Showing posts with label Thingyan. Show all posts
Showing posts with label Thingyan. Show all posts

Tuesday, April 17, 2012

မင်္ဂလာရှိသော နေ့သစ်ဆီသို့

မင်္ဂလာရှိသော နေ့သစ်ဆီသို့




ရွှန်းလဲ့တဲ့ ဒီနေ့လေးဟာ မင်္ဂလာပါ....

ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေသော်...

မင်္ဂလာရှိစေသော်... မင်္ဂလာရှိစေသော်...

ဒီနှစ်ထူးမြတ် မင်္ဂလာရှိစေသော်....

လူတိုင်း လူတိုင်း ...

ကျက်သရေအပေါင်းနဲ့ ခညောင်းပါစေသော်...

နှစ်သစ်မှာ မင်္ဂလာပေါင်းနဲ့ ပြည့်စုံကြပါစေနော်..... ကိုရေချမ်း + မရွှေစု

Monday, April 16, 2012

၁၃၇၄ခု မြန်မာ နှစ်ကူးမင်္ဂလာ သင်္ကြန်အခါတော်

၁၃၇၄ခု မြန်မာ နှစ်ကူးမင်္ဂလာ သင်္ကြန်အခါတော်

၁၄-၀၄-၂၀၁၂

နှစ်စဉ် မပျက်မကွက် လှူနေကြ ဖြစ်တဲ့ သင်္ကြန် အလှူအနေနဲ့ ဒီနေ့ အိမ်မှာ အုန်းနို့ခေါက်ဆွဲ၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး ကုသိုလ် လုပ်တယ်။ အုန်းနို့ခေါက်ဆွဲ ကောင်းမကောင်းတော့ မသိဘူး။ အုန်းနို့ခေါက်ဆွဲကြီးလား... လို့ မစားချင် စားချင် ဖြစ်နေတဲ့ မောင်လေး တစ်ယောက် စားနေတဲ့ခုံက တော်တော်နဲ့ မထဘူး။ မကြိုက်လို့ ၄ ပန်းကန်ထဲ စားတာပါတဲ့။ အုန်းနို့ နည်းနည်း နွားနို့ များများနဲ့ ချက်တာမို့ ခေါင်းတော့ မမူးလောက်ပါဘူးနော်...။



ညကျတော့ ဘုရားစင် သန့်ရှင်းရေး ကုသိုလ် လုပ်တယ်။ ပြီးတော့ မြတ်စွာဘုရားကို နံ့သာဖြူ အမွှေးအကြိုင် ရယ်၊ ရေမွှေးရယ် ရောပြီး ရေသပ္ပာယ်တယ်။

၁၅-၀၄-၂၀၁၂
မနက်၅နာရီထ မုံ့လုံးရေပေါ်လုပ်တယ်၊ မုံ့လုံးရေပေါ် ပူပူနွေးနွေးလေးရယ်၊ မနေ့ကတဲက ဦးချထားတဲ့ အုန်းနို့ခေါက်ဆွဲ၊ ရွှေရင်အေးတွေကို ပြင်ဆင်လို့ မြတ်စွာဘုရား အမှုးရှိသော အရိယာသူတော်စင်များ၊ သံဃာတော် အရှင်သူမြတ်များအား ရည်စူးပြီး ဆွမ်းတော်ကပ်ပါတယ်။ အန္တရယ်ကင်း ဘေးရှင်းစေဖို့ နှစ်သစ် အစမှာ ပရိတ်ကြီး (၁၁)သုတ်၊ ဓမ္မစကြာ၊ ပဋ္ဌာန်း ရွတ်ပြီး ဘုရား ပူဇော်တယ်။ ပြီးတော့ အရပ် ၁၀မျက်နှာ မေတ္တာပို့ရင်း ဘုရားစင်ပေါ်က မနေ့ညက ကျန်တဲ့ နံ့သာရေမွှေးနဲ့ တစ်အိမ်လုံးကို ဖျန်းပက်တယ်။ပြီးတော့ ကျန်တဲ့ နံ့သာရည်နဲ့ ကိုရေချမ်းကို ရေပက်လိုက်တယ်။

အရုဏ်ဦး

ကိုယ်....မင်းကို စောင့်နေတယ်....

ဘုရားရှိခိုး တရားထိုင်ပြီး တနင်္ဂနွေ အပတ်စဉ် သွားနေကျ macritchie reservoir ကို Jogging လုပ်ဖို့ သွားတယ်။ exercises လုပ်ရတာ ပျင်းတဲ့ မရွှေစုကတော့ တကယ် Jogging မလုပ်ပါဘူး။ ထိုင်စာဖတ်လိုက်၊ ဓါတ်ပုံရိုက်လိုက်၊ လေရှုလိုက်နဲ့ သဘာဝ အလှကို ခံစားရတာ ပိုသဘောကျတယ်။ ပြီးတော့ ပန်းတွေ လိုက်ကောက်တယ်။


macritchie ကကောက်လာတဲ့ ပန်းလေးတွေ... ဧည့်ခန်းမှာ ထားတယ်... အရမ်းမွှေးတယ်...
အိမ်ပြန်ရောက်တော့ အဆင်သင့်ရှိတဲ့ အုန်းနို့ခေါက်ဆွဲစားတယ်။ မုံ့လုံးရေပေါ်စားတယ်။ ရွှေရင်အေး ကို အစာပိတ်သောက်တယ်။ ပြီးတော့ မနားနိုင်သေးဘူး။ နှစ်ဆန်းတစ်ရက် မတိုင်ခင် နှစ်စဉ် လုပ်နေကြ တစ်အိမ်လုံး သန့်ရှင်းရေး စလုပ်တယ်။ ကိုရေချမ်းက ကြမ်းတိုက်ပေးတယ်။ လိုက်ကာ အဟောင်းတွေ ဖြုတ်ပေးပြီး အသစ်လဲပေးတယ်။ ဆိုဖာဆက်တီက အစွပ်အဟောင်းတွေ ဖြုတ်ပေးပြီး အသစ်လဲပေးတယ်။

တစ်အိမ်လုံး သန့်ရှင်းပြီးတော့ နေ့လည် ၁၂နာရီ ထိုးသွားပြီ။ ဒီနှစ် SMC သင်္ကြန်ပွဲမှာ ဘာတာဝန်မှ မယူထားဘူး။ နှစ်ဆန်းတစ်ရက်နေ့ကျမှပဲ ဘုန်းကြီးကျောင်းဆောင်သစ် ဆောက်နေတာအတွက် အလှူငွေ သွားလှူဖို့ ရည်ရွယ်ထားတယ်။

မွှေးပြီး သန့်သွားတဲ့ ဧည့်ခန်းလေး

အားလုံး ပြီးစီးသွားလို့ သစ်သီးဆပ်ပြာရည်နံ့၊ အဲဖရက်ရှာနံ့၊ အ၀တ်သစ်တွေရဲ့ အနံ့၊ နံ့သာရည် ရေမွှေး နံ့တွေ နဲ့ ထုံသင်း လှိုင်လှိုင်ကြိုင်နေတဲ့ အိမ်ကလေး ဖြစ်သွားပြီ။ sky net က ဖွင့်ထားတဲ့ မြန်မာသင်္ကြန်က သီချင်းဆိုသံတွေကို အိုင်ကန်နော့သာဟန်း ဆိုပြီး ကိုရေချမ်းက သူ့လက်တော့နဲ့ နားကြပ်ကြီးတတ်ပြီး ရုပ်ရှင် ကြည့်တယ်။ မရွှေစုက စာဖတ်တယ်။ ပင်ပန်းပေမယ့် စိတ်ကို အေးမြနေတာပဲ။

နှစ်ဆန်းတစ်ရက်နေ့တော့ ဥပုသ်စောင့်မယ် လို့ ရည်ရွယ်ထားပါတယ်။ တစ်နှစ်လုံးမှ သေသေချာချာ ဥပုသ်စောင့်ဖြစ်တာ ၄ရက်ထဲ ရှိတယ်။ မြန်မာ နှစ်ဆန်းတစ်ရက်ရယ်၊ ၀ါဆိုလပြည့်ရယ်၊ သီတင်းကျွတ်လပြည့်ရယ်၊ ပြီးတော့ အင်္ဂလိပ် နှစ်ဆန်းတစ်ရက်ရယ်။ ဒါတောင် တချို့နှစ်တွေ အဲဒီရက်လေးတွေမှာတောင် ပျက်ခဲ့ရတာ ရှိသေးတယ်။

ဘလော့ဖတ်လာ သူငယ်ချင်း မိတ်ဆွေများကိုလည်း မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး နှစ်ဦး ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်နော်....။


+++++

Wednesday, April 13, 2011

ပိတောက်သင်္ကြန် စုသင်္ကြန်

ပိတောက်သင်္ကြန် စုသင်္ကြန်




နှစ်ကူး အတာ သင်္ကြန်ကာလများကို နှစ်ပေါင်းများစွာ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းလာခဲ့ရပြီးတဲ့နောက်
ပထမဆုံး ပြန်လည်တွေ့ဆုံရတဲ့ အမေစု ရဲ့ သင်္ကြန်အကြိုနေ့ အတွက်
အမှတ်တရ သီချင်းလက်ဆောင်...
အမေစု စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေရန် ဆုမွန်ချွေလျက်....

အဝေးရောက် ချစ်သမီး...
စုချစ်သူ

Sunday, April 18, 2010

မြန်မာ့ရိုးရာ နှစ်ဆန်းအလှူမင်္ဂလာ

မြန်မာ့ရိုးရာ နှစ်ဆန်းအလှူမင်္ဂလာ
နှစ်စဉ် ဒီလို မြန်မာနှစ်ဆန်း၁ရက်နေ့ကို ရောက်ပြီဆိုရင်ဖြင့် ရွှေစုတို့ လမ်းထဲက လူငယ်တွေ အလုပ်များရပြီပဲ။ မနက်ကိုစောစောစီးစီး အိပ်ရာကထ လူကြီးတွေနဲ့ အတူ ဥပုသ်လိုက်စောင့်။ ရွှေစုတို့ ညီအမတွေကတော့ သင်္ကြန်တွင်း ဥပုသ်မစောင့်ဖြစ်ရင်သာ နေမယ်၊ နှစ်ဆန်း၁ရက်နေ့ကိုတော့ မဖြစ်မနေ ဥပုသ်စောင့်ထိန်းလေ့ရှိတယ်။ နေ့လည် အိမ်ပြန်ရောက်ရင် ခဏတဖြုတ်အနားယူ။ နာရီပြန် ၂ချက်တီးလောက်မှာ ရွှေစုတို့ လူငယ်တွေရဲ့ လုပ်ငန်းစကြရတော့တာ။

အဲသာ ဘာလဲဆိုတော့ လမ်းထိပ်မှာ အတာအိုးတွေချပြီး အန္တရယ်ကင်း ကမ္မ၀ါစာဖတ်၊ ပရိတ်တရားရွတ်ဖို့အတွက်ရယ်၊ ညနေ ဆွမ်းဆန်စိမ်းလောင်းပွဲမှာ အအေး၊ ကွမ်း၊ ဆေး စတာတွေ ဆပ်ကပ်ဖို့ရယ် အချိန်မှီ ပြင်ဆင်ကြဖို့ပေါ့။ ရွှေစုတို့အိမ်က လမ်းထိပ်လမ်းဆုံမှာ တည်ရှိတော့ နှစ်စဉ်နှစ်တိုင်း ကိုယ့်အိမ်ကပဲ ကမ္မကထ ဦးစီးဦးဆောင် လုပ်လေ့ရှိပါတယ်။ လမ်းထဲက ကာလသား ကာလသမီးလေးတွေကိုခေါ် လင်ပန်းတွေ တောင်းတွေ ကိုင်ပြီး တအိမ်တက်ဆင်း အလှူလိုက်ခံရပါတယ်။ တောင်းတို့ လင်ပန်းတို့ဆိုတာက ကြက်သွန်၊ ဆန်၊ ဆီ၊ စာအုပ် စသဖြင့် အလှူရှင်တွေ စေတနာရှိသလို လှူလိုက်တာတွေကို ထဲ့ဖို့ပေါ့။ အဲသလို လှူတာအပြင် ၀တ္ထုငွေတွေကိုလည်း လှူလေ့ရှိကြပါတယ်။

ဒီလို လိုက်အလှူခံရင်းနဲ့ ပရိတ်တရားနာဖို့အတွက် ဘယ်အချိန်မှာ အတာအိုးလာထားနိုင်ပါတယ်၊ ပရိတ်ရွတ်မဲ့ ဘုန်းကြီးတွေဘယ်အချိန်ကြွကြမယ်ဆိုတာလဲ တခါထဲ ဖိတ်ကြားအသိပေးခဲ့ရသေးတယ်။ တကယ်လို့ သူတို့မှာ အတာအိုးထိုးဖို့ အတာပန်းတွေ၊ အရွက်တွေလိုတယ်ဆို ကိုယ်ကပဲ ဦးဆောင်ပြီး ရှာဖွေပေးပြီးတော့လဲ ကူကြတယ်။ အတာအိုးကို လာသယ်ပေး၊ ပြန်ပို့ပေးတာပါလုပ်ပေးဖို့တောင်းဆိုလာရင်လဲ လုပ်ပေးကြတယ်။

ရွှေစုတို့ရပ်ကွက်မှာ အိမ်တိုင်းလိုလို သင်္ကြန်ကြိုဖို့အတွက် အတာအိုးထိုးကြပါတယ်။ အန္တရယ်ကင်း ဘေးရှင်း ကျန်းမာဖို့ ကိုယ့်မိသားစု နေ့နံတွေအလိုက် အတာအိုးထိုးလေ့ရှိတယ်။ တချို့ကလဲ ၇ရက်သားသမီးနေ့နံစုံ အတာအိုးထိုးကြတယ်။ အဲဒီ အတာအိုးကို နှစ်ဆန်း၁ရက်နေ့ရောက်တော့ အသစ်ပြန်လဲကြတာပေါ့။ တကယ်လို့ ကိုယ့်မိသားစုထဲက နေ့နံက တာစားတယ်ဆိုရင်တော့ အဲဒီအတာအိုးလေးကို သင်္ကြန်အတက်နေ့မှာ ဘုန်းကြီးကျောင်းကို လှူဖွယ်ပစ္စည်းတွေနဲ့အတူ သွားပို့လေ့ရှိတယ်။ အထူးသဖြင့် တာစားတဲ့ နေ့နံသားသမီးက သွားလှူရတာပေါ့။ တာစားတယ်ဆိုတာ ကိုယ့်မွေးနေ့မှာ သင်္ကြန်အတက်နေ့ဖြစ်ရင် တာစားတယ်လို့ ခေါ်တယ်။ ဥပမာ ဒီနှစ်က သောကြာနေ့မှာ သင်္ကြန်တက်တော့ သောကြာသားသမီးတွေ တာစားတယ်ပေါ့။

အဲသလို အလှူခံပြီး ပြန်ရောက်တာနဲ့ ယောက်ျားလေးများက အတာအိုးတွေထားဖို့ရာ လမ်းထိပ်မှာ ခုံခင်းဖို့ ပြင်ဆင်ကြရတယ်။ ပရိတ်တရားရွတ်မဲ့ ဘုန်းတော်ကြီးထိုင်ဖို့ အိမ်တအိမ်က ဆက်တီတွေ သယ်ချ၊ တရားနာတဲ့သူတွေထိုင်ဖို့ကိုတော့ ဘုန်းကြီးကျောင်းက ဖျာကြမ်းတွေသွားယူပြီး ခင်းကြရတယ်။ မိန်းကလေးတွေ ကတော့ ရလာတဲ့ အလှူငွေထဲက ငှက်ပျောပွဲ အုန်းပွဲဝယ်ကြတယ်။ ဘုန်းတော်ကြီးတွေနဲ့ တရားနာသူတွေ သုံးဆောင်ဖို့အတွက် ဖျော်ရည်စီမံကြရတယ်။

ဒီလို ခုံတွေခင်းပြီးပြီဆိုတာနဲ့ တယောက်ပြီးတယောက် အတာအိုးတွေ လာထားကြတာပဲ။ ဒါမှမဟုတ်လဲ အိမ်တိုင်ရာရောက် ရွှေစုတို့ လူငယ်တွေက ယူထားပေးကြတယ်။ တချို့ကလဲ အတာအိုးမှာ အန္တရယ်ကင်း ပရိတ်ကြိုးလုပ်ဖို့ အပ်ချည်လုံးတွေပါ ချည်ထားကြတယ်။ ၄နာရီလောက်ဆို ဘုန်းတော်ကြီးတွေ ကြွလာပြီ။ ပရိတ်တရားနာချင်သူတွေ မသိလိုက်မှာစိုးလို့ ကာလသားတွေက ဘုန်းကြီးကြွလာပါပြီဆိုပြီး လမ်းထဲမှာ တချက်ပြေးပြီး အသိပေးဆော်အောကြရသေးတယ်။

ဘုန်းကြီးတွေက ပရိတ်ရွတ်၊ ကမ္မ၀ါဖတ်နေစဉ်အတွင်း တရားနာပရိတ်သတ်ကို ဒီလမ်းအတွင်းမှာ မကောင်းဆိုးရွားများနေတာကို ကြိုက်ကြပါသလားလို့ ၃ခါတိတိမေးတယ်။ မကြိုက်ပါလို့ ပရိတ်သတ်က ပြန်ဖြေကြတယ်။ အဲသလိုနဲ့ ဘုန်းတော်ကြီးများ ရွတ်ဆိုအပြီးမှာ အအေးဆက်ကပ်တယ်။ တရားနာပရိတ်သတ်ကလဲ ဥပုသ်သည်တွေများတော့ အအေးလှူရတယ်။ ပြီးရင် လှူဘွယ်ပစ္စည်းတွေကို ယောက်ျားလေးတွေက ဘုန်းကြီးကျောင်းကို ထမ်းပြီးလိုက်ပို့ကြတာပေါ့။ ဘုန်းကြီးတွေကတော့ဒီလမ်းပြီးရင် နောက်တလမ်းမှာ ရွတ်ဖို့အတွက် ခရီးဆက်ကြရတာပေါ့။

