မမ နှင့် ဂျစ်တူးမ
( မမက သဘောကောင်းတဲ့ပုံလေး၊ ကိုယ့်ပုံကတော့ စွာတေးလန် )
မမကို မေမေတို့ရဲ့ အဖိုး (မေမေတို့အခေါ် - အဘ) ၀င်စားတယ်လို့လည်း ပြောကြတယ်။ သူ့ရဲ့ နားရွက်လေးမှာ အဘလို အမှတ်လေးပါတယ်တဲ့။ အဘလို ဖြူဖြူသွယ်သွယ်၊ အရပ်ရှည်ရှည်ကြီးလည်းဖြစ်လို့တဲ့။ ဘာပဲဖြစ်ဖြစ် မမကမြေးဦးဆိုတော့ အဖိုး၊ အဖွား၊ အဒေါ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ အရခဲ့ဆုံးသောသူပါပဲ။
မူလတန်းအရွယ် ရောက်လာတော့ မမက အိမ်ကို ပြန်ရောက်လာတယ်။ ငယ်ငယ်တုန်းက ညီအစ်မ၂ယောက် ချစ်သလား၊ မချစ်သလား မသိဘူး။ ခဏခဏ ရန်ဖြစ်ကြတာတော့ မှတ်မိတယ်။ လူကြီးတွေက တခုခုပေးပြီဆို ဘယ်လောက်ပဲ ညီညီမျှမျှပေးပေး၊ ကပ်သပ်ပြီး လုကြ၊ သူ့ဟာကပိုကောင်းတယ်၊ ငါ့ဟာက အစုတ်ကြီး ဆိုပြီး ရန်ဖြစ်ကြ၊ နပန်းလုံးကြတော့တာပဲ။ တခါက ရောင်စုံစက္ကူလေးတွေနဲ့ အရုပ်လေးတွေ ချိုးပြတဲ့ ဂျပန်ပြပွဲတခု သွားကြည့်ကြတာ ပြန်လာတော့ ရလာတဲ့ ရောင်စုံစက္ကူတွေလုပြီး ၂ယောက်သား အကြီးအကျယ် ရန်ဖြစ်ကြသပေါ့။ အဲသလို ရန်ဖြစ်တိုင်း ကိုယ်ကတော့ ခံဖက်ကကြီးပဲ။ ၂နှစ်ကျော်ကျော်လောက်သာကွာတာ။ သူက လူကောင်းကြီးကြီး ခြေဆန်၊ လက်ဆန်ရှည်ရှည်။ လက်ကလှမ်းပြီး ဖြန်းကနဲရိုက်၊ နောင်ခြေတလှမ်းဆုတ်လိုက်ရင် ကိုယ်လို အကောင်သေးသေး ပုပုညှက်ညှက်က မမှီမကန်းနဲ့ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ တခါတခါ စိတ်ဆိုးလွန်းလို့ သူမမြင်ရအောင် နောက်ကနေ ခြေသံဖော့ပြီးတော့ တိတ်တိတ်လေး ရိုက်တာ၊ တွန်းတာတွေ လုပ်တာ။ သူ့လက်တံရှည်ရှည်က ကိုယ်ပြေးလို့ မလွတ်ခင် ကိုယ့်နောက်ကျောကို ဗြန်းကနဲ လာထိတာပဲ။
ဒါပေသိ ကိုယ်တို့၂ယောက် ဘယ်လောက်ရန်ဖြစ်ဖြစ်၊ ၁နာရီပြည့်အောင်တောင် မခေါ်ပဲ မနေနိုင်ကြဘူး။ ရန်ဖြစ်ပြီး ၁၅မိနစ်လောက်နေရင် တစ်ယောက်ကို တစ်ယောက် ခိုးကြည့်၊ ချောင်းကြည့်၊ ပြုံးစိစိတွေလုပ်ပြီး၊ (တခြား ကစားဖော်ကလည်းမရှိတော့) မြန်မြန်ပြန်တည့်သွားကြတာပဲ။ သာပေမဲ့ ကြီးလာတော့ မမက ကိုယ့်ကိုညှာခဲ့တာ၊ အိမ်ကို ကိုယ့်ထက်ပိုပြီးသိတတ်ခဲ့တာတွေကလည်း အများကြီးပဲ။ သူ့ကျောင်းမုံ့ဖိုးတွေဆို ကိုယ်ကချီးတယ်ပြောပြီး ယူယူသုံးပစ်တတ်တာမနည်းဘူး။ အစားအစာဆိုလည်း ဝေပုံကျပေးထားတာကို ကိုယ်က မြန်မြန်ပါးစပ်ထဲထည့်ပစ်ပြီး သူ့ဝေစုကို သွားသွားတောင်းတတ်တာ။ အိမ်မှာ ဟင်းချက်ထားတာနည်းတဲ့နေ့ဆို သူကဟင်းရည်လေးနဲ့ပဲ နယ်စားပြီး ကိုယ်တို့ကို အသားတွေထည့်ပေးတတ်ခဲ့တာ။ ကိုယ့်ကိုဆို ထမီကအစ၊ ဘောင်းဘီအဆုံး စာကြည့်ပျက်မှာစိုးလို့ ဆိုပြီး သူပဲလျှော်ပေးခဲ့တာ။
