Friday, August 21, 2009

ဆရာကံချွန် (၁၉၄၆-၂၀၀၉)


ဆရာကံချွန် ကွယ်လွန်သွားပြီဆိုလို့ စိတ်မကောင်းဘူး။

တနေ့ကပဲ အမေစုသတင်းကို လျှပ်တပြက်ဂျာနယ်မှာဖတ်နေရင်း ဆရာကံချွန်ပုံလေးနဲ့ အင်တာဗျူးကို ဖတ်မိလိုက်သေးတယ်။ ဓါတ်ပုံကိုကြည့်တော့ တော်တော်လေးပိန်သွားတာမို့ စိတ်မကောင်း ဖြစ်နေမိတယ်။

အဲဒီမှာ အင်တာဗျူးတဲ့သူရဲ့ ထော်လော်ကန့်လန့်မေးခွန်းတွေကို ကိုယ်ကစိတ်ပျက်စွာဖတ်ရင်း နောက်ဆုံးဖြေခဲ့တဲ့ ဆရာ့အဖြေကို အတော်လေး နှစ်ခြိုက်မိပါရဲ့...

မေး - ဆရာကံချွန်တို့ရဲ့ ဟံသာဝတီသတင်းစာခေတ်၊ လူထုသတင်းစာခေတ်အကြောင်း ဆရာကံချွန်ဖြတ်သန်းခဲ့ရတဲ့ အခန်းဂဏ္ဍနဲ့ပတ်သက်ပြီး ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်လေးတွေ သိချင်ပါတယ်ဆရာ။
ဖြေ- အဲဒါအရှည်ကြီးပဲဗျ။ သတင်းထောက်တွေစုပြီး စာအုပ်တစ်အုပ်ထုတ်ကြည့်။ ဟံသာဝတီကောပေါ့။

ဆရာ့ရဲ့ ဘနဲ့ဘွားစွာရယ်၊ ကျော်မင်းဟန်ရယ်ကတော့ ကိုယ်ဘယ်တော့မှ မေ့နိုင်မဲ့ဇာတ်ကောင်တွေမှုတ်ပါဘူး။

ဆရာရဲ့ “ကာတွန်း ကံချွန် တကိုယ်တော်ပြပွဲ ၂၀၀၉” ကျင်းပခဲ့တဲ့ နောက်ဆုံးနေ့. (၂၀-၀၈-၂၀၀၉).. ပွဲပြီးတဲ့နေ့မှာဘဲ ဆုံးသွားခဲ့သတဲ့။

မသေခင်အချိန်ထိ အနုပညာကို ချစ်မြတ်နိုးစွာ ဖက်တွယ်သွားသူ ဆရာကံချွန် ကောင်းရာသုဂတိမှာ ငြိမ်းချမ်းနိုင်ပါစေ...

3 comments:

ကိုပေါ said...

ကြားရတာ စိတ်မကောင်းပါဘူး။ ဆရာကံချွန်ရဲ့ ၀တ္ထုစာအုပ် တအုပ်ရှိတယ်။ ခေါင်းစဉ်က ခေတ်ကျောင်းသား ထင်တယ်။ အရမ်းဖတ်လို့ကောင်းတယ်။

အဲဒီဝတ္ထုထဲမှာ ပါတဲ့ ဇာတ်ကောင်တကောင်ဟာ ဆယ်တန်းတဘုန်းဘုန်းကျနေတဲ့ သူ့သူငယ်ချင်းအိမ်ကို သွားလည်တဲ့အခန်းပါတယ်။ အိမ်ရှေ့ရောက်တော့ အဲသည်သူငယ်ချင်းရဲ့ အဖေ ဦးတိုးက စက်ဘီးပြင်နေတယ်။ အဲဒီအချိန်မှာ အပေါ်ထပ်က သူ့သူငယ်ချင်းရဲ့ စာကျက်သံက ပျံ့လွင့်လာတယ်။

“တစ်ထောင့်သုံးရာပြည့်…. တစ်ထောင့်သုံးရာပြည့်…. တစ်ထောင့်သုံးရာပြည့်…. အရေးတော်ပုံကြီ်း…. အရေးတော်ပုံကြီးသည်….သခင်…သခင်…သခင်…”

အဲဒီနေရာအရောက် အိမ်ရှေ့မှာ စက်ဘီးပြင်နေတဲ့ အဖေဖြစ်သူ ဦးတိုးက “ဖိုးလှကြီး” ….လို့ ကုန်းအော်လိုက်တယ်။ အပေါ်ထပ်က စာအံသံ ခဏတိတ်သွားတယ်။

သွားလည်တဲ့ သူငယ်ချင်းက ရီချင်သွားတယ်။ ဒါပေမယ့် ထိန်းလိုက်ပြီး ဦးတိုးကို “အမယ်၊ ဦးက ဘယ်ဆိုးလို့လဲ” လို့ ပြောလိုက်တော့ အဖိုးကြီးက ပြန်ဖြေတယ်။

“ဒီကောင် ဆယ်တန်းကို လေးနှစ်ရှိပြီ။ ဒီစာကို ကျက်နေတာ အခုထိ မရသေးဘူး။ ဘေးပတ်ဝန်းကျင်အိမ်တွေက ကလေးတွေတောင် သူ့စာကျက်သံနားထောင်ပြီး ဆယ်တန်းအောင်သွားတဲ့ ကလေးတွေ ဘယ်နှစ်ယောက်ရှိနေပြီလဲ။ ငါဝင်ဖြေရင်တောင် ဆယ်တန်းအောင်တော့မယ်” … လို့ ပြောတဲ့အခန်းတွေပါတယ်။

ကျူရှင်တွေအကြောင်းကို ဖော်ပြတာလည်း အပီ ပီပြင်တယ်။
(အတိအကျ မှတ်မိတာမဟုတ်လို့၊ မှတ်မိသလို ဖော်ပြလိုက်တာပါ။)

မေဓာဝီ said...

ဆရာကံချွန်နဲ့ တခါတုန်းက မန္တလေးမှာဆုံဖူးတယ်။
သူ့ အိမ်မှာလုပ်ထားတဲ့ ပန်းချီခန်းကလေးကို သွားကြည့်တာပါ။ ဆရာ့ညီ ကာတွန်းဦးဗိုမောင် လိုက်ပို့ပေးလို့။
ဆရာ့ကာတွန်းတွေကိုချစ်တယ်။
ဘ-ဘွားစွာ၊ ကိုပါရာ၊ ကျော်မင်းမောင် ဇာတ်ကောင်လေးတွေကို ခုထိစွဲလမ်းမိတုန်း။
ဆရာကောင်းရာသုဂတိလားပါစေ ...။

မေဓာဝီ said...

ညီမရေ
နေကောင်းရဲ့လား ...
အသစ်မတင်တာ ကြာလို့ လာချောင်းတယ်။

အစစအဆင်ပြေပါစေ ..