Showing posts with label Talk. Show all posts
Showing posts with label Talk. Show all posts

Tuesday, May 22, 2012

From Undercover Boss to Recover Boss

အခု စင်ကာပူက channel 5 မှာ တနင်္ဂနွေ ည ၁၀နာရီကို US CBS Channel က Undercover Boss Series ပြနေတယ်။ တစ်ခါ နှစ်ခါ အမှတ်မထင် ကြည့်ရင်း သဘောကျတာနဲ့ပဲ အချိန်ရရင် ရသလောက် ကြည့်ဖြစ်တယ်။ ကြည့်နေရင်း ဘာကို သတိရသွားလဲဆိုတော့ ဒီ စီးရီးစ်ကို စရိုက်တဲ့ UK ကသူတွေ မြန်မာ့ရှေးပုံပြင်တွေ ဖတ်ဖူးတဲ့သူတွေ ဖြစ်ရမယ်လို့...။ ဘာလို့ဆို ရှေးက ပုံပြင်တွေထဲမှာ မြန်မာဘုရင်တွေလည်း ဆင်းရဲသားယောင်ဆောင်ပြီး တိုင်းပြည်ကို အဲသလိုလှည့်လည်ကြတာကိုးနော်...။ တိုင်းပြည်အနှံ့ လမ်းမှာ တွေ့သမျှ သူတွေဆီက တိုင်းရေး ပြည်ရေး သာရေးနာရေး စီးပွားရေး အမြင်တွေ လေ့လာတယ်။ သူ့တိုင်းသူပြည်သားတွေက သူ့ကို ဘယ်လို မြင်သလဲဆိုတဲ့ စုံစမ်းတယ်။ လူတွေ ရိုးသားမှု ရှိမရှိ ပညာရှိမရှိကြကိုလည်း စမ်းသပ်လိုက်သေးတယ်။ တိုင်းသူပြည်သားတွေရဲ့ ဝေဖန်အကြံပေးချက်တွေ ကနေ တိုင်းပြည်ကောင်းအောင် ဘယ်လို လုပ်ရမလဲ၊ သူ့အပေါ် ထားရှိတဲ့ အမြင်ကနေ သူကိုယ်တိုင်ရော ဘာတွေ ပြုပြင်သင့်သလဲဆိုတာ လေ့လာ သုံးသပ်တယ်။ ပုံပြင်ထဲက ပညာရှိတဲ့ ဘုရင်များ ပြောပါတယ်။ 

ကဲ... အခု ခေတ်သစ် Undercover Boss မှာလည်း company ပိုင်ရှင် Boss ကိုယ်တိုင်၊ ဒါမှမဟုတ် CEO ဒါမှမဟုတ် Upper Executive Level က သူတွေက တစ်ပတ်လောက် သူတို့ company တွေ ရဲ့ ရှိသမျှ လုပ်ငန်းခွဲတွေဆီကို လှည့်လည်သွားပြီး အလုပ်သမားတွေနဲ့ အတူ ဒိုးတူဘောင်ဖက် အလုပ်တွေ ၀င်လုပ်ကြရင်း ကိုယ့်လုပ်ငန်းအောက်ခြေမှာ ဘာတွေ ဖြစ်နေကြတယ် ဆိုတာကိုလည်း သုံးသပ်၊ အလုပ်သမားတွေရဲ့ ဘ၀တွေကိုလည်း ထဲထဲဝင်ဝင် လေ့လာကြတာ။ ဟော... ဟိုတုန်းက မြန်မာ ဘုရင်တွေလိုပဲ ဘုရင် က နန်းတော်ပြန်ရောက်တော့ သူနဲ့ လမ်းမှာ တွေ့ပြီး သူ ပညာစမ်းခဲ့တဲ့သူ ဒါမှမဟုတ် သူ့ကို ကူညီခဲ့တဲ့သူတွေကို ဆင့်ခေါ်ပြီး ဆုလဒ်တွေ ပေးသနားတာတို့ လုပ်လေ့ရှိသလို သူတို့ကလည်း သူတို့နဲ့ တွေ့ခဲ့ အတူတွဲလုပ်ခဲ့ရတဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပြီး ရာထူးတိုးပေးတာတို့ ဆုကြေးပေးတာတို့ လုပ်ကြတာ။ ဒါနဲ့... ပုံပြင်ထဲက ဘုရင်တွေ အကြောင်း ထားပါတော့။ အခုက ကင်မရာ သမားတွေ အများကြီး နဲ့ ဟိုရိုက် ဒီရိုက်လုပ်နေတာ အလုပ်သမားတွေ က မရိပ်မိဘူးလားဆို... Company ရဲ့ entry workers တွေ အကြောင်ီး Documentary မှတ်တမ်း ရိုက်တာလို့ ပြောပြီး ရိုက်ကြသတဲ့။ ဘယ်လို ဖြစ်ဖြစ် ဒီခေတ်သစ် ဘုရင် သူ့ တိုင်းပြည်ငယ်လေးကို လှည့်လည်တဲ့ အကြောင်း က စိတ်ဝင်စားစရာ အားရ၀မ်းသာ ဖြစ်စရာ သဘောကျစရာတော့ ကောင်းသား။ 

မရွှေစု သဘောကျတာလေး တစ်ခု ပြောရရင် ကြည့်လိုက်ရသမျှ စီးရီးစ်တွေမှာ ဒီလောက် ကျိကျိတက် ချမ်းသာလွန်းလှတဲ့ ဘော့စ်တွေ တော်တော်များများဟာ အင်မတန်ကို Humble ဖြစ်ကြတယ်။ အို... ဒါတော့ တကမ္ဘာလုံးကြည့်နေတဲ့ တီဗွီ ရိုက်နေတာကိုးလို့ ပြောချင်ရင်လည်း ပြောကြလိမ့်မယ်။ သို့သော် လူ့မျက်နှာ ခံစားချက်ဆိုတာ ဖုံးဖိလို့ ရတာမှ မဟုတ်တာကိုး နော်။ ဟန်ဆောင်မှု ဆိုတာ အနည်း နဲ့ အများတော့ ပေါ်နိုင်သေးတာကိုးနော်။ မရွှေစုကတော့ သူတို့ နာမည်ကြီးချင်လို့ လုပ်တယ်ပဲ ဆိုဆို ဒီလောက် တအား ချမ်းသာတဲ့သူတွေက ဒီလို အောက်ခြေကို ဆင်းပြီး Undercover လုပ်ကြည့်ဖို့ သဘောတူကတည်းက အမှတ်ပေးပြီးသား ဖြစ်နေပြီ။ 

ဘော့စ်တွေဟာ အောက်ခြေ သိမ်း အလုပ်တွေဖြစ်တဲ့ ပစ္စည်းထမ်းတာတို့၊ ကားရေဆေး၊ အိမ်သာဆေး၊ အမှိုက်သိမ်း၊ ဆေးသုတ်၊ စက်ပြင် စသဖြင့် တော်တော်များများကတော့ Company ရဲ့ Operators အလုပ်နဲ့ Technicians အလုပ်တွေ ကို ၀င်လုပ်ကြတယ်။ Great Wolf Resorts က အမျိုးသမီး ဘော့စ် Kimberly ဆိုရင် သူ့ resort ရေကူးကန်ထဲက ချေးတုံးကိုတောင် ကြုံးလိုက်ရသေးတယ်။ အဲသလို ကိုယ့်လုပ်ငန်းခွဲတွေဆီမှာ တစ်ပတ်ကြာအောင် တစ်ရက် ကို တစ်ခု ၀င်လုပ်ရင်း အလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ ကိုယ့် လုပ်ငန်း တိုးတက်စရာ၊ နှောင့်နှေးစရာ အကြောင်း အချင်းအရာတွေ၊ စတဲ့ အဆိုး အကောင်း မှန်သမျှ အကျိုး အကြောင်းတွေကို လက်တွေ့ မြင်ကြရတယ်။ လုပ်ငန်းအတွက် ဒီထက်မက အဆင်ပြေအောင် ဘာတွေဆောင်ရွက်နိုင်မလဲဆိုတာကိုလည်း သိလာရတယ်။ မရွှေစု အမြင် အကျိုးကျေးဇူး အဖြစ်ဆုံးကတော့ ကိုယ့် လုပ်ငန်း တိုးတက်အောင်မြင်စေရန် တစ်ထောင့် တစ်နေရာက ပါဝင်လုပ်ဆောင်နေတဲ့ အခြေခံအလုပ်သမား လူတန်းစားတွေရဲ့ ဘ၀ကို စာနာ နားလည် သွားနိုင်မှုပဲ။ အခြေခံ အလုပ်သမား လူတန်းစား အများစု အင်အား ပါဝင်မှု မရှိပဲ ဘယ်လုပ်ငန်းမှ ရည်ရှည် အောင်မြင်အောင် ရပ်တည်နိုင်မယ်မထင်ဘူး။ 

 တချို့ ဘောစ့်တွေဆိုရင် ဒီ အလုပ်သမားတွေရဲ့ ဘ၀ နဲ့ နေ့စဉ် ရုန်းကန်နေရတာတွေကို တအံ့တသြ ကြည့်ပြီး တော်တော်လေး emotional ဖြစ်ကြတယ်။ ဖြစ်လဲ ဖြစ်စရာကိုးနော်။ သာမန် အောက်ခြေ အလုပ်သမားတစ်ယောက်ရဲ့ ဘ၀နဲ့ သူတို့ ဘ၀ နှိုင်းယှဉ်လို့ မှ မရတာလေ။ သူတို့တွေ အနေနဲ့က အရမ်းချမ်းသာတဲ့သူတွေ၊ အနည်းဆုံးတော့ ငွေရေး ကြေးရေးနဲ့ ပါတ်သက်ပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေနေတဲ့သူတွေ၊ ရတဲ့ လစာ ဆိုတာကလည်း ပြောမနေပါနဲ့တော့ Direct TV က CEO ဆို အခြေခံလစာ 15 Million နဲ့ Stock Options ကြီးပဲကိုက ၃နှစ်ကို 25 Million ရသတဲ့။ တချို့ ဘော့စ်များ သူတို့ဘ၀မှာ အလုပ်ကြမ်းဆိုတာ ဘာကိုမှ လုပ်ခဲ့ဖူးဟန်မတူဘူး။ လောကမှာ လူဆိုတာ ကိုယ့်ထက် နိမ့်ကျတဲ့သူ မြင်ရရင် ကရုဏာ ဖြစ်လွယ်ကြတာမို့ သူတို့ အလုပ်သမားတွေ ပင်ပင်ပန်းပန်း ရုန်းကန်နေကြရတာကို မြင်ရတဲ့အခါ သူတို့ ဘ၀နဲ့ အဟ ကွာ လွန်းတော့ သနားမိတာ သဘာဝကျတယ်လို့ပဲ မြင်တယ်။ တချို့ Viewer တွေ သုံးသပ်သလို ရုပ်ရှင် ရိုက်နေတာမို့ ဟန်လုပ်နေတယ်လို့ ကိုယ်တော့ မယူဆဘူး။ 

မရွှေစု က အမှန်ပြောရရင် မျက်ရည်လွယ်တတ်တဲ့သူ။ သူတို့က ကိုယ့်ထက်တောင် မျက်ရည် ပိုလွယ်နေကြသလိုပဲ။ ကိုယ်မျက်ရည် လွယ်တာကို ရှက်နေတာ... သူတို့ကို ကြည့်ပြီး... ဟာ... ဒီလောက် ချမ်းသာ ဒီလောက် အောင်မြင်နေတဲ့ သူတွေတောင် မျက်ရည် လွယ်ကြသေးတာ... ကိုယ်က ဘာဟုတ်သေးလဲလို့တောင် တွေးမိတော့တယ်။ အမျိုးသမီး ဘော့စ် ကင်ဘာလီဆိုရင် သူ့ အလုပ်သမားနဲ့ စကားပြောရင်း ဟိုကငိုတော့ သူပါ ရောငိုတာ။ တနေ့ညက ပြသွားတဲ့ Lucky Strike Lanes က ဘော့စ်ဆိုလည်း သူ့ အမေအကြောင်းပြောပြရင်းလည်း ငို၊ အလုပ်သမားကို သနားလို့ ငို... ဟင်း... ဘာငိုသလဲ မမေးပါနဲ့။ အဲဒီတော့ ကိုယ့်မလဲ သူတို့ကြည့်ရင်း တစ်ရှုးလေး တတို့တို့နဲ့ပေါ့။ 

ထူးထူးခြားခြား undercover ဆိုပြီး cover ပျောက်သွားတဲ့ ဘောစ့်တစ်ယောက်လဲ ရှိသေးတယ်။ သူကတော့ Belfor က ဘောစ့်။ သူ့ company က disasters ခံထားရတဲ့ အဆောက်အအုံ တွေကို ပြင်တာတွေ ပြန်ဆောက်တာတွေ လုပ်တာ။ အဲသမှာ သူနဲ့ အတူ တွဲလုပ်နေတဲ့ အလုပ်သမား cleaning technician ကနေ water technician ကို ရာထူးတိုးခဲ့တာ တစ်နှစ်နီးပါးရှိပြီ။ ဒါပေမယ့် လစာတော့ လုံးဝမတိုးဘူးဆိုပြီး ပြောပြတော့ တအား သနားသွားတယ်နဲ့ တူရဲ့...။ ဘော့စ်မှန်း မသိအောင် ဆံပင်တုတတ် ရုပ်ဖျက်ထားတာတွေ ဆွဲဖြုတ်လိုက်ပြီး မင်းကို ခုချက်ချင်း လစာ တိုးပေးမယ်။ ငါဟာ မင်းရဲ့ CEO ပဲ ဆိုပြီး ပြောထည့်လိုက်ရော။ 

ထုံးစံအတိုင်း တချို့ သူ တွေက ကဲ့ရဲ့ ကြတာပေါ့နော်... ။ ဒီ ပရိုဂရမ်ဟာ supposed to be undercover ဖြစ်ရမှာ၊ မလိုတာ အပိုတွေ လျှောက်လုပ်တယ် ဘာညာပေါ့။ တချို့ Viewer တွေကြတော့လည်း တမျိုး ပြောပြန်တယ် ... ဘော့စ်တွေက သူတို့နဲ့တွေ့ခဲ့တဲ့ အလုပ်သမားအတွက်ပဲ ဆုကြေးတွေ အခွင့်အရေးတွေဖန်တီးပေးတာ... အဲသလို အလုပ်သမားမျိုးက ရာချီပြီး ရှိနေတာရော ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေ။ ကိုယ်မြင်သလောက်တော့ ဒီ ပရိုဂရမ်ကို ရိုက်တဲ့ အဓိက ဦးတည်ချက် ရည်ရွယ်ချက်မှာ ဘော့စ်တွေဟာ သူတို့ လုပ်ငန်း တိုးတက်အောင် ဘယ်လို လုပ်သင့်သလဲ၊ သူတို့နဲ့ အလှမ်းကွာလွန်းတဲ့ လုပ်ငန်းအောက်ခြေမှာ ဘာချွတ်ယွင်းချက်တွေ ရှိနေသလဲ၊ အခြေခံ လူတန်းစား အလုပ်သမားတွေရဲ့ ဘ၀တွေကရော ဘယ်လိုနေကြမလဲ ဆိုတာ စုံစမ်းချင်လို့ ဒီ ပရိုဂရမ်မှာ ၀င်လုပ်ကြတာ။ ဘာပဲ ဖြစ်ဖြစ် ဒီ ပရိုဂရမ်ကြောင့် အလုပ်သမားတွေရဲ့ ဘ၀ အခြေအနေ တစ်စိတ်တစ်ပိုင်းကို ဟိုးထိပ်ဆုံးက ဘော့စ်တွေ သိသွားရင် အမြတ်ပဲ မဟုတ်လား။ 

ဘော့စ်က သူနဲ့ အလုပ်အတူ လုပ်ခဲ့တဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပြီး သူဟာ သာမန် အလုပ်သမား မဟုတ်ကြောင်း၊ ဒီ Company ရဲ့ ဘော့စ် ဖြစ်ကြောင်း ဖွင့်ပြောတဲ့ အခန်းကတော့ ဒီ စီးရီးစ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပဲ။ လုံးဝ မမျော်လင့်ထားတာ တွေ့ရ သိလိုက်ရလို့ အလွန်အမင်း ထိတ်လန့် အံ့သြ သွားကြတဲ့ အလုပ်သမား တွေရဲ့ reaction တွေက စိတ်ဝင်စားစရာ ကောင်းတာကိုးနော်။ ဘော့စ်က သူတို့အတွက် ဆုကြေးတွေ အခွင့်အရေးတွေ ဖန်တီးပေးလို့ ပျော်လည်းပျော်၊ ပြီးတော့ ၀မ်းနည်း ၀မ်းသာဖြစ်ကြ။ 

နောက်ဆုံး အခန်းကတော့ Company မှာ ရှိတဲ့ တခြား ၀န်ထမ်းတွေ အလုပ်သမားတွေအားလုံး ဖိတ်ပြီး Undercover လုပ်တဲ့ တစ်ပတ် အတွင်း သူ ဘယ်လို ခံစားရတယ်ဆိုတာလည်း ဘော့စ်က ပြန်ပြောပြတယ်ပေါ့။ ပြီးတော့ ဒီလုပ်ငန်းကြီး အောင်မြင်စေရန် လုပ်ဆောင်နေကြတဲ့ သူ့ ၀န်ထမ်းတွေ အလုပ်သမားတွေကို ကျေးဇူးတင်ကြောင်း၊ သူ့ Company အောက်က အလုပ်သမား တစ်ဦးချင်းစီဟာ သူ့မိသားစုဝင်တွေပဲဖြစ်ကြောင်း ဒါကြောင့် ဒီအလုပ်သမားတွေရဲ့ လူမှု ဖူလုံရေး၊ အလုပ်သမား အခွင့်အရေးကို တတ်နိုင်သမျှ အပြည့်အ၀ တာဝန်ယူမယ် ဖြစ်ကြောင်း စသဖြင့် ပြောကြ ဆိုကြပေါ့လေ။ လူတိုင်းရဲ့ မျက်နှာတွေဟာလည်း ပြုံးလို့...။ အလုပ်သမားတွေကလည်း သူတို့ အပင်ပန်းခံ အလုပ်လုပ်ခဲ့ကြတာ အသိအမှတ်ပြုခံရတဲ့ အတွက် ပျော်ကြလို့...။ အားလုံးဟာ အလုပ်ကို ပိုခင်တွယ် ပိုချစ်မြတ်နိုးတဲ့ စိတ်ထားတွေ ဒီထက်မက တိုးပြီး ကြိုးစားလုပ်သွားအုံးမယ် ဆိုတဲ့ မျက်နှာထားတွေနဲ့... ပေါ့။ 

ဘာပြောကောင်းမလဲ မရွှေစုတို့လည်း ဒီ ပရိုဂရမ်ရဲ့ နောက်ဆုံးပိုင်းကို ရောက်ရင် တစ်ရှုးဘူးလေးပိုက်ပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့...။ သူတို့အစား ၀မ်းနည်း ၀မ်းသာကို ဖြစ်လို့... ဒါနဲ့ မျက်ရည်တွေကြားက ဆုတောင်းလိုက်သေးတယ်...။ မြန်မာနိုင်ငံက အလုပ်သမားတွေ ... အို... ကမ္ဘာပေါ်က အလုပ်သမားတိုင်း အလုပ်သမား အခွင့်အရေးတွေ အမြန်ဆုံး အပြည့်အ၀ ရကြပါစေလို့ ... ။

မျက်စိစုံမှိတ်ပြီး မသိချင်ယောင်ဆောင် အမှောင်တိုက်ထဲ ရောက်နေတဲ့ ဘော့စ်တွေလည်း Recover မြန်မြန်ဖြစ် အလင်းရလို့ လုပ်သားများရဲ့ ဘ၀ကို နားလည်စာနာ အမှန်မြင်ကြပါစေလို့... ။ 

ကိုးကား။ 
Undercover Boss (U.S. TV series) episodes

Friday, November 11, 2011

ချစ်ပါကွယ် ... လား... လား... လား...

မရွှေစုတို့ ငယ်ငယ် အပျိုပေါက် အရွယ်လောက်က ရပ်ကွက်တွေထဲမယ် တန်ဆောင်တိုင်တွေဆို အလွန်အင်မတန်စည်ကားတယ်။ သီတင်းကျွတ်မှာသာ သိပ်မစည်ကားရင် နေမယ်။ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကိုတော့ နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိကြတယ်။ တချို့နှစ်များဆို ၁၃လမ်း အောက်လမ်းမှာ လုပ်တဲ့ ဆရာဦးဘဂျမ်း ကာတွန်း ပြပွဲကို အတုခိုးပြီး ကာတွန်းတွေကို မီးပုံးတွေနဲ့ အတူ ချိတ်ကြတယ်။ တန်ဆောင်မုန်းလပြည့် မကျော်ခင် ကျင်းပရတဲ့ ကထိန်ပွဲ ဒါမှမဟုတ် ဆွမ်းသိမ်းပွဲ အကြောင်းပြလို့ ဆိုင်းသွင်းတဲ့ အခါ သွင်း၊ အငြိမ့်တို့၊ ဇာတ်ပွဲတို့ ဋ္ဌားပြတဲ့အခါ ပြ၊ မိုးအလင်း ရုပ်ရှင်တွေ ပြတဲ့အခါ ပြ၊ အဲသာတွေမှ မလုပ်ဖြစ်ရင် အနည်းဆုံးတော့ ရပ်ကွက် အလိုက်၊ တချို့ လမ်းတွေ အလိုက် လူငယ်တွေစုပြီး ဘောလုံးကွင်းလို ဒါမှမဟုတ် ကျောင်းဝင်းတွေထဲက ကွက်လပ်မျိုးလို နေရာတွေမှာ စင်တွေထိုးပြီး တေးသရုပ်ဖော် သီချင်းတွေ နဲ့ ဆိုကြ ကကြလေ့ရှိတယ်။

အို ... မရွှေစုတို့ အိမ်နား အဲသလို ပွဲရှိတဲ့ နေ့ဆို မုံ့ဆိုင်လေးတွေဆိုတာများ ဘူတာရုံလမ်းမတစ်လျှောက်ကနေ ပွဲခင်းရှိတဲ့ မူလတန်းကျောင်းက ကွင်းပြင် အထိ အရောက် လမ်းအပြည့်ခင်းထားတာပဲ။ အသုတ်စုံ၊ မုံ့ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အမဲအူပြုတ်၊ ၀က်သားတုတ်ထိုး၊ အကြော်စုံ၊ ကောက်ညှင်း ကျည်ထောက်၊ မုံ့လေပွေ၊ ဘိန်းမုံ့၊ မုံ့လင်မယား၊ ရေမုန့်၊ စုံလို့ စုံလို့..။ ပြီးတော့ မဟာဗန္ဓုလ စစ်သူကြီး ဦးထုတ်တွေနဲ့ ဘောလုံးတွေ၊ ပလုတ်တုတ် ချိုးရုပ်စတဲ့ ကလေးကစားစရာ မျိုးစုံ ရောင်းတဲ့ဆိုင်တွေ... စသဖြင့်။

မရွှေစုက အစားတော့ မမက်ဘူး။ ပွဲတော့ မက်တယ်။ မရွှေစုတို့ ငယ်ငယ်က အဖိုး အဖွားတွေနဲ့လည်း နေရ၊ မိသားစုကလည်း ရှေးဆန်ကြတော့ ရပ်ကွက်ထဲက ပွဲတွေ ကို လူတွေနဲ့ ရောရောနှောနှော ကြည့်ခွင့် မပေးချင်ဘူး။ ရပါတယ်။ ကြည့်ခွင့်မပေးတော့ ဒီလိုပဲ အိမ်နားကလူတွေနဲ့ ကပ်လိုက်သွားပြီး တခါတခါ ရသလောက်လေး ခိုးကြည့်ရတာပေါ့။ ခိုးကြည့်လို့ မရလဲ မူလတန်း ကျောင်းဝင်းထဲ ပွဲလုပ်တဲ့ ဇာတ်စင်က အိမ်နဲ့ နီးနီးလေးဆိုတော့ သီချင်းသံတွေက ကြားနေရတယ်ရယ်ကိုး။ အဲဒီ အချိန်က တတ်နိုင်ရင် မရ ရအောင် ခိုး ပြီး သွားကြည့်ဖြစ်တာ ရပ်ကွက်ထဲက လူငယ် လူရွယ်တွ ကတဲ့ တေးသရုပ်ဖော် အကတွေပေါ့။ ကျော်ရဲအောင်ဆိုရင် ရုပ်ရှင်မင်းသား မဖြစ်ခင်က ရပ်ကွက်ထဲက စင်တွေမှာ အဲသလို တေးသရုပ်ဖော်တွေ ကခဲ့တဲ့သူပေါ့။

အဲဒီခေတ်က သူတို့ တေးသရုပ်ဖေါ်ကခဲ့တဲ့ နာမည်ကျော် သီချင်းတွေက သိသလောက် ဘိုဘိုဟန် သီချင်းတွေ၊ သန်းနိုင်၊ ပုလဲ သီချင်းတွေ၊ နွဲ့ယဉ်ဝင်း၊ စိုးပိုင် သီချင်းတွေ ဆိုတာ ခုထက်ထိ မှတ်မိနေတယ်။

နီနီ...ညိုညို ခေါ်တယ်... ကောင်မလေး ၂ယောက်ရှိတယ်။ ခင်ပါ မင်ပါ ဘာညာ ဒီလိုနဲ့ သိခဲ့ပြီးတော့ ...ပြီးတော့ ပြီးတော့.... ထို့နောက် ထို့နောက်ပါ....
အဲသာကို ကောင်မလေး ၂ယောက်က အညိုရောင်နဲ့ အနီရောင် အင်္ကျီတွေ ၀တ် ပြီး အလယ်က ကောင်လေးက အဖြူရောင် ပရက်စလေလို ၀တ်ပြီး သရုပ်ဖော်ကတယ်။

ဟေ့.. ကောင်မလေး ...ကမ္ဘာပေါ်မှာ မြန်မာဆိုတာ အယဉ်ကျေးဆုံး တိုင်းပြည် တစ်ခုပါ။ လိမ်လိမ်မာမာ ဆရာ မိဖ စကားကို ရိုးရိုးသားသား နားထောင်စေချင်တာ စေတနာ... တော်စမ်းပါ.... တော်နိုင်ဘူးလေကွာ... မသိရင် ခက်မှာ....
အဲသာကိုတော့ ကောင်လေးနဲ့ ကောင်မလေး စုံတွဲ ဟန်ပါပါ သရုပ်ဆောင်ကြတယ်။

ရည်းစား၂ယောက်လောက် ထားပါ အတော်ပဲ။ တစ်ယောက်ယောက်နဲ့ ကွဲရင် အဖော်ရှိမယ်။ ဦးဘညွန့်ရဲ့ ချစ်ဒုက္ခကို မသိလား။ ခုပဲ ချစ်လိုက် ခုပဲကြိုက်လိုက် ခုပဲ မုန်းလိုက် ချစ်တယ်ဆိုတဲ့ ကော်မလေးတွေ မယုံပါနဲ့ ဟေ့...ဟေ့...ဟေ့...
အဲသာကိုတော့ ကောင်လေး တစ်ယောက်က လိမ်ကောက်ပြီး ကပြတယ်။

ဝိုင်းဝိုင်း စက်စက် ၀လုံးကို ရေး ... အမေ့ကျောင်း အတူသွားမယ်.... ဖိုးလမင်းက လမ်းပြပါ... အနောက်ကလိုက်လို့...ကျောင်းတက်မှာ....
အဲသာကတော့ ကလေးမလေး တစ်ယောက်က သရုပ်ဖော် က တယ်။

မယုံဘူးလား နားရွက်ဆွဲပြီး ထထိုင်လို့ ခိုင်းစမ်းပါနော်ကွယ်...
အမယ်.... အဲဒီ စုံတွဲသီချင်းဆို ကောင်လေးက တကယ် နားရွက်ဆွဲ ထိုင်ထ လုပ်ပြလိုက်သေး။

ပြောရရင်တော့ သီချင်းတွေကို အများကြီးပဲ။ အဲဒီထဲမယ် အခုထက်ထိ မှတ်မိနေတဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ်။ အဲဒီတုန်းကများ မှတ်ဉာဏ်က ဘာကောင်းသလဲ မမေးပါနဲ့။ သီချင်းတွေကလည်း ဆိုလွယ်တေးတွေ များတော့ သီချင်း တစ်ပုဒ် တစ်ခါ နားထောင်ပြီးရင် ဆိုလို့ ရနေပြီတော့။ အဲသမှာ ညတုန်းက ကပွဲမှာ ခိုးကြည့်ခဲ့တဲ့ သီချင်းလေး နားထောင်လို့ကာင်း၊ ဆိုလို့ ကောင်းတာနဲ့ နောက်တနေ့ မနက်ထိ အိမ်မှာ ပန်းကန်ဆေးရင်း ကြမ်းတိုက် တံမြက်လှည်းရင်း ညည်း... ညည်းနေမိတာ လူကြီးတွေ ကြားတော့ သမ္ဖပလာပ ပေါက်ကရတွေ ဆိုတယ် ဆိုပြီး အဖွား ခေါက်တာခံရ၊ ကြီးဒေါ်အပျိုကြီးကတော့ မိန်းခလေးတန်မဲ့ ဒီလိုသီချင်းမျိုးဆိုပြီး ရွချင်အုံးဟဲ့ ဆိုပြီး ပေါင်တွင်းကြော လိမ်ဆွဲတာ ခံရ။

မရွှေစုကလည်း ဆိုနေမိတာ သီချင်းမှာ တချို့စာသားတွေကို ၀ါးဝါးချ၊ ထပ်ကာထပ်ကာ ကျော့ပြီး ဆိုနေမိတဲ့ အပိုဒ်က ... ဒီလို။
မင်းအသက်က သိပ်မငယ် ဘာများတွေးနေလဲ...
၁၆နှစ်ထဲတောင် ၁ရက်လျှော့နေတယ်...

ချစ်ပါကွယ် ... လား...လား...လား...

မချစ်နိုင်ပေါင်... သွား... သွား...သွား....

ဟီး... ကိုယ်ကလည်း အဲဒီတုန်းက ၁၃-၁၄-၅ နှစ် အရွယ် ဆိုတော့ လူကြီးတွေက ဆဲတော့ မပေါ့... နော့လေ။

အဲဒီ သီချင်း ခေါင်းစဉ်၊ ရေးတဲ့သူ၊ မူရင်းဆိုတဲ့သူတွေတော့ သေချာ မမှတ်မိဘူးဖြစ်နေတယ်။ နောက်ပိုင်း ပိုးအိစံ တို့ ပြန်ဆိုထားတဲ့ အထဲက သီချင်း တစ်ပုဒ်လုံး ကူးရေးပေးလိုက်ပါတယ်။

(မကြာခင် သီတင်းကျွတ်တော့မယ်...
မင်းနဲ့ အတူ နေရာစုံအောင် ....လျှောက်လည်ချင်တယ်...

ဖြည်းဖြည်း ပြောကွယ် ... စိတ်ကူးလွန်ပြီး မောင်မောအုံးမယ်....
လက်ထပ်ဖို့ အရေး .... မတွေးချင်ပါတယ်....)

(ချစ်ပါကွယ် .... လား...လား...လား...
ချစ်နိုင်ပေါင် သွား.. သွား..သွား...)

(မင်းအသက်က သိပ်မငယ် ဘာများတွေးနေလဲ...
၁၆နှစ်ထဲတောင် ၁ရက်လျှော့နေတယ်
မိုးကြိုးပစ်လိမ့်မယ် ညာပြီး ပြောနေရင်
မိုးကြိုးကြီး ပစ်ပါစေ အမှန်အတိုင်းပြောနေတာ... ဟာ...
ဒီလိုပုံ မငြင်းနဲ့ သူများကြားရင် ရီနေမယ်
မိန်းမသားမို့ သိပ်ခက်တယ်.... စဉ်းစားလွန်းမှ တော်နိုင်မယ်
ကိုယ့်အကြောင်းလည်း မင်းအသိနဲ့ စိတ်ညစ်လှချည်ရဲ့
အိုး... မောင်... စိတ်ကြိုက်သာ စီစဉ်ပါ... လိုက်လျောရမှာပါ
ဒီလောကမှာ ဒီတစ်ခါ အပျော်ဆုံးပဲ... မေရာ)


ChitParKwe PoeEiSan


ကိုင်း ... ခုများတော့ အနားမှာ ခေါင်းခေါက်မယ့်သူတို့ လိမ်ဆွဲမယ့်သူတို့ မရှိတုန်းလေး ဟစ်လိုက်အုံးမယ်....

အို ...ဘာတဲ့... ချစ်ပါကွယ်... လား...လား...လား......။

**************

Wednesday, August 31, 2011

ချစ်သော ဘလော့ကာများ

ချစ်သော ဘလော့ကာများ

ဘလော့ကာ သူငယ်ချင်းများ၊ အစ်ကို၊ အစ်မများ၊ မောင်လေး၊ ညီမလေးများနှင့် စုချစ်သူ ဘလော့သို့ အလည်အပတ်လာသူများ အားလုံး သို့....

စုချစ်သူ ရေးသမျှ ဆိုသမျှ စာများ ပုံများ သီချင်းများ အတွက် ချစ်ခင်စွာ ကော်မန့် ရေးပေးသူများ နှင့် ဘလော့မှာ ခြေရာ လက်ရာ ချန်မထားခဲ့သော်လည်းပဲ စုချစ်သူ ဘလော့ကို အမြဲတမ်း ဒါမှမဟုတ် အမှတ်မထင် ဒါမှမဟုတ် မတော်တဆ ဒါမှမဟုတ် ကြုံကြိုက်လာလို့ လာရောက် အားပေး ဖတ်ရှုသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေရန် ၂၀၁၁ခု ဘလော့ဒေး အမှတ်တရ ဦးစွာ ပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်နော်။

၂၀၀၆ ခုနှစ်မှ စပြီး ဘလော့တွေကို လည်ပတ် သွားလာ ဖတ်ရှုခဲ့ကာ ၂၀၀၇ ကစလို့ ကိုယ်ပိုင် ဘလော့လေး ဖန်တီးခဲ့ပေမယ့် ခုချိန်ထိ ကိုယ်ချစ်သော ဘလော့ကာများ၊ စာဖတ်သူများနဲ့ တရင်းတနှီး ရှိမနေသေးတာ အပြစ်တစ်ခုလို ကိုယ့်ကိုယ်ကိုယ် ယူဆမိပါတယ်။ အဲဒီအတွက် တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ဆိုသလိုပဲ... ကိုအောင်(ပျူနိုင်ငံ)က ဘလော့ဒေးအတွက် တဂ်လာတော့ ကိုယ်ဖတ်ရှုခဲ့တဲ့ ဘလော့များ အကြောင်းနဲ့ ချစ်ခင်လေးစား အားကျရတဲ့ ဘလော့ကာများ အကြောင်း မှတ်မိသိရှိ ခံစားမိသလို ပြောချင်ပါတယ်နော်။

ရှေးဦး ဘလော့ကာများထဲက ဒီနေ့ ဒီအချိန်ထိ မှတ်မှတ်ရရ နှစ်သက် လေးစား သဘောကျမိတဲ့ ဘလော့ကာ တစ်ဦးကတော့ ကိုညီလင်းဆက် ဖြစ်ပါတယ်။ သုတ ရသ စုံနေတဲ့ သူရေးတဲ့ ဘလော့ပိုစ့်တိုင်းဟာ အနုပညာမြောက်တယ်လို့ ခံစားမိတယ်။ မြန်မာပြည်က ထွန်းပေါက်လာမယ့် မျိုးဆက်သစ် သုတ ရသ အနုပညာရှင် တစ်ယောက်အနေနဲ့ သူ့ကို မျှော်လင့် အားထားမိတယ်။ သူဟာ တစ်ခါတရံ လူငယ်ဘာဝ အနည်းငယ် စိတ်တို စိတ်ဆတ်တတ်တာတွေ ရှိပေမယ့် သူ့ရေးတဲ့စာတိုင်းမှာ သူ့ message တွေတိုင်းမှာ ရိုးသားတဲ့ စေတနာ တစ်ခု ပါဝင်နေတာ တွေ့ရတယ်။ အဲဒါလေးဟာ မရွှေစုအတွက် သူ့အပေါ် မချစ်ခင် သဘောမကျပဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ဒီကနေ့မှာ သူဘလော့လေး ဆက်လက် အသက်မ၀င်တော့တဲ့အတွက် အတော် နှမျော မိတယ်။ သတိရတိုင်း သူများ ပြန်လာမလား မျှော်နေမိတယ်။ ကိုညီလင်းဆက် ဘလော့ပြန်ရေးပါစေလို့ ဆုတောင်း မေတ္တာပို့သပါတယ်။ ကိုညီလင်းဆက်ကနေ တဆင့် သိရှိပြီး အားပေးခဲ့ရတဲ့ ဘလော့ကာများကတော့ ဓါတ်ပုံဆရာ ကို မောင်လှ ဘလော့နဲ့ အာခီတက် အနုပညာရှင်ကိုသခင်ကြီး ဘလော့တွေပဲ ဖြစ်ပါတယ်။ အဲဒီကနေ ကို မတ်(ခ်) ရဲ့ ဘလော့ ပရိတ်သတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုညီလင်းဆက်၊ ကိုမောင်လှ၊ ကိုစေတန်ဂေါ့ စတဲ့ ရှေးဦး ဘလော့ကာများရဲ့ ဘလော့လုပ်နည်း လမ်းညွှန်ချက်နဲ့ မရွှေစု ဘလော့ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။

မြန်မာစာကို မြတ်နိုးတဲ့ မရွှေစု အတွက် ချစ်ရတဲ့ ဘလော့ကာ နောက်တစ်ဦးကတော့ မမေ ( မေဓာဝီ ) ပဲ ဖြစ်ပါတယ်။ ကိုပြူးကျယ်သို့ ပေးစာများ ဆိုတဲ့ စာစုတွေနဲ့ သူ့ ဘလော့ရဲ့ ပရိတ်သတ်ဖြစ်ခဲ့ရတယ်။ မမေရဲ့ စာပေစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်ကို လေးစားတယ်။ သူ့ အရေးအသားလေးတွေနဲ့ မြန်မာဆန်မှုလေးတွေကိုလည်း ချစ်တယ်။ မမေဟာ မြန်မာစာကို ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ နဲ့ လိုရင်းကို ထိထိမိမိ ကျစ်ကျစ်လစ်လစ် ရေးတတ်သူဖြစ်တယ်။ မမေလိုပဲ မြန်မာစာလေ့ကျင့်ခန်းတွေ ကို သင်ကြားပေးသူ မြန်မာစာ ချစ်မြတ်နိုးသူ တစ်ယောက် ကတော့ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ ဘလော့က ကိုဟယ်ရီဖြစ်ပါတယ်။ မရွှေစုဟာ သူ့ရဲ့ မြန်မာကဗျာဆိုတာ ဂျိုနဲ့လား ဆိုတဲ့ စာစုတွေနဲ့ မြန်မာ ကဗျာ ပို့ချချက်တွေကို လိုက်နာ သင်ယူနေတဲ့ တပည့်တစ်ယောက် ဖြစ်ပါတယ်။ မမေရဲ့ ဘလော့ကနေ အပြန်အလှန် ကဗျာလေးတွေ ရေးတဲ့ ကိုကိုမောင်(ပန်းရနံ့) ဘလော့ ရဲ့ ကဗျာဖတ် ပရိတ်သတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကော်မန့်ကနေ သူတို့ အပြန်အလှန်ရေးကြတဲ့ ကဗျာလေးတွေ ကို အံ့သြ အားကျ နှစ်ခြိုက် အားပေးခဲ့ပါတယ်။

မြန်မာဘလော့ကာများရဲ့ ခေတ်ဦးပိုင်းကတဲက အားပေးဖတ်ရှုခဲ့ရတဲ့ ခုချိန်မှာ စာရေးဆရာမတစ်ယောက် အနေနဲ့ စာအုပ်များ ထုတ်ဝေနေပြီဖြစ်တဲ့သူကတော့ မနိုင်းနိုင်းစနေ ဖြစ်ပါတယ်။ သူ့ဘလော့လေးကိုတော့ သူ့ရဲ့ အမေ ပိုစ့်နဲ့ ပိုပြီး အကျွမ်းဝင်ခဲ့ခြင်းဖြစ်ပါတယ်။ မနိုင်းနိုင်းစနေရဲ့ သုတ ပိုစ့်များ က စဉ်းစားစရာလေးတွေ ပေးသလို ဟာသ ပိုစ့်လေးများဟာ စာဖတ်သူ ဘ၀င်ကို ရွှင်ပြုံးစေပါတယ်။ ဘလော့ကာ ခေတ်ဦးမှာ မှတ်မှတ်ထင်ထင်ရှိခဲ့ရတဲ့ မျိုးချစ်စိတ် နိုင်ငံရေးစိတ်ထက်သန်တဲ့ လူငယ်တွေထဲက ဘလော့ကာ ညီမလေး တစ်ဦးဖြစ်တဲ့ မလင်းလက်ကြယ်စင်ရဲ့ ဘလော့ကိုလည်း မေ့ချန်လို့ မဖြစ်ပါဘူး။ ဒီထက်မက ပြောချင်သေးတဲ့ အားပေးခဲ့ရတဲ့ ဘလော့တွေရှိပါတယ်။ ကိုကလိုစေးထူးတို့ ကိုကဒေါင်းညင်သာတို့ သံလွင်အဖွဲ့က စာရေးသူ ဘလော့ကာများ၊ စသဖြင့် တချို့လည်း ခုချိန်မှာ မရေးတော့လို့ နာမည်တွေ ရုတ်တရက် ပေါ်မလာဘူးဖြစ်နေတာပါ။

ဘလော့ကာထဲမှာ အခန်းဆက် ကိုယ်တွေ့ဆောင်းပါးများကို စောင့်ဖတ်ခဲ့ရတဲ့သူကတော့ ကိုမင်းဒင်ရဲ့ သက်ခိုင်ပဲ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ သုတ ရသ ကိုယ်တွေ့ ဆောင်းပါးတွေသာမကနိုင်ဝင်းဆွေရဲ့ ၀တ္ထုတွေကို ရိုက်တင်ပေးတဲ့ ဆရာငြိမ်းဝေဘလော့ ပဲ ဖြစ်ပါတယ်။ စာရေးဆရာတွေထဲကဆို မမိုးချိုသင်း ဘလော့ကို နေ့စဉ်မပြတ် အားပေးခဲ့တယ်။ ခုတော့ သူ့ဘလော့လေး လှုပ်မနေတော့လို့ စိတ်မကောင်းဖြစ်ရတယ်။ စာရေးဆရာများ ဘလော့ကာထဲက ဖတ်ရှု အားပေးဖြစ်တာကတော့ ဆရာမ မေငြိမ်း ( မြသီလာ တမ်းချင်းတွေကို စောင့်ဖတ် အားပေးခဲ့သူပါ )၊ ဆရာမ မနော်ဟရီ၊ ဆရာမ မတူးတူးသာ၊ အခုနောက်ပိုင်း ဆရာမ ခက်မာ ဘလော့၊ ဆရာအတ္တကျော်၊ ဆရာဆူးငှက် ၊ ကိုဘိုဘိုလန်းစင်.... စတာတွေ ဖြစ်ပါတယ်။ ရှားပါးတဲ့ စာကောင်းပေကောင်းတွေကို ရိုက်တင်ပေးတတ်တဲ့ အညာအကြောင်းလေးတွေ ရေးတတ်တဲ့ အစ်မရွှေစင် ဘလော့ကတော့ နေ့တိုင်း မ၀င်မဖြစ် ၀င်ရတဲ့ ဘလော့လေးပေါ့။ ပြီးတော့ ထူးထူးဆန်းဆန်း သတင်းတွေကို သူများတွေနဲ့ မတူအောင် ဟာသလေးတွေ ဖက်ပြီး ရေးတတ်တဲ့ ကိုပီတာ ဘလော့ရယ်ပေါ့။ We She Me ဘလော့ကလည်း အရင်တုန်းက စာရေးအားကောင်းတဲ့ စဉ်းစားစရာလေးတွေ ပေးတဲ့ ဘလော့လေး ဖြစ်ပါတယ်။ ခုတော့ သူလည်း ရပ်တန့်နေလို့ နှမျောမိပါတယ်။

ကိုယ်က အနုပညာချစ်တဲ့သူဆိုတော့ အနုပညာ သမားတွေရဲ့ ဘလော့တွေကိုလဲ ခြေရာမချန်ပေမယ့် မှန်မှန် ရောက်ဖြစ်ပါတယ်။ ပန်ပန်(ပန်ဒိုရာ) နဲ့ ကို ကောင်းကင်ကို တို့ရဲ့ ကဗျာဖတ် ပရိတ်သတ်၊ ကိုသစ်နက်ဆူးရဲ့ စိတ်ဝင်စားဖွယ်ရာ ဘ၀အကြောင်းတွေ အပြင်၊ သူဆွဲတဲ့ ပန်းချီ၊ သီချင်း အဆို အက တွေရဲ့ ပရိတ်သတ်၊ ကယ်ရီကေးချား ဘလော့ရဲ့ ပရိတ်သတ်၊ ပန်းချီ ဒီဇိုင်းဆရာမလေး နန်းညီ၊ ကိုမြစ်ကျိုးအင်း၊ ဘလော့ စသဖြင့်။

ဘလော့စာမျက်နှာတွေ လှန်တိုင်း ရောက်ဖြစ်နေတတ်တဲ့ ဘလော့ တချို့ကို မှတ်မိသလောက် ရေးရင် အစ်မ ခင်မင်းဇော်၊ အစ်မခင်ဦးမေ၊ မငယ်နိုင်၊ မဗေဒါ၊ မရှင်းလေး၊ မကေ၊ ကိုနဗန၊ ကိုBoyz၊ မခွန်မြလှိုင်၊ မရီတာ၊ ဖူးနုသစ်၊ ဒီကိုလာ(ကိုTZA)၊ မအိမ့်ချမ်းမြေ့၊ မ၀ါဝါခိုင်မင်း၊ ညီမလေး မြတ်နိုး၊ တီချမ်း၊ ဟန်ဂုရွာ၊ ကိုလင်းဦး၊ ကိုခိုင်၊ ကိုယောဟန်အောင်၊ကိုချစ်ဖေ၊ ကိုသစ်ကောင်းအိမ်၊ ကိုလူသစ်၊ ကိုသင်ကာ၊ ကိုအောင်သာငယ်၊ ကိုဇော်၊ အန်တီတင့် ဘလော့၊ ဟင်းချက်ကောင်းတဲ့ မလုလုရဲ့ ဘလော့၊ မျက်ရှု၊ မရွှေမိ၊ ညီမလေးကွင်း၊ ညီမလေးစုမြတ်၊ ညီမလေး ရိုစ့်၊ ညီမလေး မီးငယ် စသဖြင့် ပြောရရင်တော့ ဆုံးမယ် မထင်ပါဘူး။ နာမည်တွေ ချရေးရရင် အများကြီး ကျန်နေပါသေးတယ်။ အဆင်ပြေရင် ပြေသလို တွေ့သမျှ ဘလော့တိုင်းလိုလိုကို စာကောင်းရင် စဉ်းစားစရာလေးတွေ ပါရင် ဖတ်ဖြစ်သွားတာပါပဲ။ သတိတရ ပြောရရင် ကိုအောင်(ပျူနိုင်ငံ) ရဲ့ ဘလော့ကို ပျူအကြောင်းရှာရင်း မတော်တဆ ရောက်ရာကနေ ဒီနေ့ အထိ အလည်သွားနေတဲ့ ဘလော့လေး ဖြစ်လာပါတယ်။

ဘလော့တွေ အများကြီးဖတ်ဖြစ်ပေမယ့် ဘလော့ကာတွေနဲ့ တော့ ရင်းနှီးမှု မရှိတာ ၀မ်းနည်းစရာပါပဲ။ အချိန်အားရသလောက် လိုက်ဖတ်ရတာမို့ ကော်မန့် မရေးဖြစ်တာ ခပ်များများမို့ သူတို့ရဲ့ စာဖတ်ပရိတ်သတ် ဖြစ်ပေမယ့် ဘယ်သူနဲ့မှ မခင်မင်ရခြင်း ဖြစ်ပါတယ်။ သူတို့က မရွှေစုကို မသိပေမယ့် သူတို့ စာများမှာ ကော်မန့်တွေ မရေးဖြစ်ပေမယ့် မရွှေစုကတော့ ကိုယ်ချစ်တဲ့ ဘလော့ကာများကို စိတ်ထဲမှာ အစဉ်အမြဲ လေးစား ခင်မင် ရင်းနှီးနေပါတယ်။ စိတ်မကောင်းစရာ ပြောရရင် ကိုကြီးကျောက်ရဲ့ စာဖတ်ပရတ်သတ်ဖြစ်ပေမယ့် သူသာ ဆုံးပါးသွားရော နေမကောင်းဖြစ်တာသိရလို့ ကော်မန့်လေး တစ်ခါ ရေးဖူးတာကလွဲလို့ စကားတောင် မပြောဖြစ်လိုက်ပါဘူး။ အဲသာ မရွှေစုရဲ့ ခင်မင်အောင် မနေတတ်တဲ့ ချို့ယွင်းချက်ပါပဲ။

ဘလော့ရေးတဲ့အထဲက အပြင်မှာလည်း မြင်ဖူးပြီး ခင်မင်နေတဲ့ သူငယ်ချင်းများကတော့ အစ်မ သက်ဝေ (စိတ်မကောင်းစရာဖြစ်ရတဲ့ စာတောင် ချစ်စရာကောင်းအောင် ဖန်တီးနိုင်သောသူ၊ လူလေးကလည်း သူ့စာတွေလိုပဲ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးနဲ့ ချစ်စရာကောင်းသူ )၊ တီတီဆွိ (ဟာသလေးနဲ့ ဟောဟော ဒိုင်းဒိုင်း ပြောတတ် ပြုံးချင်စရာ ကောင်းအောင် ရေးတတ်သူ၊ ဟင်းချက် ကောင်းသူ )၊ အစ်မသီတာ ဆရာဧရာ (ကိုယ့်ဘေးမှာ လာ စကားပြောနေသလို ပြုံးချင်စရာ ချစ်စဖွယ် လေသံနဲ့ ရေးတတ်တဲ့သူ နဲ့ လောကီ ရေးရာမှာ သင်ကြားပြသပေးရုံမက လောကုတ္တရာမှာလည်း အသိအမြင်တိုးအောင် လမ်းပြပေးသူ)၊ အစ်မသိင်္ဂီနွယ် ( ဆရာကြီး သိပ္ပံမောင်ဝရဲ့ မြေး၊ ပြောချင်တာလေးတွေကို ရိုးရိုးရှင်းရှင်း ရေးတတ်တဲ့ အစ်မ)၊ သူငယ်ချင်း တန်ခူး (ကျောင်းကတဲက မဂွဇင်းတွေမှာ ရေးသားနေတဲ့ စာရေးဆရာမ၊ သူ့ ကဗျာလေးတွေကို ပိုပြီး စွဲလန်းနှစ်ခြိုက် မိ)၊ အစ်မ ချစ်ကြည်အေး (ဟာသလေးနဲ့ ချစ်စရာ ကောင်းတဲ့စာလေးများ ဖန်တီးတတ်သူ - ဘလော့ကာ အမျိုးသမီးတွေထဲမှာ ကွင်းပေးရရင် အစ်မချစ်ကြည်ကို ပေးတယ်။ မရွှေစု မျက်လုံးထဲမှာ အရမ်းချစ်စရာကောင်းတယ်၊ ကြည်တယ် သန့်တယ် နုတယ်)၊ ကိုပေါ (စာရေးကောင်း အပြောကောင်းသူ၊ တခါတခါ ဟာသ တခါတခါ ဘာမှန်းမသိ ဘုကလန့်စာများ ရေးတတ်တဲ့ သူ - ခုတော့ ပျောက်ချက်သား ကောင်းနေ)၊ ကဗျာဆရာ ကိုထက် (အလွန်စတတ်ပေမယ့် စိတ်ရင်းကောင်း သူ့ထက် အသက်လေး နည်းနည်းပဲ ကြီးပေမယ့် ကိုယ့်ကို တကယ့် အစ်မကြီးလို ရိုသေလေစားတမှုပြုသူ၊ အနုပညာ ချစ်မြတ်နိုးသူ၊ စာအုပ်တွေ ခရေစီ ဖြစ်သူ)၊ ဓါတ်ပုံဆရာလေးဂျစ်တူး (ပွင့်ပွင့်လင်လင်း ပြောတတ်၊ သူတပါးကို အလွန်ကူညီတတ် စေတနာကောင်းသူ) ... အဲ ... ရုံးမှာ အလုပ်လုပ်ရင်း အမြန်အမြန် ရေးရတော့ ဘယ်သူများ ကျန်ဦးမလဲ မသိ။

ဒိအပြင် ဒေါက်တာလွဏ်းဆွေ ညွှန်တဲ့ သတင်း ဘလော့တွေ၊ ပြီးတော့ ဘာသာရေး ဆွေးနွေးချက် ဘလော့တွေ၊ ဆရာတော်တွေ ရေးသားတဲ့ ဘာသာရေး လမ်းညွှန် ဘလော့တွေ၊ ဆရာဝန်များ ရေးတဲ့ ကျန်းမာရေး လမ်းညွှန် ဘလော့တွေ ကိုလည်း ကျေးဇူးတင်စွာ ဖတ်ရှုဖြစ်ပါတယ်။

နောက်ဆုံး ပြောချင်တာလေးကတော့ ကိုယ်ကတာဝန် မကျေပေမယ့် မရွှေစု ဘလော့မှာ ကော်မန့်လေးတွေ ရေးပြီး အားပေးခဲ့တဲ့ သူငယ်ချင်းများ စာဖတ်သူများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်လို့။ အထူးသဖြင့် ရေးသမျှ စာတိုင်းနီးပါး ကော်မန့်လေး ပေးပြီး အားပေး ချီးမြှင့်ပေးတတ်တဲ့ ကိုအောင်(ပျူနိုင်ငံ)၊ ကိုခိုင်၊ ညီမလေး ကွင်းတို့ကို အထူး အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့။

၂၀၀၇ ကစလို့ ဒီနေ့ ဒီအချိန်ထိ ရေးသမျှ တင်သမျှတွေထဲမှာ စာဖတ်သူများ လာရောက် လည်ပတ်သူများကို မတော်တဆ အနှောက်အယှက်များ ဖြစ်မိပါကလည်း ခွင့်လွှတ်ပေးကြပါ။ နောင်ကိုလည်း လာလည်ကြပါ၊ ဘလော့များမှာ ကော်မန့် မရေးမိသမျှ ချစ်သော ဘလော့ကာများ အခု ရေးလိုက်တဲ့ ပိုစ့်လေးနဲ့ ခွင့်လွှတ် နားလည် ချစ်ခင်ပေးကြပါလို့။

Happy Blog Day to All!!!

မေတ္တာများစွာဖြင့်...
စုချစ်
31 Aug 2011

Wednesday, August 24, 2011

ဂြိုဟ်သားများနှင့် နိုင်ငံတော်သစ်ကြီးအားကြိုဆိုလျက်


စကားမစပ်တော့ ...။

စာရေးဆရာကြီးမောင်ကိုယုဆိုတာ ရှေ့နေလောကမှာ နာမည်ကြီးတဲ့ ဥပဒေဘက်တော်သားတစ်ယောက်၊ သူဟာရဲရင့်တယ်၊ သတ္တိရှိတယ်၊ ဟာသဉာဏ်နဲ့ ပြည့်စုံတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူ့ရဲ့ဘ၀သရုပ်ဖော် ဝတ္ထုတွေ၊ ဥပဒေနောက်ခံ ဝတ္ထုတွေ၊ အထူးသဖြင့် သရော်စာတွေဟာ စာချစ်သူတွေ ရင်ဘတ်ထဲမှာ ယနေ့ထိ စွဲမြဲစွာကျန်ရစ်နေတုန်းပါပဲ။

ဟော... အခု ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ်ကြီးက သန့်ရှင်းသော နိုင်ငံတော်ကြီး ဖွဲ့စည်း တည်ထောင်ကြတော့မတဲ့။ ဒါနဲ့ ဟိုးတုန်းက ဆရာကြီးဦးကိုယု ရှုမဝထဲမှာ ရေးခဲ့ဖူးတဲ့ "ဂြိုဟ်သား" ဆိုတဲ့ ဝတ္ထုတိုလေးကို ဖြတ်ခနဲ သတိရသွားမိတော့တယ်။ အဲသဟာလေးကို စာပေဟာပြောပွဲတစ်ခုမှာ ပြန်ပြောပြသူကတော့ စာရေးဆရာဦးအောင်ပြည့်ပေါ့။

မူရင်းဝတ္ထုစာသား အတိအကျထက် ဆရာဦးအောင်ပြည့်ပြန်ပြောပြတာက ပိုပြီး ဟာသ ရသ ပါလို့ ဆရာဦးအောင်ပြည့် လေအတိုင်းပဲ မှတ်မိသလောက် တိုတိုပဲ ပြောပြမယ်နော့။

တစ်နေ့တော့ ဆရာကြီးဦးကိုယုအိမ်မှာ ရေပိုက်တွေပျက်လို့ အိမ်ပေါ်မယ် ရေလျှံကုန်သတဲ့။ ဒါနဲ့ ဆရာကြီးသားတွေရယ်၊ ဆရာကြီးရယ် ရေပိုက်တွေကို ဟိုပြင် သည်ပြင် ဟိုလှည့် သည်လှည့် ကြိုးစားပြီးလျှောက်လုပ်ကြတာ ကောင်းမလာတဲ့ အပြင် တစ်အိမ်လုံး ရေတွေ ရွှဲနစ်ကုန်သတဲ့။ နောက်ဆုံး စည်ပင်သာယာရုံးက ရေပိုက်ပြင်တဲ့သူ ပြေးခေါ်တော့ စက်ဘီးစုတ်ကလေးစီးလို့ လွယ်အိတ်နုပ်ကလေးလွယ်လို့ ဦးထုတ်အဖာကလေးဆောင်းလို့ ဆေးပေါလိပ်ကလေးလည်း လက်ထဲမယ်ဖွာလို့ အဲဒီရေပိုက်ပြင်ပေးတဲ့သူ ရောက်လာ၊ အိမ်ကလူတွေလည်း သူ့ကို ကူညီပြီး သူလိုတာတွေဝိုင်းကူလုပ်ပေး၊ ရေပိုက်တွေ ကူကိုင်ပေး။ အဲဒီလူကတော့ ရေပိုက်ခေါင်းတွေ ဟိုကတတ် ဒီကဖြုတ် ဟိုကပိတ် သည်ကဖွင့် ဆက်တာဆက် ပြင်တာပြင် စသဖြင့် ၁၅မိနစ်လောက်လုပ်ပြီးရော ရေပိုက်ခေါင်းတွေ အားလုံးကောင်းသွားရောတဲ့။ ဟာ... တတ်တဲ့သူလုပ်လိုက်တော့လည်း ခဏလေးနဲ့ ပြီးသွား ကောင်းသွားတာပဲနော်ပေါ့။

ဆရာကြီးဦးကိုယုတို့ သားအဖတတွေလည်း သူ့ကို ကျေးဇူးတင်လွန်းတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် မျက်စတွေဘာတွေ ပြစ်ပြက်ပြကြ... လက်ဘက်ရည်ဖိုးလေး ဘာလေး ပေးရအောင်ပါ့။ ဒါပေသိ... ရေပိုက်ပြင်တဲ့သူက သူတို့ပေးတဲ့ပိုက်ဆံကို မယူဘူး... ငြင်းသတဲ့။ နေပါစေ... မလိုပါဘူး ဘာညာ ဆိုပြီး သူ့ပစ္စည်းလေးတွေ သူ့အိတ်ထဲ ကောက်ကက်ထည့် လှေခါးကဆင်း ပြန်သွားသတဲ့။ ဟာ... ပေးတာ နည်းများ နေသလား မသိပါဘူးကွာ... ရော့ရော့... ပိုက်ဆံပိုယူပြီး လိုက်ပေးပါကွ ဆိုပြီး လှေခါးဆင်းသွားတဲ့သူနောက်ကနေ ထပ်လိုက်ပေးကြပြန်ရော။ ကျေးဇူးတင်တာကိုးနော်။

အဲဒီလို အတင်းကာရော ပိုက်ဆံလိုက်ပေးကြတော့ ရေပိုက်ပြင်သမားက လှေခါးကနေ လည်ပြန်ကြည့်ပြီး ရန်တွေ့တော့တာပဲတဲ့။ ဘာတုန်း... ခင်များတို့ သားအဖတတွေ မိုက်ရိုင်းလှချေလား၊ ခင်များတို့က လူကို စော်ကားတာလား။ ကျုပ်ကို ဘယ်လို အစားများ ထင်နေကြတာလဲဗျ။ နိုင်ငံတော် အစိုးရက ကျုပ်ကို လစာပေးခန့်ထားတယ်။ ကျုပ်က ကျုပ်အလုပ်ကို ကျုပ်လုပ်တယ်။ ခင်များတို့က ဘာလဲဗျလို့ ကြိမ်းမောင်းရေရွတ် လှေခါးကနေ ဒုန်း ဒုန်း နဲ့ ဆက်ဆင်းသွားပြီး ဒေါတွေခွီးလို့ စက်ဘီးကိုလည်း ဒုန်း ဒိုင်း မြည်အောင် ခွစီးပြီး ထွက်သွားတာပေါ့လေ။ ဆရာကြီးတို့ သားအဖ တတွေလည်း ရုတ်တရက်ဆိုတော့ ကြောင်ကြည့်ပြီး ကျန်နေခဲ့ကြတာ ခဏနေတော့မှ ဆရာကြီးက... သတိဝင်လာပြီး ဘာပြောလိုက်သလဲ ဆိုတော့...

''ဟ့... သားရေ... လိုက်ဟေ့... လိုက်ဟ... အဲသဟာ... လူမဖြစ်နိုင်ဘူး... ဂြိုဟ်သားဖြစ်လိမ့်မယ်။"
တဲ့။

အို... ဘာပဲ ဖြစ်ဖြစ် ကိုယ်တို့ကတော့ ဂြိုဟ်သားများနဲ့ ဖွဲ့စည်းထားမယ့် နိုင်ငံတော်သစ်ကြီးကို ကြိုဆိုဖို့ အသင့်ပါပဲ။

++++++++++++

Thursday, July 1, 2010

ဆုံးဖြတ်ချက်



ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။

*****************************

၂၀၁၀ခုနှစ်ရဲ့ နှစ်တ၀က်ကို ကုန်လွန်ခဲ့ပေပြီ။ မရွှေစုတစ်ယောက် ၂၀၁၀နှစ်စကတဲက အခုနှစ်လည်ထိ များလိုက်သည့် အလုပ်ဆိုတာ အဖြစ်က မနှစ်ကနဲ့ပင် မတူလို့ ညည်းရတော့မလောက်ပင်ဖြစ်သည်။ နှစ်စမှာ ရုံးတွင်း ၆လသင်တန်းကို တက်ရမည်ဟု ဘော့စ်က ပြောလာသည့်အခါ ခပ်ပေါ့ပေါ့ပဲသဘောထားမိခဲ့၏။ အိုကေ... တက်တာပေါ့ဟု လွယ်လွယ် သဘောတူမိခဲ့သည်။ ဟေးလားဝါးလား ဟီးဟီးဟားဟားနှင့် အသာကလေးပြီးသွားမည့်သင်တန်းဟု အပျော်သဘောလောက်သာ တွက်မိခဲ့သည်။ တကယ်တန်းကျတော့ မရွှေစု၏ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားပေတော့သည်။

ဇန်န၀ါရီအစ သင်တန်း အောရီယန်တေးရှင်းကိုသွားလိုက်မှ မရွှေစုတစ်ယောက်မှားမှန်းသိတော့၏။ သင်တန်းက စာမေးပွဲလဲဖြေရမတဲ့။ ကျရင် သင်တန်းကထွက်ရ မတဲ့။ ပြီးတော့ ပရောဂျက်လုပ်ရမတဲ့။ ပရောဂျက်မပြီးရင် သင်တန်းဆင်းလက်မှတ် မရဘူးတဲ့။ တကယ်သင်တန်းစတော့လဲ အတန်းထဲ စာသင်ရင်း သင်တန်းဆရာများက ဟိုလူ့လက်ညိုးထိုး၊ ဒီလူ့လက်ညိုးထိုးနှင့် စာကမေးသေးသည်။

သင်တန်းတက်နေရပါသည်ဆိုမှ အလုပ်ကလဲ များလိုက်သည့်ဖြစ်ခြင်း။ new product တွေက တခုပြီးတခု ရောက်လာသည်။ New chip-set design တွေနဲ့မို့ Firmware code ကို ပြောင်းရသည်မှာ ခေါင်းစားစရာတွေတပုံကြီး။ Firmware test released လုပ်ပါမည်ဟု ဂတိပေးထားသည့် Target Date အတွင်းမပြီးမှာ ကိုယ့်ဘာသာကိုယ် စိုးရိမ်နေမိသည်။ သင်တန်းတဖက်နှင့် ဘယ်လို့  handle လုပ်ရပ။

