Showing posts with label Fun. Show all posts
Showing posts with label Fun. Show all posts

Saturday, December 1, 2012

ပန်းနုရောင် စာတစ်စောင် ဒီဇင်ဘာ ဒိုင်ယာရီ

၀၁ ဒီဇင်ဘာ ၁၉၉၂
ထီးတစ်ချောင်း ဂျာစီအနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် မိန်းကလေး ရဲ့
ပန်းနုရောင် စာတစ်စောင် ဒိုင်ယာရီ


နံနက်ခင်း ဆောင်းအေးအေးမှာ နှင်းမြူရနံ့တွေဝေလို့... ။ ဟင်... ဒီဇင်ဘာ ၁ရက်နေ့တောင် ရောက်ပြန်ပြီပေါ့။ ၀ါး... အိပ်ရာက ထမှ... ဒီနေ့ စနေ ကျောင်းပိတ်ရက်ဆိုတော့ ... အင်းယားဘက်ကို စက်ဘီးစီးမယ်၊ ကျောင်းဝင်းထဲ ပတ်မယ်။ အပြန် ဘုရားလမ်းထိပ်က အကြော်ဆိုင်မှာ ရေနွေးကြမ်းပူပူလေး မှုတ်သောက်ရင်း အကြော်စုံ နဲ့ ကောက်ညှင်းပေါင်း ထိုင်စားမယ်။ အကြော်ဆိုင်လာတဲ့ လူတွေရဲ့ စရိုက်ပေါင်းစုံ ကို ထိုင်ကြည့်မယ်။ ပြီးတော့ ဘုရားပန်းတွေ ၀ယ်ပြီး အိမ်ပြန်မယ်။

ကမန်းကတန်း ထ၊ မျက်နှာသစ်တော့ ရေအေးအေးက လူကို တွန့်ကနဲ ဖြစ်စေ။ ခေါင်းမှာ အဘွားပေးတဲ့ သိုးမွေးဦးထုတ်ဆောင်း၊ လည်မှာ ဖေဖေ့ဆီက ရတဲ့ ယောက်ျား မာဖလာ ပတ်၊ အဘိုး အမွေပေးထားတဲ့ ခေါင်းစွပ် သိုးမွှေးဝေ့စကုပ်ပေါ်က အစ်ကိုကြီး လက်ဆောင်ဝယ်ပေးထားတဲ့ အားကစားသမားတွေ ၀တ်တဲ့ ဂျာစီ အနီရောင်နဲ့ ချည်ထမီခပ်ထူထူကို တိုတို ၀တ်ပြီး ခြေအိတ်စွပ် ကင်းဘတ် ဖိနပ်စီး၊ ဖီးဆင့် စက်ဘီး အစိမ်းရောင်လေး ကို တွန်းထုတ်လာ....။ ရှေ့စက်ဘီးခြင်းထဲမှာ ပိုက်ဆံအိတ်နဲ့ အစိုးရထုတ် ခေါက်ထီးမာမာတစ်ချောင်း။ ထီးကတော့ မိန်းကလေး တစ်ယောက်ထဲ သွားသွားလာလာ လုပ်သူတွေအတွက် မမကြီးထည့်ပေးထားတဲ့ အဆောင်။ 

ဟား... အေး လိုက်တာ မွှေးလိုက်တာ... ။ ဆောင်းလေ ရနံ့က အေးလည်း အေးတယ်... မွှေးလည်း မွှေးတယ်။ ဘယ်ဆီကမှန်း မသိ လွင့်ပျံ့လာတဲ့ ပန်းရနံ့လေးတွေက လေထဲမှာ ထုံရနံ့လေး သင်းသင်းမွှေးလို့။ လေကို အားပါးတရ ရှုရှိုက်မိလိုက်တယ်။ မနက်၎နာရီသာသာ စောနေသေးလို့ လမ်းဘေးမှာ လမ်းလျှောက်သူ တစ်ယောက်စ နှစ်ယောက်စ ကလွဲလို့ ဘုရားလမ်း လမ်းမကြီး တစ်လျှောက် ရှင်းလို့ လင်းလို့ ထင်းလို့၊ အကြော်ဆိုင်တောင် မှ မီးမွှေးခါစ ရှိသေး။ စက်ဘီးကို ခပ်ပြင်းပြင်းအနင်း ပထမတော့ လေကြမ်းထဲမှာ ကျောလေးပင် တွန့်ကနဲ ဖြစ်သွား၊ ခဏကြာတော့ ဒီလေအေးအေးထဲမှာပဲ ချွေးလေး စို့လာချင်သလိုလို၊ ခပ်ဖြည်းဖြည်း အရှိန်လျှော့လိုက်တော့ စို့နေတဲ့ချွေးတွေက တိုက်ခတ်လာတဲ့ လေနဲ့ အေးတလှည့် နွေးတလှည့်။

ဟော... ပြောရင်း ဆိုရင်း အာစီထဲတောင် ရောက်လာပြီ။ အင်းယား ကန်လေး ဘေးမှာ စက်ဘီးကို ရပ်၊ ခါးကို ဟိုလှည့် ဒီလှည့် လေ့ကျင့်ခန်းလုပ်၊ လက်ကို မြှောက် အားပါးတရ လေကို ရှု ထုတ်၊ ကန်ပေါ်က ဖြတ်တိုက်လာတဲ့ လေအေးအေးက အသဲထဲထိ စိမ့်သွားသလို၊ ကောင်းလိုက်တဲ့ လေ၊ မြေ၊ ရေ။ ဘေးနားမှာ ကိုယ့်လိုပဲ လေ့ကျင့်ခန်းလုပ်နေတဲ့ အန်ကယ်ကြီး နဲ့ အန်တီကြီး၊ ဆရာ ဆရာမ တွေ ဖြစ်ပုံရ။ ကိုယ့်ဘက်လှည့် ပြုံးပြပြီး ရှေ့ကို ဆက်လျှောက်သွားကြ။

ကဲ... လေ့ကျင့်ခန်းလုပ်တာ ၁၀မိနစ်လောက်ဆိုတော့ တော်ပြီ။ လှဲထားတဲ့ စက်ဘီးလေးကို မ၊ ကွေ့ထွက်မယ် ပြင်နေတုန်း... ဗြုန်းဆို နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို စက်ဘီးဦးနဲ့ ၀င်တိုးမလို ဖြစ်မိ။ အောင်မယ်... ကြည့်စမ်း မျက်နှာက သူခိုး ဂျပိုး ရုပ်နဲ့ ဘာခိုး မလို့တုန်း မသိဘူး။ ဟိုက်... ပိုက်ဆံအိတ်ကို စက်ဘီးခြင်းထဲ ဒီတိုင်း ထည့်မိထားတာ ကပျာကရာ ကောက်ယူ။ လုမယ် လို့ များ လုပ်ရင် ကောက်ရိုက်ဖို့ ထီးရိုးကို ပါ လက်နဲ့ ထိထားရ။

စဉ်းစားနေတုန်း... သင်းလက်က သူ့ ဂျာကင်ထဲက တစ်စုံတစ်ခုကို ယူပြီး မြှောက်အလာ။ ဟာ... ဒီလိုလုပ်လို့ ဘယ်ရလိမ့်မတုန်း... သူ့ထက် လျင်တဲ့ ကိုယ်တို့က ထီးရိုးကို ဆုပ်ကိုင်လို့ ၀ှီးခနဲ မြည်အောင် တွေ့ကရာကိုခုတ်ချပလိုက်။ သိုင်းလောကရဲ့ ပန်းရာဇာ မင်းသမီး ဆိုတာ ကိုယ်ပဲဟေ့လို့ ဘာတို့တော့ မကြွေးကျော် မိပါဘူး။ ခွပ် ဆိုတဲ့ အသံနဲ့ အားလို့တောင် မအော်နိုင်၊ အ ဆိုတဲ့ အသံကပဲ ခပ်အုပ်အုပ်ထွက်ပြီး မျက်နှာကို လက်နဲ့ အုပ်ကာ ထိုင်ချသွား။ ကဲ... ကိုယ့်လူ... မိန်းကလေး တစ်ယောက်ထဲတွေ့လို့ နောင်များ လုချင် ၀ှက်ချင် စိတ် နည်းနည်းကလေး ပေါ်လာပြီဆိုရင် ဂျာစီ အနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် စီး အရိပ်မဲ့ သိုင်းရာဇာ မင်းသမီးကိုသာ သတိရလိုက်ပါလို့ ခပ်ကြွားကြွားလေးတွေးကာ စက်ဘီးကို ခွအတက်... မျက်နှာကို နောက်ဆုံးအနေနဲ့ တစ်ချက်လှည့်အကြည့်မှာ ။

ဟင်... လက်ဝါးနဲ့ အုပ်ကာ မော့ကြည့်နေတဲ့ မျက်နှာကို မြင်လိုက်တဲ့ တခဏ ရင် ထဲ ဒိန်းကနဲ ဆောင့်တက် ... ဗုဒ္ဓေါ... စက္ကူပန်း အနီရောင်တွေနဲ့အိမ်က ပြောင်းလာခါစ ဆရာကြီးရဲ့သား ဟို ခပ်ချောချော အစ်ကိုကြီးပါလား...။ ခုနက မှောင်နေတော့ ဘယ်သူမှန်းမသိ ဘယ်ဝှာမှန်းမသိ၊ ခုမှ မျက်နှာသိ ဆိုတဲ့ စိတ်နဲ့ ... ဘုရားတမိ၊ ချောလို့ဆိုပြီး မသိမသာ လိုက်လိုက် ကြည့်နေမိတဲ့ ကိုယ့်ရဲ့ မင်းသား ဖြစ်နေပါပေါ့၊ ဘုရား...ဘုရား... လက်တော့ လွန်ကုန်ပါပကောလို့ ဗြုန်းကနဲ ရင်တွေတုန်၊ ရုတ်တရက် ဘာလုပ်ရမယ်မှန်းမသိ၊ ဘယ်များ ထိသွားသလဲ မသိမသာ လိုက်ကြည့်... မျက်လုံးတော့ ထိပုံ မရ၊ ခေါက်ထီးစောင်းက မာတော့ မျက်ခုန်းရိုးက သွေးလိုလို အရောင်ကို လှမ်းတွေ့မိ။ အဲဒီ အချိန် သူ့ ရင်ခွင်ထဲက ပြုတ်ကျလာတာက.... သွေးစစ နဲ့ ပန်းနုရောင် စာတစ်စောင်။ လူက စက်ဘီးပေါ် ဘယ်လို ရောက်သွားမှန်းမသိပဲ နင်းပြေးတာမှ လှစ်ခနဲ လှစ်ခနဲ။  

 နို့... သိမှ မသိပဲ။

+++++
 
ဝန်ခံချက် ။ လုပ်ကြံ ဖန်တီးခြင်း သက်သက်သာ ဖြစ်ပါကြောင်း။ ;)

Friday, November 11, 2011

ချစ်ပါကွယ် ... လား... လား... လား...