မိန်းကလေးတွေနဲ့ ကျန်ခဲ့တဲ့ ယောက်ျားလေးတွေကတော့ အတာအိုးတွေကို ပိုင်ရှင်တွေဆီ ပြန်ပို့၊ ခင်းထားတဲ့ခုံတွေသိမ်း လုပ်ကြရတယ်။ များသောအားဖြင့်တော့ အတာအိုးကို အိမ်ပြန်ယူလာကြပြီး အိုးထဲက ပရိတ်ရေတွေကို ခြံတောက်လျှောက်ပက်ဖျန်းကြပါတယ်။ ခုနက အတာပန်းလေးတွေကိုတော့ ခြံတံခါးမှာ ညှပ်ထားလေ့ရှိကြတယ်။ ဒီလိုနဲ့ တနှစ်တာပတ်လုံးအတွက် အန္တရယ်ကင်းပြီလို့ အယူရှိကြပါတယ်။

အဲဒီလို ပရိတ်ရွတ်တာက ညနေ၅နာရီလောက်ဆို ပြီးသွားပြီပေါ့။ ဒါနဲ့ ဆွမ်းဆန်စိမ်းလောင်းဖို့ အတွက် တဆက်ထဲပြင်ဆင်ကြရတယ်။ နှစ်ဆန်း၁ရက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲဟာ တခြားနေ့ကြီးရက်ကြီးတွေထက် စည်ကားလေ့ရှိတယ်။ ဘာဖြစ်လို့လဲဆို ဘုန်းကြီးကျောင်းမှာက သင်္ကြန်တွင်း ဒုလ္လဘ၀တ်တဲ့ ဦးဇင်းတွေ ကိုရင်တွေနဲ့ဆိုတော့ အလှူခံတန်းစီကြွလာတဲ့ကိုယ်တော်တွေဆိုတာ နည်းမှမနည်းပဲကိုး။ ရွှေစုတို့လမ်းက ဆွမ်းဆန်စိမ်းလောင်းတဲ့အပြင် ဆရာတော်တွေ၊ ဦးဇင်းတွေ၊ ကိုရင်တွေမက ဘေးနားက ကူသယ်ဖို့ လိုက်လာတဲ့ ကျောင်းသားတကာတွေအတွက်ပါ အနည်းဆုံးတော့ ဖျော်ရည်အလှူ လှူကြပါတယ်။ သကြားလုံးတို့ ထန်းလျက်တို့လဲ ကပ်လှူလေ့ရှိကြတယ်။ တနှစ်တုန်းကများဆို ကွမ်းယာပါလှူလိုက်ကြပါသေးတယ်။

ဘုန်းတော်ကြီးတွေ ကြွမလာခင် လူတိုင်းကိုယ်စီ မိမိအိမ်ရှေ့လေးတွေမှာ ခုံလေးတွေခင်းပြီး ဆွမ်းဆန်စိမ်းဗန်းတွေ၊ လှူဖွယ်ပစ္စည်းတွေပြင်ဆင်ထားလို့၊ ယောဂီတဘက်ကလေးတွေ ပုခုန်းပေါ်တင်လို့၊ တယောက်နဲ့တယောက်ရယ်ပြုံး နှုတ်ဆက်လို့၊ အဲသလို မြင်ရတဲ့ မြန်မာ့ရိုးရာအလှမြင်ကွင်းဟာ တကယ်ကိုချစ်စရာကောင်းလှတာပေါ့။

ဆွမ်းဆန်စိမ်းအလှူခံမဲ့ ဆရာတော်တွေရဲ့ ရှေ့ပြေးအနေနဲ့ ဆိုက်ကား၂စင်းက အော်လံကြီးတွေနဲ့ အလှူသီချင်းတွေဖွင့်လို့၊ လမ်းစုံလမ်းခွရောက်တာနဲ့ သီချင်းခဏရပ်ပြီး ဆရာတော်တွေ ဘယ်လမ်းနားကိုရောက်နေပါပြီ။ အလှူရှင် သူတော်ကောင်းအပေါင်းမှ အဆင်သင့်ပြင်ထားကြပါ စသဖြင့်လဲ လိုက်ပြီးသတိပေးကြသေးတယ်။

သိပ်မကြာခင် ဘုန်းကြီးတွေ ကိုယ့်လမ်းထဲကြွလာပြီဆို ဆွမ်းဗန်းကို ကိုင်တဲ့သူကကိုင်ပေး၊ လောင်းတဲ့သူကလောင်း၊ အအေးကပ်တဲ့သူကကပ်၊ အလျင်မှီအောင်ထဲ့ပေးတဲ့သူကပေး၊ ကြည်ညိုတဲ့သူကြည်ညိုလို့ ... အို လူတွေများ ပျားပန်းခတ်စည်ကားလို့.... အင်မတန် ပျော်စရာကောင်းတာပေါ့။ ဘုန်းကြီးတွေကလဲ ကပ်လှူတဲ့ဖျော်ရည်ကို အများကြီးတော့ ဘယ်ဘုန်းပေးနိုင်ကြပါ့မလဲ။ လမ်းတောက်လျှောက်မှာ အဲသလိုကပ်ကြတဲ့သူတွေက အများသားကိုး။ ကွမ်းကပ်တဲ့နှစ်ကတော့ လောက်တောင်မလောက်ငပါဘူး။ ကွမ်းမကြိုက်တဲ့ ဘုန်းကြီးအရှားသားကိုးနော်။

အားလုံးဆက်ကပ်လှူပြီးသွားပြီးတော့လဲ ဘုန်းကြီးတွေ တော်တော်ဝေးဝေးရောက်တဲ့အထိ နောက်ကနေလှမ်းမျှော်ပြီး ကြည်ညိုနေကြပါသေးတယ်။ အိမ်ပေါ်ကို တော်ရုံနဲ့ မတက်ချင်ကြသေးပါဘူး။ ဒီနှစ်တော့ တို့လမ်းကအစည်ဆုံးဟေ့၊ လှူတာအကောင်းဆုံးဟေ့နဲ့ ဂုဏ်ယူပြောဆိုကြပြီး ပီတိတွေ ဖြစ်ရပါသေးတယ်။ တခါတလေလဲ ည၈နာရီလောက်မှာ လမ်းထဲက ကာလသားတွေက သံပုံးတွေ ဆူညံနေအောင်တီးရိုက်ပြီး သရဲမောင်းတာမျိုး လုပ်ရင်လဲ လုပ်တတ်ကြတယ်။

ရွှေစုတို့တွေလည်း တနေ့လုံးပြေးလွှား ပင်ပန်းခဲ့သမျှ တရားခွေလေးနာရင်း အနားယူရတော့တာပေါ့။ ဒါပေမဲ့ ဒါကို ပင်ပန်းတယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ကြပါဘူး။ အော်... ဒီနှစ်အတွက်တော့ အတာကူးတဲ့ နှစ်ကူးသင်္ကြန်ပွဲကြီး ပြီးသွားပဟလို့တွေးရင်း နောင်နှစ်ကိုမျှော်လို့ လွမ်းလွမ်းဆွေးဆွေး ဖြစ်ကျန်ခဲ့ကြတော့တာပါပဲ။

စုချစ်

Thursday, April 15, 2010

လမ်းတလျှောက်သင်းပါဘိ၊ ပန်းပိတောက်မင်း

လမ်းတလျှောက်သင်းပါဘိ၊ ပန်းပိတောက်မင်း

Photo Source

မနေ့ကအထိတော့ မြမြဖူးတွေ လဲ့လဲ့ဝေနေခဲ့တာကို သူမှတ်မိနေပါသည်။

***************

''ဝေး... ဝေး... ပက်ဟေ့... ပက်မယ်ဟေ့...''

လမ်းထိပ်က ဝေးကနဲ အော်ဟစ်လိုက်သံတွေကြောင့် ဖြတ်ကနဲ သူလန့်နိုးသွားသည်။
ဘယ်နှယ်နာရီရှိပြီလဲ ...။ ဘေးက စားပွဲတင်နာရီလေးကို စောင်းငဲ့ကြည့်လိုက်တော့ နံနက်၆နာရီ၁၅မိနစ်။ အော်.. ဒီကလေးတွေ တော်တော်ဝီရိယကောင်းကြတာပဲ ဟု စိတ်ထဲက တွေးလိုက်မိသည်။ သူငယ်ငယ်တုန်းကရော... အဲသလိုပဲ ဝီရိယကောင်းခဲ့သလားဟု ပြန်တွေးနေမိ၏။

''ပိတောက်တွေ ပွင့်နေပြီဟေ့....''