မမက အရမ်းလည်း ရှက်တတ်တဲ့သူ။ ကိုယ်က သူ့ကိုစိုက်ကြည့်နေပီဆို သူမနေတတ်တော့ဘူး။ နင်နော် ..ငါ့ကို လာမကြည့်နေနဲ့ဆိုပြီး ရှက်ရှက်နဲ့ လိုက်ရိုက်တတ်တဲ့သူမျိုး။ အဲသလို လူက တစိမ်းယောက်ျားလေးတွေ ရှေ့မှာဆိုပို ရှက်တတ်တာပေါ့။ အပျိုပေါက်လေးဖြစ်လာတော့ ယောက်ျားလေးတွေ ရှေ့ရောက်ရင် သူ့မှာ ခြေလှမ်းတွေမှား၊ ဘယ်မှလည်း မော့မကြည့်ရဲ့နဲ့...။ သူ့နောက်ကလိုက်ရတဲ့ မဂျမ်းတောကိုယ်က သူ့သက်တော်စောင့် အလိုလို ဖြစ်လာတယ်။ သူ့ကို လိုက်နေတဲ့သူတွေကလည်း ကိုယ့်ကိုဆို အသေကြောက်။ ထမင်းဘူးနဲ့ အခေါက်ခံရဘူးတဲ့သူ၊ ထီးနဲ့ လိုက်ရမ်းလို့ ထွက်ပြေးဘူးတဲ့သူ.. အစုံပါပဲ။ သူကလည်း သူ့နောက်ကလိုက်စကားပြောတဲ့သူကို ဘယ်လိုခြောက်လဲဆိုတော့ နောက်မှာ ညီမလတ်ပါလာတယ်နော်... သူ့အကြောင်းသိတယ်မှုတ်လားတဲ့။ ဟိုကဘာပြန်ပြောလဲဆိုတော့... သိပါတယ်တဲ့။ အိတ်ညီမလတ်က အိမ်ရှေ့ဝရန်တာ ကုလားထိုင်မှာ အိပ်ပျော်နေတာ တွေ့လို့ အန္တရယ်ကင်းပြီဆိုပြီး ရဲရဲတင်းတင်းလိုက်လာပါသတဲ့... ဖြစ်ပုံများ...။ ဟွန်း... ကိုယ့်ဖာသာ မကြိုက်ရင် မကြိုက်ဘူး မပြောဘူး။ ပြီးတော့ သူက ရှက်တတ်တာများ အ၀တ်အစားအသစ်ဝတ်ရမှာကိုတောင် အသစ်ကြီးမို့ ရှက်လို့ ဆိုပြီး ခြေ၀တ်တတ်တဲ့သူမျိုး။ အလှပြင်ရမှာကိုလည်း ဟယ်..အလှပြင်ထားတယ်လို့ သူများတွေကပြောမှာကို ရှက်တတ်တာမျိုး။
ညီမလတ်
ခေတ္တ အဝေးတနေရာ
(၁၀-၀၂-၂၀၀၉) မမမွေးနေ့ အမှတ်တရ
အဲဒီတော့ အဲသလို အရှက်ကြီးတဲ့သူက အဲသလောက်အရှက်ကြီးစွာနဲ့ အညီ ခုချိန်ထိ တခါမှ ရည်းစားမထားဘူးတဲ့ အပျိုစင်၊ အပျိုကြီးဖြစ်သွားရတာ အံ့သြစရာတော့ မရှိလောက်ပါဘူးနော်။ ကိုယ့်ကို သူကဘာပြောလဲဆိုတော့.. မဂျမ်းတောကတော့ သူများကို လိုက်တဲ့ သူကိုသာ ထီးနဲ့ လိုက်ရိုက်ပြီး သူ့လိုက်တာကြတော့ ခေါင်းညှိတ်ပလိုက်လို့ ခုတော့ ယောက်ျားလေးတစ်ယောက် အဆစ်ရနေပြီပေါ့တဲ့။
မမရေ... အရမ်းသတိရတယ်။
မမရေ... အရမ်းသတိရတယ်။
ညီမလတ်
ခေတ္တ အဝေးတနေရာ
(၁၀-၀၂-၂၀၀၉) မမမွေးနေ့ အမှတ်တရ
4 comments:
ိတို့လည်း တို့အစ်မကြီးကို သမိုင်းသင်ဆရာမ သတိရမိလို့ ပို့စ်လေးတစ်ခု ရေးဖြစ်သွားတာ ဒီပို့စ်လေးနဲ့ ၃ရက်ပဲကွာတယ်တော့...
မမကြီး ငယ်ငယ်ကပုံနဲ့ဆင်တဲ့ သမီးလေးတစ်ယောက်ပုံ ပို့လိုက်မယ်။ ဘယ်သူ့တူမလေးလဲလို့ ခန့်မှန်းကြည့်...
ဖတ်ရတယ်... မမသီတာရေ...
ဟီး... ဘလော့တွေမှာ ကွန်မန့်ရေးတာ အထာမကျသေးလို့... မရေးရဲသလို ဖြစ်နေတာ...
မမသီတာတို့ ဘလော့ကို အမြဲ ၀င်ဖတ်ဖြစ်တာပါနော့...
ဓါတ်ပုံပို့လိုက်လေ... ကြည့်ကြည့်ရအောင်...
း-)
ချစ်စရာကောင်းတဲ့ မမနဲ့ ညီမလေးပဲ
sin dan lar
ကျေးဇူးတင်ပါတယ်... မစင်စင်
မမက သူ့အကြောင်းရေးထားတယ်ပြောပြတော့ ရှက်နေသေးတာ...
း-)
Post a Comment