Showing posts with label Singapore. Show all posts
Showing posts with label Singapore. Show all posts

Thursday, March 26, 2015

လူငယ်နှင့် ပညာရေး

Photos credit to original photographers!!! 
မြန်မာပြည်မှာ မျိုးဆက်သစ် လူငယ်တွေ ပညာရေးပြုပြင်လိုမှုအတွက် ဆန္ဒဖော်ထုတ်တာကြောင့် မညှာမတာ နှိမ်နင်းခံရပြီး မတရားသဖြင့် အရေးယူခံရ ဖမ်းဆီးနှိပ်စက်ခံရတယ်။ တကယ် ပြန်ဆန်းစစ်ကြည့်မိတော့ နှိမ်နင်းခံရတဲ့သူတွေကလည်း လူငယ်တွေဖြစ်သလို အဲ့ဒီလူငယ်တွေကို နှိမ်နင်းတဲ့အဖွဲ့မှာလည်း လူငယ်အရွယ်တွေပဲ ပါဝင်နေတာတွေ့ရလိမ့်မယ်။

မနေ့ တစ်နေ့က စင်္ကာပူရဲ့ ဖခင်ကြီးလီကွမ်းယု ကွယ်လွန်ခဲ့တယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စင်္ကာပူ ရုပ်မြင်သံကြားက သူဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝ ဇာတ်ကြောင်း နဲ့ တံငါရွာသာသာ စင်္ကာပူနိုင်ငံသေးသေးလေးကနေ ယနေ့မှာ နိုင်ငံတကာက လေးစားအတုယူရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံထိဖြစ်လာအောင် သူဘယ်လိုကြိုးပမ်းအားထုတ်ခဲ့ပုံတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးနေတယ်။

လီဟာ ယနေ့ စင်္ကာပူဖြစ်လာအောင် သူသွားချင်တဲ့လမ်းက အတားအဆီးမှန်သမျှ သူ့နည်းသူ့ဟန်နဲ့ရအောင် ရှင်းတယ်။ မိန့်ခွန်းပြောနေတဲ့ တစ်နေရာမှာ သူ့လမ်းစဉ်ကို မကျေနပ်တဲ့သူ လက်မခံနိုင်တဲ့သူတွေကို လက်သီးလက်မောင်းတန်း စိန်ခေါ် ဟစ်ကြွေးနေတာကို တွေ့မိတယ်။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ နောက် ၅နှစ် နောက်၁၀နှစ် နောက်၁၅နှစ်မှာ စင်္ကာပူ ဘာဖြစ်နေမလဲ၊ စင်္ကာပူက မျိုးဆက်သစ်တွေဘယ်လိုဖြစ်မလဲ စောင့်ကြည့်ကြပေါ့တဲ့။ သူပြောတာ မှန် မမှန် မျက်မှောက်ခေတ် စင်္ကာပူ ဘာလဲဆိုတာတော့ အားလုံးတွေ့မြင်ကြရတဲ့အတိုင်းပါပဲ။ ဒါတွေကို စီကာစဉ်ကာ ဆက်တိုက်ဆိုသလို မြင်ရ ကြားရတော့ စင်္ကာပူရဲ့ မျိုးဆက်သစ်လူငယ်တွေ ကံကောင်းအကြောင်းလှပုံအတွက် ဝမ်းမြောက်ကြည်နူး အားကျမိသလို တဆက်တည်း ကိုယ့်နိုင်ငံက လူငယ်မျိုးဆက်သစ်တွေ ကံမကောင်းမကြောင်းမလှတာတွေ အတွက် ဝမ်းနည်းကြေကွဲရင်နာရတယ်။

စကားစပ်မိလို့ ပြီးခဲ့တဲ့ တစ်ပတ်က ကြုံကြိုက်တာနဲ့ ရုံးက လုပ်အားပေးအဖွဲ့နဲ့အတူ စင်္ကာပူက Life Community Services Society ( LCSS ) - Life Student Care Centre ကို ရောက်ခဲ့တယ်။ LCSS အကြောင်း သတင်းစာထဲက ကြားဖူး ရုပ်မြင်သံကြားကနေအမှတ်မထင် ကြည့်ဖူးမဲ့ သူတို့ Centre ကိုတော့ ပထမဦးဆုံး လုပ်အားပေးရောက်ဖူးတာပါ။ အရင်ကတော့ ကျွန်မ ရုံးလုပ်အားပေးအဖွဲ့နဲ့အတူ Special school တွေမှာ ကွန်ပြူတာ လိုက်သင်ပေးဖူးတယ်။ Special school ဆိုတာကတော့ ဉာဏ်ရည်မမီတဲ့ကလေးတွေအတွက် ဖွင့်ထားတဲ့ကျောင်းတွေဖြစ်တယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမနေတတ်ဘူး၊ စဉ်းစားတွေးခေါ်နိုင်တဲ့ ပညာ ဉာဏ်ရည်မမီဘူး၊ အသုံးမကျပါဘူးလို့ အများကမြင်တဲ့ ဒီကလေးတွေဟာ ဒီ Special School ကျောင်းတွေကနေ အောင်မြင်ပြီးတဲ့နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဖြစ်ထွန်းသွားကြတာကို မြင်ရတဲ့အခါ စင်္ကာပူရဲ့ လုပ်ဆောင်ချက်တွေကို တကယ် လေးစား အံ့သြ အထင်ကြီးမိပါရဲ့။

LCSS အကြောင်း ပြန်ဆက်ရရင် လုပ်အားပေး မစခင် CEO က သူတို့ အသင်းအဖွဲ့ LCSS ဆိုတာ ဘာလဲ အနည်းငယ် ရှင်းပြတယ်။ စင်္ကာပူမှာ LCSS ကို တည်ထောင်ခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကဆိုတော့ ၁၉နှစ်ကျော် နှစ်၂၀နီးပါးရှိပြီဖြစ်တဲ့အကြောင်း၊ အသက် ၇နှစ်ကနေ ၁၉နှစ် ကြား ကလေးတွေ လူငယ်တွေကို စောင့်ရှောက်ပေးပြီး ထောက်ပံ့ကူညီ ပညာသင်ကြားပေးနေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒီကျောင်းက စောင့်ရှောက်နေတဲ့ ကလေးတွေထဲမှာ ၅၀%ကတော့ ဝင်ငွေနည်းတဲ့ စီးပွားရေးအဆင်မပြေတဲ့ မိသားစုကလာကြပြီ၊ ၅၀% ကတော့ လူမှုရေးပြဿနာရှုပ်ထွေးနေတဲ့ မိသားစုတွေကလာတဲ့သူတွေဖြစ်ကြောင်း၊ အထူးသဖြင့် မိဖထဲမှာ တစ်ဦးက ရာဇဝတ်မှုကြောင့် အဖမ်းခံရ ထောင်ကျနေတာမျိုးတွေ ဖြစ်ကြောင်း၊ အဲဒီလို ကလေးမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာနာကျည်းချက်တွေရှိကြောင်း၊ ပြင်ပလောက က လူတွေရဲ့အနှိမ်ခံဖြစ်နေရကြောင်း၊ အနှိမ်မခံရတာတောင် ကလေးတွေရဲ့စိတ်မှာ အလိုလိုသိမ်ငယ်နေကြကြောင်း၊ သိမ်ငယ်မှုကြောင့် စိတ်ကပိုထကြွပြီး မိုက်ရူးရဲဖြစ်နိုင်ကြောင်း၊ သားသမီးများဟာ အများအားဖြင့် မိဖခြေရာအတိုင်းလိုက်နင်းကြတဲ့သူတွေလို့ ဆိုစမှတ်ရှိရင် ဆိုးတဲ့မိဖက မွေးဖွားလာတဲ့ကလေးတွေဟာ တခြားသာမန်ကလေးတွေထက် ၅ဆပိုပြီး သူတို့မိဖတွေလို ဆိုးတဲ့လမ်းကြောင်းကို လိုက်ဖို့ ပိုလွယ်ကူကြောင်း စသဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကစလို့ သူတို့အသင်းက ဒီလိုကလေးမျိုးတွေကို ပစ်မထားပဲ ဘယ်လို အားပေး စောင့်ရှောက်ကူညီလမ်းပြနေတယ်၊ သူတို့ စောင့်ရှောက်တဲ့ ကလေးတွေ အခုဆို ဘယ်နေရာမှာ ဘယ်လို အောင်မြင်နေတဲ့သူတွေရှိလာပြီ ဆိုတာတွေကို ကြည်နူးဖွယ်ရာ ရှင်းလင်းပြောပြပါတယ်။

ကျွန်မဟာ နားထောင်နေရင်း ဒီကလေးတွေအတွက် ဝမ်းလဲသာမိ အသင်းကလုပ်ဆောင်ချက်တွေအတွက် ဂုဏ်ယူ အားကျမိ ပြီးတော့ မနာလိုလဲ ဖြစ်မိတယ်။ ကျွန်မတို့နိုင်ငံမှာရော ဒီလိုကလေးမျိုးတွေကို အစိုးရက ကာကွယ်စောင့်ရှောက်မှုတွေ ပေးပါရဲ့လား၊ စိတ်ဓါတ်ရေးရာ မြှင့်တင်မှုတွေ ရှိပါရဲ့လား၊ မိဖမဲ့မဟုတ်ပါပဲနဲ့ မိဖက ဆိုးသွမ်းလို့ ကလေကချေဘဝရောက်သွားရတဲ့ လူမမယ် ကလေးတွေ ဘယ်လောက်များ တိုးပွားနေပါပြီလဲ။ ကလေးတွေဟာ ကယ်တင်သူမရှိ ရက်စက်တဲ့ကံကြမ္မာရဲ့ ခြေနဲ့နင်းကန်ချက်တွေကို ရှောင်တိမ်းရင်း တဝဲလည်လည်မျောနေရရင်း လိမ်မာယဉ်ကျေးတဲ့ကလေးတောင်မှ မွန်းကြပ်မှုတွေမခံနိုင်ပဲ ရှေ့ဆက် မိုက်မဲရမ်းကားနေကြရတော့မှာပါပဲလားနဲ့ မသက်သာစွာခံစားမိတော့တယ်။ တာဝန်ဆိုတဲ့လက်ပတ်နီကို ဝတ်ပြီး မိုက်ရူးရဲတဲ့မျက်နှာထားနဲ့လူငယ်လေးတွေကို မျက်လုံးထဲမှာ ပြန်မြင်ယောင်လာမိတယ်။

တဆက်တည်း ကျွန်မအတွေးထဲမယ် စင်္ကာပူ ပညာရေးစနစ် ကို သုံးသပ်ကြည့်မိတယ်။ စင်္ကာပူအစိုးရဟာ ပညာရေးကို အတိမ်းအစောင်းမခံ ဘယ်နေရာကိုမှ အလွတ်မပေး ဟိုး အောက်ခြေကစပြီး အထက်ထိ ခိုင်အောင်လုပ်ထားတာကို တွေ့ရတယ်။ ဉာဏ်ရည်နိမ့်ပါးလို့ ဆင်းရဲလို့ မိဖကလူဆိုးမို့ စတဲ့ဘာအကြောင်းပြချက်ကြောင့်မှ ကလေးတွေ ပညာမသင်နိုင် မရှိစေရကို ကြိုးစားဖော်ဆောင်နေတယ်။
ပညာတော်တဲ့ ကလေးတွေကျတော့ရော အစိုးရက ဘယ်လိုအားပေးလဲ။ ကျောင်းပြီးရင် မိမိ နိုင်ငံကိုပြန်အလုပ်အကျွေးပြုပါမယ်ဆိုတဲ့ ကတိစာချုပ် Bond တွေနဲ့ နိုင်ငံခြားက ထိပ်ဆိုတဲ့ကျောင်းတွေကို ရွေးလွှတ်ပါတယ်။ အနာဂတ်ခေါင်းဆောင်အတွက် အဖက်ဖက်ကတော်တဲ့လူတွေကို ခေါင်းခေါက်ရွေး ငယ်စဉ်ကစလို့ လက်သပ်မွေးထားပါတယ်။ ပညာတော်တဲ့သူဆို သူတို့ လူမျိုးမှမဟုတ် ဘယ်သူ့ကိုမဆို အားပေးဖို့ လိုအပ်ရင် သူတို့လူအဖြစ်ဆွဲသွင်းလိုက်ဖို့ကလည်း အဆင်သင့်ပါပဲ။ ကျွန်မ အိမ်မှာ မြန်မာပြည်က ၁၆နှစ်သား ကလေး ဒီစင်္ကာပူက Private ကျောင်းတစ်ခုမှာ GCE A Level လာတက်ပြီး ဖြေပါတယ်။ GCE A Level Result ထွက်တော့ သူက Maths မှာ World-wide no.1 ရပါတယ်။ စင်္ကာပူ NUS က သူ့ကို ချက်ချင်း စာပို့ပြီး စကော်လာ offer ပေးတယ်။ ပြီးရင် ဒီလိုကလေးမျိုးကို သူတို့လက်လွတ်မခံပါဘူး၊ Citizen offer ကိုပါ ပေးလေ့ရှိပါတယ်။

နောက်ထပ် ကျွန်မသတိရလိုက်မိတာကတော့ ကျွန်မတို့ NUS တက်ခဲ့တုန်းက NUS က ကျွန်မတို့ရဲ့ ဆရာတွေအားလုံးဟာ နိုင်ငံခြား နာမည်ရကျောင်းတွေက ဒေါက်တာဘွဲ့ရခဲ့သူတွေဖြစ်တယ်။ စင်္ကာပူကကျောင်းသားတွေဟာ ပြည်တွင်းမှာ တက္ကသိုလ်ပညာယူနေရပေတဲ့ သင်တဲ့ဆရာတွေအားလုံးက နိုင်ငံတကာကျောင်း ပညာ အတွေ့အကြုံ စုံတဲ့သူတွေဖြစ်တယ်။

ပြည်တွင်းက ဒီပလိုမာသင်တန်း Poly ကျောင်းတွေကိုကြည့်ဦးမလား။ များသောအားဖြင့် ဆရာတွေဟာ NUS တို့ NTU တို့ က PhD တွေ Master တွေဖြစ်နေပြန်ရော။ ကျွန်မသူငယ်ချင်း တော်တော်များများ NUS NTU က ဒေါက်တာဘွဲ့ မာစတာ ဘွဲ့ ရခဲ့သူတွေ ပိုလီမှာ ဆရာပြန်လုပ်နေကြပါတယ်။ ITE လို ကျောင်းမျိုးမှာတောင်မှ မာစတာဘွဲ့ရ ဆရာတွေခန့်ထားတာဖြစ်တယ်။ မဟုတ်ရင်လည်း Industry တွေမှာ နှစ်ရှည်လများ လုပ်ငန်းအတွေ့အကြုံစုံခဲ့တဲ့ ဝါရင့်ဆရာတွေဖြစ်တယ်။ ဒီတော့ ကျောင်းသားတွေဟာ နိုင်ငံတကာ စံချိန်စံထားအတိုင်း ပညာကို လိုချင်ရင်လိုချင်သလောက် ဆရာတွေဆီက သဲ့ယူ ရယူနိုင်တယ်။

ယုတ်စွအဆုံး စင်္ကာပူ Private ကျောင်းတွေကိုတောင်မှ ကျွန်မ မနာလိုဖြစ်မိတယ်။ စင်္ကာပူမှာ GCE O Level A Level preparation အတွက် Private ကျောင်းတွေရှိကြတယ်။ တချို့ဆရာတွေဟာ PhD အဆင့်အတန်းဝင်တွေဖြစ်တယ်။ ဒီနိုင်ငံမှာ အထက်တန်းအဆင့်ကျောင်းသားတွေကို စာသင်ပေးတဲ့ ဆရာတွေတောင်မှ PhD တန်းဝင် ဆရာတွေ ဖြစ်နေတော့ ဒီလူငယ် မျိုးဆက်သစ်အတွက် ရှေ့ရေးကို ဗေဒင်ပြေးကြည့်နေစရာမလိုတော့ဘူး။ စင်္ကာပူဟာ ဒီတိုင်းဆက်သွားနေသမျှ မစ္စတာလီ စကားအတိုင်း ပြောရရင် စင်္ကာပူလိုဖြစ်ချင်လား နောက်ထပ် ၁၀နှစ် နှစ်၂၀ကြိုးစားလိုက်ပါဦးလို့ နိုင်ငံတကာကို ခပ်မာမာ လက်ပိုက်ပြီး ပြောနေနိုင်ဦးမှာပါပဲ။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ဗိုလ်ချုပ်ရာပြည့်မတိုင်ခင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ တော်တော်များများ ပြန်ဖတ်ဖြစ်တယ်။ ကျွန်မ အဓိက စိတ်ဝင်စားတာက တခြား အကြောင်းတွေထက် ဗိုလ်ချုပ်ငယ်စဉ် ဆယ်ကျော်သက်က အကြောင်းတွေပဲ။ ဘာလို့ဆို ဗိုလ်ချုပ်ဟာ ငယ်ရွယ်စဉ်ကတည်းက သူများနဲ့မတူ တွေးခေါ်နိုင်စွမ်းရှိတာ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်တာ ပညာကိုမက်မက်မောမောလိုချင်စိတ်ရှိတာ အင်တိုက်အားတိုက်ကြိုးစားချင်စိတ်ရှိတာ ဇွဲရှိတာ ရဲရင့်တာ သတ္တိရှိတာ ရိုးသားတာ ဒါတွေအားလုံးဖြစ်လာစေဖို့ ဘယ်လိုအကြောင်းတရားများက သူ့ကိုတွန်းပို့ခဲ့သလဲဆိုတာ သိချင်တယ်။ အဓိကအချက်တွေထဲမှာ ဘာကိုသွားတွေ့လဲဆိုတော့ သူ့အနီးအနားက အစဉ်တစိုက် ပညာရေးကို အားပေးပြီး သူ့ကို သွန်သင်ညွှန်ပြခဲ့တဲ့ သူ့မိဖ သူ့အစ်ကိုအရင်းတွေနဲ့ အမျိုးသားအထက်တန်းကျောင်းက တကယ့်ဒေါင်ဒေါင်မြည်တော်တဲ့ သူ့ဆရာသမားတွေဖြစ်နေတာတွေ့ရတယ်။

ဒီမှာ ကျွန်မ နားလည်မိလိုက်တာကတော့ အခြေခံပညာရေးဟာ လူငယ်တစ်ယောက် သူ့ဘဝလမ်းကြောင်းမှန်စေဖို့အတွက် အရေးကြီးဆုံး အခရာတစ်ခုဖြစ်တယ်ဆိုတာပဲ။ လူကောင်းတစ်ယောက်ဖြစ်ဖို့ လူတော်တစ်ယောက်ဖြစ်ဖို့ ပြီးတော့ အဲ့ဒီလူကောင်း လူတော်တွေစုပြီးနေမှ နိုင်ငံကောင်းတစ်ခု ဖြစ်လာနိုင်တာမို့ ပညာရေးကို အဓိက အရေးတကြီး ပံ့ပိုးသင့်တဲ့အရာလို့ မထင်သမျှ ကာလပတ်လုံး၊ လူငယ်တွေအတွက် အမျှော်အမြင်ကြီးစွာ စဉ်းစားမပေးသမျှ ကာလပတ်လုံး အဲ့ဒီနိုင်ငံမျိုးဟာ နောက်ထပ် ၁၀နှစ် နှစ်၂၀ နေလည်း ဒုံရင်းကနေ တက်လာနိုင်မှာ မဟုတ်ဘူး။

လက်ရှိတွေ့မြင်နေရတာတွေနဲ့ တွေးမိသမျှတွေကို နိဂုံးချုပ်ရရင်တော့ နောင်၁၀နှစ်ကို လှမ်းကြည့်ပြီး လူငယ်တွေရဲ့ပညာရေးကို ဘက်ပေါင်းစုံကနေ တတ်နိုင်သမျှ အားပေးကြပါ။ အစိုးရလူကြီးမင်းတို့ အနေနဲ့လည်း မိမိတို့ အတ္တ မာနကို ဘေးချိတ်လို့ လူငယ်တွေကို နားလည်ခွင့်လွှတ်ပြီး သူတို့ရှေ့ရေးကောင်းစားရင် ကိုယ့်နိုင်ငံကောင်းစားတာနဲ့ အတူတူမို့ လူငယ်တွေကို အခွင့်အရေးပေးကြပါ၊ သူတို့ဘဝတိုးတက်သည်ထက် တိုးတက်လာအောင် တတ်နိုင်သမျှ မြေတောင်မြှောက်ပေးကြပါ။

ပညာရေးသက်သက်အတွက် ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံရထားတဲ့ကလေးတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ တောင်းဆိုလိုက်ရပါတယ်။

စုချစ်သူ
၂၅ မတ် ၂၀၁၅

Tuesday, March 24, 2015

သမိုင်းတစ်ခုနှင့် နေထိုင်ခဲ့ခြင်း

++++
Tribute to Mr Lee Kuan Yew
++++

စင်္ကာပူရဲ့ဖခင်ကြီးဘဘလီ (မစ္စတာလီကွမ်ယူ) ကွယ်လွန်သွားပြီ ကြားရတော့ ကိုလိုနီခေတ် မြန်မာပြည်မှာ ရာဇဝတ်တရားသူကြီး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာမောရစ်ကောလစ်ကို အမှတ်ရမိလိုက်တယ်။

အမေလူထုဒေါ်အမာဘာသာပြန်တဲ့ မောရစ်ကောလစ်ရဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သောအမှုအခင်းများ Trials in Burma စာအုပ် ဖတ်ပြီး မောရစ်ကောလစ်ဆိုတာ ဘယ်လိုလူမျိုးလဲ၊ သူများတွေ ပြောနေကြသလို အင်္ဂလိပ်လူမျိုးတွေထဲမှာ သူဟာ မြန်မာပြည်သားတွေအပေါ် စိတ်စေတနာ မေတ္တာထားသူ တစ်ယောက်လား ဆိုတာ လေ့လာစူးစမ်းမိတယ်။
 