မရွှေစုတို့ ငယ်ငယ် အပျိုပေါက် အရွယ်လောက်က ရပ်ကွက်တွေထဲမယ် တန်ဆောင်တိုင်တွေဆို အလွန်အင်မတန်စည်ကားတယ်။ သီတင်းကျွတ်မှာသာ သိပ်မစည်ကားရင် နေမယ်။ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကိုတော့ နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိကြတယ်။ တချို့နှစ်များဆို ၁၃လမ်း အောက်လမ်းမှာ လုပ်တဲ့ ဆရာဦးဘဂျမ်း ကာတွန်း ပြပွဲကို အတုခိုးပြီး ကာတွန်းတွေကို မီးပုံးတွေနဲ့ အတူ ချိတ်ကြတယ်။ တန်ဆောင်မုန်းလပြည့် မကျော်ခင် ကျင်းပရတဲ့ ကထိန်ပွဲ ဒါမှမဟုတ် ဆွမ်းသိမ်းပွဲ အကြောင်းပြလို့ ဆိုင်းသွင်းတဲ့ အခါ သွင်း၊ အငြိမ့်တို့၊ ဇာတ်ပွဲတို့ ဋ္ဌားပြတဲ့အခါ ပြ၊ မိုးအလင်း ရုပ်ရှင်တွေ ပြတဲ့အခါ ပြ၊ အဲသာတွေမှ မလုပ်ဖြစ်ရင် အနည်းဆုံးတော့ ရပ်ကွက် အလိုက်၊ တချို့ လမ်းတွေ အလိုက် လူငယ်တွေစုပြီး ဘောလုံးကွင်းလို ဒါမှမဟုတ် ကျောင်းဝင်းတွေထဲက ကွက်လပ်မျိုးလို နေရာတွေမှာ စင်တွေထိုးပြီး တေးသရုပ်ဖော် သီချင်းတွေ နဲ့ ဆိုကြ ကကြလေ့ရှိတယ်။

အို ... မရွှေစုတို့ အိမ်နား အဲသလို ပွဲရှိတဲ့ နေ့ဆို မုံ့ဆိုင်လေးတွေဆိုတာများ ဘူတာရုံလမ်းမတစ်လျှောက်ကနေ ပွဲခင်းရှိတဲ့ မူလတန်းကျောင်းက ကွင်းပြင် အထိ အရောက် လမ်းအပြည့်ခင်းထားတာပဲ။ အသုတ်စုံ၊ မုံ့ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အမဲအူပြုတ်၊ ၀က်သားတုတ်ထိုး၊ အကြော်စုံ၊ ကောက်ညှင်း ကျည်ထောက်၊ မုံ့လေပွေ၊ ဘိန်းမုံ့၊ မုံ့လင်မယား၊ ရေမုန့်၊ စုံလို့ စုံလို့..။ ပြီးတော့ မဟာဗန္ဓုလ စစ်သူကြီး ဦးထုတ်တွေနဲ့ ဘောလုံးတွေ၊ ပလုတ်တုတ် ချိုးရုပ်စတဲ့ ကလေးကစားစရာ မျိုးစုံ ရောင်းတဲ့ဆိုင်တွေ... စသဖြင့်။

မရွှေစုက အစားတော့ မမက်ဘူး။ ပွဲတော့ မက်တယ်။ မရွှေစုတို့ ငယ်ငယ်က အဖိုး အဖွားတွေနဲ့လည်း နေရ၊ မိသားစုကလည်း ရှေးဆန်ကြတော့ ရပ်ကွက်ထဲက ပွဲတွေ ကို လူတွေနဲ့ ရောရောနှောနှော ကြည့်ခွင့် မပေးချင်ဘူး။ ရပါတယ်။ ကြည့်ခွင့်မပေးတော့ ဒီလိုပဲ အိမ်နားကလူတွေနဲ့ ကပ်လိုက်သွားပြီး တခါတခါ ရသလောက်လေး ခိုးကြည့်ရတာပေါ့။ ခိုးကြည့်လို့ မရလဲ မူလတန်း ကျောင်းဝင်းထဲ ပွဲလုပ်တဲ့ ဇာတ်စင်က အိမ်နဲ့ နီးနီးလေးဆိုတော့ သီချင်းသံတွေက ကြားနေရတယ်ရယ်ကိုး။ အဲဒီ အချိန်က တတ်နိုင်ရင် မရ ရအောင် ခိုး ပြီး သွားကြည့်ဖြစ်တာ ရပ်ကွက်ထဲက လူငယ် လူရွယ်တွ ကတဲ့ တေးသရုပ်ဖော် အကတွေပေါ့။ ကျော်ရဲအောင်ဆိုရင် ရုပ်ရှင်မင်းသား မဖြစ်ခင်က ရပ်ကွက်ထဲက စင်တွေမှာ အဲသလို တေးသရုပ်ဖော်တွေ ကခဲ့တဲ့သူပေါ့။

အဲဒီခေတ်က သူတို့ တေးသရုပ်ဖေါ်ကခဲ့တဲ့ နာမည်ကျော် သီချင်းတွေက သိသလောက် ဘိုဘိုဟန် သီချင်းတွေ၊ သန်းနိုင်၊ ပုလဲ သီချင်းတွေ၊ နွဲ့ယဉ်ဝင်း၊ စိုးပိုင် သီချင်းတွေ ဆိုတာ ခုထက်ထိ မှတ်မိနေတယ်။

နီနီ...ညိုညို ခေါ်တယ်... ကောင်မလေး ၂ယောက်ရှိတယ်။ ခင်ပါ မင်ပါ ဘာညာ ဒီလိုနဲ့ သိခဲ့ပြီးတော့ ...ပြီးတော့ ပြီးတော့.... ထို့နောက် ထို့နောက်ပါ....
အဲသာကို ကောင်မလေး ၂ယောက်က အညိုရောင်နဲ့ အနီရောင် အင်္ကျီတွေ ၀တ် ပြီး အလယ်က ကောင်လေးက အဖြူရောင် ပရက်စလေလို ၀တ်ပြီး သရုပ်ဖော်ကတယ်။

ဟေ့.. ကောင်မလေး ...ကမ္ဘာပေါ်မှာ မြန်မာဆိုတာ အယဉ်ကျေးဆုံး တိုင်းပြည် တစ်ခုပါ။ လိမ်လိမ်မာမာ ဆရာ မိဖ စကားကို ရိုးရိုးသားသား နားထောင်စေချင်တာ စေတနာ... တော်စမ်းပါ.... တော်နိုင်ဘူးလေကွာ... မသိရင် ခက်မှာ....
အဲသာကိုတော့ ကောင်လေးနဲ့ ကောင်မလေး စုံတွဲ ဟန်ပါပါ သရုပ်ဆောင်ကြတယ်။

ရည်းစား၂ယောက်လောက် ထားပါ အတော်ပဲ။ တစ်ယောက်ယောက်နဲ့ ကွဲရင် အဖော်ရှိမယ်။ ဦးဘညွန့်ရဲ့ ချစ်ဒုက္ခကို မသိလား။ ခုပဲ ချစ်လိုက် ခုပဲကြိုက်လိုက် ခုပဲ မုန်းလိုက် ချစ်တယ်ဆိုတဲ့ ကော်မလေးတွေ မယုံပါနဲ့ ဟေ့...ဟေ့...ဟေ့...
အဲသာကိုတော့ ကောင်လေး တစ်ယောက်က လိမ်ကောက်ပြီး ကပြတယ်။

ဝိုင်းဝိုင်း စက်စက် ၀လုံးကို ရေး ... အမေ့ကျောင်း အတူသွားမယ်.... ဖိုးလမင်းက လမ်းပြပါ... အနောက်ကလိုက်လို့...ကျောင်းတက်မှာ....
အဲသာကတော့ ကလေးမလေး တစ်ယောက်က သရုပ်ဖော် က တယ်။

မယုံဘူးလား နားရွက်ဆွဲပြီး ထထိုင်လို့ ခိုင်းစမ်းပါနော်ကွယ်...
အမယ်.... အဲဒီ စုံတွဲသီချင်းဆို ကောင်လေးက တကယ် နားရွက်ဆွဲ ထိုင်ထ လုပ်ပြလိုက်သေး။

ပြောရရင်တော့ သီချင်းတွေကို အများကြီးပဲ။ အဲဒီထဲမယ် အခုထက်ထိ မှတ်မိနေတဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ်။ အဲဒီတုန်းကများ မှတ်ဉာဏ်က ဘာကောင်းသလဲ မမေးပါနဲ့။ သီချင်းတွေကလည်း ဆိုလွယ်တေးတွေ များတော့ သီချင်း တစ်ပုဒ် တစ်ခါ နားထောင်ပြီးရင် ဆိုလို့ ရနေပြီတော့။ အဲသမှာ ညတုန်းက ကပွဲမှာ ခိုးကြည့်ခဲ့တဲ့ သီချင်းလေး နားထောင်လို့ကာင်း၊ ဆိုလို့ ကောင်းတာနဲ့ နောက်တနေ့ မနက်ထိ အိမ်မှာ ပန်းကန်ဆေးရင်း ကြမ်းတိုက် တံမြက်လှည်းရင်း ညည်း... ညည်းနေမိတာ လူကြီးတွေ ကြားတော့ သမ္ဖပလာပ ပေါက်ကရတွေ ဆိုတယ် ဆိုပြီး အဖွား ခေါက်တာခံရ၊ ကြီးဒေါ်အပျိုကြီးကတော့ မိန်းခလေးတန်မဲ့ ဒီလိုသီချင်းမျိုးဆိုပြီး ရွချင်အုံးဟဲ့ ဆိုပြီး ပေါင်တွင်းကြော လိမ်ဆွဲတာ ခံရ။

မရွှေစုကလည်း ဆိုနေမိတာ သီချင်းမှာ တချို့စာသားတွေကို ၀ါးဝါးချ၊ ထပ်ကာထပ်ကာ ကျော့ပြီး ဆိုနေမိတဲ့ အပိုဒ်က ... ဒီလို။
မင်းအသက်က သိပ်မငယ် ဘာများတွေးနေလဲ...
၁၆နှစ်ထဲတောင် ၁ရက်လျှော့နေတယ်...

ချစ်ပါကွယ် ... လား...လား...လား...

မချစ်နိုင်ပေါင်... သွား... သွား...သွား....

ဟီး... ကိုယ်ကလည်း အဲဒီတုန်းက ၁၃-၁၄-၅ နှစ် အရွယ် ဆိုတော့ လူကြီးတွေက ဆဲတော့ မပေါ့... နော့လေ။

အဲဒီ သီချင်း ခေါင်းစဉ်၊ ရေးတဲ့သူ၊ မူရင်းဆိုတဲ့သူတွေတော့ သေချာ မမှတ်မိဘူးဖြစ်နေတယ်။ နောက်ပိုင်း ပိုးအိစံ တို့ ပြန်ဆိုထားတဲ့ အထဲက သီချင်း တစ်ပုဒ်လုံး ကူးရေးပေးလိုက်ပါတယ်။

(မကြာခင် သီတင်းကျွတ်တော့မယ်...
မင်းနဲ့ အတူ နေရာစုံအောင် ....လျှောက်လည်ချင်တယ်...

ဖြည်းဖြည်း ပြောကွယ် ... စိတ်ကူးလွန်ပြီး မောင်မောအုံးမယ်....
လက်ထပ်ဖို့ အရေး .... မတွေးချင်ပါတယ်....)

(ချစ်ပါကွယ် .... လား...လား...လား...
ချစ်နိုင်ပေါင် သွား.. သွား..သွား...)

(မင်းအသက်က သိပ်မငယ် ဘာများတွေးနေလဲ...
၁၆နှစ်ထဲတောင် ၁ရက်လျှော့နေတယ်
မိုးကြိုးပစ်လိမ့်မယ် ညာပြီး ပြောနေရင်
မိုးကြိုးကြီး ပစ်ပါစေ အမှန်အတိုင်းပြောနေတာ... ဟာ...
ဒီလိုပုံ မငြင်းနဲ့ သူများကြားရင် ရီနေမယ်
မိန်းမသားမို့ သိပ်ခက်တယ်.... စဉ်းစားလွန်းမှ တော်နိုင်မယ်
ကိုယ့်အကြောင်းလည်း မင်းအသိနဲ့ စိတ်ညစ်လှချည်ရဲ့
အိုး... မောင်... စိတ်ကြိုက်သာ စီစဉ်ပါ... လိုက်လျောရမှာပါ
ဒီလောကမှာ ဒီတစ်ခါ အပျော်ဆုံးပဲ... မေရာ)


ChitParKwe PoeEiSan


ကိုင်း ... ခုများတော့ အနားမှာ ခေါင်းခေါက်မယ့်သူတို့ လိမ်ဆွဲမယ့်သူတို့ မရှိတုန်းလေး ဟစ်လိုက်အုံးမယ်....

အို ...ဘာတဲ့... ချစ်ပါကွယ်... လား...လား...လား......။

**************

Thursday, July 1, 2010

ဆုံးဖြတ်ချက်



ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။

*****************************

၂၀၁၀ခုနှစ်ရဲ့ နှစ်တ၀က်ကို ကုန်လွန်ခဲ့ပေပြီ။ မရွှေစုတစ်ယောက် ၂၀၁၀နှစ်စကတဲက အခုနှစ်လည်ထိ များလိုက်သည့် အလုပ်ဆိုတာ အဖြစ်က မနှစ်ကနဲ့ပင် မတူလို့ ညည်းရတော့မလောက်ပင်ဖြစ်သည်။ နှစ်စမှာ ရုံးတွင်း ၆လသင်တန်းကို တက်ရမည်ဟု ဘော့စ်က ပြောလာသည့်အခါ ခပ်ပေါ့ပေါ့ပဲသဘောထားမိခဲ့၏။ အိုကေ... တက်တာပေါ့ဟု လွယ်လွယ် သဘောတူမိခဲ့သည်။ ဟေးလားဝါးလား ဟီးဟီးဟားဟားနှင့် အသာကလေးပြီးသွားမည့်သင်တန်းဟု အပျော်သဘောလောက်သာ တွက်မိခဲ့သည်။ တကယ်တန်းကျတော့ မရွှေစု၏ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားပေတော့သည်။

ဇန်န၀ါရီအစ သင်တန်း အောရီယန်တေးရှင်းကိုသွားလိုက်မှ မရွှေစုတစ်ယောက်မှားမှန်းသိတော့၏။ သင်တန်းက စာမေးပွဲလဲဖြေရမတဲ့။ ကျရင် သင်တန်းကထွက်ရ မတဲ့။ ပြီးတော့ ပရောဂျက်လုပ်ရမတဲ့။ ပရောဂျက်မပြီးရင် သင်တန်းဆင်းလက်မှတ် မရဘူးတဲ့။ တကယ်သင်တန်းစတော့လဲ အတန်းထဲ စာသင်ရင်း သင်တန်းဆရာများက ဟိုလူ့လက်ညိုးထိုး၊ ဒီလူ့လက်ညိုးထိုးနှင့် စာကမေးသေးသည်။

သင်တန်းတက်နေရပါသည်ဆိုမှ အလုပ်ကလဲ များလိုက်သည့်ဖြစ်ခြင်း။ new product တွေက တခုပြီးတခု ရောက်လာသည်။ New chip-set design တွေနဲ့မို့ Firmware code ကို ပြောင်းရသည်မှာ ခေါင်းစားစရာတွေတပုံကြီး။ Firmware test released လုပ်ပါမည်ဟု ဂတိပေးထားသည့် Target Date အတွင်းမပြီးမှာ ကိုယ့်ဘာသာကိုယ် စိုးရိမ်နေမိသည်။ သင်တန်းတဖက်နှင့် ဘယ်လို့  handle လုပ်ရပ။

သင်တန်းမှာ မရွှေစုဘေးနားမှာ ထိုင်သည့် တခြားဌာနကတစ်ယောက်လဲ အလုပ်များသည် အကြောင်းပြကာ သင်တန်းက drop လုပ်သွားသည်။ ဒီလိုပဲ လူတော်တော်များများ တစ်ယောက်ပြီးတစ်ယောက် သင်တန်းက ထွက်ကုန်ကြပြီ။ မရွှေစုလည်း မနေနိုင်တော့။ ကိုယ်လဲ သင်တန်းဆက်မတက်နိုင်ကြောင်း၊ အလုပ်တွေအရမ်းများကြောင်း ဘော့စ်ကိုသွားပြောသည်။ ချစ်လှစွာသော ဘော့စ်သည် မရွှေစု အဆိုပြုချက်ကို လက်မခံပေ။ ရပါတယ်... အလုပ်ကိုပြီးသလောက်ပဲလုပ်၊ သင်တန်းကိုလဲ ရသလောက်ပဲလုပ် တဲ့။ နင့်ကို ငါဘာမှ ပရက်ရှာမပေးဘူး။ စိတ်ချတဲ့။ ဟာ... ဘယ်လို တုန်း။ မလုပ်နိုင်ပါဘူးဆိုမှ... ဒီမှာ စနေ၊ တနင်္ဂနွေတွေလဲ မနားရ။ ညတိုင်အိမ်ပြန်ရောက်ရင်လဲ မနားရနဲ့ ရသလောက်ပဲဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ကခက်တာ။ မရွှေစု ရသလောက် ကွန်ပလိန်းတက် ဘော့စ်က ခေါင်းမာမာနှင့် မလျှော့... နောက်ဆုံးတော့ ( Customer is always right မဟုတ်ပါ။ My boss is always right ဆိုပြီး ) မရွှေစုပဲ ခေါင်းခါခါ လည်ခါခါ စူစူအောင့်အောင့်နှင့် လက်လျှော့ရတော့သည်။

ဒီတော့ အလုပ်ထဲမှာ သင်တန်းထဲမှာ ပရောဂျက်ထဲမှာ အချိန်ပြည့် ခေါင်းစိုက်ရင်း ဘလော့လဲ မရေးနိုင်၊ ဖိုရမ်လဲ မဖတ်နိုင်၊ အွန်လိုင်း အလာပ သလာပလဲ မလုပ်နိုင်တိုင်း ချစ်လှစွာသော ဘော့စ်ကို မေတ္တာတွေ ပို့ကာ စိတ်တွေအကြီးကြီး ဆိုးမိလေသည်။ သူ့ကို စိတ်ဆိုးတိုင်း သင်တန်းက အလကားကျွေးသော မုံ့များကို နင်းကန်စားလေသည်။ မနက်ဆို ကြာဇံကျော်၊ ထမင်းကျော်နဲ့ အသားတခုခုစား၊ ပြီးရင် ကော်ဖီ ၂ခွက်ဆင့်သောက်သည်။ နေ့လည် ထမင်းကိုလဲ အသကုန်စားသေးသည်။ ညနေပိုင်း အတန်းမှာ အိပ်ငိုက်သည် အကြောင်းပြ၍ ကော်ဖီ၃ခွက်သောက်သည်။ စာသင်တာ နားထောင်ရတာ ပျင်းတိုင်း စားပွဲမှာချထားသည့် သကြားလုံးများ တလုံးပြီး တလုံး ပါးစပ်ထဲ ကောက်ကောက်ထဲ့သည်။ ညနေ တီးဘရိတ်မှာ ကျွေးသည့်မုံ့များ တဖြဲနှစ်ဖြဲ ထပ်စားသည်။ချောကလက် ကိတ်မုန့်ဆို ၂ချပ်၊ အသားမုန့်အကြီး၁ခု၊ ဆန်းဒ၀တ်ခ်ျ ၂ခု၊ သစ်သီး စသဖြင့်...။ အဲသလောက်စားလို့ ညစာ မစားနိုင်လိမ့်မည်မထင်ပါနှင့်။ ညီမတော်ချက်သည့် ညစာကိုလဲ အိမ်ပြန်ရောက်တော့ အသကုန်ကြိတ်ပါသေးသည်။

စနေ၊ တနင်္ဂနွေကျတော့ရော။ နေ့လည် ထမင်းစားပြီးတာနဲ့ ကွန်ပြူတာရှေ့မယ် အလုပ်တွေ၊ ပရောဂျက်တွေသာ ထိုင်လုပ်နေရသည်... စိတ်ကသေချာမပါသာ အသိသာကြီး။ အဲဒီတော့ မီးဖိုချောင်ကို အခါ၂၀လောက်ဝင်သည်။ ရေခဲသေတ္တာကို အခါ၂၀လောက်ဖွင့်သည်။ တခုပြီး တခု တွေ့တာတွေ ယူစားလေသည်။ တော်ကြာ ဘီစကစ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ တော်ကြာ ချောကလက် ရေခဲချောင်း၊ တော်ကြာနေကြတော့ နက်စ်ကဖီးကို နွားနို့တွေထဲ့ ရေခဲတွေထဲ့ ဘလန်ဒါနဲ့ လှည့်ပြီး ကော်ဖီအေးလုပ်သောက်၊ ဒါမှမဟုတ်ရင် နွားနို့အေးထဲ ရေခဲ့မုန့်၊ ပန်းသီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီးတွေ လှီးထဲ့ စားပြန်သည်။ အဲသာတွေရိုးသွားတော့ပဲလှော်နှင့် မော်လမြိုင်ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် သောက်ချင်သောက်၊ ဒါမှမဟုတ် မရိုးနိုင်တဲ့ ပုဇွန်ခြောက်နိုင်နိုင်နဲ့ လက်ဘက်သုတ်။ ညီမတော်က မျက်လုံးပြူးနှင့် ကြည့်သည်။ မမလတ် ဟုတ်ကောဟုတ်သေးရဲ့လား ဆိုသည့် သဘောနှင့်။ မရွှေစုတို့ မယုံကြည်နိုင်စရာ စားသောက်ကောင်းနေလိုက်သည်မှာ မပြောပါနဲ့တော့။

မနေ့က မတွေ့တာကြာပြီ ဖြစ်သော တခြားဌာနက သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ ဟယ်... ရွှေစုရယ် မတွေ့တာမှ ၃-၄လ ရှိသေး။ ၀လာလိုက်တာ လုံးနေတာပဲ... ကောင်းတယ် ကောင်းတယ် တဲ့...။ အဲ့... အယ်။

ဒီကနေ့ မနက် ရုံးသွားဖို့ ပြင်ဆင်တော့ မရွှေစုတစ်ယောက် အ၀တ်အစားလဲသည့် အခန်းထဲမှ တော်တော်နှင့် ထွက်မလာနိုင်။ အပြင်က စောင့်နေသည့်ယောက်ယောက်က မပြီးသေးဘူးလားဟေ့... နောက်ကျနေပြီဟု ခေါ်နေပြီမို့ ကမန်းကတန်း ပြေးထွက်လာရသည်မှာ ချော်လဲမတတ်။ အဘယ်ကြောင့်ကြာနေသနည်းဆိုသော် မ၀တ်တာ ကြာပြီဖြစ်သော ဂျင်းဘောင်းဘီကို လျှာရှည်ပြီး ၀တ်နေတာ... ခုန်... ခုန်ပြီး ၀တ်နေရလို့ ဖြစ်ပါသည်။

*****************************
ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။ နက်ဖြန်ကစပြီး Gym ကိုပြန်သွားပြီး exercise ပြန်လုပ်တော့မည်ဟု။ ဂျင်းဘောင်းဘီတွေ ၀တ်လို့ မရတော့ရင် နှမျောစရာ... နော့လေ။

စုချစ်

Friday, October 17, 2008

အညာစကား နဲ့ အကြေစကား

Artist - Saya T Naing Soe

အညာစကားနဲ့ အကြေစကား ကွဲလွဲတယ်ဆိုတာ ဖတ်ပြီး ၂၀၀၃-၄လောက် မြန်မာပြည်ပြန်ခဲ့တုန်းက ချောင်းသာ အလည်သွားခဲ့တာကို ပြန်သတိရလို့ တောင်ရောက်မြောက်ရောက်ရေးလိုက်ဦးမယ်....။

မြန်မာပြည်ကတောသူတောင်သားတွေဟာ ရိုးသားပြီး၊ ဟန်မဆောင်တတ်၊ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း စကားပြောတတ်တာကိုပြောချင်လို့ပါ။ အိတ်တုန်းက ယောက်ယောက်ရယ် ကိုယ်တို့ ညီအစ်မ၃ယောက်ရယ် ချောင်းသာကိုအလည်သွားကြတာ...။ အပြန်ကျတော့ ဇက်ကူးဖို့က... (ဘာလို့ဆိုလည်း... ဗွီအိုင်ပီဆိုလား... ဘာလား... ရှိလို့ဆိုပြီး ) အကြာကြီးထိုင်စောင့်ခဲ့ရတယ်...။

အဲဒါနဲ့ကိုယ်တို့တွေလည်း... မြစ်ဆိပ်မှာပဲ လ္ဘက်ရည်ဝင်သောက်... ပြီးတော့ အိတ်ဆိုင်ရှေ့ အရိပ်အောက်က ထိုင်ခုံလေးတွေမှာ ထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် စကားတွေ ရေပက်မ၀င်အောင်ပြော... ပြောင်လိုက်နောက်လိုက်နဲ့ နေနေကြတာပေါ့။ အိတ်မှာ ကိုယ်တို့ စကားပြောတဲ့ အနားကို ထန်းလျက်သည်တွေ ရောက်လာကြတယ်။ ထန်းလျက်ရောင်းချင်လို့ အနားကိုရောက်လာကြတာမှုတ်ဘူးနော်။ ကိုယ်တို့ အချင်းချင်း ပေါက်ကရ ပြောင်နေနောက်နေကြတာကို စိတ်ဝင်တစားတွေနဲ့... ပထမတော့ ခပ်လှမ်းလှမ်းက အကဲခတ်သလိုကြည့်... နောက်တဖြည်းဖြည်းရှေ့တိုးလာကြည့်။ ပြီးလည်းပြီးရော... ကိုယ်တို့နားက အရိပ်အောက်မှာ ပြုံးပြုံး... ပြုံးပြုံးနဲ့ ဗန်းတွေချပြီး တစ်ယောက်ပြီး တစ်ယောက်လာထိုင်ကြတော့တာပဲ။

ကိုယ်တို့တွေ ပြောနေကြတာကို... ငေးမောနားထောင် ရီမောရင်း သူတို့ကပါ စကားတွေ ၀င်ပြောကြတာလေ။ အဲဒါနဲ့ သူတို့တွေက ကိုယ်တို့ကို ဘယ်လိုတော်စပ်ကြသလဲဆိုပြီး မေးတာပေါ့နော်။ ကိုယ်နဲ့ ယောက်ယောက်ကလည်း ကိုယ့်ညီအစ်မတွေနဲ့ အတူတူခရီးသွားကြတယ်ဆိုရင် ၂ယောက်လုံး အပျို၊ လူပျို ဟန်ဆောင်ကြတာလေ... ဟီး...။ ပြီးတော့... ရုပ်ချင်းကလည်း ခပ်ဆင်ဆင်တွေမို့... မောင်နှမတွေ တော်တယ်လို့ ပြောရင် လူတိုင်းယုံကြတယ်။ ယောက်ယောက်ကို လက်ညိုးထိုးပြပြီး... ဒါ... မောင်လေး အငယ်ဆုံးလေးလို့ ပြောကြတာပေါ့။ ညီမလေးကိုတော့ လက်ညိုးထိုးပြီး... ဒါကတော့... အစ်မအကြီးဆုံးလို့ လုပ်ကြတာပေါ့... ခစ်ခစ်။ အိတ်တော့... သူတို့တွေက ညီမလေးကို ၀ိုင်းကြည့်ကြပြီး ... ဟယ်... ကောင်မက... အစ်မအကြီးဆုံးတဲ့တော့... မထင်ရဘူးတော့တဲ့။ ကောင်မဆိုတော့ ညီမလေးက စတွန့်သွားတယ်။ နောက်ထပ်စကားလည်းကြားရော... ကိုယ်တို့တွေ မပြုံးပဲ ၀ါးလုံးကွဲကို ရီမိလိုက်ကြတယ်။ သူ့အပြောက... ကောင်မမျက်ခွက်ကလည်း လှပါ့အေ... တဲ့...။

လှတယ်လည်းဆိုသေး... ပြောတာကလည်း မျက်ခွက်တဲ့... ဟိဟိဟိ...။ ဒါနဲ့ သူတို့ကို ဘယ်အရပ်ကလည်းဆိုတာ မေးကြည့်တော့ သူတို့က အထက်အညာဒေသကဆိုပဲ။ သူတို့ ရွာနံမည်ပြောပြတာတော့ မေ့သွားပြီ။ သူတို့တွေ ကိုယ်တို့နဲ့ တ၀ါးဝါး တဟားဟား... စကားတွေ ကောင်းနေကြတာ... ဟိုမှာ နောက်ထပ် ခရီးသည်ကားတွေ လာနေတယ်... ထန်းလျက်သွားရောင်းကြချည်လေ ဆိုလည်း ထိုင်ရာကမထကြဘူး။ နေပစေ... ကိုယ်တို့နဲ့ စကားပြောရတာပျော်တယ်တဲ့။ ဒီနေ့အတွက်လည်း ရောင်းထားတာ နေ့တွက်ကိုက်နေလို့တဲ့။ တကယ့်ကို ဘယ်မှသွားမရောင်းပဲ ကိုယ်တို့တွေဇက်ကူးတဲ့ထိကို စကားထိုင်ပြောကြတာ။ ဘာတွေ မေးကြ... ပြောကြလည်း... ဆိုတာ... အတိအကျပြန်စဉ်းစားကြည့် တော့ ရေးတေးတေးရယ်။ ဒါပေမဲ့... ကိုယ်တို့က ပေါက်ကရတွေ ပြောလိုက် သူတို့ကရီလိုက်။ သူတို့ ရိုးရိုးကြီးပြောတာကို ကိုယ်တို့ကရီလိုက်ကြနဲ့။ သူတို့ဘ၀အကြောင်း... စိတ်ညစ်စရာလေးတွေကို ပြောပြတာတောင်မှ သူတို့က ရီကာမောကာနဲ့ ပေါ့ပေါ့ပေါ့ပါးပါးပုံစံလေးတွေနဲ့ ပြောပြကြတာကိုတော့ မှတ်မိနေတယ်။

*********************

အိတ်ကပြန်လာပြီးကတဲက... ယောက်ယောက်က တခါတခါ... နောက်လေ့ရှိတယ်...။ ငါ့မိန်းမက မျက်ခွက်က လှသားပဲတဲ့.............. လေ။

*********************

မေ့လို့...။ ချောင်းသာကအပြန်... သူငယ်ချင်းတွေ၊ အမျိုးတွေကို လက်ဆောင်တွေဝေတော့... အားလုံးက အံ့သြပြီး... ဟယ်..ချောင်းသာမှာ ထန်းလျက်ပေါသလားတဲ့.....................။ ဇီးထန်းလျက်၊ အုန်းထန်းလျက်၊ ပေါက်ပေါက်ဆုတ် ထန်းလျက်၊ ရိုးရိုးထန်းလျက်... အမျိုးစုံအောင်ကို ပါလာတာလေ...။

Thursday, October 9, 2008

ပြေး... အချစ်ရေ... ပြေး

Image from http://www.fotosearch.com/


ကျောင်းအစ်မကြီးဝိသာခါ အကြောင်းဖတ်ပြီးတော့ ငယ်ငယ်က အဖွားပြောတာတွေ သတိရမိတယ်။ ကိုယ်တို့မောင်နှမတွေမှာ မိန်းကလေးတွေက များတော့ မိန်းကလေးတွေဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတဲ့ အဖွားပြောတဲ့ စည်းကမ်းတွေကလည်းများသားပါ့။ အားလုံး... လိုက်နာသလားမေး... လစ်ရင်လစ်သလို... လည်သလို ကြည့်နေကြတယ်လို့ ဖြေရမယ်နဲ့တူတာပဲ။အဖွားရဲ့ စည်းကမ်းတွေထဲမှာ မိန်းကလေးတွေ အော်ကြီးဟစ်ကျယ် စကားမပြောရ မရယ်ရ၊ ပြေးလွှားမသွားရဆိုတာတွေလည်းပါသပေါ့။ သူတို့သမီးထွက်ရှာစဉ် ကျောင်းအစ်မကြီး ၀ိသာခါရဲ့ အိနြေ္ဒကြီးပုံဆိုတာလည်း အဖွားပြောပြဘူးခဲ့တယ်။ ကိုယ်တို့ မောင်လေးဝမ်းကွဲက ကိုယ်တို့ကို ဘယ်လို သြဘာပေးခဲ့လည်းဆိုတော့ ... နင်တို့လိုပုံမျိုးတော့ သေချာတယ်... ဘယ်သူမှ သူတို့သမီးကောက်ကြမှာ ဟုတ်ဘူးတဲ့လေ...။ သူပြောလည်းပြောစရာ... ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့ ... အယ်... ရွှေစုချစ်တို့က ဘာပြေးသလဲမေးပါနဲ့လား..ကွယ်ရို့...။

ငယ်ငယ်က လာသာ၂ မှာကျောင်းတက်တော့ ရထားကြီးစီးပြီး တက်ရတာ...။ ရထားက တခါတလေ ပုံမှန်ချိန်ထက် စောလာလို့ ခပ်လှမ်းလှမ်းကနေ ရထားလာနေတာတွေ့... ကိုယ်က ဘူတာရုံမရောက်သေး။ ကျောင်းလိုက်ပို့တဲ့ အဒေါ်က ထမင်းဘူးခြင်းတွေတို့လို့တန်းလန်းနဲ့ သူကိုယ်တိုင်လည်းပြေး... ပါးစပ်ကလည်း.... ဟဲ့... ကလေးတွေ ရထားမှီအောင်ပြေးကြ...ပြေးကြဆို...လွယ်အိတ်တွေ မနိုင်မနင်းလွယ်လို့ ခြေကုန်သုတ် အပြေးလိုက်ခဲ့ဘူးသပေါ့။ ရန်ကုန်မှာ ဘတ်စ်ကားစီးဘူးတယ်ဟုတ်...။ ကိုယ်က ဒီနေရာမှာ စောင့်နေတယ်ဆို... ကားက ဟိုနေရာ.. ခပ်လှမ်းလှမ်း မှာရပ်တယ်။ စပယ်ရာက ခပ်မြန်လေးလာလို့ ဆိုပြီး အော်ခေါ်ရာ အပြေးအလွှား သွားရတာ...။ အိတ်မှာ ဆင်မယဉ်သာလုပ်နေလို့ကတော့.... နေခဲ့ပေရော့ပဲ...။ ဒါမှမဟုတ်လည်း... ကိုကို စပယ်ရာတို့ရဲ့... အမလေး.. လှယဉ်ကျေးမယ်ရွေးပွဲလုပ်နေတာ မဟုတ်ပါဘူးဗျာ... ခပ်မြန်လေးလာကြပါလို့... အာပြဲသံကြီး ရောက်လာမှာ မလွဲပဲ...။ ပြီးတော့ရော.. ကားလမ်းကူးကြတာ အရှေ့အနောက် တောင်မြောက် ဘယ်ညာ ကိုယ့်ဖာသာကြည့်ပြီး အပြေးအလွှား ကူးကြရတာ...။ လူတွေ အများကြီး ပြေးပြေးလွှားလွှားကူးနေတဲ့ နေရာ ကိုယ်ပါရောပြီး ပြေးလွှားကူးပေါ့...။ ဒါမှ လိုရာမြန်မြန်ရောက်မယ်...။

တက္ကသိုလ်ရောက်တော့ရော... အထူးသဖြင့်... ပထမနှစ်မှာ အတန်း တချိန်ပြီးတိုင်း အပြေးအလွှားနဲ့ နေရာတွေ ဦးခဲ့ကြတာမှတ်မိနေတယ်။ Building 1 ကနေ Building 8 - Drawing အတန်းအကူးအပြောင်း တက်ရတဲ့ အချိန်တွေဆို ဘာပြောကောင်းမလဲ...။ လှေခါးကနေ တဒိုင်းဒိုင်းပြေးဆင်းကြတာပဲ။ တီစကွဲတွေ ယောက်ျားလေးတွေနဲ့ အပြိုင်လုပြီး သွားဌား..။ နောက်ကျလို့ နေရာက နောက်မှာထိုင်ရရင် ဆရာပြောတာတွေ သေချာမကြားရတော့ပဲ ကျူတိုရီယယ်ကြရင် ဒွတ်ခရောက်ရော...။ ဘယ်မှာ ဆင်မယဉ်သာလုပ်နိုင်ပါ့မလဲနော်...။ လုပ်တဲ့သူ မရှိဘူးတော့ မဟုတ်ဘူး..ရှိပါတယ်...။ တနေ့တော့ အိတ်လိုလှုပ်လီလှုပ်လဲ့ လမ်းလျှောက်တတ်တဲ့ သူငယ်ချင်း၁ယောက်နဲ့ (သူက..သူ့နောက်လိုက်နေတဲ့ လူကြီးတွေ ကြောက်လို့ အတန်းနားတဲ့အချိန် Physics Department မှာ စာအုပ်သွားယူစရာရှိလို့ အဖော်လိုက်ခဲ့ပေးတာခေါ်တာနဲ့... လိုက်ပေးတာ) အတူလိုက်လျှောက်ပေးရတာ။ ဒီကလောက် ကော်ရစ်တာ ဘယ်ညာမှာ ထောင်သောင်း မျက်လုံးတွေ စူးစိုက်ကြည့်နေတဲ့ကြား၊ သကောင့်သားတွေက... ဟေ့ဟား... အော်နေကြတဲ့ကြားမှာ သူက လှုပ်လီလှုပ်လဲ့ ကဗျာမမှီစာမပီ စတိုင်နဲ့ ဆင်မယဉ်သာလျှောက်နေတာ...ကိုယ်ကစိတ်မရှည်တော့ဘူး...။ ကဲ..နင်... လမ်းမြန်မြန် လျှောက်မလား... မလျှောက်ဘူးလား။ အိတ်လိုလုပ်နေရင် ကိုယ့်ဖာသာ နောက်ကလိုက်ခဲ့တော့...။ ငါ့ဖာသာ ရှေ့ကသွားနှင့်မယ်လို့ ရာဇသံပေးလိုက်တော့မှ... မရွှေစာက ကိုယ့်လက်မောင်းကို ဖက်ပြီး နောက်က တရွတ်တိုက်ပါလာတယ်။

အင်း... ခု...စလုံးရောက်လာတော့ရော...။ ကိုယ်အလုပ်စလုပ်လုပ်ခြင်းတုန်းက စီးနေကြ Express ကားက နာရီဝက် ၄၅မိနစ်ကြာမှ တစီးလာတာ...။ အိုးး...ဘတ်စ်ကားမှတ်တိုင် မရောက်သေးပဲ အိတ်ကားမြင်လိုက်လို့ကတော့ ... Forest ပြေး...ပြေး... ဆိုတာက အသာလေးပဲပေါ့...။ ဘတ်စ်ကား ဒရိုင်ဘာ ဦးလေးကြီးကလည်း ကိုယ်ပြေးလားတာတွေ့ရင် ရပ်စောင့်ပေးသဗျ...။ တလောက... ရုံးကနေ စောစော အပြန် ဘတ်စ်ကားစီးဖို့ ဂိတ်ကို ထွက်လာတုန်း ဟိုဖက် Department က မန်နေဂျာနဲ့ တွေ့လို့ သူကလည်း စောစောပြန်တယ်ဆိုပြီး ၂ယောက်သား စကားတပြောပြောနဲ့ ထွက်လာကြတာ..။ ကိုယ်တို့ စီးမဲ့ ဘတ်စ်ကားကြီးလာနေတာတွေ့တော့ ကိုယ်က မှီအောင်ပြေးတာပေါ့။ မဟုတ်ရင် တစီးလွတ်သွားရင် odd hour အချိန် မှာ နာရီဝက်လောက် စောင့်ရတတ်လို့...။ ဟာဟ... ကိုယ်က ရှေ့က... အိတ်မန်နေဂျာက နောက်ခပ်လှမ်းလှမ်းမှာရယ်... ။ ကိုယ်တို့ ပြေးလာတာတွေ့တော့ ဘတ်စ်ကားဆရာကြီးက စောင့်နေတာပေါ့...။ ကားပေါ်လည်းရောက်ရော.... နောက်မှရောက်လာတဲ့ အိတ်မန်နေဂျာကို ဘတ်စ်ကားဆရာကြီးက ဗလိုင်းကြီး ဆူပါလေရော...။ မိန်းကလေးက အရင်ပြေးပြီး တက်ရတယ်... မင်းက ဘာလို့ နောက်ကနေ ဖြည်းဖြည်းလေး လှုပ်လီလှုပ်လဲ့ လာတာလဲဆိုပြီး..။ ဟိဟိ..။ အိတ်လိုပဲ ... MRTစီးတော့လည်း လှေကားမတက်ခင် Display က ၁မိနစ်လို့ ပြထားရင် Excuse me လို့ ပြောပြီး escalator ကို ပြေးတက်တာပဲ...။

ရုံးအလုပ်နဲ့ ဂျပန်ကို ရောက်ခဲ့တုန်းက... မနက်.. မနက် ဘူတာရုံ အသွားမှာ ရုံးသွားဖို့ ထွက်လာတဲ့ ဂျပန်တွေတော်တော်များများဟာ... လမ်းရိုးရိုးလျှောက်တာထက် ပြေးပြီးသွားကြတာတွေ့ရတယ်...။ ဟိ... ကိုယ်ကလည်း သူတို့ နဲ့ အပြိုင်...လိုက်ပြေးတာပဲ...။ နောက်ပြီး... ဟိုးအရင် ပထမဆုံးအခေါက် US ကိုရောက်တုန်းက ကိုယ်သွားတဲ့ မြို့က State တွေအားလုံးမှာ အအေးဆုံးလို့ သတ်မှတ်ထားတဲ့ မြို့...။ အိတ်တုန်းက wind chill temperature (လေတိုက်ခတ်နှုန်းနဲ့ အအေးဓါတ်ပေါင်းသွားပြီး ရလာတဲ့ temperature ) -၃၀ နဲ့ -၄၀ ဒီဂရီ စီ လောက်ကို ကြုံခဲ့ဘူးတယ်။ ရုံးအပြင်က ကားပတ်မှာ ကားရပ်ပြီးရင် ...လာလေရော့... ကားကနေ ရုံးဆီကို တခါထဲ ဒိုင်ဗင်ထိုးချမတတ် ပြေးတော့တာပဲ...။

အင်း...မောင်လေးပြောခဲ့သလိုပါပဲ...။ ဒီလိုပုံမျိုးကို... ဘယ်သူကလာပြီး သူတို့သမီးကောက်မလဲပေါ့ကွယ်....။ ဒါပေမဲ့... ခစ်ခစ်ခစ်..................... ကံကောင်းလို့... ကျောင်းအစ်မကြီး ၀ိသာခါတို့ခေတ်မဟုတ်တော့လို့... ကောက်တဲ့သူကကောက်ခဲ့လို့.. တော်သေးရဲ့....။ ဟိ...

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Sunday, August 17, 2008

7 Days Action!

Monday
Tuesday
Wednesday
Thursday
Friday
And....
Last one is ultimate.....
.
.
.
.
.
Saturday & Sunday
(Photos received from mail)

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Friday, August 15, 2008

အဲဒီက "သန်း" ပါဘူးနော်....။

မစုချစ်တို့ နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့် မလုပ်ခဲ့တဲ့ အဖြစ်ကလေးပေါ့။ အိတ်တုန်းက တိုက်တိုက်ဆိုင်ဆိုင်... အိမ်နားက နံမည်မှာ "သန်း" ပါတဲ့ အမျိုးသမီးတစ်ယောက်က ဘာအာကျယ်သလဲ မေးပါနဲ့။ စကားပြောရင် ခုနစ်သံချီ။ သူ့ကလေးတွေဆိုလည်း ၇အိမ်၊ ၈အိမ်ကြား ဆိုဆဲ။ နောက်... နံမည်မှာပဲ သန်းပါတဲ့ အမျိုးသားတစ်ယောက်က အိမ်နားကို မကြာလေးတင်ကမှ ပြောင်းလာပြီး ည...ည... သူရုံးက ပြန်လာချိန် အရက်မူးမူးနဲ့ ဆဲသလားမမေးပါနဲ့။ ရပ်ကွက်ရုံးက ဆင့်ခေါ်ပြီး သတိပေးရတဲ့ အထိ။ အဲသလို အကြောင်းသဟာလေးတွေကြောင့်... မစုချစ်တို့က နာမည်မှာ "သန်း" ပါရင် ဘာမသိ ညာမသိ နည်းနည်း လန့်နေရော။

တနေ့တော့... ကျောင်းမှာ သူငယ်ချင်းတွေ စကားဟိုပြောဒီပြောနဲ့ လူနံမည်တွေ အကြောင်းကိုရောက်ရော။ ဒီတော့ ဒီကလည်း ၀မ်းသာအားရ ၊ ညကပဲ လောလောဆယ်ဆယ်... သန်းပါတဲ့ လူကြီး အော်ဆဲနေတာ သောတဆင်ခဲ့ရတော့...

"ဟေ့... နာမည်မှာ သန်းပါရင် ကောင်းဘူးအေ့" လို့ ပြောလိုက်မိတာပေါ့နော်...။
"နင်တို့ ကလေးတွေ အိတ်နံမည်ကြီး ပေးနဲ့အေ" ပေါ့လေ...။

အိတ်မှာ သူငယ်ချင်းတစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့
"ဟဲ့..နာ့ အမေနာမည် သန်းပါတယ်..ဘာမကောင်းရမှာလဲ" တဲ့....။

ဒီတော့မှ မရွှေစုချစ်တို့ အဲဒီသူငယ်ချင်းအမေ အန်တီနာမည် ကို သတိရ၊ စကားတော့ မှားပြီဆိုတာသိ။ ဒါပေသိ... အန်တီနံမည်က ရှေ့ဆုံးနံမည်ကပဲ သန်းဆိုတော့...

"ဟာ... နာပြောတာ ရှေ့သန်းဟုတ်ဝူး...နောက်သန်း...နောက်သန်း" ပေါ့လေ...။

အိတ်မှာ နောက်တစ်ယောက်ကအော်ပြန်ရော....

"ဟဲ့... အစုတ်ပလုတ်ရဲ့....ငါ့အမေနာမည်က နောက်သန်း...ဟဲ့" တဲ့...။
"တိန်"

ဟုတ်သား...။ အိတ်သူငယ်ချင်းအမေ အန်တီနံမည်က နောက်မှာ သန်း....။ ဒီတော့ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ ရွှေစုချစ်တို့ ဒီအမှုက ဘယ်လိုလွတ်အောင် ရုန်းရပါ့ဆိုပြီး ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဝါတွေ ထုတ်ရတော့သပေါ့။ ဒီကအသဲငယ်ပါတယ်ဆိုမှ... သူတို့၂ယောက်ကလည်း မျက်လုံးစိမ်းကြီးတွေနဲ့ စိုက်ကြည့်နေကြ...။ ဒါနဲ့ မျက်လုံးမှိတ်ပြီး ဒီလိုပြောရတာပဲ...

"ဒီလိုပါဟာ... နာတို့ ရပ်ကွက်ထဲက သန်းတွေကိုပဲကြောတာပါ...။ ဟိုလေ... တာမွေတို့၊ သက္ကင်္န်းကျွန်းတို့က မပါပါဘူးနော်...နော်...လို့။"

ဒါနဲ့ သူတို့၂ယောက်လည်း ... ရှူးရှဲ... နောက်ဆိုကြည့်ပြော... ဟူး...ဟဲ... ဆိုပြီး မကျေမနပ်နဲ့ ပဲ ဖြေရှင်းချက်ကို လက်ခံလိုက်ကြတယ်။ ဟိ... သူတို့၂ယောက်က တာမွေနဲ့ သက္ကင်္န်းကျွန်းမှာနေတာကိုး။

သဟာနဲ့ တလောက ရုံးအဆင်း တရုံးထဲ အလုပ်တူတူလုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ကားကို ကားကြုံလိုက်စီးရင်း ကျောင်းတုန်းက ရွှေစုချစ်တို့ ဂျောက်ကြခဲ့ပုံတွေ ဟိုပြော၊ ဒီပြော...ပြောနေကြဆိုတော့ အိတ်အကြောင်းလေး ရီစရာကောင်းတော့ ပြောမိလိုက်ရောတော့...။

ပြောလည်းပြောပြီးရော.... အိတ်သူငယ်ချင်းက ကားကြီး ကို ဆောင့်ဆောင့်အောင့်အောင့် မောင်းရင်း...

"နင်နော်....နာ့ မိန်းမနံမည်...မှာလည်း သန်း ပါတဲ့ဟာ...သိဘူးလား...။"
"တိန်"

မွှားပြန်ပဟ...။ ဟိုင်းဝေးလမ်းမကြီး... ကားပေါ်ကကန်ချရင်တော့ ဒွတ်ခဆိုပြီး ချွေးတွေဘာတွေ ပြန်လို့....။ ဘယ်လိုဖြေရှင်းရပါ့...။ အို....ဟိုတုန်းကလို မျက်စိမှိတ် ပြောင်ငြင်းရတော့မှာပဲ။

"ဒီလိုလေ... ဟိုဟာပေါ့နော်...ချင်ကာပူ မှာနေတဲ့သူတွေ ပါဘူးပေါ့နော်..."
"ဒါဖြင့်...နင်ဆိုလိုချင်တာက မြန်မာပြည်က သူတွေတော့ ပါတယ်ပေါ့...။ ဟုတ်လား ...။ နာ့ ယောက်က္ခမ နံမည်မှာလည်း သန်းပါတယ်....။ ကဲ ..ရှင်း..ခုရှင်း....။"

ကားမောင်းနေလို့...။ မဟုတ်ရင် သူ့စကားသံက... ရပ်ကွက်ထဲမှာဗျာ ထဲက ကိုရွှေထူးဇာတ်လိုက် ကိုမောင်တင့် လက်သီးလက်မောင်းတန်းနေပုံနဲ့။ ဘယ်ရမတုန်း.. ဒီကလည်း ရန်ကုန်မှာ သူတို့ ဘယ်မှာနေလည်းဆိုတာ သိတော့....

"ဟုတ်ဘူးလေ... ရန်ကုန် အိတ်xxxxxxxxx ရပ်ကွက်က သန်းတွေလည်းပါဘူးလေ...။ ဂယ်ပြောတာပါ။" လို့ ဇီးရွက်ထက်ငယ်တဲ့ မျက်နှာလေးနဲ့ ပြန်ပြောရတာပေါ့နော်...။ မကျေမနပ်နဲ့ အိတ်သယ်ချင်း ကျေနပ်တဲ့ထိပေါ့။

***************************************

"ဟူး"
ရှုပ်ပါတယ်...။ တခါထဲပဲပြောလိုက်တော့မယ်...။
ဟို ..... ဟို....ဟို....မီးကြောတဲ့ ထဲမှာလေ.......မြို့တော်မှာ နေတဲ့ "သန်း" လည်း ပါဘူးနော်....။
ဂယ်ကြောတာ။ တော်နေကြာ.... လူဇိုးတွေက... လျှောက်တွေးနေကြမစိုးလို့...။ မီးမီး... ကြောက်ကြောက်...။
ဟွန့်....။

***************************************

စကားမစပ်... ဘလော့လာဖတ်တဲ့ သန်းတွေလည်း ပါဘူးနော်...။ ဟီး...။

***************************************
စုချစ်
၁၅-၀၈-၂၀၀၈
နေ့လည် ၁နာရီ၃၀မိနစ်

Tuesday, July 15, 2008

ရန်ုကုန်မှ ကားသမားများ

Image from http://www.fotosearch.com/

ရန်ကုန်မှာ ကားမောင်းတဲ့ သူတွေ စည်းကမ်းမဲ့ပုံ ပြောပြရဦးမယ်...။
နည်းနည်းတော့ ဒိတ်အောက်နေပါပြီ။ တမြန်နှစ်က မြန်မာပြည်ပြန်တော့ သူငယ်ချင်းတွေဆီ သွားတွေ့တာပေါ့နော်...။ အိတ်သူငယ်ချင်းက အစကတဲက ခပ်စွာစွာရယ်.... ခုကြည့်တော့ ပိုစွာလာသလိုပဲ။ ;-)

ဒါနဲ့... သူကလည်းမအားတော့ သူ့အလုပ်ကိစ္စ ကားနဲ့သွားရာ လျှောက်လိုက်ပြီး စကားစမြည် ပြောရတာပေါ့။ အိတ်မှာ မြို့ထဲက လမ်းတွေမှာ ကားတွေက ရပ်ချင်သလို ရပ်ထားကြတာပဲ။ ၂၂လမ်းလား၊ ဘာလမ်းလည်း သေချာမမှတ်မိတော့ဘူး။ အဲဒီလမ်းထဲက ဆိုင်တဆိုင်ကို ၂ယောက်သားဝင်ပြီး ပြန်ထွက်လာကြတော့ ကိုယ့်ကား ပတ်ကင်လုပ်ထားတဲ့ ကားရှေ့မှာ ကားတစီးကပိတ်ပြီးရပ်ထားပါလေရော။ ကားထဲ ဘယ်သူမှလဲမရှိ။ သူငယ်ချင်းကလည်း ပွစိပွစိနဲ့ အဲဒီ.... ကားသမားတွေ စည်းကမ်းကိုမရှိဘူး။ ရပ်ချင်သလိုရပ်ကြတာပဲ တခါထဲဘာညာနဲ့ ပြောပြီး ဟွန်းကြီး အကျယ်ကြီးပဲတီးပြီး အဲဒီကားသမား လာလိုလာငြားခေါ်တာပေါ့နော်။ ၁၀မိနစ်လောက်ထိစောင့်တာ ဘယ်သူမှမလာတော့ သူဘာဆင်းလုပ်တယ်... ထင်လည်း... သိလား။ ကားသော့ကြီးယူပြီး ဆောင့်ဆောင့်နဲ့ ဆင်းသွား၊ အဲဒီကားကို ၀ုန်းဆို တံခါးကြီးဆွဲဖွင့်ပြီး ကားပေါ်တက် စက်နှိုး၊ အခြားတဖက် လွတ်တဲ့နေရာကို ရွှေ့ပြစ်လိုက်တယ်။ စုချစ်မှာ ဒါမျိုးတခါမှ မတွေ့ဘူးတော့ လန့်ဖြန့်ပြီး အလန့်တကြား....ဟဲ့....ဟဲ့နဲ့ အော်လိုက်ရတာ မပြောပါနဲ့တော့။ ဘယ်နှယ့်... ဘယ်နှယ့်... ကြုံဘူးပေါင်... ဂုဏ်ထူးဆောင်.... ကားတံခါးကလည်းအလွယ် တကူပွင့်... ကားကလည်း ဘယ်သော့နဲ့ မဆို အလွယ်တကူပွင့်။

အမလေး... အမလေးရယ်... နင်တော့ အဖမ်းခံရတော့မှာပဲ... သူများကားမသိပဲဘာလို့ သွားတက်မောင်းသတုန်းလို့ တုန်တုန်ရီရီနဲ့မေးတော့... ဘာမှမပူနဲ့... မြို့ထဲမှာ တခါတရံ သူအိတ်လိုလုပ်နေကြတဲ့။ သူတို့ကားက ပိတ်ရပ်ထားတာ လာပြောရင် ပြန်အော်ပစ်မှာပေါ့တဲ့။
ပြီးတော့ ကားမှန်သမျှက အစုတ်တွေတဲ့ ... ဘာသော့နဲ့ ဖွင့်ဖွင့် ပွင့်ပြီးသားတဲ့လေ။


နောက်ရက်မှာပဲ ဖေဖေနဲ့ မြို့ထဲသွားတော့ ကိုယ့်ရှေ့မှာ ကားတစီး အိတ်လို ပိတ်ရပ်နေတာမျိုး ကြုံရပြန်ရောတော်။ သူ့လိုတော့ မလုပ်ရဲလို့ သားအဖ ၂ယောက် နာရီဝက်လောက် စောင့်လိုက်ရပါရောလား....။ စည်းမဲ့ကမ်းမဲ့ နဲ့ စိတ်ပျက်ဖို့ ကောင်းလိုက်တာများ....။ ဟင်း......

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, June 24, 2008

ကိုကိုဘဲဥ

Image from http://www.fotosearch.com/

ပြီးခဲ့တဲ့ တနှစ်ရန်ကုန်ပြန်တုန်းက ယောက်ယောက်က ရောက်ရောက်ခြင်းပဲ ဆံပင်တိုတိုလေး သွားညှပ်လာခဲ့တယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက်အိမ်အသွား ကားမောင်းတာ အရှိန်မြန်လို့လား၊ ဘာလို့လဲ မသိ။ ကိုကိုဘဲဥက ၀ီစီမှုတ်ရပ်ခိုင်းတော့တာပဲ။ အဲဒါ နောက်ဆုတ်ပြီး သူတို့နား အရောက် ခေါင်းလေး အပြင်ထွက်ပြီးကြည့် ရုံရှိသေး...
"ဟာ..ဆရာ...ဆရာမှန်းမသိလို့ပါ။ တောင်းပန်ပါတယ် ဆရာ"
ဆိုပြီး အလေးတွေပြုလို့။ ကိုယ်က ငအဆိုတော့... ချက်ချင်း ဘာမှန်းမသိဘူး။ ယောက်ယောက်ကို... တူ... ဘယ်တုန်းကများ ဒီဘဲဥရဲ့ဆရာ ဖြစ်ခဲ့ပါလိမ့်လို့ပေါ့နော်...တွေးနေတာ။ ယောက်ယောက်ကတော့ ရုပ်တည် ကြီးနဲ့ လက်တွေဘာတွေပြန်ပြပြီး ရပါတယ်ကွာ... ဘာညာနဲ့ မောင်းထွက်ခဲ့ကြရော။ နောက်လှည့်ကြည့်တာ ဒီလူ ခြေစုံရပ်ပြီး ကားတော်တော်ဝေးတဲ့ထိ၊ တော်တော်ကြာတဲ့ထိ အလေးပြုနေတုန်း...။ နောက်မှ ကိုယ်လည်း သဘောပေါက်ပြီး နှစ်ယောက်သားရီလိုက်ရတာ... ဟီး။

၉၆ ခုနှစ်လောက်က မန်းလေးမှာ ဆိုင်ကယ်စီးရင် ဦးထုတ်တွေမဆောင်းပဲ စီးတာ....။ မျက်စိကလျင်တော့ ဘဲဥကို ဝေးဝေးကလှမ်းတွေ့ပြီး အမြဲ...ပြန်ကွေ့ပြေးနေကြ...။ စက်ဘီးစီးရင်လည်း မီးနီဖြတ်ပြီး တဲအိမ်လေးထဲက ကိုကိုဘဲဥတွေကို မျက်လုံးမှိတ်ပြ၊ လက်ပြလိုက်ရင် ဘာမှ ပြောကြဘူးတော့.... ဟီး။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, April 1, 2008

ချစ်သော သီရိမြိုင် - ၁ (၁၉၈၅)


တကယ်တော့ ရပ်ကွက်လေးဟာ လမ်းတွေကကျဉ်း၊ ကျူးကျော်တဲတွေကလည်း ဟိုဖက်ဒီဖက် အနီးအနားမှာ ရှိကြလေတော့ နေစရာကောင်းလှချည်ရဲ့လို့ ဘယ်သူမှ ပြောမယ်မထင်ပါဘူး။ ဒီကြားထဲ မိုးရွာရင် မြောင်းတွေက ရေလျှံ၊ ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ် ကလူတွေလည်း တစ်ယောက်နဲ့ တစ်ယောက် နင့်မြောင်းကို မဖောက်နဲ့၊ ငါ့မြောင်းကို ပိတ်ပြီ၊ စသဖြင့် ရန်စောင် စောင်းမြောင်းကြ။ ဗွက်တွေက လမ်းလျှောက်သွားရင် အသွားမတတ်တဲ့ သူဆို ခေါင်းထိအောင် တဘတ်ဘတ်နဲ့ တက်စင်သေး။ ဒီကြားထဲ ကိုရွှေခွေးတွေရဲ့ ချေးတုံးခွေခွေတွေက မိုးရေကြောင့် ရွှံ့ရောင်နဲ့ ဆင်တူလိုလို မသဲမကွဲ ပျံ့လူးလို့။ ခွေးချေး တက်မနင်းဘူးတဲ့သူဆို ခေတ်နောက်ကျတဲ့သူ၊ ဒါမှမဟုတ် ဒီရပ်ကွက်ကလူပဲမဟုတ်တော့သလိုလို။

ဒါဖြင့်နွေရာသီခြောက်သွေ့တော့ ကောင်းမှာပေါ့လို့ မမေးနဲ့။ လန့်စရာကိုရွှေမီးက လာပါပြီ။ တိတ်ဆိတ်တဲ့ ညလယ် တဒေါင်ဒေါင်နဲ့ ကင်းတဲက အထိတ်တလန့် ကျယ်ကျယ်လောင်လောင် သံချောင်းခေါက်သံကို မကြားဘူးတဲ့ နွေညများ မရှိသလောက်ရှားခဲ့ပါ့။ အဲလိုကျပြန်တော့ ခြံတခါးတောင်ဖွင့်ချိန်မရပဲ ရပ်ကွက်ထဲက ယောက်ျားလေးတွေများ လူကြီး၊ လူငယ်၊ လူရွယ်၊ မရွေး ကလေးတွေကအစ ရေတစ်ပုံးစာ လက်ကဆွဲပြီး မီးဆိုတဲ့နေရာကို အပြေးအလွှားသွား ကူည်ီကြတာ။ မီးငြိမ်းပြီဆိုပြီးပြန်လာတော့ ခြံတခါးပိတ်ထားလို့ ပြန်မ၀င်တတ်တော့ဘူး။ ခုနက ဒီလောက်ခြံစည်းရိုး အမြင့်ကြီး သူဘယ်လို ခုန်ထွက်ခဲ့လည်းဆိုတာ သူ့ဘာသာ မစဉ်းစားတတ်တော့ဘူးတဲ့။ ဘယ်...မီးသတ်ကားများ အားကိုးဖို့ ခေါင်းထဲတောင်မထည့်ကြဘူး။

အလှူခံတွေဆိုတာလည်း ရပ်ကွက်ထဲမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒင်းကျမ်းပြည့်လို့။ အော်လံကြီးတွေကို နီးစပ်ရာခေါင်မိုးပေါ်တွေ တင်ပြီး အပြိုင်အဆိုင်ကို အလှူခံကြတာကလား။ အကျိုးကျေးဇူးကတော့ အဲဒီကဖွင့်လေ့ရှိတဲ့ ကြာနီကန်ဆရာတော် တရားများ ၅နှစ်သားလေးကအစ အကုန်အလွတ်ရတယ်။ မတည့်တဲ့သူ အချင်းချင်းတိုက်ပေးပြီး အလှူငွေကောက်လို့ကတော့ အကောင်းဆုံးပေါ့။ စာမေးပွဲတွေကဖြေရတော့မယ်။ ရပ်ကွက်ထဲက မင်္ဂလာဆောင် ဆောင်းဘောက်စ် သီချင်းသံတွေကြောင့် စာမေးပွဲနဲ့များတိုက်ဆိုင်လို့ကတော့ စာကျက်မရတော့ပဲ ဘောလုံးကွင်းထဲ စာသွားကျက်ခဲ့ဘူးတာလည်းရှိပါ့။ ဘယ်စာကျက်လို့ရမတဲ့လဲ။ သီချင်းတွေ လိုက်နားထောင်ပြီး ပုဇွန်ဆိတ်လေးဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်...လို့ လိုက်လုပ်နေတာကိုး။

ညနေချမ်းများမှာဆိုရင်တော့ တအိမ်အိမ်က လင်မယားတွေ ရန်ဖြစ်သံ (ဒါမှမဟုတ်) မကျေနပ်တဲ့သူတွေကို စောင်းပြီး သူ့ကလေးတွေကိုငေါက်လေ့ရှိတတ်တဲ့ ဒေါ်လုံးရဲ့စွာကျယ်ကျယ်အသံ၊ အရက်မူးပြီး သီချင်းတွေအော်ဆိုလာတဲ့ ကိုတာတီးရဲ့ရီဝေေ၀အသံ စတာတွေက ရံဖန်ရံခါ ကြားရတတ်တဲ့ မရိုးနိုင်သော ရပ်ကွက်လေးရဲ့ သံစဉ်လေးတွေပေါ့။ တခါများ ညနေခင်း လမ်းလျှောက်ထွက်ရင်း ကျူးကျော်တဲတွေဖက် အရောက် မိန်းမကြီး၂ယောက်ရန်ဖြစ်ပြီးဖက်လုံးကြတာ ထမီတွေကျွတ်ကုန်တဲ့ထိ။ ကျွတ်သွားတဲ့ ထမီကို ဂရုမစိုက် ခြေထောက်လေးနဲ့တောင်ခတ်ထုတ်လိုက်ပြီး အနိုင်မခံအရှုံးမပေးလုံးနေကြတာများ ကမ္ဘာ့နပန်းသတ်ပွဲက ဒိုင်လူကြီးတွေများမြင်ရင် စောစောက မသိရလေခြင်း၊ သူတို့ရုံသွင်းမပြလိုက်ရလေခြင်းလို့ ရင်ထုမနာဖြစ်ကြလေမလားသိဘူး။

မိုးမလင်းခင် အိမ်ပေါ်တက် ပိုက်ဆံချေးတတ်တဲ့သူတွေကိုလည်း ကြုံရတာ ရှိသေးပ။ မပေးလိုက်ရင်များ မဲ့တာရွဲ့ကာနဲ့ ချေးဖတ်ကြီးတင်သွားတာပဲ ရှိပါတယ်အေလို့ နောက်ကွယ်မှာ အတင်းကတုတ်ဦးမယ်ဆိုတာ သိသား။ ဆိုင်ရာဆိုင်ရာ အမျိုးအလှူ မင်္ဂလာဆောင်တွေမှာတော့ တစ်ယောက်ဆီက တစ်ယောက် လက်ဝတ်လက်စားတွေ ဋ္ဌားဝတ်လို့။ အဲဒီအခါကျပြန်တော့လည်း အပေးအယူတွေတည့်နေကြပြန်ရော။ မင်္ဂလာဆောင်၊ အသုဘ မစည်မှာ မပူနဲ့။ သိသိ မသိသိ ၀ိုင်းကူမဲ့သူရယ်၊ ၀ိုင်းစားမဲ့ သူရယ် အစဉ်သဖြင့် အဆင်သင့်ပေါ့။

ရပ်ကွက်ထဲက အပင်တွေ၊ အသီးတွေများ အပျော်ခိုးခူးချင်တဲ့သူတွေက ပေါလွန်လွန်းလို့။ တချို့များ အဲဒီအပျော် သူခိုးရန်ကြောက်လို့ အသီးမမှည့်ခင် ကြိုခူးထားကြရတယ်။ အိမ်ထောင့်က မာလကာပင်ဆို ကာလသားတွေက မိုးရွာထဲ ဘောလုံးကန်သလိုလို ခပ်တည်တည် တန်ချူနဲ့ တောင်ခူးလိုက်ကြသေး။ ခူးလိုက်လို့ အသီးက အိမ်ထဲကျသွားရင်လည်း ဒေါ်ကြီး ဘောလုံးကျလို့ ၀င်ကောက်မယ်နော်ဆိုပြီး ဘောလုံးကို တမင်ပစ်သွင်း၊ မာလကာသီးပါမက ပွင့်နေတဲ့ ပန်းလေးပါ ကြုံတုန်း ဖြတ်ဆိုခူးပြီး သူတို့ပိုးနေသူတွေအတွက် သူခိုးသူဝှက် မတော်တဆလုပ်လိုက်ကြသေးတယ်။

တန်ဆောင်မုန်းလများ ရောက်လို့ကတော့ ပျော်ပွဲကြီးပေါ့။ စတိတ်ရှိုးစင်တွေပေါ်က တေးသရုပ်ဖော် အဆိုတော်တွေများ နာမည်ကြီး မင်းသားအရှုံးပေးရလောက်အောင်ကို မီးရောင်တန်ခိုးနဲ့သားနားနေကြလို့။ ကျော်ရဲအောင် ဆိုတာ ဒီလိုစင်မျိုးကပဲ ထွက်သွားတဲ့သူဆိုလား။ လပြည့်နေ့ည ကျီးမနိုးပွဲမှာတော့ ရပ်ကွက်ထဲက အုန်းသီး အပင်နိမ့်တာတွေဆို အကုန်ကုန်။ သစ်ခွပန်းလှလှလေးတွေများကြတော့ သူတို့က ခူးပြီး အပျိုတွေအိမ်ရှေ့ထားလိုထားပေးနဲ့။ ပန်းပျောက်သွားတဲ့ ပိုင်ရှင်က တဗြစ်တောက်တောက်နဲ့ မိုးမလင်းတလင်း လပြည့်နေ့ ဥပုသ် ထွက်ကာစကို မေ့လျှော့ပြီး ဆဲရေးတိုင်းထွာမိလို့။ အိမ်ရှေ့မြောင်းကတံတားအကြီးကြီးက သေးသေးလေးဖြစ်လိုဖြစ်။ သေးသေးလေးက အကြီးကြီးဖြစ်လိုဖြစ်ပေါ့။ အပျိုကြီးအိမ်ရှေ့ လင်အလိုရှိသည် ဆိုင်းဘုတ်ဆွဲလိုဆွဲကြနဲ့။ မိုးလင်းလို့ အသီးသီး အသကအသက မည်တွန်တောက်တီးသံတွေကို သူတို့က သာယာနာပျော်ဖွယ် သီချင်းသံလေးတွေ နားသောတ ဆင်နေရတဲ့သူတွေလို ပြုံးပျော်လို့။

အော်... ဒါလေးတွေကပဲ ခုလို ဝေးသွားတဲ့ အချိန်မှာ ပြန်စဉ်းစားမိရင် လွမ်းစရာကောင်း၊ အလွန်ကို ချစ်စရာကောင်း နေပါရော့လား။

Saturday, March 29, 2008

မချိုသော မျက်နှာ


ကျွန်မရဲ့ ပင်ကို မျက်နှာထား က တည်တဲ့ တင်းတဲ့ အထဲမှာ ပါတယ်။ အဲဒီထဲ တခုခုကို စဉ်းစားနေတဲ့ အချိန်ဆို ပိုပြီးထန်သွားရော။ ငယ်တုန်းကဆို ရပ်ကွက်ထဲမှာ ကျွန်မကို အမြင်ကပ်တဲ့ ကောင်လေး အချို့က သူ့လုပ်စာတရပ်ကွက်လုံး ကျွေးထားရတဲ့ရုပ်နဲ့လို့ ထောပနာပေးကြပါတယ်။

ကျွန်မလည်း မျက်နှာကို တမင်ကြီးတည်တာ တင်းတာ ပုပ်တာ ဟုတ်ပါဘူး။ ဗိုလ်အောင်ဒင် ထဲက သုခပြောသလိုပြောရမယ်ဆိုရင် အမေမွေးထဲက ဒီမျက်နှာပါ၊ ဒီရုပ်ပါလို့ ပြောရမလို ဖြစ်နေပြီ။ သူငယ်ချင်းတွေက ပြောကြတယ်။ နင့်မျက်နှာက မြင်တာနဲ့ ရှိန်တယ်တဲ့။ ကောင်လေးတွေ တော်ရုံတန်ရုံ လိုက်စကား မပြောရဲဘူး။ မစရဲဘူးတဲ့။ ဒီတော့ ကျွန်မဟာ နေရင်းထိုင်ရင်း သူငယ်ချင်းကောင်မလေးတွေရဲ့ သက်တော်စောင့် လိုလို၊ လူမိုက်ဂိုက်နဲ့ ပေါ့။ ပြီးတော့ မသိတဲ့မခင်သေးတဲ့ သူတွေကဆို မာနတော်တော်ကြီးတယ်လို့ ထင်ကြသပေါ့လေ။

တနေ့တော့ အကိုဝမ်းကွဲတယောက်က ပြောတယ်။ မျက်နှာကြီး အဲလို စူပုပ်၊ တည်တင်း မနေပါနဲ့ဟာ။ မိန်းကလေးဆိုတာ ဟောသလို ပြုံးပြုံးလေးနေရတယ်။ ဒါမှ ချစ်စရာကောင်း၊ လူချစ်လူခင်လည်း ပေါ တာတဲ့။ ဒီနေ့ကျောင်းသွားရင် သတိထားပြီး ပြုံးပြုံးလေးနေ။ ဟုတ်လားတဲ့။ အိုကေလေ။ ကောင်းပြီ၊ ကြိုးစားကြည့်မယ်ပေါ့။

ဒါနဲ့ပဲ အဲဒီနေ့မနက် ကျောင်းသွားဖို့ အိမ်က ထွက်လာတယ်။ စိတ်ထဲမှာ စဉ်းစားထားတယ်။ ဒီနေ့ တနေ့လုံး သတိထားပြီးပြုံးပြုံးလေးနေမယ်ပေါ့။ အိမ်ကနေ ဘတ်စ်ကား ဂိတ်ထိ လမ်းတလျှောက် သတိတရနဲ့ ပြုံးပြုံးလေး နေတယ်။ အရင်ကဆို လမ်းတလျှောက်ဘယ်သူမှ ကြည့်တာဟုတ်ဘူး။ မျက်စိက လမ်းမပေါ်ပဲကြည့်ပြီး ပိုက်ဆံပျောက်ရှာသလို ငိုက်စိုက်ငိုက်စိုက် နဲ့ သွားနေကြ။ ဘယ်ရမလဲ၊ ဒီနေ့တော့ လမ်းမှာတွေ့တဲ့ သူတွေကိုလည်း ပြုံးပြုံးလေး ကြည့်ပေးလိုက်တယ်။ စကားမပြောဘူးကြပေမဲ့ တရပ်ကွက်ထဲသားတွေပဲ။ ပြုံးပြသင့်ပါတယ်လေ။ ငါကတည်တည်ကြီးနေတော့ ဘယ်ကောင်းပါ့မလဲ။ ဟုတ်တယ်။ တော်ကြာ အလကားနေရင်း လူမုန်းခံနေရမယ်။ လူတွေက ကျွန်မကို ကြည့်ပြီး နည်းနည်းတော့ ထူးဆန်းနေကြသလိုဘဲ။ အိုလေ ဒါကိုယ့်စိတ်ကထင်နေတာဖြစ်နေမှာပါ။ ဟော တချို့ဆိုပြန်တောင်ပြုံးပြသွားကြတာ။

ဘတ်စ်ကားဂိတ်ရောက်တော့လည်း ဘတ်စ်ကားစောင့်ရင်း ပြုံးပြုံးလေးပေါ့။ ဟော ဘတ်စ်ကား လာပြီ။ ဘတ်စ်ကားပေါ်တက်တယ်။ ပြုံးပြုံးလေးပဲ။ စပယ်ရာကို ကားခ လှမ်းပေးတော့လည်း ပြုံးပြုံးလေးပဲ။ ထိုင်ခုံအလွတ်မှာ ၀င်ထိုင်တော့လည်း ပြုံးပြုံးလေးပဲ။ တမှတ်တိုင် တမှတ်တိုင် ရပ်လိုက်တဲ့အခါတိုင်းလည်း ပြုံးပြုံးလေးပဲ။ ဟာဟ…တော်လိုက်တဲ့ငါ။ လမ်းလျှောက်လည်းပြုံး၊ ရပ်လည်းပြုံး၊ ထိုင်လည်းပြုံး၊ ထလည်းပြုံး။ ခုထိကို အမြဲပြုံးနေဖို့ သတိလက်မလွတ်သေးဘူး။ စဉ်ဆက်မပြတ် တရားမှတ်နေတဲ့အတိုင်းပဲ။ သတိလေးနဲ့။ ဒီလိုဆိုလည်း ပြုံးပြုံးလေးနေဖို့က အလွယ်သားပဲ။ အလကားနေရင်း သူများအမြင်ကပ်တာလည်း မခံရတော့ဘူးပေါ့။

ဒီလိုပြုံးပြုံးလေး လုပ်နေရင်းနဲ့ပဲ ဘတ်စ်ကားက ဘီပီအိုင်မှတ်တိုင်ကို ရောက်တော့မယ်။ ဘတ်စ်ကားပေါ်က ဆင်းဖို့ထိုင်ခုံမှထတယ်။ ဟာ…စိတ်မပူနဲ့။ မမေ့ဘူး။ မမေ့ဘူး။ ပြုံးပြုံးလေးနဲ့ မှတ်တိုင်ပါတယ်လို့ အော်တယ်။ ပြုံးပြုံးလေး ဘတ်စ်ကားပေါ်က ဆင်းဖို့ပြင်တယ်။

ဒါပေမဲ့လည်း ဘတ်စ်ကား ထွက်ပေါက်လှေခါးထစ်လေးကို ခြေချနေတုန်း အနောက်က ဘယ်သူမှန်းမသိတဲ့ သူတွေရဲ့ မှတ်ချက်ချလိုက်သံတွေကို ကြားလိုက်ရတဲ့ အခါမှာတော့ ကျွန်မရဲ့ အပြုံး ပရောဂျက်ကြီးဟာ အဲဒီနေရာမှာပဲ အဆုံးသတ်သွားပါတော့တယ်။

ဘယ်လိုများဖြစ်နေပါလိမ့်။ မျက်နှာက ပြုံးစိစိ၊ ပြောင်ချော်ချော်နဲ့။

ဟုတ်ပ။ မိန်းခလေးဖြစ်ပြီး တည်တည်တံ့တံ့ ဣနြေ္ဒလေးနဲ့ နေတာမဟုတ်ဘူး။ တဲ့။

********************************************

ဒါဟာ…ပထမဦးဆုံး ကျွန်မ ဘ၀မှာ ရလိုက်တဲ့ မတူရင်မတုနဲ့ ဆိုတဲ့ သင်ခန်းစာပါပဲ။

နိယာမ သဘောသဘာဝ အရ မျက်နှာချိုတာဟာကောင်းပါတယ်။ သူတပါးရဲ့စိတ်ကို ကြည်နူးစေပါတယ်။ ဒါပေမဲ့ ကိုယ့်သဘာဝနဲ့ မကိုက်တဲ့ အလုပ်ကို အတင်းဖန်တီးမိရင် လူကဲ့ရဲ့စရာ ဖြစ်တတ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်နားလည်သွားခဲ့ပါတယ်။

ဟင်း….ပြုံးတတ်ဖို့ဆိုတာမလွယ်ပါလား။

မေမေကတော့ ပြောတယ်။ သမီးရေ… မျက်နှာချိုဖို့ ကြိုးစားတာထက် စိတ်ထားချိုဖို့ ကြိုးစားပါကွယ်တဲ့။

တကယ်လို့ ကျွန်မနဲ့ လမ်းမှာ မတော်တဆများ တွေ့ကြမယ် ဆိုရင်… ပြုံးပြုံးလေး မနေတတ်တဲ့ ကျွန်မကို ခွင့်လွှတ်ပေးကြပါလို့။ မျက်နှာက မချိုတတ်ပေမဲ့ စိတ်ထဲကတော့ အမြဲချိုနေပါ့မယ်နော်။

စုချစ်
29/02/2008
2:47pm