Showing posts with label Nargis. Show all posts
Showing posts with label Nargis. Show all posts

Wednesday, July 30, 2008

မြန်မာများအတွက် မြန်မာ အဖွဲ့ (M4M)



မြန်မာများ အတွက် မြန်မာဆိုသည်မှာ...

မြန်မာများအတွက် မြန်မာ (M4M Group) သည် မည်သည့် နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးများနှင့် ပတ်သက် ဆက်နွယ်မှု မရှိဘဲ အနှောင်အဖွဲ့ ကင်းရှင်းစွာဖြင့် မြန်မာ နိုင်ငံသားများ အတွက် သာရေး၊ နာရေး စသော လူမှုရေး လုပ်ငန်းများနှင့် ဖွံ့ ဖြိုးရေး လုပ်ငန်းများကို ဦးတည် ဆောင်ရွက်ရန် ရည်ရွယ်ပြီး နိုင်ငံအသီးသီးရှိ မြန်မာလူငယ်အချို့မှ စေတနာသန့်သန့်ဖြင့် စုစည်းထားသည့် အွန်လိုင်းလူမှုရေး အစုအဖွဲ့ငယ် (Online Community Group) တစ်ခု သာလျှင် ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံအတွင်း ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ထိခိုက် ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ပြည်တွင်းသာမက ပြည်ပရှိ မြန်မာ နိုင်ငံသားများမှ တတ်စွမ်းသမျှ ပံ့ပိုးကူညီ လှူဒါန်းမှုများ ကိုယ်စီကိုယ်ငှ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ အထောက်အပံ့ ပေးခဲ့ကြသူများတွင် နာမည်ကြီး မြန်မာ ဖိုရမ်ကြီးတစ်ခုအတွင်း ဆုံဆည်း မိတ်ဆွေ ဖြစ်ခဲ့ကြသော မြန်မာလူငယ်များမှ ဖိုရမ်ပေါ်တွင်တိုင်ပင်ကာ မိမိတို့ တတ်စွမ်းသလောက် ငွေကြေးစုစည်းပြီး မြန်မာပြည်တွင်းရှိ လှုမှုရေးလုပ်ငန်းများကို လက်တွေ့လုပ်ကိုင် နေကြသော အဖွဲ့အစည်းများသို့ လှူဒါန်းထောက်ပံ့ခြင်းများအပြင် အသိမိတ်ဆွေများမှတဆင့် လေဘေး ဒုက္ခသည် များကို တိုက်ရိုက် လှူဒါန်းမှု များကိုလည်း လုပ်ကိုင် ခဲ့ကြပါသည်။

နာဂစ်မုန်တိုင်းအလွန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရေရှည်လုပ်ကိုင်ရန် လိုအပ်သည့် လုပ်ငန်းများ အနက် မုန်တိုင်းကြောင့် ခိုကိုးရာမဲ့ ကလေး သူငယ်များ၏ စား-၀တ်-နေရေး၊ ပညာ သင်ကြားရေး အတွက် တတ်စွမ်းသလောက် အထောက်အကူပေးနိုင်ရန်နှင့် နောင်တွင် မြန်မာနိုင်ငံ အတွင်း နာဂစ် ကဲ့သို့သော သဘာဝကပ်ဘေးများ ကြုံတွေ့လာပါကလည်း ချက်ချင်း စုစည်း ကူညီထောက်ပံ့နိုင်ရန်အတွက် နည်းလမ်းများကို ၀ိုင်းဝန်းစဉ်းစားကြရာမှ “မြန်မာများအတွက် မြန်မာ” ဟူသည့် (Online Community Group) ငယ်တစ်ခု အဖြစ် စုစည်း ထောက်ပံ့ကြရန် ဆုံးဖြတ်တည်ထောင်ခဲ့ကြပါသည်။

**************************
နိုင်ငံရပ်ခြားမှာ ရှိကြတဲ့ မြန်မာ လူငယ်များ ပေါင်းစု ဖွဲ့စည်းထားတဲ့ မြန်မာများအတွက် မြန်မာအဖွဲ့ အကြောင်း ပိုမိုသိချင်တယ် ဆိုရင်တော့ အောက်ပါ Internet web page မှာ လေ့လာဖတ်ရှုနိုင်ကြပါတယ်ရှင်...။

Saturday, May 31, 2008

My Family Donation for Nargis

ဆန်လှူမည် သတင်းရ၍ မနက်ကတဲက တန်းစီစောင့်နေကြသူများ

၎၊ ၅မိုင် ခရီး လမ်းလျှောက်လာရလို့ ချွေးတွေရွှဲနေသော်လည်း အပြုးနှင့်

သားသား ဆန်ပြုတ်သောက်မယ်
သကြားလုံးလေးတွေလို ပြုံးချိုနေကြတယ်

မနက်က ရန်ကုန် နဲ့ ဖုန်းပြောပြီးကတဲက တနေ့လုံး စုချစ် စိတ်တွေမှိုင်းနေပါတယ်။ တကယ်က ဒီနေ့ ဖေဖေတို့တွေ ရန်ကုန် ထန်းခြောက်ပင်ဖက်ဆိုလား၊ အဲဒီမှာ ဆန်သွားဝေကြ၊ လှူကြပါတယ်။ သူတို့ လှူနေတဲ့ အချိန်ကိုက်ပြီး ဖုန်းဆက်လိုက်တာပါ။ ဖုန်းထဲမှာ အသံတွေကို ဆူညံနေတာပါပဲ။ လမ်းထဲက လူကြီး၊ လူငယ်တွေလည်း ကားတွေနဲ့ လိုက်လာကြတော့ စုချစ် ဖုန်းဆက်တာသိတဲ့အခါ ၀ိုင်းပြီးလုပြောကြပါတယ်။

သမီးရေ.... သိလား။ လှူရတာ အားရစရာကြီးတော်။ သာဓုသာ ခေါ်ပေတော့။ သမီးလည်း ဖုန်းကြီးပါစေ၊ သက်ရှည်ပါစေလို့ ၀င်ပြောတဲ့ ခေါင်းရင်းအိမ်က ကြီးကြီးညိုရယ်။

မစုရေ.... တတ်နိုင်ရင်နောက်ထပ်လည်း လှူပါဦး။ နာဂစ်ကြောင့် လူတွေ တော်တော် ဒုက္ခရောက်ကြတယ်လို့... လှမ်းပြောတဲ့ ခြေရင်းအိမ်က ဦးလေးရွှေရယ်။

ကြီးစုရေ...လူတွေက သနားပါတယ်။ သားတို့ လာမှာပြောထားလို့ မနက်အစောကြီးထဲက ရွာတွေကနေ ထလာကြတာတဲ့။ သားတို့ ဆန်အိတ် ၄၀ နီးပါးကို လူတွေက များတော့ တစ်ယောက်မှ တပြည်ထဲရကြတယ်... ကြီးစုရဲ့....လို့.... ဆန်တွေကူဝေနေရင်း အပြေးအလွှားလာပြောသွားတဲ့ မျက်စောင်းထိုးအိမ်က ဖိုးသားရယ်။

ဝေဖို့သကြားလုံးတွေ ရေပုံး၂ပုံး အပြည့် ယူလာတာ မလောက်လို့ ပြေးဝယ်လိုက်ဦးမယ်ဟေ့လို့ ကမန်းကတန်း ၀င်ပြောသွားတဲ့ နောက်ဖက်အိမ်က ကိုတာတီးရယ်။

ဖေဖေကပြောတယ်....သမီးရေ တုံကင်တွေပေးပြီး ဝေတာပါပဲကွယ်။ ဒါပေမဲ့ တချို့ကြတော့ ၂ခေါက်တွေ လာယူကြရော။ ပြောတော့ နေမကောင်းလို့ လာမယူနိုင်တဲ့ သူတွေအတွက်ပါခင်ဗျာတဲ့။ လှူရတာ ၀မ်းလည်းသာ... ဒါပေသိ..သူတို့ကို ကြည့်ရတာ ၀မ်းလည်းနည်းတဲ့။

သူတို့ အသံတွေ ကြားရတော့ အားမလိုအားမရနဲ့ ကိုယ်ကိုယ်တိုင် မလိုက်နိုင်လို့ စိတ်တောင်မကောင်းဘူး။ ပြီးတော့ ဖေဖေ ပြောသလိုပါပဲ။ လှူရတာ အလွန်ကို ၀မ်းသာပီတိဖြစ်မိပါတယ်။ ဒါပေမဲ့ ဆင့်ပါးစပ် နှမ်းပက် သလိုဆိုတာ ကိုယ့်ဘာသာသိနေတော့ တွေးပြီးဝမ်းနည်းမိတယ်။ သူတို့ရဲ့ရှေ့ရေးအတွက် စဉ်းစားပြီးလည်း စိတ်မကောင်းဘူး။

စုချစ်
၃၁.၀၅.၂၀၀၈

Monday, May 26, 2008

My Saving Strategy for Donation!



နာဂစ် အလှူအတွက်... စုချစ်ရဲ့ Saving Strategy လေးကိုဝေမျှပါရစေ။

မြန်မာပြည်ပြန်ပြီး ကိုယ်တိုင်ကိုယ်ကျ ကူညီလုပ်အားမပေးနိုင်တဲ့အတွက်..ဒီကနေ လုပ်ပေးနိုင်တာကတော့ တတ်နိုင်သမျှ လှူဖို့နဲ့ ပါဝင်လှူဒါန်းကြဖို့ နှိုးဆော်ပေးခြင်းပေါ့နော်။ နာဂစ်အတွက် သူများတွေ $၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ စသဖြင့်လှူတာတွေ မြင်ရ၊ တွေ့ရ၊ ကြားရတော့ တကယ်ပဲ သာဓုခေါ်မိပါတယ်။ အားလည်း အားကျမိပါတယ်။

စုချစ် နဲ့ ယောင်္ကျားတို့ နာဂစ်လေဘေး အတွက် လှူတာ...ဟိုဟိုဒီဒီ အလှူငွေတွေ ပေါင်းလိုက်ရင် စလုံး ငွေ $၁၃၀၀ လောက်ပဲရှိပါသေးတယ်။ ပိုက်ဆံ $၁၃၀၀ လှူပြီးပြီပဲဆိုပြီး ထပ်မလှူပဲနေရအောင်ကလည်း ခုချိန်ထိတောင် ကယ်ဆယ်ရေးလုပ်ငန်းတွေ မပြီးပြတ်သေးတာ...ထပ်ပြီးလိုအပ်နေတာတွေဟာ အများကြီးပါ။ ပြန်လည်ထူထောင်ဖို့ လုပ်ရမဲ့ အချိန်ကြရင်လည်း...ငွေအားက မဖြစ်မနေ လိုအပ်လာဦးမှာပါ။

ဒီတော့ နာဂစ်လေဘေးအတွက် အလှူဆိုတာ ရေတိုဘယ်နည်းနဲ့မှ မပြီးစီးနိုင်ပါဘူး။ ကိုယ့်လူမျိုးအကျိုးအတွက်၊ ကိုယ့်သွေးသားထဲမှာ လည်ပတ်စီးဆင်းနေတဲ့ မြန်မာသွေးအတွက် မြန်မာပြည်ကဒုက္ခ္ခရောက်နေတဲ့ သူတွေကို ဆုံးခန်းတိုင်အောင်ကူညီဖို့ဆိုတာ မြန်မာပြည်ကိုချစ်သော မြန်မာလူမျိုးတိုင်းမှာ တစိတ်တဒေသ တာဝန်ရှိပါတယ်။

နောက်တခုက...လှူတဲ့ နေရာမှာ ပုဗ္ဗ၊ မုဉ္စ၊ ပရ စေတနာ သုံးတန်ပြဌာန်းပြီးလှူရမှာ ဖြစ်လေတော့ ကိုယ်လှူတဲ့ ငွေကြောင့် ကိုယ့်မှာ ၀န်ထုပ်ဝန်ပိုး (burden) ဖြစ်ရင်မကောင်းပါဘူး။ အသိတစ်ယောက်ဆို...၂၀၀$ လှူပါတယ်။ လှူတုန်းကတော့ တကယ်စေတနာရှိရှိနဲ့ လှူလိုက်တာပေါ့။ ပြီးမှ ...အင်း..၂၀၀ များသွားလားမသိဘူး။ ဒီလ အကုန်အကျတွေကလည်းများ..ရုံးမှာ Shut Down တွေကလည်းရှိ၊ ကလေးကလည်း ခဏ၊ ခဏ နေမကောင်းလို့ဆေးခန်းပြနေရတာ...၊ ရန်ကုန်က အမေ့အိမ်ပြင်ဖို့လည်း ပိုက်ဆံက ပေးရမှာရှိသေး...စသဖြင့်...တွေးမိလိုက်တော့ လှူလိုက်တဲ့ ကုသိုလ်လေးက အပြည့်အ၀ မရတော့ဘူး။ ဆိုတော့ ၀န်ထုတ်ဝန်ပိုးလည်း မဖြစ်ရအောင်..ကုသိုလ်တွေလည်း ရအောင် စုချစ်ရဲ့ Saving Strategy ကိုပြောပြမယ်နော်။

နာဂစ်လေဘေး အလှူငွေ ရေရှည်အတွက် ဆိုပြီး စုဗူးလေး တခု လုပ်ထားပါတယ်။ အလှူအတွက်တနေ့ကို ၁$ စုပါတယ်။ အဲဒါဆို ရက်၃၀ (၁လ) ကို ၃၀$ ရပါမယ်။ စုချစ်ရဲ့ Target ကအနည်းဆုံး တစ်လ $၅၀ စုချင်တာပါ။ ဒီတော့ နောက်ထပ် အနည်းဆုံး ၂၀ ထပ်ရအောင် ဘာလုပ်သလဲ ဆိုတော့ မနက်စာ နေ့လည်စာ ညစာ စားဖို့ထဲကှ Saving ထပ်လုပ်ပါတယ်။ ဥပမာ...ထမင်းစားပြီး အအေး ၁.၅၀ တန် သောက်မယ်လုပ်ပြီးမှ...နာဂစ် သတိရသွားတာနဲ့ (နာဂစ်သတိရသွားတယ်ဆိုတာ...ထမင်းဆာလို့ ငိုနေတဲ့ ကလေးလေးတွေရဲ့ မျက်နှာကို သတိရလိုက်မိပါတယ်။) ...မသောက်တော့ပဲနေလိုက်တယ်။ အအေးသောက်မဲ့ အစား..အလကားရတဲ့ ရေကို ရုံးခန်းပြန်ရောက်မှ တ၀ကြီး သောက်လိုက်တယ်။ ဒါဆို အဲဒီနေ့ အတွက် နောက်ထပ် ၁.၅၀ ထပ်စုမိပြီပေါ့။ ဟိုတနေ့ကဆို ယောင်္ကျားက Coffee Bean သောက်မယ်လုပ်ပြီးမှ ဈေးကြီးပါတယ်လေဆိုပြီး မသောက်ဖြစ်လိုက်လို့ ၃.၅၀ စုဗူးထဲလာထည့်ပါတယ်။ နေ့တိုင်း...အဲလိုလုပ်ရမယ်၊ လုပ်တယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အနေနဲ့ မစားလည်းပဲ ဖြစ်တယ်၊ ဆာလို့၊ အာဟာရဖြစ်ဖို့ စားတာမဟုတ်ပဲ အပို သက်သက် မထင်မှတ်ပဲကုန်တတ်တဲ့ ငွေလေးတွေကို ရံဖန်ရံခါ စုလိုက်တာကိုပြောတာပါ။

ဥပမာ...ဆေးလိပ်သောက်တတ်သူတွေဆို တနေ့ ၅လိပ်သောက်နေကြအစား နာဂစ်အလှူဆိုပြီး ၂လိပ် ၃လိပ်လောက်လျှော့သောက်ကြည့်ပါလား။ ဟော..ကုသိုလ်လည်းရ၊ ကျန်းမာရေးအတွက်လည်း ကောင်းပေါ့နော်...။ ဘီယာသောက်တတ်တဲ့ သူတွေဆိုလည်း ထိုနည်းလည်းကောင်းပေါ့။ ၂ဗူးသောက်မဲ့ အစား..၁ဗူးပေါ့။ တချက်ခုတ်၊ နှစ်ချက်ပြတ်မက...ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ၊ ၀န်ထုပ်ဝန်ပိုး တွေလည်း ဖြစ်တော့ဘူးပေါ့နော်။

အဲလို အပို ထည့်တာတွေက တစ်လလောက်ဆိုရင် $၂၀ထပ်ပြီးရကောင်းပါတယ်။ ဆိုတော့ ပေါင်း ၅၀$ ပေါ့။ ဒါက စုချစ်ရဲ့ နာဂစ်လေဘေးအတွက် ရည်ရွယ်ပြီး မှန်မှန်စုသွားမဲ့ ရေရှည်အလှူ စီမံကိန်းလေးပါ။ ပြီးခဲ့တဲ့ တစ်ပတ်က စခဲ့တာဆိုတော့ ခုလကုန်ရင် ၃၀ လောက်ရမယ်လို့ ခန့်မှန်းပါတယ်။

*******************************
တနေ့က WP နဲ့ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်အိမ်လာတော့ စုချစ်ရဲ့ စုဗူးကိုမြင်ပြီး မေးတော့ Saving Strategy ကို ပြောပြလိုက်တာ သဘောကျသွားတယ်။ သူကတော့ လစာနည်းလို့ အများကြီးစုဖို့ စုချစ်မတိုက်တွန်းပါဘူး။ တနေ့ကို (၃၅ ဆင့်) စုဖို့ပဲပြောလိုက်ပါတယ်။ မနက်စာ စားတဲ့အချိန်မှာ ၁၀ပြားလေးခဏဖယ်ထား၊ နေ့လည် ၁၀ပြား၊ ညနေ ၁၅ပြား ပေါင်း...စုငွေ တနေ့ကို ၃၅ပြားစုရင် တလ ၁၀$ ရပါမယ်။ တနေ့ ၃၅ပြားဟာ ကိုယ့်အတွက် ဘာမှ မဖြစ်လောက်ပေမဲ့ အဲဒီငွေလေးနဲ့ မြန်မာပြည်က အထူးသဖြင့် ကလေးတွေ ရဲ့ ဘ၀ကို ကယ်တင်တဲ့နေရာမှာ တစိတ်တဒေသ ပါဝင်သွားတယ်ဆိုရင် ဘယ်လောက်ကုသိုလ်ရလိုက်မလဲလို့။ ဒီတော့ သူက အားရ၀မ်းသာနဲ့ သူလည်း စပြီးစုတော့မယ်လို့ပြောပါတယ်။

*******************************
နိုင်ငံခြားမှာ နေထိုင်ကြတဲ့ သူတွေ အနည်းဆုံး လူ၁၀၀၀ ကပဲ တလ $၁၀ လှူဦး၊ တလကို $၁၀၀၀၀ လှူနိုင်၊ ကူညီပံ့ပိုးနိုင်ပါမယ်။ စင်ကာပူပိုက်ဆံနဲ့ပဲတွက်ကြည့်ဦး...$၁၀၀၀၀ ဆို မြန်မာငွေ သိန်း၈၀ကျော်ရပါမယ်။ ကြည့်စမ်း.....မနက်စာ....၁၀ပြား၊ နေ့လည်စာ ၁၀ပြား၊ ညစာ ၁၅ပြား မသိမသာ ကိုယ်စုလိုက်တာလေးက လူတွေ အများကြီး ပေါင်းလိုက်ကြတော့ နာဂစ်ကြောင့် ပျက်စီးသွားတဲ အိမ်တွေကို ပြန်ဆောက်ပေးချင်တယ်ဆိုရင် အိမ်တစ်အိမ် (၁) သိန်းနဲ့ မိသားစုလေးတွေ ဘယ်နှစ်စုလောက် ကူညီနိုင်သွားကြမလဲဆိုတာ....။

*******************************
နိုင်ငံရပ်ခြားမှာနေရတဲ့ မြန်မာပြည်ကိုချစ်သော မြန်မာလူမျိုးများအနေနဲ့ အတိဒုက္ခရောက်နေတဲ့ ကိုယ့်သွေးသားမြန်မာများကို တတ်နိုင်သလောက်လက်တွဲ ကူညီသွားကြပါစို့။

Saturday, May 17, 2008

ပုရွက်ဆိတ်ကိုက်လို့ မနာနိုင်ပေါင်


မြန်မာပြည် ဆိုင်ကလုံးလေဘေးသင့်သူများအတွက် ကူညီမှုနဲ့ ပါတ်သက်ပြီး ပြောရရင်...စင်ကာပူက တချို့ Company ကြီးတွေဟာ HR ကဦးစီးပေးပြီးတော့ Hot Link သော်လည်းကောင်း၊ Donation Box သော်လည်းကောင်း ထားပေးပြီး Company အနေနဲ့ ကူညီမှုတွေရှိကြပါတယ်။

စုချစ်လည်း ကိုယ့် Company အနေနဲ့ တခုခု လုပ်ပေးမှာကိုမျှော်လင့်မိတာပေါ့လေ။ ဒါနဲ့ ရုံးက ကိုယ့်ထက် အလုပ်ဝင်တာ Senior ကျတဲ့ သူတွေကို တိုင်ပင်ကြည့်တယ်။ HR ကို ဘယ်လို အကြောင်းကြားကြမလဲ။ ဘယ်သူများ Initiated လုပ်ကြမလဲလို့။ ကိုယ်ကလည်း ဒီ Company ကို ၀င်ကာစ။ HR မှာလဲ အသိ တစ်ယောက်မှ မရှိဘူး။ Senior တစ်ယောက် ပြောကတော့ ဒီ Company ကလုပ်ပေးမှာ မဟုတ်ဘူးတဲ့။ ဒါနဲ့ ကိုယ့် အနီးအနား အဖွဲ့ကလူတွေဆီကရသမျှလှူရလည်း အမြတ်ပေါ့ဆိုပြီး အလှူငွေ ကောက်လိုက်တယ်။

စုချစ်တို့ Company မှာ တကယ်က Policy ရှိပါတယ်။ By Rights ပြောရရင် Company မှာ လုပ်ဖော်ကိုင်ဖက်တွေဆီက ဘာအလှူငွေမှ ကောက်ခွင့်မရှိပါဘူး။ စုချစ်ကတော့ ဒါကို သိသိကြီးနဲ့ ပိုက်ဆံလိုက်ကောက်တာပါ။ တကယ်လို့ HR ကမတော်တဆများမေးခဲ့လျှင် ဘယ်လိုဖြေရှင်းမယ်ဆိုတာလဲ Mentally Prepare လုပ်ထားပါတယ်။

အဲဒီ Rules တွေသာရှိနေပေမ စုချစ်တို့ အဖွဲ့မှာ တယောက်ယောက် ကလေးမွေးရင် ဖြစ်ဖြစ်၊ နာရေးကိစ္စပဲဖြစ်ဖြစ်၊ အလှူငွေ တွေ ကိုယ်လည်း ထည့်နေရတာပဲ။ ကိုယ်တခါမှ မမြင်ဘူးတဲ့ Operator ရဲ့ ကလေး ဆေးရုံတက်တာကအစ စေတနာ ထက်ထက်သန်သန် လှူခဲ့ဘူးတာပဲ။
ခု မြန်မာ နိုင်ငံက ဆိုးဝါးလွန်းတဲ့ အခြေအနေကြောင့် အလှူငွေ ကောက်တာ လူသားခြင်းစာနာထောက်ထားမှုရှိသင့်တယ်လို့လဲ ကိုယ့်ဘာသာမြင်မိတာပေါ့နော်။ ကိုယ့်အဖွဲ့က လူတွေကလည်း မင်းကောက်လို့ မဟုတ် တို့ထည့်ချင်လို့လို့ ပြောမဲ့ သူတွေချည်းပါပဲ။

မြန်မာတွေ ၁၀၀ ကျော်လောက်ရှိတဲ့ Company အနေနဲ့ ဘာမှ ဖြစ်မလာတာတော့ စိတ်ထဲမတင်မကျဖြစ်ရပါတယ်။ ဒါနဲ့ ခုတပတ်ထဲမှာတော့ ဒီတိုင်းထိုင်ပြီး မနေနိုင်တော့ဘူး။ တကယ်လို့ ကိုယ်က Initiated လုပ်လိုက်လို့ ရလဲ အမြတ်ဆိုပြီး HR ကို စုံစမ်းကြည့်ပါတယ်။ မြန်မာနိုင်ငံအတွက် ဒီ Company အနေနဲ့ ဘာများ အစီအစဉ်ရှိသလဲလို့။

HR က ဘယ်လို ပြန်လာလဲဆိုတော့ ပြီးခဲ့တဲ့ အပတ်ကတဲက US Head office ကို မြန်မာလေဘေးအတွက်လှူဖို့မေးခဲ့ပါတယ်တဲ့။ US Head office ကလက်မခံပါဘူးတဲ့။ မြန်မာပြည်အတွက် မလှူဘူးပေါ့လေ။ သူတို့ မလုပ်ပေးဘူးဆိုလဲ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ့်မှာကတော့ ကိုယ့်လူမျိုးအရေးအတွက် မေးဖို့က တာဝန်ရှိတယ်လေ။

ဒါနဲ့ ဒီနေ့မနက်လဲကြရော HR ကရောက်နေတဲ့ e-mail တစ်ပုဒ်ကို ကိုဖတ်ပြီး၊ စုချစ်တို့ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ စုချစ်တို့ Company က တရုတ်ငလျင်အတွက် အလှူ တရုတ်ငွေ (၁) သန်းလှူထားတယ်လေ။ ပြီးတော့ Individual လှူလို့ရတဲ့ Links တွေ လည်းပေးထားသေးတယ်။ သူတို့ မြန်မာပြည်ကြတော့ ဘာလို့ လုပ်မပေးချင်တာလဲ။

(စုချစ်အနေနဲ့ တရုတ်ပြည် ငလျင်ဘေးရဲ့ နေ့စဉ် သတင်းတွေ ကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်ပါတယ်။ အဆောက်အအုံတွေအောက်မှာ နာကျင်စွာနဲ့ ကယ်မဲ့သူ အရောက်ကို မျှော်တလင့်လင့် စောင့်စားနေရတဲ့ အဖြစ်ဆိုးကို ကိုယ်ချင်းစာပါတယ်။ သူတို့ ကို လှူတဲ့ အတွက်လည်း သာဓုခေါ်ပါတယ်။ စကားချပ်။)

ဒါနဲ့ ရုံးက သူငယ်ချင်း မလေးတရုတ်က အဲဒီတရုတ် အလှူ e-mail ကို code ပြီး ပြန်ရေးတာပေါ့နော်။

How about Myanmar Cyclone disaster? ဆိုပြီးတော့...။

HRကဘာပြန်ရေးလဲဆိုတော့ စုချစ်တို့ Company က တရုတ်မှာ Operation ရှိပြီး မြန်မာမှာတော့ Operation မရှိလို့ပါတဲ့။ ဒါပေမဲ့ သူတို့ရဲ့ e-mail ထဲမှာတော့ Company ဟာ အမြဲတမ်း Tragic Events တွေကို စောင့်ကြည့် ကူညီပါတယ်လို့ ဘာလို့ ရေးထားရတာလဲ။

ဒီနေ့ မနက်ပိုင်းတခုလုံး very disappointed...။ ဒီ Company မှာဆက်ပြီး အလုပ်လုပ်ချင်စိတ်တောင် ကုန်ပါတယ်။ Company မှာ ရှိနေတဲ့ မြန်မာ ၁၀၀ ကျော်လောက်ဟာ don’t care လို့ အလုပ်ခံရသလို ခံစားမိပါတယ်။ တခြား စင်ကာပူက Company တွေလည်း မြန်မာပြည်မှာ Operations မရှိကြပါဘူး။ ဒါပေမဲ့ သူတို့ ရုံးတွေက ၀ိုင်းပြီး ကူညီကြပါတယ်။ ခုတော့ အလှူမထည့်ရင်တောင် စာနာတဲ့ e-mail လေးရေးပေးဖို့ကောင်းတယ်လို့ ခံစားရပါတယ်။

ဒါပေမဲ့ စိတ်ကိုပြန်ဖြေပြီး ကိုယ် control လုပ်လို့မရတဲ့ ကိစ္စအတွက် မစဉ်းစားတော့ပဲနေလိုက်ပါတယ်။ ကိုယ့် လူမျိုးတွေထဲမှာတောင် ရက်စက်နေတဲ့သူတွေရှိနေသေးတာ ကျားကိုက်တာနဲ့ ယှဉ်လိုက်ရင်တော့ Company ကလုပ်မပေးတာ ပုရွက်ဆိတ်ကိုက်သလောက်ပေါ့နော်။ ဒါကို VP နဲ့ Round Table လုပ်လို့ကတော့ (Complaint) ပြောပြီးသားပဲ လို့ တေးထားလိုက်တယ်။

*********************************

ဒီ စနေ ဖုန်းကြီးကျောင်းမှာ စုချစ်တို့ အ၀တ်အစားတွေ အလှူလက်ခံပါမယ်။ အဓိက ကဖုန်းကြီးကျောင်းကို လာတဲ့ တရုတ်တွေက လှူချင်တယ်ဆိုလို့ သူတို့ အတွက် လုပ်ပေးတာပါ။ မလာနိုင်တဲ့ တရုတ်အိမ် နည်းနည်းပါးပါးလဲ သွားယူပေးရမှာပေါ့။ အဲဒီမှာ အ၀တ်အစားတွေ ထုတ်ဖို့ စုချစ်ရုံးက စက္ကူပုံးတွေ ထပ်တောင်းရပါတယ်။

ပြီးခဲ့တဲ့ အခေါက် တောင်းတုန်းက သူငယ်ချင်းတရုတ်လေးက ပဲသွားတောင်းပေးတာပါ။ ဒီတခါတော့ စုချစ်ကိုယ်တိုင်လိုက်သွားပြီး Receiving Store ကလူတွေနဲ့ စကားပြောဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်က လေဘေးသင့်သူတွေကို ပို့မဲ့ ပစ္စည်းတွေ လှူတာ ထုတ်ဖို့ တောင်းရတာဆိုပြီး ပြောရတာပေါ့နော်။ အဲဒီမှာ Receiving Store ကလူတွေရော၊ Security က ၀န်ထမ်းတွေကပါ မြန်မာပြည် အကြောင်းကို စိတ်ဝင်တစားပဲမေးကြတာပေါ့လေ။ လူတွေဘယ်လောက် သေကြသလဲ။ ဘယ်လောက်လောက်တောင် ဒုက္ခတွေရောက်ကြရသလဲဆိုပြီးတော့ မေးကြတာပေါ့။ စက္ကူပုံးတွေကိုလည်း ဘယ်လောက်လိုချင်လဲ။ အသစ် သန့်သန့်လေးတွေ စုပေးထားမယ်လို့ ပြောပါတယ်။

အဲဒါဒီနေ့ သွားယူတော့ ပုံးသန့်သန့်လေး တွေကို သေသေချာချာ စုပေးထားတဲ့ အပြင် စက္ကူပုံးကြီး ၂ပုံးနဲ့ ပိုလို ရှပ်တွေ အပြည့်ကိုလည်း လှူလိုက်ပါတယ်။ ပိုလိုရှပ်အဖြူရောင်တွေက ၀ါနေတော့ စုချစ်က တော်တော်ဟောင်းနေတယ်လို့ ထင်ပြီး အင်တင်တင်ပေါ့နော။ ဒါပေမဲ့ အဲဒါတွေက အသစ်စက်စက် မ၀တ်ရသေးတာတွေပါ။ ဂိုဒေါင်ထဲမှာ ကြာနေလို့ ၀ါနေကြတာလေ။ သူတို့ အားလုံး အားတက်သရော လာသယ်တဲ့ ကားပေါ်ကို ၀ိုင်းပြီးတင်ပေးကြ၊ ပုံးတွေ ပေးတာများ များလွန်းလို့ တော်ပါပြ၊ီ ရပါပြီလို့ ပြောယူရတယ်။ ပိုက်ဆံတွေ အများကြီးလှူမှ မဟုတ်ပါဘူး။ ဒီလို စေတနာ ထားပြီး တတ်နိုင်သလောက် သူတို့လုပ်ပေးတာမြင်ရတာ အရမ်းကို ၀မ်းသာပြီးကျေးဇူးလဲတင်မိပါတယ်။

ဒါန မစုချစ်တို့ လည်း မနက်က ပုရွက်ဆိတ်ကိုက်လို့ စိတ်ပျက်ရတာတွေတောင် မေ့သွားပါပေါ့လား.....။

Sunday, May 11, 2008

လှူကြမယ် ကူကြမယ် တတ်နိုင်သလောက်ကွယ်


ဒီနေ့ဖေဖေနဲ့ မေမေ တို့ မြန်မာပြည်ပြန်ကြတယ်။ ဒီတခါ ဖေဖေတို့ စင်ကာပူမှာ ၃လ ကျော် ၄လ နီးပါးလောက် နေသွားကြတယ်။ ခုတောင် နာဂစ်ဖြစ်တော့ စိတ်ပူပြီး ပြန်ဖို့ စီစဉ်ထားတဲ့ ရက် စောပြီးပြန်သွားကြတာ။ နေ့လည် ၁နာရီလောက် ဖေဖေတို့ကို လေဆိပ်လိုက်ပို့ ပေးပြီး စုချစ်ရယ်၊ ယောင်္ကျားနဲ့ သူငယ်ချင်းတစ်ယောက်ရယ် စင်ကာပူ အရှေ့၊ အနောက်၊ တောင်၊ မြောက် က နာဂစ်အတွက် အ၀တ်အစားလှူချင်ပြီး မအားလို့ သွားမလှူနိုင်တဲ့ သူငယ်ချင်းတွေဆီက အ၀တ်အစားတွေ လိုက်သယ်ဖြစ်ပါတယ်။

ပထမတော့ ရလာတဲ့ ပစ္စည်းတွေကို သေသေချာချာ ပြန်ထုတ်ပိုးပြီးတာနဲ့ လမ်းပြကြယ်ကို တန်းပို့ မလို့ပါပဲ။ ဒါပေသိ ရလာတာတွေများလွန်းလို့ လမ်းပြကြယ်ကို ထရပ်ကားနဲ့ တခါထဲလာသယ်ပေးလို့ ရမလားလို့ အကူအညီ တောင်းလိုက်ရပါတယ်။

ရတဲ့ ပစ္စည်းတွေကတော့ ယောင်္ကျား မိန်းမ အ၀တ်အစားတွေရယ်၊ ကလေး ၃လသားလောက်ကနေ ၁၀နှစ်လောက်ထိ ၀တ်လို့ရတဲ့ အ၀တ်အစားတွေရယ်၊ ကလေး ဖိနပ်လေးတွေရယ်၊ အနွေးထည်၊ စောင်၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပုဝါ၊ မိန်းမလက်ကိုင်အိတ် စတာတွေပါ။

အဲဒါတွေကို ရုံးက ကြိုတင်ယူထားတဲ့ စက္ကူပုံးတွေထဲမှာ ခွဲပြီး ယောင်္ကျား မိန်းမ ကလေး အနွေးထည် စောင် စသဖြင့် သတ်သတ်စီပြန်ထည့်၊ အနံ့ မနံအောင်၊ ပိုးဟပ်မ၀င်အောင် ပရုတ်လုံးတွေထည့်လုပ်ကြပါတယ်။ စက္ကူပုံးထဲမထည့်ခင် ကျွတ်ကျွတ်အိတ်နဲ့ အရင်ထုတ်လိုက်ပါသေးတယ်။ မတော်တဆ စက္ကူပုံးကို ရေစိုရင် အထဲကို မစိုအောင်လို့ပါ။

ပစ္စည်းတွေစီ၊ ပြန်ထုတ်ပိုးနေရင်း လှူတဲ့သူတွေကိုလည်း သာဓုခေါ်မိပါတယ်။ သူငယ်ချင်းတစ်ယောက်ဆို အိပ်ရာခင်း အသစ်စက်စက်ကို လှူလိုက်တာပါ။ တချို့လည်း အင်္ကျိတွေက အကောင်းစားတွေရယ်၊ ရယ်စရာ ပြောရရင် ကိုယ့်မှာတောင် အိတ်လောက်ကောင်းတာရှိဘူး။

စုချစ်ကတော့ ထမီတွေများများလှူလိုက်တယ်။ မေမေ စင်ကာပူတခေါက်လာတိုင်း ယူလာတဲ့ ထမီတွေကို ရန်ကုန်ပြန်ရင် အားလုံးပြန်မထည့်ပေးပဲနေတော့ တခေါက်လာ တခါစုနဲ့ အများကြီးကိုဖြစ်နေတယ်လေ။ ဟိုမှာ မြန်မာ အမျိုးသမီးတွေက ဘောင်းဘီ ၀တ်မှာမဟုတ်တော့ ထမီတွေလိုမှာစိုးလို့ မေမေကထမီကို ဦးစားပေးလှူခိုင်းပါတယ်။ ပြီးတော့ မိုးတွင်းရောက်နေပြီမို့ အနွေးထည်ကိုလည်း လှူဖြစ်ပါတယ်။ ရတာတွေက တီရှပ်တွေများလို့ အင်္ကျီအနေနဲ့တော့ ယောင်္ကျားမိန်းမ မရွေးတော့ ၀တ်လို့ရကြမှာပါ။

ထုတ်ပိုးပြီးတော့ စုစုပေါင်း ၂၅ ထုတ်ရပါတယ်။ ဒါတွေက ဒီမှာကြည့်တော့သာများနေသလို ထင်ရပေမဲ့ ဟိုရောက်တော့ ဆင့်ပါးစပ်နှမ်းပက်သလို ရှိနေဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဒါတွေ လေဘေးသင့်တဲ့ သူတွေဆီသာ အမြန်ရောက်ပါစေလို့ ဆုတောင်းရတော့မှာပါ။