Showing posts with label Movie Review. Show all posts
Showing posts with label Movie Review. Show all posts

Monday, October 13, 2014

ခင်မောင်ရင် တစ်ကိုယ်တည်းမှာ .....



မနေ့ညက ပျင်းတာနဲ့ Burmese Classic က ရှေးခေတ်ဟောင်းရုပ်ရှင်ကား သူဇာကို ထမင်းစားရင်း အိုင်ပက်လေး ရှေ့ချပြီး ကြည့်မိတယ်။ သူဇာကားက ဗြိတိသျှဘားမားက နာမည်ကြီးဒါရိုက်တာဦးချန်ထွန်း ရိုက်ခဲ့တာ၊ မင်းသားတွေက ဘတင့် ခင်မောင်ရင်နဲ့ ခင်ခင်ရီတဲ့။ ဟိုးငယ်ငယ်က မြန်မာ့ရုပ်မြင်သံကြားမှာ လာတာ ခဏခဏ ကြည့်ဖူးတာမို့ ပြန်ကြည့်တော့ သြော်... ဟုတ်သား ဆိုပြီး ဇာတ်လမ်းကို ပြန်သတိရလာတယ်။ 

ဒီသူဇာကားမှာ ဘတင့်က ပန်းချီဆရာ၊ စာတမ်းထိုးတဲ့ထဲ သေချာဖတ်ကြည့်တော့ ပန်းချီဘက်ဆိုင်ရာဒါရိုက်တာ ဦးငွေကိုင်လို့ ဆိုတယ်။ ဒါကြောင့် ရုပ်ရှင်ထဲ ပန်းချီဦးငွေကိုင်ရဲ့ ပန်းချီကားတချို့ကို တွေ့ရတယ်။ ဘတင့်က ပန်းချီဆရာလူပျိုကြီး၊ မိန်းမတွေကို သဘောမကျ တဲ့သူ၊ မနဲ့ ပတ်သက်ရင် လွတ်လွတ်ကင်းကင်းနေချင်သူ။ (မင်းသားဘတင့် မြင်တော့ ရယ်ချင်သား၊ သူ့ကြည့်ရင်း ကြည့်ရင်း ခုဖေ့ဘုတ်ခ်မှာ ခေတ်စားနေတဲ့ ဦးလှဆွေကြီးနဲ့ တူနေတယ်။ ) တစ်နေ့တော့ သူ့အိမ်နား ခင်ခင်ရီရဲ့ အဖေ မတော်တဆ အသတ်ခံရတာကို အကူအညီပေးရင်း ခင်ခင်ရီက အားကိုးရာမဲ့နေတော့ ဘတင့်အိမ်မှာ နေပါရစေ ခွင့်တောင်းတယ်။ ဘတင့်က မိန်းမတွေ အိမ်မှာ မထားနိုင်ဆိုပြီး ခါးခါးသီးသီး ငြင်းတယ်။ ဒါပေတဲ့ ခင်ခင်ရီရဲ့ အဖေ က သူလေးစားတဲ့ပန်းချီဆရာကြီးမှန်းသိသွားတဲ့အခါ ပန်းချီမျက်နှာကြောင့် ခင်ခင်ရီကို အိမ်မှာ နေခွင့်ပေးလိုက်တယ်။

ဒီနေရာမှာ ပန်းချီ နဲ့ပတ်သက်လို့ စိတ်ထဲ ခံစားမိတာလေး ပြောချင်လာတယ်။ ပန်းချီ အနုပညာရဲ့ စွမ်းပကား ဘယ်လောက်ရှိတယ်ဆိုတာကို ပြောချင်တာပါ။ ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားက Tuol Sleng Genocide Museum ကို ရောက်တော့ Khmer Rouge လက်ထက်က လူပေါင်းမြောက်မြားစွာကို မတရားဖမ်းဆီး အကျဉ်းချ နှိပ်စက် သတ်ဖြတ်ခဲ့ပုံတွေ ကြည့်ရတယ်။ လူပေါင်းမြောက်မြားစွာထဲက ၁၂ယောက်လား မသေပဲ လွတ်မြောက်ခဲ့တယ်။ အဲ့ဒီ ပြန်လွတ်မြောက်လာခဲ့တဲ့ သူတွေထဲက Mr. Bou Meng ဟာ ပန်းချီဆရာ တစ်ယောက်ဖြစ်ပါတယ်။ သူရော သူ့ဇနီးရော ဖမ်းဆီးခံခဲ့ရတာမှာ သူ့ဇနီးကတော့ အသတ်ခံခဲ့ရပြီး သူ့ကိုတော့ ပန်းချီဆွဲတတ်တာ သိသွားတဲ့နောက်ပိုင်းကစလို့ မနှိပ်စက်တော့ဘူးလို့ ဆိုပါတယ်။ ကြည့်စမ်းပါဦးနော်... ပန်းချီ အနုပညာရဲ့တန်ခိုး ဘယ်လောက်ကြီးသလဲဆိုတာ၊ ဒီလောက်ထိ ရက်စက်ယုတ်မာကြမ်းတမ်းတဲ့သူတွေကြားထဲကနေ ပန်းချီ မျက်နှာကြောင့် သူလွတ်မြောက်ခဲ့ရတယ်။ အခု ဒီ သူဇာ ကားထဲမှာ ဘတင့်လည်း ပန်းချီဆရာကြီး သမီးဆိုတာနဲ့ ဘာမှ မပြောတော့ပဲ ခင်ခင်ရီကို သူ့အိမ်မှာ နေခွင့်ပေးလိုက်တာပါပဲ။

သူဇာမှာ ခင်ခင်ရီ သရုပ်ဆောင်တာကြည့်ရတာကတော့ တကတည်း တွန့်လိမ်နေတာပဲ၊ ဟီး.... ချွဲကလည်း ဘာချွဲသလဲ မမေးနဲ့။ ဒါပေတဲ့ သရုပ်ဆောင်တာ သူ့ခေတ်နဲ့သူ တော်ပါတယ်။ သီချင်းဆိုကလည်း အလွန်ကောင်း။ ခင်ခင်ရီက ဖေဖေ့ မိတ်ဆွေ ဘဘဦးရန်နိုင်စိန်ရဲ့ ဇနီးဖြစ်ပေတဲ့ သူ မဆုံးခင် အပြင်မှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူ့ ရှေးဟောင်းကားလေးတွေ သူ့သီချင်းလေးတွေတော့ နားထောင်ဖူးလို့ နှစ်သက်မိတာတွေ အများကြီးပဲ။ ဝင်းဦးနဲ့ သူအသက်ကြီးမှ တွဲဆိုတဲ့ ပန်းစေတီ သီချင်းဆို ရုပ်မြင်သံကြားက ခဏခဏ လွှင့်ပေးခဲ့တာ ကြိုက်လွန်းလို့ မှတ်မိနေတယ်။

 ဒါနဲ့ စကားစပ်မိလို့ ပြောရရင် ရှေးက မင်းသားတွေထဲ ဝင်းဦးကို သဘောကျတာဟာ သူရုပ်ချောလို့မဟုတ်၊ ညုတုတုအပြောတွေကို ကြိုက်လို့မဟုတ်၊ အနုပညာမှာ ဘက်စုံတော်တာသက်သက်ကြောင့်လည်းမဟုတ်။ သူ့ကိုလေးစားမိတဲ့အချက်က သူဟာ ရှေးခေတ်က သူ့ရဲ့စီနီယာအနုပညာရှင်တွေကို တလေးတစား တန်ဖိုးထားတတ်သူမို့လို့ပဲ၊ ခေတ်ဟောင်းက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ လူမသိ သူမသိ မှေးမှိန်နေရှာတဲ့ ပညာရှင်တွေကို သူနဲ့ တွဲပြီး အနုပညာ ပြန်ဆန်းသစ်ပေးခဲ့တယ်။ သူတတ်နိုင်သမျှလည်း ထောက်ပံ့ကန်တော့တယ်။ အဆိုတော်ကြီးမေရှင်ဆီကို ခဏခဏ သွားကန်တော့တယ်လို့ စာတွေထဲဖတ်ရပါတယ်။ တော်တော့်ကို ချီးမွမ်းထိုက်တဲ့သူတစ်ယောက်လို့ သူ့ကို မြင်တယ်။
အဲ့ဒီလိုသဘောမျိုးနဲ့ ပန်းစေတီ သီချင်းကို ခင်ခင်ရီနဲ့ တွဲပြီးသီဆိုထုတ်လွှင့်ခဲ့တယ် ထင်ပါတယ်။

ရုပ်ရှင်ခေတ်ဦးက မင်းသားတွေထဲမှာတော့ ခင်မောင်ရင်ဟာ ခပ်နွဲ့နွဲ့နဲ့ ဖြူဖြူချောချောလေးဆိုတာ ပေါ်လွင် သိသာလွန်းလှတယ်။ ပြီးတော့ သူက သီချင်းဆို ပိုင်နိုင်တယ်။ ငယ်တုန်းကတော့ ဘာရယ်ညာရယ် မသိပဲ လိုက်အော်ဆိုဖူးတဲ့ သူ့သီချင်း တစ်ပုဒ်ရှိတယ်။

