Tuesday, July 8, 2008

Bond with Singapore Jobs

Image from http://www.fotosearch.com/

စင်ကာပူကအလုပ်တွေရဲ့ ဘွန်း (Bond) နဲ့ (Contract) တွေအကြောင်း ပြောကြရအောင်နော်။ စင်ကာပူမှာ အလုပ်တခု စ၀င်တဲ့ အခါ Company တွေပေါ်မှာ မူတည်ပြီး ဘွန်းထိုးရတာတွေရှိပါတယ်။ ပထမအမျိုးအစားက အလုပ်စခန့်ခန့်ချင်းမှာပဲ ကိုယ့်ကို job training သင်တန်းတွေပေးမယ်။ အနည်းဆုံး ၁နှစ်တော့ လုပ်ပေးရမယ်။ အဲဒီမှာ ကိုယ်က HR မှာ Contract အနေနဲ့ လက်မှတ်တွေ၊ ဘာတွေ ထိုးထားရမယ်။ ဘွန်းဖျက်ရင် လစာ ၂လစာ ပြန်လျှော်၊ ဘာညာ စသဖြင့်ပေါ့။

နောက်တခုက Company ကလွှတ်တဲ့ သင်တန်းသွားတက်ခဲ့တဲ့သူတို့၊ ဘာတို့ပေါ့။ ၃လသင်တန်းဆို ဘွန်း ၆လ ၊ ၃လနဲ့ အထက်ဆို ၁နှစ် စသဖြင့် ရှိပါသေးရဲ့။ Company ကနေ Project Transfer တို့ ဘာတို့ သွားထားပြီး Project မပြီးခင်ထွက်ရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ ဘွန်းတွေ ထားလေ့ရှိပါတယ်။ ထားလည်းထားသင့်တယ်လို့ ထင်ပါတယ်။

နောက် တခုက Company ကနေပြီး တခြားနိုင်ငံကိုသွားပြီး အလုပ်ခန့်ဖို့ခေါ်လာတဲ့သူမျိုးပေါ့။ အနည်းဆုံး ဘယ်နှယ်နှစ်လုပ်ရမယ် ဆိုပြီး ဘွန်းထိုးထားရတာလည်းရှိတယ်။ ကိုယ် မြင်ဘူးတာကတော့ အရင် အလုပ်တစ်ခုမှာ အိန္ဒိယ နဲ့ တရုတ် ကနေခန့်ထားတဲ့ အင်ဂျင်နီယာတွေရှိတယ်။ Company က အဲဒီနိုင်ငံတွေကိုသွား Interview ပြီး ခန့်လာခဲ့တဲ့သူတွေလေ။ သူတို့ ဘွန်း ၅နှစ်တောင် ထိုးရပါတယ်။ ၅နှစ်မပြည့်ခင်ထွက်ချင်ရင် ဘယ်လောက်လျှော်ပေါ့။ အဲဒီမှာ အိန္ဒိယ အင်ဂျင်နီယာတယောက်နဲ့ သူ့မန်နေဂျာ အဆင်မပြေဖြစ်ပြီး သူကထွက်တယ်။ ၅နှစ်မပြည့်သေးတော့ စာချုပ်ထဲက အတိုင်း လျှော်ပေးရပါတယ်။ HR Contract မှာ လက်မှတ်ထိုးထားလို့ မလျှော်ဘူးလုပ်လို့မရပါဘူး။ စကားမစပ်....သူသွားပြီး ၂ပတ်လည်းကြာရော... သူရေးခဲ့တဲ့ program တွေအားလုံး Expired, If you want to use, pls contact to administrator ဆိုပြီးဖြစ်အောင်လုပ်သွားခဲ့တယ်။

နောက်တခုတွေ့ဘူးတာက Company ကနေ Professional Training သင်တန်းသွားတက်တဲ့သူတွေဆို ဘွန်းထိုးရပြန်ရော။ သင်တန်းကြေးအနည်းအများပေါ်မူတည်ပြီး ဘွန်းထိုးရတာပါ။ ဥပမာ... ရုံးကနေ SAP သင်တန်း (အဲဒီ SAP သင်တန်းက စလုံးငွေ ၂သောင်းလောက်ပေးရတာပါ။) သွားတက်ထားတဲ့သူက ၆လလောက်အရောက်မှာ နောက်အလုပ် တခုကောင်းကောင်းက offer ရတော့ လျှော်ပြီးထွက်တယ်လေ။ တက်ထားတဲ့ သင်တန်းကြေးထက် ပိုပြီးလျှော်ရတာပါနော်။ Company အသစ်က သူ့ကိုလိုချင်တော့ သူ့အတွက်လျှော်ပေးတာပေါ့။

Individual Company ပေါ်မှာပဲမူတည်ပါတယ်။ ခုကိုယ်လက်ရှိ လုပ်နေတဲ့ Company ကတော့ ဘာသင်တန်းတွေ တက်တက်၊ ဘာ Oversea Project Transfer ပဲသွားသွား...လုံးဝ ဘွန်း မရှိပါဘူး။ ဒါပေမဲ့ လူတွေက Company ပိုက်ဆံတွေနဲ့သင်တန်းတွေ တက်... Oversea Project Transfer သွားပြီးမှ ၂လ၊ ၃လလောက်နဲ့ အလုပ်တွေထွက်ကုန်တာ စိတ်ပျက်ဖို့ကောင်းတယ်။ ကိုယ့် Responsibility တော့ကိုယ်သိဖို့ ကောင်းပါတယ်နော်။

တနေ့က အသိ အမကြီးက သူအလုပ်ဝင်နေတာ ၃လမပြည့်သေးဘူး။ အလုပ်ပြောင်းမလို့ရှာနေတယ်တဲ့။ သူဝင်တုန်းက သူ့ကို Company က သင်ပေးမယ်။ ဘွန်း၂နှစ်လို့ ဆိုတာသိထားတော့ ကိုယ်ကလည်း... ဟင်ဘွန်းက ဘယ်လိုလုပ်မတုန်းလို့ မေးမိတယ်။ သူကပြောတော့... သူ့ဘွန်းက ပါးစပ်ကတိပဲတဲ့။ ဘာမှ စာချုပ်မရှိဘူးတဲ့။ စာချုပ်မရှိပဲ ပါးစပ်ကတိဆိုရင်တော့ ဘာမှ မဖြစ်လောက်ဘူးပေါ့နော်။ ဒါပေမဲ့ ဘာလို့ထွက်ချင်တာလဲ သူ့ကိုမေးတော့ လည်းရေရေရာရာ အဖြေကမရှိဘူး။

ကိုယ်လုပ်နေတဲ့ Company ကတကယ့်ကို ဆိုးလွန်းလို့ ဘယ်လိုမှ အလုပ်ဆက်ပြီး လုပ်ရင်မဖြစ်နိုင်တော့လို့ ဘွန်းကို ဖျက်ပြီးထွက်ကြတယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ဘာမှ မဟုတ်တာလေးနဲ့ တော့ ပါးစပ်ကတိဖြစ်ဖြစ်၊ စာချုပ်ကတိဖြစ်ဖြစ် မဖျက်တာအကောင်းဆုံးပါပဲ။ ခုအလုပ်က ပင်ပန်းလို့ဆိုပြီးထွက်မယ်လုပ်။ နောက်အလုပ်က မပင်ပန်းဘူးတော့ မထင်လိုက်ပါနဲ့။ ဒီအလုပ်က လူတွေက ဆိုးတယ်ထင်လို့ ထွက်မယ်လုပ်... နောက်အလုပ်မှာတော့ ဒီထက်ကောင်းမဲ့သူတွေ ရှိနေမယ်လို့ မမျှော်လင့်ထားပါနဲ့။ အကောင်းဆုံးကတော့ (လူကိုလူလို ကို လုံးဝမဆက်ဆံလို့ စိတ်ညစ်လို့ အလုပ်ထွက်တာမှအပ) ကိုယ်ဝင်မိလိုက်တဲ့ အလုပ်မှာ အနည်းဆုံး ၁နှစ်တန်သည်၊ ၂နှစ်တန်သည် နေပြီး... ရနိုင်သလောက် ကြိုးစားပညာယူသင့်တယ်လို့ထင်ပါတယ်။ ၃လလောက်နဲ့တော့ အလုပ် Experiences တွေ အများကြီးရှိပြီးသူမှ အပ ခုမှ စအလုပ်ဝင်တဲ့သူဟာ အလုပ်ခွင်မှာ ဘယ်လိုမှ အခြေကျနိုင်မှာ မဟုတ်ပါဘူး။ ဒါကို စိတ်ပျက်ပြီး အလုပ်ထွက်ရင် နောင်အလုပ်မှာလည်း ဒီပြဿနာမျိုးနဲ့ပဲ ထပ်တွေ့ရမှာပါပဲ။

ရေးရင်းနဲ့ စာကရှည်သွားပြီ။ အချုပ်ပြောရရင် ဘွန်းတွေရှိပါတယ်။ ဖေါက်ဖျက်ခဲ့ရင် ဘယ်လိုပေးရမှာ၊ လျှော်ရမှာ ဆိုတာတွေက ကိုယ် စာချုပ်တုန်းကပေါ်မှာ မူတည်ပါတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

No comments: