Showing posts with label Essay. Show all posts
Showing posts with label Essay. Show all posts

Thursday, January 22, 2015

အရာရာ မြဲသမှတ်လို့ ကွယ်....

 နောက်၃လ ဆို ၁၀နှစ်ကြာ နေခဲ့တဲ့ အခု လက်ရှိရုံးနေရာကနေ ရုံးအသစ်ကို ပြောင်းရတော့မယ်။ လိုတဲ့ ပစ္စည်းတွေလည်း စသိမ်းနေပြီ၊ မလိုတာတွေလည်း အကုန်လွှတ်ပစ်နေရပြီ။ လွန်ခဲ့တဲ့ ၃နှစ်ကျော်ကျော်၂၀၁၁ခုနှစ်မယ် ကိုယ့်ရုံးဝင်းကြီးနဲ့ အဆောက်အအုံတစ်ခုလုံး သူများကို ရောင်းလိုက်ပြီး နောက်ပြောင်းရမဲ့ ရုံးအသစ်ကြီးဆီ ဆောက်လုပ်မပြီးခင်စပ်ကြား လက်ရှိရုံးကိုပဲ ပိုင်ရှင်ဆီကနေ နှစ်ချုပ်နဲ့ ထပ်ငှားနေကြရတာကိုး။ ပြောရရင် ကိုယ်အရင်ကပိုင်တဲ့အိမ်ကို ရောင်းပြီး ပြန်ငှားနေကြတဲ့ သဘောပေါ့။ ဆိုတော့... အဲ့ဒီ ရုံးဝင်းကြီး ရောင်းပြီးပြီးချင်းမှာ အသစ်ရောက်လာတဲ့ ပိုင်ရှင်စိတ်ကြိုက် သူတို့ ပြောင်းခိုင်းတဲ့ နေရာပြောင်းပေးခဲ့ရသေးတယ်။ အဲ့တုန်းကတော့ ရုံးတွင်း အပေါ် အောက် ပြောင်းတာမို့ ဒီလောက် အလုပ်မရှုပ်လှဘူး။ အခုကတော့ တခြားသတ်သတ် နေရာကို ပြောင်းရမှာဆိုတော့ ပိုပြီး အလုပ်ရှုပ်ရတော့တယ်။ လွှတ်ပစ်စရာ သိမ်းဆည်းစရာတွေလည်း တထောကြီးပဲ။

ဒီနေ့ ဌာနက အကြီးဆုံး ဒါရိုက်တာ နဲ့ အစည်းအဝေးမှာ ရုံးအသစ်ရောက်ရင် ဌာနခွဲတွေအလိုက် seating plan ထိုင်ရမဲ့ နေရာတွေကို ပြပေးတယ်။ ဒါရိုက်တာက အနောက်တိုင်းသားပီပီ ဘာကိုမှ မထိန်းချုပ်ဘူး။ ကိုယ်ထိုင်ရမဲ့ နေရာ ကိုယ့်အချင်းချင်း ညှိကြလို့ ပြောတယ်။ တကယ်လို့ ဒီလူ့ဘေးမှာ မထိုင်ချင်ဘူးတို့၊ ဟိုလူ့ ဘေးမှာ မထိုင်ချင်ဘူး ဆိုတဲ့ ပြဿနာ ရှိရင် သူ့ကို လာပြောလှည့်လို့ ပြောတယ်။

မရွှေစုတို့ ဌာနခွဲမှာ လူက ၁၅ ယောက်။ အဲ့ထဲမှာ ၃-၄ယောက်လောက်က သိပ်မတည့်ကြတော့ သူတို့ အချင်းချင်း ကပ်ပြီး မထိုင်ချင်ကြဘူး။ မရွှေစုလည်း မိန်းကလေးက ကိုယ်ပဲရှိတော့ ကိုယ့်ကိုယ် ဗော်လန်တီယာ လုပ်ပြီး အားလုံးအဆင်ပြေ မျှတအောင် နေရာချပေးလိုက်တယ်။ ၁၅ယောက်မှာ ၁၄ယောက်လောက်က ကိုယ်ချပေးတဲ့နေရာကို သဘောတူတယ်။ တစ်ယောက်ကတော့ အင်တင်တင်၊ အဲ့လူက အဖွဲ့ထဲမယ် တော်တော်များများ ဘယ်သူနဲ့မှ မတည့်ဘူး၊ တော်တော်များများကလည်း သူနဲ့ ကပ်မထိုင်ချင်ဘူး။ ဒါကို သိလို့ မရွှေစုက အနစ်နာခံပြီး သူ့ဘေးမှာ ထိုင်ပေးလိုက်တယ်။ ကိုယ်ကတော့ သည်းခံနိုင်မယ်လို့ မျှော်လင့်တယ်၊ သူကလည်း ကိုယ့်အပေါ် အဲ့လောက်မဆိုးဘူးဆိုတာ သိတယ်။ ဒါပေတဲ့ သူက ပြတင်းပေါက်နား နေရာ တခြားအဖွဲ့ကယူထားပြီးသားကို မရလို့ မကျေနပ်ဘူး။

ဒါနဲ့... ၂၀၁၁ ခုနှစ် က ရုံးတွင်း အခန်း ပြောင်းခါနီး ပွစိပွစိ လုပ်ခဲ့ကြတာတွေ ပြန်မှတ်မိနေသေးတယ်။
ရုံးခန်းအသစ်က သေးလှချေကလား စားပွဲကလည်း သေးသေးလေး နေရာတွေကကျပ်တယ် သူ့အခန်းကတော့ ပိုကြီးနေပါလား ငါ့အခန်းကျတော့ သေးလိုက်တာ ငါ့နေရာကျတော့ လေကောင်းလေသန့် မရဘူး စသဖြင့် ပေါ့လေ... သိတယ် မှုတ်လား... လူဆိုတော့ လူပီပီ မကျေနပ်ချက်တွေက တယ်များပေါ့။ အဲ့တုန်းက နေရာ မကြိုက်ဆိုတဲ့သူတွေ... ဟော ...ကြည့်ပါဦး... နေရတော့လည်း ခဏပါပဲ... အခု ထပ်ပြောင်းရပြန်ပြီ။

အဲ့ဒီတုန်းက ရေးခဲ့ဖူးတဲ့ စာလေး သတိရမိလို့ ပြန်ဖတ်မိတယ်။ ကိုယ်ရေးတဲ့စာလေးဖတ်ပြီး သဘောကျမိလို့... အရာရာ မြဲသမှတ်လို့ကွယ်။ ။

+++++
၂၀၁၁ ခုနှစ် နိုဝင်ဘာ

အခုတလော ရုံးမှာ ရှုပ်ရှက်တွေ ခတ်နေတယ်။ ရုံးခန်းနေရာ ပြောင်းရမှာမို့ ပစ္စည်းတွေ သိမ်းရ ဆည်းရ အဟောင်းအမြင်း နှစ်ချို့ နေတာတွေ လွှတ်ပစ်ရနဲ့ အားကို အားဘူး။ ကိုယ့်စားပွဲလေး ကိုယ်ရှင်း ကိုယ့်ပစ္စည်းလေးကိုယ် သိမ်းရတာလေးကိုတင် ခေါင်းတွေ မူးလာတယ်။ ဒါတောင် ကျွန်မမှာ မိန်းမသား ဆိုတဲ့ အရှိန်နဲ့ ( ကိုယ့်အုပ်စုမလဲ မိန်းခလေးက တစ်ယောက်ထဲဆိုတော့ ) ရှိတဲ့ ယောက်ျား ဘသားတွေက ကိုယ့်ကို တခြား အလုပ်တွေ ရုံးခန်းရှင်းဖို့တွေ ရုံးခန်းပစ္စည်း သိမ်းဖို့တွေ လာမခိုင်းကြဘူး။ မောင်မင်းကြီးသားတွေ ကျေးဇူးကြီးပ။

ရုံးခန်းထဲက ပစ္စည်းတွေ ရှင်းကြတော့ များသောအားဖြင့် ရှင်းထုတ်ရတာက ဖိုင်တွဲတွေ။ ဖိုင်တွေအထဲက ရုံးစာရွက် Company/ Technical related info တွေ အားလုံး ဖျက်ဆီးပြစ်ရပြီး File holder တွေကျတော့ လွှတ်ပစ်။ ပြီးတော့ ဟိုတုန်းက hardware ပစ္စည်းတွေ။ စားပွဲတင် ပန်ကာ အသေးလေးတွေ၊ ကွန်ပြူတာ ပါဝါကြိုးတွေ။ အားလုံးနီးပါးက အကောင်းတွေ အသစ်အတိုင်းတွေ၊ ပစ်လိုက်ရတာဆိုတာများ နည်းတာ မှုတ်ဖူး။ အသစ်ရမယ့် ရုံးခန်းက အခုလောက် မကျယ်တော့ မလိုတာတွေ ထားလို့ မရတော့ဘူးတဲ့။ ကိုယ့်ဆီက အဲသလို ပစ္စည်းအသေးအဖွဲလောက် ပစ်ရတာကို မရွှေစုက သမျောနေတာ။ အောက်ထပ် ရုံးခန်းက ပစ္စည်းတွေဆို ပိုတောင် ဆိုးသေးသတဲ့။ အခန်းကြီးကို ဘာမှ မရှိအောင် empty ဖြစ်အောင် လုပ်ပြီး မှ lease လွှဲရမှာဆိုတော့ အခန်းထဲရှိတဲ့ ထိုင်ခုံတွေ စားပွဲတွေ အားလုံး  scrap ပစ်လိုက်ပဲ... ။ စည်းဝေးခန်း က စားပွဲကြီးတွေဆို အသစ်စက်စက်ကြီးတွေရယ်။ အဲသာတွေ အားလုံးလည်း ပစ်ပဲ ...  ။

ဝန်ထမ်းတွေကို အဲသာတွေ ပြန်ရောင်းပါလားဆိုတော့ company policy အရ  scrap လုပ်မယ့် တရားဝင် vendor ကို လွှဲတာကလွဲလို့ ကျန်တာ မလုပ်ရတဲ့။ vendor တွေကတော့ ဈေးကောင်းနဲ့ ရောင်းစားမှာပေါ့...။

+++++

၂၀၀၁ ခုနှစ် စက်တင်ဘာ

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် တုန်းကလည်း ဒီလိုမျိုး ကြုံဖူးခဲ့တယ်။ အဲဒီတုန်းကတော့ ပိုဆိုးသပေါ့။ ကွန်ပြူတာ မော်နီတာတွေ ထုတ်လုပ်တဲ့ ဂျပန် စက်ရုံ ကြီးကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး ရုံးကိုပါ ဖြုတ်လိုက်တာ ဆိုတော့ ရှိသမျှ ပစ္စည်းတွေ ရှင်းရတာ။ အရင်က စတေရှင်နရီ စာရေးကရိယာ လိုအပ်လို့ သွားတောင်းရင် ခဏခဏ မတောင်းနဲ့၊ မပေးနိုင်ဘူး ဘာညာနဲ့ ၀န်ထမ်းတွေကို ပြောတတ်တဲ့ သူတွေလေ ... ဟော ... ရုံးဖြုတ်မယ်လဲ ဆိုရော... စာရေးကရိယာ တွေ ထားတဲ့ အခန်းကို ဖွင့်လိုက်တာ ထွက်လာတဲ့ ခဲတံတွေ ဘောပန်တွေ စာအုပ်တွေ ပေတံတွေ ဆိုတာ အောတိုက်ပဲ။ အဲသာတွေ...သူတို့လည်း မသုံးရ၊ ဘယ်သူမှလည်း သုံးလို့ မရ၊ အိမ်ကိုလည်း ယူသွားလို့ မရနဲ့ နောက်ဆုံး ပစ်တဲ့အထဲပဲ ပါသွားပါရောလား။

အဲဒီရုံးမှာတုန်းကတော့ စားပွဲတွေ ထိုင်ခုံတွေ ကွန်ပြူတာတွေ ပရင်တာတွေကို scrap မလုပ်ခင် ၀န်ထမ်းတွေ ကြိုက်တဲ့ဟာကို လျှော့ဈေးနဲ့ ပြန်ရောင်းပေးကြတယ်။

အဲသမှာလေ... ပြောရအုံးမယ်။ မရွှေစု အဲဒီ ရုံးကို ဝင်ခါစက စားပွဲ အသစ် ထိုင်ခုံ အသစ်တွေ ပေးလို့ ထိုင်နေတာ ၂ပတ်လောက်နေတော့ HR က လူတစ်ယောက်က မရွှေစု ထိုင်ခုံကြီးကို တခြားထိုင်ခုံ တစ်ခု နဲ့ လာလဲတယ်။ ကုလားထိုင်ပုံစံ အရွယ်အစားတွေ က အတူတူ အရောင်ပဲကွဲတာ။ အဲသာ ဘာဖြစ်လို့လဲ ဆိုတော့တဲ့... မရွှေစု ထိုင်နေတဲ့ ထိုင်ခုံ အပြာရောင် က မန်နေဂျာ အဆင့်တွေ ပဲ ထိုင်တာမို့လို့တဲ့။ အင်ဂျင်နီယာတွေရဲ့ ထိုင်ခုံက ပန်းရောင်တဲ့။ ရာထူး အဆင့်အတန်း အလိုက် အရောင် ခွဲထားတာတဲ့။ စားပွဲဆိုလည်း မန်နေဂျာဆို ဘာပုံစံ၊ အင်ဂျင်နီယာဆို ဘာပုံစံ စသဖြင့် ခွဲထားသေး သတဲ့။ ကိုယ်ထိုင်နေတဲ့ ထိုင်လက်စခုံ အတင်းယူသွားတာ မကြိုက်ပေမယ့် ဘယ်တတ်နိုင်မလဲ ပေးလိုက်ရရော။

အဲဒီ မကျေနပ်ချက်က ရှိနေတော့ ဘာပြောကောင်းမလဲ။ ပစ္စည်းတွေ ၀ယ်လို့ ရတယ်လည်း ဆိုရော ဒါရိုက်တာတွေရဲ့ ဂငယ် ပုံစံ စားပွဲ အကြီးကြီးကို စလုံးဒေါ်လာ ၅၀ ပေးပြီး ၀ယ်ပလိုက်တယ်။ စောနက မန်နေဂျာပဲ ထိုင်ရတယ် ဆိုတဲ့ အပြာရောင် ဆုံလည် ထိုင်ခုံ ၂ခုံ ကို တစ်ခုံ ၁၅ဒေါ်လာနဲ့ ၀ယ်ပလိုက်တယ်။ ပန်းရောင် ထိုင်ခုံ အသစ်တွေ ရှိပေမယ့် တမင် မယူပေါင်...  ။ တစ်လုံးက ကက်ဆက်ဖွင့်ဖို့ တစ်လုံးက မီးထွန်းဖို့... အဲလေ... ဟုတ်ပေါင်....  တစ်ခုက မန်နေဂျာကြီး ကိုရေချမ်း ထိုင်ဖို့၊ တစ်ခုက ဒုတိယမန်နေဂျာကြီး မရွှေစုထိုင်ဖို့ပေါ့။ 

ပိုပြီး ရယ်စရာ ကောင်းတာက မန်းနေးဂျင်း ဒါရိုက်တာဂျပန်ကြီး ထိုင်တဲ့ ဆုံလည် ထိုင်ခုံကြီးကို လိုချင်တဲ့ သူတွေ များနေလို့ မဲနှိုက်ကြတာ နောက်ဆုံး မဲပေါက်ပြီး ရသွားတာက လုံခြုံရေးဂိတ်စောင့် ကုလားအဖိုးကြီး။  ရုံးနောက်ဆုံးနေ့က ဆုံလည် ကုလားထိုင်အမဲကြီးကို ပြုံးပြုံး ပြုံးပြုံး နဲ့ မ-သွားတဲ့ ကုလားကြီး မျက်နှာများ ခုထိ မြင်ယောင်နေမိတုန်း။

အရာရာများ မြဲသမှတ်လို့.... နော့လေ  ။ ။

++++

Tuesday, December 10, 2013

ဖေဖေ

(ဖေဖေတို့ လူပျိုဘဝ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်က ကင်မရာကို နောက်ကျောပေးပြီး ဓါတ်ပုံရိုက်ရှိုးထုတ်တာတွေ ခေတ်စားခဲ့ဖူးတယ်...)

ငယ်ငယ်လေးကတည်းက မေမေရော မေမေ့ဘက်ကဆွေမျိုးတွေကပါ ၀ိုင်းပြီးပြောကြတယ်၊ ညည်းဟာ အဖေ့သမီးမှ အဖေ့သမီး အစစ်ပဲတဲ့၊ ဒီတော့ ကိုယ်က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စဉ်းစားမိတယ်၊ ဒီအဖေက မွေးတာ ဒီအဖေ့သမီးအစစ်မဟုတ်လို့ ဘယ်သူ့သမီး ဖြစ်ရအုံးမလဲပေါ့၊ တော်တော်ခက်တဲ့ လူကြီးတွေပဲလို့ စိတ်ထဲ မကြေမလည် ဖြစ်ခဲ့မိတယ်။ တော်တော်လေး နားလည်လာတတ်တော့မှ အဖေ့သမီးဆိုတာ အဖေနဲ့ စိတ်ချင်းတူ ရုပ်ချင်းတူ အဖေကိုချစ် အဖေကိုမျက်စိအောက်ကအပျောက်မခံ အဖေနဲ့ ဘယ်သူပဲ စကားများများ အဖေ့ဘက်ကပဲလိုက် အဖေပြောသမျှအမှန် အဖေ့ကိုနည်းနည်းမှ အထိမခံ ... ဒါကြောင့်မို့ အဖေ့သမီးလို့ ပြောကြတာကိုးလို့...။

ကိုယ်ငယ်ငယ်တုန်းက အဖေနဲ့ အမေနှစ်ယောက်ကြားမှာ အိပ်လေ့ရှိတယ်၊ တစ်နေ့တော့ ညအိပ်ခါနီး အိပ်ရာထဲ သားအမိ သားအဖတတွေ ဆော့နေရင်း စရင်းနောက်ရင်းနဲ့ အဖေက ကိုယ့်ကျောကိုပုတ်လိုက်တာ မတော်တဆ လက်ဆပြင်းပြီး နာသွားလို့ ကိုယ်လည်း အော်ငိုမိတယ်၊ ကျောကိုလှန်ကြည့်တော့ နဲနဲလေး နီနေလို့ မေမေက သူ့သမီးကို နာအောင် လုပ်ရပါ့မလားဆိုပြီး ဖေဖေ့ကို ရန်တွေ့ရာက အဖေနဲ့ အမေ ၂ယောက်သား ရန်ဖြစ်ကြပါလေရော၊ တော်ကြာတော့ ဖေဖေက အိပ်ရာပေါ်ကနေ ဆင်းသွားပြီး အိမ်ရှေ့ဧည့်ခန်းမှာ သွားအိပ်တယ်၊ ကိုယ်လား... အမေ့ကို တစ်ချက်စွေကြည့်ပြီးတော့ ဖေဖေ့နောက်ကိုဆင်းလိုက်သွားတာပါပဲ၊ ပြီး ဖေဖေနဲ့အတူဧည့်ခန်းမှာ နေပေးတယ်။ မေမေက ဒီအကြောင်းကို အခုထက်ထိ ပြောမဆုံးဘူး၊ သူ့ဘက်ကလိုက်ပြောပေးရတဲ့ အမေနားမနေခဲ့ပဲ သူ့ကိုရိုက်တဲ့အဖေ့ဘက်ကို ပါတဲ့သူတဲ့။ ငယ်ငယ်က ညဆို ဖေဖေ့နောက်ကျောကို ခပ်တင်းတင်း ဖက်အိပ်ရင်း ဖေဖေသေသွားရင် ငါဘယ်သူနဲ့ နေရပါ့မလဲလို့ စိတ်ပူထိတ်လန့်မိခဲ့ဖူးတဲ့ရက်တွေရှိတယ်။ အဖေက သမီး ဘယ်အရွယ်ထိ ဖေဖေနဲ့ အတူအိပ်မလဲဆို အိုတဲ့အထိ ... အိုတဲ့အထိလို့ ပြောခဲ့တာ မှတ်မိနေသေးတယ်။ ညအိပ်ကြရင် တစ်ယောက်တစ်လှည့်စီ ကိုယ့်ဘက်သူ့ဘက်လှည့်အိပ်ကြေးလုပ်ထားပြီး ဒီနေ့ အဖေက သမီးဘက်ကို လှည့်အိပ်ရမဲ့နေ့၊ နောက်နေ့ သမီးက အဖေ့ဘက်ကို လှည့်အိပ်ရမဲ့နေ့နဲ့ သားအဖနှစ်ယောက် ခဏခဏ ငြင်းကြလွန်းလို့ ငယ်ကတည်းက စနစ်တကျနဲ့ မတိကျကြီး လုပ်ချင်တတ်တဲ့ကိုယ်က တစ်ယောက်ဘက်တစ်ယောက် လှည့်အိပ်ရမဲ့ရက်တွေကို ပြက္ခဒိန်မှာ အသေအချာ မှတ်သားထားခဲ့ဖူးတာတွေကိုလဲ သတိရနေမိတယ်။

အဖေက သူ့သမီး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတယ် ဆိုတာ သတိထားမိပုံလည်း မရဘူး၊ အထက်တန်းကျောင်းသူကြီး ဖြစ်တဲ့အထိ လွယ်အိတ်ကြီးလွယ်ပေးပြီး ကျောင်းကို လိုက်ပို့တုန်း၊ ကျူရှင်ကို လာကြိုတုန်း၊ မြို့ထဲလမ်းလျှောက်ရင် အဖေနဲ့ သမီး လက်ချင်းချိတ်ပြီး လျှောက်ကြတုန်း၊ အဖေက ချောလဲချော အရွယ်တင် နုပျိုနေတော့ မသိတဲ့သူတွေက ဒီကောင်မလေး အတွဲရနေသလားလို့ အထင်မှားကြမတတ်၊ ဒါပေတဲ့ အဖေကတော့ ကိုယ့်ကို ကလေးလို့ ထင်မှတ်တုန်း။ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူဘဝမှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ လမ်းမှာတွေ့တော့ နှုတ်ဆက်ကြတာ၊ ဒါ... ကျနော့်သမီးလေ... အီလက်ထရွန်နစ် နောက်ဆုံးနှစ် ကျောင်းသူကြီးပေါ့...အင်ဂျင်နီယာမကြီးဖြစ်တော့မယ်... ဒါပေတဲ့ အခုမှ အသက်က ၂၀ပဲရှိသေးတာ... ငယ်ငယ်ကလေး... တဲ့၊ တစ်ဘက်လူကတော့ ကိုယ့်ကို အသက်လိမ်ပြီးကျောင်းနေခဲ့သူလားလို့ ဇဝေဇဝါဖြစ်နေတော့မှာပဲ၊ တကယ်ဆို အဲ့ဒီအချိန် ကိုယ့်အသက် ၂၄နှစ်ထဲမှာ။

ဒီလိုနဲ့ သမီးရော အဖေပါ တဖြည်းဖြည်း အသက်ကြီးလာကြပြီ။ တကယ်ဆို အဖေက အင်မတန်မှ ကျန်းမာရေးကောင်းတယ်၊ တစ်သက်လုံးမှာ ဖျားတယ် နာတယ်ရယ်လို့ ထူးထူးခြားခြားမရှိခဲ့စဖူး၊ ပင်စင်ယူပြီးတာတောင်မှ ရုံးက အကြံပေးပြန်ခန့်တော့ အသက်၆၄နှစ်လောက်ထိ ရှေးဟောင်းနယ်မြေတွေ လျှောက်သွားပြီး တတ်နိုင်သလောက် သုတေသန အလုပ်တွေ လုပ်ပေးခဲ့သေးတယ်။ အဖေ့ လက်မောင်းတွေကိုင်ကြည့်ရင် ကြွက်သားတွေ နဲ့ တင်းတင်းရင်းရင်းရှိတုန်း၊ မနက်ဆို ဈေးကို ကိုယ်တိုင် လမ်းလျှောက်သွားတုန်း၊ စင်ကာပူနဲ့ ရန်ကုန်ကို သွားလိုက် ပြန်လိုက် လုပ်လို့ကောင်းတုန်း၊ ညဘက် မိုးချုပ်တာတောင် တစ်ယောက်တည်း ကားမောင်းပြီး စာအုပ်ဆိုင်တွေ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအိမ်တွေ ဟိုဟိုသည်သည် လျှောက်လည်လို့ကောင်းတုန်း၊ စိတ်ရင်းကောင်းပေမယ့် စိတ်တိုတတ်လေ့ရှိတဲ့သူတွေရဲ့ ထုံးစံအတိုင်း စိတ်ကလေးလက်တစ်ဆစ်နဲ့ သမီးတွေကို အလိုမကျရင် အော်ကျယ်ဟစ်ကျယ် ဆူပွက်လို့ကောင်းတုန်း၊ ဒါပေမဲ့ ဟိုတုန်းကလိုပဲ ဇနီးနဲ့ သမီးတွေ လိုတာမှန်သမျှ သူတတ်နိုင်တာထက် ပိုပြီး ဖြည့်ဆည်းပေးချင်တုန်း။ ဟိုးအရင်တုန်းက အဖေက ကိုယ့်ကို အသက်ငယ်သေးတယ်လို့ မှားထင်ခဲ့မိသလို ကိုယ်တို့တွေကလည်း အဖေ့ကို ခုချိန်ထိ လူငယ်လေးလို့ ထင်ကောင်းတုန်း၊ တကယ်ဆို အဖေ့အသက်က ၇၀ကျော်လာပြီကိုး။

အဖေရဲ့ ချစ်စရာကောင်းတဲ့ နောက်တစ်ချက်က သမီး၃ယောက်ရှိတာ ဘယ်သမီးကိုမှ ရွေးပြီး ပစားမပေးခဲ့စဖူး၊ သမီးတွေမှာရှိတဲ့ ချို့ယွင်းချက်လေးတွေကိုလည်း အပြစ်မတင် ခွင့်လွှတ်တတ်စမြဲ၊ ကိုယ်ဟာ သမီးတွေအားလုံးထဲမှာ အဖေ့သမီးဖြစ်တဲ့အတွက် အဖေ့စိတ်ကြိုက် အဖေစီမံသလို အဖေသဘောကျ အရာအားလုံး လိုက်နာခဲ့လို့ ကိုယ့်အတွက် ပိုပြီးဂုဏ်ယူတာမျိုးပဲရှိတယ်၊ အဲ့အတွက်နဲ့ တခြားသမီးတွေထက်ပိုပြီး ကိုယ့်ကိုတစ်ခါမှ မမြှောက်စားခဲ့ပါဘူး၊ အဖေလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေလို့ မျက်နှာသာပိုပေးတာမျိုးလည်း လုံးဝမလုပ်ခဲ့ပါဘူး၊ အဲသာကို ကိုယ်ကလည်း အဖေ့စိတ်နဲ့ညီ အဖေ့သဘောအတိုင်း စိတ်ထဲ ကျေနပ်တယ်၊ တကယ့်မျှတတဲ့အဖေဆိုတာ ဒါမျိုးပဲဖြစ်ရမယ်လေ။

ဟိုတစ်နေ့ကတော့ အဖေနဲ့ ကိုယ် ၂ယောက်သား စကားများကြတယ်၊ ဒါကတော့ ဆရာအလုပ်မခံချင်တတ်တဲ့ လူကြီးတွေရဲ့သဘောနဲ့ စိတ်ပူတတ်တဲ့ သားသမီးတွေကြား ဖြစ်တတ်တဲ့ ထုံးစံ သဘာဝအတိုင်းပေါ့။ အဖေ့ကို ကြိုပြီး အမျိုးမျိုး ချော့ထားပါရက်ကနဲ့ စကားနားမထောင်ချင်တဲ့အတွက် စကားများကြတာမှာ... အဖေကလည်း စိတ်တိုပြီး အော်... ကိုယ်ကလည်း အဖေ့သမီးလေ... ဒီတော့ တပြန် စိတ်တိုပြီး ပြန်အော်... ၊ အဖေဟာ သူ့ကို မအော်စဖူး ကိုယ်အော်လိုက်တဲ့အခါ ဘာမှ ဆက်မပြောတော့ပဲ အသံ တိတ်သွားတယ်၊ အဖေ အသံ တိတ်သွားတော့မှ ကိုယ်လည်း အတော့်ကို ဝမ်းနည်းသွားမိတယ်၊ ကိုယ့်အဖေတစ်ယောက်လုံးကို ဒီလို ပြောရသလား မိုက်လိုက်ပုံနှယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသပြန်ထွက်မိတယ်၊ ဒါနဲ့ အဖေ့နား သွားပြီး အဖေ့ကို ကောင်းစေချင်လို့ ပြောမိတာ စိတ်မဆိုးပါနဲ့နော်လို့ အဖေ့ပါးကို အသာနမ်းရင်း သမီးကို ခွင့်လွှတ်ပါနော်လို့ ဒူးထောက်တောင်းပန် ရှိခိုးလိုက်တယ်၊ အဖေ့မျက်နှာက စိတ်ဆိုးမနေတဲ့အပြင် ပြုံးယောင်ယောင်နဲ့၊ အဖေက ကိုယ့်ကို တစ်ချက်မော့ကြည့်ရင်း သူ ပြောလေ့ပြောထမရှိခဲ့တဲ့ စကားတစ်ခွန်းကို တိုးတိုးကလေး ပြန်ပြောတယ်...၊ အဖေ့သမီးတွေထဲမှာ သမီးကို အချစ်ဆုံးပဲ၊ ဘာလို့ စိတ်ဆိုးရမှာလဲတဲ့...။

ကျေးဇူးရှင် ဖေဖေ ဒီကနေ့ မွေးနေ့ကစလို့ ခံစားနေရသော ရောဂါများ ပိန်းကြာဖက် ရေမတင်လျှောကာကျသကဲ့သို့ ပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သူတော်ကောင်း သူမြတ်ကောင်းတရားများကို ပွားများအားထုတ်နိုင်၍ တရားဓမ္မများနှင့် မွေ့ပျော်နိုင်ပါစေ။

၇၆နှစ်မြောက် အဖေ့မွေးနေ့အမှတ်တရ...
မှ... အဖေ့ချစ်သမီးလတ်

++++

Wednesday, October 23, 2013

ဧရာဝတီမှ မဲခေါင်သို့ .... ၁


ဆီးရိဗ်မြို့ထဲဝင်လာတော့ ည၉နာရီထိုးလုပါပြီ၊ ကျွန်မတို့စီးလာတဲ့ကား မဲခေါင်ဘတ်စ်ကားဂိတ်ထိုးရပ်လိုက်တဲ့အချိန်မှာပဲ ကျွန်မတို့တည်းမဲ့ဟော်တယ်အမှတ်တံဆိပ်နောက်ခံနဲ့ ကျွန်မနာမည်ရေးထားတဲ့ ဘုတ်ပြားကို မြှောက်ကိုင်ပြီး မော့ကြည့်နေတဲ့ သူ့ကို စတွေ့လိုက်ရပါတယ်။ မူလဘူတ ခမာလူမျိုးတို့ပုံစံ အသားခပ်ညိုညို အရပ်ခပ်ပြတ်ပြတ် မေးရိုးခပ်ချိုင့်ချိုင့်၊ ဝတ်စားထားတာက အနည်းငယ်ညှိုးနွမ်းနေပေတဲ့ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ်ရှိအောင် နေထိုင်တတ်ပုံရတယ်။ ကျွန်မအမျိုးသားက ဟိုင်း... လို့ သူ့ကို စတင်နှုတ်ဆက်စဉ်မှာပဲ လက်ထဲက ခရီးဆောင်အိတ်ကို ကူညီဆွဲယူရင်း နေလောင်ထားတဲ့ အသားညိုညစ်ညစ်မျက်နှာပေါ်က ဖွေးဖြူနေတဲ့ သူ့သွားတွေကို အစွမ်းကုန်ဖော်ပြုံးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

မဲခေါင်ကားဂိတ်နဲ့ ဟော်တယ်ဟာ တုတ်တုတ်နဲ့ နာရီဝက်လောက် သွားရပါတယ်။ မှောင်မှောင်မဲမဲ ဆီးရိဗ်မြို့လေးထဲ ဖြတ်သန်းရင်း ကျွန်မရင်ထဲ အနည်းငယ်လှုပ်ရှားမိတယ်၊ Gateway to the Angkor-era လို့ တင်စားထားတဲ့ ဒီမြို့ဟောင်းလေးထဲကို ခြေချမိတာ ရှေးနှစ်ပေါင်းများစွာက ဘ၀ဟောင်းတစ်ခုကို ပြန်ငေးကြည့်ဖို့ ကြေးမုံပြင်တစ်ချပ်ဆီကို ဦးတည်သွားနေရသလို ခံစားရတယ်။ ဟိုးအရင်ခေတ်က ၀ိညာဉ်တွေဟာ ညအမှောင်ထဲမှာ တိုးတိတ်စွာ ရွေ့လျားဝဲပျံနေကြမလား။ မိုးရွာပြီးစ မြေသင်းနံ့တချို့နဲ့ ရေကန်ကြီးလိုဘေးကဖြတ်သွားရတဲ့အခါ ရေမှော်နံ့တချို့ကိုပါ ရလိုက်ပါတယ်။ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေတဲ့ လူငယ်တချို့တလေကလွဲလို့ ရှင်းလင်းနေတယ်။ တုတ်တုတ်မောင်းသမားလေးနဲ့ ကျွန်မအမျိုးသားတို့ စကားပြောနေသံက နားထဲ မကြားတစ်ချက် ကြားတစ်ချက်။ ဟော်တယ်ရောက်တော့ သူက နောက်နေ့တွေ လျှောက်လည်ဖို့ သူ့ကို ခေါ်ပါလို့ ပြောတယ်၊ သူ့ အင်္ဂလိပ်စကားပြော သံနေသံထားက မဆိုးလှပါဘူး။ ကျွန်မတို့က သူ့ကိုပဲ ခေါ်ပါမယ်လို့ ကတိပေးလိုက်တယ်။ ခမာနယ်မှာ ပထမဆုံး စတွေ့ရ သိရတဲ့ ခမာလူမျိုးတစ်ယောက် စိတ်ချမ်းသာအောင် ကျွန်မတို့က ဘာလို့ မကူညီပဲ နေရမှာလဲ။

++++

ကျွန်တော့်နာမည် ဗွန်လို့ ခေါ်ပါတယ်၊ ကျွန်တော့်ကို ဒီ ကနေ ကီလိုမီတာ ၄၀လောက်ဝေးတဲ့ ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ။ မိဖတွေက လယ်ကူလီ နဲ့ တောင်ယာ အလုပ် လုပ်ကြပါတယ်၊ ရွာမှာနေတုန်းက ကျောင်းမနေခဲ့ဖူးပါဘူး။ ကျွန်တော့် အသက် ၁၃နှစ်လောက်မှာ အဖေ့ သူငယ်ချင်း တစ်ယောက် အကူအညီနဲ့ ဆီးရိဗ်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးကျောင်းသား အနေနဲ့ ရောက်သွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းမှာ ဝေယျာဝစ္ဆ ကူလုပ်ရင်း ဗုဒ္ဓဘာသာ၊ အင်္ဂလိပ်စာ၊ ကမ္ဘောဒီးယား သမိုင်း နဲ့ ယဉ်ကျေးမှု စတာတွေကို သင်ကြားခဲ့ရပါတယ်။ သင်ပေးတဲ့ဆရာတွေကတော့ ဘုန်းကြီးတွေရော၊ လူ ကျောင်းဆရာတွေရောပါ ပါတယ်။ ဘုန်းကြီးကျောင်းမှာနေရင်းနဲ့ ကျွန်တော် အလယ်တန်းထိ အောင်မြင်ခဲ့ပါတယ်။