မြန်မာပြည်မှာ ဗြိတိသျှတွေ အုပ်စိုးတဲ့ခေတ်က အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ မြန်မာတိုင်းရင်းသားများယှဉ်လိုက်ရင် မြန်မာတိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေဟာ များသောအားဖြင့် တစ်ဖက်သတ်အနှိမ်ခံခဲ့ရမယ်ဆိုတာ ယုံမှားနေစရာ မရှိပါဘူး။ မြန်မာပြည်အကြောင်း မြန်မာရာဇဝင်အကြောင်း အင်္ဂလိပ်လူမျိုးတော်တော်များများရဲ့ ရေးသားပြောဆိုတာတွေကို လေ့လာကြည့်လိုက်ရင်လည်း
မြန်မာလူမျိုးတွေကို အထင်သေးတာတွေ၊ အမှန်ထက်အမှားကို သာသာထိုးထိုးရေးထားတာတွေ မြန်မာတို့ရဲ့ ဂုဏ်သရေထိခိုက်အောင် ဖတ်မိသမျှလူ ရွံရှာမုန်းတီးစေအောင် လုပ်ကြံထားကြတာမျိုးတွေ တွေ့ရပါတယ်။ 

အဲ့ဒီထဲမှာ ရာဇဝတ်တရားသူကြီးအနေနဲ့ မြန်မာပြည်မှာ အမှုထမ်းခဲ့တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်တဲ့ မစ္စတာကောလစ်ကတော့ သူများနဲ့မတူ တမူထူးပြီး မြန်မာ့အရေးနဲ့ မြန်မာလူမျိုးတွေအပေါ် သမာသမတ်ကျအောင် အတတ်နိုင်ဆုံး မျှမျှတတ ဆောင်ရွက်ခဲ့တယ်လို့ မြင်ပါတယ်။ အဲ့သလို ဆောင်ရွက်လို့ မစ္စတာကောလစ်ဟာ မြန်မာလူမျိုးတွေအပေါ် လူသားချင်းစာနာမှုနဲ့လုပ်ခဲ့တာလား ကြင်နာသနားလို့လား ကရုဏာထားလို့လား စိတ်စေတနာ မေတ္တာထားသူလား ဆိုတော့ အဲ့သလိုလည်း တထစ်ချ မသတ်မှတ်ချင်ပါဘူး။ 

မစ္စတာကောလစ်ဟာ ဗြိတိသျှရဲ့အကျိုးစီးပွားကို ကာကွယ်ပေးရတဲ့ စက်ယန္တရားကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ရပေမဲ့ တာဝန်ကျေတဲ့ နယ်ချဲ့သမားလို့ ဆိုရပါမယ်။ သူဟာ အင်္ဂလိပ်တရားဥပဒေရဲ့နာမည်ကောင်းကို မထိခိုက်ချင်သူ၊ သူတို့လူမျိုးကို ကမ္ဘာပေါ်မှာကြီးကျယ်မြင့်မြတ်တဲ့လူမျိုးလို့ ယူဆထားတဲ့သူပီပီ အင်္ဂလိပ်တွေဟာ တရားသဖြင့် အလုပ်ကိုသာ လုပ်တဲ့သူတွေလို့ ဂုဏ်ယူချင်သူ၊ မတရားမှုပြုရမှာအတွက် ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူ၊ ဒါတွေကြောင့်သာ ကိုယ့်လက်အောက်ကလူမျိုးပင်ဖြစ်စေ မှန်ကန်တဲ့ စိတ်စေတနာကို ရှေ့ရှုထားပြီး ကိုယ့်အကျိုးစီးပွားကိုဆောင်ရွက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ အလုပ်လုပ်ခဲ့တာလို့ ထင်ပါတယ်။

စင်္ကာပူမှာ နိုင်ငံခြားသားနေနဲ့ ကျောင်းတက် အလုပ်လုပ် နေထိုင်နေတဲ့ နှစ်၂၀နီးပါးအတွင်း ဘဘလီအုပ်ချုပ်တဲ့နိုင်ငံမှာ နေထိုင်ရခြင်းဟာ မောရစ်ကောလစ် နဲ့ ဆက်ဆံနေရသလိုလို့ ခံစားမိတယ်။ နိုင်ငံခြားသားအဖြစ်နဲ့ နေထိုင်ခြင်းဟာ နိုင်ငံခြားသား အခွင့်အရေးနဲ့ပါပဲ၊ သူ့နိုင်ငံသားအတိုင်း အခွင့်အရေးအပြည့် မခံစားရပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသားတွေကို မတရားသဖြင့် လုပ်လားဆို စင်္ကာပူဟာ အများအမြင်မှာ တတ်နိုင်သမျှတော့ ဘယ်သူ့ကိုမှ မတရား လုပ်လို့ မရပါဘူး။ သူတို့နိုင်ငံဟာ ဒီမိုကရေစီ စစ်စစ်နိုင်ငံ မဟုတ်ပေတဲ့ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာ့အလယ်မှာ ထယ်ဝါချင်သူများလို့ ထင်ပါတယ်။ ဒါကြောင့် ဆန်ပေးရင် ဆီရမယ်ဆိုတဲ့ ဘဘလီတို့ နိုင်ငံမှာ ကိုယ်လုပ်နိုင်ရင် လုပ်သလောက် ကိုယ်အရည်အချင်းရှိရင် ရှိသလို နိုင်ငံက ချမှတ်ထားတဲ့ မူအတိုင်း မှန်ကန်တဲ့အခွင့်အရေးကို ရရှိခဲ့ ရရှိဆဲဖြစ်ပါတယ်။

ဘဘလီဟာ နိုင်ငံခြားသားတွေကို အောက်ခြေအလုပ်သမားကစလို့ နယ်ပယ်ပေါင်းစုံက အတတ်ပညာရှင် အသိပညာရှင်တွေ အထိ သူ့နိုင်ငံမှာ လွတ်လပ်စွာ နေထိုင်ခွင့်ပေးရေးမူကို ချမှတ်ခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အိမ်နီးချင်းနိုင်ငံများက ဆင်းရဲတဲ့နိုင်ငံတွေမို့ တတ်နိုင်သလောက် ကူညီမယ်ဟဲ့ဆိုတဲ့ စေတနာ မေတ္တာနဲ့လို့တော့ ထင်စရာအကြောင်းမရှိပါဘူး။ တကယ်တော့ သူ့ နိုင်ငံ သူ့လူမျိုး အကျိုးစီးပွားအတွက်ကို အဓိက ရည်ရွယ်ခဲ့တာပါ။ 


ကိုယ့်နိုင်ငံက လူမျိုးတွေ မလုပ်ချင် မလုပ်နိုင်တဲ့ ခက်ခဲပင်ပန်းတဲ့ အန္တရယ်များတဲ့ အောက်ခြေ အလုပ်သမား အလုပ်တွေကို ပြင်ပနိုင်ငံက ဈေးပေါပေါနဲ့ တင်သွင်းပါတယ်။ ကိုယ့်နိုင်ငံမှာ မရှိသေးတဲ့ လိုအပ်နေတဲ့ အသိပညာ အတတ်ပညာတွေအတွက် ပြင်ပနိုင်ငံကပညာရှင်တွေကို ဈေးကြီးပေးပြီး နိုင်ငံအတွက် မြှပ်နှံပါတယ်။

 နိုင်ငံခြားကုန်ထုတ်လုပ်ငန်းတွေအတွက် မြေနေရာတွေကို ဈေးသက်သက်သာသာနဲ့ ငှားရမ်းခွင့်ပေးပြီး သုတေသန လုပ်ငန်းတွေအတွက်လည်း အစိုးရအနေနဲ့ တတ်နိုင်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ သုတေသန လုပ်တဲ့ ကုမ္ပဏီတွေကို တခြားထောက်ပံ့မှုတွေပေးတဲ့အပြင် ဝန်ထမ်းလစာတွေကို ကုမ္ပဏီကတစ်ဝက်ပဲ ပေးရပြီး စင်္ကာပူအစိုးရက တစ်ဝက် စိုက်ထုတ်ထောက်ပံ့ပေးတာမျိုးတွေလုပ်ပါတယ်။ ဒီလိုထောက်ပံ့မှုတွေနဲ့ ဆွဲဆောင်ပြီး သုတေသနလုပ်ငန်းတွေ စင်္ကာပူက လွယ်လွယ်နဲ့ထွက်ခွါမသွားအောင် ထိန်းနိုင်ခဲ့ပါတယ်။

ရေတို တွေးတဲ့သူတွေကတော့ ဒီကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှု ပံ့ပိုးမှုတွေကို ကိုယ့်နိုင်ငံက ပိုက်ဆံတွေ အလကား ရေစုန်မျှောပစ်နေတယ်လို့ ထင်မယ်။ နိုင်ငံခြားသားတွေကြောင့် နိုင်ငံဟာ လူတွေရောထွေးများပြားလာတယ်၊ ပြည်တွင်းကလူတွေ အလုပ်လက်မဲ့ဖြစ်ရတယ်လို့ မိုက်ရူးရဲစွာတွေးမယ်။
 
တကယ်ကတော့ နိုင်ငံခြားကလာတည်တဲ့ စက်ရုံအလုပ်ရုံတွေကြောင့် ပထမဆုံး ပြည်တွင်းကလူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာပါတယ်။ နိုင်ငံခြားကလာရောက်တည်ထောင်ထားတဲ့ သုတေသန အလုပ်ရုံတွေကို ထောက်ပံ့မှုတွေပေးပြီး အတိုင်းတိုင်းအပြည်ပြည်က အတတ်ပညာရှင်တွေ ဆွဲဆောင်ငှားရမ်းထားနိုင်မှုကြောင့် ပြည်တွင်းက လူငယ်မျိုးဆက်သစ်တွေအတွက် ဒီအတတ်ပညာရှင်တွေဆီက လေ့လာသင်ယူခွင့် အလွယ်တကူရရှိစေပါတယ်။ ကိုယ့်ထက်သိတဲ့ တတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ရင်း ပြည်တွင်းက မျိုးဆက်သစ်တွေဟာ အတတ်ပညာရှင် အသိပညာရှင်တွေ အဖြစ်ကို မလွှဲမသေ ရောက်ရှိလာတာပါပဲ။

ကျွန်မတို့လို နိုင်ငံခြားတိုင်းပြည်က သူတွေကို ကျောင်းတက်ခွင့်ပေးခဲ့လို့ အလုပ်ပေးခဲ့လို့ နေစရာတစ်ခုပေးလို့ ဘဘလီ ကို ကျေးဇူးရှင်ရယ်လို့ ကျွန်မ မဆိုချင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မတို့သာ အရည်အချင်းမမှီခဲ့ရင် သူတို့နိုင်ငံက ကျောင်းကိုတက်ဖို့ ဘယ်လိုမှဝင်ခွင့်ရမှာ မဟုတ်ပါဘူး၊ ကျွန်မတို့သာ အတတ်ပညာရှင်မဟုတ်ရင် ဒီနေ့ ဒီနိုင်ငံမှာ ဒီလိုအလုပ်နဲ့ ဒီလိုလခမျိုး မရနိုင်ပါဘူး။ ကျွန်မတို့သာ ကျွန်မတို့တတ်နိုင်သလောက် ဒီနိုင်ငံကို ပြန်အကျိုးကျေးဇူးမပြုနိုင်ဘူးဆိုရင် ယနေ့ထိ ဒီနိုင်ငံမှာ ဆက်နေခွင့်ပေးမယ် မထင်ပါဘူး။

ကျွန်မက ဘဘလီရဲ့ တခြားနိုင်ငံရေးပေါ်လစီတွေကို ဝေဖန် ဆန်းစစ်တာတွေ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ စိတ်ရော ကိုယ်ပါ ပင်ပန်းကြီးစွာ သူ တည်ထောင်ခဲ့တဲ့ နိုင်ငံမှာ သူကိုယ်တိုင်ရော သူ့မိသားစုရော သူ့နိုင်ငံသားတွေပါ ကောင်းစားရေးအတွက်၊ တနွယ်ငင်တစင်ပါပြီး ကျွန်မတို့လိုနိုင်ငံခြားသားတွေပါ အထိုက်အလျောက် အဆင်ပြေစေရေးအတွက် ခေါင်းမာစွာနဲ့ အမျှော်အမြင်ကြီးစွာနဲ့ နိုင်ငံကို စနစ်တကျ ဖော်ဆောင်ခဲ့သူ၊ သူ့ပြည်တွင်းက မျိုးဆက်သစ်တွေအတွက် သူ့နိုင်ငံအတွက် သမိုင်းတစ်ခုကို ဖန်တီးသွားသူအဖြစ် လှိုက်လှိုက်လှဲလှဲ ဦးညွှတ် ဂုဏ်ပြု လိုက်ရပါတယ်။
 
မစ္စတာလီကွမ်ယူ ဟာ စင်္ကာပူ ဖြစ်ပါတယ်။
စင်္ကာပူဟာ မစ္စတာလီကွမ်ယူဖြစ်ပါတယ်။ 

ကျွန်မရဲ့ဘဝသက်တမ်းမှာ သမိုင်းတစ်ခုနဲ့အတူ နေထိုင်တွေ့ဆုံခဲ့ရခြင်းအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
 
စုချစ်သူ
၂၃ မတ် ၂၀၁၅
 
 +++++

Tuesday, January 13, 2009

2009 English - Myanmar Calendar with Singapore Holidays

စင်ကာပူမှ ချစ်သူငယ်ချင်း မိတ်ဆွေများသို့....

တောင်းဆိုထားတဲ့ အတိုင်း စင်ကာပူ ပိတ်ရက်များပါဝင်တဲ့ ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန်ကို ရယူနိုင်ပါပြီရှင်...။ ဒီဇိုင်းကတော့ ပန်းပန်လျက်ပါ ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် ဒီဇိုင်းနဲ့ အတူတူပါပဲ။ စင်ကာပူမှ အသုံးပြုသူတွေ အတွက် အဆင်ပြေစေရန် စင်ကာပူနိုင်ငံရဲ့ အရေးကြီးတဲ့ ဖုန်းနံပါတ်များကိုပါ လိုအပ်လျင် ကြည့်နိုင်အောင်လို့ ပြက္ခဒိန် နောက်ကျောမှာ ထည့်သွင်းပေးထားပါတယ်။ ပုံပေါ်မှာ ကလစ်ခေါက်ပြီး PDF file ကို ဒေါင်းလုပ်ရယူနိုင်ပါတယ်နော်။

၃) ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် (စင်ကာပူသုံး) - ပန်းပန်လျက်ပါ (မြန်မာ့ရိုးရာ ကဗျာများ)


ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...။
မေတ္တာဖြင့်
စုချစ်

Saturday, October 25, 2008

စင်ကာပူမှာ .... ၃

Image from http://www.fotosearch.com/
အလုပ်သစ်တခု လျှောက်ပြီဆို လစာဘယ်လောက် လိုချင်လဲဆိုတဲ့... မျော်မှန်းလစာ (expected salary) ကို စလုံး ကုမ္ပဏီတော်တော်များများက တောင်းတတ်ကြပါတယ်။ ပြီးတော့ (current salary) လက်ရှိလစာကိုလည်း ရေးခိုင်းတတ်ကြပါတယ်။ အိတ်တော့ သူတို့က ဘယ်လောက်ပေးရမလဲ မှန်းလို့ရအောင်လို့ပေါ့။ လက်ရှိလစာရတာထက် သူတို့က အများကြီးခွာမပေးချင်တတ်ကြဘူး... အများဆုံး ပိုပေးချင် ၅၀၀ ပါ။ ဒါမှမဟုတ် ၂၀% အများဆုံးပါ။ စလုံး၁၀၀၀ ပိုရဘူးတဲ့ သူငယ်ချင်းတစ်ယောက်တော့တွေ့ဘူးတယ်။ သူက နောက်အလုပ်ထပ်လျှောက်တာ R&D မှာအလုပ်ရတော့ အရင် လစာထက် ၁၀၀၀ ပိုရဘူးပါတယ်။


မျှော်မှန်းလစာကို ဘယ်လိုတောင်းရမယ်မှန်းမသိရင် အကောင်းဆုံး အကြံမျှဝေပါ့မယ်။ ကိုယ်က အလုပ်ကလည်းလိုချင်... လစာ ပိုတောင်းလိုက်လို့ မခေါ်မှာလည်း စိုးတယ်ဆိုရင် Range နဲ့ တောင်းလိုက်ပါ။

ဥပမာ...
Expected salary - 2800 ~ 3500

နောက်... သူတို့ ကိုယ့်ကို ကြိုက်လို့ ခန့်ပြီဆို ဈေးညှိကြပေါ့။ နည်းပြီးတောင်းမိရင် အလုပ်ဝင်ပြီးမှ လခထပ်တက်ဖို့ဆိုတာ ပိုခက်လို့ပါ။ စကတဲက များများရထားတာ ပိုစိတ်ချရတာပေါ့နော့။ တောင်းမိတာ နည်းသွားလို့ တောင်းရင် ရရက်သားနဲ့ မတောင်းမိလိုက်လေခြင်းဆိုပြီး အလုပ်ဝင်ပြီးမှ စိတ်ညစ်နေတဲ့သူတွေ တွေ့ဘူးလို့လေ။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, October 7, 2008

အရိပ်

Image from http://www.fotosearch.com/

တရုတ်မလေးအကြောင်းပြီးတော့ အဆောင်က ပြင်သစ်မအကြောင်းလေး ဆက်လိုက်ဦးမယ်။ သူများ မကောင်းကြောင်းတွေလိုပဲ ဖြစ်နေလို့ ရေးရတာ အားတော့နာပါရဲ့။ ဒါပေမဲ့ ကိုယ်မြင်တာ သိတာကနေ သင်ခန်းစာလေးတွေ ယူနိုင်အောင်လို့ပေါ့နော်...။

အဲဒီ ပြင်သစ်မလေးက အသက် ၂၃- ၂၄ လောက် ...။ အရပ်ကရှည်သွယ်သွယ်၊ ကိုယ်လုံးကိုယ်ပေါက် ခပ်ဖြောင့်ဖြောင့်၊ ပုခုန်းလောက်ရှိတဲ့ ရွှေညိုရောင်အဆင်း ဆံလေးတွေ တခါခါနဲ့ ချစ်စရာ အပျိုဖြန်းလေးပုံစံနဲ့ပေါ့...။ မြစိမ်းရောင်လဲ့လဲ့ မွှေးညှင်းနုနုလေးတွေနဲ့ မျက်နှာလေးဖြူသေးသွယ်ပေါ်က မျက်ခုံးတန်းလေး ညိုလဲ့လဲ့၊ မျက်ဝန်းလေး စိမ်းပြာပြာ၊ နှာတန်လေး သေးချွန်ချွန်၊ နှုတ်ခမ်းနီလေး ပါးလျလျနဲ့ မြင်သူအပေါင်းလည်း ငေးမောမိရတဲ့ ဘိုမလေးပေါ့။ ကိုယ်ဟန်ကျော့ကျော့မော့မော့နဲ့ စကပ်တိုတိုလေးတွေဝတ်လေ့ဝတ်ထရှိတဲ့၊ စပေါ့ရှူး ခပ်လှလှလေးတွေစီးတတ်တဲ့သူ ကျောင်းသွားဖို့ (ဒါမှမဟုတ်) အပြင်သွားဖို့ အပေါ် ထပ်က ဆင်းလာပြီဆို ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတို့ လုပ်လက်စ အလုပ်တွေ ခဏထားပြီး သူမသိအောင် သူ့ကို မော်ဒယ်မလေးတစ်ယောက်ကိုငေးကြည့်သလို မျက်စိတဆုံးလိုက်ငေးဖို့ ၀န်မလေးကြဘူး။

ဒါပေမဲ့ ချစ်စရာကောင်းတယ်လို့ သတ်မှတ်ခဲ့သမျှ မထင်မှတ်ပဲ သိလိုက်ရတဲ့ သူရဲ့စိတ်နေစိတ်ထားကြောင့် ကိုယ့်အနေနဲ့ စိတ်မသက်မသာဖြစ်မိခဲ့တာ အမှန်ပဲ။ အခု... စင်ကာပူမှာ အောက်တိုဘာ ၁ရက်ကစပြီး ဘတ်စ်ကားခတွေ၊ ရထားခတွေ ဈေးတက်တယ်ကြားတော့ မဆီမဆိုင် သူ့ကို သတိရမိလိုက်တယ်။ သူကလေးသာ ဒီမှာ ရှိနေတုန်းဆို ခုလိုဈေးတက်နှုန်းနဲ့ ဘယ်လို Cheating များ လုပ်ဦးမလဲလို့လေ။

ဟိုးအရင်တုန်းက စင်ကာပူမှာ Ez Link ကဒ်ဆိုတာမျိုး မရှိသေးဘူး။ ရိုးရိုးဘတ်စ်ကားကဒ်ကို ကိုယ်သွားမဲ့ လမ်းခရီးပေါ် မူတည်ပြီး စက်ထဲထည့် ကိုယ့်ဖာသာရွေးဖြတ်ရတာ။ ဘယ်လောက်ဖြတ်ရမယ်မှန်းမသိရင် ကားဆရာကြီးကို ကိုယ်ဆင်းမဲ့ မှတ်တိုင်ပြောပြပြီး ကားခဖြတ်ရတယ်။ လျှော့ပြီး ဖြတ်ထားတာဆိုရင် လတ်မှတ်စစ်တက်လာတဲ့အခါ ကိုယ်လက်မှတ်ကိုယူသွားပြီး ခရီးစဉ် အစအဆုံးထိ ဖြတ်ပစ်လိုက်တော့ ပိုက်ဆံ ပိုကုန်တာပေါ့နော်။ အဲ...တခြားတော့ ဘာမှ မပြော... မလုပ်ပါဘူး။ ဒီတော့ တချို့သော သူများဟာ ဘယ်ပဲသွားသွား အနည်းဆုံးခလုတ်ကို နှိပ်ပြီး လွယ်လွယ် နဲ့ ကားခခိုးစီးလေ့ရှိကြတယ်။

အဲဒီမှာ ... ခုပြောမဲ့ ပြင်သစ်မမလေးက လက်မှတ်ဖိုးလျှော့ပေးပြီး အမြဲ ခိုးစီးသူပေါ့။ သူက NUS မှာ Exchange Student အနေနဲ့ ကျောင်းတက်နေတဲ့သူ။ ကိုယ်တို့အဆောင်ကနေ ကျောင်းကို ၁ဒေါ်လာကျော်ကျော် ပေးရတာကို သူက အနည်းဆုံးဖြစ်တဲ့ ပြား၆၀ပဲပေးပါတယ်။ ကိုယ်တို့က ပထမတော့သူမသိလို့ လုပ်တာလို့ ထင်တာပါ။ ကျောင်းအသွား တကားထဲ အတူတူ စီးမိစဉ် သူက ကိုယ့်ရှေ့က တက်ပြီး ပြား၆၀ပဲဖြတ်တော့ အော်..သူ..ကျောင်းကို သွားတာမဟုတ်... လမ်းတနေရာမှာ ဆင်းမယ်လို့ ထင်တာပေါ့။ ကျောင်းရောက်လို့ ကားပေါ်ကအဆင်း သူလေးက ကိုယ့်ရှေ့က ဆင်းတာ တွေ့လိုက်ရတော့မှ... အာ... ဒီကောင်မလေးတော့ ကားလတ်မှတ်ဖိုးမှားဖြတ်နေပြီလို့ လွယ်လွယ် တွေးလိုက်တာပေါ့နော်။

သဟာနဲ့... သူကကိုယ့်ရှေ့က ပြာယာပြာယာ ထွက်သွားတော့ ဒီအကြောင်းကို မပြောလိုက်၊ သတိမပေးလိုက်ရဘူး။ တနေ့ ကိုယ်အဆောင် ဧည့်ခန်းထဲမှာရှိတုန်း သူက အင်္ကျီလျှော်ဖို့ ဆင်းအလာ... မနေနိုင် မထိုင်နိုင်နဲ့ စကားစပ်မိအောင် အတင်းစပ်ပြီး အဆောင်ကနေ ကျောင်းကို ဘတ်စ်ကားခက ပြား၆၀မဟုတ်ဘူး...နော်..။ ၁ဒေါ် လာကျော်လို့ ရီကာမောကာ ပြောပြလိုက်တယ်။ ဒီတော့ သူက အေးအေးဆေးဆေး... မထူးဆန်းတဲ့ပုံနဲ့... သူသိသားပဲ... တမင်မပေးတာတဲ့လေ...။ ကျောင်းမှမဟုတ်ဘူး... သူ... ဘယ်သွားသွား ကားခကို အနည်းဆုံးပဲဖြတ်တယ်။ ဘာလို့ပို ဖြတ်ရမှာလဲ... လက်မှတ်စစ်လာရင်လဲ... ငါ...ခုမှ ပြင်သစ်ကရောက်တာ..မသိလို့ လုပ်မိတာလို့ ပြန်ပြောမှာပေါ့တဲ့...။ ငါတို့ လူမျိုးတွေကို ဒီကလူတွေက တော်တန်ရုံ မပြောရဲပါဘူးတဲ့လေ...။ ငါတို့က နိုင်ငံကြီးသားတွေတဲ့... တော်ရုံတန်ရုံလူ ရှိန်တယ်တဲ့လေ...။ သူကပြောရင်းဆိုရင်း ကိုယ့်ကိုလည်း ဂရုမစိုက်တဲ့ အိုင်တင်နဲ့ ဘတ်စ်ကားခ အပြည့်ပေးစီးရတဲ့သူ... သနားစရာ သတ္တ၀ါတွေပဲဆိုတဲ့အမြင်နဲ့ ဆတ်ကော့လတ်ကော့ အပေါ် ထပ်ကို တက်သွားတယ်။

သူ့အပြော ကြားလိုက်ရတဲ့ ကိုယ်တို့တွေကတော့ သူ့ကို တအံ့တသြ လိုက်ကြည့်မိကြရင်း အတော်ကို စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတွေယမ်းမိတယ်။ တနေ့မှာတော့ သူနဲ့ အိမ်ရှိလူအားလုံးပြဿနာ ဖြစ်ကြရတယ်။ သူ့ရဲ့ ရွှံ့တွေသဲတွေနဲ့ ပေပွပြီး ညစ်ပတ်ပေရေနေတဲ့ စပေါ့ရှူးကို အ၀တ်လျှော်စက်ထဲ ထည့်လျှော်တဲ့ ကိစ္စနဲ့ပါတ်သက်ပြီး မိုးလင်း ကျောင်းသွားတာတောင် မျက်နှာမသစ်တဲ့ ပြည်ကြီးတရုတ်မမ မညစ်ပတ်ကအစ ဒေါမကန်စဖူးဒေါတွေကန်နေကြတယ်။ သူက ဖိနပ်ပေပေရေရေကို အ၀တ်လျှော်ကန်ထဲ ဒီတိုင်းပစ်ထည့်သွားတာလေ။ ခလုတ်နှိပ်ဖို့ မေ့သွားတာပဲလား... တွေ့တဲ့သူ၊ မနေနိုင်တဲ့သူ လုပ်လိမ့်မယ်ဆိုပြီး ဒီတိုင်းတမင်ထားသွားတာပဲလားတော့ မသိဘူး။ နောက်က အ၀တ်လျှော်ချင်တဲ့သူ ကဘယ်လို လျှော်ရမယ်မှန်းမသိ။ ဒီလောက်ပေပွနေတဲ့ ဖိနပ်ကို အရင်ဆုံးရေ မဆေးပဲ ထည့်တာကိုက လွန်လှပြီ။ ပြီးတော့ ကိုယ်က စည်းကမ်းဒလကြမ်းပြည့်နေတဲ့ မိသားစုကလာတော့ အဆောင်ကလူတွေ အ၀တ်လျှော်စက်ထဲ ပေါက်ကရအကုန်ထည့်ပြီး လျှော်တာကအစ လုံးဝကြိုက်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ အများနဲ့ ၁ယောက် ..အများပိုင်ပစ္စည်း.. သူတို့လျှော်ချင်ရာလျှော်တာ ကိုယ်ဘာများပြောလို့ရမှာလဲ။ ကိုယ်ကတော့ အဲဒီအချိန်ကစပြီး ပြင်သစ်မမကို ကြည့်ချင်စိတ် ကုန်ခန်းသွားတော့တာပဲ။ ကိုယ့်စိတ်ထဲမှာ သူ့ကိုလှတယ်လို့ ခံစားလို့ မရတော့တာလည်း အမှန်ပဲ။

သူ့အကြောင်းနဲ့ပါတ်သက်ပြီး ဆက်စပ်တွေးမိတာက နိုင်ငံကြီးသားဆိုတာ ဘာလဲ... ဆိုတာပါပဲ။ ဘာသာရေးအရ ခိုးစီးတာဟာ မကောင်းတဲ့အလုပ်လို့ မသိတာကို အသာထားဦး...။ အဲဒီလို ကလိန်ကညစ် လုပ်တတ်တဲ့အကျင့်နဲ့၊ စည်းမဲ့ကမ်းမဲ့ စရိုက်တို့ ပေါင်းစပ်ထားတဲ့ ပုံစံနဲ့ ကိုယ့်ကိုယ်ကို နိုင်ငံကြီးသားလို့ ပြောရတာ ရှက်စရာကောင်းတယ်လို့ သူမထင်မိဘူးလား။ အခြားတိုင်းတပါးသားများက ကိုယ်၁ယောက်မကောင်းတာနဲ့ ကိုယ့်လူမျိုးအားလုံးကိုပါ အထင်သေးသွားစေနိုင်တယ်ဆိုတာ သူမသိလေရော့သလား။ ငါလေ... စင်ကာပူမှာ ကျောင်းသွားတက်တဲ့ တောက်လျောက် ဘတ်စ်ကားအမြဲခိုးစီးခဲ့တာလို့ ပြင်သစ်ရောက်ရင် ပြန်ကြွားချင်လို့ပဲလား။ ဒါမှမဟုတ်... ငါ့ရဲ့ ညစ်ပတ်ပေရေနေတဲ့ ဖိနပ်တွေ ကို ကိုယ်တိုင်တောင် ဆေးစရာမလိုဘူး..။ ဒီလိုပဲ ပစ်ထားလိုက်တာ.. တွေ့တဲ့သူက လုပ်ပေးသွားတာ လို့ ဂုဏ်ယူချင်နေလား...ဆိုတာ ကိုယ်ကတော့ မဝေခွဲနိုင်ပါ။ သေချာတာ တခုကတော့ နှစ်တွေကြာသွားတဲ့အခါ အဆောင်ကလူတွေ အားလုံးဟာ သူ့နံမည် ဘယ်သူဆိုတာကို မေ့သွားကြမှာဖြစ်သော်လည်း ... တို့လေ... အဆောင်မှာ နေခဲ့တုန်းက ပြင်သစ်မ ၁ယောက်ပေါ့... ဆိုပြီး - သူ့နိုင်ငံကို ကိုယ်စားပြုလို့ - သူကောင်းခဲ့တာ၊ မကောင်းခဲ့တာလေးတွေကို သတိရမိတဲ့ အခါတိုင်း၊ တိုက်ဆိုင်မှုရှိလာတဲ့အခါတိုင်း ပြောဖြစ်နေကြမှာတော့ အမှန်ပါပဲ။ ကိုယ့်ဘ၀မှာ ပထမဆုံး နီးနီးစပ်စပ် တွေ့ခဲ့ဘူးတဲ့ ပြင်သစ်မ လှလှလေးဟာ... ကိုယ့်အတွက် memory လှလှလေး မချန်ခဲ့တာကလည်း အသေအချာပါပဲလေ။

********************

တခြားတပါးသော တိုင်းပြည်ကိုရောက်နေသူများအတွက် ကိုယ်ဟာ ကိုယ့်လူမျိုးကို ကိုယ်စားပြုနေတဲ့သူ ဆိုတာ မေ့ပစ်လို့ မရပါဘူး။ ကိုယ်ကကောင်းတာလုပ်ခဲ့ရင် အဲဒီကောင်းတဲ့အရိပ်က ကိုယ့်တမျိုးသားလုံးကို ကိုယ်စားပြုကျန်နေခဲ့မှာ ဖြစ်ပြီး၊ ကိုယ်က မကောင်းတာလုပ်မိခဲ့ရင် အဲဒီအရိပ်မဲက ကိုယ့်ကိုယ်စား ကိုယ့်နောက်မှာ ကိုယ့်လူမျိုးနံမည်နဲ့ချီပြီး ကျန်နေခဲ့မယ်ဆိုတာ သတိချပ်သင့်ပါတယ်။

မည်သူမဆို ... ကောင်းသော အရိပ်များ ချန်ခဲ့နိုင်ကြပါစေသော်...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Monday, October 6, 2008

