Saturday, March 13, 2010

၄၉။ အရမ်းမငြင်းကြနဲ့ ပုံပြင်

အရမ်းမငြင်းကြနဲ့ ပုံပြင်


မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်တွင် သံဃာတော်များသည် ပရိယတ်၊ ပဋိပတ်နှင့် စပ်လျဉ်း၍သော် ၄င်း၊ အခြားအဆုံးအဖြတ် တခုခုပြုလုပ်ရန်သော်၎င်း လပြည့်နေ့တိုင်း စည်းဝေးတိုင်ပင်ပြီး ဆုံးဖြတ် လေ့ရှိသည်။

ထိုဆွေးနွေး တိုင်ပင်နေကြသည့် သံဃာများတည်းမှ ဆရာတော်နှစ်ပါးသည် အကြောင်းအရာတခုကို မူတည်ပြီး အကြီးအကျယ် အငြင်းပွားနေကြသည်။ တပါးနှင့်တပါး ဒေါသပွားပြီး အနိုင်မခံ အရှုံးမပေးဘဲ အကြိတ်အနယ် ငြင်းခုံနေကြခြင်းဖြစ်၍ အသံဗလံများလည်း ဆူညံစွာ ထွက်ပေါ်နေသည်။

ဗန်းမော်ဆရာတော်သည် အကြောင်းတခုဖြင့် သုဓမ္မာဇရပ်အနီးသို့ ချဉ်းကပ်ရောက်ရှိသွားသည်။ ငြင်းခုံနေသည့်ဆရာတော်နှစ်ပါးနှင့်တကွ အခြားဆရာတော်များပါ ဗန်းမော်ဆရာတော် ကြွရောက် လာနေသည်ကို ခပ်လှမ်းလှမ်းတွင် တွေ့မြင်နေကြရသည်။ သံဃာတော်များသည် ဗန်းမော် ဆရာတော် ကြွရောက်လာသည်ကို မြင်ကတည်းကပင် ငြင်းခုံနေသည့် ကိုယ်တော်နှစ်ပါးကလည်း မိမိတို့အငြင်းအခုံစကားများကိုရပ်၍ အခြားသံဃာတော်များကလည်း မိမိတို့ ပြောလက်စ စကားများကို ဖြတ်ပြီး တရားဓမ္မခန်နှင့် စပ်လျဉ်းသော စကားများကိုသာ ပြောဆိုနေကြသည်။

ဗန်းမော်ဆရာတော်သည် ကိုယ်တော်နှစ်ပါး ဆူညံစွာ ငြင်းခုံနေသံများကို ခပ်လှမ်းလှမ်းမှပင် ကြားခဲ့ရသည်။ ဗန်းမော်ဆရာတော် သုဓမ္မာဇရပ်ပေါ် ရောက်ပြီးနောက် မထေရ်ကြီးများအား ၀တ်ပြုပြီး မထေရ်ငယ်များက ဗန်းမော်ဆရာတော်အား ၀တ်ပြုကြသည်။ ထို့နောက် ဗန်းမော်ဆရာတော်က ......

'' အခုန ကိုယ်တော်တို့ ငြင်းခုံနေသံကြားတယ်။ ဘာတွေ ငြင်းခုံနေကြတာလဲ '' ဟု မေးလေ သည်။

နောက်တဆက်တည်းပင် ဗန်းမော်ဆရာတော်က '' ကိုယ့်ဟာမှ အမှန်ဆိုပြီး သိတ်လဲ အငြင်းသန် မနေကြနဲ့အုံး၊ အရင်က တရားဟောတဲ့ဘုန်းကြီးနဲ့ တရားနာတဲ့ တကာတယောက်လိုလဲ ဖြစ်နေကြ အုံးမယ် '' ဟု ပြောဆိုလေသည်။