အသက် ၂၁နှစ်မှာ ကျွန်တော်ဘုန်းကြီးဝတ်ပါတယ်၊ ပဉ္ဇင်းဘ၀နဲ့ ၃နှစ်နေခဲ့ပါတယ်။ ကျွန်တော့် အသက် ၂၄နှစ်လောက်ရောက်တော့ ဘုန်းကြီးကျောင်းမယ် နေရတာ မပျော်တာနဲ့ လူထွက်ပါတယ်။ ကျောင်းလဲ ဆက်မနေချင်တော့တာနဲ့ အဖေ အမေရှိရာ ရွာကိုပဲ ပြန်လာခဲ့ပါတယ်။ ရွာမှာ မိဖတွေနဲ့ လယ်အလုပ်ကူလုပ်ရင်း အိမ်ထောင်ကျပါတယ်။ ကျွန်တော့် ယောက္ခမက ဒီအန်ကောက အင်္ဂလိပ် တိုးဂိုက်တစ်ယောက်ပါ။ ဆီးရိဗ်မှာ ရှိတဲ့ အန်ကောကို နိုင်ငံခြားခရီးသွားတွေ အမြောက်အမြားလာကြတော့ သူ့အလုပ်က အဆင်တပြေရှိပါတယ်။ အိမ်ထောင်ကျတော့ ယောက္ခမတွေ ပိုင်တဲ့ ၀င်းထဲမယ် လိုက်နေပါတယ်၊ ယောက္ခမပိုင်တဲ့ လယ်ယာမြေထဲက တစ်ကွက်ကို အိမ်ဝင်းလေးခတ်ပြီး ဖြစ်သလို တဲအိမ်လေးဆောက်ပြီး နေကြတာပါ၊ အခုတော့ ဆီးရိဗ် လေဆိပ်အသွားလမ်းမကြီးပေါ်မှာရှိလို့ နေရာကောင်းလို့ ဆိုနိုင်ပါတယ်။ အရင်ကတော့ ကျွန်တော်တို့ကို အိမ်ဆောက်နေခွင့်မရှိဘူးဆိုပြီး အစိုးရတာဝန်ရှိသူတွေက လာတားကြပါတယ်။ အခုတော့ ဘာမှ လာမပြောကြတော့ပါဘူး။

မိန်းမနဲ့ ဆီးရိဗ်မှာ နေရင်း ယောက္ခမက ကျွန်တော့်ကို မင်း ဘာအလုပ် လုပ်မလဲ၊ ဘုန်းကြီးကျောင်းမှာ နေတုန်းက အင်္ဂလိပ်စာ သင်ဖူးလို့ တုတ်တုတ်မောင်းပါလားလို့ ပြောပါတယ်၊ တကယ်ကတော့ ဘုန်းကြီးကျောင်းမှာ နေစဉ်က သင်ခဲ့ရတဲ့ အင်္ဂလိပ်စာက ရွာကို ပြန်သွားတော့ အားလုံးနီးပါး မေ့ကုန်ပြီ၊ ဒါပေတဲ့ သူက ငါပြန်သင်ပေးမယ်ဆိုပြီး နည်းနည်းပါးပါး ပြန်သင်ပေးပါတယ်၊ ဒီလိုနဲ့ ကျွန်တော်လည်း တုတ်တုတ် မောင်းသမားဖြစ်လာပါတယ်။ အလုပ်လုပ်ခါစက နိုင်ငံခြားသားတွေ ပြောတာ တော်တော်များများကို ကျွန်တော် နားမလည်ပါဘူး၊ သူတို့ ဟန်ပန်ကိုကြည့်ပြီး မှန်းပြီး နားထောင်ရင်း ပြောရင်း တစ်လုံးစ နှစ်လုံးစ တဖြည်းဖြည်း တိုးတက်လာပြီး တတ်လာတာပါပဲ။

အရင်က ကျွန်တော်က ဘယ်ဟော်တယ်နဲ့မှ မချိတ်ဆက်ပဲ ဒီတိုင်း အလွတ်မောင်းနေတာပါ၊ ခုနောက်ပိုင်း တုတ်တုတ်မောင်းသမားတွေ တအားများလာတော့ ခရီးသည်ရဖို့က အတော်ကို ခက်ခဲပါတယ်။ လမ်းလျှောက်နေတဲ့ နိုင်ငံခြားသားမြင်ရင် တုတ်တုတ်စီးမလားမေးတဲ့အမောင်းသမားတွေက ကျွန်တော့်စိတ်ထင် ၁၀မိနစ်အတွင်း ၄-၅-၁၀ယောက်လောက်တောင် ရှိမလားပဲ၊ ဒါနဲ့ ကျွန်တော့်ရသမျှလေး စုဆောင်းပြီး တုတ်တုတ်ကိုယ်ထည် အသစ်ကလေး လုပ်ပါတယ်၊ ဒီတုတ်တုတ်အသစ်လေးက ဒေါ်လာ၇၅၀လောက်ကျပါတယ်၊ ဆိုင်ကယ်ကတော့ အရင်ကတည်းက မောင်းနေတာလေးပဲ သုံးပါတယ်၊ ဆိုင်ကယ်က အဟောင်းဝယ်ရင်တောင် ဒေါ်လာ ၁၅၀၀လောက် အနည်းဆုံးပေးရတော့ ရှိတာလေးပဲ ထိန်းမောင်းနေရပါတယ်၊ တုတ်တုတ်အသစ်လုပ်ရတာကတော့ ဟော်တယ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ချင်ရင် တုတ်တုတ်ကိုယ်ထည်က ဟောင်းနေ စုတ်နေရင် ဟော်တယ်တွေက မသုံးချင်ကြပါဘူး။

ဟော်တယ်နဲ့ ချိတ်ဆက်ထားတော့ ကျွန်တော်တို့ကို အလှည့်ကျစနစ်နဲ့ ခရီးသည် ပေးပါတယ်၊ အခု အောက်တိုဘာ ရာသီအစမှာ တုတ်တုတ် တစ်နေကုန်ငှားရင် တစ်နေ့ကို ၁၅ဒေါ်လာ ကျပါတယ်၊ ဟော်တယ်က ၃ဒေါ်လာဖြတ်ပြီး ကျွန်တော်တို့က ၁၂ဒေါ်လာ ရပါတယ်၊ အခု အစ်ကိုတို့တည်းတဲ့ဟော်တယ်မှာ ကျွန်တော့်လို တုတ်တုတ်မောင်းသမား ၄၅ယောက် ချိတ်ဆက်ထားကြပါတယ်။ အလှည့်ကတော့ တခါတခါ reception က သူတွေနဲ့ အလျဉ်းသင့်ရင် သင့်သလို အလှည့်ပိုရတတ်တာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ ဆီးရိဗ်က ခရီးသွားရာသီက အောက်တိုဘာကနေ ဧပြီလထိ ဖြစ်ပါတယ်။ ခရီးသွားရာသီမျိုးမှာ တစ်လကို ၂၅၀ဒေါ်လာလောက်ထိ ၀င်ငွေ ရှိတတ်ပေမယ့် ခရီးသွားရာသီ မဟုတ်တဲ့ အချိန်ဆို ဒေါ်လာ ၁၀၀လောက်ပဲ ၀င်ငွေရှိပါတယ်။ ကျွန်တော့်မှာ သားလေး နှစ်ယောက်ရှိပါတယ်၊ သားအကြီးလေးက ၆နှစ်ရှိပါပြီ၊ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ကျောင်းစတက်တာပါ။ အငယ်လေးက ၂နှစ်သားပဲ ရှိပါသေးတယ်၊ ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ပါဘူး။ ကျွန်တော့်ဝင်ငွေနဲ့ လောက်လားဆိုတော့ လောက်ငတယ်လို့ ထင်တာပါပဲ၊ တစ်လ တစ်လ စားစရိတ်ဘယ်လောက်ကုန်တယ် ကျွန်တော် မသိပါဘူး၊ ကျွန်တော်ရှာရသမျှ ကျွန်တော့်မိန်းမလက်ထဲ အကုန်အပ်လိုက်ပါတယ်၊ သူက အစစအရာရာစီမံ ခန့်ခွဲပါတယ်။

ကျွန်တော်က ဒီမြို့လေးကို ချစ်တယ်၊ ဒီက ရှေးဟောင်းလက်ရာတွေ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဂုဏ်ယူလားဆိုတော့ အဲသာတွေ ကျွန်တော် မပြောတတ်ဘူး၊ ဘုန်းကြီးကျောင်းမယ် နေတုန်းက ခမာယဉ်ကျေးမှုတွေ သမိုင်းတွေ သင်ခဲ့ရပေတဲ့ ကျွန်တော့်ခေါင်းထဲ မှတ်မိလှတာ မဟုတ်ဘူး။ ကျွန်တော်ပြောတတ်တာက ကျွန်တော်ဒီမြို့မှာ နေရတာ ပျော်တယ်၊ ကျွန်တော့်အတွက် အဆင်ပြေတယ်၊ ကျွန်တော့်မိသားစု အတွက် အဆင်ပြေတယ်၊ ဖနွမ်ပင်ကို ကျွန်တော်မကြိုက်ဘူး၊ နေဖို့ဝေးရော သွားကိုမသွားချင်ဘူး၊ ဟော... ဟိုမှာကြည့်... အစ်ကို... အဲဒီကန်ကြီးဟာ အရင်က ဘုရင်ရေချိုးကန်လို့ဆိုကြတယ်၊ အခု ကျွန်တော်တို့ ချိုးလို့ရတယ်၊ မပြောနိုင်ဘူး အစ်ကို... ကျွန်တော်ဟာ အန်ကောခေတ်ဟောင်းက ဘုရင်တစ်ပါးဖြစ်ချင်လဲ ဖြစ်ခဲ့နိုင်တယ်၊ လူတွေကို အတင်းခေါ်ပြီး အဆောက်အဦကြီးတွေ ဆောက်ခိုင်းခဲ့လို့ ဒီခေတ်မှာ လူတွေကို ပြန်ပြဖို့ တုတ်တုတ်မောင်းနေရတာလဲ ဖြစ်နိုင်တယ်၊ ဟုတ်တယ်မဟုတ်လား အစ်ကို။

ကျွန်တော်မွေးတဲ့ အချိန်က ကမ္ဘောဒီးယားမှာ ခမာနီတွေ ထွက်သွားတဲ့အချိန် ၁၉၇၉ခုနှစ်ပါ။ ကျွန်တော့်မိဖ
ဘိုးဘွားတွေကတော့ ခမာနီတွေရဲ့ဒါဏ်ကို မသေရုံတမယ် ခံခဲ့ရပါတယ်။ အစ်ကိုက ကျွန်တော့်ကို ပုရစ်စားလားလို့မေးတော့ ကျွန်တော်က ပြောပြချင်ပါသေးတယ်၊ ပိုးကောင်တွေ မှန်သမျှ ကျွန်တော်စားတတ်ပါတယ်၊ ဟိုးအရင်ခေတ်ကတော့ စစ်ကြောင့် ငတ်လွန်းလို့ တွေ့တာ ရှာစားရင်းနဲ့ ပိုးကောင်တွေ စားတတ်သွားတယ် ထင်တာပါပဲခင်ဗျာ၊ သူတို့ကနေ ဆင်းသက်တဲ့ ကျွန်တော်လည်း ပိုးကောင်တွေ စားတတ်တာပေါ့၊ ကျွန်တော်အကြိုက်ဆုံး အကောင်ကတော့ ကင်းမြီးကောက် ခင်ဗျ။ နောင် ကြုံမှ အစ်ကိုနဲ့ အစ်မကို ကျွန်တော် ကျော်ကြွေးပါဦးမယ်။ အစ်မက ခမာ အစားအစာတွေ ကြိုက်တတ်လို့ နောက်တစ်ခါလာရင် ကျွန်တော်ကိုယ်တိုင် ချက်ကျွေးချင်ပါတယ်၊ အစ်မကြိုက်တဲ့ တို့စရာအစုံနဲ့ တမာရွက် နုနုလေးတွေပါ ခူးထားဖို့ မမေ့စေရပါဘူး။ နောက်တစ်ခါ အစ်ကိုတို့လာရင် ကျွန်တော် တုတ်တုတ်မောင်းသမားဘ၀ကနေ ကိုယ်ပိုင် တက်စီမောင်းသမားဖြစ်ပါစေဆိုတဲ့ အစ်ကိုပေးတဲ့ဆုနဲ့လဲ ပြည့်ချင်ပါတယ်။

++++

Sunday, December 9, 2012

ရှိတော့ ရှိပါရဲ့... အရှိမဲ့

 

ပြီးခဲ့တဲ့ စနေက မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ရဲ့အဖေ စင်ကာပူမှာ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရတာ အခြေအနေ သိပ်မကောင်းလို့ ဘုန်းကြီးပင့် ပရိတ်ရွတ် တရားနာတာလေး လုပ်ချင်တယ်လို့ ပြောလာတယ်။ သူတို့က စင်ကာပူမှာ ဆေးကုဖို့ ခဏ ရောက်လာတဲ့မိသားစု မို့ ဘုန်းကြီးကျောင်းတွေ မသိလို့ အကူအညီလှမ်းတောင်းတာပေါ့။ ဒါနဲ့ စနေညဆိုတော့ ကိုယ်တွေလည်း အားတာမို့ တခြား သွားစရာ ရှိတဲ့ အစီအစဉ်တွေဖျက်ပြီး သတိပဋ္ဌာန်ရိပ်သာကျောင်းက ဆရာတော်ဦးရာဇိန္ဒကို လျှောက်ထားပြီး ဆရာတော်ကို ဆေးရုံကို ပင့်လာပေးခဲ့တယ်။

ကိုယ်တို့တွေ ဆေးရုံရောက်သွားတာ စနေည ၇နာရီလောက်။ လူမမာ ဦးကြီးဟာ ပြင်းထန်တဲ့ ဆေးဒဏ်တွေနဲ့ ရောဂါကြောင့် မသက်မသာ ခံစားနေရပြီး နေရထိုင်ရ ခက်ခဲနေပုံရှိတယ်။ ဆရာတော်ကို ဖူးမြင်လိုက်တဲ့ ခဏ သူ့မျက်လုံးအိမ်မှာ မျက်ရည်ကြည်လေးတွေ ဝေ့၀ဲလာသလိုပဲလို့ ထင်မိတယ်။ ဆေးပိုက်တတ်ထားတဲ့ လက်ကလေးတွေကို မြှောက်ပြီး ဆရာတော်ကို ဦးတင်ရှာတယ်။ ပြီးတော့ မပီမသ အသံနဲ့ ဆရာတော်ဘွဲ့ကိုလည်း မေးလိုက်သေးတယ်။ ဆရာတော်က သီလပေး၊ ပရိတ်ရွတ်အပြီး ပြန်မကြွခင် ဦးကြီးနားမှာ ရပ်ပြီး ဝေဒနာကို ဘယ်လို ဘယ်ပုံ ရှုဖို့ ခပ်တိုတို ဟောပြောရင်း ဦးကြီးလက်ကို အသာအယာ ဆုတ်ကိုင် အားပေးတယ်။ ကိုယ်တို့လည်း ပြန်ခါနီး ဦးကြီးကို နှုတ်ဆက်ကြတယ်။ မရွှေစုက ဦးကြီးရဲ့လက်ကလေးကိုကိုင်ပြီး သမီး မေတ္တာပို့ပေးနေမယ်နော် လို့ ပြောတော့ ခေါင်းမညိမ့်တညိမ့်နဲ့ ပြန်ကြည့်တဲ့ မျက်လုံးလေးတွေဟာ သနားစရာ သိပ်ကောင်းတာပဲ။

နောက်တစ်နေ့ တနင်္ဂနွေည ၈နာရီလောက် မရွှေစုတို့ အပြင်မှာ ညစာ စားနေကြတုန်း ဖုန်းဝင်လာတယ်။ မနေ့ညကတွေ့ခဲ့ရတဲ့ ဦးကြီး အခုပဲ ဆုံးသွားပြီတဲ့။ စနေနေ့ည ၇နာရီမှာ သူ ရှိနေခဲ့သေးတယ်၊ တရားနာခဲ့သေးတယ်၊ နာကျင်နေခဲ့သေးတယ်၊ မျက်ရည်ဝဲခဲ့သေးတယ်၊ နောက်တစ်နေ့ည တနင်္ဂနွေ ၇နာရီမှာတော့ သူဆုံးသွားခဲ့ပြီတဲ့၊ သူ ဆိုတာ မရှိတော့ဘူးတဲ့။ ဟုတ်ပါတယ်၊ ဒါဟာ လောကကြီးမှာ မြင်နေကြ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက် တစ်ခု၊ ကိုယ်လည်း တစ်နေ့မှာ မလွဲမသေ တွေ့ရမယ့် ရှောင်လို့မရတဲ့ အရေးတစ်ခု၊ ပြီးတော့ လူဖြစ်လာတဲ့ ဘ၀မှာ မွေးခြင်းအစရှိရင် သေခြင်းအဆုံး ရှိတာမို့ ဒါဟာ မထူးဆန်းပါဘူးလို့ ပြောလို့ရတဲ့ အကြောင်းအရာ တစ်ခု၊ ဒါတွေ အားလုံး သိပင်သိသော်ငြားလည်း စားနေတဲ့ ဇွန်း ခရင်းကို လွှတ်ချလို့ မရွှေစု တစ်ယောက် ငေးငိုင်နေမိတယ်။

ဦးကြီးကို အင်္ဂါနေ့ နေ့လည်မှာ သင်္ဂြိုလ်တယ်။ အသုဘရူ တဲ့ ဟောခန်းထဲ ၀င်လိုက်တဲ့ ခဏမှာပဲ တစ်ခါမှ မကြုံဖူးတဲ့ စိမ်းရွှေရွှေလို အနံ့ တစ်မျိုးကို ရလိုက်တယ်။ ဦးကြီးကို ထည့်ထားတဲ့ အခေါင်းက မှန်နဲ့ မဟုတ်လို့ အနား သွားမကြည့်ပဲ သူ့ကို မမြင်ရပါဘူး။ ဒါပေမယ့် မရွှေစု အနားကို သွားမကြည့်ဖြစ်တော့ပါဘူး။ ပန်းခွေတွေကြားက မျက်ခုန်းကို ပင့်ကာ ခပ်ယောင်ယောင်လေး ပြုံးနေတဲ့ သူ့ ဓါတ်ပုံကိုပဲကြည့်ပြီး ခပ်လှမ်းလှမ်းကနေ အရိုအသေပေးရင်း မေတ္တာပို့လိုက်တယ်။ တစ်နေ့က ပရိတ်ရွတ်ပေးခဲ့တဲ့ ဆရာတော်ကိုပဲ မရွှေစုတို့ ပင့်လာပေးလို့ ဆရာတော်က ကျန်ရစ်တဲ့ သူတွေကို သရဏဂုံ တည်စေကာ တရားချီးမြှင့်ပါတယ်။ သေပြီးတဲ့သူကတော့ အသက်မရှိမှတော့ ဘယ်လာ သရဏဂုံတည်နိုင်တော့မလဲ၊ ဒါကြောင့် ကျန်ရစ်တဲ့သူတွေကသာ သူ့ကိုယ်စား သူ့ကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုရင်း သရဏဂုံ တည်ရတာပေါ့။

စင်ကာပူမယ် နေလာတာ ၁၅နှစ်မှာ ဒါဟာ ပထမဆုံး အသုဘ ရှု တရားနာကို လိုက်ပို့ဖူးခြင်းပဲ။ တကယ်တော့ မရွှေစုဟာ ကြောက်တတ် လန့်တတ်တဲ့ သူ တစ်ယောက်ဖြစ်တယ်။ ငယ်ငယ်က ရထားစီးရင်း ရထားတိုက်သွားတဲ့ လူတစ်ယောက် ရဲ့ ခြေထောက်ပိုင်းကို ရုတ်တရက် မြင်မိလိုက်တာ တစ်လလောက် မအိပ်နိုင် မစားနိုင်ဖြစ်ဖူးတယ်။ စက်မှုကျောင်းက သူငယ်ချင်း ဖိုးပြည့် ဆုံးတော့ အသုဘ လိုက်ပို့တာ သူ့အလောင်းကို သွားမကြည့်ရဲခဲ့ပဲနဲ့ည မှာ သူ့ရုပ်ပုံ ကို မြင်ယောင်ပြီး လန့် နေတတ်တယ်။ နောက်တစ်ခါ အိမ်ရှေ့အိမ်က အစ်မကြီး တခြားနယ်မှာ ဆုံးသွားတော့ ဆုံးပြီး ၅ရက်လောက်ကြာမှ ရိုက်ထားတဲ့ ဓါတ်ပုံတွေ မတော်တဆ ကြည့်မိပြီး အော့အန်ကာ တစ်ယောက်ထဲ မအိပ်ရဲ မပြုရဲနဲ့ ဒုက္ခရောက်ဖူးတယ်။ အဲဒီ အတွက်ကြောင့်လည်း ချမ်းမြေ့တရားစခန်းကို စ ၀င်ဖူးလိုက်ခြင်း ဖြစ်တယ်။ အခု အသက်ကြီးလာတော့ ဒီကြောက်စိတ် လန့်စိတ်တွေကို မမြဲခြင်း တရားအသိနဲ့ တဖြည်းဖြည်းချင်း ဖြေဖျောက်ဖို့ ကြိုးစားရတဲ့အပြင် လူမမာတွေကို ဆေးရုံစောင့် အဖော်လုပ်ပေးတာတို့၊ လူမမာတွေအတွက် လိုတဲ့ အကူအညီတွေပေးတာတို့၊ မျက်နှာစာအုပ်ကနေ နာရေးကူညီမှု အသင်းရဲ့ အသုဘ ချတဲ့ ဓါတ်ပုံသတင်းတွေဖတ်ရင်း ကိုယ့်ရဲ့ လန့်တတ်တဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် ကုသပြီး သံဝေဂ စိတ်တွေ ၀င်လာအောင် ကျင့်ပေးရတယ်။

ဒါနဲ့ အသုဘရှု တရားနာပြီး ပြန်လာတော့ ဆရာရဲမြလွင် မြန်မာဘာသာပြန် ပို့ဆောင်ပေးသူရယ် ဆိုတဲ့ ဂျပန်စာရေးဆရာကြီး မိုမိုစဲရှိနိုဘု ရေးတဲ့
Departures ဆိုတဲ့ စာအုပ်လေးကို သတိရမိတော့တယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ ယိုဂျီရို တာကီတာ နဲ့ မင်းသား မာစာဟီရို မိုတိုကီ တို့က ရုပ်ရှင် အဖြစ် အသက်သွင်းခဲ့တာ ၂၀၀၉ခုနှစ် အတွက် Best Foreign Language Film အော်စကာ ဆုကို ရရှိခဲ့ပါတယ်။ မရွှေစုက ရုပ်ရှင် သမား မဟုတ်တော့ ဒီကားကို အော်စကာ ဆု ရလို့သာ သိခဲ့ပြီး အမြည်း Trailer က လွဲလို့ သေချာ မကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူမို့ ဆရာရဲမြလွင်က ပို့ဆောင်ပေးသူရယ် ဆိုပြီး ဘာသာပြန် စာအုပ် ထွက်လာတော့ ကျူးပစ်မှာ ဦးအဗျားက ရိုက်တင်ပေးတာနဲ့ ဒီစာအုပ်ကလေးကို ဖတ်မိသွားတော့တယ်။

စာအုပ်ကို ဖတ်ခါစက ဒီလောက် စိတ်ဝင်စားစရာကောင်းမယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်နေရင်း လက်ကမလွှတ်တမ်း တစ်ထိုင်တည်း အပြီး ဖတ်မိရက်သား ဖြစ်သွားတယ်။ စာအုပ်ဖတ်နေရင်း စိတ်ထဲမှာ ခံစားချက်ကလည်း မျိုးစုံပဲ။ ဒါနဲ့ အော်စကာဆု ရတဲ့ ရုပ်ရှင်ကိုပါ တခါတည်း ကြည့်မိတော့တယ်။ စာအုပ်ကို ဖတ်တော့ ရသ တမျိုး၊ ရုပ်ရှင်ကြည့်တော့လည်း ရသ တစ်မျိုး ခံစားရပါတယ်။

ဒါဟာ ချစ်ခြင်းမေတ္တာ အကြောင်းကို သရုပ်ဖော်ပြတာလား၊ ဘ၀တစ်ခုကို အဓိပ္ပာယ်ရှိစွာ ဘယ်လိုမျိုး ရှင်သန်နေထိုင် သွားသင့်သလဲဆိုတာ ပညာပေးခြင်းလား၊ ရှင်ခြင်းနဲ့ သေခြင်းကြား အကြိမ်ကြိမ် အဖန်ဖန် လွန်းထိုး သွားလာနေမှန်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့ လူတွေ အကြောင်းလား၊ သေခြင်းတရားရဲ့ ပြယုပ် တစ်ခုကို ဖွင့်ဟလှစ်ဆိုခြင်းလား၊ ရှိခြင်း နဲ့ မရှိခြင်း၊ ဒါမှမဟုတ် မရှိခြင်းများ ရဲ့ ရှိခြင်း၊ မတည်မြဲခြင်းများ ရဲ့ တည်မြဲခြင်း သဘောတရားလား။

စာဖတ်သူ တော်တော်များများကတော့ စာအုပ်ကို မဖတ်ဖူးရင်တောင်မှ ဒီရုပ်ရှင် ဇာတ်လမ်းကို ကြည့်ဖူးပြီးသား ဖြစ်ကြမှာပါ။ ဇာတ်လမ်း အကျဉ်းချုပ်က တယောဆရာလေး ဒိုင်ဂိုတစ်ယောက် သူ့တီးဝိုင်း အဖွဲ့ ဖျက်ပြစ်လိုက်ပြီးတဲ့နောက် အလုပ်လက်မဲ့ဘ၀နဲ့ သူ့ရွာက ပိုင်ရှင် မရှိတော့တဲ့ အမေ့အိမ်ကို ဇနီးဖြစ်သူနဲ့ ပြန်လာရာမှာ ကြုံရာ ကျရာ အလုပ်ကို ခက်ခက်ခဲခဲ လိုက်ရှာနေရင်း သေဆုံးသူ အလောင်းတွေကို အလှပြင်ပြီး ခေါင်းထဲထည့်ပေးရတဲ့အလုပ်ကို ၀င်လုပ်မိရဲ့သားဖြစ်သွားပါတယ်။ သူလိုလူတစ်ယောက်ဟာ ဒီအလုပ်မျိုးကို လုပ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိပေမယ့်၊ မတော်တဆ အလုပ်ဝင်ပြီးတော့လည်း ထွက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားမိပေမယ့် လစာကောင်းကောင်း ရတာရယ်၊ သူ့ကို အလုပ်ခန့်တဲ့ မန်နေဂျာရဲ့ လေးစားစရာစိတ်ဓာတ်ကို ကြည်ညိုမိတာရယ်၊ လူအမျိုးမျိုး အထွေထွေ တို့ရဲ့ အဖြစ်သနစ်ပေါင်းစုံနဲ့ ပူဆွေးလောင်မြိုက်မှုတွေကို ကြုံလာပြီး တဲ့နောက် မေတ္တာတရားနဲ့ နှစ်သိမ့်ပေးနိုင်မှုဆိုတာကို ယုံကြည်မိရာမှ အစပြုလို့ မိန်းမနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့အထင်အမြင်သေးခြင်းခံရသည့်တိုင် ဂရုမစိုက်နိုင်ပဲ သူ ရွံမုန်းတယ်ထင်တဲ့ အလုပ်ကို တာဝန်ကျေပြွန်စွာ ဆက်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ စေတနာနဲ့ စိတ်ထက်သန်မှုတွေကို မိန်းမဖြစ်သူက တစစနဲ့ နားလည်ပေးနိုင်လာခဲ့တယ်။ နောက်ဆုံး သူနဲ့ သူ့အမေတို့ကို ငယ်စဉ်အခါက စွန့်ခွာခဲ့ပြီး ဘယ်ဆီရောက်နေမှန်း မသိ၊ သူတို့ကိုလည်း လုံးဝမေ့ထားလိုက်ပြီလို့ မှတ်ယူထားတဲ့ သူစိတ်နာနေ
တဲ့ သူ့အဖေ အသုဘကို ကိုယ်တိုင် ပြင်ဆင်ပေးဖို့ ကြုံလာရာမှာ မထင်မှတ်ထားတဲ့ မေတ္တာတရားကို နားလည်ခြင်းများနဲ့ အဆုံးသတ်ထားပါတယ်။

ဒီစာအုပ်လေးကိုဖတ်ပြီး ရသ အမျိုးမျိုးကို ရတယ်လို့ ဘာလို့ ပြောရလဲဆို စာဖတ်နေရင်း ဒိုင်ကိုနဲ့အတူ သူ ဖြစ်နေသလို သူခံစားနေရသလို ကိုယ်ပါ လွင့်ပါမျောပြီး လိုက်ပါနေမိတယ်။ အလုပ်အင်တာဗျူးမှာ လုံးဝ ထင်မထားတဲ့ အလုပ်မျိုးကို ကြားလိုက်ရလို့ ဘာမှ ပြန်မပြောနိုင် မှင်တက်မိရတာတွေ၊ သိစိတ်က ဒီအလုပ်မျိုးကို လုံးဝ လုပ်ချင်စိတ်၊ အသံနဲ့တောင် ကြားချင်စိတ် မရှိပေမယ့် လက်တွေ့ဘ၀ထဲကတော့ ထွက်ပြေးလို့ မရတာတွေ၊ ဒိုင်ကို ပထမဆုံး ကြုံရတဲ့ ပုပ်စော်နံဟောင်နေတဲ့ အဖွားကြီးအလောင်းအကြောင်းကို ဖတ်ရတော့ ကိုယ်ပါ သူနဲ့ အတူ အော့အန်ချင်မတတ် ခံစားရတာတွေ၊ အတိုင်းအဆ မရှိ အကြင်နာတရား၊ မြင့်မြတ်တဲ့ သဘောထားတွေ ပြည့်ဝတဲ့ ဆာဇာကီ ကို ဒိုင်ကိုက လေးစားသလို လေးစားစိတ်ဝင်လာမိတာတွေ၊ လုံးဝနှစ်သက်လို့ မရနိုင်တဲ့ စက်ဆုပ်စရာလို့ ထင်ရတဲ့ အလုပ်ကို အနုပညာမြောက်စွာ ကြိုးစားပမ်းစား လုပ်နေတာအတွက် ကိုယ်ပါ ရောယောင်အားပေးမိတာတွေ၊ လူတွေဟာ လူသေကို ရွံ့ကြောက် ကြပေမယ့် တိရစ္ဆာန်အသေ ကြက်အသေတွေကျတော့ အားပါးတရ မရွံမရှာ စားနိုင်ကြတာတွေ။

ဒီစာအုပ်မှာ အမှတ်ထင်ထင် ဖြစ်မိလိုက်တဲ့ စာသားတွေကတော့ အမျိုးအစား မတူတဲ့ ခေါင်း၃မျိုး အကြောင်းပြောကြရာမှာ ဒီခေါင်းတွေဟာ တစ်ခုနဲ့ တစ်ခု ဈေးတွေမတူ ကွာခြားပေမယ့် မီးလောင်ပြီး ပြာကျသွားတာခြင်းတော့ အတူတူပါပဲတဲ့။ ချမ်းသာတဲ့သူ ဆင်းရဲတဲ့သူ ရုပ်ချောတဲ့သူ ရုပ်ဆိုးတဲ့သူ ဘယ်သူမဆို နောက်ဆုံးတော့လဲ မီးလောင်ပြီး ပြာကျရတာခြင်းမှာတော့ ဘာမှ မကွာခြားပါဘူးတဲ့။

သေဆုံးသွားတယ် ဆိုတာ တစ်ခါတည်း အပြီးအပိုင် နိဂုံးချုပ်သွားတာ မဟုတ်ဘူး။ သေခြင်းတရားကို ဖြတ်သန်းပြီး နောက်ဘ၀ကို ဦးတည် လျှောက်လှမ်းကြရပြန်တယ်။

ကိုယ့်မျက်စိရှေ့မှောက်မှာရှိတဲ့ အချစ်ဆိုတာက ပိုအရေးကြီးပါတယ်။


ဒီစာအုပ်ကို အားလုံးပဲ ဖတ်လို့ရအောင် ကျူးပစ်မှာ ဦးအဗျားက စာရိုက်တင်ပေးထားပါတယ်။ မရွှေစုက တဆင့် PDF စာအုပ်လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။ (အပေါ်က ပုံမှာ ကလစ်ခေါက်ပြီး စာအုပ်ကို ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။) ရုပ်ရှင်လည်း ကြည့်လို့ ရပေမယ့် ကိုယ့်လို စာအုပ်ဖတ်ရတာ ပိုပြီး အားရတတ်သူများအတွက် ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြဖို့လည်း ညွှန်းပါတယ်။ စာအုပ်မဖတ်ချင်လို့ ရုပ်ရှင်ကြိုက်တဲ့သူ အနေနဲ့လည်း မကြည့်ရသေးသူများ ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာက ပြောဖူးပါတယ်။

ဒီဇာတ်လမ်းဟာ သေခြင်းတရား အကြောင်း ကို ပြောထားတယ်လို့ ဆိုနိုင်သော်ငြားလည်း ဘ၀မှာ ဘယ်လို ရှင်သန်နေထိုင်သွားကြမလဲဆိုတဲ့ ဒဿနကို စဉ်းစားမိသွားစေပါတယ်တဲ့။ ရယ်စရာအကြောင်း မဟုတ်ပေမယ့်လည်း သနားစရာထဲမှ ပြုံးစရာလေးများကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 
ပြီးတော့ ဒီကားမှာ ဘယ်အရာကိုမှ အစွန်းရောက်အောင် အလွန်အကျွံကြီး ဖြစ်နေအောင် ထည့်သွင်း ရိုက်ပြမထားပါဘူးတဲ့။ သေတဲ့သူတွေအကြောင်း အများကြီးပါပေမယ့် လန့်စရာ ကြောက်စရာ ရွံ့စရာ ကောင်းအောင် လုပ်ပြမထားပါဘူး၊ ၀မ်းနည်းစရာတွေ တစ်ပုံကြီး ပါပေမယ့် စိတ် ထိခိုက် ကြေကွဲရမှုတွေကို ဖြေသိမ့်ပေးထားပါတယ်။ စိတ်နှလုံး ကြီးမြတ်မှုနဲ့ မေတ္တာတရားဟာ အရုပ်ဆိုး အကျည်းတန် စက်ဆုပ်စရာလို့ ထင်တဲ့ အကြောင်းအရာတစ်ခုကိုတောင်မှ တင့်တယ်လှပမှုတွေ ထုံလွှမ်းနေစေနိုင်တာကို အနုပညာမြောက်စွာ လှစ်ပြထားတာသာ တွေ့ရမှာပါတဲ့။

လူ့ဘ၀ဆိုတာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေ၊ စိတ်ကြည်နှုးရခြင်း၊ မောပန်းနွမ်းနယ်ရခြင်းတွေနဲ့အတူ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပဲ နောက်ဆုံး အဖြေကိုသာ ပေးထားပြီး အလယ်ဆင့်တွေကို ဖွက်ပေးထားတဲ့ လောကကြီးမှာ ကောင်းတလှည့် ဆိုးတခါ လည်ပတ်ပြီး နေ နေ ကြရတာပဲ၊ ဘာကိုပဲ တွေ့ကြုံရ အစွန်းရောက်တဲ့စိတ်နဲ့ မကြည့်ပဲ နေရချိန် ခဏလေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဘယ်လို နေသွားကြမလဲ ဆိုတဲ့ အတွေးများနဲ့ အတူ။

မေတ္တာများစွာဖြင့်
စုချစ်သူ
၀၉ ဒီဇင်ဘာ ၂၀၁၂
ညနေ ၀၆နာရီ ၀၆မိနစ်

ဝန်ခံချက် ။။ ခေါင်းစဉ်မှာ ထူးအိမ်သင် ကဗျာမှ စာသားဖြစ်ပါတယ်။


++++

Saturday, December 1, 2012

ပန်းနုရောင် စာတစ်စောင် ဒီဇင်ဘာ ဒိုင်ယာရီ

၀၁ ဒီဇင်ဘာ ၁၉၉၂
ထီးတစ်ချောင်း ဂျာစီအနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် မိန်းကလေး ရဲ့
ပန်းနုရောင် စာတစ်စောင် ဒိုင်ယာရီ


နံနက်ခင်း ဆောင်းအေးအေးမှာ နှင်းမြူရနံ့တွေဝေလို့... ။ ဟင်... ဒီဇင်ဘာ ၁ရက်နေ့တောင် ရောက်ပြန်ပြီပေါ့။ ၀ါး... အိပ်ရာက ထမှ... ဒီနေ့ စနေ ကျောင်းပိတ်ရက်ဆိုတော့ ... အင်းယားဘက်ကို စက်ဘီးစီးမယ်၊ ကျောင်းဝင်းထဲ ပတ်မယ်။ အပြန် ဘုရားလမ်းထိပ်က အကြော်ဆိုင်မှာ ရေနွေးကြမ်းပူပူလေး မှုတ်သောက်ရင်း အကြော်စုံ နဲ့ ကောက်ညှင်းပေါင်း ထိုင်စားမယ်။ အကြော်ဆိုင်လာတဲ့ လူတွေရဲ့ စရိုက်ပေါင်းစုံ ကို ထိုင်ကြည့်မယ်။ ပြီးတော့ ဘုရားပန်းတွေ ၀ယ်ပြီး အိမ်ပြန်မယ်။

ကမန်းကတန်း ထ၊ မျက်နှာသစ်တော့ ရေအေးအေးက လူကို တွန့်ကနဲ ဖြစ်စေ။ ခေါင်းမှာ အဘွားပေးတဲ့ သိုးမွေးဦးထုတ်ဆောင်း၊ လည်မှာ ဖေဖေ့ဆီက ရတဲ့ ယောက်ျား မာဖလာ ပတ်၊ အဘိုး အမွေပေးထားတဲ့ ခေါင်းစွပ် သိုးမွှေးဝေ့စကုပ်ပေါ်က အစ်ကိုကြီး လက်ဆောင်ဝယ်ပေးထားတဲ့ အားကစားသမားတွေ ၀တ်တဲ့ ဂျာစီ အနီရောင်နဲ့ ချည်ထမီခပ်ထူထူကို တိုတို ၀တ်ပြီး ခြေအိတ်စွပ် ကင်းဘတ် ဖိနပ်စီး၊ ဖီးဆင့် စက်ဘီး အစိမ်းရောင်လေး ကို တွန်းထုတ်လာ....။ ရှေ့စက်ဘီးခြင်းထဲမှာ ပိုက်ဆံအိတ်နဲ့ အစိုးရထုတ် ခေါက်ထီးမာမာတစ်ချောင်း။ ထီးကတော့ မိန်းကလေး တစ်ယောက်ထဲ သွားသွားလာလာ လုပ်သူတွေအတွက် မမကြီးထည့်ပေးထားတဲ့ အဆောင်။ 

ဟား... အေး လိုက်တာ မွှေးလိုက်တာ... ။ ဆောင်းလေ ရနံ့က အေးလည်း အေးတယ်... မွှေးလည်း မွှေးတယ်။ ဘယ်ဆီကမှန်း မသိ လွင့်ပျံ့လာတဲ့ ပန်းရနံ့လေးတွေက လေထဲမှာ ထုံရနံ့လေး သင်းသင်းမွှေးလို့။ လေကို အားပါးတရ ရှုရှိုက်မိလိုက်တယ်။ မနက်၎နာရီသာသာ စောနေသေးလို့ လမ်းဘေးမှာ လမ်းလျှောက်သူ တစ်ယောက်စ နှစ်ယောက်စ ကလွဲလို့ ဘုရားလမ်း လမ်းမကြီး တစ်လျှောက် ရှင်းလို့ လင်းလို့ ထင်းလို့၊ အကြော်ဆိုင်တောင် မှ မီးမွှေးခါစ ရှိသေး။ စက်ဘီးကို ခပ်ပြင်းပြင်းအနင်း ပထမတော့ လေကြမ်းထဲမှာ ကျောလေးပင် တွန့်ကနဲ ဖြစ်သွား၊ ခဏကြာတော့ ဒီလေအေးအေးထဲမှာပဲ ချွေးလေး စို့လာချင်သလိုလို၊ ခပ်ဖြည်းဖြည်း အရှိန်လျှော့လိုက်တော့ စို့နေတဲ့ချွေးတွေက တိုက်ခတ်လာတဲ့ လေနဲ့ အေးတလှည့် နွေးတလှည့်။

ဟော... ပြောရင်း ဆိုရင်း အာစီထဲတောင် ရောက်လာပြီ။ အင်းယား ကန်လေး ဘေးမှာ စက်ဘီးကို ရပ်၊ ခါးကို ဟိုလှည့် ဒီလှည့် လေ့ကျင့်ခန်းလုပ်၊ လက်ကို မြှောက် အားပါးတရ လေကို ရှု ထုတ်၊ ကန်ပေါ်က ဖြတ်တိုက်လာတဲ့ လေအေးအေးက အသဲထဲထိ စိမ့်သွားသလို၊ ကောင်းလိုက်တဲ့ လေ၊ မြေ၊ ရေ။ ဘေးနားမှာ ကိုယ့်လိုပဲ လေ့ကျင့်ခန်းလုပ်နေတဲ့ အန်ကယ်ကြီး နဲ့ အန်တီကြီး၊ ဆရာ ဆရာမ တွေ ဖြစ်ပုံရ။ ကိုယ့်ဘက်လှည့် ပြုံးပြပြီး ရှေ့ကို ဆက်လျှောက်သွားကြ။

ကဲ... လေ့ကျင့်ခန်းလုပ်တာ ၁၀မိနစ်လောက်ဆိုတော့ တော်ပြီ။ လှဲထားတဲ့ စက်ဘီးလေးကို မ၊ ကွေ့ထွက်မယ် ပြင်နေတုန်း... ဗြုန်းဆို နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို စက်ဘီးဦးနဲ့ ၀င်တိုးမလို ဖြစ်မိ။ အောင်မယ်... ကြည့်စမ်း မျက်နှာက သူခိုး ဂျပိုး ရုပ်နဲ့ ဘာခိုး မလို့တုန်း မသိဘူး။ ဟိုက်... ပိုက်ဆံအိတ်ကို စက်ဘီးခြင်းထဲ ဒီတိုင်း ထည့်မိထားတာ ကပျာကရာ ကောက်ယူ။ လုမယ် လို့ များ လုပ်ရင် ကောက်ရိုက်ဖို့ ထီးရိုးကို ပါ လက်နဲ့ ထိထားရ။

စဉ်းစားနေတုန်း... သင်းလက်က သူ့ ဂျာကင်ထဲက တစ်စုံတစ်ခုကို ယူပြီး မြှောက်အလာ။ ဟာ... ဒီလိုလုပ်လို့ ဘယ်ရလိမ့်မတုန်း... သူ့ထက် လျင်တဲ့ ကိုယ်တို့က ထီးရိုးကို ဆုပ်ကိုင်လို့ ၀ှီးခနဲ မြည်အောင် တွေ့ကရာကိုခုတ်ချပလိုက်။ သိုင်းလောကရဲ့ ပန်းရာဇာ မင်းသမီး ဆိုတာ ကိုယ်ပဲဟေ့လို့ ဘာတို့တော့ မကြွေးကျော် မိပါဘူး။ ခွပ် ဆိုတဲ့ အသံနဲ့ အားလို့တောင် မအော်နိုင်၊ အ ဆိုတဲ့ အသံကပဲ ခပ်အုပ်အုပ်ထွက်ပြီး မျက်နှာကို လက်နဲ့ အုပ်ကာ ထိုင်ချသွား။ ကဲ... ကိုယ့်လူ... မိန်းကလေး တစ်ယောက်ထဲတွေ့လို့ နောင်များ လုချင် ၀ှက်ချင် စိတ် နည်းနည်းကလေး ပေါ်လာပြီဆိုရင် ဂျာစီ အနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် စီး အရိပ်မဲ့ သိုင်းရာဇာ မင်းသမီးကိုသာ သတိရလိုက်ပါလို့ ခပ်ကြွားကြွားလေးတွေးကာ စက်ဘီးကို ခွအတက်... မျက်နှာကို နောက်ဆုံးအနေနဲ့ တစ်ချက်လှည့်အကြည့်မှာ ။

ဟင်... လက်ဝါးနဲ့ အုပ်ကာ မော့ကြည့်နေတဲ့ မျက်နှာကို မြင်လိုက်တဲ့ တခဏ ရင် ထဲ ဒိန်းကနဲ ဆောင့်တက် ... ဗုဒ္ဓေါ... စက္ကူပန်း အနီရောင်တွေနဲ့အိမ်က ပြောင်းလာခါစ ဆရာကြီးရဲ့သား ဟို ခပ်ချောချော အစ်ကိုကြီးပါလား...။ ခုနက မှောင်နေတော့ ဘယ်သူမှန်းမသိ ဘယ်ဝှာမှန်းမသိ၊ ခုမှ မျက်နှာသိ ဆိုတဲ့ စိတ်နဲ့ ... ဘုရားတမိ၊ ချောလို့ဆိုပြီး မသိမသာ လိုက်လိုက် ကြည့်နေမိတဲ့ ကိုယ့်ရဲ့ မင်းသား ဖြစ်နေပါပေါ့၊ ဘုရား...ဘုရား... လက်တော့ လွန်ကုန်ပါပကောလို့ ဗြုန်းကနဲ ရင်တွေတုန်၊ ရုတ်တရက် ဘာလုပ်ရမယ်မှန်းမသိ၊ ဘယ်များ ထိသွားသလဲ မသိမသာ လိုက်ကြည့်... မျက်လုံးတော့ ထိပုံ မရ၊ ခေါက်ထီးစောင်းက မာတော့ မျက်ခုန်းရိုးက သွေးလိုလို အရောင်ကို လှမ်းတွေ့မိ။ အဲဒီ အချိန် သူ့ ရင်ခွင်ထဲက ပြုတ်ကျလာတာက.... သွေးစစ နဲ့ ပန်းနုရောင် စာတစ်စောင်။ လူက စက်ဘီးပေါ် ဘယ်လို ရောက်သွားမှန်းမသိပဲ နင်းပြေးတာမှ လှစ်ခနဲ လှစ်ခနဲ။  

 နို့... သိမှ မသိပဲ။

+++++
 
ဝန်ခံချက် ။ လုပ်ကြံ ဖန်တီးခြင်း သက်သက်သာ ဖြစ်ပါကြောင်း။ ;)

Friday, November 30, 2012

အာဇီဝဋ္ဌမကသီလ နှင့် စာရေးခြင်း ကျင့်ဝတ်


ကျွန်မတို့မောင်နှမတွေ ငယ်ငယ် က ၄-၅-၆ နှစ်အရွယ် စပြီး စာဖတ် နိုင်တာနဲ့ တပြိုင်နက် ကျောင်းအားရက်တွေမှာ အဖိုးအဖွား အဖေအမေ တို့က အဖွားရဲ့ မောင်ဝမ်းကွဲတော်စပ်သူ ဘဘုန်း ဘုန်းကြီးကျောင်းကို ပို့ပါတယ်။ အဲဒီမှာ ဘဘုန်းသင်ပေးတဲ့ ၅ပါးသီလ ၈ပါးသီလ သီလတောင်း အပါအ၀င် ဘုရားစာများ စတင် ကျက်မှတ် ရပါတယ်။ ၀ါတွင်းကာလ ဥပုသ်နေ့တွေမှာ ကလေးတွေမို့ ၈ပါးသီလ ၉ပါးသီလ မဆောက်တည်နိုင်ရင်တောင်မှ မနက်ပိုင်း ဘုန်းကြီးကျောင်းကို လူကြီးတွေနဲ့ အတူ လိုက်ပြီး တစ်ထိုင် သီလ ဆိုတာကို ယူ၊ တရားနာရပါတယ်။

ကျွန်မတို့ အတန်းကလေး ရလာ၊ ဆယ်ကျော်သက် အရွယ် ရောက်လာတော့ မေမေက အာဇီဝဋ္ဌမကသီလ အကြောင်း စတင် သင်ပေးပါတယ်။ ၅ပါးသီလ နဲ့ အတူ အာဇီဝဋ္ဌမကသီလ ကိုပါ သမီးတို့ နေ့စဉ် ဆောက်တည် ကျင့်သုံး ရမယ်လို့ ပြောပါတယ်။ အာဇီဝ ဆိုတာ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်ရတဲ့ အလုပ်မျိုးကို ခေါ် သတဲ့။ မတရား အသက်မွေးဝမ်းကျောင်းမှုကို မိစ္ဆာဇီဝ လို့ ခေါ်တယ်။ မိစ္ဆာဇီဝ မှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို သမ္မာအာဇီဝ လို့ ခေါ်တယ်။ ၈ပါး မြောက် သိက္ခာပုဒ် ရှိလို့ အာဇီဝဋ္ဌမကသီလ ၈ပါးသီလလို့လည်း ခေါ် ပါတယ်။

ကျွန်မတို့တတွေ ကလေးဘ၀ အလွန်၊ ဇကောဇကအရွယ်လေး ရောက်လာ၊ ကျောင်းနေပျော်တဲ့ အချိန် ရောက်လာတော့ ကျောင်းက သူငယ်ချင်း အပေါင်းအသင်းသာလျင် ကိုယ့်ဘ၀ ဆိုတာမျိုး စဖြစ်လာပြီ၊ အိမ်နီးနားချင်းတွေရဲ့အသံ ရပ်ကွက်ထဲက အသံဗလံတွေကိုလည်း နားထဲမှာ မှတ်တတ်လာပြီ၊ ရွှေသွေး၊ တေဇ၊ ကလေးကာတွန်းတွေနဲ့ မလုံလောက် အားမရနိုင်တော့ပဲ စာအုပ်အငှားဆိုင်သွားပြီး ၀တ္ထုတွေ၊ မဂ္ဂဇင်းတွေ လက်တဲ့စမ်း ငှားဖတ်တတ်လာပြီ။ အဲ့ဒီမှာ မကောင်းတာနဲ့ ကောင်းတာတွေဟာ အတူရောပါလာကြပြီ။ စိတ်တွေဟာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုနဲ့အတူ အရောင်စုံကာ ဆန်းသစ်လာကြပြီ။

ကျွန်မတို့ အိမ်အောက်ထပ်က ဦးလေးက ညနေတိုင်ကျရင် အော်... လောက... လောက လို့ ညည်းရင် ကျွန်မတို့မောင်နှမတွေ အားလုံးလည်း အော်... လောက ... လောက လို့ ဘာမှန်းမသိပဲ သူ့နောက်က လိုက်ညည်းပါတယ်။ မျက်စောင်းထိုးအိမ်က ဈေးသည် လင်မယား ရန်ဖြစ်လို့ ယောက်ျားက မိန်းမကို ဆဲရေးသလို ကျွန်မတို့ မောင်လေးဟာ ဘုမသိ ဘမသိ လိုက်ဆိုပါတယ်။ စာအုပ်ဆိုင် က ကြားလာတဲ့ ရပ်ကွက်ထဲက ပေါက်ပန်းဆေးစကားတွေ နားမလည် ပါးမလည် အိမ်မှာ ပြန်ပြောကြပါတယ်။ မောင်နှမတွေ တစ်ယောက် နဲ့ တစ်ယောက် စည်းဝါးညီနေတဲ့ အချိန်ဆို တစ်ယောက် မဟုတ်တာ လုပ်တာ တစ်ယောက်က ဖုံးကွယ် ပေးပေမယ့် ရန်ဖြစ်နေတဲ့အချိန်ဆို ဦးတဲ့သူက လူကြီးကို အရင်ပြေး တိုင်တန်း ကိုယ့်အပြစ်မရောက်အောင် မဟုတ်တရုတ် အပိုဆာဒါး တွေ အလိမ်အညာတွေပါ ထည့်ပြီး ကုန်းတိုက်ပါတယ်။ သူတစ်ပါးက ကုန်းတိုက်ရင် ကုန်းတိုက်မှန်း မသိ နောက်ကလိုက်ပြောကာ၊ အယုံလွယ် တတ်ကြပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ်လည်း သေချာမသိပဲ သူတပါးမကောင်းကြောင်း အတင်းအဖျင်း ပြောရတာကို အာတွေ့ သဘောတွေ့ နှစ်ခြိုက် လာတတ်ကြပါတယ်။

ကျွန်မတို့ မောင်နှမတတွေ ဒီလိုမျိုး စိတ်တွေ မသိမသာနဲ့ ကြမ်းတမ်းလာတာကို မေမေက ရိပ်မိလာတယ်။ ဒါကြောင့်မို့ အာဇီဝဋ္ဌမကသီလ ကို သင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ အာဇီဝဋ္ဌမကသီလ မှာ ပထမ ၄ပါးက ၅ပါးသီလ ထဲက ရှေ့ဆုံး ၄ပါးနဲ့ အတူတူပါပဲ။ ၄ပါးမြောက် မုသာဝါဒ - မဟုတ်မမှန်သော စကားကို မပြောပါဆိုတဲ့ ကျင့်ဝတ်နဲ့ အတူ နောက်ထပ် ဆောက်တည်ရမယ့် ကျင့်ဝတ် ၄ပါးကတော့ ပိသုဏ၀ါစာ - အချင်းချင်း မုန်းတီးအောင် ကုန်းတိုက်ခြင်း၊ ဖရုသ၀ါစာ - ကြမ်းတမ်းစွာ ဆဲဆို တိုင်းထွာခြင်း၊ သမ္ဖပ္ပလာပ၀ါစာ - အကျိုးမရှိ၊ သိမ်ဖျင်းသော စကားတို့ကို ပြောဆိုခြင်း နဲ့ မိစ္ဆာဇီဝါ - မှားယွင်းတဲ့ မတရား အသက်မွေးဝမ်းကျောင်းမှု မှ ရှောင်ကျဉ်ခြင်း တို့ ဖြစ်တယ်။

တလောက ကျွန်မ တူမလေး ၀မ်းကွဲကို အသက် ၁၈နှစ်ပြည့်ပြီမို့ သူ့ကို ပထမဆုံး ဖေ့ဘုတ် အကောင့် ဖွင့်ပေးလိုက်ပါတယ်။ သူက စာရေးဝါသနာပါလို့ ဘလော့လည်း ရေးချင်တယ်၊ ဖိုရမ်တွေထဲမလည်း စာရေးချင်ပါတယ်တဲ့။ ပတ်ဘလစ်ကို စာရေးတဲ့ အခါ ဘယ်လို စည်းမျဉ်းမျိုးကို လိုက်နာ ကျင့်သုံး သင့်တယ်ထင်လဲ၊ ဘယ်လို principle မျိုး ထားရှိသင့်သလဲ ဆိုတာ ကျွန်မကို မေးလာပါတယ်။

ကျွန်မတို့ ငယ်ငယ်က မေမေ သင်ပေးတဲ့ အာဇီဝဋ္ဌမကသီလ ၈ပါးသီလ ကို ကျွန်မ သတိရသွားပါတယ်။ သူနဲ့ ကျွန်မ စကားတွေပြောဖြစ်တာတော့ အများကြီးပဲ။ ဒါပေမယ့် အတိုချုပ် သူ့ကို ကျွန်မပြောလိုက်တာကတော့ စာ စ ရေးတဲ့သူတွေဟာ ကိုယ့်ခံစားချက်တွေ ကိုယ့်အကြောင်းတွေ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတာတွေကို ခံစားရသလို မြင်သလို ရေးတာပဲ ဖြစ်တာမို့ ကိုယ်ရေးသမျှ ဟာ တခါတခါ သူများအတွက် အကျိုးရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး၊ သို့သော် ကိုယ်ရေးလိုက်တဲ့စာကြောင့် သူတစ်ပါးအကျိုး မမဲ့ပါစေနဲ့လို့။

ဆိုတော့ ကျွန်မစာရေးတဲ့ အခါ အတတ်နိုင်ဆုံး လိုက်နာ ကျင့်သုံးတဲ့ ကျင့်ဝတ်များ ကို သူ့အတွက် ချရေးပေးလိုက်ပါတယ်။

၁) မုသာဝါဒါ - ကိုယ့်စာကို လူဖတ်စေချင်ယုံ သက်သက်နဲ့ နာမည်ကြီးစေကြောင်းငှာ မဟုတ်မမှန်တာတွေ လီဆည်ပြီး မရေးပါနဲ့။
၂) ပိသုဏ၀ါစာ - အချင်းချင်း အငြင်းပွား မုန်းတီးစေနိုင်တဲ့ ကုန်းတိုက်စကားများ သွေးထိုးစကားများ အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါတယ်။
၃) ဖရုသ၀ါစာ - ဘယ်လောက်ပဲ မကောင်းမှု လုပ်နေတဲ့သူအကြောင်းကိုပဲ ရေးသည် ဖြစ်စေ၊ ကြမ်းတမ်းသော စကားများ၊ ဆဲဆိုမှု အသုံးအနှုံးများ လုံးဝ မပါဝင်ပါစေနဲ့။
၎) သမ္ဖပ္ပလာပ၀ါစာ - အရေးမပါ အရာမရောက် သိမ်ဖျင်းသော စကားများ၊ သူတစ်ပါး အတင်းအဖျင်း ပြောခြင်း ရေးခြင်းများနဲ့ အချိန်ကုန် မခံပါနဲ့။

ကျွန်မ ပြောလိုက်တာ သူဘယ်လောက် နားလည် သွားတယ်၊ လိုက်နာနိုင်မယ်ဆိုတာ မသိပေမယ့် ကျွန်မ ကိုယ်တိုင်လည်း စာရေးတဲ့ နေရာမှာ ဒီအချက်တွေကို သတိလေးနဲ့ ဦးထိပ်ထားပြီး အမြဲ ရေးကြောင်း ပြောပြမိပါတယ်။ အထူးသဖြင့် စာရေးမယ့်သူဟာ emotion အရမ်းဖြစ်လို့ မရပါဘူး။ အများအတွက် စာရေးရင် ပုဂ္ဂလဓိဌာန်ကို ပယ်ပြီး ဓမ္မဓိဌာန် နဲ့ ရေးရမှာဖြစ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ အာဇီဝဋ္ဌမကသီလ ကိုလည်း အကျဉ်းချုပ် ရေးလိုက်ရပါတယ်။

အာဇီဝဋ္ဌမကသီလ
၁ ။ ပါဏာတိပါတာ = သူတစ်ပါး အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from killing
၂ ။ အဒိန္နာဒါနာ = သူတစ်ပါး ပစ္စည်းဥစ္စာ ကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from stealing
၃ ။ ကာမေသုမိစ္ဆာစာရာ = သူတစ်ပါး သားမယား ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from adultery
၎ ။ မုသာဝါဒါ = မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from telling lies
၅ ။ ပိသုဏ၀ါစာ = သွေးထိုး ကုန်းတိုက်မှုမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from slandering
၆ ။ ဖရုသ၀ါစာ = ကြမ်းတမ်းစွာ ဆဲဆိုမှုမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from using harsh language
၇ ။ သမ္ဖပ္ပလာပ၀ါစာ = အကျိုးမရှိ သိမ်ဖျင်းသော စကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from telling useless non-sense
၈ ။ မိစ္ဆာဇီဝါ = မတရားသော ဥစ္စာပစ္စည်းရှာဖွေမှုမှ ရှောင်ကြဉ်ပါ၏ ။
I shall abstain from earning wrong-livelihood

စုချစ်သူ
၃၀ နိုဝင်ဘာ ၂၀၁၂
ကိုးကား - အရှင်ဇနကဘိဝံသ (အာဇီဝဋ္ဌမကသီလ)

+++++

Wednesday, October 24, 2012

ဝမ်းမြောက်ဖွယ် အရေးအသား

ဆရာကြီးရွှေဥဒေါင်း (၁၈၈၉ - ၁၉၇၃)
Oil on Canvas by SuuChitThu 

ဆရာကြီးရွှေဥဒေါင်းက ပြောဖူးသည်။ တော်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး ၀တ္ထုကြီးကို အလွယ်တကူ ၀ယ်မရ၍ နောက်ကျမှ ဖတ်ခဲ့ရသဖြင့် ဦးဘိုးစိန်ကြီး ဆိုဖူးသည့် တေးချင်းတစ်ပုဒ်အတိုင်း “လွန်တဲ့ရက်တွေကောလို့ ဒေါသဖြစ်လှသည်” ဆိုကာ ခပ်ငယ်ငယ်ကတည်းက မဖတ်ရှုခဲ့ရခြင်းအတွက် ၀မ်းနည်းလှပါသည်တဲ့။

ကျွန်မအတွက်တော့ ဆရာကြီး၏ တစ်သက်တာမှတ်တမ်းကြီးကို အိမ်ကစာအုပ်စင်မှာ ရှိနေတာသိနေပေသိ၊ စာအုပ်ကြီး ထူထဲလှတာကို လန့်သည့်စိတ်နှင့် ခပ်ငယ်ငယ်ကတည်းက မဖတ်ဖြစ်ခဲ့ရသည်ကို တွေးမိတိုင်း လွန်ခဲ့ရသည့် အချိန်တွေကို နှမျှောမဆုံး ရှိလှပါသည်။

လူသားတိုင်း သူတို့ဘ၀မှာ တစ်နည်းနည်းနှင့် ကျေးဇူးတင်ရမည့် ပုဂ္ဂိုလ်များ ရှိနေတတ်ပေသည်။ ထိုသူများထဲတွင် စာရေးဆရာများသည် တစ်ထောင့်တစ်နေရာမှ ပါဝင်ကြပေသည်။ စာရေးဆရာများသည် သူတို့ဘ၀တွင် ရှေ့ဆောင်လမ်းပြပေးသူများ အနေနှင့် မသိလိုက်မသိဘာသာ ရှိနေကြလေသည်။ အိမ်က အဖေ အမေ ဆိုဆုံးမသည်ကို နာခံချင်မှ နာခံမည်။ ကျောင်းက ဆရာ သင်ကြားပြသ သည်ကို လက်ခံချင်မှ လက်ခံမည်။ ဆရာတော်များ လမ်းညွှန်မိန့်ကြားချက်များသည်လည်း တစ်ဖက်နားမှ ၀င်ကာ တစ်ဖက်နားမှ ထွက်ချင် ထွက်သွားတတ်တည်။ သို့တည်းမူ မိမိတို့ ကြိုက်နှစ်သက် လေးစားရသော စာရေးဆရာ၏ ဇာတ်ကောင် “ဟီးရိုး” များမှ ပြောစကားများကား မည်သူမျှ ရိုက်နှက် စေခိုင်းခြင်း မရှိပဲ နားထဲတွင် သံမှိုနှင့် စွဲသကဲ့သို့ ခိုင်မြဲစွာ တည်တံ့ကျန်ရစ်၏။

မိမိဖတ်သော စာအုပ်တစ်အုပ်မှ ဇာတ်ကောင်များ၏ စရိုက်သည် ကောင်းချင်လည်း ကောင်းမည်။ တော်ချင်မှလည်း တော်မည်။ အပြစ်အနာအဆာများလည်း ရှိနေနိုင်ပေသည်။ ဇာတ်လိုက်သည် လူဆိုးဗိုလ်တစ်ယောက် ဖြစ်ချင်လည်း ဖြစ်နေနိုင်သည်။ သူ့အမှုအယာ သူ့ပြောစကားများကို လက်ခံချင်မှလည်း လက်ခံနိုင်မည်။ သဘောတူချင်မှလည်း တူပေမည်။ သို့သော် မိမိတို့သည် ထိုဇာတ်ကောင်များမှ တဆင့် ထိုစာရေးဆရာ၏ ပြောချင်သော အတွေးကို ဆုပ်ကိုင်မိလိုက်သည်။ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်၊ မတော်တာလုပ်ရင် မတော်တာ ဖြစ်မယ်၊ ကောင်းမှု လုပ်ရင် ကောင်းကျိုးပေးမယ်ဆိုတဲ့ အိမ်က လူကြီးမိဖ စကားများသည် တိုက်ရိုက်စကားများ ဖြစ်၍ စာရေးဆရာ၏ စကားများကား လှုပ်ရှားနေသောစိတ်ဝင်စားဖွယ် စရိုက်များနှင့် ပြည့်နှက်နေသည့် သူ့ဇာတ်ကောင်များမှတဆင့် သူ့ဘာသာသူ ပြောနေဟန်ရှိသောစကားများ ဖြစ်၏။ ကိုယ်လိုချင်သော် ယူ၊ ကိုယ်သဘောနှင့် မတွေ့သော် ထားခဲ့လို့ ရပေသည်။ တိုက်ရိုက်စကားများသည် နားဝမှ လျှံကျလွယ်လျက် သွယ်ဝိုက်စကားများကား အသဲထဲ စိမ့်ဝင်လွယ်ကြပေသည်။

ဆရာကြီးရွှေဥဒေါင်းစာအုပ်များနှင့် စတင် မိတ်ဆက်ဖြစ်သည်ကား ပြောစရာပင်မလိုသော စုံထောက်ကြီးဦးစံရှား ၀တ္ထုများပင်ဖြစ်သည်။ ထို့နောက် သူ့ရဲ့ စွန့်စားခန်းဆန်ဆန် ၀တ္ထုများ ဖြစ်သည့် ဂျမဒါကိုကိုကြီး၊ သူတော်စိန်၊ ဒဂုန်တင့်၊ လူစွန့်စား၊ သူရဲကောင်း၃ယောက်၊ စွန့်ဝံ့သူ၊ စောလမုန်သိုက်၊ ပထမံဆရာသိန်း၊ ဇော်ဟိတ်၊ လျှို့ဝှက်သဲဖို ၀တ္ထု၊ ဂမုန်းနက်၊ စသည်များ လက်လှမ်းမှီသလောက် ဆက်တိုက်ဆိုသလို ဖတ်ဖြစ်ခဲ့သည်။ ဆရာဦးအောင်သင်း ဆိုခဲ့သလိုပင် ဆရာကြီး၏ ၀တ္ထုများသည် စွန့်စားခန်း သက်သက် သွေးရဲရဲ သံရဲရဲ အပစ်အခတ် အသတ်အပုတ်များချည်းပါသည့် ၀တ္ထုများမဟုတ်။ ဦးနှောက်ကို ခါးတောင်းကျိုက်ကာ တိုက်ပွဲဝင်ရသော စွန့်စားခန်းများ ဖြစ်သည်။ ထိုမှတဆင့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်မှု၊ အသေးအဖွဲလေးဖြစ်တောင်မှ အမှုမဲ့ အမှတ်မဲ့ မထားပဲ အရာရာကို စူးစမ်းလေ့လာမှု၊ မိမိပတ်ဝန်းကျင်ကို ဂရုပြုနေထိုင်မှု၊ ဒါ့အပြင် စိတ်ကောင်းစေတနာ ထားရှိမှု စသည့် အလေ့အကျင့်လေးများ အနည်းနှင့် အများဆိုသလို ဖြစ်ပေါ်လာပေသည်။

ဝတ္ထုဆိုသည်မှာ ဇာတ်ကောင်တို့၏ စိတ်ဓာတ်၊ အကျင့်၊ စာရိတ္တ၊ ၀ါရိတ္တ၊ စသဖြင့် ကွက်ကွက်ကွင်းကွင်း ပေါ်အောင် တဆင့်ပြီးတဆင့် သရုပ်ဖော်ခြင်းဖြစ်ရာ ဆရာကြီးမှာ စာအရေးကောင်းလှသဖြင့် စွန့်စားခန်းများသက်သက် နှင့် မတူသော ရတနာပုံ ၀တ္ထုမျိုးမှာလည်း ကျောင်းသုံး စာအုပ်ပြဋ္ဌာန်းရသည်အထိ၊ ရုပ်ရှင်အထိ အောင်မြင်မှု ရခဲ့ပေသည်။

ထို့နောက် ဆရာကြီး၏ စိတ်နှင့် ပါတ်သက်သော ၀တ္ထုများ၊ အဆန်းတကြယ် စွန့်စားခန်းများ ပါသည့် ၀တ္ထုများ ဖြစ်သည့် ရူပနန္ဒီ၊ ရူပကလျာဏီ၊ စန္ဒာဒေ၀ီ၊ ကာလယန္တယား၊ မြတ် သက် မော် စသည်များမှာလည်း လက်မှ မချချင်အောင် စွဲလန်းခဲ့ရသည်။

ဆရာဒဂုန်တာရာက ဤသို့ ဆိုဖူး၏။ ဆရာကြီးရွှေဥဒေါင်းကို ကြိုက်သည်မှာ ဆရာကြီး၏ အရေးအသားသည် မြန်မာပီသသော ရေးဟန်နှင့် အနောက်နိုင်ငံ စိတ်ကူးစိတ်သန်းတို့ ပေါင်းစပ်ထားခြင်းကြောင့်ဟု ဆိုလေသည်။ ဆရာကြီး၏ ကိုယ်ပိုင်ဘ၀ ကိုယ်ပိုင်ဇာတ်လမ်းဟု ဆိုရမည်ဖြစ်သော တစ်သက်တာမှတ်တမ်းတွင် ရှေးမြန်မာ ပီပီသသကြီးလို့ ပြောရမည့် မြန်မာစစ်စစ် တစ်ယောက်၏ ရေးဟန်နှင့် အနောက်နိုင်ငံသား အတွေးအခေါ်များ ရောယှက် ပါဝင်နေသဖြင့် ဆရာကြီးဒဂုန်တာရာအမြင်မှာ မှန်လှပေသည်ဟု အားတက်သရော ခေါင်းငြိမ့်မိပေသည်။

ဆရာကြီးမှာ အတွေးအခေါ် စာအုပ်များ၊ ဘာသာရေးဆွေးနွေးချက် ဆောင်းပါးများ များစွာ ရေးသား သွားသော်လည်း သူ၏ တစ်သက်သာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်မှာ သူ၏ အတွေးအခေါ်များ၊ သုံးသပ်ချက်များ၊ ဘ၀ အတွေ့အကြုံ အစုံအလင် ပါဝင်နေပြီးဖြစ်သောကြောင့် သူ၏ အကောင်းဆုံး စာအုပ်ဟု ခေါ်ဆိုနိုင်ပေသည်။ ထိုစာအုပ်တွင် စာရေးသားနည်းလည်း သင်ယူနိုင်သည်။ ဒေသန္တရ ဗဟုသုတလည်း ရှာဖွေနိုင်သည်။ သမိုင်းကိုလည်း လေ့လာတွေ့ရှိသည်။ အတွေးအခေါ် အယူအဆများကိုလည်း ဆင့်ပွားနိုင်သည်။ ထိုအတွေးအခေါ်များကို မိမိတို့ခေါင်းထဲသို့ အတင်းရိုက်သွင်းကာ လက်မခံခိုင်း၊ လောကကြီးကို အမှားတွေ အမှန်တွေနှင့် ဖြတ်သန်းသွားသော လူတစ်ယောက်၏ ဖြစ်ရပ်မှန် ဇာတ်စုံ တစ်ပုဒ်၊ သဲထိပ်ရင်ဖို စွန့်စားခန်းများ ပါသော လူစုံ ဖြစ်ချင်သူ လူဖြောင့် စိတ်တို မာနကြီးသူ တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက် တစ်စုံတစ်ရာလည်း ဖြစ်ပေသည်။

ဆရာကြီး၏ အရေးအသားကိုလေ့လာမိသော် ဆရာကြီးသည် စာကြောင်းတို ၀ါကျတိုများ ရေးလေ့ရှိသလို စာကြောင်းရှည်၊ ၀ါကျအရှည်ကြီးများ ကိုလည်း သူ့နေရာနှင့်သူ သပ္ပါယမ လိုက်ဖက်အောင် သုံးလေ့ရှိသည်ကို တွေ့ရလေသည်။ စကားလုံးများကိုလည်း မြန်မာဆန်ဆန် ကြွယ်ကြွယ်၀၀ သုံးသွားသည်မှာ အံ့မခန်းပင်။ ဥပမာ... သူ၏တစ်သက်တာ မှတ်တမ်းတွင် တွေ့ရှိရသော ကြိယာဝိသေသန များမှာ ခိုသာခံသာ၊ တတုံတတုံ၊ ဖုံပွပွ၊ နေ၀င်စုပ်စုပ်ကန်း၊ ဟပ်တပ်စွဲ၊ မင်းမှီစိုးကပ်၊ ဆင်ပြောင်းဆင်ကွဲ၊ တဖြတ်တည်း၊ ချောင်လည်ချောင်ပတ်၊ ကရော်ချော်မယ်၊ ဇလုံးဇခု၊ ကက်ကော်ကလန်၊ ဆေးသေပေါက်၊ ခဲနိဌာန် ..စသဖြင့်... ဖြစ်သည်။

“ဆတ်” ကြည့် လိုက်ရကောင်းမလား၊ သူတို့လစာနှင့် ကျွန်ုပ်လစာမှာ အူ၍မျှ မကြားနိုင်အောင် ကွာဝေးလွန်းတယ်၊ ထူးထူးဆန်းဆန်း ဆရာကြီး သုံးတတ်သောစကားကား တချက်မြင်လိုက်ရလျှင်နောက်ထပ်၍ မကြည့်ပဲ မနေနိုင်သည့် ”အလန့်တကြား” ချောလှသော မျက်နှာမျိုး၊ တစ်ခါမြင်လိုက်ရုံနှင့် ရင်ထဲမှာ “ဒိတ်ကနဲ” ဖြစ်သွားရလောက်အောင် ချောတယ်တို့ စသဖြင့် ဖြစ်သည်။ ထိုရေးနည်းမျိုးမှာကား သူ ပြောချင်တာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင် သူပြောသလို နားရင်းပိတ်ကျင်းလိုက်သလို အလန့်တကြား ဒက်ခနဲ နားလည်စေနည်းပင်။ ဆရာကြီး၏ တစ်သက်တာမှတ်တမ်းမှာ စာအုပ်ဖတ်နေရင်း ဟာသများ ရေးထားသည် မဟုတ်စေကာမူ တခါတလေ သနားသဖြင့် အော်ရယ်မိသည်၊ တခါတရံ တည်တည်ခန့်ခန့်ကြီး ပြုံးမိသည်၊ နှာခေါင်းထဲ အနံ့တွေဘာတွေ ရလာတတ်သေးသည်၊ နားထဲ အသံများ ကြားလာရသည်၊ စားစရာ အကြောင်းဆိုလျှင် ခံတွင်းမှာပင် စိမ့်သွားသလို ဖြစ်မိပေသေးသည်။

အနောက်တိုင်းဆန်သော အရေးအသားကား ဆရာကြီးသည် သူ့စိတ်တွင် ခံစားနေရပုံကို တိုက် ရိုက်မပြော၊ ဥပမာ.. ဖဆပလ အစိုးရခေတ်က သူ့နောက်လိုက်နေသည့် စုံထောက်များကို မြင်ရတော့ “စိတ်ထဲ၌ ထိတ်လန့်လောက်အောင်မရှိသော်လည်း သူတို့မျက်နှာများသည် ကျွန်ုပ်အား ရွှင်မြူးခြင်းမဖြစ်စေသည်ကို ၀န်ခံရပါမည်။” တဲ့။ ပြီးတော့ ဖဆပလ အစိုးရ က စစ်ဆေးမေးမြန်းစရာရှိလို့ ဆိုပြီး လူထုဦးလှကို ဖမ်းဆီးသည့်နှယ် ခေါ်ဆောင်သွားသည့်အခါ အဲဒီအချိန်မှာ ဆရာကြီးက လူထုတိုက်က အယ်ဒီတာချုပ်ဖြစ်၍ လူထုဒေါ်အမာနဲ့ သူ့ညီမက ဆရာကြီးကို ဦးလှနဲ့ အဖော်အဖြစ် ခေါ်ဆောင်သည့်နေရာကို လိုက်ခိုင်းကြပါသည်။  အဲဒီအခါ လိုက်သွားရတာကို သိပ်မကြည်လင်လှတဲ့ ဆရာကြီးက ဘယ်လိုရေးခဲ့သလဲဆိုတော့ “ကျွန်ုပ်အား တွန်းထိုးထည့်ပေးလိုက်ကြသည့် မတင်တင်နှင့်မအမာတို့ အပေါ်တွင် ကျေးဇူးတင်သောစိတ် မဖြစ်ပေါ်လာခြင်းကို ၀န်ခံပါသည်။” တဲ့။ အနောက်တိုင်းဆန်သည့် အရေးမျိုးဟု ထင်မြင်မိပါသည်။

လူထုအမေဒေါ်အမာသည် ဆရာကြီး၏၀ါကျတည်ဆောက်ပုံနှင့် စကားအသုံးအနှုန်း များသည်သူ့နားထဲသို့ စိမ့်ဝင်လျက်ရှိကြောင်း ၀မ်းမြောက်စွာ ၀န်ခံဘူးသည်။ သူတို့ခေတ်က ဆရာကြီးပီမိုးနင်းကတော့ ဆရာကြီးရွှေဥဒေါင်းရဲ့ ခေါင်းကြီးသတင်းတွေကို “ဆိတ်ကြီးပဲလှော်” စားရခြင်းနဲ့ တူသည်ဟု ချီးကျူးဖူးပါသည်။ ဆိုလိုခြင်းမှာ ဆရာကြီး၏စကားလုံးသုံးပုံနှင့် ၀ါကျတည်ဆောက်ပုံမှာ ထုံထုံထိုင်းထိုင်းမဟုတ်။ ကျွတ်ကျွတ်ရွရွ ရှိလှသည်ဟု ထပ်လောင်း၍ ရှင်းပြောပါသေးသည်။

ကျွန်မကတော့ ဆရာကြီး၏ အရေးအသားကို နှစ်သက်သဘောကျလှသဖြင့် ဆရာကြီး၏ စာများ ဖတ်ရတိုင်း ၀မ်းမြောက်စရာ ကောင်းလွန်းသောကြောင့် ၀မ်းမြောက်ဖွယ် အရေးအသားဟု တင်စားမိပါသည်။ ဆရာကြီး၏ ၀မ်းမြောက်ဖွယ် အရေးအသား နှင့် ဆရာကြီး၏ ရှင်းရှင်းပြတ်ပြတ် တွေးခေါ်တတ်သည့် အယူအဆများသည် ကျွန်မ တို့နှင့် မည်မျှလောက်ပင် မျိုးဆက် ကွာသော်ငြားလည်း ယနေ့ထက်ထိတိုင်အောင် ခေတ်မီနေဆဲပင်။

သီချင်းကြိုက်သူသည် သူသဘောကျသော သီချင်းတစ်ပုဒ်၊ ဂီတသံစဉ် တစ်ခုကို နားထောင်ရလေလျှင် ကျောထဲစိမ့်သွားမတတ် ကြည်နူးလှသည်ဟု ဆိုတတ်ကြ၏။ ဆရာကြီး၏ စာများဖတ်ရသည်မှာတော့ ဆရာကြီးစကားနဲ့ ပြန်ပြောရရင် ကျွန်မအတွက်တော့ ဘယ်အချိန် ပြန်ဖတ်ဖတ် ကျောထဲစိမ့် ကြက်သီးမွေးညင်းထသွားရအောင်ကို သဘောကျနှစ်ခြိုက်မိပါသည်။

ယနေ့ အောက်တိုဘာ ၂၄ရက်မှာ ကျရောက်သော ဆရာကြီးရွှေဥဒေါင်း၏ မွေးနေ့ကို ဤစာဖြင့် ဂုဏ်ပြု ပူဇော်လိုက်ရပါသည်။

စုချစ်သူ
၂၄ အောက်တိုဘာ ၂၀၁၂

ကိုးကား။
ဆရာကြီးရွှေဥဒေါင်း - တစ်သက်တာ မှတ်တမ်း နှင့် အတွေးအခေါ်များ
ဆရာဦးအောင်သင်း - သူတို့ နှင့် ကျွန်တော်
ဆရာဒဂုန်တာရာ - ရုပ်ပုံလွှာ

+++++

Saturday, October 13, 2012

တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး)

Artist - Thet Naing Soe
ဒီနေ့တော့ တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး) ဆိုတဲ့ ရှေးက တောသူတောင်သားတွေ နှစ်ခုတွဲရေတွက်ရာတွင် သုံးတဲ့ ဂဏန်းသင်္ချာဆိုင်ရာ အမှတ်သညာ စကားလင်္ကာ အကြောင်း ရေးချင်ပါတယ်။ တောရွာတွေမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေ မန်ကျည်းစေ့တောက်တမ်း ဇယ်တောက်တမ်း ကစားတဲ့ အခါမျိုးမှာ တောဓလေ့ ဘာသာဘာဝ ဒီစာချိုးကလေးကို ဆိုတတ်လေ့ ရှိကြတာပေါ့။
ကျွန်မတို့ ငယ်ငယ်တုန်းက သြဇာသီးစေ့ကလေးတွေနဲ့ ဇယ်တောက်တမ်း ကစားလေ့ရှိကြပါတယ်။ အဲဒီလိုကစားရာမှာ အစေ့ကလေးတွေ ကြဲလိုက်လို့ ပူးပြီး ကျသွားမှာ အပြူးတွေ များနေမှာ အရမ်းကြောက်ပါတယ်။ တစ်ပြူးဖြစ်နေတဲ့ အစေ့လေးတွေ များများပါနေရင် တခြား ပြိုင်ဖက်က အဲဒီ အပြူးလေးတွေကို ယူခွင့်ရှိလို့ ရှုံးလွယ်ပါတယ်။ ''တစ်ပြူး'' ဆိုတာ ၂ခု တစ်စုံ ပူးကပ်နေတာကို ပြောတာပါ။
ဘယ်လောက်ကြီးလဲ၊ ဘယ်လောက်များလဲ ဆို တစ်လံစာလောက် ကြီးတယ်၊ များတယ်၊ ဟိုဘက် တစ်လံအကွာလောက်မှာ ခင်ဗျားပစ္စည်းတွေ ချထားပါ စသဖြင့် တစ်လံ ဆိုတဲ့ အသုံးကို လည်း အရေအတွက်၊ အကွာအဝေး ပြောချင် ပြချင်တဲ့ နေရာမှာ သုံးကြပါတယ်။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲ ဆိုတဲ့ ဇွဲသတ္တိနဲ့ ဆိုင်တဲ့ စကားပုံလေးကိုလည်း လူတော်တော်များများ သိကြပါတယ်။ ''တစ်လံ'' ဆိုတာ လက်နှစ်ဘက် ဘေးကို ဆန့်ပြီး ရှိသလောက်ကို တစ်လံ လို့ ပြောကြလေ့ရှိတယ်။ လက်အတောင်နဲ့ ဆို ၄တောင် အကွာ လို့လည်း ဆိုကြတယ်။
ဒါပေသိ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး) ဆိုတာတွေကတော့ ခုခေတ်မှာ မသုံးသလောက်ကို ရှားနေပါပြီ။ အဲသာကြောင့် ဆရာကြီးမြကေတုရဲ့ ''ကလေးမှတ်ဉာဏ် တစ်ပြူး တစ်လံ'' ဆိုတဲ့ ဆောင်းပါး ထဲက ဒီစကားလင်္ကာအကြောင်း ရှင်းပြထားတာလေးတွေကို မြန်မာစာ ဗဟုသုတ အနေနဲ့ လက်ဆင့်ကမ်း ဖောက်သယ်ချချင်ပါတယ်။ 
ရှေးက တောင်သူလယ်သမားကြီးများဟာ သူတို့ သားသမီးတွေ အသိပညာ အလိမ္မာတိုးစေဖို့ မိမိတို့ ဉာဏ်စွမ်းရှိသ၍ လက်ဆင့်ကမ်း ပညာပေးကြရာမှာ တောရွာမှာဆိုတော့ သူတို့ အနီးအနားမှာ ရှိတဲ့ သူတို့နဲ့ ယဉ်ပါးနေတဲ့ လှည်း၊ နွား၊ စပါး စတာတွေကိုပဲ ဥပမာပေးပြီး ပညာသင်ပေးလေ့ရှိကြတယ်။
၂ ဆိုတဲ့ ဂဏန်းကို သင်ပေးတာမှာ လှည်းဘီး ၂ခု တစ်စုံ ပူးကပ်နေတာ၊ နွား၂ကောင် ထမ်းပိုးမှာ အတူတူ တတ်ထားတာကို ''တစ်ပြူး'' လို့ ကလေးကို သင်ပေးကြတာမို့ ၂ခု ပူးကပ်နေတဲ့ အရာတွေ ကို တစ်ပြူး - ၂ခုလို့ ခေါ်တာ ကလေးက သိသွားတယ်။
တောထဲမှာ ထင်းခုတ် ထင်းတိုက်ပြီး ပြန်အလာ အိမ်နံဘေးမှာ ထင်းတွေကို လံပုံထိုးပြီးတဲ့အခါ ဒါတွေက ''တစ်လံ'' ရှိတယ် လို့ လက်နှစ်ဘက် ဆန့်တန်းပြပြီး ကလေးကို သင်ပေးတယ်။ တစ်လံလို့ပြောရင်း တစ်လံဆိုတာ လူရဲ့တစ်တောင်နဲ့ ၄ခါ လုပ်ရကြောင်းပြလိုက်သေးတယ်။ ဒီလိုနဲ့ ကလေးက တစ်လံ ဖြစ်တဲ့ ၄ ဂဏန်းကို သိသွားတယ်။
တောရွာတွေမှာ ညောင်ကန်အရပ်က လှည်းယာဉ်ပုံစံ ဟာ အစခြောက်စ ထောင်နေလေ့ရှိတာကို သိကြတယ်။ လှည်း ရှေ့ထုတ်၊ လှည်း အိမ်ဘောင်၊ လှည်း လက်တင် စတာတွေရဲ့ ဘယ် နဲ့ ညာ ဘက်တွေမှာ အစ ခြောက်စ ထောင်ထားလို့ ''ညောင်ကန်'' လို့ ဆိုလိုက်ရင် ညောင်ကန်လှည်းကိုကိုယ်စားပြုလို့  ၆ခု ကို ကိုယ်စားပြုတယ်လို့ ကလေးက အမှတ်သညာ ထားလိုက်ပါတယ်။
နွား၂ကောင် တစ်ပြူးကို ထမ်းပိုးတုံးမှာ တပ်နေစဉ် နွားတစ်ကောင်စီရဲ့ ခြေထောက်တွေက တစ်လံ အရေအတွက် ၄ခု နဲ့ ညီတာကို မြင်ရတယ်။ နွား၂ကောင်ဆိုတော့ တစ်လံ ၂ခု က အရေအတွက် ၄ခု နဲ့ ၄ခု ပေါင်းတာ ၈ခုဆိုတာကို တစ်လံပေါ် တစ်လံ ထပ်ပိုးလို့ ၈ခုဖြစ်တယ်ဆိုပြီး ထမ်းပိုးနဲ့ တွဲမှတ်လိုက်တယ်လို့ ဆိုတယ်။ 
နောက်တစ်နည်းကတော့ ရွာဦးကျောင်းက ဘုန်းကြီးကျောင်းသားတွေက ဗျပ်ဆိုင်းတွေကို ထမ်းပိုးမှာ ထမ်းပြီး နံနက်တိုင်း ဆွမ်းခံထွက်တဲ့အခါ ဗျပ်ဆိုင်းကြိုးတွေက တစ်လံစီ ရှိကြတာကို သူသိရတယ်။ ရှေ့က ဗျပ်ဆိုင်းကြိုး နဲ့ နောက်က ဗျပ်ဆိုင်းကြိုး ၂ခု ထမ်းပိုးလိုက်လျှင် ၈ခု ဖြစ်တာကိုလည်း သိရတော့ ၈ ဂဏန်းဆိုတာ တစ်လံ တစ်ခုအပေါ် တစ်ခု ထပ်ပိုးလျှင် ရတဲ့ ''ထမ်းပိုး'' လို့ မှတ်လိုက်တာလည်း ဖြစ်တယ်တဲ့။ 
၁၀ ဂဏန်းကတော့ စပါးတွေကို တင်းနဲ့ ခြင်တွယ်ပြီး ရေတွက်တဲ့အခါ ၁ ကနေ စရေတွက်လာလိုက်တာ ၁၀ တင်းပြည့်တဲ့ အခါရောက်တော့ ဂဏန်းအရေအတွက်ကို မအော်တော့ပဲ ''ချိုး'' လို့ အော်လေ့ရှိတာကို မှတ်သားလိုက်တာဖြစ်တယ်။ နောက်တစ်မျိုးကတော့ စပါးတွေကို ကျီထဲသို့လည်းကောင်း၊ ဒိုင်သို့လည်းကောင်း သွင်းကြတဲ့အခါ ၁ တင်း ၂တင်းလို့ မမှတ်ပဲ ၁၀တင်းပြည့်မှ ၁၀တင်း ၁ကြိမ် ၁ချိုးခေါ်ကာ မှတ်လေ့ရှိတာကိုလည်း အမှတ်အသား ပြုလိုက်တာ ဖြစ်တယ်။
ဒီလိုနဲ့ တောရွာက ကလေးတွေဟာ မန်ကျည်းစေ့တောက်တမ်း ဇယ်တောက်တမ်း ကစားရာတို့မှာ ၂လုံးကို တစ်ပြူး၊ ၄လုံးကို တစ်လံ၊ ၆လုံးကို ညောင်ကန်၊ ၈လုံးကို ထမ်းပိုး၊ ၁၀လုံးကို ချိုး လို့ ခေါ်တွင်နေကြခြင်းဖြစ်တယ်။
ဆရာကြီးမြကေတု ဆောင်းပါးမှာ ဒီလင်္ကာအကြောင်းကို အသေးစိတ် ရေးထားပါတယ်။ ချစ်ခင်ဖွယ်ရာ တောရွာဓလေ့ ဂဏန်းသင်္ချာ မှတ်စရာ သင်္ကေတ လင်္ကာလေးဟာ ပုဂံခေတ် အကုန် အင်းဝခေတ်က အစပြု ပေါ်ပေါက်လာခဲ့တာလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၅နှစ် ပညာရေးဝန်ကြီးဌာနက ထုတ်တဲ့ ပထမနှစ် တက္ကသိုလ် မြန်မာစကားပြေ ရွေးချယ်ချက်ထဲက ဆောင်းပါး တစ်ပုဒ် ဖြစ်ပါတယ်။
   
 ကိုးကား။ ။
    ဆရာကြီးမြကေတု
    ကလေးမှတ်ဉာဏ် တစ်ပြူး တစ်လံ
    စာပေတန်ဆောင် - ၁၉၆၇ခု
    +++++

Saturday, August 25, 2012

မရွှေစုပဲ ဖြစ်ချင်တယ်

ခုတလော ဦးရေချမ်းတို့ ရုံးကသူတွေ ထီ ခဏခဏ ပေါက်ကြတယ်တဲ့။ ဒေါ်လာ တစ်သောင်းဆု နှစ်သောင်းဆု ပေါက်ကြတဲ့သူတွေအပြင် ထီကို စီးပွားဖြစ်လို အမြဲကံစမ်းနေကြ ဆိုဒ်မန်နေဂျာကတော့ ဒီတစ်ခါမှာ ဒေါ်လာတစ်သန်းဆုကြီးများတောင် ချိတ်သွားသတဲ့။ ဒါနဲ့ ကိုယ်အလှည့်လဲ မကြာခင် လာတော့မယ်လို့ သူတို့ရုံးက သူတွေ အချင်းချင်း စနောက်နေကြတယ်။

ငယ်ငယ်ကတဲက မရွှေစုကို ဟောဖူး ကြည့်ဖူးတဲ့ ဗေဒင် လက္ခဏာဆရာ တော်တော်များများက ငွေတလုံးတခဲ ၀င်တတ်တဲ့ လက္ခဏာရှင်မို့ ထီထိုးပါလို့ ပြောတတ်ကြတယ်။ ကိုယ်က ငွေမမက်တဲ့သူလို့ မဆိုချင်ပေမယ့်၊ လူ့သဘာဝအရ ငွေမက်ပေမယ့်၊ ကိုယ့်ဉာဏ်နဲ့ ၀ီရိယစိုက် အားထုတ်ပြီး လုပ်ရတဲ့ အလုပ်မဟုတ်ပဲ စိတ်ကူးယဉ်နေရတဲ့ မသေမချာ မရေမရာ အလုပ်မို့ မရွှေစုက ထီထိုးတာတော့ တယ် ၀ါသနာ မပါလှဘူး။ ဒီတော့ သူတို့ အကြံပေးတဲ့ အတိုင်း ထီတွေဘာတွေ ထိုးခဲတယ်။

စလုံးရောက်ခါစက အဆောင်မှာနေတုန်း စင်ကာပူ TOTO ထီ တစ်သန်းခွဲလား ပေါက်တဲ့ မြန်မာလင်မယားကို တွေ့ဖူးတယ်။ ထီမပေါက်ခင်က တစ်ယောက်နဲ့ တစ်ယောက်ချစ်လိုက်ကြတာ... သူတို့အလုပ်အကိုင်က ပညာနဲ့ လုပ်စားတာမျိုးမဟုတ်တော့ သူများနိုင်ငံမှာ လင်ကိုယ်မယား ပင်ပင်ပန်းပန်း အလုပ်လုပ် ဆင်းဆင်းရဲရဲ နေကြရတော့ တစ်ယောက်နဲ့ တစ်ယောက်စာနာပြီး ကြင်နာလိုက်ကြတာ....။ ဟော.. ထီပေါက် ပိုက်ဆံလည်းချမ်းသာလာရော ခဏခဏ ရန်ဖြစ်ကြတော့တာပဲ။ နင့် အမျိုးဘာဖြစ် ငါ့အမျိုး ဘာဖြစ်နဲ့ ဆင်းရဲနေတုန်းက ဘယ်ရောက်နေမှန်းမသိတဲ့ ဟိုဘက်သည်ဘက်က အမျိုးတွေ ပိုက်ဆံရှိမှ ဘွားကနဲ ပေါ်လာကြတော့ အဲသဟာတွေနဲ့ ပါတ်သက်ပြီး တစ်နေ့ တစ်နေ့ တချိမ်းချိမ်းပဲတဲ့။ ဒါနဲ့... သြော်... ငါ့နှယ်... တန်ခိုးရှိရင် သူတို့ ထီပေါက်တာကို မပေါက်အောင်လုပ်ပြီး ဟိုတုန်းက ချစ်ချစ်ခင်ခင် ဖြစ်နေတဲ့ အချိန်ကို Time Machine နဲ့ လှည့်ပြန်သွားလို့ ရအောင် လုပ်ပေးချင်ပါရဲ့လို့ တွေးမိသေး။ နောက်တော့ သူတို့ ကွဲသွားသလိုလို ဘာလိုလို သတင်းသဲ့သဲ့ပဲ ကြားလိုက်ရတော့တယ်။ လောကမှာ ပိုက်ဆံချမ်းသာနေတဲ့ လူမျိုးတွေထက် စိတ်ချမ်းသာ ပျော်ရွှင်နေတဲ့ လူမျိုးတွေကိုပဲ များများမြင်ချင်တယ်။

ကျောင်းပြီး အလုပ်ဝင်ခါစ မေမေက မရွှေစုနဲ့ အတူလာနေတယ်။ သားအမိ၂ယောက် အတူနေဖို့ အိမ်တစ်လုံး စငှားကြတော့ အိမ်ထောင်ပစ္စည်းတွေ စ၀ယ်ရတာ... တီဗွီတို့ ဘာတို့က အစပေါ့။ အဲ့မှာ ဈေးဝယ်ထွက်တော့ သူငယ်ချင်း ယောက်ျားလေး ၂ယောက်က ပစ္စည်းတွေ ကူညီပြီး လိုက်သယ်ပေးရှာတယ်။ တစ်နေ့လုံး ဈေးတွေဝယ်ကြရတာ ပင်ပန်းလာတော့ နောက်ပြောင်တတ်တဲ့ သူငယ်ချင်းက အမလေးဗျာ... ကျုပ်တို့မှာ ဒိုင်ယာနာ မင်းသမီးဈေးဝယ်တဲ့နောက်က တကောက်ကောက် လိုက်နေရတဲ့ ကိုယ်ရံတော်တွေ ကျလို့ လို့ ခနဲ့တော့ မရွှေစုက ဟင်း... ဒိုင်ယာနာ မင်းသမီး မဖြစ်ချင်ဘူး၊ မရွှေစုက မရွှေစုပဲ ဖြစ်ချင်တယ် လို့ ခေါင်းခါခါ လည်ခါခါနဲ့ ငြင်းတာ၊ ဒိုင်ယာနာ မင်းသမီးနဲ့ နှိုင်းတာများ သူကပဲ နာရတယ်ရှိသေးလို့ ထောမနာပြုတာ ခံရပါတယ်။ တကယ်တော့ မရွှေစုက ဒိုင်ယာနာ မင်းသမီးကို ချစ်ပါတယ်။ ဒါပေသိ သူ့အဖြစ်က အိမ်ထောင်ရေး အဆင်မပြေ ကွယ်လွန်သွားပုံကလည်း လူပြောသူပြောစရာ နဲ့ အားကျစရာမကောင်းလှတာကြောင့် သူဘယ်လောက်လှလှ ဘယ်လောက်ချမ်းသာချမ်းသာ ဘုရင့်မိဖုရားပဲ ဖြစ်ဖြစ် သူလိုဘ၀မျိုး မလိုချင်လို့ မရွှေစုက အဲသလို ပြောလိုက်မိတာပါ။

မရွှေစု အလုပ်ဝင်တော့ အလုပ်သဘောသဘာဝ အရ ခရီးတွေ ခဏခဏ ထွက်ဖြစ်တယ်။ ခရီးထွက်တိုင်း ရုံးက သတ်မှတ်ချက်အရ ဟီလ်တန်ဟော်တယ်မှာ များသောအားဖြင့် နေဖြစ်ကြတယ်။ တခါတော့ ခရီးအတူထွက်လာတဲ့ ရုံးက သူငယ်ချင်း အင်ဒိုနီးရှားမလေးနဲ့ ညဖက် အခန်းထဲ အတူ စကားပြောရင်း (မအိပ်ခင် သူက ကိုယ့်အခန်းလာပြီး တီဗွီ အတူတူ ကြည့်ကြတာကိုး ) အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ပဲရစ်ဟီလ်တန်ရဲ့ စီးရီးစ်ကလည်း တီဗွီမှာ ပြနေတယ်၊ ကိုယ်တွေကလည်း သူ့အဖိုး ဟော်တယ်မှာ တည်းနေကြတဲ့သူတွေဆိုတော့ အင်ဒိုမလေးက ပဲရစ်ဟီလ်တန်ကို ကြည့်ပြီး သူတို့များတော့ ကံကောင်းလိုက်တာနော်... ရုပ်ကလည်းချော၊ မွေးလာကတဲကလည်း ပြည့်စုံချမ်းသာတဲ့ သဌေးမြေး၊ ဘာမှလည်း ပူစရာမရှိ၊ နာမည်ကြီး မင်းသမီးကလည်းဖြစ်ဆိုတော့ သူ့ဘ၀မျိုး အားကျလိုက်တာတဲ့။ ကမ္ဘာ အရပ်ရပ်က ဟီလ်တန်ဟော်တယ်တွေ ပိုင်ရှင်ရဲ့ မြေး ပဲရစ်ဟီလ်တန် ဆိုတာက သိတဲ့အတိုင်း ပွေတဲ့ ရှုပ်တဲ့နေရာမှာ နာမည်ကြီးမော်ဒယ်မင်းသမီး။ မရွှေစုက သူပြောတာကို ဘာမှတော့ ပြန်မပြောလိုက်ဘူး။ ဒါပေမယ့် မရွှေစု ဆိုရင် ပဲရစ်ဟီလ်တန် ဘ၀မျိုး အားမကျဘူး။ လူဆိုတာ သိပ်ပြည့်စုံလွန်းရင် မကောင်း၊ အားမစိုက်ရပဲ လိုချင်တာမှန်သမျှ အကုန်ရနေရင် မသိစိတ်မှာ စိတ်ဓာတ်ရေးရာ အရ မပြည့်မစုံ ဖြစ်တတ်တယ်လို့ ထင်နေမိလို့။

အဲသမှာ ဆရာသော်တာဆွေရေးတဲ့ ငွေကိုလေလိုသုံးသူ မိုးကုတ်မြမောင်အကြောင်း သတိရမိတယ်။ အဲဒီအကြောင်းဖတ်ပြီးတော့ မရွှေစု အနေနဲ့ သူ့လို မချမ်းသာချင်လိုက်တာမှ အရမ်းပဲ။ ဆရာသော်တာဆွေက သည်လို ရေးခဲ့တယ်။

ဘ၀မှာ ကိုယ်လုပ်သော အလုပ်၌ ရည်ရွယ်ချက် ပန်းတိုင် ရောက်သည်လည်း ရှိမည်၊ မရောက်သည်လည်း ရှိမည်။ မကျေနပ်မှုလည်း ရှိမည်။ ၀မ်းသာမှုလည်း ရှိမည်။ ၀မ်းနည်းမှုလည်း ရှိမည်။ ယင်းသည်ပင် ဘ၀၏ အဓိပ္ပာယ်နှင့် အနှစ်သာရဖြစ်တော့၏။

သို့သော် ကိုမြမောင်၌ ဘာအလုပ်မျှ လုပ်စရာမလို၊ ဘာမျှ ကြိုးစားစရာမရှိ။ သူသည် ဘ၀၏ အလုပ်လက်မဲ့ ဖြစ်နေသည်။ သူ့အခြေအနေက လောကီဥစ္စာ လိုတရနေသည်။ ယင်းသည်ပင် ဘ၀၏ မပြည့်စုံမှုဖြစ်သည်ကို အလေးအနက် စဉ်းစားတတ်သူတို့ နားလည်ပေမည်။

တခါတခါ အလုပ်တွေ လုပ်ရတာ ပင်ပန်းလွန်းလို့ ငါကိုယ်က ပင်ပန်းဇာတာ ပါလိုက်တာလို့ တစ်ကိုယ်ရည် ညည်းတွားမိတဲ့အခါ အလုပ်လုပ်စရာ မလိုပဲ ထိုင်နေရရင်ကော ကိုယ်က ပျော်မှာတဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ နံနက်စောစော အိပ်ရာကနေ အိပ်ရေး မ၀တ၀နဲ့ လူးလဲထရင်း အိပ်ခန်းပြတင်းပေါက်က တီတီတာတာ အော်ပြီး အစာရှာနေကြတဲ့ ငှက်ကလေးတွေကို စောင်းငဲ့ကြည့်မိတော့ သတ္တ၀ါရယ်လို့ဖြစ်လာရင် ကိုယ့်တစ်ကိုယ်စာ ဘ၀ရပ်တည်နိုင်မှု အတွက် အလုပ်တစ်ခုတော့ လုပ်ရတယ်ဆိုတာ ခေါင်းထဲ ၀င်လာတယ်။ အဲဒီအခါ ကိုယ့်မှာ သမ္မာအာဇီဝ ကျတဲ့ အလုပ်ကလေး တစ်ခု ရှိနေတာ ကျေးဇူးတင်စရာပဲဆိုတာ သိလာတယ်။ ဒီအလုပ်ကလေးကလည်း ကိုယ့်တစ်ကိုယ်စာ ရပ်တည်နိုင်မှုအပြင် မိဖတွေကို အလုပ်အကျွေးပြုနိုင်တယ်၊ ကိုယ်တတ်နိုင်သမျှ အလှူအတန်းလေးတွေလုပ်နိုင်ဖို့ ထောက်ကူပေးတယ်ဆိုတော့ အလုပ်သွားရမှာ ပျင်းတဲ့စိတ်တွေ အလိုလို ထွက်ပြေးသွားကြတယ်။

ဒါပေမယ့် ဒီထက်မက ဘယ်လိုချမ်းသာဖို့ ဘယ်လိုပိုက်ဆံရဖို့ ဘယ်လိုစီးပွားရေးမျိုးတွေလုပ်ဖို့ သူငယ်ချင်းတွေ စုပြောနေတာကြားရင် ကိုယ်နဲ့ မဆိုင်သလို နေလိုက်တာကများတယ်။ မချမ်းသာချင်ဘူးလား၊ ချမ်းသာရင် နင် အခုလုပ်နေတဲ့ အလှူမျိုး ဒီထက်မက လုပ်နိုင်တာပေါ့လို့ သူငယ်ချင်းတွေက ပြောတယ်။ ကိုယ့်မှာ ပိုက်ဆံရှိလေ ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ အခွင့်အရေး ရလေလို့လည်း ပြောကြပြန်တယ်။ မရွှေစု ကိုယ်ပြောချင်တဲ့ စကားလေး ပြန်မျိုချလိုက်တယ်။

ဟိုးငယ်ငယ်တုန်းက မုံ့စားချင်တော့ အစ်ကိုဝမ်းကွဲတစ်ယောက်ဆီ မှာ မုံ့ဖိုးတောင်းဖူးတယ်။ ငါ့ရှိတာ ငါ့ညီမ တစ်ဝက် ရရမှာပေါ့လို့ အစ်ကိုကပြောရင်း သူ့ အိတ်ကပ်စမ်းလိုက်တော့ ပိုက်ဆံ ၁၀ ထွက်လာတာ ကိုယ့်ကို ၅ကျပ် ပေးလိုက်တယ်။ ခုနေခါ အစ်ကိုက သိန်းထောင်ပေါင်းများစွာ ချမ်းသာနေပြီ။ ငါ့ရှိတာ ငါ့ညီမ တစ်ဝက်လို့ သူပြောမှာ မဟုတ်တာတော့ သေချာပါတယ်။ ချမ်းသာရင် ပိုလှူနိုင်တယ်ဆိုတာ လူတိုင်းအတွက် မမှန်ဘူးလို့ ထင်တယ်။ လူဆိုတာ ရှိလာလေ ပိုရှိလာချင်လေ ရလာလေ ပိုရလာချင်လေ ဆိုတဲ့ လောဘသားဆိုတာ မေ့မထားသင့်ဘူး။ မရွှေစု တအား ချမ်းသာလာရင်ကော ကိုယ့်ရှိတာ ဒီထက်တိုး လှူမလား မသေချာပြန်ဘူး။ မာနတွေ လောဘတွေ ဒီထက် ပိုလာအုံးမလားလဲ မဆိုနိုင်ပြန်ဘူး။ ဥပမာ- ဒေါ်လာတစ်သန်းရတယ်ထား.... စိတ်ကူးထဲမှာတင် အဝေမတည့်တော့ဘူး။ လူဆိုတာ အသင့်အတင့် ပြည့်စုံမှလည်း ကိုယ်အလိုရှိရာ တချို့အရာတွေကို လုပ်နိုင်မယ်လို့ ယုံကြည်ပေမယ့် လူချမ်းသာတာလာတာနဲ့အမျှ စိတ်သဘောကောင်းလာမှု စိတ်ထားမြင့်မြတ်လာမှု စိတ်ချမ်းသာမှု တိုးတက်တာတွေ  Directly Proportional ကျမယ်လို့လည်း မထင်ပြန်ဘူး။

ဒီတော့ လောကမှာ ဘ၀အဓိပ္ပာယ်ပြည့်စုံဖို့ အလုပ်လုပ်ရမယ်၊ ကိုယ်ရတဲ့ ပိုက်ဆံကိုလည်း တတ်နိုင်သမျှ ဝေမျှရမယ်။ ဒါပေမယ့် တအား မချမ်းသာချင်ဘူး။ မရွှေစုဟာ တရား မပြည့်သေးတဲ့ သူ၊ လောဘ ဒေါသ မောဟ အလယ်မှာ နေ နေရတဲ့သူမို့ လက်ရှိ မရွှေစုဘ၀ အတိုင်းလေးပဲ ကောင်းပါတယ်လို့ ထင်နေမိပြန်ပါပကော...။


စုချစ်
ည၁၀း၃၅မိနစ်
၂၅၊၀၈၊၂၀၁၂

+++++