Showing posts with label စာအုပ်စင်. Show all posts
Showing posts with label စာအုပ်စင်. Show all posts

Tuesday, December 17, 2013

ရှစ်စပ်က ဂျင်ခြေလည်သူ (စာအုပ်အညွှန်း)

Harold Robbins 
(May 21, 1916 – October 14, 1997)

ဟာရိုးရော်ဘင် (Harold Robbins) ရေးပြီး အထောက်တော်လှအောင် ဘာသာပြန်ခဲ့တဲ့ ရှစ်စပ်က ဂျင်ခြေလည်သူ (The Carpetbaggers) စာအုပ်ဟာ ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ စာဖတ်သူအများဆုံး စာအုပ်တွေထဲက နံပါတ်၎ နေရာမှာရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနောက်တိုင်းနာမည်ကျော်စာရေးဆရာတွေက များသောအားဖြင့် သူတို့ဖန်တီးတဲ့ဇာတ်လမ်းတွေကို လူတွေ အထူးစိတ်ဝင်စားအောင် နဲ့ စာအုပ်ရောင်းအားကောင်းအောင်လုပ်တဲ့နေရာမှာ စာအုပ်ထဲကဇာတ်လိုက်တွေကို အပြင်မှာတကယ်ရှိတဲ့ နာမည်ကျော်ကြားလူသိများသူတွေနဲ့ ကိုယ်စားပြု ဇာတ်အိမ်ဖွဲ့ပြီးရေးလေ့ရှိကြပါတယ်။ ဒီစာအုပ်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျိုနပ်စ်ကော့ ဂျူနီယာ ဆိုတာ နာမည်ကျော်အမေရိကန်သူဌေးကြီး (Howard Hughes) ဟောင်းဝပ်ဟူးစ် ဘဝကို စံထားပြီး ရေးထားတာပဲဖြစ်တယ်။ သန်းပေါင်းများစွာကြွယ်ဝတဲ့ သူ့အဖေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အသက်၁၈နှစ်ကစလို့ အမွေ ဆက်ခံခဲ့တဲ့ ဟောင်းဝပ်ဟူးစ်ဟာ လေယာဉ်ပျံ ပေါ်ဦးစကတည်းက လေယာဉ်စက်ရုံတွေ တည်ထောင်ခဲ့ပြီး လေယာဉ် ဒီဇိုင်းအသစ် အမျိုးမျိုးကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ သူ့ကိုယ်ပိုင်စက်ရုံက တီထွင်ထားတဲ့ လေယာဉ်တွေ ကိုယ်တိုင်စမ်းသပ်မောင်းနှင်ပြပြီး အမောင်းစံချိန်သစ် တင်နိုင်ခဲ့တဲ့ စွန့်ဦးစွန့်စားလိုစိတ်ရှိသူ တစ်ယောက် ဖြစ်တယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ  ထုတ်လုပ်သူလည်း လုပ်ခဲ့ပြီး ဟောလိဝုဒ်က နာမည်ကြီး မင်းသမီးချောများနဲ့ ထည်လဲတွဲ ရည်းစားများသူ မိန်းမပွေသူ ရှုပ်သူ အဖြစ် နာမည်ကြီးခဲ့ပါတယ်။

 Howard Robard Hughes, Jr. 
(December 24, 1905 – April 5, 1976) 

မြန်မာမှာ ကုဋေရှစ်ဆယ် သူဌေးသားဆိုတဲ့ ပုံပြင်လေး ရှိပါတယ်။ အဲ့ဒီပုံပြင်မှာ မိဖတွေဆုံးပါးသွားတော့ အမွေမြောက်မြားစွာရခဲ့တဲ့ သူဌေးသားဟာ အတတ်ပညာဘာမှမရှိ ဘာအလုပ်ကိုမှလည်း မည်မည်ရရ ကြိုးစားမလုပ် ဘေးနားမှာရှိတဲ့ မြှောက်စားပေါင်းစားသူတွေရဲ့ဒဏ်နဲ့ နောက်ဆုံးတော့ လမ်းဘေးမှာ ဆင်းရဲငတ်ပြတ်ပြီး သေဆုံးသွားတယ်။ ဟောင်းဝပ်ဟူးစ်လည်း သူ့အသက် ၁၈နှစ် ပညာမစုံသေးခင်မှာပဲ မိဖ၂ပါးလုံး ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမဲ့ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဌေးသားလို ထင်သလို ပျော်ပါးသောက်စားသက်သက်နဲ့ ဘဝကို ရေစုန်မျှောမပစ်ပဲ စီးပွားရေးလုပ်ငန်းပေါင်းစုံ တည်ထောင်ပြီး ဒီထက်မက ချမ်းသာကြွယ်ဝအောင် စွမ်းဆောင် ကြိုးစားလို့ သူ့ကိုယ်ပိုင် အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်။ ရိုဘင်ရဲ့ဇာတ်ကောင် ဂျိုနပ်စ်ကော့ဟာလည်း သူ့ အသက် ၁၈နှစ်မှာ မိဖတွေ ဆုံးပါးပြီး တစ်ကောင်ကြွက်ဖြစ်ခဲ့ပေတဲ့ တစ်ပါးသူရဲ့ ချုပ်ကိုင်မှုကို မခံ၊ မြှောက်ပင့်မှုတွေကို အရေးမထား၊ ဘဝကို အရှုံးမပေးပဲ ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် အံတုခဲ့တာတွေ၊ ငွေရဖို့အတွက်ဆို ဘယ်သူ့ကိုမှမညှာနိုင် ဘီလူးစီး စီးသလို အချင်းချင်းလည်လှီးခုတ်ထစ်ပြီး လောဘဇောတိုက်နေကြတဲ့ အမေရိကန်စီးပွားရေးလောကကို ခိုင်မာတဲ့စိတ်ဓါတ်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဘယ်လိုအံတုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာတွေ အားကျအတုယူဖွယ်ရာ ဇာတ်လမ်းဖွဲ့ရေးသားထားပါတယ်။

ဂျိုနပ်စ်ကော့အပြင် စာဖတ်သူတွေကို ဆွဲဆောင်သွားတဲ့ တခြားအဓိကဇာတ်ကောင်တွေကတော့ သူငယ်စဉ်ကတည်းက သူ့ကိုသားအရင်းလို ချစ်မြတ်နိုး ပြုစုစောင့်ရှောက်ခဲ့တဲ့ နီဗားဒါးစမစ်၊ ဂျိုနပ်စ်ဘဝမှာ တစ်သက်တာလုံး အတွက် ချစ်မြတ်နိုးခဲ့ရတဲ့ ချစ်ဦးသူ ဒါပေမဲ့ သူ့မိထွေးဖြစ်သွားတဲ့ ရီနာမာလိုး၊ ရိုးသားကြိုးစားတဲ့ ဂျူးလူမျိုး ဒေးဗစ်ဝုဖ်နဲ့ အတ္တကြီးမားလွန်းတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူ့ဦးလေးနော်မန်၊ ဘဝအမှောင်ထဲ မမျှော်လင့်ပဲရောက်ရာက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဖြစ် အဲဒီကနေ ဘဝဟောင်းရဲ့အရိပ်မဲကြောင့် အေးချမ်းတဲ့ သာသနာပြု သီလရှင်ဘဝကို ကူးပြောင်းသွားတဲ့ သနားစရာကောင်းလှတဲ့ ဂျင်နီဒင်တန်။

ဒီစာအုပ်မှာ အနောက်တိုင်းက နာမည်ကျော် ဇာတ်လမ်းတွေရဲ့ သဘောသဘာဝအရ မိန်းမကိစ္စ အညှီအဟောက်တွေနဲ့ ရက်စက်တဲ့လက်စားချေမှုတွေ စသဖြင့် ကိုယ့်မြန်မာ့ယဉ်ကျေးမှုမျက်စိနဲ့ မကိုက်ညီတဲ့ ဇာတ်ကွက်တွေတော့ တွေ့ရမှာပဲ၊ ဒါပေတဲ့ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်စရိုက် ပီပီပြင်ပြင် နိုင်နိုင်နင်းနင်းရေးသားနိုင်မှု အတတ်ပညာကို စာရေးချင်တဲ့သူတွေ လေ့လာနိုင်သလို၊ လူငယ်တွေအတွက်တော့ စီးပွားရေးမှာ ကိုယ့်အားကိုယ်ကိုးပြီး စွမ်းစွမ်းတမံ ဘယ်လိုမျိုး ကြိုးစားအားထုတ်မှုတွေ လုပ်ရမယ်ဆိုတာတွေ အတုယူအားကျစေနိုင်ပါတယ်။ ကိုယ့်စီးပွား ငွေတစ်မျက်နှာအတွက် ကိုယ့်သွေးရင်းသားရင်းကိုမှ မညှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ချင်တာတွေ၊ မိမိ အာဏာတည်မြဲရေးအတွက် တခြားသူတွေရဲ့ဘဝကို နင်းခြေသွားရက်တာတွေ... စတဲ့ လောဘ ဒေါသ မောဟတွေရဲ့ ဆိုးယုတ်မှုတွေကိုလည်း ကြည့်တတ်ရင် တွေ့နိုင်ပါသေးတယ်။ ဆရာမြဟောပြောဖူးတဲ့ ရပ်စကင်းရဲ့စကားလိုပဲ စာတစ်အုပ်မှာ ပါနေတာ ရွှေတွေချည်းပဲလည်း မဟုတ်ဘူး၊ ကျောက်ဖြုန်းတွေချည်းပဲလဲ မဟုတ်ဘူး၊ ဒီတော့ စာတစ်အုပ်ဖတ်တဲ့အခါ အဲ့ဒီထဲက မလိုတဲ့ ကျောက်ဖြုန်းတွေကိုဖယ် ကိုယ့်အတွက် အကျိုးရှိစေနိုင်တဲ့ အဖိုးထိုက်တန်တဲ့ ရွှေကိုသာမြင်ပြီး ယူတတ်ရမယ်။

ကျွန်မ အသက်၁၈နှစ်လောက်က ဒီစာအုပ်ကို ပထမဦးဆုံး ဖတ်ခဲ့ဖူးပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ နောက်တစ်ခေါက်ပြန်ဖတ်တော့ အံ့သြစရာ ကျွန်မ မမေ့မလျော့ မှတ်မိနေတဲ့ ဇာတ်ကောင်ဟာ အဓိက ဇာတ်ကောင် ဂျိုနပ်စ် မဟုတ်ပဲ နီဗားဒါးစမစ်၊ ဒေးဗစ်ဝုဖ်နဲ့ ဂျင်နီဒင်တန် တို့ပဲ ဖြစ်တယ်။ ရီနာကိုလည်း သနားစရာကောင်းတဲ့ ဇာတ်ရုပ်အဖြစ်ကလွဲလို့ သူ့အကြောင်းက ခေါင်းထဲ အမှတ်ထင်ထင် မကျန်ရစ်ဘူး။

နီဗားဒါး စမစ်က လူဖြူအဖေ ရက်အင်ဒီယန်းအမေ တို့က မွေးဖွားလာသူ  ဇွဲသတ္တိ ခွန်အား အပြည့်နဲ့ ရဲရင့်တဲ့ လူငယ် တစ်ယောက်ဖြစ်တယ်၊ တစ်နေ့ သူ့အဖေနဲ့ အမေကို သတ်မဲ့လူဆိုးတွေကို လူဆိုးတွေမှန်း မသိပဲ သူကိုယ်တိုင် သူ့အိမ်သွားတဲ့လမ်း ပြမိလိုက်တယ်။ အဲ့ဒီလူဆိုးတွေကို သူ့လက်နဲ့ ပြန်လက်စားချေခဲ့ပြီးနောက် ဝရန်းပြေးဖြစ်တဲ့အခါ သူ့ နောက်ကြောင်းကို ဖျောက်ဖျက်လိုက်ပြီး ဂျိုနပ်စ် အဖေဆီမှာ အလုပ်ဝင်လုပ်ရင်း ဂျိုနပ်စ်ကို သားအရင်းလို ပြုစု စောင့်ရှောက်ခဲ့သူဖြစ်တယ်။ နီဗားဒါးစမစ်က လူဆိုးတွေကို ပြန်သတ်တဲ့ အခန်းမှာ
ကျွန်မဟာ လူငယ်ပီပီ လူငယ်တို့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့  လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ဖူးတာ မှတ်မိနေပါတယ်။ ခုချိန်ထိ မမေ့မလျော့ ရှိနေတဲ့ စကားတစ်ခွန်းက နီဗားဒါးစမစ်ရဲ့အမေကို လူဆိုးတွေက အင်ဒီယန်း အရေဆုတ်ဖို့ အရှင်လတ်လတ် ကိုယ်ကို ဓါးနဲ့ခွဲတော့ မိန်းမပေမဲ့ လူဆိုးတွေကို ဘာမှတောင်းပန်ငိုယိုနေတာတွေ မလုပ်ပဲ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ပြောလိုက်တဲ့ စကားတစ်ခွန်းပါပဲ၊ အဲဒါကတော့ ... " ကျွန်မ မကြောက်ပါဘူး၊ သူတို့ အကုသိုလ်နဲ့ သူတို့ သွားကြမှာပါ " ။ ကျွန်မဟာ သတ္တိရှိတဲ့ မိန်းမတွေကို အစဉ်အမြဲ လေးစားတယ်။

ဒုတိယ ကျွန်မမှတ်မိနေတဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ ဒေးဗစ်ဝုဖ်ပဲဖြစ်တယ်၊ ဒေးဗစ်ဝုဖ်က ဂျူးလူမျိုး၊ သူ့ အဖေနဲ့ အမေ ဂျာမဏီကထွက်ပြေးလာပြီး အမေရိကန်ရောက်မှ သူ့ကိုမွေးခဲ့တယ်၊ သူ့အဖေဟာ အဝတ်ဟောင်းရောင်းသူ အဖြစ် ခက်ခက်ခဲခဲ အသက်မွေးရတယ်၊ အဲ့ဒီအချိန် သူ့အမေရဲ့ အစ်ကို ဖြစ်သူ ဦးလေး နော်မန်က ဂျာမဏီကနေ အစောကြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ အမေရိကန်ရုပ်ရှင်လုပ်ငန်းမှာ သန်းကြွယ်သူဌေးဖြစ်နေပြီ။ သူဌေးမဖြစ်ခင်ကတော့ သူ့အဖေရဲ့ မရှိမဲ့ရှိမဲ့ အဝတ်ဟောင်းရောင်းရတဲ့ ငွေထဲက ဦးလေးနော်မန်ကို ထောက်ပံ့ခဲ့ဖူးပေတဲ့ သူ သူဌေးဖြစ်တဲ့အခါ ဒေးဗစ်အလုပ်တောင်းတာတောင် မပေးချင်ပဲ နောက်ဆုံး မတတ်သာတော့မှ ဘယ်သူမှ မသွားချင်တဲ့ ကုန်လှောင်ရုံတစ်ခုမှာ ခွေးစားစား နွားစားစားဆိုပြီး အလုပ်ပေးခဲ့တယ်။ ဒေးဗစ်က ဉာဏ်ကောင်းတယ်၊ လာဘ်မြင်တယ်၊ စီးပွားရေးအမြင်ရှိတယ်၊ သတ္တိရှိတယ်၊ ကျွန်မသဘောအကျဆုံး မမေ့နိုင်တဲ့ ရင်တထိတ်ထိတ်နဲ့ ဖတ်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ခုကတော့ သူ့ဦးလေးရဲ့ ကုန်တိုက်ကို ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာ လောဘကြီးတဲ့ ပလက်ဖောင်းလူကြီးရယ်၊ ထင်သလို ချယ်လှယ်နေတဲ့ ဖိုမင်ရယ် အလုပ်သမားတွေနဲ့ရယ်ကို သူရင်ဆိုင်ဖြေရှင်းခဲ့တာတွေကိုပဲ။

ရင်နာနာနဲ့ မှတ်မိနေတဲ့ နောက်ဇာတ်ကောင်တစ်ယောက်အကြောင်းကတော့ သနားဂရုဏာသက်စရာကောင်းလှတဲ့ ဂျင်နီဒင်တန်နဲ့သူ့အဖေတို့ရဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်တယ်။ ဆင်းရဲလှတဲ့ မျက်နှာမွဲ သားအဖတတွေ ဒုက္ခရောက်ပြီး ကူသူမဲ့ဖြစ်ခဲ့ပုံတွေ၊ ဂျင်နီ မတရားစော်ကားခံရမှန်းသိသိကြီးနဲ့ အကျင့်စာရိတ္တကောင်းမွန်တယ်ဆိုတာလည်း ယုံကြည်ပါလျက်ကနဲ့ သူ့ရဲ့ဆရာတွေဖြစ်တဲ့သီလရှင်တွေကအစ၊ သူတို့တွေ ယုံကြည်လေးစားစွာ ကိုးကွယ်ခဲ့တဲ့ဘုန်းတော်ကြီးပါမကျန် ဘယ်သူကမှ သူတို့ဘက်မှာ ရှိမနေခဲ့ဘူး။ သာသနာပြု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့သူပဲ ဖြစ်ဖြစ်၊ လူသားတွေရဲ့စိတ်ထားမြင့်မြတ်လာအောင် တရားဟောနေပါဆိုတဲ့ဘုန်းတော်ကြီးပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ လူဆိုတာ ငွေရှိသူ အာဏာရှိသူ မျက်နှာဖက်ကိုသာ လိုက်ပါချင်တတ်တဲ့ အကျင့်ရှိသူတွေပါလားဆိုတာ နားလည်မိတော့တယ်။

ဒီဇာတ်ကောင်တွေကို မမေ့မလျော့ ထူးထူးခြားခြား ကျွန်မ မှတ်မိနေတာ အကြောင်း တစ်ခုထဲကြောင့်ပါပဲ။ ကျွန်မက မကြောက်တတ်တဲ့သူတွေ (no fear) ကို သဘောကျလေ့ရှိတယ်၊ လောကမှာ မကြောက်တတ်ဖို့ဆိုတာ မှန်မှန်ကန်ကန်ရပ်တည်တဲ့လူ (upright) ဖြစ်ဖို့လိုပါတယ်။



First edition cover

စာ အညွှန်းလဲ ရှည်နေပြီဆိုတော့ စာအုပ်နာမည်လေး အကြောင်း ခံစားမိသလို ပြောပြီး နိဂုံးချုပ်ပါမယ်နော်။ ဟာရိုးရော်ဘင် (Harold Robbins) က သူ့စာအုပ်ကို ပေးထားတဲ့ နာမည် Carpetbaggers ရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ့်နယ်မဟုတ်တဲ့ စီးပွားရေးနယ်ပယ်သစ်ကို ချဲ့ထွင်သူ ဒါမှမဟုတ် စီးပွားရေးကို အောင်မြင်အောင် မျိုးစုံလုပ်သူ လို့ ခပ်တိုတိုပြောရမယ်နဲ့ တူတယ်။

ဆရာအထောက်တော်လှအောင်ရဲ့ စာအုပ်နာမည်လေးကို ပိုသဘောကျမိပါတယ်၊ ရှစ်စပ်က ဂျင်ချေလည်သူ တဲ့...။ တောင်သူဦးကြီးတွေ လယ်ထွန်တဲ့အခါ ထွန်တုံးမှာတတ်ထားတဲ့ ထွန်သွားနဲ့ အရပ်ရှစ်မျက်နှာ အသွားအပြန် လွန်းထိုးပြီး ထွန်ရေးညက်တဲ့အထိ နှံ့စပ်အောင် ထွန်ရပါတယ်။ အဲ့ဒီ ထွန်သွားက မြေကြီးကို ယက်တဲ့အခါ ဂျင်လည်သလိုမျိုး လည်နေတာပေါ့၊ မွမွညက်ညက်ဖြစ်တဲ့ လယ်ကို ရနိုင်ဖို့ အဲ့ဒီဂျင်လေးက လယ်အစပ် ရှစ်စပ်ကို နှံ့အောင်ရောက်နေသလို အရာရာနှံ့စပ်တဲ့သူ ကျွမ်းကျင်လည်ပတ်တဲ့သူကို ရှစ်စပ်ကဂျင်ခြေလည်သူလို့ မြန်မာတွေက ခိုင်းနှိုင်းပြီးပြောကြပါတယ်။ နောက်တစ်ခုက အလုပ်အလွန်များတာကို ဂျင်ချေလည် လို့ မြန်မာအဘိဓါန်က ဖွင့်ဆိုပါတယ်။

စာကောင်းပေမွန်များ ဖတ်ခြင်းဖြင့်
ဖြောင့်မတ်မှန်ကန်သော စိတ်ဓါတ်ခွန်အားများ တိုးပွားကြပါစေ။ 

ကိုးကား။
ရှစ်စပ်က ဂျင်ခြေလည်သူ (အထောက်တော်လှအောင်)
http://www.biography.com/people/howard-hughes-9346282
http://en.wikipedia.org/wiki/Howard_Hughes
http://en.wikipedia.org/wiki/Harold_Robbins
http://en.wikipedia.org/wiki/The_Carpetbaggers


မေတ္တာဖြင့်... မရွှေစု

 ++++

Saturday, July 20, 2013

ကြယ်တာရာ နဲ့ ကောက်ကြောင်းများ


စာအုပ်တစ်အုပ်ဖတ်ပြီးရင် စာအုပ်ထဲက သဘောကျစရာ အကြောင်းတွေ နဲ့ အဲ့ဒီစာအုပ်ကနေ ဖြန့်ထွက် စဉ်းစားမိတာတွေက အများကြီးပဲရယ်...။ ငယ်တုန်းကတော့ စာဖတ်ပြီးလျှင် ပြီးခြင်း ကိုယ်ကြိုက်တာလေးတွေ ရေးမှတ်ထားဖို့ ကိုယ်တွေးမိတာလေးတွေ ပြန်ချရေးဖို့ အချိန်တွေ အများကြီးပေးနိုင်ခဲ့တယ်။ ခုများတော့ စာဖတ်ဖို့ကိုတောင် ရှိသမျှ အချိန်ထဲကနေ ဖဲ့ပြီး ငဲ့ပြီး လုပ်နေရတာဆိုတော့ အရင်ကလို အချိန်ပေးပြီး စာရေး မှတ်တာတွေမျိုး မလုပ်နိုင်တော့ဘူးရယ်... ။

ဒီညနေ ထမင်းစားပြီး ဆရာမောင်သာချိုရဲ့ ဖျတ်ခနဲ တွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ နဲ့ ခေတ်ပြိုင်ခဲခြစ် ကောက်ကြောင်းများ ဆိုတဲ့ စာအုပ်တွေကို ဖတ်နေတာ၊ ဆရာမောင်သာချိုရဲ့ လက်ရာကို အတော်လေး သဘောကျမိလို့ ရေးချင်တာလေး စိတ်ထဲ ပေါ်လာတုန်း မေ့မသွားခင် ကွန်ပြူတာ ကမန်းကတန်း ဖွင့်ပြီး ရေးရတယ်။

လူပုဂ္ဂိုလ်တွေအကြောင်း သရုပ်ဖော်ရေးသားတဲ့ နေရာမှာ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ ဆရာကြီးဒဂုန်တာရာ ရဲ့ ရုပ်ပုံလွှာ စာအုပ်မှာ သူ့ရုပ်ပုံလွှာတွေကို ပုံဖော်ရာမှာတဲ့... သူ့ရင်ထဲ ရှိန်းရှိန်းရှရှ ခံစား စွဲငြိထားတဲ့ သင်္ကေတ ကို ပြန်လည် ဖော်ကျူးခြင်းလို့ ပြောဖူးတယ်။

မောင်သာချိုကတော့ သူ့စာပေဘ၀ခရီးမှာ ထိတွေက်စပ်ခွင့်ရတဲ့ စာရေးဆရာတချို့ရဲ ရုပ်ပုံကို ရေးခြစ်ပုံဖော်ထားတယ်။ အဲဒီ စာရေးဆရာတွေနဲ့ အမှတ်တရ အဖြစ်အပျက်တွေ၊ စာရေးဆရာတွေရဲ့ ဘ၀ အစိတ်အပိုင်းတွေ၊ ပုဂ္ဂလိက စရိုက် သဘာဝတွေ၊ ထူးခြားတဲ့ စိတ်နေစိတ်ထားတွေကို ရေးဖွဲ့ထားတာ အတော်လေး ပြောင်မြောက်တယ်...။ ကာတွန်းငွေကြည်က ပြောဖူးတယ်၊ ဆရာသော်တာဆွေနဲ့ တွေ့တော့တဲ့ မင်းဆွဲတဲ့ ငါ့ ကယ်ရီကေးချားပုံက လက်ရာမြောက်ပြီး ငါနဲ့ တူလိုက်တာဆိုတာ မပြောပါနဲ့တော့ဟေ့... အပြင်က ငါ သော်တာဆွေ အစစ်တောင် ကာတွန်းထဲကပုံနဲ့ တူအောင် လိုက်နေပေးရတယ်... မဟုတ်ရင် သော်တာဆွေ အစစ်မဟုတ်တော့မှာ စိုးလို့တဲ့...။ ဆရာမောင်သာချို အရေးအဖွဲ့ဖတ်ရတာ အနုပညာ ရသမြောက်လွန်းတော့ ဖတ်နေရင်း စိတ်မကောင်းဖြစ်ရ စိတ်မောရ လွမ်းရဆွေးရ တခါတလေကျတော့လည်း ပြုံးရယ်ရ နဲ့ ... သူတို့ဘ၀ထဲကိုလည်း ကိုယ်တိုင် လိုက်ပါ စီးမျော မိသလိုပါပဲ။ သူ့စာဖတ်ရင်းနဲ့ ကိုယ်သိတဲ့ ဆရာအကြောင်းဆို... အို... တူလိုက်တာ... အစစ်ပဲ အစစ်ပဲ လို့လည်း ထအော်နေမိပါသေးရဲ့... ။ ကဲ... သူရေးဖွဲ့ထားတာ ကြည့် ကြည့်ပါဦး။

ပါးစပ်နဲ့ သူကားမောင်းပြသလို လိုက်မောင်းပေးရလို့ အိမ်မှာ ဒရိုင်ဘာ မမြဲ... ဆိုတဲ့ ဆရာနိုးအကြောင်းကို သူက ဒီလိုရေးပြတယ်...။

ဆရာမောင်သာနိုး ပါးစပ်ဖြင့် ကားမောင်းပုံကို မြင်ယောင်မိကာ ပြုံးချင်ချင် ဖြစ်လာခဲ့သည်။ ဆရာတစ်ယောက် စာပေလမ်းမကြီးတွင် မောင်းနှင်သွားနေသည်ကရော ဤသို့ဤနှယ် ဆန်နေလေရော့သလား။
ကဗျာတွေဆက်မောင်း၊ လက်ဝဲတွေ မီးနီနေပြီ၊ ခဏရပ်ထား၊ မော်ဒန်မီးစိမ်းပြီ၊ ၀တ္တုတိုတွေ ယာဘက်ကပ်ပြီး လမ်းယူထားမယ်၊ ရှေ့မှာ သရုပ်မှန်တွေ ကျပ်ခဲနေတယ်၊ ဟွန်းတီးပြီး ကျော်တက်၊ အတိဿယတွေ လျှော့ထားမယ်၊ ၀င်္က၀ုတ္တိကို အရှိန်တင်လိုက်တော့။

ဆရာဖေမြင့်နဲ့ ဆရာနေ၀င်းမြင့် တို့ရဲ့ လူပုံစံ အဖွဲ့တွေကိုဖတ်ရတော့ မပြုံးပဲ မနေနိုင်ရုံမက အသံထွက်အောင်ကို ရယ်မိတယ်။

သံတွဲသားကိုဖေမြင့်၊ ဆရာဝန်ကိုဖေမြင့်။ အရပ်မြင့်မြင့်၊ နှာတံစူးစူး၊ မေးစေ့ချွန်ချွန်။ ဘုန်းတော်ကြီးကျောင်းက ကျက်သရေခန်းသော့ကို ကိုင်ရသော ကျောင်းသားကြီး၏ မျက်နှာမျိုးဖြင့် မိမိကိုယ်မိမိ ယုံကြည်စွာ။ ထို့နောက် မိမိကိုယ်မိမိ ဂုဏ်ယူစွာ၊ ထို့နောက် ရိုးဖြောင့်စွာ...။

ဆရာနေ၀င်းမြင့်။
အခုတော့ သူတော်တော့်ကို ၀သွားပြီ။ ၀မ်းဗိုက်ကြီးက အိုးစရည်းကြီးနှယ် လုံးလုံးခုံးခုံးကြီး၊ မျက်ခွံကြီးတွေက လေးလေးတွဲ့တွဲ့။ လက်ကိုင်ဖုန်းကို နွားခလောက်ဆွဲသလို လည်ပင်းမှာ ဆွဲထားသည်။ ရွှေဆွဲကြိုးက နက်ပြာသော သူ့အသားမှာ ၀င်းနေသည်။ မဇ္ဈိမဒေသက မဟာရာဂျာကြီးတစ်ဦးနှယ် မိန့်မိန့်အိန့်အိန့်။

ကဗျာဆရာတွေ အကြောင်း ရေးဖွဲ့ထားတာဖတ်ရတာ သူတို့ဘ၀အမောတွေက ကိုယ့်ကို လာကူးစက်ပြီး တော်တော်ကို စိတ်မောရတယ်...၊ သူ့တို့ဘ၀အကြောင်းတွေကို ရှားရှားပါးပါး သိခွင့်ရလို့ ကျေးဇူးတင်ပေမယ့် ဆရာဒဂုန်တာရာ ပြောသလို အရက်စော်ကလည်း နံလှလေတယ်။

ကိုယ် အတော် နှစ်သက် သဘောကျခဲ့ဖူးတဲ့ ပန်းချီကားတွေရဲ့ ဖန်တီးရှင် ပန်းချီရွှေစိုးဟန်အကြောင်း ဖတ်ရတာတော့ ရင်ထဲမှာ အနင့်ဆုံးပဲ... ။ ကြည့်ပါအုံး ဗမာပြည်က ပန်းချီဆရာတစ်ယောက် ရုန်းကန်ခဲ့ရတဲ့ဘ၀...။

အသက်နှစ်ဆယ် ၀န်းကျင်ခန့် လူငယ်တစ်ယောက်။ အသားက အညာရောင်ပေါက်နေသည်။ မည်းရုံမက မွဲ၍နေသောအသား။ မျက်တွင်းချောင်ချောင်။ ညစာ အမြဲတမ်း ငတ်နေဟန်တူသည့် အကြည့်။ မြီးတို ဂျပန်ဖိနပ်။ ရှည်လျားသော ဆံပင်များ။ သူက ပန်းခြံသံတန်းများကိုမှီ၍ အနာဂတ်မဲ့မဲ့ ထိုင်နေသည်။ သူ့ဘေးမှာ စက္ကူဖြင့် ကြော်ငြာတစ်ခု ကပ်ထားသည်။ လူပုံတူ အမြန်။ တစ်ပုံ ငါးကျပ်။

မောင်သာချိုက ကြယ်တာရာများ စာအုပ်မှာ လူပုဂ္ဂိုလ် ၁၈ယောက်၊ ကောက်ကြောင်း စာအုပ်မှာ လူပုဂ္ဂိုလ် ၁၈ယောက် ပေါင်း စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာ ၃၆ယောက် တို့ရဲ့ အကြောင်း ရေးဖွဲ့ထားပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ အရေးအဖွဲ့ဟာတဲ့ ပန်းချီရေးခြယ်ထားတာကို ကြည့်နေရသလိုပါပဲလို့ ဟိုတုန်းက ဝေဖန်ရေးဆရာတွေက ရေးသတဲ့...။ မရွှေစုက ဝေဖန်ရေးဆရာမဟုတ်ပါဘူး...၊ ဒါပေမယ့်... ဆရာမောင်သာချို ရဲ့ ကြယ်တာရာနဲ့ ကောက်ကြောင်း အနုပညာကို ဖတ်ရတာ အဲဒီ ဆရာတွေရဲ့ ဓါတ်ပုံတွေ ကိုယ့်မျက်စိရှေ့မှာ ဖျတ်ခနဲ ဖျတ်ခနဲ ဆက်ကာ ဆက်ကာ ပြသွားတာကို ကြည့်နေရသလို လို့ ထင်မိတယ်။ ဓါတ်ပုံထဲက ဆရာသမားတွေက ကိုယ့်ကို တစေ့တစောင်း ပြန်ပြီး ငဲ့ကြည့်နေသလိုလည်း တခါတခါ ခံစားမိတယ်။

မရွှေစု...
ည၁၁း၅၅ ၁၉ ဇူလိုင် ၂၀၁၃

Thursday, January 10, 2013

ရှန်ဂရီလာ

 Lost Horizon
by

JAMES HILTON
မြန်မာပြန် 
ရှန်ဂရီလာ 
by
မောင်ထွန်းသူ


ဆရာမောင်ထွန်းသူရဲ့ရှန်ဂရီလာစာအုပ်ကို သူငယ်ချင်းတစ်ယောက်အတွက် လက်ဆောင်ပေးချင်လို့ ရန်ကုန်ပြန်တုန်းက စာအုပ်ဆိုင်တွေမှာ ရှာကြည့်တာ မရခဲ့ပါဘူး။ အွန်လိုင်းက စာအုပ်ဆိုင်တွေမှာလည်း ရောင်းတာ မတွေ့မိဘူး။ အဲသာကြောင့် စာဖတ်သူများ အားလုံး ဖတ်ခွင့်ရနိုင်ရန် မြန်မာကျူးပစ်ဖိုရမ်မှာ ၂၀၁၁ ကတည်းက စာရိုက်ပေးနေတာ အချိန်မရတာနဲ့ စာမျက်နှာ အနည်းငယ်ပဲ ရိုက်တင်နိုင်ခဲ့ပါတယ်။ အခုတော့ မောင်လေး တစ်ယောက်က သူ အဲ့ဒီစာအုပ်ရှာနေတာ ပန်းဆိုးတန်းမှာလည်း ခြေတိုနေပြီ၊ အဟောင်းတန်းမှာတောင် ရှာလို့ မရတော့ဘူး မြန်မြန်ဖတ်ချင်ပါတယ် ဆိုလို့ စာရိုက်ဖို့ကလည်း ကြာမှာမို့ စကန်ဖတ်ပြီး တင်ပေးလိုက်ပါတယ်။ စာအုပ်က စကန်ဗားရှင်းမို့ သိပ်မကြည်လင်ရင် ခွင့်လွှတ်ကြပါနော်။ 

စာအုပ်မိတ်ဆက်
James Hilton ရေးတဲ့ Lost Horizon  (ပျောက်ဆုံးသွားသည့် မိုးကုပ်စက်ဝိုင်း) ဘာသာပြန် ဆရာမောင်ထွန်းသူရဲ့ ရှန်ဂရီလာဟာ ဒဏ္ဍာရီဆန်လှတဲ့ ကမ္ဘာကျော် ဂန္ထ၀င်ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက် ရင်ထဲမှာ တလှုပ်လှုပ်တခတ်ခတ် လွမ်းတသသဖြစ်ကျန်ရစ်ပြီး ရောက်တတ်ရာရာစိတ်ကူးနဲ့ ကွန့်မြူးနေမိတယ်။ စားလည်းဒီစိတ် အိပ်လည်းဒီစိတ်နဲ့ မမြင်နိုင်တဲ့ အရပ်ဒေသ ငြိမ်းချမ်းရာနယ်မြေလေးတစ်ခု၊ ဘယ်သူမှ ရေရေရာရာ သေသေချာချာ မသိပေမယ့် ရှိကိုရှိနေရမယ်လို့ ယုံကြည်မိတဲ့ နေရာလေးတစ်ခုဆီကို တစ်နေ့မှာတော့ ရောက်ရတော့မလိုလို စိတ်ကူးယဉ် တိမ်တောင်ကြားမှာ တလူးလူးတလွန့်လွန့်နဲ့ပေါ့။ 

ဘာသာပြန်သူ ဆရာမောင်ထွန်းသူ အညွှန်းမှာလည်း “မြန်မာပြန်သူအဖို့တော့ ဤ၀တ္ထု လော့ဇ် ဟော်ရဇုန် သို့မဟုတ် ရှန်ဂရီလာသည် အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းသည့် ၀တ္ထုတစ်ပုဒ် ဖြစ်သည်။ ဆင်ခြင်စဉ်းစားစရာ ကောင်းသည့် ၀တ္ထု တစ်ပုဒ် ဖြစ်သည်။ စိတ်ကူးယဉ်စရာ ကောင်းသည့် ၀တ္ထု တစ်ပုဒ်လည်း ဖြစ်နေသည်။ စာဖတ်သူများ အနေဖြင့်လည်း ဤအတိုင်းပင် ခံစားကြရလိမ့်မည်ဟု မျှော်လင့်ပါသည်။” လို့ ရေးထားခဲ့ပါတယ်။

ရှန်ဂရီလာ မိတ်ဆက်
ရှန်ဂရီလာဆိုတာ တိဗက်ဒေသ၊ ဟိမ၀န္တာတောင်တန်း ခွန်းလွန်းတောင် အနောက်ပိုင်းအဆုံးက ဒေသတစ်နေရာမှာရှိတဲ့ အေးချမ်းသာယာ ပျော်ရွှင်ဖွယ်ရာ ဒဏ္ဍာရီဆန်တဲ့ တောင်ကြားဒေသလေးလို့ ဆိုကြပါတယ်။ အဲဒီနေရာလေးဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိ၊ သီးခြားရပ်တည်နေတဲ့ ဆိတ်ငြိမ်းရာအရပ်လေးလည်း ဖြစ်သတဲ့။ သိမ်မွေ့နူးညံ့တဲ့ လာမာဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ နေထိုင်ကြတဲ့ အဲဒီရှန်ဂရီလာဒေသက သူတွေဟာ ဥာဏ်ပညာ အလွန်ကြီးမားကြပြီ လောဘ ဒေါသ မောဟတွေ မရှိသလောက် လျော့နည်းကြတယ်တဲ့။ သာမန် လူ့သက်တမ်းထက် ပိုမိုရှည်လျားစွာ နေထိုင်နိုင်ကြတယ်လို့လည်း ဆိုတယ်။ ရှန်ဂရီလာဒေသမှာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ၊ လူတွေရဲ့ အတိတ်နဲ့ အနာဂါတ်ကို ပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေဟာ အေးချမ်းစွာ တရားကျင့်ကြံ နေထိုင်လျက်ရှိကြလို့ တရားဓမ္မထွန်းကားတဲ့ ကမ္ဘာ့အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားပါသတဲ့။


ဆရာမင်းသိင်္ခကတော့ (Shambhala) ရှန်ဘဲလာဆိုတာကို ကိုးကားပြီး အဲဒီလို ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ မြန်မာလိုပြောရင်တော့ ၀ိဇ္ဇာ ဇော်ဂျီတွေနေတဲ့ ဒေသအကြောင်း သူ့ရဲ့မဟာမြိုင်ခရီးသည်ဝတ္တုမှာ ရေးသားခဲ့တာ တွေ့နိုင်ပါတယ်။ ပြီးတော့ စနေမောင်မောင်နှင့်မြေလျှိုးမိုးပျံဂိုဏ်း စာအုပ်ထဲမှာလည်း ဒီရှန်ဂရီလာထဲက ဇာတ်လမ်း ဇာတ်ကွက်တွေကို မှီငြမ်းပြီးရေးထားတာ တွေ့ရပါတယ်။ 

စာရေးဆရာ ဂျိမ်းဟစ်လ်တန်ဟာ ဒီဝတ္ထုကို မထုတ်ဝေခင် ရှန်ဂရီလာ တည်ရှိတယ်လို့ နာမည်ကျော်ကြားထင်ရှားတဲ့ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း တိဗက်နယ်စပ်နဲ့ နီးစပ်တဲ့ Hunza တောင်ကြားဒေသကို လည်ပတ်ခဲ့ပါတယ်တဲ့။ ယခုခေတ်အခါမှာတော့ အဲဒီဒေသ အနီးမှာရှိတဲ့ Skardu valley - The Hidden Paradise in Pakistan လို့ လည်းခေါ်တဲ့ တောင်ကြားဒေသကို ကမ္ဘာလှည့် ခရီးသည်များအတွက် ရှန်ဂရီလာ အပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်ထားပါတယ်တဲ့။

၂၀၀၁ခုနှစ်မှာ တရုတ်ပြည် Yunnan Province ရဲ့ အနောက်မြောက်မှာ ရှိတဲ့ တီဗက်တန်တွေရဲ့ Zhongdian ဒေသကိုလည်း ကမ္ဘာလှည့် ခရီးသည်များအတွက် ရှန်ဂရီလာဒေသလို့ တရားဝင် နာမည်ပေးခဲ့ပါတယ်တဲ့။

တရုတ်ပြည်အနောက်တောင်ဖက်စူးစူးက ယန်ဇီမြစ်ကြီး စီးဝင်ရာ အဲဒီရှန်ဂရီလာဒေသဟာ ဒဏ္ဍာရီထဲကအတိုင်း ငြိမ်းချမ်းတိတ်ဆိတ် လှပလွန်းပြီး ကမ္ဘာလှည့် ခရီးသည်များကို အင်မတန်မှဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ရှန်ဂရီလာ Lost Horizon ဇာတ်လမ်းအကျဉ်းချုပ်
၁၉၃၁ခုနှစ် ဗြိတိသျှတို့ အိန္ဒိယကို သိမ်းယူထားစဉ် ဘတ်စကူးမြို့ (အီရန်နိုင်ငံမှမြို့တစ်မြို့)မှာ တိုက်ပွဲအခြေအနေဆိုးဝါးလာတဲ့အတွက် အဲဒီမှာသောင်တင်နေတဲ့လူဖြူတွေ ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရာမှာ ဗြိတိသျှကောင်စစ်ဝန် ကွန်ဝေး၊ သူ့လက်ထောက်အရာရှိ မာလင်ဆန်နဲ့အတူ တခြားခရီးသည်နှစ်ဦးတို့ဟာ ပက်ရှဝါမြို့ (ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်နားမှာရှိ) ကို အထူးလေယာဉ်တစ်စီးနဲ့ ထွက်ခွာသွားခဲ့ကြတယ်တဲ့။ လေယာဉ်မထွက်ခွာခင် ဘယ်သူမှမသိလိုက်ခင်မှာ အမည်မသိ လူစိမ်းတစ်ဦးက  လေယာဉ်မှူးကို တိုက်ခိုက်ခဲ့ပြီး သူတို့လေယာဉ်ကို လုယူခဲ့သတဲ့၊ ပြီးတော့ သာမာန်လေယာဉ်မှူးတစ်ဦးအနေနဲ့ ဘယ်လိုမှ မောင်းနှင်ဖြတ်သန်းနိုင်လိမ့်မယ်လို့မထင်တဲ့ လွန်စွာ မြင့်မားလှတဲ့ ဟိမ၀န္တာတောင်တန်းများနဲ့ တိဗက်တောင်တန်းများဆီသို့ လေယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်ပြီး သူတို့အားလုံးကို ခေါ်ဆောင်သွားခဲ့တယ်။ 

နောက်ဆုံး သူတို့ဆိုက်ရောက်သွားတဲ့နေရာဟာ  လမ်းပန်းဆက်သွယ်ရေး အသွားအလာ လွန်စွာခက်ခဲပြီး မြေပုံထဲမှာတောင် မည်သူမျှ ရှာမတွေ့နိုင်တဲ့၊ လွန်စွာမြင့်မားလှတဲ့ကရာကာလ်တောင်တန်းကြီးအုပ်မိုးထားပြီး လေးဖက်လေးတန် တောင်နံရံတွေနဲ့ ပိတ်ဆီးကာရံနေတဲ့၊ လပြာရောင် တလက်လက် လင်းလက်တောက်ပနေကာ ထူးခြားဆန်းကြယ် လျှို့ဝှက်နက်နဲမှုတွေပြည့်နှက်နေပြီး ပြင်ပကမ္ဘာနဲ့ တသီးတခြားစီအဖြစ် ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေတဲ့ တောင်ကြားလွင်ပြင် ရှန်ဂရီလာပဲဖြစ်ပါတယ်။ 

ဒါပေမယ့် အဲဒီမှာ မထင်မှတ်နိုင်ဖွယ်ရာ ခေတ်မှီ အနောက်တိုင်း အသုံးအဆောင်တွေ ရှိတယ်။ အရသာ တမူထူးကဲလှတဲ့ ၀ိုင်တွေနဲ့ လတ်ဆတ် ချိုမြတဲ့ အစားအစာ ပြည့်ဝလုံလောက်စွာ ရှိတယ်။ ကမ္ဘာစာပေနယ်အသီးသီးမှာ အကောင်းဆုံးလို့ သတ်မှတ်ယူဆထားတဲ့ ဘယ်မှာမှ ရှာလို့မရနိုင်တဲ့ အဖိုးထိုက် အဖိုးတန် စာအုပ်များနဲ့ပြည့်နှက်နေတဲ့ အံ့မခန်း စာကြည့်တိုက်ကြီးရှိတယ်။ ကမ္ဘာကျော် မိုးဇက် တေးဂီတတွေသာမက ဘယ်အခါကမှ မထုတ်လွှင့်ခဲ့ဖူးတဲ့ ရှိုပင်ရဲ့ တေးဂီတတွေကိုပါနားထောင်ရမယ်။ ဘာသာရပ် နယ်ပယ် အသီသီးကို သုတေသနလုပ်နေသူ ပညာရှင် လာမာဘုန်းတော်ကြီး အလျောင်းအလျာတွေ ရှိတယ်။

ပြီးတော့ ရောင်နီဦးမှာ ပွင့်လာတော့မယ့် ပန်းပွင့်ချပ်လေးတွေရဲ့ အနူးညံ့ဆုံးနဲ့ အသိမ်မွေ့ဆုံး အမှတ်လက္ခဏာ၊  နုနယ်ငယ်ရွယ်လှပခြင်းတို့ရဲ့သင်္ကေတ ဆေးရေးပန်းချီအရုပ်တစ်ခုလို ပန်းနုရောင်ပြေး မန်ချူးမိန်းမပျိုငယ်လေး ရှိတယ်။ 

သမုဒ္ဓရာထက် ခဏတက်တဲ့ ရေပွက်ပမာလို တိုတောင်းလှတဲ့ လူသားတို့ရဲ့ခဏတာ ဘ၀ခရီးမှာ အနိမ့်အမြင့် အတက်အကျ လှုပ်ရှားမှုဆိုတာတွေ လျော့နည်းအောင်၊ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းတရားကိုပါ အလွန့်အလွန်  နှေးကွေးစွာရောက်ရှိလာစေနိုင်အောင်၊ မြင့်မြတ်တဲ့သဘောထားတွေ နဲ့ စိတ်ချမ်းမြေ့ ငြိမ်းချမ်းခြင်းတွေ ပိုင်ဆိုင်လာအောင် ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်တွေ နဲ့ လမ်းညွှန်ပြသပေးမယ့် ၁၈ရာစု အစအဦးကတည်းက မွေးဖွားခဲ့တယ်ဆိုတဲ့ အသက်၃၀၀ နီးပါး ထွက်ရပ်ပေါက် လာမာဂိုဏ်းချုပ်ကြီး ဖာသာပါးရော့ရှိတယ်။ 

တကယ်တော့ ဒီဝတ္တုဟာ သာမန်စွန့်စားခန်းဝတ္တုတစ်ပုဒ် ဒါမှမဟုတ် သာမန်လျှို့ဝှက်သည်းဖိုဝတ္တုတစ်ပုဒ် မဟုတ်ပါဘူးတဲ့။ အချိန်ရဲ့သဘောသဘာဝ အချိန်ရဲ့အရေးပါအရာရောက်မှုဟာ လူ့ဘဝနဲ့ဘယ်လိုဆက်စပ်ယှက်နွယ်နေတယ်ဆိုတာ နက်နဲသိမ်မွေ့စွာ ဇာတ်ကောင်စရိုက်ပီပြင်စွာ ဖန်တီးထားတဲ့ဝတ္တုတစ်ပုဒ်ပဲဖြစ်ပါတယ်။


ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့ စာအုပ်ကို ကိုယ်တိုင်ပဲ အချိန်ယူ ဖတ်ကြည့် ကြဖို့ ညွှန်းလိုပါတယ်။


အင်္ဂလိပ်လိုဖတ်ချင်သူများအတွက် James Hilton ရဲ့ Original Book ကိုပါ တင်ပေးလိုက်ပါတယ်။

 

ဓါတ်ပုံလေးတွေ တွေ့သမျှ တင်ပေးလိုက်ပါတယ်။
 
အိပ်မက်ကမ္ဘာ လမင်းပြာပြာ

 
Photo shows the Jinsha River turning round in Shangri-la, a mythical enchanting wonderland in Diqing County, southweat China's Yunan Province. 


Photo shows the Tibetan dagobas standing at the foot of the Mount Meili in Shangri-la, a mythical enchanting wonderland in Diqing County, southweat China's Yunan Province.

Ref:
1) Wiki - Shangri-La
2)
Shangri-la, paradise on earth
3) Lost Horizon

+++++

Sunday, December 9, 2012

ရှိတော့ ရှိပါရဲ့... အရှိမဲ့

 

ပြီးခဲ့တဲ့ စနေက မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ရဲ့အဖေ စင်ကာပူမှာ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရတာ အခြေအနေ သိပ်မကောင်းလို့ ဘုန်းကြီးပင့် ပရိတ်ရွတ် တရားနာတာလေး လုပ်ချင်တယ်လို့ ပြောလာတယ်။ သူတို့က စင်ကာပူမှာ ဆေးကုဖို့ ခဏ ရောက်လာတဲ့မိသားစု မို့ ဘုန်းကြီးကျောင်းတွေ မသိလို့ အကူအညီလှမ်းတောင်းတာပေါ့။ ဒါနဲ့ စနေညဆိုတော့ ကိုယ်တွေလည်း အားတာမို့ တခြား သွားစရာ ရှိတဲ့ အစီအစဉ်တွေဖျက်ပြီး သတိပဋ္ဌာန်ရိပ်သာကျောင်းက ဆရာတော်ဦးရာဇိန္ဒကို လျှောက်ထားပြီး ဆရာတော်ကို ဆေးရုံကို ပင့်လာပေးခဲ့တယ်။

ကိုယ်တို့တွေ ဆေးရုံရောက်သွားတာ စနေည ၇နာရီလောက်။ လူမမာ ဦးကြီးဟာ ပြင်းထန်တဲ့ ဆေးဒဏ်တွေနဲ့ ရောဂါကြောင့် မသက်မသာ ခံစားနေရပြီး နေရထိုင်ရ ခက်ခဲနေပုံရှိတယ်။ ဆရာတော်ကို ဖူးမြင်လိုက်တဲ့ ခဏ သူ့မျက်လုံးအိမ်မှာ မျက်ရည်ကြည်လေးတွေ ဝေ့၀ဲလာသလိုပဲလို့ ထင်မိတယ်။ ဆေးပိုက်တတ်ထားတဲ့ လက်ကလေးတွေကို မြှောက်ပြီး ဆရာတော်ကို ဦးတင်ရှာတယ်။ ပြီးတော့ မပီမသ အသံနဲ့ ဆရာတော်ဘွဲ့ကိုလည်း မေးလိုက်သေးတယ်။ ဆရာတော်က သီလပေး၊ ပရိတ်ရွတ်အပြီး ပြန်မကြွခင် ဦးကြီးနားမှာ ရပ်ပြီး ဝေဒနာကို ဘယ်လို ဘယ်ပုံ ရှုဖို့ ခပ်တိုတို ဟောပြောရင်း ဦးကြီးလက်ကို အသာအယာ ဆုတ်ကိုင် အားပေးတယ်။ ကိုယ်တို့လည်း ပြန်ခါနီး ဦးကြီးကို နှုတ်ဆက်ကြတယ်။ မရွှေစုက ဦးကြီးရဲ့လက်ကလေးကိုကိုင်ပြီး သမီး မေတ္တာပို့ပေးနေမယ်နော် လို့ ပြောတော့ ခေါင်းမညိမ့်တညိမ့်နဲ့ ပြန်ကြည့်တဲ့ မျက်လုံးလေးတွေဟာ သနားစရာ သိပ်ကောင်းတာပဲ။

နောက်တစ်နေ့ တနင်္ဂနွေည ၈နာရီလောက် မရွှေစုတို့ အပြင်မှာ ညစာ စားနေကြတုန်း ဖုန်းဝင်လာတယ်။ မနေ့ညကတွေ့ခဲ့ရတဲ့ ဦးကြီး အခုပဲ ဆုံးသွားပြီတဲ့။ စနေနေ့ည ၇နာရီမှာ သူ ရှိနေခဲ့သေးတယ်၊ တရားနာခဲ့သေးတယ်၊ နာကျင်နေခဲ့သေးတယ်၊ မျက်ရည်ဝဲခဲ့သေးတယ်၊ နောက်တစ်နေ့ည တနင်္ဂနွေ ၇နာရီမှာတော့ သူဆုံးသွားခဲ့ပြီတဲ့၊ သူ ဆိုတာ မရှိတော့ဘူးတဲ့။ ဟုတ်ပါတယ်၊ ဒါဟာ လောကကြီးမှာ မြင်နေကြ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက် တစ်ခု၊ ကိုယ်လည်း တစ်နေ့မှာ မလွဲမသေ တွေ့ရမယ့် ရှောင်လို့မရတဲ့ အရေးတစ်ခု၊ ပြီးတော့ လူဖြစ်လာတဲ့ ဘ၀မှာ မွေးခြင်းအစရှိရင် သေခြင်းအဆုံး ရှိတာမို့ ဒါဟာ မထူးဆန်းပါဘူးလို့ ပြောလို့ရတဲ့ အကြောင်းအရာ တစ်ခု၊ ဒါတွေ အားလုံး သိပင်သိသော်ငြားလည်း စားနေတဲ့ ဇွန်း ခရင်းကို လွှတ်ချလို့ မရွှေစု တစ်ယောက် ငေးငိုင်နေမိတယ်။

ဦးကြီးကို အင်္ဂါနေ့ နေ့လည်မှာ သင်္ဂြိုလ်တယ်။ အသုဘရူ တဲ့ ဟောခန်းထဲ ၀င်လိုက်တဲ့ ခဏမှာပဲ တစ်ခါမှ မကြုံဖူးတဲ့ စိမ်းရွှေရွှေလို အနံ့ တစ်မျိုးကို ရလိုက်တယ်။ ဦးကြီးကို ထည့်ထားတဲ့ အခေါင်းက မှန်နဲ့ မဟုတ်လို့ အနား သွားမကြည့်ပဲ သူ့ကို မမြင်ရပါဘူး။ ဒါပေမယ့် မရွှေစု အနားကို သွားမကြည့်ဖြစ်တော့ပါဘူး။ ပန်းခွေတွေကြားက မျက်ခုန်းကို ပင့်ကာ ခပ်ယောင်ယောင်လေး ပြုံးနေတဲ့ သူ့ ဓါတ်ပုံကိုပဲကြည့်ပြီး ခပ်လှမ်းလှမ်းကနေ အရိုအသေပေးရင်း မေတ္တာပို့လိုက်တယ်။ တစ်နေ့က ပရိတ်ရွတ်ပေးခဲ့တဲ့ ဆရာတော်ကိုပဲ မရွှေစုတို့ ပင့်လာပေးလို့ ဆရာတော်က ကျန်ရစ်တဲ့ သူတွေကို သရဏဂုံ တည်စေကာ တရားချီးမြှင့်ပါတယ်။ သေပြီးတဲ့သူကတော့ အသက်မရှိမှတော့ ဘယ်လာ သရဏဂုံတည်နိုင်တော့မလဲ၊ ဒါကြောင့် ကျန်ရစ်တဲ့သူတွေကသာ သူ့ကိုယ်စား သူ့ကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုရင်း သရဏဂုံ တည်ရတာပေါ့။

စင်ကာပူမယ် နေလာတာ ၁၅နှစ်မှာ ဒါဟာ ပထမဆုံး အသုဘ ရှု တရားနာကို လိုက်ပို့ဖူးခြင်းပဲ။ တကယ်တော့ မရွှေစုဟာ ကြောက်တတ် လန့်တတ်တဲ့ သူ တစ်ယောက်ဖြစ်တယ်။ ငယ်ငယ်က ရထားစီးရင်း ရထားတိုက်သွားတဲ့ လူတစ်ယောက် ရဲ့ ခြေထောက်ပိုင်းကို ရုတ်တရက် မြင်မိလိုက်တာ တစ်လလောက် မအိပ်နိုင် မစားနိုင်ဖြစ်ဖူးတယ်။ စက်မှုကျောင်းက သူငယ်ချင်း ဖိုးပြည့် ဆုံးတော့ အသုဘ လိုက်ပို့တာ သူ့အလောင်းကို သွားမကြည့်ရဲခဲ့ပဲနဲ့ည မှာ သူ့ရုပ်ပုံ ကို မြင်ယောင်ပြီး လန့် နေတတ်တယ်။ နောက်တစ်ခါ အိမ်ရှေ့အိမ်က အစ်မကြီး တခြားနယ်မှာ ဆုံးသွားတော့ ဆုံးပြီး ၅ရက်လောက်ကြာမှ ရိုက်ထားတဲ့ ဓါတ်ပုံတွေ မတော်တဆ ကြည့်မိပြီး အော့အန်ကာ တစ်ယောက်ထဲ မအိပ်ရဲ မပြုရဲနဲ့ ဒုက္ခရောက်ဖူးတယ်။ အဲဒီ အတွက်ကြောင့်လည်း ချမ်းမြေ့တရားစခန်းကို စ ၀င်ဖူးလိုက်ခြင်း ဖြစ်တယ်။ အခု အသက်ကြီးလာတော့ ဒီကြောက်စိတ် လန့်စိတ်တွေကို မမြဲခြင်း တရားအသိနဲ့ တဖြည်းဖြည်းချင်း ဖြေဖျောက်ဖို့ ကြိုးစားရတဲ့အပြင် လူမမာတွေကို ဆေးရုံစောင့် အဖော်လုပ်ပေးတာတို့၊ လူမမာတွေအတွက် လိုတဲ့ အကူအညီတွေပေးတာတို့၊ မျက်နှာစာအုပ်ကနေ နာရေးကူညီမှု အသင်းရဲ့ အသုဘ ချတဲ့ ဓါတ်ပုံသတင်းတွေဖတ်ရင်း ကိုယ့်ရဲ့ လန့်တတ်တဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် ကုသပြီး သံဝေဂ စိတ်တွေ ၀င်လာအောင် ကျင့်ပေးရတယ်။

ဒါနဲ့ အသုဘရှု တရားနာပြီး ပြန်လာတော့ ဆရာရဲမြလွင် မြန်မာဘာသာပြန် ပို့ဆောင်ပေးသူရယ် ဆိုတဲ့ ဂျပန်စာရေးဆရာကြီး မိုမိုစဲရှိနိုဘု ရေးတဲ့
Departures ဆိုတဲ့ စာအုပ်လေးကို သတိရမိတော့တယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ ယိုဂျီရို တာကီတာ နဲ့ မင်းသား မာစာဟီရို မိုတိုကီ တို့က ရုပ်ရှင် အဖြစ် အသက်သွင်းခဲ့တာ ၂၀၀၉ခုနှစ် အတွက် Best Foreign Language Film အော်စကာ ဆုကို ရရှိခဲ့ပါတယ်။ မရွှေစုက ရုပ်ရှင် သမား မဟုတ်တော့ ဒီကားကို အော်စကာ ဆု ရလို့သာ သိခဲ့ပြီး အမြည်း Trailer က လွဲလို့ သေချာ မကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူမို့ ဆရာရဲမြလွင်က ပို့ဆောင်ပေးသူရယ် ဆိုပြီး ဘာသာပြန် စာအုပ် ထွက်လာတော့ ကျူးပစ်မှာ ဦးအဗျားက ရိုက်တင်ပေးတာနဲ့ ဒီစာအုပ်ကလေးကို ဖတ်မိသွားတော့တယ်။

စာအုပ်ကို ဖတ်ခါစက ဒီလောက် စိတ်ဝင်စားစရာကောင်းမယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်နေရင်း လက်ကမလွှတ်တမ်း တစ်ထိုင်တည်း အပြီး ဖတ်မိရက်သား ဖြစ်သွားတယ်။ စာအုပ်ဖတ်နေရင်း စိတ်ထဲမှာ ခံစားချက်ကလည်း မျိုးစုံပဲ။ ဒါနဲ့ အော်စကာဆု ရတဲ့ ရုပ်ရှင်ကိုပါ တခါတည်း ကြည့်မိတော့တယ်။ စာအုပ်ကို ဖတ်တော့ ရသ တမျိုး၊ ရုပ်ရှင်ကြည့်တော့လည်း ရသ တစ်မျိုး ခံစားရပါတယ်။

ဒါဟာ ချစ်ခြင်းမေတ္တာ အကြောင်းကို သရုပ်ဖော်ပြတာလား၊ ဘ၀တစ်ခုကို အဓိပ္ပာယ်ရှိစွာ ဘယ်လိုမျိုး ရှင်သန်နေထိုင် သွားသင့်သလဲဆိုတာ ပညာပေးခြင်းလား၊ ရှင်ခြင်းနဲ့ သေခြင်းကြား အကြိမ်ကြိမ် အဖန်ဖန် လွန်းထိုး သွားလာနေမှန်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့ လူတွေ အကြောင်းလား၊ သေခြင်းတရားရဲ့ ပြယုပ် တစ်ခုကို ဖွင့်ဟလှစ်ဆိုခြင်းလား၊ ရှိခြင်း နဲ့ မရှိခြင်း၊ ဒါမှမဟုတ် မရှိခြင်းများ ရဲ့ ရှိခြင်း၊ မတည်မြဲခြင်းများ ရဲ့ တည်မြဲခြင်း သဘောတရားလား။

စာဖတ်သူ တော်တော်များများကတော့ စာအုပ်ကို မဖတ်ဖူးရင်တောင်မှ ဒီရုပ်ရှင် ဇာတ်လမ်းကို ကြည့်ဖူးပြီးသား ဖြစ်ကြမှာပါ။ ဇာတ်လမ်း အကျဉ်းချုပ်က တယောဆရာလေး ဒိုင်ဂိုတစ်ယောက် သူ့တီးဝိုင်း အဖွဲ့ ဖျက်ပြစ်လိုက်ပြီးတဲ့နောက် အလုပ်လက်မဲ့ဘ၀နဲ့ သူ့ရွာက ပိုင်ရှင် မရှိတော့တဲ့ အမေ့အိမ်ကို ဇနီးဖြစ်သူနဲ့ ပြန်လာရာမှာ ကြုံရာ ကျရာ အလုပ်ကို ခက်ခက်ခဲခဲ လိုက်ရှာနေရင်း သေဆုံးသူ အလောင်းတွေကို အလှပြင်ပြီး ခေါင်းထဲထည့်ပေးရတဲ့အလုပ်ကို ၀င်လုပ်မိရဲ့သားဖြစ်သွားပါတယ်။ သူလိုလူတစ်ယောက်ဟာ ဒီအလုပ်မျိုးကို လုပ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိပေမယ့်၊ မတော်တဆ အလုပ်ဝင်ပြီးတော့လည်း ထွက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားမိပေမယ့် လစာကောင်းကောင်း ရတာရယ်၊ သူ့ကို အလုပ်ခန့်တဲ့ မန်နေဂျာရဲ့ လေးစားစရာစိတ်ဓာတ်ကို ကြည်ညိုမိတာရယ်၊ လူအမျိုးမျိုး အထွေထွေ တို့ရဲ့ အဖြစ်သနစ်ပေါင်းစုံနဲ့ ပူဆွေးလောင်မြိုက်မှုတွေကို ကြုံလာပြီး တဲ့နောက် မေတ္တာတရားနဲ့ နှစ်သိမ့်ပေးနိုင်မှုဆိုတာကို ယုံကြည်မိရာမှ အစပြုလို့ မိန်းမနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့အထင်အမြင်သေးခြင်းခံရသည့်တိုင် ဂရုမစိုက်နိုင်ပဲ သူ ရွံမုန်းတယ်ထင်တဲ့ အလုပ်ကို တာဝန်ကျေပြွန်စွာ ဆက်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ စေတနာနဲ့ စိတ်ထက်သန်မှုတွေကို မိန်းမဖြစ်သူက တစစနဲ့ နားလည်ပေးနိုင်လာခဲ့တယ်။ နောက်ဆုံး သူနဲ့ သူ့အမေတို့ကို ငယ်စဉ်အခါက စွန့်ခွာခဲ့ပြီး ဘယ်ဆီရောက်နေမှန်း မသိ၊ သူတို့ကိုလည်း လုံးဝမေ့ထားလိုက်ပြီလို့ မှတ်ယူထားတဲ့ သူစိတ်နာနေ
တဲ့ သူ့အဖေ အသုဘကို ကိုယ်တိုင် ပြင်ဆင်ပေးဖို့ ကြုံလာရာမှာ မထင်မှတ်ထားတဲ့ မေတ္တာတရားကို နားလည်ခြင်းများနဲ့ အဆုံးသတ်ထားပါတယ်။

ဒီစာအုပ်လေးကိုဖတ်ပြီး ရသ အမျိုးမျိုးကို ရတယ်လို့ ဘာလို့ ပြောရလဲဆို စာဖတ်နေရင်း ဒိုင်ကိုနဲ့အတူ သူ ဖြစ်နေသလို သူခံစားနေရသလို ကိုယ်ပါ လွင့်ပါမျောပြီး လိုက်ပါနေမိတယ်။ အလုပ်အင်တာဗျူးမှာ လုံးဝ ထင်မထားတဲ့ အလုပ်မျိုးကို ကြားလိုက်ရလို့ ဘာမှ ပြန်မပြောနိုင် မှင်တက်မိရတာတွေ၊ သိစိတ်က ဒီအလုပ်မျိုးကို လုံးဝ လုပ်ချင်စိတ်၊ အသံနဲ့တောင် ကြားချင်စိတ် မရှိပေမယ့် လက်တွေ့ဘ၀ထဲကတော့ ထွက်ပြေးလို့ မရတာတွေ၊ ဒိုင်ကို ပထမဆုံး ကြုံရတဲ့ ပုပ်စော်နံဟောင်နေတဲ့ အဖွားကြီးအလောင်းအကြောင်းကို ဖတ်ရတော့ ကိုယ်ပါ သူနဲ့ အတူ အော့အန်ချင်မတတ် ခံစားရတာတွေ၊ အတိုင်းအဆ မရှိ အကြင်နာတရား၊ မြင့်မြတ်တဲ့ သဘောထားတွေ ပြည့်ဝတဲ့ ဆာဇာကီ ကို ဒိုင်ကိုက လေးစားသလို လေးစားစိတ်ဝင်လာမိတာတွေ၊ လုံးဝနှစ်သက်လို့ မရနိုင်တဲ့ စက်ဆုပ်စရာလို့ ထင်ရတဲ့ အလုပ်ကို အနုပညာမြောက်စွာ ကြိုးစားပမ်းစား လုပ်နေတာအတွက် ကိုယ်ပါ ရောယောင်အားပေးမိတာတွေ၊ လူတွေဟာ လူသေကို ရွံ့ကြောက် ကြပေမယ့် တိရစ္ဆာန်အသေ ကြက်အသေတွေကျတော့ အားပါးတရ မရွံမရှာ စားနိုင်ကြတာတွေ။

ဒီစာအုပ်မှာ အမှတ်ထင်ထင် ဖြစ်မိလိုက်တဲ့ စာသားတွေကတော့ အမျိုးအစား မတူတဲ့ ခေါင်း၃မျိုး အကြောင်းပြောကြရာမှာ ဒီခေါင်းတွေဟာ တစ်ခုနဲ့ တစ်ခု ဈေးတွေမတူ ကွာခြားပေမယ့် မီးလောင်ပြီး ပြာကျသွားတာခြင်းတော့ အတူတူပါပဲတဲ့။ ချမ်းသာတဲ့သူ ဆင်းရဲတဲ့သူ ရုပ်ချောတဲ့သူ ရုပ်ဆိုးတဲ့သူ ဘယ်သူမဆို နောက်ဆုံးတော့လဲ မီးလောင်ပြီး ပြာကျရတာခြင်းမှာတော့ ဘာမှ မကွာခြားပါဘူးတဲ့။

သေဆုံးသွားတယ် ဆိုတာ တစ်ခါတည်း အပြီးအပိုင် နိဂုံးချုပ်သွားတာ မဟုတ်ဘူး။ သေခြင်းတရားကို ဖြတ်သန်းပြီး နောက်ဘ၀ကို ဦးတည် လျှောက်လှမ်းကြရပြန်တယ်။

ကိုယ့်မျက်စိရှေ့မှောက်မှာရှိတဲ့ အချစ်ဆိုတာက ပိုအရေးကြီးပါတယ်။


ဒီစာအုပ်ကို အားလုံးပဲ ဖတ်လို့ရအောင် ကျူးပစ်မှာ ဦးအဗျားက စာရိုက်တင်ပေးထားပါတယ်။ မရွှေစုက တဆင့် PDF စာအုပ်လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။ (အပေါ်က ပုံမှာ ကလစ်ခေါက်ပြီး စာအုပ်ကို ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။) ရုပ်ရှင်လည်း ကြည့်လို့ ရပေမယ့် ကိုယ့်လို စာအုပ်ဖတ်ရတာ ပိုပြီး အားရတတ်သူများအတွက် ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြဖို့လည်း ညွှန်းပါတယ်။ စာအုပ်မဖတ်ချင်လို့ ရုပ်ရှင်ကြိုက်တဲ့သူ အနေနဲ့လည်း မကြည့်ရသေးသူများ ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာက ပြောဖူးပါတယ်။

ဒီဇာတ်လမ်းဟာ သေခြင်းတရား အကြောင်း ကို ပြောထားတယ်လို့ ဆိုနိုင်သော်ငြားလည်း ဘ၀မှာ ဘယ်လို ရှင်သန်နေထိုင်သွားကြမလဲဆိုတဲ့ ဒဿနကို စဉ်းစားမိသွားစေပါတယ်တဲ့။ ရယ်စရာအကြောင်း မဟုတ်ပေမယ့်လည်း သနားစရာထဲမှ ပြုံးစရာလေးများကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 
ပြီးတော့ ဒီကားမှာ ဘယ်အရာကိုမှ အစွန်းရောက်အောင် အလွန်အကျွံကြီး ဖြစ်နေအောင် ထည့်သွင်း ရိုက်ပြမထားပါဘူးတဲ့။ သေတဲ့သူတွေအကြောင်း အများကြီးပါပေမယ့် လန့်စရာ ကြောက်စရာ ရွံ့စရာ ကောင်းအောင် လုပ်ပြမထားပါဘူး၊ ၀မ်းနည်းစရာတွေ တစ်ပုံကြီး ပါပေမယ့် စိတ် ထိခိုက် ကြေကွဲရမှုတွေကို ဖြေသိမ့်ပေးထားပါတယ်။ စိတ်နှလုံး ကြီးမြတ်မှုနဲ့ မေတ္တာတရားဟာ အရုပ်ဆိုး အကျည်းတန် စက်ဆုပ်စရာလို့ ထင်တဲ့ အကြောင်းအရာတစ်ခုကိုတောင်မှ တင့်တယ်လှပမှုတွေ ထုံလွှမ်းနေစေနိုင်တာကို အနုပညာမြောက်စွာ လှစ်ပြထားတာသာ တွေ့ရမှာပါတဲ့။

လူ့ဘ၀ဆိုတာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေ၊ စိတ်ကြည်နှုးရခြင်း၊ မောပန်းနွမ်းနယ်ရခြင်းတွေနဲ့အတူ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပဲ နောက်ဆုံး အဖြေကိုသာ ပေးထားပြီး အလယ်ဆင့်တွေကို ဖွက်ပေးထားတဲ့ လောကကြီးမှာ ကောင်းတလှည့် ဆိုးတခါ လည်ပတ်ပြီး နေ နေ ကြရတာပဲ၊ ဘာကိုပဲ တွေ့ကြုံရ အစွန်းရောက်တဲ့စိတ်နဲ့ မကြည့်ပဲ နေရချိန် ခဏလေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဘယ်လို နေသွားကြမလဲ ဆိုတဲ့ အတွေးများနဲ့ အတူ။

မေတ္တာများစွာဖြင့်
စုချစ်သူ
၀၉ ဒီဇင်ဘာ ၂၀၁၂
ညနေ ၀၆နာရီ ၀၆မိနစ်

ဝန်ခံချက် ။။ ခေါင်းစဉ်မှာ ထူးအိမ်သင် ကဗျာမှ စာသားဖြစ်ပါတယ်။


++++

Monday, February 13, 2012

စာရေးဆရာ ကိုအောင်ဆန်း

၉၇ နှစ် မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်
၁၃-၀၂-၂၀၁၂

အစ်မ မရွှေစင်ဦး ဘလော့ မှာ ရိုက်ပေးထားပြီး မောင်စိမ်းနီ စုစည်းတင်ပြတဲ့ ''စာရေးဆရာ ကိုအောင်ဆန်း'' ဆိုတဲ့ စာအုပ်ကလေးကို ၉၇ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် PDF File အမှီလုပ်ပေးပြီး တင်ပေးလိုက်ပါတယ်။ စာရိုက်ကူး မျှဝေ ပေးတဲ့ အစ်မရွှေစင်ကို ကျေးဇူးအများကြီးတင်ပါတယ်။

စာရေးဆရာ ကိုအောင်ဆန်းလေးစားစွာဖြင့်... စုချစ်

Wednesday, November 10, 2010

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ


ဦးကျော်ဦးပြုစုသည့် ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ စာအုပ်ကလေး ကို ဘလော့ဖတ်လာ မိတ်ဆွေများ အားလုံး ဖတ်ကြရနိုင်အောင် pdf လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။

စာမေးပွဲရှိတဲ့ ကြားက စာကူညီ ရိုက်ပေးတဲ့ ညီမလေးကို ကျေးဇူးအထူးတင်ပါကြောင်း...။

မေတ္တာဖြင့်
စုချစ်

Wednesday, February 18, 2009

ရှေးခေတ် မြန်မာကဗျာများ

ရှေးခေတ် မြန်မာကဗျာများ



အင်တာနက်ကနေ ရှေးခေတ်မြန်မာ ကဗျာစာအုပ်လေး တွေ့မိလို့ ကဗျာချစ်သူများ အားလုံးအတွက် ဝေမျှလိုက်ပါတယ်။ ဒီကဗျာ စာအုပ်လေး ဖတ်ရတော့မှ မေ့နေတဲ့ ကဗျာလေးတွေ ပြန်သတိရလာတယ်။ စုချစ်အတွက်တော့ တန်ဖိုးထား မြတ်နိုးရမဲ့ မြန်မာ့ ရှိုးရာ ရှေးဟောင်းကဗျာစာအုပ်လေး တစ်အုပ်ပါပဲ။

မှတ်ချက်။ ။
ကဗျာစာအုပ်ပုံလေးပေါ်မှာ ကလစ်ခေါက်လိုက်ပြီး Mediafire link ကနေလည်း ဒေါင်းလုပ် လုပ်လို့ရပါတယ်နော်... သတိမထားမိကြမှာစိုးလို့ပါ...။

မေတ္တာဖြင့် စုချစ်

credit to original link Here