Friday, October 23, 2009

လူကြီးသူမများနှင့် နေထိုင်ခြင်း

လူကြီးသူမများနှင့် နေထိုင်ခြင်း

တချို့ကပြောကြတယ်။ အဘိုးအဘွားနဲ့ နေခဲ့ရတဲ့သူတွေဟာ ကံကောင်းတဲ့သူတွေ တဲ့။ သာဆိုရင် ကိုယ်ကတော့ ကံကောင်းတဲ့ အထဲမှာ ပါနေတဲ့သူလို့ ပြောရမယ်။ အဖေ့ဘက်က အဘိုးအဘွားကို မမြင်ဖူးလိုက်ပေမဲ့ လူမှန်းသိတတ်စကတဲက အမေ့ဘက်က အဘိုး၊ အဘွားနဲ့ အတူနေ ကြီးပြင်းလာခဲ့ရတယ်။

ကံကောင်းတာကတော့ ရှေးစကားတွေ ကြားရသာပေါ့လေ။ အမေကြီးတို့ဘက်က စကားပြောရင် စာသံပေသံ၊ ကာရန်နဘေနဲ့ ပြောတတ်တယ်။ အမေကြီးရဲ့ အမေ ဘွားဘွားကြီးကိုလည်း မှီလိုက်သေးတယ်။ ကိုယ့်အသက် ၈နှစ်လောက်မှ ဘွားဘွားကြီး အသက် ၉၈နှစ်မှာ ဆုံးသွားခဲ့တာ။ ဘွားဘွားကြီးကလည်း စကားကို ကာရန်နဘေနဲ့ ပြောတာပဲ။ သူ့သားမက် အဖေကြီးက လျက်ဆားတွေစားပြီး အီးအရမ်းပေါက်တာပဲ။ နေ့လည် နေ့ခင်း ထမင်းစားပြီး အဖေကြီး၊ အမေကြီးက အိမ်အပေါ် ထပ် မှာ တရေးတမော အိပ်နေကြတာကို... မောင်တော် နှမတော် စက်တော်ခေါ် အီးတော် ဖင်က တဘွတ်ဘွတ် လို့... ကိုယ်တို့ မြေးတွေနဲ့ ၀ိုင်းဖွဲ့စကားပြောရင်း ဘွားဘွားကြီးက စာစပ်ပြီး အတင်းတုတ်တယ်။ ပြီးရင် သူစပ်တဲ့စာလေး သူ့ဘာသာသဘောကျပြီး တခွိခွိနဲ့ ရယ်တော့သာ။

ပြီးရင် ကိုယ်တို့ မောင်နှမ၄ယောက်က အထူးအဆန်း ကစားနည်းမျိုးစုံနဲ့ ကစားကြသယ်။ အဲသာကို ဘွားဘွားကြီးက ထူးပေသည် ဆန်းပေသည် ဦးရွှေစံမြေးတွေသည် လို့ စာစပ်တယ်။ ဆုံးသွားတဲ့ သူ့ယောက်ျား ဘိုးဘိုးကြီးနံမည်က ဦးစံကိုး။ သူ့ယောက်ျားနံမည်လေးပါ ပါအောင် စပ်ရှာတာ။ နောက်တော့ ဘွားဘွားကြီး မတော်တဆ ခြေထောက်ကျိုးပြီး အိပ်ရာထဲလဲ... အဲသာကနေ မထနိုင်တော့ပဲ ဆုံးသွားခဲ့တယ်။ ဆုံးတာလည်း ညင်ညင်သာသာပဲ... အဲဒီနေ့နံနက်က သူ့ဘာသာ အိပ်ရာကနေ မနိုးတော့တာ။

အဖေကြီးကတော့ စိတ်အရမ်းတိုတတ်တဲ့သူ။ စိတ်လဲကောက်တတ်တယ်။ သူ့သားသမီးတွေ၊ မြေးတွေကို ဘယ်သူ့ကိုမှ နံမည်မခေါ်ဘူး။ ကလေးလို့ဘဲ ခေါ်တယ်။ ညဖက်စာကျက်နေတဲ့ ကိုယ်တို့တွေ မအိပ်မချင်း ခဏခဏ ထကြည့်တတ်တဲ့သူ။ ပြီးရင် သူက သူနဲ့ အတူလာအိပ်ခိုင်းတတ်တယ်။ အဖေကြီးက အီးတဘူဘူပေါက်တဲ့သူမို့ ကိုယ်တို့တွေ ဘယ်သူမှ သူနဲ့ အိပ်ချင်ကြဘူး။ ပြီးရင် ည ဘယ်လောက် ညဥ့်နက်နက် မနက် ၃နာရီဆို ဘုရားရှိခိုးဖို့ ထတာပဲ။ ပရိတ်ကြီး ၁၁သုတ်၊ ဓမ္မစကြာ၊ ပဋ္ဌာန်း ရှိသမျှ အကုန်ရွတ်တာပဲ။ ရွတ်ပြီး ၅ခွဲ၊ ၆လောက်မှ ပြန်အိပ်တာ။

သူက ကိုယ်တို့ အကစားမက်တာကို မကြီုက်ဘူး။ အဲဒီတော့ သူ့ရဲ့ ရှိသမျှ နှုတ်လို့ရသဲ့ အမွှေးမှန်သမျှ (နှာခေါင်းမွှေး၊ မုတ်ဆိတ်မွှေးစတာတွေကို) မွှေးညှပ် တချောင်းနဲ့ နှုတ်ခိုင်းတော့တာပဲ။ မရှိတော့ပါဘူး... ကုန်နေပီပြောလဲ မရဘူး။ အသားထဲ စိုက်ဝင်နေသာကို အတင်းစမ်းပြီး ဒီမှာ ရှိသေးတယ်... ရအောင်နှုတ်လို့ လုပ်တတ်တယ်။ ကံကောင်းချင်တော့ သူက အသက် ၅၀လောက်ကတဲက ဇာကနာလို ဂတုံးတုံးပြီးနေတဲ့သူ။ အဲသာကြောင့် ဆံပက်ဖြူနှုတ်ရတော့ သက်သာသွားတယ်။ အမွှေးနှုတ်လို့ ကုန်ရင် နင်းရတယ်။ မပြီးနိုင်မစီး နိုင် တမေ့တမောကြီးပဲ နင်းနေရတာ... ငယ်တုန်းက သိပ်စိတ်ညစ်ခဲ့တာပေါ့။ သာပေမဲ့ သူ့စိတ်ကြိုက် လုပ်ပေးပြီးသွားရင် မုံ့ဖိုးကိုတော့ မြိုးမြိုးမြက်မြက်လေး ပေးလေ့ရှိတယ်။ အဖေကြီးက ၂၀၀၄ခုနှစ် အသက် ၁၀၁နှစ်မှာ ကွယ်လွန်သွားခဲ့တယ်။

အမေကြီးက ငယ်ငယ်လေးနဲ့ အသက် ၁၇နှစ်မှာ အိမ်ထောင်ကျခဲ့လို့ ဆုံးခန်းတိုင် စာမသင်ခဲ့ရပေမဲ့ အရမ်းခေတ်မှီတယ်။ သတင်းစာဆို နိုင်ငံတကာသတင်းနဲ့ နိုင်ငံရေးသတင်းတွေကိုမှ အရင်ရွေးဖတ်တဲ့သူ။ ပြီးတော့ သူက သူ့မြေးတွေရဲ့ သာမည စွမ်းဆောင်ချက်လေးတွေကို သဘောတကျနဲ့ ဘယ်လို အသိအမှတ်ပြုပေးရမယ်ဆိုတာ နားလည်တဲ့သူ။ အမေကြီးက အနုပညာ အာရုံခံစားမှုလည်းကောင်းတယ်။ စာသံပေသံ ကာရန် နဘေနဲ့ ပြောတတ်သူဆိုတော့ ကဗျာလည်းဝါသနာပါတယ်။ ကိုယ်ကျောင်းတုန်းကရေးခဲ့တဲ့ ကဗျာစာအုပ်လေးတွေကို သူက ယုယုယယနဲ့ သိမ်းထားတတ်တဲ့သူ။ ကိုယ်ဆွဲတဲ့ ပန်းချီကားတွေကို သေချာသိမ်းထားပြီး ဧည့်သည်လာတိုင်းထုတ်ကြွားတဲ့သူ။ ကိုယ်ထိုးပေးတဲ့ သိုးမွှေးတဘက်ကိုမှ အကောင်းလုပ်ပြီး ကုသိုလ်ရအောင် ဘုရားရှိခိုးတိုင်း ခြုံတတ်တဲ့သူ၊ ကိုယ်ချုပ်ပေးတဲ့ အဘွားကြီးအင်္ကျီလေးကို ဘယ်လောက်ဟောင်းဟောင်း မမေ့မလျော့ ထုတ်ဝတ်တတ်တဲ့သူ။ အမေကြီးက အခုလာမဲ့ ဒီဇင်ဘာမှာ အသက် ၉၉နှစ်ပြည့်မယ်။ သူ့အတွက် ထူးထူးခြားခြား အလှူလေးလုပ်မယ်လို့ စဉ်းစားထားတယ်။

ရှေးလူကြီးတွေဆိုတော့ အဖေကြီး၊ အမေကြီးတို့နဲ့ နေရတာ အနေအထိုင်တော့ အတော် ကျဉ်းကြပ်ခဲ့တယ်။ စကားပြောတာတွေ ဆင်ခြင်ရတယ်။ ဇမ္ဘူဒီပါလက်ယာတောင်ကျွန်း သြဘာနမိတ်ထွန်းတဲ့။ ကျက်သရေမရှိ၊ မင်္ဂလာမရှိတဲ့ စကားမျိုးမပြောရဘူး။ ဒုက္ခပါပဲ၊ သေတော့မှာပဲ၊ သေချင်တယ်၊ လုပ်ကြပါဦး ... စတဲ့ ... စတဲ့ စကားမျိုးလုံးဝမပြောရဘူး။ မတော်တဆ ပြောမိရင် အဲသာ အဆူကောင်းကောင်းခံရပြီပဲ။ အလန့်တကြား အာမေဋိတ်တောင် မလုပ်ရဘူး။ ဆံပင်ကို ဖါးလျားမချရဘူး။ စည်းထား၊ ထုံးထားရတယ်။ ဖားလျားချတာ အပူသည်တွေလုပ်တာတဲ့။ ပြီးတော့ အမြဲလဲ အုန်းဆီရွှဲနေအောင်ထည့်ရသယ်။ ဆီမရှိတဲ့ ပြောင်းဖူးမွှေးဆံပင်က ဆင်းရဲသားတွေတဲ့။

ဘုရားစင်ရှေ့ အကြောင်းမရှိပဲ မသွားရဘူး။ ခြေဆင်းမထိုင်ရဘူး။ ဒူးပေါ်မေးမတင်ရဘူး။ မေးမထောက်ရဘူး။ ခါးမထောက်ရဘူး။ ခြေမချိတ်ရဘူး။ မပြေးရဘူး။ ခြေနင်းမကြမ်းရဘူး။ မီးဖိုချောင်ထဲ ဟင်းချက်ရင်း သီချင်းမညည်းရဘူး။ မိန်းမကောင်းဆိုတာ သွား၎ချောင်းပဲ ပေါ်အောင်ပြုံးတတ်ရမတဲ့။ ထမင်းစားရင် ပန်းကန်ပြောင်အောင်မစားရဘူး။ ပြတ်ပြတ်မမြည်ရဘူး။ ထမင်းစားရင်း စကားမပြောရဘူး။ စတာ... စတာတွေ အများကြီးပဲ။ အ၀တ်အစားနဲ့ ပါတ်သက်လို့တော့ လက်ပြတ်မ၀တ်ရ၊ လည်ဟိုက်မ၀တ်ရ၊ ထမီအင်္ကျိပြောင် အနီ၊ အနက် မ၀တ်ရတဲ့။

အမေကြီးက ယောက်ျားတွေဟာ မိန်းမတွေထက် မြင်ြ့မတ်တယ်လို့ ယုံကြည်တယ်။ အိမ်မှာ ယောက်ျား၊ မိန်းမ ရေချိုးခန်းခွဲထားတယ်။ အဖေကြီး ရေချိုးရင်သုံးတဲ့ ရေခွက်၊ ဆပ်ပြာ၊ သတ်သတ်ခွဲထားရတယ်။ မိန်းမတွေ ယူမသုံးရ။ ယောက်ျားလေးတွေလာလည်ရင် ဘယ်လောက် ငယ်ငယ် အမေကြီးက သူအမြင့်မှာ ထိုင်နေရင် ချက်ချင်း ထပြီး ဖယ်ပေးတယ်။ အိမ်ကို ကိုယ်တို့ သူငယ်ချင်း ယောက်ျားလေးတွေ လာလည်လို့ အချင်းချင်းပြောင်နောက်ပြီး ကောင်စုတ်လို့ ပြောမိရင်၊ ခြေထောက်နဲ့ရွယ်မိရင် အမေကြီးက ကိုယ့်နဖူးကို ဒေါက်ကနဲ ခေါက်လိုက်တာပဲ။ ယောက်ျားလေးတွေကို ဘာလို့ မရိုမသေလုပ်ရတာလဲတဲ့။ အဲသာများ အခု မေမေလည်း အဲသလို အတူတူပဲ။ အဲသာကြောင့် သူငယ်ချင်းတွေက ကိုယ့်ကို စိတ်မဆိုးဆိုးအောင်စ... ကိုယ်ကစိတ်ဆိုးလို့ တခုခု လုပ်မယ်ကြံရင်... ဒီမှာ အန်တီ... အနော်တို့ကို ကောင်စုတ်လို့ ပြောပါတယ်။ ခြေထောက်နဲ့ရွယ်ပါတယ်လို့ တိုင်ကြတယ်။

ကိုယ်တို့ မောင်နှမတတွေ တခုခု မဟုတ်တာလုပ်ရင် အဖေကြီးက စိတ်တိုတတ်သူပီပီ တွေ့ရာတုတ်တချောင်းနဲ့ဆော်လေ့ရှိပြီး၊ အမေကြီးကတော့ မသိသလို တရားစောင်း ဟောလေ့ရှိတယ်။ သူဟောတဲ့ တရားစောင်းက များသောအားဖြင့် လူကြီးစကားနားမထောင်လို့ နောင်ဘ၀ ချေးကြုံးတဲ့ အမျိုးမှာ ၀င်စားတတ်တယ်ဆိုတာနဲ့ အဆုံးသတ်လေ့ရှိတယ်။ အထူးသဖြင့် အဆူခံရတာတွေကတော့ မောင်နှမတွေ ရန်ဖြစ်ကြလို့ရယ်၊ စကားအကျယ်ကြီးပြောမိတာတွေရယ်၊ အာပြဲကြီးနဲ့ ရီမိတာတွေပေါ့။ အမေကြီးက ပြောတယ်။ မိန်းကလေးဆိုတာ ချစ်သနားဖွယ်လေးဖြစ်အောင် နေတတ်၊ ထိုင်တတ်၊ ပြောတတ်၊ ဆိုတတ် ရတယ်တဲ့။ ခုတော့ နင်တို့စကားပြောနေကြတာ နားထောင်ရတာ ဘာကိုမှ နားမလည်ဘူး။ ခွေးတွေ ၀ိုင်းကိုက်နေကြသလိုပဲတဲ့လေ။

အခု... ဒီစည်းကမ်းတွေ ပြောပြလို့ ဒေါ်စုချစ်တို့ အဲသလို လိုက်နာတယ်လို့တော့ မထင်ကြပါနဲ့။ ဟီး...။ အဖေကြီး၊ အမေကြီးတို့ သွန်သင်သလို တသွေမတိမ်းဖြစ်မလာခဲ့ပေမဲ့၊ အဖေကြီး အမေကြီးတို့ ဆိုဆုံးမခဲ့တာလေးတွေကိုတော့ ခုထိ မမေ့မလျော့ နားထဲကြားယောင်ဆဲ... သူတို့ ကိုယ့်နားမှာမရှိပေမဲ့ သူတို့မကြိုက်တာလေးတွေ လုပ်မိရင် အလိုလို စိတ်ထဲ တွန့်တွန့်သွားနေဆဲဆိုတာတော့ ၀န်ခံရပါမယ်။

ဘွားဘွားကြီး၊ အဖေကြီး၊ အမေကြီးတို့ကို ဤစာဖြင့် ရိုသေစွာ ကန်တော့လိုက်ပါတယ်။

**************************

7 comments:

Shinlay said...

ကျမရဲ့ အဖွားကိုသတိရမိတယ်။

Sonata Cantata said...

စုချစ်ရေ..တို့ ဘိုးဘွားတွေ အသက်ရှည်ကြတယ်...အရင်းစစ်တော့ သူတို့မှာ မှတ်ကျောက်တင်ခံနိုင်တဲ့ သီလနဲ့ ပြည့်စုံတယ်...တို့များမျိုးဆက် အတွက်ကတော့ တို့များဝန်တာ...သူတို့စံ မမီနိုင်တော့...သူတို့လို အသက်ရှည်ဖို့ကလည်း ... အင်းးးး(အင်းရှည်ကြီးနဲ့ပဲ တို့လို့တန်းလန်း ပြန်သွားပါပြီ)

ဂျူနို said...

စုချစ်သူရေ
ရှေး အယူ အဆလေးတွေ ကိုယ် လက်မခံနိုင်တာရှိကောင်း ရှိမယ်နော်။ ဒါပေမဲ့ အဖိုး အဖွားတွေရဲ့  ချစ်ချင်းမေတ္တာ ရရတာ ရှေးဟောင်းနှောင်းဖြစ်လေးတွေ သိရတာ တော်တော် ကံကောင်းပါတယ်။

မအယ်တို့တွေဆို တက္ကသိုလ်ရောက်တဲ့ထိပဲ အားတဲ့ခါ ဖေဖေတို့  ကျောင်းက အစောင့် ဘဘကို ခေါ်ခေါ်ပြီး စကားပြောရတာ။

သူပြောပြမှ ဂျပန်ခေတ်က ဘယ်လို နဲ့ အမျိုးမျိုးကြားဖူးရတော့တာပဲ။


မအယ်တို့က အဖိုးအဖွားတွေနဲ့ ရော ဆွေမျိုးတွေနဲ့ ရော အနေဝေးကြတယ်။

စုချစ်သူ အဖွားက စာချိုးလေးနဲ့ စာသံပေသံ ဟန်နဲ့ စကားပြော တာ ချစ်စရာပဲ။

အသက်တွေလည်း ရှည်ကြတယ်နော်။ အားကျ စရာ ကောင်းလိုက်တာ။

မအယ်

ဂျူနို said...

စုချစ်သူရေ
ရှေး အယူ အဆလေးတွေ ကိုယ် လက်မခံနိုင်တာရှိကောင်း ရှိမယ်နော်။ ဒါပေမဲ့ အဖိုး အဖွားတွေရဲ့  ချစ်ချင်းမေတ္တာ ရရတာ ရှေးဟောင်းနှောင်းဖြစ်လေးတွေ သိရတာ တော်တော် ကံကောင်းပါတယ်။

မအယ်တို့တွေဆို တက္ကသိုလ်ရောက်တဲ့ထိပဲ အားတဲ့ခါ ဖေဖေတို့  ကျောင်းက အစောင့် ဘဘကို ခေါ်ခေါ်ပြီး စကားပြောရတာ။

သူပြောပြမှ ဂျပန်ခေတ်က ဘယ်လို နဲ့ အမျိုးမျိုးကြားဖူးရတော့တာပဲ။


မအယ်တို့က အဖိုးအဖွားတွေနဲ့ ရော ဆွေမျိုးတွေနဲ့ ရော အနေဝေးကြတယ်။

စုချစ်သူ အဖွားက စာချိုးလေးနဲ့ စာသံပေသံ ဟန်နဲ့ စကားပြော တာ ချစ်စရာပဲ။

အသက်တွေလည်း ရှည်ကြတယ်နော်။ အားကျ စရာ ကောင်းလိုက်တာ။

မအယ်

သက်ဝေ said...

ညီမ...
ဒီပိုစ့်ကို ဖတ်ပြီးပြီ... မှတ်ချက်ကို နောက်မှ တခေါက်လာထပ်ရေးမယ်နော်...
အခုကတော့ Tag ထားကြောင်း လာပြောတာပါ...
ကမ္ဘာပျက်ခါနီး တလအလို တဲ့...

မဆုမွန် said...

စုချစ်သူရေ ဒီပို့စ်လေးကို နှစ်ခါပြန်ဖတ်မိတယ် ဖတ်ရင်းလည်း စုချစ်သူလေးရဲ့ ဘွားဘွားကြီးကို ချစ်တဲ့စိတ်နဲ့ ပြုံးမိတယ်.. စာရေးကောင်းတယ် မျက်စိထဲကို မြင်ယောင်တယ်.. လာအားပေးနေမယ်နော်

စုချစ် said...

မရှင်းလေး၊ မမသီတာ၊ မအယ်၊ မသက်ဝေ၊ မဆုမွန်...
အားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်...
း-)