မိန်းမဆိုတာ... ဆောင်းလေပမာညီ....  
အတွင်း သဘောတွေ မတည်... ပြောင်းလဲတတ်သည်...   
......
ခင်မောင်ရင် တစ်ကိုယ်တည်းမှာ အရူးကြီးပမာ ဖြစ်ကာ ...    
ဇာတ်သိမ်းပြီ...
အဲ့သီချင်းဟာ သူ့ခေတ်အချိန်အခါက အတော်ကို နာမည်ကျော် ရေပန်းစားခဲ့တယ်လို့ ဆိုတယ်။ တကယ့်အပြင်ဘဝမှာရော သူ့ချစ်သူဟာ အဲ့သီချင်းထဲကလိုပဲလားဆိုတာ မသိပါဘူး။ တကယ်တော့ သူနဲ့ နာမည်ကျော်ခဲ့တဲ့ ဗိုလ်အောင်ဒင်ထဲက မေမေဝင်းဟာ အိမ်ထောင်ဘက်တွေကိုယ်စီ ရှိပြီးမှ ချစ်ကြိုက်ခဲ့ကြတာမို့ သူတို့အချစ်ဟာ အဆုံးသတ်ကောင်းခဲ့မယ် မထင်ဘူး။ 

ပွဲလန်းသဘင်တွေမှာ လူတွေ ဝိုင်းပြီး အော် ဆို ဆိုနေကြဖြစ်တဲ့ နာမည်ကျော် နဂါးနီသီချင်းဟာ ခင်မောင်ရင် ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပေါ့။ ခုနောက်ပိုင်း ဖေ့ဘုခ်မှာ ရှေးကသီချင်းတွေ ပြန်ဖော်ထုတ်ပေး စုဆောင်းပေးကြတဲ့သူတွေ ကျေးဇူးနဲ့ ခင်မောင်ရင် သီဆိုခဲ့တဲ့ ဆိပ်ကမ်းသာတို့ တောသားကြီးတို့ လင်မယားဝါဒတို့ စတဲ့ သီချင်းတွေလည်း ပြန်နားထောင်ရတယ်။ ရှေးခေတ်က အဆိုတော်မင်းသမီးထဲမှာတော့ မေရှင်ဟာ ကရုဏာသံလေးနဲ့မို့ လူကြိုက်များ ကျော်ကြားခဲ့သလို ခင်မောင်ရင်ဟာလည်း ကြည်လင်ပီသကြည်မြပြီး တမူထူးခြားတဲ့ ကရုဏာသံ ဆိုဟန်ကြောင့် သူ့ဓါတ်ပြားတွေဟာ နာမည်ကျော်တယ်လို့ ဆိုတယ်။
 

ဗိုလ်အောင်ဒင်ရုပ်ရှင်မှာ သူက တည်ကြည်ခန့်ညားတဲ့ လူကြီးလူကောင်းအမည်ခံလူဆိုးဗိုလ်အနေနဲ့ သရုပ်ဆောင်ရတာ၊ ရွှေကိုင်း မျက်မှန်နဲ့ စီးကရက်လက်ကြားညှပ်ပြီး မခိုးမခန့် ရယ်လိုက်တာတို့၊ လူဆိုးဗိုလ်ဆိုပေတဲ့ သူ့တပည့်တွေကို တည်တည်ခန့်ခန့် လေအေးလေးနဲ့ ကြိမ်းမောင်းတဲ့ပုံ သရုပ်ဆောင်တာတို့ ဒါတွေဟာ သူ့ရဲ့ တမူထူးခြားတဲ့ သရုပ်ဆောင်ချက်တွေလို့ ဆိုတယ်။

သူဇာမှာတော့ သူက ဂီတသမား သီချင်းအဆိုကောင်း ကောလိပ်ကျောင်းသား လူပွေ မိန်းမတွေ ကျလောက်အောင် အပြောကောင်း အညုကောင်း ခုခေတ်အခေါ် စော်ကြည်ဘဲပေါ့။ ခင်ခင်ရီက သူ့ကို မြင်တာနဲ့ ပစ်ကျတော့တာပဲ။ သူ့ သရုပ်ဆောင်ချက် မျက်နှာပေး မျက်စ မျက်န အပြုံးချိုမြမြ တွေကို အဲ့ခေတ်က မိန်းကလေးတွေ အတော်စွဲကြမှာပါပဲ။ လူငယ်လူရွယ်တွေဟာလည်း ခင်မောင်ရင် စတိုင် ဆိုပြီး သူ့စတိုင်ကို အတုခိုးကြတဲ့သူတွေ နည်းမှာ မဟုတ်ဘူးပဲ။
 

တလောက ဖတ်ခဲ့တဲ့ ဆရာမောင်နေဝင်းရဲ့ကိုဝင်းဦးသို့အလွမ်းပြေပေးစာ စာအုပ်ထဲ ခင်မောင်ရင် အကြောင်း ရေးထားတာလေးတွေ ပြန်သတိရမိတယ်။ ဆရာမောင်နေဝင်းရေးထားတာ စစ်ကြီးပြီးတော့ ခင်မောင်ရင်ဟာ ကျန်းမာရေး ညံ့လာလိုက်တာမှာ နားလည်းကောင်းကောင်းမကြားတော့ဘူးတဲ့၊ စကားပြောတဲ့နေရာမှာလည်း ဆွံ့ အ နေ ထစ် နေတယ် လို့ ဆိုတယ်။ ဒီတော့ ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ခင်မောင်ရင်ရဲ့ငယ်ငယ်ချောချောပုံတွေ ပြန်မြင်ယောင်ပြီး သံဝေဂ ရ စိတ်မကောင်းဖြစ်မိတယ်။
လမ်းမတော်ဖိုးတုတ်အကြောင်းရေးတဲ့ စာအုပ်ထဲမယ် သူဟာ မင်းသား ခင်မောင်ရင်နဲ့ ဘော်ဒါတွေ ဆိုးဖော်တေဖက်တွေလို့ ဆိုတယ်။ သူ့ဘဝရဲ့ ဇာတ်သိမ်းမှာတော့ ငယ်ရွယ်နုပျို ချောမောလှပါတယ် ဆိုတဲ့ ရုပ်ရည်လည်း အိုခြင်းနောက်ဆုံးရှိပေသတည်းပေါ့၊ ကြည်မြပီသတဲ့ အသံချိုချိုဟာလည်း နာခြင်းနောက်ဆုံးကြောင့် မကြည်လင် မပီသ ဆွံ့အ ခဲ့ပြီပေါ့။


သြော် ... တကယ်တော့လည်း ဘဝ တွေ ဘဝ တွေ ဆိုတာ ခဏလေး ထပွက်တဲ့ ရေတစ်ပွက်စာတောင် မကြာလှတာ... အောင်မြင်ခြင်း နုပျိုခြင်း လှပခြင်း ဆိုတာတွေကတော့ အဲ့ဒီ ပွက်လိုက်တဲ့ ရေပွက်ကလေးရဲ့ အသေးငယ်ဆုံးသော အစိတ်အပိုင်းလေးမှာပဲ ရှိခဲ့ပြီး နောက်ဆုံးတော့ မတည်မြဲခြင်း နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ကြပြီပဲပေါ့။ ။

+++++

တဂျီးမင်းရေ... 
မနေ့ညက ထမင်းစားရင်း ကြည့်တဲ့ သူဇာ ကား ကနေ ဆားချက်လိုက်တာ။
ကျေနပ်မယ် ထင်ပါတယ်နော်။ ။
အလှူငွေလည်း လှူပါ့မယ်နော်။ ။

Sunday, December 9, 2012

ရှိတော့ ရှိပါရဲ့... အရှိမဲ့

 

ပြီးခဲ့တဲ့ စနေက မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ရဲ့အဖေ စင်ကာပူမှာ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရတာ အခြေအနေ သိပ်မကောင်းလို့ ဘုန်းကြီးပင့် ပရိတ်ရွတ် တရားနာတာလေး လုပ်ချင်တယ်လို့ ပြောလာတယ်။ သူတို့က စင်ကာပူမှာ ဆေးကုဖို့ ခဏ ရောက်လာတဲ့မိသားစု မို့ ဘုန်းကြီးကျောင်းတွေ မသိလို့ အကူအညီလှမ်းတောင်းတာပေါ့။ ဒါနဲ့ စနေညဆိုတော့ ကိုယ်တွေလည်း အားတာမို့ တခြား သွားစရာ ရှိတဲ့ အစီအစဉ်တွေဖျက်ပြီး သတိပဋ္ဌာန်ရိပ်သာကျောင်းက ဆရာတော်ဦးရာဇိန္ဒကို လျှောက်ထားပြီး ဆရာတော်ကို ဆေးရုံကို ပင့်လာပေးခဲ့တယ်။

ကိုယ်တို့တွေ ဆေးရုံရောက်သွားတာ စနေည ၇နာရီလောက်။ လူမမာ ဦးကြီးဟာ ပြင်းထန်တဲ့ ဆေးဒဏ်တွေနဲ့ ရောဂါကြောင့် မသက်မသာ ခံစားနေရပြီး နေရထိုင်ရ ခက်ခဲနေပုံရှိတယ်။ ဆရာတော်ကို ဖူးမြင်လိုက်တဲ့ ခဏ သူ့မျက်လုံးအိမ်မှာ မျက်ရည်ကြည်လေးတွေ ဝေ့၀ဲလာသလိုပဲလို့ ထင်မိတယ်။ ဆေးပိုက်တတ်ထားတဲ့ လက်ကလေးတွေကို မြှောက်ပြီး ဆရာတော်ကို ဦးတင်ရှာတယ်။ ပြီးတော့ မပီမသ အသံနဲ့ ဆရာတော်ဘွဲ့ကိုလည်း မေးလိုက်သေးတယ်။ ဆရာတော်က သီလပေး၊ ပရိတ်ရွတ်အပြီး ပြန်မကြွခင် ဦးကြီးနားမှာ ရပ်ပြီး ဝေဒနာကို ဘယ်လို ဘယ်ပုံ ရှုဖို့ ခပ်တိုတို ဟောပြောရင်း ဦးကြီးလက်ကို အသာအယာ ဆုတ်ကိုင် အားပေးတယ်။ ကိုယ်တို့လည်း ပြန်ခါနီး ဦးကြီးကို နှုတ်ဆက်ကြတယ်။ မရွှေစုက ဦးကြီးရဲ့လက်ကလေးကိုကိုင်ပြီး သမီး မေတ္တာပို့ပေးနေမယ်နော် လို့ ပြောတော့ ခေါင်းမညိမ့်တညိမ့်နဲ့ ပြန်ကြည့်တဲ့ မျက်လုံးလေးတွေဟာ သနားစရာ သိပ်ကောင်းတာပဲ။

နောက်တစ်နေ့ တနင်္ဂနွေည ၈နာရီလောက် မရွှေစုတို့ အပြင်မှာ ညစာ စားနေကြတုန်း ဖုန်းဝင်လာတယ်။ မနေ့ညကတွေ့ခဲ့ရတဲ့ ဦးကြီး အခုပဲ ဆုံးသွားပြီတဲ့။ စနေနေ့ည ၇နာရီမှာ သူ ရှိနေခဲ့သေးတယ်၊ တရားနာခဲ့သေးတယ်၊ နာကျင်နေခဲ့သေးတယ်၊ မျက်ရည်ဝဲခဲ့သေးတယ်၊ နောက်တစ်နေ့ည တနင်္ဂနွေ ၇နာရီမှာတော့ သူဆုံးသွားခဲ့ပြီတဲ့၊ သူ ဆိုတာ မရှိတော့ဘူးတဲ့။ ဟုတ်ပါတယ်၊ ဒါဟာ လောကကြီးမှာ မြင်နေကြ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက် တစ်ခု၊ ကိုယ်လည်း တစ်နေ့မှာ မလွဲမသေ တွေ့ရမယ့် ရှောင်လို့မရတဲ့ အရေးတစ်ခု၊ ပြီးတော့ လူဖြစ်လာတဲ့ ဘ၀မှာ မွေးခြင်းအစရှိရင် သေခြင်းအဆုံး ရှိတာမို့ ဒါဟာ မထူးဆန်းပါဘူးလို့ ပြောလို့ရတဲ့ အကြောင်းအရာ တစ်ခု၊ ဒါတွေ အားလုံး သိပင်သိသော်ငြားလည်း စားနေတဲ့ ဇွန်း ခရင်းကို လွှတ်ချလို့ မရွှေစု တစ်ယောက် ငေးငိုင်နေမိတယ်။

ဦးကြီးကို အင်္ဂါနေ့ နေ့လည်မှာ သင်္ဂြိုလ်တယ်။ အသုဘရူ တဲ့ ဟောခန်းထဲ ၀င်လိုက်တဲ့ ခဏမှာပဲ တစ်ခါမှ မကြုံဖူးတဲ့ စိမ်းရွှေရွှေလို အနံ့ တစ်မျိုးကို ရလိုက်တယ်။ ဦးကြီးကို ထည့်ထားတဲ့ အခေါင်းက မှန်နဲ့ မဟုတ်လို့ အနား သွားမကြည့်ပဲ သူ့ကို မမြင်ရပါဘူး။ ဒါပေမယ့် မရွှေစု အနားကို သွားမကြည့်ဖြစ်တော့ပါဘူး။ ပန်းခွေတွေကြားက မျက်ခုန်းကို ပင့်ကာ ခပ်ယောင်ယောင်လေး ပြုံးနေတဲ့ သူ့ ဓါတ်ပုံကိုပဲကြည့်ပြီး ခပ်လှမ်းလှမ်းကနေ အရိုအသေပေးရင်း မေတ္တာပို့လိုက်တယ်။ တစ်နေ့က ပရိတ်ရွတ်ပေးခဲ့တဲ့ ဆရာတော်ကိုပဲ မရွှေစုတို့ ပင့်လာပေးလို့ ဆရာတော်က ကျန်ရစ်တဲ့ သူတွေကို သရဏဂုံ တည်စေကာ တရားချီးမြှင့်ပါတယ်။ သေပြီးတဲ့သူကတော့ အသက်မရှိမှတော့ ဘယ်လာ သရဏဂုံတည်နိုင်တော့မလဲ၊ ဒါကြောင့် ကျန်ရစ်တဲ့သူတွေကသာ သူ့ကိုယ်စား သူ့ကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုရင်း သရဏဂုံ တည်ရတာပေါ့။

စင်ကာပူမယ် နေလာတာ ၁၅နှစ်မှာ ဒါဟာ ပထမဆုံး အသုဘ ရှု တရားနာကို လိုက်ပို့ဖူးခြင်းပဲ။ တကယ်တော့ မရွှေစုဟာ ကြောက်တတ် လန့်တတ်တဲ့ သူ တစ်ယောက်ဖြစ်တယ်။ ငယ်ငယ်က ရထားစီးရင်း ရထားတိုက်သွားတဲ့ လူတစ်ယောက် ရဲ့ ခြေထောက်ပိုင်းကို ရုတ်တရက် မြင်မိလိုက်တာ တစ်လလောက် မအိပ်နိုင် မစားနိုင်ဖြစ်ဖူးတယ်။ စက်မှုကျောင်းက သူငယ်ချင်း ဖိုးပြည့် ဆုံးတော့ အသုဘ လိုက်ပို့တာ သူ့အလောင်းကို သွားမကြည့်ရဲခဲ့ပဲနဲ့ည မှာ သူ့ရုပ်ပုံ ကို မြင်ယောင်ပြီး လန့် နေတတ်တယ်။ နောက်တစ်ခါ အိမ်ရှေ့အိမ်က အစ်မကြီး တခြားနယ်မှာ ဆုံးသွားတော့ ဆုံးပြီး ၅ရက်လောက်ကြာမှ ရိုက်ထားတဲ့ ဓါတ်ပုံတွေ မတော်တဆ ကြည့်မိပြီး အော့အန်ကာ တစ်ယောက်ထဲ မအိပ်ရဲ မပြုရဲနဲ့ ဒုက္ခရောက်ဖူးတယ်။ အဲဒီ အတွက်ကြောင့်လည်း ချမ်းမြေ့တရားစခန်းကို စ ၀င်ဖူးလိုက်ခြင်း ဖြစ်တယ်။ အခု အသက်ကြီးလာတော့ ဒီကြောက်စိတ် လန့်စိတ်တွေကို မမြဲခြင်း တရားအသိနဲ့ တဖြည်းဖြည်းချင်း ဖြေဖျောက်ဖို့ ကြိုးစားရတဲ့အပြင် လူမမာတွေကို ဆေးရုံစောင့် အဖော်လုပ်ပေးတာတို့၊ လူမမာတွေအတွက် လိုတဲ့ အကူအညီတွေပေးတာတို့၊ မျက်နှာစာအုပ်ကနေ နာရေးကူညီမှု အသင်းရဲ့ အသုဘ ချတဲ့ ဓါတ်ပုံသတင်းတွေဖတ်ရင်း ကိုယ့်ရဲ့ လန့်တတ်တဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် ကုသပြီး သံဝေဂ စိတ်တွေ ၀င်လာအောင် ကျင့်ပေးရတယ်။

ဒါနဲ့ အသုဘရှု တရားနာပြီး ပြန်လာတော့ ဆရာရဲမြလွင် မြန်မာဘာသာပြန် ပို့ဆောင်ပေးသူရယ် ဆိုတဲ့ ဂျပန်စာရေးဆရာကြီး မိုမိုစဲရှိနိုဘု ရေးတဲ့
Departures ဆိုတဲ့ စာအုပ်လေးကို သတိရမိတော့တယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ ယိုဂျီရို တာကီတာ နဲ့ မင်းသား မာစာဟီရို မိုတိုကီ တို့က ရုပ်ရှင် အဖြစ် အသက်သွင်းခဲ့တာ ၂၀၀၉ခုနှစ် အတွက် Best Foreign Language Film အော်စကာ ဆုကို ရရှိခဲ့ပါတယ်။ မရွှေစုက ရုပ်ရှင် သမား မဟုတ်တော့ ဒီကားကို အော်စကာ ဆု ရလို့သာ သိခဲ့ပြီး အမြည်း Trailer က လွဲလို့ သေချာ မကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူမို့ ဆရာရဲမြလွင်က ပို့ဆောင်ပေးသူရယ် ဆိုပြီး ဘာသာပြန် စာအုပ် ထွက်လာတော့ ကျူးပစ်မှာ ဦးအဗျားက ရိုက်တင်ပေးတာနဲ့ ဒီစာအုပ်ကလေးကို ဖတ်မိသွားတော့တယ်။

စာအုပ်ကို ဖတ်ခါစက ဒီလောက် စိတ်ဝင်စားစရာကောင်းမယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်နေရင်း လက်ကမလွှတ်တမ်း တစ်ထိုင်တည်း အပြီး ဖတ်မိရက်သား ဖြစ်သွားတယ်။ စာအုပ်ဖတ်နေရင်း စိတ်ထဲမှာ ခံစားချက်ကလည်း မျိုးစုံပဲ။ ဒါနဲ့ အော်စကာဆု ရတဲ့ ရုပ်ရှင်ကိုပါ တခါတည်း ကြည့်မိတော့တယ်။ စာအုပ်ကို ဖတ်တော့ ရသ တမျိုး၊ ရုပ်ရှင်ကြည့်တော့လည်း ရသ တစ်မျိုး ခံစားရပါတယ်။

ဒါဟာ ချစ်ခြင်းမေတ္တာ အကြောင်းကို သရုပ်ဖော်ပြတာလား၊ ဘ၀တစ်ခုကို အဓိပ္ပာယ်ရှိစွာ ဘယ်လိုမျိုး ရှင်သန်နေထိုင် သွားသင့်သလဲဆိုတာ ပညာပေးခြင်းလား၊ ရှင်ခြင်းနဲ့ သေခြင်းကြား အကြိမ်ကြိမ် အဖန်ဖန် လွန်းထိုး သွားလာနေမှန်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့ လူတွေ အကြောင်းလား၊ သေခြင်းတရားရဲ့ ပြယုပ် တစ်ခုကို ဖွင့်ဟလှစ်ဆိုခြင်းလား၊ ရှိခြင်း နဲ့ မရှိခြင်း၊ ဒါမှမဟုတ် မရှိခြင်းများ ရဲ့ ရှိခြင်း၊ မတည်မြဲခြင်းများ ရဲ့ တည်မြဲခြင်း သဘောတရားလား။

စာဖတ်သူ တော်တော်များများကတော့ စာအုပ်ကို မဖတ်ဖူးရင်တောင်မှ ဒီရုပ်ရှင် ဇာတ်လမ်းကို ကြည့်ဖူးပြီးသား ဖြစ်ကြမှာပါ။ ဇာတ်လမ်း အကျဉ်းချုပ်က တယောဆရာလေး ဒိုင်ဂိုတစ်ယောက် သူ့တီးဝိုင်း အဖွဲ့ ဖျက်ပြစ်လိုက်ပြီးတဲ့နောက် အလုပ်လက်မဲ့ဘ၀နဲ့ သူ့ရွာက ပိုင်ရှင် မရှိတော့တဲ့ အမေ့အိမ်ကို ဇနီးဖြစ်သူနဲ့ ပြန်လာရာမှာ ကြုံရာ ကျရာ အလုပ်ကို ခက်ခက်ခဲခဲ လိုက်ရှာနေရင်း သေဆုံးသူ အလောင်းတွေကို အလှပြင်ပြီး ခေါင်းထဲထည့်ပေးရတဲ့အလုပ်ကို ၀င်လုပ်မိရဲ့သားဖြစ်သွားပါတယ်။ သူလိုလူတစ်ယောက်ဟာ ဒီအလုပ်မျိုးကို လုပ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိပေမယ့်၊ မတော်တဆ အလုပ်ဝင်ပြီးတော့လည်း ထွက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားမိပေမယ့် လစာကောင်းကောင်း ရတာရယ်၊ သူ့ကို အလုပ်ခန့်တဲ့ မန်နေဂျာရဲ့ လေးစားစရာစိတ်ဓာတ်ကို ကြည်ညိုမိတာရယ်၊ လူအမျိုးမျိုး အထွေထွေ တို့ရဲ့ အဖြစ်သနစ်ပေါင်းစုံနဲ့ ပူဆွေးလောင်မြိုက်မှုတွေကို ကြုံလာပြီး တဲ့နောက် မေတ္တာတရားနဲ့ နှစ်သိမ့်ပေးနိုင်မှုဆိုတာကို ယုံကြည်မိရာမှ အစပြုလို့ မိန်းမနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့အထင်အမြင်သေးခြင်းခံရသည့်တိုင် ဂရုမစိုက်နိုင်ပဲ သူ ရွံမုန်းတယ်ထင်တဲ့ အလုပ်ကို တာဝန်ကျေပြွန်စွာ ဆက်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ စေတနာနဲ့ စိတ်ထက်သန်မှုတွေကို မိန်းမဖြစ်သူက တစစနဲ့ နားလည်ပေးနိုင်လာခဲ့တယ်။ နောက်ဆုံး သူနဲ့ သူ့အမေတို့ကို ငယ်စဉ်အခါက စွန့်ခွာခဲ့ပြီး ဘယ်ဆီရောက်နေမှန်း မသိ၊ သူတို့ကိုလည်း လုံးဝမေ့ထားလိုက်ပြီလို့ မှတ်ယူထားတဲ့ သူစိတ်နာနေ
တဲ့ သူ့အဖေ အသုဘကို ကိုယ်တိုင် ပြင်ဆင်ပေးဖို့ ကြုံလာရာမှာ မထင်မှတ်ထားတဲ့ မေတ္တာတရားကို နားလည်ခြင်းများနဲ့ အဆုံးသတ်ထားပါတယ်။

ဒီစာအုပ်လေးကိုဖတ်ပြီး ရသ အမျိုးမျိုးကို ရတယ်လို့ ဘာလို့ ပြောရလဲဆို စာဖတ်နေရင်း ဒိုင်ကိုနဲ့အတူ သူ ဖြစ်နေသလို သူခံစားနေရသလို ကိုယ်ပါ လွင့်ပါမျောပြီး လိုက်ပါနေမိတယ်။ အလုပ်အင်တာဗျူးမှာ လုံးဝ ထင်မထားတဲ့ အလုပ်မျိုးကို ကြားလိုက်ရလို့ ဘာမှ ပြန်မပြောနိုင် မှင်တက်မိရတာတွေ၊ သိစိတ်က ဒီအလုပ်မျိုးကို လုံးဝ လုပ်ချင်စိတ်၊ အသံနဲ့တောင် ကြားချင်စိတ် မရှိပေမယ့် လက်တွေ့ဘ၀ထဲကတော့ ထွက်ပြေးလို့ မရတာတွေ၊ ဒိုင်ကို ပထမဆုံး ကြုံရတဲ့ ပုပ်စော်နံဟောင်နေတဲ့ အဖွားကြီးအလောင်းအကြောင်းကို ဖတ်ရတော့ ကိုယ်ပါ သူနဲ့ အတူ အော့အန်ချင်မတတ် ခံစားရတာတွေ၊ အတိုင်းအဆ မရှိ အကြင်နာတရား၊ မြင့်မြတ်တဲ့ သဘောထားတွေ ပြည့်ဝတဲ့ ဆာဇာကီ ကို ဒိုင်ကိုက လေးစားသလို လေးစားစိတ်ဝင်လာမိတာတွေ၊ လုံးဝနှစ်သက်လို့ မရနိုင်တဲ့ စက်ဆုပ်စရာလို့ ထင်ရတဲ့ အလုပ်ကို အနုပညာမြောက်စွာ ကြိုးစားပမ်းစား လုပ်နေတာအတွက် ကိုယ်ပါ ရောယောင်အားပေးမိတာတွေ၊ လူတွေဟာ လူသေကို ရွံ့ကြောက် ကြပေမယ့် တိရစ္ဆာန်အသေ ကြက်အသေတွေကျတော့ အားပါးတရ မရွံမရှာ စားနိုင်ကြတာတွေ။

ဒီစာအုပ်မှာ အမှတ်ထင်ထင် ဖြစ်မိလိုက်တဲ့ စာသားတွေကတော့ အမျိုးအစား မတူတဲ့ ခေါင်း၃မျိုး အကြောင်းပြောကြရာမှာ ဒီခေါင်းတွေဟာ တစ်ခုနဲ့ တစ်ခု ဈေးတွေမတူ ကွာခြားပေမယ့် မီးလောင်ပြီး ပြာကျသွားတာခြင်းတော့ အတူတူပါပဲတဲ့။ ချမ်းသာတဲ့သူ ဆင်းရဲတဲ့သူ ရုပ်ချောတဲ့သူ ရုပ်ဆိုးတဲ့သူ ဘယ်သူမဆို နောက်ဆုံးတော့လဲ မီးလောင်ပြီး ပြာကျရတာခြင်းမှာတော့ ဘာမှ မကွာခြားပါဘူးတဲ့။

သေဆုံးသွားတယ် ဆိုတာ တစ်ခါတည်း အပြီးအပိုင် နိဂုံးချုပ်သွားတာ မဟုတ်ဘူး။ သေခြင်းတရားကို ဖြတ်သန်းပြီး နောက်ဘ၀ကို ဦးတည် လျှောက်လှမ်းကြရပြန်တယ်။

ကိုယ့်မျက်စိရှေ့မှောက်မှာရှိတဲ့ အချစ်ဆိုတာက ပိုအရေးကြီးပါတယ်။


ဒီစာအုပ်ကို အားလုံးပဲ ဖတ်လို့ရအောင် ကျူးပစ်မှာ ဦးအဗျားက စာရိုက်တင်ပေးထားပါတယ်။ မရွှေစုက တဆင့် PDF စာအုပ်လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။ (အပေါ်က ပုံမှာ ကလစ်ခေါက်ပြီး စာအုပ်ကို ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။) ရုပ်ရှင်လည်း ကြည့်လို့ ရပေမယ့် ကိုယ့်လို စာအုပ်ဖတ်ရတာ ပိုပြီး အားရတတ်သူများအတွက် ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြဖို့လည်း ညွှန်းပါတယ်။ စာအုပ်မဖတ်ချင်လို့ ရုပ်ရှင်ကြိုက်တဲ့သူ အနေနဲ့လည်း မကြည့်ရသေးသူများ ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာက ပြောဖူးပါတယ်။

ဒီဇာတ်လမ်းဟာ သေခြင်းတရား အကြောင်း ကို ပြောထားတယ်လို့ ဆိုနိုင်သော်ငြားလည်း ဘ၀မှာ ဘယ်လို ရှင်သန်နေထိုင်သွားကြမလဲဆိုတဲ့ ဒဿနကို စဉ်းစားမိသွားစေပါတယ်တဲ့။ ရယ်စရာအကြောင်း မဟုတ်ပေမယ့်လည်း သနားစရာထဲမှ ပြုံးစရာလေးများကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 
ပြီးတော့ ဒီကားမှာ ဘယ်အရာကိုမှ အစွန်းရောက်အောင် အလွန်အကျွံကြီး ဖြစ်နေအောင် ထည့်သွင်း ရိုက်ပြမထားပါဘူးတဲ့။ သေတဲ့သူတွေအကြောင်း အများကြီးပါပေမယ့် လန့်စရာ ကြောက်စရာ ရွံ့စရာ ကောင်းအောင် လုပ်ပြမထားပါဘူး၊ ၀မ်းနည်းစရာတွေ တစ်ပုံကြီး ပါပေမယ့် စိတ် ထိခိုက် ကြေကွဲရမှုတွေကို ဖြေသိမ့်ပေးထားပါတယ်။ စိတ်နှလုံး ကြီးမြတ်မှုနဲ့ မေတ္တာတရားဟာ အရုပ်ဆိုး အကျည်းတန် စက်ဆုပ်စရာလို့ ထင်တဲ့ အကြောင်းအရာတစ်ခုကိုတောင်မှ တင့်တယ်လှပမှုတွေ ထုံလွှမ်းနေစေနိုင်တာကို အနုပညာမြောက်စွာ လှစ်ပြထားတာသာ တွေ့ရမှာပါတဲ့။

လူ့ဘ၀ဆိုတာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေ၊ စိတ်ကြည်နှုးရခြင်း၊ မောပန်းနွမ်းနယ်ရခြင်းတွေနဲ့အတူ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပဲ နောက်ဆုံး အဖြေကိုသာ ပေးထားပြီး အလယ်ဆင့်တွေကို ဖွက်ပေးထားတဲ့ လောကကြီးမှာ ကောင်းတလှည့် ဆိုးတခါ လည်ပတ်ပြီး နေ နေ ကြရတာပဲ၊ ဘာကိုပဲ တွေ့ကြုံရ အစွန်းရောက်တဲ့စိတ်နဲ့ မကြည့်ပဲ နေရချိန် ခဏလေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဘယ်လို နေသွားကြမလဲ ဆိုတဲ့ အတွေးများနဲ့ အတူ။

မေတ္တာများစွာဖြင့်
စုချစ်သူ
၀၉ ဒီဇင်ဘာ ၂၀၁၂
ညနေ ၀၆နာရီ ၀၆မိနစ်

ဝန်ခံချက် ။။ ခေါင်းစဉ်မှာ ထူးအိမ်သင် ကဗျာမှ စာသားဖြစ်ပါတယ်။


++++

Tuesday, May 22, 2012

From Undercover Boss to Recover Boss

အခု စင်ကာပူက channel 5 မှာ တနင်္ဂနွေ ည ၁၀နာရီကို US CBS Channel က Undercover Boss Series ပြနေတယ်။ တစ်ခါ နှစ်ခါ အမှတ်မထင် ကြည့်ရင်း သဘောကျတာနဲ့ပဲ အချိန်ရရင် ရသလောက် ကြည့်ဖြစ်တယ်။ ကြည့်နေရင်း ဘာကို သတိရသွားလဲဆိုတော့ ဒီ စီးရီးစ်ကို စရိုက်တဲ့ UK ကသူတွေ မြန်မာ့ရှေးပုံပြင်တွေ ဖတ်ဖူးတဲ့သူတွေ ဖြစ်ရမယ်လို့...။ ဘာလို့ဆို ရှေးက ပုံပြင်တွေထဲမှာ မြန်မာဘုရင်တွေလည်း ဆင်းရဲသားယောင်ဆောင်ပြီး တိုင်းပြည်ကို အဲသလိုလှည့်လည်ကြတာကိုးနော်...။ တိုင်းပြည်အနှံ့ လမ်းမှာ တွေ့သမျှ သူတွေဆီက တိုင်းရေး ပြည်ရေး သာရေးနာရေး စီးပွားရေး အမြင်တွေ လေ့လာတယ်။ သူ့တိုင်းသူပြည်သားတွေက သူ့ကို ဘယ်လို မြင်သလဲဆိုတဲ့ စုံစမ်းတယ်။ လူတွေ ရိုးသားမှု ရှိမရှိ ပညာရှိမရှိကြကိုလည်း စမ်းသပ်လိုက်သေးတယ်။ တိုင်းသူပြည်သားတွေရဲ့ ဝေဖန်အကြံပေးချက်တွေ ကနေ တိုင်းပြည်ကောင်းအောင် ဘယ်လို လုပ်ရမလဲ၊ သူ့အပေါ် ထားရှိတဲ့ အမြင်ကနေ သူကိုယ်တိုင်ရော ဘာတွေ ပြုပြင်သင့်သလဲဆိုတာ လေ့လာ သုံးသပ်တယ်။ ပုံပြင်ထဲက ပညာရှိတဲ့ ဘုရင်များ ပြောပါတယ်။ 

ကဲ... အခု ခေတ်သစ် Undercover Boss မှာလည်း company ပိုင်ရှင် Boss ကိုယ်တိုင်၊ ဒါမှမဟုတ် CEO ဒါမှမဟုတ် Upper Executive Level က သူတွေက တစ်ပတ်လောက် သူတို့ company တွေ ရဲ့ ရှိသမျှ လုပ်ငန်းခွဲတွေဆီကို လှည့်လည်သွားပြီး အလုပ်သမားတွေနဲ့ အတူ ဒိုးတူဘောင်ဖက် အလုပ်တွေ ၀င်လုပ်ကြရင်း ကိုယ့်လုပ်ငန်းအောက်ခြေမှာ ဘာတွေ ဖြစ်နေကြတယ် ဆိုတာကိုလည်း သုံးသပ်၊ အလုပ်သမားတွေရဲ့ ဘ၀တွေကိုလည်း ထဲထဲဝင်ဝင် လေ့လာကြတာ။ ဟော... ဟိုတုန်းက မြန်မာ ဘုရင်တွေလိုပဲ ဘုရင် က နန်းတော်ပြန်ရောက်တော့ သူနဲ့ လမ်းမှာ တွေ့ပြီး သူ ပညာစမ်းခဲ့တဲ့သူ ဒါမှမဟုတ် သူ့ကို ကူညီခဲ့တဲ့သူတွေကို ဆင့်ခေါ်ပြီး ဆုလဒ်တွေ ပေးသနားတာတို့ လုပ်လေ့ရှိသလို သူတို့ကလည်း သူတို့နဲ့ တွေ့ခဲ့ အတူတွဲလုပ်ခဲ့ရတဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပြီး ရာထူးတိုးပေးတာတို့ ဆုကြေးပေးတာတို့ လုပ်ကြတာ။ ဒါနဲ့... ပုံပြင်ထဲက ဘုရင်တွေ အကြောင်း ထားပါတော့။ အခုက ကင်မရာ သမားတွေ အများကြီး နဲ့ ဟိုရိုက် ဒီရိုက်လုပ်နေတာ အလုပ်သမားတွေ က မရိပ်မိဘူးလားဆို... Company ရဲ့ entry workers တွေ အကြောင်ီး Documentary မှတ်တမ်း ရိုက်တာလို့ ပြောပြီး ရိုက်ကြသတဲ့။ ဘယ်လို ဖြစ်ဖြစ် ဒီခေတ်သစ် ဘုရင် သူ့ တိုင်းပြည်ငယ်လေးကို လှည့်လည်တဲ့ အကြောင်း က စိတ်ဝင်စားစရာ အားရ၀မ်းသာ ဖြစ်စရာ သဘောကျစရာတော့ ကောင်းသား။ 

မရွှေစု သဘောကျတာလေး တစ်ခု ပြောရရင် ကြည့်လိုက်ရသမျှ စီးရီးစ်တွေမှာ ဒီလောက် ကျိကျိတက် ချမ်းသာလွန်းလှတဲ့ ဘော့စ်တွေ တော်တော်များများဟာ အင်မတန်ကို Humble ဖြစ်ကြတယ်။ အို... ဒါတော့ တကမ္ဘာလုံးကြည့်နေတဲ့ တီဗွီ ရိုက်နေတာကိုးလို့ ပြောချင်ရင်လည်း ပြောကြလိမ့်မယ်။ သို့သော် လူ့မျက်နှာ ခံစားချက်ဆိုတာ ဖုံးဖိလို့ ရတာမှ မဟုတ်တာကိုး နော်။ ဟန်ဆောင်မှု ဆိုတာ အနည်း နဲ့ အများတော့ ပေါ်နိုင်သေးတာကိုးနော်။ မရွှေစုကတော့ သူတို့ နာမည်ကြီးချင်လို့ လုပ်တယ်ပဲ ဆိုဆို ဒီလောက် တအား ချမ်းသာတဲ့သူတွေက ဒီလို အောက်ခြေကို ဆင်းပြီး Undercover လုပ်ကြည့်ဖို့ သဘောတူကတည်းက အမှတ်ပေးပြီးသား ဖြစ်နေပြီ။ 

ဘော့စ်တွေဟာ အောက်ခြေ သိမ်း အလုပ်တွေဖြစ်တဲ့ ပစ္စည်းထမ်းတာတို့၊ ကားရေဆေး၊ အိမ်သာဆေး၊ အမှိုက်သိမ်း၊ ဆေးသုတ်၊ စက်ပြင် စသဖြင့် တော်တော်များများကတော့ Company ရဲ့ Operators အလုပ်နဲ့ Technicians အလုပ်တွေ ကို ၀င်လုပ်ကြတယ်။ Great Wolf Resorts က အမျိုးသမီး ဘော့စ် Kimberly ဆိုရင် သူ့ resort ရေကူးကန်ထဲက ချေးတုံးကိုတောင် ကြုံးလိုက်ရသေးတယ်။ အဲသလို ကိုယ့်လုပ်ငန်းခွဲတွေဆီမှာ တစ်ပတ်ကြာအောင် တစ်ရက် ကို တစ်ခု ၀င်လုပ်ရင်း အလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ ကိုယ့် လုပ်ငန်း တိုးတက်စရာ၊ နှောင့်နှေးစရာ အကြောင်း အချင်းအရာတွေ၊ စတဲ့ အဆိုး အကောင်း မှန်သမျှ အကျိုး အကြောင်းတွေကို လက်တွေ့ မြင်ကြရတယ်။ လုပ်ငန်းအတွက် ဒီထက်မက အဆင်ပြေအောင် ဘာတွေဆောင်ရွက်နိုင်မလဲဆိုတာကိုလည်း သိလာရတယ်။ မရွှေစု အမြင် အကျိုးကျေးဇူး အဖြစ်ဆုံးကတော့ ကိုယ့် လုပ်ငန်း တိုးတက်အောင်မြင်စေရန် တစ်ထောင့် တစ်နေရာက ပါဝင်လုပ်ဆောင်နေတဲ့ အခြေခံအလုပ်သမား လူတန်းစားတွေရဲ့ ဘ၀ကို စာနာ နားလည် သွားနိုင်မှုပဲ။ အခြေခံ အလုပ်သမား လူတန်းစား အများစု အင်အား ပါဝင်မှု မရှိပဲ ဘယ်လုပ်ငန်းမှ ရည်ရှည် အောင်မြင်အောင် ရပ်တည်နိုင်မယ်မထင်ဘူး။ 

 တချို့ ဘောစ့်တွေဆိုရင် ဒီ အလုပ်သမားတွေရဲ့ ဘ၀ နဲ့ နေ့စဉ် ရုန်းကန်နေရတာတွေကို တအံ့တသြ ကြည့်ပြီး တော်တော်လေး emotional ဖြစ်ကြတယ်။ ဖြစ်လဲ ဖြစ်စရာကိုးနော်။ သာမန် အောက်ခြေ အလုပ်သမားတစ်ယောက်ရဲ့ ဘ၀နဲ့ သူတို့ ဘ၀ နှိုင်းယှဉ်လို့ မှ မရတာလေ။ သူတို့တွေ အနေနဲ့က အရမ်းချမ်းသာတဲ့သူတွေ၊ အနည်းဆုံးတော့ ငွေရေး ကြေးရေးနဲ့ ပါတ်သက်ပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေနေတဲ့သူတွေ၊ ရတဲ့ လစာ ဆိုတာကလည်း ပြောမနေပါနဲ့တော့ Direct TV က CEO ဆို အခြေခံလစာ 15 Million နဲ့ Stock Options ကြီးပဲကိုက ၃နှစ်ကို 25 Million ရသတဲ့။ တချို့ ဘော့စ်များ သူတို့ဘ၀မှာ အလုပ်ကြမ်းဆိုတာ ဘာကိုမှ လုပ်ခဲ့ဖူးဟန်မတူဘူး။ လောကမှာ လူဆိုတာ ကိုယ့်ထက် နိမ့်ကျတဲ့သူ မြင်ရရင် ကရုဏာ ဖြစ်လွယ်ကြတာမို့ သူတို့ အလုပ်သမားတွေ ပင်ပင်ပန်းပန်း ရုန်းကန်နေကြရတာကို မြင်ရတဲ့အခါ သူတို့ ဘ၀နဲ့ အဟ ကွာ လွန်းတော့ သနားမိတာ သဘာဝကျတယ်လို့ပဲ မြင်တယ်။ တချို့ Viewer တွေ သုံးသပ်သလို ရုပ်ရှင် ရိုက်နေတာမို့ ဟန်လုပ်နေတယ်လို့ ကိုယ်တော့ မယူဆဘူး။ 

မရွှေစု က အမှန်ပြောရရင် မျက်ရည်လွယ်တတ်တဲ့သူ။ သူတို့က ကိုယ့်ထက်တောင် မျက်ရည် ပိုလွယ်နေကြသလိုပဲ။ ကိုယ်မျက်ရည် လွယ်တာကို ရှက်နေတာ... သူတို့ကို ကြည့်ပြီး... ဟာ... ဒီလောက် ချမ်းသာ ဒီလောက် အောင်မြင်နေတဲ့ သူတွေတောင် မျက်ရည် လွယ်ကြသေးတာ... ကိုယ်က ဘာဟုတ်သေးလဲလို့တောင် တွေးမိတော့တယ်။ အမျိုးသမီး ဘော့စ် ကင်ဘာလီဆိုရင် သူ့ အလုပ်သမားနဲ့ စကားပြောရင်း ဟိုကငိုတော့ သူပါ ရောငိုတာ။ တနေ့ညက ပြသွားတဲ့ Lucky Strike Lanes က ဘော့စ်ဆိုလည်း သူ့ အမေအကြောင်းပြောပြရင်းလည်း ငို၊ အလုပ်သမားကို သနားလို့ ငို... ဟင်း... ဘာငိုသလဲ မမေးပါနဲ့။ အဲဒီတော့ ကိုယ့်မလဲ သူတို့ကြည့်ရင်း တစ်ရှုးလေး တတို့တို့နဲ့ပေါ့။ 

ထူးထူးခြားခြား undercover ဆိုပြီး cover ပျောက်သွားတဲ့ ဘောစ့်တစ်ယောက်လဲ ရှိသေးတယ်။ သူကတော့ Belfor က ဘောစ့်။ သူ့ company က disasters ခံထားရတဲ့ အဆောက်အအုံ တွေကို ပြင်တာတွေ ပြန်ဆောက်တာတွေ လုပ်တာ။ အဲသမှာ သူနဲ့ အတူ တွဲလုပ်နေတဲ့ အလုပ်သမား cleaning technician ကနေ water technician ကို ရာထူးတိုးခဲ့တာ တစ်နှစ်နီးပါးရှိပြီ။ ဒါပေမယ့် လစာတော့ လုံးဝမတိုးဘူးဆိုပြီး ပြောပြတော့ တအား သနားသွားတယ်နဲ့ တူရဲ့...။ ဘော့စ်မှန်း မသိအောင် ဆံပင်တုတတ် ရုပ်ဖျက်ထားတာတွေ ဆွဲဖြုတ်လိုက်ပြီး မင်းကို ခုချက်ချင်း လစာ တိုးပေးမယ်။ ငါဟာ မင်းရဲ့ CEO ပဲ ဆိုပြီး ပြောထည့်လိုက်ရော။ 

ထုံးစံအတိုင်း တချို့ သူ တွေက ကဲ့ရဲ့ ကြတာပေါ့နော်... ။ ဒီ ပရိုဂရမ်ဟာ supposed to be undercover ဖြစ်ရမှာ၊ မလိုတာ အပိုတွေ လျှောက်လုပ်တယ် ဘာညာပေါ့။ တချို့ Viewer တွေကြတော့လည်း တမျိုး ပြောပြန်တယ် ... ဘော့စ်တွေက သူတို့နဲ့တွေ့ခဲ့တဲ့ အလုပ်သမားအတွက်ပဲ ဆုကြေးတွေ အခွင့်အရေးတွေဖန်တီးပေးတာ... အဲသလို အလုပ်သမားမျိုးက ရာချီပြီး ရှိနေတာရော ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေ။ ကိုယ်မြင်သလောက်တော့ ဒီ ပရိုဂရမ်ကို ရိုက်တဲ့ အဓိက ဦးတည်ချက် ရည်ရွယ်ချက်မှာ ဘော့စ်တွေဟာ သူတို့ လုပ်ငန်း တိုးတက်အောင် ဘယ်လို လုပ်သင့်သလဲ၊ သူတို့နဲ့ အလှမ်းကွာလွန်းတဲ့ လုပ်ငန်းအောက်ခြေမှာ ဘာချွတ်ယွင်းချက်တွေ ရှိနေသလဲ၊ အခြေခံ လူတန်းစား အလုပ်သမားတွေရဲ့ ဘ၀တွေကရော ဘယ်လိုနေကြမလဲ ဆိုတာ စုံစမ်းချင်လို့ ဒီ ပရိုဂရမ်မှာ ၀င်လုပ်ကြတာ။ ဘာပဲ ဖြစ်ဖြစ် ဒီ ပရိုဂရမ်ကြောင့် အလုပ်သမားတွေရဲ့ ဘ၀ အခြေအနေ တစ်စိတ်တစ်ပိုင်းကို ဟိုးထိပ်ဆုံးက ဘော့စ်တွေ သိသွားရင် အမြတ်ပဲ မဟုတ်လား။ 

ဘော့စ်က သူနဲ့ အလုပ်အတူ လုပ်ခဲ့တဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပြီး သူဟာ သာမန် အလုပ်သမား မဟုတ်ကြောင်း၊ ဒီ Company ရဲ့ ဘော့စ် ဖြစ်ကြောင်း ဖွင့်ပြောတဲ့ အခန်းကတော့ ဒီ စီးရီးစ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပဲ။ လုံးဝ မမျော်လင့်ထားတာ တွေ့ရ သိလိုက်ရလို့ အလွန်အမင်း ထိတ်လန့် အံ့သြ သွားကြတဲ့ အလုပ်သမား တွေရဲ့ reaction တွေက စိတ်ဝင်စားစရာ ကောင်းတာကိုးနော်။ ဘော့စ်က သူတို့အတွက် ဆုကြေးတွေ အခွင့်အရေးတွေ ဖန်တီးပေးလို့ ပျော်လည်းပျော်၊ ပြီးတော့ ၀မ်းနည်း ၀မ်းသာဖြစ်ကြ။ 

နောက်ဆုံး အခန်းကတော့ Company မှာ ရှိတဲ့ တခြား ၀န်ထမ်းတွေ အလုပ်သမားတွေအားလုံး ဖိတ်ပြီး Undercover လုပ်တဲ့ တစ်ပတ် အတွင်း သူ ဘယ်လို ခံစားရတယ်ဆိုတာလည်း ဘော့စ်က ပြန်ပြောပြတယ်ပေါ့။ ပြီးတော့ ဒီလုပ်ငန်းကြီး အောင်မြင်စေရန် လုပ်ဆောင်နေကြတဲ့ သူ့ ၀န်ထမ်းတွေ အလုပ်သမားတွေကို ကျေးဇူးတင်ကြောင်း၊ သူ့ Company အောက်က အလုပ်သမား တစ်ဦးချင်းစီဟာ သူ့မိသားစုဝင်တွေပဲဖြစ်ကြောင်း ဒါကြောင့် ဒီအလုပ်သမားတွေရဲ့ လူမှု ဖူလုံရေး၊ အလုပ်သမား အခွင့်အရေးကို တတ်နိုင်သမျှ အပြည့်အ၀ တာဝန်ယူမယ် ဖြစ်ကြောင်း စသဖြင့် ပြောကြ ဆိုကြပေါ့လေ။ လူတိုင်းရဲ့ မျက်နှာတွေဟာလည်း ပြုံးလို့...။ အလုပ်သမားတွေကလည်း သူတို့ အပင်ပန်းခံ အလုပ်လုပ်ခဲ့ကြတာ အသိအမှတ်ပြုခံရတဲ့ အတွက် ပျော်ကြလို့...။ အားလုံးဟာ အလုပ်ကို ပိုခင်တွယ် ပိုချစ်မြတ်နိုးတဲ့ စိတ်ထားတွေ ဒီထက်မက တိုးပြီး ကြိုးစားလုပ်သွားအုံးမယ် ဆိုတဲ့ မျက်နှာထားတွေနဲ့... ပေါ့။ 

ဘာပြောကောင်းမလဲ မရွှေစုတို့လည်း ဒီ ပရိုဂရမ်ရဲ့ နောက်ဆုံးပိုင်းကို ရောက်ရင် တစ်ရှုးဘူးလေးပိုက်ပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့...။ သူတို့အစား ၀မ်းနည်း ၀မ်းသာကို ဖြစ်လို့... ဒါနဲ့ မျက်ရည်တွေကြားက ဆုတောင်းလိုက်သေးတယ်...။ မြန်မာနိုင်ငံက အလုပ်သမားတွေ ... အို... ကမ္ဘာပေါ်က အလုပ်သမားတိုင်း အလုပ်သမား အခွင့်အရေးတွေ အမြန်ဆုံး အပြည့်အ၀ ရကြပါစေလို့ ... ။

မျက်စိစုံမှိတ်ပြီး မသိချင်ယောင်ဆောင် အမှောင်တိုက်ထဲ ရောက်နေတဲ့ ဘော့စ်တွေလည်း Recover မြန်မြန်ဖြစ် အလင်းရလို့ လုပ်သားများရဲ့ ဘ၀ကို နားလည်စာနာ အမှန်မြင်ကြပါစေလို့... ။ 

ကိုးကား။ 
Undercover Boss (U.S. TV series) episodes

Saturday, November 20, 2010

IP Man နှင့် မရွှေစုအတွေးများ

IP Man နှင့် မရွှေစုအတွေးများ

Image Source

မနေ့ညက ဘူကစ်ဘတုတ် အမ်အာတီဘက်ကို လမ်းလျှောက်ရင်း လမ်းဘေးကွင်းပြင်ကျယ်မှာ ရုပ်ရှင်ပြနေတာတွေ့လို့ ခဏတဖြုတ် ရပ်ကြည့်မိတယ်။ မရွှေစုက ရုပ်ရှင်ဆို တော်ရုံမကြိုက်တာမို့ ခဏဆိုပြီး ရပ်ကြည့်ပေမယ့် ရုပ်ရှင်က ဆွဲဆောင်မှုကြောင့် စိတ်ဓါတ်တက်ကြွလာတာနဲ့ အပြီးအထိ ကြည့်မိတော့တယ်။

ဘာကားလဲလို့ စပ်စုကြည့်မိတော့ IP man 2 တဲ့။ လက်ဝှေ့ကားတွေဆို ပိုလို့တောင် မကြည့်တတ်တဲ့ မရွှေစုကို ဒီကားလေးကတော့ အပြီးထိ ကြည့်မိအောင် ဆွဲဆောင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထဲက လူတစ်ယောက်ဖြစ်တဲ့ မရွှေစုရဲ့ basic instinct က မတရားတာကို မခံစားနိုင်လို့ပါပဲ။ အဲဒီ မတရားတာကို မခံစားတတ်တဲ့ အသိစိတ်ဓါတ်ကလည်း အမေစုပြောသလို နိုင်ငံရေးတမျိုးပဲ မဟုတ်ပါလား။

