Sunday, June 22, 2008

ကျွဲရိုင်းတအုပ် နှင့် ခြင်္သေ့များ



ဒီ YouTube movie လေးကို ကြည့်ပြီး တကယ်ကိုစိတ်လှုပ်ရှားရပါတယ်။ ရှေ့မှာချောင်းနေတဲ့ ရန်သူခြင်္သေ့တွေကို မမြင်ပဲ ဟန်ပါပါ၊ ခပ်ကြွားကြွား တလှမ်းချင်း လျှောက်လာနေတဲ့ ခေါင်းဆောင်ကျွဲကြီးရယ်၊ သူ့နောက်က တန်းစီပါလာတဲ့ အဖွဲ့သားတွေ ရယ်ကို ကြည့်ပြီး... ဟယ်...မျက်စိမကောင်းဘူးလား....။ မမြင်ကြဘူးလား...။ အနံ့မရကြဘူးလား...။ ဒါမှမဟုတ် မကြောက်လို့ပဲလား... စသဖြင့် တစ်ယောက်ထဲ ပါးစပ်က အားမလိုအားမရ အော်နေမိတယ်။

အဲဒီမှာ ခေါင်းဆောင်ကျွဲကြီးကလျှောက်လာနေရင်း ရန်သူကို ရုတ်တရက်ဆိုသလို ဗြုန်းကနဲ တွေ့သွားတဲ့အခါ တုန့်ကနဲ ရပ်လိုက်တယ်။ အခြေအနေမကောင်းမှန်းသိတဲ့ အခါ နောက်ပြန်လှည့်ပြေးတယ်။ ရန်သူဆိုတာလည်း လျှော့တွက်လို့ မရတဲ့ ခပ်လည်လည်တွေလေ။ အကောင်ကြီး ကို ကျော်ပြီး တကယ်ပိုင်မဲ့ အကောင်သေးလေးကို ၀ိုင်းပြီး ခုန်အုပ်ကြတယ်။ ခုန်အုပ်လိုက်တဲ့ အခါ အရှိန်လွန်ပြီး ရန်သူတွေရော ကျွဲသားလေးပါ အနီးက မြစ်ထဲကို ကျသွားရှာတယ်။ ကိုရွှေခြင်္သေ့တွေအားလုံး ရေထဲက ကျွဲလေးကို ဆယ်ဖို့ အားကြိုးမာန်တက် ၀ိုင်းဝန်းကြတာပေါ့။ တချို့က ရေထဲကနေ ပင့်တင်ပေးတယ်။ တချို့ကအပေါ်ကနေ ဆွဲယူပေးတယ်။ ကျွဲလေးကလည်းတတ်နိုင်သမျှ ဟိုရုန်း ဒီရုန်းပေါ့။ ကြည့်နေရတဲ့ စုချစ်မှာတော့ စိတ်မကောင်းခြင်းများစွာနဲ့..... သွားပါပြီ...ကျွဲလေးတော့ သေရှာပြီ။ ဒီကောင်တွေ ပါးစပ်ထဲမှာ အသက်ပျောက်ပြီပဲ ထင်လိုက်မိတယ်။ မျက်စိတဖက်မှိတ် တဖက်ဖွင့်နဲ့ မကြည့်ရဲ ကြည့်ရဲ၊ အသဲတလှပ်လှပ်၊ ရင်တခုန်ခုန်ပေါ့။

အဲ....အဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့ ရန်သူက တဖက်ကနေဗြုန်းဆို ပေါ်လာပြန်ရော။ အဲဒါကတော့ ရေထဲက အလစ်လာဆွဲတဲ့ ကိုရွှေမိချောင်းမင်းပေါ့။ ဦးခြင်္သေ့တွေက အပါးသားလား။ မိချောင်း လာဆွဲတာလည်းမြင်ရော၊ ရေထဲဆင်းပြီး အပေါ်ပင့်ပေးနေတဲ့ အကောင်ကပါ ဗြုန်းဆို ကုန်းပေါ်ခုန်တက်သွားတာပါပဲ။ သူတို့က ကိုယ့်အန္တရယ်တော့ ကိုယ်သိလိုက်သမှ...ပါးလို့၊ လှပ်လို့။ ဒါနဲ့...ဦးခြင်္သေ့တွေအားလုံး အင်တိုက်အားတိုက် မလျှော့တမ်း ကျွဲလေးကို ကုန်းပေါ်ကနေ ၀ိုင်းဆွဲကြသော်လည်း ကျွဲလေးရဲ့ခြေထောက်က မိချောင်းပါးစပ်ထဲတောင်ရောက်နေပါပြီ။ စုချစ်မတော့....အား...သေပါပြီလို့ မျက်လုံးစုံမှိတ်အော်မိတယ်။ ကိုယ့်ခြေထောက်တဖက်ကို တယောက်ယောက် လာဆွဲနေသလို တောင်ခံစားမိတယ်။ ကျွဲလေးကလည်း မခေပါဘူး။ ဘယ်ရန်သူက သူ့အတွက် အန္တရယ်ပို ကြီးလည်းဆိုတာ သူကဒက်ကနဲသိပြီးသား။ ဒီတခါ သူကပါ အပေါ်က ဦးခြင်္သေ့တွေ ဆွဲခေါ်ရာကို အားစိုက်ပြီး ရုန်းပေးတယ်။၊ ကိုမိချောင်းပါးစပ်ကလွတ်ဖို့က ပိုအရေးကြီးတာ သူသိနေတယ်။ ဒီလိုနဲ့ ကိုမိချောင်းကြီး ရှုံးပြီး ဦးခြင်္သေ့တွေ ဆွဲခေါ်ရာ ကုန်းပေါ်ကို ကျွဲသားလေး ပါလာတယ်။ ကိုမိချောင်းပါးစပ်က လွတ်လို့ သူ့အတွက် စုချစ် မပျော်နိုင်ဘူး။ အရာကြီးလက်က လွတ်ပေမဲ့၊ ကုလားကြီးလက်ထဲမှာ နင့်ဘ၀ ဘယ်လိုလုပ်မလဲကွဲ့ လို့ မစုချစ်တစ်ယောက်ထဲ စိတ်ပျက်လက်ပျက် ညည်းတွားနေမိတယ်။

ဟေ့.....ဇာတ်လမ်း မဆုံးသေးဘူးဗျ...။ ခုမှ ဇာတ်လမ်းက အထွတ်အထိပ်ကိုရောက်တာ။ အဲဒီအချိန်မှာ တဖက်ကနေ အပြေးကလေး အုပ်စုလိုက်ကြီး ပြန်လာကြတဲ့ ကျွဲခေါင်းဆောင်နဲ့ အဖွဲ့ကို မထင်မှတ်ပဲ မြင်လိုက်ရတော့.....ရွှေစုချစ်တို့လည်း ခုန်ဆွခုန်ဆွ နဲ့ ဝေး...၀ါး...ဆိုပြီး...ထအော်တော့တာပဲ။ ကျွဲတွေအားလုံးက ဦးခြင်္သေ့တွေကို ၀ိုင်းပြီးခြောက်လှန့်ဖို့ ကြိုးစားကြတယ်။ သူတို့အားလုံး အဲဒီနားမှာ ဦးခြင်္သေ့တွေကို ၀ိုင်းရံထားလို့။ ဦးခြင်္သေ့တွေလည်း အခြေအနေမဟန်ဘူးဆိုတာ သဘောပေါက်လာကြပုံပါပဲ။ သို့သော်လည်းပေါ့လေ...သူတို့ ခြင်္သေ့ကုပ်၊ ခြင်္သေ့ခဲ လုယူထားရတာကို လွယ်လွယ်နဲ့ လက်လွှတ်ရမှာလည်း လိုလားပုံမရကြဘူး။ ဦးခြင်္သေ့တွေက ဆရာကြီးတွေနော်...။ ဒီလောက်ကျွဲအုပ်စု အများကြီး ၀ိုင်းရံခံနေရတာကို ချက်ချင်းထွက်မပြေးကြဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ သူတို့သားကောင်နားမှာပဲ ရစ်ဝဲနေကြတုန်း။ သူတို့ရဲ့ တောဘုရင်ဆိုတဲ့ မာနလည်း ပါမှာပေါ့လေ။ ငါတို့လိုကောင်မျိုးက နင်တို့ကို ကြောက်စရာလားလို့ပေါ့။ ဒါပေမဲ့..ဦးခြင်္သေ့ရယ်....နင်က မတရားလုပ်နေတဲ့လူလေ...။ မတရားလုပ်တဲ့ သူဆိုတော့ နင်တို့ အခု ကြောက်ရတော့မှာပေါ့ဟဲ့။

ဟ...ဟ...ကြည့်နေရင်း...စိတ်ရှည်ဟန်မတူတဲ့ ကျွဲခေါင်းဆောင်က ထွက်လာပြီး တစ်ကောင်သော ဦးခြင်္သေ့ကို ချို နဲ့ ကော်ချပလိုက်တယ်။ နောက်က ကျွဲတွေက ထွက်ပြေးတဲ့ သူနောက် မလွတ်တန်းလိုက်ကြတယ်။ မစုချစ်တို့လည်း လူကြမ်းကိုချနေတဲ့ ဂျိမ်းစဘွန်းမင်းသားကို အားပေးနည်းအတိုင်း...ဟုတ်ပြီကွ၊ ချပေး...လိုက်...စသဖြင့် လက်သီးလက်မောင်းတန်း အော်တော့တာပေါ့။ အဲဒီမှာ ဦးခြင်္သေ့တို့ အုပ်စုလည်း အခြေစပျက်တာပဲ။ ခုချိန်ထိ လက်ဝါးကြီးနဲ့ အုပ်ထားတဲ့ ကျွဲသားလေးကို မလွှတ်ချင်လွှတ်ချင်နဲ့ ပေးလိုက်ရတယ်။ စုချစ်က ကျွဲသားလေးကို သေနေပြီလား၊ လမ်းမလျှောက်နိုင်တော့ဘူးလားထင်နေတာ။ ကျွဲသားလေးလည်း ရုန်းကန်ပြီး မရရအောင်ထလာတာမြင်ရလို့ ဟေး...လို့ လက်ခုတ်လက်ဝါးတီးပြီး အားပေးမိတယ်။ ကျန်တဲ့ ဦးခြင်္သေ့တို့ အဖွဲ့လည်း တစ်ကောင်ပြီး တစ်ကောင် ငြောင်းကြပေါ့။ ဟူး...မောလိုက်တာ။ ပြီးတော့ ပျော်လိုက်တာ။

ဒီလို သတ္တိရှိရှိ စည်းလုံးညီညွတ်ကြရင် ဘယ်ရန်သူများ ရည်ရှည်ခံနိုင်မှာလည်းကွယ်။

စုချစ်
၂၂.၀၆.၂၀၀၈
ညနေ ၅နာရီ၁၅မိနစ်

RIT Burma mail group မှ ဦးဝင်းမြင့် ပို့ထားတဲ့ YouTube movie လေး ပါ။

2 comments:

လင်းလင်း said...

ဒီမိုကရေစီအရေးလှုပ်ရှားနေကြတဲ့... သွေး သောက်တွေအားလုံးကြည့်သင့်တဲ့အရာ ပါဘဲ....

lin lin said...

ဒီမိုကရေစီအရေးလုပ်ဆောင်နေတဲ့ သွေးသောက်တွေအားလုံးကို မျှဝေ ပေး ကြည့်သင့်တဲ့ အရာဘဲ...