Showing posts with label Family. Show all posts
Showing posts with label Family. Show all posts

Tuesday, December 10, 2013

ဖေဖေ

(ဖေဖေတို့ လူပျိုဘဝ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်က ကင်မရာကို နောက်ကျောပေးပြီး ဓါတ်ပုံရိုက်ရှိုးထုတ်တာတွေ ခေတ်စားခဲ့ဖူးတယ်...)

ငယ်ငယ်လေးကတည်းက မေမေရော မေမေ့ဘက်ကဆွေမျိုးတွေကပါ ၀ိုင်းပြီးပြောကြတယ်၊ ညည်းဟာ အဖေ့သမီးမှ အဖေ့သမီး အစစ်ပဲတဲ့၊ ဒီတော့ ကိုယ်က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စဉ်းစားမိတယ်၊ ဒီအဖေက မွေးတာ ဒီအဖေ့သမီးအစစ်မဟုတ်လို့ ဘယ်သူ့သမီး ဖြစ်ရအုံးမလဲပေါ့၊ တော်တော်ခက်တဲ့ လူကြီးတွေပဲလို့ စိတ်ထဲ မကြေမလည် ဖြစ်ခဲ့မိတယ်။ တော်တော်လေး နားလည်လာတတ်တော့မှ အဖေ့သမီးဆိုတာ အဖေနဲ့ စိတ်ချင်းတူ ရုပ်ချင်းတူ အဖေကိုချစ် အဖေကိုမျက်စိအောက်ကအပျောက်မခံ အဖေနဲ့ ဘယ်သူပဲ စကားများများ အဖေ့ဘက်ကပဲလိုက် အဖေပြောသမျှအမှန် အဖေ့ကိုနည်းနည်းမှ အထိမခံ ... ဒါကြောင့်မို့ အဖေ့သမီးလို့ ပြောကြတာကိုးလို့...။

ကိုယ်ငယ်ငယ်တုန်းက အဖေနဲ့ အမေနှစ်ယောက်ကြားမှာ အိပ်လေ့ရှိတယ်၊ တစ်နေ့တော့ ညအိပ်ခါနီး အိပ်ရာထဲ သားအမိ သားအဖတတွေ ဆော့နေရင်း စရင်းနောက်ရင်းနဲ့ အဖေက ကိုယ့်ကျောကိုပုတ်လိုက်တာ မတော်တဆ လက်ဆပြင်းပြီး နာသွားလို့ ကိုယ်လည်း အော်ငိုမိတယ်၊ ကျောကိုလှန်ကြည့်တော့ နဲနဲလေး နီနေလို့ မေမေက သူ့သမီးကို နာအောင် လုပ်ရပါ့မလားဆိုပြီး ဖေဖေ့ကို ရန်တွေ့ရာက အဖေနဲ့ အမေ ၂ယောက်သား ရန်ဖြစ်ကြပါလေရော၊ တော်ကြာတော့ ဖေဖေက အိပ်ရာပေါ်ကနေ ဆင်းသွားပြီး အိမ်ရှေ့ဧည့်ခန်းမှာ သွားအိပ်တယ်၊ ကိုယ်လား... အမေ့ကို တစ်ချက်စွေကြည့်ပြီးတော့ ဖေဖေ့နောက်ကိုဆင်းလိုက်သွားတာပါပဲ၊ ပြီး ဖေဖေနဲ့အတူဧည့်ခန်းမှာ နေပေးတယ်။ မေမေက ဒီအကြောင်းကို အခုထက်ထိ ပြောမဆုံးဘူး၊ သူ့ဘက်ကလိုက်ပြောပေးရတဲ့ အမေနားမနေခဲ့ပဲ သူ့ကိုရိုက်တဲ့အဖေ့ဘက်ကို ပါတဲ့သူတဲ့။ ငယ်ငယ်က ညဆို ဖေဖေ့နောက်ကျောကို ခပ်တင်းတင်း ဖက်အိပ်ရင်း ဖေဖေသေသွားရင် ငါဘယ်သူနဲ့ နေရပါ့မလဲလို့ စိတ်ပူထိတ်လန့်မိခဲ့ဖူးတဲ့ရက်တွေရှိတယ်။ အဖေက သမီး ဘယ်အရွယ်ထိ ဖေဖေနဲ့ အတူအိပ်မလဲဆို အိုတဲ့အထိ ... အိုတဲ့အထိလို့ ပြောခဲ့တာ မှတ်မိနေသေးတယ်။ ညအိပ်ကြရင် တစ်ယောက်တစ်လှည့်စီ ကိုယ့်ဘက်သူ့ဘက်လှည့်အိပ်ကြေးလုပ်ထားပြီး ဒီနေ့ အဖေက သမီးဘက်ကို လှည့်အိပ်ရမဲ့နေ့၊ နောက်နေ့ သမီးက အဖေ့ဘက်ကို လှည့်အိပ်ရမဲ့နေ့နဲ့ သားအဖနှစ်ယောက် ခဏခဏ ငြင်းကြလွန်းလို့ ငယ်ကတည်းက စနစ်တကျနဲ့ မတိကျကြီး လုပ်ချင်တတ်တဲ့ကိုယ်က တစ်ယောက်ဘက်တစ်ယောက် လှည့်အိပ်ရမဲ့ရက်တွေကို ပြက္ခဒိန်မှာ အသေအချာ မှတ်သားထားခဲ့ဖူးတာတွေကိုလဲ သတိရနေမိတယ်။

အဖေက သူ့သမီး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတယ် ဆိုတာ သတိထားမိပုံလည်း မရဘူး၊ အထက်တန်းကျောင်းသူကြီး ဖြစ်တဲ့အထိ လွယ်အိတ်ကြီးလွယ်ပေးပြီး ကျောင်းကို လိုက်ပို့တုန်း၊ ကျူရှင်ကို လာကြိုတုန်း၊ မြို့ထဲလမ်းလျှောက်ရင် အဖေနဲ့ သမီး လက်ချင်းချိတ်ပြီး လျှောက်ကြတုန်း၊ အဖေက ချောလဲချော အရွယ်တင် နုပျိုနေတော့ မသိတဲ့သူတွေက ဒီကောင်မလေး အတွဲရနေသလားလို့ အထင်မှားကြမတတ်၊ ဒါပေတဲ့ အဖေကတော့ ကိုယ့်ကို ကလေးလို့ ထင်မှတ်တုန်း။ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူဘဝမှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ လမ်းမှာတွေ့တော့ နှုတ်ဆက်ကြတာ၊ ဒါ... ကျနော့်သမီးလေ... အီလက်ထရွန်နစ် နောက်ဆုံးနှစ် ကျောင်းသူကြီးပေါ့...အင်ဂျင်နီယာမကြီးဖြစ်တော့မယ်... ဒါပေတဲ့ အခုမှ အသက်က ၂၀ပဲရှိသေးတာ... ငယ်ငယ်ကလေး... တဲ့၊ တစ်ဘက်လူကတော့ ကိုယ့်ကို အသက်လိမ်ပြီးကျောင်းနေခဲ့သူလားလို့ ဇဝေဇဝါဖြစ်နေတော့မှာပဲ၊ တကယ်ဆို အဲ့ဒီအချိန် ကိုယ့်အသက် ၂၄နှစ်ထဲမှာ။

ဒီလိုနဲ့ သမီးရော အဖေပါ တဖြည်းဖြည်း အသက်ကြီးလာကြပြီ။ တကယ်ဆို အဖေက အင်မတန်မှ ကျန်းမာရေးကောင်းတယ်၊ တစ်သက်လုံးမှာ ဖျားတယ် နာတယ်ရယ်လို့ ထူးထူးခြားခြားမရှိခဲ့စဖူး၊ ပင်စင်ယူပြီးတာတောင်မှ ရုံးက အကြံပေးပြန်ခန့်တော့ အသက်၆၄နှစ်လောက်ထိ ရှေးဟောင်းနယ်မြေတွေ လျှောက်သွားပြီး တတ်နိုင်သလောက် သုတေသန အလုပ်တွေ လုပ်ပေးခဲ့သေးတယ်။ အဖေ့ လက်မောင်းတွေကိုင်ကြည့်ရင် ကြွက်သားတွေ နဲ့ တင်းတင်းရင်းရင်းရှိတုန်း၊ မနက်ဆို ဈေးကို ကိုယ်တိုင် လမ်းလျှောက်သွားတုန်း၊ စင်ကာပူနဲ့ ရန်ကုန်ကို သွားလိုက် ပြန်လိုက် လုပ်လို့ကောင်းတုန်း၊ ညဘက် မိုးချုပ်တာတောင် တစ်ယောက်တည်း ကားမောင်းပြီး စာအုပ်ဆိုင်တွေ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအိမ်တွေ ဟိုဟိုသည်သည် လျှောက်လည်လို့ကောင်းတုန်း၊ စိတ်ရင်းကောင်းပေမယ့် စိတ်တိုတတ်လေ့ရှိတဲ့သူတွေရဲ့ ထုံးစံအတိုင်း စိတ်ကလေးလက်တစ်ဆစ်နဲ့ သမီးတွေကို အလိုမကျရင် အော်ကျယ်ဟစ်ကျယ် ဆူပွက်လို့ကောင်းတုန်း၊ ဒါပေမဲ့ ဟိုတုန်းကလိုပဲ ဇနီးနဲ့ သမီးတွေ လိုတာမှန်သမျှ သူတတ်နိုင်တာထက် ပိုပြီး ဖြည့်ဆည်းပေးချင်တုန်း။ ဟိုးအရင်တုန်းက အဖေက ကိုယ့်ကို အသက်ငယ်သေးတယ်လို့ မှားထင်ခဲ့မိသလို ကိုယ်တို့တွေကလည်း အဖေ့ကို ခုချိန်ထိ လူငယ်လေးလို့ ထင်ကောင်းတုန်း၊ တကယ်ဆို အဖေ့အသက်က ၇၀ကျော်လာပြီကိုး။

အဖေရဲ့ ချစ်စရာကောင်းတဲ့ နောက်တစ်ချက်က သမီး၃ယောက်ရှိတာ ဘယ်သမီးကိုမှ ရွေးပြီး ပစားမပေးခဲ့စဖူး၊ သမီးတွေမှာရှိတဲ့ ချို့ယွင်းချက်လေးတွေကိုလည်း အပြစ်မတင် ခွင့်လွှတ်တတ်စမြဲ၊ ကိုယ်ဟာ သမီးတွေအားလုံးထဲမှာ အဖေ့သမီးဖြစ်တဲ့အတွက် အဖေ့စိတ်ကြိုက် အဖေစီမံသလို အဖေသဘောကျ အရာအားလုံး လိုက်နာခဲ့လို့ ကိုယ့်အတွက် ပိုပြီးဂုဏ်ယူတာမျိုးပဲရှိတယ်၊ အဲ့အတွက်နဲ့ တခြားသမီးတွေထက်ပိုပြီး ကိုယ့်ကိုတစ်ခါမှ မမြှောက်စားခဲ့ပါဘူး၊ အဖေလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေလို့ မျက်နှာသာပိုပေးတာမျိုးလည်း လုံးဝမလုပ်ခဲ့ပါဘူး၊ အဲသာကို ကိုယ်ကလည်း အဖေ့စိတ်နဲ့ညီ အဖေ့သဘောအတိုင်း စိတ်ထဲ ကျေနပ်တယ်၊ တကယ့်မျှတတဲ့အဖေဆိုတာ ဒါမျိုးပဲဖြစ်ရမယ်လေ။

