Showing posts with label ဗန်းမော်ဆရာတော်. Show all posts
Showing posts with label ဗန်းမော်ဆရာတော်. Show all posts

Wednesday, November 10, 2010

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ


ဦးကျော်ဦးပြုစုသည့် ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ စာအုပ်ကလေး ကို ဘလော့ဖတ်လာ မိတ်ဆွေများ အားလုံး ဖတ်ကြရနိုင်အောင် pdf လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။

စာမေးပွဲရှိတဲ့ ကြားက စာကူညီ ရိုက်ပေးတဲ့ ညီမလေးကို ကျေးဇူးအထူးတင်ပါကြောင်း...။

မေတ္တာဖြင့်
စုချစ်

Sunday, March 21, 2010

၅၄။ ဖိုးသူတော်ပုတီးစိတ်သလို

ဖိုးသူတော်ပုတီးစိတ်သလို


မင်းတုန်းမင်းတရားကြီးသည် တိုင်းရေးပြည်ရေးနှင့်တကွ သာသနာရေး၊ ဘာသာရေးတို့ကို အထူး ဦးစားပေးသည့်အတိုင်း ဆရာတော် သံဃာတော်များကို မကြာမကြာ နန်းတော်သို့ပင့်၍ ''သာဟတ္တိက'' ကိုယ်ထိလက်ရောက် ဆွမ်းကပ်ခြင်း၊ လှူဘွယ်ပစ္စည်းတို့ကို လှူဒါန်းခြင်းအမှုတို့ကို ပြုလုပ်လေ့ရှိသည်။

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်အပါအ၀င် ဆရာတော်၊ သံဃာတော်များအားနန်းတော် သို့ပင့်၍ ဆွမ်းကပ်လေသည်။ မင်းတုန်းမင်းကြီးသည် ဆရာတော် သံဃာတော်များနှင့် အလာပ၊ သလာပ စကားများကို အပြန်အလှန် ပြောဆိုလျှောက်ထားနေသည်။

ဤတွင် ဗန်းမော်ဆရာတော်က '' တကာတော် ရေမြေ့ရှင် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရဲ့လား၊ ရှစ်ပါးသီလ၊ ကိုးပါးသီလများကိုကော ဥပုသ်သီတင်း လပြည့် လကွယ်ရက်များတွင် စောင့်ထိန်းနိုင်ရဲ့လား'' ဟု မေးလေသည်။

''မှန်ပါ... ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲပါတယ်ဘုရား... ရှစ်ပါးသီလ၊ ကိုးပါးသီလများ ကိုလည်း ရှစ်ရက်သီတင်း လပြည့်၊ လကွယ်ရက်များတွင် စောင့်ပါတယ်ဘုရား '' ဟု မင်းတရားကြီးက လျှောက်ထားသည်။

'' ဒါဖြင့် တကာတော်ရေမြေ့ရှင် ပုတီးများကောစိပ်ရဲ့လား '' ဟုမေးသည်။
'' မှန်ပါ စိပ်ပါတယ် ဘုရား '' ဟုပင် လျှောက်သည်။

တကာတော်ရေမြေ့ရှင် အရင်က '' ဖိုးသူတော် ပုတီးစိပ်သလိုလဲ ဖြစ်နေအုံးမယ် '' ပြောပြီး အောက်ပါ ပုံပြင်ကို ပြောပြသည်။

ရှေးက ရွာတရွာကလူများမှာ ဗုဒ္ဓဘာသာကို အထူးလေးစား ယုံကြည်သည့်အတိုင်း ၀ါတွင်းသီတင်း နေ့များတွင် ရွာဦးကျောင်းသို့သွားရောက်၍ သီလခံယူခြင်း၊ တရားဘာဝနာများကို ဆွေးနွေး မေးမြန်းခြင်းများကို အမြဲပြုလုပ်လေ့ရှိသည်။

ညနေဘက်တွင် ကျောင်းအနီးရှိ ဥပုသ်ဇရပ်ပေါ်မှာ အမြဲလိုလို ပုတီးစိပ်ကြလေသည်။ ဖိုးသူတော် တယောက်ကလည်း ထိုဥပုသ်ဇရပ်အနီးရှိ သစ်ပင်ကြီးတပင်အောက်မှာ အမြဲထိုင်၍ ပုတီးစိပ်လေ့ ရှိသည်။

ဖိုးသူတော်စိပ်သောပုတီးမှာ အခြားသူများစိပ်သော ပုတီးကဲ့သို့ ၁၀၈လုံး၊ ၃၂လုံး၊ ၉လုံးမရှိပေ။ ၃လုံးသာရှိသည်။ ဖိုးသူတော်ပုတီးစိပ်နေသည်မှာ ပါးစပ်မှ နှုံပွနှုံပွနှင့် အလွန်မြန်ဆန်လှသည်။ ဇရပ်ပေါ်မှ ဥပုသ်သည်များပင် အတော်စိတ်ဝင်စားနေပေသည်။

ဖိုးသူတော်၏ ပုတီးစိပ်နည်းကို မေးမြန်းပြီး နည်းယူလိုသော ဇရပ်ပေါ်မှ ဥပုသ်သည်များမှာ ဦးသူတော်ကိုအားနာ၍ မမေးဖြစ်ခဲ့ပေ။ လာမည့် သီတင်းရောက်ရင် မေးမှဘဲဟု အားတင်းထားသော ဥပုသ်သည်များမှာ သီတင်းနေ့ကို စောင့်နေကြသည်။

သီတင်းနေ့ရောက်သည်တွင် ဖိုးသူတော်သည် အခါတိုင်းလိုပင် ပုတီးကိုသွက်သွက်စိပ်နေသည်။ ထိုနေ့တွင် ဥပုသ်သည် တဦးက ဦးသူတော်ကိုမေးသည်။

'' ဘယ့်နှယ်... ဦးသူတော် ပုတီးစိပ်တာမြန်လှချည်လား၊ နည်းကောင်းလေးဘာလေးရှိရင် ပေးပါအုံး၊ ဦးသူတော်က ဘုန်းကြီးနဲ့နီးလို့ နည်းကောင်းရလိမ့်မယ် '' ဟု ဥပုသ်သည်တဦးက ဦးသူတော်ကို မေးသည်။

ဦးသူတော်က '' ခင်ဗျားတို့ ဘုန်းကြီးပြောတုံးကတော့ မှတ်မထားဘူး၊ အခုမှမေးနေကြ '' ဟု ပြန်ပြောသည်။
'' ပြောပြစမ်းပါ ဦးသူတော်ရဲ့ '' ဟု ထပ်မေးသောအခါ ...
'' မှတ်ထား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ပထမတော့ တလုံးစီချစိပ်ရတယ်၊ နောက်တော့ ( ၄င်းနည်း ) ( ၄င်းနည်း ) ( ၄င်းနည်း ) ဆိုပြီး မြန်မြန်စိပ်ကြပေါ့ '' ဟု ပြောလေရာ ဇရပ်ပေါ်ရှိ ဥပုသ်သည်များမှာ ရယ်မောကြလေသည်။

ဤတွင် ဗန်းမော်ဆရာတော်က '' တကာတော်ရေမြေ့ရှင်လဲ ဦးသူတော် ပုတီးစိပ်သလို ( ၄င်းနည်း ) ( ၄င်းနည်း ) နဲ့များ စိပ်နေသလားလို့ '' ဟု ပြောကြားလေရာ ဘုရင်မင်းမြတ်လည်း များစွာသဘောကျ၍ ရယ်မောနေတော့သည်။

********************************

၅၃။ မှားရုံသာမှား ဆက်မမိုက်နဲ့

မှားရုံသာမှား ဆက်မမိုက်နဲ့

ဗန်းမော်ဆရာတော်၏ တပည့် သာမဏေများစွာတို့ အနက်မှ ရှင်က၀ိဆိုသော သာမဏေသည် ရဟန်းတက်မှာလား၊ လူထွက်မှာလားဟု မဝေခွဲနိုင်ဘဲ လွန်ဆွဲပြီး စိတ်ကစားနေသည်။ ကိုရင်က၀ိသည် အစပထမက ရဟန်းတက်ဘို့ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။ သို့ကြောင့်လည်း သဒ္ဒါ၊ သင်္ဂြိုလ်နှင့်တကွ ဒွေး၊ မာတိကာ စသော အခြေပြု ပရိယတ် စာပေများကို သင်ယူတတ်မြောက်ထားပြီး ဖြစ်နေသည်။ သီတင်းသုံးဘော်များကလည်း ရှင်က၀ိ စာကြိုးစားသည်ဟုပင် အသိအမှတ်ပြုထားကြသည်။

သို့သော် ရှင်က၀ိစိတ်ထဲတွင် နေ့တမျိုး ညတမျိုး ပြောင်းလဲနေသည့် စိတ်အစဉ်ကို မည်သူမျှ အကဲမခတ်မိကြပေ။ ရှင်က၀ိမှာ စာတက်ချိန်၊ ဆွန်းခံချိန် တို့ကို မှန်မှန်ပင် ပြုလုပ်နေသောကြောင့် ဖြစ်သည်။ ရှင်က၀ိမှာ သာသနာဘက်မှာ အားနည်းချက်တွေ ပေါ် ထွက်နေသည်။ ရွာက မိအိုဖအို များကို မြင်လာသည်။ လူထွက် ပြီးလုပ်ကျွေးချင်နေသည်။ သာသနာတော်မှာ ပို၍အားနည်း ချက်ဖြစ်ပေါ်နေသော အကြောင်းကား ငယ်ရီးစား မထွေးခင်၏ မျက်နှာရိပ်အစဉ်များ သူသင်အံနေသည့် စာရွက်တွေပေါ်မှာ ထင်မြင်နေသည်။ ဧကသီကို ခြေနှစ်ဘက်ဖြင့် ဖိပြီး ခေါင်းမြီးတင်းလောက်အောင် ခြုံ၍အိပ်သည့်အခါတိုင်းလည်း မထွေးခင်၏မျက်နှာရိပ်တွေ တရစ်ဝဲ၀ဲသာဖြစ်ပေါ်နေရသည်။

ရှင်က၀ိသည် ဆရာတော်ထံ လူဝတ်လဲရန် တကြိမ် နှစ်ကြိမ်တိုင် လျှောက်ထားသည်။ ခွင့်မရခဲ့ပေ။ သည်တကြိမ် လျှောက်ရင်တော့ ခွင့်ရလဲထွက်၊ မရလဲထွက်မည်ဟု ရှင်က၀ိက ဆုံးဖြတ်ထားလေသည်။

''သာသနာဘောင်နေရတာ စိတ်ချမ်းသာပါတယ်ကွာ ဘာလို့ ထွက်ချင်ရတာလဲ'' ဟုဆရာတော်ကမေးသည်။
''မှန်ပါ၊ မိအိုဖအိုများ လုပ်ကျွေးချင်လို့ပါဘုရား'' ဟု ရှင်က၀ိက လျှောက်ထားလေသည်။
''ရှေးလူဆိုတာ သူ့ကံနဲ့ သူချည့်ဘဲကွ မထွက်ဘဲနေနိုင်ရင် အကောင်းဆုံးဘဲ'' ဟုဆရာတော်ထံမှ နောက်ဆုံး တတိယအကြိမ် လျှောက်ထားရာတွင်ပြောလိုက်သည်။

ရှင်က၀ိမှာ ဆုံးဖြတ်ထားသည့်အတိုင်း အခြား သီတင်းသုံးဘော်များက အတန်တန်တားကြသော်လည်း နောက်ဆုံးတွင် လူဝတ်လဲကာ အိမ်ပြန်ခဲ့တော့သည်။

ရှင်က၀ိတဖြစ်လဲ မောင်ကျော်မြင့်မှာ ရွာသို့ရောက်သည့်အချိန်တွင် မိဘနှစ်ပါးနှင့်တကွ ဆွေမျိုး သားချင်း ငယ်ငယ်ကရောင်းရင်းတွေနဲ့ တရုံးရုံးတပြုံးပြုံးဖြစ်ကာ မောင်ကျော်မြင့်အဘို့ အပျော်ဆုံး နေ့များ ဖြစ်နေပေသည်။

ခြောက်လလောက်အကြာမှာ ငယ်ရီးစား မထွေးခင်နှင့်ပင် အကြောင်းဆုံရသည်။ မောင်ကျော်မြင့် သည် မထွေးခင်နှင့်ငြားစရက်တွေ အချိန်တွေမှာ မထွေးခင်မျက်နှာကို အမြဲကြည့်နေချင်သည်။ ကြားကလေသွေး ဝေးတယ်ဆိုတာ မှန်သည်ဟု မောင်ကျော်မြင့်က ယူဆနေသည်။ မောင်ကျော်မြင့်က ဇာတ်မင်းသားဦးစိန်ကတုံးကြီး၏ သစ္စာထား နှစ်ပါးသွားသီချင်းကို သွားသတိရသည်။ ဦးစိန်ကတုံးက သူ့မယားလောက်လှတာ ဗမာပြည်မြို့ရွာအနှံ့လိုက်ရှာလိုက်တာ မတွေ့ရသည့် အကြောင်းကိုဆိုသည်။

နတ်ပြည်တကာ စေ့ခဲ့ပါပေါ့၊ ဘယ်ပြည်ဘယ်ရွာ မတွေ့ခဲ့ပါဘူး၊
အိုးစည်ထဲဝင်ကာ အလုံတံခါး ပိတ်ပြီးတော့ ခင်ကညာအနိတ်နဲ့
ထမင်းမစားဘဲ စက်တော်ခေါ် စို့လဗျာ.......
ဟူသော ဦးစိန်ကတုံးကြီး၏ သီချင်းအတိုင်း မောင်ကျော်မြင့် ငြားစ မထွေးခင်ကို ဆို ဆိုပြနေသည်။

မောင်ကျော်မြင့်သည် အိမ်ထောင်သက် လေးနှစ်ထဲရောက်ရှိလာ၍ သူကသည့်ဇာတ် မိုးလင်းပိုင်း ဘက်သို့ ရောက်လာပြီကို သိနေပြီဖြစ်သည်။ သူထင်ခဲ့သလို မပျော်နိုင်ရှာတော့၊ ဃရာဝါသ ဗဟုကိစ္စ အိမ်ထောင်သားမွေးမှုသည် အလွန်အမှုပွေကြောင်း သူ့နဖူးကို အရိုက်ခံရပြီဖြစ်သည်။ ဃရာဝါသ အတိသမ္ပာဇ လူ့ဘောင်မှာ အလွန်ကျဉ်းမြောင်းကြောင်းကို ဗန်းမော်ကျောင်းထွက်ပီပီ သိလာရသည်။

မကြာမှီပင် မောင်ကျော်မြင့်သည် သူ၏ဆရာတော်ကို အလွန်သတိရလာသည်နှင့် မန္တလေးမြို့ရှိ ဗန်းမော်ဆရာတော်ထံ အပူဇော် အကန်တော့သွားသည်။

'' ဟေ့... ဘယ်သူလဲကွ ''
'' က၀ိပါဘုရား ''
'' အေး... မင်းအခုမှဘဲ လာနိုင်တော့တယ်နော်၊ ဘယ်နှယ်လဲ တော်တော်လေး ဒုက္ခတွေ့ပြီ မှို့လား '' ဟု ဆရာတော်ကမေးသည်။
'' မှန်ပါ... တော်တော်လေးဒုက္ခရောက်နေပါပြီဘုရား၊ အခုမှပဲ မှားမှန်း သိပါတော့တယ် ဘုရား '' ဟု မောင်ကျော်မြင့်က ဇာတ်စုံ လျှောက်ပြတော့သည်။
'' အေး... မှားမှန်းသိရင်တော့ ဆက်မမိုက်နဲ့ပေါ့ကွာ '' ဟု ဆိုပြီး တပည့် ရှင်က၀ိလူထွက်အား အောက်ပါပုံပြင်ကို ပြောဆိုဆုံးမတော့သည်။

ရှေးကရွာတရွာမှာ မောင်ရုပ်ဆိုးဆိုသော လူငယ်တယောက် အိမ်ထောင်ကျနေသည်။ သူ့ဇနီးမှာ သူ့ယောက္ခမများ၏ တဦးတည်းသောသမီးဖြစ်သည်။ မောင်ရုပ်ဆိုးဆိုသလောက် ခေါင်းက အလွန် ကြီးပြီး ခန္ဓာကိုယ်ကသေးနေ၍ အထက်အောက်မလိုက်ဘဲ အလွန်ကြည့်ဆိုးသည်။ သို့သော် သူ့၏ဇနီးက လူကြီးကသနားစရာကြီးပဲဟုဆိုပြီး အလွန်ကြင်နာသည်။

ရုပ်ဆိုး၏ယောက္ခမများကတော့ ရုပ်ဆိုးအပေါ် ကြည့်မရ၊ ဒီလိုနေပုံထိုင်ပုံမျိုးနဲ့တော့ လူမွေး မပေါက်၊ ဒီအလုပ်မျိုးနဲ့ လူစမပြောင်ဟု ခဏခဏသမီးကိုပြောရင်း ရုပ်ဆိုးကြားလောက်အောင် ပြောပြောနေသည်။ တနေ့သော် ယောက္ခမအထီးကြီးက စာချိုး၍ သမက်ရုပ်ဆိုးမြင်လောက်သော နေရာတွင်ချထားသည်။ ရုပ်ဆိုး၏အသွင်အပြင်နှင့် မုတ်ဆိပ်မွေးပေါကြောင်း စာချိုးတွင် ထည့်ရေး သည်။

ကိုယ်ကကြီးလို့ ခေါင်းကသေး၊
မုတ်ဆိပ်မွေးကလည်းထူသေး၏၊
လူမိုက်ဟူသတည်း။ ။

ဤစာချိုးကို ရုပ်ဆိုးတွေ့၍ ကောက်ဖတ်သည်။ ယောက္ခမရေးသည်ဟု သူမအောက်မေ့၊ ရုပ်ဆိုးက သူ့အတွက် နက်သိကြားတွေက သတိပေးသည်အနေနှင့် '' ရွှေပေလွှာ '' ချထားခြင်းသာ ဖြစ်သည်ဟု သူက ယူဆသည်။

မောင်ရုပ်ဆိုးသည် ရွှေပေလွှာက သတိပေးသည်ဟု ယူဆပြီး သူ၏မုတ်ဆိတ်များကို မီးစယူ၍ရှို့တော့သည်။ မုတ်ဆိပ်မွေးကဆက်၍ ခေါင်းကဆံပင်အထိ ကူးပြောင်းလောင်ကျွမ်းသွားတော့သည်။ မောင်ရုပ်ဆိုးမနေနိုင်တော့ဘဲ ခုန်ပေါက်ပြေးနေတော့သည်။ ဇနီးနှင့် ယောက္ခမများပါ အူယားဖါးယားဖြစ်ကာ တရပ်လုံးတရွာလုံး သိသွား၍ လူအများစုကာ လူမိုက်ဘဲဟု ပြောဆိုနေကြတော့သည်။

ဗန်းမော်ဆရာတော်သည် တပည့်ရှင်က၀ိလူထွက်အား ဤပုံကိုပြောပြ၍
'' မင်းလဲမှားရုံတွင်မှား ဆက်မမိုက်နဲ့ပေါ့ကွာ၊ သာသနာ့ဘောင်မှာ မနေနိုင်ဘဲ လူဝတ်လဲ၍ မှားတာမှားပါစေတော့..... ဆက်ပြီး ဒုစရိုက်မှုတွေ မမှားစေနဲ့၊ ဆံပင်ကို မီးဆက်မလောင်စေနဲ့ ''
ဟု ပြောဆိုဆုံးမလိုက်လေသည်။ တပည့်လူထွက်လည်း အဆုံးအမ နာယူပြီး ရွာသို့ပြန်သွားတော့သည်။


********************************

၅၂။ ငယ်ပါကိုတောင် မြင်နိုင်ပုံ

ငယ်ပါကိုတောင် မြင်နိုင်ပုံ

မင်းတုန်းမင်းတရားကြီး၏ လျှောက်ထားချက်အရ ရှမ်းကလေးကျွန်းဆရာတော်သည် ရဟန်း၊ သာမဏေတို့အား (သာမဏသာရုပ္ပ) မတင့်တယ် မဖွယ်ရာသည့် နေလွဲသောအခါ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အခါမဲ့ရပ်ထဲရွာထဲမှာ ထီးဆောင်း၍၎င်းင်း၊ ဘိနပ်စီး၍၎င်းင်း သွားခြင်းတို့ကို တားမြစ်သည့် အမိန့်ပြန်တမ်း (ဗန်းမော်ဆရာတော် ကန့်ကွက်ခဲ့သည့်) ပြန်တမ်းတခုကို ထုတ်ဆင့်ခဲ့လေသည်။ သုဓမ္မာဆရာတော်များကလည်း အတည်ပြုပြီးဖြစ်သည်။