လမ်းမပေါ်မှ စူးကနဲ ၀မ်းသာအားရ အော်ဟစ်သံက သူ့အတွေးစကို ဖြတ်တောက်ပစ်လိုက်ပြန်၏။ အော်သံနှင့် အတူ ပြေးလွှားနေသော ခြေသံများကိုပါ ကြားလိုက်ရပြန်တော့ အိပ်ရာထဲက ငေါက်ကနဲ ထထိုင်မိလိုက်သည်။ ဟုတ်ပေသားပဲ... မနေ့က ဖက်ဆွတ်မိုးလေး ရွာလိုက်တာကိုး...။ ကမန်းကတန်း မျက်နှာသစ်၊ အ၀တ်အစားလဲလိုက်သည်။ ဖေဖေ လမ်းလျှောက်ထွက်သွားသည်ထင်၏။ မေမေက ဘုရားရှိခိုးနေသည်။ မမကြီးနဲ့ ညီမလေး နံနက်စာချက်ရင်း ဘုန်းကြီးကျောင်း ဥပုသ်စောင့်သွားဖို့ ပြင်ဆင်နေကြသည်။

''မမ... ငါ ... ပိတောက်ပန်းတွေ သွားကြည့်လိုက်ဦးမယ်နော်...''

မမကြီး ကိုအသိပေးပြီး လမ်းထိပ်ဖက်ဆီကို ထွက်လာလိုက်၏။ ၅မိနစ်သာသာလောက် လျှောက်လိုက်လျင် ရောက်မည့် ပိတောက်ပင်တန်းဆီသို့ ဖြစ်သည်။ အဲဒီမှာ ပိတောက်ပင်တွေ တန်းစီ ရှိနေသည်။ တချို့က ပင်စည်ကြီးတွေ ခိုင်ခိုင်ခံ့ခံ့နဲ့ မြင့်မားခန့်ထည်စွာတည်ရှိကြ၊ တချို့ကျတော့ အပျိုပေါက် လူပျိုပေါက်လေးတွေလို နုနုငယ်ငယ် သွယ်သွယ်လျလျ နွဲ့နွဲ့နောင်းနောင်း။ အပင်မြင့်ကြီး ၅ပင်လောက်မှာ ပိတောက်ဖူးတွေ ခဲနေတာ မနေ့ကပဲတွေ့ခဲ့ရသည်။ စိမ်းမှောင်နေသည့် ပိတောက်ရွက်များကြားမှာ မြမြဖူးတွေ လဲ့လဲ့ဝေလို့။ ခုတော့ မိုးပြေးလေးနဲ့ တွေ့ပြီမို့ သူတို့တွေ ရွှေရောင်တောက်နေကြမှာ မြင်ချင်စမ်းလှသည်။

လမ်းမှာ ဝီရိယကောင်းသူကလေးများရဲ့ ရေပိုက်လေးများကလွဲလို့ ရေပက်နေသူသိပ်မရှိသေး။ ပိတောက်ပင်တန်းဆီမရောက်ခင်မှာပဲ လူအုပ်အုပ်ကို လှမ်းတွေ့နေရသည်။ နံနက်ခင်း သန့်ရှင်းလတ်ဆတ်လှသော လေပြည်နဲ့အတူ ပန်းပိတောက်ရနံ့က ရင်တွင်းထိရောက်အောင် သင်းပျံ့လှသည်။ သူက ပန်းရနံ့လေပြည်ကို မက်မက်စက်စက် ရူရှိုက်လိုက်မိသည်။

ပိတောက်ပင်ကြီးတွေနားမှာ လူတွေ ၀ိုင်းဝိုင်းလည်နေသည်။ ရပ်ကွက်ထဲမှ ယောက်ျားလေးတချို့ ခါးတောင်ကျိုက်လျက်သား အပင်ပေါ်မှာ ဟိုဒီ ကူးလျက်ရှိကြသည်။ တချို့က တံချူနှင့် အဆင်ပြေသလို ခြွေနေကြသည်။ မြေပြင်ပေါ် သို့ ပိတောက်ခက်တွေ တခက်ပြီးတခက် တဖြုတ်ဖြုတ်ကြွေကျလာကြ၏။ ပန်းပိတောက်ကြွေလေးတချို့က သူ့ဆံစမှာ လာငြိတွယ်နေကြသည်။

ရေမြောင်းဘောင်ကြီးကို မှီပြီး သူရပ်ကြည့်နေမိသည်။ နေရောင်ဖျော့ဖျော့မှာ မြရောင်၊ ရွှေရောင်လှိုင်းတွေထနေပုံက ပန်းချီကားတချပ် ဆေးချယ်နေသည့်အလား။ လေအဝင့်မှာ ကြွေလွင့်နေကြပုံက ကဗျာတပုဒ်ကို ဖန်တီးနေသည့်အလား၊ စီးမျောနေသည့် လှိုင်းများ။ သိပ်သည်းနေသည့် ထိုရွှေရောင် မြရောင်လှိုင်းတွေ တဖြည်းဖြည်း လျော့လျဲသွားပုံကို သူစောင့်ကြည့်နေဦးမှာဖြစ်သည်။

ဒီပိတောက်ပင်ကြီးတွေက ရပ်ကွက်အပိုင်မို့ ကြိုက်တဲ့သူက လာခူးနေကြခြင်းဖြစ်သည်။ မြေပေါ်ခလာသည့် ပိတောက်ခက်မှ အရွက်များကို ဖယ်ထုတ်ကြရင်း တစ်ယောက်နှင့် တစ်ယောက် ဝေမျှယူနေကြသည်။ ငေးမောကြည့်နေသည့်သူ့ကိုလည်း တချို့ကနှုတ်ဆက်ပြုံးပြကြရင်း ပိတောက်တစ်ခက်စ၊ နှစ်ခက်စ ပေးသွားကြ၏။ ဒီလိုနှင့် သူ့လက်ထဲ ပန်းတွေ တထွေးကြီးရနေပြီ။ သူ့ခြေထောက်နားမှာလည်း ပန်းပိတောက်ကြွေများနှင့် မြစိမ်းရောင် ရိုးတံများ အရွက်များက ခယလျက်။

ပိတောက်ပင်ကြီးများဆီမော့ကြည့်လိုက်တော့ မြရောင်လဲပျောက်၊ ရွှေရောင်လဲနှောင့်။ စိမ်းမြမှောင်ကာ ရွှေရောင်တွေလဲ့နေတုန်း တခဏအတွင်းမှာ ရိုးတံကြဲကြဲဖြစ်သွားရှာသည့် ပိတောက်ပင်ကြီးကတော့ သူ့ကို နားလည်စွာ ပြုံးပြီး ငုံ့ကြည့်နေသလို။ လေပြည်နွေးနွေးအောက်က ပိတောက်ပင်ကြီးကို ကျောခိုင်းလျက် လမ်းတလျှောက်ဝေနေသည့် ပန်းပိတောက်ကြွေများပေါ်မှ လှမ်းကာ ပြန်လာခဲ့သည်။


***************

တကယ်ပါ။ မနေ့ကအထိတော့ မြမြဖူးတွေ လဲ့လဲ့ဝေနေခဲ့တာကို သူမှတ်မိနေပါသည်။

စုချစ်

Saturday, April 10, 2010

လေညှင်းထဲက အာအိုင်တီလုလင် သင်္ကြန် (၁၉၉၃ ခုနှစ်)

လေညှင်းထဲက အာအိုင်တီလုလင် သင်္ကြန်
(၁၉၉၃ခုနှစ်)

ဆောင်းအကုန် နွေအကူး လေရူးလေးတွေ တနော့နော့နဲ့ ဆော့မြူးနေတတ်တဲ့ ၁၉၉၃ခုနှစ်ရဲ့ မတ်ခ်ျလ အစ။ အဆောင် ၁အောက်က ကျောင်းသားရေးရာဌာနမှာ ကပ်ထားတဲ့ ကြော်ငြာစာလေးကြောင့် ရွှေစုတို့ သူငယ်ချင်းတွေ တလှုပ်လှုပ် တရွရွနဲ့ အရမ်းကို ပျော်နေကြတယ်။ ဘာတဲ့ ... တက္ကသိုလ်ပေါင်းစုံ သင်္ကြန်ကပွဲကြီး ပြန်လည်ကျင်းပမှာမို့ အာအိုင်တီကျောင်းကို ကိုယ်စားပြု ဖျော်ဖြေဖို့ အဆိုအကမှာ ၀ါသနာပါသူများ၊ ကပွဲ ဆင်နွှဲချင်သူများ အခန်း xx မှာ စာရင်းလာပေးကြပါရန်တဲ့။ ပြီးတော့ စာရင်းပေးတဲ့သူတွေကို တခါထဲအရည်အချင်းစစ်မယ်တဲ့။ ဦးစီးတဲ့ ဆရာ၊ ဆရာမတွေရှေ့မှာ ဗုံတွေတီး၊ ဂစ်တာတွေတီး၊ သီချင်းတွေဖွင့်ပြီး ကခိုင်းမယ်၊ ဆိုခိုင်းမယ်။ သဘောကျရင် ရွေးမယ်ပေါ့။

အဲဒီနှစ် အာအိုင်တီ သင်္ကြန်ကို ဦးစီးတဲ့ဆရာ၊ ဆရာမတွေက မှတ်မိသမျှ ဂျီဟော၊ သဇင် အဆောင်မှုးတွေဖြစ်တဲ့ တီချယ်ဒေါ်ခင်တင့်၊ တီချယ်ဒေါ်တင်ဌေးမူ၊ ဟောကျူတာမမရယ်၊ Textile က ဆရာဦးလှရွှေ၊ Petro က ဆရာဦးဝင်းမြင့်၊ EC က ဆရာဦးဇော်မင်းအောင်၊ Civil က ဆရာဦးအောင်ကျော်မြတ်နဲ့ ဆရာဦးထွန်းမြင့်၊ မော်ကွန်းထိန်းဆရာကြီးတို့ရယ်။ အကသင်ပေးမဲ့သူတွေက ဘယ်သူရှိမလဲ။ အကမှာနိုင်ငံအဆင့် ဆုတွေတသီကြီးရထားတဲ့ ဆရာဦးဇော်မင်းအောင်ရယ်၊ ကျောင်းသူထဲကဆို တိုင်းနဲ့ပြည်နယ်မှာ အကဆုတွေရထားတဲ့ ရွှေစုတို့နဲ့ တဘက်ခ်ျထဲ သူငယ်ချင်း Mechanical က စိုးဥမ္မာကျော်ရယ်။

မ,ဆိုချင် မ,ကချင် ရွှေစုတို့တတွေ အပြေးအလွှား စာရင်းတွေပေး၊ အစမ်းကခိုင်းတော့ မျက်နှာတွေက ပြောင်စပ်စပ်၊ ခြေတွေ ဟိုထိုး ဒီထိုး၊ လက်တွေ ဟိုချိုး ဒီချိုး၊ ခါးတွေ ဟိုကော့ ဒီလိမ်၊ ဒီလိုနဲ့ အကအဖွဲ့မှာ အရွေးခံလိုက်ရလေသတည်းပေါ့။ အရွေးမခံရစရာ အကြောင်းလဲမရှိဘူးလေ။ ဆရာဦးဇော်မင်းအောင်နဲ့က မောင်နှမလို ခင်မင်ရင်းနှီးနေကြတော့ ဒီလူတွေကိုမှ ဆရာမရွေး၊ ဘယ်သူ့ရွေးမလဲနော့...။

ဒါနဲ့... တူးပို့... တူးပို့... အကတွေတိုက်ကြ၊ သီချင်းတွေ ဆိုကြနဲ့ အရမ်းကိုပျော်စရာကောင်းလေသတည်းပေါ့။ ရွှေစုက အကအဖွဲ့ ၃ဖွဲ့မှာဝင်ကတယ်။ ဒါပေမဲ့ တကယ်အကတိုက်တော့ယိမ်းအဖွဲ့ တော်တော်များများထဲမှာ ၀င်ပါပေးရသေးတယ်။ ဘာလို့လဲဆို ဆရာဦးလှရွှေက ရွှေစုကို ထမင်းဂျိုး၊ ဟင်းဂျိုးများ မှတ်ထားလားမသိ...။ အကတိုက်နေချိန် ပျက်ကွက်တဲ့လူနေရာမှာ ညည်းဝင်ကစမ်းဆိုပြီး ခိုင်းတတ်တာ။ စတန်းဘိုင်ပေါ့လေ။ မတော်တဆ တကယ်ကမဲ့ရက်ကြီးမှာ အဲဒီလူ မကနိုင်ရင် ၀င်ကပေးနိုင်တဲ့သူရှိအောင် အားလုံးကို လိုက်ကျင့်ခိုင်းတာ။ တကယ်တော့ ပျော်ချင်လို့သာ မျက်နှာပြောင်ပြောင်နဲ့ဝင်ပါရသာ... ရှက်တော့ ရှက်မိသားတော့။ အကတိုက်တာကို လာကြည့်ကြတဲ့ အာအိုင်တီက ကိုကိုမောင်မောင်တွေအကြောင်းလဲ သိကြတဲ့ အတိုင်းပဲ။ သူတို့က လူပြောင် လူနောက် လူရွှတ် လူ့ဗရုတ်တွေ။ သူတို့ ရှေ့မှာ ကရတာ တကယ်မလွယ်တဲ့အလုပ်။

ရွှေစုတို့ အဖွဲ့ကို သင်္ကြန်အကြိုမတိုင်ခင်ကတဲက ဂျီဟောမှာ ကမ့်သွင်းတယ်။ မှတ်မှတ်ရရရှိတာက အကြိုနေ့ ဘွဲနှင်းသဘင်ခန်းမမှာလုပ်တဲ့ ရီဟာဆယ်။ မနက်၇နာရီ ဘွဲ့နှင်းသဘင် ခန်းမကိုအရောက်ဆိုတော့ မနက် ၃နာရီ မိုးမလင်းခင်ကတဲက ရွှေစုတို့တွေ ကမန်းကတန်း အိပ်ရာက ထကြ၊ မိတ်ကပ်တွေလိမ်းကြပေါ့။ မိတ်ကပ်လိမ်းပေးတာကလဲ ဆရာဦးဇော်မင်းအောင်နဲ့ ဆရာကိုထွန်းမြင့်။ နောက်ပိုင်း ဆရာ၂ယောက်ထဲ လက်မလည် အချိန်မမှီတော့လို့ ကျန်တဲ့ကျောင်းသူတွေကို ရွှေစုတို့တွေ ကူလိမ်းပေးကြရတယ်။ သိဘူးလေ... ကျောင်းသူဘ၀ မိတ်ကပ်ဆိုတာ လိမ်းမှ မလိမ်းဘူးတော့ ... ဆရာလုပ်တာတွေ ကြည့်ပြီး ပိုလှမလားလို့.. စေတနာပါပါနဲ့ ထူလဗြစ်ကြီးတွေ လိမ်းပေးမိတာပေါ့။ နံနက် ၁၀နာရီလောက် ဘွဲ့နှင်းသဘင် ခန်းမမှာ အားလုံး ကပြီးကြလို့ တယောက်မျက်နှာ တယောက်ကြည့်မိကြတော့ မိတ်ကပ်တွေ အတုံးလိုက် အတစ်လိုက်နဲ့ ရဲပဒေါင်းခတ်လို့၊ မျက်လုံးက အမဲတွေ အကွင်းလိုက်နဲ့ အဆီတွေပြန်.. သရဲရုပ်လေးတွေကြလို့... ။

အဲဒီနေ့က ရွှေစုတစ်ယောက် အဆင်မပြေ ဖြစ်လိုက်ပုံများ...။ စင်ပေါ်မှာ ပထမဆုံး စကရတော့ လူကကြောက်ပြီး တီးလုံးနဲ့ ကကွက်တွေနဲ့ တလွဲစီတွေလုပ်နေရော။ ဘာပြောကောင်းမလဲ... စင်ပေါ်မှာ ကနေရင်း ချွေးတွေပြန်၊ ကတာကို ရပ်ပလိုက် မလို့တောင် လုပ်မိသေးတယ်။ ဆရာဦးလှရွှေနဲ့ ဆရာဦးဇော်မင်းအောင်က ရွှေစုဖြစ်ပျက်နေပုံကိုမြင်ပြီး စင်ဘေး လိုက်ကာကြားကနေ ဘာမှ မဖြစ်ဘူး... ဆက်က... ဆက်ကနဲ့ အော်ပေးလို့သာပေါ့။ အတန်းငယ်က ညီမလေးတယောက်ကျတော့ အုပ်စုလိုက်ကနေရင်း ထမီကျွတ်မလိုဖြစ်သွားတယ်။ အချိန်မှီ ဆွဲလိုက်လို့ ကွင်းလုံးတော့မကျွတ်ပါဘူး။ ပြီးတော့ ရွှေစုတို့အားလုံး မေ့ပြီး ခြေအိတ်တွေ စွပ်မလာမိကြတော့ ခြေထောက်တွေက လုံးတီးကြီးဖြစ်နေကြတော့တာပေါ့။

ဒါက ရွှေစု ကဂျိုးကဂျောင်လုပ်ခဲ့တဲ့ အကြောင်းအရင်ပြောပြတာ။ တကယ်က အာအိုင်တီအဖွဲ့မှာ ကတတ်၊ ဆိုတတ် တီးတတ် တဲ့သူတွေလဲ အများကြီး ပါပါတယ်။ အတီးသမားကတော့ တကယ့်ပရို၊ သူ့နံမည်ကို ဘာလို့မှန်းမသိ၊ အခုပြန်စဉ်းစားကြည့်တာ စဉ်းစားလို့ မရတော့ဘူး။ မျက်နှာကိုတော့ မှတ်မိနေတယ်။ အာအိုင်တီက အဆမ်ဘလီဟောမှာ တီးဝိုင်းကို သူတယောက်ထဲနဲ့ လက်စွမ်းပြတီးပေးသွားတာကို အံ့မခန်းပဲ။ပြီးတော့ ရွှေစုတို့ အောက်ဘက်ခ်ျက အဲဒီတုန်းက တီဗီမှာ သီချင်းတွေဆိုနေတဲ့ အေးရယ်၊ ရုပ်ရှင်မင်းသား ဦးထွန်းထွန်းဝင်းရဲ့သား မောင်မောင်ငြိမ်းချမ်းရယ်၊ သီချင်းဆို အရမ်းကောင်းတဲ့ သူငယ်ချင်း ရခိုင်မချောချောလေးရယ်၊ ရှမ်းလေး ကိုခွန်ရယ်၊ ချာခ်ျမှာ အမြဲဆိုနေကြမို့ အဆိုပိုင်တဲ့ သူငယ်ချင်းမိုးနီလာရယ်၊ အကရော အဆိုရော တော်တဲ့ သူငယ်ချင်းလှိုင်မရယ်၊ တင့်တင့်ထွန်းထက်လှအောင် ကတတ်တဲ့ သူငယ်ချင်း တင်သိုက်ရယ်၊ အဲဒီခေတ်က ခေတ်စားနေတဲ့ အေရိုးဗစ်နဲ့ သင်္ကြန်အကကို ဆီလျော်အောင်တွဲကတတ်တဲ့ ညီမလေးမူဆန်းရယ်၊ ရွှေစုရဲ့ သူငယ်ချင်း အရင်းကြီး၃ယောက်နဲ့ကို အာအိုင်တီ သင်္ကြန်က မိုက်နေတာရယ်။

ကြီးကြပ်တဲ့ ဆရာ၊ ဆရာမတွေအားလုံးက အရမ်းသဘောကောင်းကြတယ်။ ဆရာဦးလှရွှေ၊ ဆရာဦးဝင်းမြင့်တို့ တီချယ် ဒေါ်ခင်တင့်တို့တွေနဲ့ဆို သားအမိ သားအဖတွေလို အရမ်းရင်းနှီးသွားခဲ့တယ်။ ဆရာဦးလှရွှေက အရမ်းနောက်တတ်တယ်။ သင်္ကြန်သီချင်းတွေကို တချိန်လုံးပဲ ဖျက်ပြီးဆိုတာ... တီချယ်မာမီဒေါ်ခင်တင့်ကိုဆို ခါးသေးလို့ ရင်ချီတယ် မခင်တင့်ရယ်လို့... ဆိုဆိုပြီး စတတ်နောက်တတ်သေးတာ။ မာမီကတော့ သူ့ခပ်၀၀ကိုယ်လုံးကြီး လှုပ်လှုပ်သွားအောင် တချိန်လုံးရီနေတော့တာပဲ။

တကယ်ကျတော့ ပြည်လမ်းပေါ်မှာ ရှိတဲ့ အဆင့်မြင့်ပညာ ဦးစီးဌာန မဏ္ဍပ်မှာ သင်္ကြန်ရက်တိုင်းကခွင့်မရခဲ့ပါဘူး။ တက္ကသိုလ်ပေါင်းစုံ ကျောင်းတွေက အများကြီးမို့ အလှည့်ကျပဲ ကခွင့်ရတယ်။ ရွှေစုတို့အာအိုင်တီအဖွဲ့က (အမှတ်မမှားရင်) သင်္ကြန်အကျနေ့ မနက်ပိုင်းကို ကရတယ်။ တူးတူးက ကိုယ့်ကျောင်းကမို့ သီချင်းလာဆိုပေးသွားပါတယ်။ အဲဒီမှာ မဏ္ဍပ်တွေကို နံမည်ကြီးအဆိုတော် တယောက်ကလဲ အလှည့်ကျလာပြီး မေတ္တာနဲ့ သီချင်းဆိုပေးလေ့ရှိတယ်လို့ ပြောကြတယ်။ အဲသာနဲ့ ရွှေစုတို့ထဲက ဘယ်သူကမှန်းမသိ စပြီး အကြံပေးတယ်။ အဲဒီ နံမည်ကြီးအဆိုတော်ကို အဖွဲ့လိုက်သီချင်းမှာ အမှတ်တရ ဆိုခိုင်းကြရအောင်ပေါ့။ ဒါဖြင့် ဘယ်အဖွဲ့ရဲ့ သီချင်းကို ရွေးမလဲ စဉ်းစားတော့ ဆရာမြို့မငြိမ်းရဲ့ သင်္ကြန်လုလင်သီချင်းကို ဆိုခိုင်းမယ်ရွေးကြရော။ အမှန်ဆို အဲဒီသီချင်းကို ဆရာဦးဇော်မင်းအောင်က ဆိုပေးထားတာ။ သင်္ကြန်မှာ ဆရာရဲ့ တပုဒ်ထဲသော သီဆိုဖျော်ဖြေမှုပေါ့။ အဲသလို ကိုယ့်အချင်းချင်းတိုင်ပင်ကြတာကို ဆရာဦးဇော်မင်းအောင်ခမျာ မသိရှာဘူး။

ဒါနဲ့ နိုင်ငံကျော်အဆိုတော်ကြီးလာပါပြီဆို ကြည့်လိုက်တော့ ငယ်ငယ်ချောချော ခပ်မိုက်မိုက်လား မှတ်တယ်၊ ကိုယ်တွေကျောင်း အလှည့်ကျမှ ဦးသုမောင်ကြီးဖြစ်နေရောလားဗျာ။ အို... ဦးသုမောင်လဲ ဘာဖြစ်လဲ၊ သူလဲ အဆိုကျော်၊ နံမည်ကြီးစာရေးဆရာ ၊ တသက်မှာတခါ ဦးသုမောင်ဆိုမှာကို တွဲကရတာ အမြတ်၊ ဆိုခိုင်းမှာပဲဆိုပြီး ရွှေစုတို့ထဲက တယောက်က ဦးသုမောင်ကို သူ့တကိုယ်တော် ဖျော်ဖြေမှု အပြီးမှာ သင်္ကြန်လေညှင်းလုလင် သီချင်းကို အာအိုင်တီ ယိမ်းအကအဖွဲ့အတွက် ဆိုပေးပါဆိုပြီး သွားပြောလိုက်တယ်။ သူကလဲ ဆိုပေးပါမယ်ပေါ့။

အဲ... အဲသမှာ အလွဲကြီးလွဲကုန်တော့တာပဲ။ အဲဒီ သင်္ကြန်လေညှင်းလုလင် ယိမ်းက ရိုးရိုးယိမ်းအကမှုတ်ဖူး။ ၀ိုင်အိုင်တီကို သရုပ်ဖော်ထားတဲ့ယိမ်း။ ပထမ အဆိုပိုဒ်မှာ ကနေရင်း ၀ိုင်ကို စာလုံးဖေါ်ကြတယ်။ ပြီးတော့ အတီးပိုဒ်၊ အဲဒီအတီးပိုဒ်မှာ နေရာပြောင်း နောက်ဒုတိယအဆိုပိုဒ်စတော့ အိုင်ကို သရုပ်ဖော်၊ တခါ အတီးပိုဒ်လာတော့ နေရာပြောင်း၊ တတိယအဆိုပိုဒ်လာရင် တီကို သရုပ်ဖော်၊ အဆိုတပိုဒ်၊ အတီးတပိုဒ် နဲ့ ၀ိုင်အိုင်တီစာလုံးကိုဖေါ်... အဲသလို အစီအစဉ်တကျ တိုက်ထားတာရယ်။

အဲသာ ဦးသုမောင်ကလဲ အဲဒီအချိန်မှာ ရေချိန်ကိုက်လို့ နဲနဲယိုင်ချင်ချင်ဖြစ်နေပြီ။ မစခင်မှာ သူ့ကိုဘယ်လိုဆိုရမယ်ဆိုတာ ပြောထားရဲ့သားနဲ့ မေ့သွားတာလား၊ ဒါမှမဟုတ် ပြောတဲ့သူကပဲ သေချာမပြောမိတာလားမသိ။ အဆိုပိုဒ်တွေ ၂ထပ်ကျော့လိုကျော့၊ အတီးပိုဒ်နေရာမချန်ပဲ ဆက်ဆက်ပြီး မျက်လုံးလေးစုံမှိတ်လို့ ဖီးလ်အပြည့်နဲ့ဆိုနေလိုက်တာမှာ... ကတဲ့သူတွေ ဘာတွေဖြစ်လို့ဖြစ်နေကြတယ်ဆိုတာ သူလဲ ဘယ်ရိပ်မိပါ့မလဲ။ ဒီမှာက ပထမဆုံး အဆိုပိုဒ်မှာပဲ ၀ိုင်စာလုံးပေါ်ပြီးသကာလ နောက်ကလိုက်ရမဲ့ အိုင်လဲ ဖြစ်မလာ တီလဲ ဖြစ်မလာ၊ ရွှေစုတို့ ယိမ်းသမတွေလဲ စိတ်တွေလှုပ်ရှားပြီး စင်ဟိုဖက်ထိပ်ပြေးရမလို ဒီဖက်ထိပ်ပြေးရမလို တယောက်တမျိုးစီနဲ့ ၀ရုန်းသုန်းကားတွေကိုဖြစ်ကြတာများ... ကို့ယို့ကားယားတွေ ဖြစ်ကြတာများ... အို... အဲဒီအချိန်က ကိုယ့်မျက်နှာ ဘယ်နားသွားထားရမယ်မှန်းကို မသိ။ ရှက်သာ...။ ရှက်သာ...။ ရွှေစုက ရှေ့ဆုံးတန်းမှာ ကရတာမို့ ရှေ့ကနေ ဘာဆက်လုပ်ရမှန်းမသိ ယောက်ယက်ကိုခပ်နေတော့တာလေ...။

သီချင်းလဲဆုံးလို့ စင်နောက်ကိုလဲရောက်ရော ဆရာဦးဇော်မင်းအောင်က စိတ်တွေကောက်လို့ ချော့ရသေးတာ။ ဟုတ်သား.. သူ့ရဲ့တပုဒ်ထဲသောဖျော်ဖြေမှုကို မစာနာ မထောက်ထားပဲ ဦးသုမောင်ကို ဆိုခိုင်းလိုက်မိကြတာကိုး။ ပြီးတော့ ကကြတာလဲ အိုးနင်းခွက်နင်းတွေ ဖြစ်ခဲ့ကြသကိုး။ အိုး.. သင်္ကြန်ပဲဟာ... ပျော်ဖို့အတွက် အဓိက။ မလှလဲ ပျော်မှာပဲ။ မကတတ်လဲ ပျော်မှာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက ပျော်လိုက်ကြတာများဆိုတာ တော်တော်နဲ့ကို အရှိန်မသတ်နိုင်ဘူး။

ခုနေ ပြန်တွေးမိလိုက်တော့လဲ အဲဒီလို တလွဲတချော်ဖြစ်ခဲ့ကြတာတွေဟာ ပြုံးချင်စရာ အမှတ်တရလေးတွေ ဖြစ်လို့။ ဆရာ၊ ဆရာမတွေ သူငယ်ချင်းတွေအားလုံးကိုလည်း သင်္ကြန်လေညှင်းနဲ့ အတူတူ တစိမ့်စိမ့် လွမ်းဆွတ် အောင်းမေ့ သတိရစိတ်တွေ ဝေလို့...။

စုချစ်

Friday, April 9, 2010

ညိုမြလို့ ခေါ်ခံနိုင်ဘူးဆရာ...

ညိုမြလို့ ခေါ်ခံနိုင်ဘူးဆရာ

ဟေး... နားထောင်သူမရှိပဲ သီချင်းဆိုတာ အီဖေကိုယ်ပါ...
ဝါသနာဆိုတာ တားမရတာ....
း-)

Sunday, April 4, 2010

ချမ်းတုန်ချမ်း

ဖိုးသူတော်ပုတီးပဲ စိတ်နေရတယ်ဆိုတဲ့ ဂျစ် ... အပျင်းပြေ နားညီး ချမ်းတုန်ချမ်းသွားစေဖို့...

ဘလော့ဖတ်လာ မိတ်ဆွေသဟာများ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ တောင်းဆုပြုလျက်....

Thursday, April 16, 2009

သင်္ကြန်အလွမ်း - ၁


ပန်းချီ - ဆရာရွှေစိုးဟန်

အော်... ဘာလိုလိုနဲ့ သင်္ကြန်အတက်နေ့တောင် ရောက်လာပြီနော်။ နက်ဖြန်ဆို နှစ်ဆန်း၁ရက်နေ့... မြန်မာနှစ်သစ်ကူးတော့မယ်။

မြန်မာလူမျိုးများအနေနဲ့ သင်္ကြန်ရောက်ပြီဆို လူငယ်၊ လူရွယ် ဘယ်သူပဲဖြစ်ဖြစ် နည်းနည်းလေးတော့ ရင်ခုန်ကြမှာပဲနော့။ ဧပြီလဆန်းကိုရောက်လာတာနဲ့ တိုက်ခတ်လာတဲ့ လေအေးအေးနွေးနွေးလေးကို ရူရတာတောင် အခါတိုင်းထက် ပိုအရသာရှိသလို၊ ပိုပြီး ကြည်နူးမိသလို၊ လန်းဆန်းလာသလို ခံစားရတယ်။ ပိတောက်ဖူးလေးတွေကို တမော့မော့ကြည့်ပြီး သင်္ကြန်ကျမှ ပွင့်ပါ၊ ကြိုမပွင့်ပါနဲ့လို့ ဆုတောင်းရတာလဲ အမော...။

ကိုယ်တို့ကတော့ ဟိုးငယ်ငယ်လေးကတဲက သင်္ကြန်ဆို ဖေဖေ့နောက်ကလိုက်ရင်း မဏ္ဍတ်တကာကို လျှောက်လည်ဘူးတယ်။ အထူးသဖြင့် မြို့တော်ခန်းမ၊ မီးရထား၊ ယဉ်ကျေးမှု၊ ပညာရေး မဏ္ဍတ်တွေမှာ ရေပက်တယ်၊ အကတွေ၊ အဆိုတွေ ထိုင်ကြည့်ကြတယ်။ ရေပက်ခံတော့ တခါမှ မထွက်ဘူးဘူး။ နည်းနည်းကြီးလာတော့ တခါတခါမှာ တရားစခန်းဝင်ကြရတယ်။ တခါတခါမှာ ရပ်ကွက်ထဲမှာပဲ အုန်းလက် မဏ္ဍတ်လေးလုပ်ပြီး ရေပက်ကြတယ်။ မုံ့လုံးရေပေါ် ၊ မုံ့ကြာစေ့၊ မုံ့လက်ဆောင်း၊ သာကူ၊ စသဖြင့် မျိုးစုံ လုပ်စားကြတယ်။ တနှစ်မှာတော့ တက္ကသိုလ်ပေါင်းစုံ သင်္ကြန်ကပွဲမှာ RIT ကနေ ၀င်ကဘူးသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဆန်း၁ရက်ရောက်ရင်တော့ တအိမ်လုံး ဥပုသ်စောင့်ကြရတယ်။ နက်ဖြန် နှစ်သစ်မှာ မင်္ဂလာရှိစေဖို့ အတွက် အတက်နေ့ညဆို တအိမ်လုံး ရှင်းကြ လင်းကြ၊ ဆေးကြောသန့်ရှင်းကြရတယ်။ နှစ်ဆန်း၁ရက်နေ့ကတော့ အလုပ်အရှုပ်ဆုံးနေ့ပေါ့။ နံနက် ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်ကတဲက အာရုဏ်ဆွမ်းချက်ရ၊ ဘုန်းကြီးကျောင်း နေ့ဆွမ်းချိုင့်အတွက်နဲ့ သီလယူအမှီသွားဖို့ ပြင်ရဆင်ရ၊ လမ်းထဲက ဥပုသ်သည်တွေကို နေ့လည် အချိုပွဲ ကျွေးဖို့အတွက်လည်း မုံ့လုပ်ရပေါ့။

ညနေ၃နာရီလောက်မှာတော့ လမ်းထဲမှာ ဆွမ်း၊ ဆေး၊ ပစ္စည်းလိုက်အလှူခံပြီး လမ်းထောင့်မှာ ကမ္မ၀ါဖတ်ဖို့ အတွက် တာအိုးတွေ တင်ဖို့ ခုံတန်းတွေ၊ ဘုန်းဘုန်းတွေထိုင်ဖို့ ကုလားထိုင်တွေ ပြင်ဆင်ကြရတယ်။ ညနေ၄နာရီလောက်မှာ ကမ္မ၀ါဖတ်ပြီးသွားတာနဲ့ ပစ္စည်းတွေသိမ်းဆည်းပြီး ညနေစောင်း ၆နာရီ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းတွေ ပေါင်းပြီး ဆွမ်းဆန်စိမ်း အလှူခံပွဲကြီးအတွက် အအေး၊ ကွမ်း စတာတွေကို လည်းကြိုတင်စီစဉ်ထားကြရသေးတယ်။ တချို့နှစ်တွေမှာတော့ သက်ကြီးပူဇော်ပွဲတွေ နဲ့ ငါးလွှတ်ပွဲတွေ လုပ်လေ့၊ လုပ်ထရှိကြတယ်။ အဲဒီအခါမှာတော့ ဂျင်ဂျင်လည်အောင် အလုပ်များတဲ့နှစ်ပေါ့။ ကိုယ်တို့အတွက်က အိမ်မှာ အဖိုး၊ အဖွားရှိနေတော့ အတက်နေ့မှာ ခြေသည်း၊ လက်သည်းညှပ်ပေး၊ ခေါင်းလျှော်တာတွေ အထူးပြု လုပ်ပေးလေ့ရှိတယ်။ အထူးပြုလို့ ပြောရတာက ပုံမှန်နေ့တွေမှာ လည်း လုပ်ရိုးလုပ်စဉ် ဖြစ်နေလို့ အဲဒီနေ့မှာ လုပ်တာက အမွှေးနံ့သာတွေနဲ့ အထူးပြုပြင်ထားတဲ့ ခေါင်းလျှော်ရည်၊ အ၀တ်အစားအသစ် စတာတွေ ကြောင့်ပေါ့။

ဒီနှစ် သင်္ကြန်အတက်နေ့က ကြာသာပတေးနေ့ဖြစ်လို့ ကြာသာသတေးသားသမီးတွေ တာစားတယ်လို့ ပြောရမယ်။ ဒီနေ့မှာ ကြာသာပတေးသားသမီးတွေဆိုရင် ခေါင်းဆေးမင်္ဂလာပြုလုပ်ရတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကို ကြာသာပတေးနေ့နံနဲ့ လုပ်ထားတဲ့ တာအိုးပို့ရတယ်။ တာအိုးအတွက်ကို အိမ်ကခြံထဲမှာ အသီးအပင်အစုံရှိတော့ (ဇီးပင်၊ ဒူးရင်းပင်က အစရှိတယ်။) လမ်းထဲကသူတွေတော်တော်များများက သူတို့တာအိုးအတွက် ဘာမှ ပူစရာမလိုပဲ၊ ခြံထဲက အဖူး၊ အပွင့်၊ အရွက်လေးတွေနဲ့ အလုပ်ဖြစ်သွားကြတာ များတယ်။

ခုတော့ မြန်မာသင်္ကြန်ကို မဆင်နွဲရတာ ၁၃နှစ်တောင်ရှိခဲ့ပါပြီ။ ရေမြေဘယ်လောက်ခြားခြား၊ အချိန်ကာလတွေ ဘယ်လောက်ပင်ကြာငြောင်းသော်လည်း ကိုယ့်အသည်းထဲက ရိုးရာသင်္ကြန်ရနံ့နဲ့ ရင်ခုန်သံကတော့ အမြဲပဲစွဲထင်ကျန်နေရစ်ဦးမှာပါ။

Monday, April 14, 2008

သင်္ကြန်အတွေး


ဟေ့ ကြားလိုက်ရဲ့လား..... ...... အာ ...... ဟာ......
နှစ်သစ်ရောက်ပြီ ...... ...... ......Yo! ......
တန်ခူးလရဲ့ နွေးထွေးမှုနဲ့အတူ ......
ခါသင်္ကြန်မိုးတွေ ရွာတော့မယ်နော် ......
သကြားမင်းကြီးရဲ့ ခွင့်ပြုချက်နှင့်အတူ
စွယ်တော်ရိပ်မောင်တို့ လာခဲ့ပြီ ...... ......
မျှော်နေတာလဲကြာခဲ့ပြီ ..... တို့သိတာပေါ့
သင်္ကြန် အတွေးတွေ ရင်မှာနွေးဆဲ ......
အသဲမှာအိပ် ...... အတိတ်ပုံပြင် ......
မနှင်ရက်ရက် ...... သက်ထက်စိုးအိမ်
အချိန်မှီနိုး ..... ဟိုးအဝေးက ......
ပိတောက်ရနံ့တို့ ..... မင်းတို့ဆီကို .....ပို့မည်အရောက် ......
ပျောက်သောလမ်းတွေ ...... ရှာတွေ့ခဲ့ပြီ ......
၂၀၀၈ ခု စွယ်တော်ရိပ်ရဲ့ ......သံချပ်အဖွဲ့ ......
နားဆင်လိုက်တော့ ပရိပ်သတ်တို့ ......
Yo! ...... Yo! ...... Yo! ......

******************************************

ဟုတ်တာတွေပြော...မှားတာတွေကိုပြင်...ကောင်းတာတွေကိုလုပ်...
စွယ်တော်ရိပ်ရဲ့ သံချပ်ကို ကျွန်တော့် စကားလုံးများနဲ့ .....ပြောပြမယ် .....
Yo!......Yo!.......
Sydney မှာနေတဲ့ ဘ၀အတွေး ......
အိမ်ကြွေး......ကားကြွေး.....အခွန်ကြွေး......
ကျောင်းကြွေး နဲ့ ယောက္မမကြွေး.....
အကြွေးတွေပေးနေရ .....
အကြွေးနဲ့ ကုန်ဈေးနှုန်း သမုဒ္ဒရာထဲမှာ ယက်ကန်ယက်ကန် နဲ့ ကူးနေရသလိုပဲ......
Yo!......
ဒါနဲ့ ကျွန်တော့် စိတ်တွေပျော်စေဖို့...
Bondi Beach ကိုသွားကြည့် ...
Bikini နဲ့ မိန်းကလေးတွေ တွေ့တော့ ဟီဟိ...ပီတိ...
Sydney မှာ ရင်ခုန်တာ ငြီးစီစီ ဖြစ်...
ပင်ပန်းလာလို့...
ဝေဟင်ခရီးက...ငွေယာဉ်ပျံကြီးစီးပြီး
ရွှေပြည်မြန်မာကို အပန်းဖြေ ခရီးထွက်လိုက်တော့...
Yo!.....
တွေ့ရတဲ့ မြင်ကွင်းတွေ ပြောရဦးမယ်.....
လမ်းတွေကလည်း ပျက်ပျက်.....
လျှပ်စစ်မီးတွေကလည်း ပျက်ပျက်.....
ဆန်ပြုတ်နဲ့ ပဲပြုတ်ဆိုတာ..သဌေးစာ ဖြစ်လို့နေပေါ့...
ကျွန်တော့်စိတ်တွေလည်း ပျက်ပျက်...
သူတို့ပြောတဲ့ စကားတခွန်းရှိသေးတယ်....
ဟို အပွင့်ကြီးနဲ့ သမီးကတော့ စိန်တွေစီ...
ပြည်သူတွေကတော့ ငတ်လို့မဆုံးတဲ့....
Yo!....
သမုဒ္ဒရာ ၀မ်းတထွာအတွက် လှုပ်ရှားရတဲ့
ကျွန်တော့်ညီကိုတွေတွေ့တော့...
ရင်ထဲမှာ မချိမချိ...
လိုနေတာက အသိအသိ....
Land Cruiser နဲ့ Aircon ကားတွေစီးပြီး...
ဟိုကောင်မလေးတွေအတွက်
ငွေကို...ရေလိုသုံးနေတဲ့ ဟိုလူကြီးတွေကို တွေ့တော့
ကျွန်တော့် ရင်ထဲမှာ ကလိကလိ...
နေရတာလဲ သတိသတိ.......
ဆေးရုံ ဆေးခန်းမှာ ဆေးဆိုတာလဲ မရှိမရှိ...
ပညာရှင်တွေ အားလုံးလဲ ....
Go!...Went!...Gone!....Yo!....
ဘယ်တော့များမှ တိုးတက်ပြောင်းလဲမယ်ဆိုတာ..
ဘယ်သူမှလဲ မသိမသိ..ဆိုတော့...
ကျွန်တော့အတွက် အားကိုးစရာ တခုပဲရှိတယ်....
Oh..God!...Please.....Please.....!
ပြောစရာတွေ ရင်ထဲမှာ များများ...
စွယ်တော်ရိပ်ရဲ့ စကားလုံးများ....
ကျွန်တော့် စိတ်ကူးအိမ်မက်ထဲက
မြန်မာပြည်ကြီးကတော့ အမြဲတန်းလှနေမှာပါ....
Yo!...
ဟုတ်တာတွေပဲပြော...မှားတာတွေကိုပြင်...ကောင်းတာတွေကိုလုပ်...
နှစ်သစ်ဆိုတာ မင်္ဂလာပါ...
ဒို့မြန်မာတွေ..မျှော်လင့်ချက်အသစ်..အတွေးသစ်နဲ့...
ချစိချစ်ခင်ခင်...ကြင်ကြင်နာနာ....ပျော်ပျော်ရွှင်ရွှင်....
လှပတဲ့ အနာဂတ် အသစ်ကို..
အတူတူရောက်ဖို့..စွယ်တော်ရိပ်ရဲ့ ညီအကိုတို့က ...
သံချပ်လေးနဲ့...ပြောသွားပြီ....
Yo!....Yo!....Yo!....Yo!....


(Sydney သင်္ကြန် ၂၀၀၈)
ပေးပို့သူ - ဒွန်း