ဟိုတစ်နေ့ကတော့ အဖေနဲ့ ကိုယ် ၂ယောက်သား စကားများကြတယ်၊ ဒါကတော့ ဆရာအလုပ်မခံချင်တတ်တဲ့ လူကြီးတွေရဲ့သဘောနဲ့ စိတ်ပူတတ်တဲ့ သားသမီးတွေကြား ဖြစ်တတ်တဲ့ ထုံးစံ သဘာဝအတိုင်းပေါ့။ အဖေ့ကို ကြိုပြီး အမျိုးမျိုး ချော့ထားပါရက်ကနဲ့ စကားနားမထောင်ချင်တဲ့အတွက် စကားများကြတာမှာ... အဖေကလည်း စိတ်တိုပြီး အော်... ကိုယ်ကလည်း အဖေ့သမီးလေ... ဒီတော့ တပြန် စိတ်တိုပြီး ပြန်အော်... ၊ အဖေဟာ သူ့ကို မအော်စဖူး ကိုယ်အော်လိုက်တဲ့အခါ ဘာမှ ဆက်မပြောတော့ပဲ အသံ တိတ်သွားတယ်၊ အဖေ အသံ တိတ်သွားတော့မှ ကိုယ်လည်း အတော့်ကို ဝမ်းနည်းသွားမိတယ်၊ ကိုယ့်အဖေတစ်ယောက်လုံးကို ဒီလို ပြောရသလား မိုက်လိုက်ပုံနှယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသပြန်ထွက်မိတယ်၊ ဒါနဲ့ အဖေ့နား သွားပြီး အဖေ့ကို ကောင်းစေချင်လို့ ပြောမိတာ စိတ်မဆိုးပါနဲ့နော်လို့ အဖေ့ပါးကို အသာနမ်းရင်း သမီးကို ခွင့်လွှတ်ပါနော်လို့ ဒူးထောက်တောင်းပန် ရှိခိုးလိုက်တယ်၊ အဖေ့မျက်နှာက စိတ်ဆိုးမနေတဲ့အပြင် ပြုံးယောင်ယောင်နဲ့၊ အဖေက ကိုယ့်ကို တစ်ချက်မော့ကြည့်ရင်း သူ ပြောလေ့ပြောထမရှိခဲ့တဲ့ စကားတစ်ခွန်းကို တိုးတိုးကလေး ပြန်ပြောတယ်...၊ အဖေ့သမီးတွေထဲမှာ သမီးကို အချစ်ဆုံးပဲ၊ ဘာလို့ စိတ်ဆိုးရမှာလဲတဲ့...။

ကျေးဇူးရှင် ဖေဖေ ဒီကနေ့ မွေးနေ့ကစလို့ ခံစားနေရသော ရောဂါများ ပိန်းကြာဖက် ရေမတင်လျှောကာကျသကဲ့သို့ ပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သူတော်ကောင်း သူမြတ်ကောင်းတရားများကို ပွားများအားထုတ်နိုင်၍ တရားဓမ္မများနှင့် မွေ့ပျော်နိုင်ပါစေ။

၇၆နှစ်မြောက် အဖေ့မွေးနေ့အမှတ်တရ...
မှ... အဖေ့ချစ်သမီးလတ်

++++

Tuesday, January 4, 2011

ရာပြည့် ဘွားဘွား ဘွားသက်ရှည်

ရာပြည့် ဘွားဘွား ဘွားသက်ရှည်


Acrylic on Canvas By SuuChit

ဒီနေ့မနက် မြန်မာပြည်အိမ်မှာ ဆွေတွေမျိုးတွေ စုံလင်စွာနဲ့ ကျင်းပပြုလုပ်မယ့် ၂၀၁၁ နှစ်ဆန်းတစ်ရက်နေ့က အသက် ၁၀၀နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အမေကြီးရဲ့ ရာပြည့်မွေးနေ့ အလှူတော်မင်္ဂလာကို ပါဝင်မဆင်နွှဲနိုင်တဲ့မရွှေစုမှ ဒီနေရာလေးကနေပဲ အမေကြီးကိုတမ်းတမှန်းဆလို့ ရိုသေလေးစားစွာ ရှိခိုးကန်တော့လိုက်ရပါတယ်။

ဟိုး လွန်ခဲ့တဲ့ ၃နှစ်ကျော် ၄နှစ် ၂၀၀၇ခုနှစ် ဧပြီလောက်က အမေကြီး အသဲအသန် နေမကောင်းဖြစ်ခဲ့ပါတယ်။ အိမ်ကလူကြီးတွေက အမေကြီး အသက်မှီချင် အမြန်ပြန်လာပါလို့ ခေါ်တဲ့အတွက် အဝေးရောက် မြေးတွေ အားလုံး ရန်ကုန်ကို အပြေးအလွှား ပြန်ခဲ့ကြရတယ်။ ရန်ကုန် လေဆိပ်ကနေ ဆေးရုံကို တခါထဲ တန်းသွားခဲ့ရ၊ ဆေးရုံရောက်တော့ အမေကြီးက မျောသလို ဖြစ်နေပါပြီ။ စကားမေးလဲ မရ၊ သတိလဲ မရ မျက်လုံးလဲ မဖွင့်တော့ပါဘူး။ ဘာရောဂါရှိလဲဆို သွေးတိုး၊ နှလုံး၊ ဆီးချို စသဖြင့် ဘာရောဂါမှတော့ ကြီးကြီးကျယ်ကျယ် ထွေထွေထူးထူး မရှိလှပါဘူး။ အသက်ကြီးလာတဲ့အတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ တချို့ အိုမင်းဟောင်းနွမ်း ယိုယွင်းလာတာကလွဲရင်ပေါ့။

အမေကြီးကို ဆေးရုံပေါ် ဆေးပိုက်တွေ တန်းလန်းနဲ့ ထားရတာပါ။ အဲဒီနေ့ညက မရွှေစုတို့ မြေးတစုလည်း အမေကြီးကုတင်နား ၀ိုင်းဝန်းလဲလျောင်းလို့ ဆေးရုံမှာ ညစောင့်အိပ်ရင်း ရသမျှ ဘုရားစာတွေ ရွတ်၊ ပရိတ်တွေရွတ်၊ ဓမ္မစကြာတွေရွတ်နဲ့ပေါ့။

နောက်နေ့ မနက်မှာ မမျှော်လင့်စွာနဲ့ပဲ အမေကြီး နိုးလာခဲ့တယ်။ နိုးနိုးချင်းမှာပဲ လက်အုပ်ကလေးချီလို့ ဘုရားရှိခိုးနေတာ တွေ့ရပါတယ်။ ပြီးတော့ ဘာတွေ ရွတ်မှန်းမသိ ရေရွတ်နေပါတယ်။ မျက်လုံးတော့ မဖွင့်ပဲ သူ့ဘာသာ တစ်ယောက်ထဲ စကားတွေ ပြောနေတာပါ။ အမေကြီး ရုတ်တရက် နိုးလာတာတွေ့တော့ မရွှေစုတို့ မြေးတစုနဲ့ နပ်စ်မလေးတို့ အပြေးအလွှား အနားရောက်သွားကြပြီး အမေကြီး၊ အမေကြီးလို့ ၀မ်းသာအားရ ၀ိုင်းခေါ်ကြပါတယ်။ အမေကြီး ရေရွတ်နေတာတွေ ကပ်နားထောင်ကြည့်တော့ ဘုရားကြီး၊ ဘုရားကြီးလို့လည်း ကြားရဲ့၊ အနံ့တွေ မွှေးလိုက်တာ၊ မွှေးလိုက်တာ၊ ဘယ်လို မွှေးမှန်းမသိဘူး စသဖြင့်လည်း တတိုးတိုးနဲ့ ပြောနေလေရဲ့။ ပြီးတော့... ပြုံးနေတဲ့ အမေကြီးက အရည်တွေ တွန့်ပြီး မျက်ခွံတွေအိကျနေတဲ့ကြားက သူ့မျက်လုံး သေးသေးကလေးတွေကို ဖြည်းဖြည်းသာသာ ဖွင့်ပြီး သူ့ကို ၀ိုင်းကြည့်နေကြတဲ့ မရွှေစုတို့အားလုံးရဲ့ မျက်နှာတွေကို တလှည့်စီ လိုက်ကြည့်ပါတယ်။ ပြီးတော့ ငါ့မြေးတွေ ငါ့ကို တယ်ချစ်တာပဲ၊ တယ်ဂရုစိုက်တာပဲလို့ ခပ်သဲ့သဲ့လေး ပြောပါတယ်။ ဆေးပိုက်တွေတန်းလန်းနဲ့ မိန်းမောနေရာက ပြန်သတိရလာတယ်သာ ဆိုတယ်။ အမေကြီးမျက်နှာဟာ ကြည်လို့ လန်းဆန်းလို့ပါပဲ။ ဝေဒနာ ခံစားနေရတဲ့ ရုပ်နဲ့ မတူပါဘူး။

အဲဒီ ၂၀၀၇ခုနှစ်က အသဲအသန်ဖြစ်ခဲ့လို့ ဆေးရုံပေါ်မှာ ၃ရက်လောက် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေရာကနေ၊ ဆရာဝန်တွေက မရတော့ဘူးလို့ လက်လျှော့ထားရာကနေ အမေကြီးတစ်ယောက် ပြန်လည် ကျန်းမာပြီး ထူထူထောင်ထောင် ဖြစ်လာခဲ့တာ ယနေ့ ၂၀၁၁ အသက် ၁၀၀ပြည့် မွေးနေ့လေးတောင် လုပ်နေရပြီပဲ။

အမေကြီးဟာ ဆွေတွေ မျိုးတွေကြားမှာ မှတ်ဉာဏ် အင်မတန် ကောင်းသူရယ်လို့ နာမည် ကျော်ကြားခဲ့သူပါ။ သား သမီး မြေး တူ တူမ ဆွေမျိုးတွေရဲ့ မွေးနေ့၊ အလုပ်အကိုင် စတာတွေအားလုံးကို ခေါင်းထဲမှာ အမြဲ အလွတ်ရနေတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်က ရွာမှာ လယ်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသမီး ရွာနီးချုပ်စပ် ရှိသမျှသူတွေ လာပိုးနေလို့ စိတ်မချတဲ့အတွက် ၁၇နှစ်သမီးနဲ့ ယောက်ျားပေးစားခံရလို့ ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျ၊ ခေတ်ပညာကို သေချာမသင်ဖူးခဲ့ပေမယ့် အင်မတန် ခေတ်မှီတဲ့သူ ဖြစ်ပါတယ်။ သတင်းစာဆို နိုင်ငံရေးနဲ့ စီးပွားရေး သတင်းတွေကိုမှ စိတ်ဝင်တစား ဦးစားပေး ရွေးဖတ်တဲ့သူ၊ မရွှေစုရေးတဲ့ ကဗျာတွေကိုဖတ်၊ ဆွဲတဲ့ပန်းချီကားတွေကို ချီးကျူးဝေဖန်ပေးတဲ့သူ၊ အနုပညာကို လေးစား တန်ဖိုးထားရ ကောင်းမှန်း သိတဲ့သူ၊ မရွှေစုလက်နဲ့ ချုပ်ပေးခဲ့တဲ့ အင်္ကျီလေးတွေ သိုးမွှေးတဘက်ကလေးတွေကို ဘယ်လောက်ပဲ လက်ရာ ညံ့သည်ဖြစ်စေဦး ဟောင်းနွမ်းနေတာတောင်မှ မြတ်မြတ်နိုးနိုး ၀တ်ဆင်ပေးတဲ့သူ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

ခုတော့ အဲဒါတွေ အားလုံး ဘာကိုမျှ အမေကြီး သတိမရတော့ပါဘူး။ အသဲအသန် ဖြစ်ရာက ပြန်သတိရလာပြီးတဲ့နောက် အမေကြီးရဲ့ မှတ်ဉာဏ်တွေ အားလျော့လာတာ၊ ဆွေမျိုး မိသားစု တတွေရဲ့ နာမည်တွေကိုတောင် မမှတ်မိနိုင်ဖြစ်လာတာ တဖြည်းဖြည်းနဲ့ သတိထားမိလာကြပါတယ်။ နဂိုကတဲက နားလေးတဲ့သူဖြစ်လို့ နားကြပ်တတ်ဆင်ပြီးနေရသူက အခုဆို နားကြပ်လည်း မတတ်တော့ ဘယ်သူ ဘာပြောပြောနေနေ တော်ရုံတန်ရုံလဲ နားစိုက်မထောင်တော့ပါဘူး။ မိသားစုအရေး ဘာကိုမျှလည်း စိတ်မ၀င်စားတော့ပါဘူး။

အမေကြီးမှာ မြေး၅ယောက်ရှိတာ ၄ယောက်က နိုင်ငံခြားမှာပါ။ အနီးကပ် အမြဲ ပြုစုနေတဲ့ မြေးအကြီးဆုံးကို တခါတရံ မှတ်မိသလို ရှိတတ်တာကလွဲလို့ အဲဒီ နိုင်ငံခြားမှာ နေတဲ့သူတွေ (မရွှေစု အပါအ၀င်) မြေး၎ယောက်စလုံးကို မေ့သွားရှာပါပြီ။ မရွှေစုတို့ကို ဘယ်သူတွေမှန်းလဲ မသိ၊ နာမည်တွေလည်း မမှတ်မိတော့ပါဘူး။ သူ့မှာ သမီး ၃ယောက်ရှိတာ၊ သမီး အငယ်ဆုံးက အမေရိက မှာ နေတာကို ဝေးလွန်းတဲ့ အရပ်ဆိုပြီး သဘောမကျခဲ့တာတွေလည်း မမှတ်မိတော့ပါဘူး။ ဘယ်သူတွေ သူ့နား လာလာ မလာ-လာ ဘယ်သူ့ကိုမှ မျှော်လည်း မမျှော်တော့ပါဘူး။ သူ့ သမီး မြေးတွေ ဆွေတွေမျိုးတွေ ဘယ်သူ့အကြောင်းကိုမှလည်း မမေး၊ ဘာကိုမှလည်း ပူပန်ခြင်းမရှိတော့ပါဘူး။

နေ့တိုင်း မနက် ၈နာရီလောက် ပုံမှန် အိပ်ရာကနိုးလာရင် တစ်ယောက်က မျက်နှာသစ်ပေး၊ ကိုယ်လက် ကူညီ သုတ်သင်ပေးပြီးတာနဲ့ အမေကြီး ပထမဆုံး လုပ်တာက ဘုရားရှိခိုးတာပါ။ သူ့ဘာသာသူတော့ မထိုင်နိုင်ရှာပါဘူး။ ဒီတော့ အိပ်နေရင်းကနေ လက်အုပ်ကလေး ချီရင်ချီ၊ ဒါမှမဟုတ်ရင်လည်း ခေါင်းအုံးတွေမှီလို့ ထိုင်ခုံလေးမှာ ထိုင်စေပါတယ်။ ပြီး ... ပါးစပ်က သူ့ဘာသာ ဘုရားစာတွေ ရွတ်နေပါတယ်။ သားသမီး မြေးတွေရဲ့ နာမည်တွေကို မေ့ကုန်သော်လည်း အချိန်မှန်ဘုရားစာရွတ်ဖို့နဲ့ တရားထိုင်ဖို့ကိုတော့ လုံးဝ မမေ့ပါဘူး။ သူနေ့စဉ် အမြဲရွတ်နေကျ ဘုရားစာတွေကို ရွတ်နေတယ်လို့ ထင်ရတုန်းပါပဲ။ ဘာတွေ ရွတ်နေမှန်းတော့ ဘေးလူတွေက နားမလည်၊ မသဲကွဲလှပါဘူး။

မနက်ပိုင်း ဘုရားရှိခိုးပြီးသွားပြီဆိုတာနဲ့ မနက်စာ မုန့်စားပါတယ်။ မုန့်စားနေရင်းက နင့် အဖေကြီးကိုလည်း မနက်စာ ကျွေးပြီးပလား၊ ကျွေးလိုက်ဦးနော်လို့ တစ်ခွန်းသတိပေးပါတယ်။ အနားမှာ ရှိသမျှ သူအားလုံးရဲ့ နာမည်တွေကို မေ့ကုန်တာပဲလား၊ မမှတ်မိတာလား မသိ၊ ဘယ်သူ့ကိုမှ အမည် နာမ တတ်ပြီး မခေါ်တော့ပါဘူး။ ဒါပေမယ့် သူ့ ယောက်ျား အနှစ် ၈၀လောက် ပေါင်းသင်းခဲ့ရတဲ့ အဖေကြီး နာမည်ကျတော့ ထူးထူးခြားခြား အမှတ်ရနေတုန်းပါပဲ။ တကယ်တော့ အဖေကြီးက ၂၀၀၄ခုနှစ် အသက် ၁၀၁နှစ်မှာ ဆုံးသွားခဲ့ပါပြီ။

ဒီလိုနဲ့ မနက်စာစားချိန်စား၊ နေ့လည်စာ ညနေစာ စားချိန်မှာ စားသောက်ပြီးစီးတိုင်း မျက်လုံးလေးမှိတ်ပြီး တရားမှတ်နေတော့တာပါပဲ။ စားချိန်ရောက်တဲ့အခါ သူ့ကို လာကျွေးတာ မှန်သမျှ စားပါတယ်။ ဘယ်လောက်ပဲ မစားချင်တာ ဖြစ်ပစေ အားနာသမှုနဲ့ တဇွန်းလောက်တော့ စားပေးရှာပါတယ်။ ဆေးတိုက်ရင်လည်း မညည်းမညူ သောက်ပါတယ်။ အစားအစာနဲ့ ပါတ်သက်ပြီး ဇီဇာ မကြောင်ပါတော့ပါဘူး။ ဒိမတိုင်ခင်ကတော့ စားစရာဆို ဇီဇာကြောင်လေ့ရှိသူပါ။ လိုချင်လောဘ မလိုချင် ဒေါသ စသဖြင့် တစက်လေးမျှ ဖြစ်ချိန်မရှိပဲ တကယ်ကို အေးချမ်းလှပါတယ်။ အဲ... သူနားနေတဲ့အချိန်မှာ စကားသွားပြောရင် မကြိုက်ပါဘူး။ တရား မှတ်လိုက်အုံးမယ်လို့ ပြောပြီး ဘာပဲ သွားပြောပြော မတုန့်ပြန်ပဲ မျက်လုံးမှိတ်နေတော့တာပါပဲ။ ဒါပေသိ အမေကြီးကို ခြေဆုပ်လက်နယ် ပြုစုသူမှန်သမျှကို အရင်ကအတိုင်း ဆုတွေ တသီကြီး မမေ့မလျော့ ပေးတုန်းပါပဲ။

အမေကြီးက သူ့သမီးအကြီးဆုံး အပျိုကြီးနဲ့ အဖော်၂ဦးနဲ့ တခြားအိမ်တစ်အိမ်မှာနေကြတာမို့ မရွှေစုမေမေက နေ့တိုင်းလိုလို မိုးလင်းကနေမိုးချုပ်ထိ အဲဒီအိမ်မှာသွားနေပြီး အမေကြီးအနားမှာ အနီးကပ် ပြုစု စောင့်ကြည့် ပေးပါတယ်။ အဲသလို မေမေက နေ့တိုင်း သူ့အိမ်လာပြီး သူ့ကို ပြုစုပေးနေတာကို အမေကြီးကသိပါတယ်။ ဒါပေမယ့် သူ့ကိုလာပြုစုပေးနေသူဟာ သူ့သမီးအလတ်တော်စပ်တယ် ဆိုတာကိုတော့ မေ့နေပါပြီ။ မေမေ နှိပ်ပေးလျင်ဖြစ်စေ၊ ကိုယ်လက် သုတ်သင်ပေးနေလျင်ဖြစ်စေ ထုံးစံအတိုင်း သဘောတကျ ဆုတွေပေးပါတယ်။ ပြီးတော့ မေမေ့ကို လူကြီးကို စိတ်ရှည်လက်ရှည် ပြုစု ဂရုစိုက်လိုက်တာ၊ တော်လိုက်တာနော်... တဲ့။ ဒါနဲ့ ... သမီးမှာရော အမေရှိသေးလား။ လို့ မေးသတဲ့။ မေမေက ရှိတာပေါ့ အဖွားရဲ့လို့ ပြန်ဖြေပါတယ်။ ဟုတ်လား၊ အမေက ဘယ်အရွယ်တုန်းလို့ ပြန်မေးပါတယ်တဲ့။ မေမေက ကျမအမေက အဖွားနဲ့ရွယ်တူပဲ အဖွားရဲ့လို့ ပြန်ပြောတော့... အော်... ကံကောင်းလိုက်တာနော်... ဒီအရွယ်အထိ အမေနဲ့နေရတာ ကံကောင်းတာပေါ့လို့ ပြန်ပြောသတဲ့။ ပြီးတော့ မေမေ့ကို ဒီမိန်းမ၀၀ဟာ ငါ့ကို တော်တော်သံယောဇဉ် ရှိရှာတာပဲ။ နေ့တိုင်းကို အိမ်လာပြီး ပြုစုပေးနေတာပဲလို့ မေမေ ပြန်သွားတဲ့အခါ အနားမှာရှိတဲ့သူတွေကို ပြောပြနေသေးသတဲ့။

မနှစ်က မရွှေစုနဲ့တွေ့တော့လည်း မရွှေစုက အမေကြီးနား ကပ်ပြီး - အမေကြီး၊ သမီး စုလေ မှတ်မိလားလို့... မေးတော့ ကိုယ့်မြေးတွေပဲကွယ် မမှတ်မိပဲ နေမလားလို့ ပြုံးပြီး ဖြေပါတယ်။ တကယ်တော့ မရွှေစု ဘယ်သူဆိုတာ သူ မသိရှာပါဘူး။ မေးတဲ့သူ ကျေနပ်အောင် အလိုက်အထိုက် ပြန်ဖြေနေတာ မရွှေစုတို့က သိတာပေါ့။ ၂၀၁၀ခုနှစ် အမေကြီး ၉၉နှစ် မွေးနေ့မှာ မရွှေစု ရှိနေတော့ ဘိုးဘွားရိပ်သာမှာ အမေကြီး ကိုယ်စား အဘိုးအဘွားတွေကို အလှူလေး လုပ်ပေးခဲ့ပါတယ်။ တကယ်တော့ နှစ်စဉ်နှစ်တိုင်း လှူနေကြ အလှူလေးပါ။ အလှူကပြန်လာတော့ အမေကြီးရေ... အမေကြီး မွေးနေ့ အလှူလုပ်ခဲ့တာ သာဓုခေါ်ပါဦးလို့ ခြေထောက်လေးတွေ နှိပ်ပေးရင် ပြောပြတော့ သာဓုလို့ ၃ခါ အကျယ်ကြီး ရွတ်ဆိုလိုက်သမို့ မရွှေစုတို့ တတွေ အားလုံး ပြုံးကြရသေးတယ်။

အမေကြီးဟာ ဘာရောဂါမှ မရှိပေမယ့် သူ့မှာ အိုတဲ့ဒါဏ်ကို ခံစားရတဲ့ အိုနာ ဒုက္ခတော့ရှိရှာပါတယ်။ အရိုးတွေ နာတယ်။ အကျောတွေ ဆိုင်းသလိုဖြစ်တယ်။ တခါတလေ ၀မ်းမသွားနိုင်တာ ဖြစ်တယ်။ သူများ ထူပေးမှ သွားနိုင် လာနိုင်ရှိတယ်။ တချို့ကတော့ ပြောတယ်။ အဲသလောက် အသက်ရှည်ရှည် မနေချင်ဘူးတဲ့။ မရွှေစု အမြင်ကတော့ အသက်ရှည်ခြင်း မရှည်ခြင်းဟာ ကိုယ်ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ကိစ္စကတော့ အသက်ရှင်နေစဉ် အချိန်အတွင်းမှာ ရသမျှအချိန်ကလေးကို ကိုယ်စွမ်းကိုယ်စ ရှိသလောက် ကုသိုလ်ကောင်းမှုတွေပြုလို့ အသက်ရှင်ခြင်းကို ငြိမ်းချမ်းစွာနဲ့ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ပဲ လိုပါတယ်။

လူ့လောကကြီးမှာ အသက်ရာကျော်နေနိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ မရွှေစုဟာ မတော်တဆများ အမေကြီးလို အသက်ရာကျော်နေခွင့်ရခဲ့မယ်ဆိုပါက အမေကြီးလို မလိုအပ်တဲ့ အရာအားလုံးကို မေ့နိုင်စွမ်းရှိတဲ့ လောဘ ဒေါသ မောဟ တဏှာတွေ ကင်းစင်အေးချမ်းတဲ့ တရားဓမ္မများမှာပဲ အစဉ်သတိကပ်နိုင်တဲ့သူမျိုး ဖြစ်ရပါလို၏လို့ ဆုတောင်းမိမယ်ထင်ပါရဲ့။

အမေကြီးရဲ့ ရာပြည့်မွေးနေ့လေးမှာ ကျေးဇူးရှင်အမေကြီး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့စွာဖြင့် တရားဓမ္မများ အားထုတ်နိုင်ပါစေလို့ ရိုသေစွာဖြင့် ဆုတောင်း မေတ္တာများ ပို့သ ရှိခိုး ကန်တော့လျက်။

အဝေးတနေရာမှ
မြေး - မရွှေစု

*********************

Monday, July 13, 2009

ညီမလေး နှင့် မမလတ်


13-07-2009
ညီမလေးမွေးနေ့ အမှတ်တရ

Water color on paper

မေမေက ညီမလေးကိုမွေးလာတော့ စိတ်ထဲမှာ ထူးဆန်းသလိုခံစားရတယ်။ ၈နှစ်ကျော်လောက်အငယ်လုပ်လာပြီးမှ ရုတ်တရက် ကိုယ့်ထက်အငယ်တစ်ယောက်ရောက်လာတာကို မယုံနိုင်သလိုလည်းဖြစ်ရတယ်။ ဒါပေမဲ့ ညီမလေး ဖြူဖြူဖွေးဖွေးသေးသေးလေးကို တို့ချင် ထိချင် စချင်တာကြောင့် ညီမလေး မိသားစုထဲဝင်လာတာ ကိုယ့်အတွက်တော့ စိတ်လှုပ်ရှားစရာ ပျော်စရာတခုဖြစ်တာကတော့ အမှန်ပဲ။

ငယ်ငယ်ကဆို နွေရာသီကျောင်းပိတ်ရက်တွေမှာ အိမ်နားကသူငယ်ချင်းတွေနဲ့ လျှောက်သွားတိုင်း ညီမလေးကို မနိုင့်တနိုင်ချီပြီး ခေါ်သွားတတ်စမြဲ။ ခေါ်တာတော့ ခေါ်တယ်.... ဒါပေမဲ့ အနိုင်ကလည်း ကျင့်သေးတယ်။ သူငယ်ချင်းတွေရှေ့မှာ ညီမလေးကိုချထားပြီး ဟိုအကလေး ကပြလိုက်စမ်း၊ ဒီသီချင်းလေးဆိုပြစမ်းနဲ့ ၂နှစ်အရွယ်ကလေးလေးကို အတင်းခိုင်းတတ်သေးတာ။ မလုပ်ချင်ဘူးဆိုရင်... အေး..အဲသာဆို ညကြရင် အကောင်ကြီးလာကိုက်လိမ့်မယ်လို့ ချောက်တတ်သေးတာ... သူ့ခမျာ မျက်နှာလေး ငိုမဲ့မဲ့နဲ့ ကိုယ်သင်ပေးထားတဲ့ သီချင်းလေးတွေ ဆိုပြ၊ ကပြ လုပ်ရတယ်။ ကိုယ်ကလည်း သူငယ်ချင်းတွေ၊ အသိတွေကြားမှာ ကိုယ့်ညီမလေး ဘယ်လောက်တတ်ကြောင်း၊ ချစ်စရာကောင်းကြောင်း ကြွားချင်တာကိုး...။

ကိုယ် ၉တန်းမှာ ညီမလေးက သူငယ်တန်း စတက်တယ်။ ကိုယ့်အတန်းထဲက သူငယ်ချင်းတွေအားလုံးက ညီမလေးကို အရမ်းချစ်ကြတယ်။ သူက အမြဲပြုံးပြုံး ပြုံးပြုံးနဲ့ ဘာပြောပြော ဘာစစ စိတ်မဆိုးတတ်တဲ့သူကိုး။ နင့်ညီမလေးက အရမ်း sweet ဖြစ်တာပဲ... နင့်လို စူပုတ်ပုတ်ရုပ်မဟုတ်ဘူးလို့ သူငယ်ချင်းတွေက ၀ိုင်းပြောကြတယ်။ သူက အဲသလို မျက်နှာချိုတဲ့သူဆိုတော့ သူစိတ်ဆိုးပြီဆို အရမ်းသိသာတယ်။ မပြုံးတော့ဘူး..မျက်နှာတည်သွားပြီဆို.. အဲသာ စိတ်ကောက်နေတာလို့ ချက်ချင်းသိလိုက်ရတာပဲ။

ညီမလေးက စာကျက်ပျင်းတဲ့အထဲမှာပါတယ်။ ဒါပေမဲ့ ရွှီးတတ်တဲ့နေရာမှာတော့ စံပဲ။ သူမလုပ်ချင်တဲ့အရာဆို အကြောင်းအရာတခုခုကို မရ ရအောင် ရှာဖွေပြီးပြောတတ်တယ်။ မှတ်မိသေးတာ... ၃တန်းလောက်က လူမျိုးတွေအကြောင်းစာကျက်ရတော့ လူမျိုး၁၂မျိုးရှိတာကို လူမျိုး၃မျိုးအကြောင်းပဲ သူ့ဘာသာစပေါ့ရိုက်ရွေးပြီးကျက်တယ်။ ကျန်တာကို ဖတ်ခိုင်း မှတ်ခိုင်းလို့မရဘူး။ ကိုယ်ကသူ့ကို စာသင်ပေးနေတဲ့သူဆိုတော့ အဲသလို မလုပ်ရဘူးအတင်းပြောတော့ ဆရာမက သမီးကိုချစ်လို့ တိတ်တိတ်လေးစပေါ့ပေးထားတာပါလို့ ရွှီးတယ်။ ဒါပေမဲ့ စာမေးပွဲမှာ သူ မဖတ်ထားတဲ့ အထဲက ရှမ်းလူမျိုးများကြောင်းကိုမေးပါလေရော...။

သူကတော့ အေးဆေးပါပဲ... မမလတ်ကလည်း သမီးဖြေနိုင်ပါတယ်လို့ ပြောတယ်။ ကိုယ်လည်း ဒေါသပုန်ထပြီး နင်ဘာမှမဖတ်ထားပဲ ဘယ်လို ဖြေနိုင်မလဲဆိုပြီး ဆူတာပေါ့...။ အစမ်းစာမေးပွဲဆိုတော့ အဖြေလွှာတွေ အိမ်ကိုပေးလိုက်တော့ သူဘယ်လိုဖြေထားလဲ... အမှတ်ဘယ်လောက်ရလဲ ကြည့်ကြည့်တာ... အောင်မလေး... သူက အမှတ်ကို တ၀က်မကရတယ်။ ရှမ်းလူမျိုးများသည် ရှမ်းပြည်နယ်တွင်နေထိုင်ကြပါသည်၊ ရှမ်းဘာသာစကားများပြောကြပါသည်။ ရှမ်းတောင်သူရိုးရာ အလုပ်များလုပ်ကိုင်ကြပါသည်။ ရှမ်းစာများစားကြပါသည်....စသဖြင့်... အဲသလို ရွှီးထားတာ.....။ အင်း.. အဲသလို လူမျိုးအကြောင်း အရွှီးတော်လို့လားမသိ.. ခုကြီးလာတော့ သူက Anthropology နဲ့ လူမျိုးတွေအကြောင်း Research လုပ်တဲ့သူဖြစ်လာတယ်။

ငယ်ငယ်ကသူ့ကိုစာသင်ပေးခဲ့တဲ့သူဆိုတော့ ညီမလေးက ဥာဏ်ကောင်းတဲ့အထဲမှာပါတယ်ဆိုတာ ကိုယ်သိတယ်။ အဲဒီတော့ သူ့ကို သိပ်ပြီး ဖြစ်ထွန်းစေချင်တာပဲ။ ဒါပေမဲ့ သူပျင်းတတ်ပုံကြောင့် စာသင်တိုင်း ညီအစ်မနှစ်ယောက် တုတ်တပျက် ဓါးတပျက်ဖြစ်ရတယ်။ ညဘက်အစောကြီးရှိသေး..အိပ်ချင်တယ်ဆိုလို့... ကိုယ့်မှာ သူအိပ်ချင်ပြေအောင် ကပြပြီးတောင် စာသင်ပေးခဲ့ရတယ်။ ကိုယ်ကလောဘကြီးတာလည်း ပါတာပေါ့လေ။ ကြာလာတော့ ဖေဖေတို့က ကိုယ့်ကို စာပေးမသင်ခိုင်းတော့ဘူး။ စာသင်တိုင်း အော်သံတွေ၊ ငိုသံတွေနဲ့ စီစီညံခဲ့တယ်ပေါ့လေ။ အဲသာကြောင့် ကိုယ်စာသင်ပေးတုန်းက အဆင့်၁ကနေ၃အတွင်း အမြဲ ရတဲ့သူဟာ နောက်ပိုင်း အဆင့်တွေလျှောခဲ့တယ်။ အဓိက သူ၁၀တန်းရောက်တဲ့ အချိန် ကိုယ်က RIT နောက်ဆုံးနှစ် ပြီးတော့ အဝေးမှာ အလုပ်သွားလုပ်နေတော့ သူ့ကို သေသေချာချာဂိုက်လုပ်မဲ့သူမရှိဖြစ်သွားတာ... သူ့ဘ၀ရဲ့ အရေးကြီးဆုံးအချိုးအကွေ့ ဆုံးဖြတ်ရမဲ့ အချိန် သူ့နားမှာ မကူညီပေးရတာ တွေးလိုက်တိုင်းစိတ်မကောင်းဖြစ်ရတယ်။

ညီမလေးက အိမ်မှာအငယ်ဆုံးဖြစ်ပေမဲ့ အခွင့်ထူးခံ အခွင့်အရေးတော့ မရခဲ့ရှာဘူး။ အ၀တ်အစားဆို ကိုယ်တို့ အကျ၊ ဒါမှမဟုတ် ကိုယ်တို့မကြိုက်တာကိုယူရတယ်။ အစားအစာဆိုလည်းသူက ဂျီးမများ၊ ဘာမဆိုစားဝင်တဲ့သူဆိုတော့ အစားမှာလည်း ဦးစားပေးမခံရဘူး။ ကိုယ်ကငယ်ငယ်လေးကတဲက ပိန်ပိန်သေးသေး၊ အစားအစာ ဂျီးများတဲ့သူမို့... လူကြီးတွေက အစားအစာဆို ကိုယ်ကြိုက်တာအရင်ရွေး အကျန်ကိုမှ မမနဲ့ ညီမလေးက ရကြတယ်။ ကိုယ်နဲ့ မမက ၂နှစ်လောက်ပဲကွာတာမို့ အမြဲတန်းတိုးတိုးဖော်... ညီမလေးက မမတို့ ဘာတွေပြောနေတာလဲလို့ လာမေးရင်... တယ်... ကလေး..ကလေးလို မနေဘူးလို့ ငေါက်လွှတ်တတ်သေးတာ။

နောက်ပိုင်း ကိုယ်ကအဝေးကိုရောက်သွားမှ မမကတွဲစရာအဖော်မရှိတော့ ညီမလေးကို လူကြီးအရာသွင်းရတော့တယ်။ ခုတော့ ညီမလေးက ကိုယ်နဲ့ အတူနေဖို့ ရောက်လာပြီဆိုတော့ ကိုယ့်မှာ တိုးတိုးဖော်ရလာလို့ ၀မ်းသာရတယ်။ အရင်တုန်းက ကိုယ်နဲ့ပဲ စကားတွေအများကြီးပြောတဲ့ မမက ဖုန်းဆက်ရင် ကိုယ်နဲ့ ပြောတာကနည်းနည်း သူ့ညီမနဲ့ပဲ ပြောတော့တယ်။ အိမ်မှာ ကိုယ်မရှိတဲ့ နောက်ပိုင်း သူတို့က တိုးတိုးဖော်ဖြစ်ခဲ့ကြတာကိုး။ ကိုယ်ကလည်း ညီမလေးရောက်လာကတဲက အိမ်ကို ၃ရက်တခါလောက်ဖုန်းဆက်နေကြကနေ တပတ်တခါပဲဆက်တော့လို့ အမလေး.. သူ့ညီမရောက်တာနဲ့.... မမလတ်တို့ သွေးကြီးသွားတာ... ဖုန်းတောင်မဆက်ချင်တော့ပါလားလို့ အိမ်ကလူတွေက စကားနာထိုးကြတယ်။

တကယ်တန်းက ညီအစ်မနှစ်ယောက် ၁၀စုနှစ်ကြာပြီးမှ တခါ ပြန်လည် တုတ်တပျက် ဓါးတပျက်ဖြစ်နေကြတာရယ်....။ သူက အခု စင်ကာပူကို ကျောင်းတက်ဖို့ ရောက်လာတာကိုး.....။

၁၃၊၀၇၊၂၀၀၉
နံနက် ၁၀နာရီ၅မိနစ်

ညီမလေး မွေးနေ့ အမှတ်တရ......

Monday, June 1, 2009

မေမေ့ မွေးနေ့


၀၁-၀၆-၂၀၀၉
မွေးနေ့ရက်မြတ်မှာ ကျေးဇူးရှင်မေမေ ကျန်းမာ၊ ချမ်းသာ အသက်ရှည်စွာ အနာကင်းပြီး တရားစစ်၊ တရားမှန်များ ကျင့်ကြံအားထုတ်နိုင်ပါစေ။

အဝေးရောက် ချစ်သမီးလတ်+ငယ်

Tuesday, February 10, 2009

မမ နှင့် ညီမလတ်


မမ နှင့် ဂျစ်တူးမ
( မမက သဘောကောင်းတဲ့ပုံလေး၊ ကိုယ့်ပုံကတော့ စွာတေးလန် )

ငယ်ငယ်တုန်းက မမက ကိုယ့်ကို သိပ်ပြီးကြည့်လို့မရဘူး။ သူ့နောက်က ရောက်လာတဲ့ အငယ်ဆိုပြီး ချစ်ပုံလည်း မရဘူး။ ကိုယ်မွေးလာတော့ မေမေတို့က ညီမလေးကို လာကြည့်လှည့်ဦးလေလို့ ခေါ်တာတောင် လက်နှစ်ဖက်နောက်ပစ်ပြီး ခပ်ဝေးဝေးကနေ စိမ်းစိမ်းကြီး စိုက်ကြည့်နေတာတဲ့။ အနားတိုးကြည့်ဖို့ လက်ဆွဲပြီး အတင်းလဲ ခေါ်ရော... အာခေါင်ခြစ်ပြီး အော်ငိုပါလေရောတဲ့လေ။ (ဟွန်း... လူကိုများ သရဲသဘက် ထင်လေလားမသိ...) အဲဒီတုန်းက မမက အိမ်မှာ အတူနေတာမဟုတ်ပဲ အဖိုး၊ အဖွားအိမ်မှာလိုက်နေတာ။ မမက သမီးအကြီးဆုံး စနေသမီးဖြစ်နေတာမို့ အဖေကြီးက မမကို သမီးအဖြစ်မွေးစားလိုက်တယ်။ အဲသာကြောင့် မမက အဖိုးနဲ့ အဖွားကို အဖေကြီး၊ အမေကြီးလို့ ခေါ်ပြီး အဖေနဲ့ အမေကို ကြတော့ (သူငယ်ငယ်က) ကျော်ကျော်နဲ့ နှင်းနှင်းလို့ ခေါ်သတဲ့။ မြေးဦးကအဲသလို ခေါ်တော့ ကိုယ်တို့ နောက်မွေးလာတဲ့ မြေးတွေ အားလုံးကလည်း အဖိုး၊ အဖွားကိုခေါ်တာ အဖေကြီး၊ အမေကြီးလို့ ဖြစ်ကုန်ကြတော့တာပဲ။

မမကို မေမေတို့ရဲ့ အဖိုး (မေမေတို့အခေါ် - အဘ) ၀င်စားတယ်လို့လည်း ပြောကြတယ်။ သူ့ရဲ့ နားရွက်လေးမှာ အဘလို အမှတ်လေးပါတယ်တဲ့။ အဘလို ဖြူဖြူသွယ်သွယ်၊ အရပ်ရှည်ရှည်ကြီးလည်းဖြစ်လို့တဲ့။ ဘာပဲဖြစ်ဖြစ် မမကမြေးဦးဆိုတော့ အဖိုး၊ အဖွား၊ အဒေါ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ အရခဲ့ဆုံးသောသူပါပဲ။

မူလတန်းအရွယ် ရောက်လာတော့ မမက အိမ်ကို ပြန်ရောက်လာတယ်။ ငယ်ငယ်တုန်းက ညီအစ်မ၂ယောက် ချစ်သလား၊ မချစ်သလား မသိဘူး။ ခဏခဏ ရန်ဖြစ်ကြတာတော့ မှတ်မိတယ်။ လူကြီးတွေက တခုခုပေးပြီဆို ဘယ်လောက်ပဲ ညီညီမျှမျှပေးပေး၊ ကပ်သပ်ပြီး လုကြ၊ သူ့ဟာကပိုကောင်းတယ်၊ ငါ့ဟာက အစုတ်ကြီး ဆိုပြီး ရန်ဖြစ်ကြ၊ နပန်းလုံးကြတော့တာပဲ။ တခါက ရောင်စုံစက္ကူလေးတွေနဲ့ အရုပ်လေးတွေ ချိုးပြတဲ့ ဂျပန်ပြပွဲတခု သွားကြည့်ကြတာ ပြန်လာတော့ ရလာတဲ့ ရောင်စုံစက္ကူတွေလုပြီး ၂ယောက်သား အကြီးအကျယ် ရန်ဖြစ်ကြသပေါ့။ အဲသလို ရန်ဖြစ်တိုင်း ကိုယ်ကတော့ ခံဖက်ကကြီးပဲ။ ၂နှစ်ကျော်ကျော်လောက်သာကွာတာ။ သူက လူကောင်းကြီးကြီး ခြေဆန်၊ လက်ဆန်ရှည်ရှည်။ လက်ကလှမ်းပြီး ဖြန်းကနဲရိုက်၊ နောင်ခြေတလှမ်းဆုတ်လိုက်ရင် ကိုယ်လို အကောင်သေးသေး ပုပုညှက်ညှက်က မမှီမကန်းနဲ့ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ တခါတခါ စိတ်ဆိုးလွန်းလို့ သူမမြင်ရအောင် နောက်ကနေ ခြေသံဖော့ပြီးတော့ တိတ်တိတ်လေး ရိုက်တာ၊ တွန်းတာတွေ လုပ်တာ။ သူ့လက်တံရှည်ရှည်က ကိုယ်ပြေးလို့ မလွတ်ခင် ကိုယ့်နောက်ကျောကို ဗြန်းကနဲ လာထိတာပဲ။

ဒါပေသိ ကိုယ်တို့၂ယောက် ဘယ်လောက်ရန်ဖြစ်ဖြစ်၊ ၁နာရီပြည့်အောင်တောင် မခေါ်ပဲ မနေနိုင်ကြဘူး။ ရန်ဖြစ်ပြီး ၁၅မိနစ်လောက်နေရင် တစ်ယောက်ကို တစ်ယောက် ခိုးကြည့်၊ ချောင်းကြည့်၊ ပြုံးစိစိတွေလုပ်ပြီး၊ (တခြား ကစားဖော်ကလည်းမရှိတော့) မြန်မြန်ပြန်တည့်သွားကြတာပဲ။ သာပေမဲ့ ကြီးလာတော့ မမက ကိုယ့်ကိုညှာခဲ့တာ၊ အိမ်ကို ကိုယ့်ထက်ပိုပြီးသိတတ်ခဲ့တာတွေကလည်း အများကြီးပဲ။ သူ့ကျောင်းမုံ့ဖိုးတွေဆို ကိုယ်ကချီးတယ်ပြောပြီး ယူယူသုံးပစ်တတ်တာမနည်းဘူး။ အစားအစာဆိုလည်း ဝေပုံကျပေးထားတာကို ကိုယ်က မြန်မြန်ပါးစပ်ထဲထည့်ပစ်ပြီး သူ့ဝေစုကို သွားသွားတောင်းတတ်တာ။ အိမ်မှာ ဟင်းချက်ထားတာနည်းတဲ့နေ့ဆို သူကဟင်းရည်လေးနဲ့ပဲ နယ်စားပြီး ကိုယ်တို့ကို အသားတွေထည့်ပေးတတ်ခဲ့တာ။ ကိုယ့်ကိုဆို ထမီကအစ၊ ဘောင်းဘီအဆုံး စာကြည့်ပျက်မှာစိုးလို့ ဆိုပြီး သူပဲလျှော်ပေးခဲ့တာ။

မမက အရမ်းလည်း ရှက်တတ်တဲ့သူ။ ကိုယ်က သူ့ကိုစိုက်ကြည့်နေပီဆို သူမနေတတ်တော့ဘူး။ နင်နော် ..ငါ့ကို လာမကြည့်နေနဲ့ဆိုပြီး ရှက်ရှက်နဲ့ လိုက်ရိုက်တတ်တဲ့သူမျိုး။ အဲသလို လူက တစိမ်းယောက်ျားလေးတွေ ရှေ့မှာဆိုပို ရှက်တတ်တာပေါ့။ အပျိုပေါက်လေးဖြစ်လာတော့ ယောက်ျားလေးတွေ ရှေ့ရောက်ရင် သူ့မှာ ခြေလှမ်းတွေမှား၊ ဘယ်မှလည်း မော့မကြည့်ရဲ့နဲ့...။ သူ့နောက်ကလိုက်ရတဲ့ မဂျမ်းတောကိုယ်က သူ့သက်တော်စောင့် အလိုလို ဖြစ်လာတယ်။ သူ့ကို လိုက်နေတဲ့သူတွေကလည်း ကိုယ့်ကိုဆို အသေကြောက်။ ထမင်းဘူးနဲ့ အခေါက်ခံရဘူးတဲ့သူ၊ ထီးနဲ့ လိုက်ရမ်းလို့ ထွက်ပြေးဘူးတဲ့သူ.. အစုံပါပဲ။ သူကလည်း သူ့နောက်ကလိုက်စကားပြောတဲ့သူကို ဘယ်လိုခြောက်လဲဆိုတော့ နောက်မှာ ညီမလတ်ပါလာတယ်နော်... သူ့အကြောင်းသိတယ်မှုတ်လားတဲ့။ ဟိုကဘာပြန်ပြောလဲဆိုတော့... သိပါတယ်တဲ့။ အိတ်ညီမလတ်က အိမ်ရှေ့ဝရန်တာ ကုလားထိုင်မှာ အိပ်ပျော်နေတာ တွေ့လို့ အန္တရယ်ကင်းပြီဆိုပြီး ရဲရဲတင်းတင်းလိုက်လာပါသတဲ့... ဖြစ်ပုံများ...။ ဟွန်း... ကိုယ့်ဖာသာ မကြိုက်ရင် မကြိုက်ဘူး မပြောဘူး။ ပြီးတော့ သူက ရှက်တတ်တာများ အ၀တ်အစားအသစ်ဝတ်ရမှာကိုတောင် အသစ်ကြီးမို့ ရှက်လို့ ဆိုပြီး ခြေ၀တ်တတ်တဲ့သူမျိုး။ အလှပြင်ရမှာကိုလည်း ဟယ်..အလှပြင်ထားတယ်လို့ သူများတွေကပြောမှာကို ရှက်တတ်တာမျိုး။

အဲဒီတော့ အဲသလို အရှက်ကြီးတဲ့သူက အဲသလောက်အရှက်ကြီးစွာနဲ့ အညီ ခုချိန်ထိ တခါမှ ရည်းစားမထားဘူးတဲ့ အပျိုစင်၊ အပျိုကြီးဖြစ်သွားရတာ အံ့သြစရာတော့ မရှိလောက်ပါဘူးနော်။ ကိုယ့်ကို သူကဘာပြောလဲဆိုတော့.. မဂျမ်းတောကတော့ သူများကို လိုက်တဲ့ သူကိုသာ ထီးနဲ့ လိုက်ရိုက်ပြီး သူ့လိုက်တာကြတော့ ခေါင်းညှိတ်ပလိုက်လို့ ခုတော့ ယောက်ျားလေးတစ်ယောက် အဆစ်ရနေပြီပေါ့တဲ့။

မမရေ... အရမ်းသတိရတယ်။

ညီမလတ်
ခေတ္တ အဝေးတနေရာ
(၁၀-၀၂-၂၀၀၉) မမမွေးနေ့ အမှတ်တရ

Tuesday, February 3, 2009

ဖိုးဖိုး

(၂၀၀၄ခုက မေမြို့ကို သွားတုန်းက ရိုက်ထားတဲ့ ဖိုးဖိုးဓါတ်ပုံလေး)

တနင်္ဂနွေနေ့ (၀၁၊၀၂၊၂၀၀၉) ညနေ က မန္တလေးအိမ်ကဖုန်းခေါ်လာတယ်။ ဖိုးဖိုးဆုံးပြီတဲ့။ ဆေးရုံတင်ထားတာ သိပေမဲ့ အဲဒီနေ့မတိုင်ခင်ကတင် ဖုန်းဆက်တော့ ဆီးမသွားနိုင်တာကြောင့်ဆေးရုံတင်တာဆိုပြီး ပြန်ကောင်းသွားမယ်လို့ပဲ ထင်ခဲ့တယ်။ အိပ်ရာထဲ လဲနေတဲ့ လူမမာလိုကြီးမှ မှုတ်တာ။ အဲဒီလောက်မြန်မြန် ဆုံးလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ထင်မှတ်မထားခဲ့ဘူး။ ဖိုးဖိုးအသက်က ၉၁နှစ်ရှိပြီဆိုတော့ သားသမီးတွေ အားလုံးက အသက်ကြီးပြီပဲဆိုပြီး မဆုံးပါးခင်သေချာပြုစုပေးလိုက်ရတာကိုပဲ စဉ်းစားလို့ ဖြေသိမ့်ကြတယ်။ ယောက်ယောက်ကလည်း ဖိုးဖိုးရှိနေစဉ် ကိုယ်တို့ တတ်နိုင်သမျှထောက်ပံ့ပေးခဲ့တာဆိုတော့ သိပ်ပြီး စိတ်လက်မကောင်းတဲ့ ပုံစံ မျက်နှာကမပြဘူး။ ကိုယ်လည်း ညနေတောက်လျှောက်အေးဆေးပါပဲ။

ည... အိပ်ရာဝင်တော့မှ တုတ်ကောက်လေး လက်တဖက်ကကိုင်လို့ ကာကီညိုရောင်ဘောင်းဘီရှည်ပွပွ၊ စွပ်ကျယ်ဖြူအောက်ခံနဲ့ ရှပ်အင်္ကျိအဖြူကို အပြင်ထုတ်ဝတ်တတ်တဲ့ ဖိုးဖိုး အရိပ်က မျက်စိထဲ တိုးဝင်လာတယ်။ ဖိုးဖိုးကို စသိတာ ၁၉၉၆၊ လွန်ခဲ့တဲ့ ၁၃နှစ်၊ ဖိုးဖိုးအသက် ၈၀နီးပါးလောက်ကပေါ့။ ယောက်ယောက်နဲ့ စကြိုက်ခါစ သူက မနက် ရုံးမသွားခင် ခပ်စောစော ၇နာရီလောက်ဆို Staff House မှာ ကိုယ့်ကိုလာကြိုတယ်။ ကိုယ်တို့က အိမ်ကထွက်လာပြီဆို နေ့တိုင်း အောင်တော်မူ ဘုရားမှာ ပုတီးသွားစိတ်တယ်။ ပြီးရင် မင်းသီဟတို့၊ တက္ကသိုလ်နားကဆိုင်၊ ဒါမှမဟုတ်၊ အောင်တော်မူဖက်က မုံ့ဟင်းခါးဆိုင်၊ စိုးစိုးမုံ့တီဆိုင် စသဖြင့် အဆင်ပြေရာ ဆိုင်တခုခုမှာ မနက်စာသွားစားကြတာပေါ့။ တနေ့မှာ မနက်စာစားပြီး ရုံးကိုအလာ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ကိုယ့်ကို အသားဖြူဖြူနဲ့ တရုတ်အဖိုးကြီးလို့ ထင်ရတဲ့ အဖိုးတစ်ယောက်က လမ်းလျှောက်ရာက ရပ်ပြီး လက်တွေပြနေတာ။ တုတ်ကောက်လေးကို လက်တဖက်က ထောက်ကိုင်ပြီး ပြုံးကလည်း ပြုံးလို့ပေါ့။ သာနဲ့ ကိုယ်ကလည်း ဘုမသိ ဘမသိ ပြန်ပြုံးပြပြီး လက်တွေပြန်ပြတာပေါ့။ သူက အဲဒီရောက်နေတဲ့နေရာမှာတင် ရပ်ပြီး လက်တွေပြနေတာ ကိုယ်တို့ ဟိုးခပ်ဝေးဝေးရောက်သွားတဲ့အထိ။

ကိုယ်က အဲသလိုပဲ တခါတလေ မသိတဲ့ သူတွေက ကိုယ့်ကို လာပြုံးပြရင် ပြန်ပြုံးပြလေ့ရှိတော့ ဖိုးဖိုးဟာ ယောက်ယောက်ရဲ့ ဖိုးဖိုးမို့ ကိုယ်တို့ကို သိလို့ လက်ပြတာလို့ မထင်မိခဲ့ဘူး။ သာပေမဲ့ ယောက်ယောက်က ရုံးရောက်တော့ ခုနက လမ်းမှာ ဖိုးဖိုးကို တွေ့ခဲ့တယ်မှုတ်လားလို့ မေးလိုက်တော့မှ ကိုယ်လည်း တကိုယ်လုံး မွှန်ထွန်ပူထူပြီး... အဲတော့... ဘယ်သူမှန်းမသိ... ဒီကလဲ လက်တွေ ပြန်ပြခဲ့တယ်လို့ ပြောတာပေါ့။

နောက်နေ့... နောက်နေ့ တွေလည်း အဲသလို .. ဖိုးဖိုး လမ်းလျှောက်အပြန် ကိုယ်တို့က မနက်စာစားအပြီး ရုံးအသွား လမ်းမှာ ဆုံလေ့ရှိကြတယ်။ ဖိုးဖိုးက လူသွားလမ်းလေးပေါ်က ကိုယ်တို့ကို မျက်စိတဆုံးကြည့်ပြီး တာဝန်မပျက် အမြဲ လက်ပြနှုတ်ဆက်လေ့ရှိတယ်။ ဖိုးဖိုးမှန်း သိသွားတဲ့ ကိုယ်ကတော့ နောက်နေ့တွေမှာ ပထမတော့ ခေါင်းလေးပု.. လက်လေး မထုတ်ရဲ၊ ထုတ်ရဲ၊ မပြုံးရဲ ပြုံးရဲပေါ့။ နောက်.. နည်းနည်းကြာလာတော့ မှ ရဲရဲတင်းတင်းပြုံးပြီး လက်ပြရဲတော့တယ်။ ယောက်ယောက်နဲ့ ကြိုက်ပြီး ၃-၄လ အကြာ ကိုယ်က စင်ကာပူထွက်လာတော့ ဖိုးဖိုးကို အဲသလို လမ်းမှာ လက်ပြနှုတ်ဆက် ကြုံခဲ့တာကလွဲလို့ လူချင်းမတွေ့ဆုံခဲ့ဘူး၊ စကားမပြောဖြစ်ခဲ့ဘူးဘူး။ မန္တလေးမှာနေစဉ် သီတင်းကျွတ်နဲ့ ကြုံလို့ ယောက်ယောက်ကို ပစ္စည်းတွေ ပေးပြီး လူကြီးတွေကို ကိုယ်စား ကန်တော့ခိုင်းလိုက်ပေမဲ့ ကိုယ်တိုင်တော့ သူတို့အိမ်ကို မရောက်ဖြစ်ခဲ့လိုက်ဘူး။

သာနဲ့ ၅နှစ်အကြာ ယောက်ယောက်နဲ့ ကိုယ်တို့ မင်္ဂလာဆောင်တော့မှပဲ ဖိုးဖိုးနဲ့ ပြန်လည်ဆုံခွင့်ရတော့တယ်။ ဖိုးဖိုးက ကိုယ့်ကို စတွေ့တွေ့ခြင်းပဲ မြေးကို ခုမှပဲ သေချာ မြင်ဘူးတော့တယ်။ ဟိုတုန်းက ခပ်လှမ်းလှမ်းကပဲ လက်ပြရတာလို့ အသံ အေးအေးလေးလေးကြီးနဲ့ သူ့ထုံးစံ ပြုံးပြီးပြောတယ်။

အဲဒီမှာ ဖိုးဖိုးအရမ်းအနေအေးတာကို သတိပြုမိတယ်။ မနက်စောစာ လမ်းထလျှောက်မယ်။ ပြန်လာရင် မနက်စာစားပြီး အိမ်က မွေးထားတဲ့ ခွေးလေးတွေကို အစာကျွေးမယ်။ ပြီးရင် ပက်လက်ကုလားထိုင်လေးမှာ သူ့ဖာသာ ထိုင်နေပြီး ရုပ်မြင်သံကြား ကြည့်ချင်ကြည့်မယ်။ စာအုပ်ဖတ်ချင်ဖတ်မယ်။ ဘုရားဝတ်ပြုရင် ပြုမယ်။ ဖိုးဖိုးနဲ့ အနီးကပ်မနေခဲ့ဘူးလို့ သူ့ရဲ့ တခြားဝါသနာ၊ နိစ္စဓူဝအကျင့်လေးတွေတော့ အသေးစိတ်မသိဘူးပေါ့။ ကိုယ်တို့တွေ ဆူညံစွာစကားပြောနေတာ၊ ယောက်ယောက်ညီမက မွေးတဲ့ ကလေးတွေ ဆော့နေတာတွေကို ဘာမှ မပြောပဲ၊ ဘယ်တော့မှ မဆူပဲ ပြုံးပြုံးကြီးထိုင်ကြည့်နေတတ်တဲ့သူပေါ့။ အဲ.. သူနည်းနည်း နားငြီးလာပြီဆိုရင် သူ့အခန်းထဲ ၀င်သွားမယ်။ ဒါမှမဟုတ် လမ်းလျှောက်ထွက်မယ်။ ပြီးတော့ သူက ဘယ်သူနဲ့မှ စကားသိပ်မပြောဘူး။ တနေ့လုံးနေလို့ လိုအပ်တဲ့ စကားကလွဲလို့ တကယ်ကို အပိုစကား ဘာမှ မပြောတဲ့သူ။

ဖိုးဖိုးကိုကြည့်ပြီး ယောက်ယောက်ဘာလို့ စကားသိပ်မပြောလဲဆိုတာ သဘောပေါက်မိတယ်။ ယောက်ယောက်က ဖိုးဖိုးနဲ့ တော်တော်ကို တူတဲ့လူပါ။ ကိုယ်ကတော့ အဲဒီတုန်းက ဖိုးဖိုးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ယောက်ယောက်တို့ ဖွားဖွားက ဆုံးသွားတာကြာပြီဆိုတော့ ဖိုးဖိုးမှာ အထီးကျန်သလို ခံစားနေရမှာ အမှန်ပဲ။ အဲသာကြောင့် စင်ကာပူကနေ ဖုန်းခေါ်ပြီဆို ကိုယ်က ဖိုးဖိုးကို သတိတရ လှမ်းခေါ်ခိုင်းပြီး စကားစမည်ပြောလုပ်ရတယ်။ တလောက ဆီးကျိတ်လိုမျိုးခွဲပြီးကတဲက ဖိုးဖိုးကို တစ်ယောက်ထဲ လမ်းလျှောက်ဖို့ မလွှတ်တော့ဘူး။ အဲသာကို ဖိုးဖိုးက စိတ်မကြည်လှဘူးလို့ပြောတယ်။ ဖိုးဖိုး စိတ်ကိုလျှော့လိုက်လို့သာ ခုလို မြန်မြန်ကြီး ဆုံးပါးသွားတာလို့ ကိုယ်ကတော့ တွက်တာပဲ။

ကိုယ်က ဘယ်ညာ လူးလိမ့်နေတော့ ယောက်ယောက်က အိပ်မပျော်သေးဘူးလားမေးတယ်။ ပြီးတော့ ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ အိပ်ပျော်တတ်တဲ့ သူကပြောတယ်။ သူလဲ အိပ်လို့ မရဘူးတဲ့။ ကိုယ်ကတော့ အမှန်အတိုင်း ပြောရရင် ဖိုးဖိုးဆုံးလို့ ၀မ်းနည်းနေမိတာလား၊ ဒါမှမဟုတ် အဲသလို အသက်ကြီးလာလို့ ကိုယ်ကမရှိတော့ပဲ ယောက်ယောက်တစ်ယောက်ထဲ ကျန်ရစ်ပြီး ဖိုးဖိုးလို အထီးကျန်နေမှာ စဉ်းစားမိပြီး ၀မ်းနည်းလို့ အိပ်မပျော်တာလားဆိုတာတော့ ကိုယ့်ဖာသာကိုယ် ဝေခွဲလို့ မရနိုင်တော့ဘူး.....။

ဒီတပတ် ဘုန်းကြီးကျောင်းမှာ ဖိုးဖိုးကြိုက်တဲ့ ပဲဟင်း၊ ပဲထမင်း လိုမျိုး ချက်ပြီး ဆွမ်းကပ်ဖို့ စီစဉ်ထားကြတယ်။ ဖိုးဖိုး ကောင်းရာသုဂတိ လားပါစေေဿာ်...။

Wednesday, December 10, 2008

ချစ်ဖေဖေ

ဒီနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့က ဖေဖေ့မွေးနေ့လေးပါ။

ဖေဖေ့အကြောင်းတွေရေးမယ်ဆိုရင် တခြားဘာမှ မစဉ်းစားမိဘူး။ ဖေဖေ့ရဲ့ ကျေးဇူးတွေပဲ သတိရပြီး ထိုင်ထိုင် ရှိခိုးချင်စိတ်ပဲပေါက်တယ်။ ပြီးတော့ မိသားစုနဲ့ မနေခဲ့ရတဲ့ အမိမဲ့သားရဲ့ ငယ်ဘ၀လေးကိုတွေးပြီး မျက်ရည်ဝဲမိ၊ တဆက်ထဲ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘ၀ကို မြင်ယောင်ပြီး အားကျစိတ်တွေ တဖွာဖွား ဖြစ်ပေါ်လာမိတယ်။

ဖေဖေက ဘယ်သူနဲ့မှ မတူ တမူထူးခြားတဲ့ ဖခင်တဦးပေါ့။ သားသမီးတွေအတွက်ဆိုရင် ကိုယ့်ကိုယ်ကို အနစ်နာခံ တတ်နိုင်သမျှ ဘာမဆို လုပ်ပေးမယ်ဆိုတဲ့ ဖခင်စိတ်အပြည့်နဲ့ လူသားတစ်ယောက်ပေါ့။ သမီး၃ယောက်မှာ မမကြီးက ငယ်ငယ်ကတဲက ဉာဏ်သိပ်မကောင်းဘူး။ ကိုယ်နဲ့ မမကြီးက ၂နှစ်ကွာတယ်။ ကိုယ်က စာတပိုဒ်ကို ၅မိနစ်လောက်ဖတ်ပြီး ရတဲ့ အချိန်မှာ မမကြီးက တနေ့လုံး ကျက်လို့ မမှတ်မိသေးဘူး။ ဒါကို ဖေဖေက မမကြီး မေမေ့ ဗိုက်ထဲရှိတုန်း သူဆေးလိပ်တွေသောက်လို့ သူ့ကြောင့်ဖြစ်ရတာဆိုပြီး တက်တခေါက်ခေါက်နဲ့...။ ငါ့သမီးကြီး ဘာမှ မပူနဲ့...။ ဖေဖေတစ်ယောက်လုံးရှိတယ်။ သူများလောက် ဉာဏ်မကောင်းလဲ ဘာဖြစ်လဲ...။ ၀ိရိယကောင်းရင် ဉာဏ်ကောင်းတဲ့ သူတွေ ထက်သာတယ်... ဆိုပြီး အမြဲအားပေးလေ့ရှိတယ်။

ကိုယ်နဲ့ ညီမလေး တို့ ကျောင်းမှာ အဆင့်နည်းနည်းလေးကျသွားရင် အဆူခံရ၊ တခါတလေ တုတ်နဲ့ပါ အဆော်ခံချင်ခံရမယ်။ မမကြီး အမှတ်နည်းတာတို့၊ တခါတလေ တချို့ဘာသာတွေ ကျတာတို့တောင် ဖေဖေက ဘယ်တော့မှ မဆူဘူး။ အဲဒီဘာသာအတွက် မမကြီးကို ကိုယ်တိုင် ဂိုက်လုပ်ပြီး သင်ပေးတယ်။ အားမလျှော့အောင် အားပေးတယ်။ ဖေဖေ့ရဲ့ မေတ္တာနဲ့ မှန်ကန်တဲ့ အားပေးမှုကြောင့် ဆွေမျိုးတွေ အားလုံးက အထင်သေး၊ ဆယ်တန်းတောင်အောင်မှာ မှုတ်ပါဘူးလို့ မှတ်ယူထားခြင်းခံရတဲ့ မမကြီးဟာ.... ဒီနေ့မှာ ဘွဲ့လွန်တွေလည်းရတဲ့ ဘွဲ့၃ခုပိုင်ရှင်၊ နိုင်ငံခြား သုတေသန ခရီး တွေလည်းသွားရတဲ့ အထင်ကရ သုတေသန လုပ်ငန်းမှာ အရာရှိကြီး တစ်ယောက် အဖြစ် ခန့်ခန့်ထည်ထည် ရှိနေပါပြီ။

ကိုယ်နိုင်ငံခြားမှာ ဘွဲ့လွန် တက်ချင်တော့လည်း ဖေဖေက သမီး... ဘာမှ အားမငယ်နဲ့။ စာကိုပဲ ကြိုးစား... ပိုက်ဆံအတွက် ဖေဖေ ရအောင်ရှာပေးမယ်လို့ ပြောခဲ့တာ မှတ်မိနေတယ်။ ကိုယ်က ဟိုစပ်စပ် ဒီစပ်စပ်သမားဆိုတော့ ဖေဖေက ကိုယ့်ကို ဘက်စုံ ထူးချွန်စေချင်တယ်။ ငယ်ငယ်ကတဲက ကိုယ့်ကို ပန်းချီသင်တန်းတွေ ပို့တယ်။ ကြက်ခြေနီသင်တန်းတက်ရတယ်။ ဒီကြားထဲ မြန်မာမိန်းကလေး ဆိုတာ ရိုးရာ အနုပညာ အတီးအမှုတ်တခု တတ်ရမယ်ဆိုပြီး စောင်းတီးလည်း သင်ခိုင်းသေးတယ်။ ပတ္တလားကိုလည်း အတီးလေ့ကျင့်စေတယ်။ နိုင်ငံခြားထွက်ခါနီး ရုပ်သေးဆွဲနည်း သင်ခိုင်းနေလို့ ဖေဖေရယ်... သမီး နောက်မှ ပဲ သင်တော့မယ်..လို့ ပြောရသေးတယ်။ တလောက အမေရိကန် မိတ်ဆွေက မြန်မာ့ ရုပ်သေးအကြောင်းမေးနေလို့.. အော် ... ဖေဖေ့ စကားနားထောင်ပြီး သင်ခဲ့ရင်... ကောင်းသားလို့ တွေးမိသေးတော့တယ်။

ဖေဖေနဲ့ ပါတ်သက်ပြီး စဉ်းစားလိုက်ရင် မကုန်နိုင်၊ မခန်းနိုင်တဲ့ ဖေဖေ့ ကျေးဇူးတွေက အများကြီး၊ တသီတသန်းကြီး ထွက်ပေါ်လာ စမြဲပဲ...။ ရေးလို့လည်း ကုန်နိုင်မယ် မထင်ပါဘူး။

ချစ်ဖေဖေ...ကျန်းမာ၊ ချမ်းသာစွာ တရားဘ၀နာပွားများနိုင်ပြီး၊ အသက်ရာကျော်ရှည်ပါစေ...။

သမီးလတ်
ခေတ္တ အဝေးတနေရာ

၁၀ - ဒီဇင်ဘာ - ၂၀၀၈

Thursday, October 16, 2008

Hubby! Happy Birthday, It's for U!

I met one charming guy around 1995-96 at Mandalay who became my lovely hubby in future. Actually, we were same batch University mates. But we've never talked before, back in University time even though we have seen each other around the University. I was from Electrical Engineering while he was from Petroleum Engineering.

We became closed friends when we were working together for Sedona Hotel Project, Mandalay after we've graduated. As per usual man-approaching method, he said that he sees me as his younger sister so he wants to treat me like one. He always helps me on everything I need and he is always there for me. He pretended that he would never fancy me. But he couldn't pretend any longer and he proposed me after 5 months we met.

He used to give me one beautiful red rose on every Thursday because both of us are on Thursday born. Sometimes, he gave it to me personally if nobody was around. Sometimes, he put it into my desk. I don't like red color rose but I like the rose from him. Most of the presents given to me are always red color and he said that his favorite color is red. Although red color is not really my favorite, I don't mind to get red color presents from him. Anyway, I also like him….I don't really know "what is love" but I am sure that I like him very much, especially on his being honesty, humble, being big heart, and sweet smile. Although I am aware that he won't be the most perfect person surrounded me.

Now, we have been married for 6years and going to be 7 years on this November. We still don't have any kids yet. He is still the same as before…..honest, humble, big heart and sweet smile. But I became to know some of his "bad" characters after we get married which I've never realized before. Sometimes, he is very forgetful person. Something like ….left his wallet in his office, left his hand phone in somewhere…etc. And he likes to have everything best of the best. No matter how expensive, he will get it for me or he will get it for himself too and he doesn't care about anything. He always has no worries and just an easy go happy person.

Occasionally, he would like to spend money on those stuffs like a watch, shoe, etc., which are usually very very expensive (as for me). Initially, I was very disappointed and don't understand why he wants to have such a branded stuff since we are just normal people and honestly....not high class - rich people. He also wanted to buy a car, which will definitely cost us a lot extra money in every month. So, I did totally disagree with him to buy a car and arguing with him that it was just wasting money. But finally, as usual and like always, I let him do what he likes to do……because, he is my only and one hubby and I don't want him to be upset but only to be happy.

Actually, he isn't only my hubby but also my partner, my brother, my friend, my teacher, my father and my son. According to circumstances, he behaves different characters in my life since we are away from our family's members. He also treats me as different characters since he also needs me in different ways. Most importantly, we fill each other needed in anytime and anyway. We valued each other and treasured each other everyday and every possible moment.

One of the his precious characters I like and very rare to find in this world is……He is very cool guy and he never gets angry easily. In short, his boiling point is very good while mine is poor. He seldom says bad things about others except he often scolds to those people whenever he thinks about Daw Aung San Su Kyi, Burmese political prisoners and Burmese people who are in a tragic plight. He is very kind to everybody whoever associates with him. Especially, he is very good in taking care of his subordinates and workers; no questions for that…of cause they like him very much too. But I think that some people are taking granted for his kindness. So I have to become bad person in order to protect him, sometimes.

My hubby also wants to travel around the world. He often follows and visits me the place, which I occasionally go for oversea work assignments. Whenever he sees planes, he always says that he wants to take that plane and flies somewhere to admire the scenery, season, culture, etc. When I said that you're always thinking how to spend money but never think how to save money then he didn't reply me anything but just smiling.

My angry or my worry is gone whenever I see his smile. That's my hubby and me.

16-10-2008, Thursday, 09:50 am

Sunday, June 1, 2008

ချစ်မေမေ


ဇွန်လ ၁ရက်နေ့...။ ဒီနေ့ မေမေ့ မွေးနေ့လေးပေါ့။
ဒီ ခဲပန်းချီပုံလေးက မေမေ အသက်၃၀ ကျော်ကျော် (စုချစ်ကိုမမွေးခင်) က ရိုက်ထားတဲ့ မှတ်ပုံတင်ဓါတ်ပုံလေးကိုကြည့်ပြီး လွန်ခဲ့တဲ့ ၁၈နှစ်လောက်က စုချစ်ဆွဲခဲ့တဲ့ ပုံလေးပေါ့။ ပြီးခဲ့တဲ့ အခေါက် ရန်ကုန်အိမ်ပြန်တော့ စုချစ်စာကြည့်စားပွဲအံဆွဲကနေ ပြန်တွေ့လို့ စင်ကာပူကို အမှတ်တရ ယူလာခဲ့တယ်။ အဲဒီဓါတ်ပုံလေးက စုချစ်အကြိုက်ဆုံး ဖေဖေ၊ မေမေတို့ရဲ့ ရှေးဟောင်းဓါတ်ပုံလေးတွေထဲက တခုပေါ့။ မေမေရဲ့ မျက်လုံးပြူးပြူး၊ ပါးဖေါင်းဖေါင်း၊ နှာတန်ချွန်ချွန်၊ နှုတ်ခမ်းစုစုလေးတွေက အဲဒီဓါတ်ပုံထဲမှာ အထင်းသားမြင်နိုင်တယ်။ တည်ကြည်ပြီး မာနကြီးတဲ့ မျက်နှာထားရယ်၊ မတရားတာမြင်ရင် ဘယ်သူ့ကိုမှ မကြောက်စတမ်း ရင်ဆိုင်မယ်ဆိုတဲ့ အင်အားရှိတဲ့ မျက်လုံးတစုံရယ်၊ မဟုတ်မမှန် စကားဘယ်တော့မှ မပြောတတ်တဲ့ နှုတ်ခမ်းစုစု တစုံရယ်က မေမေ့ကို ကိုယ်စားပြုတဲ့ သင်္ကေတတွေလေးတွေ ပေါ့။

မေမေရဲ့ အပျိုဘ၀က ဒန္တာရီဇာတ်လမ်းလေးတွေကို လူအများအပြားဆီက ကြားဘူးတယ်။ နင့်အမေက ဇတ်ဇတ်ကြဲ၊ အထိမခံ ရွှေပုဂံတဲ့။ သူ့လက်အောက်မှာ အလုပ်လုပ်တဲ့ သူတွေဆို သူ့များ ပြားပြားဝပ်ကြောက်ကြတာတဲ့။ မဟုတ်တာ မမှန်တာ ဘာမှမလုပ်ရဲကြဘူးတဲ့။ ယောင်္ကျားလေးတွေများဆို သူ့ကို ဘာမှတောင် ပြောရဲကြတာဟုတ်ဘူး တဲ့။ ဘယ်လိုလုပ်များ ယောင်္ကျားရသွားတယ်ဆိုတာ စဉ်းစားလို့တောင်မရပေါင်တဲ့လေ။

စုချစ်သိတဲ့ မေမေက သူများအပြောအဆို နည်းနည်းလေးမှ မခံရအောင်နေတတ်တဲ့ သူဆိုတာတော့ သိတယ်။ မေမေ့ရဲ့ အလိုလောဘနည်းမှုကြောင့် ဖေဖေ နိုင်ငံရေးကို အေးအေးဆေးဆေး လုပ်နိုင်တာ မှတ်မိတယ်။ ဘာကိုမှ ညည်းညူမနေပဲ ဖေဖေရှာပေးသမျှနဲ့ ရောင့်ရဲစွာနေနိုင်တတ်ခဲ့တာကို ချီးကျူးတယ်။ သမီး ၃ယောက်ကို အရိပ်တကြည့်ကြည့်နဲ့ ဒါပေမဲ့ အလိုမလိုက်ပဲ လိမ်မာရေးခြားရှိအောင် ထိမ်းသိမ်းနိုင်မှု၊ စွမ်းဆောင်နိုင်မှုအပေါ် လေးစားတယ်။

မေမေ့ရဲ့ အထူးခြားဆုံး စွမ်းရည်ကတော့ ဆူတာတောင်မှ လူချစ်အောင်ဆူတတ်တဲ့ နည်းလေးပေါ့။ မေမေ့ကို စွာတယ်လို့ ပြောတဲ့သူတွေဟာ ပါးစပ်ကသာ မေမေ့ကို အဲလို ပြောနေကြပေမဲ့ သူတို့မေမေ့ကို အရမ်းချစ်ခင်လေးစားကြတာ သူတို့ အမူအရာနဲ့တင် သိနေရတယ်။ မေမေ ဘယ်လိုများ စွမ်းဆောင်ပါလိမ့်...။

ချစ်မေမေ...ကျန်းမာ၊ ချမ်းသာစွာ တရားဘ၀နာပွားများနိုင်ပြီး၊ အသက်ရာကျော်ရှည်ပါစေ...။

သမီးလတ်
ခေတ္တ အဝေးတနေရာ