**********

မရွှေစုတို့ စကြည့်တဲ့အချိန်မှာ ရုပ်ရှင်က အလယ်လောက် ရောက်နေပါပြီ။ ဟောင်ကောင် ဖိုက်တာမင်းသားကြီးဟုတ်ချင်းပေါင်နဲ့ နိုင်ငံခြားသား လက်ဝှေ့သမား လက်ဝှေ့ထိုးနေကြတဲ့အခန်း။ နိုင်ငံခြားသား လက်ဝှေ့သမား Twister ရဲ့ သရော်မော်ကား ပြောစကားများနဲ့ မတရားစော်ကားမှုကို မခံနိုင်လို့ ရှုံးမယ်မှန်းသိရက်နဲ့ မိမိယုံကြည်မှုကို သေတဲ့အထိ ဖက်တွယ်ပြီး သတ္တိရှိရှိ တုန့်ပြန်ခဲ့တဲ့ ဟုတ်ချင်းပေါင်။ သတင်းမှန်ကို ရေးမိလို့ အဲဒီအချိန်က အုပ်စိုးနေတဲ့ မျက်နှာဖြူဟောင်ကောင်ပုလိပ်ရဲ့ မတရားနှိပ်စက်မှုကိုခံရတဲ့ သတင်းသမား။ လက်ဝှေ့ပွဲမှာ မတရားသဖြင့် အသေထိုးသတ်ခဲ့လို့ သေခဲ့ရတာကို မတော်တဆ ဖြစ်တာပါလို့ အရှက်မရှိ ပြောင်ညာတဲ့ သတင်းစာရှင်းလင်းပွဲ။ ပြီးတော့ Twister ရဲ့ သူတပါးကို အထင်အမြင်သေး မလေးမစား မရိုးသားတဲ့ အောက်တန်းကျကျ စိန်ခေါ်မှု။ အော်... လောကကြီးမှာ Twister လိုလူမျိုးတွေ အများကြီးရှိနေတယ်ဆိုတာ မရွှေစုတို့လည်း သိထားသားပဲ။ အဲဒါတွေကိုကြည့်ပြီး မရွှေစုဟာ ရုပ်ရှင်ကြည့်နေတဲ့သူ တစ်ယောက် မဟုတ်တော့ပါဘူး။ ရင်ထဲမှာ အော်ဂလီဆန် မုန်းတီးစက်ဆုတ်မှုတွေ အပြည့်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လို့။ မရွှေစုမျက်လုံးထဲမှာ ကြည့်နေတဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်မဟုတ်တော့ဘူး။ ရုပ်ရှင်ကို ကိုယ်စားပြုပြီး အပြင်မှာ တကယ်ဖြစ်နေတာတွေက အရိပ်အနေနဲ့ ရင်ထဲထိရောက်လာတယ်။

IP man က Twister ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး လက်ဝှေ့ထိုးတဲ့နေ့ကို ရောက်လာတယ်။ ဒိုင်လူကြီးက to the corner လို့ အင်္ဂလိပ်လိုပြောတာကို ချက်ချင်းမတုံ့ပြန်တော့ ၀ိုင်းဝန်းလှောင်ရယ်ရယ်ကြတဲ့ မျက်နှာဖြူ ပရိတ်သတ်ဟာ ရေပေါ်ဆီ လူအချို့ကို ကိုယ်စားပြုနေတယ်။ Twister ရဲ့ ဘယ်သူ့ကိုမှ ထီမထင် ရက်စက်ကြမ်းကြုတ်လှတဲ့ မျက်လုံးတွေနဲ့ ပေါ့ပျက်ပျက်မျက်နှာဟာ လောကကြီးထဲက မရိုးမသား ကောက်ကျစ်တဲ့ လူတန်းစားတစုကို ကိုယ်စားပြုနေတယ်။ ပွဲကြည့်စင်အောက်က စိုးရိမ်ကြောက်လန့်မှု မျက်ဝန်းတွေနဲ့ IP man ကို အားကိုးတကြီး ကြည့်နေကြတဲ့ပရိတ်တွေက ပြည်သူလူထုကို ကိုယ်စားပြုနေတယ်။ မွေးကင်းစသားငယ်ကို ပိုက်ပြီး၊ သားကြီးနဲ့အတူ မျှော်လင့်ချက်အပြည့်နဲ့ လက်ဝှေ့ပွဲကို စောင့်ကြည့်နေတဲ့ မိခင်ဟာ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းကို စောင့်ရှောက်လျက်ရှိတဲ့ မိခင်နိုင်ငံကို ကိုယ်စားပြုနေတယ်။

IP man ရဲ့ ရဲရင့်သတ္တိအပြည့်နဲ့ တည်ငြိမ် အေးချမ်း ရိုးသားတဲ့ အကြည့်ဟာ မရွှေစုရင်ထဲက သူရဲကောင်းများကို ကိုယ်စားပြုနေပါတယ်။ လက်ဝှေ့ပွဲက စပါပြီ။ IP man ဟာ ရက်စက်ပြီး ညှာတာမှုမရှိတဲ့ Twister ရဲ့ လက်သီးမိုးများကြားမှာ ခဏခဏ လဲကျခဲ့တယ်။ ဒါပေမယ့် သူဟာ ကြိုးဝိုင်းအတွင်းက ခွင့်ပြုထားတဲ့ ဂဏန်း အရေအတွက် ၉ခု မတိုင်ခင် မဆုတ်မနစ်သော ဇွဲသတ္တိအပြည့်နဲ့ ပြန်ထနိုင်အောင် ကြိုးစားခဲ့တယ်။ ဟုတ်တယ်။ မရွှေစုတို့ ဘ၀မှာလည်း ဒီလိုပဲ ခဏ ခဏ လဲကျကြမှာပဲ။ လောကကြီးက ခွင့်ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်း သတ္တိရှိရှိ ပြန်ထနိုင်အောင် ကြိုးစားကြရမှာပဲ။ အဲသလိုမှ ပြန်မထနိုင်ရင် မရွှေစုတို့ဟာ အဲဒီလက်ရှိကြိုးဝိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်ကြရတော့မှာပဲ။ IP man ဟာ ကောက်ကျစ်တဲ့ Twister ကို ဖြောင့်ဖြောင့်မှန်မှန် ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်။ မရွှေစုတို့လည်း ဘယ်သူက ဘယ်လိုပဲ ကောက်ကျစ်ပစေ ကိုယ့်ဘက်က ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံကြရမှာပဲ။

ဥပဒေဟာ အာဏာရှိသူတွေရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောကြတဲ့အတိုင်း ပွဲရပ် အချက်ပေးခေါင်းလောင်းထိုးပြီးမှ အခွင့်ကောင်းယူပြီး လက်သီးနဲ့ထိုးတဲ့ Twister ကို ဒိုင်လူကြီးတွေက အရေးမယူကြဘူး။ ဒီလိုပဲ လောကကြီးမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ သဘာဝမကျစွာ မတရားမှုတွေက တခါတခါ ကိုယ့်ကို အလစ်ချောင်းပြီး လာတိုက်ခိုတ်တတ်တာကို သတိပြုရမယ်။ IP man ကိုတော့ ကြိုးဝိုင်းအတွင်း ခြေထောက်နဲ့ ကန်တာ ခွင့်မပြုဘူးလို့ ပိတ်ပင်ပါတယ်။ IP man ဟာ သူတို့ တောင်းဆိုတာကို ဘာမှ စောဒက မတက်ဘူး။ ရဲရင့်မှန်ကန်တဲ့ သူရဲကောင်းတွေဟာ နောက်ဆုံးမှာ အောင်မြင်မှု ရကြတယ်ဆိုတဲ့ လောကကြီးရဲ့ နိယာမအတိုင်း သူဟာ ကောက်ကျစ်တဲ့ Twister ကို မှန်မှန်ကန်ကန် အနိုင်ရရှိခဲ့တယ်။

မရွှေစု အကြိုက်ဆုံးကတော့ အနိုင်ရရှိတဲ့ IP man ပြောခဲ့တဲ့ စကားလေးတွေပါပဲ။ Twister ဟာ တရုတ်လူမျိုးတွေကို သူနဲ့ ပြိုင်ဖို့ စိန်ခေါ်တဲ့အခါ အနောက်တိုင်းလက်ဝှေ့ ဘယ်လောက်ကောင်းကြောင်း မင်းတို့ ငနုံငအတွေ သိစေရမယ်။ အသုံးမကျတဲ့ မင်းတို့ တရုတ်သိုင်း အဖြစ်မရှိကြောင်း သိစေရမယ်လို့ သရော်မော်ကား ပြောခဲ့တယ်။ IP man က သူအနိုင်ရရှိတဲ့အခါ Twister စကားကို ချေပဖို့ ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ သူ ပြောခဲ့တာကတော့....

I didn't come here today to prove which is better, Chinese or Western Boxing.
Although people have different status in life, I don't believe that one person integrity is worth more than another.
I hope we can start to respect each other.


တဲ့။

အဲဒီအခါ ခုနက သူ့ကို ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြတဲ့ မျက်နှာဖြူပရိတ်သတ်ဟာ မနေသာတော့ပဲ နေရာကထ မတ်တတ်ရပ်ပြီး အားလုံးလက်ခုတ်ဝိုင်းတီးကြပါတယ်။ မရွှေစုဟာလည်း ယောင်ရမ်းပြီး လက်ခုတ်တွေတီးနေမိတယ်။ ဟုတ်တယ်။ မရွှေစုတို့ဟာ ကိုယ်နဲ့ စိတ်ဓါတ်ချင်းမတူတဲ့သူတွေရဲ့ အပြောကို အရေးယူပြီး ချေပနေဖို့ မလိုဘူး။ ကိုယ်သွားတဲ့ လမ်းစဉ်အတိုင်း ကိုယ့်စံအတိုင်း ဖြောင့်ဖြောင့်မှန်မှန် ရိုးရိုးသားသား နေသွားကြဖို့ပဲ အရေးကြီးပြီး ခွင့်လွှတ်တတ်တဲ့ သူမျိုး ဖြစ်နိုင်ရမယ်။

**********

အော်... အဲဒီလိုများ မရွှေစုတို့ လူသားတွေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လေးစားတတ်ကြမယ်ဆိုရင် လောကကြီးမှာ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းလိုက်မလဲလို့...။

Ref: IP Man 2 Movie

စုချစ်
၂၀ နိုဝင်ဘာ ၂၀၁၀

**********