Thursday, October 9, 2008

ပြေး... အချစ်ရေ... ပြေး

Image from http://www.fotosearch.com/


ကျောင်းအစ်မကြီးဝိသာခါ အကြောင်းဖတ်ပြီးတော့ ငယ်ငယ်က အဖွားပြောတာတွေ သတိရမိတယ်။ ကိုယ်တို့မောင်နှမတွေမှာ မိန်းကလေးတွေက များတော့ မိန်းကလေးတွေဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတဲ့ အဖွားပြောတဲ့ စည်းကမ်းတွေကလည်းများသားပါ့။ အားလုံး... လိုက်နာသလားမေး... လစ်ရင်လစ်သလို... လည်သလို ကြည့်နေကြတယ်လို့ ဖြေရမယ်နဲ့တူတာပဲ။အဖွားရဲ့ စည်းကမ်းတွေထဲမှာ မိန်းကလေးတွေ အော်ကြီးဟစ်ကျယ် စကားမပြောရ မရယ်ရ၊ ပြေးလွှားမသွားရဆိုတာတွေလည်းပါသပေါ့။ သူတို့သမီးထွက်ရှာစဉ် ကျောင်းအစ်မကြီး ၀ိသာခါရဲ့ အိနြေ္ဒကြီးပုံဆိုတာလည်း အဖွားပြောပြဘူးခဲ့တယ်။ ကိုယ်တို့ မောင်လေးဝမ်းကွဲက ကိုယ်တို့ကို ဘယ်လို သြဘာပေးခဲ့လည်းဆိုတော့ ... နင်တို့လိုပုံမျိုးတော့ သေချာတယ်... ဘယ်သူမှ သူတို့သမီးကောက်ကြမှာ ဟုတ်ဘူးတဲ့လေ...။ သူပြောလည်းပြောစရာ... ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့ ... အယ်... ရွှေစုချစ်တို့က ဘာပြေးသလဲမေးပါနဲ့လား..ကွယ်ရို့...။

ငယ်ငယ်က လာသာ၂ မှာကျောင်းတက်တော့ ရထားကြီးစီးပြီး တက်ရတာ...။ ရထားက တခါတလေ ပုံမှန်ချိန်ထက် စောလာလို့ ခပ်လှမ်းလှမ်းကနေ ရထားလာနေတာတွေ့... ကိုယ်က ဘူတာရုံမရောက်သေး။ ကျောင်းလိုက်ပို့တဲ့ အဒေါ်က ထမင်းဘူးခြင်းတွေတို့လို့တန်းလန်းနဲ့ သူကိုယ်တိုင်လည်းပြေး... ပါးစပ်ကလည်း.... ဟဲ့... ကလေးတွေ ရထားမှီအောင်ပြေးကြ...ပြေးကြဆို...လွယ်အိတ်တွေ မနိုင်မနင်းလွယ်လို့ ခြေကုန်သုတ် အပြေးလိုက်ခဲ့ဘူးသပေါ့။ ရန်ကုန်မှာ ဘတ်စ်ကားစီးဘူးတယ်ဟုတ်...။ ကိုယ်က ဒီနေရာမှာ စောင့်နေတယ်ဆို... ကားက ဟိုနေရာ.. ခပ်လှမ်းလှမ်း မှာရပ်တယ်။ စပယ်ရာက ခပ်မြန်လေးလာလို့ ဆိုပြီး အော်ခေါ်ရာ အပြေးအလွှား သွားရတာ...။ အိတ်မှာ ဆင်မယဉ်သာလုပ်နေလို့ကတော့.... နေခဲ့ပေရော့ပဲ...။ ဒါမှမဟုတ်လည်း... ကိုကို စပယ်ရာတို့ရဲ့... အမလေး.. လှယဉ်ကျေးမယ်ရွေးပွဲလုပ်နေတာ မဟုတ်ပါဘူးဗျာ... ခပ်မြန်လေးလာကြပါလို့... အာပြဲသံကြီး ရောက်လာမှာ မလွဲပဲ...။ ပြီးတော့ရော.. ကားလမ်းကူးကြတာ အရှေ့အနောက် တောင်မြောက် ဘယ်ညာ ကိုယ့်ဖာသာကြည့်ပြီး အပြေးအလွှား ကူးကြရတာ...။ လူတွေ အများကြီး ပြေးပြေးလွှားလွှားကူးနေတဲ့ နေရာ ကိုယ်ပါရောပြီး ပြေးလွှားကူးပေါ့...။ ဒါမှ လိုရာမြန်မြန်ရောက်မယ်...။

တက္ကသိုလ်ရောက်တော့ရော... အထူးသဖြင့်... ပထမနှစ်မှာ အတန်း တချိန်ပြီးတိုင်း အပြေးအလွှားနဲ့ နေရာတွေ ဦးခဲ့ကြတာမှတ်မိနေတယ်။ Building 1 ကနေ Building 8 - Drawing အတန်းအကူးအပြောင်း တက်ရတဲ့ အချိန်တွေဆို ဘာပြောကောင်းမလဲ...။ လှေခါးကနေ တဒိုင်းဒိုင်းပြေးဆင်းကြတာပဲ။ တီစကွဲတွေ ယောက်ျားလေးတွေနဲ့ အပြိုင်လုပြီး သွားဌား..။ နောက်ကျလို့ နေရာက နောက်မှာထိုင်ရရင် ဆရာပြောတာတွေ သေချာမကြားရတော့ပဲ ကျူတိုရီယယ်ကြရင် ဒွတ်ခရောက်ရော...။ ဘယ်မှာ ဆင်မယဉ်သာလုပ်နိုင်ပါ့မလဲနော်...။ လုပ်တဲ့သူ မရှိဘူးတော့ မဟုတ်ဘူး..ရှိပါတယ်...။ တနေ့တော့ အိတ်လိုလှုပ်လီလှုပ်လဲ့ လမ်းလျှောက်တတ်တဲ့ သူငယ်ချင်း၁ယောက်နဲ့ (သူက..သူ့နောက်လိုက်နေတဲ့ လူကြီးတွေ ကြောက်လို့ အတန်းနားတဲ့အချိန် Physics Department မှာ စာအုပ်သွားယူစရာရှိလို့ အဖော်လိုက်ခဲ့ပေးတာခေါ်တာနဲ့... လိုက်ပေးတာ) အတူလိုက်လျှောက်ပေးရတာ။ ဒီကလောက် ကော်ရစ်တာ ဘယ်ညာမှာ ထောင်သောင်း မျက်လုံးတွေ စူးစိုက်ကြည့်နေတဲ့ကြား၊ သကောင့်သားတွေက... ဟေ့ဟား... အော်နေကြတဲ့ကြားမှာ သူက လှုပ်လီလှုပ်လဲ့ ကဗျာမမှီစာမပီ စတိုင်နဲ့ ဆင်မယဉ်သာလျှောက်နေတာ...ကိုယ်ကစိတ်မရှည်တော့ဘူး...။ ကဲ..နင်... လမ်းမြန်မြန် လျှောက်မလား... မလျှောက်ဘူးလား။ အိတ်လိုလုပ်နေရင် ကိုယ့်ဖာသာ နောက်ကလိုက်ခဲ့တော့...။ ငါ့ဖာသာ ရှေ့ကသွားနှင့်မယ်လို့ ရာဇသံပေးလိုက်တော့မှ... မရွှေစာက ကိုယ့်လက်မောင်းကို ဖက်ပြီး နောက်က တရွတ်တိုက်ပါလာတယ်။

အင်း... ခု...စလုံးရောက်လာတော့ရော...။ ကိုယ်အလုပ်စလုပ်လုပ်ခြင်းတုန်းက စီးနေကြ Express ကားက နာရီဝက် ၄၅မိနစ်ကြာမှ တစီးလာတာ...။ အိုးး...ဘတ်စ်ကားမှတ်တိုင် မရောက်သေးပဲ အိတ်ကားမြင်လိုက်လို့ကတော့ ... Forest ပြေး...ပြေး... ဆိုတာက အသာလေးပဲပေါ့...။ ဘတ်စ်ကား ဒရိုင်ဘာ ဦးလေးကြီးကလည်း ကိုယ်ပြေးလားတာတွေ့ရင် ရပ်စောင့်ပေးသဗျ...။ တလောက... ရုံးကနေ စောစော အပြန် ဘတ်စ်ကားစီးဖို့ ဂိတ်ကို ထွက်လာတုန်း ဟိုဖက် Department က မန်နေဂျာနဲ့ တွေ့လို့ သူကလည်း စောစောပြန်တယ်ဆိုပြီး ၂ယောက်သား စကားတပြောပြောနဲ့ ထွက်လာကြတာ..။ ကိုယ်တို့ စီးမဲ့ ဘတ်စ်ကားကြီးလာနေတာတွေ့တော့ ကိုယ်က မှီအောင်ပြေးတာပေါ့။ မဟုတ်ရင် တစီးလွတ်သွားရင် odd hour အချိန် မှာ နာရီဝက်လောက် စောင့်ရတတ်လို့...။ ဟာဟ... ကိုယ်က ရှေ့က... အိတ်မန်နေဂျာက နောက်ခပ်လှမ်းလှမ်းမှာရယ်... ။ ကိုယ်တို့ ပြေးလာတာတွေ့တော့ ဘတ်စ်ကားဆရာကြီးက စောင့်နေတာပေါ့...။ ကားပေါ်လည်းရောက်ရော.... နောက်မှရောက်လာတဲ့ အိတ်မန်နေဂျာကို ဘတ်စ်ကားဆရာကြီးက ဗလိုင်းကြီး ဆူပါလေရော...။ မိန်းကလေးက အရင်ပြေးပြီး တက်ရတယ်... မင်းက ဘာလို့ နောက်ကနေ ဖြည်းဖြည်းလေး လှုပ်လီလှုပ်လဲ့ လာတာလဲဆိုပြီး..။ ဟိဟိ..။ အိတ်လိုပဲ ... MRTစီးတော့လည်း လှေကားမတက်ခင် Display က ၁မိနစ်လို့ ပြထားရင် Excuse me လို့ ပြောပြီး escalator ကို ပြေးတက်တာပဲ...။

ရုံးအလုပ်နဲ့ ဂျပန်ကို ရောက်ခဲ့တုန်းက... မနက်.. မနက် ဘူတာရုံ အသွားမှာ ရုံးသွားဖို့ ထွက်လာတဲ့ ဂျပန်တွေတော်တော်များများဟာ... လမ်းရိုးရိုးလျှောက်တာထက် ပြေးပြီးသွားကြတာတွေ့ရတယ်...။ ဟိ... ကိုယ်ကလည်း သူတို့ နဲ့ အပြိုင်...လိုက်ပြေးတာပဲ...။ နောက်ပြီး... ဟိုးအရင် ပထမဆုံးအခေါက် US ကိုရောက်တုန်းက ကိုယ်သွားတဲ့ မြို့က State တွေအားလုံးမှာ အအေးဆုံးလို့ သတ်မှတ်ထားတဲ့ မြို့...။ အိတ်တုန်းက wind chill temperature (လေတိုက်ခတ်နှုန်းနဲ့ အအေးဓါတ်ပေါင်းသွားပြီး ရလာတဲ့ temperature ) -၃၀ နဲ့ -၄၀ ဒီဂရီ စီ လောက်ကို ကြုံခဲ့ဘူးတယ်။ ရုံးအပြင်က ကားပတ်မှာ ကားရပ်ပြီးရင် ...လာလေရော့... ကားကနေ ရုံးဆီကို တခါထဲ ဒိုင်ဗင်ထိုးချမတတ် ပြေးတော့တာပဲ...။

အင်း...မောင်လေးပြောခဲ့သလိုပါပဲ...။ ဒီလိုပုံမျိုးကို... ဘယ်သူကလာပြီး သူတို့သမီးကောက်မလဲပေါ့ကွယ်....။ ဒါပေမဲ့... ခစ်ခစ်ခစ်..................... ကံကောင်းလို့... ကျောင်းအစ်မကြီး ၀ိသာခါတို့ခေတ်မဟုတ်တော့လို့... ကောက်တဲ့သူကကောက်ခဲ့လို့.. တော်သေးရဲ့....။ ဟိ...

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

No comments: