Saturday, June 28, 2008

Kyaw Phyu

ညီမလေးတွေ ကြောင်အကြောင်းပြောလို့ မစုချစ်လည်း လွန်ခဲ့တဲ့ ၁၅နှစ်ကျော်လောက်က အချစ်တုံးလေးကို ပြန်သတိရမိတယ်။ သူအိပ်နေတာ ဆွဲခဲ့တဲ့ ပုံလေး တလောက ပြန်ရှာတာတွေ့လို့ ဒီမှာ တင်ပေးလိုက်တယ်။ ချစ်စရာမကောင်းဘူးလား။

သူ့နာမည်က ကျော်ဖြူတဲ့။ သူမွေးတဲ့ အချိန် ကျော်သူက နာမည်ကြီးမင်းသား။ သူ့ပိုက်လေးက ဖြူဖြူလေး၊ အထီးလေးဆိုတော့ ကျော်ဖြူလို့ အမည်ပေးလိုက်တာ။ သူအိပ်ရင် ဘေးစောင်းအိပ်ရင်အိပ်၊ မဟုတ်ရင် ပက်လက်အိပ်တယ်။ တခါမှ မှောက်မအိပ်ဘူး။ အပျင်းကတော့ ကြီးသလားမမေးနဲ့။ စားပြီးအိပ်၊ အိပ်ပြီးစားပဲ။ ဘာမှ မလုပ်ဘူး။ သူ့နာမည် ခေါ်ရင် ထူးတယ်။ အိပ်နေတုန်း ဒါမှမဟုတ် သူ မှေးနေတုန်းခေါ်ရင် ပထမ ညောင်ဆိုပြီး အသံသဲ့သဲ့လေးနဲ့ မထူးချင် ထူးချင်နဲ့ ထူးတယ်။ ကိုယ်ကညစ်ပြီး နာမည်ကို ဆက်တိုက်ခေါ်တာပေါ့နော်။ အသံသဲ့သဲ့ကနေ အဖြည်းဖြည်းတိုးသွားတာ ပိုက်လှုပ်တာပဲမြင်ရတော့တယ်။ အဲဒါကိုပဲ ထပ်ပြီး သူ့နာမည် ခေါ်နေတုန်းဆိုရင် နောက်တမျိုးက အမြီးလေး လှုပ်ပြတယ်။ ပါးစပ်နဲ့တော့ လုံးဝ မထူးတော့ဘူး။

ကြွက်ခုတ်ဖို့ဝေးစွ... ကြွက်မြင်တာနဲ့ ကြောက်လို့ ထွက်ပြေးတာတန်းနေတာပဲ။ အိမ်ရှေ့ဝရံတာမှာ သူထိုင်နေတုန်း အုန်းလက်ရုတ်တရက် ပြုတ်ကျတာကို လန့်ပြီး သေးတန်းလန်းနဲ့ထွက်ပြေးတာ... ပြီးတော့ အိမ်ထဲက ကုတင်အောက်မှာ သွားဝပ်နေတယ်။ သူ့ နှလုံးကို စမ်းကြည့်ရင်လေ... အမလေး... ကြောက်လွန်းလို့ ဒုတ်ဒုတ်...နဲ့။ မျက်လုံးလေးက သနားစရာ ပြူးပြူးလေး ဟိုကြည့်ဒီကြည့်ပေါ့။ အဲဒီအချိန် ကိုယ်က သူ့ကို ခေါ်ပြီး ပိုက်ထားရင် ပြန်ကို ဖက်ထားတာဆရာ...။

ဒီလောက် အပျင်းကြီးပြီး ကြောက်တတ်တဲ့ကောင် သေသာသေသွား သူ့ခမျာ ဘယ်လိုလုပ် မိန်းမရမလဲနော်။ ညကို ၀ရံတာမှာတောင်ထွက်မအိပ်ရဲတဲ့ကောင်၊ တခြား ကြောင်ကြီးတွေ အသံကြားရင်ကို သူ့မှာ နှလုံးတုန်ရင်ခုန်ဖြစ်နေတာ။ အိမ်ရှေ့က ကြောင်ဝါမလေးကိုတော့ သူ့မှာ ကြိုက်ချင်သား။ တခါတခါ သူက ကြောင်ဝါမလေး လှမ်းတွေ့ရင် ဒီဖက်ကနေ ဖိုသံပေးပါ့တော်။ သူက အဲဒီ မမလေးကို လှမ်းတွေ့ရင် အော်သံက ဖိုသံနဲ့ဆရာ...တမျိုး..တမျိုး...။ ဟိုက သူ့များ လှည့်တောင်ကြည့်ဘူး။ သူ့ရည်းစားနဲ့သူ။ အဲဒီ... မမလေး ရည်းစားကလည်း လူမိုက်... အဲလေ... ကြောင်မိုက်ဂိုက်နဲ့.... အိမ်ကဆရာ ဘယ်လှုပ်ရဲမတုန်း။ လစ်မှသာငမ်းရ၊ ဖိုသံပေးရ လုပ်နိုင်တာ။

လူတွေနားလည်း သိပ်ကပ်ချင်တာ။ နွေလို ပူတဲ့ရာသီ ဆိုရင်တော့ သူ့လူပေါ် ပေးမတက်ဘူး ပေါ့နော်။ အဲဒါဆို သူက ဘုရားရှိခိုးတဲ့ အချိန်ကို ချောင်းနေတာ။ လူက ဘုရားရှိခိုးနေတော့ သူ့မောင်းချလို့ မရတာသူသိနေတယ်လေ။ ဘယ်လိုမှ လူပေါ်တက်ခွင့်မရရင် သူ့ကျောနဲ့ အနည်းဆုံးဖြစ်ဖြစ်လာထိ အိပ်တယ်။ တခါတခါ သူလုပ်ပုံက သိပ်ရီရတာ။ သူက လူထိုင်နေပြီဆို ချက်ချင်း ၀ုန်းကနဲ ပေါင်ပေါ်ခုန်တက်တာဟုတ်ဘူး။ အနားကို မယောင်မလည်နဲ့ အရင်လာတယ်။ ပြီးရင် လက်လေးတဖက်က စမ်းသပ်တဲ့ အနေနဲ့ ပေါင်ပေါ်ကို အရင်ရောက်လာတယ်။ ဘာမှ မပြောဘူးဆိုရင် နောက်လက်တဖက်... နောက် ခေါင်းလေးတင်... နောက် ကိုယ်တပိုင်းတင်... အဲလောက်ကနေ ကိုယ်က ရုတ်တရက် ဟဲ့... လို့ အော်ကြည့် ... အမယ်... ခပ်တည်တည်နဲ့ ခေါင်းက အပြင်ပြန်ရောက်သွားရော... လက်ကတော့ ရှိနေသေးတယ်နော်။ နောက် ကိုယ်မေ့လောက်ပြီဆိုရင် ခုနကလို တဖြည်းဖြည်းနဲ့ ပြန်ရောက်လာပြန်ရော... strategy ကအပြည့်ပဲ။

ရွံတတ်တာလည်း မပြောပါနဲ့တော့။ သူ့ အီးအီးခွက်ပြည့်နေလို့ကတော့ ခေါင်းရင်း နေရာကောင်းမှာမှ သန့်တယ်လို့ ထင်တဲ့ နေရာမှာမှ အီးတက်ပါပြီမှတ်။ အဲ... မနက် မိုးလင်း အစာလာတောင်းနေတုန်း ကိုယ်က ချီးပုံကိုတွေ့သွားပြီး... တယ်... ဒီကျော်ဖြူ... ချီးတွေပါထားပြီ... နင်တော့ တွေ့မယ်ပဲ ပြောရရုံရှိသေး... ပြေးတာတန်းနေတာပဲ။ သူ့အပြစ်သူသိတာလေ။

သူ့မှာ ဆီးရောဂါကြောင့်သေသွားရတာ။ ဆရာဝန်နဲ့ ကုနေတုန်း သေသွားခဲ့ တာ။ မသေခင်ညထိ ကိုယ်တို့တွေနဲ့ ဆော့လို့။ မနက်မိုးလင်းတော့ သူ့မလှုပ်လို့ သွားကြည့်တော့ သူမရှိတော့ဘူးလေ။ သူ့ကို ခြံထဲက သရက်ပင်အောက်မှာ မစုချစ်တို့ မောင်နှမတွေ ကိုယ်တိုင်တွင်းတူးပြီး မြုတ်လိုက်ကြတယ်။ မောင်လေးက နောက်ဆုံး မြေကြီးခဲလေး ဖို့ရင်း ကျော်ဖြူရေ... နောင်ဘ၀ မိန်းမရပါစေကွာတဲ့။ မစုချစ်ရဲ့အချစ်ဆုံးကြောင်လေး ကျော်ဖြူ အကြောင်းပါ။


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

No comments: