Showing posts with label Thoughts. Show all posts
Showing posts with label Thoughts. Show all posts

Monday, May 4, 2015

ဣတ္ထိယခေါ်မိန်းမတို့သည်...

Artist - U AungMyint

တစ်နေ့က ဖေ့ဘုခ်ထဲမယ် ဟာသလေးတစ်ခုတင်ထားတာ ဖတ်ရတယ်။ ရယ်စရာမဂ္ဂဇင်းထဲက ဆရာနတ်ရဲရေးတဲ့ ဥက္ကဌရွေးပွဲဆိုတဲ့ ဟာသစာစုနဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒါလေး ဖတ်ပြီး ကိုယ့်ဘာသာရယ်ရုံနဲ့ အားမရသေး၊ ထုံးစံအတိုင်း ဦးရေချမ်းကိုပါ ပြောပြပြီး နှစ်ယောက်သား အတူ အားပါးတရရယ်လိုက်ကြတာဆိုတာ။ ဘာဟာသမို့လို့ ဒီလောက်တောင်ရယ်ရလဲမေးရင် တကယ်တော့ မိန်းမကြောက်တဲ့အကြောင်းရေးထားတဲ့ ဟာသ၊ ပြောရရင် မိန်းမတွေကိုပြောင်လှောင်ထားတဲ့ ဟာသတွေထဲက တစ်ခုပါပဲ။

ဟာသက ဒီလိုပါ၊ တစ်ခါက မယားကြောက်ရွာမှာနေတဲ့ ယောက်ျားတွေဟာ နာမည်နဲ့လိုက်အောင် မယားကြောက်ကြရသတဲ့၊ တခြားရွာကလူတွေလှောင်ပြောင်ကဲ့ရဲ့မှုကိုခံရတာများလာတော့ ရွာမှာရှိတဲ့ ယောက်ျားတွေအားလုံး မိန်းမ မကြောက်ရေး အဖွဲ့ ဖွဲ့ဖို့ အစည်းအဝေးလုပ်ကြတယ်တဲ့။ ဒီလိုလုပ်တာကိုမိန်းမတွေသိမှာစိုးတော့ သူတို့ထဲကတစ်ယောက်ကို ကင်းစောင့်ခိုင်းပြီး တိတ်တိတ်ဆွေးနွေးတိုင်ပင်နေကြတာပေါ့။ အဲ့သမှာ အဖွဲ့အတွက်ခေါင်းဆောင်ရွေးဖို့ လုပ်နေကြတုန်းရှိသေး ကင်းစောင့်နေတဲ့သူကပြေးလာပြီး မိန်းမတွေလိုက်လာတယ်သတင်းပို့လို့ အားလုံး ဒရောသောပါးနဲ့ ထွက်ပြေးကြရောတဲ့။ တစ်ယောက်ကတော့ ထွက်မပြေးပဲ နေရာမှာပဲ ငုတ်တုတ်လေးကျန်ခဲ့တယ်တဲ့။ နောက်မှ ကင်းထောက်ကမှားပြီး သတင်းပို့မှန်းသိတော့ ဆွေးနွေးတဲ့နေရာကို လူပြန်စုရောက်လာကြပြီး ထွက်မပြေးပဲ ငုတ်တုတ်ထိုင်ကျန်ခဲ့တဲ့သူကို အထင်တကြီးနဲ့ဝိုင်းချီးကျူးကြတာပေါ့၊ ဒါနဲ့ သူ့ကိုပဲ ခေါင်းဆောင်တင်ဖို့ ဆုံးဖြတ်ပြီး ပခုံးပုတ်ခေါ်လိုက်တော့မှ လက်စသတ်တော့ အဲဒီလူက နေရာမှာတင်အသက်ပျောက်နေပြီကိုးတဲ့။ အကြောက်လွန်ပြီး အသက်ပျောက်တယ်ပေါ့လေ။


 နောက်ထပ်ပုံပြင်တစ်ခုကတော့ လူထုဦးလှရဲ့အညာကျေးလက်ပုံပြင်များထဲကနဲ့ခပ်ဆင်ဆင်။ အဖေက သားလုပ်သူကို နွားတစ်အုပ်နဲ့ မြင်းတစ်အုပ်ပေးလိုက်ပြီး ရွာထဲမယ် မိန်းမကြောက်တဲ့သူတွေ့ရင် နွားတစ်ကောင်၊ မိန်းမ မကြောက်တဲ့သူတွေ့ရင် မြင်းတစ်ကောင်ကျစီဝေပေးဖို့ စေခိုင်းလိုက်သတဲ့။ ဒီလိုနဲ့လိုက်ဝေကြည့်တာ နွားတွေချည်းလက်မလည်အောင်ဝေရလို့ ကုန်သွားတာတောင် မြင်းပေးရမဲ့သူ ရွာသားတစ်ယောက်မှ မတွေ့မိဘူးတဲ့။ နောက်ဆုံး ရွာသားတစ်ယောက်အလှည့်ကျမှ မိန်းမကို သူစားချင်တဲ့ဟင်းချက်ပေးစမ်းပါ ခိုင်းနေသံကြားရတော့ မိန်းမနိုင်တယ်ယူဆပြီး မြင်းတစ်ကောင်ပေးခဲ့လိုက်သတဲ့။ သူ့အဖေဆီပြန်အရောက် ခုနကမြင်းရသွားတဲ့သူက အနောက်ကနေ မောကြီးပန်းကြီးပြေးလိုက်လာပြီး သူရထားတဲ့ မြင်းညိုကို မြင်းဖြူနဲ့ ပြန်လဲပေးပါလို့ တောင်းဆိုသတဲ့။ ဘာဖြစ်လို့လဲဆိုတော့မှ သူ့မိန်းမက အညိုရောင်မကြိုက်ဘူး၊ အဖြူရောင် ခုချက်ချင်းလိုက်လဲလို့ ခိုင်းလိုက်လို့ အမောတကော ပြေးလာရတာလို့ ဆိုသကိုး။ တကယ်တော့ ဒီပုံပြင်ဟာသလေးတွေက မိန်းမတွေကို အာဏာရှင်တွေလိုလို ကြောက်စရာသရဲတဘက်တွေလို စိတ်ထားသေးသိမ်သူတွေလိုသဘောထား ဟာသနှောပြီး ရေးထားကြတာပါ။

ဒီလိုပဲ မိန်းမတွေဆိုးကြောင်း ကောက်ကျစ်ကြကြောင်း ဘာမဟုတ်တာတွေကို သဝန်တိုတတ်ကြောင်း စတဲ့ ပုံပြင်တွေ အများကြီးပါပဲ။ အရပ်ထဲမယ်လည်း စိတ်ထားသေးသိမ်တဲ့ယောက်ျားမြင်ရင် သူ့စိတ်ဓါတ်မကောင်းတာကိုသူ့နာမည်တတ်ပြီးကဲ့ရဲ့ရုံနဲ့အားမရ၊ ယောက်ျားဖြစ်ပြီး သိပ်မိန်းမလိုမိန်းမရနိုင်တဲ့သူလို့ မိန်းမတွေကို ဘာမဆိုင်ညာမဆိုင် ကြားထဲဆွဲထည့် ထိခိုက်ပြီး ခပ်လွယ်လွယ်နဲ့ နှိုင်းယှဉ် ပြစ်တင်ပလိုက်တာပဲ။ ကိုယ်တွေကိုယ်တိုင်ကလည်း မိန်းမ ဖြစ်ပေတဲ့ လောကကြီးမှာ မိန်းမတွေကို လက်ဦးမဆွကတည်းက နှိမ်ချ နှိုင်းယှဉ်ခံရတာကြားနေရဖန်များတော့ ဝါးလုံးရှည်နဲ့ပတ်ရမ်းခံရတာလည်း စိတ်ထဲထူးခြားပြီးထိခိုက်မနေတော့ဘူး။ အဲသလိုမကောင်းတာတွေ ကိုယ်မဟုတ် ကိုယ်မလုပ်ရင်ပြီးရော၊ ဟာသလိုသဘောထားလိုက်တော့ နာရကောင်းမှန်းလည်း မသိပါဘူး၊ စိတ်ထဲလည်း ထားမနေပါဘူး၊ တဟေးဟေး တဟားဟားနဲ့ ဒီလိုပဲ ပြီးသွားတာပါပဲ။

ကံကောင်းချင်တော့ ကိုယ့်အနီးအနားက ယောက်ျားတွေကလည်း မိန်းမတွေကို ဒီလိုအထင်သေးအမြင်သေးနှိမ့်ချတတ်တဲ့သူဆိုတာ ရှိတာမဟုတ်ဘူး။ ကိုယ့်အဖေဆို မိန်းကလေးတွေမကောင်းကြောင်း အမနာပပြောတတ်တဲ့သူဆို လုံးဝမကြိုက်ဘူး။ အဲ့လိုလူတွေဟာသိမ်ဖျင်းတဲ့ယောက်ျားတွေလို့ သူကယူဆတယ်။ ဦးရေချမ်းဆိုလည်း ဘယ်မိန်းကလေးကိုမှ အထင်သေးအမြင်သေးစိတ်နဲ့ ဆက်ဆံတာမမြင်ဖူးဘူး။ မိန်းမလည်းလူ ယောက်ျားလည်းလူ ဘယ်သူကမှခေါင်းတစ်လုံးပိုမသာဘူး၊ ထူးထူးချွန်ချွန်ထက်ထက်မြက်မြက်အမျိုးသမီးကောင်းဖြစ်အောင် လုပ်ဖို့ အမြဲပဲအားပေးတိုက်တွန်းတတ်တဲ့သူ။ ကိုယ့်သူငယ်ချင်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တော်တော်များများကလည်း ကိုယ့်ကိုဆို တန်းတူလိုသဘောထားဆက်ဆံလွန်းလို့တောင် ခက်နေတယ်၊ မိန်းကလေးမို့လို့ အလျှော့ပေးမယ်ဆိုတာမျိုး မလေးမစားရှိတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ဘူး၊ လူ လူ ချင်း အတူတူ တန်းတူ အခွင့်အရေးပဲလို့ဆိုတဲ့သူက ခပ်များများ။ ကိုယ်ကတောင်သူတို့ကို ပြန်အလျှော့ပေးနေရသေး။


စဉ်းစားကြည့်မိတော့ တကယ့်တကယ် စိတ်ဓာတ်ပြည့်ဝတဲ့ယောက်ျားတွေဟာ မိန်းမတွေကိုဘယ်တော့မှ နှိမ်ချဆက်ဆံခြင်းမပြုဘူးဆိုတာပဲ။ ဆရာကြီးဇော်ဂျီရေးတဲ့ ဦးသောဘိတနဲ့ကိုခင်ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ရတော့ ပြုံးမိတယ်။ ဆရာကြီးက အမျိုးသမီးတွေရဲ့ကရုဏာစိတ် ကြင်နာစိတ်ရှိပုံကို သဘောတကျနဲ့ပုံဖော်ထားတာ ချစ်စရာကောင်းလှပါတယ်။ ဆရာကြီးကပြောလိုက်သေးတယ်၊ မိန်းမတွေမရှိရင် အမေတွေမရှိ၊ အမေတွေမရှိရင် ယောက်ျားတွေရော ဘယ်လိုလုပ်မွေးလာပါ့မတုန်းတဲ့။

မဃဒေဝလင်္ကာသစ်ကြီးမှာ မန်လည်ဆရာတော်ဘုရားကြီးက အမျိုးသမီးတွေစာရိတ္တကောင်းမွန်စေရန်ရည်ရွယ်ပြီး ဖွဲ့ဆိုခဲ့တာတွေကို ဆရာတော်ကြီးကမိန်းမတွေကိုနှိမ်လွန်း အဆိုးမြင်လွန်းတယ်လို့ အမြင်မှားနေတဲ့သူတွေရှိနိုင်ပါတယ်။ တကယ်တော့ ဆရာတော်ကြီးက မိန်းမ မကောင်းကြောင်းသက်သက်ကိုသာ ဖွဲ့ဆိုသွားတာမဟုတ်ပါဘူး။ မိန်းမယုတ်တွေအကြောင်း သတိထားနိုင်အောင်ဖွဲ့ဆိုခဲ့သလို မိန်းမမြတ် မိန်းမကောင်းအကြောင်းတွေလည်း ကြည်ညိုမြတ်နိုးဖွယ်ရာကောင်းအောင် ချီးမွမ်းဖွဲ့ဆိုခဲ့ပါတယ်။ ဒီလိုပဲ ယောက်ျားတွေ ကောက်ကျစ်တတ်ကြောင်း ရေးဖွဲ့ခဲ့သလို လေးစားကြည်ညိုဖွယ်ရာ 

ယောက်ျားကောင်း ယောက်ျားမြတ်တွေအကြောင်းကိုလည်း ဖွဲ့ဆိုသွားခဲ့ပါတယ်။

မင်းကွန်းဆရာတော်ဘုရားကြီးဆိုလည်း မေတ္တာတရားကြီးမားစွာနဲ့ အမျိုးသမီးထုဘက်က ရပ်တည်ပေးလေ့ရှိတာကိုတွေ့ရတယ်။ တစ်ခါက ဆရာတော်ဘုရားကြီး မန္တလေးမှာ သီတင်းသုံးစဉ် အကျင့်သီလဖြူစင်တဲ့ ကိုယ်ကျင့်တရားကောင်းတဲ့
အမျိုးသမီးတွေကို ချီးမြှင့်မြှောက်စားတဲ့အနေနဲ့ ဣတ္ထိ ဝိမာနဝတ္ထု တရားတော်တွေကို ဝါတွင်းတစ်ခုလုံးဟောကြားခဲ့ပါတယ်တဲ့။ ဣတ္ထိဝိမာနဝတ္ထု ဆိုတာ ခုဒ္ဒကနိကာယ် သုတ္တန် ပါဠိတော်လာ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားနဲ့ကုသိုလ်ထူးတွေကြောင့် ထူးဆန်းအံ့သြဖွယ်ရာလှပတဲ့ နတ်ဗိမ္မာန်ဘုံတွေမှာ စံစားနေကြတဲ့နတ်သမီးတွေအကြောင်းဖြစ်ပါတယ်။  

ဆာဦးသွင်ဆိုတာ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ရဟန်းဒကာတော်ကြီးပေါ့၊ ဒကာကြီးဆာဦးသွင်နဲ့ ဆာဦးသွင်ရဲ့ဇနီး ဒကာမကြီးဒေါ်ဒေါ်သိန်းတို့ အငြင်းအခုန်ဖြစ်ကြရင် ဘယ်တော့မှ ဒကာကြီးဘက်က မလိုက်ဘူး၊ ဒကာမကြီးဘက်ကရပ်တည်ပေးတယ်လို့ ဆရာတော်ဘုရားကြီးက မိန့်တော်မူဖူးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့တဲ့... လူတွေဟာ များသောအားဖြင့် အမျိုးသမီးများကို နှိမ်တတ်ကြတယ်၊ ဒါကို ဆရာတော်ဘုရားကြီးက သဘောမကျဘူးလို့ ဆိုပါတယ်။ ဆရာတော်ဘုရားကြီး သူ့မယ်တော်ကို ဂရုစိုက်ပုံ ကြင်နာပုံ သည်းညည်းခံပုံတွေကလည်း အံ့မခန်းချီးကျူးစရာပါပဲ။ သားကြီးသြရသအနေနဲ့
မယ်တော့်ဘက်က အမြဲတမ်း မားမားမတ်မတ် ရပ်တည်ပေးမဲ့သူလို့ ဆရာတော်ကြီးက သူ့ကိုယ်သူ မိန့်ဆိုပါတယ်။

တချို့ကတော့ ပြောကြတယ်၊ အို... ဘာပဲဖြစ်ဖြစ် မိန်းမနဲ့ယောက်ျား လာကိုမနှိုင်းနဲ့၊ မတူရင် လာမတုနဲ့၊ လူမြင်ကွင်းထဲမယ် ယောက်ျားတွေ အပေါ်ပိုင်းကိုယ်လုံးတီးလုပ်ပြီးသွားသလို မိန်းမက လိုက်လုပ်လို့ရမယ်ထင်သလားတဲ့။ နို့...နေပါဦး၊ မေးပါရစေဦး၊ လူမြင်ကွင်း အပေါ်ပိုင်းလုံးတီးလုပ်ပြီးလျှောက်တာ အံ့သြထူးခြားတဲ့ဂုဏ်စွမ်းရည်သတ္တိတစ်ခုမို့လို့လား။ စိတ်ပေါ့သွမ်းမူးရူးနေတဲ့သူသာ လူကြားထဲ လုံးတီးလုပ်ပြီးလျှောက်တော့မပေါ့၊ ဒါကိုနှိုင်းစရာလား။ ဒါဖြင့် နောက်တစ်ခု လူတွေမေးနေကြတာရှိသေးတယ်။ ယောက်ျားပုဆိုးကိုဟောသလိုလူတွေခေါင်းပေါ် ပစ်တင်လိုက်တာနဲ့ မိန်းမထဘီကို ပစ်တင်လိုက်တာ ဘယ်ဟာကို လူတွေပိုလန့်ကြမလဲတဲ့။ ဘယ်သူကရော ပုဆိုးတွေထမီတွေ ဘာအကြောင်းကြောင့် လူကြားထဲပစ်မှာတုန်း။ မိန်းမနဲ့ ယောက်ျားမတူဘူး၊ ယောက်ျားကိုမတုနဲ့၊ ယောက်ျားဟာမိန်းမတွေထက်အရာရာ သာတယ်လို့ ပြောတာဟာ ညာမျက်လုံးဟာ ဘယ်မျက်လုံးထက်သာတယ်၊ ဒါမှမဟုတ် လက်တွေက ခြေထောက်ထက် သာတယ်လို့ ခွဲခြားပြောနေသလိုမျိုးဖြစ်နေတော့မှာပေါ့။ 


 ယောက်ျား မိန်းမ ခွဲခြားပြီး နှိမ်ချဆက်ဆံပြောဆိုတာတွေ၊ မိန်းမတွေ မကောင်းကြောင်း တစ်ဖက်သတ် ပြောဆိုတာတွေကို ကိုယ့်အနေနဲ့လုံးဝလက်မခံနိုင်ပေတဲ့ စွဲမြဲစွာ ယုံကြည်ထားတာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ လောကကောင်းကျိုးအတွက် ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံတဲ့ အမျိုးသမီးကောင်းတွေ အများကြီးလိုအပ်တယ်ဆိုတာပါပဲ။

ကိုယ့်အနီးကပ်ပတ်ဝန်းကျင်က အမျိုးသမီးတွေကိုကြည့်မိတဲ့အခါ တော်တော်များများဟာ အကျင့်စာရိတ္တကောင်းမွန် ရိုးစင်းတဲ့သူတွေမို့ သူတို့အတွက် တကယ်ပဲ ဂုဏ်ယူကျေနပ်မိတယ်။ သူငယ်ချင်း စုံတွဲတစ်တွဲဆို ယောက်ျားဖြစ်တဲ့သူက ကျန်းမာရေးမကောင်းရှာတော့ သူ့ဇနီးက စိတ်ရှည်သည်းခံပြီး ပြုစုပေးရှာတာ။ ထက်မြက်ပြီး အောင်မြင်တဲ့အမျိုးသမီးတွေကိုမြင်ရတဲ့အခါတိုင်း သူတို့ကို အားကျ ဂုဏ်ယူရသလို ဇနီးကောင်း မိခင်ကောင်း အမျိုးသမီးကောင်းတွေတွေ့ရတဲ့အခါမှာလည်း မလျော့သော အားကျဂုဏ်ယူ ဝမ်းမြောက်ခြင်း ပီတိကိုခံစားရတယ်။  
 
A good wife makes a good husband ဆိုတဲ့ ဆိုစကားလို အိမ်ထောင်ရှင်မကောင်းတစ်ယောက်ကြောင့် ခင်ပွန်းကောင်းတင်မကပါဘူး၊ သားသမီးကောင်းတွေပါ ပေါ်ထွက်လာမှာ အမှန်ပါပဲ။ ကိုယ့်ဘဝမှာ ကိုယ်ဟာ ကံကောင်းထောက်မစွာနဲ့ မိခင်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ကိုယ့်မိခင်ကြောင့် ကိုယ်တို့မိသားစုဟာ အေးချမ်းတဲ့ မိသားစု ဖြစ်ခွင့်ရခဲ့ရုံမက ကိုယ်တို့ဟာ သားသမီးကောင်းတွေ ဖြစ်လာကြတယ်။
   
ဆရာကြီးဦးအောင်သင်းရဲ့အတွေးစကားစာစုမှာ နပိုလီယန်နဲ့ မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးတို့ အမေးအဖြေတစ်ခုကိုရေးထားတယ်။ နပိုလီယန်က ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့ အလိုအပ်ဆုံးဟာ ဘာဖြစ်မယ်ထင်ပါသလဲလို့ ဆိုတော့ မိခင်ကောင်းတွေပေါ့လို့ ပြန်ဖြေသတဲ့။ ဟုတ်ပါတယ်။ ရိုးသားတည်ကြည်ပြီး အကျင့်စာရိတ္တနဲ့ပြည့်စုံတဲ့ မိခင်ကောင်းတွေကသာ သားသမီးကောင်းတွေကို မွေးဖွားမြေတောင်မြှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ နိုက်သူရဲကောင်းပုံပြင်လေးတစ်ခုမှာ သူရဲကောင်းကြီးကို ဘယ်လိုအင်အားတွေကြောင့် ဒီလောက်တောင် သတ္တိတွေပြောင်မြောက်ပါသလဲမေးတော့ ဂုဏ်သရေရှိအမျိုးကောင်းသမီးတွေက တစ်ချိန်လုံး သူ့ကိုစောင့်ကြည့်နေတယ်လို့ စိတ်ထဲမှာထင်မှတ်ထားတဲ့အတွက် ဒီလို သတ္တိတွေဖြစ်ထွန်းလာတာပါပဲလို့ ပြောတာကို ဖတ်ရပြီး သိပ်ကို ကျေနပ်မိခဲ့တယ်။

ကြားဖူးနားဝရှိပြီး သဘောကျမိတဲ့ စကားပုံလေးတစ်ခုကို ပြောရရင် 
You educate a boy, and he'll make a man.
You educate a girl, and she'll make a Nation!!!
လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ကိုယ်ကျင့်တရားကောင်းမွန် ဖြောင့်မတ်တဲ့
မေတ္တာ ကရုဏာစိတ်ကြီးမားတဲ့ အမျိုးသမီး မိခင်ကောင်းတွေ များများပေါ်ပေါက်လာစေချင်တယ်။ အဲ့သလို ဂုဏ်ယူလေးစားထိုက်တဲ့ အမျိုးသမီး မိခင်ကောင်းတွေကိုလည်း မေလ ၁၀ရက်နေ့ အကြို အမေများနေ့ အမှတ်တရ ဒီနေရာကနေ လေးစားစွာဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်...
စုချစ်သူ

Thursday, March 26, 2015

လူငယ်နှင့် ပညာရေး

Photos credit to original photographers!!! 
မြန်မာပြည်မှာ မျိုးဆက်သစ် လူငယ်တွေ ပညာရေးပြုပြင်လိုမှုအတွက် ဆန္ဒဖော်ထုတ်တာကြောင့် မညှာမတာ နှိမ်နင်းခံရပြီး မတရားသဖြင့် အရေးယူခံရ ဖမ်းဆီးနှိပ်စက်ခံရတယ်။ တကယ် ပြန်ဆန်းစစ်ကြည့်မိတော့ နှိမ်နင်းခံရတဲ့သူတွေကလည်း လူငယ်တွေဖြစ်သလို အဲ့ဒီလူငယ်တွေကို နှိမ်နင်းတဲ့အဖွဲ့မှာလည်း လူငယ်အရွယ်တွေပဲ ပါဝင်နေတာတွေ့ရလိမ့်မယ်။

မနေ့ တစ်နေ့က စင်္ကာပူရဲ့ ဖခင်ကြီးလီကွမ်းယု ကွယ်လွန်ခဲ့တယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စင်္ကာပူ ရုပ်မြင်သံကြားက သူဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝ ဇာတ်ကြောင်း နဲ့ တံငါရွာသာသာ စင်္ကာပူနိုင်ငံသေးသေးလေးကနေ ယနေ့မှာ နိုင်ငံတကာက လေးစားအတုယူရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံထိဖြစ်လာအောင် သူဘယ်လိုကြိုးပမ်းအားထုတ်ခဲ့ပုံတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးနေတယ်။

လီဟာ ယနေ့ စင်္ကာပူဖြစ်လာအောင် သူသွားချင်တဲ့လမ်းက အတားအဆီးမှန်သမျှ သူ့နည်းသူ့ဟန်နဲ့ရအောင် ရှင်းတယ်။ မိန့်ခွန်းပြောနေတဲ့ တစ်နေရာမှာ သူ့လမ်းစဉ်ကို မကျေနပ်တဲ့သူ လက်မခံနိုင်တဲ့သူတွေကို လက်သီးလက်မောင်းတန်း စိန်ခေါ် ဟစ်ကြွေးနေတာကို တွေ့မိတယ်။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ နောက် ၅နှစ် နောက်၁၀နှစ် နောက်၁၅နှစ်မှာ စင်္ကာပူ ဘာဖြစ်နေမလဲ၊ စင်္ကာပူက မျိုးဆက်သစ်တွေဘယ်လိုဖြစ်မလဲ စောင့်ကြည့်ကြပေါ့တဲ့။ သူပြောတာ မှန် မမှန် မျက်မှောက်ခေတ် စင်္ကာပူ ဘာလဲဆိုတာတော့ အားလုံးတွေ့မြင်ကြရတဲ့အတိုင်းပါပဲ။ ဒါတွေကို စီကာစဉ်ကာ ဆက်တိုက်ဆိုသလို မြင်ရ ကြားရတော့ စင်္ကာပူရဲ့ မျိုးဆက်သစ်လူငယ်တွေ ကံကောင်းအကြောင်းလှပုံအတွက် ဝမ်းမြောက်ကြည်နူး အားကျမိသလို တဆက်တည်း ကိုယ့်နိုင်ငံက လူငယ်မျိုးဆက်သစ်တွေ ကံမကောင်းမကြောင်းမလှတာတွေ အတွက် ဝမ်းနည်းကြေကွဲရင်နာရတယ်။

စကားစပ်မိလို့ ပြီးခဲ့တဲ့ တစ်ပတ်က ကြုံကြိုက်တာနဲ့ ရုံးက လုပ်အားပေးအဖွဲ့နဲ့အတူ စင်္ကာပူက Life Community Services Society ( LCSS ) - Life Student Care Centre ကို ရောက်ခဲ့တယ်။ LCSS အကြောင်း သတင်းစာထဲက ကြားဖူး ရုပ်မြင်သံကြားကနေအမှတ်မထင် ကြည့်ဖူးမဲ့ သူတို့ Centre ကိုတော့ ပထမဦးဆုံး လုပ်အားပေးရောက်ဖူးတာပါ။ အရင်ကတော့ ကျွန်မ ရုံးလုပ်အားပေးအဖွဲ့နဲ့အတူ Special school တွေမှာ ကွန်ပြူတာ လိုက်သင်ပေးဖူးတယ်။ Special school ဆိုတာကတော့ ဉာဏ်ရည်မမီတဲ့ကလေးတွေအတွက် ဖွင့်ထားတဲ့ကျောင်းတွေဖြစ်တယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမနေတတ်ဘူး၊ စဉ်းစားတွေးခေါ်နိုင်တဲ့ ပညာ ဉာဏ်ရည်မမီဘူး၊ အသုံးမကျပါဘူးလို့ အများကမြင်တဲ့ ဒီကလေးတွေဟာ ဒီ Special School ကျောင်းတွေကနေ အောင်မြင်ပြီးတဲ့နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဖြစ်ထွန်းသွားကြတာကို မြင်ရတဲ့အခါ စင်္ကာပူရဲ့ လုပ်ဆောင်ချက်တွေကို တကယ် လေးစား အံ့သြ အထင်ကြီးမိပါရဲ့။

LCSS အကြောင်း ပြန်ဆက်ရရင် လုပ်အားပေး မစခင် CEO က သူတို့ အသင်းအဖွဲ့ LCSS ဆိုတာ ဘာလဲ အနည်းငယ် ရှင်းပြတယ်။ စင်္ကာပူမှာ LCSS ကို တည်ထောင်ခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကဆိုတော့ ၁၉နှစ်ကျော် နှစ်၂၀နီးပါးရှိပြီဖြစ်တဲ့အကြောင်း၊ အသက် ၇နှစ်ကနေ ၁၉နှစ် ကြား ကလေးတွေ လူငယ်တွေကို စောင့်ရှောက်ပေးပြီး ထောက်ပံ့ကူညီ ပညာသင်ကြားပေးနေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒီကျောင်းက စောင့်ရှောက်နေတဲ့ ကလေးတွေထဲမှာ ၅၀%ကတော့ ဝင်ငွေနည်းတဲ့ စီးပွားရေးအဆင်မပြေတဲ့ မိသားစုကလာကြပြီ၊ ၅၀% ကတော့ လူမှုရေးပြဿနာရှုပ်ထွေးနေတဲ့ မိသားစုတွေကလာတဲ့သူတွေဖြစ်ကြောင်း၊ အထူးသဖြင့် မိဖထဲမှာ တစ်ဦးက ရာဇဝတ်မှုကြောင့် အဖမ်းခံရ ထောင်ကျနေတာမျိုးတွေ ဖြစ်ကြောင်း၊ အဲဒီလို ကလေးမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာနာကျည်းချက်တွေရှိကြောင်း၊ ပြင်ပလောက က လူတွေရဲ့အနှိမ်ခံဖြစ်နေရကြောင်း၊ အနှိမ်မခံရတာတောင် ကလေးတွေရဲ့စိတ်မှာ အလိုလိုသိမ်ငယ်နေကြကြောင်း၊ သိမ်ငယ်မှုကြောင့် စိတ်ကပိုထကြွပြီး မိုက်ရူးရဲဖြစ်နိုင်ကြောင်း၊ သားသမီးများဟာ အများအားဖြင့် မိဖခြေရာအတိုင်းလိုက်နင်းကြတဲ့သူတွေလို့ ဆိုစမှတ်ရှိရင် ဆိုးတဲ့မိဖက မွေးဖွားလာတဲ့ကလေးတွေဟာ တခြားသာမန်ကလေးတွေထက် ၅ဆပိုပြီး သူတို့မိဖတွေလို ဆိုးတဲ့လမ်းကြောင်းကို လိုက်ဖို့ ပိုလွယ်ကူကြောင်း စသဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကစလို့ သူတို့အသင်းက ဒီလိုကလေးမျိုးတွေကို ပစ်မထားပဲ ဘယ်လို အားပေး စောင့်ရှောက်ကူညီလမ်းပြနေတယ်၊ သူတို့ စောင့်ရှောက်တဲ့ ကလေးတွေ အခုဆို ဘယ်နေရာမှာ ဘယ်လို အောင်မြင်နေတဲ့သူတွေရှိလာပြီ ဆိုတာတွေကို ကြည်နူးဖွယ်ရာ ရှင်းလင်းပြောပြပါတယ်။

ကျွန်မဟာ နားထောင်နေရင်း ဒီကလေးတွေအတွက် ဝမ်းလဲသာမိ အသင်းကလုပ်ဆောင်ချက်တွေအတွက် ဂုဏ်ယူ အားကျမိ ပြီးတော့ မနာလိုလဲ ဖြစ်မိတယ်။ ကျွန်မတို့နိုင်ငံမှာရော ဒီလိုကလေးမျိုးတွေကို အစိုးရက ကာကွယ်စောင့်ရှောက်မှုတွေ ပေးပါရဲ့လား၊ စိတ်ဓါတ်ရေးရာ မြှင့်တင်မှုတွေ ရှိပါရဲ့လား၊ မိဖမဲ့မဟုတ်ပါပဲနဲ့ မိဖက ဆိုးသွမ်းလို့ ကလေကချေဘဝရောက်သွားရတဲ့ လူမမယ် ကလေးတွေ ဘယ်လောက်များ တိုးပွားနေပါပြီလဲ။ ကလေးတွေဟာ ကယ်တင်သူမရှိ ရက်စက်တဲ့ကံကြမ္မာရဲ့ ခြေနဲ့နင်းကန်ချက်တွေကို ရှောင်တိမ်းရင်း တဝဲလည်လည်မျောနေရရင်း လိမ်မာယဉ်ကျေးတဲ့ကလေးတောင်မှ မွန်းကြပ်မှုတွေမခံနိုင်ပဲ ရှေ့ဆက် မိုက်မဲရမ်းကားနေကြရတော့မှာပါပဲလားနဲ့ မသက်သာစွာခံစားမိတော့တယ်။ တာဝန်ဆိုတဲ့လက်ပတ်နီကို ဝတ်ပြီး မိုက်ရူးရဲတဲ့မျက်နှာထားနဲ့လူငယ်လေးတွေကို မျက်လုံးထဲမှာ ပြန်မြင်ယောင်လာမိတယ်။

တဆက်တည်း ကျွန်မအတွေးထဲမယ် စင်္ကာပူ ပညာရေးစနစ် ကို သုံးသပ်ကြည့်မိတယ်။ စင်္ကာပူအစိုးရဟာ ပညာရေးကို အတိမ်းအစောင်းမခံ ဘယ်နေရာကိုမှ အလွတ်မပေး ဟိုး အောက်ခြေကစပြီး အထက်ထိ ခိုင်အောင်လုပ်ထားတာကို တွေ့ရတယ်။ ဉာဏ်ရည်နိမ့်ပါးလို့ ဆင်းရဲလို့ မိဖကလူဆိုးမို့ စတဲ့ဘာအကြောင်းပြချက်ကြောင့်မှ ကလေးတွေ ပညာမသင်နိုင် မရှိစေရကို ကြိုးစားဖော်ဆောင်နေတယ်။
ပညာတော်တဲ့ ကလေးတွေကျတော့ရော အစိုးရက ဘယ်လိုအားပေးလဲ။ ကျောင်းပြီးရင် မိမိ နိုင်ငံကိုပြန်အလုပ်အကျွေးပြုပါမယ်ဆိုတဲ့ ကတိစာချုပ် Bond တွေနဲ့ နိုင်ငံခြားက ထိပ်ဆိုတဲ့ကျောင်းတွေကို ရွေးလွှတ်ပါတယ်။ အနာဂတ်ခေါင်းဆောင်အတွက် အဖက်ဖက်ကတော်တဲ့လူတွေကို ခေါင်းခေါက်ရွေး ငယ်စဉ်ကစလို့ လက်သပ်မွေးထားပါတယ်။ ပညာတော်တဲ့သူဆို သူတို့ လူမျိုးမှမဟုတ် ဘယ်သူ့ကိုမဆို အားပေးဖို့ လိုအပ်ရင် သူတို့လူအဖြစ်ဆွဲသွင်းလိုက်ဖို့ကလည်း အဆင်သင့်ပါပဲ။ ကျွန်မ အိမ်မှာ မြန်မာပြည်က ၁၆နှစ်သား ကလေး ဒီစင်္ကာပူက Private ကျောင်းတစ်ခုမှာ GCE A Level လာတက်ပြီး ဖြေပါတယ်။ GCE A Level Result ထွက်တော့ သူက Maths မှာ World-wide no.1 ရပါတယ်။ စင်္ကာပူ NUS က သူ့ကို ချက်ချင်း စာပို့ပြီး စကော်လာ offer ပေးတယ်။ ပြီးရင် ဒီလိုကလေးမျိုးကို သူတို့လက်လွတ်မခံပါဘူး၊ Citizen offer ကိုပါ ပေးလေ့ရှိပါတယ်။

နောက်ထပ် ကျွန်မသတိရလိုက်မိတာကတော့ ကျွန်မတို့ NUS တက်ခဲ့တုန်းက NUS က ကျွန်မတို့ရဲ့ ဆရာတွေအားလုံးဟာ နိုင်ငံခြား နာမည်ရကျောင်းတွေက ဒေါက်တာဘွဲ့ရခဲ့သူတွေဖြစ်တယ်။ စင်္ကာပူကကျောင်းသားတွေဟာ ပြည်တွင်းမှာ တက္ကသိုလ်ပညာယူနေရပေတဲ့ သင်တဲ့ဆရာတွေအားလုံးက နိုင်ငံတကာကျောင်း ပညာ အတွေ့အကြုံ စုံတဲ့သူတွေဖြစ်တယ်။

ပြည်တွင်းက ဒီပလိုမာသင်တန်း Poly ကျောင်းတွေကိုကြည့်ဦးမလား။ များသောအားဖြင့် ဆရာတွေဟာ NUS တို့ NTU တို့ က PhD တွေ Master တွေဖြစ်နေပြန်ရော။ ကျွန်မသူငယ်ချင်း တော်တော်များများ NUS NTU က ဒေါက်တာဘွဲ့ မာစတာ ဘွဲ့ ရခဲ့သူတွေ ပိုလီမှာ ဆရာပြန်လုပ်နေကြပါတယ်။ ITE လို ကျောင်းမျိုးမှာတောင်မှ မာစတာဘွဲ့ရ ဆရာတွေခန့်ထားတာဖြစ်တယ်။ မဟုတ်ရင်လည်း Industry တွေမှာ နှစ်ရှည်လများ လုပ်ငန်းအတွေ့အကြုံစုံခဲ့တဲ့ ဝါရင့်ဆရာတွေဖြစ်တယ်။ ဒီတော့ ကျောင်းသားတွေဟာ နိုင်ငံတကာ စံချိန်စံထားအတိုင်း ပညာကို လိုချင်ရင်လိုချင်သလောက် ဆရာတွေဆီက သဲ့ယူ ရယူနိုင်တယ်။

ယုတ်စွအဆုံး စင်္ကာပူ Private ကျောင်းတွေကိုတောင်မှ ကျွန်မ မနာလိုဖြစ်မိတယ်။ စင်္ကာပူမှာ GCE O Level A Level preparation အတွက် Private ကျောင်းတွေရှိကြတယ်။ တချို့ဆရာတွေဟာ PhD အဆင့်အတန်းဝင်တွေဖြစ်တယ်။ ဒီနိုင်ငံမှာ အထက်တန်းအဆင့်ကျောင်းသားတွေကို စာသင်ပေးတဲ့ ဆရာတွေတောင်မှ PhD တန်းဝင် ဆရာတွေ ဖြစ်နေတော့ ဒီလူငယ် မျိုးဆက်သစ်အတွက် ရှေ့ရေးကို ဗေဒင်ပြေးကြည့်နေစရာမလိုတော့ဘူး။ စင်္ကာပူဟာ ဒီတိုင်းဆက်သွားနေသမျှ မစ္စတာလီ စကားအတိုင်း ပြောရရင် စင်္ကာပူလိုဖြစ်ချင်လား နောက်ထပ် ၁၀နှစ် နှစ်၂၀ကြိုးစားလိုက်ပါဦးလို့ နိုင်ငံတကာကို ခပ်မာမာ လက်ပိုက်ပြီး ပြောနေနိုင်ဦးမှာပါပဲ။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ဗိုလ်ချုပ်ရာပြည့်မတိုင်ခင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ တော်တော်များများ ပြန်ဖတ်ဖြစ်တယ်။ ကျွန်မ အဓိက စိတ်ဝင်စားတာက တခြား အကြောင်းတွေထက် ဗိုလ်ချုပ်ငယ်စဉ် ဆယ်ကျော်သက်က အကြောင်းတွေပဲ။ ဘာလို့ဆို ဗိုလ်ချုပ်ဟာ ငယ်ရွယ်စဉ်ကတည်းက သူများနဲ့မတူ တွေးခေါ်နိုင်စွမ်းရှိတာ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်တာ ပညာကိုမက်မက်မောမောလိုချင်စိတ်ရှိတာ အင်တိုက်အားတိုက်ကြိုးစားချင်စိတ်ရှိတာ ဇွဲရှိတာ ရဲရင့်တာ သတ္တိရှိတာ ရိုးသားတာ ဒါတွေအားလုံးဖြစ်လာစေဖို့ ဘယ်လိုအကြောင်းတရားများက သူ့ကိုတွန်းပို့ခဲ့သလဲဆိုတာ သိချင်တယ်။ အဓိကအချက်တွေထဲမှာ ဘာကိုသွားတွေ့လဲဆိုတော့ သူ့အနီးအနားက အစဉ်တစိုက် ပညာရေးကို အားပေးပြီး သူ့ကို သွန်သင်ညွှန်ပြခဲ့တဲ့ သူ့မိဖ သူ့အစ်ကိုအရင်းတွေနဲ့ အမျိုးသားအထက်တန်းကျောင်းက တကယ့်ဒေါင်ဒေါင်မြည်တော်တဲ့ သူ့ဆရာသမားတွေဖြစ်နေတာတွေ့ရတယ်။

ဒီမှာ ကျွန်မ နားလည်မိလိုက်တာကတော့ အခြေခံပညာရေးဟာ လူငယ်တစ်ယောက် သူ့ဘဝလမ်းကြောင်းမှန်စေဖို့အတွက် အရေးကြီးဆုံး အခရာတစ်ခုဖြစ်တယ်ဆိုတာပဲ။ လူကောင်းတစ်ယောက်ဖြစ်ဖို့ လူတော်တစ်ယောက်ဖြစ်ဖို့ ပြီးတော့ အဲ့ဒီလူကောင်း လူတော်တွေစုပြီးနေမှ နိုင်ငံကောင်းတစ်ခု ဖြစ်လာနိုင်တာမို့ ပညာရေးကို အဓိက အရေးတကြီး ပံ့ပိုးသင့်တဲ့အရာလို့ မထင်သမျှ ကာလပတ်လုံး၊ လူငယ်တွေအတွက် အမျှော်အမြင်ကြီးစွာ စဉ်းစားမပေးသမျှ ကာလပတ်လုံး အဲ့ဒီနိုင်ငံမျိုးဟာ နောက်ထပ် ၁၀နှစ် နှစ်၂၀ နေလည်း ဒုံရင်းကနေ တက်လာနိုင်မှာ မဟုတ်ဘူး။

လက်ရှိတွေ့မြင်နေရတာတွေနဲ့ တွေးမိသမျှတွေကို နိဂုံးချုပ်ရရင်တော့ နောင်၁၀နှစ်ကို လှမ်းကြည့်ပြီး လူငယ်တွေရဲ့ပညာရေးကို ဘက်ပေါင်းစုံကနေ တတ်နိုင်သမျှ အားပေးကြပါ။ အစိုးရလူကြီးမင်းတို့ အနေနဲ့လည်း မိမိတို့ အတ္တ မာနကို ဘေးချိတ်လို့ လူငယ်တွေကို နားလည်ခွင့်လွှတ်ပြီး သူတို့ရှေ့ရေးကောင်းစားရင် ကိုယ့်နိုင်ငံကောင်းစားတာနဲ့ အတူတူမို့ လူငယ်တွေကို အခွင့်အရေးပေးကြပါ၊ သူတို့ဘဝတိုးတက်သည်ထက် တိုးတက်လာအောင် တတ်နိုင်သမျှ မြေတောင်မြှောက်ပေးကြပါ။

ပညာရေးသက်သက်အတွက် ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံရထားတဲ့ကလေးတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ တောင်းဆိုလိုက်ရပါတယ်။

စုချစ်သူ
၂၅ မတ် ၂၀၁၅

Sunday, December 9, 2012

ရှိတော့ ရှိပါရဲ့... အရှိမဲ့

 

ပြီးခဲ့တဲ့ စနေက မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ရဲ့အဖေ စင်ကာပူမှာ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရတာ အခြေအနေ သိပ်မကောင်းလို့ ဘုန်းကြီးပင့် ပရိတ်ရွတ် တရားနာတာလေး လုပ်ချင်တယ်လို့ ပြောလာတယ်။ သူတို့က စင်ကာပူမှာ ဆေးကုဖို့ ခဏ ရောက်လာတဲ့မိသားစု မို့ ဘုန်းကြီးကျောင်းတွေ မသိလို့ အကူအညီလှမ်းတောင်းတာပေါ့။ ဒါနဲ့ စနေညဆိုတော့ ကိုယ်တွေလည်း အားတာမို့ တခြား သွားစရာ ရှိတဲ့ အစီအစဉ်တွေဖျက်ပြီး သတိပဋ္ဌာန်ရိပ်သာကျောင်းက ဆရာတော်ဦးရာဇိန္ဒကို လျှောက်ထားပြီး ဆရာတော်ကို ဆေးရုံကို ပင့်လာပေးခဲ့တယ်။

ကိုယ်တို့တွေ ဆေးရုံရောက်သွားတာ စနေည ၇နာရီလောက်။ လူမမာ ဦးကြီးဟာ ပြင်းထန်တဲ့ ဆေးဒဏ်တွေနဲ့ ရောဂါကြောင့် မသက်မသာ ခံစားနေရပြီး နေရထိုင်ရ ခက်ခဲနေပုံရှိတယ်။ ဆရာတော်ကို ဖူးမြင်လိုက်တဲ့ ခဏ သူ့မျက်လုံးအိမ်မှာ မျက်ရည်ကြည်လေးတွေ ဝေ့၀ဲလာသလိုပဲလို့ ထင်မိတယ်။ ဆေးပိုက်တတ်ထားတဲ့ လက်ကလေးတွေကို မြှောက်ပြီး ဆရာတော်ကို ဦးတင်ရှာတယ်။ ပြီးတော့ မပီမသ အသံနဲ့ ဆရာတော်ဘွဲ့ကိုလည်း မေးလိုက်သေးတယ်။ ဆရာတော်က သီလပေး၊ ပရိတ်ရွတ်အပြီး ပြန်မကွခင် ဦးကြီးနားမှာ ရပ်ပြီး ဝေဒနာကို ဘယ်လို ဘယ်ပုံ ရှုဖို့ ခပ်တိုတို ဟောပြောရင်း ဦးကြီးလက်ကို အသာအယာ ဆုတ်ကိုင် အားပေးတယ်။ ကိုယ်တို့လည်း ပြန်ခါနီး ဦးကြီးကို နှုတ်ဆက်ကြတယ်။ မရွှေစုက ဦးကြီးရဲ့လက်ကလေးကိုကိုင်ပြီး သမီး မတ္တာပို့ပေးနေမယ်နော် လို့ ပြောတော့ ခေါင်းမညိမ့်တညိမ့်နဲ့ ပြန်ကြည့်တဲ့ မျက်လုံးလေးတွေဟာ သနားစရာ သိပ်ကောင်းတာပဲ။

နောက်တစ်နေ့ တနင်္ဂနွေည ၈နာရီလောက် မရွှေစုတို့ အပြင်မှာ ညစာ စားနေကြတုန်း ဖုန်းဝင်လာတယ်။ မနေ့ညကတွေ့ခဲ့ရတဲ့ ဦးကြီး အခုပဲ ဆုံးသွားပြီတဲ့။ စနေနေ့ည ၇နာရီမှာ သူ ရှိနေခဲ့သေးတယ်၊ တရားနာခဲ့သေးတယ်၊ နာကျင်နေခဲ့သေးတယ်၊ မျက်ရည်ဝဲခဲ့သေးတယ်၊ နောက်တစ်နေ့ည တနင်္ဂနွေ ၇နာရီမှာတော့ သူဆုံးသွားခဲ့ပြီတဲ့၊ သူ ဆိုတာ မရှိတော့ဘူးတဲ့။ ဟုတ်ပါတယ်၊ ဒါဟာ လောကကြီးမှာ မြင်နေကြ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက် တစ်ခု၊ ကိုယ်လည်း တစ်နေ့မှာ မလွဲမသေ တွေ့ရမယ့်ရှာင်လို့မရတဲ့ အရေးတစ်ခု၊ ပြီးတော့ လူဖြစ်လာတဲ့ ဘ၀မှာ မွေးခြင်းအစရှိရင် သေခြင်းအဆုံး ရှိတာမို့ ဒါဟာ မထူးဆန်းပါဘူးလို့ ပြောလို့ရတဲ့ အကြောင်းအရာ တစ်ခု၊ ဒါတွေ အားလုံး သိပင်သိသော်ငြားလည်း စားနေတဲ့ ဇွန်း ခရင်းကို လွှတ်ချလို့ မရွှေစု တစ်ယောက် ငေးငိုင်နေမိတယ်။

ဦးကြီးကို အင်္ဂါနေ့ နေ့လည်မှာ သင်္ဂြိုလ်တယ်။ အသုဘရူ တဲ့ ဟောခန်းထဲ ၀င်လိုက်တဲ့ ခဏမှာပဲ တစ်ခါမှ မကြုံဖူးတဲ့ စိမ်းရွှေရွှေလို အနံ့ တစ်မျိုးကို ရလိုက်တယ်။ ဦးကြီးကို ထည့်ထားတဲ့ အခေါင်းက မှန်နဲ့ မဟုတ်လို့ အနား သွားမကြည့်ပဲ သူ့ကို မမြင်ရပါဘူး။ ဒါပေမယ့် မရွှေစု အနားကို သွားမကြည့်ဖြစ်တော့ပါဘူး။ ပန်းခွေတွေကြားက မျက်ခုန်းကို ပင့်ကာ ခပ်ယောင်ယောင်လေး ပြုံးနေတဲ့ သူ့ ဓါတ်ပုံကိုပဲကြည့်ပြီး ခပ်လှမ်းလှမ်းကနေ အရိုအသေပေးရင်း မေတ္တာပို့လိုက်တယ်။ တစ်နေ့က ပရိတ်ရွတ်ပေးခဲ့တဲ့ ဆရာတော်ကိုပဲ မရွှေစုတို့ ပင့်လာပေးလို့ ဆရာတော်က ကျန်ရစ်တဲ့ သူတွေကို သရဏဂုံ တည်စေကာ တရားချီးမြှင့်ပါတယ်။ သေပြီးတဲ့သူကတော့ အသက်မရှိမှတော့ ဘယ်လာ သရဏဂုံတည်နိုင်တော့မလဲ၊ ဒါကြောင့် ကျန်ရစ်တဲ့သူတွေကသာ သူ့ကိုယ်စား သူ့ကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုရင်း သရဏဂုံ တည်ရတာပေါ့။

စင်ကာပူမယ် နေလာတာ ၁၅နှစ်မှာ ဒါဟာ ပထမဆုံး အသုဘ ရှု တရားနာကို လိုက်ပို့ဖူးခြင်းပဲ။ တကယ်တော့ မရွှေစုဟာ ကြောက်တတ် လန့်တတ်တဲ့ သူ တစ်ယောက်ဖြစ်တယ်။ ငယ်ငယ်က ရထားစီးရင်း ရထားတိုက်သွားတဲ့ လူတစ်ယောက် ရဲ့ ခြေထောက်ပိုင်းကို ရုတ်တရက် မြင်မိလိုက်တာ တစ်လလောက် မအိပ်နိုင် မစားနိုင်ဖြစ်ဖူးတယ်။ စက်မှုကျောင်းက သူငယ်ချင်း ဖိုးပြည့် ဆုံးတော့ အသုဘ လိုက်ပို့တာ သူ့အလောင်းကို သွားမကြည့်ရဲခဲ့ပဲနဲ့ည မှာ သူ့ရုပ်ပုံ ကို မြင်ယောင်ပြီး လန့် နေတတ်တယ်။ နောက်တစ်ခါ အိမ်ရှေ့အိမ်က အစ်မကြီး တခြားနယ်မှာ ဆုံးသွားတော့ ဆုံးပြီး ၅ရက်လောက်ကြာမှ ရိုက်ထားတဲ့ ဓါတ်ပုံတွေ မတော်တဆ ကြည့်မိပြီး အော့အန်ကာ တစ်ယောက်ထဲ မအိပ်ရဲ မပြုရဲနဲ့ ဒုက္ခရောက်ဖူးတယ်။ အဲဒီ အတွက်ကြောင့်လည်း ချမ်းမြေ့တရားစခန်းကို စ ၀င်ဖူးလိုက်ခြင်း ဖြစ်တယ်။ အခု အသက်ကြီးလာတော့ ဒီကြောက်စိတ် လန့်စိတ်တွေကို မမြဲခြင်း တရားအသိနဲ့ တဖြည်းဖြည်းချင်း ဖြေဖျောက်ဖို့ ကြိုးစားရတဲ့အပြင် လူမမာတွေကို ဆေးရုံစောင့် အဖော်လုပ်ပေးတာတို့၊ လူမမာတွေအတွက် လိုတဲ့ အကူအညီတွေပေးတာတို့၊ မျက်နှာစာအုပ်ကနေ နာရေးကူညီမှု အသင်းရဲ့ အသုဘ ချတဲ့ ဓါတ်ပုံသတင်းတွေဖတ်ရင်း ကိုယ့်ရဲ့ လန့်တတ်တဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် ကုသပြီး သံဝေဂ စိတ်တွေ ၀င်လာအောင် ကျင့်ပေးရတယ်။

ဒါနဲ့ အသုဘရှု တရားနာပြီး ပြန်လာတော့ ဆရာရဲမြလွင် မြန်မာဘာသာပြန် ပို့ဆောင်ပေးသူရယ် ဆိုတဲ့ ဂျပန်စာရေးဆရာကြီး မိုမိုစဲရှိနိုဘု ရေးတဲ့
Departures ဆိုတဲ့ စာအုပ်လေးကို သတိရမိတော့တယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ ယိုဂျီရို တာကီတာ နဲ့ မင်းသား မာစာဟီရို မိုတိုကီ တို့က ရုပ်ရှင် အဖြစ် အသက်သွင်းခဲ့တာ ၂၀၀၉ခုနှစ် အတွက် Best Foreign Language Film အော်စကာ ဆုကို ရရှိခဲ့ပါတယ်။ မရွှေစုက ရုပ်ရှင် သမား မဟုတ်တော့ ဒီကားကို အော်စကာ ဆု ရလို့သာ သိခဲ့ပြီး အမြည်း Trailer က လွဲလို့ သေချာ မကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူမို့ ဆရာရဲမြလွင်က ပို့ဆောင်ပေးသူရယ် ဆိုပြီး ဘာသာပြန် စာအုပ် ထွက်လာတော့ ကျူးပစ်မှာ ဦးအဗျားက ရိုက်တင်ပေးတာနဲ့ ဒီစာအုပ်ကလေးကို ဖတ်မိသွားတော့တယ်။

စာအုပ်ကို ဖတ်ခါစက ဒီလောက် စိတ်ဝင်စားစရာကောင်းမယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်နေရင်း လက်ကမလွှတ်တမ်း တစ်ထိုင်တည်း အပြီး ဖတ်မိရက်သား ဖြစ်သွားတယ်။ စာအုပ်ဖတ်နေရင်း စိတ်ထဲမှာ ခံစားချက်ကလည်း မျိုးစုံပဲ။ ဒါနဲ့ အော်စကာဆု ရတဲ့ ရုပ်ရှင်ကိုပါ တခါတည်း ကြည့်မိတော့တယ်။ စာအုပ်ကို ဖတ်တော့ ရသ တမျိုး၊ ရုပ်ရှင်ကြည့်တော့လည်း ရသ တစ်မျိုး ခံစားရပါတယ်။

ဒါဟာ ချစ်ခြင်းမေတ္တာ အကြောင်းကို သရုပ်ဖော်ပြတာလား၊ ဘ၀တစ်ခုကို အဓိပ္ပာယ်ရှိစွာ ဘယ်လိုမျိုး ရှင်သန်နေထိုင် သွားသင့်သလဲဆိုတာ ပညာပေးခြင်းလား၊ ရှင်ခြင်းနဲ့ သေခြင်းကြား အကြိမ်ကြိမ် အဖန်ဖန် လွန်းထိုး သွားလာနေမှန်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့ လူတွေ အကြောင်းလား၊ သေခြင်းတရားရဲ့ ပြယုပ် တစ်ခုကို ဖွင့်ဟလှစ်ဆိုခြင်းလား၊ ရှိခြင်း နဲ့ မရှိခြင်း၊ ဒါမှမဟုတ် မရှိခြင်းများ ရဲ့ ရှိခြင်း၊ မတည်မြဲခြင်းများ ရဲ့ တည်မြဲခြင်း သဘောတရားလား။

စာဖတ်သူ တော်တော်များများကတော့ စာအုပ်ကို မဖတ်ဖူးရင်တောင်မှ ဒီရုပ်ရှင် ဇာတ်လမ်းကို ကြည့်ဖူးပြီးသား ဖြစ်ကြမှာပါ။ ဇာတ်လမ်း အကျဉ်းချုပ်က တယောဆရာလေး ဒိုင်ဂိုတစ်ယောက် သူ့တီးဝိုင်း အဖွဲ့ ဖျက်ပြစ်လိုက်ပြီးတဲ့နောက် အလုပ်လက်မဲ့ဘ၀နဲ့ သူ့ရွာက ပိုင်ရှင် မရှိတော့တဲ့ အမေ့အိမ်ကို ဇနီးဖြစ်သူနဲ့ ပြန်လာရာမှာ ကြုံရာ ကျရာ အလုပ်ကို ခက်ခက်ခဲခဲ လိုက်ရှာနေရင်း သေဆုံးသူ အလောင်းတွေကို အလှပြင်ပြီး ခေါင်းထဲထည့်ပေးရတဲ့အလုပ်ကို ၀င်လုပ်မိရဲ့သားဖြစ်သွားပါတယ်။ သူလိုလူတစ်ယောက်ဟာ ဒီအလုပ်မျိုးကို လုပ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိပေမယ့်၊ မတော်တဆ အလုပ်ဝင်ပြီးတော့လည်း ထွက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားမိပေမယ့် လစာကောင်းကောင်း ရတာရယ်၊ သူ့ကို အလုပ်ခန့်တဲ့ မန်နေဂျာရဲ့ လေးစားစရာစိတ်ဓာတ်ကို ကြည်ညိုမိတာရယ်၊ လူအမျိုးမျိုး အထွေထွေ တို့ရဲ့ အဖြစ်သနစ်ပေါင်းစုံနဲ့ ပူဆွေးလောင်မြိုက်မှုတွေကို ကြုံလာပြီး တဲ့နောက် မေတ္တာတရားနဲ့ နှစ်သိမ့်ပေးနိုင်မှုဆိုတာကို ယုံကြည်မိရာမှ အစပြုလို့ မိန်းမနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့အထင်အမြင်သေးခြင်းခံရသည့်တိုင် ဂရုမစိုက်နိုင်ပဲ သူ ရွံမုန်းတယ်ထင်တဲ့ အလုပ်ကို တာဝန်ကျေပြွန်စွာ ဆက်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ စေတနာနဲ့ စိတ်ထက်သန်မှုတွေကို မိန်းမဖြစ်သူက တစစနဲ့ နားလည်ပေးနိုင်လာခဲ့တယ်။ နောက်ဆုံး သူနဲ့ သူ့အမေတို့ကို ငယ်စဉ်အခါက စွန့်ခွာခဲ့ပြီး ဘယ်ဆီရောက်နေမှန်း မသိ၊ သူတို့ကိုလည်း လုံးဝမေထားလိုက်ပြီလို့ မှတ်ယူထားတဲ့ သူစိတ်နာနေ
တဲ့ သူ့အဖေ အသုဘကို ကိုယ်တိုင် ပြင်ဆင်ပေးဖို့ ကြုံလာရာမှာ မထင်မှတ်ထားတဲ့ မေတ္တာတရားကို နားလည်ခြင်းများနဲ့ အဆုံးသတ်ထားပါတယ်။

ဒီစာအုပ်လေးကိုဖတ်ပြီး ရသ အမျိုးမျိုးကို ရတယ်လို့ ဘာလို့ ပြောရလဲဆို စာဖတ်နေရင်း ဒိုင်ကိုနဲ့အတူ သူ ဖြစ်နေသလို သူခံစားနေရသလို ကိုယ်ပါ လွင့်ပါမျောပြီး လိုက်ပါနေမိတယ်။ အလုပ်အင်တာဗျူးမှာ လုံးဝ ထင်မထားတဲ့ အလုပ်မျိုးကို ကြားလိုက်ရလို့ ဘာမှ ပြန်မပြောနိုင် မှင်တက်မိရတာတွေ၊ သိစိတ်က ဒီအလုပ်မျိုးကို လုံးဝ လုပ်ချင်စိတ်၊ အသံနဲ့တောင် ကြားချင်စိတ် မရှိပေမယ့် လက်တွေ့ဘ၀ထဲကတော့ ထွက်ပြေးလို့ မရတာတွေ၊ ဒိုင်ကို ပထမဆုံး ကြုံရတဲ့ ပုပ်စော်နံဟောင်နေတဲ့ အဖွားကြီးအလောင်းအကြောင်းကို ဖတ်ရတော့ ကိုယ်ပါ သူနဲ့ အတူ အော့အန်ချင်မတတ် ခံစားရတာတွေ၊ အတိုင်းအဆ မရှိ အကြင်နာတရား၊ မြင့်မြတ်တဲ့ သဘောထားတွေ ပြည့်ဝတဲ့ ဆာဇာကီ ကို ဒိုင်ကိုက လေးစားသလို လေးစားစိတ်ဝင်လာမိတာတွေ၊ လုံးဝနှစ်သက်လို့ မရနိုင်တဲ့ စက်ဆုပ်စရာလို့ ထင်ရတဲ့ အလုပ်ကို အနုပညာမြောက်စွာ ကြိုးစားပမ်းစား လုပ်နေတာအတွက် ကိုယ်ပါ ရောယောင်အားပေးမိတာတွေ၊ လူတွေဟာ လူသေကို ရွံ့ကြောက် ကြပေမယ့် တိရစ္ဆာန်အသေ ကြက်အသေတွေကျတော့ အားပါးတရ မရွံမရှာ စားနိုင်ကြတာတွေ။

ဒီစာအုပ်မှာ အမှတ်ထင်ထင် ဖြစ်မိလိုက်တဲ့ စာသားတွေကတောအမျိုးအစား မတူတဲ့ ခေါင်း၃မျိုး အကြောင်းပြောကြရာမှာ ဒီခေါင်းတွေဟာ တစ်ခုနဲ့ တစ်ခု ဈေးတွေမတူ ကွာခြားပေမယ့် မီးလောင်ပြီး ပြာကျသွားတာခြင်းတော့ အတူတူပါပဲတဲ့။ ချမ်းသာတဲ့သူ ဆင်းရဲတဲ့သူ ရုပ်ချောတဲ့သူ ရုပ်ဆိုးတဲ့သူ ဘယ်သူမဆို နောက်ဆုံးတော့လဲ မီးလောင်ပြီး ပြာကျရတာခြင်းမှာတော့ ဘာမှ မကွာခြားပါဘူးတဲ့။

သေဆုံးသွားတယ် ဆိုတာ တစ်ခါတည်း အပြီးအပိုင် နိဂုံးချုပ်သွားတာ မဟုတ်ဘူး။ သခြင်းတရားကို ဖြတ်သန်းပြီး နောက်ဘ၀ကို ဦးတည် လျှောက်လှမ်းကြရပြန်တယ်။

ကိုယ့်မျက်စိရှေ့မှောက်မှာရှိတဲ့ အချစ်ဆိုတာက ပိုအရေးကြီးပါတယ်။


ဒီစာအုပ်ကို အားလုံးပဲ ဖတ်လို့ရအောင် ကျူးပစ်မှာ ဦးအဗျားက စာရိုက်တင်ပေးထားပါတယ်။ မရွှေစုက တဆင့် PDF စာအုပ်လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။ (အပေါ်က ပုံမှာ ကလစ်ခေါက်ပြီး စာအုပ်ကို ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။) ရုပ်ရှင်လည်း ကြည့်လို့ ရပေမယ့် ကိုယ့်လို စာအုပ်ဖတ်ရတာ ပိုပြီး အားရတတ်သူများအတွက် ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြဖို့လည်း ညွှန်းပါတယ်။ စာအုပ်မဖတ်ချင်လို့ ရုပ်ရှင်ကြိုက်တဲ့သူ အနေနဲ့လည်း မကြည့်ရသေးသူများ ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာက ပြောဖူးပါတယ်။

ဒီဇာတ်လမ်းဟာ သေခြင်းတရား အကြောင်ကို ပြောထားတယ်လို့ ဆိုနိုင်သော်ငြားလည်း ဘ၀မှာ ဘယ်လို ရှင်သန်နေထိုင်သွားကြမလဲဆိုတဲ့ ဒဿနကို စဉ်းစားမိသွားစေပါတယ်တဲ့။ ရယ်စရာအကြောင်း မဟုတ်ပေမယ့်လည်း သနားစရာထဲမှ ပြုံးစရာလေးများကိုလည်း တွေ့ရမှဖြစ်ပါတယ်။ 
ပီးတော့ ဒီကားမှာ ယ်အရာကိုမှ အစွန်းရောက်အောင် အလွန်အကျွံကြီး ဖြစ်နေအောင် ထည့်သွင်း ရိုက်ပြမထားပါဘူးတဲ့။ သတဲ့သူတွေအကြောင်း အများကြီးပါပေမယ့် လန့်စရာ ကြောက်စရာ ရွံ့စရာ ကောင်းအောင် လုပ်ပြမထားပါဘူး၊ ၀မ်းနည်းစရာတွေ တစ်ပုံကြီး ပါပေမယ့် စိတ် ထိခိုက် ကြေကွဲမှုတွေကို ဖြေသိမ့်ပေးထားပါတယိတ်နှလုံး ကြီးမြတ်မှုနဲ့ မတ္တာတရားဟာ အရုပ်ဆိုး အကျည်းတန် စက်ဆုပ်စရာလို့ ထင်တဲ့ အကြောင်းအရာတစ်ခုကိုတောင်မှ တင့်တယ်လှပမှုတွေ ထုံလွှမ်းနေစေနိုင်တာကို အနုပညာမြောက်စွာ လှစ်ပြထားတာသာ တွေ့ရမှာပါတဲ့။

လူ့ဘ၀ဆိုတာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေ၊ စိတ်ကြည်နှုးရခြင်း၊ မောပန်းနွမ်းနယ်ရခြင်းတွေနဲ့အတူ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပဲ နောက်ဆုံး အဖြေကိုသာ ပေးထားပြီး အလယ်ဆင့်တွေကို ဖွက်ပေးထားတဲ့ လောကကြီးမှာ ကောင်းတလှည့် ဆိုးတခါ လည်ပတ်ပြီး နေ နေ ကြရတာပဲ၊ ဘာကိုပဲ တွေ့ကြုံရ အစွန်းရောက်တဲ့စိတ်နဲ့ မကြည့်ပဲ နေရချိန် ခဏလေးကို တတ်နိုင်ဆုံး အကာင်ုးံးဖြစ်အောင် ဘယ်လို နေသွားကြမလဲ ဆိုတဲ့ အတွေးများနဲ့ အတူ။

မေတ္တာများစွာဖြင့်
စုချစ်သူ
၀၉ ဒီဇင်ဘာ ၂၀၁၂
ညနေ ၀၆နာရီ ၀၆မိနစ်

ဝန်ခံချက် ။။ ခေါင်းစဉ်မှာ ထူးအိမ်သင် ကဗျာမှ စာသားဖြစ်ပါတယ်။


++++

Tuesday, May 22, 2012

From Undercover Boss to Recover Boss

အခု စင်ကာပူက channel 5 မှာ တနင်္ဂနွေ ည ၁၀နာရီကို US CBS Channel က Undercover Boss Series ပြနေတယ်။ တစ်ခါ နှစ်ခါ အမှတ်မထင် ကြည့်ရင်း သဘောကျတာနဲ့ပဲ အချိန်ရရင် ရသလောက် ကြည့်ဖြစ်တယ်။ ကြည့်နေရင်း ဘာကို သတိရသွားလဲဆိုတော့ ဒီ စီးရီးစ်ကို စရိုက်တဲ့ UK ကသူတွေ မြန်မာ့ရှေးပုံပြင်တွေ ဖတ်ဖူးတဲ့သူတွေ ဖြစ်ရမယ်လို့...။ ဘာလို့ဆို ရှေးက ပုံပြင်တွေထဲမှာ မြန်မာဘုရင်တွေလည်း ဆင်းရဲသားယောင်ဆောင်ပြီး တိုင်းပြည်ကို အဲသလိုလှည့်လည်ကြတာကိုးနော်...။ တိုင်းပြည်အနှံ့ လမ်းမှာ တွေ့သမျှ သူတွေဆီက တိုင်းရေး ပြည်ရေး သာရေးနာရေး စီးပွားရေး အမြင်တွေ လေ့လာတယ်။ သူ့တိုင်းသူပြည်သားတွေက သူ့ကို ဘယ်လို မြင်သလဲဆိုတဲ့ စုံစမ်းတယ်။ လူတွေ ရိုးသားမှု ရှိမရှိ ပညာရှိမရှိကြကိုလည်း စမ်းသပ်လိုက်သေးတယ်။ တိုင်းသူပြည်သားတွေရဲ့ ဝေဖန်အကြံပေးချက်တွေ ကနေ တိုင်းပြည်ကောင်းအောင် ဘယ်လို လုပ်ရမလဲ၊ သူ့အပေါ် ထားရှိတဲ့ အမြင်ကနေ သူကိုယ်တိုင်ရော ဘာတွေ ပြုပြင်သင့်သလဲဆိုတာ လေ့လာ သုံးသပ်တယ်။ ပုံပြင်ထဲက ပညာရှိတဲ့ ဘုရင်များ ပြောပါတယ်။ 

ကဲ... အခု ခေတ်သစ် Undercover Boss မှာလည်း company ပိုင်ရှင် Boss ကိုယ်တိုင်၊ ဒါမှမဟုတ် CEO ဒါမှမဟုတ် Upper Executive Level က သူတွေက တစ်ပတ်လောက် သူတို့ company တွေ ရဲ့ ရှိသမျှ လုပ်ငန်းခွဲတွေဆီကို လှည့်လည်သွားပြီး အလုပ်သမားတွေနဲ့ အတူ ဒိုးတူဘောင်ဖက် အလုပ်တွေ ၀င်လုပ်ကြရင်း ကိုယ့်လုပ်ငန်းအောက်ခြေမှာ ဘာတွေ ဖြစ်နေကြတယ် ဆိုတာကိုလည်း သုံးသပ်၊ အလုပ်သမားတွေရဲ့ ဘ၀တွေကိုလည်း ထဲထဲဝင်ဝင် လေ့လာကြတာ။ ဟော... ဟိုတုန်းက မြန်မာ ဘုရင်တွေလိုပဲ ဘုရင် က နန်းတော်ပြန်ရောက်တော့ သူနဲ့ လမ်းမှာ တွေ့ပြီး သူ ပညာစမ်းခဲ့တဲ့သူ ဒါမှမဟုတ် သူ့ကို ကူညီခဲ့တဲ့သူတွေကို ဆင့်ခေါ်ပြီး ဆုလဒ်တွေ ပေးသနားတာတို့ လုပ်လေ့ရှိသလို သူတို့ကလည်း သူတို့နဲ့ တွေ့ခဲ့ အတူတွဲလုပ်ခဲ့ရတဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပြီး ရာထူးတိုးပေးတာတို့ ဆုကြေးပေးတာတို့ လုပ်ကြတာ။ ဒါနဲ့... ပုံပြင်ထဲက ဘုရင်တွေ အကြောင်း ထားပါတော့။ အခုက ကင်မရာ သမားတွေ အများကြီး နဲ့ ဟိုရိုက် ဒီရိုက်လုပ်နေတာ အလုပ်သမားတွေ က မရိပ်မိဘူးလားဆို... Company ရဲ့ entry workers တွေ အကြောင်ီး Documentary မှတ်တမ်း ရိုက်တာလို့ ပြောပြီး ရိုက်ကြသတဲ့။ ဘယ်လို ဖြစ်ဖြစ် ဒီခေတ်သစ် ဘုရင် သူ့ တိုင်းပြည်ငယ်လေးကို လှည့်လည်တဲ့ အကြောင်း က စိတ်ဝင်စားစရာ အားရ၀မ်းသာ ဖြစ်စရာ သဘောကျစရာတော့ ကောင်းသား။ 

မရွှေစု သဘောကျတာလေး တစ်ခု ပြောရရင် ကြည့်လိုက်ရသမျှ စီးရီးစ်တွေမှာ ဒီလောက် ကျိကျိတက် ချမ်းသာလွန်းလှတဲ့ ဘော့စ်တွေ တော်တော်များများဟာ အင်မတန်ကို Humble ဖြစ်ကြတယ်။ အို... ဒါတော့ တကမ္ဘာလုံးကြည့်နေတဲ့ တီဗွီ ရိုက်နေတာကိုးလို့ ပြောချင်ရင်လည်း ပြောကြလိမ့်မယ်။ သို့သော် လူ့မျက်နှာ ခံစားချက်ဆိုတာ ဖုံးဖိလို့ ရတာမှ မဟုတ်တာကိုး နော်။ ဟန်ဆောင်မှု ဆိုတာ အနည်း နဲ့ အများတော့ ပေါ်နိုင်သေးတာကိုးနော်။ မရွှေစုကတော့ သူတို့ နာမည်ကြီးချင်လို့ လုပ်တယ်ပဲ ဆိုဆို ဒီလောက် တအား ချမ်းသာတဲ့သူတွေက ဒီလို အောက်ခြေကို ဆင်းပြီး Undercover လုပ်ကြည့်ဖို့ သဘောတူကတည်းက အမှတ်ပေးပြီးသား ဖြစ်နေပြီ။ 

ဘော့စ်တွေဟာ အောက်ခြေ သိမ်း အလုပ်တွေဖြစ်တဲ့ ပစ္စည်းထမ်းတာတို့၊ ကားရေဆေး၊ အိမ်သာဆေး၊ အမှိုက်သိမ်း၊ ဆေးသုတ်၊ စက်ပြင် စသဖြင့် တော်တော်များများကတော့ Company ရဲ့ Operators အလုပ်နဲ့ Technicians အလုပ်တွေ ကို ၀င်လုပ်ကြတယ်။ Great Wolf Resorts က အမျိုးသမီး ဘော့စ် Kimberly ဆိုရင် သူ့ resort ရေကူးကန်ထဲက ချေးတုံးကိုတောင် ကြုံးလိုက်ရသေးတယ်။ အဲသလို ကိုယ့်လုပ်ငန်းခွဲတွေဆီမှာ တစ်ပတ်ကြာအောင် တစ်ရက် ကို တစ်ခု ၀င်လုပ်ရင်း အလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ ကိုယ့် လုပ်ငန်း တိုးတက်စရာ၊ နှောင့်နှေးစရာ အကြောင်း အချင်းအရာတွေ၊ စတဲ့ အဆိုး အကောင်း မှန်သမျှ အကျိုး အကြောင်းတွေကို လက်တွေ့ မြင်ကြရတယ်။ လုပ်ငန်းအတွက် ဒီထက်မက အဆင်ပြေအောင် ဘာတွေဆောင်ရွက်နိုင်မလဲဆိုတာကိုလည်း သိလာရတယ်။ မရွှေစု အမြင် အကျိုးကျေးဇူး အဖြစ်ဆုံးကတော့ ကိုယ့် လုပ်ငန်း တိုးတက်အောင်မြင်စေရန် တစ်ထောင့် တစ်နေရာက ပါဝင်လုပ်ဆောင်နေတဲ့ အခြေခံအလုပ်သမား လူတန်းစားတွေရဲ့ ဘ၀ကို စာနာ နားလည် သွားနိုင်မှုပဲ။ အခြေခံ အလုပ်သမား လူတန်းစား အများစု အင်အား ပါဝင်မှု မရှိပဲ ဘယ်လုပ်ငန်းမှ ရည်ရှည် အောင်မြင်အောင် ရပ်တည်နိုင်မယ်မထင်ဘူး။ 

 တချို့ ဘောစ့်တွေဆိုရင် ဒီ အလုပ်သမားတွေရဲ့ ဘ၀ နဲ့ နေ့စဉ် ရုန်းကန်နေရတာတွေကို တအံ့တသြ ကြည့်ပြီး တော်တော်လေး emotional ဖြစ်ကြတယ်။ ဖြစ်လဲ ဖြစ်စရာကိုးနော်။ သာမန် အောက်ခြေ အလုပ်သမားတစ်ယောက်ရဲ့ ဘ၀နဲ့ သူတို့ ဘ၀ နှိုင်းယှဉ်လို့ မှ မရတာလေ။ သူတို့တွေ အနေနဲ့က အရမ်းချမ်းသာတဲ့သူတွေ၊ အနည်းဆုံးတော့ ငွေရေး ကြေးရေးနဲ့ ပါတ်သက်ပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေနေတဲ့သူတွေ၊ ရတဲ့ လစာ ဆိုတာကလည်း ပြောမနေပါနဲ့တော့ Direct TV က CEO ဆို အခြေခံလစာ 15 Million နဲ့ Stock Options ကြီးပဲကိုက ၃နှစ်ကို 25 Million ရသတဲ့။ တချို့ ဘော့စ်များ သူတို့ဘ၀မှာ အလုပ်ကြမ်းဆိုတာ ဘာကိုမှ လုပ်ခဲ့ဖူးဟန်မတူဘူး။ လောကမှာ လူဆိုတာ ကိုယ့်ထက် နိမ့်ကျတဲ့သူ မြင်ရရင် ကရုဏာ ဖြစ်လွယ်ကြတာမို့ သူတို့ အလုပ်သမားတွေ ပင်ပင်ပန်းပန်း ရုန်းကန်နေကြရတာကို မြင်ရတဲ့အခါ သူတို့ ဘ၀နဲ့ အဟ ကွာ လွန်းတော့ သနားမိတာ သဘာဝကျတယ်လို့ပဲ မြင်တယ်။ တချို့ Viewer တွေ သုံးသပ်သလို ရုပ်ရှင် ရိုက်နေတာမို့ ဟန်လုပ်နေတယ်လို့ ကိုယ်တော့ မယူဆဘူး။ 

မရွှေစု က အမှန်ပြောရရင် မျက်ရည်လွယ်တတ်တဲ့သူ။ သူတို့က ကိုယ့်ထက်တောင် မျက်ရည် ပိုလွယ်နေကြသလိုပဲ။ ကိုယ်မျက်ရည် လွယ်တာကို ရှက်နေတာ... သူတို့ကို ကြည့်ပြီး... ဟာ... ဒီလောက် ချမ်းသာ ဒီလောက် အောင်မြင်နေတဲ့ သူတွေတောင် မျက်ရည် လွယ်ကြသေးတာ... ကိုယ်က ဘာဟုတ်သေးလဲလို့တောင် တွေးမိတော့တယ်။ အမျိုးသမီး ဘော့စ် ကင်ဘာလီဆိုရင် သူ့ အလုပ်သမားနဲ့ စကားပြောရင်း ဟိုကငိုတော့ သူပါ ရောငိုတာ။ တနေ့ညက ပြသွားတဲ့ Lucky Strike Lanes က ဘော့စ်ဆိုလည်း သူ့ အမေအကြောင်းပြောပြရင်းလည်း ငို၊ အလုပ်သမားကို သနားလို့ ငို... ဟင်း... ဘာငိုသလဲ မမေးပါနဲ့။ အဲဒီတော့ ကိုယ့်မလဲ သူတို့ကြည့်ရင်း တစ်ရှုးလေး တတို့တို့နဲ့ပေါ့။ 

ထူးထူးခြားခြား undercover ဆိုပြီး cover ပျောက်သွားတဲ့ ဘောစ့်တစ်ယောက်လဲ ရှိသေးတယ်။ သူကတော့ Belfor က ဘောစ့်။ သူ့ company က disasters ခံထားရတဲ့ အဆောက်အအုံ တွေကို ပြင်တာတွေ ပြန်ဆောက်တာတွေ လုပ်တာ။ အဲသမှာ သူနဲ့ အတူ တွဲလုပ်နေတဲ့ အလုပ်သမား cleaning technician ကနေ water technician ကို ရာထူးတိုးခဲ့တာ တစ်နှစ်နီးပါးရှိပြီ။ ဒါပေမယ့် လစာတော့ လုံးဝမတိုးဘူးဆိုပြီး ပြောပြတော့ တအား သနားသွားတယ်နဲ့ တူရဲ့...။ ဘော့စ်မှန်း မသိအောင် ဆံပင်တုတတ် ရုပ်ဖျက်ထားတာတွေ ဆွဲဖြုတ်လိုက်ပြီး မင်းကို ခုချက်ချင်း လစာ တိုးပေးမယ်။ ငါဟာ မင်းရဲ့ CEO ပဲ ဆိုပြီး ပြောထည့်လိုက်ရော။ 

ထုံးစံအတိုင်း တချို့ သူ တွေက ကဲ့ရဲ့ ကြတာပေါ့နော်... ။ ဒီ ပရိုဂရမ်ဟာ supposed to be undercover ဖြစ်ရမှာ၊ မလိုတာ အပိုတွေ လျှောက်လုပ်တယ် ဘာညာပေါ့။ တချို့ Viewer တွေကြတော့လည်း တမျိုး ပြောပြန်တယ် ... ဘော့စ်တွေက သူတို့နဲ့တွေ့ခဲ့တဲ့ အလုပ်သမားအတွက်ပဲ ဆုကြေးတွေ အခွင့်အရေးတွေဖန်တီးပေးတာ... အဲသလို အလုပ်သမားမျိုးက ရာချီပြီး ရှိနေတာရော ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေ။ ကိုယ်မြင်သလောက်တော့ ဒီ ပရိုဂရမ်ကို ရိုက်တဲ့ အဓိက ဦးတည်ချက် ရည်ရွယ်ချက်မှာ ဘော့စ်တွေဟာ သူတို့ လုပ်ငန်း တိုးတက်အောင် ဘယ်လို လုပ်သင့်သလဲ၊ သူတို့နဲ့ အလှမ်းကွာလွန်းတဲ့ လုပ်ငန်းအောက်ခြေမှာ ဘာချွတ်ယွင်းချက်တွေ ရှိနေသလဲ၊ အခြေခံ လူတန်းစား အလုပ်သမားတွေရဲ့ ဘ၀တွေကရော ဘယ်လိုနေကြမလဲ ဆိုတာ စုံစမ်းချင်လို့ ဒီ ပရိုဂရမ်မှာ ၀င်လုပ်ကြတာ။ ဘာပဲ ဖြစ်ဖြစ် ဒီ ပရိုဂရမ်ကြောင့် အလုပ်သမားတွေရဲ့ ဘ၀ အခြေအနေ တစ်စိတ်တစ်ပိုင်းကို ဟိုးထိပ်ဆုံးက ဘော့စ်တွေ သိသွားရင် အမြတ်ပဲ မဟုတ်လား။ 

ဘော့စ်က သူနဲ့ အလုပ်အတူ လုပ်ခဲ့တဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပြီး သူဟာ သာမန် အလုပ်သမား မဟုတ်ကြောင်း၊ ဒီ Company ရဲ့ ဘော့စ် ဖြစ်ကြောင်း ဖွင့်ပြောတဲ့ အခန်းကတော့ ဒီ စီးရီးစ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပဲ။ လုံးဝ မမျော်လင့်ထားတာ တွေ့ရ သိလိုက်ရလို့ အလွန်အမင်း ထိတ်လန့် အံ့သြ သွားကြတဲ့ အလုပ်သမား တွေရဲ့ reaction တွေက စိတ်ဝင်စားစရာ ကောင်းတာကိုးနော်။ ဘော့စ်က သူတို့အတွက် ဆုကြေးတွေ အခွင့်အရေးတွေ ဖန်တီးပေးလို့ ပျော်လည်းပျော်၊ ပြီးတော့ ၀မ်းနည်း ၀မ်းသာဖြစ်ကြ။ 

နောက်ဆုံး အခန်းကတော့ Company မှာ ရှိတဲ့ တခြား ၀န်ထမ်းတွေ အလုပ်သမားတွေအားလုံး ဖိတ်ပြီး Undercover လုပ်တဲ့ တစ်ပတ် အတွင်း သူ ဘယ်လို ခံစားရတယ်ဆိုတာလည်း ဘော့စ်က ပြန်ပြောပြတယ်ပေါ့။ ပြီးတော့ ဒီလုပ်ငန်းကြီး အောင်မြင်စေရန် လုပ်ဆောင်နေကြတဲ့ သူ့ ၀န်ထမ်းတွေ အလုပ်သမားတွေကို ကျေးဇူးတင်ကြောင်း၊ သူ့ Company အောက်က အလုပ်သမား တစ်ဦးချင်းစီဟာ သူ့မိသားစုဝင်တွေပဲဖြစ်ကြောင်း ဒါကြောင့် ဒီအလုပ်သမားတွေရဲ့ လူမှု ဖူလုံရေး၊ အလုပ်သမား အခွင့်အရေးကို တတ်နိုင်သမျှ အပြည့်အ၀ တာဝန်ယူမယ် ဖြစ်ကြောင်း စသဖြင့် ပြောကြ ဆိုကြပေါ့လေ။ လူတိုင်းရဲ့ မျက်နှာတွေဟာလည်း ပြုံးလို့...။ အလုပ်သမားတွေကလည်း သူတို့ အပင်ပန်းခံ အလုပ်လုပ်ခဲ့ကြတာ အသိအမှတ်ပြုခံရတဲ့ အတွက် ပျော်ကြလို့...။ အားလုံးဟာ အလုပ်ကို ပိုခင်တွယ် ပိုချစ်မြတ်နိုးတဲ့ စိတ်ထားတွေ ဒီထက်မက တိုးပြီး ကြိုးစားလုပ်သွားအုံးမယ် ဆိုတဲ့ မျက်နှာထားတွေနဲ့... ပေါ့။ 

ဘာပြောကောင်းမလဲ မရွှေစုတို့လည်း ဒီ ပရိုဂရမ်ရဲ့ နောက်ဆုံးပိုင်းကို ရောက်ရင် တစ်ရှုးဘူးလေးပိုက်ပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့...။ သူတို့အစား ၀မ်းနည်း ၀မ်းသာကို ဖြစ်လို့... ဒါနဲ့ မျက်ရည်တွေကြားက ဆုတောင်းလိုက်သေးတယ်...။ မြန်မာနိုင်ငံက အလုပ်သမားတွေ ... အို... ကမ္ဘာပေါ်က အလုပ်သမားတိုင်း အလုပ်သမား အခွင့်အရေးတွေ အမြန်ဆုံး အပြည့်အ၀ ရကြပါစေလို့ ... ။

မျက်စိစုံမှိတ်ပြီး မသိချင်ယောင်ဆောင် အမှောင်တိုက်ထဲ ရောက်နေတဲ့ ဘော့စ်တွေလည်း Recover မြန်မြန်ဖြစ် အလင်းရလို့ လုပ်သားများရဲ့ ဘ၀ကို နားလည်စာနာ အမှန်မြင်ကြပါစေလို့... ။ 

ကိုးကား။ 
Undercover Boss (U.S. TV series) episodes

Wednesday, October 12, 2011

ဇာဂနာ ပြန်လာပြီ......

ဇာဂနာ ပြန်လာပြီ......
ဒီနေ့ နံနက် လွတ်လာပြီ ဖြစ်တဲ့ ဦးဇာဂနာ ပုံတွေ ကြည့်ရတာ ကျန်းမာပုံရတယ်။ မျက်နှာက ကြည်လင်တယ်။ အရင်လို ရွှင်လန်းတက်ကြွနေလျက်ပဲ။ စကားပြောတာဟာလည်း ရင်ထဲကလာတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းနဲ့၊ အမှန်ကို အမှန်အတိုင်း ဟာသလေးတွေ စွက်ပြီး ပြောတတ်တုန်း၊ အဆိုးထဲက ကြံဖန်ပြီး ရယ်မောစရာ ရှာတတ်တုန်း။ ဇာဂနာလေဟာ ဇာဂနာဆီမှာပဲ ရှိတယ်။ ဘယ်သူ့ဆီမှာမှ မရှိဘူး။ သူ့လေသံမျိုး ဘယ်သူမှ မပြောတတ်ဘူး။

သူဟာ အင်မတန် လေးစားစရာ ကောင်းတဲ့သူ။ သူဟာ သူ့ ယုံကြည်ချက်အတွက် ဘယ်သူ့ကိုမှ ဒူးမထောက်၊ အလျှော့မပေး၊ အရှုံးမပေးမယ့် သူ။ အလံမလှဲ ဆက်လက် တိုက်ပွဲဝင်မယ့် ခိုင်မာ ပြတ်သားတဲ့ ကြံ့ခိုင်တဲ့ အင်အားကြီးတဲ့ အံ့ဖွယ်စိတ်ဓါတ်မျိုး ပိုင်ဆိုင်တဲ့သူ။ သူ့ကို ပြန်တွေ့ရတာ ကိုယ့် အစ်ကို၊ ကိုယ့် ဆွေမျိုး တစ်ယောက်ကို ပြန်ဆုံတွေ့လိုက်ရသလို ရင်ထဲမှာ ပျော်ရွှင် ကြည်နူးမိတယ်။ စိတ်မကောင်းဖြစ်ရတာက ဘဘဦးနန်းညွန့်ဆွေနဲ့ ကြီးကြီးဒေါ်ကြည်ဦးတို့တော့ မရှိကြတော့ဘူး။ ရက်စက်လိုက်ကြတာ... သူများ မိသားစုတွေကို ခွဲရက်ကြတဲ့သူတွေ...။

မရွှေစုက ရန်ကုန်သူမို့လား မသိ။ မိုးရွာတာကို သိပ်ကြိုက်တယ်။ မိုးရွာတာကို မြင်နေရရင် သိပ်ပျော်တယ်။ ညဖက် မိုးရွာပေးရင် အိပ်ရတာ ဇိမ်ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် မိုးရွာတဲ့ညတွေ ကိုယ်က အိပ်ရာနွေးနွေးထွေးထွေးမှာ စောင်ခြုံပြီး အိပ်နေစဉ် ထောင်ထဲမှာ နေရတဲ့ သူတွေ မိုးရွာတဲ့အခါ ဘယ်လိုများ နေပါ့မလဲလို့ ခဏ ခဏ တွေးမိတယ်။ ဦးဇာဂနာ တစ်ယောက် ဟိုတခါ သူ့ထောင် အတွေ့အကြုံတွေရေးတုန်းကလို ကြမ်းပြင် အအေးမှာများ အိပ်နေရသလား။ ရင်ထဲမှာ တွေးကြည့် ခံစားရတာ မခံရပ်နိုင်လို့ အော်ဂလီတောင် ဆန်လာမိတယ်။ အပြစ်မရှိပဲ အပြစ်ဒဏ် ခံစားနေရတဲ့ သူတွေ အကြောင်း သေသေချာချာ စဉ်းစား တွေးမိတိုင်း ရင်ထဲမှာ တော်တော်ထိတယ်။ ကိုယ့်မောင်နှမ၊ အဖေ၊ အမေ မိသားစုတွေထဲက ဒီလို မတရားချုပ်နှောင်ခံနေရရင် ဘယ်လိုခံစားကြရမလဲ ဆိုတာ ကိုယ်ချင်းစာပြီး တွေးတော ပေးကြဖို့ ကောင်းတယ်။

ဘာပဲ ဖြစ်ဖြစ် အခုတော့ တချို့တ၀က်လွတ်လာကြပြီ။ အာဏာပိုင်များမှ မိမိကိုယ်နဲ့ နှိုင်းပြီး ကိုယ်ချင်းစာ တရားလေးများ လက်ကိုင်ထားကာ တွေးတော ဆုံးဖြတ်နိုင်ကြပါစေ။ ကိုယ်ကျိုးစွန့် အနစ်နာခံသူများ အားလုံး၊ အပြစ်မရှိသူများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ကြပါစေ မိသားစုတွေ ပြန်လည် ပေါင်းစည်းနိုင်ကြပါစေလို့ သီတင်းကျွတ်လပြည့်နေ့မှာ ဥပုဒ် သီတင်း သီလ ဆောက်တည်ရင်း ဆုတောင်းမေတ္တာ ပို့သပါတယ်။

သတင်းကောင်းများ ဆက်လက် စောင့်မျှော်လျက်...

စုချစ်
၁၂-၁၀-၂၀၁၁
သီတင်းကျွတ်လပြည့်၊ ဗုဒ္ဓဟူးနေ့

++++++++++

Thursday, October 6, 2011

စတိဗ်၊ ဘီလ် နဲ့ ဘ၀ အကြောင်းတရားများ

စတိဗ်၊ ဘီလ် နဲ့ ဘ၀ အကြောင်းတရားများ


ဒီနေ့ မနက်စောစော ရုံးရောက်လို့ သတင်းဖွင့်လိုက်တာနဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုက ကျမကို ဆီးကြို နှုတ်ဆက်လို့နေတယ်။ ပန်းသီးရဲ့ ဖခင်ကြီး စတိဗ် ဂျော့ ၂၀၁၁ အောက်တိုဘာ ၅ရက် မနေ့ညမှာ ကွယ်လွန်သွားပြီး ဖြစ်ပါတယ်တဲ့။ ပန်းသီးကနေ product အသစ်တစ်ခု တီထွင်လိုက်တိုင်း သုံးစွဲသူများ နဲ့ မိတ်ဆက်ပေးဖို့ရန် စတိတ်ခ်ျစင်ပေါ်မှာမြင်ရလေ့ရှိတဲ့ စတိဗ်ဂျော့ရဲ့ ပုံရိပ်ဟာ တစ်ခါထက် တစ်ခါ ကျန်းမာရေး ပိုညံ့လာပုံရတာ၊ စိတ်ဓါတ်ကမာလို့ စိတ်ဆောင်ပြီး ဟန်ပန်အမူအရာ နဲ့ မျက်နှာအနေအထားမှာ အင်အားရှိနေဆဲလို့ ထင်ရပေမယ့် ရုပ်ခန္ဓာအရ အင်အားနည်းနေပုံရှိနေတာ သတိထားမိခဲ့တယ်။ နောက်ဆုံး ၂၀၁၁ သြဂတ် ၂၄ မှာ ပန်းသီးရဲ့ အကြီးအကဲ အဖြစ် ရာထူးမှ နှုတ်ထွက်ကြောင်း ကြေငြာတာကို ဖတ်ရတော့ သူ့ရဲ့ ကျန်းမာရေး တစ်စုံတစ်ရာ စိုးရိမ်ရတဲ့ အခြေအနေကိုရောက်နေပြီနဲ့တူတယ်လို့ ခန့်မှန်းမိပါတယ်။ အဲဒီတုန်းက သတင်းဓာတ်ပုံတွေမှာ သူ့ရဲ့ ရာထူးမှနှုတ်ထွက်ကြောင်း ကြေငြာပြီးနောက် သူ့အမျိုးသမီးရဲ့ ပခုန်းကို မှီထားလိုက်တာကို မထင်မှတ်ပဲ တွေ့လိုက်ရလို့ စိတ်မကောင်း ပိုဖြစ်မိခဲ့ပါတယ်။

၂၀ရာစုခေတ်ကြီးရဲ့ ထူးခြားပြောင်မြောင်လွန်းတဲ့ ပါရမီရှင်တွေဖြစ်တဲ့ ဘီလ် ဂိတ်နဲ့ စတိဗ် ဂျော့ တို့ ရှိတဲ့ခေတ်ကြီးမှာ ကျမအနေနဲ့ လူလာဖြစ်ရတာ တနည်းအားဖြင့်တော့ ဂုဏ်ယူမိပါတယ်။ သူတို့ရဲ့ မနေမနား ရူးသွပ်စွာ ကြိုးပမ်းအားထုတ်မှုကြောင့် ကမ္ဘာကြီးရဲ့ နည်းပညာတွေ၊ လူသားတွေရဲ့ လူနေမှု ဘ၀ အနေအထား အဆင့်အတန်းတွေဟာ မယုံကြည်နိုင်လောက်အောင် တိုးတက်ပြောင်းလဲခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ ပါရမီရှင် နှစ်ယောက်ဟာ ၁၉၅၅ ခုနှစ် တစ်နှစ်ထဲ ဖွားတွေ ဖြစ်ကြတယ်။ သို့သော် ပါရမီရှင် ဆိုတာတွေ တူကြပေမယ့် သူတို့ရဲ့ ဘ၀ကံ အကြောင်းတရားတွေကတော့ မတူညီကြပါဘူး။

ဘီလ် ဂိတ် က upper-middle-class မိသားစုက မွေးဖွားလာသူဖြစ်ပြီး သူ့မိဖတွေဟာ ပညာတတ်တွေ ဖြစ်ပါတယ်။ သူဟာ ချစ်ခင်ဖွယ်ရာ မိသားစုများနဲ့ ငယ်ဘ၀ကို ပျော်ရွှင်ငြိမ်းချမ်းစွာ ကြီးပြင်း လာခဲ့ပုံရပါတယ်။ စတိဗ်ကတော့ ပညာမတတ်တဲ့ မွေးစား မိဖများရဲ့ လက်အောက်မှာ သူ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် သူ့ မွေးစားမိဖများက သူ့ပညာရေးအတွက် အလိုလိုက် အကြိုက်ဆောင်ခဲ့ပုံတော့ ရပါတယ်။ ဒါကြောင့် စတန်းဖိုဒ့် ဘွဲ့နှင်းသဘင် အခမ်းအနားက ကျောင်းသားတွေကို သူပြောခဲ့တဲ့ မိန့်ခွန်းမှာ မွေးစားမိဖများရဲ့ စုငွေအားလုံးနီးပါးကို သူ့ တက္ကသိုလ်ပညာရေးအတွက် သုံးမိရက်သား ဖြစ်သွားတယ်လို့ ဆိုထားပါတယ်။

ဘီလ် နဲ့ စတိဗ်တို့ရဲ့ တူညီတဲ့ နောက်တစ်ချက်ကတော့ သူတို့ နှစ်ယောက်စလုံး တက္ကသိုလ် ပညာရေးကို ဆုံးခန်းတိုင်အောင် မတက်ခဲ့ကြပါဘူး။ စတိဗ်ပြောခဲ့တဲ့ မိန့်ခွန်းမှာ သူတက္ကသိုလ် ကျောင်းသား ဘ၀ နေစရာ အခန်းမရှိလို့ သူငယ်ချင်းတွေရဲ့ အခန်းကြမ်းပြင်မှာ အိပ်ခဲ့ရတာတွေ၊ Coke ပုလင်းအခွံတွေကို စုပီး ပြန်ရောင်းကာ စားစရိတ် ရှာခဲ့ရပုံတွေ၊ ဟိန္ဒူဘုရားကျောင်းကို တလံတဖျားသွားပြီး ထမင်းအလကား သွားစားရပုံတွေ စသဖြင့် သူ့ငယ်စဉ်ဘ၀ရဲ့ ကဗျာမဆန်ခဲ့ရပုံတွေ၊ ပင်ပန်းဆင်းရဲ ကြပ်တည်းခဲ့ပုံတွေ၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။ အဲသလို အခြေအနေမျိုးကနေ ဒီနေ့ ဒီလို အခြေအနေထိရောက်အောင် အောင်မြင်မှုတွေ ရရှိအောင် သူဘယ်လို ကြိုးစား တက်လှမ်းခဲ့ရတာတွေကို လူငယ်များ အတုယူနိုင်ဖွယ် ပြောပြခဲ့ပါတယ်။ ကံ ကံ၏ အကျိုးကို ယုံကြည်ဖို့ မိမိကိုယ်ကိုယ်သာလျှင် အားကိုးရာလို့ ပြောပြခဲ့တဲ့ စတိဗ်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

စတိဗ် ဘ၀ဟာ နိမ့်တုံ မြင့်တုံ ဖြစ်နေတဲ့ လှိုင်းတံပိုး တစ်ခုကို ကြည့်ရသလိုပဲလို့ ကျမခံစား ထင်မြင်မိပါတယ်။ သူ့ဘ၀ကို နားလည်အောင် ဖတ်ရတာဟာ လောကဓံ ဆိုတာ ဘာလဲ လို့ နားလည်အောင် သင်ယူနေရသလိုပါပဲ။ သူမွေးဖွားလာတော့ မိဖရင်းလက်ထဲကနေ မွေးစားမိဖ လက်ထဲ ရောက်သွားတယ်။ ပညာတော်တဲ့ စတိဗ်ဟာ တက္ကသိုလ်ကိုတော့ သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းပြီးအောင် မတက်ပဲ သူဝါသနာပါရာ တီထွင်ချင်တာကို အပင်ပန်း ဆင်းရဲခံ အားစိုက်ခွန်စိုက် ကြိုးစား ဆောင်ရွက်တယ်။ အသက် ၂၀လောက်က သူ့ မိဖတွေရဲ့ ကားဂိုဒေါင်ထဲမှာ စတင်ခဲ့တဲ့ သူ့ တီထွင်မှုဟာ ၁၀နှစ် အတွင်းမှာ ဒေါ်လာ သန်း၂၀၀၀ထောင်တန်တဲ့ ၀န်ထမ်း ၄၀၀၀ ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်လာခဲ့တယ်။ ဒါဟာ သူ့ ရဲ့ ဘ၀မှာ ထိပ်ဆုံးကို ရောက်ရှိသွားစေတဲ့ လှိုင်းအထက်က ပထမဆုံးသော အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

ကျဆုံးမှု ကရော....။

စတိဗ်ဟာ သူ အသက် ၃၀အရွယ် ၁၉၈၅ခုနှစ် မှာ သူစတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီက အလုပ်ထုတ်ခံခဲ့ရပြီး အလုပ်လက်မဲ့ ပြန်ဖြစ်သွားပါတယ်။ သူ့ဘ၀တစ်ခုလုံးပုံပြီး စိုက်လိုက်မတ်တတ် လုပ်ခဲ့ရတဲ့ အလုပ်ကနေ အပယ်ခံလိုက်ရတဲ့ လူငယ်လေးတစ်ယောက်အတွက် ဘယ်လောက်များ ကြေကွဲ တုန်လှုပ်လိုက်မလဲ ဆိုတာ တွေးကြည့်စရာတောင် မလိုပါဘူး။ ဒါပေမယ့် စတိဗ်က အဲသလို ဆုံးရှုံးမှုကနေ သင်ခန်းစာ ရအောင်ယူပြီး သူ့ဘ၀ကို ပြန်လည် တည်ဆောက်ခဲ့ပါတယ်။ အဲဒီတုန်းက နာကြင်ကြေကွဲခဲ့ရသလောက် စိတ်ဓာတ်အင်အား ခိုင်မာစွာနဲ့ တစ်ကနေပြန်စပြီး တန်ပြန် ကြိုးစား ဆောင်ရွက်ချက်များဟာ ခုချိန်မှာတော့ ဟိုးတစ်ချိန် ပန်းသီးကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ကိစ္စဟာ သူ့ဘ၀မှာ အကောင်းဆုံး ဖြစ်ရပ်တစ်ခုလို့ ကြွေးကြာ်နိုင်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။ အရာရာတိုင်းဟာ မသေချာမှုတွေနဲ့ တည်ဆောက်ထားပါလား ဆိုတာ ဘ၀နဲ့ရင်းပြီး သူသိသွားခဲ့ပါတယ်။

ဘီလ်ဂိတ်ကတော့ စိတ်ရော ကိုယ်ပါ ရင်းပြီး ကြိုးပမ်းအားထုတ်မှုတွေ ရှိခဲ့ပေမယ့် လောကဓံကို ထူးခြားစွာ မကြုံတွေ့ခဲ့ရဖူးလို့ ထင်ပါတယ်။ ဒါပေမယ့် လူချမ်းသာ တစ်ယောက် နိဗ္ဗာန်ရောက်ဖို့ထက် အပ်နဖားပေါက်လေးထဲကို ကုလားအုတ်တစ်ကောင် ၀င်နိုင်ဖို့က ပိုပြီးလွယ်သေးတယ် လို့ ပြောလို့ရတဲ့ ခေတ်ကြီးထဲမှာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် တစ်ယောက်ဖြစ်တဲ့ ဘီလ်ရဲ့ ဆုံးဖြတ်ချက် စွမ်းဆောင်ချက်များဟာ အံ့မခန်း အတုယူချင်စရာများပါ။ ကျမတို့ရဲ့ မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစတ္တသာရာဘိဝံသ က မိန့်ကြားတော် မူဖူးပါတယ်။ ရပ်ရမယ့် အချိန်ကို သိကြပါတဲ့။ ဘီလ်ဟာ ၂၀၀၀ခုနှစ်ဇန်န၀ါရီလမှာ မိုက်ခရိုဆောဖ့်ရဲ့ အကြီးအကဲ အဖြစ်က နှုတ်ထွက်ပြီး Bill & Melinda Gates Foundation ကို တည်ထောင်ခဲ့ကာ လူမှုဝန်ထမ်း လုပ်ငန်းတွေကို စတင် ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံးဝင် ၀ါရံဘဖက်နဲ့ လက်တွဲပြီး ကမ္ဘာတ၀ှန်းလုံးက လိုအပ်တဲ့နေရာတွေမှာ အလှူဒါန ပြုဖို့ ကမ်ပိန်းတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလောက က ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင် လုပ်ပြီးမှ ကိုယ့်ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်၊ လူတစ်ယောက်အောင်မြင်ဖို့ဆိုလျှင် မနေမနားအလုပ်လုပ်ရမယ်။ အောင်မြင်တဲ့အထိ အပြင်းအထန် ကြိုးစားရမယ်။ ကိုယ်က ဥာဏ် ရှိရမယ်။ ကိုယ့်ဥာဏ်ကိုလည်း ဘယ်လိုအသုံးချမလဲ ဆိုတာသိတဲ့ လူတစ်ယောက်အဖို့ ကိုယ်လိုချင်တာကို ရဖို့မလွဲပါဘူး။ အပြင်းအထန် မကြိုးစားတဲ့လူ တစ်ယောက်ဟာ ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။ ကံပေးလို့ရတာတို့၊ ဘယ်နတ်ဘုရားက စောင်မ ပေးလို့ ရတာ ဆိုတာမျိုးတွေကို ကျွန်တော်လုံးဝမယုံပါဘူး လို့ ဘီလ်က ဘ၀နဲ့ ပါတ်သက်ပြီး အောင်မြင်စေကြောင်း အချက်အနေနဲ့ ဘွဲ့ရကျောင်းသားများကို ပြောပြခဲ့ဖူးပါတယ်။ သူဟာ သူပြောတဲ့ အတိုင်း ကျင့်ကြံနေသူ ဖြစ်ပါတယ်။

စတိဗ်အကြောင်းပြန်ဆက်ရရင် ပန်းသီးကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့ စတိဗ်ဟာ မနေမနား ကြိုးစားအားထုတ်မှု စိတ်ဓာတ် ခိုင်မာမှုတွေကြောင့် ၁၉၉၇ခုနှစ် မှာ ပန်းသီးရဲ့ အကြီးအကဲ ပြန်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ တီထွင်နိုင်မှု၊ ၀န်ထမ်းများကို နိုင်နင်းစွာ အုပ်ချုပ်တတ်မှု၊ လူတွေ ဘာကို ကြိုက်တတ်မလဲဆိုတာ ကြိုတင် သိတတ်နိုင်မှု၊ အပြင်လောကကြီး ဘာလိုချင်မလဲဆိုတာ ခန့်မှန်း တွေးဆတတ်မှု၊ နည်းပညာပိုင်းတင်သာမက အနုပညာပိုင်းမှာပါ လှပစွာ ဖန်တီးနိုင်မှုတို့ကြောင့် ပန်းသီး ထုတ်ကုန်များဟာ သူမတူအောင် ရေပန်းစားလာခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ဘ၀မှာ ဒုတိယအကြိမ် လှိုင်းထိပ်ကို ပြန်လည်တက်ရောက်ခဲ့ပြန်တာပါပဲ။ သူပြောခဲ့တဲ့ ဘ၀အောင်မြင်မှု သြ၀ါဒကတော့ (Stay Hungry... Stay Foolish...) ဆာလောင်မွတ်သိပ်ပါ... အရူးထပါ...တဲ့။

သူ့ကို နောက်ဆုံးအကြိမ် ပုတ်ထုတ်လိုက်ပြန်တဲ့ လှိုင်းတစ်ခုရဲ့ အစကတော့ ၂၀၀၄ ခုနှစ်မှာဖြစ်ပါတယ်။ သူ့မှာ သရက်ရွက် (Pancreas) အကြိတ်ဖြစ် နေတာကို စတင် သိရှိခဲ့ရတယ်။ အဲဒီတုန်းက ဆရာဝန်တွေက သူ့ကို ၃လ ကနေ ၆လအထိပဲ ခံတော့မယ်လို့ ခန့်မှန်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ ဒါဟာ ခွဲစိတ် ကုသလို့ ရတဲ့ အမျိုးအစားဖြစ်တယ်လို့ သိရတဲ့အတွက် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်။ စတိဗ် က အောင်မြင်စွာ ခွဲစိတ်ပြီးတဲ့ နောက်ပိုင်းမှာ ဘာပြောခဲ့သလဲဆိုရင် ...

''No one wants to die. Even people who want to go to heaven don’t want to die to get there. And yet death is the destination we all share. No one has ever escaped it.''

''ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ အဲဒီကို ရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ''

လို့ ပြောပြခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ သူဟာ အသည်းအစားထိုးကုသမှု ကို ထပ်မံ ခံယူခဲ့ရပြန်ပါတယ်။

“If you live each day as if it was your last, someday you’ll most certainly be right.”

နေ့တိုင်းကို သင့်ဘ၀ရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တစ်နေ့မှာတော့ အဲဒီ အတိုင်း ဖြစ်လာဖို့ သေချာပါတယ်

ဆိုတဲ့ စကားကို သူ ၁၇နှစ်သားကတဲက ဖတ်ခဲ့ဖူးလို့ မှတ်မိနေတယ်လို့ စတိဗ်က ပြောဖူးပါတယ်။

ဘ၀အတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ ကရိယာအဖြစ် ကျနော်တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ လို့ ပြောခဲ့တဲ့ စတိဗ်ဟာ သူ့ဘ၀ရဲ့ နောက်ဆုံးချိန်တွေကို ဗုဒ္ဓဘာသာ ပီပီ တရားတော်နဲ့ အညီ အစဉ်အမြဲ သတိရှိနေမယ်လို့ ကျမတော့ အပြည့်အ၀ ယုံကြည်ပါတယ်။

နောက်ဆုံး နိဂုံးချုပ်ရရင် ဘီလ်ဟာ သူ့နည်း သူ့ဟန်နဲ့ သူ့ဘ၀ကို တည်ငြိမ်အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး အောင်မြင်တည်ငြိမ်စွာ အဆုံးသတ်ဖို့ ကြိုးစားနေသူ စံပြ ပုဂ္ဂိုလ်ထူး တစ်ယောက် ဖြစ်ပါတယ်။ စတိဗ် ကတော့ သူမွေးဖွားလာကတဲက အဆင်မပြေမှုတွေနဲ့ စတင်ခဲ့ပြီး သူ့ဘ၀ တစ်လျှောက်လုံးမှာလည်း အဆင်ပြေခြင်း မပြေခြင်းများ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းများ တစ်လှည့်စီ ကြုံတွေ့ခဲ့ရပါတယ်။ သူတည်ဆောက်ခဲ့တဲ့ ပန်းသီး အဖွဲ့ကနေ မမျှော်လင့်စွာ ကန်ထုတ်ခြင်း ခံရဖူးတဲ့ စတိဗ်ဟာ အဆိုးထဲက အကောင်းအနေနဲ့ ဒီဆိုးရွားတဲ့အဖြစ်ဟာ သူ့ဘ၀အားဆေးဖြစ်စေခဲ့ပြီး ပိုမို အောင်မြင်မှုတွေ ရရှိခဲ့လို့ နောင်တစ်ချိန်မှာ အဲဒီနေရာကို ခေါင်းမော့လျက် ပြန်လည် ၀င်ရောက်လာနိုင်ခဲ့သလို အခုလည်း အချိန်မတိုင်ခင် လောကကြီးထဲကနေ သူ့ကို ဆွဲခွာထုတ်ဖယ်ခြင်းခံလိုက်ရတဲ့ စတိဗ်ဟာ သေခြင်းတရားကို ရဲရဲရင့်ရင့် မကြောက်မရွံ့ တည်ငြိမ်စွာ ရင်ဆိုင်သွားခဲ့ပြီလို့ ယုံကြည်မိပါတယ်။

ဆင်းရဲဒုက္ခတွေကို တခြားသူတွေထက် ပိုတွေ့ကြုံရတဲ့သူဟာ တရားရကြဖို့ ပိုပြီး လွယ်တယ် ... ဆိုတာကတော့ ငြင်းလို့ မရနိုင်တဲ့ အမှန်တရားလို့ ယုံကြည်မိပါရဲ့။

စတိဗ် ငြိမ်းချမ်းပါစေ။ စတိဗ် ငြိမ်းချမ်းပါတယ်။

စုချစ်
၆ အောက်တိုဘာ ၂၀၁၁

++++++++++++

Thursday, August 18, 2011

Right Speech....

Right Speech....
''ငါ... စိတ်ညစ်တယ်.... လောကကြီးဟာ မတရားဘူး။ ငါလုပ်သလောက် ငါပြန်မရဘူး။''

ဒါကတော့ လုပြောနေကြစကားပါ။ လုဟာ မရွှေစုတို့ ဌာနက Hardware Engineer လေး တစ်ယောက် ဖြစ်တယ်။

“နင် စဉ်းစားကြည့် Hardware နဲ့ ပါတ်သက်တာတွေ အားလုံး ငါပဲ လုပ်နေရတာ၊ အဲသာကိုတောင် ဒီနှစ် appraisal မှာ ငါ့ကို Rating 3 ပဲ ပေးတယ်။ နင်ရော Rating ဘယ်လောက်ရလဲ။”

မရွှေစု က တစ်ခါ သေဘူး ပျဉ်ဖိုး နားလည်နေပြီမို့ ဘာမှ ပြန်မပြောဘူး။ ပြုံးရုံပဲ ပြုံးပြလိုက်တယ်။ တကယ်ဆို ကိုယ့်ကို ပေးတဲ့ Rating ဆိုတာ personnel ဖြစ်တယ်။ ပြီးတော့ Highly confidential ပဲ မဟုတ်လား။ ဒါပေမယ့် သူစိတ်ချမ်းသာအောင်တော့ ဖြေပြောပြောရတယ်။

“ဒီလိုပါပဲ။ ငါကတော့ Rating ဘယ်လောက်ပေးပေး အေးဆေးပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ် လုပ်ရပြီး စိတ်ချမ်းသာဖို့က ပိုအရေးကြီးတယ် ထင်တာပဲ။”

ဒီလို ပြောပြီးတော့ ကွန်ပြူတာ ဖက် ပြန်လှည့်ရင်း အလုပ်များချင်ယောင်ဆောင်ရတယ်။ မဟုတ်ရင် လုဟာ အနားကနေ တော်တော်နဲ့ မခွါတော့ပဲ သူရသင့်ရထိုက်တာတွေ မရတဲ့ အတွက် မကျေနပ်နိုင်ဘူးဆိုတာတွေ တွတ်တွတ်ထိုးပြောဦးမယ်။

တကယ်တော့ လုဟာ မရွှေစုအတွက် မောင်လေးတစ်ယောက်လို ခင်မင်ရသူပါ။ ရုံးမှာ မရွှေစု လိုအပ်တာ မှန်သမျှကို ဒိုင်ခံ ကူညီပေးတတ်တဲ့သူလည်း ဖြစ်တယ်။ ဥပမာ မရွှေစု လိုချင်တဲ့ပုံစံအတိုင်း Hardware တွေ ဆင်ပေးတာ မျိုးတို့၊ test setup က တစ်ခုခု မှားရင် စိတ်ရှည်လက်ရှည် ကူကြည့်ပေးတာမျိုးတို့။ ယုတ်စွအဆုံး မရွှေစုတို့ ရုံးကလူတွေ အပြင်ထွက်ကြလို့ ဟိုဝယ်သည်ဝယ်လုပ်ရင်တောင် ကိုယ်ဝယ်တဲ့ ပစ္စည်းမှန်သမျှ နောက်ကနေ ကူသယ်ပေးတာတို့ကအစ လုပ်ပေးတတ်တဲ့သူပါ။ ဒါပေမယ့် လူဆိုတာ perfect မရှိဘူးဆိုတဲ့ သဘောတရား အတိုင်း သူက စကားပြော အနည်းငယ်ရိုင်းတယ်။ ဆရာလုပ်ချင်တယ်။ သူသိ သူတတ်လုပ်ချင်တယ်။ မလိုအပ်ပဲ အပိုစကားတွေ ပြောလွန်းတယ်။ သူတစ်ဖက်သား သူ့ထက်အားနည်းတဲ့သူဆိုရင် အထင်သေးချင်တယ်။ အဲသလို စရိုက်လေးတွေ ရှိတဲ့ အတွက် သူ့မှာ အပေါင်းအဖော်နည်းတယ်။ ရုံးမှာ တခန်းထဲနေပြီး လူ၁၀ယောက်မှာ သူနဲ့ စကားမပြောတဲ့သူ ၃ယောက်လောက် ရှိတယ်။ မရွှေစုကတော့ ရန်သူ မရှိ၊ မိတ်ဆွေသာ ရှိ ပေါ်လစီကို အတတ်နိုင်ဆုံး လက်ကိုင်ထားချင်သူမို့ သူ့စရိုက်လေးတွေ တခါတခါ ကသိကအောက်ဖြစ်ရပေမယ့် ခင်မင်မှု မပျက် နေနိုင်ခဲ့တယ်။

ဒါနဲ့ သူ့ကြောင့် ပထမဆုံး ကသိကအောက် ဖြစ်ရတာကို ခုထိ သတိရမိသေးတယ်။ အဲဒီတုန်းက မရွှေစု အလုပ်ဝင်ခါစ တစ်နှစ်ပဲ ရှိသေးတယ်။ ဘော့စ်နဲ့ ပထမဆုံး appraisal လုပ်ရပြီး Rating စရတဲ့ နှစ်လည်း ဖြစ်တယ်။ အဲဒီနေ့က လုတစ်ယောက် ဘော့စ်အခန်းကနေ ပျော်ရွှင်စွာထွက်လာပြီး မရွှေစု စားပွဲနေရာကို ရောက်လာတယ်။

“ငါလေ... ငါ... ဘောနပ်စ်တွေ အများကြီး ရတယ်... သိလား... နင်ရောရလား။”

“သြော်... နင်...Key Performance Bonus ရတယ်ပေါ့....အေးအေး...၀မ်းသာစရာကြီး...”

မရွှေစုက အဲသလို ပြောတော့ လုက အံ့သြဟန်နဲ့ မျက်ခုန်းပင့်ကြည့်တယ်။

“အမယ်... အခုမှ ရုံးရောက်တဲ့သူက Key Performance Bonus အကြောင်းတွေ ဘာတွေ သိလို့... နင်ရော ရသလား..”

“အင်းလေ... ရတာပေါ့...”

သူလည်းရတယ်ဆိုတော့ ကိုယ်လည်း ရတယ်လို့ မရွှေစုက ရိုးရိုးသားသားဖြေမိတယ်။

“အမယ်... ပုံမှန်ဆို ခုမှ အလုပ်ဝင်တဲ့သူ ပေးလေ့မရှိဘူး။ နင်ရတယ်ဆိုတော့ ဘော့စ်က နင့်ကို တော်တော် သဘောကျလို့ ဖြစ်မယ်။ ကဲ..ကဲ... ဘာမုန့် ကျွေးမှာလဲ...”

အဲဒီအထိတော့ လုဟာ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပါပဲ။ မရွှေစုရတာကိုလည်း သူက ၀မ်းသာပုံပဲ။ ဒါပေမယ့် ပြဿနာက နောက်တစ်နေ့ကျမှ စတာ။ လုဟာ စောစောစီးစီး မရွှေစု စားပွဲဆီကို ရောက်လာပြီးတော့...

“တောက်... အတော်မိုက်ရိုင်းတယ်။ သိလား။ ငါရတာ ရိုးရိုး Bonus...ပဲ။ Key Performance Bonus မဟုတ်ဘူး။ မနေ့ညက ငါ့ Bank Account ကို စစ်ပြီးပြီ။ ဘော့စ်ပြောတာကို ငါနားကြားလွဲသွားတယ်။ အဓိပ္ပါယ်မရှိဘူး။ ခုမှ အသစ်ဝင်လာတဲ့သူတွေကျတော့ ပေးပြီး ငါ ဒီလောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ရတာကို မပေးဘူး။ လောကကြီး မတရားဘူး။”

မရွှေစု တော်တော်လေး စိတ်ညစ်သွားတယ်။ လုဟာ ဒီရုံးကို မရွှေစု စပြောင်းလာခါစက တခြားသူတွေနဲ့ မတူ အင်မတန် အကူအညီပေးခဲ့တဲ့သူ ဖြစ်တော့ ကိုယ့်စိတ်ထဲ ကိုယ့်မောင်လေးတစ်ယောက်လို ခင်မင်ကျေးဇူးတင်တဲ့အပြင် သူကလည်း ကိုယ့်လို ရတယ်ထင်လို့ အမှန်ကို ပြောမိတယ်။ အဲဒီတုန်းက တစ်ပတ်လောက် မရွှေစု စိတ်ညစ်လိုက်ရတယ်။ သူ့ကို စကားမပြောမိအောင် ရှောင်ရတယ်။ စိတ်ကသိကအောက် ဖြစ်ရတာများ မနာလို ၀န်တိုတဲ့သူကို မျက်နှာချင်းဆိုင်နေရတာများ လောကကြီး စိတ်ကုန်တာ မရှိတော့ဘူး။ အဲဒီကတဲက မှတ်သွားလိုက်တာ... နောက်ပိုင်း ဘယ်သူ ဘာရတယ်ပြောပြော ကိုယ်ရတာကို အနည်းဆုံးလို့ပဲ ပြုံးပြုံးလေး ပြောတတ်တဲ့ အကျင့်ကို ကျင့်ထားရတော့တယ်။

လုဟာ သူလုပ်ချင်တာတွေလုပ် သူပြောချင်တာတွေ ပြော၊ သူ့ဘာသာ စိတ်ကောက်နေလို့ တခါတခါ တစ်ရက်လောက် စကားမပြောပဲ နေပြီးရင် မနေနိုင်တော့တဲ့ အခါကျရင် တခြားသူတွေနဲ့လည်း စကားပြောစရာမရှိတဲ့အတွက် ဟိုဟာ ဒီဟာလေး ကူလုပ်ပေးရင်း မရွှေစုဘက်ကိုပဲ ပြန်လှည့်လာတတ်မြဲပါပဲ။ မရွှေစုကလည်း သူ့ကို ခွင့်လွှတ်မြဲပါပဲ။ ဒါပေမယ့် တခါတခါတော့ သူ့ကို ပြောပြ ချင်မိတယ်။ လုဟာ အရမ်းကြီး bright မဖြစ်ပေမယ့် အလုပ်ကြိုးစားတာမှန်တယ်။ သူများတွေကို ကူညီတတ်တာ မှန်တယ်။ သူ ဘာကို ပြင်သင့်လည်း ဆိုတာ သူသိသင့်တယ်။ ဒါကြောင့် မရွှေစုက သူ့ကို ပြင်ဖို့ ကြိုးစားမိတယ်။

“လု... နင်... စကားပြောရင် လိုရင်းတိုရှင်းပြော၊ အလုပ်သဘောမှာ မလိုအပ်တာတွေ အပိုဆာဒါးတွေ ထည့်ပြောရင် လူတွေက စိတ်မရှည်ချင်တတ်ကြဘူး။”

“ဟာ... ဒါကတော့ အဲသလို ရှင်းပြမှ သူတို့က နားလည်မှာ။ ငတုံးတွေ။”

“လု... လူတစ်ယောက်ဟာ ဘယ်လောက်ပဲ အမှားတွေ လုပ်မိဦး။ You are wrong လို့ တဲ့တိုးပြောရင် ဘယ်သူမှ မကြိုက်တတ်ကြဘူး။ You got a problem, very difficult to talk to you စသဖြင့် စကားတွေကို ရှောင်ပြီး တခြားနည်းနဲ့ ပြောရတယ်။”

“သူတို့ မှားနေတာ မှားတယ်မပြော ဘယ်လို ပြောရမှာလဲ။ why you all are so sensitive ငါကတော့ စိတ်ထဲ ရှိသလို ဟုတ်တာပြောမှာပဲ... I can't accept your thinking”

တခါတော့ လုက မရွှေစု ကို မေးတယ်။ နင်နဲ့ နင့် စီနီယာ ဘယ်သူ ပိုတော်လဲတဲ့။ မရွှေစု တို့ ဌာနမှာ မရွှေစုနဲ့ စီနီယာအစ်ကိုနဲ့ စုစုပေါင်း မြန်မာ နှစ်ယောက်ရှိပါတယ်။ စီနီယာ အစ်ကိုက RIT မှာ နှစ်တော်တော်များများ Roll No One ရခဲ့သူ၊ တကယ်ကို Genius ဖြစ်တဲ့သူပါ။ သူ့ခေါင်းဟာ အံ့သြစရာကောင်းလောက်အောင် စည်ကြီးလိုပဲ၊ တီးလိုက်တာနဲ့ တိန်ကနဲ မြည်သလို ကိုယ်သိချင်သမျှ မေးလိုက်တာနဲ့ အဖြေကအဆင်သင့်ရှိပြီးသားပဲ။ မရွှေစု ကိုယ့်ကိုယ်ကိုယ် သူ့လောက်မတတ်တာ မတော်တာ ၀န်ခံပါတယ်။ ဒီတော့... ဟယ်... ငါက သူ့ ခြေဖျားတောင် မမှီပါဘူးပေါ့။ ဟုတ်ပါတယ်။ မရွှေစု ဟာ Genius တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် လူကို လူလို ပေါင်းတယ်။ ကိုယ့်ထက် အသက် ဒါမှမဟုတ် ရာထူး ကြီးကြီး ငယ်ငယ် Respect ထားတယ်။ ယုတ်စွ အဆုံး အိမ်သာဆေး အမှိုက်ရှင်းပေးတဲ့သူကိုတောင် Thank you လို့ တွေ့တိုင်း စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ပြောတယ်။ သူတို့ ရှင်းပေးလို့ ညစ်ညစ်ပတ်ပတ် မမြင်ရတဲ့ အတွက် သူတို့ကို တကယ် ကျေးဇူးတင်တယ်။ အပေါ်ယံ နှုတ်ခမ်းဖျားက ပြောတာမဟုတ်၊ ရင်ထဲက တကယ်ခံစားရတဲ့ အတိုင်းပြောတယ်။

ပြဿနာ တစ်ခုခု ဖြစ်ရင် ကိုယ့်ဖက်ချည်း မကြည့်ပဲ သူ့ဖက်ကနေကြည့်ပြီး ကူစဉ်းစားပေးဖို့ ကြိုးစားတယ်။ ကိုယ့်ရဲ့ အားနည်းချက် ကို သိအောင်လုပ်တယ်။ မရွှေစုဟာ စိတ်တိုတတ်တယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် အမြဲ သတိထားတယ်။ စိတ်တိုတတ်ခြင်းဟာ ဆုံးရှုံးခြင်း တမျိုးလို့ ကိုယ့်အမှားကို ကိုယ်သိတယ်။ သိတိုင်း ပြုပြင်နိုင်အောင် ကြိုးစားတယ်။ လူတိုင်းကို ရိုးရိုးသား ဆက်ဆံတယ်။ အလုပ်မှာ ကိုယ်သိရင် သိတယ်။ မသိရင် မသိဘူး၊ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်တယ်။ မလုပ်နိုင်ရင် အချိန်ယူရမယ် ပွင့်ပွင့်လင်းလင်းပြောပြီး တတ်နိုင်သလောက် ကြိုးစားလုပ်တယ်။ မရွှေစုမှာ ရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ ဂုဏ်ရည်ဟာ အထူးသဖြင့် ရိုးသားခြင်းလို့ ထင်တာပဲ။ အဲသာနဲ့ပဲ သိပ်မသိ၊ သိပ်မတတ်၊ သိပ်မတော်တဲ့ သာမန်မရွှေစုဟာ ဘယ်နေရာရောက်ရောက် သူများ နောက် မကျအောင်တော့ နေနိုင်ခဲ့တာချည်းပဲ။ ပြောပြချင်တာက ကိုယ့်ထက်တော်တဲ့သူဖြစ်ဖြစ် ညံ့တဲ့သူဖြစ်ဖြစ် Respect ထားဖို့နဲ့ ရိုးသားစွာကျင့်ကြံဖို့ပဲ။

ဒါပေမယ့် ဒီစကားတွေ ကို လုကို မပြောပြမိလိုက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့...သူ့ပါးစပ်က I can't accept your thinking လို့ ပြောထားလို့ပါပဲ။

စကား စကား ဆိုပြီး နေ့စဉ်နေ့တိုင်း ဘယ်လူမျိုးမဆို ပြောနေကြရတဲ့ စကား ပြောနည်းဆိုနည်းတွေမှာ စကားအင်္ဂါ လေးတန်၊ ခြောက်ရပ်၊ စကားအရာ ဆယ်ပါးနဲ့ ပြည့်စုံရမယ်တို့၊ စကား ခြောက်ခွန်း လူ၌ထွန်း လေးမျိုးကိုပယ်၊ နှစ်ခွန်းတည်တို့၊ ရေကူးညာတင်၊ ကောက်ပင်ရိပ်လှီးစတဲ့ စကားကြီး ဆယ်ခွန်းတို့၊ စကားမွှေ၊ စကားနှောက်၊ စကားလျှောက် စတဲ့ စတဲ့ စကားအမျိုးအစားပေါင်း ရှစ်ဆယ့်ခြောက်မျိုးတို့ စသဖြင့် စကားအပြောအဆိုနဲ့ ပါတ်သက်ပြီး ရှေးလူကြီးတွေက သင်ကြား ပြသ လမ်းညွှန်ခဲ့ကြပါတယ်။ ဒီထဲမှာမှ မြတ်စွာဘုရားဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်မှာ သမ္မာဝါစာ - မှန်သော စကားကို ပြောရမယ်ဆိုတဲ့ အကျင့်မြတ်တစ်ခု ပါဝင်ပါတယ်။

ကောင်းပါပြီ...။
Right Speech - မှန်သောစကားပြောရမည်။ ကောင်းသော စကားပြောရမည်။ မှန်တိုင်း ကောင်းတိုင်း ပြောရမည်လား။ မဟုတ်ပါ။
Sincere ဖြစ်ရမည်၊ ရိုးသားရပါမည်။ ကဲ... ရိုးသားတိုင်းရော ပြောရမည်လား၊
Polite ဖြစ်ရပါမည်။ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ သူများ နားဝင်အောင် ပြောရပါမည်။ ယဉ်ကျေးတိုင်းရော လုံလောက်ပြီလား၊ မဟုတ်ပါ၊
Beneficial ဖြစ်ဖို့ လိုပါသည်။ သူ့အတွက်ရော ကိုယ့်အတွက်ရော လောကအတွက်ရော ကောင်းကျိုးဖြစ်ရပါမည်။ ကောင်းကျိုးဖြစ်ပြီ ဆိုရင်ရော အဆင်ပြေပြီလား၊
Harmonic တစ်ဦးနဲ့ တစ်ဦး ချစ်ခင် ညီညွတ်စေတဲ့ စကားမျိုး ဖြစ်ရပါမည်။ ကိုယ်ပြောလိုက်တဲ့ စကားကြောင့် တခြားသူတွေအချင်းချင်း အမုန်းမပွားစေရပါဘူး။ ဒါဆိုရင် ပြောရတော့မတဲ့လား။ နောက်ဆုံး တစ်ချက် ကျန်ပါသေးသည်။
Must be acceptable ဖြစ်ရမည်။
Right time, Right place, Right person ဖြစ်ရမည်။ ကာလံ ဒေသံ ပုဂ္ဂလံ ပေါ် မူတည်ပြီး အဲဒီအရာတွေက ကိုယ်ပြောတာကို လက်ခံနိုင်လောက်တယ်လို့ ယူဆမှ ပြောရပါမည်တဲ့။

ဒါဟာ ဘုရားဟော မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ထဲက မဂ္ဂင်တစ်ပါးပဲ ဖြစ်ပါတယ်။

မရွှေစု ဟာ ငယ်ငယ်က အင်မတန် စကားများသလောက် အခုတော့ စကားနည်းနိုင်အောင် ကြိုးစားနေမိပါတော့တယ်။

ကျေးဇူးရှင် သဲကုန်းဆရာတော် ဘုရားကြီးအား ရိုသေလေးမြတ်စွာ ရှိခိုးကန်တော့လျက်....

မေတ္တာဖြင့်...
စုချစ်
၁၈-၀၈-၂၀၁၁

++++++++++++

Saturday, November 20, 2010

IP Man နှင့် မရွှေစုအတွေးများ

IP Man နှင့် မရွှေစုအတွေးများ

Image Source

မနေ့ညက ဘူကစ်ဘတုတ် အမ်အာတီဘက်ကို လမ်းလျှောက်ရင်း လမ်းဘေးကွင်းပြင်ကျယ်မှာ ရုပ်ရှင်ပြနေတာတွေ့လို့ ခဏတဖြုတ် ရပ်ကြည့်မိတယ်။ မရွှေစုက ရုပ်ရှင်ဆို တော်ရုံမကြိုက်တာမို့ ခဏဆိုပြီး ရပ်ကြည့်ပေမယ့် ရုပ်ရှင်က ဆွဲဆောင်မှုကြောင့် စိတ်ဓါတ်တက်ကြွလာတာနဲ့ အပြီးအထိ ကြည့်မိတော့တယ်။

ဘာကားလဲလို့ စပ်စုကြည့်မိတော့ IP man 2 တဲ့။ လက်ဝှေ့ကားတွေဆို ပိုလို့တောင် မကြည့်တတ်တဲ့ မရွှေစုကို ဒီကားလေးကတော့ အပြီးထိ ကြည့်မိအောင် ဆွဲဆောင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထဲက လူတစ်ယောက်ဖြစ်တဲ့ မရွှေစုရဲ့ basic instinct က မတရားတာကို မခံစားနိုင်လို့ပါပဲ။ အဲဒီ မတရားတာကို မခံစားတတ်တဲ့ အသိစိတ်ဓါတ်ကလည်း အမေစုပြောသလို နိုင်ငံရေးတမျိုးပဲ မဟုတ်ပါလား။

**********

မရွှေစုတို့ စကြည့်တဲ့အချိန်မှာ ရုပ်ရှင်က အလယ်လောက် ရောက်နေပါပြီ။ ဟောင်ကောင် ဖိုက်တာမင်းသားကြီးဟုတ်ချင်းပေါင်နဲ့ နိုင်ငံခြားသား လက်ဝှေ့သမား လက်ဝှေ့ထိုးနေကြတဲ့အခန်း။ နိုင်ငံခြားသား လက်ဝှေ့သမား Twister ရဲ့ သရော်မော်ကား ပြောစကားများနဲ့ မတရားစော်ကားမှုကို မခံနိုင်လို့ ရှုံးမယ်မှန်းသိရက်နဲ့ မိမိယုံကြည်မှုကို သေတဲ့အထိ ဖက်တွယ်ပြီး သတ္တိရှိရှိ တုန့်ပြန်ခဲ့တဲ့ ဟုတ်ချင်းပေါင်။ သတင်းမှန်ကို ရေးမိလို့ အဲဒီအချိန်က အုပ်စိုးနေတဲ့ မျက်နှာဖြူဟောင်ကောင်ပုလိပ်ရဲ့ မတရားနှိပ်စက်မှုကိုခံရတဲ့ သတင်းသမား။ လက်ဝှေ့ပွဲမှာ မတရားသဖြင့် အသေထိုးသတ်ခဲ့လို့ သေခဲ့ရတာကို မတော်တဆ ဖြစ်တာပါလို့ အရှက်မရှိ ပြောင်ညာတဲ့ သတင်းစာရှင်းလင်းပွဲ။ ပြီးတော့ Twister ရဲ့ သူတပါးကို အထင်အမြင်သေး မလေးမစား မရိုးသားတဲ့ အောက်တန်းကျကျ စိန်ခေါ်မှု။ အော်... လောကကြီးမှာ Twister လိုလူမျိုးတွေ အများကြီးရှိနေတယ်ဆိုတာ မရွှေစုတို့လည်း သိထားသားပဲ။ အဲဒါတွေကိုကြည့်ပြီး မရွှေစုဟာ ရုပ်ရှင်ကြည့်နေတဲ့သူ တစ်ယောက် မဟုတ်တော့ပါဘူး။ ရင်ထဲမှာ အော်ဂလီဆန် မုန်းတီးစက်ဆုတ်မှုတွေ အပြည့်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လို့။ မရွှေစုမျက်လုံးထဲမှာ ကြည့်နေတဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်မဟုတ်တော့ဘူး။ ရုပ်ရှင်ကို ကိုယ်စားပြုပြီး အပြင်မှာ တကယ်ဖြစ်နေတာတွေက အရိပ်အနေနဲ့ ရင်ထဲထိရောက်လာတယ်။

IP man က Twister ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး လက်ဝှေ့ထိုးတဲ့နေ့ကို ရောက်လာတယ်။ ဒိုင်လူကြီးက to the corner လို့ အင်္ဂလိပ်လိုပြောတာကို ချက်ချင်းမတုံ့ပြန်တော့ ၀ိုင်းဝန်းလှောင်ရယ်ရယ်ကြတဲ့ မျက်နှာဖြူ ပရိတ်သတ်ဟာ ရေပေါ်ဆီ လူအချို့ကို ကိုယ်စားပြုနေတယ်။ Twister ရဲ့ ဘယ်သူ့ကိုမှ ထီမထင် ရက်စက်ကြမ်းကြုတ်လှတဲ့ မျက်လုံးတွေနဲ့ ပေါ့ပျက်ပျက်မျက်နှာဟာ လောကကြီးထဲက မရိုးမသား ကောက်ကျစ်တဲ့ လူတန်းစားတစုကို ကိုယ်စားပြုနေတယ်။ ပွဲကြည့်စင်အောက်က စိုးရိမ်ကြောက်လန့်မှု မျက်ဝန်းတွေနဲ့ IP man ကို အားကိုးတကြီး ကြည့်နေကြတဲ့ပရိတ်တွေက ပြည်သူလူထုကို ကိုယ်စားပြုနေတယ်။ မွေးကင်းစသားငယ်ကို ပိုက်ပြီး၊ သားကြီးနဲ့အတူ မျှော်လင့်ချက်အပြည့်နဲ့ လက်ဝှေ့ပွဲကို စောင့်ကြည့်နေတဲ့ မိခင်ဟာ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းကို စောင့်ရှောက်လျက်ရှိတဲ့ မိခင်နိုင်ငံကို ကိုယ်စားပြုနေတယ်။

IP man ရဲ့ ရဲရင့်သတ္တိအပြည့်နဲ့ တည်ငြိမ် အေးချမ်း ရိုးသားတဲ့ အကြည့်ဟာ မရွှေစုရင်ထဲက သူရဲကောင်းများကို ကိုယ်စားပြုနေပါတယ်။ လက်ဝှေ့ပွဲက စပါပြီ။ IP man ဟာ ရက်စက်ပြီး ညှာတာမှုမရှိတဲ့ Twister ရဲ့ လက်သီးမိုးများကြားမှာ ခဏခဏ လဲကျခဲ့တယ်။ ဒါပေမယ့် သူဟာ ကြိုးဝိုင်းအတွင်းက ခွင့်ပြုထားတဲ့ ဂဏန်း အရေအတွက် ၉ခု မတိုင်ခင် မဆုတ်မနစ်သော ဇွဲသတ္တိအပြည့်နဲ့ ပြန်ထနိုင်အောင် ကြိုးစားခဲ့တယ်။ ဟုတ်တယ်။ မရွှေစုတို့ ဘ၀မှာလည်း ဒီလိုပဲ ခဏ ခဏ လဲကျကြမှာပဲ။ လောကကြီးက ခွင့်ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်း သတ္တိရှိရှိ ပြန်ထနိုင်အောင် ကြိုးစားကြရမှာပဲ။ အဲသလိုမှ ပြန်မထနိုင်ရင် မရွှေစုတို့ဟာ အဲဒီလက်ရှိကြိုးဝိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်ကြရတော့မှာပဲ။ IP man ဟာ ကောက်ကျစ်တဲ့ Twister ကို ဖြောင့်ဖြောင့်မှန်မှန် ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်။ မရွှေစုတို့လည်း ဘယ်သူက ဘယ်လိုပဲ ကောက်ကျစ်ပစေ ကိုယ့်ဘက်က ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံကြရမှာပဲ။

ဥပဒေဟာ အာဏာရှိသူတွေရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောကြတဲ့အတိုင်း ပွဲရပ် အချက်ပေးခေါင်းလောင်းထိုးပြီးမှ အခွင့်ကောင်းယူပြီး လက်သီးနဲ့ထိုးတဲ့ Twister ကို ဒိုင်လူကြီးတွေက အရေးမယူကြဘူး။ ဒီလိုပဲ လောကကြီးမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ သဘာဝမကျစွာ မတရားမှုတွေက တခါတခါ ကိုယ့်ကို အလစ်ချောင်းပြီး လာတိုက်ခိုတ်တတ်တာကို သတိပြုရမယ်။ IP man ကိုတော့ ကြိုးဝိုင်းအတွင်း ခြေထောက်နဲ့ ကန်တာ ခွင့်မပြုဘူးလို့ ပိတ်ပင်ပါတယ်။ IP man ဟာ သူတို့ တောင်းဆိုတာကို ဘာမှ စောဒက မတက်ဘူး။ ရဲရင့်မှန်ကန်တဲ့ သူရဲကောင်းတွေဟာ နောက်ဆုံးမှာ အောင်မြင်မှု ရကြတယ်ဆိုတဲ့ လောကကြီးရဲ့ နိယာမအတိုင်း သူဟာ ကောက်ကျစ်တဲ့ Twister ကို မှန်မှန်ကန်ကန် အနိုင်ရရှိခဲ့တယ်။

မရွှေစု အကြိုက်ဆုံးကတော့ အနိုင်ရရှိတဲ့ IP man ပြောခဲ့တဲ့ စကားလေးတွေပါပဲ။ Twister ဟာ တရုတ်လူမျိုးတွေကို သူနဲ့ ပြိုင်ဖို့ စိန်ခေါ်တဲ့အခါ အနောက်တိုင်းလက်ဝှေ့ ဘယ်လောက်ကောင်းကြောင်း မင်းတို့ ငနုံငအတွေ သိစေရမယ်။ အသုံးမကျတဲ့ မင်းတို့ တရုတ်သိုင်း အဖြစ်မရှိကြောင်း သိစေရမယ်လို့ သရော်မော်ကား ပြောခဲ့တယ်။ IP man က သူအနိုင်ရရှိတဲ့အခါ Twister စကားကို ချေပဖို့ ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ သူ ပြောခဲ့တာကတော့....

I didn't come here today to prove which is better, Chinese or Western Boxing.
Although people have different status in life, I don't believe that one person integrity is worth more than another.
I hope we can start to respect each other.


တဲ့။

အဲဒီအခါ ခုနက သူ့ကို ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြတဲ့ မျက်နှာဖြူပရိတ်သတ်ဟာ မနေသာတော့ပဲ နေရာကထ မတ်တတ်ရပ်ပြီး အားလုံးလက်ခုတ်ဝိုင်းတီးကြပါတယ်။ မရွှေစုဟာလည်း ယောင်ရမ်းပြီး လက်ခုတ်တွေတီးနေမိတယ်။ ဟုတ်တယ်။ မရွှေစုတို့ဟာ ကိုယ်နဲ့ စိတ်ဓါတ်ချင်းမတူတဲ့သူတွေရဲ့ အပြောကို အရေးယူပြီး ချေပနေဖို့ မလိုဘူး။ ကိုယ်သွားတဲ့ လမ်းစဉ်အတိုင်း ကိုယ့်စံအတိုင်း ဖြောင့်ဖြောင့်မှန်မှန် ရိုးရိုးသားသား နေသွားကြဖို့ပဲ အရေးကြီးပြီး ခွင့်လွှတ်တတ်တဲ့ သူမျိုး ဖြစ်နိုင်ရမယ်။

**********

အော်... အဲဒီလိုများ မရွှေစုတို့ လူသားတွေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လေးစားတတ်ကြမယ်ဆိုရင် လောကကြီးမှာ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းလိုက်မလဲလို့...။

Ref: IP Man 2 Movie

စုချစ်
၂၀ နိုဝင်ဘာ ၂၀၁၀

**********