သင်တန်းမှာ မရွှေစုဘေးနားမှာ ထိုင်သည့် တခြားဌာနကတစ်ယောက်လဲ အလုပ်များသည် အကြောင်းပြကာ သင်တန်းက drop လုပ်သွားသည်။ ဒီလိုပဲ လူတော်တော်များများ တစ်ယောက်ပြီးတစ်ယောက် သင်တန်းက ထွက်ကုန်ကြပြီ။ မရွှေစုလည်း မနေနိုင်တော့။ ကိုယ်လဲ သင်တန်းဆက်မတက်နိုင်ကြောင်း၊ အလုပ်တွေအရမ်းများကြောင်း ဘော့စ်ကိုသွားပြောသည်။ ချစ်လှစွာသော ဘော့စ်သည် မရွှေစု အဆိုပြုချက်ကို လက်မခံပေ။ ရပါတယ်... အလုပ်ကိုပြီးသလောက်ပဲလုပ်၊ သင်တန်းကိုလဲ ရသလောက်ပဲလုပ် တဲ့။ နင့်ကို ငါဘာမှ ပရက်ရှာမပေးဘူး။ စိတ်ချတဲ့။ ဟာ... ဘယ်လို တုန်း။ မလုပ်နိုင်ပါဘူးဆိုမှ... ဒီမှာ စနေ၊ တနင်္ဂနွေတွေလဲ မနားရ။ ညတိုင်အိမ်ပြန်ရောက်ရင်လဲ မနားရနဲ့ ရသလောက်ပဲဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ကခက်တာ။ မရွှေစု ရသလောက် ကွန်ပလိန်းတက် ဘော့စ်က ခေါင်းမာမာနှင့် မလျှော့... နောက်ဆုံးတော့ ( Customer is always right မဟုတ်ပါ။ My boss is always right ဆိုပြီး ) မရွှေစုပဲ ခေါင်းခါခါ လည်ခါခါ စူစူအောင့်အောင့်နှင့် လက်လျှော့ရတော့သည်။

ဒီတော့ အလုပ်ထဲမှာ သင်တန်းထဲမှာ ပရောဂျက်ထဲမှာ အချိန်ပြည့် ခေါင်းစိုက်ရင်း ဘလော့လဲ မရေးနိုင်၊ ဖိုရမ်လဲ မဖတ်နိုင်၊ အွန်လိုင်း အလာပ သလာပလဲ မလုပ်နိုင်တိုင်း ချစ်လှစွာသော ဘော့စ်ကို မေတ္တာတွေ ပို့ကာ စိတ်တွေအကြီးကြီး ဆိုးမိလေသည်။ သူ့ကို စိတ်ဆိုးတိုင်း သင်တန်းက အလကားကျွေးသော မုံ့များကို နင်းကန်စားလေသည်။ မနက်ဆို ကြာဇံကျော်၊ ထမင်းကျော်နဲ့ အသားတခုခုစား၊ ပြီးရင် ကော်ဖီ ၂ခွက်ဆင့်သောက်သည်။ နေ့လည် ထမင်းကိုလဲ အသကုန်စားသေးသည်။ ညနေပိုင်း အတန်းမှာ အိပ်ငိုက်သည် အကြောင်းပြ၍ ကော်ဖီ၃ခွက်သောက်သည်။ စာသင်တာ နားထောင်ရတာ ပျင်းတိုင်း စားပွဲမှာချထားသည့် သကြားလုံးများ တလုံးပြီး တလုံး ပါးစပ်ထဲ ကောက်ကောက်ထဲ့သည်။ ညနေ တီးဘရိတ်မှာ ကျွေးသည့်မုံ့များ တဖြဲနှစ်ဖြဲ ထပ်စားသည်။ချောကလက် ကိတ်မုန့်ဆို ၂ချပ်၊ အသားမုန့်အကြီး၁ခု၊ ဆန်းဒ၀တ်ခ်ျ ၂ခု၊ သစ်သီး စသဖြင့်...။ အဲသလောက်စားလို့ ညစာ မစားနိုင်လိမ့်မည်မထင်ပါနှင့်။ ညီမတော်ချက်သည့် ညစာကိုလဲ အိမ်ပြန်ရောက်တော့ အသကုန်ကြိတ်ပါသေးသည်။

စနေ၊ တနင်္ဂနွေကျတော့ရော။ နေ့လည် ထမင်းစားပြီးတာနဲ့ ကွန်ပြူတာရှေ့မယ် အလုပ်တွေ၊ ပရောဂျက်တွေသာ ထိုင်လုပ်နေရသည်... စိတ်ကသေချာမပါသာ အသိသာကြီး။ အဲဒီတော့ မီးဖိုချောင်ကို အခါ၂၀လောက်ဝင်သည်။ ရေခဲသေတ္တာကို အခါ၂၀လောက်ဖွင့်သည်။ တခုပြီး တခု တွေ့တာတွေ ယူစားလေသည်။ တော်ကြာ ဘီစကစ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ တော်ကြာ ချောကလက် ရေခဲချောင်း၊ တော်ကြာနေကြတော့ နက်စ်ကဖီးကို နွားနို့တွေထဲ့ ရေခဲတွေထဲ့ ဘလန်ဒါနဲ့ လှည့်ပြီး ကော်ဖီအေးလုပ်သောက်၊ ဒါမှမဟုတ်ရင် နွားနို့အေးထဲ ရေခဲ့မုန့်၊ ပန်းသီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီးတွေ လှီးထဲ့ စားပြန်သည်။ အဲသာတွေရိုးသွားတော့ပဲလှော်နှင့် မော်လမြိုင်ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် သောက်ချင်သောက်၊ ဒါမှမဟုတ် မရိုးနိုင်တဲ့ ပုဇွန်ခြောက်နိုင်နိုင်နဲ့ လက်ဘက်သုတ်။ ညီမတော်က မျက်လုံးပြူးနှင့် ကြည့်သည်။ မမလတ် ဟုတ်ကောဟုတ်သေးရဲ့လား ဆိုသည့် သဘောနှင့်။ မရွှေစုတို့ မယုံကြည်နိုင်စရာ စားသောက်ကောင်းနေလိုက်သည်မှာ မပြောပါနဲ့တော့။

မနေ့က မတွေ့တာကြာပြီ ဖြစ်သော တခြားဌာနက သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ ဟယ်... ရွှေစုရယ် မတွေ့တာမှ ၃-၄လ ရှိသေး။ ၀လာလိုက်တာ လုံးနေတာပဲ... ကောင်းတယ် ကောင်းတယ် တဲ့...။ အဲ့... အယ်။

ဒီကနေ့ မနက် ရုံးသွားဖို့ ပြင်ဆင်တော့ မရွှေစုတစ်ယောက် အ၀တ်အစားလဲသည့် အခန်းထဲမှ တော်တော်နှင့် ထွက်မလာနိုင်။ အပြင်က စောင့်နေသည့်ယောက်ယောက်က မပြီးသေးဘူးလားဟေ့... နောက်ကျနေပြီဟု ခေါ်နေပြီမို့ ကမန်းကတန်း ပြေးထွက်လာရသည်မှာ ချော်လဲမတတ်။ အဘယ်ကြောင့်ကြာနေသနည်းဆိုသော် မ၀တ်တာ ကြာပြီဖြစ်သော ဂျင်းဘောင်းဘီကို လျှာရှည်ပြီး ၀တ်နေတာ... ခုန်... ခုန်ပြီး ၀တ်နေရလို့ ဖြစ်ပါသည်။

*****************************
ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။ နက်ဖြန်ကစပြီး Gym ကိုပြန်သွားပြီး exercise ပြန်လုပ်တော့မည်ဟု။ ဂျင်းဘောင်းဘီတွေ ၀တ်လို့ မရတော့ရင် နှမျောစရာ... နော့လေ။

စုချစ်

Thursday, May 27, 2010

စုချစ် သင်ပုန်းကြီး ဖတ်စာ

ဘလော့ဂါ ကကြီး-ခခွေးတန်း

က - ကျေးဇူးအထူး

အစ်မသက်ဝေရေ... သတိတရ တဂ်လို့ ကျေးဇူးအထူး တင်ပါတယ်လို့...။

ခ - ချစ်ခင်စွာ
အဲသာကြောင့် ချစ်ခင်စွာ စာပြန်ရေးလိုက်ပါတယ်နော်...။

ဂ - ဂုဏ်ယူစွာ
ဂုဏ်ယူစွာ ပြောရရင်တော့ စုချစ်ကို အစ်မသက်ဝေကလွဲလို့ ဘယ်သူမှ တဂ်ကြဘူး။ ဟီး...။

ဃ - ဃရာဝါသ ဗဟုကိစ္စ
ဃရာဝါသ ကိစ္စမြားမြောင် လူတို့ဘောင်’ ဆိုတဲ့အတိုင်း ဗဟုကိစ္စ အိမ်ထောင်မှုအပြင် တခြားအလုပ်များတာတွေလဲ ပါတာကြောင့် စာကလဲ မှန်မှန်မရေးနိုင်ပါဘူး အစ်မရယ်...။

င - ငြိမ်းငြိမ်းချမ်းချမ်း
အဲသာကြောင့် တခါတရံတော့လဲ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့ နေရာလေးကို အလုပ်တွေပစ်ပြီး သွားနေချင်သား...။

စ - စေတနာ
အလုပ်များပေမဲ့ ဘာလေးပဲလုပ်လုပ် စေတနာ ထားပြီး လုပ်ပါဆိုတဲ့ လူကြီးသူမတွေ ဆိုဆုံးမစကား နားထဲကြားယောင် အစဉ်လိုက်နာပါတယ် အစ်မရယ်...။

ဆ - ဆန္ဒမွန်
တခုထဲသော ဆန္ဒမွန်ကတော့ ကိုယ်လဲ စိတ်ချမ်းသာ၊ အများတကာလဲ စိတ်ချမ်းသာစေချင်တာပါပဲ...။

ဇ - ဇာတိမြေ
ခုတလော ကြားနေရတဲ့ ဇာတိမြေက သတင်းတွေကတော့ စိတ်မချမ်းသာစရာတွေ အများသားကလား...။

ဈ - ဈာန်
ဒါကြောင့် ဖြစ်နိုင်ရင် ဈာန်ရတဲ့သူများလို ၀ုန်းကနဲ ပြေးပြီး ကိုယ်တတ်နိုင်တာထက်ကို အကူအညီတွေပေးလိုက်ချင်ပါရဲ့...။

ည - ညီညွှတ်ရေး
အရေးကြီးဆုံးက ညီညီညွှတ်ညွတ် ရှိကြဖို့ဆိုတော့ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေးကထက် ပိုချစ်ကြမယ်ဆိုတဲ့... သီချင်းလေးကိုပဲ ညည်းနေရတော့တာ။

ဋ - ဋီကာ
အပိုတွေ ဋီကာချဲ့ရေးတယ်လို့ မထင်ပါနဲ့နော်… ။

ဌ - ဌာန်ကရိုဏ်းကျကျ
ဌာန်ကရိုဏ်းကျကျ သီချင်းမဆိုတတ်ပေမဲ့ သီချင်းဆိုတာလေးကလဲ ၀ါသနာပါ...။

ဍ - ဍ ရင်ကောက် ၀တ္ထုတိုများ
ဆရာသုလို ဍ ရင်ကောက် ၀တ္ထုတိုလေးတွေလဲ ရေးတတ်ချင်...။

ဎ - ဎ'ရေမှုတ်
ဒါပေမဲ့ ရေမှုတ်ကလေးနဲ့ တူတဲ့ ဎ'ရေမှုတ် အက္ခရာလေးလိုပဲ စုချစ်ဆိုတာလဲ လူမသိ သူမသိလေးဆိုတော့ကာ... ။

ဏ - ဃဂဏန
ဃဂဏန သေသေချာချာ ကြုံတုန်းလေး ပြောပြရရင်... ။

တ - တရား
မြတ်သော တရားကိုသာ အမြဲနှလုံးသွင်းလို့… ။

ထ - ထာဝရ
ကိုးကွယ်ရာအမှတ်နဲ့ ထာဝရ အားကိုးနိုင်တာက တရား ဓမ္မပဲ ရှိတာကိုး အစ်မရ… ။

ဒ - ဒါန
ဒါနလေးကိုလဲ ကိုယ်တတ်နိုင်သလောက်ပြုရင်း…။

ဓ - ဓလေ့ထုံးစံ
ကိုယ့်လူမျိုး ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေကိုလဲ စွမ်းနိုင်သမျှ ထိန်းသိမ်း…။

န - နှလုံးသားထဲက အနုပညာ
နှလုံးသားနဲ့ရင်းပြီး လောကကြီးကို အလှဆင်နေတဲ့ အနုပညာသမားစစ်စစ်တွေကို လေးစားချစ်ခင်မိ၊ ကိုယ်ကိုယ်တိုင်လဲ အနုပညာဝါသနာပါလို့…။

ပ - ပန်းချီ
တတ်နိုင်ရင်တော့ ဘာမှမလုပ်ပဲ ပန်းချီလေးဆွဲပြီး အမြဲတန်းနေချင်တာပေါ့...။

ဖ - ဖြောင့်မတ် ဖြူစင်ခြင်း
ဘာပဲပြောပြော လောကကြီးမှာ ဖြောင့်မတ်၊ မှန်ကုန်၊ ဖြူစင်တဲ့သူတွေရဲ့ စိတ်ဓါတ်ကို တကယ်လေးစား အားကျမိတယ်။

ဗ - ဗဟုသုတ
ဗာဟုသစ္စဉ္စ - ဗဟုသုတ အကြားအမြင်များသောသူဖြစ်ခြင်းသည် မင်္ဂလာမည်၏ တဲ့။
ဒါကြောင့် ဗဟုသုတ များအောင် လက်လှမ်းမှီသလောက် စာများများဖတ်၊ ပညာရှိသူတော်ကောင်း ပြောစကားများ မှတ်သားလိုက်နာရမတဲ့…။

ဘ - ဘာသာရေး
ဘာသာရေးကိုလဲ ရနိုင်သလောက် အချိန်ပေး လေ့လာလိုက်စားအားထုတ်ပါတယ် အစ်မရ…။

မ - မေတ္တာ
မေတ္တာနဲ့ ယှဉ်တဲ့ အတွေးလေးနဲ့ သတ္တ၀ါများအားလုံး ချမ်းသာကြပါစေလို့ နေ့တိုင်း မေတ္တာပွားများပါတယ်...။

ယ - ယုံယုံကြည်ကြည်
မေတ္တာတရားသည်သာ အောင်နိုင်ရာ၊ ယုံယုံကြည်ကြည်နဲ့သာလုပ်၊ တယ်အကျိုးပေးတယ်ဆိုတာကိုး အစ်မရ…။

ရ - ရိုးရိုးသားသား
မချမ်းသာချင်နေပါစေ၊ ရိုးရိုးသားသား၊ ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်... တကယ်…။

လ - လက်ဆင့်ကမ်း
ကိုယ်သိသမျှလေးတွေကိုလဲ မျိုးဆက်သစ်ကလေးတွေကို လက်ဆင့်ကမ်းပေး ဝေမျှချင်တယ်… ။

ဝ - ၀မ်းမြောက်ဝမ်းသာ
ရယူသူထက် ပေးဝေသူ ဘ၀ဆက်တိုင်း ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။ ပေးဝေသူဖြစ်ရတာ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူချင်သူပါ… ။

သ - သီလ
သီလကို တတ်နိုင်သမျှ လုံအောင်ထိန်းဆိုတဲ့ ဆရာသမားများစကားကိုလဲ အတတ်နိုင်ဆုံး လိုက်နာလျက်ပါ…။ တခါတခါတော့ ပုရွက်ဆိတ်လေး ဘာလေး သတ်မိတာကလွဲလို့…း-)။

ဟ - ဟီရိသြတ္တပ္ပ
ဟီရိသြတ္တပ္ပ တရား- မဟုတ်တာလုပ်ရမှာ၊ မကောင်းတာပြောရမှာ၊ မမှန်တာကျင့်ရမှာ ရှက်ကြောက်တတ်ရမယ်ဆိုတဲ့ စကားကို ဦးထိပ်ပန်ရွယ်လျက်…။

ဠ - ကာဠုဒါယီ အမတ်
ဟုတ်ပါ့မလား မောင်ကာဠုရယ် လို့တော့ စုချစ်ပြောတာကို မယုံမကြည်မဖြစ်ပါနဲ့နော့… ။

အ - အသည်းနှလုံး
အသည်းနှလုံးထဲကနေ သူ့အလိုလို ခုန်ပေါက်ထွက်လာတဲ့ မှန်သော သစ္စာစကားများပါ… အစ်မရ... တကယ်… အဟုတ်ကြီး…။
း-)

*************
အစ်မသက်ဝေရေ...
ပထမတော့
က- ကာတွန်းဆွဲပြီး... ခ- ချစ်တဲ့အကြောင်းပြောမလို့... ဂ- ဂန်ဒူးလို့တော့ မထင်နဲ့... စသဖြင့် ...
ဟ - ဟိုးဟိုးဟားဟား ရယ်ရအောင် ပေါက်ကရတွေ ပြောင်နောက်ပြီးရေးမလို့ပဲ...။

အစ်မကို မလေးမစားဖြစ်မှာစိုးလို့... အတည်ပဲ ရေးလိုက်ပါတယ်။

သဘောကျမယ်၊ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်လျက်...။

ချစ်ခင်စွာ...
စုချစ်

Monday, February 22, 2010

ဂျစ်တူး(မုံရွာ) သို့ ကျေးဇူးတင်လွှာ

ဂျစ်တူး(မုံရွာ) သို့ ကျေးဇူးတင်လွှာ


သူ့ကို စတွေ့ဖူးတာ SMC ဘုန်းကြီးကျောင်းက ပြုလုပ်တဲ့ ပွဲတွေမှာ ကင်မရာကြီးတလွယ်လွယ်နဲ့လေ။ သူ့ရဲ့လှုပ်ရှားမှု၊ ဟန်ပန်နဲ့ ကင်မရာကိုကိုင်တွယ်ပုံ၊ အသုံးပြုပုံ၊ ဓါတ်ပုံတွေကို စနစ်တကျ စိတ်ရှည်လက်ရှည် ရိုက်နေပုံတွေ မြင်ရကတဲက Professional Cameraman မှန်း ပြောစရာမလိုဘဲ သိတာပေါ့။ SMC Webpage မှာတင်ဖို့ သူရိုက်ထားတဲ့ ဓါတ်ပုံတွေကိုတောင်းဦးမလို့။ ဒါပေမဲ့ အခန့်မသင့်တာနဲ့ သူ့ကို သွားပြီးမိတ်မဆက်ဖြစ်၊ စကားမဆိုဖြစ်ခဲ့ဘူး။

တခါက သူ့ကွန်ပြူတာပျက်သွားလို့ဆိုပြီး SMC ကျောင်းက တရုတ်မလေးက ကူပြင်ပေးဖို့ ပြောလာတယ်။ ကိုယ်က အဲသဟာ သူမှန်းတော့ မသိဘူးရယ်။ အဲဒီအချိန် ကိုယ်ကလည်း တခြားသွားပြီး ပြင်ပေးနိုင်လောက်အောင် အချိန်မပေးနိုင်တာနဲ့ ဘာဖြစ်မှန်းသေချာမသိတော့ ပျက်တာပြင်ချင်တယ်ဆို အိမ်ကိုလာပို့ပေးထားပါလား။ အိမ်မှာထားပြီး သေချာစစ်ပေး၊ ကြည့်ပေးမယ်လို့ ပြောခဲ့ပေမဲ့ အချိန်မရလို့လား၊ အားနာလို့လားမသိ၊ ပေါ်မလာ။

မနေ့မနက်က ချမ်းမြေ့ဆရာတော် တရားစခန်းမှာ သူနဲ့ ထပ်ဆုံဖြစ်ကြတယ်။ သူက ကင်မရာဆက်တင်းတွေအကြောင်း ဆရာတော်ကို ရှင်းပြနေတာ။ ကိုယ်က ဆရာတော်နားမှာ ဆရာတော်ရေးသားတဲ့ တရားစာတထုတ်ကို စာလုံးပေါင်းတွေကူစစ်ပေးနေတာ။ သူ့ကိုမှတ်မိပေမဲ့ နှုတ်မဆက်ဖြစ်ကြ။ ထမင်းစားချိန်ရောက်တော့မှပဲ သူက ကိုယ်ဝတ်ထားတဲ့ မြန်မာရင်ဖုံးအင်္ကျီကိုလှတယ်ပြောလို့ (လူတော့မပါပေါင်...း-) ) စကားစမိကြတော့တယ်။ ကိုယ်က မသိသေးတဲ့လူတစ်ယောက်ကို စပြီးစကားပြောဖို့သာ အရှိန်ယူရပေမဲ့ ကိုယ့်ကို စကားလာစပြီဆိုရင်တော့ ဆက်ကာ ဆက်ကာ ပြောဖို့၊ ခင်ဖို့ မင်ဖို့ ၀န်မလေးသူပါ...း-)

ကိုယ်က သူ့ကို SMC ပွဲတွေမှာ ဓါတ်ပုံရိုက်နေကြမှလား၊ ဓါတ်ပုံတွေ SMC Webpage မှာတင်ဖို့ တောင်းချင်လို့ ချောင်းနေတာလို့ ပြောမိတာပေါ့။ အဲဒီမှာ သူက ... အစ်မ ဘလော့မှာ ကျနော့်ပုံတွေ ရှိနေသားပဲတဲ့။ ကိုယ်လည်း ဟင်... ဘယ်တုန်းကရလို့လဲ၊ ရှိပါဘူး... အတင်းငြင်းပေါ့။ နောက်တော့မှ သူ့ကို အားနာလိုက်တာ၊ မျက်နှာပူလိုက်တာ၊ တကယ်။

၂၀၀၈ခုနှစ်က ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ မြန်မာပြက္ခဒိန်မှာ ယူသုံးထားတဲ့ စွယ်တော်ရွက် ဓါတ်ပုံတွေက ဂျစ်တူးရိုက်ထားတဲ့ပုံတွေဖြစ်နေတာကိုး။ အဲဒီတုန်းက မြန်မာပြက္ခဒိန်ကို အားလုံးကို ဝေတာမဟုတ်သေးတော့ အင်တာနက်ကရတဲ့ ပန်းဓါတ်ပုံလေးတွေကိုလည်း မှန်မှန်ကန်ကန် credit မပေးထားမိလိုက်ပါဘူး။ ပြီးတော့ ဟောတော့ သီချင်းသရုပ်ဖော်မှာလည်း အဲဒီ စွယ်တော်ရွက်နဲ့ ပန်းလေးတွေကို ယူသုံးထားသေးတယ်။ အဲဒီသီချင်းမှာတော့ သင်္ကြန်ဓါတ်ပုံများ အာလုံးကို various websites များမှ ကူးယူရရှိပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ်တောင်းပန်ပါသည်။ လို့ ပဲရေးထားမိပါတယ်။

အဲဒီစွယ်တော်ရွက်တွေကို ၂၀၀၇ခုနှစ် စက်မှုတက္ကသိုလ်အာစရိယပူဇော်ပွဲမှာ စွယ်တော်ရိပ်စာစောင် စာအုပ်ဒီဇိုင်းလုပ်ဖို့ဆိုပြီး သူငယ်ချင်းတစ်ယောက်က လှမ်းပို့ပေးထားတာပါ။ ဘယ်ကရသလဲ မေးတော့ သူ့ သူငယ်ချင်းဆီကရတယ်ပဲ ပြောပါတယ်။ သူပေးတဲ့ စွယ်တော်ရွက်ပုံတွေကလည်း အများကြီးပါ။ တကယ်က အခု ဂျစ်တူးနဲ့ စကားပြောမိတော့မှ သူ့ကို အဲဒီ စွယ်တော်ရိပ်စာစောင် အတွက် အကူအညီတောင်း ဓါတ်ပုံ ရိုက်ခိုင်းခဲ့ကြတာပါတဲ့။ အဲဒါကို ကိုယ်တို့ နည်းမှန်လမ်းမှန် credit ပေးဖို့ မေ့လျော့ခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ဂျစ်တူးကို အားလုံးရဲ့ ကိုယ်စား တောင်းပန်လိုက်ပါတယ်။ ဂျစ်တူးကဘာမှ မပြောပါဘူး။ အစ်မ ကြိုက်သလို ယူသုံး၊ ဘာဖြစ်လဲလို့ ပြောရှာပါတယ်။ ကိုယ်ကတော့ အင်တာနက်က၊ သူငယ်ချင်းဆီက၊ ဖောဝတ်အီးမေးလ်တွေကနေရလို့ ဘယ်သူ့ကို credit ပေးရမယ်မှန်းမသိလို့ မှန်ကန်စွာ credit မပေးမိပေတော့၊ ကိုယ်ကတမင်လုပ်တာ မဟုတ်ပေမဲ့ အခုလိုပိုင်ရှင်နဲ့ တိုက်ရိုက်တန်းတိုးတဲ့အခါ ကိုယ့်ကိုယ်ကို သူခိုးလူမိသလို မျက်နှာပူမိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘလော့တွေကို အချိန်ပေးပြီး နေ့တိုင်းမသွားဖြစ်တာ၊ မဖတ်ဖြစ်တာလည်းပါပါတယ်။

ခုနောက်ပိုင်းတော့ credit ဘယ်သူ့ကိုပေးရမယ်မှန်းမသိရင် မသုံးဖြစ်အောင် ဆင်ခြင်ပါတယ်။ မြန်မာပြက္ခဒိန်လုပ်တာတောင်မှ ပန်းချီဆရာကြီးတွေရဲ့ ပန်းချီပုံတွေကို ခွင့်မတောင်းဘဲ ယူသုံးရတာ အတော်ကို စိတ်ကသိကအောင့်ဖြစ်မိပါတယ်။ (တကယ်လို့ စုချစ်သူ ဘလော့မှာ ခွင့်မတောင်းပဲ တစုံတရာ မတော်တဆ ယူသုံးထားမိသည်များ တွေ့မိသည်ရှိသော် အချိန်မရွေး ဆက်သွယ်ပြောကြားပေးကြပါလို့ အနူးအညွှတ် ပန်ကြား မေတ္တာရပ်ခံအပ်ပါတယ်ရှင်...၊ ကာယကံရှင် သဘောမတူပါက ဘလော့မှ ချက်ချင်း ပြင်ဆင်ပေးပါမည်ရှင်။ ကျေးဇူး။ ။)

ကိုယ်တိုင်ကလည်း ပန်းချီဆွဲတဲ့သူမို့ အနုပညာတခုဖြစ်ပေါ်လာဖို့ကို ဘယ်လို အချိန်ပေးအားထုတ်ရတယ်ဆိုတာ၊ ဓါတ်ပုံဆရာ တစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့ ဓါတ်ပုံလေးတစ်ပုံဖြစ်လာဖို့ အခက်အခဲအမျိုးမျိုးကြားက ဘယ်လို အပင်ပန်းခံပြီး ရိုက်ရတယ်ဆိုတာ ကိုယ်ချင်းစာပြီးနားလည်ပါတယ်။ ဂျစ်တူးကလည်း သူအဲဒီစွယ်တော်ရွက်လှလှပပလေး ရဖို့ ခက်ခက်ခဲခဲ ရိုက်ခဲ့ရတဲ့အကြောင်း ဒီမှာ ရေးထားပါတယ်။ စွယ်တော်ပန်းလေးကတော့ ဒီမှာ၊ နဲ့ ဒီမှာ ပါ။ အရင်က သူ့ဘလော့ကို ၀င်ဖတ်ဖူးပေမဲ့ အခုမှ လှန်လှောရှာရင်း အဲဒီပိုစ့်တွေကို တွေ့မိတာပါ၊ ခွင့်လွှတ်ပါ ဂျစ်တူးရေ...း-)

သူ့ကို နံမည်ဘယ်လိုခေါ်လဲဟင်လို့ မေးတော့ ဂျစ်တူးပါတဲ့။ နံမည်ရင်းကို မေးတာလေဆိုတော့... အင်းလေ... အဲသာ နံမည်ရင်းတဲ့။ သူ့ရဲ့ ဆုရထားတဲ့ ဓါတ်ပုံတွေအကြောင်း၊ ဘယ်ပုံဘယ်နည်းသုံးပြီး ရိုက်ထားရကြောင်း အားပါးတရ ပြောပြပါတယ်။ သူက အွန်လိုင်းကနေ ဓါတ်ပုံရိုက်နည်းတွေ သင်ပေးနေတာတဲ့။ ယောက်ယောက်ကလည်း ဂျစ်တူးပြောသမျှ သဘောတကျနားထောင်ရင်း ဂျစ်တူးနဲ့တွေ့တုန်းလေးမှာ ရသလောက်လေး မေးမြန်းလေ့လာသင်ယူလိုက်ပါသေးတယ်။

စင်ကာပူမှာ မင်္ဂလာဆောင် အမှတ်တရအယ်လ်ဘမ်၊ မိသားစု ပေါ့ထရိတ် ကောင်းကောင်း ရိုက်လိုသူများ ခင်မင်စရာကောင်းတဲ့ ဓါတ်ပုံဆရာလေး ဂျစ်တူး(မုံရွာ) စတူဒီယိုသို့ စုံစမ်းမေးမြန်း ဆက်သွယ်နိုင်ကြပါတယ်လို့...။

ချစ်ခင်စွာ...
စုချစ်

Friday, February 12, 2010

နယူရီးယားနှင့် ခရမ်းချဉ်သီး... ကိုယ်

နယူရီးယား နှင့် ခရမ်းချဉ်သီး... ကိုယ်

အခုပဲ... ရုံးမှာ ဟိုသည် ပတ်ပြီး ဟက်ပီးနယူးရီးယားတွေ လိုက်လုပ်နေတာ။ ဘော့စ်က အလုပ်မများတဲ့သူ ပြန်တဲ့။ တော်တော်များများလည်း ပြန်ကုန်ကြပြီ။ ဟင့်... သူများကတော့ အလုပ်က မပြီးသေး၊ သို့သော် အလုပ်လုပ်ရမှာ စိတ်မပါတော့။ ဟောလီဒေးမုဒ်က ၀င်နေပြီ။

လုပ်ဖော်ကိုင်ဘက်တွေက မေးကြတယ်။ Are you celebrating Chinese New Year too!!! တဲ့။ ဒီက ပြုံးပြုံးလေး ပြန်ဖြေတာပေါ့။ I am celebrating all kinds of New Year! လို့။ ဟုတ်တယ်လေ... ဒီလောက် အလုပ်များတဲ့ နိုင်ငံကြီးမှာ နေနေရတာ ဟောလီဒေးလောက်တွေပဲ ရက်ရှည်ပိတ်ပြီး အနားရကြတာ။ အနားရမယ်ဆို I am warmly welcome any New Year ပဲ... ဟဲဟဲ။

တကယ်တော့လည်းရီရတယ်။ ကိုယ်တို့ဌာနမှာ လူမျိုးပေါင်းတော်တော်များတယ်။ ဟာရီယာရာ ဆိုလည်း မလေးတွေကိုလိုက်ပြီး နယူးရီယားလုပ်လိုက်တာပဲ။ ဒေပါဝလီဆိုလည်း အိန္ဒိယ လူမျိုးတွေကို နယူးရီယားလိုက်လုပ်တာပဲ။ ခရစ်နှစ်အပြောင်း နယူးရီးယားမှာလည်း ပျော်ရွှင်စွာ နယူးရီးယားလိုက်တာပဲ။ ကိုယ့်မြန်မာ နယူးရီးယားမှာလည်း သူတို့က ရေတွေ လာတောက်ပြီး ကစားကြသေးတာပဲ။ ကိုယ်ကလည်း မုံ့လုံးရေပေါ်တွေ ရုံးယူသွားပြီး ကျွေးလိုက်တာပဲ။ ဒီလိုပဲ သူတို့ နယူးရီးယားတွေမှာလည်း သူတို့အိမ်မှာလုပ်တဲ့ ယူလာတဲ့ မုံ့တွေကို ကိုယ်ကတော့ အားပါးတရ စားတာပဲ။

အထူးသဖြင့်ကိုယ်ကတော့ သန့ှ်ရှင်းရေးလုပ်တဲ့ အန်ကယ်၊ အန်တီတွေကို သူတို့ရဲ့ နယူရီးယားအလိုက် မလေးအန်ကယ်ဆို ဟာရီယာရာမှာ၊ ကုလားမလေးကိုဆို ဒေပါဝလီမှာ၊ တရုတ်မ အမ်းမားကြီးကိုဆို အခုလို တရုတ်နှစ်ကူးမှာ အိတ်လေးတွေထဲ ပိုက်ဆံထည့်ပြီး အံပေါင်းပေးလိုက်တယ်။ အခု တရုတ်နှစ်သစ်ကူးဆို လိမ်မော်သီး တတောင်းဝယ်ထားပြီး ကိုယ့်လက်အောက်က ကလေးတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့သူတွေကို တစ်ယောက် လိမ်မော်သီး ၂လုံးစီပေးလိုက်တယ်။ သူတို့က နယူးရီးယားမှာ အံပေါင်းရရင်၊ လက်ဆောင်ရရင် ပျော်တယ်တဲ့။

ကိုယ်ကလည်း ဘယ်နယူးရီယားမဆို အဟုတ် တကယ် ပျော်တယ်။ ကြည့်လိုက်ရင် လူတွေအားလုံးက အ၀တ်သစ် အစားသစ်တွေနဲ့ ရီလို့ မောလို့။ ဈေးတွေမှာလည်း ကြိတ်ကြိတ်တိုး စည်ကားလို့။ လေထဲမှာ နယူးရီယားသီချင်းလေးတွေကလည်း လွင့်ပျံစီးမျောလို့...။

ခရမ်းချဉ်သီးဆိုတာ သိကြလား။ သူက အရာရာ အားလုံးနဲ့ စပ်လို့ရ၊ ပေါင်းလို့ရတယ်တဲ့။ အသုပ်သုပ်တဲ့ထဲလည်းပါတာပဲ။ ဟင်းချိုထဲလည်း ပါတာပဲ။ ဟင်းချက်ရင်လည်း ပါတာပဲ။ ဖျော်ရည်လည်း ဖျော်သောက်ကြတာပဲ။

ဒီဂ ခရမ်းချဉ်သီးကိုယ်လည်း ကမ္ဘာပေါ်က ရှိရှိသမျှ ဟောလီဒေးတွေမှာ လိုက်ပြီး ပျော်ဝင်နေဦးမှာပဲ... အဟိ....


Happy Holiday & Chinese New Year to all!!!!!

Wednesday, February 3, 2010

တောသူအကြိုက် ကိုယ့်အကြိုက်


ဟီး... အစ်မသက်ဝေရ... သတိရလို့ ကျေးဇူး... ကျေးဇူး။ ဒီတခါတော့ တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ဆိုသလို ကြွားချင်နေတာနဲ့ အံကိုက်ပဲတော့။ ခုတခေါက် မြန်မာပြည်တော်အပြန်မှာ ထမီတွေလက်ဆောင်တွေ ရလာတာလေ ၅ထည်တောင်မှတော့။ မမကြီးဆီက အမရပူရပိုးချိတ်ရယ်၊ ညီမလေးသူငယ်ချင်းပေးတဲ့ ကယားပြည်က ကယားချည်လုံချည်ဝမ်းဆက်ရယ်၊ အောင်ပန်းနဲ့ မြစ်ကြီးနားမှာနေတဲ့ ယောက်ယောက် အဒေါ်၂ယောက်ကပေးတဲ့ ရှမ်းလုံချည်၊ ကချင်မနောတိုင်ဝမ်းဆက်၊ စစ်ကိုင်း ကောင်းမှုတော်ဘုရားဈေးက ယောက်ခမ အမေ၀ယ်ပေးတဲ့ အညာချည်ချောလုံချည်လေးရယ်။

ပြောရရင် ရွှေစုချစ်တို့က ရန်ကုန်သူလို့ ဘုရားစူးပြောမှ ယုံစရာကောင်းလောက်အောင် တောဂိုက်ကိုး အစ်မရ။ ထမီကို အရမ်းကြိုက်တော့ ခုထိ ရုံးသွားလည်း ရံဖန်ရံခါဆိုသလို ၀တ်တာပဲ။ ရုံးကလူတွေကလည်း ထမီလေးဝတ်သွားတဲ့နေ့ဆို you are so pretty အဟီး... တဲ့။ (ယုံချင်ယုံ မယုံချင်နေ... ခစ်) ရုံးကိုဝတ်တာတော့ ထမီ စကပ်လို ဟာမျိုးကို ၀တ်တာပေါ့နော်။ တော်ကြာ လူကြားထဲ ဖြန့်ဝတ်နေရ မခက်လား... အဟား။

စင်ကာပူပါလာတဲ့ ထမီတွေအားလုံးလိုလိုကတော့ များသောအားဖြင့် လက်ဆောင်ရတာတွေချည်းပါပဲ။ လွန်ခဲ့တဲ့ ၁၂နှစ်ကျော်ကတဲကစုလာတာတွေဆိုတော့ တဖြည်းဖြည်းနဲ့ များလာတာ ဘုန်းကြီးကျောင်းသွားရင် မြန်မာလုံချည်လေးတွေ ၀တ်ချင်တယ်ဆိုတဲ့ သူငယ်ချင်း တချို့တလေကို လှတာလေးတွေ သူတို့လိုချင်တာကို ပြန်လည်ဝေမျှရတယ်။ နည်းနည်းဟောင်းပြီး ၀တ်လို့ မကောင်းတော့တာတွေကို မြန်မာပြည်ပြန်တိုင်း ပြန်သယ်။ မရှိတဲ့သူတွေဝေပေး။ ဟိုတခါ နာဂစ်ဖြစ်တုန်းကတော့ အတော်ပဲဆိုပြီး ထမီတော်တော်များများ လှူဖြစ်လိုက်တယ် အစ်မရဲ့။

ကျောင်းတုန်းကလေ အစ်မသိတဲ့အတိုင်း သူများက ပိန်ပိန်သေးညှောင်လေးဆိုတော့ မြန်မာအင်္ကျီတွေဝတ်ရင် ကြည့်လို့မကောင်းဘူး။ အရမ်းရုပ်ဆိုးတာပဲ။ မြန်မာအင်္ကျီတွေက ပြည်ပြည့်ဖြိုးဖြိုးနဲ့မှ ကြည့်ကောင်းတာကိုးလို့။ ဟိုတခါ အစ်မရဲ့ ကမ္ဘာလုံးလေး ကိုရင်ဝတ်တုန်းက အစ်မကမြန်မာအ၀တ်အစားလေးနဲ့ တကဲ့ကို လှပြီးကျက်သရေရှိတာတော့။ အဲဒီနေ့က သူများတောင် မြို့ထဲ လမ်းသလားစရာရှိလို့ မြန်မာဝတ်စုံ မ၀တ်ခဲ့ရတာရယ်။ မဟုတ်ရင် သူများကလေ အခုမှ လူက ခပ်ပြည့်ပြည့်ဖြစ်လာတာဆိုတော့ အရင်က မ၀တ်နိုင်တာကို အတိုးချပြီး မြန်မာအင်္ကျီကို ခုံခုံမင်မင် နှစ်နှစ်သက်သက်ကြီးကို ၀တ်ပါတယ်အစ်မရယ်။ မြန်မာပြည်ပြန်ရင် ချည်လုံချည်၊ ချည်အင်္ကျီတွေပဲ အားပါးတရ ၀တ်တော့တာပဲ။ မျက်နှာမှာလည်း ဘယ်သွားသွား သနပ်ခါး ဘဲကျားရိုက်ပြီးကိုသွားတော့တာ။

သိလား။ အဲသာလေ... ရီစရာ ပြောရဦးမယ်။ မြန်မာပြည်ပြန်တော့ သွားဆရာဝန်သွားပြရရော အစ်မရယ်။ မန်းလေးကို မသွားခင် ရန်ကုန်ရောက်ရောက်ချင်းသွားပြတာပေါ့။ သွားတွေက ခရောင်းပြန်အုပ်ရမှာဆိုတော့ ဆရာ... သမီးက ခရီးထွက်ရမှာ ဘယ်လောက် ကြာမလဲ ဘာညာ မေးတာပေါ့နော်။ အဲသာလေ ချည်ရင်ဖုံးကွက်စိပ်၊ ကချင်အနားချိတ်ထမီဝတ်ထားတဲ့ သနပ်ခါး ပါးကွက်ကျားနဲ့ သူများကို ကြည့်ပြီး သွားဆရာဝန်က ဘာမေးလဲဆိုတော့ သမီးက နယ်ကျောင်းက ကျောင်းဆရာမလေးလားတဲ့။ ဟီး..........။ မြန်မာပြည်မှာ သနပ်ခါးပါးကွက်ကျားနဲ့ ထမီဝတ်တဲ့သူ ရှားနေပြီကိုး အစ်မရ။

ကဲ... ကြွားလို့... အဲလေ... ဟီး... ရေးလို့လဲ ၀ပြီ။ တောသူအကြိုက် ကိုယ့်အကြိုက်ကတော့ အဲသလောက်ပါပဲ အစ်မသက်ဝေရေ့................။ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်။

***********
ဟိ။ ကိုယ်လည်း ဘလော့ဂါ ပီသအောင် သူညားတွေကို ပြန်တက်လိုက်ဦးမယ်။
ချစ်သော မမေ (မေဓါဝီ)
ချစ်ညီမလေးကွင်း
ကပ်သီးကပ်သပ် ကထက် (တင်မင်းထက်) - စိတ်ပုတ်တယ်မပြောနဲ့... ပုဆိုးအကြောင်းရေးပေါ့။

အားရင် ရေးပေးပါနော်။

ချစ်ခင်စွာ
စုချစ်

Friday, January 29, 2010

လတပို့တွဲ ထမနဲပွဲ

မနေ့ညက အိမ်မှာ ထမနဲထိုးကြလေသည်။ များများစားစားမဟုတ်ပါ။ ကောက်ညှင်းဆန် ၂လုံးသာသာလောက်မျှသာ ဒီကနေ့ တပို့တွဲလပြည့်နေ့ ဘုရားဆွမ်းတော်ကပ်ရန်အမှီ အဓိက ရည်ရွယ်ထိုးကြရခြင်းဖြစ်သည်။ အဲဒီတော့ မြေပဲဆန်နည်းနည်း၊ နှမ်းနည်းနည်း၊ အုန်းသီးနည်းနည်း၊ ဂျင်းနည်းနည်း၊ ပြီးတော့ မြန်မာပြည်က သယ်လာသည့် ပဲဆီ ရွှဲရွဲနှင့် သားအမိ၃ယောက် ထမနဲထိုးကြလေသည်။

မေမေသည် ထို နည်းနည်း၊ နည်းနည်း ပုံထားသည်များကိုကြည့် ခေါင်းခါရင်း အားမလို အားမရ ရေရွတ်သည်။ တို့ရွာမှာဆို တခါထိုးရင် အနည်းဆုံး ၄တင်း (ကောက်ညှင်းဆန် ၂တင်းအိတ် ၂အိတ်) ထိုးကြရတာ။ ရွာမှာ ဆင်းရဲတယ်ဆိုတဲ့သူတောင် အနည်းဆုံးတော့ ဆန်၂ပြည်လောက်ထိုးနိုင်ကြပြီး ဘုန်းကြီးကျောင်းကပ်ကြတာဟု ပြောလေသည်။ လွမ်းဆွေးသွားသည့် မေမေ့ မျက်လုံးများကို ကြည့်ပြီး ကျမတို့က မေမေရယ် မေမေတို့ ငယ်ငယ်က ထမနဲပွဲအကြောင်းပြောပြပါဦးလို့ အလိုက်သတိ မေးကြတော့ မေမေက ယခုလို ခရားရေလွှတ် တတွတ်တွတ် ပြောပြပါလေတော့သည်။

တို့ရွာမှာ ၁၂လရာသီပွဲတိုင်း မစည်ကားတဲ့ ရာသီဆိုတာ မရှိခဲ့ဘူး။ တပို့တွဲလမှာလည်း လပြည့်မတိုင်ခင် ၁၀ရက် လောက်ကစပြီး ပွဲတွေစသွင်းတာ။ ရွာနီးချုပ်စပ်က လှည်းတွေကိုပြည့်လို့။ အဲဒီမှာ တနှစ်က စိန်အောင်မင်း ဇာတ်လာကတော့ ဘိုစိန်ဆိုတဲ့ မင်းသား ပါလာသတဲ့။ အဲဒီမင်းသားက ဗမာအစစ်မဟုတ်ဘူးတဲ့။ ရုပ်ကလည်း ဘိုရုပ်တဲ့။ အမက (မေမေ့ အမေ) အဲဒီမင်းသားကတာကြည့်ပြီး မေမေ့ကိုမွေးတော့ မေမေက အဲဒီမင်းသားလိုပဲ နှာခေါင်းချွန်ချွန် ဖြစ်နေလို့ မေမေရဲ့ ငယ်နံမည်ဟာ ဘိုစိန်လို့ တွင်ခဲ့သေးတာ။

မေမေတို့ ကလေးတွေဆိုတာ ပွဲတွေ စလာပြီဆိုတာနဲ့ ပျော်လိုက်တာဆိုတာ။ အဲဒီမှာ ထမနဲထိုးဖို့အတွက် ဋ္ဌားထားတဲ့ သူတွေနဲ့ အိမ်ကလည်း အရှေ့ အနောက် အပြည့်ပဲ။ ၁၄ရက်နေ့ည လပြည့်မတိုင်ခင် ထမနဲ ထိုးဖို့ ရွာနီးချုပ်စပ်က သူတွေကို ဋ္ဌားကြရတာ။ အထူးသဖြင့် အဖေ့ အသိ ကရင်ကြီးတွေက လာကူညီလေ့ရှိတယ်။ ဆန်ပြာတဲ့သူ။ မြေပဲဆံချွတ်တဲ့သူ၊ ထုတဲ့သူ။ ကရင်ကြီးတွေက အုန်းသီးခူး၊ အုန်းသီးခွာ၊ အုန်းဆံလှီးတာတွေ လုပ်ကြတာ။ ဆောင်းတွင်းအေးပေမဲ့ ကျောပြောင်တွေမှာ ချွေးတွေနစ်လို့။ ခုစဉ်းစား ခုပြန်မြင်ယောင်လာတယ်။ တကယ်။ အိမ်ရှေ့ကွပ်ပျစ်မှာ ချထားတဲ့ လက်သမားသုံး ရေပေါ် ထိုးတာကို ပြောင်းပြန်လှန်ပြီး အုန်းသီးတွေ ခြစ်ကြတာ။

မေမေတို့ ကလေးတွေကတော့ အိမ်ရှေ့ဒုန်းစိုင်းပြေးလိုက်၊ နောက်ဖေးဒုန်းစိုင်းပြေးလိုက်နဲ့ အလကားနေရင်းပျော်နေကြတာ။ လေထဲကို စွေ့ခနဲ၊ လွှားခနဲ ဖြာလွင့်သွားတဲ့ ဆန်လေးတွေ တစိကလေးမှ အောက်ကို မကျအောင် ဆန်ပြာနိုင်တဲ့ မိန်းမတွေနား တအံ့တသြ သွားကြည့်လိုက်ကြ။ မြေပဲဆံနွှာနေတဲ့သူတွေနားသွားပြီး မြေပဲတွေ ကောက်ဝါးလိုက်ကြ၊ ကရင်ကြီးတွေ အုန်းသီးခွာနေတာ၊ ခြစ်နေတာ တွေ ငုတ်တုတ်ထိုင်ကြည့်ရင်း အုန်းသီး ပါးစပ်ထဲကောက်ထည့်လိုက်ကြပေါ့။ ပြီးရင် ကရင်ကြီးတွေက မြစ်ဆိပ်ကရေတွေခပ် ကောက်ညှင်းဆန်တွေ နိုင်နိုင်ဆေးကြရတာ။ မိုးပြဲဒယ်တွေဆေးကြတာ။ ပြီးရင် အိုးအခြေခိုင်ဖို့ တွင်းတူးပြီး မီးဖိုလုပ်ကြရတာ။

ထမနဲစထိုးပြီဆို တဒယ်မှာက ပဲဆီတွေနဲ့ ဂျင်းကိုကြော်၊ ဂျင်းမွှေးလာပြီဆိုရင် ဆန်တွေကိုထည့်ကျော်၊ ပြီးတော့ ဟိုဖက် တဒယ်က ရေနွေးပွက်ပွက်ဆူဆူကို လောင်းထည့်၊ ရေနည်းနည်းခမ်းသွားပြီဆိုတော့မှ ငှက်ပျော်ဖက်နဲ့ အုပ်ပြီးနှပ်ထား၊ အဲသလို လုပ်ရတာ။ အဲ ဆန်နပ်သွားပြီဆိုရင် မီးဖိုကချ ခုနက ဒယ်အိုးဖင်ငြိမ်အောင်တူးထားတဲ့ တွင်းလေးပေါ်တင်ပြီး သန်မာတဲ့ ယောက်ျား၎ယောက်လောက်က နှဲကြရတော့တာ။ လှေလှော်တက်မပုံစံ ယောက်မပြား ၂ချောင်းကို အပေါ်က မတ်တတ်ရပ်နေတဲ့ ယောက်ျား၂ယောက်ကကိုင်ပြီးမွှေ၊ အောက်က ယောက်ျား၂ယောက်က ဆောင့်ကြောင့်ထိုင်ပြီး ယောက်မအရင်းကနေ ကိုင်ပြီး ကျိတ်ချေပေး။ အပေါ်ကနေ မြေပဲတွေ၊ အုန်းသီးဖတ်တွေကို မိန်းမတွေကလောင်းထည့်၊ ပြီးခါနီးကျတော့ နှမ်းကို နှံ့စပ်အောင်ဖြူးကြ။ ဒီလိုနဲ့ တဒယ်ပြီး တဒယ် ဆက်ပြီးနှဲကြရတာလေ။ အနည်းဆုံး ယောက်ျားမိန်းမ ၁၀ယောက်ထက်မက ၀ိုင်းလုပ်ကြရတာ။

အဲသလိုပဲ ကိုယ့်ဘက်အိမ်က လုပ်နေသလို ဟိုဘက်အိမ်ဝိုင်းကလည်း အပြိုင်အဆိုင် နှဲနေကြတာပဲ။ ထမနဲတွေကို ညတွင်းခြင်းပဲ ရွာဦးဘုရားမှာ မနက်ဖြန် လပြည့်အမှီ ပြေးကပ်ကြတာ။ သူ့အိမ်က ထမနဲ၊ ကိုယ့်အိမ်က ထမနဲနဲ့ အို... ဘုရားပေါ်မှာ ထမနဲတွေအပြည့်။ ရွာနီးချုပ်စပ်က လူတွေကိုလည်း ညတွင်းခြင်းပဲ ဝေကြတာ။ ပွဲကလည်းရှိ၊ ပွဲဈေးကလည်းရှိ၊ ထမနဲထိုးပွဲတွေလည်းရှိပြီး ထမနဲတွေလည်းဝေကြတော့ တညလုံး မီးရောင်တွေ ထိန်ထိန်လင်းလို့ တရွာလုံး စည်ကားလိုက်တာဆိုတာ....။

မေမေ့ မျက်လုံးတွေမှာ အတိတ်က ပျော်ရွင်ဖွယ်ရာကောင်းသော အရိပ်ကြောင့် ရွှန်းလဲ့တောက်ပနေကြလေသည်။ ဘုရားဆွမ်းတော် ဦးချပြီး ထမနဲပန်းကန်လေးရှေ့ချထားကာ စကားဝိုင်းဖွဲ့နေကြသော ကျမတို့ သားအမိ၃ယောက်စလုံး မေမေတို့ရွာမှ ထမနဲပွဲကို စိတ်ကူးဖြင့် အရောက်လှမ်းနေမိကြပေတော့လေသတည်း။ ။

*********************

Monday, October 5, 2009

သီတင်းကျွတ်ညလေးတည ပြန်လည်ကာ သတိရမိပါတယ်


''သီတင်းကျွတ်ညလေးတည ပြန်လည်ကာ သတိရမိပါတယ်''


မနေ့က သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှာ ဘုရားမီးပူဇော်ပြီး တအိမ်လုံး ရေချိုးခန်း၊ မီးဖိုချောင်၊ အိပ်ခန်းတွေကအစ...ဖယောင်းတိုင်မီးခွက်လေးတွေ ထွန်းတယ်။ ပြီးတော့ လျှပ်စစ်မီးတွေပိတ်ပြီး ဖယောင်းတိုင် မီးရောင်လေးတွေနဲ့ နေကြတာ အိမ်လေးက လှလိုက်တာ၊ ကျက်သရည်ခငြောင်းလိုက်တာဆိုတာ...။ ဒီတခါ သီတင်းကျွတ်လပြည့်နေ့က ပိတ်ရက်နဲ့ တိုက်ဆိုင်လို့ ဥပုသ်လေးရသွားတယ်။

ညကဘုန်းကြီးကျောင်းကအပြန်မှာ ညီမလေးက ကိုယ်တို့ ၂ယောက်စလုံးကြိုက်တဲ့ ဒိုးနတ်မျိုးစုံမုံ့ဘူးကြီးနဲ့ သီတင်းကျွတ်ကန်တော့တယ်။ အိမ်ကယောက်ယောက်က ကိုယ်ကလွဲရင် သူ့ကို ဘယ်သူမှ ကန်တော့တာမခံဘူးတော့ ဘာဆုပြန်ပေးရမှန်းမသိဘူးဖြစ်နေတယ်....။ ညီမလေးက အစ်ကိုကြီး နဲ့ မမလတ်ကို ကန်တော့ပါတယ်လည်းပြောရော... ပြုံးပြုံး...ပြုံးပြုံးနဲ့... အေး..နင်ပေးတဲ့ဆုနဲ့ ပြည့်ရပါစေတဲ့...။ ဟာ...မှားနေပြီလေ... ဟိုက ကန်တော့နေတာ..ဆိုတော့မှ အေး..ဟုတ်သားဆိုပြီး ရီပြီး ဘာပြောရမယ်မှန်းမသိ ခေါင်းတွေကုပ်နေတယ်။ ကိုယ်ကတော့ ညီမလေးအတွက် သေချာဆုမွန်ကောင်းလေးပေးလိုက်တယ်။

ကိုယ်တို့မိသားစုမှာ ငယ်ငယ်လေးကတဲက ကြီးစဉ်ငယ်လိုက်ကန်တော့ကြတာ အလေ့အထမို့ ကိုယ်တို့အတွက်တော့ ကန်တော့တာ၊ အကန်တော့ခံရတာ မဆန်းဘူး။ ညတိုင်း ဘုရားရှိခိုးပြီးတာနဲ့ အဖိုး၊ အဖွား၊ အဖေ၊ အမေကို ကန်တော့ပြီးမှ အိပ်ရတယ်။ ပြီးရင် မောင်နှမတွေ ကြီးစဉ်ငယ်လိုက်ကန်တော့ကြတယ်။ ကျောင်းသွားခါနီးတိုင်း၊ အပြင်ထွက်ခါနီးတိုင်း ဘုရားကန်တော့၊ လူကြီးတွေ ကန်တော့ပြီးမှ ထွက်ကြရတယ်။

သီတင်းကျွတ်ဆိုရင် လပြည့်နေ့မှာ တအိမ်လုံးဥပုသ်စောင့်ကြရတယ်။ လပြည့်ကျော်၁ရက်နေ့ကြမှ မုံ့တွေ၊ သစ်သီးတွေကို ဗန်းတွေထဲထည့်ပြီး အင်္ကျိလှလှပပလေးတွေဝတ်လို့ လူကြီးမိဖတွေကို လိုက်ကန်တော့ကြရတယ်။ ပြီးရင် တန်ခိုးကြီး ဘုရားတွေကို သွားရောက်ဖူးမြှော် ဆီမီးပူဇော်ကြတယ်။ အဲသာကတော့ ကိုယ်တို့မိသားစုရဲ့ သီတင်းကျွတ်တေးသံပဲ။

စင်ကာပူကို ထွက်မလာခင် နောက်ဆုံးနှစ်က ယောက်ယောက်နဲ့ ရည်းစားဖြစ်ပြီး ၂လလောက်အကြာ သီတင်းကျွတ်လကိုရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် သီတင်းကျွတ်လပြည့်နေ့နဲ့ သူ့မွေးနေ့က အဲဒီနှစ်မှာ တိုက်ဆိုင်နေတယ်။ သိတဲ့အတိုင်း မန်းလေးသီတင်းကျွတ်ဆိုတာကလည်းအရမ်းကိုစည်တာ။ အဲဒီနေ့က သူနဲ့ နှစ်ယောက် ဆိုင်ကယ်လေးနဲ့ မန်းလေးက သွားလို့ရနိုင်သမျှ နေရာစုံ ဘုရားသွားဖူးပြီး ဘုရားဝင်းတွေမှာ ဆီမီးပူဇော်ကြတယ်။

တိမ်ကင်းစင်တဲ့ မီးခိုးပြာရောင်ရင့်ရင့် မိုးကောင်းကင်ကြီးပေါ်က ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးက ပြုံးပြီးငုံ့ကြည့်နေသလို...လောကကြီးက အေးချမ်းသာယာလို့။ ဘုရားရိပ် တရားရိပ်ကလည်း ငြိမ်းအေးချမ်းမြေ့လို့...။ ရင်ထဲမှာ အတိုင်းမသိ ကြည်နူးရတာ ခုပြန်တွေးမိလိုက်တိုင်းပဲ။ ဘုရားရှိခိုးဆုတောင်းပြီး ဖယောင်းတိုင်မီးလေးတွေကို ဘုရားရင်ပြင်တော်မှာ ပတ်ပတ်လည် မီးပူဇော်ကြရတာ.. အရမ်းကိုပျော်စရာကောင်းပါတယ်။ တွေးမိတိုင်းလည်း လွမ်းဆွတ်သတိရမိတယ်။

အဲဒီနှစ်က ယောက်ယောက်ကို ပုဆိုး၊ ဖိနပ်တို့နဲ့ ကန်တော့တယ်။ သူက မထင်မှတ်ဘဲ ကန်တော့ခံရလို့ အံ့တွေသြပြီးရှက်နေသေး.. ဆုကလည်းမပေးတတ်တော့... ဘာလုပ်ရမယ်မှန်းမသိ ခေါင်းတွေကုပ်ပြီး... ပြုံးပြုံးပြုံးပြုံးနဲ့.. ကျေးဇူးဘဲတဲ့။ နောက်တော့ သူ့အိမ်ကလူကြီးတွေကြိုက်တတ်တဲ့ စားစရာမုံ့တွေဝယ်ပေးလိုက်ပြီး ကိုယ်စားကန်တော့ခိုင်းလိုက်သေးတယ်။

တကယ်က မြန်မာပြည် သီတင်းကျွတ်ကိုပြန်ချင်တာ အရမ်းပဲ။ တချို့က မြန်မာနှစ်သစ်ကူး သင်္ကြန်ဆိုရင် မြန်မာပြည်ပြန်ချင်ကြတယ်လို့ပြောတယ်။ ကိုယ်ကတော့ နှစ်သစ်ကူးသင်္ကြန်ထက် မြန်မာပြည်သီတင်းကျွတ်၊ တန်ဆောင်တိုင်တွေကို ပိုလွမ်းတယ်။

တွေးလိုက်တိုင်း နောက်နှစ်သီတင်းကျွတ်တော့ ပြန်ဖြစ်အောင် ပြန်မယ်..ပြန်ဖြစ်အောင် ပြန်မယ် လို့ ရည်ရွည်ရင်းနဲ့ပဲ သီတင်းတွေလည်းကျွတ်ပေါင်းများခဲ့ပြီ။ ကိုယ်လည်း မြန်မာပြည် သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ ဝေးခဲ့တာ ၁၂နှစ်တိုင်ခဲ့ပါပြီ။

******************

Monday, August 17, 2009

အခုတလော...

အမသက်ဝေက Tag ထားတယ်...။ ပေါ့ပေါ့ပါးပါး... အားရင် ရေးပေးနော်...တဲ့။ ဘလော့မှာ သူများတွေ တစ်ယောက်နဲ့တစ်ယောက် Tag လုပ်ပြီးရေးခိုင်းတာတွေ ဖတ်ရရင် ကိုယ်ကလည်း အားကျတယ်။ ကိုယ်လည်း ကိုယ်ချစ်တဲ့ ဘလော့ကာတွေကို ကိုယ်သိချင်တဲ့ topic အကြောင်း Tag ပြီး ရေးခိုင်းချင်တယ်။ ဒါပေမဲ့ ကိုယ့်မှာက ဘလော့ရှိလို့ ဘလော့ကာနံမည်သာခံထားရတာ၊ အသိအကျွမ်းကနည်းပါးလှ။ နံမည်ကြီးဘလော့ကာတွေကို သူရို့ကိုသာ ကိုယ်ကသိပေမဲ့ ကိုယ့်ကိုမည်သူမျှ မသိကြတော့ မTag ၀ံ့။

Tag ကြတဲ့အထဲမှာလည်း တခါမျှမပါဝင်ခဲ့ဖူးဘူး။ ဟီး ...ဘယ်သူမှ Tag မဲ့သူမရှိလို့။ အခုတော့ အမသက်ဝေ ကျေးဇူးနဲ့ ပထမဆုံး Tag ခံရလို့ ဂုဏ်ယူစွာနဲ့ ရေးလိုက်ပါတယ်။

*********
အခုတလော...

တွေးနေမိတာက
ဘာကိုစလုပ်ရရင် ကောင်းမလဲ၊ တော်ပါပြီ ဘာမှမလုပ်တော့ဘူး...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လုပ်ချင်တာတွေများပြီး ဘာမှမလုပ်ဖြစ်သောသူ...

ကျန်းမာရေး
ကောင်းတချက်၊ မကောင်းတချက်…

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဘလော့၊ ဖိုရမ်၊ မြန်မာအိုးလုပ်ငန်း၊ Arts movement...

ရောက်နေဖြစ်တာက
ပုံမှန်က ရုံး နဲ့ အိမ်၊ အိမ်နဲ့ ရုံး...
ဒီပိတ်ရက်တော့ ပန်းချီ စတူဒီယို မသွားမဖြစ်လို့ သွားရတယ်။ ပြီးတော့ လျှောက်လည်ပစ်တယ်...

ရေးဖြစ်နေတာက
အလာပ၊ သလာပတွေ...

နားထောင်ဖြစ်နေတာက
သံယောဇဉ်၊ သံယောဇဉ်…

ရွတ်နေမိတဲ့ကဗျာက
The Gardener XVI: Hands Cling to Eyes by Rabindranath Tagore
This love between you and me is simple as a song...

ဖြစ်ချင်နေတာက
ဖြစ်ချင်တာတွေ အများကြီး…

စားဖြစ်နေတတ်တာက
ညီမလေးချက်ကျွေးတာ...

သနားနေမိတာက
မှားတာကို မှားမှန်း မသိသူတွေ...

လွမ်းနေမိတာက
ပျော်ရွှင်စရာအချိန်များ အားလုံး...

မေ့လျော့ပစ်နေမိတာက
သေခြင်းတရား...

ခါးသက်နေမိတာက
မြန်မာပြည်က သတင်းတွေ...

တမ်းတနေမိတာက
အမေနဲ့ လွတ်လွတ်လပ်လပ် တွေ့ချင်တယ်၊ စကားပြောချင်တယ်...

ကြိတ်ပြီးချီးကျူးနေမိတာက
ဒီပလိုမေစီ ဖြစ်သူများ...

ကြိတ်ပြီးအထင်သေးနေမိတာက
ငွေနဲ့ ရာထူးမက်သူများ...

ဆန္ဒမရှိတဲ့နေရာ
မင်္ဂလာတရားတော်နှင့် မညီသော အရပ်...

ဆန္ဒရှိနေတဲ့ကိစ္စ
ပန်းချီစတူဒီယိုတခု ထောင်ချင်တယ်။ အောက်ထပ်မှာ ကော်ဖီ၊ လက်ဘက်ရည်ဆိုင်ဖွင့်မယ်...

မုန်းတီးနေမိတာက
ဘာပြောကောင်းမလဲ… သူရို့ဘဲ ရှိတယ်…

ချစ်နေတာက
ချစ်စရာကောင်းသူတွေ အားလုံး...

စိတ်ပျက်နေမိတာက
ပျင်းလွန်းတဲ့ ကိုယ့်ကိုယ်ကို...

စွဲလန်းနေမိတာက
ကွန်ပြူတာ.. ပြောရရင် အင်တာနက်… ဂေါ်ဂဲ...
ဘာသိလို့လဲ… ဂေါ်ဂဲမှာ လိုချင်တာ အားလုံးရှာလို့ရတယ်…
how to deliver baby ဆိုပြီး ကလေးမွေးနည်းတောင်ရှိတာကြီးကိုး...

လိုအပ်နေတာက
ကြိုးစားအားထုတ်မှု...

တောင်းနေမိတဲ့ဆု
အမေနဲ့ အတူတကွ ဦးကြီး၊ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေးတို့ ဘေးရန်ကင်းပါစေ...

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
ရှေ့ဆက်ပြီး ကိုယ်ဘာများလုပ်ရမလဲ…

ဝန်ခံချင်တာက
ကိုယ်ဟာ ငပျင်းပါ...

Monday, March 2, 2009

Unexpected Access


Image from http://www.fotosearch.com/

တနင်္ဂနွေည ၁၀နာရီမှာ စင်ကာပူရုပ်မြင်သံကြား အစီအစဉ် (channel 5) ကထုတ်လွှင့်တဲ့ unexpected access ဆိုတဲ့ program အစီအစဉ်လေးကိုတွေ့လို့ ဟိုဒီတွေးမိတာလေးတွေပါ။

အဲဒီ program လေးက လူတွေ မမြင်သင့်၊ မမြင်အပ်တဲ့ ထိတ်လန့်စရာ၊ ကြောက်မက်ဖွယ်ရာ၊ စိတ်နှလုံးချောက်ချားစရာ လုပ်ငန်းမျိုးတွေနဲ့ ဆက်စပ်ပါတ်သက်နေတဲ့ အလုပ်တွေအကြောင်း သိကောင်းစရာ၊ ဗဟုသုတရနိုင်အောင် ရိုက်ပြထားတဲ့ အစီအစဉ်လေးပေါ့။

ဥပမာ… အသုဘ လုပ်ငန်းနဲ့ ဆိုင်တာတွေ၊ သားသတ်ရုံအကြောင်း၊ ဆေးရုံခွဲစိတ်ခန်းအကြောင်း၊ မှုခင်းမှုရာတွေ အကြောင်း စသဖြင့်ပေါ့။ Host ကတော့ စင်ကာပူ MediaCorp TV က မင်းသမီး လီလင်း (Wong Lilin) ပါ။ သူ့ကို အတော် သတ္တိရှိတယ်ဆိုပြီး ချီးကျူးမိပါရဲ့။ ကိုယ်ကတော့ သူသတ္တိရှိရှိ ရိုက်ပြထားတာကိုတောင်မှ ရဲရဲ မကြည့်ဝံ့သူပါ။

အဲဒီမှာ series-2 က ၀က်သတ်ရုံအကြောင်းရိုက်ထားတာ။ နောက်တနေ့ နံနက်မှာ အသတ်ခံရတော့မဲ့ ၀က်တွေအများကြီးဟာ သားသတ်ရုံထဲမှာ သူတို့ရဲ့ နောက်ဆုံးညလို့ မသိပဲ အိပ်နေကြတာ ကြည့်ရတာ အတော်ကို ၀မ်းနည်းစရာ။ ပြီးတော့ အော်သံ… အဲဒီ ၀က်လေးရဲ့ အော်သံကို ကြားရတာ ရင်ထဲမှာ အတော်ကို ခံစားရတာပါ။ ကြည့်စမ်း… သူ့ကို သတ်တော့မယ်ဆိုတာ သိနေပြီး ရုန်းကန်တွန်းထိုးလို့… ။ ကိုယ်က အဲဒီအစီအစဉ်ကို channel 5 ရဲ့ စာမျက်နှာမှာ သွားဖတ်ထားပြီးသား။ ကြော်ငြာလာတဲ့ အချိန်တောင် ကောင်းကောင်းမကြည့်ရဲလို့၊ ရင်ထဲမှာ မချိလို့ နားရော၊ မျက်စိရော ပိတ်ထားမိတယ်။

တော်ပါသေးရဲ့…။ ကိုယ်က ၀က်သားကို မွေးကတဲက မစားဘူးတဲ့သူမို့။ သူငယ်ချင်းတွေကတော့ နင်က ၀က်သားကိုအရသာကောင်းမှန်းမမြည်းဘူးလို့ပါ၊ နို့မဟုတ်ရင် ၀က်သားဆိုတာမျိုးက ရှောင်နိုင်မယ်မထင်လို့ တခါတခါ ပြောတတ်ကြတယ်။ နည်းနည်းလေး ကြီးလာတော့ ၀က်သားတင်မဟုတ်၊ ခြေ၄ချောင်းသား မှန်သမျှ မစားဘူးဆိုတော့ ကုတင်ရော မစားဘူးပေါ့၊ ဂဏန်းကျတော့ ဘာလို့ စားလည်း၊ လူကတော့ ခြေ၂ချောင်းဆိုတော့ မရှောင်ဘူးပေါ့ … စသဖြင့် လည်း သူငယ်ချင်းတွေ နောက်ကြပြောင်ကြလေ့ရှိတယ်။

တကယ်က အဖိုးဖက်ကရှမ်းစပ်တော့ ရှမ်းနတ်ကိုးကွယ်တယ်ဆိုလား၊ ဘာမှန်းရေရေရာရာမသိ၊ ၀က်သားစားရင် တခုခု အမြဲ အဆင်မပြေ ဖြစ်တယ်လို့လည်းပြောကြ။ ဒါနဲ့ပဲ ကိုယ်မမွေးခင် အဖေ၊ အမေတွေ လက်ထက်မှာ ၀က်သားကို လုံးဝ ရှောင်ခဲ့ကြတယ်။ ကိုယ်တို့လက်ထက်ကျတော့ လက်တွေ့ကျတဲ့သူတွေမို့ အဲသလောက် အယူမသည်းကြတော့။ အိမ်မှာသာ တရားဝင်ချက်မစားဖြစ်ပေမဲ့ မောင်လေးတွေက အပြင်မှာတွေ့ရင် စားကြတာပဲ။ ကိုယ်ကတော့ ၀က်သားစားတဲ့ သူနဲ့ တစားပွဲထဲ ထိုင်စားလို့ မရလောက်အောင် အယူမသည်းတတ်၊ ၀က်သား (ဒါမှမဟုတ်) တခြား ခြေ၄ချောင်းသားပဲ ဖြစ်ဖြစ် ခပ်ထားတဲ့ ဇွန်းနဲ့ ကိုယ့်ဟင်းခွက်နှိုက်ချင်လည်းနှိုက် ဘာမှမဖြစ်ဘူး။ ကိုယ်မစား၊ ပြီးတာပဲ လို့ စိတ်ထဲထားတယ်။ တခါတလေ သူငယ်ချင်းတွေက ညာကျွေးချင်ပေမဲ့ ကိုယ်က အနံ့ရတာနဲ့ များသောအားဖြင့် ကိုယ်မစားတဲ့ အသားမှန်းချက်ချင်းတန်းသိတယ်။ စားနေကျအသားတွေ မဟုတ်တဲ့အတွက် အနံ့ကိုက ညှီတယ်လို့ ထင်မိတယ်။ တကယ်က ကိုယ်ဝက်သားမစားတာ၊ ခြေ၄ချောင်းသားရှောင်တာ အယူကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့။

ဟိုးအရင်က ကိုယ်တို့နေတဲ့ ရပ်ကွက်လေးထဲမှာ ၀က်မွေးတဲ့သူတွေ ရှိတယ်။ ၀က်တွေဟာ ဉာဏ်ကောင်းတယ်လို့ ပြောရင် ယုံကြပါ့မလားမသိဘူး။ ကိုယ်မြင်ဘူးတဲ့ ၀က်လေးတွေကတော့ သူတို့ကို သတ်ဖို့၊ အသားပေါ်ဖို့ ခေါ်သွားပြီဆို၊ သူတို့ကို သတ်တော့မယ်ဆိုတာ နားလည်လို့ လားမသိ၊ တရပ်ကွက်လုံးကြားအောင် အော်ကြတော့တာပါပဲ။ အာခေါင်ကို ခြစ်ပြီး စူးစူးရှရှ အော်တတ်တဲ့ သူတို့ရဲ့ အသံကို နှစ်တွေ ဘယ်လောက်ကြာကြာ ကိုယ်ကတော့ မှတ်မိနေတုန်းပဲ။

တခါတော့ ၀က်လေး တစ်ကောင်ဟာ… အဲသလိုပဲ အသားပေါ်ဖို့ ကြိုးလေးနဲ့ ဆွဲပြီးခေါ်အလာ အတင်းရုန်းကန် ပြေးမိပြေးရာပြေးထွက်လာတာ၊ နောက်ဆုံး ကိုယ်တို့ အိမ်ရှေ့မျက်စောင်းထိုးက မြောင်းလေးထဲကို ဆင်းပြီး ၀ပ်နေပါရော။ သူ့ကို အတင်းဆွဲထူလို့ကို မရအောင် ကုတ်ကပ်ပြီး စူးစူးဝါးဝါးအော်လို့ အဲဒီထဲမှာ ၀ပ်နေရှာတာ။ နောက်ဆုံး သူ့ကို ကြိုးတွေနဲ့ ၀ိုင်းတုတ်ပြီး ခြေထောက်ကို ၀ါးလုံးမှာချည် ဇောက်ထိုးဆွဲလို့ သယ်သွားကြတယ်။ ပါးစပ်ကိုတော့ ပိတ်လို့ မရလို့ သူ့အော်သံက တော်တော်ဝေးဝေးရောက်သွားတဲ့ အထိ ၀က်ဝက်ကွဲပါပဲ။ ကိုယ်ကတော့ ရင်ထဲမှာမကောင်းလွန်းလို့ မေမေရယ် … အဲဒီ ၀က်လေး ..သမီးတို့ ၀ယ်လိုက်ကြရအောင်လို့ မျက်ရည်လေးလည်တယ်လည်တယ်နဲ့ ပြောမိသေးရဲ့။ ဒါပေမဲ့ အိမ်မှာ အပိုငွေရှိဖို့မပြောနဲ့ တော်တော်ကြပ်ကြပ်တည်းတည်း အချိန်ကာလဆိုတော့ မေမေက ကိုယ်ပြောတာကို စိတ်မကောင်းတဲ့ပုံနဲ့ မကြားချင်ယောင်ပဲ ဆောင်နေရှာတယ်။

အဲဒီကတည်းက ကိုယ်ကတော့ ဈေးထဲက အကောင်ပုံစံမပျက်တပျက် ၀က်သားဆိုင်တွေရှေ့က ဖြတ်မလျှောက်မိအောင် သတိထားမိစမြဲ။ အဲသလိုတွေ မြင်ရတိုင်းလဲ မြောင်းထဲက ၀က်လေးအော်သံကို နားထဲမှာ ပြန်ကြားယောင်စမြဲပဲ။ ၀က်တွေတင် မဟုတ်ဘူး။ ဈေးထဲမှာ ဆိတ်သားရောင်းတဲ့ ဆိုင်တို့၊ အမဲသားရောင်းတဲ့ ဆိုင်တွေရှေ့ကလည်း မဖြတ်လျှောက်မိအောင် ရှောင်လေ့ရှိတယ်။ အဲသလိုနဲ့ ငယ်ငယ်ကတဲက အိမ်မှာ ကိုယ်တစ်ယောက်တဲ ခြေ၄ချောင်းသား ရှောင်တဲ့သူ ဖြစ်လာတယ်။

ကိုယ်တို့ နေတဲ့နေရာဟာ ဆင်ခြေဖုံးရပ်ကွက်လေးဆိုတော့ အဲဒီမှာ နွားမွေးတဲ့သူတွေလည်းရှိတယ်။ နွားလေးတွေဟာ ပိုပြီးတော့တောင် သနားဖို့ကောင်းတယ်။ သူတို့ကကျတော့ ၀က်လေးတွေလို မအော်ဘူး။ မျက်ရည်တွေပဲ တွေတွေ စီးကျနေတတ်တာ။ အဲသာတွေမြင်ပြီး ကိုယ်လည်း အဲဒီ အသားတွေဘယ်လို မှ မစားချင်တော့ဘူး။

သာဖြင့် ကြက်လေးတွေကျတော့ မသနားဘူးလားမေး။ သနားတာပါပဲ။ ကြက်ခေါင်းလေးတွေ လည်လိမ်ပြီး ချိတ်ထားတာကိုလည်း မမြင်ဝံ့ဘူး။ ကြက်သားကို ခုတ်ပြီးသားပဲ ၀ယ်လေ့ရှိပြီး မခုတ်ရသေးတဲ့ အကောင်ဆို ကိုယ်မမြင်အောင် တစ်ယောက်ယောက်က ခုတ်ပေးရတယ်။ အနည်းဆုံးတော့ သူ့ခေါင်းလေး မမြင်ရအောင်တော့ လုပ်ခိုင်းရတယ်။ ဒါပေမဲ့ ဒီနေ့ထိတော့ ကြက်သားကို စားနေတုန်းပဲ။ တနေ့နေ့ တချိန်ချိန်မှာတော့ ရှောင်ဖြစ်မယ်လို့ ထင်တာပဲ။ အသက်၁၀၁နှစ်ထိနေသွားတဲ့ ကိုယ်တို့ အဖိုးဟာ ကုန်းသတ္တ၀ါကို ငယ်ငယ်လေးကတဲက ရှောင်တဲ့သူပါ။

ဒီက တရုတ်လူမျိုးတွေက ကိုယ့်ကို သက်သတ်လွတ်ပဲစားတာလားလို့ မေးလေ့ရှိတယ်။ ကိုယ်ကမဟုတ်ဘူးဆိုတော့ ဗုဒ္ဓဘာသာဖြစ်ပြီး ဘာလို့ သက်သတ်လွတ်မစားသလဲတဲ့။ ကိုယ်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သက်သတ်လွတ်စားရမယ်လို့ မပြဌာန်းထားပါဘူးလို့။ ဒါပေမဲ့ ကိုယ်စားဖို့ဆိုပြီး ကိုယ့်ရှေ့မှာ သတ်တဲ့ အသားမျိုးကိုတော့ မစားပဲ ရှောင်ကြတယ်လို့။ ဒီနေ့တော့ ကြက်သားဝယ်မယ်၊ ငါးဝယ်မယ်၊ ဒါမှမဟုတ်လည်း ဘာအသားလေးတော့စားလိုက်မယ်ဆိုတဲ့ လောဘနဲ့ အကုသိုလ်စိတ်မျိုးမထားပဲ ဈေးမှာတွေ့တာ၊ ဆိုင်မှာ တွေ့တာ၊ အိမ်မှာရှိတာ ကြုံသလို၊ အဆင်ပြေသလိုမျိုး ၀ယ်မယ်၊ စားကြတယ်ဆိုရင် အပြစ်မဖြစ်ပါဘူးလို့ တတ်သမျှ၊ မှတ်သမျှရှင်းပြမိတယ်။ ကုသိုလ်စိတ်နဲ့ နေရင် ဘာစားစားကုသိုလ်ရတယ်၊ အကုသိုလ်စိတ်နဲ့စားရင် ကန်ဇွန်းရွက်ကြော်ပဲ နေ့တိုင်းစားဦး ဘာအကျိုးမှမရှိပါဘူးလို့ ရှင်းပြရတာပဲ။ လက်ခံတာ၊ လက်မခံတာတော့ သူတို့အပိုင်းပေါ့။

တခါက ဈေးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးက ငါးအရှင်တွေ ကို ငါးကန်ထဲက လက်ညိုးထိုးဝယ်နေပြီး သူ့ရှေ့တင် သတ်နေတာကို စောင့်ပြီးယူနေတာမြင်တော့ ရင်ထဲမှာ တမျိုးကြီးပဲ။ ဂျပန်မှာ ငါးအရှင်လတ်လတ်ကို တန်ပူရာထဲ ထည့်ကျော်ထားတဲ့ လတ်လတ်ဆတ်ဆတ်ငါးကြော်ဆိုလို့ ကိုယ်က ဘေးကိုတွန်းလိုက်မိတယ်။ သူတို့ အတွက်ကတော့ ကိုယ်ဟာ အတော်ကြောင်တဲ့ သူပဲတဲ့။ သူတို့ယူဆထားတာက တိရစ္ဆာန်တွေဟာ လူတွေ စားဖို့ ဖြစ်လာလို့ စားတာ မဆန်းပါဘူးတဲ့လေ။

ကိုယ့်အသားလေးနည်းနည်းထိရင်တောင် လူတွေကနာတတ်ကြတာပဲ။ တိရစ္ဆာန်တွေဆိုတာလဲ အသက်နဲ့၊ သွေးသားနဲ့ဆိုတော့၊ သူတို့ ရှိတဲ့ အသိဥာဏ်လေးနဲ့ သေရမှာတော့ ကြောက်ကြမှာပဲ။ အင်း… အတွေးကတော့ ကြီးကျယ်လွန်းလှပေမဲ့ စိတ်ကမသိလိုက်ခင်မှာ ပုဂံဆေးရင်း ပုရွက်ဆိတ်လေးတွေ ရေနဲ့ မျှောမျှောချမိတတ်တဲ့ အကျင့်ကို ရှောင်ဖို့၊ သတိချပ်ဖို့ အရင်ဆုံး ကြိုးစားရဦးမယ် နဲ့တူပါရဲ့။ ။

Friday, February 27, 2009

Make A Difference!


Image Got from here!
အဖြစ်အပျက် - ၁
(က)
“ဟယ်… ဆူဆန်… အမောတကောနဲ့ ဒီနေ့ ဘယ်လိုဖြစ်လို့ နောက်ကျတာလဲ”
“ဘော့စ်… ငါ့ကိုမမေးဘူးမှုတ်လား။ ပြောချင်ပါဘူးဟာ…။ သားတော်မောင် နေမကောင်းလို့ နည်းနည်းလေး နောက်ကျသွားတာ ရုံးဖယ်ရီက ကပ်ပြီးလွတ်သွားတယ်လေ။ ကားတွေ ကြားထဲကနေ အပြေးအလွှား လမ်းဖြတ်ကူးလာပြီး ငါလက်ပြရပ်ခိုင်းတာ ကားမောင်းတဲ့ အဖိုးကြီး မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်ပြီး မောင်းထွက်သွားတယ်။ ရက်စက်ပါတယ်အေ… တက်စီခလည်းမတတ်နိုင်လို့ ရထားတတန်၊ ကားတတန် လာရတော့တာပေါ့…”
ဆူဆန်က နဖူးမှချွေးများကို သုတ်ရင်း မောပန်းနွမ်းနယ်စွာပြောတယ်။
“ကိုယ်စီးတဲ့ ဖယ်ရီက အဖိုးကြီးကတော့လေ… အမောင်းကဘာကြမ်းသလဲမမေးနဲ့။ ကားပေါ်ကဆင်းနေတုန်း ရှိသေး... အတင်းလဲမောင်းထွက်တတ်တာ။ သူမောင်းတဲ့နေရာကပ်ရက် ရှေ့ထိုင်ခုံမှာထိုင်တဲ့သူတွေဆို စကားကျယ်ကျယ်မပြောရဲဘူး။ သူများစကားသံကို သူက နားညည်းလားမသိပါဘူး။ စကားသံတွေ ထွက်တာနဲ့ အရွဲ့တိုက်တာလားမသိ… ရှေးတရုတ်သီချင်းတွေ ခုနစ်သံချီပြီးဖွင့်တော့တာပဲ…။ စိတ်တိုတတ်ပုံနဲ့ ကားမောင်းနေတော့ … စိတ်ညစ်ပါတယ်ကွယ်…။ ”

ကိုယ်တို့မျက်နှာတွေမှာ စိတ်အလိုမကျမှုကြောင့် သုန်မှုန်နေကြတယ်။

(ခ)
“ရှဲ့ရှဲ့နီ အန်ကယ်”
“ပုရောက်ခန့်ချိ… မန့်မန့်လိုင်…”
ကိုယ်တို့ ပြေးလာနေတာကို မြင်ပြီး ရပ်စောင့်ပေးနေတဲ့ ကားဒရိုင်ဘာကြီးကို ကျေးဇူးတင်ကြောင်းပြောတော့ သူက ကိစ္စမရှိပါဘူး… ဖြည်းဖြည်းလုပ်… ရတယ်လို့ တရုတ်လို ပြန်ပြောတယ်။ ဒီကားဆရာတရုတ်ကြီးက အတော်သဘောကောင်းပြီး စိတ်ရှည်ပုံရတယ်။ သူ့ဖယ်ရီမှာ စီးတဲ့သူတွေ စိတ်ချမ်းသာ အဆင်ပြေရအောင် ဖြည့်ဆည်းပေးချင်တာ သူ့ဆန္ဒ။ ရုံးက သတ်မှတ်ထားတဲ့ မှတ်တိုင်တခုမှာ ရပ်လိုက်ပြီဆိုတာနဲ့ သူက ကားပေါ်တက်လာတဲ့သူတွေအားလုံးကို စစ်ကြည့်သေးတာ။ လူမစုံသေးရင် လမ်း ရှေ့နောက်ဘယ်ညာ လှမ်းမျှော်ကြည့်ပြီး သူ့ကားစီးနေကြသူတွေ ဘာအစအနမှ မမြင်ရတော့မှ မောင်းထွက်တတ်တာ။ တချို့ဆို နောက်နေ့ ရုံးမသွားဖြစ်ဘူးဆိုလျင် သူ့ကို ကြိုပြီး အသိပေးထားကြတတ်တယ်။ ဒါမှ သူစိတ်ပူပြီး ရှာမနေရအောင်တဲ့။

အဲဒီ ကားဆရာကြီးကို ဒီနေ့ထက်ထိ မှတ်မိနေပြီး ကျန်းမာချမ်းသာ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေရယ် လို့ ဆုတောင်းပေးနေမိတတ်တယ်။

***********
အဖြစ်အပျက် - ၂
(က)
“ဟယ်… ဒီအမှိုက်တွေ ဘယ်လိုဖြစ်လို့ လမ်းမပေါ်မှာ ကျနေတာလဲ”
အာကျယ်ကျယ် လီလန်းအော်သံကြောင့် စားပွဲမှာ စာဖတ်နေရာမှ လှမ်းကြည့်မိလိုက်တယ်။ ခုနတုန်းက အမှိုက်သိမ်းတဲ့ အဖွားကြီး အဲဒီနေရာက ဖြတ်သွားတာ တွေ့လိုက်ရလို့ တရားခံဘယ်သူလဲဆိုတာ ကိုယ်ကတန်းသိလိုက်သလို လီလန်းကလဲ မှန်းဆမိပုံရသည်။
“မဖြစ်ဘူး… မဖြစ်ဘူး။ ပျင်းရိပျင်းတွဲပုံနဲ့ တာဝန်ကျေလေးလုပ်နေကြတာ။ သနားလို့ ဘာမှမပြော ပိုဆိုးတော့မှာ…”
“လီလန်းရေ… အဲဒီအဖွားကတော်ပါသေးတယ်ကွာ။ တနေ့က ကိုယ်ရုံးကိုအလာ တံမြက်လှဲနေတဲ့ ကိုကိုဘင်္ဂလားကလေ… လူလာနေတာ တွေ့ရဲ့သားနဲ့ဟယ်... ရပ်မပေးဘူး။ ကိုယ့်မှာ အဲဒီ ဖုန်တွေရှူမိပြီး ချောင်းဆိုးနေတာ…ခုထိမပျောက်သေးဘူး…”
မေလင်းကလည်း ချောင်းလေး တဟွတ်ဟွတ်ဆိုးလျက် စိတ်ပျက်လက်ပျက် ညည်းရှာတယ်။

လူတွေစိတ်ရွှင်လန်း၊ ကျန်းမာရအောင် သန့်ရှင်းစေဖို့ အမှိုက်ရှင်းလင်းပြီး ကူညီရမှာ သူတို့ နားမလည်ကြတော့ ခက်ပြီပေါ့။

(ခ)
“ဟယ်လို… မောနင်း… ”
“မောနင်း… အန်ကယ်။ ဒီအမှိုက်ပုံးမှာ စွတ်ထားတဲ့ ပလတ်စတစ်က ကြာနေပြီနော်…။ ခုထိ မလဲသေးဘူးလား။”
“ကုမ္ပဏီက ပလတ်စတစ်အိတ်တွေအရင်ကလို အများကြီးမပေးတော့လို့ နေ့တိုင်းလဲပေးလို့ မရတော့ဘူး။ တပတ်မှာ တခါပဲ လဲပေးနိုင်မှာ…။ ဒါပေမဲ့ ဒီနေ့တော့ ..လဲပေးခဲ့မယ်နော်…”
အမှိုက်လာသိမ်းတဲ့ ဦးလေးကြီးက သူ့လက်ထဲက ပါလာတဲ့ ပလတ်စတစ်အိတ်အသစ်တခုနဲ့ အမှိုက်အိတ်အဟောင်းကို ပြန်လဲပေးရင်း အစစအရာရာ ချွေတာနေရကြောင်းလဲ ရှင်းပြနေသေးတယ်။ ကိုယ်ကတော့ သန့်ရှင်းရေးလုပ်ဖို့ကို တန်ရာတန်ကြေးပေးထားရတာ၊ ကန်ထရိုက်ရပြီးတော့မှ အဲသလို ခိုပြီးလုပ်ဖို့ ဘယ်ကောင်းပါ့မလဲလို့… စိတ်ထဲက အထွန့်တက်နေမိတယ်။
တော်လေးကြာတော့ ကိုယ့်စားပွဲကို သူပြန်ရောက်လာပြန်ရော…။ အဲဒီအခါမှာတော့ Recycled လုပ်ထားတဲ့ အေ၄ စာရွက်ဖြူလေးကိုင်လို့။
“ဒီစာရွက်လေးကို အမှိုက်ပုံးအောက်ခြေမှာ ခံထားပေးမယ်နော်…။ အမှိုက်အိတ်က နေ့တိုင်းမလဲရတော့ စာရွက်လေးခံနေတော့ သိပ်မညစ်ပတ်တော့ဘူးပေါ့…”

ဦးလေးကြီးရဲ့ ဖြတ်ထိုးဥာဏ်နဲ့ စေတနာပါတဲ့ အပြုအမူကြောင့် ကိုယ့်ရဲ့ မကျေလည်တဲ့ အတွေးတွေ ပူစီပေါင်းလေးပေါက်သလို ဖေါက်ကနဲ ပျောက်သွားတယ်။ သဘောတကျနဲ့ ပြုံးပြမိလိုက်တယ်။

***********
အဖြစ်အပျက် - ၃
(က)
“တော်တော်စိတ်ပျက်ဖို့ကောင်းတယ်…။ တကတဲ… ”
ပါးစပ်မှ ပွစိပွစိဖြင့် ရုံးခန်းထဲဝင်လာတဲ့ ကက်ကိုကြည့်ပြီး ဘာဖြစ်လာတာလဲ ဟုမေးလိုက်မိတယ်။
“ပြောချင်ပါဘူးဟယ်…။ ကလေးကျောင်းပို့ဖို့ စောစောစီးစီးထ၊ ကမန်းကတန်းနဲ့ ပြင်ဆင်ပြီး အိမ်ကထွက်ရ၊ ရုံးရောက်မှ သန့်စင်ခန်းကို သွားရတာ…။ အထဲမှာ မပြီးသေးဘူး။ သန်ရှင်းရေးမမက တံခါးခေါက်ပြီး သူ သန့်ရှင်းရေးလုပ်မှာမို့ ငါ့ကို အော်ကြီးဟစ်ကျယ်နဲ့ ထွက်ခိုင်းတယ်လေ။”
“အမလေး ကက်ရေ… အဲသာတော့ စိတ်တိုမနေနဲ့တော့…။ ကိုယ်လဲ ဟိုနေ့က အထဲမှာ ရှိနေတုန်း သူက ရုတ်တရက်ရောက်လာပြီး တခြားနေရာကို သန့်ရှင်းရေး သွားမလုပ်ဘူးတော့။ ကိုယ်ရှိတဲ့ အခန်းအပြင်ကနေ တံမြက်စည်းကို ထိုးသွင်းပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ အခန်းထဲက မထွက်ထွက်အောင် လုပ်တာဗျာ…။”
“သူ… သန့်ရှင်းရေးလာလုပ်တတ်တဲ့ အချိန်တွေ မှတ်ထားပြီး အောင့်ထားကြရမဲ့ပုံဖြစ်နေပြီ..”

ကိုယ်တို့ အားလုံး ပြိုင်တူ သက်ပြင်းချမိကြတယ်။

(ခ)
“ဘိုလေး…ဘိုလေး… ကမ်း…ကမ်း… ”
Cleaning in progress ဆိုတဲ့ အ၀ါရောင်ဆိုင်းကို သန့်စင်ခန်းရှေ့မှာ တွေ့ရတာနဲ့ ပြန်လှည့်ထွက်မယ်အလုပ် သန့်ရှင်းရေးလုပ်နေတဲ့ မလေးအန်တီကြီးမြင်သွားပြီး… ရတယ်… ၀င်ပါ… ၀င်ပါလို့ … မလေးလို လှမ်းပြော၊ လက်ယပ်ခေါ်တာကြောင့် ကိုယ်လည်း လက်လေးပြ အားနာပါနာနဲ့ပဲ ၀င်လိုက်ရတယ်။ သူက ဟိုဖက်အစွန်ကအခန်းကိုဝင်၊ အဲသာက သန့်ရှင်းရေးလုပ်ပြီးသားမို့ ပိုပြီး သန့်သန့်ပြန့်ပြန့်သွားလို့ရတာပေါ့လို့ ဘေစင်တွေဆေးရင်း အင်္ဂလိပ်လို မတတ်တတ်နဲ့ ပြုံးပြီး ပြောပြလိုက်သေးတယ်။

စိတ်ထဲကနေ ဘာရယ်မဟုတ် ဗမာပီပီ သာဓုခေါ်လိုက်မိတယ်။ အသားမဲတူနေပေမဲ့ စေတနာဖြူလှတဲ့ အန်တီကြီးကို နောက်ဘ၀ကျ ဖြူဖြူစင်စင် သန့်သန့ှ်ရှင်းရှင်းနဲ့ ဘ၀လေး လှပပါစေလို့ ဆုတောင်းပေးမိပါရဲ့။

***********

လောကမှာ ဘယ်လောက်ပဲသေးဖွဲတဲ့ အလုပ်လေးဖြစ်ဖြစ်… ကိုယ့်ရဲ့ စေတနာ၊ မေတ္တာပါတဲ့ အပြုအမူလေးကြောင့် ကိုယ့်ပတ်ဝန်းကျင်လေးကို ပြောင်းလဲနိုင်ပါစေတယ်လို့ ပြောရင် လက်ခံပေးမှာလား…။ ။

Wednesday, January 21, 2009

တို့ခေတ်ကိုတော့ ရောက်လာမည်မှာ မလွဲပါ...။


20/01/2009
Congratulation to Barack Obama!

"we have chosen hope over fear, unity of purpose over conflict and discord"

Witnessed by a huge crowd of more than two million people in an unprecedented endorsement of a new leader, Obama, 47, became the 44th President of the United States as he took the oath of office at the US Capitol.

"I, Barack Hussein Obama, do solemnly swear that I will execute the office of President of the United States faithfully and will to the best of my ability, preserve, protect and defend the constitution of the United States, so help me God," said Obama, sparking a massive roar from the crowd and a 21-gun salute.

တချိန်တခါက အဖိနှိပ်ခံ လူမျိုးစုနွယ်ထဲမှ မွေးဖွားလာခဲ့သူ၊ လူမည်းများမှာ လူဖြူများနှင့်တန်းမတူဟု အဆင့်အတန်း နိမ့်ကျပါသည်ဟု ခွဲခြားဆက်ဆံခြင်းခံခဲ့ရသူ၊ ထိုလူမျိုးစုအနွယ်များမှ ဆင်းသက်လာခဲ့သူ ဖြစ်တဲ့ ဘာရက် အိုဘားမားဟာ ဒီနေ့ ဒီအချိန်မှာတော့ အမေရိကန်ရဲ့ အခမ်းနားဆုံးသော သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး ပထမဦးဆုံးလူမည်းသမတကြီးအဖြစ် ခြေလှမ်းသစ်ကို စတင်ခဲ့ပါပြီ။

တိုက်တိုက်ဆိုင်ဆိုင် (၁၉.၀၁.၂၀၀၉) က လူမျိုးစု ခွဲခြားဆက်ဆံရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းများရဲ့ စံပြ နိုဘယ်လ် ဆုရှင် မာတင်လူသာကင်း အထိမ်းအမှတ်နေ့ ဖြစ်လေတော့ တရားမျှတမှုတွေခန်းခြောက်နေတဲ့ လောကကြီးကို တရားမျှတမှုတွေ ရောက်ရှိလာအောင် ဒီကနေ့ အိုဘားမားရဲ့ သမတသစ် တက်ပွဲက ဆောင်ကျဉ်းပေးတယ်လို့ ခံစားမိပါတယ်။

ဘယ်တော့မှ ဖြစ်လာမယ်လို့ မထင်ခဲ့သည်များဟာ တနေ့မှာ ဖြစ်လာနိုင်တယ် ဆိုတာ၊ မဖြစ်နိုင်တာ ဘယ်တော့မှမရှိ၊ မဖြစ်သေးတာသာရှိတယ်ဆိုတာ၊ ယနေ့ အမေရိကန်ရဲ့ သမိုင်းစာမျက်နှာကို သာမက ကမ္ဘာတ၀ှမ်းလုံးကို အိုဘားမားက သက်သေပြသွားခဲ့ပါပြီ။

တနေ့နေ့ တချိန်ချိန် တို့ခေတ်ကိုတော့ ရောက်လာမည်မှာ မလွဲပါ...။

*****
ညက သမတသစ်တက်ပွဲ အခမ်းအနားကို ကြည့်ပြီး ရင်ခုန်ကြည်နှုးမိတယ်။ အမေရိကန် သမတ ကျမ်းသစ္စာကျိန်ဆိုပွဲတွေကို ပထမဦးဆုံး ကြည့်ဘူးခြင်းလည်း ဖြစ်ပါတယ်။ အိုဘားမားကိုကြည့်ရင်းနဲ့ တခုခု သူ့ကို ဂုဏ်ပြုချင်တာကြောင့် ဒီပုံလေးကို အမှတ်တရ ရေးဆွဲဖြစ်ပါတယ်။

သူငယ်ချင်းတွေ အတွက် ကာတွန်း ရုပ်ပြောင်ပုံတွေရေးဆွဲပေးဘူးပေမဲ့ ကယ်ရီကေးချားကို ပထမဦးဆုံး ရေးဆွဲခြင်းဖြစ်ပါတယ်။ မိမိရဲ့ ပထမဆုံး ကယ်ရီကေးချားက အိုဘားမားပုံ ဖြစ်တဲ့ အတွက် အများကြီး ဂုဏ်ယူမိလျက်....။

စုချစ်

Friday, December 19, 2008

Office Gathering

ဒီနေ့ ၁၉ရက်ကစပြီး (shut down) ရုံးပိတ်တာ နောက်နှစ် ၂၀၀၉ ခု ဇန်န၀ါရီ ၅ရက်နေ့မှ ရုံးပြန်တက်ရမယ်။ Senior Director - Chris က orchard က ဆာကူရာမှာ နေ့လည်စာကျွေးတယ်။ ကိုယ်တို့ dept. က လူ ၅၀လောက်တက်ကြတယ်။ WS ကားနဲ့ ကိုယ်ရယ်၊ YC ရယ်၊ Liaw ရယ်၊ TC Tan ရယ် ၅ယောက်သား ၁၁နာရီလောက်ကတဲက ရုံးက ထွက်လာခဲ့ကြတယ်။ WS က ကားကို ပလာဇာ စင်ကာပူရမှာ ရပ်တယ်။ အဲသည်မှာ ကားပတ်ကင်ခ အသက်သာဆုံးဆိုပဲ။ အဲဒီတော့ centre pt ထိရောက်အောင် လမ်းထပ်လျှောက်ရသပေါ့။

ဆာကူရာ ဘူဖေးကလည်း စားလို့ သိပ်မကောင်းပါဘူး။ နည်းနည်းပဲ စားတာပါ... ဒီမှာလေ... ဟီး...။

စားလည်းပြီးရော... ထုံးစံအတိုင်း Chris က မိန့်ခွန်းချွေပေါ့။ ပြီတော့ ကံစမ်းမဲ ဖေါက်ကြတာပေါ့လေ...။ ပြောချင်ပါဘူး။ ဒီရက်ပိုင်း အတွင်း ရုံးမှာ ကံစမ်းမဲ ၃ခါတောင်လုပ်ကြတာ...။ ပေါက်မဲက Apple ipod တွေ...။ မစုချစ်တို့များ ၃ခါစလုံး ဘာဆိုဘာမှ ရပါဘူး......။ အိတ်လောက် ကံစမ်းမဲ နဲ့ အကျိုးပေးတာ... ဟွန်း...။

ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဓါတ်ပုံလေး ဘာလေး ရိုက်ကြ...။ Chris နဲ့ တောင် အမှတ်တရ ဓါတ်ပုံတွဲရိုက်လိုက်သေး။ အိတ် ... လူညစ်ပတ်ကြီးတွေက Chrisနဲ့ ကိုယ်တွဲပြီး ဓါတ်ပုံရိုက်တော့ Chris ကို ကိုယ့်ပုခုန်းဖက်လိုက်လေလို့ ၀ိုင်းအော်ကြသေးတယ်။ တော်သေးတာပေါ့... Chris က လူနောက်မဟုတ်လို့....။

ကိုယ်တို့ ဘော့စ် Manoj က ဒါပြီး ရုံးပြန်မှာလား လာမေးနေသေးတယ်...။ ကိုယ်က နှုတ်သီးချွန်ချွန်နဲ့ ...ဘာလို့ ပြန်ရမှာလဲလို့.... ဆိုပြီး ပြန်ပက်တော့... တဟားဟားနဲ့ ရယ်ပြီးထွက်သွားတယ်။ အေးလေ... ပြန်သွားစရာလား...လို့။

အိတ်ကအပြန် YC နဲ့ ၂ယောက်သား North Bridge Rd က Straight commercial arts ကို သွားကြတယ်။ ကိုယ်ပန်းချီဆေးတွေ ၀ယ်စရာရှိတာ ဆိုင်ရှင်က သူ့သူငယ်ချင်းမို့ YC က အဖော်လိုက်ပေးတာ...။ ပန်းချီင်္ဆေးတွေ လောဘ ကြီးကြီးနဲ့ ၀ယ်လိုက်တာ ၄၀၀ဖိုး နီးပါး။ တလောက ၀ယ်ထားတာနဲ့ ပေါင်းလိုက်ရင် ၆၀၀နီးပါးဖိုးရှိနေပြီ။ ပန်းချီကားတွေ ဈေးကြီးတာပဲ သိကြတာနော်...။ ပန်းချီဆေးတွေ၊ Materials တွေ ဈေးကြီးတာ ဘယ်သူမှ သိဘူးရယ်။

အိတ်ကအပြန် YC က မြန်မာလက်ဘက်ရည် သောက်ချင်တယ်ဆိုလို့ ပင်နီဆူလာက အင်းဝကိုခေါ်သွားလိုက်တယ်။ ပြီးတော့ သူက နေကြာစေ့ပါစားချင်တယ်ဆိုလို့ အပေါ်ထပ်တက်ပြီး မြန်မာနေကြာစေ့ပါ လက်ဆောင်ဝယ်ပေးလိုက်ရတယ်...။

ဝယ်ထားတဲ့ ပန်းချီဆေးတွေ ကြည့်ပါဦး...။
ပန်းချီဆွဲဖို့ကတော့ အသင့်ပဲ....။ ကဲ... ဒီ၂ပတ် ပိတ်ရက်မှာ ဆွဲပါလေတော့..........။

Wednesday, August 20, 2008

ငါ့အံဖတ်

ဘာမှ ဟုတ်ပါဘူး။ ဒီနေ့က ၂၀၀၈၂၀၀၈ ဆိုပြီး အမှတ်တရ ဖြစ်နေလို့ ည ၈နာရီ၈မိနစ် အမှီ အလာပသလာပလေး ရေးမလို့။ ရေးမယ်လို့သာပြင်တာ ဘာရေးရမှန်းလည်း မသိ။ ဒီလိုမျိုး ဖြစ်တတ်တာ အရင်တုန်းကဆို ပိုဆိုးပေါ့။ အဲလိုပဲ ရေးချင်တာတွေက ရင်ဘတ်ထဲမှာ အပြည့်၊ ဒါပေမဲ့ ဘယ်အရာ ဘယ်က စထွက်ရမလည်း မသိပဲနဲ့ တစ်နေတာမျိုးက ဆိုးတာလေ။ အဲလိုမျိုးဖြစ်လာရင် ဗိုက်ထဲမှာ အစာမကျေ သလိုခံစားရတယ်။ တခုခုကို ငါအမြန်ဆုံးအံထုတ်ပစ်မှ ဖြစ်မယ်လို့ တွေးမိတယ်။ ဒါမှ...ငါ ဒီဝေဒနာက သက်သာပျောက်ကင်းမယ်ဆိုတာ သေသေချာချာကို သိနေတယ်။ ကဲ...ဘာကို အံချမလည်း...ဘယ်ကောင်ကို စလွှတ်မလည်းဆိုပြီး စဉ်းစားလိုက်ပြန်တော့ သူ့ထက်ငါဦးအောင် ထွက်ချင်နေတဲ့ကောင်တွေက တကတဲ.. အပေါက်ဝမှာ အလုအယက်ပဲ။ ကပေါက်တိကပေါက်ချာ ဒီလိုဖြစ်နေတော့ ဒီကောင်တွေဟာ ချောချောချူချူ မှန်မှန်ကန်ကန် ဘယ်လာထွက်လာနိုင်တော့မှာလဲ။ ပြီးတော့ စိတ်ကလည်း တက်လိုက်ကျလိုက်နဲ့။ ကဲကွာ... ဘာပဲဖြစ်ဖြစ် အံချင်ရာအံ...ပေါ့သွားဖို့ အရေးကြီးတယ်ဆိုပြီး တခါတလေတော့လည်း ငါ့ဖာသာငါ ပြန်အားပေးနေမိတယ်။ ဒါပေမဲ့ အံဖို့ဆိုတာကလည်း အံစရာနေရာလေးက ရှိဦးမှကိုး။ ကဲ... ဘယ်မှာလည်း ...ငါ့အတွက် အံစရာနေရာ...။ အဲဒီတော့ အံစရာနေရာလိုက်ရှာတယ်။ ရှာတယ်...။ ရှာတယ်...။

ဒီလိုနဲ့.... ရှာလိုက်တာ...တနေ့တော့ ငါအံချစရာ နေရာလေး တခုသွားတွေ့ခဲ့တယ်။ အဲဒီနေရာက ဟိုးအရင် တခါတလေမှာ... ငါ...အံဘူးတဲ့နေရာတွေလို နေရာသေးသေးလေးတခုထဲမှာ သူများတွေနဲ့အတူ ပြိုင်ပြီးအံစရာမလိုဘူး။ ကိုယ့်အံဖတ်လှမှ အံခွက်ရတဲ့ နေရာမျိုးလည်း မဟုတ်ဘူး။ ကိုယ့်အံဖတ် လှလှ မလှလှ ပစ်ထားခဲ့လို့ရတဲ့ နေရာလေး။ မယုံနိုင်စရာ ကိုယ့်ကိုယ်ပိုင် အံခွက်လေး...။ ငါတို့လို လူမျိုးလေးတွေ အားလုံး ကိုယ့်ကိုယ်ပိုင်အံခွက်တွေ ရတဲ့နေရာအစုအဝေးလေး။ ဟား... သူတို့တွေလည်း သူတို့အံခွက်တွေထဲမှာ ကိုယ်စီကိုယ်ဌ အံထားလိုက်ကြတာ မပြောပါနဲ့တော့။ တကယ်အားရစရာ...။ ငါလည်း ၀မ်းသာအားရနဲ့ ဘယ်လိုအံရင်ကောင်းမလဲ အတွေ့အကြုံယူရင်းနဲ့ သူတို့အံဖတ်တွေကြားထဲ ပျော်ပျော်ကြီး လျှောက်လည်ပစ်တာ... ဟား...ပျော်လွန်းလို့လေ... ငါအံဖို့တောင် ငါမေ့တဲ့ အထိပဲ။ တကယ်...။

ပြီး... လည်လို့ အားရတော့ ငါလား... အားရပါးရ အံတာပေါ့။ ဒါပေမဲ့ ငါအံတာကို သူများတွေ သိပ်အသိမပေးဖြစ်ဘူး။ ငါ့အံခွက်လေး သူများမြင်မှာစိုးလို့တောင် ရှက်ရှက်နဲ့ ဖွက်ထားမိသေးတယ်။ ဒါပေမဲ့ ငါ့ အံဖေါ်အံဖက်တွေနဲ့ ခင်လည်းခင်ချင်ပါတယ်။ သိလည်း သိချင်ပါတယ်။ ဒီနေ့ထိတော့ ငါ...ဘယ်သူနဲ့မှ အပေါင်းအသင်း မဖြစ်သေးဘူး။ တနေ့တော့ လည်း ဖြစ်လာမှာပေါ့လေ။ အဓိက ကတော့ ငါ အံချင်တာလေးတွေ ငါကောင်းကောင်းမွန်မွန်... မှန်မှန်လေး အံနိုင်ဖို့ပဲကိုး။

ခုဆို ငါအံချင်လာတဲ့အချိန် ငါ့အံခွက်လေးထဲပစ်မထည့်ရရင် နေလို့မကောင်းတော့ဘူး။ ပြီးတော့ သူများအံဖတ်ကိုလည်း ကြည့်နေကြ သွားမကြည့်ရရင် မနေနိုင်ဘူး။ ငါကြိုက်တဲ့ အံဖတ်လေးတွေ အပြေးအလွား သွားကြည့်လိုက်။ အမယ်...ငါ့အကြိုက် အံဖတ်က အသစ်ရှိမနေရင်တောင် ငါ့မှာ ယောင်တောင်တောင်ဖြစ်လို့...။ ပြီးရင် အချိန်ရရင် ရသလို ငါ့အံခွက်လေးထဲ ပြေးအံလိုက်ပေါ့။

ကဲ..ခုလည်း အံပြန်ပြီ.... နောက်အံဖတ်တခု...။

စုချစ်
၂၀၀၈၂၀၀၈
ည ၂၀၀၈ မိနစ်