ဘာဖြစ်လို့လဲ... ရုံးမှာအလုပ်တွေ မနိုင်မနင်းများနေလို့လား၊ ဘော့စ် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကတောက်ကဆဖြစ်သလား၊ သားသမီးတွေက ပြောစကားနားမထောင်လို့လား၊ စာမေးပွဲကျလို့လား၊ ကိုယ့်လူကြီးမိဖ တစ်ယောက်ယောက်နေမကောင်းဖြစ်နေလို့လား၊ ယောက်ျားနဲ့ အဆင်မပြေလို့လား၊ ငွေရေးကြေးရေးပူစရာရှိသလား၊ ကိုယ်ကိုယ်တိုင် နေထိုင်မကောင်းဖြစ်နေသလား... စတာတွေ မေးကြည့်တော့ ..ဟင့်အင်း... ခါတိုင်းလို.. ပုံမှန်ပဲ... ဘာမှ မထူးခြားဘူး... ရုတ်တရက် ဖီလင်က ဖြစ်လာတာ... နေရတာ မပျော်တာ သက်သက်တဲ့...။ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်လာ မနက်စာပြင် ရုံးကိုလာ ရုံးအလုပ်တွေလုပ်၊ အချိန်တန် ရုံးဆင်းတော့ အိမ်ပြန်၊ ကလေးတွေ စာသင်၊ ယောက်ျားခူးခပ်ကျွေး၊ ပိတ်ရက်ကျတော့ အိမ်ရှင်း၊ ကိုယ့်ဘ၀အတွက် ဘာမှမလုပ်ရပဲ ဒီလို လည်ပတ်နေတာကြီးကို မုန်းလာ၊ ငြီးငွေ့လာ၊ ဘ၀ကြီးကို ပျင်းလာတာတဲ့.. နင်ကော အဲသလိုမဖြစ်ဘူးလားတဲ့။
ကိုယ်ကပြုံးနေလိုက်တယ်။ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မဖြစ်အောင်နေတယ်... ကိုယ့်ဘ၀ကိုယ် မပျင်းအောင်၊ စိတ်ဓါတ်မကျအောင် နေရတယ်လို့...။ တခါတလေ သူငယ်ချင်းတွေထဲကလည်း အဲသလို ပြောတာမျိုးတွေ ကြားရတတ်တယ်။ ပြီးတော့ ကိုယ်တို့က ကလေးမရှိတော့ နင်တို့ ၂ယောက်ထဲ နေရတာ မပျင်းဘူးလားလို့ မေးတာ ခဏခဏ ကြုံရတယ်။ သူ့မိန်းမနဲ့ ခဏခဏ စကားများတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကဆို ငါသာ နင်တို့လို ကလေးမရှိရင် ငါ့မိန်းမနဲ့ ကွဲတာကြာပြီတဲ့။
သူတို့ကို အသေးစိတ်တော့ ရှင်းပြမနေ၊ ဖြေမနေတော့ဘူးရယ်။ လူဆိုတာ ကိုယ့်ဘ၀အကြောင်းနဲ့ကိုယ်ဆိုတော့ကာ သူနဲ့ ကိုယ်နဲ့ ယှဉ်ပြီးပြောနေလို့မရဘူး။ ကိုယ်နေရတာ ပျင်းတိုင်း၊ စိတ်ညစ်တိုင်း သူများတွေလဲ အဲသလိုပဲနေမယ်လို့ ထင်နေမဲ့သူကိုလည်း နားလည်စွာနဲ့ ငြိမ်နားထောင်ပေးရတတ်တယ်။
တကယ်က ကိုယ်တို့ဘ၀မှာ ပျင်းချိန်တောင်မရှိဘူး။ ကိုယ်က ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာပါတယ်။ မျက်လုံးလေးမှိတ်ပြီး ငြိမ်နေချင်တဲ့သူမှုတ်ဘူး။ ပြီးတော့ ဘ၀မှာ ပုံမှန် အလုပ်တွေနဲ့ လည်ပတ်နေတဲ့ကြားထဲက စိတ်ဝင်စားစရာလေးတွေ၊ ကိုယ့်အတွက်၊ လောကအတွက် အကျိုးရှိမယ်ထင်တာလေးတွေကို လျှောက်လုပ်တတ်တယ်။
ပန်းချီဆွဲတယ်။ စာရေးတယ်။ သီချင်းဆိုတယ်။ အိမ်နားက ဒုံမင်းတီးတဲ့ အန်ကယ်ကြီးအိမ်မှာ စိတ်ရတဲ့နေ့ဆို ရှေးသီချင်းတွေသွားသွားဆိုကြ တီးကြတယ်။ အေးအေးဆေးဆေး လမ်းသလားချင်ရင် ယောက်ယောက်နဲ့ ၂ယောက်သား ဆန်တိုစာဖြစ်ဖြစ်၊ အိစ်ကုပ်မှာ ဖြစ်ဖြစ် လမ်းလျှောက်ကြတယ်။ ကျောက်ဆောင်မှာထိုင်၊ ပင်လယ်ရေတွေကြည့်ရင်း နေကြာစေ့ဝါးတယ်။ ပြီးရင် စက်ဘီးစီးတယ်။
ကုသိုလ်ရေးအတွက်ကတော့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္ဆသွားလုပ်ပေးတယ်။ တခါတခါ ဘာမှလုပ်စရာမရှိလို့ ပျင်းနေတယ်ထင်ရင် ဘုန်းကြီးကျောင်း ကုဋီတွေသွားဆေးတယ်။ ပိတ်ရက်တွေတရားကျောင်းမှာ တရားသွားထိုင်တယ်။ သူငယ်ချင်းအိမ်မှာ တရားစခန်းဖွင့်ရင် သူတို့ဆီ တရားသွားထိုင်တယ်။ ရံဖန်ရံခါ တရားနာတယ်။ အချိန်ရရင်တရားစခန်းတွေမှာ အကူလိုက်လုပ်ပေးတယ်။ ဘုန်းကြီးကျောင်း ၀က်ပေ့ခ်ျ၊ ပိုစတာ လုပ်တာ တာဝန်ယူထားတယ်။
ရုံးဗော်လန်တီယာအဖွဲ့ကနေ ကလေးတွေစာလိုက်သင်တယ်။ နေမကောင်းတဲ့ သူငယ်ချင်း၊ ဒါမှမဟုတ် သူတို့ မိဖတွေ ဆေးခန်းပြစရာလိုအပ်ရင် အကူလိုက်ပေးတယ်။ ဗိုက်ကြီးသည် သူငယ်ချင်းတွေ စားချင်တာလှမ်းပြောရင် ချက်ပြီးသွားပို့ပေးတယ်။ စီဗီရေးခိုင်းတဲ့သူ၊ အလုပ်စာကူရေးခိုင်းတဲ့သူတွေကို ကူညီတယ်။
ဖိုရမ်ထဲ စာရေးတယ်။ ဘလော့လေးလုပ်ထားတယ်။ ဂျီတော့နဲ့ ဟိုလူ ဒီလူတွေနဲ့ သူငယ်ချင်းတွေဖြစ်ကြ၊ နောက်ကြ၊ ပြောင်ကြတယ်။ စိတ်ဆိုးစရာတွေ မဖြစ်အောင် တတ်နိုင်သမျှရှောင်တယ်။
အဲဒီတော့ ကိုယ့်ဘ၀မှာ အလုပ်နဲ့ အိမ် ၂မျိုးထဲ မဟုတ်ပဲ စိတ်ဝင်စားစရာ၊ ပျော်စရာ၊ အကျိုးရှိမယ်လို့ ကိုယ်ယူဆထားတဲ့ အရာပေါင်းများစွာနဲ့ အားချိန်မရှိ လည်ပတ်နေလို့ ကိုယ့်ဘ၀ကြီးက တသမတ်ထဲ သွားနေတယ်လို့ မယူဆ၊ ပျင်းချိန်တောင်မရဘူး။
မြန်မာပြည်လွမ်းတာနဲ့ အိမ်ကလူကြီးမိဖတွေ သတိရတာကလွဲလို့၊ ဒီနှစ်ထဲ ကျန်းမာရေးကြောင့် စိတ်အနှာက်အယှက် အနည်းငယ် ဖြစ်ရတာလေးကလွဲလို့ ဘာမှ စိတ်ညစ်စရာမရှိ၊ ပျင်းချိန်မရ။
ယောက်ယောက်က ကိုယ်လျှောက်လုပ်သမျှ ဘာကိုမဆို အနောက်ကနေ မငြီးမငြူ ပံ့ပိုးပေးတယ်။ အလုပ်လုပ်ရတာလည်း တော်ရုံနဲ့တော့ မငြီးငွေ့ဘူး။ ပျင်းစိတ်ဝင်လာရင် ဒီအလုပ်လေးရှိနေလို့ ဒီပိုက်ဆံလေး ကိုယ်ရနေတာ...။ ဒီပိုက်ဆံလေးရနေလို့ ကိုယ်လုပ်ချင်တာ ကိုယ်လျှောက်လုပ်လို့ရတာ။ ကိုယ့်မိဖတွေ ကန်တော့နိုင်တာ။ ကိုယ်လှူချင်တာ လှူနိုင်တာ။ အလုပ်ကိုမငြီးငွေ့တဲ့အပြင် ကျေးဇူးတောင်တင်သေးတယ်။
အဲ... မနက် အိပ်ရာထတာကတော့ ပျင်းတယ်။ တခါတခါ ညမိုးချုပ်ထိနေမိလို့ မနက်ရုံးအသွားမှာ အိပ်ရေးကမ၀ဘူး။ ယောက်ယောက်က ဟိုတုန်းက ဖေဖေ ကိုယ့်ကို ကျောင်းလိုက်ပို့သလိုမျိုး။ ကိုယ့်ရုံးအိတ်နဲ့ သူ့ရုံးအိတ်ကိုပုခုန်းတဖက်မှာရောလွယ်၊ သူ့အတွက်နဲ့ ကိုယ့်အတွက် ရုံးထမင်းဘူးအိတ်တွေကို လက်တဖက်ကကိုင်၊ လက်တဖက်က ကိုယ့်လက်ကိုဆွဲ.. မနက်၇နာရီ၁၅မိနစ်ဆို ရုံးသွားကြဖို့ ကားဆီကို အိမ်က အတူထွက်ကြတယ်။
သူ့ရဲ့နွေးထွေးတဲ့လက်နဲ့ထိတွေ့ရတဲ့ မနက်ခင်းဟာ အိပ်ရေးမ၀လို့ နောက်ကျိနေတဲ့၊ ပျင်းနေတဲ့ ကိုယ့်စိတ်ကို နေ့သစ်အတွက် ခွန်အားရှိအောင် အားအင်သစ်တွေ လောင်းထည့်ပေးသလိုပဲ။
ကဲ... ဘယ်မှာလဲ... ပျင်းချိန်... စိတ်ညစ်ချိန်....
ကဲ... ဘယ်မှာလဲ... ပျင်းချိန်... စိတ်ညစ်ချိန်....
၀၈-၁၀-၂၀၀၉
ည ၁၁း၁၁မိနစ်
(ယောက်ယောက်သို့... ၈နှစ်မြောက်မင်္ဂလာ အမှတ်တရ... )
ည ၁၁း၁၁မိနစ်
(ယောက်ယောက်သို့... ၈နှစ်မြောက်မင်္ဂလာ အမှတ်တရ... )
11 comments:
ပျင်းချိန်မရှိတော့ ပျော်ချိန်တွေပဲပေါ့ :P
မင်္ဂလာသက် ၈ နှစ် ရှိပြီဆိုတော့၊ ဂျူနီယာလေးတွေပေါ့။ ယနေ့မှစ နှစ်တရာ တိုင်စေကြောင်း ဆုတောင်းလိုက်ပါတယ်။
ပျော်စရာလေး....
ပုံထဲက အတိုင်းပေါ့နော်.. နှစ်ယောက်လုံး ပြုံးပြုံးလေးနဲ့ မနက်ကို ရုံးသွားကြတာ
ကထက် --> သူကတော့ စီနှီယာဂျီးပေါ့လေ...း-)
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...
မစင်စင် --> တခါတခါ လူလစ်ရင် အနောက်ကနေ လမ်းလျှောက်ရင်း မျက်လုံးမှိတ်ပြီးတောင် နေလိုက်သေးတယ်။ အိပ်ရေးမ၀တဲ့နေ့ဒွေမှာ ပြောပါဒယ်...
;-p
ရေးထားတာ ချစ်စရာ...
ညီမ ရေးထားတာ ဖတ်ပြီး ညီမ တွေးသလို တွေးကြည့်မိတယ်... ကိုယ့်မှာလဲ ပျင်းချိန်မရှိဘူး... စိတ်ဝင်စားတာတွေ များတဲ့အတွက် လုပ်စရာတွေက တန်းစီနေတာပဲ... တခါတလေ ပင်ပန်းလို့ ညည်းမိတဲ့ အခါမျိုးတော့ ရှိတာပေါ့... ဒါပေမယ့်လဲ သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူး...။
အင်း.. သို့ဂလို ဆိုတော့လဲ ဘဝကြီးက နေပျော်စရာ ပါပဲလေ...
၈နှစ်မြောက် မင်္ဂလာရက်မြတ်မှသည်... နောင်နှစ်ပေါင်း တရာကျော်တိုင် တဦးကို တဦး ချစ်ခင်စွာ လက်တွဲသွားနိုင်ပါစေ လို့ ဆုတောင်းပါတယ်...
၈ နှစ်ပြည့် မင်္ဂလာမှသည် .... မင်္ဂလာနှစ်ပေါင်းများစွာ သားတရာ မြေးတဖြာနဲ့ စိတ်ချမ်းသာ ကိုယ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝပါစေ ... မစုရေ ... ။
သရုပ်ဖော်ပုံလေးက ရယ်ရတယ် ... ခစ်ခစ် ...
အဲဒီလို အကောင်းဘက်ကမြင်တတ်တော့လဲ ဘဝကနေပျော်စရာကြီးပေါ့နော်။ ပျော်ရွှင်ပါစေ အမရေ ။
Happy Anniversary!
သရုပ်ဖော်ပုံလေး တော်တော်ကြိုက်တယ်...
အမသက်ဝေ၊ မမေ၊ သယ်ချင်းဆွိ၊ ညီမလေးကွင်း၊ မမသီတာ... ကျေးဇူးအများကြီးတင်ပါတယ်နော်..။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။
း-)
C-box မရှိလို့ ဒီမှာပဲ ရေးသွားတော့မယ် ၊ မကြာ မကြာလာ ဖြစ်နေတော့ လင့်ထားပါရစေ အမရေ..
လင့်ပေးတာ ကျေးဇူးတင်ပါတယ် ညီမလေးရေ...
အစ်မလည်း ညီမလေးဘလော့ကို လင့်မယ်နော်...
း-)
Post a Comment