Showing posts with label Personnel. Show all posts
Showing posts with label Personnel. Show all posts

Tuesday, August 6, 2013

Floating in the yellow space....




This morning, I woke up with roses from my hubby as usual in every year of this time since we got married, oh I suddenly realized, today is one of the steps in my life, step count will be forty-three.

My beloved hubby went to market in the early morning and bought the flowers for me to offer Buddha in my birthday. He does never change & still the same as sweet as always since first day I have met him. Fortunately, today is Uposatha Observance day which is Waso New Moon day, hence
I can offer the Buddha with very fresh and beautiful flowers and will observe the Sabbath as well.

Usually, if my birthday falls into holiday or if I can take a leave from office, I would go to temple for meditation and help out with necessities, especially, clean the floors and toilets. Today is not a holiday or rest day, so I did some Meritorious Deeds in the temple on last Saturday dedicating to my birthday remembrance. Since SMC temple is holding meditation retreat during this week, I did clean Yogi Toilets & rubbish bins, Sanga bath rooms and toilets as well. Also assist to the Sayardaws to guide the yogis in their meditation.

Get back today, on the way to office, I called my parents to worship them & pay respects them. My mom did specially wish for me to get peaceful life all the way, she never said any success or wealth but only peace and health. I wish and I do continue to provide and support my parents whatever they want and I wish them to be healthy and happy & peaceful with their Dhamma. My beloved parents-in-law also called me and wished me for the best. How lucky I am, I can pay respect both parents in my birthday early morning. I thank my fortune for being love with me.

When I think back of last forty over years, I never regretted anything what I have ever done. I am of cause not a perfect person but I always try my best even beyond my ability for myself, my hubby, my family, my friends and as well as to society. But my ability might be lower than others expected for, that can’t be helped, but I am always bear in mind I will try harder to be a better person time and time again.

So, please kindly wish for me to be a better person in this mysterious world even beyond. And I do share my merits to you all !!!


Ma Shwe Suu
6 August 2013


++++

Friday, January 4, 2013

၂၀၁၃.. လာ ... အတူ သွားမယ် !!!

2013 New Year Resolution ...
I don't want to be Great but REAL !!!
I won't be bothering with competition or any comparison !!!
I be ordinary, simple & I will enjoy my life as it is !!!
YES, I will enjoy being alive !!!

ကျွန်မတို့အတွက်၂၀၁၃ ခုနှစ်ဟာ လွန်ခဲ့တဲ့၂၀၁၂ခုနှစ် လို ရိုးရှင်းစွာနဲ့ ဖြတ်ကျော်ရအုံးမှာပဲ။ အရင်တုန်းကတော့ အခက်အခဲဆိုတာတွေ လောကဓံ ဆိုတာတွေ ကို ကျော်ဖြတ်သင့်သလောက် ကျော်ဖြတ်ခဲ့ရတယ်၊ လောကကြီးမှာ ၀ဲလည်နေသရွေ့ လောကဓံဆိုတာကတော့ တွေ့ကြုံနေရအုံးမှာပဲ။ အခက်အခဲတွေ့တိုင်း များသောအားဖြင့်တော့ မကြောက် မရွံ့ခဲ့ဘူး၊ ကိုယ့်ဘ၀က မိသားစုကို ဦးဆောင်ပေးရတဲ့ ဘ၀ဆိုတော့ ကြောက်ချင်ရင်တောင်မှ ထိုင်ကြောက်နေရအောင် အခွင့်မပေးခဲ့တာ၊ ဘေးနားက ကျွန်မရဲ့ ဘ၀အဖေါ်က စိတ်ဓာတ်အင်အား ဖြည့်ပေးခဲ့တာတွေဟာ ကျေးဇူးတင်စရာပဲ၊ ဒါကြောင့် အခက်အခဲဆိုတာ ကျော်ဖြတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်က ပိုပြီး ခိုင်မာလာမြဲ၊ ပိုပြီး စွန့်စားရဲတဲ့ စိတ်တွေ ၀င်လာစမြဲ၊ အခု အသက်၄၀ကျော်ပြီး နောက်ပိုင်းမှာတော့ အရင်လို သိပ်ပြီး Eager မဖြစ်တော့တာ တွေ့ရတယ်။

ကျန်ရှိနေသေးတဲ့ ဘ၀လေးကို အေးအေးချမ်းချမ်း နေချင်စိတ်ပဲ ၀င်လာတော့တယ်။ ဘယ်သူနဲ့မှလည်း အတိုက်အခံ မလုပ်ပါဘူး။ ကိုယ့်ကို မကြိုက်တဲ့သူ ရှိရင် အဲဒီသူနဲ့ ဝေးဝေးမှာ ရှောင်နေပေးပါမယ်။ ကိုယ့်ကို တခြားသူတွေ ချစ်အောင်လည်း တမင်မလုပ်ပါဘူး။ အရှိကို အရှိအတိုင်း နေချင်ပါတယ်။ နှိုင်းယှဉ်ချက်တွေ မထုတ်ဘူး၊ ပြိုင်လည်း မပြိုင်ဆိုင်ဘူး။ ကိုယ့်ထက် အောင်မြင် အဆင်ပြေနေတဲ့သူတွေဟာ ကိုယ့်ထက် ပိုပြီး ကြိုးစားအားထုတ်မှု ရှိခဲ့လို့ပဲ။ ကိုယ်မလုပ်လို့ ကိုယ်မရတာဟာ ကိုယ်တကယ်မလိုချင်လို့လည်း ဖြစ်မယ်၊ လိုအပ်သလောက်ကြိုးစားအားထုတ်မှု မပြုခဲ့လို့လည်း ဖြစ်မယ်။ ကိုယ့်ဘ၀မှာ မရခဲ့တာတွေဟာ ကိုယ်တကယ်မလိုချင်တာမို့ အဲသာတွေအတွက် ခေါင်းထဲထား ၀မ်းမနည်းအားဘူး။

ကျွန်မတို့ နှစ်ယောက် မနက်ဆို အတူတူ ရုံးသွား၊ ညနေ ရုံးကနေ အတူတူ ပြန်ကြ၊ အပြန်နောက်ကျတဲ့ နေ့ဆိုရင် လမ်းက အဆင်ပြေတဲ့ ဆိုင်မှာ ညစာ ၀င်စား၊ နည်းနည်းစောရင်တော့ အိမ်ပြန်ရောက်မှ ညစာချက်စား၊ ပြီးရင် သတင်းနားထောင်၊ ဘုရားရှိခိုး၊ တရားထိုင်။ အိပ်ခါနီးတော့ လောလောဆယ် ဖတ်နေတဲ့ စာအုပ်တွေ အကြောင်း သူ့ကို ပြောပြ။ တစ်ပတ်မှာ ၂ခါ ၃ခါလောက် တရားစာ ဖတ်ပြ။ သူသည် စာဖတ်ပျင်းတဲ့ အတွက် တခြားတစ်ယောက်က စာရှင်းပြသလို ရှင်းပြတာကို မျက်လုံးမှိတ် နားထောင်ရတာပိုပြီး ၀ါသနာပါသောကြောင့် ကျွန်မက စာဖတ်ပြီး ပြန်ရှင်းပြရမြဲ။ ပြီးတော့ ဖတ်တဲ့ စာအကြောင်း အပြန်အလှန် ဆွေးနွေး။ ကျွန်မ မှားနေတာ ရှိရင် သူက ထောက်ပြ ပြင်ပေး။ ၂၀၁၃ မှာတော့ သူ့ကို တရားစာ ဖတ်ပြတာ အချိန် များများ ပိုရအောင် လုပ်ချင်ပါတယ်။

စနေ၊ တနင်္ဂနွေ ပိတ်ရက် အားရက်တွေမှာ ပန်းချီ များများ ဆွဲနိုင်အောင် ကြိုးစားချင်ပါတယ်။ စာများများ ဖတ်နိုင်အောင်၊ ရေးချင်တဲ့စာတွေ တကယ်ရေးဖြစ်အောင် လုပ်ချင်ပါတယ်။ ခေါင်းထဲမှာ စီထားပြီး ပျောက်သွားတာမျိုး မဖြစ်ချင်တော့ပါဘူး။ ကျန်းမာရေး အတွက် ကိုယ်လက် ကြံ့ခိုင်မှု အနေနဲ့ မနက်စောစော ပိတ်ရက်များမှာ သူနဲ့ အတူ လမ်းထလျှောက်ဖြစ်အောင် ကြိုးစားပါမယ်။

နှစ်ဘက်မိဘ လူကြီးတွေ အသက်ကြီးလာကြပြီမို့ သူတို့ အတွက် ကျန်းမာရေးကို အထူးဂရုပြု စောင့်ရှောက်ပေးရပါမယ်။ လိုအပ်တဲ့ ဆေးတွေ ဒီကနေ ရှာကြံ ၀ယ်ပြီး ပို့ပေးတယ်။ တရား အလုပ် များများ လုပ်ဖြစ်အောင် သားသမီးတွေ အတွက် စိတ်မပူရအောင် တိုက်တွန်းရမယ်။

ကိုယ်တွေအတွက်ကတော့ ဖေဖေါ်ဝါရီလလယ် တရုတ်နှစ်သစ်ကူးမှာ မလေးရှား တရားစခန်းဝင်ဖြစ်မယ်။ အဲဒီ မလေးရှား တရားစခန်းက ၆ဧကလောက်ကျယ်တဲ့ တောင်ကုန်းတွေ ပတ်လည် ၀န်းရံနေတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးထဲမှာ လုပ်မှာ၊ မနှစ်ကတော့ ဗော်လံတီယာ လုပ်မယ့်သူ နည်းနေလို့ ဗော်လံတီယာ လုပ်ပေးရတယ်၊ ဒီနှစ်တော့ အေးအေးချမ်းချမ်း တရားထိုင်ချင်တာမို့ လုပ်အားပေး အတွက် တခြား ငယ်တဲ့သူတွေ ရှာပါလို့ ဘုန်းကြီးကျောင်းကို ကြိုတင်တောင်းပန်ထားတယ်။ ဟိုးအရင် ဘယ်တုန်းကမှ တရားကို စိတ်ဝင်စားသူ မဟုတ်တဲ့ သူကိုယ်တိုင် တက်တက်ကြွကြွ နဲ့ တရားဝင်ချင်နေတာတွေ့ရလို့ ၀မ်းသာမိတယ်။ သူဟာ ကျွန်မ ကို ဘ၀မှာ ဖြောင့်ဖြောင့်တန်းတန်း နဲ့  စိတ်ချမ်းသာစွာ လျှောက်လှမ်းနိုင်အောင် စောင့်ရှောက်ကူညီပေးတဲ့သူ တနည်းအားဖြင့် ကျွန်မရဲ့ ကျေးဇူးရှင်လို့ ပြောနိုင်သမို့ ကိုယ့်ကြောင့် သူဟာ တရားကို စပြီး စိတ်ဝင်စားလာတာဖြစ်လို့ ဒီနည်းဟာ ကျွန်မရဲ့ ဘ၀အဖေါ်မွန်ကို အကောင်းဆုံး ကျေးဇူးဆပ်နည်း လို့ ထင်တာပါပဲ။

ကျွန်မတို့ မတ်လမှာ ခရီးတိုလေး တစ်ခု ထွက်မယ်၊ သူက ရုံးအားရက်မယ် ၃ - ၄ရက် လောက် လျှောက်လည်ချင်တယ် ပြောလို့ လေယာဉ်လက်မှတ် ဟော်တယ် ဘုတ်ကင်ကြည့်ရအုံးမယ်။

နှစ်လည် မေ၊ ဇွန်လ မှာတော့ ကျွန်မတို့  မြန်မာပြည်ပြန်ဖြစ်မယ် ထင်ပါတယ်၊ ဒီတစ်ခါ သူ့ အဖေ နဲ့ အမေကို ခေါ်ပြီး ငပလီ လိုက်ပို့ဖို့ စီစဉ်ထားတယ်။ ငပလီကို ပြည်၊ တောင်ကုပ်ကနေ တဆင့် အိမ်က ကားကို မောင်းပြီး သွားမယ်။ ပြည်မှာ အိပ်မယ်။ တောင်ကုပ် က ဆရာအိမ်ကို ၀င်လည်မယ်။ ပြီးတော့ ငပလီမှာ ၃ည နေမယ် ဆိုလားပဲ။ ဒါတော့ နီးမှပဲ ဟော်တယ်တွေ စုံစမ်းတော့မယ်။ နောက်နှစ်ဝက် ၂၀၁၃ နှစ်ကုန်ပိုင်း အတွက် ခရီး ထွက်ချင်တဲ့ အစီအစဉ်လည်း နီးမှပဲ စဉ်းစားမယ်။

အလုပ် အနေနဲ့တော့ လက်ရှိ နှစ်ယောက်စလုံးရဲ့ အလုပ်က အဆင်ပြေတဲ့ အတွက် ဘယ်ကိုမှ ပြောင်းဖို့ ပြုဖို့ မတွေးမိဘူး၊ ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ပေးဖို့ပဲ ခေါင်းထဲရှိတယ်။

အချုပ်အားဖြင်တော့ ၂၀၁၃ခုနှစ် မှာ ကျွန်မတို့ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်  ကောင်းအောင်၊ သတိနဲ့ နေနိုင်အောင် ကြိုးစားပါမယ်။ ပြီးတော့ ကိုယ့် အနီးအနား မှာ ရှိတဲ့ မိဘ မောင်နှမ ဆွေမျိုး သားချင်း မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကို စိတ်ချမ်းသာအောင် စောင့်ရှောက် ကူညီနိုင်သူများ ဖြစ်ချင်ပါတယ်။

ကိုယ်ဟာ ခုချိန်ထိ သတိတရား နဲ့ အသက်ရှင်ပြီး နေနိုင်သေးတာကို ကျေးဇူးတင်ပါတယ်။

+++++

Friday, December 23, 2011

ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆံပင်နှင့် ခေါင်းမြီးခြုံ ဖက်ရှင်

ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆံပင်နှင့် ခေါင်းမြီးခြုံ ဖက်ရှင်


သီလရင် ၀တ်ရတာကတော့ တကယ်ကို စိတ်ချမ်းမြေ့ဖို့ ကောင်းပါတယ်။ ဒီအ၀တ်ကလေး ၀တ်လိုက်ရုံနှင့် ကိုယ့်စိတ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေ တစ်ဝက်လောက် စင်ကြယ်သွားသလို ဒီအ၀တ်ကြောင့် သီလတွေ အလိုလို ထိန်းမိရက်သား ဖြစ်သွားသလိုလို ဘာလိုလိုနဲ့။ ဒါကြောင့်လည်း အိမ်က လူကြီးမိဘတွေ နဲ့ ကိုရေချမ်းဆီက သဘောမတူတူအောင် မနည်း ရအောင် ခွင့်တောင်းပြီး ဒီအ၀တ်ကို ထပ်မံ ၀တ်ခဲ့ရတာပဲ။ ဒီတခါ ၀တ်ဖို့အတွက်များဆို ၂၀၀၈ ခုနှစ်ကတဲက စပြီး လေးနှစ် တိုင်တိုင် မရမက ခွင့်တောင်းခဲ့ရတာပ။ အဲသလောက် ၀တ်ချင်ခဲ့ရတဲ့ သီလရင် ဘ၀၊ လူထွက်တော့မှ ခက်တော့တာပဲ။ ဂတုံး အကြောင်းပြုပြီး ဟိုလူက စချင်၊ ဒီလူက စချင်၊ ပြောင်ချင် လှောင်ချင်။ သီလရင် မ၀တ်ခင်ကတဲကကို ကတုံးကိုဖတ်ကနဲ လာရိုက်ချင်တဲ့သူက တမျိုး၊ ကတုံးမလို့ ကြိုတင်ရေရွတ် ခေါ်ချင်တဲ့သူက တမျိုးနဲ့ စာစီ ကဗျာသီ ပြောင်ချင် သူက တမျိုး။

အဲဒီထက် ပိုပြီး ခက်သေးတာက စင်ကာပူမှာ အလုပ်လုပ်နေရင်း ကတုံး ဖြစ်ရတဲ့ ဘ၀ပဲ။ ၂၀၀၀ခုနှစ်က Hitachi ဂျပန် ကုမ္ပဏီမှာ အလုပ် လုပ်နေရင်း ပထမဆုံး သီလရင် စ၀တ်ဖြစ်တယ်။ ကိုယ့်ရုံးခန်းထဲက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ မန်နေဂျာကို မြန်မာပြည် ပြန်ပြီး သီလရင် ၀တ်မယ်ဆိုတာ ကြိုတင် အကြောင်းကြား သတင်းပေးပြီးသားရယ်။ မဟုတ်ရင် မတော်တဆ ကတုံးကို တွေ့မိလိုက်လို့ ရှော့ ရနေမှာ စိုးလို့လေ။ အဲဒီတုန်းက သီလရင် လူထွက်ကာစတော့ ဆံပင်တုလေးစွပ် ရုံးတက်တာပေါ့လေ။ တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက်လောက် နေတော့ အဲဒီဆံပင်တုဒဏ်ကို မခံနိုင်တော့ဘူး။ ခေါင်းကို တအားကြီး ချုပ်ပြီး စည်းထားသလိုဖြစ်တော့ ခေါင်းတအား ကိုက်လာတယ်။ ဒါနဲ့ ရုံးမှာ ဘယ်လို လုပ်ရလဲဆို အိမ်သာထဲသွား ဆံပင်တုကို ချွတ်ပြီး ၃မိနစ်လောက် ခဏနေ၊ ခေါင်းကို အကိုက်ပြေအောင် လက်နဲ့နှိပ်၊ နည်းနည်း သက်သာပြီဆိုမှ ဆံပက်တုကိုပြန်တတ်ပြီး အိမ်သာထဲက ထွက်၊ နောက် နာရီဝက်လောက်ကြာ တစ်ခါ အိမ်သာထဲ ပြန်ဝင်၊ ခုနကလို ပြန်လုပ်၊ အာ... တစ်နေ့ တစ်နေ့ ရုံးရောက်တာနဲ့ အိမ်သာ ၀င်လိုက် ထွက်လိုက်၊ ဆံပင်တုကြီး ချွတ်လိုက် စွပ်လိုက်၊ တစ်ယောက်ထဲ ဒုက္ခများနေတာ ဆိုတာများ။ နောက်ဆုံး သူငယ်ချင်းတွေက ဆံပင်တုကြီး ချွတ်ထားပါ၊ ကိုယ်က ကောင်းတာလုပ်ထားတာပဲ ဂတုံး ဘာဖြစ်လဲလို့ အားပေးကြတာနဲ့ပဲ (တကယ်တော့ မြှောက်ပေးကြတာ) မရွှေစုတို့ ဆံပင်တုကြီး ချွတ်ပစ်ပြီး ဦးထုတ်ကလေးပဲ ဆောင်း အော်ရင်ဂျီနယ် ကတုံးလေး အတိုင်းပဲ ဆံပင်ပြန်မရှည်မချင်း နေလိုက်ရတော့တယ်။

ဇာတ်လမ်းက အဲဒီမှာ စတော့တာပဲ။ ကတုံးလူသားကို ကြည့်ပြီး ဟိုက သည်က တခြား ဌာနက သူတွေ တီးတိုး တီးတိုး သဖန်းပိုးလုပ်ကြတော့တာ။ ဘာဖြစ်တာလဲ နေမကောင်းလို့လား၊ ဆေးရုံတက်ရလို့လား၊ ရောဂါ ဖြစ်တာလား ဘာလား ညာလား၊ တချို့ကလည်း ကိုယ်တိုင် လာမေးတယ်။ တချို့ကျလည်း ကိုယ့်အခန်းက သူတွေကို လက်တို့ စပ်စုကြတယ်။ သီလရင် ဝတ်တယ်ဆိုတာကိုလည်း သူတို့က နားလည်ကြတာမှုတ်ဘူး။ ဘာဖြစ်လို့ ၀တ်ရတာလဲ၊ ဘာအကြောင်းကြောင့် ဝတ်ရတာလဲနဲ့၊ အဲသမှာ စိတ်မရှည်တဲ့ သူငယ်ချင်း တစ်ယောက် ကတော့ စိတ်ပေါက်ပေါက်နဲ့ ဒီလို ပြန်ဖြေလိုက်တယ်။

'' ဟာ... သူတို့ မြန်မာလူမျိုးတွေက မင်္ဂလာဆောင်ခါနီးရင် သီလရင် မ၀တ်မနေရ ဝတ်ကြရတယ်။ သူက မကြာခင် မင်္ဂလာဆောင်တော့မှာ....အဲသာကြောင့် ဝတ်တာ သိပြီလား။ တော်တော့ ထပ်လာမမေးနဲ့...''

သူ့အပြောနဲ့ပဲ လူတွေ ပါးစပ်ပိတ်။ တစ်နေ့တော့ Managing Director ဂျပန်ကြီးနဲ့ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့၊ နင်တို့ မြန်မာတွေ မင်္ဂလာဆောင်ခါနီးရင် သီလရင် ဝတ်ရတယ်ဆို ဟုတ်လားတဲ့။ ဟယ်... ဘယ်နှယ် ဒီသတင်း ဟိုးအခေါင် အချုပ်ဆီတောင် ရောက်ပါပေါ့လား။ ဟုတ်တယ်လို့ ပြောရခက်၊ ဟုတ်ဘူးလို့ ပြောရခက်နဲ့။ ပြုံးမဲ့မဲ့နဲ့ နေ နေ ရတယ်။

ဟော... တော်နေကြာတော့ မရွှေစုတို့ဌာနကို မြန်မာကောင်မလေးတစ်ယောက် ရောက်လာတာ ရှိပါရော။ သူက အိမ်ထောင်ကျပြီးသား ဆိုတာသိသွားကြတဲ့ အိုလေ...ဟို...ရုံးက ကိုစပ်စု မစပ်စုတို့က... နင်ရော မင်္ဂလာမဆောင်ခင် သီလရင် ၀တ်ခဲ့သလား ဆိုတာ အစမရှိ အဆုံးမရှိ သွားမေးကြတော့... ဟိုကလည်း ဘုမသိ ဘမသိနဲ့ ဘာလို့ ဝတ်ရမှာလဲ၊ ဝတ်ပါဘူးလို့ ပြန်ပြောရော၊ နောက်ကျမှ ဇာတ်ရည်လည်သွားတဲ့ ကောင်မလေးက အစ်မရယ် အစ်မလုပ်တာနဲ့ ကျမလည်း ကိုယ့်လူမျိုး Culture နဲ့ Tradition ကို မထိန်းတဲ့သူပဲလို့ ပြောခံရတော့တာပဲ တဲ့။

အဲ... အဲသလို အဖြစ်မျိုးတွေ မကြုံချင်တော့ ဒီတစ်ခါ မယ်သီလရင် မဝတ်ခင်၊ ဆံပင်တု ကောင်းကောင်းတွေ ဘန်ကောက်မှာ ပေါသဆိုလို့ ပြောကြတော့ အစ်ကိုကြီးကိုအရုဏ်ဦး ကို ဂျီတိုက်ပြီး မှာလိုက်တော့တာပါပဲ။ ကိုအရုဏ်ခမျာလည်း အလုပ်များတဲ့ကြားထဲက ဘယ်ရှိမှန်း မသိတဲ့ ဆံပင်တုဆိုင်တွေ ရှာဖွေပြီး ၂ခုဝယ် အမြန်ချောနဲ့ စင်ကာပူထိ ပို့ပေး ပါရမီဖြည့်ပေးရှာတယ်။ မရွှေစုတို့လည်း ရောက်လာတဲ့ ဆံပင်တုကြီးကိုင်၊ ဝုဒ်လန်းက တင်မိုးလွင် ညီမ ဆံပင်ညှပ်ဆိုင်သွားပြီး ကိုယ်မျက်နှာနဲ့ အဆင်ပြေအောင် ညှိ ညှပ်တာတွေ ကြိုလုပ်ထားလိုက်တယ်။ ဆံပင်တုလေးက ဒီတခါ ခေါင်းမနာတော့ဘူးကွ... သားရည်ကြိုး အလျှော့အတင်းလုပ်လို့ရတယ်။ ဆံပင်ပုံစံကလည်း လှတယ်။ ဆံပင် အရောင်ကလည်း မရွှေစု နဂို ဆံပင် အရောင် အညိုရောင်။ ကွက်တိ။ ဒီတခါတော့ အဆင်ပြေပြီ။ တွက်ရေးကတော့ စက်သူဌေး။

သီလရင်ထွက်တာက ည၇နာရီမှ ထွက်တယ်။ နောက်တစ်နေ့ နံနက် ချက်ချင်း ရုံးတက်ရတော့ အဆင်သင့် လုပ်ထားတဲ့ ဆံပင်တုလေး စွပ်ပြီး ကျော့ကျော့ မော့မော့နဲ့ ရုံးလာတာပေါ့လေ။ ဟော.. ရုံးရောက်တော့ သူငယ်ချင်းတွေက အယ်... ကတုံးလည်း မဟုတ်ပါလားနဲ့ သီလရင် မ၀တ်ဖြစ်တော့ဘူးလားနဲ့ ၀ိုင်းမေးကြတာ။ ဘော့စ်ကလည်း Why you still got the hair နဲ့ လာလုပ်နေသေး။ ပြီးမှ ဆံပင်တုကြီး စွပ်ထားလား၊ အစစ် အတိုင်းပဲ စသဖြင့် အာပြဲကြီးတွေ နဲ့ အော်နေကြလို့ ရှုး ရူး နဲ့ သတိပေးရသေး။

ကိုယ့်ဆံပင်လေးလှတယ်ဟ ဆိုပြီး မာနတွေ တက်လို့ ပြုံးပြုံး ပြုံးပြုံးနဲ့ ကိုယ့်စားပွဲကိုယ် အလုပ်လုပ်ဖို့ ထိုင်နေတုန်း မကြာပါဘူး၊ ခေါင်းငုံ့လိုက်ရုံရှိသေး ...ဂျွတ်...ကနဲ အသံ တစ်ခု ထွက်လာပြီး ခေါင်းပေါ်က ဆံပင်က ချောင်သွားသလို ခံစားလိုက်ရတာ။ ဟိုက်... ဆံပင် ဘာများ ဖြစ်သွားတုန်း ဆိုပြီး မျက်လုံးပြူး မျက်ဆန်ပြူး အိမ်သာပြေးကြည့်တော့ (အင်း... ဒီတခါလည်း အိမ်သာ ပြေးရပြန်တာပဲ) ဆံပင်နောက်က အစွပ်မှာ အတိုးအလျှော့လုပ်ပေးတဲ့ သားရည်ပင်က ကလစ်တွေ အားလုံး ကျိုးကုန်တာကိုး။ ကလစ်တွေ ကျိုးသွားတော့ ဆံပင်ကြီးက ချောင်ပြီး ခေါင်းပေါ်မှာ လည်နေတာရယ်။ နဂိုဆံပင် ဘေးခွဲက အလည်ခွဲဖြစ်လိုက် သုံးပုံ တစ်ပုံခွဲဖြစ်လိုက် နောက်ခွဲဖြစ်လိုက် ရှေ့ဆံပင်တွေက တိုသွားလိုက် ရှည်လာလိုက် ခေါင်းပေါ်မှာ ဆံပင်တုကြီးက ရယ်ကလည် လိုက်ပြီး ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကနေတာများ။

'' တကာကြီးရေ...တကာကြီးရေ... ဆရာလေး လူထွက် ဆံပင်တုကြီး စွပ်မရတော့ဘူးတော့။''

တကာကြီးဆီ အပြေးအလွှားဖုန်းဆက် ဖြစ်ပုံ ပျက်ပုံ ပြောပြတော့ ကဲ... ညနေ အောချက်က ဆံပင်တု ဆိုင် ရှာဖွေ သွားကြည့်ကြတာပေါ့လို့ ပြောတယ်။ အောချက်ဆံပင်တု ဆိုင် မေးမြန်းစုံစမ်းကြည့်တော့ ဆံပင်တု တစ်ခု စလုံး ဒေါ်လာ၆၀၀ လောက် ရှိသတဲ့။ ဆရာလေးလူထွက် အမှတ်လွတ်ထွက် မသွားအောင် ရင်ဘတ် ဖိထားရတယ်။ တော်ပြီ ဒီလောက် ဈေးကြီးတာတော့ မ၀ယ်ချင်တော့ဘူးဆိုပြီး အောချက် မသွားတော့ဘူး။ နောက်တစ်နေ့ မနက် ဘယ်လို ရုံးသွားရလဲဆို ဆံပင်တု ချောင်ချောင်ကြီး ခေါင်းမှာစွပ်၊ အဲဒီအပေါ်ကမှ ပုဝါလေးသိုင်း။ ရုံးက အကြောင်း မသိတဲ့ သူတွေက ဆရာလေး လူထွက် ကို ပြုံးကြည့်ကြတယ်။ ဖက်ရှင်တွေ လုပ်လှချည်ကလားတဲ့။ အက်စကီးမိုးလားတဲ့။ အာရေဗီယန်လား၊ ပါကစ္စတန်နီးစ်လား၊ အိန္ဒိယ ကုလားမလားတဲ့။

ကဲ... ဒါနဲ့ ပြီးပြီလား ဆိုတော့ မပြီးသေးဘူး။ နောက်တစ်နေ့ ညနေ အိမ်ပြန်ရောက်တော့ ခေါင်းက ယားလို့ ခဏခဏ ကုပ်တာ၊ အဲဒီ ဆံပင်တုက နိုင်လွန်နဲ့ လုပ်ထားတာ ဆိုတော့ ပူပြီး ခေါင်းမှာ အပူဖုတွေလို မိတ်ဖုတွေလို ထွက်လာပြန်ရော။ ကတုံး ဆံပင်ဆိုတာကလည်း သိတဲ့ အတိုင်း ကိုယ့်ခေါင်းကိုယ် အလကားနေရင်း ပွတ်လို့က သိပ်ကောင်းတာ၊ ဒီအဖုတွေ ထွက်လာတော့ ပိုယား ပိုပွတ်၊ အဖုတွေ ပိုများ။

''တကာကြီး နောက်တစ်ဆိုင်မှာ ဒေါ်လာ၂၅၀တန် ဆံပင်တု လည်း ရှိတယ်တဲ့။ အဲသာလေး ၀ယ်လိုက်ရ ကောင်းမလား။ ''

တကာကြီးဆီ အဲသလို အကြံဉာဏ်တောင်းတော့ တကာကြီး တစ်ယောက် ပြာပြာသလဲနဲ့... ''ဟာ... ဆရာလေးက ကတုံးလေးနဲ့ လိုက်ပါတယ်၊ ခုလိုပုံလေးက ပိုတောင်ကျက်သရေ ရှိသေး။ တကယ်ပြောတာ'' လို့ ၂၅၀ အပိုကုန်မှာ ကြောက်ရှာတဲ့ တကာကြီး၊ ဆရာလေးလူထွက် ကတုံးနဲ့ တအားလှကြောင်း အခိုင်အမာ ထွက်ဆိုနေလေရဲ့။ ပြောမယ့်သာ ပြောရတာပါ။ ကိုယ်လည်း ဒီလောက်ဈေးကြီးတာတွေ ခဏလေး သုံးဖို့ အတွက် မ၀ယ်ချင်ပါဘူး။ ဆံပင်ဆိုတာကလည်း နှစ်လ သုံးလနေရင် ပြန်ပေါက်လာမှာပဲ မဟုတ်လား။

ဒါနဲ့ပဲ ခုတော့ဘယ်လိုလုပ်ရသလဲဆို မနက်ရုံးလာရင် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဆံပင်တု ချောင်ချောင်ကြီး ခေါင်းမှာစွပ်၊ အဲဒီအပေါ်ကမှ ကုလားမတွေလို ပုဝါလေးသိုင်းခြုံ၊ ရုံးက ကိုယ့်အခန်း ကိုယ်ထိုင်နေတဲ့အခါ အဲဒီဆံပင်တုကြီး ချွတ်၊ ပုဝါလေးပဲ ပြန်ပတ်ထား။ အစည်းအဝေးတို့ ဘာတို့ အပြင်ဘာညာ သွားစရာ ရှိတယ်ဆိုရင်တော့ ပုဝါအောက်ကနေ ဆံပင်တုလေး ပြန်စွပ်လိုက်ပေါ့။ ဒါမှမဟုတ်ရင်တော့ ပုဝါအောက်က အော်ရီဂျင်နယ် ကိုယ့်ကတုံးလေး ကိုယ်ပွတ်ရင်း အလုပ်လုပ်နေရတာများ ဆံပင်ပေါက်စနတွေက စူးစူး စူးစူးနဲ့မို့ တယ် ဇိမ်ရှိတာပဲကလား။

အဟုတ် တကယ် ပြောတာ။ မယုံရင်တော့ ကိုယ်တိုင် ကတုံး တုံး ကြည့်ကြပေါ့။ မှုတ်ဘူးလား နော့။

+++++++++

Wednesday, December 21, 2011

တကာကြီးသို့ မေတ္တာစာ

တကာကြီးသို့ မေတ္တာစာ
by Artist MinWaeAung

အရုဏ်မလာခင် မီးခိုးရောင် ရင့်ရင့် မိုးကောင်းကင်အောက်က မနက်လေးနာရီ နံနက်ဦးလေဟာ အေးမြ သန့်ရှင်း မွှေးထုံ လန်းဆတ်နေတတ်တယ်။ အရင်ညတတွေက မိုးရွာထားတယ်ဆိုရင် ညင်းညင်းညံညံ တိုက်ခတ်နေတဲ့ လေပြေလေးက နွေးတလှည့် အေးတလှည့်နဲ့ တပည့်တော်ရဲ့ ဦးပြည်းကို ခပ်သဲ့သဲ့ကလေး လာထိခတ်နေတတ်သေးတယ်။ တခါတခါ လေပြင်း တစ်ချက်က ဖြတ်ကနဲ တိုးဝှေ့တိုက်ခတ်လိုက်ရင်တော့ သီလရင် အပေါ်ဝတ်ရုံဟာ တဖြတ်ဖြတ်နဲ့ လွင့်လို့။ နေ့တစ်နေ့ရဲ့ အစမှာ သုံးထပ်ဆောင် တရားဓမ္မာရုံ ၀ရံတာထိပ် စေတီတော်ဘက် ဦးတည်လှည့် မတ်မတ်ရပ်ရင်း ဗုဒ္ဓာ နုဿတိ၊ သြဒိဿ မေတ္တာ၊ အနောဒိဿ မေတ္တာ ဘာဝနာတွေကို နာရီဝက်လောက် အမြဲတမ်း ဦးစွာ ပထမ ပွားများ ဖြစ်ပါတယ်။

မေတ္တ္တာဘာဝနာ ပွားများအပြီး ဓမ္မာရုံ ခြေရင်းဝရံတာဘက်ကို ခပ်ဖြည်းဖြည်း စင်္ကြန်လျှောက်ရင်းက ငုံ့ကြည့်လိုက်တဲ့အခါ ကျောင်းဝန်းရဲ့ နောက်ဘက်ကပ်လျက် ၀န်းခြံထဲမှာ ဖြိုဖျက်ပြီးသလောက် ရှိတဲ့ အဆောက်အအုံဟောင်းရဲ့အုတ်ကျိုးတွေ သံချောင်းအဟောင်းတွေ၊ ၀န်ချီစက်တွေ မြေတူးစက်တွေ ကျောက်တူးစက်တွေ တန်းစီကာ ရပ်တည်လို့ ငူငူကြီး ငြိမ်သက် တိတ်ဆိတ်လျက်ရှိနေကြတာကို သတိပြုမိလိုက်တယ်။ ၀န်းခြံထောင့်က အလုပ်သမား တန်းလျားလေးကတော့ အမှောင်ရိပ်ထောင့်စွန်းမှာ ခပ်ငူငူ အိပ်စက်နေဆဲ။ ဒီလို ငြိမ်သက် တိတ်ဆိတ်နေတာကို အမြင်အာရုံမှာ ရှုမှတ်ရင်း မျက်လုံးအိမ်ထဲ မျက်ရည်ကြည်တွေ ရုတ်တရက် ဝေ့၀ဲ တက်လာရာက ပါးပေါ်ကို တဖြည်းဖြည်း စီးကျလာတယ်။

တပည့်တော် တရားစခန်းရောက်တဲ့နေ့က စပြီး မနက် ၈နာရီကစလို့ ညနေ၆နာရီလောက်ထိ ဒီ ဆောက်လုပ်ရေး ၀န်းခြံထဲက မြေတူးသံ၊ အဆောက်အအုံဟောင်းက ကွန်ကရစ် ကျောက်တိုင်တွေကို ဖြိုခွဲလှဲနေတဲ့ ဆူညံသံတွေဟာ နားမခံနိုင်အောင်ကိုပဲ မြည်ဟိန်းနေတယ်။ အခုတော့ မနက်စောစော မှာ သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေလိုက်ကြတာများ၊ မြေတူးစက်ရဲ့ မြေကော်လက်ကြီးဟာ မြေကြီးထဲ ထိုးဝင်စိုက်ကာ ငိုက်မြည်းလို့၊ ကျောက်တူးစက်ရဲ့ ကျောက်စူးကြီးကတော့ ကွန်ကရစ်တိုင်အဟောင်းတစ်ခုပေါ် မေးတင် အိပ်စက်လို့၊ ၀န်ချီစက်တွေရဲ့ သံကြိုးတွေနဲ့ သံကောက်ကြီးတွေဟာ သက်သက်သာသာ အေးအေးချမ်းချမ်း ခွေလျှော့ပုံလို့၊ နေ့ဘက်မှာ ပွက်လောထနေတဲ့ ဆူညံသံတွေ သူတို့စီကပဲ မဟုတ်ကြသလို။ ဒါတွေကို ကြည့်ပြီး ကိုယ့်ဘ၀နဲ့ နှိုင်းယှဉ် တွေးမိလိုက်တယ်။ တပည့်တော်လဲ ခုချိန်မှာ တရားဓမ္မတွေ ထုံလွှမ်းလို့ ခေတ္တခဏ အေးချမ်းနေရပေသိ လောကကြီးထဲ ပြန်ဝင်တာနဲ့တပြိုင်နက် နေ့ဘက်မှာ တဒီဒီ တဒိုင်းဒိုင်းနဲ့ ဆူညံပူလောင်စွာ သူတို့ ရှိနေကြသလို လောဘ ဒေါသ မောဟတွေနဲ့ ပွက်လောင်နေတဲ့ လောကအပူမီးကြီးထဲ ပြန်တိုးဝင်သွားရအုံးမှာပါပဲလားလို့ တွေးမိပြီး သံဝေဂနဲ့ ထိတ်လန့်ကာ အလိုလို မျက်ရည်ကျမိတော့တာပါပဲ။

မနက် ၄နာရီ အချိန်မှာ တကာကြီးကတော့ အိပ်ပျော်နေဆဲ ရှိအုံးမှာပဲ။ တပည့်တော်ကတော့ ဒီတရားစခန်းရောက်ကတဲက မနက်ဆို ၃နာရီခွဲ ကနေ ည ၁၀နာရီခွဲလောက်ထိ တတ်နိုင်သလောက် လုံ့လ ၀ီရိယနဲ့ မနားမနေ ကြိုးကြိုးစားစား တရား အားထုတ်နေပါတယ်။ တကယ်တော့ တပည့်တော်ဟာ အင်မတန် အအိပ်မက်တဲ့သူဆိုတာ တကာကြီးလည်း သိမှာပါပဲ။ သို့သော်လည်း တရားစခန်းရောက်တဲ့ နေ့ကစပြီး သူများထက် ဦးစွာအရင် သတ်မှတ်ချိန်ထက်ကို နာရီဝက်လောက်ကြိုပြီး အိပ်ရာထပါတယ်။ သူများထက် နောက်ကျမှ အိပ်ရာဝင်ပါတယ်။ မနက် အိပ်ရာထပြီဆိုတာနဲ့ အိပ်ရာကို တခါတည်းလိပ်ထားပြီး လုံးဝ ပြန်မနားတော့ပဲ ည အိပ်ရာဝင်ခါနီးမှ အိပ်ရာလိပ်ကို ပြန်ဖြေပါတယ်။

ပထမရက်တွေတုန်းကတော့ တပည့်တော်လည်း နေ့လည် ဆွမ်းစားအပြီး တရားစခန်းက သတ်မှတ်ချိန် ၁၂နာရီကနေ ၁နာရီ အတွင်း နားချိန်မှာ ခဏ ကျောခင်း အညောင်းဖြေ နားမလားလို့ ကြံစည်မိပါသေးတယ်။ သို့သော်လည်း ဒီလို ခေတ္တခဏလေး တစ်ပတ်၊ ဆယ်ရက်လောက် တရားအားထုတ်ချိန်မှာ အချိန်ရရင် ရသလောက် ဘာလို့များ မကြိုးစားချင်ရတာလဲ၊ နားချင်ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပါတယ်။ ခုလို တရားစခန်းမှာ နေစဉ် တပည့်တော် ကိုယ့်ကိုယ်ကိုယ် ကြည်ညိုချင်ပါတယ်။ လူဆိုတာ လောကမှာ သူများ ကြည်ညိုအောင် လုပ်ရဖို့ လွယ်သလောက် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည်ညိုချင်အောင် လုပ်ရတာကတော့ အင်မတန် ခက်လှပါတယ်။ ကိုယ်ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါပဲ။ တပည့်တော်တို့ တရားအားထုတ်တဲ့ သူတွေ အတွက် အလှူရှင်တွေ ကျွေးတာ လှူဒါန်းတာတွေ စားသောက်ပြီးတော့လည်း အလှူရှင်တွေ လှူရကျိုးနပ်အောင် တပည့်တော် ကြိုးစားရပါမယ်။

တရားစခန်း တစ်ခါ ၀င်ဖြစ်ဖို့ ဆိုတာ သူများတွေ အတွက်တော့ မပြောတတ်ပေမယ့် တပည့်တော် အတွက်တော့ ခက်ခဲလှပါတယ်။ ခုလို သီလရင်ဝတ်နဲ့ တရားဝင်ဖြစ်ဖို့ တရားအားထုတ်ဖြစ်ဖို့ ပိုတောင် မလွယ်လှပါသေးတယ်။ တကာကြီးကိုလည်း တပည့်တော်တို့ အိမ်ထောင်စကျကတဲက တရားထိုင်ဖြစ်ဖို့၊ တရားစခန်း ၀င်ဖို့ တိုက်တွန်းလိုက်ရတာ ဆိုတာ ၁၀နှစ်တိုင်တိုင် ကြာခဲ့ပါတယ်။ နောက်ဆုံး အောင်မြင်ခဲ့ပြီး ခုဆို တကာကြီးလည်း ကောင်းစွာ တရား အားထုတ်တတ်နေပြီ မဟုတ်လား။ အဲသလို တိုက်တွန်းတဲ့အတွက် တပည့်တော်ကတော့ အင်မတန် တရား ၀င်ချင်နေတဲ့သူ တရားအားထုတ်ချင်တဲ့သူ တရားအလုပ်လုပ်တဲ့သူပဲလို့ ထင်ကောင်းထင်ခံရလိမ့်မယ်။ တကယ်ကတော့ တပည့်တော်ဟာ အင်မတန် အပျင်းထူတဲ့သူပါ။ ဘုရား အလုပ် တရား အလုပ် လုပ်ရမှာကိုလည်း တအားကို ပျင်းပါတယ်။ မနက် အစောကြီးထ တရားထိုင်ရမှာ အိပ်ရေးပျက်ရလို့ စိတ်ညစ်ပါတယ်။ ညဘက် ရုံးက ပြန်လာ ညစာစားပြီးတာနဲ့ တရားထိုင်ဖို့ထက် မအိပ်ခင် ကျောလေးခင်း အညောင်းလေးဆန့် တီဗွီရှေ့မှာ စာလေးဖတ် လုပ်ချင်တဲ့သူပါ။

လောကမှာ သူများကို တိုက်တွန်းရတာ လွယ်သလောက် ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းရတာ အခက်တကာ အခက်ဆုံး အလုပ်ပါပဲ တကာကြီး။ တပည့်တော် အဲဒီ အခက်ဆုံး အလုပ်ကို အားတင်းပြီး ရအောင် ကြိုးစားလုပ်ဆောင် ကိုယ့်ကိုယ်ကိုယ် အောင်နိုင်စေရန် တိုက်တွန်း နှိုးဆော်ခြင်း အမှုကို ပြုရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းသည်သာ အောင်မြင်ခြင်းတကာမှာ အမြတ်ဆုံးပဲ မဟုတ်ပါလား။ တပည့်တော်ဟာ တကာကြီးကို တရားအလင်းရောင် ရှိတဲ့နေရာ သွားရအောင် မှန်မီးအိမ်ထွန်း လမ်းပြခဲ့သူ ဖြစ်ကောင်းဖြစ်မယ်။ သို့သော် သူများကို မှန်မီးအိမ်ထွန်းပြနေတဲ့ တပည့်တော်ကိုယ်တိုင်က မျက်စိကွယ်နေတဲ့သူ၊ အဲဒီအလင်းရောင်ကို မမြင်ရတဲ့သူ အဲဒီလမ်းကို မမြင်တဲ့သူ မဖြစ်ချင်ပါဘူး။ တပည့်တော် ကိုယ်တိုင် တပည့်တော် ထွန်းပြနေတဲ့ အလင်းရောင်ကို မြင်ချင်တဲ့အတွက် ကြိုးစားပြီး လုပ်ဆောင်နေရခြင်းပဲ ဖြစ်ပါတယ်။

တကာကြီး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပါ။ တပည့်တော် တရားစခန်းနေစဉ်အတွင်း ကိုးပါးသီလကိုလည်း စင်စင်ကြယ်ကြယ် လုံခြုံစွာ ခံယူ ကျင့်သုံး ဆောက်တည်ခဲ့ပါတယ်။ ဒါနမှာလည်း တရားပြ သံဃာတော် အရှင်သူမြတ်များနဲ့ တရားအားထုတ်နေသူ ယောဂီများ အတွက် တစ်ရက်စာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အသက်ကြီးတဲ့ ယောဂီ အမေကြီး နှစ်ယောက်ကို ယောဂီထမီ၊ ယောဂီ တဘက်နဲ့ မျက်နှာသုတ်ပုဝါတွေ လှူဒါန်းခဲ့ပါတယ်။ ဆေးလိုတဲ့ ယောဂီများအတွက် ဆေးလှူဒါန်းခဲ့ပါတယ်။ တပည့်တော် တရားစခန်းအတွက် ယူသွားတဲ့ အသုံးအဆောင် ပစ္စည်းများကိုလည်း တရားစခန်းမှာ အများသုံးနိုင်အောင် ထားခဲ့ လှူခဲ့ပါတယ်။ ဘာဝနာ အနေနဲ့ကတော့ မမေ့မလျော့တဲ့ လုံ့လ ၀ီရိယနဲ့ တတ်နိုင်သလောက် ကြိုးစား အားထုတ်ခဲ့ပါတယ်။

ဒီကနေ့ဟာ တပည့်တော် သီလရင် အ၀တ်ချွတ်ရတော့မယ့်နေ့၊ ဒီတရားစခန်းမှာ နောက်ဆုံး နေရမယ့်နေ့ပါပဲ။ သီလရင် အ၀တ် ချွတ်ရတော့မှာ ဖြစ်တဲ့အတွက် ရင်ထဲမှာ ဆို့နင့်မိပါသေးတယ်။ ဘယ်အခါကျမှ ဒီအ၀တ်ကို ထပ်ပြီး ၀တ်နိုင်မှာလဲ ဆိုတာ တပည့်တော်လည်း မသိပါဘူး။ သို့သော်လည်း ဘယ်အရာ မဆို နောက်ဆုံးမှာတော့ အဆုံးသတ်ရတော့တာပဲ၊ ဖြစ်ပြီးရင် ပျက်ရတော့တာပဲ ဆိုတာကို တရားနဲ့သာ နှလုံးသွင်း ဆင်ခြင်မိပါတော့တယ်။ တပည့်တော် မွန်မွန်မြတ်မြတ် ဆောက်တည် ကျင့်သုံးခဲ့တဲ့ ဒါန သီလ ဘာဝနာ သုံးခုလုံး အတွက် အမိ အဖ ဘိုးဘွားများနဲ့ ဝေနေယျ သတ္တ၀ါအားလုံးကို မေတ္တာ ပို့သ အမျှပေးဝေပါတယ်။ တပည့်တော် ပြုခဲ့ရတဲ့ ကောင်းမှု ကုသိုလ် အတွက် အားလုံး အမျှ ရ၍ ချမ်းသာ ကြပါစေ။

ဒီလို ကောင်းမှု ကုသိုလ်တွေကို မပူမပင်ရပဲ တပည့်တော် အားစိုက်ခွန်စိုက် လုပ်ဆောင်နိုင်အောင် ကူညီ ပံ့ပိုးပေးခဲ့တဲ့ တကာကြီးလည်း ချမ်းသာပါစေ။

မေတ္တာဖြင့်...
မပညာဝတီ
(၁၂-၁၂-၂၀၁၁ မှ ၁၉-၁၂-၂၀၁၁)

++++++++++

Tuesday, January 4, 2011

ရာပြည့် ဘွားဘွား ဘွားသက်ရှည်

ရာပြည့် ဘွားဘွား ဘွားသက်ရှည်


Acrylic on Canvas By SuuChit

ဒီနေ့မနက် မြန်မာပြည်အိမ်မှာ ဆွေတွေမျိုးတွေ စုံလင်စွာနဲ့ ကျင်းပပြုလုပ်မယ့် ၂၀၁၁ နှစ်ဆန်းတစ်ရက်နေ့က အသက် ၁၀၀နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အမေကြီးရဲ့ ရာပြည့်မွေးနေ့ အလှူတော်မင်္ဂလာကို ပါဝင်မဆင်နွှဲနိုင်တဲ့မရွှေစုမှ ဒီနေရာလေးကနေပဲ အမေကြီးကိုတမ်းတမှန်းဆလို့ ရိုသေလေးစားစွာ ရှိခိုးကန်တော့လိုက်ရပါတယ်။

ဟိုး လွန်ခဲ့တဲ့ ၃နှစ်ကျော် ၄နှစ် ၂၀၀၇ခုနှစ် ဧပြီလောက်က အမေကြီး အသဲအသန် နေမကောင်းဖြစ်ခဲ့ပါတယ်။ အိမ်ကလူကြီးတွေက အမေကြီး အသက်မှီချင် အမြန်ပြန်လာပါလို့ ခေါ်တဲ့အတွက် အဝေးရောက် မြေးတွေ အားလုံး ရန်ကုန်ကို အပြေးအလွှား ပြန်ခဲ့ကြရတယ်။ ရန်ကုန် လေဆိပ်ကနေ ဆေးရုံကို တခါထဲ တန်းသွားခဲ့ရ၊ ဆေးရုံရောက်တော့ အမေကြီးက မျောသလို ဖြစ်နေပါပြီ။ စကားမေးလဲ မရ၊ သတိလဲ မရ မျက်လုံးလဲ မဖွင့်တော့ပါဘူး။ ဘာရောဂါရှိလဲဆို သွေးတိုး၊ နှလုံး၊ ဆီးချို စသဖြင့် ဘာရောဂါမှတော့ ကြီးကြီးကျယ်ကျယ် ထွေထွေထူးထူး မရှိလှပါဘူး။ အသက်ကြီးလာတဲ့အတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ တချို့ အိုမင်းဟောင်းနွမ်း ယိုယွင်းလာတာကလွဲရင်ပေါ့။

အမေကြီးကို ဆေးရုံပေါ် ဆေးပိုက်တွေ တန်းလန်းနဲ့ ထားရတာပါ။ အဲဒီနေ့ညက မရွှေစုတို့ မြေးတစုလည်း အမေကြီးကုတင်နား ၀ိုင်းဝန်းလဲလျောင်းလို့ ဆေးရုံမှာ ညစောင့်အိပ်ရင်း ရသမျှ ဘုရားစာတွေ ရွတ်၊ ပရိတ်တွေရွတ်၊ ဓမ္မစကြာတွေရွတ်နဲ့ပေါ့။

နောက်နေ့ မနက်မှာ မမျှော်လင့်စွာနဲ့ပဲ အမေကြီး နိုးလာခဲ့တယ်။ နိုးနိုးချင်းမှာပဲ လက်အုပ်ကလေးချီလို့ ဘုရားရှိခိုးနေတာ တွေ့ရပါတယ်။ ပြီးတော့ ဘာတွေ ရွတ်မှန်းမသိ ရေရွတ်နေပါတယ်။ မျက်လုံးတော့ မဖွင့်ပဲ သူ့ဘာသာ တစ်ယောက်ထဲ စကားတွေ ပြောနေတာပါ။ အမေကြီး ရုတ်တရက် နိုးလာတာတွေ့တော့ မရွှေစုတို့ မြေးတစုနဲ့ နပ်စ်မလေးတို့ အပြေးအလွှား အနားရောက်သွားကြပြီး အမေကြီး၊ အမေကြီးလို့ ၀မ်းသာအားရ ၀ိုင်းခေါ်ကြပါတယ်။ အမေကြီး ရေရွတ်နေတာတွေ ကပ်နားထောင်ကြည့်တော့ ဘုရားကြီး၊ ဘုရားကြီးလို့လည်း ကြားရဲ့၊ အနံ့တွေ မွှေးလိုက်တာ၊ မွှေးလိုက်တာ၊ ဘယ်လို မွှေးမှန်းမသိဘူး စသဖြင့်လည်း တတိုးတိုးနဲ့ ပြောနေလေရဲ့။ ပြီးတော့... ပြုံးနေတဲ့ အမေကြီးက အရည်တွေ တွန့်ပြီး မျက်ခွံတွေအိကျနေတဲ့ကြားက သူ့မျက်လုံး သေးသေးကလေးတွေကို ဖြည်းဖြည်းသာသာ ဖွင့်ပြီး သူ့ကို ၀ိုင်းကြည့်နေကြတဲ့ မရွှေစုတို့အားလုံးရဲ့ မျက်နှာတွေကို တလှည့်စီ လိုက်ကြည့်ပါတယ်။ ပြီးတော့ ငါ့မြေးတွေ ငါ့ကို တယ်ချစ်တာပဲ၊ တယ်ဂရုစိုက်တာပဲလို့ ခပ်သဲ့သဲ့လေး ပြောပါတယ်။ ဆေးပိုက်တွေတန်းလန်းနဲ့ မိန်းမောနေရာက ပြန်သတိရလာတယ်သာ ဆိုတယ်။ အမေကြီးမျက်နှာဟာ ကြည်လို့ လန်းဆန်းလို့ပါပဲ။ ဝေဒနာ ခံစားနေရတဲ့ ရုပ်နဲ့ မတူပါဘူး။

အဲဒီ ၂၀၀၇ခုနှစ်က အသဲအသန်ဖြစ်ခဲ့လို့ ဆေးရုံပေါ်မှာ ၃ရက်လောက် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေရာကနေ၊ ဆရာဝန်တွေက မရတော့ဘူးလို့ လက်လျှော့ထားရာကနေ အမေကြီးတစ်ယောက် ပြန်လည် ကျန်းမာပြီး ထူထူထောင်ထောင် ဖြစ်လာခဲ့တာ ယနေ့ ၂၀၁၁ အသက် ၁၀၀ပြည့် မွေးနေ့လေးတောင် လုပ်နေရပြီပဲ။

အမေကြီးဟာ ဆွေတွေ မျိုးတွေကြားမှာ မှတ်ဉာဏ် အင်မတန် ကောင်းသူရယ်လို့ နာမည် ကျော်ကြားခဲ့သူပါ။ သား သမီး မြေး တူ တူမ ဆွေမျိုးတွေရဲ့ မွေးနေ့၊ အလုပ်အကိုင် စတာတွေအားလုံးကို ခေါင်းထဲမှာ အမြဲ အလွတ်ရနေတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်က ရွာမှာ လယ်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသမီး ရွာနီးချုပ်စပ် ရှိသမျှသူတွေ လာပိုးနေလို့ စိတ်မချတဲ့အတွက် ၁၇နှစ်သမီးနဲ့ ယောက်ျားပေးစားခံရလို့ ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျ၊ ခေတ်ပညာကို သေချာမသင်ဖူးခဲ့ပေမယ့် အင်မတန် ခေတ်မှီတဲ့သူ ဖြစ်ပါတယ်။ သတင်းစာဆို နိုင်ငံရေးနဲ့ စီးပွားရေး သတင်းတွေကိုမှ စိတ်ဝင်တစား ဦးစားပေး ရွေးဖတ်တဲ့သူ၊ မရွှေစုရေးတဲ့ ကဗျာတွေကိုဖတ်၊ ဆွဲတဲ့ပန်းချီကားတွေကို ချီးကျူးဝေဖန်ပေးတဲ့သူ၊ အနုပညာကို လေးစား တန်ဖိုးထားရ ကောင်းမှန်း သိတဲ့သူ၊ မရွှေစုလက်နဲ့ ချုပ်ပေးခဲ့တဲ့ အင်္ကျီလေးတွေ သိုးမွှေးတဘက်ကလေးတွေကို ဘယ်လောက်ပဲ လက်ရာ ညံ့သည်ဖြစ်စေဦး ဟောင်းနွမ်းနေတာတောင်မှ မြတ်မြတ်နိုးနိုး ၀တ်ဆင်ပေးတဲ့သူ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

ခုတော့ အဲဒါတွေ အားလုံး ဘာကိုမျှ အမေကြီး သတိမရတော့ပါဘူး။ အသဲအသန် ဖြစ်ရာက ပြန်သတိရလာပြီးတဲ့နောက် အမေကြီးရဲ့ မှတ်ဉာဏ်တွေ အားလျော့လာတာ၊ ဆွေမျိုး မိသားစု တတွေရဲ့ နာမည်တွေကိုတောင် မမှတ်မိနိုင်ဖြစ်လာတာ တဖြည်းဖြည်းနဲ့ သတိထားမိလာကြပါတယ်။ နဂိုကတဲက နားလေးတဲ့သူဖြစ်လို့ နားကြပ်တတ်ဆင်ပြီးနေရသူက အခုဆို နားကြပ်လည်း မတတ်တော့ ဘယ်သူ ဘာပြောပြောနေနေ တော်ရုံတန်ရုံလဲ နားစိုက်မထောင်တော့ပါဘူး။ မိသားစုအရေး ဘာကိုမျှလည်း စိတ်မ၀င်စားတော့ပါဘူး။

အမေကြီးမှာ မြေး၅ယောက်ရှိတာ ၄ယောက်က နိုင်ငံခြားမှာပါ။ အနီးကပ် အမြဲ ပြုစုနေတဲ့ မြေးအကြီးဆုံးကို တခါတရံ မှတ်မိသလို ရှိတတ်တာကလွဲလို့ အဲဒီ နိုင်ငံခြားမှာ နေတဲ့သူတွေ (မရွှေစု အပါအ၀င်) မြေး၎ယောက်စလုံးကို မေ့သွားရှာပါပြီ။ မရွှေစုတို့ကို ဘယ်သူတွေမှန်းလဲ မသိ၊ နာမည်တွေလည်း မမှတ်မိတော့ပါဘူး။ သူ့မှာ သမီး ၃ယောက်ရှိတာ၊ သမီး အငယ်ဆုံးက အမေရိက မှာ နေတာကို ဝေးလွန်းတဲ့ အရပ်ဆိုပြီး သဘောမကျခဲ့တာတွေလည်း မမှတ်မိတော့ပါဘူး။ ဘယ်သူတွေ သူ့နား လာလာ မလာ-လာ ဘယ်သူ့ကိုမှ မျှော်လည်း မမျှော်တော့ပါဘူး။ သူ့ သမီး မြေးတွေ ဆွေတွေမျိုးတွေ ဘယ်သူ့အကြောင်းကိုမှလည်း မမေး၊ ဘာကိုမှလည်း ပူပန်ခြင်းမရှိတော့ပါဘူး။

နေ့တိုင်း မနက် ၈နာရီလောက် ပုံမှန် အိပ်ရာကနိုးလာရင် တစ်ယောက်က မျက်နှာသစ်ပေး၊ ကိုယ်လက် ကူညီ သုတ်သင်ပေးပြီးတာနဲ့ အမေကြီး ပထမဆုံး လုပ်တာက ဘုရားရှိခိုးတာပါ။ သူ့ဘာသာသူတော့ မထိုင်နိုင်ရှာပါဘူး။ ဒီတော့ အိပ်နေရင်းကနေ လက်အုပ်ကလေး ချီရင်ချီ၊ ဒါမှမဟုတ်ရင်လည်း ခေါင်းအုံးတွေမှီလို့ ထိုင်ခုံလေးမှာ ထိုင်စေပါတယ်။ ပြီး ... ပါးစပ်က သူ့ဘာသာ ဘုရားစာတွေ ရွတ်နေပါတယ်။ သားသမီး မြေးတွေရဲ့ နာမည်တွေကို မေ့ကုန်သော်လည်း အချိန်မှန်ဘုရားစာရွတ်ဖို့နဲ့ တရားထိုင်ဖို့ကိုတော့ လုံးဝ မမေ့ပါဘူး။ သူနေ့စဉ် အမြဲရွတ်နေကျ ဘုရားစာတွေကို ရွတ်နေတယ်လို့ ထင်ရတုန်းပါပဲ။ ဘာတွေ ရွတ်နေမှန်းတော့ ဘေးလူတွေက နားမလည်၊ မသဲကွဲလှပါဘူး။

မနက်ပိုင်း ဘုရားရှိခိုးပြီးသွားပြီဆိုတာနဲ့ မနက်စာ မုန့်စားပါတယ်။ မုန့်စားနေရင်းက နင့် အဖေကြီးကိုလည်း မနက်စာ ကျွေးပြီးပလား၊ ကျွေးလိုက်ဦးနော်လို့ တစ်ခွန်းသတိပေးပါတယ်။ အနားမှာ ရှိသမျှ သူအားလုံးရဲ့ နာမည်တွေကို မေ့ကုန်တာပဲလား၊ မမှတ်မိတာလား မသိ၊ ဘယ်သူ့ကိုမှ အမည် နာမ တတ်ပြီး မခေါ်တော့ပါဘူး။ ဒါပေမယ့် သူ့ ယောက်ျား အနှစ် ၈၀လောက် ပေါင်းသင်းခဲ့ရတဲ့ အဖေကြီး နာမည်ကျတော့ ထူးထူးခြားခြား အမှတ်ရနေတုန်းပါပဲ။ တကယ်တော့ အဖေကြီးက ၂၀၀၄ခုနှစ် အသက် ၁၀၁နှစ်မှာ ဆုံးသွားခဲ့ပါပြီ။

ဒီလိုနဲ့ မနက်စာစားချိန်စား၊ နေ့လည်စာ ညနေစာ စားချိန်မှာ စားသောက်ပြီးစီးတိုင်း မျက်လုံးလေးမှိတ်ပြီး တရားမှတ်နေတော့တာပါပဲ။ စားချိန်ရောက်တဲ့အခါ သူ့ကို လာကျွေးတာ မှန်သမျှ စားပါတယ်။ ဘယ်လောက်ပဲ မစားချင်တာ ဖြစ်ပစေ အားနာသမှုနဲ့ တဇွန်းလောက်တော့ စားပေးရှာပါတယ်။ ဆေးတိုက်ရင်လည်း မညည်းမညူ သောက်ပါတယ်။ အစားအစာနဲ့ ပါတ်သက်ပြီး ဇီဇာ မကြောင်ပါတော့ပါဘူး။ ဒိမတိုင်ခင်ကတော့ စားစရာဆို ဇီဇာကြောင်လေ့ရှိသူပါ။ လိုချင်လောဘ မလိုချင် ဒေါသ စသဖြင့် တစက်လေးမျှ ဖြစ်ချိန်မရှိပဲ တကယ်ကို အေးချမ်းလှပါတယ်။ အဲ... သူနားနေတဲ့အချိန်မှာ စကားသွားပြောရင် မကြိုက်ပါဘူး။ တရား မှတ်လိုက်အုံးမယ်လို့ ပြောပြီး ဘာပဲ သွားပြောပြော မတုန့်ပြန်ပဲ မျက်လုံးမှိတ်နေတော့တာပါပဲ။ ဒါပေသိ အမေကြီးကို ခြေဆုပ်လက်နယ် ပြုစုသူမှန်သမျှကို အရင်ကအတိုင်း ဆုတွေ တသီကြီး မမေ့မလျော့ ပေးတုန်းပါပဲ။

အမေကြီးက သူ့သမီးအကြီးဆုံး အပျိုကြီးနဲ့ အဖော်၂ဦးနဲ့ တခြားအိမ်တစ်အိမ်မှာနေကြတာမို့ မရွှေစုမေမေက နေ့တိုင်းလိုလို မိုးလင်းကနေမိုးချုပ်ထိ အဲဒီအိမ်မှာသွားနေပြီး အမေကြီးအနားမှာ အနီးကပ် ပြုစု စောင့်ကြည့် ပေးပါတယ်။ အဲသလို မေမေက နေ့တိုင်း သူ့အိမ်လာပြီး သူ့ကို ပြုစုပေးနေတာကို အမေကြီးကသိပါတယ်။ ဒါပေမယ့် သူ့ကိုလာပြုစုပေးနေသူဟာ သူ့သမီးအလတ်တော်စပ်တယ် ဆိုတာကိုတော့ မေ့နေပါပြီ။ မေမေ နှိပ်ပေးလျင်ဖြစ်စေ၊ ကိုယ်လက် သုတ်သင်ပေးနေလျင်ဖြစ်စေ ထုံးစံအတိုင်း သဘောတကျ ဆုတွေပေးပါတယ်။ ပြီးတော့ မေမေ့ကို လူကြီးကို စိတ်ရှည်လက်ရှည် ပြုစု ဂရုစိုက်လိုက်တာ၊ တော်လိုက်တာနော်... တဲ့။ ဒါနဲ့ ... သမီးမှာရော အမေရှိသေးလား။ လို့ မေးသတဲ့။ မေမေက ရှိတာပေါ့ အဖွားရဲ့လို့ ပြန်ဖြေပါတယ်။ ဟုတ်လား၊ အမေက ဘယ်အရွယ်တုန်းလို့ ပြန်မေးပါတယ်တဲ့။ မေမေက ကျမအမေက အဖွားနဲ့ရွယ်တူပဲ အဖွားရဲ့လို့ ပြန်ပြောတော့... အော်... ကံကောင်းလိုက်တာနော်... ဒီအရွယ်အထိ အမေနဲ့နေရတာ ကံကောင်းတာပေါ့လို့ ပြန်ပြောသတဲ့။ ပြီးတော့ မေမေ့ကို ဒီမိန်းမ၀၀ဟာ ငါ့ကို တော်တော်သံယောဇဉ် ရှိရှာတာပဲ။ နေ့တိုင်းကို အိမ်လာပြီး ပြုစုပေးနေတာပဲလို့ မေမေ ပြန်သွားတဲ့အခါ အနားမှာရှိတဲ့သူတွေကို ပြောပြနေသေးသတဲ့။

မနှစ်က မရွှေစုနဲ့တွေ့တော့လည်း မရွှေစုက အမေကြီးနား ကပ်ပြီး - အမေကြီး၊ သမီး စုလေ မှတ်မိလားလို့... မေးတော့ ကိုယ့်မြေးတွေပဲကွယ် မမှတ်မိပဲ နေမလားလို့ ပြုံးပြီး ဖြေပါတယ်။ တကယ်တော့ မရွှေစု ဘယ်သူဆိုတာ သူ မသိရှာပါဘူး။ မေးတဲ့သူ ကျေနပ်အောင် အလိုက်အထိုက် ပြန်ဖြေနေတာ မရွှေစုတို့က သိတာပေါ့။ ၂၀၁၀ခုနှစ် အမေကြီး ၉၉နှစ် မွေးနေ့မှာ မရွှေစု ရှိနေတော့ ဘိုးဘွားရိပ်သာမှာ အမေကြီး ကိုယ်စား အဘိုးအဘွားတွေကို အလှူလေး လုပ်ပေးခဲ့ပါတယ်။ တကယ်တော့ နှစ်စဉ်နှစ်တိုင်း လှူနေကြ အလှူလေးပါ။ အလှူကပြန်လာတော့ အမေကြီးရေ... အမေကြီး မွေးနေ့ အလှူလုပ်ခဲ့တာ သာဓုခေါ်ပါဦးလို့ ခြေထောက်လေးတွေ နှိပ်ပေးရင် ပြောပြတော့ သာဓုလို့ ၃ခါ အကျယ်ကြီး ရွတ်ဆိုလိုက်သမို့ မရွှေစုတို့ တတွေ အားလုံး ပြုံးကြရသေးတယ်။

အမေကြီးဟာ ဘာရောဂါမှ မရှိပေမယ့် သူ့မှာ အိုတဲ့ဒါဏ်ကို ခံစားရတဲ့ အိုနာ ဒုက္ခတော့ရှိရှာပါတယ်။ အရိုးတွေ နာတယ်။ အကျောတွေ ဆိုင်းသလိုဖြစ်တယ်။ တခါတလေ ၀မ်းမသွားနိုင်တာ ဖြစ်တယ်။ သူများ ထူပေးမှ သွားနိုင် လာနိုင်ရှိတယ်။ တချို့ကတော့ ပြောတယ်။ အဲသလောက် အသက်ရှည်ရှည် မနေချင်ဘူးတဲ့။ မရွှေစု အမြင်ကတော့ အသက်ရှည်ခြင်း မရှည်ခြင်းဟာ ကိုယ်ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ကိစ္စကတော့ အသက်ရှင်နေစဉ် အချိန်အတွင်းမှာ ရသမျှအချိန်ကလေးကို ကိုယ်စွမ်းကိုယ်စ ရှိသလောက် ကုသိုလ်ကောင်းမှုတွေပြုလို့ အသက်ရှင်ခြင်းကို ငြိမ်းချမ်းစွာနဲ့ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ပဲ လိုပါတယ်။

လူ့လောကကြီးမှာ အသက်ရာကျော်နေနိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ မရွှေစုဟာ မတော်တဆများ အမေကြီးလို အသက်ရာကျော်နေခွင့်ရခဲ့မယ်ဆိုပါက အမေကြီးလို မလိုအပ်တဲ့ အရာအားလုံးကို မေ့နိုင်စွမ်းရှိတဲ့ လောဘ ဒေါသ မောဟ တဏှာတွေ ကင်းစင်အေးချမ်းတဲ့ တရားဓမ္မများမှာပဲ အစဉ်သတိကပ်နိုင်တဲ့သူမျိုး ဖြစ်ရပါလို၏လို့ ဆုတောင်းမိမယ်ထင်ပါရဲ့။

အမေကြီးရဲ့ ရာပြည့်မွေးနေ့လေးမှာ ကျေးဇူးရှင်အမေကြီး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့စွာဖြင့် တရားဓမ္မများ အားထုတ်နိုင်ပါစေလို့ ရိုသေစွာဖြင့် ဆုတောင်း မေတ္တာများ ပို့သ ရှိခိုး ကန်တော့လျက်။

အဝေးတနေရာမှ
မြေး - မရွှေစု

*********************

Saturday, October 16, 2010

ရွှေမေတ္တာအရင်းခံပါပဲရှင်...

ရွှေမေတ္တာအရင်းခံပါပဲရှင်...


၁၆ - ၁၀ -၂၀၁၀
ကိုလေးအတွက်...
၄၁နှစ်မြောက် မွေးနေ့လက်ဆောင်


သီချင်း - မေတ္တာအရင်းခံ
တေးရေးဆရာ - ရွှေတိုင်ညွန့်
တေးဂီတ - စန္ဒရားငွေစိုး

Sunday, October 10, 2010

Naughty!!!!




I sung this song and created this music video... just to tease my hubby in our 9th married anniversary...... He is laughing out loud when he saw this.....

;-)


uploaded in 10-10-10
Remembrance

Wednesday, July 14, 2010

ကိုရေချမ်း နဲ့ မရွှေစု


အမသက်ဝေနဲ့ အမချစ်ကြည်တို့က အသွင်တူမတူ ရေးခိုင်းတော့ ရေးစရာတွေများလွန်းလို့ ဘယ်ကနေ စရေးရမယ်မှန်းတောင်မသိ။ ရေးစရာတွေ များတယ်ဆိုတာ အသွင်တွေတူလွန်းလို့တော့ မဟုတ်၊ အသွင် လုံးဝ မတူသောကြောင့်ဆိုတာကို ရိပ်မိမှာပေါ့နော်...။

သူ့ကို ငယ်ငယ်တုန်းက အမျိုးတွေခေါ်ကြတာ ကိုရေချမ်းတဲ့။ အေးချမ်းလွန်းတယ်ဆိုတာပဲ။ မရွှေစုငယ်နာမည်လား... မရွှေစုပဲထားလိုက်ပါတော့နော်...။ မိစွာတေးတို့၊ မစပ်စုတို့၊ မရှပ်တေးတို့၊ ပဲခူးဆားတို့ ဘာတို့ ညာတို့ဆိုတဲ့ ငယ်နာမည်တွေ လုံးဝမရှိခဲ့ပါဘူး။ အဟုတ် တကယ်ကြီးပြောတာပါ။

*********

အခုတလော မရွှေစုတစ်ယောက် သီချင်းဆိုချင်တဲ့ ဓါတ်ကျနေတယ်။ အဲသာကြောင့် တနေ့တနေ့ သီချင်းတွေချည်း လှိမ့်ဆိုနေတာပါပဲ။ တချို့တော့ ဗွီဒီယိုလေး လုပ်ဖြစ်ရင် ယူကျုပေါ်တင်လိုက်တာပေါ့နော်။ အဲသာ... တနေ့က ဖြူသီရဲ့ ပိုလာဘာလီ သီချင်းလေးဆိုနေတာ အသံသွင်းနေတာကို သူကြားတော့ ဘာပြောတယ်မှတ်လဲ...။ ဟာ... အဲဒီသီချင်းကြီး မဆိုစမ်းပါနဲ့ကွာ... သီချင်းထဲ အနမ်းလေးတွေ ချွေလေတိုင်း... ဘာညာနဲ့ ရှက်စရာကြီး... တဲ့။ အလကားနေရင်း ရှက်တတ်တာများတော့ ဖေ့ဘုတ်ထဲ ကျနော့်ပုံတွေ မတင်နဲ့နော်။ ဘလော့ထဲ ဖိုရမ်ထဲ ကျနော့်အကြောင်းတွေ လျှောက်မရေးနဲ့နော်။ ရှက်စရာကြီးတဲ့။ ခုတော့အမတို့ ရေးခိုင်းလို့ရေးရတာနော်... ဒါပဲ။

ရှက်တတ်တာပြီးတော့ ကြောက်တတ်တာကရှိသေး။ မရွှေစုက ဆရာငြိမ်းရေးတဲ့.... မပြီးသေးသော ပန်းချီကား သီချင်းလေးဆိုတော့ အဲဒီသီချင်းသံကြားရင် ကြောက်ပြန်သတဲ့။ လှော်ခတ်သူလဲတစ်ယောက်မပါ သူ့အလိုလိုသာပင်... လှေကြီးတစင်းကမ်းသို့ ဆိုက်ခါဝင်... ဆိုတဲ့နေရာရောက်ရင် လန့်လာသယ်ဆိုပဲ။ အဲသာနဲ့... မရွှေစုတစ်ယောက် ကိုရေချမ်းအိမ်မှာမရှိတဲ့အချိန် ကိုယ်ဆိုချင်တဲ့ သီချင်းလေးတွေ ခိုးဆိုရတဲ့ အဖြစ် ရောက်ကရော။

ဒါပေမဲ့ ဟိုတနေ့က ဆရာရွှေတိုင်ညွန့်ရဲ့ မေတ္တာအရင်းခံ သီချင်းဆိုတာ တနေရာမှာ ကီးမမှန်လို့ ဘယ်လို ဆိုရမယ်မှန်းမသိတော့ သူ့ကို သင်ခိုင်းတော့လဲ စိတ်ရှည်လက်ရှည်သင်ပေးဖေါ်ရသား။ သူက ကျောင်းတုန်းက ဒရမ်မာကိုး။

*********

စင်ကာပူမှာ ကားကိုလက်နဲ့ ကပ်ပြီး အကြာဆုံးနေနိုင်တဲ့သူက ကားရတဲ့ ပြိုင်ပွဲရှိတာ သိတယ်မလားဟင်။ တခါက အောချက်ကိုသွားရင်း ကြုံလို့ ပြိုင်တဲ့သူတွေကို ၀င်ကြည့်ကြပါရော။ ကိုရေချမ်းကတော့ အဲဒီအချိန် host လာလုပ်နေတဲ့ သူ့အကြိုက် ဒီဂျေ ဗနီတာလိုပတ်စ်ကို ၀င်ငမ်းတာ။ မရွှေစု အဖေနဲ့ အမေလည်း အဲဒီအချိန်က စင်ကာပူရောက်နေကြတာ။ အဲဒီမှာ ကားကို လက်ကပ်တဲ့ ပြိုင်ပွဲ အသေးလေးတွေလဲ လုပ်နေကြတာရယ်။ ၁နာရီကပ်နိုင်ရင် ဘာဆုရမယ်။ ၂နာရီကပ်နိုင်ရင် ဘာဆုပေးမယ်ပေါ့လေ။ မရွှေစုတို့ သားအမိ၊ သားအဖ ၃ယောက်လည်း ကြုံတုန်း အပျော် လက်ဝင်ကပ်ကြတာပေါ့။ ၁နာရီကပ်နိုင်ရင် ပိုလိုရှပ် တထည်၊ ထီးတချောင်းနဲ့ တိုလီမိုလီတွေ ရမယ်ဆိုထားတာကိုး။ ကိုရေချမ်းရေ... ရှင်ကော ၀င်ကပ်မလား မေးမလို့ကြံတုန်း... ရှက်တယ်ဆိုပြီး ဝေးဝေးကို ပြေးသွားပါရောလား။ ကိုရေချမ်းနှယ်... သူများတို့ကို ဓါတ်ပုံလေးတော့ ရိုက်ပေးလှည့်ပါအုံးပြောတော့မှ ခပ်လှမ်းလှမ်းကနေ သူနဲ့မသိသလို ရိုက်ပေးတယ်။ အနားတော့ မလာဘူး။ ရှက်တယ်တဲ့။ ဖြစ်ရလေ။ မရွှေစုကတော့ ပြောင်စပ်စပ်ပါပဲ... မရှက်ပေါင်။

အဲဒီကားကို လက်နဲ့၁နာရီ မရွေ့မလျားကပ်နိုင်လို့ ရလာတဲ့ဆူပါရု(ပ်)တံဆိပ်နဲ့ပိုလိုရှပ်ကလေးကို ကိုရေချမ်းဝတ်လို့ရအောင် large size ရွေးယူထားတာ။ ပြီးကျတော့လဲ သူက တမြတ်တနိုးဝတ်နေသား။

*********

တလောကတော့ ရှော့အန်စေ့မှာ ဈေးဝယ်ကြတယ်။ ပိုက်ဆံပေးတဲ့ နေရာမယ် တန်းစီနေကြတဲ့သူတွေ များတော့ ကိုရေချမ်းကို သူများ အရင် တန်းသွားစီနှင့်မယ်နော်...။ ကားထဲ့ထည့်ဖို့အတွက် ရေမွှေးဝယ်ပြီးရင် နောက်ကလိုက်ခဲ့လို့ ပြောပြီး သူ့ကို ဈေးဝယ်လှည်းကြီင်္းနဲ့ ထားခဲ့ပြီး အရင်တန်းစီနှင့်တာပေါ့။ ဟာ... ပြီးလဲ ပြီးရော... ကိုရေချမ်းတစ်ယောက် ပေါ်မလာ ပေါ်မလာနဲ့... ကြာလိုက်တာဆိုပြီး ဟိုဟိုဒီဒီ ကြည့်မိတော့ ကိုယ်စီတဲ့ နေရာနဲ့ ၃လိုင်းခြားကတန်း... ဟိုး...နောက်မှာ လှည်းကြီးရပ်လို့ စီနေတာ။ အော်... ဒီကတော့ ကိုယ့်ကို မမြင်လို့ ရှာမတွေ့လို့ မလာတာပဲ ထင်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကိုယ့်မှာ ဟန်ုးဖုန်းလဲ ပါမလာတော့ သူ့ကို ဖုန်းဆက်ခေါ်လို့လဲမရ။ ဒီတော့ သူကိုယ့်ကို မြင်အောင်ဆိုပြီး ဒီဘက်လိုင်းကနေ (အရပ်ကလဲ ပုဆိုတော့) ခုန်ဆွ ခုန်ဆွ လုပ်ရင်း လက်ယပ်ခေါ်တာပေါ့လေ။ ၄-၅ခါ ခုန်ဆွလိုက်ပြီးတော့မှ ကိုရေချမ်းက တချက်ကြည့်ပြီး ပြန်လက်ကာပြတယ်။ ခေါင်းမသိမသာ ယမ်းပြတယ်။ မလာဘူးဆိုတဲ့ သဘော။ ကိုယ့်မှာ စိတ်တွေတိုပြီး ကိုယ်စီထားတဲ့ နေရာလေး နှမျောတောတောနဲ့ လက်လွှတ်ပြီး သူ့နားသွားရတော့တာပေါ့။ ဘာကိစ္စမလာချင်ရတာလဲ... ဒီမှာ တန်းကအရှည်ကြီး စီရအုံးမယ်... ဘာညာနဲ့ စိတ်တိုနေတဲ့ မရွှေစုကို သူကအေးဆေးပဲ ပြောပါတယ်။ လှည်းကြီးနဲ့ ပစ္စည်းတွေ အများကြီးနဲ့ လူတွေကြားထဲက အတင်းတိုးပြီးလာရမှာ အားနာစရာကြီးတဲ့။ ကိုယ်ကအရမ်းအရင်လိုနေတာမှ မဟုတ်တာ အချိန်ရနေသေးတာပဲ... တဲ့။ ကိုရေချမ်းသည် အဲသလို လူ။

အို... ဘယ်ရမလဲ... အခုများတော့ ရှော့ပင်းစင်တာ ဈေးဝယ်ရင် မရွှေစုက သူ့ကို အရင် တန်းစီခိုင်းလိုက်တာပေါ့။ မရွှေစုကတော့ အိတ်စကျုမီနဲ့ ပလိစ် လှိုင်လှိုင်သုံးပြီး လူတွေကြားထဲ ရအောင်တိုးလိုက်တာပါပဲ။ မရွှေစုခမျာ အဲသလို ဂျန်တယ်မန်းနဲ့ အဆင်ပြေအောင် ပေါင်းနေရတဲ့သူပါ။

*********

မနှစ်က အိမ်ပြန်ကြတယ်။ မရွှေစုတို့ ရန်ကုန်ကအိမ်ရှေ့လမ်းထောင့်မယ် ဆိုက်ကားဂိတ်ကလေးရှိတယ်။ ကိုရေချမ်းတစ်ယောက် တီရှပ်အဖြူ၊ ဘောင်းဘီကွာတားအဖြူရောင်နဲ့ ကင်မရာကြီးတလွယ်လွယ် အိမ်ရှေ့ထွက်ပြီး ဆိုက်ကားတွေ ဓါတ်ပုံရိုက်လိုက်၊ ဟိုဟာမြင်ဓါတ်ပုံရိုက်လိုက်၊ ဒီဟာမြင် ဓါတ်ပုံရိုက်လိုက်နဲ့။ ဆိုက်ကားသမားတွေ၊ လမ်းထောင့်က ဈေးသည်တွေက သူ့ကိုကြည့်ရင် သူကပြုံးပြုံး... ပြုံးပြုံးနဲ့ တပြုံပြုံးပြန်လုပ်ပြသေးတာ။ တမနက် မရွှေစုရဲ့အမက ဈေးသွားဖို့ ဆိုက်ကားစီးတော့ ဆိုက်ကားသမားတွေက ၀ိုင်းမေးကြသတဲ့။ အမကြီး ... ညီမရဲ့ ယောက်ျားက နိုင်ငံခြားသားလားတဲ့။

မရွှေစုကတော့ သွားဆေးခန်းကို ခရီးသွားစရာရှိလို့ မြန်မြန်လေး လုပ်ပေးပါဆရာရယ်လို့ ပြောမိလိုက်တာ... သမီးက နယ်က ကျောင်းဆရာမလေးလားတဲ့။ အဲသလို ကိုရေချမ်းနဲ့ မရွှေစုတို့ဟာ မြို့ကြီးသား စတိုင်ကျကျနဲ့ တောသူမ စုံတွဲရယ်ပါ။

*********

မရွှေစုရေ... ကျနော်... ဒီနားခဏသွားလိုက်အုံးမယ်။ ပြီးမှ ပြန်လာမယ်။ ခင်ဗျားစားချင်တာလေး ၀ယ်စားထားနှင့်လိုက်နော်...။ သိပ်မကြာပါဘူး... ခဏပါ။ အင်း... အင်း... ရတယ်... သွား.. သွား။ အဲသလို မရွှေစုနဲ့ကိုရေချမ်းတို့ စကားပြောနေကြတာကို ဘေးနားရောက်လာတဲ့ ကိုရေချမ်းကိုမသိတဲ့ သူငယ်ချင်းက အဲသာဘယ်သူလဲ... နင့်အမျိုးသားရော ခေါ်လာမယ်ဆိုတာ ပါမလာဘူးလားတဲ့။ အို... အဲသာ... ကိုရေချမ်းလေဆိုတော့... ဟင်... နင့်ယောက်ျားကလဲ နင့်ကို စကားပြောတာ ကျနော် ... ခင်ဗျားတဲ့...။ အော်... သူက အလွန် အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ မန်းသားမို့ပါဟယ်... ခွင့်လွှတ်ထားပါတယ်လို့..။

ထစ်ကနဲရှိ စိတ်တိုတတ်တဲ့ မရွှေစုတို့ စိတ်ရှည်တတ်လာရင်၊ ဘုရားတရား ဘာမှမလုပ်တဲ့ ကိုရေချမ်းတို့ ဘုန်းကြီးကျောင်းဝေယျာဝစ္ဆတွေ လုပ်လာရင်၊ တခါမှ တရားမထိုင်ဖူးတဲ့သူ တနေ့နာရီဝက် အနည်းဆုံး တရားထိုင်တတ်လာတယ် ဆိုလို့ ရှိရင် အဲသာတွေဟာ ရည်းစားသက် ၅နှစ်၊ အိမ်ထောင်သက် ၉နှစ် ဆိုတဲ့ ဘလန်ဒါနဲ့ ရောမွှေကြိတ်ခြင်းခံလိုက်ရတဲ့ ရလဒ်တွေပါပဲ။

*********

အမသက်ဝေနဲ့ အမချစ်ကြည်တို့ရေ... ရေးရရင်တော့ တထောင့်တည ပုံပြင်တွေထက် ရှည်သွားမှာ စိုးလို့ ဒီမှာပဲ ရပ်လိုက်တော့မယ်နော်... ။ အသွင်မတူတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။ သို့သော်လည်းပဲ ဟိုးအပေါ်က ကာတွန်းလေးလိုပေါ့... အသွင်လုံးဝမတူကြပေမဲ့ တစ်ယောက်ရှိမှ တစ်ယောက်အတွက် complete ဖြစ်တယ်လို့ ထင်နေကြပါတယ်။

ချစ်ခင်စွာ...
ကိုရေချမ်း + မရွှေစု

Tuesday, June 1, 2010

သမီးလတ်ရင်ထဲက ချစ်မေမေ

သမီးလတ်ရင်ထဲက ချစ်မေမေ

၀၁-၀၆-၂၀၁၀

မေမေ...။

ဒီနေ့ မနက်အိပ်ရာကထတော့ သမီးလတ် ခေါင်းတွေမူးနေတယ်။ ခုတလော ညလယ်တွေမှာ ခဏခဏ လန့်ပြီးနိုးတယ်။ အလုပ်တွေ မပြီးလို့ လန့်လန့်ပြီး နိုးတာ မေမေရဲ့။ မနေ့ညကတော့ စိတ်ညစ်ပြီး ငိုတောင်ငိုချင်နေတာ။ ဘာလို့လဲဆို ဒီကနေ့ new product ကို run ဖို့ရာ သမီးလတ်ရေးတဲ့ Firmware Code အသစ်ကိုပေးရမှာ။ code က error တွေ တက်နေလို့ အချိန်မှီ မပေးနိုင်ဘူး... မေမေ။ သမီးလတ်လဲ ကြိုးစားပြီး လုပ်တာပဲ။ ပြီးခဲ့တဲ့ အပတ်ကလေ ... သမီးလတ်တို့ ရုံးက ၄ရက်ဆက်ပိတ်တာတောင် မနားပဲ ဆက်တိုက် လုပ်တာပဲ။ ဒါပေမဲ့ စိတ်အရမ်းပူနေလို့လားမသိ... လူကဟုန်နေတယ်။ ခေါင်းရှင်းရှင်း ထားပြီး အလုပ်မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီ code ကို မပေးနိုင်ရင် သမီးလတ်တို့ group က မျက်နှာပျက်စရာဖြစ်မှာ မေမေရဲ့၊ ကိုယ့်အတွက်ကြောင့် ကိုယ့်အဖွဲ့ကို ဂုဏ်မငယ်စေချင်တဲ့စိတ်နဲ့ စိတ်တွေပါ ညစ်နေတယ်။

သမီးလတ်လေ မေမေ့ စကားကိုနားထောင်ပါတယ်။ ညတိုင်း မအိပ်ခင် တရားမှန်မှန်ထိုင်တာပဲ။ စိတ်တွေက ပျံ့လွင့်ပေမဲ့ သမီးလတ် ကြိုးစားပြီး တရားမှတ်ပါတယ်။ အရာရာ မမြဲဘူး။ စိတ်ပျော်နေတာ အမြဲ မရှိသလို စိတ်ညစ်စရာလဲ အမြဲမရှိဘူးလို့ ညစ်နေတဲ့စိတ်သဘောကို သိအောင် မှတ်တာပါပဲ။ မှတ်လဲမှတ်မှတ်နဲ့ပဲ မသိစိတ်အဟုန်က ညစ်နေတယ် ထင်တာပါပဲ မေမေရယ်။ အဲသာကြောင့် ညလယ်တွေ လန့်လန့်နိုးပြီး မနက်ရုံးသွားရင် ခေါင်းတွေမူးနေတယ်။ ဒါတောင် အဲဒီလောက် တရားထိုင်နေလို့သာ စိတ်က နေသာထိုင်သာရှိတာ။ နို့မဟုတ်ရင် သမီးလတ်က အလကားနေရင်း စိတ်ပူတတ်၊ စိတ်များတတ်ပါဘိသနဲ့... တရားသာမကယ်ရင် ခုလောက်ရှိ အလုပ်တွေပိပြီး နှလုံးရောဂါလောက်တော့ အသာလေးရနေလောက်ပြီ ထင်တာပါပဲ။

ဒီနေ့ မနက်လဲ ရုံးကို ခါတိုင်းလို အစောကြီးရောက်တော့ ဘယ်သူမှ မလာခင် စားပွဲမှာ ထိုင်ပြီး မေမေပြောသလို နာရီဝက်လောက် တရားမှတ်ပါတယ်။ တရားမှတ်နေရင်းနဲ့မှ... ဟင်... ဒီကနေ့ မေမေ့ မွေးနေ့ပါလားဆိုတာ အမှတ်ရတော့တယ်။ တရားမှတ်မလို့ ပြင်တော့ ဘုရားကန်တော့ရင်း အဖေ၊ အမေ ရည်စူးကန်တော့မယ် လုပ်တော့မှ ဗြုန်းကနဲ အမှတ်ရသွားတာပါ... မေမေ။

ဒီကနေ့ မနက်ပိုင်း သင်တန်းတက်စရာလဲ ရှိတယ်... မေမေ။ အဲဒီ သင်တန်းက ဒီနေ့ နောက်ဆုံး တက်ရမှာ။ project presentation က နောက်တပတ်မှတဲ့။ တော်သေးတာပေါ့...မေမေရယ်။ အလုပ်အရမ်းများနေလို့ အဲဒီ project ကို ဘာမှ မလုပ်နိုင်ပဲ ပြစ်ထားရတာ။ ခုလာမဲ့ ပိတ်ရက်ကျမှပဲ ပြန်ကိုင်ရတော့မယ်။ အလုပ်က ပိုအရေးကြီးလို့ပါ မေမေ။ သမီးလတ်လဲ တရား မှတ်ပြီးတာနဲ့ သင်တန်းမသွားခင် အချိန်ရသလောက် အလုပ်ကလေး လုပ်လိုက်သေးတယ်။ နေ့လည် သင်တန်းက ပြန်လာတော့ ထမင်း ကမန်းကတန်းစားပြီး coding ကို ပြန်ကြည့်ရတာပဲ။ သမီးလတ်ရဲ့ စီနီယာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက သမီးလတ်ကို တတ်နိုင်သလောက် ကူရှာပါတယ်။ ဒါပေမဲ့ သူကိုင်တိုင်လဲ ဘယ်လိုလုပ်ရမယ်မှန်းမသိလို့ အခက်တွေ့နေကြရတာပါ။

နေ့လည် ၂နာရီလောက်မှာ test အဖွဲ့က code ပေးနိုင်မလား လှမ်းမေးတယ် မေမေရဲ့။ သမီးလတ်လဲ Plan Aက မဖြစ်တော့ Plan B နဲ့ လုပ်ဆိုပြီး တခြား code တခုကိုပေးလိုက်ရတယ်။ အဲဒီအတွက် double process တော့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သမီးလတ် ဘာများတတ်နိုင်ပါမလဲ။ သမီးလတ်ကသာ မျက်နှာပျက်နေတာ။ ဘော့စ်ကတော့ ကိစ္စမရှိပါဘူးလို့ ဖြေသိမ့်တယ်။ သမီးလတ်ကတော့ ဒါဟာ ကိုယ်... capable မဖြစ်တာများလားလို့ ကိုယ့်ကိုယ်ကို သံသယ၀င်မိပြီး စိတ်ပျက်သလို ခံစားရတယ်။ test အဖွဲ့ကို run ဖို့ code ပေးလိုက်ပြီးတော့ သမီးလတ် စိတ်ကို ဒုံးဒုံးချလိုက်တယ်။ တင်းနေတဲ့ စိတ်တွေကို ခဏ ဖြေလွှတ်လိုက်တယ်။

စားပွဲရှေ့က မေမေ့ ဓါတ်ပုံလေးကို ကြည့်တယ်။ ဒီကနေ့ မေမေ့ မွေးနေ့။ မေမေ့ ကို သမီးလတ်ချစ်တယ်။ မေမေ့ရဲ့ တုနှိုင်းမရတဲ့ မေတ္တာကို တသအောင့်မေ့မိလိုက်တယ်။ မေမေ... သမီးလတ် အလုပ်တွေ လုပ်မရဘူး။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဘာဆက်လုပ်ရမလဲ၊ ဆိုတာလဲ မတွေးတတ်တော့ဘူး။ ဒါပေမဲ့... မေမေ့ အတွေးထဲမှာ သမီးလတ်က သူရဲကောင်းဖြစ်နေမယ်ဆိုတာ သမီးလတ်သိတယ်။ မေမေ့ သမီးလတ် လုပ်ရင် အရာရာ ဖြစ်နိုင်တယ်လို့ မေမေက ယုံကြည်ပေးတယ်။ မေမေ့ပုံလေးက... သမီးလတ် ကို... အင်အားတွေ ပေးတယ်။ ဟုတ်တယ်။ ဘာလို့ မဖြေရှင်းနိုင်ရမှာလဲ။ မေမေက ပြောဘူးတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားရမယ်၊ အလုပ်လုပ်ရမယ်တဲ့။ မဖြစ်လာသေးတာကိုလဲ မပူနဲ့၊ ဖြစ်ခဲ့ပြီးတာကိုလဲ မပူနဲ့တဲ့။ မေမေ့ ပုံလေးကို ကြည့်တယ်။ စိတ်ထဲက ကန်တော့တယ်။ မေမေ... သမီးလတ် ဒီပြဿနာကို ဒီကနေ့ မရရအောင် ဖြေရှင်းမယ်။ ဒီကနေ့ မပြီးမချင်း သမီးလတ် အလုပ်ထိုင်လုပ်မယ်။ အလုပ်တခုကို မပြီးခင် တ၀က်တပျက်မှာ စိတ်ပျက်လက်ပျက် ဖြစ်တဲ့သူဟာ လူပျော့လူညံ့လို့ မေမေက ပြောဖူးတယ်။

သမီးလတ် ကြိုးစားပြီး code တွေ အဆင့်လိုက် တခုစီ တခုစီ အစတွေ ဆွဲထုတ် ဖြေထုတ်တယ်။ ပြဿနာ ဖြစ်နိုင်တာတွေကို တခုစီ စိတ်ရှည်လက်ရှည် ပြန်ပြောင်းတယ်။ ပြီးခဲ့တဲ့ ၂ပတ်လုံးလုံး လုပ်ခဲ့တဲ့ debugging stage တွေကို တဆင့်စီ စိတ်ရှည်လက်ရှည် ပြန်စစ်တယ်။ မျက်လုံး ခဏမှိတ်တယ်။ တရားမှတ်တယ်။ code တွေကို ပုံဖေါ်ကြည့်ပြီး ဘယ်နေရာက ဘာဖြစ်နိုင်တယ်ဆိုတာ စိတ်အေးလက်အေး ပြန်စဉ်းစားတယ်။ ၃နာရီလောက်ကြာသွားတယ်။

မေမေရေ... ။ မေမေရေ... ။ မေမေ မေတ္တာကြောင့်... ၂ပတ်လောက် သမီးလတ် မဖြေရှင်းနိုင်တဲ့ ပြဿနာ မထင်မှတ်ပဲ ဗြုန်းကနဲ အဆင်ပြေသွားပြီ။ management ကို ချက်ချင်း အသိပေး၊ code အသစ်ကို ချက်ချင်း released လုပ်နိုင်အောင် ပေးလိုက်တယ်။ ပင်ပန်းလွန်းလို့ သမီးလတ် မျက်နှာက နွမ်းချင်နွမ်းနေမယ်။ ဒါပေမဲ့ သမီးလတ် ရင်ထဲမှာ မေမေ... မေမေ.. လို့ ရွှင်လန်းစွာနဲ့ အသံတိတ် မြည်တမ်းနေတယ်။

မေမေ... မေမေ... သမီးလတ်ရင်ထဲက ချစ်မေမေ...
မွေးနေ့မှာ ကျန်းမာ ချမ်းသာ လန်းဖြာစွာနဲ့ တရားဘာဝနာများ သက်ဆုံးတိုင် ကောင်းစွာ ပွားများ အားထုတ်နိုင်ပါစေ။

ချစ်သမီးလတ်

Friday, October 16, 2009

Four-O Present for U!!!!!

Some say, life begins at four-O.

It’s hard to believe that

you will begin new chapter of life starting from today.

But I know you are aging like fine wine!

I wish you be enjoy real peace, real harmony and real happiness.





On this very special day,

I have a surperb birthday present for you!!!!!

I will let you win an argument……………………….!!!!!
Cheers!!!!!!!!!!!!!!!!!!!!
&
Happy Birthday four-O.

Friday, October 9, 2009

မပျင်းပေါင်ရှင်...


ရုံးက သူငယ်ချင်း မလေးတရုတ်မလေးက ပြောတယ်။ ခုတလော သူ အရမ်းစိတ်ပင်ပန်းတာပဲတဲ့။ အလုပ်လုပ်ရတာ စိတ်ဓါတ်တွေကျတယ်...စိတ်မပါဘူး... နေရထိုင်ရတာလဲ မပျော်ဘူး ... စိတ်ညစ်တယ်တဲ့။

ဘာဖြစ်လို့လဲ... ရုံးမှာအလုပ်တွေ မနိုင်မနင်းများနေလို့လား၊ ဘော့စ် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကတောက်ကဆဖြစ်သလား၊ သားသမီးတွေက ပြောစကားနားမထောင်လို့လား၊ စာမေးပွဲကျလို့လား၊ ကိုယ့်လူကြီးမိဖ တစ်ယောက်ယောက်နေမကောင်းဖြစ်နေလို့လား၊ ယောက်ျားနဲ့ အဆင်မပြေလို့လား၊ ငွေရေးကြေးရေးပူစရာရှိသလား၊ ကိုယ်ကိုယ်တိုင် နေထိုင်မကောင်းဖြစ်နေသလား... စတာတွေ မေးကြည့်တော့ ..ဟင့်အင်း... ခါတိုင်းလို.. ပုံမှန်ပဲ... ဘာမှ မထူးခြားဘူး... ရုတ်တရက် ဖီလင်က ဖြစ်လာတာ... နေရတာ မပျော်တာ သက်သက်တဲ့...။ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်လာ မနက်စာပြင် ရုံးကိုလာ ရုံးအလုပ်တွေလုပ်၊ အချိန်တန် ရုံးဆင်းတော့ အိမ်ပြန်၊ ကလေးတွေ စာသင်၊ ယောက်ျားခူးခပ်ကျွေး၊ ပိတ်ရက်ကျတော့ အိမ်ရှင်း၊ ကိုယ့်ဘ၀အတွက် ဘာမှမလုပ်ရပဲ ဒီလို လည်ပတ်နေတာကြီးကို မုန်းလာ၊ ငြီးငွေ့လာ၊ ဘ၀ကြီးကို ပျင်းလာတာတဲ့.. နင်ကော အဲသလိုမဖြစ်ဘူးလားတဲ့။

ကိုယ်ကပြုံးနေလိုက်တယ်။ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မဖြစ်အောင်နေတယ်... ကိုယ့်ဘ၀ကိုယ် မပျင်းအောင်၊ စိတ်ဓါတ်မကျအောင် နေရတယ်လို့...။ တခါတလေ သူငယ်ချင်းတွေထဲကလည်း အဲသလို ပြောတာမျိုးတွေ ကြားရတတ်တယ်။ ပြီးတော့ ကိုယ်တို့က ကလေးမရှိတော့ နင်တို့ ၂ယောက်ထဲ နေရတာ မပျင်းဘူးလားလို့ မေးတာ ခဏခဏ ကြုံရတယ်။ သူ့မိန်းမနဲ့ ခဏခဏ စကားများတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကဆို ငါသာ နင်တို့လို ကလေးမရှိရင် ငါ့မိန်းမနဲ့ ကွဲတာကြာပြီတဲ့။

သူတို့ကို အသေးစိတ်တော့ ရှင်းပြမနေ၊ ဖြေမနေတော့ဘူးရယ်။ လူဆိုတာ ကိုယ့်ဘ၀အကြောင်းနဲ့ကိုယ်ဆိုတော့ကာ သူနဲ့ ကိုယ်နဲ့ ယှဉ်ပြီးပြောနေလို့မရဘူး။ ကိုယ်နေရတာ ပျင်းတိုင်း၊ စိတ်ညစ်တိုင်း သူများတွေလဲ အဲသလိုပဲနေမယ်လို့ ထင်နေမဲ့သူကိုလည်း နားလည်စွာနဲ့ ငြိမ်နားထောင်ပေးရတတ်တယ်။

တကယ်က ကိုယ်တို့ဘ၀မှာ ပျင်းချိန်တောင်မရှိဘူး။ ကိုယ်က ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာပါတယ်။ မျက်လုံးလေးမှိတ်ပြီး ငြိမ်နေချင်တဲ့သူမှုတ်ဘူး။ ပြီးတော့ ဘ၀မှာ ပုံမှန် အလုပ်တွေနဲ့ လည်ပတ်နေတဲ့ကြားထဲက စိတ်ဝင်စားစရာလေးတွေ၊ ကိုယ့်အတွက်၊ လောကအတွက် အကျိုးရှိမယ်ထင်တာလေးတွေကို လျှောက်လုပ်တတ်တယ်။

ပန်းချီဆွဲတယ်။ စာရေးတယ်။ သီချင်းဆိုတယ်။ အိမ်နားက ဒုံမင်းတီးတဲ့ အန်ကယ်ကြီးအိမ်မှာ စိတ်ရတဲ့နေ့ဆို ရှေးသီချင်းတွေသွားသွားဆိုကြ တီးကြတယ်။ အေးအေးဆေးဆေး လမ်းသလားချင်ရင် ယောက်ယောက်နဲ့ ၂ယောက်သား ဆန်တိုစာဖြစ်ဖြစ်၊ အိစ်ကုပ်မှာ ဖြစ်ဖြစ် လမ်းလျှောက်ကြတယ်။ ကျောက်ဆောင်မှာထိုင်၊ ပင်လယ်ရေတွေကြည့်ရင်း နေကြာစေ့ဝါးတယ်။ ပြီးရင် စက်ဘီးစီးတယ်။

ကုသိုလ်ရေးအတွက်ကတော့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္ဆသွားလုပ်ပေးတယ်။ တခါတခါ ဘာမှလုပ်စရာမရှိလို့ ပျင်းနေတယ်ထင်ရင် ဘုန်းကြီးကျောင်း ကုဋီတွေသွားဆေးတယ်။ ပိတ်ရက်တွေတရားကျောင်းမှာ တရားသွားထိုင်တယ်။ သူငယ်ချင်းအိမ်မှာ တရားစခန်းဖွင့်ရင် သူတို့ဆီ တရားသွားထိုင်တယ်။ ရံဖန်ရံခါ တရားနာတယ်။ အချိန်ရရင်တရားစခန်းတွေမှာ အကူလိုက်လုပ်ပေးတယ်။ ဘုန်းကြီးကျောင်း ၀က်ပေ့ခ်ျ၊ ပိုစတာ လုပ်တာ တာဝန်ယူထားတယ်။

ရုံးဗော်လန်တီယာအဖွဲ့ကနေ ကလေးတွေစာလိုက်သင်တယ်။ နေမကောင်းတဲ့ သူငယ်ချင်း၊ ဒါမှမဟုတ် သူတို့ မိဖတွေ ဆေးခန်းပြစရာလိုအပ်ရင် အကူလိုက်ပေးတယ်။ ဗိုက်ကြီးသည် သူငယ်ချင်းတွေ စားချင်တာလှမ်းပြောရင် ချက်ပြီးသွားပို့ပေးတယ်။ စီဗီရေးခိုင်းတဲ့သူ၊ အလုပ်စာကူရေးခိုင်းတဲ့သူတွေကို ကူညီတယ်။

ဖိုရမ်ထဲ စာရေးတယ်။ ဘလော့လေးလုပ်ထားတယ်။ ဂျီတော့နဲ့ ဟိုလူ ဒီလူတွေနဲ့ သူငယ်ချင်းတွေဖြစ်ကြ၊ နောက်ကြ၊ ပြောင်ကြတယ်။ စိတ်ဆိုးစရာတွေ မဖြစ်အောင် တတ်နိုင်သမျှရှောင်တယ်။

အဲဒီတော့ ကိုယ့်ဘ၀မှာ အလုပ်နဲ့ အိမ် ၂မျိုးထဲ မဟုတ်ပဲ စိတ်ဝင်စားစရာ၊ ပျော်စရာ၊ အကျိုးရှိမယ်လို့ ကိုယ်ယူဆထားတဲ့ အရာပေါင်းများစွာနဲ့ အားချိန်မရှိ လည်ပတ်နေလို့ ကိုယ့်ဘ၀ကြီးက တသမတ်ထဲ သွားနေတယ်လို့ မယူဆ၊ ပျင်းချိန်တောင်မရဘူး။

မြန်မာပြည်လွမ်းတာနဲ့ အိမ်ကလူကြီးမိဖတွေ သတိရတာကလွဲလို့၊ ဒီနှစ်ထဲ ကျန်းမာရေးကြောင့် စိတ်အနှာက်အယှက် အနည်းငယ် ဖြစ်ရတာလေးကလွဲလို့ ဘာမှ စိတ်ညစ်စရာမရှိ၊ ပျင်းချိန်မရ။

ယောက်ယောက်က ကိုယ်လျှောက်လုပ်သမျှ ဘာကိုမဆို အနောက်ကနေ မငြီးမငြူ ပံ့ပိုးပေးတယ်။ အလုပ်လုပ်ရတာလည်း တော်ရုံနဲ့တော့ မငြီးငွေ့ဘူး။ ပျင်းစိတ်ဝင်လာရင် ဒီအလုပ်လေးရှိနေလို့ ဒီပိုက်ဆံလေး ကိုယ်ရနေတာ...။ ဒီပိုက်ဆံလေးရနေလို့ ကိုယ်လုပ်ချင်တာ ကိုယ်လျှောက်လုပ်လို့ရတာ။ ကိုယ့်မိဖတွေ ကန်တော့နိုင်တာ။ ကိုယ်လှူချင်တာ လှူနိုင်တာ။ အလုပ်ကိုမငြီးငွေ့တဲ့အပြင် ကျေးဇူးတောင်တင်သေးတယ်။

အဲ... မနက် အိပ်ရာထတာကတော့ ပျင်းတယ်။ တခါတခါ ညမိုးချုပ်ထိနေမိလို့ မနက်ရုံးအသွားမှာ အိပ်ရေးကမ၀ဘူး။ ယောက်ယောက်က ဟိုတုန်းက ဖေဖေ ကိုယ့်ကို ကျောင်းလိုက်ပို့သလိုမျိုး။ ကိုယ့်ရုံးအိတ်နဲ့ သူ့ရုံးအိတ်ကိုပုခုန်းတဖက်မှာရောလွယ်၊ သူ့အတွက်နဲ့ ကိုယ့်အတွက် ရုံးထမင်းဘူးအိတ်တွေကို လက်တဖက်ကကိုင်၊ လက်တဖက်က ကိုယ့်လက်ကိုဆွဲ.. မနက်၇နာရီ၁၅မိနစ်ဆို ရုံးသွားကြဖို့ ကားဆီကို အိမ်က အတူထွက်ကြတယ်။

သူ့ရဲ့နွေးထွေးတဲ့လက်နဲ့ထိတွေ့ရတဲ့ မနက်ခင်းဟာ အိပ်ရေးမ၀လို့ နောက်ကျိနေတဲ့၊ ပျင်းနေတဲ့ ကိုယ့်စိတ်ကို နေ့သစ်အတွက် ခွန်အားရှိအောင် အားအင်သစ်တွေ လောင်းထည့်ပေးသလိုပဲ။
ကဲ... ဘယ်မှာလဲ... ပျင်းချိန်... စိတ်ညစ်ချိန်....

၀၈-၁၀-၂၀၀၉
ည ၁၁း၁၁မိနစ်
(ယောက်ယောက်သို့... ၈နှစ်မြောက်မင်္ဂလာ အမှတ်တရ... )

Friday, July 3, 2009

နေကောင်းသွားမှာပါ...


image source
ခုညဖက်လာနေတဲ့ ကိုရီးယားကားကို တီဗွီရှေ့ထမင်းစားရင် တခါတလေကြည့်ဖြစ်တော့ မနေ့ကစီးရီးစ်မှာ အလုပ်ဖြုတ်ခံရလို့ စိတ်ညစ်ရတဲ့အကြောင်းပါလာတယ်။ ဇာတ်လမ်းထဲကသူတွေကြည့်ပြီး တလောက ရုံးကအဖြုတ်ခံလိုက်ရတဲ့ လုပ်ဖော်ကိုင်ဖက်၂ယောက်ကိုသတိရပြီး ရင်ထဲမကောင်းဖြစ်သွားလို့ ထမင်းတောင် မျိုမကျတော့ဘူးရယ်။ အလုပ်ပြုတ်သွားလို့ သူတို့မျက်နှာက စိတ်ပူကြောင်း မပြကြပေမဲ့ သူတို့မိသားစုမှာ မူလတန်းသာသာကလေးတွေ ရှိတယ်ဆိုတာ သိနေတာမို့ အလုပ်များထပ်ရှာလို့မရရင် ဘယ်လိုများ ရှေ့ဆက်သွားကြမလဲလို့ သူတို့ကိုယ်စား စိတ်ပူမိပါရဲ့။

သူများကိုသာစိတ်ပူနေ... ကိုယ်ကလည်း ဒီနှစ်ထဲမှာ ထူလိုက်တဲ့ရောဂါနှယ်။ နှစ်စလောက်ကတဲက ဗိုက်အောင့်၊ လေအောင့်၊ ရင်ဘတ်နာ၊ အသက်ရှူကျပ်... အို ဘာတွေမှန်းမသိ... ဟိုဟာလေးဖြစ်လိုက်၊ ဒီဟာလေးဖြစ်လိုက်။ တလောက အသေးစားခွဲစိတ်မှုလုပ်ရတယ်။ ပြီးလည်းပြီးရော သွားကိုက်တာက၀င်လာရော။ ခုပိုက်ဆံထွက်သွားပြီး သွားကိုက်တာသက်သာလာတော့ အတန်ကြာမေ့နေတဲ့ လက်ကိုက်တဲ့ရောဂါက ပြန်ရောက်လာတယ်။

လက်ကိုက်တာကဖြစ်နေတာ ကြာပြီ။ ခံနိုင်ရည်ရှိပါတယ်ဆိုပြီး ပြစ်ထားလိုက်တာရယ်။ အလုပ်တခုလုပ်လိုက်ရင်းနဲ့ ညာဖက်လက်မောင်းရင်းက ဒဏ်ဖြစ်သွားတာ နှစ်ပေါက်နေပြီ။ ခုတလော ဘာပစ္စည်းမှသယ်လို့မရအောင်ပြန်နာလာလို့ အိမ်ကယောက်ယောက်ကလည်း ဆေးရုံအတင်းသွားခိုင်း၊ ဘော့စ်ကိုယ်တိုင်က ဆေးရုံဖုန်းဆက်ပြီး စီစဉ်ပေးလို့ ဒီကနေ့တော့ ရဖယ်ဆေးရုံမှာသွားပြဖြစ်တယ်။

အိတ်စရေးစကန်လုပ်ပြီးတော့ ဆရာဝန် မျက်နှာကကောင်းတယ်လည်းမဟုတ်၊ မကောင်းဘူးလည်းမဟုတ်။ လက်မောင်းရင်းဂျွိုင့်စကန်မှာ အဖြူရောင်အပြောက်တခုတွေ့ရတယ်။ အမ်အာအိုင် စကန်ထပ်လုပ်ရမယ်တဲ့။ အဲသာလုပ်ပြီးမှ ပြောနိုင်မယ်တဲ့။ ဘာဖြစ်နိုင်လည်း ကိုယ်ကအတင်းမေးတာ ပြောလို့မရသေးဘူးပဲ ငြင်းတယ်။ ကင်ဆာလားဆိုတော့ ကင်ဆာမှုတ်ပါဘူးတဲ့။ ဒါဖြင့်ဘာလဲဆိုတော့ စကန်လုပ်ပြီးမှ ပြောမယ်တဲ့။ တနင်္လာနေ့ စကန်လုပ်ဖို့နဲ့ ဆရာဝန်ပြန်ပြဖို့ ချိန်းပြီး ပြန်လာခဲ့တယ်။

ရုတ်တရက်ဆိုတော့ ကိုယ်လည်း အနည်းငယ်ထိတ်လန့်ပြီး ၀မ်းနည်းသွားတယ်။ ပိုက်ဆံပေးဖို့ ထိုင်စောင့်နေတုန်း ယောက်ယောက်ကိုဖုန်းဆက်ပြီး အကြောင်းစုံပြောပြလိုက်တယ်။ သူကတော့ ဘာမှန်းမသိသေးပဲ လျှောက်မတွေးဖို့၊ မစိုးရိမ်ဖို့ ပြောတာပေါ့။ လာခေါ်ရမလားမေးတာကို မလာနဲ့ ကိုယ့်ဘာသာပြန်လာမယ်... ဘာမှမှ မဖြစ်တာလို့ ပြောလိုက်တယ်။

သာနဲ့ထိုင်ခုံမှာ ထိုင်နေရင်းရောက်တတ်ရာရာတွေးနေမိတယ်။ ဒီနှစ်ထဲကြမှ ဘယ်လိုများဖြစ်ပြီး ရောဂါထူနေပါလိမ့်လို့ တွေးနေရင်းနဲ့ပေါ့။ ခုလက်ကလည်း ဘာမှန်းအဖြေကမသိသေးဆိုတော့ စိတ်ကတထင့်ထင့်နဲ့။ အရိုးကင်ဆာဆိုရင်တော့ ဒုက္ခပါပဲဆိုတဲ့အတွေးရယ်။ မတော်တဆလက်ဖြတ်ရရင်တော့ ငါဘယ်လိုပန်းချီဆွဲရပါ့လို့ထိ အတွေးကရောက်သွားတယ်။ သေနိုင်သလားဆိုတဲ့... အတွေးထိတော့ မရောက်ဘူး။ ဒါပေမဲ့ဖြစ်လာရင် ခံစားရမဲ့ ဝေဒနာတွေနဲ့ ဘေးကမိသားစုတွေ စိတ်ညစ်ကြမှာကိုအရမ်းစိုးတယ်။

သူငယ်ချင်းဆရာဝန်မဆီဖုန်းဆက်တယ်...။ ဖုန်းပိတ်ထားတယ်။ နောက်တစ်ယောက်ဆီဆက်တယ်။ ဘာအဖြေမှတော့ သူ့ဆီကမရပါဘူး.. ပြောလို့မရဘူး... ဘာမှန်းမသိဘူး... အမ်အာအိုင်ပဲ စောင့်ကြည့်ပါ.. မစိုးရိမ်ပါနဲ့ အဖြေပဲရတယ်။ ကိုယ်ကလည်း ဘာဆိုတာ အကြမ်းဖျင်း သိချင်တာပဲ ရှိတာပါ။ တကယ်တန်းခုခုဖြစ်လာပြီဆို ရှောင်လွှဲလို့မှ မရတာ... ပြေးတွေ့ရုံပဲ ရှိတော့တာပေါ့။

သူငယ်ချင်းတွေက ခုတလော ကိုယ်ရောဂါထူနေတာသိတော့ တချို့က ဗေဒင်လေးဘာလေး မေးကြည့်၊ ယတြာခြေဦးလို့တိုက်တွန်းကြတယ်။ ဗေဒင်၊ ယတြာမယုံတဲ့သူမို့ သူတို့ပြောတာ ကိုယ်မလုပ်ဘူး။ ဘုရား၊ တရားပိုလုပ်ရမယ်ဆိုတာတော့ သတိချပ်မိပါရဲ့။ ကိုယ့်မှာ ဖြစ်လာရမဲ့ကံပါလာရင် ဒီကံကပြေးလို့မှ မလွတ်တာ... ယတြာခြေပြီးနောက်ဘ၀ထိတော့ စောင့်မနေချင်တော့ဘူး။ ဖြစ်ရမှာရှိရင်လည်း ပြေးတွေ့လိုက်ရုံပဲ ရှိတော့တာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။

ပထမဆုံး လေယာဉ်စီးဘူးတဲ့ အဖြစ်ကို သတိသွားရမိတယ်။ မန္တလေးကနေ ရန်ကုန်ကို အဖော်မပါပဲ ပထမဆုံး လေယာဉ်စီးဘူးတော့... စိတ်ထဲက အမှန်ကိုပြောရရင် အတော်လေးလန့်တယ်။ ရာသီဥတုမကောင်းတော့ လေယာဉ်က ယိုင်ထိုးယိုင်ထိုးတက်သွားလိုက်တာ... ရင်တွေကလည်း တဒိုင်ဒိုင်းခုန်လို့။ နောက်တော့ စိတ်ကိုလျှော့လိုက်တယ်။ သေတနေ့... မွေးတနေ့... ဘာမှ ကြောက်မနေတော့ဘူး။ ဒါပေမဲ့ သေလည်း ကောင်းကောင်းမွန်မွန်သေရအောင် ငါ ဘုရားစာရွတ်နေမှ ဖြစ်မယ်ဆိုပြီး ဘာမှ မတွေးတော့ပဲ သရဏဂုံ၃ပါးနဲ့ သမ္ဗုဒ္ဓေ ကို လှည့်ပြန်ရွတ်ပြီး ရန်ကုန်ရောက်ရတယ်။

ခုလည်း... တခြားဘာမှ မတွေးတော့ဘူး။ ငါ ဘုရား၊ တရား ကောင်းကောင်း မလုပ်၊ ဘာဝနာ အားမထုတ်လို့ သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတွေက တမင်သတိများပေးနေသလားလို့ တွေးမိပါရဲ့။ နောက်တခုက ကိုယ့်ဘာသာစိတ်ကဖြစ်နေတာ... ၉ဂဏန်းကို ၀င်ကတဲက ရောဂါကထူလာသကိုး။ ခုသြဂုတ်ဆို ၃၉ပြည့်မယ်... မွေးနေ့ကျော်ရင်တော့ ကောင်းသွားမှာလို့ သူများဗေဒင်မယုံပေမဲ့ ကိုယ့်ဗေဒင်နဲ့ကိုယ် ဖြေတွေး တွေးမိတယ်။

ဒီတပတ်စနေကစလို့တော့ သူငယ်ချင်းအိမ်မှာ တရားထိုင်ဖို့ရှိတာ အစကတော့ သွားရင်ကောင်းမလို မသွားပဲနေရမလိုနဲ့... မသိစိတ်က ညီမလေးကို စာကူလုပ်ပေးရမှာရှိလို့၊ ယောက်ယောက်ပျင်းနေမှာစိုးလို့ ..စသဖြင့် အကြောင်းပြချက် လိုက်ရှာနေခဲ့တယ်။ ခုတော့ သွားကိုသွားရမယ်လို့ ဆုံးဖြတ်ချက်ကျသွားတယ်။ ဒုက္ခဖြစ်မှ ဘုရားတရားလုပ်ဖို့ သတိရတယ်လို့ ပြောရင်လည်း ဟုတ်နေတော့ ခံရမှာပဲ။

တနင်္ဂနွေတော့ ကျောင်းဖွင့်ပွဲနဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲရှိလို့ ဘုန်းကြီးကျောင်းမှာ ကူလုပ်ပေးမယ်လို့ ပြောထားတော့အတော်ပါပဲ...။ ဘုန်းကြီးကျောင်းတနေကုန်ရောက်နေတော့ တခြား ဘာမှ မတွေးဖြစ်တော့ဘူးပေါ့...။

Monday, February 16, 2009

ဈေးစာရင်း

ဘာရယ်မှုတ်ဘူး။ မနေ့က မနက်ပိုင်း ဘူကစ်ဘတုတ် ၀က်မားကက်နဲ့ ရွမ်ချင်းက စင်းဆောင်း မှာ တပတ်စာလိုတာတွေ ဈေးဝယ်တာကို ဘယ်သောအခါမှ ဈေးစာရင်း မလုပ်ဖူးဘူးလို့ အမှတ်တရ ရေးထားလိုက်တာ။

၁၅၊ ၀၂၊ ၂၀၀၉ တပတ်စာ ဈေးဝယ်စာရင်း
နံနက် - ဘူကစ်ဘတုတ် ၀က်မားကက်
ပေါင်မုန့် - ၁.၈၅
အီကြာကွေး - ၃.၀၀
ကြက်၁ကောင် - ၉.၅၀

ညနေ - ရွမ်ချင်း စင်းဆောင်း
ဟင်းသီးဟင်းရွက်
ခရမ်းသီး - ၀.၈၀
ပဲပင်ပေါက် - ၀.၂၅
နှင်းပဲပင် - ၁.၃၅
ကြက်သွန်မိတ် - ၀.၄၀
ငရုတ်သီးစိမ်း - ၀.၃၅
ပြောင်းဖူး - ၁.၂၅
မျှစ် - ၂.၀၀

အသား၊ ငါး
ပုဇွန် - ၈.၄၀
ကတ်ကတစ် - ၈.၀၀
ဆော်လမွန် - ၆.၉၀

အသီး
ဆန်းကစ် ၃လုံး - ၂.၅၀
ပန်းသီး ၅လုံး - ၂.၂၀
ကီဝီသီး ၅လုံး - ၂.၅၀
စပျစ်သီး - ၄.၉၀

အခြား
ဂျင်း - ၀.၇၅
ကြက်သွန်နီ တအိတ် - ၆.၀၀
ဆီတပုလင်း - ၇.၅၀
ငရုတ်သီးမှုန့် - ၁.၉၀
ဂျုံကြာဇံ ၂ထုတ် - ၁.၄၀
သက်သတ်လွတ် ကင်ချီခေါက်ဆွဲခြောက် - ၃.၅၀
ကောက်ညှင်းဆန် အမဲ - ၁.၄၀
ကောက်ညှင်းဆန် အဖြူ - ၁.၇၀
ငါးနီတူခြောက် - ၄.၉၅
မီဆိုး ဟင်းချိုထုတ် - ၄.၈၀
ကော်ဖီမိတ် - ၂.၄၀
ဘီစကစ် - ၁.၉၅
ရေခဲမုန့် - ၃.၉၅
ခေါက်ဆွဲ စစ်တဲ့ ဇကာ - ၂.၄၀
ရေစစ်အသေးလေး - ၀.၉၅
ပုံဆွဲစာအုပ် - ၁.၆၅
ရေပိုက် ဗားခလုတ် - ၄.၅၀
****************************
စုစုပေါင်း - ၁၀၇. ၈၀

Tuesday, February 10, 2009

မမ နှင့် ညီမလတ်


မမ နှင့် ဂျစ်တူးမ
( မမက သဘောကောင်းတဲ့ပုံလေး၊ ကိုယ့်ပုံကတော့ စွာတေးလန် )

ငယ်ငယ်တုန်းက မမက ကိုယ့်ကို သိပ်ပြီးကြည့်လို့မရဘူး။ သူ့နောက်က ရောက်လာတဲ့ အငယ်ဆိုပြီး ချစ်ပုံလည်း မရဘူး။ ကိုယ်မွေးလာတော့ မေမေတို့က ညီမလေးကို လာကြည့်လှည့်ဦးလေလို့ ခေါ်တာတောင် လက်နှစ်ဖက်နောက်ပစ်ပြီး ခပ်ဝေးဝေးကနေ စိမ်းစိမ်းကြီး စိုက်ကြည့်နေတာတဲ့။ အနားတိုးကြည့်ဖို့ လက်ဆွဲပြီး အတင်းလဲ ခေါ်ရော... အာခေါင်ခြစ်ပြီး အော်ငိုပါလေရောတဲ့လေ။ (ဟွန်း... လူကိုများ သရဲသဘက် ထင်လေလားမသိ...) အဲဒီတုန်းက မမက အိမ်မှာ အတူနေတာမဟုတ်ပဲ အဖိုး၊ အဖွားအိမ်မှာလိုက်နေတာ။ မမက သမီးအကြီးဆုံး စနေသမီးဖြစ်နေတာမို့ အဖေကြီးက မမကို သမီးအဖြစ်မွေးစားလိုက်တယ်။ အဲသာကြောင့် မမက အဖိုးနဲ့ အဖွားကို အဖေကြီး၊ အမေကြီးလို့ ခေါ်ပြီး အဖေနဲ့ အမေကို ကြတော့ (သူငယ်ငယ်က) ကျော်ကျော်နဲ့ နှင်းနှင်းလို့ ခေါ်သတဲ့။ မြေးဦးကအဲသလို ခေါ်တော့ ကိုယ်တို့ နောက်မွေးလာတဲ့ မြေးတွေ အားလုံးကလည်း အဖိုး၊ အဖွားကိုခေါ်တာ အဖေကြီး၊ အမေကြီးလို့ ဖြစ်ကုန်ကြတော့တာပဲ။

မမကို မေမေတို့ရဲ့ အဖိုး (မေမေတို့အခေါ် - အဘ) ၀င်စားတယ်လို့လည်း ပြောကြတယ်။ သူ့ရဲ့ နားရွက်လေးမှာ အဘလို အမှတ်လေးပါတယ်တဲ့။ အဘလို ဖြူဖြူသွယ်သွယ်၊ အရပ်ရှည်ရှည်ကြီးလည်းဖြစ်လို့တဲ့။ ဘာပဲဖြစ်ဖြစ် မမကမြေးဦးဆိုတော့ အဖိုး၊ အဖွား၊ အဒေါ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ အရခဲ့ဆုံးသောသူပါပဲ။

မူလတန်းအရွယ် ရောက်လာတော့ မမက အိမ်ကို ပြန်ရောက်လာတယ်။ ငယ်ငယ်တုန်းက ညီအစ်မ၂ယောက် ချစ်သလား၊ မချစ်သလား မသိဘူး။ ခဏခဏ ရန်ဖြစ်ကြတာတော့ မှတ်မိတယ်။ လူကြီးတွေက တခုခုပေးပြီဆို ဘယ်လောက်ပဲ ညီညီမျှမျှပေးပေး၊ ကပ်သပ်ပြီး လုကြ၊ သူ့ဟာကပိုကောင်းတယ်၊ ငါ့ဟာက အစုတ်ကြီး ဆိုပြီး ရန်ဖြစ်ကြ၊ နပန်းလုံးကြတော့တာပဲ။ တခါက ရောင်စုံစက္ကူလေးတွေနဲ့ အရုပ်လေးတွေ ချိုးပြတဲ့ ဂျပန်ပြပွဲတခု သွားကြည့်ကြတာ ပြန်လာတော့ ရလာတဲ့ ရောင်စုံစက္ကူတွေလုပြီး ၂ယောက်သား အကြီးအကျယ် ရန်ဖြစ်ကြသပေါ့။ အဲသလို ရန်ဖြစ်တိုင်း ကိုယ်ကတော့ ခံဖက်ကကြီးပဲ။ ၂နှစ်ကျော်ကျော်လောက်သာကွာတာ။ သူက လူကောင်းကြီးကြီး ခြေဆန်၊ လက်ဆန်ရှည်ရှည်။ လက်ကလှမ်းပြီး ဖြန်းကနဲရိုက်၊ နောင်ခြေတလှမ်းဆုတ်လိုက်ရင် ကိုယ်လို အကောင်သေးသေး ပုပုညှက်ညှက်က မမှီမကန်းနဲ့ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ တခါတခါ စိတ်ဆိုးလွန်းလို့ သူမမြင်ရအောင် နောက်ကနေ ခြေသံဖော့ပြီးတော့ တိတ်တိတ်လေး ရိုက်တာ၊ တွန်းတာတွေ လုပ်တာ။ သူ့လက်တံရှည်ရှည်က ကိုယ်ပြေးလို့ မလွတ်ခင် ကိုယ့်နောက်ကျောကို ဗြန်းကနဲ လာထိတာပဲ။

ဒါပေသိ ကိုယ်တို့၂ယောက် ဘယ်လောက်ရန်ဖြစ်ဖြစ်၊ ၁နာရီပြည့်အောင်တောင် မခေါ်ပဲ မနေနိုင်ကြဘူး။ ရန်ဖြစ်ပြီး ၁၅မိနစ်လောက်နေရင် တစ်ယောက်ကို တစ်ယောက် ခိုးကြည့်၊ ချောင်းကြည့်၊ ပြုံးစိစိတွေလုပ်ပြီး၊ (တခြား ကစားဖော်ကလည်းမရှိတော့) မြန်မြန်ပြန်တည့်သွားကြတာပဲ။ သာပေမဲ့ ကြီးလာတော့ မမက ကိုယ့်ကိုညှာခဲ့တာ၊ အိမ်ကို ကိုယ့်ထက်ပိုပြီးသိတတ်ခဲ့တာတွေကလည်း အများကြီးပဲ။ သူ့ကျောင်းမုံ့ဖိုးတွေဆို ကိုယ်ကချီးတယ်ပြောပြီး ယူယူသုံးပစ်တတ်တာမနည်းဘူး။ အစားအစာဆိုလည်း ဝေပုံကျပေးထားတာကို ကိုယ်က မြန်မြန်ပါးစပ်ထဲထည့်ပစ်ပြီး သူ့ဝေစုကို သွားသွားတောင်းတတ်တာ။ အိမ်မှာ ဟင်းချက်ထားတာနည်းတဲ့နေ့ဆို သူကဟင်းရည်လေးနဲ့ပဲ နယ်စားပြီး ကိုယ်တို့ကို အသားတွေထည့်ပေးတတ်ခဲ့တာ။ ကိုယ့်ကိုဆို ထမီကအစ၊ ဘောင်းဘီအဆုံး စာကြည့်ပျက်မှာစိုးလို့ ဆိုပြီး သူပဲလျှော်ပေးခဲ့တာ။

မမက အရမ်းလည်း ရှက်တတ်တဲ့သူ။ ကိုယ်က သူ့ကိုစိုက်ကြည့်နေပီဆို သူမနေတတ်တော့ဘူး။ နင်နော် ..ငါ့ကို လာမကြည့်နေနဲ့ဆိုပြီး ရှက်ရှက်နဲ့ လိုက်ရိုက်တတ်တဲ့သူမျိုး။ အဲသလို လူက တစိမ်းယောက်ျားလေးတွေ ရှေ့မှာဆိုပို ရှက်တတ်တာပေါ့။ အပျိုပေါက်လေးဖြစ်လာတော့ ယောက်ျားလေးတွေ ရှေ့ရောက်ရင် သူ့မှာ ခြေလှမ်းတွေမှား၊ ဘယ်မှလည်း မော့မကြည့်ရဲ့နဲ့...။ သူ့နောက်ကလိုက်ရတဲ့ မဂျမ်းတောကိုယ်က သူ့သက်တော်စောင့် အလိုလို ဖြစ်လာတယ်။ သူ့ကို လိုက်နေတဲ့သူတွေကလည်း ကိုယ့်ကိုဆို အသေကြောက်။ ထမင်းဘူးနဲ့ အခေါက်ခံရဘူးတဲ့သူ၊ ထီးနဲ့ လိုက်ရမ်းလို့ ထွက်ပြေးဘူးတဲ့သူ.. အစုံပါပဲ။ သူကလည်း သူ့နောက်ကလိုက်စကားပြောတဲ့သူကို ဘယ်လိုခြောက်လဲဆိုတော့ နောက်မှာ ညီမလတ်ပါလာတယ်နော်... သူ့အကြောင်းသိတယ်မှုတ်လားတဲ့။ ဟိုကဘာပြန်ပြောလဲဆိုတော့... သိပါတယ်တဲ့။ အိတ်ညီမလတ်က အိမ်ရှေ့ဝရန်တာ ကုလားထိုင်မှာ အိပ်ပျော်နေတာ တွေ့လို့ အန္တရယ်ကင်းပြီဆိုပြီး ရဲရဲတင်းတင်းလိုက်လာပါသတဲ့... ဖြစ်ပုံများ...။ ဟွန်း... ကိုယ့်ဖာသာ မကြိုက်ရင် မကြိုက်ဘူး မပြောဘူး။ ပြီးတော့ သူက ရှက်တတ်တာများ အ၀တ်အစားအသစ်ဝတ်ရမှာကိုတောင် အသစ်ကြီးမို့ ရှက်လို့ ဆိုပြီး ခြေ၀တ်တတ်တဲ့သူမျိုး။ အလှပြင်ရမှာကိုလည်း ဟယ်..အလှပြင်ထားတယ်လို့ သူများတွေကပြောမှာကို ရှက်တတ်တာမျိုး။

အဲဒီတော့ အဲသလို အရှက်ကြီးတဲ့သူက အဲသလောက်အရှက်ကြီးစွာနဲ့ အညီ ခုချိန်ထိ တခါမှ ရည်းစားမထားဘူးတဲ့ အပျိုစင်၊ အပျိုကြီးဖြစ်သွားရတာ အံ့သြစရာတော့ မရှိလောက်ပါဘူးနော်။ ကိုယ့်ကို သူကဘာပြောလဲဆိုတော့.. မဂျမ်းတောကတော့ သူများကို လိုက်တဲ့ သူကိုသာ ထီးနဲ့ လိုက်ရိုက်ပြီး သူ့လိုက်တာကြတော့ ခေါင်းညှိတ်ပလိုက်လို့ ခုတော့ ယောက်ျားလေးတစ်ယောက် အဆစ်ရနေပြီပေါ့တဲ့။

မမရေ... အရမ်းသတိရတယ်။

ညီမလတ်
ခေတ္တ အဝေးတနေရာ
(၁၀-၀၂-၂၀၀၉) မမမွေးနေ့ အမှတ်တရ

Wednesday, December 10, 2008

ချစ်ဖေဖေ

ဒီနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့က ဖေဖေ့မွေးနေ့လေးပါ။

ဖေဖေ့အကြောင်းတွေရေးမယ်ဆိုရင် တခြားဘာမှ မစဉ်းစားမိဘူး။ ဖေဖေ့ရဲ့ ကျေးဇူးတွေပဲ သတိရပြီး ထိုင်ထိုင် ရှိခိုးချင်စိတ်ပဲပေါက်တယ်။ ပြီးတော့ မိသားစုနဲ့ မနေခဲ့ရတဲ့ အမိမဲ့သားရဲ့ ငယ်ဘ၀လေးကိုတွေးပြီး မျက်ရည်ဝဲမိ၊ တဆက်ထဲ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘ၀ကို မြင်ယောင်ပြီး အားကျစိတ်တွေ တဖွာဖွား ဖြစ်ပေါ်လာမိတယ်။

ဖေဖေက ဘယ်သူနဲ့မှ မတူ တမူထူးခြားတဲ့ ဖခင်တဦးပေါ့။ သားသမီးတွေအတွက်ဆိုရင် ကိုယ့်ကိုယ်ကို အနစ်နာခံ တတ်နိုင်သမျှ ဘာမဆို လုပ်ပေးမယ်ဆိုတဲ့ ဖခင်စိတ်အပြည့်နဲ့ လူသားတစ်ယောက်ပေါ့။ သမီး၃ယောက်မှာ မမကြီးက ငယ်ငယ်ကတဲက ဉာဏ်သိပ်မကောင်းဘူး။ ကိုယ်နဲ့ မမကြီးက ၂နှစ်ကွာတယ်။ ကိုယ်က စာတပိုဒ်ကို ၅မိနစ်လောက်ဖတ်ပြီး ရတဲ့ အချိန်မှာ မမကြီးက တနေ့လုံး ကျက်လို့ မမှတ်မိသေးဘူး။ ဒါကို ဖေဖေက မမကြီး မေမေ့ ဗိုက်ထဲရှိတုန်း သူဆေးလိပ်တွေသောက်လို့ သူ့ကြောင့်ဖြစ်ရတာဆိုပြီး တက်တခေါက်ခေါက်နဲ့...။ ငါ့သမီးကြီး ဘာမှ မပူနဲ့...။ ဖေဖေတစ်ယောက်လုံးရှိတယ်။ သူများလောက် ဉာဏ်မကောင်းလဲ ဘာဖြစ်လဲ...။ ၀ိရိယကောင်းရင် ဉာဏ်ကောင်းတဲ့ သူတွေ ထက်သာတယ်... ဆိုပြီး အမြဲအားပေးလေ့ရှိတယ်။

ကိုယ်နဲ့ ညီမလေး တို့ ကျောင်းမှာ အဆင့်နည်းနည်းလေးကျသွားရင် အဆူခံရ၊ တခါတလေ တုတ်နဲ့ပါ အဆော်ခံချင်ခံရမယ်။ မမကြီး အမှတ်နည်းတာတို့၊ တခါတလေ တချို့ဘာသာတွေ ကျတာတို့တောင် ဖေဖေက ဘယ်တော့မှ မဆူဘူး။ အဲဒီဘာသာအတွက် မမကြီးကို ကိုယ်တိုင် ဂိုက်လုပ်ပြီး သင်ပေးတယ်။ အားမလျှော့အောင် အားပေးတယ်။ ဖေဖေ့ရဲ့ မေတ္တာနဲ့ မှန်ကန်တဲ့ အားပေးမှုကြောင့် ဆွေမျိုးတွေ အားလုံးက အထင်သေး၊ ဆယ်တန်းတောင်အောင်မှာ မှုတ်ပါဘူးလို့ မှတ်ယူထားခြင်းခံရတဲ့ မမကြီးဟာ.... ဒီနေ့မှာ ဘွဲ့လွန်တွေလည်းရတဲ့ ဘွဲ့၃ခုပိုင်ရှင်၊ နိုင်ငံခြား သုတေသန ခရီး တွေလည်းသွားရတဲ့ အထင်ကရ သုတေသန လုပ်ငန်းမှာ အရာရှိကြီး တစ်ယောက် အဖြစ် ခန့်ခန့်ထည်ထည် ရှိနေပါပြီ။

ကိုယ်နိုင်ငံခြားမှာ ဘွဲ့လွန် တက်ချင်တော့လည်း ဖေဖေက သမီး... ဘာမှ အားမငယ်နဲ့။ စာကိုပဲ ကြိုးစား... ပိုက်ဆံအတွက် ဖေဖေ ရအောင်ရှာပေးမယ်လို့ ပြောခဲ့တာ မှတ်မိနေတယ်။ ကိုယ်က ဟိုစပ်စပ် ဒီစပ်စပ်သမားဆိုတော့ ဖေဖေက ကိုယ့်ကို ဘက်စုံ ထူးချွန်စေချင်တယ်။ ငယ်ငယ်ကတဲက ကိုယ့်ကို ပန်းချီသင်တန်းတွေ ပို့တယ်။ ကြက်ခြေနီသင်တန်းတက်ရတယ်။ ဒီကြားထဲ မြန်မာမိန်းကလေး ဆိုတာ ရိုးရာ အနုပညာ အတီးအမှုတ်တခု တတ်ရမယ်ဆိုပြီး စောင်းတီးလည်း သင်ခိုင်းသေးတယ်။ ပတ္တလားကိုလည်း အတီးလေ့ကျင့်စေတယ်။ နိုင်ငံခြားထွက်ခါနီး ရုပ်သေးဆွဲနည်း သင်ခိုင်းနေလို့ ဖေဖေရယ်... သမီး နောက်မှ ပဲ သင်တော့မယ်..လို့ ပြောရသေးတယ်။ တလောက အမေရိကန် မိတ်ဆွေက မြန်မာ့ ရုပ်သေးအကြောင်းမေးနေလို့.. အော် ... ဖေဖေ့ စကားနားထောင်ပြီး သင်ခဲ့ရင်... ကောင်းသားလို့ တွေးမိသေးတော့တယ်။

ဖေဖေနဲ့ ပါတ်သက်ပြီး စဉ်းစားလိုက်ရင် မကုန်နိုင်၊ မခန်းနိုင်တဲ့ ဖေဖေ့ ကျေးဇူးတွေက အများကြီး၊ တသီတသန်းကြီး ထွက်ပေါ်လာ စမြဲပဲ...။ ရေးလို့လည်း ကုန်နိုင်မယ် မထင်ပါဘူး။

ချစ်ဖေဖေ...ကျန်းမာ၊ ချမ်းသာစွာ တရားဘ၀နာပွားများနိုင်ပြီး၊ အသက်ရာကျော်ရှည်ပါစေ...။

သမီးလတ်
ခေတ္တ အဝေးတနေရာ

၁၀ - ဒီဇင်ဘာ - ၂၀၀၈

Thursday, October 16, 2008

Hubby! Happy Birthday, It's for U!

I met one charming guy around 1995-96 at Mandalay who became my lovely hubby in future. Actually, we were same batch University mates. But we've never talked before, back in University time even though we have seen each other around the University. I was from Electrical Engineering while he was from Petroleum Engineering.

We became closed friends when we were working together for Sedona Hotel Project, Mandalay after we've graduated. As per usual man-approaching method, he said that he sees me as his younger sister so he wants to treat me like one. He always helps me on everything I need and he is always there for me. He pretended that he would never fancy me. But he couldn't pretend any longer and he proposed me after 5 months we met.

He used to give me one beautiful red rose on every Thursday because both of us are on Thursday born. Sometimes, he gave it to me personally if nobody was around. Sometimes, he put it into my desk. I don't like red color rose but I like the rose from him. Most of the presents given to me are always red color and he said that his favorite color is red. Although red color is not really my favorite, I don't mind to get red color presents from him. Anyway, I also like him….I don't really know "what is love" but I am sure that I like him very much, especially on his being honesty, humble, being big heart, and sweet smile. Although I am aware that he won't be the most perfect person surrounded me.

Now, we have been married for 6years and going to be 7 years on this November. We still don't have any kids yet. He is still the same as before…..honest, humble, big heart and sweet smile. But I became to know some of his "bad" characters after we get married which I've never realized before. Sometimes, he is very forgetful person. Something like ….left his wallet in his office, left his hand phone in somewhere…etc. And he likes to have everything best of the best. No matter how expensive, he will get it for me or he will get it for himself too and he doesn't care about anything. He always has no worries and just an easy go happy person.

Occasionally, he would like to spend money on those stuffs like a watch, shoe, etc., which are usually very very expensive (as for me). Initially, I was very disappointed and don't understand why he wants to have such a branded stuff since we are just normal people and honestly....not high class - rich people. He also wanted to buy a car, which will definitely cost us a lot extra money in every month. So, I did totally disagree with him to buy a car and arguing with him that it was just wasting money. But finally, as usual and like always, I let him do what he likes to do……because, he is my only and one hubby and I don't want him to be upset but only to be happy.

Actually, he isn't only my hubby but also my partner, my brother, my friend, my teacher, my father and my son. According to circumstances, he behaves different characters in my life since we are away from our family's members. He also treats me as different characters since he also needs me in different ways. Most importantly, we fill each other needed in anytime and anyway. We valued each other and treasured each other everyday and every possible moment.

One of the his precious characters I like and very rare to find in this world is……He is very cool guy and he never gets angry easily. In short, his boiling point is very good while mine is poor. He seldom says bad things about others except he often scolds to those people whenever he thinks about Daw Aung San Su Kyi, Burmese political prisoners and Burmese people who are in a tragic plight. He is very kind to everybody whoever associates with him. Especially, he is very good in taking care of his subordinates and workers; no questions for that…of cause they like him very much too. But I think that some people are taking granted for his kindness. So I have to become bad person in order to protect him, sometimes.

My hubby also wants to travel around the world. He often follows and visits me the place, which I occasionally go for oversea work assignments. Whenever he sees planes, he always says that he wants to take that plane and flies somewhere to admire the scenery, season, culture, etc. When I said that you're always thinking how to spend money but never think how to save money then he didn't reply me anything but just smiling.

My angry or my worry is gone whenever I see his smile. That's my hubby and me.

16-10-2008, Thursday, 09:50 am

Monday, August 18, 2008

အပျော်ဆုံးနေ့

(ပန်းချီ - ဆရာမင်းဝေအောင်)

ဘ၀မှာ အပျော်ဆုံးနေ့တနေ့လို့ မေးခဲ့ပါလျှင် ၂၀၀၀ခုနှစ် ဒီဇင်ဘာမှာ ချမ်းမြေ့ရိပ်သာ ကျောင်းတွင် သီလရှင် ၀တ်ခဲ့ရတုန်းကလို့ ဖြေဖြစ်မှာ အမှန်ပင်ဖြစ်ပါသည်။ ကိုယ့်မှာ ၀င်ငွေ ကောင်းကောင်း စရခဲ့တဲ့ အချိန်က စလို့ မြန်မာပြည်မှာ ထူးထူးခြားခြား အလှူများ နှစ်စဉ် ပြုလုပ်သွားမည်ဟူ၍ သံဓိဋာန် ချမှတ်ခဲ့ပါသည်။ ၁၉၉၉ခုနှစ်အကုန်မှာ ကျောင်းပြီးခဲ့၍ ၂၀၀၀ခုနှစ် အစမှာ အလုပ်စ၀င်ခဲ့ပါသည်။ အဲဒီတော့ ၂၀၀၀ခုနှစ် ဒီဇင်ဘာမှာ ဘာအလှူများလုပ်ရမည်လည်း စဉ်းစားတော့ အိမ်နားမှ ကိုရင်၊ ရဟန်းဝတ်ချင်သော သူများကို ပဉ္ဇင်းခံ၊ ရှင်ပြုပေးပြီး ကိုယ်ကိုယ်တိုင်လည်း သီလရှင် ၀တ်မည်ဟု စိတ်ကူးလိုက်ပါသည်။ ပြီးလျှင် အားလုံးကို ချမ်းမြေ့ရိပ်သာမှာ အနည်းဆုံး တရားတစ်ပတ်ဝင်ရမည်ဟု တိုက်တွန်းဖို့ပဲ ဖြစ်ပါသည်။

ပထမဆုံး - ရည်းစားက မျက်မှောင်တွန့်ပါသည်။ ပဉ္ဇင်းခံ၊ ရှင်ပြု အလှူလုပ်ချင်လုပ်... ဒါပေမဲ့ သီလရှင် ၀တ်လိုက်ရင် နောက် ၈လလောက်အကြာ မင်္ဂလာဆောင်မှာ ဂတုံးဆံပင်ပေါက်နဲ့ ဖြစ်နေလိမ့်မယ်ဟူ၍။ ဒုတိယ - မိဖများက စဉ်းစားဦးဟု ပြောပါသည်။ စင်ကာပူမှာ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေရတာ။ ဂတုံးနဲ့ ဖြစ်ပါ့မလားဟူ၍။ ကိုယ်ကတော့ လုပ်မည်ဟု အသေအချာ စဉ်းစားပြီးပြီဖြစ်၍ ဘာပဲပြောပြော လုပ်မည်သာလျှင် ဖြစ်ပေသည်။ အဲဒီတော့ အားလုံးက လိုက်လျှော ကူညီကြပါသည်။

အဲဒီနေ့က ဖိတ်ကြားထားသူ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများနှင့် ကိုယ်တို့ မိသားစုအားလုံး ချမ်းမြေ့ရိပ်သာကို နံနက်စောစောစီးစီး ကတဲက ရောက်နေကြပါပြီ။ ဦးပဉ္ဇင်းဝတ်မည့်သူ ၅ပါး၊ ကိုရင် ၃ပါး၊ ကိုယ်က သီလရှင် ၁ပါး ဖြစ်ပြီး၊ ဖေဖေနှင့် ညီမလေး ၂ယောက်၊ ပေါင်း ၃ယောက်တို့က ယောဂီ ၀တ်ကြပါမည်။ ဦးပဉ္ဇင်း နှင့် ကိုရင်များကို ဆံချပြီးတော့မှ ကိုယ့်အလှည့် ဆံချပါသည်။ အဖိုး နှင့် အဖွား (အဲဒီတုန်းက ၂ယောက်လုံး ၉၀ကျော် - အဖိုးက အသက် ၁၀၁ နှစ် - ၂၀၀၄ခုနှစ် ဇွန်လမှာ ဆုံးသွားခဲ့သည်။ အဖွားကတော့ ယခု ၉၈နှစ် ဒေါ်င်ဒေါ်င်မြည် ကျန်းမာရေးကောင်းတုန်းဖြစ်ပါသည်။)၊ အဖေ နှင့် အမေ၊ မမ နှင့် ညီမလေး၊ အဒေါ် ၂ယောက်၊ မတော်ရသေးသော ယောက်ခမ ၂ယောက် နှင့် အဒေါ် (သူကတော့ စင်ကာပူမှာ ကျန်ခဲ့လို့ ကိုယ့်အလှူမှာ သူရှိမနေပါ) တို့က တယောက်တလှည့်စီ ကိုယ့်ကိုဆံချပေးသော သီလရှင်ဆရာကြီးကို ကူညီ ဆံခံပေးကြပါသည်။

အဲဒီတုန်းက ကိုယ့်ဆံပင်က ခါးလောက် နီးနီးရှည်ပါသည်။ ဆံပင်တွေ တောက်ကနဲ တောက်ကနဲ ပြတ်ကျသွားတာကို ကြည့်ပြီး စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားလိုက်သည့်ဖြစ်ခြင်း။ ကိုယ့်ဆံပင်က အစကတဲက ခပ်ထူထူဆိုတော့ ဆံပင်ဝိတ်နဲ့တင် လူက လေးလေးကြီးဖြစ်နေတတ်သည်။ ဟိုးအရင် ကျောင်းမှာတုန်းက ဆံပင် တိုတိုလေးကိုတောင် လေးလွန်းလို့၊ ရှုပ်လွန်းလို့ ဆိုပြီး စာမေးပွဲနီးပြီဆို ဒီထက်ပိုတိုအောင် သွားသွားညှပ်ပြစ်တတ်သည်။ ခုတော့ ကတ်ကျေးနဲ့ ကိုက်လိုက်တဲ့ ဆံပင်ရှည်တွေ ၀ှီးကနဲ ၀ှီးကနဲ ကျသွားတာကို မနှမျှောတဲ့ အပြင် သီလရှင် ၀တ်မိလို့သာ ဆံပင်တွေ ဖြတ်ဖြစ်တာ... နို့မို့ မဖြတ်ဖြစ်ပဲ ဒါကြီးနဲ့ လေးလေးကြီး နေနေရမှာဟု ရွှင်လန်းတက်ကြွစွာတွေးနေမိပါသည်။ ကိုယ့်အဒေါ်ကတော့ ဆံချပေးနေသောဆရာကြီးနှင့် အပြိုင် ကေသာ လောမာ... ဟု ကူညီညာရွတ်ဆိုပေးပါသည်။ ကိုယ့်ကိုလည်း ဒါတွေဟာ ငါမဟုတ်ဘူးဟု နှလုံးသွင်းလို့ ပြောပါသည်။ တဖြည်းဖြည်း ကတုံးရုပ်ပေါ်လာသော ကိုယ့်ကို မမနှင့် ညီမလေးတွေက ကြည့်ပြီး ပြုံးစိစိ လုပ်ကြပါသည်။ ဖေဖေက ကိုယ့်လက်ကလေးတွေကို ကိုင်ပြီး ကတုံးလေးနဲ့လည်း ငတို့ သမီးက ကြည့်ကောင်းသားဟေ့ ဟုပြောပါသည်။ မေမေက ကိုယ့်နောက်စိလေးကို လက်နှင့်အုပ်ကိုင်၍ သိပ်တော့ မချွန်းပါဘူးဟု သူ့ဘာသာ ဖြေပြောပြောနေပါသည်။ ပြီးတော့ ရေချိုးခန်းထဲ သွား၍ခေါင်းကို ရေဆေးပါသည်။ နောက် သီလရှင် ၀တ်စုံကို ဆရာကြီးမှ ကူညီညာ ၀တ်ရုံပေးပါသည်။

သီလရှင် ၀တ်စုံလေး...။ ကိုယ့်တသက်မှာ အလှဆုံး၊ အသန့်ရှင်းဆုံး ၀တ်စုံဝတ်ဖူးခြင်းပဲဟု ဆိုရပေမည်။ သူ့အရောင်လေးသည် ပန်းရောင် ကြည်ကြည်ဖျော့ဖျော့လေး ဖြစ်သည်။ ကိုယ့်ကြောင့် ဒီဝတ်စုံလေး ရုပ်ဆိုးမသွားရအောင်၊ မညစ်ပတ်သွားရအောင် ထိန်းသိမ်းရမည်မှာ မိမိတာဝန်ပေပဲဟု ဆင်ခြင်မိပါသည်။ ကိုယ်ရုံကို သတ်သတ်ရပ်ရပ် ဖြစ်အောင် ၀တ်တတ်ဖို့က နည်းနည်းခက်ခဲလှသည်။ ဒါပေမဲ့ အဆင်ပြေပါသည်။ ပန်းရောင်ဝတ်ရုံလေးဖြင့်လူမှာ လွတ်လပ်ပေါ့ပါးနေသည်။ ကိုယ့်ကိုယ်ကို မသိလိုက်ပဲ အနှစ်နှစ်အလလက တွယ်ကပ်နေသော အကုသိုလ်များပင် အလိုလို စင်ကြည်သွားသယောင်ခံစားမိသည်။ လေပြေလေး တချက်အဝှေ့မှာ ဦးခေါင်းကအေးကနဲ ခံစားလိုက်ရသည်။ အော်... ငါ့မှာ ဆံပင်တွေမှ မရှိတော့ပဲ...ဆိုတဲ့ အသိက ၀င်လာသည်။ အစိမ်းရောင်သန်းနေတဲ့ ဦးပြည်း အသစ်စက်စက် ကို လက်ဖြင့် တချက် စမ်းမိသည်။ ပြီးတော့ ငှက်တောင်လေးလို လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ဆရာတော်ဘုရားရှိရာ ဓမ္မာရုံကို ရောက်ခဲ့သည်။ ဖုန်းဖုန်း ဦးသောဘိသဆီမှာ ကန်တော့ သီလယူပြီး ဖုန်းဖုန်းက ဘွဲ့အမည် ပညတ်ပေးပါသည်။ ပညာကို လိုလားသူ၊ မြတ်နိုးသူ မပညာနန္ဒီ ဟူ၍ ဖြစ်ပါသည်။

ဦးပဉ္ဇင်းများ၊ ကိုရင်များ သိမ်ဆင်းသောအခါ သီလရှင် အသစ်ကျပ်ချွတ်သည်လည်း နောက်ဆုံးမှလိုက်၍ အလှူခံပါသည်။ နောက်ဆုံးပိတ် အိပ်နဲ့ လွယ်တာလား၊ ဒါမှမဟုတ် နိုင်ငံခြားပြန်မို့လို့လား၊ ဒါမှမဟုတ် တပါးတည်းသော သီလရှင်ဖြစ်ပေလို့ပဲလား မသိပါ။ သိမ်ဆင်းလောင်းသော ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ မိတ်ဆွေ အပေါင်းအသင်းများသည် အားရ၀မ်းသာဖြင့် ဆရာလေး မပညာနန္ဒီ လက်ထဲသို့ လှူဖွယ်ပစ္စည်း အမြောက်အမြား ကျုံးကျုံးထည့်ကြလေသည်။ ခုမှဝတ်သော ဆရာလေးကို ၀ါတော်အများကြီးရှိသောသူလို ခေါင်းလေးတွေ ငုံ့ကာ ငုံ့ကာနှင့်၊ လက်အုပ်ကလေးတွေ ချီကာချီကာနှင့် အရိုအသေများဝိုင်းပေးနေကြသည်မှာ ဆရာလေး မနေတတ် မထိုင်တတ်အောင်ပင် ဖြစ်ရသည်။ ဆရာလေးနောက်မှ လိုက်လာသော ဦးလေးတော်သူ၏ ဆာလာအိတ်မှာ လှူဖွယ်ပစ္စည်းမျိုးစုံဖြင့် လျှံကျလျက်ရှိပေသည်။ ကောင်းလှပေစွ။

နောက်တပတ်အကြာ ဒီဝတ်ရုံကို ချွတ်ရသောအခါ မပညာနန္ဒီ မှာ မျက်ရည်များပင်လည်မိသည်။ ဘယ်အခါကျမှ ဒီဝတ်ရုံကို ထပ်ဝတ်နိုင်ပါမည်လည်းဟု တွေးကာ ရင်ထဲလေးလံလျက် လွမ်းလွမ်းဆွတ်ဆွတ် ဖြစ်နေခဲ့မိပါသည်။

စုချစ်
၁၈-၀၈-၂၀၀၈
ညနေ ၄နာရီ

ကျားဥပုသ်စောင့်တာလား....

အသက်ကြီးလာလို့ပဲလားမသိ။ ဆံပင်တွေက အရမ်းကျွတ်လွယ်သည်။ လွန်ခဲ့သည့် ၂နှစ်လောက်က လျှာရှည်ပြီး ဆံပင်ဖြောင့်လိုက်ကတဲက ဖြစ်သည်။ ဆံပင်ဖြောင့်ပေးသည့်သူက စေတနာ ဗရပွဖြင့် ဖြောင့်ဆေးတွေကို ၂ခါတောင်သုံးပြီး ဖြောင့်ပေးလိုက်ခြင်းဖြစ်သည်။ သူ့အပြောကတော့ သူ့ဆေးဖိုး အရှုံးခံပြီးတောင် ကောင်းအောင်လုပ်ပေးလိုက်ရပါသည်တဲ့။ သူစေတနာကောင်းတာကအရေးမကြီး၊ ဓါတုပစ္စည်း အသုံးများပြီး ဆံပင်က အဲဒီကတဲက ပျက်စီးသွားတာလားဟု ထင်မိသည်။ ဆံပင်တွေရှည်လာလို့ ကျွတ်လွယ်တာလား မသိဘူးဆိုပြီး နောက်တဆိုင်ပြောင်းကာ ဆံပင်ညှပ်ပြန်သည်။ အဲဒီဆိုင်က ဟဲစတိုင်လစ်(စ်)ကလည်း ကိုယ့်အပေါ် စေတနာတွေပိုပြန်သည်။ ကိုယ်က ရိုးရိုးတိုတိုညှပ်ခိုင်းတာကို နောက်ဆုံးပေါ် ကိုးရီးယားမင်းသမီး ဟဲစတိုင်လ်မျိုး ညှပ်ပေးလိုက်သည်ဟုပြောသည်။ သူ့ကိုးရီးယားမင်းသမီး ဟဲစတိုင်လ်သည် ဗမာ တောသူမ စတိုင်လ် ကိုယ်နှင့်လားလားမှ မလိုက်ပဲ အူကြောင်ကြောင် ရုပ်ပေါက်နေသည်။ အဲဒီအူကြောင်ကြောင်ရုပ်နှင့် မြန်မာပြည်ပြန်သွားတော့ မေမေတို့ မမတို့က ဘာပုံကြီးလဲဟုပြောကာ ဟိုးကျောင်းနေတုန်းက ဘိုကေသာသာပုံကို ဆိုင်ခေါ်ကာ ပြောင်းညှပ်ပေးလိုက်သည်။ စင်ကာပူပြန်ရောက်တော့ လေဆိပ်မှာ လာကြိုသည့် ယောက်ျားက တဖန် ..ဟန်...ဘာဖြစ်လာတာတုန်း၊ ငယ်အောင်လုပ်လာခဲ့ရသလားဟု ပြောသဖြင့် စိတ်ကောက်ခဲ့ရသေးသည်။ ဒါနဲ့ လုံးလည် ချာလည်လိုက်ကာ ဆံပင်ပုံစံက ဘာပုံမှန်းမသိ ဖြစ်နေတာကြာပြီ။ ဆံပင်တွေကလည်း သတိထားသည့်ကြားမှ ကျွတ်မြဲ၊ ကျွတ်နေဆဲ။

လွန်ခဲ့သည့် ၇နှစ် အိမ်ထောင်မကျခင်က သီလရှင် ၀တ်ခဲ့ဖူးတာကို ပြန်သတိရသည်။ ကတုံးရိပ်ပြီးမှ ပြန်ပေါက်လာသည့်ဆံပင်များမှာ ဘာသန်သည်လည်း မမေးပါနှင့်။ ခု... ဆံပင်ကလည်း ခဏခဏ ကျွတ်တော့ သူများတွေ အားကျလောက်စရာထူထူအုပ်အုပ်ဆံပင်သည် နည်းနည်းပါးပါးလေးပဲ ကျန်တော့သလို ထင်ရသည်။ ပြန်သန်အောင် ကတုံးရိပ်ရလျှင် ကောင်းမည်လား ဟုတွေးမိသည်။ ဒါမှ ပြန်ပေါက်လာတာတွေက အရင်ကလို သန်သန်မာမာတွေ ဖြစ်မည်။ ကတုံးရိပ်မည့်အတူတူ သီလရှင်ဝတ်ပြီးရိပ်တော့...ဟော တချက်ခုတ် နှစ်ချက်ပြတ်... ကုသိုလ်လည်းရ လိုချင်တာလည်းဖြစ်... ကောင်းလိုက်တာ ဟု တွေးမိပြီး မိမိအတွေးကို မိမိဖာသာ သဘောကျမိသည်။ အဲလိုတွေး၊ အဲလိုလုပ်လို့ ငရဲမကြီးတန်ကောင်းပါဘူးဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်သည်။ ဒီနှစ် ဒီဇင်ဘာ ကိုယ့်မှာ ခွင့်ရက်တွေယူဖို့ ရှိနေသည်။ တကယ်က ယောက်ျားနှင့်အတူ မြန်မာပြည်ပြန်ဖို့စီစဉ်ထားတာ ယောက်ျားက အလုပ်ပြောင်းလိုက်သဖြင့် အတူ ပြန်ဖို့ အစီအစဉ် ပျက်သွားပြီ။ ဒီတော့ ကိုယ်က ဒီဇင်ဘာမှာ ကိုယ်လုပ်ချင်တာ လုပ်ရမည်။ ရုံးက ၁၀ရက် ခွင့်ယူမည်။ စင်ကာပူမှာ သီလရှင်ကျောင်းရှိသည်။ အဲဒီမှာ သီလရှင် သွားဝတ်မည်။ ဒါမှမဟုတ် ချမ်းမြေ့ဆရာတော် တရားစခန်းက နှစ်စဉ် စင်ကာပူမှာ လုပ်ဖြစ်သည်။ ၂၀၀၈ခုနှစ်အတွက်က ဒီဇင်ဘာလထဲမှာ ၁၀ရက် တရားစခန်းဖွင့်မှာဖြစ်သည်။ အဲဒီကျရင် တခါထဲ သီလရှင်ဝတ် တရားစခန်းဝင် ဟန်ကို ကျနေသည်။

ယောက်ျားကို ကိုယ်စီစဉ်ထားသမျှ အားရ၀မ်းသာ ပြောပြသည်။ ယောက်ျားက မကြည်မလင် အင်တင်တင် ကြည့်သည်။ သီလရှင်က တစ်ခါ ၀တ်ဘူးပြီးပြီပဲ၊ ဘာလုပ်ဖို့ထပ်ဝတ်ဦးမှာလဲဟု မေးသည်။ ဗိုက်အောင့်တာကလည်း ပျောက်သေးတာ မဟုတ်ဘူး။ ဘယ်လိုလုပ် တရားဝင်မှာလည်း၊ ညစာထမင်းမှမစားရတာဟု တားပြန်သည်။ လုပ်ချင်တာ မလုပ်ရတော့ ကိုယ်က စိတ်ကောက်ချင်သည်။ ကောင်းတာလုပ်တာ ဘာလို့ တားရသလဲဟု မာန်ဖီသည်။ ဆံပင်အကြောင်းကိုတော့ ယောင်လို့တောင် ထည့်မပြောပေ။ နောက်တော့ ယောက်ျားက ကဲကဲ... ဒီလိုဆိုလည်း လုပ်ချင်လုပ်... ဒါပေသိ... ဆရာလေးဆီ ညနေတိုင်းလာတွေ့မယ်၊ နံနက်တိုင်းဖုန်းဆက်မယ် ရမလားဟု မေးသည်။ ပြုံးပြုံးပြုံးပြုံး လာနောက်နေတော့.. အင်း... ဖြစ်သေးပါဘူး။ မြန်မာပြည်ပြန် အေးအေးဆေးဆေး သူနဲ့လွတ်လွတ်ကင်းကင်း ၀တ်တာ ပိုကောင်းမည်ဟုတွေးမိသည်။ ဟိုးအရင် ၇နှစ်ကျော်ကျော်တုန်းကလည်း မြန်မာပြည်ပြန်ပြီး သီလရှင်ဝတ်တာ၊ သူက စင်ကာပူမှာ ... ဆိုတော့ နောက်ဆံမတင်း စိတ်ကိုအေးချမ်း နေခဲ့တာဟု တွေးမိသည်။

ဒီတော့ ရန်ကုန်အိမ်က လူကြီးမိဖတွေဆီ ဖုန်းဆက်သည်။ အားရ၀မ်းသာ အစီအစဉ်ကို ပြောပြသည်။ ဟိုးအရင် ၇နှစ်လောက်ကလိုပေါ့ဟု သတိတရထည့်ပြောသေးသည်။ သူတို့လည်း ၀မ်းသာမည်ဟူသော အထင်သည် တက်တက်စင်အောင်လွဲပါလေတော့သည်။ အားလုံးက ဟင်... ဟန်... နှင့် အော်ကြသည်။ ဘာစိတ်ကူး ပေါက်နေတာလဲဟု မေးကြသည်။ မေမေက... အိမ်ထောင်ကျတာဖြင့် ကြာနေပြီ၊ ကလေးယူဖို့တော့ မစဉ်းစားပဲနဲ့... ဘယ်နှယ်ဟယ်... သီလရှင် ၀တ်ရဦးမယ်လို့ ကြံကြံဖန်ဖန်...ဟု ညည်းပြောပြောသည်။ ငတို့မလည်း သူများတွေ မြေးရတာပဲ အားကျနေရတယ်ဟု ပြောပြန်သည်။ အဓိကမှာ ဆံပင်အကြောင်းကြောင့်လို့ ဆိုတာများသိရင် ရူးနေလားလို့ မေးခံရမှာ သေချာသည်။ ဖုန်းပြောပြီးသည့်အခါ စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ ဒီပုံအတိုင်းဆို သီလရှင်ဝတ်မှာ မည်သူမျှ အားမပေး ဆိုတာ ထင်ထင်ရှားရှားကြီး ဖြစ်နေပြီ။ ဟင်း... ကလေးများ ယူချင်တိုင်း ယူလို့ရတာကြနေတာပဲ... ဟဲ့ဟဲ့...လာလာ ...ငါ့ဆီလာဟဲ့...ဆိုပြီး ဗိုက်ထဲ ဆွဲသွင်းလိုက်လို့ရတာကြနေတာပဲ...။ တကတဲ... လူပြည်ကအပ်တစင်းနဲ့ ဗြမ္မာပြည်ကအပ်တစင်း ဆုံဖို့ဆိုတာကတောင် လွယ်သေး၊ လူ့ဘ၀တစ်ခုဖြစ်ဖို့ဆိုတာ ဘယ်လောက်ခက်လည်း ဆိုတဲ့စကားလည်း ကြားဖူးကြရဲ့သားနဲ့ဟု ကိုယ့်ဖာသာ တစ်ယောက်ထဲ မကျေမနပ် ရေရွတ်နေမိသည်။

စေတနာ မမှန်လို့လားမသိ... သီလရှင် ဖြစ်ဖို့ မလွယ်တာကတော့ သေချာသွားပြီ။ အေးလေ... ကိုယ့်ဖာသာပြန်တွေးမိတော့လည်း ကျားဥပုသ်စောင့်သလို တကယ်ကုသိုလ်စိတ်နဲ့ စင်စင်ကြယ်ကြယ် လုပ်ချင်တာမျိုးမှ မဟုတ်တာကိုး။ အော်... ကိုယ်ကလည်း... ဖုန်းကြီး ကြည်ညိုတာလား... လူမြင်ကောင်းအောင် လှူနေတာလားဆိုတဲ့ ဟိုလူတွေလို ဖြစ်နေတာကိုး...။

ကွယ်... စိတ်ပေါက်ပေါက်နှင့် ဒီတိုင်း ကတုံးတုံးလိုက်ရလို့ မကောင်းဖြစ်တော့မည်။

စုချစ်
၁၈-၀၈-၂၀၀၈
ညနေ ၃နာရီ ၁၅မိနစ်