Sunday, July 5, 2009

၃။ ဗန်းမော်ဆရာတော်၏ အကြောင်း

ဗန်းမော်ဆရာတော်၏ အကြောင်း

ဗန်းမော်ဆရာတော်ဟူ၍ ထင်ရှားနေသည်မှာ ဗန်းမော်မြို့၏ ဖွားရာဇာတိဖြစ်၍ မဟုတ်ပေ၊ ဘိုးတော်မင်းတရား၏မိဖုရား ဝေသာလီမင်းသမီး ဗန်းမော်မြို့စား ဥပေါတရာ ဆောက်လုပ်လှူဒါန်းသော ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးသောကြောင့် ဗန်းမော်ဆရာတော်ဟုတွင်သည်။

ဗန်းမော်ဆရာတော်သည် ရွှေတောင်မြို့ ကွပ်ညှပ်စင်ရွာ၌ သက္ကရာဇ် ၁၁၆၈-ခုနှစ်တွင်ဖွားမြင်သည်။ ငယ်မည်မောင်ဖြူဝင်းဖြစ်သည်။ ရဟန်းဘွဲ့ ဦးပဏ္ဍိတဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက ပဏ္ဍိတ၀ံသာဘိဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရု၊ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းသည်။

ဗန်းမော်ဆရာတော်သည် ဥပဓိရုပ် အလွန်ထူးခြားသည်။ လွန်စွာ ကြံ့ခိုင် ခန့်ညားသည်။ အသံတော်မှာလည်း နက်ကြယ်ပြတ်သား၍ ရူပလက္ခဏာနှင့် သဒ္ဒလက္ခဏာ လွန်စွာကောင်းလှသည်။ ဆရာတော်ကို ဖူးတွေ့၍ အသံတော်ကိုကြားရလျှင် လွန်စွာလေးစားလာရသည်။ ထိုခေတ်တွင် အသံရော လက္ခဏာပါထူးခြားကောင်းမွန်သော ပုဂ္ဂိုလ်နှစ်ဦး ပေါ်ခဲ့သည်။ မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့ ဖြစ်သည်။

ဆရာတော်လို ပုဂ္ဂိုလ်မျိုးကား ရှာမှရှားလှသည်။ လောကကြီးတခုလုံးကိုထီမထင်ပဲ ဟုတ်တိုင်းမှန်ရာအတိုင်းသာ သဘောထားတတ်သည်မှာ သူ၏ပင်ကိုယ်စိတ်ဓါတ်ပင်ဖြစ်ဟန်ရှိသည်။ အမှန်တရားဘက်မှစုံရပ်၍ စိုးစဉ်းမျှမကွယ်မထောက် မချုပ်တည်း မမျိုသိပ်ပဲ ရက်ရက်စက်စက်ရေးတတ်သည်။

ဗန်းမော်ဆရာတော်သည် ပြတ်သားရဲရင့်လှသော ပုဂ္ဂိုလ်ဖြစ်သည်။ အမှန်စင်စစ် ဆရာတော်တို့ခေတ်တွင်၊ ဆရာတော် လေ့လာဆည်းပူးထားသည့် ပညာရပ်များနှင့်ဆိုလျှင် အခေါင်အဖျားအထိ ကျော်ကြားသင့်ပေသည်။ သို့သော် မင်းလိုလိုက် မင်းကြိုက်မဆောင်၍ သာသနာပိုင်အဖွဲ့တွင် ပါဝင်သင့်သောပုဂ္ဂိုလ်ဖြစ်ပါလျှက် မပါဝင်ခဲ့ရပေ၊ သို့သော် ဆရာတော်ကား မမှု။

ဆရာတော်ကား ကဗျာအရာတွင် ထူးခြားပြောင်မြောက်တော်မူလေသည်။ ဟာသဥာဏ်၊ ဇ၀နဥာဏ် ထက်မြက်တော်မူသည်။ ကဗျာအရာတွင် မယှဉ်သာအောင် ပြောင်မြောက်သော စလေဦးပုညပင် ဗန်းမော်ဆရာတော်၏ အထံတော်၌ ကဗျာနည်းများ ခံယူခဲ့ဘူးသည်။

***********

No comments: