Tuesday, October 7, 2008

အရိပ်

Image from http://www.fotosearch.com/

တရုတ်မလေးအကြောင်းပြီးတော့ အဆောင်က ပြင်သစ်မအကြောင်းလေး ဆက်လိုက်ဦးမယ်။ သူများ မကောင်းကြောင်းတွေလိုပဲ ဖြစ်နေလို့ ရေးရတာ အားတော့နာပါရဲ့။ ဒါပေမဲ့ ကိုယ်မြင်တာ သိတာကနေ သင်ခန်းစာလေးတွေ ယူနိုင်အောင်လို့ပေါ့နော်...။

အဲဒီ ပြင်သစ်မလေးက အသက် ၂၃- ၂၄ လောက် ...။ အရပ်ကရှည်သွယ်သွယ်၊ ကိုယ်လုံးကိုယ်ပေါက် ခပ်ဖြောင့်ဖြောင့်၊ ပုခုန်းလောက်ရှိတဲ့ ရွှေညိုရောင်အဆင်း ဆံလေးတွေ တခါခါနဲ့ ချစ်စရာ အပျိုဖြန်းလေးပုံစံနဲ့ပေါ့...။ မြစိမ်းရောင်လဲ့လဲ့ မွှေးညှင်းနုနုလေးတွေနဲ့ မျက်နှာလေးဖြူသေးသွယ်ပေါ်က မျက်ခုံးတန်းလေး ညိုလဲ့လဲ့၊ မျက်ဝန်းလေး စိမ်းပြာပြာ၊ နှာတန်လေး သေးချွန်ချွန်၊ နှုတ်ခမ်းနီလေး ပါးလျလျနဲ့ မြင်သူအပေါင်းလည်း ငေးမောမိရတဲ့ ဘိုမလေးပေါ့။ ကိုယ်ဟန်ကျော့ကျော့မော့မော့နဲ့ စကပ်တိုတိုလေးတွေဝတ်လေ့ဝတ်ထရှိတဲ့၊ စပေါ့ရှူး ခပ်လှလှလေးတွေစီးတတ်တဲ့သူ ကျောင်းသွားဖို့ (ဒါမှမဟုတ်) အပြင်သွားဖို့ အပေါ် ထပ်က ဆင်းလာပြီဆို ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတို့ လုပ်လက်စ အလုပ်တွေ ခဏထားပြီး သူမသိအောင် သူ့ကို မော်ဒယ်မလေးတစ်ယောက်ကိုငေးကြည့်သလို မျက်စိတဆုံးလိုက်ငေးဖို့ ၀န်မလေးကြဘူး။

ဒါပေမဲ့ ချစ်စရာကောင်းတယ်လို့ သတ်မှတ်ခဲ့သမျှ မထင်မှတ်ပဲ သိလိုက်ရတဲ့ သူရဲ့စိတ်နေစိတ်ထားကြောင့် ကိုယ့်အနေနဲ့ စိတ်မသက်မသာဖြစ်မိခဲ့တာ အမှန်ပဲ။ အခု... စင်ကာပူမှာ အောက်တိုဘာ ၁ရက်ကစပြီး ဘတ်စ်ကားခတွေ၊ ရထားခတွေ ဈေးတက်တယ်ကြားတော့ မဆီမဆိုင် သူ့ကို သတိရမိလိုက်တယ်။ သူကလေးသာ ဒီမှာ ရှိနေတုန်းဆို ခုလိုဈေးတက်နှုန်းနဲ့ ဘယ်လို Cheating များ လုပ်ဦးမလဲလို့လေ။

ဟိုးအရင်တုန်းက စင်ကာပူမှာ Ez Link ကဒ်ဆိုတာမျိုး မရှိသေးဘူး။ ရိုးရိုးဘတ်စ်ကားကဒ်ကို ကိုယ်သွားမဲ့ လမ်းခရီးပေါ် မူတည်ပြီး စက်ထဲထည့် ကိုယ့်ဖာသာရွေးဖြတ်ရတာ။ ဘယ်လောက်ဖြတ်ရမယ်မှန်းမသိရင် ကားဆရာကြီးကို ကိုယ်ဆင်းမဲ့ မှတ်တိုင်ပြောပြပြီး ကားခဖြတ်ရတယ်။ လျှော့ပြီး ဖြတ်ထားတာဆိုရင် လတ်မှတ်စစ်တက်လာတဲ့အခါ ကိုယ်လက်မှတ်ကိုယူသွားပြီး ခရီးစဉ် အစအဆုံးထိ ဖြတ်ပစ်လိုက်တော့ ပိုက်ဆံ ပိုကုန်တာပေါ့နော်။ အဲ...တခြားတော့ ဘာမှ မပြော... မလုပ်ပါဘူး။ ဒီတော့ တချို့သော သူများဟာ ဘယ်ပဲသွားသွား အနည်းဆုံးခလုတ်ကို နှိပ်ပြီး လွယ်လွယ် နဲ့ ကားခခိုးစီးလေ့ရှိကြတယ်။

အဲဒီမှာ ... ခုပြောမဲ့ ပြင်သစ်မမလေးက လက်မှတ်ဖိုးလျှော့ပေးပြီး အမြဲ ခိုးစီးသူပေါ့။ သူက NUS မှာ Exchange Student အနေနဲ့ ကျောင်းတက်နေတဲ့သူ။ ကိုယ်တို့အဆောင်ကနေ ကျောင်းကို ၁ဒေါ်လာကျော်ကျော် ပေးရတာကို သူက အနည်းဆုံးဖြစ်တဲ့ ပြား၆၀ပဲပေးပါတယ်။ ကိုယ်တို့က ပထမတော့သူမသိလို့ လုပ်တာလို့ ထင်တာပါ။ ကျောင်းအသွား တကားထဲ အတူတူ စီးမိစဉ် သူက ကိုယ့်ရှေ့က တက်ပြီး ပြား၆၀ပဲဖြတ်တော့ အော်..သူ..ကျောင်းကို သွားတာမဟုတ်... လမ်းတနေရာမှာ ဆင်းမယ်လို့ ထင်တာပေါ့။ ကျောင်းရောက်လို့ ကားပေါ်ကအဆင်း သူလေးက ကိုယ့်ရှေ့က ဆင်းတာ တွေ့လိုက်ရတော့မှ... အာ... ဒီကောင်မလေးတော့ ကားလတ်မှတ်ဖိုးမှားဖြတ်နေပြီလို့ လွယ်လွယ် တွေးလိုက်တာပေါ့နော်။

သဟာနဲ့... သူကကိုယ့်ရှေ့က ပြာယာပြာယာ ထွက်သွားတော့ ဒီအကြောင်းကို မပြောလိုက်၊ သတိမပေးလိုက်ရဘူး။ တနေ့ ကိုယ်အဆောင် ဧည့်ခန်းထဲမှာရှိတုန်း သူက အင်္ကျီလျှော်ဖို့ ဆင်းအလာ... မနေနိုင် မထိုင်နိုင်နဲ့ စကားစပ်မိအောင် အတင်းစပ်ပြီး အဆောင်ကနေ ကျောင်းကို ဘတ်စ်ကားခက ပြား၆၀မဟုတ်ဘူး...နော်..။ ၁ဒေါ် လာကျော်လို့ ရီကာမောကာ ပြောပြလိုက်တယ်။ ဒီတော့ သူက အေးအေးဆေးဆေး... မထူးဆန်းတဲ့ပုံနဲ့... သူသိသားပဲ... တမင်မပေးတာတဲ့လေ...။ ကျောင်းမှမဟုတ်ဘူး... သူ... ဘယ်သွားသွား ကားခကို အနည်းဆုံးပဲဖြတ်တယ်။ ဘာလို့ပို ဖြတ်ရမှာလဲ... လက်မှတ်စစ်လာရင်လဲ... ငါ...ခုမှ ပြင်သစ်ကရောက်တာ..မသိလို့ လုပ်မိတာလို့ ပြန်ပြောမှာပေါ့တဲ့...။ ငါတို့ လူမျိုးတွေကို ဒီကလူတွေက တော်တန်ရုံ မပြောရဲပါဘူးတဲ့လေ...။ ငါတို့က နိုင်ငံကြီးသားတွေတဲ့... တော်ရုံတန်ရုံလူ ရှိန်တယ်တဲ့လေ...။ သူကပြောရင်းဆိုရင်း ကိုယ့်ကိုလည်း ဂရုမစိုက်တဲ့ အိုင်တင်နဲ့ ဘတ်စ်ကားခ အပြည့်ပေးစီးရတဲ့သူ... သနားစရာ သတ္တ၀ါတွေပဲဆိုတဲ့အမြင်နဲ့ ဆတ်ကော့လတ်ကော့ အပေါ် ထပ်ကို တက်သွားတယ်။

သူ့အပြော ကြားလိုက်ရတဲ့ ကိုယ်တို့တွေကတော့ သူ့ကို တအံ့တသြ လိုက်ကြည့်မိကြရင်း အတော်ကို စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတွေယမ်းမိတယ်။ တနေ့မှာတော့ သူနဲ့ အိမ်ရှိလူအားလုံးပြဿနာ ဖြစ်ကြရတယ်။ သူ့ရဲ့ ရွှံ့တွေသဲတွေနဲ့ ပေပွပြီး ညစ်ပတ်ပေရေနေတဲ့ စပေါ့ရှူးကို အ၀တ်လျှော်စက်ထဲ ထည့်လျှော်တဲ့ ကိစ္စနဲ့ပါတ်သက်ပြီး မိုးလင်း ကျောင်းသွားတာတောင် မျက်နှာမသစ်တဲ့ ပြည်ကြီးတရုတ်မမ မညစ်ပတ်ကအစ ဒေါမကန်စဖူးဒေါတွေကန်နေကြတယ်။ သူက ဖိနပ်ပေပေရေရေကို အ၀တ်လျှော်ကန်ထဲ ဒီတိုင်းပစ်ထည့်သွားတာလေ။ ခလုတ်နှိပ်ဖို့ မေ့သွားတာပဲလား... တွေ့တဲ့သူ၊ မနေနိုင်တဲ့သူ လုပ်လိမ့်မယ်ဆိုပြီး ဒီတိုင်းတမင်ထားသွားတာပဲလားတော့ မသိဘူး။ နောက်က အ၀တ်လျှော်ချင်တဲ့သူ ကဘယ်လို လျှော်ရမယ်မှန်းမသိ။ ဒီလောက်ပေပွနေတဲ့ ဖိနပ်ကို အရင်ဆုံးရေ မဆေးပဲ ထည့်တာကိုက လွန်လှပြီ။ ပြီးတော့ ကိုယ်က စည်းကမ်းဒလကြမ်းပြည့်နေတဲ့ မိသားစုကလာတော့ အဆောင်ကလူတွေ အ၀တ်လျှော်စက်ထဲ ပေါက်ကရအကုန်ထည့်ပြီး လျှော်တာကအစ လုံးဝကြိုက်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ အများနဲ့ ၁ယောက် ..အများပိုင်ပစ္စည်း.. သူတို့လျှော်ချင်ရာလျှော်တာ ကိုယ်ဘာများပြောလို့ရမှာလဲ။ ကိုယ်ကတော့ အဲဒီအချိန်ကစပြီး ပြင်သစ်မမကို ကြည့်ချင်စိတ် ကုန်ခန်းသွားတော့တာပဲ။ ကိုယ့်စိတ်ထဲမှာ သူ့ကိုလှတယ်လို့ ခံစားလို့ မရတော့တာလည်း အမှန်ပဲ။

သူ့အကြောင်းနဲ့ပါတ်သက်ပြီး ဆက်စပ်တွေးမိတာက နိုင်ငံကြီးသားဆိုတာ ဘာလဲ... ဆိုတာပါပဲ။ ဘာသာရေးအရ ခိုးစီးတာဟာ မကောင်းတဲ့အလုပ်လို့ မသိတာကို အသာထားဦး...။ အဲဒီလို ကလိန်ကညစ် လုပ်တတ်တဲ့အကျင့်နဲ့၊ စည်းမဲ့ကမ်းမဲ့ စရိုက်တို့ ပေါင်းစပ်ထားတဲ့ ပုံစံနဲ့ ကိုယ့်ကိုယ်ကို နိုင်ငံကြီးသားလို့ ပြောရတာ ရှက်စရာကောင်းတယ်လို့ သူမထင်မိဘူးလား။ အခြားတိုင်းတပါးသားများက ကိုယ်၁ယောက်မကောင်းတာနဲ့ ကိုယ့်လူမျိုးအားလုံးကိုပါ အထင်သေးသွားစေနိုင်တယ်ဆိုတာ သူမသိလေရော့သလား။ ငါလေ... စင်ကာပူမှာ ကျောင်းသွားတက်တဲ့ တောက်လျောက် ဘတ်စ်ကားအမြဲခိုးစီးခဲ့တာလို့ ပြင်သစ်ရောက်ရင် ပြန်ကြွားချင်လို့ပဲလား။ ဒါမှမဟုတ်... ငါ့ရဲ့ ညစ်ပတ်ပေရေနေတဲ့ ဖိနပ်တွေ ကို ကိုယ်တိုင်တောင် ဆေးစရာမလိုဘူး..။ ဒီလိုပဲ ပစ်ထားလိုက်တာ.. တွေ့တဲ့သူက လုပ်ပေးသွားတာ လို့ ဂုဏ်ယူချင်နေလား...ဆိုတာ ကိုယ်ကတော့ မဝေခွဲနိုင်ပါ။ သေချာတာ တခုကတော့ နှစ်တွေကြာသွားတဲ့အခါ အဆောင်ကလူတွေ အားလုံးဟာ သူ့နံမည် ဘယ်သူဆိုတာကို မေ့သွားကြမှာဖြစ်သော်လည်း ... တို့လေ... အဆောင်မှာ နေခဲ့တုန်းက ပြင်သစ်မ ၁ယောက်ပေါ့... ဆိုပြီး - သူ့နိုင်ငံကို ကိုယ်စားပြုလို့ - သူကောင်းခဲ့တာ၊ မကောင်းခဲ့တာလေးတွေကို သတိရမိတဲ့ အခါတိုင်း၊ တိုက်ဆိုင်မှုရှိလာတဲ့အခါတိုင်း ပြောဖြစ်နေကြမှာတော့ အမှန်ပါပဲ။ ကိုယ့်ဘ၀မှာ ပထမဆုံး နီးနီးစပ်စပ် တွေ့ခဲ့ဘူးတဲ့ ပြင်သစ်မ လှလှလေးဟာ... ကိုယ့်အတွက် memory လှလှလေး မချန်ခဲ့တာကလည်း အသေအချာပါပဲလေ။

********************

တခြားတပါးသော တိုင်းပြည်ကိုရောက်နေသူများအတွက် ကိုယ်ဟာ ကိုယ့်လူမျိုးကို ကိုယ်စားပြုနေတဲ့သူ ဆိုတာ မေ့ပစ်လို့ မရပါဘူး။ ကိုယ်ကကောင်းတာလုပ်ခဲ့ရင် အဲဒီကောင်းတဲ့အရိပ်က ကိုယ့်တမျိုးသားလုံးကို ကိုယ်စားပြုကျန်နေခဲ့မှာ ဖြစ်ပြီး၊ ကိုယ်က မကောင်းတာလုပ်မိခဲ့ရင် အဲဒီအရိပ်မဲက ကိုယ့်ကိုယ်စား ကိုယ့်နောက်မှာ ကိုယ့်လူမျိုးနံမည်နဲ့ချီပြီး ကျန်နေခဲ့မယ်ဆိုတာ သတိချပ်သင့်ပါတယ်။

မည်သူမဆို ... ကောင်းသော အရိပ်များ ချန်ခဲ့နိုင်ကြပါစေသော်...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

No comments: