Showing posts with label Myanmar. Show all posts
Showing posts with label Myanmar. Show all posts

Thursday, March 26, 2015

လူငယ်နှင့် ပညာရေး

Photos credit to original photographers!!! 
မြန်မာပြည်မှာ မျိုးဆက်သစ် လူငယ်တွေ ပညာရေးပြုပြင်လိုမှုအတွက် ဆန္ဒဖော်ထုတ်တာကြောင့် မညှာမတာ နှိမ်နင်းခံရပြီး မတရားသဖြင့် အရေးယူခံရ ဖမ်းဆီးနှိပ်စက်ခံရတယ်။ တကယ် ပြန်ဆန်းစစ်ကြည့်မိတော့ နှိမ်နင်းခံရတဲ့သူတွေကလည်း လူငယ်တွေဖြစ်သလို အဲ့ဒီလူငယ်တွေကို နှိမ်နင်းတဲ့အဖွဲ့မှာလည်း လူငယ်အရွယ်တွေပဲ ပါဝင်နေတာတွေ့ရလိမ့်မယ်။

မနေ့ တစ်နေ့က စင်္ကာပူရဲ့ ဖခင်ကြီးလီကွမ်းယု ကွယ်လွန်ခဲ့တယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စင်္ကာပူ ရုပ်မြင်သံကြားက သူဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝ ဇာတ်ကြောင်း နဲ့ တံငါရွာသာသာ စင်္ကာပူနိုင်ငံသေးသေးလေးကနေ ယနေ့မှာ နိုင်ငံတကာက လေးစားအတုယူရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံထိဖြစ်လာအောင် သူဘယ်လိုကြိုးပမ်းအားထုတ်ခဲ့ပုံတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးနေတယ်။

လီဟာ ယနေ့ စင်္ကာပူဖြစ်လာအောင် သူသွားချင်တဲ့လမ်းက အတားအဆီးမှန်သမျှ သူ့နည်းသူ့ဟန်နဲ့ရအောင် ရှင်းတယ်။ မိန့်ခွန်းပြောနေတဲ့ တစ်နေရာမှာ သူ့လမ်းစဉ်ကို မကျေနပ်တဲ့သူ လက်မခံနိုင်တဲ့သူတွေကို လက်သီးလက်မောင်းတန်း စိန်ခေါ် ဟစ်ကြွေးနေတာကို တွေ့မိတယ်။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ နောက် ၅နှစ် နောက်၁၀နှစ် နောက်၁၅နှစ်မှာ စင်္ကာပူ ဘာဖြစ်နေမလဲ၊ စင်္ကာပူက မျိုးဆက်သစ်တွေဘယ်လိုဖြစ်မလဲ စောင့်ကြည့်ကြပေါ့တဲ့။ သူပြောတာ မှန် မမှန် မျက်မှောက်ခေတ် စင်္ကာပူ ဘာလဲဆိုတာတော့ အားလုံးတွေ့မြင်ကြရတဲ့အတိုင်းပါပဲ။ ဒါတွေကို စီကာစဉ်ကာ ဆက်တိုက်ဆိုသလို မြင်ရ ကြားရတော့ စင်္ကာပူရဲ့ မျိုးဆက်သစ်လူငယ်တွေ ကံကောင်းအကြောင်းလှပုံအတွက် ဝမ်းမြောက်ကြည်နူး အားကျမိသလို တဆက်တည်း ကိုယ့်နိုင်ငံက လူငယ်မျိုးဆက်သစ်တွေ ကံမကောင်းမကြောင်းမလှတာတွေ အတွက် ဝမ်းနည်းကြေကွဲရင်နာရတယ်။

စကားစပ်မိလို့ ပြီးခဲ့တဲ့ တစ်ပတ်က ကြုံကြိုက်တာနဲ့ ရုံးက လုပ်အားပေးအဖွဲ့နဲ့အတူ စင်္ကာပူက Life Community Services Society ( LCSS ) - Life Student Care Centre ကို ရောက်ခဲ့တယ်။ LCSS အကြောင်း သတင်းစာထဲက ကြားဖူး ရုပ်မြင်သံကြားကနေအမှတ်မထင် ကြည့်ဖူးမဲ့ သူတို့ Centre ကိုတော့ ပထမဦးဆုံး လုပ်အားပေးရောက်ဖူးတာပါ။ အရင်ကတော့ ကျွန်မ ရုံးလုပ်အားပေးအဖွဲ့နဲ့အတူ Special school တွေမှာ ကွန်ပြူတာ လိုက်သင်ပေးဖူးတယ်။ Special school ဆိုတာကတော့ ဉာဏ်ရည်မမီတဲ့ကလေးတွေအတွက် ဖွင့်ထားတဲ့ကျောင်းတွေဖြစ်တယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမနေတတ်ဘူး၊ စဉ်းစားတွေးခေါ်နိုင်တဲ့ ပညာ ဉာဏ်ရည်မမီဘူး၊ အသုံးမကျပါဘူးလို့ အများကမြင်တဲ့ ဒီကလေးတွေဟာ ဒီ Special School ကျောင်းတွေကနေ အောင်မြင်ပြီးတဲ့နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဖြစ်ထွန်းသွားကြတာကို မြင်ရတဲ့အခါ စင်္ကာပူရဲ့ လုပ်ဆောင်ချက်တွေကို တကယ် လေးစား အံ့သြ အထင်ကြီးမိပါရဲ့။

LCSS အကြောင်း ပြန်ဆက်ရရင် လုပ်အားပေး မစခင် CEO က သူတို့ အသင်းအဖွဲ့ LCSS ဆိုတာ ဘာလဲ အနည်းငယ် ရှင်းပြတယ်။ စင်္ကာပူမှာ LCSS ကို တည်ထောင်ခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကဆိုတော့ ၁၉နှစ်ကျော် နှစ်၂၀နီးပါးရှိပြီဖြစ်တဲ့အကြောင်း၊ အသက် ၇နှစ်ကနေ ၁၉နှစ် ကြား ကလေးတွေ လူငယ်တွေကို စောင့်ရှောက်ပေးပြီး ထောက်ပံ့ကူညီ ပညာသင်ကြားပေးနေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒီကျောင်းက စောင့်ရှောက်နေတဲ့ ကလေးတွေထဲမှာ ၅၀%ကတော့ ဝင်ငွေနည်းတဲ့ စီးပွားရေးအဆင်မပြေတဲ့ မိသားစုကလာကြပြီ၊ ၅၀% ကတော့ လူမှုရေးပြဿနာရှုပ်ထွေးနေတဲ့ မိသားစုတွေကလာတဲ့သူတွေဖြစ်ကြောင်း၊ အထူးသဖြင့် မိဖထဲမှာ တစ်ဦးက ရာဇဝတ်မှုကြောင့် အဖမ်းခံရ ထောင်ကျနေတာမျိုးတွေ ဖြစ်ကြောင်း၊ အဲဒီလို ကလေးမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာနာကျည်းချက်တွေရှိကြောင်း၊ ပြင်ပလောက က လူတွေရဲ့အနှိမ်ခံဖြစ်နေရကြောင်း၊ အနှိမ်မခံရတာတောင် ကလေးတွေရဲ့စိတ်မှာ အလိုလိုသိမ်ငယ်နေကြကြောင်း၊ သိမ်ငယ်မှုကြောင့် စိတ်ကပိုထကြွပြီး မိုက်ရူးရဲဖြစ်နိုင်ကြောင်း၊ သားသမီးများဟာ အများအားဖြင့် မိဖခြေရာအတိုင်းလိုက်နင်းကြတဲ့သူတွေလို့ ဆိုစမှတ်ရှိရင် ဆိုးတဲ့မိဖက မွေးဖွားလာတဲ့ကလေးတွေဟာ တခြားသာမန်ကလေးတွေထက် ၅ဆပိုပြီး သူတို့မိဖတွေလို ဆိုးတဲ့လမ်းကြောင်းကို လိုက်ဖို့ ပိုလွယ်ကူကြောင်း စသဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကစလို့ သူတို့အသင်းက ဒီလိုကလေးမျိုးတွေကို ပစ်မထားပဲ ဘယ်လို အားပေး စောင့်ရှောက်ကူညီလမ်းပြနေတယ်၊ သူတို့ စောင့်ရှောက်တဲ့ ကလေးတွေ အခုဆို ဘယ်နေရာမှာ ဘယ်လို အောင်မြင်နေတဲ့သူတွေရှိလာပြီ ဆိုတာတွေကို ကြည်နူးဖွယ်ရာ ရှင်းလင်းပြောပြပါတယ်။

ကျွန်မဟာ နားထောင်နေရင်း ဒီကလေးတွေအတွက် ဝမ်းလဲသာမိ အသင်းကလုပ်ဆောင်ချက်တွေအတွက် ဂုဏ်ယူ အားကျမိ ပြီးတော့ မနာလိုလဲ ဖြစ်မိတယ်။ ကျွန်မတို့နိုင်ငံမှာရော ဒီလိုကလေးမျိုးတွေကို အစိုးရက ကာကွယ်စောင့်ရှောက်မှုတွေ ပေးပါရဲ့လား၊ စိတ်ဓါတ်ရေးရာ မြှင့်တင်မှုတွေ ရှိပါရဲ့လား၊ မိဖမဲ့မဟုတ်ပါပဲနဲ့ မိဖက ဆိုးသွမ်းလို့ ကလေကချေဘဝရောက်သွားရတဲ့ လူမမယ် ကလေးတွေ ဘယ်လောက်များ တိုးပွားနေပါပြီလဲ။ ကလေးတွေဟာ ကယ်တင်သူမရှိ ရက်စက်တဲ့ကံကြမ္မာရဲ့ ခြေနဲ့နင်းကန်ချက်တွေကို ရှောင်တိမ်းရင်း တဝဲလည်လည်မျောနေရရင်း လိမ်မာယဉ်ကျေးတဲ့ကလေးတောင်မှ မွန်းကြပ်မှုတွေမခံနိုင်ပဲ ရှေ့ဆက် မိုက်မဲရမ်းကားနေကြရတော့မှာပါပဲလားနဲ့ မသက်သာစွာခံစားမိတော့တယ်။ တာဝန်ဆိုတဲ့လက်ပတ်နီကို ဝတ်ပြီး မိုက်ရူးရဲတဲ့မျက်နှာထားနဲ့လူငယ်လေးတွေကို မျက်လုံးထဲမှာ ပြန်မြင်ယောင်လာမိတယ်။

တဆက်တည်း ကျွန်မအတွေးထဲမယ် စင်္ကာပူ ပညာရေးစနစ် ကို သုံးသပ်ကြည့်မိတယ်။ စင်္ကာပူအစိုးရဟာ ပညာရေးကို အတိမ်းအစောင်းမခံ ဘယ်နေရာကိုမှ အလွတ်မပေး ဟိုး အောက်ခြေကစပြီး အထက်ထိ ခိုင်အောင်လုပ်ထားတာကို တွေ့ရတယ်။ ဉာဏ်ရည်နိမ့်ပါးလို့ ဆင်းရဲလို့ မိဖကလူဆိုးမို့ စတဲ့ဘာအကြောင်းပြချက်ကြောင့်မှ ကလေးတွေ ပညာမသင်နိုင် မရှိစေရကို ကြိုးစားဖော်ဆောင်နေတယ်။
ပညာတော်တဲ့ ကလေးတွေကျတော့ရော အစိုးရက ဘယ်လိုအားပေးလဲ။ ကျောင်းပြီးရင် မိမိ နိုင်ငံကိုပြန်အလုပ်အကျွေးပြုပါမယ်ဆိုတဲ့ ကတိစာချုပ် Bond တွေနဲ့ နိုင်ငံခြားက ထိပ်ဆိုတဲ့ကျောင်းတွေကို ရွေးလွှတ်ပါတယ်။ အနာဂတ်ခေါင်းဆောင်အတွက် အဖက်ဖက်ကတော်တဲ့လူတွေကို ခေါင်းခေါက်ရွေး ငယ်စဉ်ကစလို့ လက်သပ်မွေးထားပါတယ်။ ပညာတော်တဲ့သူဆို သူတို့ လူမျိုးမှမဟုတ် ဘယ်သူ့ကိုမဆို အားပေးဖို့ လိုအပ်ရင် သူတို့လူအဖြစ်ဆွဲသွင်းလိုက်ဖို့ကလည်း အဆင်သင့်ပါပဲ။ ကျွန်မ အိမ်မှာ မြန်မာပြည်က ၁၆နှစ်သား ကလေး ဒီစင်္ကာပူက Private ကျောင်းတစ်ခုမှာ GCE A Level လာတက်ပြီး ဖြေပါတယ်။ GCE A Level Result ထွက်တော့ သူက Maths မှာ World-wide no.1 ရပါတယ်။ စင်္ကာပူ NUS က သူ့ကို ချက်ချင်း စာပို့ပြီး စကော်လာ offer ပေးတယ်။ ပြီးရင် ဒီလိုကလေးမျိုးကို သူတို့လက်လွတ်မခံပါဘူး၊ Citizen offer ကိုပါ ပေးလေ့ရှိပါတယ်။

နောက်ထပ် ကျွန်မသတိရလိုက်မိတာကတော့ ကျွန်မတို့ NUS တက်ခဲ့တုန်းက NUS က ကျွန်မတို့ရဲ့ ဆရာတွေအားလုံးဟာ နိုင်ငံခြား နာမည်ရကျောင်းတွေက ဒေါက်တာဘွဲ့ရခဲ့သူတွေဖြစ်တယ်။ စင်္ကာပူကကျောင်းသားတွေဟာ ပြည်တွင်းမှာ တက္ကသိုလ်ပညာယူနေရပေတဲ့ သင်တဲ့ဆရာတွေအားလုံးက နိုင်ငံတကာကျောင်း ပညာ အတွေ့အကြုံ စုံတဲ့သူတွေဖြစ်တယ်။

ပြည်တွင်းက ဒီပလိုမာသင်တန်း Poly ကျောင်းတွေကိုကြည့်ဦးမလား။ များသောအားဖြင့် ဆရာတွေဟာ NUS တို့ NTU တို့ က PhD တွေ Master တွေဖြစ်နေပြန်ရော။ ကျွန်မသူငယ်ချင်း တော်တော်များများ NUS NTU က ဒေါက်တာဘွဲ့ မာစတာ ဘွဲ့ ရခဲ့သူတွေ ပိုလီမှာ ဆရာပြန်လုပ်နေကြပါတယ်။ ITE လို ကျောင်းမျိုးမှာတောင်မှ မာစတာဘွဲ့ရ ဆရာတွေခန့်ထားတာဖြစ်တယ်။ မဟုတ်ရင်လည်း Industry တွေမှာ နှစ်ရှည်လများ လုပ်ငန်းအတွေ့အကြုံစုံခဲ့တဲ့ ဝါရင့်ဆရာတွေဖြစ်တယ်။ ဒီတော့ ကျောင်းသားတွေဟာ နိုင်ငံတကာ စံချိန်စံထားအတိုင်း ပညာကို လိုချင်ရင်လိုချင်သလောက် ဆရာတွေဆီက သဲ့ယူ ရယူနိုင်တယ်။

ယုတ်စွအဆုံး စင်္ကာပူ Private ကျောင်းတွေကိုတောင်မှ ကျွန်မ မနာလိုဖြစ်မိတယ်။ စင်္ကာပူမှာ GCE O Level A Level preparation အတွက် Private ကျောင်းတွေရှိကြတယ်။ တချို့ဆရာတွေဟာ PhD အဆင့်အတန်းဝင်တွေဖြစ်တယ်။ ဒီနိုင်ငံမှာ အထက်တန်းအဆင့်ကျောင်းသားတွေကို စာသင်ပေးတဲ့ ဆရာတွေတောင်မှ PhD တန်းဝင် ဆရာတွေ ဖြစ်နေတော့ ဒီလူငယ် မျိုးဆက်သစ်အတွက် ရှေ့ရေးကို ဗေဒင်ပြေးကြည့်နေစရာမလိုတော့ဘူး။ စင်္ကာပူဟာ ဒီတိုင်းဆက်သွားနေသမျှ မစ္စတာလီ စကားအတိုင်း ပြောရရင် စင်္ကာပူလိုဖြစ်ချင်လား နောက်ထပ် ၁၀နှစ် နှစ်၂၀ကြိုးစားလိုက်ပါဦးလို့ နိုင်ငံတကာကို ခပ်မာမာ လက်ပိုက်ပြီး ပြောနေနိုင်ဦးမှာပါပဲ။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ဗိုလ်ချုပ်ရာပြည့်မတိုင်ခင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ တော်တော်များများ ပြန်ဖတ်ဖြစ်တယ်။ ကျွန်မ အဓိက စိတ်ဝင်စားတာက တခြား အကြောင်းတွေထက် ဗိုလ်ချုပ်ငယ်စဉ် ဆယ်ကျော်သက်က အကြောင်းတွေပဲ။ ဘာလို့ဆို ဗိုလ်ချုပ်ဟာ ငယ်ရွယ်စဉ်ကတည်းက သူများနဲ့မတူ တွေးခေါ်နိုင်စွမ်းရှိတာ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်တာ ပညာကိုမက်မက်မောမောလိုချင်စိတ်ရှိတာ အင်တိုက်အားတိုက်ကြိုးစားချင်စိတ်ရှိတာ ဇွဲရှိတာ ရဲရင့်တာ သတ္တိရှိတာ ရိုးသားတာ ဒါတွေအားလုံးဖြစ်လာစေဖို့ ဘယ်လိုအကြောင်းတရားများက သူ့ကိုတွန်းပို့ခဲ့သလဲဆိုတာ သိချင်တယ်။ အဓိကအချက်တွေထဲမှာ ဘာကိုသွားတွေ့လဲဆိုတော့ သူ့အနီးအနားက အစဉ်တစိုက် ပညာရေးကို အားပေးပြီး သူ့ကို သွန်သင်ညွှန်ပြခဲ့တဲ့ သူ့မိဖ သူ့အစ်ကိုအရင်းတွေနဲ့ အမျိုးသားအထက်တန်းကျောင်းက တကယ့်ဒေါင်ဒေါင်မြည်တော်တဲ့ သူ့ဆရာသမားတွေဖြစ်နေတာတွေ့ရတယ်။

ဒီမှာ ကျွန်မ နားလည်မိလိုက်တာကတော့ အခြေခံပညာရေးဟာ လူငယ်တစ်ယောက် သူ့ဘဝလမ်းကြောင်းမှန်စေဖို့အတွက် အရေးကြီးဆုံး အခရာတစ်ခုဖြစ်တယ်ဆိုတာပဲ။ လူကောင်းတစ်ယောက်ဖြစ်ဖို့ လူတော်တစ်ယောက်ဖြစ်ဖို့ ပြီးတော့ အဲ့ဒီလူကောင်း လူတော်တွေစုပြီးနေမှ နိုင်ငံကောင်းတစ်ခု ဖြစ်လာနိုင်တာမို့ ပညာရေးကို အဓိက အရေးတကြီး ပံ့ပိုးသင့်တဲ့အရာလို့ မထင်သမျှ ကာလပတ်လုံး၊ လူငယ်တွေအတွက် အမျှော်အမြင်ကြီးစွာ စဉ်းစားမပေးသမျှ ကာလပတ်လုံး အဲ့ဒီနိုင်ငံမျိုးဟာ နောက်ထပ် ၁၀နှစ် နှစ်၂၀ နေလည်း ဒုံရင်းကနေ တက်လာနိုင်မှာ မဟုတ်ဘူး။

လက်ရှိတွေ့မြင်နေရတာတွေနဲ့ တွေးမိသမျှတွေကို နိဂုံးချုပ်ရရင်တော့ နောင်၁၀နှစ်ကို လှမ်းကြည့်ပြီး လူငယ်တွေရဲ့ပညာရေးကို ဘက်ပေါင်းစုံကနေ တတ်နိုင်သမျှ အားပေးကြပါ။ အစိုးရလူကြီးမင်းတို့ အနေနဲ့လည်း မိမိတို့ အတ္တ မာနကို ဘေးချိတ်လို့ လူငယ်တွေကို နားလည်ခွင့်လွှတ်ပြီး သူတို့ရှေ့ရေးကောင်းစားရင် ကိုယ့်နိုင်ငံကောင်းစားတာနဲ့ အတူတူမို့ လူငယ်တွေကို အခွင့်အရေးပေးကြပါ၊ သူတို့ဘဝတိုးတက်သည်ထက် တိုးတက်လာအောင် တတ်နိုင်သမျှ မြေတောင်မြှောက်ပေးကြပါ။

ပညာရေးသက်သက်အတွက် ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံရထားတဲ့ကလေးတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ တောင်းဆိုလိုက်ရပါတယ်။

စုချစ်သူ
၂၅ မတ် ၂၀၁၅

Thursday, February 12, 2015

မြန်မာပြည် အညာမြေ ခရီး တစ်ခေါက် - အပိုင်း၁

ခရီးစဉ်အကြမ်း (၂၀၁၅ ဇန်နဝါရီ)

မြန်မာပြည် တနံတလျား ခရီးတွေ သွားရတော့မယ်ဆိုရင် တခြားတိုင်းပြည်တွေကိုသွားရတာထက် ပိုပြီး စိတ်လှုပ်ရှား ပျော်ရွှင်ကြည်နူးမိတယ်။ ခရီးတစ်ခါထွက်တိုင်းလည်း ပုံမှန် သူများတကာ သွားရိုးသွားစဉ် အတိုင်း မသွား၊ ကိုယ့်ခရီး ကိုယ့်ဘာသာ စီစဉ်၊ အဲ့ဒီ စီစဉ်ထားတာကို သူများတွေ တားချင်တားဦး၊ ကိုယ်ကတော့ သွားချင်တဲ့နေရာ ရအောင်ကို ရောက်အောင်ကို သွားတာပဲ။ ဒီတော့ သွားသမျှ ခရီးတွေဟာ သာမာန် အပျော်သက်သက် ခရီးမဟုတ်ပဲ ပျော်လဲပျော်ရ၊ မမျှော်လင့်ထားတဲ့ အတွေ့အကြုံ အသစ်အဆန်းတွေ အတွက်လည်း စိတ်လှုပ်ရှားရနဲ့ပေါ့။ ဒါပေမယ့် စာရေးပျင်းတဲ့သူဖြစ်တဲ့အလျှောက် စာရွက်အပိုင်းအစလေးတွေမှာ မှတ်ထားတာလေးတွေ အတွေးထဲမှာ မှတ်ထားတာလေးတွေနဲ့ပဲ ခံစားပျော်ရွှင်ခဲ့ရသမျှ ကြာတော့ ပျောက်ပျက်ကုန်တော့တယ်။

ဟိုးတစ်နှစ်ကဆို ဦးရေချမ်းနဲ့ ၂ယောက်တည်း ဘုမသိ ဘမသိ ပဲခူးရိုးမထဲ ကားနဲ့၂ယောက်တည်း တက်သွားလိုက်တာ၊ အဲ့အချိန်က လမ်းတွေ တံတားတွေ ဖောက်တာလဲ မပြီးသေး၊ အဲ့လမ်းပေါ်သွားတဲ့ကားဆိုတာ တစ်ကောင်တမြည်းတောင်မတွေ့ရ၊ လမ်းတစ်လျှောက် ရွာစဉ်တွေကလဲ ပြတ်နဲ့ ကံကောင်းလို့သာ ဘေးမသီရန်မခ တောင်ပေါ်က ပြန်ဆင်းလာနိုင်ကြရတယ်။ ရိုးမပေါ်တလျှောက် ဖုန်းအဆက်အသွယ်ပါပြတ်တောက်သွားလို့ လူကြီးတွေစိတ်ပူနေချိန် ကိုယ်တွေက တောတောင်တွေကြားထဲ ကားရပ်ပြီး အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဗူးကို ဖွင့်စားလိုက်သေးတယ်။ ဟိုးတုန်းက ဒီရိုးမထဲမယ် သခင်သန်းထွန်းတို့ ပုန်းခဲ့ဖူးတယ်ဆို ကိုယ်အခု ထမင်းစားနေတဲ့နေရာဟာ သူတို့လည်း ထမင်းချက်စားခဲ့ဖူးမလားဆိုတာ ပြောမရဘူးလို့ ယောင်တောင်ပေါင်တောင် မှန်းဆ တွေး သမိုင်းကြောင်းကို လွမ်းနေမိသေးတယ်။

ပဲခူးရိုးမ (၂၀၁၁ခုနှစ်)


တမြန်နှစ်ကတော့ ရွှေဘိုကနေ မုံရွာမြို့ အသွား အရာတော်က အထွက် လမ်းရေကျော်နေတာကို တည့်တည့်တိုးပါလေရော၊ တောင်ပေါ်ရေတွေ တဟောဟောကျနေတာကို ကြည့်ပြီး တခါမှ မကြုံဖူးတဲ့ ကိုယ်ကတော့ ပျော်လို့...၊ လူကြီးတွေကတော့ ခရီးဖင့်ပါပြီဆိုပြီး စိတ်ပူလို့၊ ရေကျတဲ့အချိန်ထိဆို နောက်ထပ် ၃-၄နာရီလောက် စောင့်ရဦးမှာတဲ့၊ အဲ့လောက်အထိ ဘယ်စောင့်လိမ့်မလဲ... ရေအနည်းငယ်ကျသွားတဲ့အချိန်မှာပဲ နောက်ထပ် ရေမတိုးခင် သူများကားလေးတွေ မဖြတ်ရဲသေးတဲ့ ရေကျော်ကို ဖြတ်မယ်ကွာဆိုပြီး ဘတ်စ်ကားကြီး ဖြတ်သွားတဲ့ လမ်းအတိုင်း ဝုန်းဒိုင်းဆိုပြီး အသည်းတယားယားနဲ့ ဖြတ်မောင်းဖူးတယ်။ ကျောက်ကာရွာ လေမုန်တိုင်းကြောင့် သစ်ပင်တွေပြိုပျက်နေတဲ့ကြား ကားကို ကွေ့ကာ ဝိုက်ကာရအောင် မောင်းကြတယ်။ မြန်မာပြည်သူပြည်သားတွေဟာ သဘာဝ ဘေးဒုက္ခတွေနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ဘေးထိုင် အပြစ်ပြော ညည်းညူနေခြင်းနဲ့ အချိန်ကုန်မခံနိုင်၊ တွေ့ကြုံရတာကို ဖြစ်သလို အပြုံးမပျက် လက်တွေ့ကျကျ ရင်ဆိုင်ကြတာတွေကိုလည်း  အံ့သြချီးကျူးရတယ်။

 မုံရွာ သို့ အသွား ရေကျော် (၂၀၁၃ခုနှစ်)

ဒါတွေကို ရေးဖို့ရာ အားခဲထားပေတဲ့ အကြောင်းကြောင်းကြောင့် မရေးရသေး။ မရေးဖြစ်တာကိုလည်း နှမျောမိသေး။

ဒီနှစ်ဆန်း မြန်မာပြည်ပြန်တာ ခါတိုင်းလို အချိန်မရလို့ တစ်ပတ်တည်းပဲ နေခဲ့ရတာပါ။ ပြန်ခဲ့တဲ့ရက် နည်းနည်းထဲကပဲ မန္တလေးကနေ ရွှေစက်တော် ဘုရားဖူး ထွက်ခဲ့တဲ့ ခရီးစဉ်အကြောင်း သူငယ်ချင်းတွေ ကို ပြန် ပြောပြတော့ အားလုံးက သိပ်ကို စိတ်ဝင်စားကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွှေစက်တော်ဘုရားဖူး ၂ရက်ခရီး ရယ် လို့ ခေါင်းစဉ်တတ်ထားသော်ငြားလည်း လမ်းခရီးတစ်လျှောက် ဖြတ်သွားတဲ့ မြို့တွေဆီ ဝင်လည်ခဲ့တာတွေကို ကြားရတာ စိတ်ဝင်စားစရာ အားရစရာကြီး ဖြစ်နေလို့ပါတဲ့။ ၂ရက်တည်းနဲ့ သွားခဲ့တာတွေက ပထမရက် မန္တလေး-စလေ-ရေနံချောင်း- မကွေး။ မကွေးမှာ ညအိပ်ပြီးတော့ မကွေး-ရွှေစက်တော်-ကျောင်းတော်ရာ-မင်းဘူး-နတ်မောက်-မန္တလေး ဖြစ်ပါတယ်။

ကိုယ်တွေလို အားလပ်ရက်ရှည် မရနိုင်သူတွေ ကိုယ့် အတိုင်း ၂ရက်ခရီး သွားချင်သွား ဒါမှမဟုတ် ဒီခရီးစဉ်အတိုင်းကိုပဲ ဒီထက်မက အချိန်ပေးပြီးသွားနိုင်ရင် ပိုကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးကပြန်ရောက်ခါစ ပူပူနွေးနွေးရှိနေတုန်း ခေါင်းထဲက အကြောင်းအရာတွေ မပျောက်ပျက် မမှေးမှိန်ခင် သူငယ်ချင်းတွေ တောင်းဆိုချက်အရ ဒီခရီးမှာ တွေ့ကြုံခံစားခဲ့ရသမျှ ကြိုးစားပြီး ရေးပေးပါမယ်။

ခရီးသွားဆောင်းပါး သက်သက်ထက် ကြားသမျှ မြင်သမျှ တွေ့ကြုံခဲ့သမျှကတဆင့် တွေးမိသမျှတွေကိုပါ မျှဝေချင်တာမို့ စာရှည်ကြီး ဖြစ်သွားရင်သာ ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်လျက်။

ပြီးတော့ ဆက်ရေးဖြစ်ဖို့ မပျင်းဖို့ အင်အားတွေစုစည်းလျက်... ။ ။

++++

Wednesday, April 23, 2014

ဘဘဦးဝင်းတင်

ဘဘဦးဝင်းတင်သို့
ရိုသေလေးစားစွာဖြင့် ဂါဝရပြု ဦးညွှတ်ကန်တော့လိုက်ပါသည်။

မျက်ရည်တစက်...
ခုန်ပေါက်ပြေးထွက်သွားတယ်...
ဟိုး...မိုးကောင်းကင်ထက်ဆီသို့....

ငှက်ကလေးတွေတောင် တေးဆိုခဏရပ်သွားတယ်...
အဲ့ဒီမျက်ရည်လေးကို လိုက်ငေးနေရလို့....

ကြည့်လိုက်တော့ မျက်ရည်က ခပ်ပြုံးပြုံးပဲ လက်မထောင်ပြသွားတယ်....
တို့ မသေခင် ပြန်ဆုံကြပါစို့....တဲ့...

စုချစ်
၂၁ ၀၄ ၂၀၁၄

  
 

Friday, January 13, 2012

လှေကလေးကို လှော်မည် ဘေးမသန်းပဲ အေးချမ်းတော့သည်



လှေကလေးကို လှော်မည် ဘေးမသန်းပဲ အေးချမ်းတော့သည်

တစ်နှစ်က မလေးရှား ကွာလမ်လမ်ပူမှာ ရှိတဲ့ တရုတ်တန်း ရဲ့ ညဈေးတန်း ကို ရောက်သွားတဲ့အခါ အဲဒီမှာ ဈေးရောင်းနေတဲ့ အရောင်းသမားလေးတွေ တော်တော်များများဟာ ဗမာပြည်က ဖြစ်ကြတာတွေ့ရတယ်။ သူတို့က မရွှေစုတို့ကို ဗမာမှန်းသိလို့ ဗမာလိုတွေပြောပြီး ဈေးရောင်းကြတယ်ပေါ့။ ကောင်လေးတွေက ရည်ရည်မွန်မွန်၊ ရုပ်ရည်သန့်သန့်၊ သဘောကောင်းကောင်း ပုံ ကလေးတွေ။ မရွှေစုတို့ကို သူတို့ ရောင်းနေတဲ့ ပစ္စည်းတွေ ဈေးလျှော့ပေးတဲ့ အပြင် သူတို့ ဆိုင်မှာ မရှိတဲ့ပစ္စည်းတွေ လိုချင်တာ ဈေးသက်သက်သာသာနဲ့ ရအောင် တခြားအသိဆိုင်တွေကို လိုက်ပို့ပေး၊ ကူပြီး ဈေးဆစ်ပေးကြတယ်။ မဟုတ်ရင် ဒီကေအယ်လ် ညဈေးတန်းက ဈေးတွေတင်ပြီး ရိပ်ကြတာတဲ့။ အဲဒီ ကောင်လေးတွေက စကားပြောရင် အသံဝဲတဲတဲလေးတွေနဲ့ အသက်က ၂၀ကျော်ကျော် လေးတွေပဲ ရှိသေးတယ်။

'' ဒီဈေးထဲ ဗမာ တွေ အများကြီးပဲနော်။ ဟိုနားက ဆိုင်မှာလည်း မောင်လေးတို့လိုပဲ ဗမာတွေ အစ်မ တွေ့ခဲ့တယ်။ သူတို့နဲ့ရော သိကြလား။ ''
'' ကျနော်တို့က သူတို့ နဲ့ မတူဘူး အစ်မ၊ သူတို့က ဗမာ တွေ၊ ကျနော်တို့က မွန်လူမျိုး... ''
'' ဟင်....နင်တို့ကလဲဟယ်... မွန်လည်း ဗမာ ၊ ဗမာ လည်း မွန်ပေါ့ဟ။ တစ်မြေထဲကလာပြီး အဝေးကြီးမှာ အလုပ်လုပ်နေကြရတဲ့ဟာ... ''
မရွှေစုက အဲသလို ပြောတော့ သူတို့ ပြုံးပြီး နားထောင်နေကြတယ်။
'' အခု အစ်မ ကို ဗမာမှန်း သိပေမယ့် နင်တို့ ကူညီ ကြတာပဲ။ အစ်မကလည်း နင်တို့ ဘာလူမျိုးလည်းတောင် မစဉ်းစားမိဘူး။ ကိုယ့်တိုင်းပြည်က လူမျိုး အသံကြားတာနဲ့တင် ၀မ်းသာတာပဲ။''
သူက ဗမာမို့ ကိုယ်က မွန်မို့ ဆိုတဲ့ စကား ပြည်ထောင်စု သားချင်းထဲ ဘာလို့ ရှိရမလဲတဲ့။ မှုတ်ဖူးလားနော်။

အဲသာနဲ့ ဆက်စပ်လို့ ပြောရရင် မရွှေစုတို့ မေမေ ဇာတိချက်ကြွေမွေးရပ်မြေဟာ မြစ်ဝကျွန်းပေါ် မြို့လေးတစ်မြို့က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ စီးပွားဖြစ်ထွန်းလှတဲ့ အေးချမ်းသာယာတဲ့ ရွာလေးတစ်ရွာ ဖြစ်တယ်။ ဒါပေမယ့် လွတ်လပ်ရေး ခေတ်ဦးမှာ ရွာမှာ ကရင်သူပုန်တွေ ထကြွသောင်းကျန်း နှိပ်စက်လို့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ ထားခဲ့၊ ရွှေငွေ ပစ္စည်းတွေ တန်ဖိုးကြီးတာတွေတော့ မြေကြီးထဲ တွင်းတူး ဖွက်ခဲ့ပြီး မြို့ပေါ်ကို ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးကြရတယ်။ သူပုန်တွေက အိမ်မှာ တွေ့သမျှ ပစ္စည်းတွေ လုယက်ဖျက်ဆီး ယူငင်သွားတဲ့ အပြင်၊ မြေကြီးမှာ ဖွက်ထားတဲ့ ရွှေငွေက အစ စူးထိုးချပြီး ယူသွားလို့ ရှိသမျှ တက်တက်ပြောင်ပြီး မေမေတို့ မိသားစု ဟာ ရန်ကုန်မြို့မှာ လက်ကြီးပဲကနေ ဘ၀အသစ်ကို ပြန်စခဲ့ကြရတယ်လို့ ဆိုတယ်။ အဲဒီတုန်းက မေမေဟာ ကရင်ဆို နာမည်တောင် မကြားချင်အောင် မုန်းတီးခဲ့တဲ့သူ ဖြစ်တယ်။

ဒီလိုနဲ့ နှစ်တွေ ကြာ လာခဲ့တယ်။ ဖေဖေနဲ့ မေမေ အိမ်ထောင်ကျပြီးတော့ အခြေချနေခဲ့တဲ့ အိမ် ရဲ့ အိမ်ရှေ့အိမ် က မိသားစု ဟာ ကရင်လူမျိုး မိသားစု ဖြစ်တယ်။ သူတို့တွေဟာ ရိုးသား ဖော်ရွှေပြီး သူတပါးကို အင်မတန် ကူညီတတ်သူတွေ ဖြစ်တယ်။ တခါမှာ အဲဒီ မိသားစု ထဲက မနော်လေးရဲ့ ယောက်ျား သူ့ရုံး ကိစ္စနဲ့ မတရား အမှုဆင် ထောင်ချခံရတော့ အဲဒီ အချိန်က တရားသူကြီး ဖြစ်နေတဲ့ ဖေဖေဟာ အတတ်နိုင်ဆုံး တရားသဖြင့် ဖြစ်စေရအောင် အကူအညီတွေ အများဆုံး ပေးခဲ့တယ်။ မနော်လေးရဲ့သား ဟာ ဖေဖေ မေမေတို့ရဲ့ မွေးစားသား ဖြစ်လာတယ်။ ဟိုတချိန်တုန်းက ကရင်ကို နာမည်တောင် မကြားချင်အောင် မုန်းခဲ့ဖူးတယ်ဆိုတဲ့ မေမေဟာ သူကိုယ်တိုင် နို့တိုက် မွေးခဲ့ရတဲ့ သူ့ မွေးစားသား၊ မရွှေစုတို့ရဲ့ မွေးစား မောင်လေး ကရင်လူမျိုး ဖြစ်တဲ့ ဖိုးခွားလေးကို အရမ်းချစ်ပါတယ်။ တခါက တခြားသူတစ်ယောက် လုပ်ခဲ့တဲ့ အမှုကြောင့် သူ့လူမျိုးတိုင်းကို လိုက်မုန်းနေရမယ်ဆို ဒီကမ္ဘာကြီးမှာ ရန်ငြိုးတွေနဲ့ ဘယ်လို နေချင်စရာ ကောင်းတော့မှာပါလဲ။

ဟော... အခုလည်းပဲ နှစ်၆၀ကျော်ကြာသည့်တိုင်အောင် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့တဲ့ ကရင် အမျိုးသား အစည်းအရိုးနဲ့ ကရင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ ရဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်နေကြပြီတဲ့။ ဆွေးနွေးပွဲက နှစ်ဘက် ကိုယ်စားလှယ်တွေရဲ့ အပြုံးတွေကို မြင်ရ ကြားရ ကြည့်ရတာ ဘယ်လောက် စိတ်ချမ်းသာ စရာ ကောင်းလှပါသလဲ။ ဇွဲကပင် တောင်ကြီးက ပြုံးလို့ ကြည့်နေမှာ မြင်ယောင်ပါသေးရဲ့။

ကျက်သရေ မင်္ဂလာ အရှိဆုံး သတင်းကတော့ ဒီနေ့ မနက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းပဲ။ မရွှေစု ခံစားမိတာကတော့ အမေစု ပြောသလို လူတွေဟာ အတိတ်က နာကျည်းချက်တွေကို ပြန်စဉ်းစားပြီး အတိတ်ဘ၀ထဲကနေ ရုန်းမထွက်နိုင်ရင် အနာဂတ် ငြိမ်းချမ်းသာယာ ညီညွတ်ရေး ဘယ်လို စုစည်း လုပ်နိုင်ကြတော့တဲ့ မလဲ။

ဒီနေ့ ဒီအချိန်ဟာ မရွှေစုတို့ မောင်နှမ တွေ အားလုံး လက်တွဲပြီး ကိုယ့်နိုင်ငံတော် သာယာရေးအတွက် ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ရမယ့် အချိန်အခါကောင်းပဲ။ နောင် သိပ်မကြာခင် ကာလမှာပဲ ကမ္ဘာမှာ မြန်မာဟေ့လို့ လက်မ ထောင် မကြွေးကျော်နိုင်ဘူးလို့ ဘယ်သူ ပြောမလဲ။

စုချစ်
၁၃-၀၁-၂၀၁၂
နေ့လည် ၂း၄၇ နာရီ
++++++++

Wednesday, January 4, 2012

လူတိုင်းအတွက် လွတ်လပ်ရေး

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
(၀၄ ဇန်န၀ါရီလ ၂၀၁၂)

( Sketch by Suuchitthu)
(from photo of Moe Kyaw Thu - Old lady sitting & waiting in front of Prison on 03-01-2012)


သင့်မှာ မိခင် ရှိလျှင် ...
သားကိုမျှော်နေတတ်သည့် တခြားသူများ၏ မိခင်ကို သတိရပေးပါ။

သင့် မိသားစု ကို သင်ချစ်လျှင်...
တခြားသူများ၏ မိသားစု ချစ်ခင်မှုကို နားလည်စာနာပေးပါ။

သင့်ကို မတရားချုပ်နှောင်မှု မလိုလားလျှင် ...
တခြားသူများကို မတရားချုပ်နှောင်မှုမှ ဖြေလွှတ်ပေးပါ။

သင်သည် တရားမျှတ လွတ်လပ်မှုကို ကြိုက်လျှင်...
တခြားသူများအားလည်း တရားမျှတ လွတ်လပ်မှု ရရှိစေအောင် ဆောင်ယူပေးပါ။

မှန်ကန် လှပ သော စစ်မှန်သည့် လွတ်လပ်ရေး
သင့် အတွက် လိုသလို ...
လူတိုင်း အတွက်လည်း လိုပါသည်။


စုချစ်
၀၄-၀၁-၂၀၁၂

Thursday, December 1, 2011

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အမှတ်တရ

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အမှတ်တရ
၀၁ ဒီဇင်ဘာ ၂၀၁၁


အဲဒီနေ့ညနေက အပြင်မှာ မိုးတွေ အုံ့မှိုင်းပြီး သည်းသည်းမည်းမည်း ရွာနေခဲ့တယ်။

+++++

ခဲသားရောင် ခပ်မှိုင်းမှိုင်း မိုးကောင်းကင်အောက် ဖွဲဖွဲလေး ရွာသွန်းနေတဲ့ မိုးရေတွေကြား ကိုရေချမ်းက ကားကို သတိထားပြီး ထိန်းမောင်းနေတယ်။ ကိုအရုဏ်ဦး သူငယ်ချင်း ကားက ဒဂုံမြို့သစ်ရဲ့ ကျောက်ပေါက်မာ အသင့်အတင့်နဲ့ မီးခိုးရောင် ကတ္တရာလမ်းတွေပေါ် ဟိုဝင် သည်ထွက် ကွေ့ကောက်သွားရင်း ရှေ့ကနေ လမ်းညွှန်ပြပေးတယ်။ သူတို့ကားသာ မပါလာခဲ့ရင် ကျမတို့ လမ်းမှားမှာ အသေအချာပါပဲ။ တပင်ရွှေထီးလမ်းမှာလို့ ကိုအရုဏ်ဦးက ပြောလိုက်တဲ့ ခဏမှာ ရှေ့ကသွားနေတဲ့ကားက လမ်းချိုးတစ်ခုဆီ ချိုးဝင်ရင်း သပ်ရပ်သန့်ရှင်းတဲ့ ခြံဝန်းရှေ့တစ်ခုမှာ ရပ်လိုက်လို့ ကျွန်မတို့ကားလည်း နောက်ကနေ ရပ်လိုက်တယ်။ မိုးတွေက အဲဒီအချိန်မှာပဲ ဖွဲဖွဲကနေ သဲကြီးမဲကြီး ဗြုန်းကနဲ ရွာချလာတယ်။ မိုးကို အမှု မထားနိုင်ပဲ ထီးတွေကိုယ်စီနဲ့ ကားပေါ်က အားလုံး ဆင်းလိုက်ကြတယ်။ ခရမ်းရောင် စက္ကူပန်းလေးတွေ ဝေနေအောင် မိုးထားတဲ့ သံပန်းတခါးကနေ ခြံဝန်းထဲလှမ်းကြည့်မိတော့ အပြာရောင် နောက်ခံ အဖြူရောင်စာလုံးတွေနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရတယ်။

သုခရိပ်မြုံ
လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ



သူနာပြု ဆရာမလို့ ထင်ရတဲ့ ပိန်ပိန်သွယ်သွယ် ဆရာမတစ်ယောက် နဲ့ အုပ်ချုပ်သူ ကရင် ဆရာမကြီး တစ်ယောက် က ကျမတို့ကို ကြိုဆိုပြီး ခြံဝင်း ကနေ ၀င်ဝင်ခြင်း ရုံးခန်းလေးမှာ နေရာချထားပေးလို့ သုခရိပ်မြုံ အကြောင်း ကျမ တို့ မေးမြန်း စုံစမ်းသမျှကို ဆရာမကြီးက အခုလို ရှင်းပြပါတယ်။

သုခရိပ်မြုံ ဆိုတှာုံဠ ရောဂါပိုး ကူးစက်ခံထားရတဲ့ ကလေးသူငယ်များအတွက် မိသားစုနဲ့ မခြား ပြုစု စောင့်ရှောက်ပေးတဲ့ ပရဟိတ ဂေဟာ ဖြစ်ပါတယ်။ အဲဒီကလေးငယ်တွေဟာ မိဘ၂ဦးစလုံး ဆုံးပါးသွားတာ ဖြစ်စေ ၊ ဒါမှမဟုတ် မိဘတစ်ဦး ဆုံးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါ ဝေဒနာ ခံစားနေရလို့ ကလေးငယ်ကို မစောင့်ရှောက်နိုင်တဲ့ အခြေအနေရှိနေသူ၊ မိဘမဲ့ မဟုတ်သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် ကလေးငယ်ကို ကောင်းစွာ မစောင့်ရှောက်နိုင်၊ မကြည့်ရှုချင်သော အခြေအနေ မျိုးကြုံတွေ့နေရတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒီ လူမှု ထောက်ပံ့ရေး စီမံချက်ကို ဆရာမ ဒေါ် သန်းမြင့်အောင်ဂာ ၂၀၀၅ခုနှစ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ သံလျင်မှာ အိမ်လေးတစ်လုံးငှားပြီး စတင် အခြေတည်ခဲ့ကြရာကနေ ၂၀၀၆ခုနှစ် နှစ်လည်လောက်မှာ ဒီ ဒဂုံမြို့သစ် အရှေ့ပိုင်း ယခုနေရာလေးကို မြေလေးကွက်စာ ၀ယ်ယူပြီး စေတနာရှင်များရဲ့ ပံ့ပိုးမှုနဲ့ ဒီ သုခရိပ်မြုံ လေးကို စတင်ခဲ့တာ ယနေ့ထက်တိုင်ပါပဲ။

အခုလောလောဆယ် သုခရိပ်မြုံမှာ မွေးရာပါ HIV ရောဂါပိုး ငြိတွယ်နေကြတဲ့ ကလေး ၁၁လ ကနေ ၁၆နှစ်ထိ ၇၀ဦးခန့် ကို ပြုစု စောင့်ရှောက်လျက်ရှိပါတယ်။ ပညာသင်ကြားဖို့ အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးတွေကို သူငယ်တန်းကနေ ဆဌမတန်း အထိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ ကျောင်းထားပေးပါတယ်။ နေ့စဉ် သုခရိပ်မြုံမှ မော်တော်ယာဉ်နဲ့ ကျောင်းအသွား အပြန် ကြိုပို့ လုပ်ပေးပါတယ်။ မူကြိုအရွယ်ကလေးများကိုတော့ မူကြိုသင်တန်းဆင်းဆရာမများ နဲ့ ဂေဟာ မှာပဲ စာသင်ပေးပါတယ်။

ကျန်းမာရေးအတွက် လိုအပ်သလို အနီးကပ် စောင့်ကြည့်ပေးပြီး ကိုယ်ခံအား စီဒီဖိုး နှစ်ရာအောက်ဆင်းသူများကို အေအာတီဆေး တိုက်ကျွေးရပါတယ်။ အေအာတီဆေး မလိုတဲ့ ကလေးများကတော့ ပိုးသတ်ဆေး ပုံမှန်တိုက်ကျွေးနေပါတယ်။ ကလေးများအတွက် သဇင်ဆေးခန်း က ကူညီပြီး လိုအပ်တဲ့ ရက်ချိန်းမှာ ဆေးစစ်၊ သွေးဖောက်၊ စသဖြင့် ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါတယ်။ အထူးသဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် သိပ်ငယ်လွန်းတဲ့ ကလေးတွေ အတွက် ( ၃နှစ်ခန့်အထိ ) ဆရာမတွေ ကိုယ်တိုင် ရေချိုး၊ ထမင်းကျွေး၊ အနာဆေးထည့်၊ စသဖြင့် ကြင်နာ ယုယစွာဖြင့် ပြုစု စောင့်ရှောက်ပေးပါတယ်။

ကလေးငယ် ၇၀ဦး အတွက် လောလောဆယ် တစ်နေ့စာ အစားအသောက် ကုန်ကျငွေက ၇သောင်းခန့်ဖြစ်ပါတယ်။ သာမန်ကလေးများထက် အာဟာရ ပိုဖြစ်အောင် ဂရုစိုက်ရမှာ ဖြစ်တဲ့ အတွက် အစားအသောက်မှာ ခွန်အားရှိစေမယ့် အစားအစာများကို ရွေးချယ် စီစစ် ကျွေးမွေးပါတယ်။ မနက် ၇နာရီမှာ နံနက်စာ ပဲပြုတ်ထမင်း၊ ကြာဇံ၊ ခေါက်ဆွဲ၊ အစရှိသဖြင့် ကျွေးမွေးပြီး နေ့လည်စာကို နေ့လည် ၁၁နာရီ၊ ညစာကို ညနေ ၅နာရီ ပုံမှန် အသားဟင်း၊ ငါးဟင်း၊ အသီးအရွက်များနဲ့ ကျွေးမွေးပါတယ်။ အဆာပြေ အနေနဲ့ မနက် ၉နာရီမှာ တစ်ကြိမ်၊ နေ့လည် ၂နာရီမှာ တစ်ကြိမ် ည ၈နာရီမှာ တစ်ကြိမ် ဘီစကစ်၊ အိုဗာတင်း၊ ကြက်ဥ၊ နွားနို့၊ အသီးအနှံများ စသဖြင့် ကျွေးရပါတယ်။





ဆရာမကြီးက ပြောပြောဆိုဆို သိလိုသမျှတွေ ရှင်းပြပြီး လက်ကမ်းစာစောင်လေးတွေလည်း ပေးပါတယ်၊ အဲဒီနောက် ကျူးပစ်မှ အစ်ကိုကြီး ကိုအာရုဏ်ဦးရဲ့ အလှူငွေ (၂၅) သိန်း အပါအ၀င် မြန်မာများအတွက် မြန်မာအဖွဲ့က စုငွေ ၅သိန်း နဲ့ ပေါင်းပြီး - စုစုပေါင်း သိန်း ၃၀ ကို မြန်မာများအတွက် မြန်မာအဖွဲ့အနေ နှင့် သုခရိပ်မြုံ သို့ လှူဒါန်းနိုင်ခဲ့ပါတယ်။ ကိုအာရုဏ်ဦးမှ သူ့ ကုမ္ပဏီ နာမည်နှင့် ထပ်မံ၍ ၅သိန်း လှူတဲ့အတွက် အဲဒီနေ့က စုစုပေါင်း ငွေသား ၃၅ သိန်း လှူနိုင်ခဲ့ကြပါတယ်။ ဆရာမကြီးတို့မှ ကျေးဇူးတင်စကား ပြောကြပြီး အလှူငွေ ရေတွက်နေစဉ် ကျမက ကလေးတွေကို ကြည့်လို့ ရမည်လား ဟု မေးမြန်းမိပါတယ်။



အခုလောလောဆယ် ကလေးတွေကို ညစာထမင်းကျွေးနေပါတယ်။ ဘေးက ကပ်ရက် အဆောင်မှာ သွားကြည့် လေ့လာနိုင်ပါတယ်လို့ ဆရာမကြီးက ပြောလာတော့ ကိုအရုဏ်ဦး သူငယ်ချင်း အစ်ကိုကြီး တစ်ယောက် နဲ့ ကျမတို့ နှစ်ယောက်သား ကလေးများ ရှိတဲ့ အဆောင်ဆီကို မိုးရေတွေကြားထဲက ထွက်လာခဲ့ကြပါတယ်။

++++++++

သန့်ရှင်း သပ်ရပ်မှုရှိတဲ့ အဆောက်အအုံထဲက အခန်းတံခါး တစ်ခုကို ဖွင့်လိုက်တာနဲ့.... ဟော... တွေ့ပါပြီ။ သူတို့ကို။

အသက် ၃နှစ် နဲ့ အောက် အရွယ်ရှိတဲ့ ကလေး ၁၅ယောက်ခန့်ကို ဆရာမ တစ်ဦးက ကြက်သား အာလူးနဲ့ နယ်ထားတဲ့ ထမင်းဇလုံကြီးကနေ တစ်ယောက်စီ ညစာ ထမင်း ခွံ့ကျွေးနေခြင်းပဲ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေက ၀၀ကစ်ကစ်လေးတွေ၊ မျက်နှာမှာလည်း သနပ်ခါး ဘဲကြားလေးတွေနဲ့ ရောဂါသည်လို့ မထင်ရက်စရာ တက်<က ပျော်ရွှင်လျက် ရှိတာ တွေ့ရတယ်။ ခွံ့ကျွေးနေတဲ့ ထမင်းကို ကိုယ့်အလှည့်ရောက်လို့ တစ်လုပ်စာ စားပြီးတိုင်း နောက်ကနေ ပြန်တန်းစီလိုက်နဲ့ အပူအပင် ကင်းမဲ့စွာ ပျော်ရွှင်စွာနဲ့ ဆော့ကစားလို့ နေကြသေးတယ်။

ကျမတို့ ဧည့်သည်တွေ ၀င်လာတာ တွေ့ရတာ သူတို့က ပိုပြီး ပျော်နေပုံရတယ်။ ကျမက သူတို့ ထမင်းစားနေတဲ့ နေရာနား ထိုင်လိုက်တော့ ကျမရဲ့ နောက်ကျောကို တစ်ယောက်က ကျောလာပိုးတယ်။ နောက်တစ်ယောက်က အားကျမခံ ကျမ ရင်ခွင်ထဲ တိုးဝင်တယ်။ နောက်တစ်ယောက် က ရသမျှ တိုးကပ်ပြီး ကျမ ပေါင်ပေါ်မှာ လာထိုင်တယ်။ နေရာမရနိုင်တော့တဲ့သူတွေက ကျမရဲ့ လက်မောင်းတွေ၊ ပုခုန်းတွေ၊ ဆံစတွေပါ မကျန် သူတို့ လက်သေးသေးလေးတွေနဲ့ လာထိ ထားကြတယ်။ ဒီအတိုင်းပဲ ကျမနဲ့ ပါလာတဲ့ အစ်ကိုကြီးပေါ်ကိုလည်း ဖက်တွယ်တက်ပြီး ဆော့ကစားနေကြတယ်။ ကျမကသာ သူတို့ကို ကြည့်ပြီး အံ့သြ သနား နေရပေမယ့် ဂေဟာကို လာလှူနေကြဖြစ်တဲ့ အစ်ကိုကြီးကတော့ သူတို့လေးတွေ နဲ့ ရယ်မော စကားပြောရင်း အဖွဲ့ကျနေပါတယ်။

ကလေးလေးတွေက ဂတုံးလေးတွေနဲ့မို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်စွာ အချင်းချင်း ဂတုံးလေးတွေ ပုတ်ပြီး ကျီစယ် ဆော့ကစားနေတော့ ကျမက အဲသလို မစရ မရိုက်ရဘူးနော်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ရမယ်လို့ပြောတော့ တစ်ယောက် ဂတုံးလေးတွေ တစ်ယောက် ဖက်နမ်းပြလိုက်ပါသေးတယ်။ အဲဒီ အခန်းထဲမှာ အငယ်ဆုံး ၁၁လသားအရွယ် မိန်းကလေး ကို သစ်သားပုခက်လေးနဲ့ သိပ်ထားတာ တွေ့ရပါတယ်။ ကလေးလေးက ၁၁လသားဆိုပေမယ့် တအားကို သေးကွေး ပိန်လှီလွန်းတော့ ၃လသားလောက်လို့တောင် ထင်မှတ်မှားစရာရှိပါတယ်။ ကျမတို့ ထိုင်နေတုန်းမှာပဲ ကလေးလေးက ရုတ်ရက် ငိုပါတယ်။ ကြည့်လိုက်တော့ သူ့ ဒိုင်ပါမှာ ၀မ်းတွေ သွားထားတာ တွေ့ရတယ်။ အဲဒီအချိန် အသက် ၈နှစ်- ၉နှစ်ခန့် အရွယ် ယောက်ျားလေး နှစ်ယောက် ရောက်လာပြီး ကလေးငယ်လေးကို ဂျိုင်းကနေ မချီလို့ မနီးမဝေးမှာ ရှိတဲ့ ရေချိုးခန်းထဲ ခေါ် သွားပြီး သန့်ရှင်းရေး လုပ်ပေးနေတာ တွေ့ရပါတယ်။

ကလေးများအတွက် စည်းကမ်းပိုင်းအရ အချင်းချင်း ကူညီရိုင်းပင်းမှု၊ ကြီးသူကို ငယ်သူက ရိုသေလေးစားမှု၊ ငယ်သူကိုလည်း ကြီးသူက ကူညီစောင့်ရှောက်ဖေးမမှု ရှိစေတယ်ဆိုတဲ့ ဆရာမကြီး စကားကို ပြန်ကြားယောင်လာမိပြီး ကလေးလေးအတွက် မောင်နှမအရင်းနဲ့ မခြား မရွံမရှာ ကြင်နာစွာ ပြုစုသုတ်သင်ပေးနေတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး စိတ်ထဲမှာ ၀မ်းသာ ၀မ်းနည်း ခံစားမိပါတယ်။ အသက် ၈နှစ် ၉နှစ် ဆိုတာ သူတို့ ကိုယ်တိုင်ကို က ကလေး အရွယ်လေးတွေပါ။ လူကြီးလုပ်ပြီး ငယ်သူကို ကူညီပေးနေကြတာ ကို တွေ့ရတာ အံ့သြ ၀မ်းသာ ကြည်နူး စရာပါ။ ကလေးလေးကို သန့်ရှင်းရေးလုပ်ပေးပြီး ကလေး ပုခက်လေးက အ၀တ်တွေကိုပါ သန့်စင် လဲလှယ် ပေးနေကြပါတယ်။ အချင်းချင်း တွက်ကပ်နေခြင်းလည်း မရှိကြပါဘူး။ ကလေးလေးကတော့ ရေသန့်စင်လိုက်တာ အေးသွားလို့လား မသိ... ငိုနေတုန်းပါပဲ။ ဖျော့တော့တိုးလျပေမယ့် နာကြင်ကြေကွဲနေသလို ငိုညည်းနေတဲ့ သူ့အသံလေးကြားရတာ ကျမရင်ထဲ ထိခိုက်လှပါတယ်။ သြော်... ဒီအရွယ်လေးဟာ မိခင် ရင်ငွေ့နဲ့ ထိပြီး ထွေးထားရမယ့် အရွယ်လေး....ခုတော့.... ။ ကျမ သက်ပြင်း ခပ်လေးလေး တစ်ချက်ကိုသာ ချရင်း ငေးနေမိတယ်။

အပြင်မှာ မိုးတွေကလည်း သည်းသည်းမည်းမည်းရွာလို့ ကောင်းတုန်း၊ မိုးလည်း ချုပ်ပြီမို့ သူတို့ကလေးတွေကို နှုတ်ဆက်ရင်း ဂေဟာကနေ ပြန်ထွက်လာခဲ့တယ်။ အပြန်ကားပေါ်အထိ သူတို့ မျက်နှာလေး၊ အသံလေးတွေ ၊ ဟန်ပန်လေးတွေက ကျမတို့ မျက်ဝန်းထဲ ကပ်ညိတွယ် ပါလာကြတယ်။

ကျမတို့ဟာ ကျန်းမာ သန်စွမ်းစွာ မိစုံ ဘစုံ ဘ၀နဲ့ မွေးဖွားလာကြတယ်။ ပြုစု ယုယမယ့် မိဘ မောင်နှမ များနဲ့ ပျော်ရွင် ချမ်းမြေ့ အပူအပင် ကင်းမဲ့စွာ ကလေး ဘ၀ကို ဖြတ်ကျော်လာကြပြီး ပညာကို ကောင်းစွာ သင်ကြားနိုင်ခဲ့ကြလို့ လူတန်းစေ့ ကောင်းကောင်းမွန်မွန် နေနေကြရတယ်။ ကျမတို့လို မဟုတ်ပဲ ကမ္ဘာပေါ်မှာ ကံမကောင်းနိုင်တဲ့သူတွေ အများကြီး ရှိနေကြပါတယ်။ ကံကောင်းတဲ့ သူတွေ အနေနဲ့ တခြားတစ်ဖက်က ကံမကောင်းတဲ့ သူတွေကို ကျမတို့ ဘာလို့ မေ့ထားကြမှာလဲ။ ကျမတို့ရထားတဲ့ ကံကောင်းခြင်း လက်ဆောင်တွေကို သူတို့အတွက် ကျမတို့ ဘာလို့ မဝေမျှနိုင်ရမှာလဲ။ ကိုယ့်ရဲ့ စောင့်ရှောက်မှု လိုအပ်နေသူတွေ အတွက် ကျမတို့ သူတို့ကို ဘာလို့ မစောင့်ရှောက်ပဲ နေကြမလဲ။ ကျမ တို့ တတ်နိုင်သမျှ ကူညီ မပံ့ပိုး သင့်ပေဘူးလား။

+++++


ကားပေါ်မှာ ရှိတဲ့ သူတွေ အားလုံး မျက်နှာ မကောင်းကြပါဘူး။ ကိုရေချမ်းက နဂိုကတဲက နှုတ်နည်းသူမို့ မျက်မှောင်ကြုပ်ကာ ပိုလို့ နှုတ်ဆိတ်နေတယ်။ အစ်ကိုကြီး ကိုအရုဏ်ဦး ခမျာလည်း လှူရတဲ့အတွက် ၀မ်းသာခြင်းက တဖက် ကလေးများအတွက် သနားခြင်းက တဖက်နဲ့ ၀မ်းသာ ၀မ်းနည်းခံစားနေရရှာတယ်။ ကျမကတော့ ဘယ်အချိန် ဘယ်ကာလအထိ ၁၁လသမီးလေးရဲ့ ငိုသံကို ကြားယောင်နေအုံးမလဲ မသိဘူး။

အဲဒီနေ့ညနေက အပြင်မှာ မိုးတွေ အုံ့မှိုင်းပြီး သည်းသည်းမည်းမည်း ရွာနေခဲ့တယ်။ ကျမတို့ရဲ့ ရင်ထဲမှာလည်း မိုးတွေ အုံ့မှိုင်းပြီး ရွာနေခဲ့ပါတယ်။


စုချစ်
၀၁-၁၂-၂၀၁၁
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အမှတ်တရ

++++++++++