ငြင်းခုံနေကြသည့် ကိုယ်တော်နှစ်ပါးနှင့်တကွ အခြားဆရာတော်များပါ ဗန်းမော်ဆရာတော်၏ ပုံပြင်ကို နားထောင်လိုကြ၍ '' ဆရာတော်ရဲ့ တရားဟောဘုန်းကြီးနဲ့ တရားနာတကာ အငြင်းသန် နေကြတဲ့အကြောင်း ပုံကလေးကို အမိန့်ရှိပါအုံးဘုရား '' ဟု လျှောက်ကြလေသည်။ ထိုအခါ ဗန်းမော်ဆရာတော်က အောက်ပါအတိုင်းပြောပြလေသည်။

ရှေးက ရွာတရွာမှာ ဘုန်းကြီးတပါး ကျောင်းထိုင်နေရာ သာရေး၊ နာရေး အကြောင်းကိစ္စဟူသမျှ ၄င်းဘုန်းကြီးကချည့်တရားဟော ဓမ္မကထိက ပြုလုပ်နေပေသည်။ တနေ့ ဆွမ်းတရားနာတခုတွင် ဘုန်းကြီးက ဆိုင်ရာဆွမ်းတရား ဟောကြားပြီး နောက်ဆုံး အဘိဓမ္မာသတ်ရာတွင် (ကသလာဓမ္မာ အကသလာဓမ္မာ) ဟု အဘိဓမ္မာသတ်လေသည်။

ထိုတရားနာ ပရိတ်သတ်တည်းတွင် အတော်အတန် သိရှိနားလည်သည့် လူတယောက်ကထပြီး '' ကိုယ်တော် အဘိဓမ္မာသတ်တာ လွဲမှားနေပြီ၊ တပည့်တော် ကြားဘူးတာကတော့ (ကုသလာဓမ္မာ အကုသလာဓမ္မာ) ဟုသာ ကြားဘူးပါသည်ဘုရား'' ဟု လျှောက်ထားပြောဆိုလေသည်။

ဤတွင် တရားဟောဘုန်းကြီးသည် လူများစုရှေ့တွင်လည်းဖြစ်၍ ရှက်လည်းရှက်လှသည်နှင့်.....

'' ဟေ့ တကာ မင်းဘာနားလည်လို့လဲ ငါရွတ်တာ အမှန်ဘဲကွ၊ ငါအထောက်အထားပြရမလား '' ဟု ဒေါသတကြီးမေးတော့သည်။ တကာကလည်း အတော်အတန်သိပြီးဖြစ်၍ '' ကိုယ်တော်မှားကို မှားနေတာ အထောက်အထားရှိရင်ပြစမ်းပါ'' ဟု လျှောက်လေသည်။ ဘုန်းကြီးသည် ကျောင်းက ပေထုပ်ကို ထုတ်ပြလေသည်။ ပေစာထုပ်မှာ ပိုးရွခြပုန်းကိုက်ထား၍ အချို့နေရာများတွင် စုပ်ပြဲနေ သည်။ ဘုန်းကြီးယူပြသည့် ပေထုပ်မှာ (ကုသလာဓမ္မာ အကုသလာဓမ္မာ) ဟူသော စာသားအမှန် တွင် ပိုးရွခြပုန်းများကိုက်ထား၍ ကုတွေမှာ တချောင်းငင်တွေမရှိတော့ဘဲ (ကသလာဓမ္မာ အကသလာဓမ္မာ) ဟုသာရှိတော့သည်။

''ကိုယ်တော်တို့လဲ တရားဟောဘုန်းကြီး တချောင်းငင်ပြုတ် နေသလိုလဲ ဖြစ်နေကြအုံးမယ်'' ဟု ဗန်းမော်ဆရာတော်က ပြောလိုက်ရာ သုဓမ္မာဇရပ်ပေါ်ရှိ ကိုယ်တော်များမှာ များစွာရယ်မောပြီး တသောသောဖြစ်နေကြတော့သည်။


********************************

No comments: