Wednesday, July 8, 2009

၇။ ရှင်ပဏ္ဍိတ၏ တင်္ခဏုပ္ပတ္တိဥာဏ်

ရှင်ပဏ္ဍိတ၏ တင်္ခဏုပ္ပတ္တိဥာဏ်

တခါကဖောင်းကွဲရွာတွင် အသားအလွန်မဲသော ကျောင်းသားငယ်တဦးရှိသည်။ ထိုကျောင်းသားငယ်သည် နွား၊ မြင်းစသော သတ္တ၀ါများကိုမစီးဘဲ ဆိတ်ကိုသာစီး၍ ဆော့ကစားတတ်သည်။ အခြားကလေးငယ်များနှင့်မတူပဲ မျောက်ရှုံးအောင် ဆော့တတ်သည်။ တနေ့တွင် ဆိတ်သိုးတကောင်ကိုစီးရာ ဆိတ်သိုးကခါချသဖြင့် မြေပြင်သို့ကျပြီး လက်တချောင်းကျိုးလေသည်။ ကျောင်းနေ ဦးပဉ္စင်းများက ရှင်ပဏ္ဍိတအား စာတပုဒ်ချိုးပါဟု ဆိုလေလျှင် ချင်ခြင်းပင်ကောက်၍ စာစပ်သည်မှာ....

ဆိတ်စီးလို့ လက်ကျိုး၊
အနက်မျိုး ဖေါင်းကွဲ၊
တချောင်းထဲကျန်တော့တယ်။

ဦးပဉ္စင်းများမှာ သဘောကျ၍အားရပါးရရယ်ကျလေ၏။

ရှင်ပဏ္ဍိတသည် ဦးပဉ္စင်းဘ၀သို့ ရောက်ပြီးနောက် မန္တလေးမြို့တွင် နံနက်တိုင်း ဆွမ်းခံထွက်ရလေသည်။ သံဃာတော်များသောမြို့ဖြစ်၍ ဆွမ်းလောင်းနေကြ အိမ်ရှေ့များတွင် စီတန်း၍ ဆွမ်းခံကြရလေသည်။

ဆွမ်းချက်ခြင်း ဆွမ်းလောင်းခြင်းအမှုကို မိန်းမကြီးများ မိန်းမပျိုကလေးများ၏ တာဝန်ဖြစ်သည်၊ ဇလုံများ ယွန်းအုပ်များတွင် ဆွမ်းထည့်၍ ကြေးဇွန်းကြီးများဖြင့်ခပ်၍ လောင်းလေ့ရှိကြသည်။ ဦးပဉ္စင်းငယ် ဦးပဏ္ဍိတသည် ဇလုံကြီး၊ ကြေးဇွန်းကြီးတို့ဖြင့် ဆွမ်းလောင်းနေသည်ကိုတွေ့၍ ကမန်းကတန်း အမှီပြေးလေရာ မိန်းကလေးများက ပဉ္စင်းပျို ဦးပဏ္ဍိတကျမှ ကန်တော့ဆွမ်းပါဟူ၍ ပြောလိုက်လေသည်။

ဦးပဏ္ဍိတသည် မကျေမချမ်းဖြစ်သွားလေသည်။ အဘယ်ကြောင့် ငါ့ကျမှကန်တော့ဆွမ်းရသလဲဟု စဉ်းစားသည်။ အမှန်မှာ ဆွမ်းကိုလိုချင်ဇောဖြင့် အပြေးကလေးသွားမိရာတွင် သင်္ကန်း ဘိုသည်ဘတ်သီနှင့် ကာယိနြေ္ဒပျက်လောက်အောင် ဖြစ်သွား၍ ကန်တော့ဆွမ်းလိုက်ရကြောင်း ပြန်ပြောင်း၍ပေါ်လာသည်။ သို့ကြောင့် ကျောင်းသို့ရောက်လျှင် အောင်ပါတေးထပ်ကို ရေးစပ်လိုက်လေတော့သည်။

“မန်းမြို့သူသောက်ကျင့်၊ ထောက်ချင့်၍စာနာ
ဆွမ်းကိုဖြင့်မခံလိုပါ၊ တန်ပါပြီသာရီး၊
မစားဘဲအငတ်နေမည်၊ သေချင်သေမှတ်ဟဲ့အပြီး၊
ဟိုနေ့ကအိမ်တအိမ်မှာ၊ ပြည့်စုံစွာဖန်တည်း၊
ကျယ်ဝန်းစွာဇလုံကြီးရယ်နဲ့၊ မောက်လုနီးဆွမ်းတွေ
လောင်းလိမ့်မည့်ထင်အမှတ်နဲ့၊ ၀င်ကပ်လို့ရပ်မိသလေ
ပဏ္ဍိတခေါင်းပြောင်ကို၊ လောင်းပေါင်ဆို ကိုရင်ကြီးရယ်လို့
ကန်တော့ဆွမ်းဆီးလို့သူဆို၊ သူ့ရဲ့လင်လို
မကျေဘူးကမ္ဘာပြိုတောင်၊ ငါရွှေကိုယ်နာလွန်းလို့လေး၊”

*****************

3 comments:

မေဓာဝီ said...

ဗန်းမော်ဆရာတော် အကြောင်းတွေ လာဖတ်သွားတယ် ညီမရေ .. ။
စာတွေသိမ်းထားချင်လို့ ကူးယူခွင့် ရမလား သိချင်ပါတယ်။

စုချစ် said...

သဘောကျသလို ကူးလို့ရပါတယ် မမေရေ...
ဒါပေမဲ့ အပင်ပန်းမခံပါနဲ့လား...
အားလုံးရိုက်ပြီးသွားရင် စာအုပ်ကလေးလုပ်ပြီး တင်ပေးပါ့မယ်...
အဲသာကို စောင့်ပြီးယူလေ...နော်...
မေတ္တာဖြင့်... စုချစ်

မေဓာဝီ said...

ကျေးဇူးတင်လိုက်တာ ညီမရေ
ဒါဆို စောင့်ပြီးမှပဲ ယူတော့မယ် ... နော်