မီးသတိပြု

Image from http://www.fotosearch.com/

တနေ့ကမှ... ဂျူးရောင်းအိစ်မှာနေတဲ့ သှုငယ်ချင်း နဲ့တွေ့လို့ သူကပြောပြတာ...။ စက်တင်ဘာ ဒုတိယပတ်လောက်က သူ့အိမ်အောက်ထပ်တည့်တည့်အခန်းက ၀ါယာရှော့ ဖြစ်ပြီး မီးလောင်တာ ကံကောင်းလို့ တတိုက်လုံးမလောင်တယ်တဲ့။ အောက်ထပ်ကအိမ်က Renovation လုပ်နေတာ... အဲဒီနေ့မှာ Contractor တွေက Flat TV ကြီးနံရံမှာဆင်ပြီး မီးခလုတ်တွေ မပိတ်ပဲ ပြန်သွားကြတာ...။ ညကြတော့ ရှော့ဖြစ်ပြီး မီးလောင်ရော..။ သူတို့က ၃ထပ်ကဆိုတော့ ပြေးဆင်းကြတာ...။ ဟိုးအပေါ် ထက်ကလူတွေ တော့ ပြေးဆင်းလို့ကို မမှီကြတော့ဘူးတဲ့လေ။ မီးခိုးလုံးကြီးတွေ တက်သွားတာ တော်တော်များတယ်ဆိုပဲ။ သူတို့တွေ အောက်ထပ်ကနေ ကြည့်နေပြီး သူတို့ အိမ်တော့ ပါသွားပြီထင်တာတဲ့။

နောက်မီးအေးမှ ပြန်တက်ကြတော့ သူ့အထပ်က မီးခိုးလုံးရိုက်ပြီး တအိမ်လုံးမဲသဲသွားတာပေါ့။ ကြမ်းခင်းတွေဆိုလဲ ပျက်စီးသွားတယ်တဲ့။ HDB Insurance က အပြင်နံရံတွေဆေးပြန်သုတ်ပေးတာနဲ့ တံခါးဘောင်တွေ ပျက်စီးတာပဲ လုပ်ပေးတယ်တဲ့။ အခန်းထဲ ပျက်စီးတာ ဘာမှ လုပ်မပေးဘူးတဲ့....။

မောင်နှမတွေ...သတိထားနိုင်အောင်လို့ ပြောတာ။ အပြင်ထွက်ပြီးဆို... သတိရှိရှိနဲ့ မီးခလုတ်တွေ အားလုံးပိတ်ခဲ့ကြဖို့ မမေ့ကြပါနဲ့။ ဂတ်စ်မီးဖိုတွေ ဘာတွေလည်း ခလုတ်ကိုမေ့ပြီး မပိတ်မိလို့ ဆိုပြီး ဂတ်စ်တွေ ထွက်နေတတ်တယ်။ အားလုံး..သတိရှိရှိထားကြလို့ နှိုးဆော်လျက်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Friday, October 3, 2008

Unfaithful!

Image from http://www.fotosearch.com/

ဘာရယ်ဟုတ်ဘူး....တောင်ရောက်မြောက်ရောက်တွေးရင်း နဲ့ စလုံးရောက်ကာစ အဆောင်မှာ နေတုန်းက တရုတ်မ၁ယောက်ကို သတိရသွားလို့....။

ကိုယ်စလုံးကို ရောက်ကာစ... နေခဲ့ရတဲ့ အဆောင်က လုံးချင်းအိမ်လေးတွေ၊ အောက်ထပ်မှာ ၁ယောက်ခန်း ၁ခန်း နဲ့ ၂ယောက်ခန်း ၁ခန်း၊ မီးဖိုဆောင်၊ ဧည့်ခန်း။ အပေါ် ထပ်မှာက ၂ယောက်ခန်း ၃ခန်း။ အဲဒီ အပေါ် ထပ်မှာ ပြည်ကြီး တရုတ်မ ၄ယောက်၊ ပြင်သစ်မ ၁ယောက် နဲ့ မလေးတရုတ်မ ၁ယောက်နေကြတယ်။ အောက်ထပ်မှာက ကိုယ်တို့ မြန်မာ ၃ယောက်နေကြတယ်။

ပြောချင်တာ အဲဒီအပေါ် ထပ်က လူတွေ အကြောင်း။ အဲဒီထဲမှာ ပြည်ကြီးမ ၄ယောက်က ကိုယ်စီ ဇာတ်လမ်းမျိုးစုံနဲ့...။ ဗမာပြည်ကလာတဲ့ ကွန်ဇာဗေးတစ် ရိုးရိုးစင်းစင်း မိသားစုက ကြီးပြင်းလာရတဲ့ ကိုယ်ကတော့ ရောက်ကာစက သူတို့နေပုံထိုင်ပုံကို ကြည့်ပြီး အဘား...အဘား နဲ့ အော်နေရ... မီးမီး ရှက်ရှက်လို့ လက်ကာထားရ... ဖြစ်နေတာပေါ့။ သူတို့ထဲက၁ယောက်ရဲ့ အကြောင်းလေးပြောချင်လာလို့...။

သူက NUS က ဓာတုအင်ဂျင်နီယာရင်းမှာ မာစတာလုပ်နေတဲ့ ကောင်မလေး။ သူ့ရည်းစားကောင်လေးက အဆောင်ကို အမြဲအလည်လာလေ့ရှိတယ်။ စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆိုရင် ကောင်လေးက နံနက် ၁၀နာရီ ကိုယ်တို့ မီးဖိုထဲမှာ ချက်ချိန်ပြုတ်ချိတ်လောက်ဆို ရောက်လာပါပြီ။ သူက အဆောင်ထဲကို မ၀င်ခင် တံခါးဝကနေ မ၀ံ့မရဲ့၊ မတိုးမကျယ် အသံ နဲ့ ဟယ်လို...လို့ အမြဲ ခေါ်လေ့ရှိတယ်။ အပေါ် ထပ်က သူ့ကောင်မလေးကတော့ ဘယ်ကြားပါ့မလဲ...။ ကိုယ်တို့ ကြားတဲ့သူ... ကြုံတဲ့သူတွေက သူ့ကို လက်ကလေး ခဏကာပြ... ပြီးတော့ လှေကားရင်းကနေ သူ့ကောင်မလေး နံမည်ကို အော်ခေါ်ပေး။ အိတ်တော့မှ... ပြုံးပြုံး... ပြုံးပြုံးနဲ့ ကောင်မလေးကဆင်းလာ။ သူ့ကောင်လေး လက်ကို ဆွဲပြီး အပေါ် ထပ်ကို ခေါ် သွားပေါ့။ မရွှေစာကသာ ဘယ်သူ့မှ အရေးမလုပ်တာ။ ကိုယ်တော်ချောကတော့ ရှက်ကိုးရှက်ကန်းဟန်နဲ့ ကိုယ်တို့ကို မလုံမလဲကြည့်... စိုင်းကျူး...လို့ တရုတ်သံဝဲ၀ဲနဲ့ပြောပြီး အပေါ် ထပ်ကို ပါသွား။ အဲဒါ ဖြစ်ရိုးဖြစ်စဉ် မြင်နေရတာ ကြာလာတဲ့အခါ ကိုယ်တို့အတွက် ထူးတောင်မထူးဆန်းတော့ဘူး။ ဒီတရုတ်လေးက အရပ်ကရှည်ရှည်မားမား၊ ရိုးသားမှုရှိတဲ့ မျက်လုံးတစုံနဲ့ ရှက်ကိုးရှက်ကန်း ဟန်တွေ ရှိလို့ ကိုယ်တို့ မြန်မာ၃ယောက်လုံး သူ့ကိုတော့ ဘာရယ်မဟုတ် ခင်နေမိကြတယ်။

အဲ... တနေ့ညခင်း ၁၀နာရီကျော်လောက် ဧည့်ခန်းထဲမှာ ကိုယ်စာထိုင်ဖတ်နေတုန်း မရွှေချော ပြန်လာတာတွေ့ရတယ်။ သူ့နောက်က သူတို့ လူမျိုး အသက်ခပ်ကြီးကြီး လူကြီး၁ယောက်နဲ့...။ ဒီလူကြီးက ကိုယ့်ကို ဟယ်လို ဆိုပြီး ပြုံးပြနှုတ်ဆက်တာကို လုပ်ရိုးလုပ်စဉ်အတိုင်း ခေါင်းငြိမ့်ပြီး ဟန်ဆောင်ပြုံးလေးတောင် ကိုယ်ပြန်မပြုံးပြနိုင်လိုက်မိဘူးထင်တယ်။ မရွှေချောကတော့ ကိုယ့်ကို စာဖတ်နေတာလား လို့ တချက် နှုတ်ဆက်ပြီးသကာလ ကိုယ့်ရှေ့ Fridge ထဲက အအေးဗူးတဗူးကို ထုတ်ယူလို့ ဘာမှ မဖြစ်သလို လူကြီးလက်ကိုဆွဲလို့ အပေါ် ထပ်ကို တက်သွားတယ်။ ဒီလူကြီးက လည်း ပိုင်စိုးပိုင်နင်း ခပ်တင်းတင်းနဲ့ ကိုယ့်ရှေ့ကဖြတ်လျှောက်လို့ အပေါ် ထပ်ကို လိုက်ပါသွားတယ်။ တကယ်ဆို အဆောင်မှာ ညအိပ်ညနေ လူလက်ခံခွင့်မရှိတာ သူတို့ မသိလေရော့သလား။ ကိုယ့်မှာသာ လက်ထဲက စာအုပ်ကိုဆက်မဖတ်နိုင်တော့ပဲ သူတို့ တက်သွားတဲ့ လှေခါးရှိရာကို... စိတ်တိုတောင်းစွာ လိုက်ကြည့်နေမိတယ်...။ ဒါ...ဘာသဘောလဲ....။ ဘာလုပ်တာလဲ...။ အခန်းထဲက ကိုယ့်သူငယ်ချင်းကို ခေါ်ပြီး ပြောလိုက်သေးတယ်...။ ဟိုဖက်အခန်းက နောက်သူငယ်ချင်းကလည်းထွက်လာပြီး ကိုယ်တို့ ၃ယောက် ပွစိပွစိ စကားတင်းဆိုကြလေတာပေါ့။ အိမ်ကို လူလိုက်လာလို့ စိတ်တိုတာထက် ... ကိုယ်တို့ ဘော်ဒါ တရုတ်လေးမျက်နှာကို မြင်ယောင်နေကြပြီး စိတ်တိုကြရတာကပိုတယ်။ ပြီးတော့ ကိုယ်တို့ အံ့တာက တခန်းထဲမှာ တခြားမိန်းကလေး ၁ယောက်နဲ့ အတူနေရတာ။ သူတို့ဘဲကို အခန်းခေါ် သွင်းတာကတော့ အံ့ရော...အံ့ရော..ဆိုတာပါပဲ။ သူ့အခန်းဖေါ်တရုတ်မက ဘာ ကွန်ပလိမ်းမှ မလုပ်တာလဲ... အံ့ရော...အံ့ရော...ပဲ။

ဒါနဲ့ပဲ... အဲဒီနေ့ကစလို့ ကိုယ်တို့ရဲ့ တရုတ်လေးဟာ.. ပျောက်ချင်းမလှ ပျောက်သွားပြီး အဆောင်ကို ဒီလူကြီးက အမြဲရောက်ရောက်လာတယ်။ သူက NUS ကပဲ အီးအီးမှာ PhD လုပ်နေတယ်ဆိုပဲ။ ကိုယ်တို့ကတော့ ဒီလူကြီးမျက်နှာကို ကြည့်ရတာ တရုတ်ကားတွေထဲက ဗီလိန်မျက်နှာနဲ့တူလို့။ မျက်နှာကအမြဲ အဆီပြန်ပြန်... အရပ်က ပုကွကွ.. အသက်ကလည်း ကြီးကြီး...။ ဒီ တရုတ်မ ဘာမြင်ပြီး သဘောကျရသလဲဆိုတာ နည်းနည်းမှ စဉ်းစားလို့ မရဘူး။ တခုပဲ ရှိတယ်.... ဒီလူကြီးရောက်လာမှ ကိုယ်တို့မှာမီးဖိုဆောင်ကို သူမချက်ခင် ရအောင်ဦးရတယ်။ ဒီလူကြီးက အချက်အပြုတ်ကတော့ နံပါတ်၁ ပဲ။ ခါတိုင်းဆို တရုတ်မတွေ ချက်လို့ ကိုယ်တို့ကို လာကျွေးရင် နည်းနည်း ၀င်မြည်းပေမဲ့ ဒီလူကြီး ချက်တာတွေတော့ သွားရည်ကျစရာ ကောင်းလောက်အောင် မွှေးကြိုင်နေသော်လည်းပဲ အမြင်ကပ်နေတဲ့ ပုဒ်မကြောင့် ဘယ်တော့မှ မစားဘူး။ သူတို့က စနေ၊ တနင်္ဂနွေဆိုရင် ၂ယောက်သား မီးဖိုဆောင်မှာ ချက်ကြ၊ ပြုတ်ကြ။ အဲ... စားပြီးသောက်ပြီးပြီ ဆိုရင်တော့ ၂ယောက်သား ရွှေလက်တွဲပြီး အပေါ် ထပ်က စံနန်းဆီကို မြန်းကြပေါ့။ ဒါကို ကြည့်ပြီး ကိုယ်တို့က မေးငေါ့... ကျန်ခဲ့ကြ...။

တနေ့သော နေ့လည်ခင်း မီးဖိုဆောင်ထဲမှာ ကိုယ်၁ယောက်ထဲ သန့်ရှင်းရေးလုပ်နေတုန်း ရုတ်တရက် ဟယ်လို ဆိုတဲ့ ကြားဘူးနေကြ အသံသဲ့သဲ့ လေးပေါ်လာလို့... တံခါးဝ ထွက်ကြည့်တော့.... မြတ်စွာဘုရား..ကယ်တော်မူပါလို့ အော်လိုက်မိမတတ် အတော်ကြာအောင် ပျောက်နေတဲ့ ကိုယ်တို့ မင်းသားတရုတ်လေးကို ထုံးစံအတိုင်း ရှက်ကိုးရှက်ကန်း အပြုံးတစုံနဲ့ မားမားကြီး တွေ့လိုက်ရတယ်။ သူက ထုံးစံအတိုင်း သူ့ကောင်မလေးရှိလားလို့ ကိုယ့်ကို မေးနေတယ်။ ကိုယ်ဘာပြန်ပြောရမယ်မှန်းမသိဘူး...။ မရွှေစာက အပေါ် မှာ ဟိုလူကြီးနဲ့...။ ကိုယ်က ထိတ်လန့်တကြား ပြာယာတွေခတ်ပြီး... ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိ... ဘာပြောရမယ်မှန်းမသိ...။ သူ့ကို ခဏလို့ လက်ကာပြပြီး ယောင်တောင်တောင်နဲ့ အခန်းထဲက ကိုယ့်သူငယ်ချင်း၂ယောက်ကို ... ဟဲ့...ဟဲ့... လုပ်ကြပါဦး... ဟို ကောင်လေးလာနေတယ်...။ ဟိုကောင်လေးလာနေတယ်လို့ ခပ်အုတ်အုတ်အော်ပြောမိတယ်။

ကိုယ့်သူငယ်ချင်း၂ယောက်ကလည်း အခန်းထဲက ချက်ချင်းဆိုသလို ထွက်လာကြပြီး ... ဟဲ့ မိစု...ခေါ်မပေးနဲ့... အပေါ်တက်သွားလို့ ပြောလိုက်..ပြောလိုက်...အပေါ် ကို သူ့ဖာသာတက်သွားပစေ... လို့ဆိုပြီး... တရုတ်မကို အမြင်ကတ်နေသူများပီပီ ၀ိုင်းပြောကြတယ်။ တရုတ်လေးက ကိုယ်တို့ပြောနေတဲ့ အသံတွေကို ကြားနေရတယ်။ ဘာတွေပြောနေကြမှန်းတော့ သူမသိပေဘူးပေါ့...။ ကိုယ်ကတော့ တရုတ်လေးကို မမြင်သင့်တာ မမြင်ရအောင်...ဘာပဲဖြစ်ဖြစ်လေ... အနည်းဆုံး မမြင်ရတော့ စိတ်သက်သာတာပေါ့လို့ တွေးမိပြီး... ကိုယ့်သူငယ်ချင်းတွေ တားတဲ့ ကြားက တရုတ်မလေးနံမည်ကို အာပြဲကြီးနဲ့ အော်ခေါ်... ဧည့်သည် ရောက်နေတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့ကို ဟန်ဆောင်ပြုံး... ပြုံးပြရင်း... မတော်... သူအပေါ်တက်သွားမှာစိုးလို့... စကားမရှိစကားရှာ... မတွေ့တာကြာပြီနော်လို့ ပြောတော့...သူက ...သူ.. တရုတ်ပြည်ကို ပြန်နေတာ လို့ ပြောတယ်။ မနေ့ကမှ ပြန်ရောက်သတဲ့...။ အဲဒီအချိန်မှာ မရွှေစာက လှေကားကနေ တဒိုင်းဒိုင်းနဲ့ ပြေးဆင်းလာပြီး တရုတ်လေးတွေ့တော့ အနည်းငယ် မှင်သက်တဲ့ ပုံနဲ့ လှမ်းကြည့်တယ်။ ပြီးတော့...သူတို့ ၂ယောက် တံခါးဝမှာပဲ ရပ်ပြီး ဘာတွေ ပြောကြလဲ မသိဘူး။ ပုံစံကတော့ ကိုယ်တို့ တရုတ်လေး ရင်ဝကို ခြေနဲ့ ဆောင့်ကန်တဲ့ စကားမျိုးတွေ ဖြစ်မှာပေါ့။ အတန်ကြာတော့ မီးဖိုဆောင်ပြူတင်းကနေ လှမ်းအကြည့် နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ ခေါင်းငိုက်စိုက်ချပြီး လှည့်ပြန်သွားတဲ့ ကိုယ်တို့ တရုတ်လေး နောက်ကျောကိုပဲ နောက်ဆုံးအနေနဲ့ လှမ်းမြင်လိုက်ရတော့တယ်။ အဲဒီအချိန်မှာတော့ ခုနကတဲက လှေခါးမှာ ချောင်းနားထောင်နေတဲ့ ကိုပုကွနဲ့ မရွှေစာတို့ကတော့ Fridge ထဲက အအေးဗူးတွေယူပြီး အပေါ် ထပ်ကို ဟီးဟီး ဟားဟားနဲ့ ပြန်တက်သွားလေရဲ့....။

အော်...မေ့လို့...ပြောစရာ တခုကျန်သွားတယ်...။ အဲဒီ...ကိုပုကွက တရုတ်ပြည်မှာ... မိန်းမနဲ့ ကလေးတွေ ရှိသတဲ့...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Friday, September 5, 2008

Myanmar students in AIT, NUS and NTU

Image from http://www.fotosearch.com/

ခုနောက်ပိုင်း ထိုင်းက AIT (Asia Institute of Technology) မှာ မြန်မာကကျောင်းသားတွေ ဘာဖြစ်လို့ ကျောင်းသိပ်မလျှောက်ဖြစ်ကြတော့ဘူး ဆိုတာကို ဆွေးနွေးထားတာပါ။

AITမှာ မျိုးဆက်ပြတ်တယ်ဆိုတာ ဖြစ်နိုင်တာက တော်တော်များများက ၂၀၀၀နောက်ပိုင်းက စပြီး AIT ကိုမသွားတော့ပဲ NUS, NTU ကိုပဲလာကြတော့တယ်လို့ထင်ပါတယ်နော်။ ကိုယ်တို့လည်း ၉၅ ကျောင်းပြီးခါစ AITကို လျှောက်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ AIT Scholarship ကလည်း တကယ့် လက်ရွေးစင်လောက်ပဲခေါ်တာ။ ၉၅-၁ EC ကိုယ်တို့ဘက်ခ်ျက AIT Scholarship ကိုရခဲ့တာဆိုရင် ကိုလှိုင်မင်း (Rool.1) နောက်တယောက်က ညိုနု(Rool.2) သူတို့ပဲရခဲ့ကြတယ်။ ကိုယ်တို့ Rool.1 to 10 အတွင်းက ဆရာကြီးဦးဆန်းတင့် တိုက်တွန်းလို့ ဆရာကြီးရဲ့ ထောက်ခံချက်နဲ့ တော်တော်များများ မေဂျာတွေ မတူအောင် ခွဲပြီး ၀ိုင်းလျှောက်ကြပါတယ်။ EC ကတချို့ သူငယ်ချင်းတွေက လျှောက်ကြတာ သူတို့၂ယောက်လျှောက်တာနဲ့ မေဂျာခြင်းမတူတာတောင် အဲဒီနှစ်က မရခဲ့ကြဘူး။ ကိုယ်ဆိုရင်တော့ ပိုဆိုးပေါ့။ ဘယ်ရပါ့မလဲ... ကိုလှိုင်မင်းလျှောက်တဲ့ မေဂျာကို သွားလျှောက်တာကိုး။ နောက်နှစ်ဆက်ပြီး လျှောက်ရင်တော့ ရချင်ရမှာပေါ့နော်။ အဲ... Partial Scholarship တော့ ရဖို့လွယ်တယ်။ ဒါပေမဲ့ အဲဒီ AIT Partial Scholarship ဆိုတာကလည်း ကိုယ့်ပိုက်ဆံတော်တော် စိုက်ရသေးတာ။ ဈေးကြီးတယ် ဆိုပါစို့။ ဒီတော့ Partialူ ပဲရတဲ့ သူတွေတော်တော်များများက မတက်ဖြစ်ကြတော့ဘူးပေါ့နော်။

၉၆-၉၇ လောက်ကတော့ AITက အရမ်းစည်ပြီး အရမ်းစည်းလုံးကြတယ်။ ရောက်နှင့်တဲ့သူတွေက အသစ်ရောက်လာတဲ့ သူတွေကို အရမ်းလည်း အကူအညီပေးကြတယ်။ ကိုယ်တို့က တခါပဲ လျှောက်ပြီး ဆက်မလျှောက်တော့ ဗုဒ္ဓဘာသာအသင်းမှာ လုပ်ခဲ့တုန်းက ခင်တဲ့ ဆရာဦးစိုးမြင့်က AITမှာပဲဆိုတော့ ဆရာကနောက်နှစ်တွေအတွက်ကို ကိုယ်တောင်မသိပဲ သူ့ဖာသာ ရေးပြီး နောက်နှစ်အတွက်လည်းဆက်ပြီး consider လုပ်ပါဆိုတဲ့စာလေးရေးတင်ပေးထားတယ်။

ပြီးတော့ အဲဒီမှာ မြန်မာခရစ်ယာန်အသင်းတွေလည်းရှိတယ်။ ကိုယ့်ဆီဆို ခရစ်ယာန်အသင်းက စာတွေလာဘူးတယ်။ Partial ပဲရလို့ မတက်နိုင်ရင် သူတို့ ကူညီပါမယ်ဆိုတဲ့ အကြောင်းပေါ့။ အသိအစ်ကိုကြီးတွေ AITမှာရှိတုန်းကတော့ သူတို့က မြန်မာပြည်က အသစ်တွေ ကျောင်းရပြီဆိုတာနဲ့ အဲဒီလူတွေဆီစာရေးပြီး အကြောင်းကြားကြတာလေ။ ပြီးရင် လေဆိပ်မှာ ကြိုမဲ့သူမရှိဘူးဆိုရင်သွားတောင်ကြိုပေးကြတာ။ ၀င်လာပြီဆိုတာနဲ့ အားလုံးလိုအပ်သမျှ လိုက်လုပ်ပေးကြသတဲ့။ Full Scholarship ရပြီးမတက်ဖြစ်တဲ့သူဆိုရင် သူတို့က သေချာအောင် အဲဒီလူဆီလှမ်း Confirm လုပ်၊ ပြီးရင်နောက်တစ်ယောက်အတွက်ကို အစားထိုးပေးဖို့ ဌာနမှာ ကူညီသွားပြောပေးကြသေးတယ်လေ။ အဲဒီတော့ နေရာလည်း မပုတ်တော့ပဲ နောက်မြန်မာတစ်ယောက်က မတက်ဖြစ်တဲ့ သူနေရာမှာ အစားရသွားတော့တာပေါ့နော်။

၉၇ နှစ်စလောက်မှာထင်တယ်။ အသိအစ်ကိုကြီးတွေဆီက ဆရာကြီးဦးဆန်းတင့်ဆီကို စာတွေလာတယ်။ NUS အကြောင်းပေါ့။ အဲဒီခေတ်က Internt ကမြန်မာပြည်မှာမရသေးတော့ NUS အကြောင်းကို ကိုယ်တို့တွေက ဃဃဏဏ ဘယ်သိပါ့မလဲ။ ဆရာကြီးက အိတ်စာကို ပေးပြမှ သိတယ်ပေါ့နော်။ သူတို့ဆရာကြီးဆီပို့တဲ့ စာထဲမှာ... NUS မှာ Scholarship မပါပဲ ကျောင်းတက်ရင် ဘယ်လောက်ပဲ ကုန်မယ်၊ ၈၀% ဘဏ်က ချေးလို့ရတယ်ဆိုတဲ့ သတင်းတွေ ပို့ပေးကြတယ်။ အဲဒီအချိန် NUS က မြန်မာကျောင်းသားရှိတော့ရှိတယ်။ ဒါပေမဲ့ မြန်မာပြည်က တိုက်ရိုက်လာတက်မဲ့သူကို သိပ်မပေးချင်ဘူး။ များသောအားဖြင့် အဲဒီအချိန်တက်နေသူတွေက စလုံးမှာ အလုပ်လုပ်နေတဲ့သူတွေ။ သူတို့ထင်တာက မြန်မာတွေ အင်္ဂလိပ်စာညံ့တယ်။ တိုက်ရိုက်လာတဲ့သူကို ပေးလို့ မဖြစ်ဘူးပေါ့နော်။

ကုန်ကျမဲ့ငွေကို တွက်ကြည့်လိုက်တော့ AIT Partial Scholarship နဲ့ NUS ( without Scholarship ) မှာ NUS ကပိုသက်သာနေတယ်လေ။ ကိုယ်တို့ NUS မှာ ကျောင်းစလျှောက်ဖို့ ပြင်ကြတော့ မြန်မာနိုင်ငံက Asean နိုင်ငံ (ဖြစ်တော့ဖြစ်ခါနီး) မဟုတ်သေးတဲ့ အတွက် Asean Scholarship ကတော့ သေချာမသိခဲ့သေးဘူးပေါ့နော်။ Research Scholarship ရှိတာသိခဲ့တယ်။ ဒါပေမဲ့ သူက အဲဒီတုန်းက ရဖို့ခက်တယ်။ ကိုယ်ကတော့ သူငယ်ချင်းတစ်ယောက်က NUS မှာ တက်နေပြီဆိုတော့ သူ့အကူအညီနဲ့ ကျောင်းကို လျှောက်ဖြစ်ခဲ့ပါတယ်။

ကိုယ်တို့ NUS ရောက်ပြီး နောက်နှစ်.... ၉၈ နောက်ပိုင်းမှာ လူသိပိုများလာတယ်လေ။ ကိုယ်တို့ဆို အသစ်တွေကို ၁နှစ်...၁နှစ်လျှောက်ပေးခဲ့ရတာ... မနည်းခဲ့ဘူး။ မြန်မာပြည်ပြန်မဲ့ လူကြုံရှာ လျှောက်လွှာတွေ ပို့ပေးရတယ်။ ဖြည့်ပြီးသားပြန်ပို့လိုက်တဲ့ ဟာတွေကို အားလုံးပြန်စစ်ပြီး တင်ပေးရတယ်။ လျှောက်လွှာတွေတထပ်ကြီးနဲ့ဆိုတော့ လျှောက်လွှာကြေးသွင်းတဲ့ဌာနက စာရေးမက ကိုယ့်ကို ပွဲစားလို့ အထင်ခံရတဲ့အထိပဲ။ သူတို့မျက်စိမနောက်အောင် လူခွဲ.. ရက်ခွဲပြီး လျှောက်လွှာကို တင်ရတယ်။ Bank Statement ပိုက်ဆံ ၁၂၀၀၀ မပြနိုင်တဲ့ သူတွေအတွက် သူငယ်ချင်း၁ယောက်ရဲ့ Bank Account ထဲ စလုံး ၁၂၀၀၀ပြည့်အောင် အားလုံးစုထည့်ပြီး အဲဒါနဲ့ Bank Statement မပါတဲ့သူတွေအတွက်လုပ်ပေးရတယ်။

ကိုယ်တို့ လုပ်ခဲ့တဲ့ ကျောင်းစာတွေဆို လက်ဆင့်ကမ်းပြီး ပေးလိုက်တာ ခုဆို ဘယ်သူ့လက်ထဲ ရောက်သွားပြီလည်းတောင် မဆိုနိုင်တော့ဘူး။ ခုလောက်ရှိ date out လို့သုံးလို့ရမယ်ထင်တော့ဘူး။ ကိုယ်တက်တဲ့ အချိန်တုန်းကတော့ နားမလည်တဲ့စာတွေကို အကိုကြီးတွေက အားလုံးဝိုင်းရှင်းပြကြတာပဲလေ။ ဒီလိုပဲ... ကိုယ် ကျောင်းပြီးသွားတော့လည်း စာလာမေးတဲ့ နီးစပ်ရာသူတွေကို သင်ပေးခဲ့ဘူးပါတယ်။ ကူညီရမှာစိုးလို့ ရှောင်ပြေးတဲ့သူတွေကို တွေ့ခဲ့ရသလို မြန်မာတွေထဲမှာ စည်းစည်းလုံးလုံးနဲ့ ၀ိုင်းဝန်း ကူညီခဲ့တာတွေလည်း ရှိပါတယ်။ အဆိုးတွေရှိခဲ့သလို အကောင်းတွေလည်း အများကြီးရယ်ပေါ့နော်။ အဲဒီတုန်းကတော့ မြန်မာတွေကို အားကျလို့ တရုတ်တွေ ကုလားတွေက ပြန်ငေးခဲ့ရတယ်။ ကိုယ့်အဖွဲ့ကို လာပြီးကပ်ပေါင်းကြတယ်။ စာရအောင်လို့လေ။

ပြီးတော့ စလုံးမှာက ကျောင်းတက်ရင်းတဖက် Part time အလုပ်လည်း လုပ်လို့ရတာဆိုတော့ တော်တော်များများက NUS ပဲလျှောက်ပြီး AIT မသွားကြတော့တာလို့ ထင်တာပေါ့နော်။ နောက်ပိုင်း NTU ကလည်း စပြီး ကျောင်းသားလက်ခံလာတယ်။ ဟိုးအရင် Rool ကောင်းမှ ကျောင်းကလက်ခံပေမဲ့ နောက်ပိုင်း အလုပ် experiences ရှိတဲ့သူဆို Rool မကောင်းလည်း ကျောင်းတက်ခွင့်တွေ ရလာကြတယ်လေ။ အဲဒီတော့ တော်တော်များများ စလုံးကျောင်းတွေမှာ ပြုံရောက်လာကြတာပေါ့နော်။ အဲဒီအတွက် AITက မျိုးဆက်ပြတ်သလို ဖြစ်သွားတယ်လို့ ကိုယ်တော့ ထင်တယ်လေ။ အခေါ်နည်းတာလား..ဘာလားဆိုတာတော့ ကိုယ်လည်း မသိဘူးပေါ့နော်....။

NUS မှာလည်း ဟိုးအရင်တုန်းက ကြီးစိုးတာ ကုလားနဲ့ ပြည်ကြီးတရုတ်တွေလေ။ ခုနောက်ပိုင်းတော့ အထူးအဖြင့် Mechnical အတန်းတွေမှာ ကုလား၊ မြန်မာ၊ ပြည်ကြီး မျှသွားတယ်။ ခုနောက်ပိုင်း Research အလုပ်တွေကတောင်မှ ပြည်ကြီးတွေကို တအားလက်မခံပဲ မြန်မာနဲ့ မျှပြီးလက်ခံလာကြတာတွေ့ရတယ်။

ခုခေတ်ကတော့ ကိုယ်တို့ ခေတ်လိုမဟုတ်ပဲ Information ကအလွယ်တကူပဲ ရနိုင်၊ မြန်မာပြည်မှာလည်း Internet ကဘာပဲဖြစ်ဖြစ်ကြည့်လို့ရလာတော့ လူငယ်တွေ အားလုံးမျက်စိပွင့်နားပွင့် ပိုဖြစ်လာကြတယ်လို့ ထင်ပါတယ်။ ဒီလိုပဲ ကိုယ်တို့အားလုံး လက်ဆင့်ကမ်းပြီး ၁ယောက်နဲ့ ၁ယောက်တတ်နိုင်သမျှ ကူညီသွားကြရမှာပေါ့နော်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။