ်ကိုကြီးကိုရွာစားအား အထူးကျေးဇူးတင်ရှိပါသည်။