ထိုအမိန့်ပြန်တမ်းအရ ဘုရင်မင်းမြတ်က ခန့်ထားသည့် မဟာဒဏ်ဝန်နှင့် မဟာဒဏ်စာရေးတို့က မန္တလေး လေးပြင်လေးရပ်ရှိကျောင်းတိုက်များသို့ သွားရောက်ပြီး ကြပ်မတ် ကွပ်ကဲရသည်။

အမိန့်ပြန်တမ်းအရ အပြစ်တွေ့ရှိပါက တိုက်တာရှိဦးစီးနာယက ဆရာတော်များနှင့် တိုက်အုပ် တိုက်ကြပ် ဆရာတော်များသို့ လျှောက်ထား၍ အပြစ်ပေးတန် ပေးရသည်။

မဟာဒဏ်ဝန်နှင့် မဟာဒဏ်စာရေးတို့သည် တာဝန်အရ ဒက္ခိဏရာမ ဘုရားကြီးတိုက်သို့ ရောက်ရှိသွားကြသည်။ တာဝန်အရတိုက်တွင်းရှိ ကျောင်းအသီးသီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုအခါ ရဟန်းတော်တပါး ကျောင်းခန်းတခုအတွင်းဝယ် ဆေးလိပ်သောက်နေသည်ကို တွေ့ရတော့သည်။

မဟာဒဏ်ဝန်နှင့် စာရေးတို့က ထိုရဟန်းငယ်အား စည်းကမ်းအရ ဘုရားကြီးတိုက် ဆရာတော်ထံ သွားရောက် လျှောက်ထားကြသည်။

ထိုအခါ ဘုရားကြီးတိုက်ဆရာတော်က ''မင်းတို့ဟာ မြို့ထဲ ရွာထဲမှာ စည်းကမ်း ကျော်လွန်နေတဲ့ ကိုယ်တော်တွေ၊ ထီးထမ်းလမ်းလျှောက်နဲ့ ဟော့ဟော့ရမ်းရမ်း ရင်ဘောင်တန်းပြီး လူ့အသွင် ဘမ်းပြသွားနေတဲ့ ကိုယ်တော်တွေ၊ သည်ကိုယ်တော်မျိုးတွေကို သွားရှာပြီး လျှောက်ထားမှပေါ့၊ အခုတော့ မင်းတို့ဟာ ကျောင်းခန်းထဲ ၀င်ကြည့်ရင် ငယ်ပါကိုတောင် မြင်ရလိမ့်အုံးမယ်ကွ'' ဟု ပြောလိုက်လေသည်။

မဟာဒဏ်ဝန်နှင့် ၀န်စာရေးတို့လည်း အသာလှည့်၍ ကန်တော့ပြီး ကျောင်းအောက်သို့ ဆင်းခဲ့ရတော့သည်။

မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ဆရာတော်မှာလည်း ဗန်းမော်ဆရာတော်ကဲ့သို့ပင် မဟုတ်လျှင်မခံ မမှန်လျှင် မလုပ်တတ်သည့် ရဲရဲတောက် ဆရာတော်တပါးသာ ဖြစ်ခဲ့လေသည်။

********************

Saturday, March 13, 2010

၅၁။ ကြက်ကုပ်ပေမယ့် တိုက်ပွဲသွင်းရမှာဘဲ

ကြက်ကုပ်ပေမယ့် တိုက်ပွဲသွင်းရမှာဘဲ


ဗန်းမော်ဆရာတော်သည် တပည့်၊ ရဟန်း၊ သာမေဏေများကို အမြဲမပြတ် သွန်သင်ဆုံးမတက်သော အလေ့ရှိသည့်အတိုင်း ဥပုသ်နေ့ ညတည ဘုရားဝတ်တက်အပြီးတွင် စာဝါကလည်းနားသောနေ့ဖြစ်၍ အချိန်အတော်ကြာအောင် ပြောဆိုဆုံးမသည်။

ရဟန်းရောသာမဏေများပါ တပါးစီ မေးမြန်းပြောဆိုဆုံးမနေရာ ကိုရင်ကြီးတပါးအလှည့်သို့ ရောက် သွားလေသည်။ ထိုကိုရင်ကြီးမှာ အခြား ရဟန်း၊ သာမဏေများကဲ့သို့ လန်းလန်းဆန်းဆန်း ရွှင်ရွှင်ပြပြ မရှိပေ။ ကုပ်ချောင်ချောင်း မှုံတေတေဖြစ်နေသည်။ စာပေပရိယတ္တိမှာလည်း ဖျင်းအလှသည်။

ဗန်းမော်ဆရာတော်က ထိုကိုရင်ကုပ်ချောင်းကြီးကို အကြောင်းပြုပြီး ကိုရင်နစ်နာစေရန် တိုက်ရိုက် ဆုံးမတော်မမူဘဲ ရွှင်ပြလာစေရန် သွယ်ဝိုက်၍ ဆုံးမလိုသောကြောင့် အောက်ပါပုံပြင်ကို ပြောဆို ဆုံးမလေသည်။

********************************

ရှေးအခါက ရွာတရွာမှာ ကြက်၊မွေးမြူရေးသမားတယောက် ရှိလေသည်။ ထိုကြက်မွေးမြူရေး သမား သည် သားဖောက်ခြင်း၊ အစာကျွေးခြင်း၊ ကြက်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ခြင်း စသည်ဖြင့် နေ့စဉ်ပင် ပြုလုပ်နေရပေသည်။

တနေ့တွင် ကြက်မတကောင်မှ ပေါက်သည့် သားပေါက်ကလေး ရှစ်ကောင်တည်းမှ တကောင် သော ကြက်သားပေါက်ကလေးမှာ အခြားကြက်ပေါက် ၇-ကောင်ကဲ့သို့ လန်းဆန်းမှုမရှိသည်ကို တွေ့ရလေသည်။ ကြက်ပေါက် ၇-ကောင်မှာကား လန်းဆန်းလှပြီး ကြက်မကြီးဝပ်နေသည့် ကျော ပေါ် သို့ ခုန်လိုက်တက်လိုက်လုပ်နေသည်ကို ၄င်းမိခင်ကြက်မကြီးက အစာရှိရာကို နှုတ်သီးဖြင့် ညွှန်ပြပြီး '' ကွတ်ကွတ်၊ ကွတ်ကွတ် '' ဟူသော အသံပြုရာသို့ ကြက်ပေါက်ကလေး ၇-ကောင်က ၀ိုင်းအုံ၍ '' ပိညှပ် '' သံရောထွေးလျက် အစာကောက်နေကြသည်ကို၎င်း မြင်ရ၍ ကြက်မွေးမြူသူ မှာ ရွှင်ပြလှသည်။ တကောင်သောကြက်ကလေးမှာကား ဟိုနားကျန်လိုက် သည်နားကျန်လိုက်နှင့် အခြားကြက်ကလေးများကဲ့သို့ မရွှင်ပြ မပီပြင်ဘဲ ကုပ်ချောင်ချောင်းကလေးသာ ဖြစ်နေသည်။ သို့သော် မွေးမြူသူမှာ ထိုကြက်ကုပ်ကလေးကို အထူးဂရုစိုက်၍ ကျွေးမွေးသည်။ ကျန်းမာရေးကိုပြု ပြင်သည်။

ထိုကြက်မွေးမြူသူသည် ရက်ကလေး အတော်ရလာပြီး ဖြစ်သည့်အတိုင်း ကြက်ကုပ်ကလေးမှအပ အခြားကြက်ကလေးများကား မြီးကောင်ပေါက်ပြီး ရောင်းလောက်လာ၍ ရောင်းချလိုက်လေသည်။

သို့သော် ထိုကြက်ကုပ်ကလေးမှာကား ရောင်းချသည့်အထဲတွင် မပါရှိဘဲ ကျန်နေပေသည်။ အထူး ဂရုတစိုက်လည်း ပြုပြင်နေသည်။ ကြက်ကလေးကားအနည်းငယ်ကြီးပြင်းလာရုံမှအပ ကုပ်ချောင်းချောင်း ဖြစ်နေဆဲပင် ရှိသေးသည်။ သို့သော် ထိုသူမှာ ကြက်ကုပ်ကလေး၏ အသွင်ပြောင်းလဲမှုကို သာအစဉ် ရှေးရှုနေသူဖြစ်သည်။

မိတ်ဆွေတယောက် အိမ်ရောက်လာတိုင်း ကြက်ကုပ်ကလေး၏ အသွင်ပြောင်းလဲမှုကို ကြံကြံဖန် ဖန် ရှာပြီးပြောလေ့ရှိသည်။ တနေ့ မိတ်ဆွေတယောက် အိမ်လာလည်ရာတွင်.....

'' ဘယ်နှယ်လဲမိတ်ဆွေ ကျနော့ ကြက်ကလေး ကြည့်ရတာ ထူးခြားမလာဘူးလား။အတက်ကလေး တွေတော့ အတော်ထွက်နေပြီဗျ၊ ကျနော်တော့တိုက်ကြက်အစစ်ဖြစ်လိမ့်မယ်လို့တော့ထင်တယ်ဗျ'' ဟုမွေးမြူသူက ပြောဆိုရာ အလည်ရောက်ရှိလာသည့် မိတ်ဆွေကလည်း.....

'' ခင်ဗျား ကြက် စွန်မယ်ဗျ၊ ကြက်ကလေးက အစအနရှိပါတယ် '' ဟု ရေလာမြောင်းပေး ပြောဆိုလိုက်လေသည်။ ကြက်မွေးသူလည်း သဘောတွေ့သွားသည်။

များမကြာမီ အခြားရွာတရွာမှ ကြက်သမားတဦးနှင့် ကြက်တိုက်ရန် အစီအစဉ် ပြုလုပ်ကြတော့ သည်။ မည်သူကမြှောက်ထားသည်မသိ ကြက်တိုက်ပွဲမှာ လောင်းကြေး တဘက်နှင့်တဘက် အတော်များကြသည်။ ကြက်ကုပ်ကလေးမွေးမြူသူမှာ မိမိကြက်အား မုချအနိုင်ရမည်ဟု ယူဆကာ ရှိသမျှစည်းစိမ်နှင့်တကွ အိမ်ပါထည့်၍ လောင်းကြေးထည့်သွင်းလိုက်သည်။

ကြက်တိုက်ပွဲကား စကြပြီ၊ လူများမှာလည်း တဘက်နှင့်တဘက် အုတ်အုတ်ကြက်ကြက် ဖြစ်နေသည်။ ကြက်ထိန်းများကလည်း တဘက်နှင့်တဘက်အားတက်သရော '' ခွပ်လိုက်ကွချက်ကောင်းကို '' ဟု အားပေးနေကြသည်။ ကြက်ကုပ်ကလေးကလည်း သူ့အစွမ်းရှိသလောက် တဘက်ရန်သူကြက်ကို ပြန်လှန်၍ ခွပ်လိုက်သည့်အခါ ပိုင်ရှင်နှင့်တကွ ဘက်တော်သားများ အားရကျေနပ်စွာ အော်ဟစ်၍ အားပေးကြသည်။

ကြက်ကုပ်ကလေးမှာ တာရှည်ပြန်၍ မခွပ်နိုင်ရှာဘဲ နောက်တချက် ရန်သူကြက်က ပြန်အခွပ်တွင် ချက်ကောင်းမိသွား၍ ကွင်းထဲမှာပင် စင်းစင်းသေသွားရှာတော့သည်။

ဤတွင် ဗန်းမော်ဆရာတော်က ကိုရင်ကြီးအား.....

'' မင်းလဲ ကုပ်ချောင်းချောင်း လုပ်မနေနဲ့ ကွင်းထဲရောက်မှ အစင်းသားဖြစ်နေမယ်။ ငါကတော့ ငါ့ တိုက်ကထွက်ရင် ကြက်ကောင်းချည်း အောက်မေ့မှာဘဲ၊ ကြိုးစားအားထုတ်ကြပေါ့ကွာ၊ စာဟာ ကျက်ရင်ရပါတယ် '' ဟု ကိုရင်ကြီးကို အကြောင်းပြု၍ အခြား တပည့် ရဟန်း၊ သာမဏေများကိုပါ သွယ်ဝိုက်၍ ဆုံးမလိုက်တော့သည်။

တပည့် ရဟန်း၊ သာမဏေများသည် ဆရာတော်အား ကန်တော့ပြီးကျောင်းအသီးသီးသို့ပြန်သွား ကြတော့သည်။

********************************

၅၀။ အထက်ပေါက်နဲ့ အောက်ပေါက်ပုံပြင်

အထက်ပေါက်နဲ့ အောက်ပေါက်ပုံပြင်


ဗန်းမော်ဆရာတော်သည် မန္တလေးနေပြည်တော်တွင် အလွန်တရာနာမည်ကြီးလှသည်။ မင်းတုန်းမင်းကြီး ကိုးကွယ်သည့်ဆရာတော်အဖြစ်၎င်း၊ စာပေအရာတွင်လည်း နာမည်ကြီးလှ၍ ဗန်းမော်ဆရာတော်မှာ အလွန်ထင်ရှားကျော်ကြားလှသည်။ ဆင်းရဲနွမ်းပါးသူများက ဗန်းမော်ဆရာတော်အား အိမ်အရောက်ပင့်ပြီး ဆွမ်းကပ်ချင်ကြသော်လည်း ကြွလိမ့်မည်ဟု စိတ်ကမထင်ကြပေ။ အမှန်မှာ ဗန်းမော်ဆရာတော်အား မည်သူတစုံတယောက်ကပင့်ပင့် ဆင်းရဲချမ်းသာ၊ မျက်နှာကြီး မျက်နှာငယ် မရွေး ကြွရောက်သည်ချည့်သာဖြစ်သည်။

တနေ့တွင် ဆင်းရဲနွမ်းပါးလှသည့် တကာတယောက်သည် ဗန်းမော်ဆရာတော်အား အိမ်အရောက်ပင့်ပြီး ဆွမ်းကပ်လှူဒါန်းလို၍ ဆရာတော်ထံ လာရောက်လျှောက်ထားသည်။

'' တပည့်တော်တို့ကဲ့သို့ ဆင်းရဲနွမ်းပါးသည့် တကာအိမ် ဆရာတော် မကြွဘူးအောင့်မေ့ခဲ့၍ ဆရာတော်ကို မပင့်ရဲဘဲ နေလာခဲ့တာ အခုမှ ဆရာတော်သည် မည်သူကပင့်ပင့် ကြွကြောင်းသိရ၍ ဆရာတော်ထံ လာရောက်လျှောက်ထားရခြင်းပါ ဘုရား '' ဟု ဗန်းမော်ဆရာတော်အား သွားရောက်လျှောက်ထားလေသည်။

ဗန်းမော်ဆရာတော်က.....
'' အေး..... ငါက မင်းတုန်းမင်းမွေးစားတဲ့ မွေးစားသားမှမဟုတ်ဘဲ၊ ဘယ်သူကပင့်ပင့် လိုက်တာချည့်ပါဘဲကွ '' ဟု မိန့်ကြားလိုက်လေသည်။

'' မှန်ပါ့ဘုရား။ တပည့်တော်တို့အိမ်သို့ အခု ၀ါဆိုလပြည့်နေ့ နံနက် ၅နာရီအချိန်တွင် ဆရာတော် နှင့်တကွ ကျောင်းတိုက်အတွင်းရှိ သံဃာတော်အားလုံး ဆွမ်းအလှူခံ ကြွရောက်ချီးမြှင့်ပါရန် လျှောက်ထားအပ်ပါသည်ဘုရား '' ဟု ဆွမ်းဒါယကာသည် ဗန်းမော်ဆရာတော်အား လျှောက်ထားတော့သည်။

'' အေး... အစားတော့ ကောင်းသဟေ့၊ များများသာချက်ထား '' ဟု မှာကြားလိုက်လေသည်။

'' မှန်ပါဘုရား '' ဟု လျှောက်ထားပြီး ဆွမ်းဒါယကာလည်း ပြန်သွားလေသည်။

ဆွမ်းဒါယကာသည် ဆွမ်းကပ်ရမည့်အ၀င်နေ့တွင် တက်အားသရွေ့နှင့် ထက်ထက်သန်သန် စီမံဖန်တီးလေသည်။ အကောင်းဆုံးစီမံထားသည့်ဟင်းလျာမှာ ချဉ်ပေါင်ရွက်နှင့် ၀က်သားရောချက် ရန်စီမံထားသည်။

ဆွမ်းဒါယကာသည် မိမိစီမံထားသည့် ချဉ်ပေါင်ရွက်၊ ၀က်သားရောချက်သည့် ဆွမ်းဟင်းလျာကို ဆရာတော်ဘုဉ်းပေးပါ့မလားဟု တွေးတောမိပြန်သည်။ သို့နှင့် ဆွမ်းဒါယကာသည် ဆွမ်းကပ်ရမည့် နေ့အ၀င်ဖြစ်သည့် အကြိုနေ့နေ့လည်ဘက်တွင် ဆရာတော်ထံရောက်သွားပြန် သည်။

'' ဆရာတော်ဘုရား နက်ဖြန်မနက်တော့ ဆွမ်းဟင်းအတွက် ချဉ်ပေါင်ရွက်နှင့်ဝက်သားရောချက်ဘို့ စီမံခဲ့ပါတယ်ဘုရား... ဆရာတော်ဘုဉ်းပေးပါ့မလားဟု အောက်မေ့ပါသည်ဘုရား '' ဟု လျှောက်ထားလေရာ၊ ဆရာတော်က '' မင်း...စကားဆိုက်လာပြန်တော့လဲ ပြောရသေးတာပေါ့ကွာ'' အစချီကာ အောက်ပါပုံပြင်ကို ပြောပြလေသည်။

********************************

အထက်ပေါက်ကြောက်ကာမှ အောက်ပေါက်နဲ့တွေ့

ရှေးအခါက အညာဒေသရှိ ရွာတရွာတွင် ဦးပဉ္ဇင်းလေးတပါးသည် ကျောင်းထိုင်ဘုန်းကြီးအဖြစ် ခံယူနေသည်။ ရပ်ရွာတည်းမှ တကာမတဦးသည် အခြားသူများထက်ပို၍ ဆွမ်းအုပ်ကို နေ့မှန်၊ ရက်မှန် ချက်ပြုတ်လှူဒါန်းလေသည်။

ထိုဆွမ်းတကာမမှာ ပေါက်ပွင့်သုပ်ကို လက်ကိုင်ပြု၍ နေ့စဉ်လှူဒါန်းလေသည်။ ကျောင်းထိုင် ကိုယ်တော်လေးသည် ပေါက်ပွင့်သုပ်ကို နေ့စဉ်ပင်မှီဝဲနေရသည်။ နှစ်ရှည်လများ ဖြစ်လာသော် ပေါက်ပွင့်ကိုမုန်းလာတော့သည်။ သို့ဖြစ်၍ ကိုယ်တော်လေးသည် စားရဖန်များလာပြီး စိတ်ညစ်၍ နေသည်။

ရက်ပေါင်း ကြာညောင်းလာသည့်အခါ ဦးပဉ္ဇင်းလေးသည် ထိုရွာမှ တိတ်တဆိတ် အောက်ပြည် အောက်ရွာသို့ စုန်ဆင်းခဲ့တော့သည်။

ငါးပိ၊ ငါးခြောက်ပေါသည့် အောက်ပြည်၊ အောက်ရွာ တရွာတွင် ပထမအာဂန္တု ဧည့်သည်အဖြစ်နေရ သည်။ နောက် အကြောင်းအပေါင်းသင့်ပြီး၊ ထိုရွာမှာပင် ကျောင်းထိုင်ဘုန်းကြီးဖြစ်၍ လာရပြန် သည်။

ထိုရွာတွင်လည်း ဆွမ်းတကာမတဦး အခြားသူတို့ထက် ထူးခြား၍ ပေါ် ထွက်လာပြန်သည်။ ကျောင်းထိုင်ကိုယ်တော်လေးကတော့ ငါးပိ၊ငါးခြောက်ပေါသည့် အောက်ပြည်၊ အောက်ရွာ ရောက်လာရ၍ အညာကပေါက်ပွင့်နဲ့တော့လွဲပြီဟု ထင်မှတ်ထားသည်။ ထိုရွာမှ ထူးခြားစွာပင် ဆွမ်းတကာမတဦးသည် နေ့မှန်၊ ရက်မှန် ဆွမ်းအုပ်ကို ချက်ပြုတ်လှူဒါန်းပြန်သည်။ ထို ဆွမ်းတကာမကလည်း နေ့စဉ်ပင် ပေါက်ပွင့်သုပ်ကို ပင်တိုင်ဟင်းအဖြစ် အသုံးပြုပြန်လေသည်။

ကျောင်းထိုင်ပဉ္ဇင်းလေးသည် ငါတော့ကျောက်ပွင့်သုပ်နှင့်ပင် လာတိုးရပြန်ပြီဟု စိတ်ညစ်ရပြန် သည်။ သုံးကျောင်းပြောင်း၍တော့မဖြစ်တော့ဘူး၊ အခြားတရွာပြောင်းရွှေ့သွားပါက ၄င်း ပေါက်ပွင့်သုပ်သော်မှ မစားရဘဲနေချေမည်ဟု တွေးတောမိပြီး၊ ဆွမ်းအုပ်ချက်သည့် တကာမအား ဟင်းပြောင်းချက်ရန်ပြောမှပဲဟု စဉ်းစားထားလေသည်။ အတော်အတန်ရင်းနှီးလာသည်ဖြစ်၍ ပြောရဲဆိုရဲလည်း ရှိလာသည်။

နောက်တနေ့ ဆွမ်းအုပ်ချက်သည့်တကာမကျောင်းသို့ ဆွမ်းအုပ်လာအပို့တွင်.....
'' တကာမကြီး.... ဒီနေ့တော့ဘာဟင်းချက်ခဲ့သလဲ '' ဟု ကိုယ်တော်လေးက ပေါက်ပွင့်သုပ်နဲ့ လွဲပါရစေဟု အောက်မေ့ပြီးမေးလေသည်။

'' မှန်ပါ ပေါက်ပွင့်သုပ် ပင်တိုင်ဟင်းပေါ့ဘုရား '' ဟုလျှောက်ထားလိုက်သည်။

ဤတွင် ကိုယ်တော်လေးသည် မထိန်မချန်တော့ဘဲ ဟင်းပြောင်းချက်ရန် ပြောပြတော့သည်။

'' ဟင်းတော့ပြောင်းချက်အုံးမှဘဲ တကာမကြီး၊ ကျုပ်အထက်အညာ ကျောင်းထိုင်တုန်းကလဲ ပေါက်ပွင့်သုပ် နေ့စဉ်စားနေရတာနဲ့ စိတ်ညစ်ပြီး၊ အောက်ပြည်၊ အောက်ရွာ ထွက်လာခဲ့တော့၊ အခုလဲ တကာမကြီးတို့ အောက်ပြည်အောက်ရွာမှာ ဒီပေါက်ပွင့်သုပ်နဲ့ဘဲ လာတိုးရပြန်ပြီ '' ဟု ပြောဆိုလေသည်။

ဆွမ်းတကာမသည် ကိုယ်တော်လေးမျက်နှာကိုကြည့်၍...

'' ဒါဖြင့် ကိုယ်တော် အထက်ပေါက်နဲ့ အောက်ပေါက် ဘယ်ဟာကပိုကောင်းသလဲ '' ဟု မေးလေ သည်။ ဦးပဉ္ဇင်းလေးသည် ခတ်ပြုံးပြုံးနှင့်ပင် အောက်ပေါက်ကသာ ကောင်းကြောင်းပြောလိုက်ရ လေသည်။ ထိုသို့မပြောလျှင် ချက်လက်စ ပေါက်ပွင့်သုပ်တောင်မစားရဘဲနေမည်ဟု တွေးမိပြီး ပြောလိုက်ခြင်းဖြစ်သည်။

အခုလဲ တကာ အမွန်အမြတ်စီမံချက်ပြုတ်ထားသည့် ချဉ်ပေါင်ရွက် ၀က်သားရောချက်ဟာ
'' အောက်ပေါက်ကသာတယ်ဘဲ ပြောရမှာပေါ့'' ဟု ကွမ်းစားရင်းခတ်ပြုံးပြုံးပြုလုပ်ကာ ဗန်းမော်ဆရာတော်က ပြောပြလိုက်တော့သည်။

ဆွမ်းဒါယကာလည်း ဗန်းမော်ဆရာတော်၏ ပြောဟောသောပုံပြင်ကို သဘောတွေ့ကာ အိမ်သို့ ပြန်ခဲ့လေတော့သည်။


********************************



၄၉။ အရမ်းမငြင်းကြနဲ့ ပုံပြင်

အရမ်းမငြင်းကြနဲ့ ပုံပြင်


မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်တွင် သံဃာတော်များသည် ပရိယတ်၊ ပဋိပတ်နှင့် စပ်လျဉ်း၍သော် ၄င်း၊ အခြားအဆုံးအဖြတ် တခုခုပြုလုပ်ရန်သော်၎င်း လပြည့်နေ့တိုင်း စည်းဝေးတိုင်ပင်ပြီး ဆုံးဖြတ် လေ့ရှိသည်။

ထိုဆွေးနွေး တိုင်ပင်နေကြသည့် သံဃာများတည်းမှ ဆရာတော်နှစ်ပါးသည် အကြောင်းအရာတခုကို မူတည်ပြီး အကြီးအကျယ် အငြင်းပွားနေကြသည်။ တပါးနှင့်တပါး ဒေါသပွားပြီး အနိုင်မခံ အရှုံးမပေးဘဲ အကြိတ်အနယ် ငြင်းခုံနေကြခြင်းဖြစ်၍ အသံဗလံများလည်း ဆူညံစွာ ထွက်ပေါ်နေသည်။

ဗန်းမော်ဆရာတော်သည် အကြောင်းတခုဖြင့် သုဓမ္မာဇရပ်အနီးသို့ ချဉ်းကပ်ရောက်ရှိသွားသည်။ ငြင်းခုံနေသည့်ဆရာတော်နှစ်ပါးနှင့်တကွ အခြားဆရာတော်များပါ ဗန်းမော်ဆရာတော် ကြွရောက် လာနေသည်ကို ခပ်လှမ်းလှမ်းတွင် တွေ့မြင်နေကြရသည်။ သံဃာတော်များသည် ဗန်းမော် ဆရာတော် ကြွရောက်လာသည်ကို မြင်ကတည်းကပင် ငြင်းခုံနေသည့် ကိုယ်တော်နှစ်ပါးကလည်း မိမိတို့အငြင်းအခုံစကားများကိုရပ်၍ အခြားသံဃာတော်များကလည်း မိမိတို့ ပြောလက်စ စကားများကို ဖြတ်ပြီး တရားဓမ္မခန်နှင့် စပ်လျဉ်းသော စကားများကိုသာ ပြောဆိုနေကြသည်။

ဗန်းမော်ဆရာတော်သည် ကိုယ်တော်နှစ်ပါး ဆူညံစွာ ငြင်းခုံနေသံများကို ခပ်လှမ်းလှမ်းမှပင် ကြားခဲ့ရသည်။ ဗန်းမော်ဆရာတော် သုဓမ္မာဇရပ်ပေါ် ရောက်ပြီးနောက် မထေရ်ကြီးများအား ၀တ်ပြုပြီး မထေရ်ငယ်များက ဗန်းမော်ဆရာတော်အား ၀တ်ပြုကြသည်။ ထို့နောက် ဗန်းမော်ဆရာတော်က ......

'' အခုန ကိုယ်တော်တို့ ငြင်းခုံနေသံကြားတယ်။ ဘာတွေ ငြင်းခုံနေကြတာလဲ '' ဟု မေးလေ သည်။

နောက်တဆက်တည်းပင် ဗန်းမော်ဆရာတော်က '' ကိုယ့်ဟာမှ အမှန်ဆိုပြီး သိတ်လဲ အငြင်းသန် မနေကြနဲ့အုံး၊ အရင်က တရားဟောတဲ့ဘုန်းကြီးနဲ့ တရားနာတဲ့ တကာတယောက်လိုလဲ ဖြစ်နေကြ အုံးမယ် '' ဟု ပြောဆိုလေသည်။

ငြင်းခုံနေကြသည့် ကိုယ်တော်နှစ်ပါးနှင့်တကွ အခြားဆရာတော်များပါ ဗန်းမော်ဆရာတော်၏ ပုံပြင်ကို နားထောင်လိုကြ၍ '' ဆရာတော်ရဲ့ တရားဟောဘုန်းကြီးနဲ့ တရားနာတကာ အငြင်းသန် နေကြတဲ့အကြောင်း ပုံကလေးကို အမိန့်ရှိပါအုံးဘုရား '' ဟု လျှောက်ကြလေသည်။ ထိုအခါ ဗန်းမော်ဆရာတော်က အောက်ပါအတိုင်းပြောပြလေသည်။

ရှေးက ရွာတရွာမှာ ဘုန်းကြီးတပါး ကျောင်းထိုင်နေရာ သာရေး၊ နာရေး အကြောင်းကိစ္စဟူသမျှ ၄င်းဘုန်းကြီးကချည့်တရားဟော ဓမ္မကထိက ပြုလုပ်နေပေသည်။ တနေ့ ဆွမ်းတရားနာတခုတွင် ဘုန်းကြီးက ဆိုင်ရာဆွမ်းတရား ဟောကြားပြီး နောက်ဆုံး အဘိဓမ္မာသတ်ရာတွင် (ကသလာဓမ္မာ အကသလာဓမ္မာ) ဟု အဘိဓမ္မာသတ်လေသည်။

ထိုတရားနာ ပရိတ်သတ်တည်းတွင် အတော်အတန် သိရှိနားလည်သည့် လူတယောက်ကထပြီး '' ကိုယ်တော် အဘိဓမ္မာသတ်တာ လွဲမှားနေပြီ၊ တပည့်တော် ကြားဘူးတာကတော့ (ကုသလာဓမ္မာ အကုသလာဓမ္မာ) ဟုသာ ကြားဘူးပါသည်ဘုရား'' ဟု လျှောက်ထားပြောဆိုလေသည်။

ဤတွင် တရားဟောဘုန်းကြီးသည် လူများစုရှေ့တွင်လည်းဖြစ်၍ ရှက်လည်းရှက်လှသည်နှင့်.....

'' ဟေ့ တကာ မင်းဘာနားလည်လို့လဲ ငါရွတ်တာ အမှန်ဘဲကွ၊ ငါအထောက်အထားပြရမလား '' ဟု ဒေါသတကြီးမေးတော့သည်။ တကာကလည်း အတော်အတန်သိပြီးဖြစ်၍ '' ကိုယ်တော်မှားကို မှားနေတာ အထောက်အထားရှိရင်ပြစမ်းပါ'' ဟု လျှောက်လေသည်။ ဘုန်းကြီးသည် ကျောင်းက ပေထုပ်ကို ထုတ်ပြလေသည်။ ပေစာထုပ်မှာ ပိုးရွခြပုန်းကိုက်ထား၍ အချို့နေရာများတွင် စုပ်ပြဲနေ သည်။ ဘုန်းကြီးယူပြသည့် ပေထုပ်မှာ (ကုသလာဓမ္မာ အကုသလာဓမ္မာ) ဟူသော စာသားအမှန် တွင် ပိုးရွခြပုန်းများကိုက်ထား၍ ကုတွေမှာ တချောင်းငင်တွေမရှိတော့ဘဲ (ကသလာဓမ္မာ အကသလာဓမ္မာ) ဟုသာရှိတော့သည်။

''ကိုယ်တော်တို့လဲ တရားဟောဘုန်းကြီး တချောင်းငင်ပြုတ် နေသလိုလဲ ဖြစ်နေကြအုံးမယ်'' ဟု ဗန်းမော်ဆရာတော်က ပြောလိုက်ရာ သုဓမ္မာဇရပ်ပေါ်ရှိ ကိုယ်တော်များမှာ များစွာရယ်မောပြီး တသောသောဖြစ်နေကြတော့သည်။


********************************

Monday, March 8, 2010

၄၈။ မြေပွေးအမြီးကိုင်သူ ဥပမာပုံပြင်

မြေပွေးအမြီးကိုင်သူ ဥပမာပုံပြင်

ဗန်းမော်ဆရာတော်သည် ဥပုသ်နေ့ စာဝါနားသောနေ့တနေ့တွင် စာကြည့်နေလေသည်။ ထိုသို့ စာ ကြည့်နေစဉ် တကာတယောက်သည် ကျောင်းပေါ်ရောက်လာပြီး ဆရာတော်အား ၀တ်ချကန်တော့လေသည်။

“ ဘာ... အကြောင်းထူးများ ရှိလို့လဲတကာ “ ဟု စာကြည့်ရင်းမှ မေးလိုက်သည်။

“ မှန်ပါ... တပည့်တော်တို့ တကာအချင်းချင်း အငြင်းပွားနေတဲ့ အကြောင်းတခုရှိတာနဲ့ ဆရာတော်ထံ လာခဲ့ရခြင်းပါဘုရား “

“ ဆိုစမ်းပါအုံးကွ... ဘာတွေများငြင်းနေကြတာလဲ “

“ မှန်လှပါ... အရက်သေစာကို ရိုးရိုးရေအဖြစ်နဲ့ စိတ်ကမှန်းပြီးသောက်ရင် အပြစ်ရှိတယ်၊အပြစ်မရှိဘူး ငြင်းနေကြပါတယ်ဘုရား “

“ ကောင်းပြီ... ပြောရသေးတာပေါ့၊ အမေးရှိတော့လဲ အဖြေရှိရသေးတာပေါ့ကွာ “ ဟု ဆရာတော်က ပြောပြောဆိုဆိုနှင့်ပင် လာလျှောက်သည့်တကာအား ပြန်လည်မေးခွန်းထုတ်လေတော့သည်။

“ တကာ... အရက်သေစာဆိုတာ အပြစ်ရှိတာပေါ့ကွ၊ ရေအဖြစ်နဲ့စိတ်က မှန်းသောက်ရုံနဲ့ ဘယ် အပြစ်ကလွတ်ပါ့မလဲ၊ အပြစ်မလွတ်ဘူးကွ၊ အရက်သေစာဆိုတာ သောက်မိရင် မတွေဝေ မယစ်မူးဘူးလား “

“ မှန်လှပါ တွေဝေ ယစ်မူးပါတယ်ဘုရား “

“ အေး... အရက်သေစာဆိုတာ သောက်မိတာနဲ့ တပြိုင်နက် မေရယဆိုတဲ့ အာနိသင်အကျိုးဆက်နဲ့ တွဲဘက်နေလို့ တွေဝေစေတယ်၊ မိန်းမောစေတယ်၊ ယစ်မူးစေတယ်၊ ကုသိုလ်တရားတို့၌ မေ့လျော့ပြီး အကုသိုလ်မှုတွေကို ဆက်တိုက်ပြုမူတက်တယ် တကာရဲ့ “

“ ကဲ... ဆက်၍ ဥပမာတင်ပြီး မေးလိုက်ရအုံးမယ်၊ ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလှသည်ဆိုတာကို ကြားဘူးတယ် မဟုတ်လား “

“ မှန်ပါ... ကြားဘူးရုံမဟုတ်ပဲ ပိုးဖလံကောင်တွေ မီးကိုတိုးနေတာ မြင်တွေ့ဘူးပါတယ်ဘုရား “

“ အေး... ပိုးဖလံကောင်တွေဟာ မီးရောင်ကိုရွှေတောင်မှတ်ပြီး တိုးနေတာဘဲကွ၊ ရွှေရောင်ထင်ပြီး မီးရောင်ကိုတိုးနေတဲ့ ပိုးကောင်တွေ မသေဘူးလား “

“ မှန်ပါ... သေပါတယ်ဘုရား “

“ အေး... နောက်တခုဆက်မေးရအုံးမယ် “

“ မှန်ပါဘုရား “

“ မြေပွေးကိုမြက်ရှောလို့ စိတ်ကထင်မှတ်ပြီး အမြီးသွားကိုင်ရင် မကိုက်ဘူးလား “

“ မှန်ပါ... သေသေချာချာ ကိုက်ပါတယ်ဘုရား “

“ အေး... ကိုက်မိရင် အဆိပ်မတက်ဘူးလား “

‘ အဆိပ်တက်ပါတယ် ဘုရား “

“ အဆိပ်တက်ရင် သေတာပေါ့ကွ၊ အေး... ဒီဥပမာလိုဘဲ သေတက်တယ်ဆိုတာ သိရက်နဲ့တော့ မြေပွေးအမြီး မကိုင်မိကြဘို့ အရေးကြီးသပေါ့ကွာ၊ အရက်သေစာဆိုတာလဲ သောက်စားမိရင် မှောက်မှားတက်တဲ့ အရာမှန်သမျှကို လွယ်လွယ်ကူကူနဲ့ ပြုမူတက်တယ်။ တစတစ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြပေါ့ကွာ “

“ မင်းတို့ငြင်းကြတဲ့ မိတ်ဆွေအချင်းချင်းလဲ ဒီဥပမာပုံပြင် ပြောပြပေါ့ကွာ “ ဟု ဗန်းမော်ဆရာတော်က ပြောဟောဆုံးမပြီး ကြည့်လက်စစာကို ဆက်လက်ကြည့်ရှုတော်မူသည်။

လာရောက်လျှောက်ထားသည့် တကာလည်း အသာကန်တော့ပြီး ပြန်သွားလေတော့သည်။


********************************

၄၇။ သုံးခွန်းသောစကားပုံပြင်

သုံးခွန်းသောစကားပုံပြင်

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်အား နန်းတွင်းသို့ မကြာမကြာပင့်ပြီး ဆွမ်းကပ်လေ့ရှိသည်။

''ဆရာတော်ဘုရား... တပည့်တော်လဲ ချွေရံသင်းပင်းများစွာနှင့် ထီးနန်းစည်းစိမ်ကို ခံစားနေရပေမဲ့ အရွယ်ဟိုင်းလို့ ဇရာပိုင်းရောက်လာသည့်အတိုင်း လောကီနယ်ကထွက်ပြီး လောကုတ္တရာနယ်ထဲ ရောက်နိုင်မဲ့ တရားထူးလေးများ ရှာပြီးဟောပါအုံးဘုရား''ဟု မင်းတုန်းမင်းက ဗန်းမော်ဆရာတော်အား လျှောက်ထားလေသည်။

ထိုအခါ ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား '' တကာတော်ရေမြေ့ရှင် လျှောက်ထားတဲ့ အကြိမ်ပေါင်းလဲများလှပြီ၊ ဟောရတဲ့တရားလဲ များလှပါပြီ၊ ကဲ... ဒီတခါ ဥပမာတခုပေးကာ ဟောရအုံးမှာပေါ့'' ဟု မိန့်တော်မူပြီး အောက်ပါပုံပြင်တခုကို ထုတ်ဆောင်၍ ဟောကြားလေသည်။

ရှေးအခါက ရွာတရွာတွင် အိမ်ထောင်ဦးစီးတယောက်မှာ သားကျွေးမှု၊ မယားကျွေးမှုပြုလုပ်နေရာ၊ ဘာပညာမှလည်းတက်ကျွမ်းနားလည်မှုမရှိ၍ အခက်အခဲတွေ့နေရသည်။ မယားလုပ်သူကလည်း ''သားကလေးကလဲကြီးလာဘီ၊ ရှင်ပြုရတော့မယ်၊ စီးပွားဥစ္စာကလဲ လုံးပါးပါးနေတယ်၊ တော် ဒီအတိုင်းနေလို့ မဖြစ်ဘူး တခုခုလုပ်မှဖြစ်မယ်'' ဟု လင်သားအပေါ်မှာ ဆူပူကြိမ်းမောင်းလေသည်။

လင်ဖြစ်သူသည် စိတ်ညစ်ညစ်နှင့် ရှိစု၊ မဲ့စုငွေကလေးများစုဆောင်းပြီး အသာပြာ ၃၀၀ိ ပိုက်၍ မယားကျွေးမှု၊ သားကျွေးမှုအတွက် အရပ်တပါးသို့ ပညာရှာရန်ထွက်ခဲ့လေသည်။

သို့နှင့်တရွာဝင် တရွာထွက် ပညာရှာထွက်ခဲ့ရာ သုံးနှစ်ကျော်အချိန်အထိ ဘာပညာမှမရသေးဘဲရှိ နေခဲ့သည်။ နောက်ဆုံးပညာရနိုင်သည့်နေရာ ရှာဖွေစူးစမ်းရာ ဒီသာပါမောက္ခဆရာကြီးထံ ရောက်သွားလေသည်။

ဆရာကြီးက ဤပုဂ္ဂိုလ်၏ ကြံအင်လက္ခဏာကြည့်၍တကြောင်း၊ အသက်အရွယ်ထောက်၍ တကြောင်း၊ အချိန်တိုစနစ်နှင့် ပညာသင်ပေးမှဖြစ်မည်ဟု ကြံစီတွေးတောပြီး၊ အောက်ပါ စကားသုံးခွန်းကို သင်ကြားပေးလေသည်။

ဒီသာပါမောက္ခဆရာကြီးသည် ထိုပညာမဲ့တပည့်အား ကြည့်ကာ ''မင်းမှာ ဉာဏ်ပူဇော်ခ အသပြာ ကောပါရဲ့လား'' ဟုမေးလေသည်။

''ဟုတ်ကဲ့ဆရာကြီး ရှိစုမဲ့စုကလေးစုလာတဲ့ အသပြာ ၃၀၀ိတော့ပါပါတယ်ခင်ဗျား'' ဟုပြန်ပြောလေသည်။

''ကဲ ၃၀၀ိနဲ့တန်အောင်တော့ ပညာပေးရသေးတာပေါ့ကွာ စကားသုံးခွန်းသင်ပေးမယ် နားစိုက်ထောင်နော်'' ဟုပြောပြီး အောက်ပါစကားသုံးခွန်းကို သင်ကြားပေးလေသည်။

(၁) ကုလားသေ၊ ကုလားမော မအိပ်ရာ ပေးကွဲ့ငွေတရာ။
ဟု သင်ပေးရာ ''ဟုတ်ကဲ့ပါဆရာကြီး'' ဟု ပြောပြောဆိုဆို အိတ်ထဲက အသပြာ ၁၀၀ိ ကို ထုတ်ပေးလေသည်။ ထို့နောက် ဆရာကြီးက...

(၂) ရေချိုးဆိပ်မှာ မချိုးရာ ပေးကွဲ့ငွေတရာ။
ဟု ဆရာကြီးက သင်ပေးပြန်ရာ ''ဟုတ်ကဲ့ပါဆရာကြီး'' ဟု ပြောပြောဆိုဆိုပင် အိတ်ထဲမှ ငွေတရာ ကိုထုတ်ပေးပြန်သည်။

(၃) မစူးစမ်းမဆင်ချင် မပြုရာ ပေးကွဲ့ငွေတရာ။
ဟု သင်ပေးပြန်လေသည်။

ထိုအခါ ပညာမဲ့တပည့်က ပညာရ၍ အားရကျေနပ်စွာဖြင့် အိတ်ထဲမှ ကျန်နေသည့်ငွေတရာကို ထုတ်၍ ပူဇော်လိုက်သည်။ ပညာမဲ့တပည့်သည် ပညာရ၍ အားရ၀မ်းသာနှင့်ဆရာကြီးအားပြန်ရန် ကန်တော့ရာ ဆရာကြီးက ''မင်း... အဲဒီသုံးခွန်းသောစကားမြဲမြဲသာမှတ်ထား'' ဟုပြောပြီး ပြန်လွှတ် လိုက်လေသည်။

လမ်းခုလတ်ရွာတရွာတွင် နေကလည်းဝင်သွားပြီဖြစ်၍ အချိန်မရသည်နှင့် ထိုရွာ၏ အနီးရှိ ဇရပ်တဆောင်ပေါ် သို့ တက်ရောက်တည်းခိုပြီး အိပ်မည်ဟု ကြံစည်လေသည်။

ဆရာကြီးသင်ပေးလိုက်သည့် စကားများကို စိတ်ထဲကတွေးတောမိပြီး၊ ခရီးကလည်းပမ်းလာသည်ဖြစ်၍ အနည်းငယ် သက်သာရာရရုံမှိန်း၍သာ နေလေသည်။

သန်းခေါင်ကျော်အချိန်တွင် ဇရပ်ပေါ်ရှိ လူသားစားဘီးလူးမတကောင်သည် ထိုလူသားအား စားမည် အပြုတွင်.....
အိပ်မပျော်သောလူသားက ဘီးလူးမ၏လက်ကို တအားဆွဲ၍ ကျောကိုထောင်းထုတော့သည်။ ဘီးလူးမသည် အပွဲပွဲနွဲလာ ပြီး သည်တပွဲကျမှ ခံလိုက်ရခြင်းဖြစ်၍ ကြောက်အား၊ လန့်အားနှင့် ''အသက်ချမ်းသာပေးပါ၊ ဟောဒီ ရွှေသုံးပိသာယူပါ'' ဟု တောင်းပန်ပြောဆိုမှ ဘီလူးမကို လွှတ် လိုက်လေသည်။ ထိုသူသည်မိုးစင်စငိလင်းအထိ မအိပ်တော့ပေ။

ဤတွင်လူသားသည် ဆရာကြီးသင်ပေးလိုက်သည့် ''ကုလားသေ၊ ကုလားမော မအိပ်ရာ'' ဟူသော စကားအလွန် မှန်ကန်ကြောင်းသဘောပေါက်ပြီး ရွှေသုံးပိသာပိုက်၍ နောက်တနေ့တွင် ခရီးဆက်ခဲ့လေသည်။

လမ်းခုလပ် မြစ်ကမ်းပါးအနီး ရေချိုးဆိပ်သို့ရောက်လျှင် ရေချိုးရန်စိတ်ကူးထားလေသည်။ လူ အများရေချိုးရာ ရေဆိပ် ဖြစ်၍ ရေချိုးသူတွေ ရှုတ်ထွေးနေသည်ကိုလည်း တွေ့ရပြန်သည်။ ထို အခါ ဆရာကြီးမှာလိုက်သည့် ''ရေချိုးဆိပ်မှာ မချိုးရာ'' ဟူသော စကားကိုပြေး၍သတိယမိပြန် သည်။ ထို့ကြောင့် ထိုလူပေါများသည့်ရေဆိပ်တွင် ရေမချိုးတော့ဘဲ အခြားလူမရှိသည့် မြစ်အထက်ဘက်သို့သွားရောက်ပြီး ရေချိုးလေသည်။ ရေချိုးအပြီး အိမ်သို့အမြန်ရောက်ချင်ဇောဖြင့် အ၀တ်လဲ၍ ခတ်သုတ်သုတ် ခရီးဆက်ခဲ့သည်။ ခရီးအတော်လှမ်းလှမ်းရောက်သွားမှ ရေချိုး သည့် နေရာတွင် ရွှေသုံးပိသာကျန်ရစ်ခဲ့ကြောင်း သိရတော့သည်။ ဤတွင်မှ ကပြာကသီပြေး၍ ရေချိုးသည့်နေရာပြန်ကြည့်ရာ ရွှေသုံးပိသာမှာ နေရာမပျက်တွေ့ခဲ့ရသည်။ ''ရေချိုးဆိပ်မှာ မချိုးရာ'' ဟူသော ဆရာ့စကား အလွန်မှန်ကန်ကြောင်း တွေ့ရပြန်သည်။

ဆရာကြီးသင်ပေးလိုက်သည့် စကားများကို အမြဲနှလုံးသွင်း၍ အိမ်သို့အမြန် ပြန်ရောက်ရန်ခရီး ဆက်ခဲ့ပြန်သည်။ အိမ်ဝင်း အနီးသို့ရောက်ခဲ့ပေပြီ။ မယားအလှကို ရွှေစများပြချင်နေ၍ အိမ်ပေါ် သို့ လှမ်းကြည့်ရာ ခလေးသံနှင့် ဆူညံသံသာ ကြား နေရသည်။ ခတ်လှမ်းလှမ်းကမို့ ခလေးရော လူကြီးပါ မတွေ့ရသေးပေ။ အိမ်ပေါ် သို့တက်ရောက်မိသည်နှင့် ပုဏ္ဏားကွယ် ( ရင်ဖုံးကဲလား ) ကွယ်နေသည့် အခန်းတွင်းဝယ် ချစ်မယားသည် ကာလသားလူငယ် တယောက်နှင့် အတူတွဲအိပ် နေသည်ကို မြင်လိုက်ရာ၊ ထိုသူမှာ ''မျက်စပ်ပိုးဝင် ဆံတပင်တင်း ချစ်ခြင်းမယား'' ဟူသကဲ့သို့ ဒေါသဖြစ်သွားကာ ဒုတ်ဆွဲ၍ ရိုက်မည်ပြုလိုက်လေသည်။

ဤတွင်ထိုသူသည် ဆရာကြီးသင်ကြားလိုက်သည့် ''မစူးစမ်းမဆင်ချင် မပြုရာ'' ဟူသော စကားကို သွား၍ သတိရပြန်သည်။ နောက်စုံစမ်းမေးမြန်းကြည့်တော့မှ ၁၃-နှစ်သားက ထားခဲ့ သည့် အကြီးဆုံးသားဖြစ်နေကြောင်း သိရတော့သည်။ နောက်တွင်ကား အကြောင်းစုံသိရပြီး ပါလာသည့် ရွှေသုံးပိသာနှင့် မိသားစုအားလုံး ပျော်ရွှင်မဆုံးဖြစ်ကာ သာတောင့်သာယာ နေထိုင် သွားကြတော့သည်။

အဲဒီဥပမာကို နမူနာယူပြီး အိမ်ထောင်သားမွေး ကိစ္စတွေနဲ့စာရှုတ်ထွေးနေရသည့်သူသည် စကားသုံးခွန်းကို မဏ္ဏိုင်ထား သကဲ့သို့ တကာတော်ရေမြေ့ရှင်လည်း ''အနိစ္စ၊ ဒုက္ခ၊ အနတ္တ'' တည်းဟူသော လက္ခဏာရေးသုံးပါးကို ပွားများပြီးသာနေပါဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား မိန့်ကြားပြောဆိုလေရာ မင်းတြားကြီးမှာ များစွာကျေနပ်သွားလေတော့သည်။

********************************

Sunday, March 7, 2010

၄၆။ ထိုးကွင်းကြီးနဲ့မိန်းမကြီး ပုံပြင်

ထိုးကွင်းကြီးနဲ့မိန်းမကြီး ပုံပြင်

ဗန်းမော်ဆရာတော်သည် မျက်နှာကြီး၊ငယ်မရွေး ဆက်ဆံဖော်ရွေသည်။ မင်းတုန်းမင်းကြီးနှင့်သာ အကျွမ်းတ၀င်ဖြစ်သည်။ မင်းညီမင်းသား၊ နန်းတွင်းသူ၊ နန်းတွင်းသားများနှင့်သာ ဆက်ဆံသည် ဟု အထင်ရှိကြသော်လည်း အမှန်မှာ ဆင်းရဲ၊ချမ်းသာမရွေး ဆက်ဆံပြီး ဆင်းရဲသူ၊ဆင်းရဲသား၊ တကာ၊ တကာမများ ကျောင်းရောက်လျှင်လည်း စပ်မိစပ်ရာ ပုံဝတ္ထုများနှင့်သာ တရားသဘောများ ပြောဟောသော အလေ့အထရှိသည်။

ဗန်းမော်ဆရာတော်သည် မင်းနှင့်တကွနန်းတွင်းအကြောင်း၊ တိုင်းရေးပြည်ရေးအကြောင်း၊ ထင်ရှားသော ဆရာတော်များအကြောင်းတို့ကို သူမြင်တွေ့ရသည့် ရူဒေါင့်မှနေ၍ ဟာသဉာဏ်နှောကာ စာချိုးသည့် အလေ့များရှိသောကြောင့် ဂုဏ်သရေရှိ မင်းညီမင်းသား၊ ဂုဏ်သရေရှိဆရာတော်များနှင့်သာ ဆက်ဆံသည်ဟု ထင်ရသည်။

အမှန်မှာဆရာတော်သည် မျက်နှာကြီး၊ ငယ်မရွေး ဆက်ဆံသည်။ ဆင်းရဲ၊ ချမ်းသာမရွေး ဖေါ်ရွေသည်။ နေ့စဉ်ပင် မည်သည့် တကာ၊တကာမ ရောက်ရောက် စပ်ဆိုင်သလို ပုံဝတ္ထုများနှင့်ပြောဟောခြင်း။ စာသင်သား ရဟန်းသာမဏေများကို နေ့ဝါ၊ ည၀ါစာပေပို့ချခြင်းတို့ဖြင့်သာ အချိန်ကိုကုန်လွန်စေသည်။

တနေ့တွင် တပည့်စာသင်သား ရဟန်း၊သာမဏေများသည် ''ကောကော''ဟူသောပုဒ်ကို အမျိုးမျိုး ၀ိဂြိုဟ်လုပ်၍ အငြင်းထုတ်နေကြသည်။အချို့က ''ကောကော'' ဟူသောပုဒ်ကို ကုနိပါတပုဗ္ဗ ကရဓါတ်၊ ကွိ၊ ပစ္စည်ကြံ၍ ''ဘာဇနာဒီသုကုစ္ဆိတေ ၀စ္စာဒိကေ ကရောတီတိကာကော'' ဟု ၀ိဂြိုဟ်ပြုကြသည်။ အချိုက ရန်သူတို့၏ လေး၊မြှားသံကို နားထောင်တက်သည့် ဗျုပွတ်ကိုထောက် ၍ ၀ိဂြိုဟ်ပြုကြသည်။

ဤသို့အငြင်းထုတ်နေကြသည့် အနားသို့ဗန်းမော်ဆရာတော် ရောက်သွားလေရာ ''မင်းတို့... အရင်က ကျောင်းသားတစ်ယောက်လိုဘဲ၊ ရေးတေးတေးတော့အရှိသား၊ ထိုးကွင်းကြောင့် ခက်သကွယ် ဆိုတာလို ဖြစ်နေကြအုံးမယ်'' ပြောပြီး အောက်ပါပုံဝတ္ထုကိုပြောပြလေသည်။

ရှေးအခါက ရွာတရွာတွင် စည်ကားသိုက်မြိုက်သော ကျောင်းကြီးတကျောင်းရှိသည်။ ထိုကျောင်း ကြီးမှာ ကိုးကွယ်ဆည်းကပ်သည့် တကာ၊တကာမများလည်း အလွန်ပေါများ၍ သုံးဆင့်လယ်ပေါ် ကျောင်းကြီးဖြစ်လေသည်။ ကျယ်ပြန့်သောကျောင်းဝင်း ခြံကြီးထဲတွင် ဥယျာဉ်ဗိမာန်နှင့် ကြီးမား သော ရေကန်ကြီးတကန်လည်းရှိသည်။ ထိုရေကန်တွင် ကြာရိုး၊ကြာရွက်တို့ဖြင့်လည်း ပြည့်နှက် နေသည်။

တနေ့သော် ခရီးသွားယောက်ျားတဦးသည် မောကြီးပမ်းကြီးနှင့် ထိုကျောင်းအနီးသို့ ရောက်ရှိလာသည်။ နေကလည်းပူလှသဖြင့် ကျောင်းဝင်းအတွင်း ၀င်ရောက်တည်းခိုမိရာမှ ကျောင်းဝင်းအတွင်း ဖြစ်၍ ဘိနပ်ချွတ်ရတော့သည်။

ထိုအခါ ခရီးသွားယောကျာ်းသည် မထူးပါဘူးဆိုပြီး အရိပ်အာဝါသကောင်းသည့် ကျောင်းကြီးအောက် ကျအောင်ပင် ၀င်ရောက်သွားတော့သည်။

ထိုအခါကျောင်းကြီးပေါ်ရှိ ဘုန်းတော်ကြီးသည် ကျောင်းသားကလေးတစ်ယောက်ကိုခေါ်၍ ကျောင်းအောက်ရောက်လာသည့်တကာကို ''ဘယ်ကလဲ ဘယ်သူတုံးလို့ သွားမေးစေစမ်း'' ဟု ခိုင်းလိုက်လေသည်။

ကျောင်းသားကလေးကို ဘုန်းကြီးကခိုင်းလိုက်သည့်အသံကို ကျောင်းအောက်ရောက်နေသည့်တကာက ကြားလိုက်ရသည်။ ခရီးသွားတကာကလည်း ကြောက်အားလန့်အားနှင့် ကျောင်းဝင်းအတွင်းရှိ ရေကန်တည်းမှ ကြာရွက်တွေကွယ်ကာ ၀င်ရောက်ပုန်းအောင်းနေသည်။ ထိုတကာ ပုန်းအောင်း နေရာသို့ ကျောင်းသားလေးသည် သွားရောက်ကြည့်ရှုသည်။ ကျောင်းသားလေးမှာ တကာမှန်း၊ တကာမမှန်း၊ ယောကျာ်း၊ မိန်းမ မသဲကွဲပေ။ ပုန်းအောင်းနေသည့် ခရီးသွားယောကျာ်းကလည်း ကျောင်းသားလေး အနီးအနားသို့မရောက်ခင် သေချာအောင် နေရာရွှေ့ပြောင်း၍ ပုန်းအောင်းလေသည်။

ထိုအခါ ဦးခေါင်းမှ ခေါင်းပေါင်းမှာ ပြေလျှော၍ ပုခုံးပေါ်သို့ကျလာသည်။ ကပြာသီနှောင်ပင် ကျလာသည့် ခေါင်းပေါင်းကိုလည်း ထိန်းချုပ်၊ အောက်က ပုဆိုးကိုလည်း မတင်ပြီး နေရာပြောင်း ၍ ပုန်းအောင်းသည်။

ကျောင်းသားလေးသည် မြင်ခဲ့သည့် အချင်းအရာအတိုင်း ကျောင်းပေါ်ရှိ ဘုန်းတော်ကြီးထံ သွားရောက် လျှောက်ထားသည်။

ဘုန်းတော်ကြီးက ကျောင်းသားလေး ကျောင်းပေါ်ရောက်လာသည်နှင့်....
'' ဘယ်သူတုန်းကွ၊ ဘယ်ကလာတာတဲ့တုံး'' ဟုမေးလေရာ ကျောင်းသားလေးက...
'' ဘယ်ကလာတာမှန်းလဲ မသိဘူးဘုရား၊ မိန်းမကြီးတယောက် ကြာရွက်တွေအောက်မှာ ပုန်းနေတယ်ဘုရား'' ဟု လျှောက်ထားလေသည်။

''ဟာ...မင်းဟာ မိန်းမကြီးတယောက်တော့ မဟုတ်တန်ရာ၊ ခရီးသွားတယောက်ဖြစ်မှာပေါ့ကွ'' ဟု ဘုန်းတော်ကြီးကပြောသောအခါ ကျောင်းသားလေးက...
'' ဟုတ်သမှဘုရား မိန်းမကြီးမှမိန်းမကြီးအစစ်ပါဘုရား'' ဟု လျှောက်ထားလေသည်။
'' ဟ...မင်း ဘာအမှတ်အသားတွေ့ရလို့ မိန်းမကြီးလို့ပြောရတာလဲ''
'' မှန်ပါ ပေါင်မှာထိုးကွင်းတွေ မြင်လိုက်ရပါတယ်ဘုရာ့''
'' ထိုးကွင်းတွေ မြင်လိုက်ရရင် ယောကျာ်းဖြစ်မှာပေါ့''
'' မဟုတ်ဘူးဘုရာ့ မိန်းမကြီးမှမိန်းမကြီးအစစ်ပါဘုရာ့'' ဟုကျောင်းသားလေးက ပြန်လည်၍ လျှောက်ထားနေလေရာ ....
'' မိန်းမဆိုတာ ရေးတေးတေးဘဲ၊ ထိုးကွင်းပါနေတာက ခက်သကွယ်'' ဟုပြောဆိုလိုက်လေသည်။

ဗန်းမော်ဆရာတော်က တပည့်၊ ရဟန်း၊ သာမဏေများအား ဤပုံပြင်ပြောပြပြီး ''မင်းတို့လဲ ကာကောပုဒ် ၀ိဂြိုလ်ကြံနေတာ ရေးတေးတေးဖြစ်နေကြဦးမယ်။ ယောကျာ်းဘဲ၊ မိန်းမဘဲ ကွဲအောင်လုပ်၊ ဘာဓါတ်ဘဲ၊ ဘာပစ္စည်းသက်ပြီး ၀ိဂြိုဟ်ဘယ်နှစ်မျိုး လုပ်နိုင်မယ်ဆိုတာ ကွဲအောင် လုပ်ကြ'' ဟု ပြောဆိုဆုံးမပြီး စင်္ကြန်လျှောက်သွားလေတော့သည်။

********************************

Tuesday, November 10, 2009

အခြေခံကောင်းဘို့လိုကြောင်းပုံပြင်

အခြေခံကောင်းဘို့လိုကြောင်းပုံပြင်

တနေ့တွင် မင်းတုန်းမင်းတြားကြီးသည် ဗန်းမော်ဆရာတော်အား နန်းတော်သို့ပင့်ကာ ဆွမ်း လုပ်ကျွေးပြီး တရားဒေသနာ နာကြား၍အပြီးတွင် လျှောက်ထားသည်မှာ....

''တပည့်တော်အနေဖြင့် စိတ်ထဲတွင် မရှင်းလင်းသည့် ကိစ္စတရပ်ကို အခွင့်သင့်တုန်း လျှောက်ထားလို ပါသည်''

''မြတ်စွာဘုရားသည် သတ္တ၀ါများအား ကျောသားရင်သား မခွဲခြားဘဲ တရားရေအေးတိုက်ကျွေးပါလျှက် အချို့ပုဂ္ဂိုလ်တို့သည် သရဏဂုံသာတည်၍ အချို့မှာ သောတာပန်၊ အချို့မှာ အနာဂါမ် တည်ကြသည်မှာ အဘယ်ကြောင့်ပါနည်း'' ဟု'' တပည့်တော်စဉ်းစား၍ မရနိုင်သဖြင့် အရှင်ဘုရား ရှင်းလင်းမိန့်ကြားပါရန် လျှောက်ထား အပ်ပါသည်ဘုရား''

ထိုအခါ ဗန်းနော်ဆရာတော်ကပြုံးရယ်တော်မူပြီးနောက်

ုတကာတော်သိလိုသည့်အချက် အကွက်ကျကျ ဥပမာပြောရလျှင် ရှေးအခါက ရွာတရွာမှာ သူငယ်ချင်းနှစ်ယောက် ဗေဒင်ပညာကို အထူးပင်ဝါသနာပါ၍ ဒီသာပါမောက္ခဆရာထံ ဗေဒင် ပညာ သင်ယူဆည်းပူးရန်တိုင်ပင်၍ အတူပင်သွားကြလေသည်။

စွယ်စုံပညာကို သင်ကြားပေးနိုင်သည့် ဒီသာပါမောက္ခဆရာကြီးကရောက်ရှိလာကြသည့် တပည့် နှစ်ဦးအား....
ု''မင်းတို့...ဘာပညာများ သင်ယူကြမှာလဲ''
ဟုမေးလေသည်။ ထိုအခါ တပည့်နှစ်ဦးက...
ု''ဗေဒင်ပညာကို အဓိကထားပြီး သင်ယူလိုပါသည်''
ဟုပြောလေရာ၊ ဆရာကြီးက ဗေဒင်ပညာကိုအသားပေးပြီး သင်ကြားပေးလေသည်။ တပည့် နှစ်ဦးတို့သည် ဗေဒင်ပညာကို တစ်နှစ်ကျော်မျှ သင်ယူမိကြသောအခါ အတော်ကျေနပ်လောက်အောင်ပင် သင်ယူမိကြလေသည်။

ထို့နောက်သူငယ်ချင်းနှစ်ယောက်တို့သည် ဒီသာပါမောက္ခ ဆရာကြီးအား ခွင့်ပန်ပြီး မိမိရွာသို့ ပြန်လာခဲ့ကြသည်။ ဆရာကြီးကလည်း ဆုများပေးပြီး ပြဿနာရှိလျှင် လာခဲ့ကြဟု မှာကြားလေသည်။

သူငယ်ချင်းနှစ်ယောက်တို့သည် မိမိရွာသို့မရောက်မှီ လမ်းခုလပ်အကြား ရွာတရွာသို့ နေ၀င်ဖြိုးဖြ ရောက်ရှိသွားကြလေသည်။ ထိုရွာတွင် မိတ်ဆွေအသိတစ်ယောက်ရှိသည်နှင့် ၀င်ရောက် တည်းခိုကြသည်။ ၄င်းအသိမိတ်ဆွေအိမ်တွင် မိန်းမဧည့်သည်တစ်ယောက်လည်း ရောက်ရှိနေသည်။

သူငယ်ချင်းနှစ်ယောက်တို့သည် အိမ်ခံမိတ်ဆွေနှင့် စပ်မိစပ်ရာပြောကြရင်းက မိမိတို့သင်ယူလာ သည့် ဗေဒင်ပညာအကြောင်း ရောက်ရှိသွားကြသည်။ ထိုအခါ မိန်းမဧည့်သည်ကလည်း အပျိုရှာကညာတွေ့၊ အချိုရှာသကာတွေ့ ဖြစ်သွားလေသည်။

''နေပါအုံး...ဆရာလေးတို့ရဲ့ ကျမမေးစမ်းပါရစေအုံး'' ဟု မိန်းမဧည့်သည်က ကြားဖြတ်၍ မေးလိုက်လေသည်။
''ဟုတ်ကဲ့... မေးပါ... အလိုရှိတာကို မေးနိုင်ပါတယ်''

ဖိုးဖြေချင်... ဖိုးတွက်ချင်ဖြစ်နေကြသည့် လက်သစ်ဗေဒင်ဆရာနှစ်ဦးတွင် တဦးကပြောလိုက် ရာ...

''ကျမခင်ပွန်း အရပ်တပါးသို့ စီးပွားရှာသွားတာ နှစ်ခါလည်ကျော်သွားပြီ ဆရာလေးတို့ရဲ့၊ အဲဒါစာလဲမလာ လူလဲမရောက်ဖြစ်နေလို့ ဆရာလေးတို့တွက်ပေးစမ်းပါ '' ဟုပြောဆိုသည်။

ခုနှစ်သက္ကရာဇ် နေ့ရက်များမေးပြီး ပထမသူငယ်ချင်းက တွက်ချက်၍ ''ခင်ဗျားခင်ပွန်းသေပြီ '' ဟု ပြောလိုက်လေသည်။

ဒုတိယသူငယ်ချင်းကလည်း သူ့နည်းသူ့ဟန်နှင့်တွက်ချက်ပြီး ''ခင်ဗျားခင်ပွန်းသေတာမှ ကမ်းနားမှာ ကျားခဲလို့သေပြီ'' ဟု ပြောလိုက်လေသည်။

ထိုမိန်းမသည် နောက်တနေ့နံနက်တွင် ဗေဒင်ကိန်းအရ ကမ်းနားသို့သွားရှာရာ တကယ်ပင် မိမိ ခင်ပွန်း ကျားစားထားသည်ကို ကမ်းနားစပ်တွင် တွေ့ရတော့သည်။

ဤတွင်ပထမသူငယ်ချင်းသည် သူ၏ဟောချက် မတိကျမရေရာ၍ များစွာမကျေမနပ်ဖြစ်သွား သည်။

''ဟေ့... သူငယ်ချင်း ဆရာကြီးက ဗေဒင်ပညာကို မင်းကိုပိုပြီးသင်ပေးတယ်ကွ၊ငါ့ကျတော့ မရေရာ ဘူး'' ဟု ပြောလိုက်လေသည်။

''ဟ...သင်ပေးတာတော့ အတူတူရှိမှာပါပဲကွ၊ ငါ့ပိုပြီး သင်ပေးမယ် မဟုတ်ပါဘူး '' ဟု ဒုတိယ သူငယ်ချင်းက ပြောလေရာ...
''သင်ပေးတဲ့ အချိန်လဲအတူတူ၊ လက်ဆောင်အသပြာပေးရတာလဲအတူတူ၊ ငါတော့မကျေနပ်ဘူး ကွာ၊ ဆရာကြီးထံပြန်ပြီးမေးကြမယ်'' ဟု ပြောပြီး သူငယ်ချင်းနှစ်ယောက် တို့သည် ဒီသာပါမေက္ခ ဆရာကြီးထံ ပြန်လည်၍ သွားကြလေသည်။

ဒီသာပါမေက္ခဆရာကြီးသည် တပည့်နှစ်ယောက် ပြန်လည်ရောက်ရှိလာသည်ကို အကဲခတ်မိလေ သည်။ ဆရာကြီးက တပည့်တို့အား ''မင်းတို့... ခရီးလဲပမ်းလာကြတယ်၊ နားနားနေနေပေါ့ကွာ၊ မနက်လင်းမှပဲ စကားစံမည်ပြောကြတာပေါ့၊ ကဲအိပ်ကြအုံး၊ အိပ်ကြအုံး'' ဟု ပြောလိုက်သည်။

နံနက်ခင်း ဝေလီဝေလင်း လက်ကြားမမြင့်တမြင့် အချိန်တွင် ဆရာကြီးက '' ရော့... ဟောဒီ အရွယ် တူညီသည့်အိုးနှင့် မြေပေါ်မခသေးတဲ့ နှင်းရည်ကို ပြည့်အောင်ခတ်ခဲ့ကြ'' ဟု ပြောပြီး အရွယ်တူသည့် အိုးကလေးနှစ်လုံးကို တလုံးစီပေးလိုက်လေသည်။

တပည့်နှစ်ယောက်တို့သည် ရေးကြီးသုတ်ပြာ အိုးကိုယ်စီယူပြီး နှင်းရည်များသွားခံကြသည်။ ပထမ တပည့်က နှင်းရည်အမြန်ရလိုဇောဖြင့် သစ်ပင်တပင်မှတပင်ကူးပြီး အိုးကို အောက်ကခံကာ သစ်ကိုင်းများကို လှုပ်ချလေသည်။

ဒုတိယတပည့်မှာမူ ခေါင်းမှ ပုဝါကိုချွတ်၍ ၄င်းပုဝါနှင့်ပင် မြက်၊သစ်ပင်တို့အပေါ်မှ နှင်းရည်ကို စိုစွတ်စေပြီး အိုးထဲသို့ ညှစ်ထည့်လေသည်။

နေခြည်ရောက်၍ နှင်းပျောက်လာသည့်အခါ နှင်းရည်များကို ယူ၍မရတော့ချေ။ တပည့်နှစ်ဦးတို့ သည် မိမိတို့ရရှိသည့် နှင်းရည်ကို တဦးကိုတဦးကိုအား အသိမပေးဘဲ ဆရာကြီးထံပြန်၍ နှင်းရည်အိုးများ ပေးအပ်ကြလေသည်။ အိုးနှစ်လုံးထဲတွင် ပထမလူ၏ နှင်းရည်ကနည်း၍ ဒုတိယတပည့်၏ နှင်းရည်အိုးမှာ ပြည့်လုမတက် ရလာလေသည်။

ဤတွင်ဆရာကြီးက ''မင်းတို့ကို ပညာပေးတဲ့နေရာမှာတော့ အတူတူပေးတာပဲ၊ ပညာခံယူတဲ့ တပည့်ရဲ့ ဥာဏ်အပေါ်မှာသာ အဓိကဘဲ '' ဟုပြောပြီး တပည့်နှစ်ဦးအားပြန်လွှတ်ပေးလိုက်လေ သည်။

''ဒီဥပမာအတိုင်းဘဲ တကာတော်ရေမြေ့ရှင်ရဲ့၊ ဟောကြားတဲ့တရားကတော့ အတူတူပါပဲ၊ နာယူ မှတ်သားတဲ့ပုဂ္ဂိုလ်ရဲ့ အဇ္ဈာသယကသာ အဓိကဘဲ'' ဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်း တရားကြီးအား မိန့်ကြားလိုက်ရာ ဘုရင်မင်းမြတ်သည် များစွာ ကျေနပ်နှစ်သိမ့်သွားလေသည်။

*****************

ဗန်းမော်နှင့် မယ်ကင်း

ဗန်းမော်နှင့် မယ်ကင်း စစ်ကိုင်းမှာတွေ့ခြင်း

ဗန်းမော်ဆရာတော်သည် မင်းတုန်းမင်းကို စိတ်နာ၍ စစ်ကိုင်းပိတောက်ချောင်မှာနေစဉ် သီလရှင်မယ်ကင်းမှာလည်း တပည့်တပန်းများစွာနှင့် စစ်ကိုင်းချောင်တွင် စာပေပို့ချနေသည်။

တနေ့တွင် သီလရှင်မယ်ကင်းက မိမိချောင်အတွင်း၌သီးသော သင်္ဘောသီးလှလှကြီးတလုံးရ၍ တပည့်သီလရှင်များအား ဗန်းမော်ဆရာတော်ထံ ကပ်လှူစေခိုင်းလိုက်ပြီး သီလရှင်နှစ်ဦးကို အမှာစကားပါးလိုက်သေးသည်။

''ဗန်းမော်ဆရာတော်ကများ မင်းတို့ဆရာက သင်္ဘောသီးကြီးလှူပြီး ဘာဆုကို တောင်းလိုက်သေးသလဲ မေးခဲ့ရင် (ဘုရားဆုကို တောင်းပါတယ်) လို့ လျှောက်ပါဘိ'' ဟူ၍မှာကြားလိုက်သည်။

ဗန်းမော်ဆရာတော်ထံ ရောက်၍ သင်္ဘောသီးကို သီလရှင်ဆရာကင်းက အကပ်ခိုင်းကြောင်းလျှောက်ထားသည့်အခါ ထင်သည့်အတိုင်းပင် ဆရာတော်က မေးတော့သည်။ သီလရှင်များကလည်း ဆရာကင်းက မှာသည့်အတိုင်းပင် လျှောက်တင်လိုက်လေသည်။

ဗန်းမော်ဆရာတော်၏စိတ်တွင် ကြီးကျယ်လိုက်တာဟု ထင်တော်မူသည်လား မပြောတတ်၊ ရုတ်ချည်းပင်...
''အေး.. နင်တို့ဆရာကို ပြောလိုက်၊ ဘုရားဆုလိုချင်ရင် ငါ့ပေါင်ကြားထဲကဟာ နင့်ပေါင်ကြားထဲရောက်အောင် အရင်ဆုတောင်းအုံး'' ဟု မှာကြားလိုက်လေသည်။

ဆရာတော်၏ဆိုလိုရင်းမှာ ဘုရားဆုကိုပန်လျှင် ယောက်ျားဘ၀ကိုရအောင် အရင်တောင်းအုံး၊ ယောက်ျားဘ၀ရမှ ဘုရားဆုပန်လို့ရမှာဟူ၍ ဆိုလိုဟန်ရှိပေသည်။

******************************

ဝက်ဝက်ကွဲစာချိုး နှစ်ပုဒ်

သီလရှင်များ ဆရာကင်းထံ ပြန်ရောက်လေလျှင် ဆရာတော်၏စကားကို ပြန်လည်ပြောကြားလေတော့သည်။ ဆရာကင်းမှာလည်း မာနတံခွန် ထူနိုင်သည့်ကာလမို့ စပ်စပ်ထိမခံ အမှန်ကိုမဆင်ချင်နိုင်ဘဲ ရုတ်တရက် ဒေါသအိုးပေါက်ကွဲကာ ဒွေးချိုးတပုဒ် ရေးစပ်၍ တပည့်များကို အပို့ခိုင်းလိုက်တော့သည်။

ထိုဒွေးချိုးမှာ...
''အဖျားရယ်ပေ၊ အနားခွေ မခိုင်ပြန်ခါမှ၊ မြိုင်ရပ်ကိုမှီး။
စိတ်ပုတီးနဲ့ ယပ်ကြီးကိုင်၊ မဂ်လမ်းကို ဘယ်လိုဆိုင်ပ
ဝတ်သင်းပိုင် မုန်ယိုကွက်တွေနှင့် တောထွက်ခင်ကြီး။''

ဗန်းမော်ဆရာတော်သည် သီလရှင်မယ်ကင်း၏ ဒွေးချိုးကိုဖတ်ရသောအခါ ဒေါပွသွားဟန်တူသည်။ တသက်လုံးက သူများကိုချည့်ချလာခဲ့၍ တယောက်တလေမှ ပြန်၍ မလှန်ရဲခဲ့သော ဗန်းမော်ဆရာတော်အဖို့ ယခုပထမဆုံးအကြိမ် သီလရှင်မယ်ကင်းက ပြန်၍နှံလိုက်သောအခါ ခပ်စပ်စပ် နာသွားဟန်တူသည်။ အရင့်သီးဆုံး စကားလုံးများဖြင့်ပြီးသော အောက်ပါဒွေးချိုးကို ပြန်လှန်ရေးစပ်၍ ပေးလိုက်လေသည်။


******************************

ဤသည်တို့ကား ဗန်းမော်ဆရာတော်၏ ဟာသရသ ကဗျာများကို ကိုရင်ဘ၀မှ နောက်ဆုံး အချိန်ထိ အစဉ်အတိုင်း ဖေါ်ပြ၍ပြီးပါပြီ။ သို့သော်စုံလင်ပြီဟူ၍ကား မဆိုနိုင်သေးပါ။ ကျန်ရှိနေဦးမည်သာ ဖြစ်ပါသည်။ စုဆောင်းရသမျှ ဖေါ်ပြရဖြင်းပင်ဖြစ်ပါသည်။

ယခုဆက်လက်၍ ဗန်းမော်ဆရာတော် ဟောကြားခဲ့သော ဥပမာ ပုံပြင် ၀တ္ထုများကို သီးသန့်ခွဲခြား၍ ဖေါ်ပြပါဦးမည်။ ဥပမာ သမူဟဂီရက္ကမကျမ်းတွင်ပါရှိသော ဥပမာ ပုံပြင် ၀တ္ထုအစုစုတို့ကို ဖတ်ရှု လေ့လာတော်မူကြပါကုန်။

ဤဥပမာ ပုံပြင် ၀တ္ထုတို့ကို ဖေါ်ပြရာတွင် ခေတ်အစဉ်အတိုင်း မဟုတ်မူဘဲ အလျဉ်းသင့်သလို ဖေါ်ပြသွားမည် ဖြစ်ပါကြောင်း။


******************************

ဗန်းမော်နှင့် မယ်ကင်းချစ်ကြိုက်ဘူးသလော

ဗန်းမော်နှင့် မယ်ကင်းချစ်ကြိုက်ဘူးသလော

သို့ဖြစ်၍ ဤတေးထပ်နှစ်ပုဒ်ကို ဆန်းစစ်ကြည့်လျှင် ကာလအပိုင်းအခြားကို ခန့်မှန်းရသလောက် စစ်ကိုင်းချောင်အကြောင်းအရိပ်အမြွက်မျှ မပါခြင်း၊ တပည့်တပန်း အသင်းအပင်း အသိုင်းအ၀ိုင်းများအကြောင်း တေးထပ်နှစ်ပုဒ်စလုံးတွင် မပါရှိကြခြင်း၊ တကိုယ်တည်း ဧကစာကျင့်ကာ ဘာဝနာပွားများမည်ဟု တေးထပ် ဆိုထားပါလျှက် ဆရာကင်း၏ လက်တွေ့ဘ၀မှာ တပည့်တပန်းများစွာနှင့် စာပေပို့ချမှုစခန်းတွင်သာ ကျင်လည်နေခဲ့ရခြင်းတို့ကြောင့် ဤတေးထပ် နှစ်ပုဒ်စလုံးမှာ ပျိုရွယ်စဉ်က ရေးသားခဲ့ကြသော တေးထပ်များ ဖြစ်သည်ဟုပင် ကောက်ချက်ချရပေတော့မည်။

သို့ဖြစ်လျှင် ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့မှာ ငယ်စဉ်ကပင် သိကျွမ်းနေကြကြောင်း ထင်ရှားပေသည်။ ဤမှတဆင့်တက်၍တွေးလျှင် ငယ်စဉ်က ရေးကြသော တေးထပ်နှစ်ပုဒ်စလုံး အပြန်အလှန် သုံးသပ်ကြည့်လျှင် ဆရာကင်း၏တေးထပ်မှာ (လောဘပယ်၍ မောဟမတွယ်တော့ပါ) (ဧကစာ ကျင့်သုံး၍ မဂ်လမ်းကိုရှာပါမည်) ဟု ရိုးရိုးသားသား ကိုယ့်ရည်မှန်းချက်ကို ကိုယ်ရေးစပ်ထားသော တေးထပ်ဖြစ်ပါလျက် ဗန်းမော်ဆရာတော်က ဒေါသတကြီး ပက်ပက်စက်စက် တနည်းဆိုရလျှင် ဆဲရေးတိုင်းထွာ၍ ပြန်လည်ချေပ ရေးသားရသနည်း။ ပုဂ္ဂိုလ်တဦး၏ အဆိုအမိန့်အတိုင်း စာသင်ဘက် ပျိုရွယ်စဉ်ဘ၀က ချစ်ကြိုးသွယ်မိကြပြီး တကယ့်အရေးကျမှ ငြင်းပယ်လိုက်သော တေးထပ်ဖြစ်၍ စိတ်နာနာနှင့် ပက်ပက်စက်စက် ဆဲရေးတိုင်းထွာပြီး ပြန်လည်ချေပခြင်း ဖြစ်ရာသည်ဟု ယူဆရန်ပင် ရှိတော့သည်။

***************************
ဦးပဉ္စင်းဘ၀က ရေးစပ်သည်ဆိုသော တေးထပ်

ဗန်းမော်ဆရာတော်၏ စာပေများတွင် ဖေါ်ပြထားခြင်းမရှိသော်လည်း ဗန်းမော်ဆရာတော် ပဉ္စင်းတက်ကာစကရေးသော တေးထပ်ဟုဆိုသည့် တေးထပ်တပုဒ်မှာ အချို့စာအုပ်များတွင် ကြိုးကြားကြိုးကြား တခါတရံ တွေ့ရပေသည်။ ဗန်းမော်ဆရာတော်၏ စာပေစာစုများ၌ မတွေ့ရသည်မှာ ဖေါ်ပြရန်မသင့်ဟု ယူဆသောကြောင့် ဖြစ်ဟန်တူပေသည်။

ဤစာအုပ်သည် ဗန်းမော်ဆရာတော်၏ ဟာသရသ ကဗျာများနှင့် ပုံပြင် ၀တ္ထုများစုဆောင်းဖေါ်ပြလိုရင်း ဖြစ်ရာ ဗန်းမော်ဆရာတော်၏အခြားကဗျာ စာချိုးများထက်ပို၍ပင် ကြမ်းသည်ဟုမဆိုနိုင်သော ကဗျာတပုဒ်ကို မကြွင်းကျန်ရအောင် ဖေါ်ပြပါမည်။ ဗန်းမော်ဆရာတော် ပျိုရွယ်စဉ်ဘ၀က ရေးသောစာ ဟုတ်မဟုတ် ကိုယ်ပိုင်ဥာဏ်ဖြင့်ပင် ဆုံးဖြတ်ကြပါလေ၊ ဗဟုသုတ အဖြစ်သာ ဖေါ်ပြလိုရင်းဖြစ်၍ မြှပ်ထားသော စာလုံးများကို ဖြည့်စွက်၍သာ ဖတ်ရှုကြပါလေကုန်။

အောက်ပါတေးထပ်မှာ ဗန်းမော်ဆရာတော်မဖြစ်မှီ ကိုရင်ဘ၀က ရဟန်းဘောင်သို့ တက်မည်ရှိသောအခါ သီလရှင်မယ်ကင်းအား ''ဘယ်နှယ်လဲ ပဉ္စင်းတက်ရတော့မလား'' ဟုမေးသည်ဆို၏။ မယ်ကင်းကအဖြေမပေး၍ ပဉ္စင်းတက်လိုက်ရပြီးနောက် စိတ်နာနာနှင့် (အောက်ပါတေးထပ်ကို) ရေးစပ်၍ မယ်ကင်းထံပို့လိုက်သည်ဆို၏။ ဤတေးထပ်ကို လက်ခံ ရရှိ ပြီးနောက် မယ်ကင်းသည် မျက်ဖြေတေးထပ်ဖြစ်သော (ဘိက္ခူနီ ဆရာကင်းက တဏှာကွင်းပစ်ပယ်) အစချီသော တေးထပ်ကို ဗန်းမော်ဆရာတော်လောင်း ပဉ္စင်းပျိုထံ ပေးပို့လိုက်သည်ဆို၏။ မယ်ကင်းတေးထပ်ကို ရသောအခါ ပဉ္စင်းပျိုက (ဘိက္ခူနီ ဆရာကင်းက တဏှာကွင်းစွတ်မယ်) ဟူသော တေးထပ်ဖြင့် ပြန်လည်ချေပခြင်းဖြစ်သည်ဟုဆို၏။ အတ္တနောမတိ သဘောကြိုက်ညီရာကို ယူကြပါကုန်။

ဗန်းမော်ဆရာတော် ပဉ္စင်းပျိုဘ၀က ရေးစပ်သည်ဆိုသောတေးထပ်

အထက်ပါ တေးထပ်မှာ ရုန့်ရင်းကြမ်းတမ်းသည် ဆိုရသော်လည်း နောက်ထပ် ဗန်းမော်ဆရာတော်နှင့် မယ်ကင်းတို့ အပြန်အလှန်ရေးသော စာချိုးနှစ်ပုဒ်ထက်တော့ ဆိုးလိမ့်မည် မထင်ပေ၊ တေးထပ်ဟန်မှာ ဗန်းမော်ဆရာတော် မဟုတ်သည့်တိုင်အောင် ဗန်းမော်ဆရာတော်၏လက်ရာနှင့် အတော်ပင်နီးစပ်သော တေးထပ်ပင်ဖြစ်သည်။

တေးထပ်၏ အဓိပ္ပါယ်ကလည်း...

''မနှစ်က ယခုတိုင်အောင် ချစ်ပါချစ်ပါဟု တောင်းဆိုသော်လည်း အပျိုထွားက နေနိုင်ရက်သည်။ နဂိုကစပြီး ယခုမှ ရက်စက်တော့သည်။ မမှန်လျှင် မကြံပါနှင့်။ ယခုမှ မင်းဘာကြောင့် ငိုရသလဲ'' ဟူသော အဓိပ္ပါယ်ပါရှိနေသည်ကို ထောက်၍ (နဂိုကတော့စပြီး ချစ်ပါဆိုတော့လဲ မချစ်နိုင်၊ အခုလိုငြင်းပယ်တာဟာ ရက်စက်အားကြီးပါတယ်၊ မင်းငြင်းပယ်လို့ ငါပဉ္စင်းခံပြီးခါမှ ဘာပြုလို့ ငိုရတာလဲ) ဟူ၍သာ အဓိပ္ပါယ်ကောက်ယူရန် ရှိပေတော့သတည်း။

***************************

Wednesday, October 14, 2009

တေးထပ် သုံးသပ် ဝေဖန်ချက်

မယ်ကင်းတေးထပ် သုံးသပ် ဝေဖန်ချက်

ဤတေးထပ်နှစ်ပုဒ်ကို ပြန်လည်သုံးသပ်ကြည်ံပါလျှင် ပထမတေးထပ်သည် ဆရာကင်းစစ်ကိုင်းချောင် တွင်နေစဉ်က ရေးသောတေးထပ်၊ သို့မဟုတ် စစ်ကိုင်းတောင်တွင် နေစဉ်က ရေးသောတေးထပ်ဖြစ်ဖွယ်ရှိသည်။ တေးထပ်ပါ အချက်အလက်တို့ကို ပြန်လည်သုံးသပ်လျှင် ဆရာကင်း၏တေးထပ်၌ (ဂူမွေ့လို့ လူတွေ့ရှောင်တယ်) ဟူသောအချက် (ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းချူတယ်) ဟူသောအချက် (မထိပ်သာ စိတ်ရဲလို့ မိတ်ဖေါ်လဲမပါ) ဟူသောအချက် (တောခလို့ လောဘပယ်တယ် မောဟကွယ် ရှိဘူးထင့်လေး ) ဟူသောအချက် တို့ကို ထောက်ထားလျှင် ဆရာကင်းသည် မင်းတုန်းဘုရင်က နေပြည်တော်သို့ ပင်ြ့ပီးမှရေးသော တေးထပ်မဟုတ်နိုင်၊ တောသံ တောင်သံ ဂူအောင်းသံတွေပါနေသဖြင့် ဆရာကင်းအဖြစ် ထင်ရှားပြီးမှ ရေးသောတေးထပ် မဟုတ်နိုင်။

ထို့အပြင် စစ်ကိုင်းတောင်တွင် ဆရာကင်းအဖြစ် ထင်ရှားသည့်အခါ စာပေပရိယတ္ထိပို့ချနေစဉ်ကာလတွင် သို့မဟုတ် ဗန်းမော်ဆရာတော် စစ်ကိုင်းချောင်သို့ ရောက်ပြီးမှ ရေးသောစာ မဖြစ်နိုင်ပေ၊ အကြောင်းမူကား ဆရာကင်း၏တေးထပ်နှင့် ဆရာကင်းအဖြစ် ထင်ရှားနေသော လက်တွေ့ဘ၀မှာ ကွာဟ ကွဲလွဲနေသောကြောင့်ဖြစ်သည်။ ဆရာကင်း၏တေးထပ်သည် (လူများကိုမတွေ့လို ဂူထဲတွင် ပျော်မွေ့လိုသည်) ဟူ၍၎င်းင်း၊ (ကမ္မဋ္ဌာန်း ဘာဝနာ ပွားများ၍ မဂ်လမ်းကို တက်လှမ်းရန် ရည်ရွယ်သည်) ဟူ၍၎င်း၊ (အဖေါ်မပါဘဲ စိတ်ကို ရဲဆေးတင်၍ မထိပ်သာ မလန့်သာ ဘာဝနာ ပွားများတော့မည်) ဟူ၍၎င်း တွေ့ရပေရာ ဆရာကင်း၏ လက်တွေ့ဘ၀မှာ ပဋိပတ္တိ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုထက် ပရိယတ္ထိ စာပေပို့ချမှုဘက်ကိုသာ အားထုတ်၍ သီလရှင် တပည့်တပန်းများစွာနှင့် စည်ကားသိုက်မြိုက်စွာ စစ်ကိုင်းချောင်တွင် နေထိုင်ကြောင်း တွေ့ရပေမည်။ (ဆရာကင်း၏ တေးထပ်ကို တဖန်ပြန်လည်ဖတ်ရှု၍ သုံးသပ်ကြည့်စေလိုပါသည်။)

ထိုအချက်များထက် (မထိပ်သာစိတ်ရဲလို့ မိတ်ဖေါ်လဲမပါ) ဟူသောအပိုဒ်သည် အားငယ်သံပါနေ၍ ငယ်စဉ်က ရေးသော တေးထပ် ဖြစ်ဘို့ဘက်က များလေသည်။

****************************

ဗန်းမော်ဆရာတော်၏ တေးထပ် သုံးသပ်ချက်

ဗန်းမော်ဆရာတော်၏ ပြန်လည်ချေပထားသော တေးထပ်ကို ဝေဘန် သုံးသပ်ကြည့်လျှင် (မန်းသေလာတောင်မြင့်မှာ ဖေါ် မလင့် ဧကစာ) ဟူသော အပိုဒ်တပိုဒ်တည်းကိုသာ ဝေဘန်သုံးသပ်လျှင် အဖြေတခု သို့မဟုတ် ဗန်းမော်ဆရာတော်က ပြန်လည်ချေပသည့် တေးထပ် ရေးစပ်သည့်ကာလကို ခန့်မှန်းနိုင်လိမ့်မည် ထင်ပါသည်။

''မန်းတောင်ရိပ်သေလာမှာ ဧကစာ ကျင့်သုံးလို့ '' ဟူသော အပိုဒ်အရ ဆရာကင်းသည် စစ်ကိုင်းတောင်ရိုးသို့ မရောက်သေး၊ သို့မဟုတ် ဆရာကင်းကို မင်းတုန်းမင်း မန္တလေးသို့ ပင့်ဆောင်ပြီးနောက်မှ ရေးသောတေးထပ်ဖြစ်ရပေမည်။ ဗန်းမော်ဆရာတော်၏ ချေပချက် တေးထပ်တွင် (မန္တလေးတောင်) ဟူ၍၎င်း ''ဖေါ်မလင့် ဧကစာ'' ဟူသောအပိုဒ်အရ အဖေါ်မပါဘဲ မန္တလေးတောင်တွင် တဦးတည်း ကျင့်ကြံ အားထုတ်မှုဟူသော အဓိပ္ပါယ်ကို ဖေါ်ပြနေပေရာ ဗန်းမော်ဆရာတော်၏ တေးထပ်အရတွင်လည်း ဆရာကင်းငယ်ရွယ်စဉ်ကာလတွင် ချေပရေးသားထားသောတေးထပ်ဖြစ်ကြောင်း ယူဆရန်ဘက်က အလေးသာနေပေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကင်း မန္တလေးတွင် ရှိနေကြောင်း ထင်ရှားသည့်အချက်က တချက်၊ ထို့နောက် မင်းတုန်းမင်း ပင့်ပြီးမှ နန်းတွင်းသူများကို စာပေပို့ချနေစဉ်ကာလ၊ တပည့်တပန်း မြောက်များစွာ ရှိနေသောကာလမဟုတ်ဘဲ (အဖေါ်မပါ ဧကစာ) ကျင့်သည့်အကြောင်း ဗန်းမော်ဆရာတော်၏ တေးထပ်က ဖေါ်ပြနေပေသည်။

****************************

ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်း

ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်း

မြန်မာစာပေသမိုင်းတွင် ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့၏ အကြောင်းမှာ အထင်ရှားဆုံးသော စာဆိုနှစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တဦးနှင့်တဦး စာချိုးကြရာမှာ အညှာမပေးတတ်သော ကဗျာပဂေးနှစ်ဦးဖြစ်၍၎င်း၊ ''ဂမ္မဒေါသ'' သင့်အောင်ပင် စာစပ်ကြသောကြောင့်၎င်း၊ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ သတင်းမှာ ယနေ့တိုင်ထင်လင်းနေပေသေးသည်။

ဗန်းမော်ဆရာတော်သည် ဘုန်းကြီးလောကတွင် ထင်ရှားခဲ့သလောက် သီလရှင်မယ်ကင်းမှာလည်း သီလရှင်လောကတွင် အလွန်ထင်ရှားသော ဆရာတဆူအဖြစ် ဂုဏ်ရှိန်ကြီးမားသော ပုဂ္ဂိုလ်တဦးပင်ဖြစ်သည်။ သီလရှင်မယ်ကင်းဟု အဖျားဆွတ်၍ လွယ်လွယ်ပင်ခေါ်ခဲ့ကြသော်လည်း အမှန်မှာ ဆရာကြီး ဆရာကင်းပင်ဖြစ်သည်။ ကစ္စည်းသဒ္ဒါကြီး၊ သင်္ဂဟနှင့် ဋီကာကျော်များ၊ အဋ္ဌသာလိနီ အဋ္ဌကထာနှင့်၊ သမ္မောဟ ၀ိနောဒနီ အဋ္ဌကထာများ၊ ည၀ါနှင့် အဋ္ဌကထာများ သင်ကြားတတ်မြောက်ခဲ့သူဖြစ်ပေသည်။

သီလရှင်မယ်ကင်းမှာ ကသည်းလူမျိုးဖြစ်သည်။ ငယ်ဖြူဖြစ်၍လူမှုကိစ္စအ၀၀တို့နှင့် ကင်းကွာခဲ့လေသည်။ ငယ်စဉ်ကပင် စာပေပရိယတ် လေ့လာလိုက်စားမှုကိုသာ အစဉ်မပြတ် အချိန်ရှိသမျှ သင်ကြားခဲ့ခြင်းကြောင့် ထိုခေတ်ထိုအခါတွင် စာတတ်ပေတတ်စာရင်းတွင် ပေါ်လွင်ထင်ရှားခြင်းဖြစ်လေသည်။

စစ်ကိုင်းတောင် ဂူတလုံးချောင်တွင် တောရဆောက်တည်နေထိုင်၍ ထွဋ်ခေါင်ဆရာတော်ထံတွင် ည၀ါနှင့် အထကဋ္ဌာများ သင်ကြားခဲ့သည်။ ထို့ကြောင့်လည်းဆရာကင်းသည် မိမိသင်ကြားတတ်မြောက်သည့် ပညာများကို သီလရှင်တပည့်များနှင့် ၀ါသနာပါသူ လူဝတ်ကြောင်မိန်းကလေးများကို သင်ကြားပို့ချ၍ပေးခဲ့လေသည်။ ပရိယတ္ထိစာပေ သင်ကြားပို့ချသည့်အတွက်လည်း ကျောက်ထီးကန္တု အလေးပြုအပ်သည့် ဆရာကြီးတဆူအနေဖြင့် စာတတ်ပေတတ်သီလရှင်အများအပြားကို မွေးထုတ်ပေးခဲ့ပြီး သီလရှင်လောကကြီး စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်ဖြစ်ပေသည်။

ထိုမှတပါးလည်း သုဓမ္မာဝင်ဖြစ်သည့် ရှမ်းကလေးကျွန်းဆရာတော်သည် ဆရာကင်း၏မောင်အရင်းဖြစ်သည်။ ရှမ်းကလေးကျွန်းဆရာတော် အရှင်နန္ဒမှာ သုဓမ္မာဝင်ဆရာတော်များထည်းတွင် ကျော်ဇောထင်ရှားသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ မင်းတုန်းမင်းတရားကြီး၏ လေးစားကြည်ညိုမှုကို ခံယူရသည်။ ထိုရှမ်းကလေးကျွန်းဆရာတော်၏ ၀ိနိစ္ဆယပြန်တမ်းအတွက် ဗန်းမော်ဆရာတော် ဗန်းမော်မြို့သို့ အပို့ခံရခြင်းဖြစ်သည်။

ဆရာကင်းသည် မင်းတုန်းဘုရင် ကြည်ညိုလေးစားသောရှမ်းကလေးကျွန်းဆရာတော်၏ အစ်မအရင်းဖြစ်၍တကြောင်း၊ ကိုယ်တိုင်ကလည်း စာတတ်ပေတတ် ပုဂ္ဂိုလ်အကျော်ဖြစ်၍တကြောင်း သီလရှင်သာသနာကို ကြီးမားပြန့်ပွားအောင် ဆောင်ရွက်နေသူဖြစ်၍တကြောင်း မင်းတုန်းမင်းသည် ဆရာကင်းကို အလွန်ပင်လေးစားလေသည်။

စစ်ကိုင်းချောင်တွင် ကျော်ဇောထင်ရှားသည့် သီလရှင်ကြီးတပါးရှိသေးသည်။ ထိုသီလရှင် ဆရာကြီးမှာ ဆရာမယ်နတ်ပေးဖြစ်သည်။ ဆရာမယ်နတ်ပေးသည် ပဋိပတ္တိ ကမ္မဋ္ဌာန်းဘာဝနာဘက်၌ ကြိုးပမ်းအားထုတ် တရားပြသမှုတွင် ထင်ရှားကျော်ကြားသည်။ ၁၂၂၁-ခုနှစ်တွင် ဆရာကင်းနှင့် ဆရာမယ်နတ်ပေးတို့ကို နေပြည်တော်သို့ ပင့်ဆောင်လေသည်။ မင်းတုန်းမင်းကြီး ပင့်ဆောင်သည့်အခါတွင် ဆရာကင်းတို့က မင်းတုန်းမင်းထံ ကတိသုံးချက်တောင်းခံသည်။

၁။ မိမိသည် မိန်းမသားဖြစ်၍ ဆရာတော် သံဃာတော်များကို ရိုသေလေးစားရပါမည်။ သို့ဖြစ်၍ ပြဿာဒ်၊ ဘုံဆောင်အဆင့်ပါသည့် ကျောင်းဇရပ်များ ဆောက်လုပ်လှူဒါန်းခြင်းမပြုပါရန်။
၂။ မည်သည့်ဘွဲ့တံဆိပ်တော်မှ ဆက်ကပ်လှူဒါန်းခြင်းမပြုပါရန်။
၃။ ဆွမ်းဝတ် ဆွမ်းအုပ်များ မလှူဒါန်းရန်တို့ ဖြစ်သည်။

ဤကတိသုံးချက်ရသဖြင့် နေပြည်တော်သို့ လိုက်ပါခဲ့လေသည်။ နန်းတွင်းရှိ မိဖုရားများ၊ သမီးတော်များ၊ နန်းတွင်းသူများကို စာပေပရိယတ္ထိ ပို့ချပေးလေသည်။ ဆရာကင်းသည် နန်းတွင်းနန်းပြင်၌ ထင်ရှားသည့် ရှမ်းကလေးကျွန်း ဆရာတော်နှင့် ဆရာကင်းတို့မှာ မောင်နှမလည်းဖြစ်၍ မင်းတုန်းဘုရင်အပေါ် သြဇာသက်ရောက်၍ မင်းနှင့်အကျွမ်းတ၀င်နေကြသဖြင့် အချို့သော ဆရာတော် သံဃာတော်များမှာ လိုလား နှစ်သက် ကြဟန်မရှိပေ။ ထိုအထဲတွင် ဗန်းမော်ဆရာတော်က ထိပ်တန်းက ပါနေမည်မှာ မလွဲပေ။ ဗန်းမော်ဆရာတော်၏ ပင်ကိုယ်သဘောကပင်လျှင် အခွင့်ထူးခံသူများ၊ ဘုရင့်အနီးတွင်နေပြီး ဘုရင့်စိတ်ကြိုက် လိုက်၍နေသူများကို ရွံရှာမုန်းတီးသည့်သဘော ရှိပေသည်။ ထို့ကြောင့်လည်း ဆရာကင်းနှင့်ပတ်သက်လာလျှင် ဗန်းမော်ဆရာတော်သည်အညှာမပေး။ ပက်ပက်စက်စက် ရက်ရက်စက်စက် တွယ်လေ့ရှိပေသည်။ မြန်မာစာပေတွင် ဗန်းမော်ဆရာတော်နှင့် သီလရှင် မယ်ကင်းတို့၏ အပြန်အလှန်စာချိုးများမှာ ထင်ရှားလှပေသည်။

တခါတွင် သီလရှင်ဆရာကင်းက သံဝေဂတေးထပ် တပုဒ်ကိုရေးစပ်လေသည်။ ထိုတေးထပ်မှာ...

ဘိက္ခူနီဆရာကင်းက တဏှာကွင်းပစ်ပယ်၊
ဗလာကျင်းခေတ်နှယ် ချစ်စဖွယ်ဟန်နွဲ့၊
ဂူမွေ့လို့ လူတွေ့ရှောင်တယ်၊
မြူရွေ့တောင် အားသစ်လို့ခဲ။
ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းချူတယ်၊
တက်လမ်းမူ တနဲ၊
မထိတ်သာ စိတ်ရဲလို့ မိတ်ဖေါ်လဲမပါ၊
ဘာဝနာဘိညာဉ်ကွန် တိမ်ယာဉ်ညွန့်စီးတော့မည့်ခါ
ပုတီးနှင့် အပြီးပါတယ်၊ မညည်းရာဈာန်ရိပ်နှင့်၊
ပန်စိတ်တဲ့သီလသယ် ထူးတဲ့အံ့ဘွယ်၊
တောခလို့ လောဘပယ်တယ်၊
မောဟကွယ် ရှိဘူးထင့်လေး။

ဆရာကင်း၏အထက်ပါတေးထပ်ကို ဗန်းမော်ဆရာတော်တွေ့သောအခါတွင် အောက်ပါအတိုင်း အရွဲ့တိုက်၍ ရေးလိုက်လေသည်။

ဘိက္ခူနီဆရာကင်းက တဏှာကွင်းစွတ်ဖယ်၊
ဗလာကျင်းဝတ်ထည်ကို ချွတ်မယ်လို့ ကုန်ဖွင့်၊
ကူပွေ့လို့ လူတွေ့ခံတယ်၊
မြူရွေ့ဟန် ဆိုတဲ့ အကျင့်။
ပြာတဆုပ်နှင့် မဂ်သုတ်သင်တယ်၊
စက်ဆုပ်ချင်သထင့်၊
မန်းသေလာတောင်မြင့်မှ ဖေါ်မလင့် ဧကစာ၊
လင်မြှော်ခါ ဖန်ရည်ရိပ်ကယ်နှင့်၊
ကြံစည်စိတ်များလှတော့တာ၊
ပုတီးသုံးလို့ လူပုန်းရှာတယ်၊
သူနုံးခါငြိမ်သက်နှင့်၊
ကြံရက်တဲ့သီလသယ် ထူးပေ့အံ့ဘွယ်၊
လောဘနှင့် မောဟတွယ်သည်၊
တောခတယ် မယ်ကင်းတဲ့လေး။ ။

အထက်ပါတေးထပ်နှစ်ပုဒ်မှာ အချိန်ကာလ ဖေါ်ပြထားခြင်းမရှိပေ။ အချို့ကဆိုကြသည်။ ဤတေးထပ်နှစ်ပုဒ်အကြောင်းမှာ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ ပျိုရွယ်စဉ်က အပြန်အလှန် ရေးခဲ့ကြသည်ဟု ဆိုသည်။ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ ငယ်စဉ်က ပညာသင်ဘက်ဖြစ်ခဲ့ကြသည်။ တဦးနှင့်တဦး ရည်ငံခဲ့ကြဟန်တူသည်။ ဗန်းမော်ဆရာတော်လောင်းက ပဉ္စင်းတက်မည်ရှိသောအခါ သီလရှင်မယ်ကင်းထံ ''ဘယ်နှယ်လဲ ပဉ္စင်းတက်ရတော့မှာလား'' ဟုမေးသည်ဆိုသည်။ ထိုအခါ သီလရှင်မယ်ကင်းက အထက်ပါတေးထပ်ဖြင့် အကြောင်းပြန်လိုက်သည်ဟု ဆိုသည်။ ထိုအခါ ဗန်းမော်ဆရာတော်လောင်း မောင်ပဉ္စင်းလောင်းက စိတ်နာနာနှင့် ပြန်လည်ချေပသော တေးထပ်ဖြစ်သည်ဟု အဆိုရှိခဲ့သည်။

*************************

Thursday, October 1, 2009

ထွဋ်ခေါင်ဆရာတော်သို့ စာချိုးခြင်း

ထွဋ်ခေါင်ဆရာတော်သို့ စာချိုးခြင်း

ထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် ပရိယတ္တိ ပဋိပတ္တိနှင့် ပြည့်စုံ၍ မင်းတုန်းဘုရင်ကြီးက အလွန်ပင် ကြည်ညို ကိုးကွယ်ထားသော်လည်း မန္တလေးနေပြည်တော်တွင် နေတော်မမူဘဲ စစ်ကိုင်းတောင်ရိုးရှိ ပိတောက်ချောင်တွင် အရည၀ါသီ တောမှီ ကျင့်သုံးတော်မူသည်။

ထွဋ်ခေါင်ဆရာတော်မှာ ကမ္မဋ္ဌာန်းတရား ဟောကြား ပြသရာတွင် အလွန်နာမည်ကြီးလှ၍ တောရမှီသည့် ယောဂီများနှင့် သီလရှင်များပါ ထွဋ်ခေါင်ဆရာတော်နှင့် နီးရာတွင် ဇရပ်များ ဆောက်လုပ်၍ ဆည်းကပ်ကိုးကွယ်နေကြသည်။

ဗန်းမော်ဆရာတော်လည်း ထွဋ်ခေါင်ဆရာတော်နှင့် မနီးမဝေးပိတောက်ချောင်တွင်ပင် သီတင်းသုံးသည်ဖြစ်ရာ ထွဋ်ခေါင်ဆရာတော်ထံ မကြာခဏ အဖူးအမျှော် ရောက်ခဲ့လေသည်။ ထွဋ်ခေါင်ဆရာတော်မှာ ဗန်းမော်ဆရာတော်ထက် ၀ါတော်ကြီးသည်ဖြစ်၍ ဗန်းမော်ဆရာတော်က ဆည်းကပ်ကိုးကွယ်ခြင်းပင်ဖြစ်သည်။

သို့သော်လည်းဗန်းမော်ဆရာတော်၏ အမြင်တွင် သီလရှင်များဝိုင်းရံနေသော အဖြစ်ကို မမြင်လို မကြည့်လိုပေ။ သို့သော် သက်ကြီးဝါကြီးပုဂ္ဂိုလ်ဖြစ်၍ အောင့်အီး၍နေရပေသည်။ ၀ါသနာဆိုသည်ကားစွန့်ခဲလှပေသည်။ ဗန်းမော်ဆရာတော်၏ ၀ါသနာကို သိခဲ့ပြီးအတိုင်းပင် မျက်စိထဲ အမြင်မတည့်လျှင် စာချိုးချင်သောဝါသနာ၊ ပစ်စာပစ်လိုသော ၀ါသနာမှာ ဒွန်တွဲ၍ နေလေသည်။

ထို့ကြောင့်ပင် တနေ့တွင် ဗန်းမော်ဆရာတော်က အောက်ပါအတိုင်း စာချိုး၍ ထွဋ်ခေါင်ဆရာတော်၏ ကျောင်းဝင်းအတွင်းသို့ ညအခါ တိတ်တဆိတ် စာပစ်၍ထားခဲ့သည်။

စိတ်ပုတီးနှင့် ရိပ်မှီးတဲ့ထွဋ်ခေါင်၊
ဦးရွှေညို သီလချောရယ်နှင့်၊
တောခိုသည့်ချောင်။
ခန္ဓာကောင်၊
ရုပ်ဆောင်တဲ့ရှင်ထွဋ်၊
သီလဆို ဖြူဖြူဆွတ်ကို၊
အားရအောင်ချွတ်။

ထွဋ်ခေါင်ဆရာတော်၏ကျောင်းအနီးသို့ ချထားသောစာချိုးကို နံနက်စောစော တံမြက်လှဲသော ကိုရင်ကြီးက ကောက်ရသဖြင့် ဖတ်ကြည့်ပြီး ဆရာတော်အားဆက်ကပ်လေသည်။

ထွဋ်ခေါင်ဆရာတော်သည် ထိုစာချိုးကို ဖတ်ရှုပြီး ကိုရင်ကြီးအား...
''ဗန်းမော်ဆရာတော်ကို ငါက ဆွမ်းစားပင့်တယ်လို့ လျှောက်ချေပါကွယ်'' ဟု မိန့်တော်မူလိုက်သည်။

ကိုရင်ကြီးသည် ဗန်းမော်ဆရာတော်ထံ သွားရောက်လျှောက်ထားရာ ''အေး..အေး...ငါ အခုလာခဲ့မယ်'' ဟုပြောဆိုလိုက်ပြီး ချက်ခြင်းပင် နောက်ကလိုက်၍သွားလေသည်။ ထွဋ်ခေါင်ဆရာတော် ကျောင်းပေါ် သို့ ရောက်လေလျှင် ဗန်းမော်ဆရာတော်က ၀တ်ဖြည့်၍ ရိုသေစွာထိုင်သည့်အခါ ထွဋ်ခေါင်ဆရာတော်က...
''ဘယ်နှယ်လဲ ကိုဗန်းမော် ကျုပ်ကို သီလရှင်တွေနဲ့ ပြောင်လှောင်ပြီး စာချိုးတာလား''
ဗန်းမော်ဆရာတော်က...
''သီလရှင်တွေနဲ့ စွပ်စွဲတာ မဟုတ်ပါဘုရား၊ ဆရာတော်အပေါ် အကြည်ညို သဒ္ဓါပွား၍ စာချိုးမိကြောင်းပါ ဘုရား''
''သယ်... မင်းက စကားလွှဲပြောပြန်ပြီ၊ ဦးရွှေညို သီလချောရယ်နဲ့ဆိုတာ ငါ့နံမည်က ဦးရွှေညိုဆိုတော့ ငါ့ကိုသီလရှင်ချောချောနဲ့ ပေးစားပြီး စာချိုးတာ မဟုတ်လား''
''မဟုတ်ရပါဘုရား... သီလချောဆိုတာ အရှင်ဘုရား၏ သီလတော် စင်ကြယ်ချောမွတ်ခြင်းကို ရည်ရွယ်စပ်ဆိုခဲ့တာပါဘုရား''

ထွဋ်ခေါင်ဆရာတော်က ပြုံးတော်မူ၍ ''တန်စမ်းပါ ဗန်းမော်ရယ်.. မင်းဆိုလိုတာ ဒါ မဟုတ်ပါဘူး၊ မင်း ငါ့ကို နှစ်စွယ်နှစ်ဝ အဓိပ္ပါယ်ရတဲ့ စကားနဲ့ စပ်ထားတာ မဟုတ်လား'' ဟု မေးမြန်းလေမှ ဗန်းမော်ဆရာတော်လည်း ခတ်ပြုံးပြုံးလုပ်၍ နေလေတော့သတည်း။

****************************

ဗန်းမော်ဆရာတော်၏ သဘာဝကဗျာ

ဗန်းမော်ဆရာတော်၏ သဘာဝကဗျာ

ဗန်းမော်ဆရာတော်သည် သီလရှင်များနှင့်ပါတ်သက်၍ သဘာဝ ကဗျာတပုဒ်ကို စပ်ဆိုထားခဲ့သေးသည်။ ထိုကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။

မကျွမ်းတဲ့မကျင်၊
ဇရပ်ပေါ် မယ်သီလကို၊
ခွန်းစလိုက်ချင်၊
အသွေးငယ်ယဉ်၊
အသွင်ကပျော့ပြောင်း၊
သူဝတ်လေ ဖြူဆွတ်ကယ် လျှော်တေပ၊
တောင်ခြေမှာ ကျင့်တရားငယ်နှင့်၊
ဖွားသီလကျောင်း။

***************************

တောထွက်ကြီး စာမပီ၍ ဖွဲ့ဆိုသောကဗျာ

စစ်ကိုင်းပိတောက်ချောင်တွင် သီတင်းသုံးနေခိုက် ဗန်းမော်ဆရာတော်၏ကျောင်းသို့ တောထွက် ဦးပဉ္စင်းကြီးတပါး ရောက်ရှိနေလေသည်။ ထိုဦးပဉ္စင်းကြီးအမည်မှာ ဦးကဲဟူ၍ လူဘ၀ကအမည်ကိုပင် ခေါ်ကြသည်။ ဦးကဲသည် လူဘ၀တွင်ရှိစဉ်က စာပေပရိယတ္တိ သင်ကြားဘူးခြင်းမရှိပေ။ ထို့ကြောင့်လည်း အသက်ကြီးမှ ရဟန်းပြုသောအခါ၊ ပုဒ်-ပါဋ္ဌ် အက္ခရာများကို မှန်အောင်မရွတ်နိုင်ဘဲ ရှိလေသည်။ အထူးအားဖြင့် ရ-ကောက်သံကိုပီအောင် မရွတ်နိုင်ဘဲ ယ-ပက်လက်အသံသာ ထွက်နေသည်။ (တိသရဏေန)ကို အကြိမ်ကြိမ်သင်ပေးသော်လည်း (တိသဏေန) ဟူ၍ ယပက်လက်သံချည့်သာဖြစ်နေသည်။

ဗန်းမော်ဆရာတော်ကိုယ်တိုင်မရလျှင် မနေဟု ထို (တိသရဏေန) ကိုပင် ထပ်ခါတလဲလဲ ရွတ်ဆိုစေ၍ သင်ကြားပေးရာ သင်ကြားစဉ်ကအခါက ရ-ကောက်သံနှင့်ရွတ်နိုင်သော်လည်း နောက်တနေ့တွင် ယ-ပလက်အသံနှင့်သာ ဖြစ်လာပြန်သည်။ ငယ်စဉ်ကပင် နှုတ်ကြိုး၍ ယပလက်အသံကိုသာ စွဲ၍နေရာ ဗန်းမော်ဆရာတော်သည်ပင်လျှင် လက်လျှော့ရတော့သည်။

သို့သော် ၀ါသနာကြီးလှသော စာချိုးခြင်းဖြင့် တောထွက်ဦးပဉ္စင်းကြီး ဦးကဲအား မှတ်တမ်းတင်လိုက်သည်။

တိသရဏကို (သယဏ) လို့ သူကဆို၊
နဂိုက ဟုတ်ပါဘဲ၊
နံနက် တကျော်ကျော်နှင့်၊
ကျောင်းပေါ်မှာ အခံခက်တယ်၊
တောထွက်ခင်ကြီး။ ။

(ဦးကဲနှင့်ပါတ်သက်၍ ဆရာတော်ဟောကြားသော ပုံပြင်ကို နောက်ပိုင်း ပုံပြင်အခဏ်းတွင် ရှုပါ) ။

****************************

ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ကို စာချိုးခြင်း

ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ကို စာချိုးခြင်း

ဤခေတ်တွင် သင်္ဂဇာဆရာတော် ဦးအဂ္ဂနှင့် ရွှေကျင်ဆရာတော်တို့နှစ်ပါးမှာ ပရိဝါသ်-မာနတ် ၀တ်ပြုမှုကိစ္စနှင့် ပတ်သက်၍ အယူအဆသဘောထားကွဲလွဲနေကြသည်။ ဘုရားကြီးဆရာတော်၊ စလင်းဆရာတော်၊ သက်ပန်းဆရာတော် စသည်ဖြင့် ဆရာတော်ကြီးများက ၀င်ရောက်ဖြန်ဖြေကြသည်။

ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့မှာ နှစ်ပါးစလုံး စာတတ်အကျော်အမော်များ ဖြစ်ကြလေရာ၊ နှစ်ဘက်စလုံးကမိမိတို့ အယူအဆမှန်ကန်ကြောင်း အကိုးအကား အထောက်အထား ခိုင်လုံစွာတင်ပြကြလေသည်။ နှစ်ဘက်စလုံးမှာလည်း အခိုင်အမာများဖြစ်သော်လည်း တပါး၏တင်ပြချက်ကို တပါးကလက်မခံ၊ တပါး၏အကိုးအကားကို တပါးကမကြိုက်ဖြင့် အညီအညွတ်မဖြစ်ဘဲ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်းဟူ၍ ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ နှစ်ဘက်သံဃာများ ဂိုဏ်းကွဲလုမတတ်ရှိနေတော့သည်။

ဗန်းမော်ဆရာတော်သည် ဤအချက်ကိုမြင်ပြင်းကပ်လှသည်နှင့် စာတပုဒ်ချိုး၍ ဘုရားကြီးဆရာတော်ထံ အပို့လွှတ်လိုက်လေသည်။ ရွှေကျင်ဆရာတော်မှာ မန္တလေးတောင် မြောက်ဘက်၌ သီတင်းသုံးတော်မူသည်။ သင်္ဂဇာဆရာတော်၏ဘွဲ့အမည်မှာ ဦးအဂ္ဂဖြစ်သည်။ ထို့ကြောင့်ပင်...

မန်းတောင်တော် မြောက်စောင်း၌၊
ခိုအောင်းတဲ့ ထိုဆရာနှင့်၊
သင်္ဂဇာ မောင်ရွှေအဂ်ကယ်တို့၊
မှားချက်ကနာ၊
ဝတ်နေမှုငယ်နှင့်၊
အခြေပြု သမောဓာန်မှာ၊
ဥာဏ်ဗလချာက ရှုပ်စပ်ပြဲ၊
ယူမမှန်၊
ဆူသံကအလွန်ပြင်းတယ်၊
ကွဲချက်ကကြီး။

ဟူ၍စာစပ်ပေးလိုက်ရာ ဘုရားကြီးဆရာတော်က ပြုံးရယ်တော်မူပြီး ''ဗန်းမော်တို့များ ဘယ်ဟာမှ ချန်မထားဘူး မြင်မြင်သမျှ စာချိုးတော့တာဘဲ'' ဟု မိန့်တော်မူလေသည်။

*****************************

စစ်ကိုင်းချောင်မှ စာချိုးများ

ဗန်းမော်ဆရာတော်သည် စစ်ကိုင်းသို့ ရောက်နေသော်လည်း စာချိုးမှုတွင် ၀ါသနာအရ အလျှော့ပေးသည်မရှိပေ။

တချိန်တွင် ဆရာတော်သည် ဦးပဉ္စင်းနှစ်ပါးနှင့်အတူ ပိတောက်ချောင်မှ ဆင်း၍လာရာ သီလရှင်များနေထိုင်သော ဇရပ်များကို တွေ့လေသည်။ ထိုဇရပ်များပေါ်တွင် ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ကျောင်းတိုက်မှ သီလရှင်တို့ နေထိုင်ကြလေသည်။

ထိုစဉ်ကာလက စစ်ကိုင်းချောင်မှာ လူသူစည်ကားခြင်းမရှိသေးပေ။ တောရမှီသော ပုဂ္ဂိုလ်များသာလျှင်ရှိကြလေသည်။ သို့ဖြစ်၍ လူအသွားအလာနီးသော ဇရပ်များပေါ်တွင် နေထိုင်ကြသည့် သီလရှင်များမှာ လူတို့သဘာဝ လွတ်လွတ်လပ်လပ် နေကြဟန်တူသည်။ အိပ်သူကအိပ်၊ အလုပ်လုပ်သူကလုပ်၊ စကားပြောသူကပြောနှင့် ရှိနေကြသည်ကို ဗန်းမော်ဆရာတော်သည် အဝေးမှလှမ်းမြင်မိပေသည်။ ကဗျာရှင် စာရှင် ပုဂ္ဂိုလ်ကြီးဖြစ်၍ စာချိုးလိုက်ချင်သည်မှာ အူယား၍နေတော့သသည်။ ထို့ကြောင့်လည်း ဦးပဉ္စင်းနှစ်ပါးကိုစောင့်၍ သစ်ပင်အောက်မှ ရပ်ကာ ...
''ဟေ့... ဟိုမှာကြည့်စမ်း၊ ထွဋ်ခေါင်ရဲ့ ကြက့်ဖြူမတွေ'' ဟုမိန့်ကြားလိုက်ပြီး...
''နားထောင်ကြအုံးကွာ၊ ငါစာတပုဒ် ချိုးလိုက်အုံးမယ်''
ဟုဆိုကာ အောက်ပါစာတပုဒ်ကို ရေးလိုက်သဖြင့် ဗန်းမော်ဆရာတော်၏သမိုင်းမှတ်တမ်းဝင် စာတပုဒ်ဖြစ်၍ လာလေသတည်း။

ဒူးနှစ်ဘက် အပေါ်ထောင်၊
တော်ပေါင်ကွဲ့ တနဲ၊
ဘ၀င်စိတ်ကယ်တုံ၊
နင်အိပ်ပုံ အလွန်ဆိုးတယ်၊
ဂျိုကင်လိုဘဲ။

ဤကဗျာမှာ ဟာသရသ ကဗျာ ဖြစ်သည်။ ကြားရသူတို့ အတွက် ရွှင်မြူးစေရသော ကဗျာမျိုးဖြစ်သည်။

****************************

Monday, September 14, 2009

ဗန်းမော်မရောက်မှီက ဖြစ်ရပ်၂ခု

ဗန်းမော်မရောက်မှီက ဖြစ်ရပ်၂ခု

ဗန်းမော်ဆရာတော်အပေါ် သံယောဇဉ်ကြီးလှ၍ အကြိမ်ကြိမ်ပင့်စေသော်လည်း မကြွရောက်ရုံမျှမက မင်းတုန်းမင်းအပေါ်တွင် အမျိုးမျိုး အဖုံဖုံ ပြောဆို၍နေလေသဖြင့် မင်းတုန်းမင်းနှင့်မိဖုရားခေါင်ကြီးတို့မှာ များစွာပင် စိတ်မချမ်းမြေ့စွာ နေထိုင်၍ လက်လျှော့ကာ သွားကြလေသည်။

ဗန်းမော်ဆရာတော်သည် အလွန်''ထက်''သော ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။ နေပြည်တော်ရှိ ပညာကျော်ပုဂ္ဂိုလ် ဂုဏ၀န်၊ သီလ၀န် မထေရ်ကျော်တို့အလယ်တွင် မျက်နှာမငယ်ဘဲ တင့်တယ်စွာရှိပေသည်။ သာသနာရေးကိစ္စနှင့်ပတ်သက်လာလျှင် ဗန်းမော်ဆရာတော်မပါလျှင်မပြီး ပင့်ဘိတ်ရသည်ချည့်ပင် ဖြစ်သည်။

ဗန်းမော်ဆရာတော်ကလည်း မဟုတ်တာမြင်လျှင် စာချိုးချင်သည်။ သို့သော် တပည့်ရင်း သင်္ဂဇာဆရာတော်၏ ပျက်ရည်ပြုခြင်းကိုမူ သည်းခံ၍ သဘောကျတော်မူသည်။

ထိုစဉ်ကာလကပင် သင်္ဂဇာဆရာတော် ခေါင်းဆောင်သည့် သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဆရာတော်ခေါင်းဆောင်သည့် ရွှေကျင်ဂိုဏ်းနှင့် အုတ်ဖိုဆရာတော် ဦးဥဂ္ဂံသခေါင်းဆောင်သည့် ဒွါရဂိုဏ်းတို့ ဂိုဏ်းကွဲများအဖြစ် ပေါ်ပေါက်လာရန် အခြေခံအစပျိုးနေပြီဖြစ်သည်။ သုဓမ္မာဂိုဏ်း၏ ဦးစီးဦးဆောင်ဖြစ်သည့် သင်္ဂဇာဆရာတော်ဦးအဂ္ဂမှာလည်း ဗန်းမော်ဆရာတော်၏တပည့်ဖြစ်သည်။ ဒွါရဂိုဏ်းကို စတင်တည်ထောင်သော အုတ်ဖိုဆရာတော် ဦးဥဂ္ဂံသမှာလည်း ဗန်းမော်ဆရာတော်ထံ ပညာဆည်းပူးခဲ့ဘူးလေသည်။ ရွှေကျင် ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ ပရိဝါသ်ပြုမှု၊ မာနတ်ပြုမှု အကျင့်စသော ၀တ်ပြုမှုတို့တွင် စတင်၍ သဘောထားကွဲလွဲကြရာမှ တဘက်နှင့်တဘက် အငြင်းအခုန် ဖြစ်ခဲ့သည်။

ဤသည်တို့မှာ ဗန်းမော်ဆရာတော်ကို ဗန်းမော်မြို့သို့ မပို့မှီကပင် သုဓမ္မာနှင့် ရွှေကျင်ဂိုဏ်းကွဲကြမည့် အခြေအနေများ ဖြစ်သည်။ ဗန်းမော်ဆရာတော်သည် ဤအချက်ကိုလည်း ကြိုတင်၍ စာချိုးဖြင့် သတိပေးခဲ့သည်။

*****************************

သင်္ဂဇာဆရာတော်ကိုချီးကျူးခြင်း

ဗန်းမော်ဆရာတော်အားမဟုတ်မခံ ဇတ်ဇတ်ကြဲနှံတတ်သောပုဂ္ဂိုလ်ဟုထင်ရသော်လည်း နေရာတကာတွင် နှံသူမဟုတ်၊ သည်းခံသောအခါတွင်လည်း သည်းခံတတ်သေးကြောင်းတွေ့ရသည်။

စကားအရာတွင် ဥပမာ၊ ဥပမေယျ ထုံးတမ်းပုံပြင် စုံလင်စွာဖြင့် ဟောကြားတတ်သော သင်္ဂဇာဆရာတော်သည်၊ ဗန်းမော်ဆရာတော်ထံပညာရင်နို့ သောက်စို့ခဲ့ရဘူးသည်။ တနေ့တွင် သုဓမ္မာဇရပ်၌ ဆရာတော်များစုံညီခိုက် သင်္ဂဇာဆရာတော် အဖူးအမျှော်ရောက်ရှိ၍ ဆရာတော်များအား ကန်တော့လေသည်။ ထိုစဉ်အခိုက် မောင်းထောင်ဆရာတော်ကြီးက အမိန့်ရှိသည်မှာ...
''သင်္ဂဇာတို့များ စကားအရာ ကျွမ်းကျင်လိမ္မာတယ်လို့နာမည်ကြီးနေလိုက်တာ ဗန်းမော်ဆရာတော်ရဲ့ တပည့်ပီသပါပေတယ်''
ထိုအခါ သင်္ဂဇာဆရာတော်က လျှောက်ထားသည်မှာ...
''မှန်လှပါ... တပည့်တော် ဗန်းမော်ဆရာတော်၏ ကျေးဇူးတော်ဂုဏ်ကြောင့် ဤမျှပင် ထုံးတမ်းပုံပြင်များကို ပြောဟောခြင်းပြုနိုင်ခဲ့ရပါသည်။ သို့ဖြစ်၍လည်း နေ့စဉ်ပင် ဗန်းမော်ဆရာတော်ရှိရာ အရပ်ကိုရည်မှန်းလျက် ကန်တော့ပါသည်။''

သင်္ဂဇာဆရာတော်သည်၊ ဗန်းမော်ဆရာတော်အား လက်အုပ်ချီပြီး ဗန်းမော်ဆရာတော် အရှေ့အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော်သည် အရှေ့အရပ်သို့ ရည်မှန်း၍ ကန်တော့ပါသည်။ ဗန်းမော်ဆရာတော် အနောက်အရပ်တွင် သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော်သည် အနောက်အရပ်သို့ ရည်မှန်း၍ ဦးချပါသည်။ ဗန်းမော်ဆရာတော် တောင်အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော် တောင်အရပ်သို့ ရည်မှန်း၍ ကန်တော့မြဲဖြစ်ပါသည်။ ဗန်းမော်ဆရာတော် မြောက်အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် မြောက်အရပ်သို့ ရည်ရုန်း၍ ကန်တော့ပါသည်။

သင်္ဂဇာဆရာတော် ဤသို့ရှည်လျားစွာ စကားကိုချီနေသည်နှင့် စလင်းဆရာတော်၊ သစ်ဆိမ့်ဆရာတော်၊ ခင်မကန်ဆရာတော်တို့သည် နားစွင့်၍ နေကြပေသည်။

သင်္ဂဇာဆရာတော်က ဆက်လက်၍...

''ဗန်းမော်ဆရာတော် ဘ၀နတ်ထံစံလွန်လျှင် တပည့်တော်သည် အောက်အရပ်မြေကြီးကိုသာ ရည်မှန်း၍ ကန်တော့ရပါတော့မည်'' ဟုပြုံးရွှင်စွာ လျှောက်ထားလိုက်သည့်အတွက် ဆရာတော်အားလုံး သဘောတော်တွေ့ကာ ပြုံးရွှင်စွာ ရယ်မော်တော်မူကြလေသည်။

ဆရာတော်များသည် ဗန်းမော်ဆရာတော်က မည်သို့များ ပြန်၍ နှက်လေမည်နည်းဟု ဗန်းမော်ဆရာတော်သို့လှမ်း၍ ကြည့်ကြရာ၊ ဗန်းမော်ဆရာတော်သည် ပြုံးရယ်၍သာ နေတော်မူသဖြင့် မောင်းထောင်ဆရာတော်က ဗန်းမော်ဆရာတော်၏စိတ်ကို ဆွပေးလိုသဖြင့်...
''ဒီလိုဆို သင်္ဂဇာက မင်းဆရာဗန်းမော် ပျံလွန်တော်မူရင် မဟာအ၀ီစိငရဲကျမှာဘဲလို့ ဆိုလိုသပေါ့'' ဟု ဗန်းမော်ဆရာတော်၏စိတ်ကို ဆွပေးသော်လည်း ပြုံးရယ်မြဲသာ ပြုံးရယ်၍ သည်းခံတော်မူလေမှ သင်္ဂဇာဆရာတော်က...

''တပည့်တော်၏ဆရာကို ဤသို့ မဆိုရဲပါ၊ တပည့်တော်ပညာရင်နို့ သောက်စို့ခဲ့ရသော ဆရာဖြစ်ပါ၍ နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထ၀ီမြေကြီးတမျှ ကြီးမားလှသော ကျေးဇူးတော်ကိုရည်မျှော်၍ အောက်အရပ် မြေကြီးကို ကန်တော့ခြင်းသာ ဖြစ်ပါသည်ဘုရား'' ဟုလျှောက်ထားလေသည်။

ထိုအခါမှ ခပ်မဆိပ်နေခဲ့သော ဗန်းမော်ဆရာတော်သည် သင်္ဂဇာဆရာတော်အား ပြုံးပြုံးကြီးကြည့်ကာ...
''အင်း.. သင်္ဂဇာတို့များ စကားမရှားလှဘူးဗျ''
ဟု ကျေနပ်စွာပင် ချီးကျူးတော်မူလေသည်။

*****************************

ဘယ်မအေ့လင်တွေကပြောသလဲ

ဘယ်မအေ့လင်တွေကပြောသလဲ

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော် မိမိအပေါ်တွင် မည်မျှပင် မကောင်းပြောခဲ့သော်လည်း စိတ်ဆိုးခြင်း ရှိဟန်မတူ။ ဗန်းမော်ဆရာတော် မန္တလေးသို့ ကြွလာရေးအတွက် ဇွဲလုံ့လမလျော့ဘဲ ကြံစည်မြဲကြံစည်လျက်ရှိနေသည်။

တနေ့သော် မင်းတုန်းမင်းတွင်အကြံတခုရလာသည်။ ကဗျာ့ပါရဂူ၊ ကဗျာ့ဝိဇ္ဇာဓိုရ်အဖြစ် ယနေ့ခေတ်တွင် ကျော်ဇောထင်ရှားလှသော စလေဦးပုညသည် ဗန်းမော်ဆရာတော်ထံတွင် ကဗျာနှင့်ပတ်သက်၍ ပညာဆည်းပူးခဲ့သည်။ ဗန်းမော်ဆရာတော်သည် စလေဦးပုညအား များစွာလိုလားချစ်ခင်တော်မူသည်ကို မင်းတုန်းမင်းတြားသိရှိတော်မူသည်။ သို့ဖြစ်၍ စလေဦးပုညအား ဗန်းမော်ဆရာတော်ထံ စေလွှတ်၍ ဥပါယ်တမည်ဖြင့် လျှောက်ထားပင့်ဆောင်ရန်နှင့် အကယ်၍ နေပြည်တော်သို့ ကြွရောက်လိုခြင်း မရှိပါကလည်း မင်းတုန်းမင်းတြား၏မကောင်းသတင်းများကို ပြောကြားခြင်းမပြုပါရန် လျှောက်ထားပေးဘို့ စေလွှတ်လိုက်လေသည်။

စလေဦးပုညသည် စစ်ကိုင်းဘက်သို့ကူး၍ ဆရာတော်ထံပညာဆည်းပူးရန်နှင့် ၀တ်ကြီး ၀တ်ငယ်ပြုရန် အကြောင်းပြ၍ လှူဘွယ်တန်းရန်များနှင့်သွားရောက်လေသည်။ ဆရာတော်ဘုရားထံတွင် ၄-၅ရက်မျှနေ၍ ၀တ်ကြီး ၀တ်ငယ်ပြုနေသည်။

ထိုစဉ်အတွင်း စကားအလျဉ်းသင့်သလို နေပြည်တော်သို့ ကြွရောက်သီတင်းသုံးရန် အကြိမ်ကြိမ်လျှောက်ထားသော်လည်း စကားကိုလက်မခံ ငြင်းပယ်တော်မူရုံမျှမက မင်းတုန်းမင်းအား ထိပါးပုတ်ခတ် ပြောဆို၍သာ နေလေသဖြင့် ဦးပုညလည်း လက်လျှော့ရလေတော့သည်။

သို့ဖြင့် ၄-၅ရက်ကြာပြီး နောက်တနေ့တွင် မန္တလေးဘက်ကမ်းသို့ ကူးတော့မည်ဟု လျှောက်ထားရင်း...
''အရှင်ဘုရား... တကာတော် မင်းတုန်းမင်းဘုရားက ဆရာတော်အား လျှောက်ကြားရန်မှာကြားပါသေးသည်။ မန္တလေးမြို့သို့မကြွလိုသော် စိတ်ချမ်းမြေ့ရာစံတော်မူပါ။ သို့ရာတွင် ဘ၀ရှင်မင်းတြားအပေါ် မကောင်းသတင်း ပြောကြားနေခြင်းများ ရပ်စဲတော်မူပါရန်လျှောက်တင်ခဲ့ဘို့မှာကြားလိုက်ပါသည်ဘုရား''

ဗန်းမော်ဆရာတော်က မျက်ခုံးကိုပင့်ကာ ကွမ်းပတ်ကိုထွေးရင်း...
''ဟေ့... မင်းတို့ရှင်ဘုရင်က ငါဒီဘက်ကမ်းက သူ့အကြောင်းမကောင်းပြောတာ ဟိုဘက်ကမ်းကနေ ကြားသတဲ့လား''
''မှန်လှပါ... ကြားသိရကြောင်းပါဘုရား''
''နေပါအုံးကွ၊ မင်းတို့ဘုရင်ရဲ့ မိဖုရားခေါင်ကြီး မကျန်းမာတုံးက ခွေးအူသံတွေကြားရတာ နားငြီးတယ်ဆိုပီး၊ ဟိုဘက်ကမ်းကခွေးတွေ ဒို့စစ်ကိုင်းဘက်ကမ်းပို့ခဲ့ဘူးတယ် မဟုတ်လား''
''မှန်ပါ... ပို့ထားခဲ့ဘူးကြောင်းပါဘုရား''
''အေး.. အဲဒီတုံးက ဘိုးသူတော်ဦးမင်းစာစပ်ခဲ့တာ မင်းမှတ်မိရင် ဆိုပြစမ်း''

''ဒီနှစ်တွင် ကြုံပြန်ရ၊ ကျားမ နှင့် ဂမ္ဘီ။
မောင်ကြီး ကြိုးတွေသိုင်းပါလို့
စစ်ကိုင်းဆို ဇေယျာမြို့ကို
ကူးပို့ပြန်ပြီ။
ယင်းရဲ့ ကျောက်ဆောင်ဆိပ်ဆီက
လွမ်းစိတ်နဲ့ မယ်တို့ဆီ
မျှော်ပြီကွဲ့... ၀ူး။
မောင့်နည်းတူပင်
မောင်ကြီးလှေငယ်တင်၍
ကူးပြန်လျှင် မနေစိမ့်ပါနှင့်
သောတာပန်ဆိုတဲ့ ဆိပ်ကိုကွယ်
(အို ...ရှင်) လှိုင်းတိတ်မှကူး။
ပါတဲ့ ဘုရား...''

''အေး..ဟုတ်ပြီ၊ အဲဒီလို သူ့မိဖုရားခေါင်ကြီး မကျန်းမာလို့ ခွေးတွေကို စစ်ကိုင်းပို့ထားခဲ့တော့ ဒီဘက်ကမ်းက ခွေးဟောင်သံကို မင်းတို့ ဘုရင်ရော မိဖုရားခေါင်ကြီးပါ ကြားရသလားကွဲ့''
''မှန်ပါ...မကြားရကြောင်းပါဘုရား''
''အေး.. အဲဒီတုံးက ဒီဘက်ကမ်းကခွေးဟောင်သံကိုမှ မကြားဘဲနဲ့ အခုငါပြောမှ ကြားတယ်ဆိုတော့၊ မင်းတို့ဘုရင်ကို ဘယ်အမေ့လင်တွေက သွားပြီး သံတော်ဦးတင်လို့လဲ'' ဟု မိန့်တော်မူလေရာ၊ ဦးပုညသည် ဆက်လက် မလျှောက်ထားရဲတော့ဘဲ ငြိမ်သက်၍သာနေတော့သည်။

******************************
မိန်းမတွေပေါင်ခြားထဲကရှင်ဘုရင်

စလေဦးပုညသည် ဆက်လက်မလျှောက်ထားရဲတော့သဖြင့် ငြိမ်သက်၍နေစဉ်ပင် ဗန်းမော်ဆရာတော်က ဆက်လက်၍...
''မင်းတို့ဘုရင်က ဒါတင်ဘဲမှာလိုက်သလားကွ၊ ဘာတွေများ မှာလိုက်သေးသလဲ''
ထိုအခါမှ စလေဦးပုညသည် ဦးခေါင်းကိုဖေါ်နိုင်ပြီး မော်၍ဖူးမျှော်ပြီး လျှောက်ထားပြန်သည်။
''ဘုရင်မင်းမြတ်က ဆရာတော်ဘုရား နေပြည်တော်ကြွရောက်၍ ပရိယတ္တိသာသနာ ဖွံ့ဖြိုးအောင် ဆောင်ရွက်တော်မူပါ။ အကယ်၍ နေပြည်တော်သို့ မကြွလိုဘဲ စစ်ကိုင်းတောင်ရိုးတွင်သာ သီတင်းသုံးမည်ဆိုပါကလည်း ပဋိပတ္တိသာသနာ ကမ္မဌာန်း ဘာဝနာများ အားထုတ်၍ တရားအလုပ်နှင့် ပျော်မွေ့တော်မူပါလျှင် တကာတော်တို့များစွာ အားရရွှင်လန်း ရှိပါမည်ဘုရားဟု သတင်းစကားလျှောက်ထားခဲ့ရန် မှာကြားလိုက်ပါသည်ဘုရား...''

ထိုအခါဗန်းမော်ဆရာတော်ကဒေါပွ၍သွားပြန်သည်။ မင်းတုန်းဘုရင်က မိမိအပေါ် ဆရာလုပ်သည်ကို မခံချင်သောစိတ်ထားဖြင့် မိန့်ကြားတော်မူလေသည်မှာ...

''အံမာ... ကြီးကျယ်လိုက်တာကွာ မိန်းမတွေ ပေါင်ခြားထဲနေတဲ့ မင်းတို့ဘုရင်က တောင်ခြားထဲနေတဲ့ ငါ့ကိုများ တရားအားထုတ်ခိုင်းတာများ အံ့ပါ့ကွာ၊ အဲဒီအတိုင်းငါပြောလိုက်တယ်လို့သာ လျှောက်လိုက်ပေတော့'' ဟုမိန့်တော်မူလိုက်ရာ စလေဦးပုညမှာ ဘာကိုမျှ မလျှောက်ရဲတော့ဘဲ ၀တ်ချကာ ပြန်လာခဲ့ရလေတော့သတည်း။

******************************