Monday, February 9, 2009

သက်ကြီးပူဇော်ပွဲ (၂၀၀၄)

လက်ကိုက်နေလို့ ဒီနေ့ ရုံးမတက်ဖြစ်ဘူး။ အိမ်မှာနေရင်း လွမ်းသလို ဆွေးသလိုနဲ့... အိမ်က လူကြီးတွေကို သတိရနေမိတယ်။ သာနဲ့ မိသားစု ဓါတ်ပုံတွေ ပြန်ကြည့်ရင်း ၂၀၀၄ ခုနှစ် အဖေကြီးမဆုံးခင် အဖေကြီးအတွက် သက်၁၀၀ပြည့်မွေးနေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲ ဓါတ်ပုံတွေ အလွမ်းပြေကြည့်မိတယ်။

ဓါတ်ပုံတွေကြည့်မိတော့မှ ပိုပြီး လွမ်းသလို ဆွေးသလို....။

**********

အိမ်ထောင်ကျပြီးကတဲက ကိုယ်တို့ ၂ယောက်က နှစ်စဉ် အိမ်ပြန်တိုင်း ထူးထူးခြားခြား ခေါင်းလောင်းမထိုးတဲ့ အလှူတွေ စိတ်တူကိုယ်တူ လုပ်ဖြစ်တယ်။ ၂၀၀၄ခုနှစ်ကတော့ အဖေကြီး (အဖိုး) ရဲ့ သက်၁၀၀ပြည့် မွေးနေ့နဲ့ ကိုက်နေလို့ ကိုယ်က သက်ကြီးပူဇော်ပွဲလေး လုပ်ပေးရအောင်လို့ ပြောတော့ ယောက်ယောက်ကလည်း သဘောကျတယ်။ သာနဲ့ ဖေဖေ နဲ့ မေမေကို လှမ်းပြော...ဖေဖေတို့ကလည်း အားရ၀မ်းသာသဘောတူကြတယ်။ ကိုယ်က ရပ်ကွက်ထဲက အသက် ၇၅နဲ့ အထက် (တချို့ တအား နွမ်းပါးတဲ့ အဖိုးအဖွားရှိရင်တော့ အသက်၇၀လောက်လဲ ထည့်ပေါ့နော်... ) နွမ်းပါးတဲ့ အဖိုးအဖွား စာရင်းကောက်ခိုင်းထားလိုက်တော့ အယောက်၃၀လောက် ရှိတယ်တဲ့။ သာနဲ့ ကိုယ်တို့ ရည်မှန်းထားတဲ့ အလှူငွေ ၁၀၀၀ကို ၃၀နဲ့ စား။ တယောက်ကို စလုံးဒေါ်လာ ၃၅ကျပ်လောက်နဲ့ ညီမျှတဲ့ မြန်မာငွေကို ကန်တော့နိုင်ကြတာပေါ့။ တခြား ပစ္စည်းတွေ မကန်တော့ပဲ လူကြီးတွေ သုံးချင်တာသုံးရအောင်ဆိုပြီး ငွေသားကိုပဲ စာအတ်ထဲ ထည့်ကန်တော့ လိုက်တယ်။ ဧည့်ခံတာကတော့ လွယ်လွယ်ကူကူ လက်ဖက်ရည်နဲ့ ကိတ်မုန့်ပဲ။

အဲဒီနေ့က ကိုယ်တို့ အိမ်မှာ ကျက်သရေအပေါင်းခညောင်းစွာ လူကြီးသူမတွေ စည်စည်ကားကားနဲ့ပေါ့။ တချို့ အဖိုး အဖွားတွေဟာ ကောင်းကောင်းမကျန်းမာတော့လို့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ သားသမီး မြေးမြစ်တွေတွဲလို့ ဆိုက်ကားနဲ့ ရောက်လာကြပြီး အိမ်ပေါ်ကို ချီတင်ရတယ်။ သာပေမဲ့ လာရောက်ချီးမြှင့်ကြတဲ့ အဖွားတွေဟာ သနပ်ခါးလေးတွေ အဖွေးသားနဲ့ လှလှပပ၊ အဖိုးတွေကလည်း တိုက်ပုံနဲ့ သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ငြားငြား။ ကိုယ်နဲ့ ယောက်ယောက်က တစ်ယောက်ချင်းစီရဲ့ လက်ထဲကို စာအိတ်လေးတွေ လိုက်ထည့်ပြီး ကန်တော့ကြတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး အားလုံးဟာ ပီတိ မျက်ရည်လည်ကြတယ်။

အကန်တော့ခံ လာရောက်ချီးမြှင့်ကြတဲ့ အဖိုးအဖွားတွေထဲမှာ အသက် အကြီးဆုံး ၉၅ကစလို့ အသက် ၇၀လောက် ထိပါကြတယ်။ ကိုယ်တို့ အဖိုး (အဖေကြီး) ကတော့ အသက်၁၀၀ အသက်ကြီးဆုံးပေါ့။ အဖွား (အမေကြီး) က အဲဒီတုန်းက ၉၃နှစ်လောက်။ အိပ်ရာထဲ လဲနေတဲ့ အဖိုးတစ်ယောက်နဲ့ ခြေထောက် မသန်လို့ လမ်းမလျှောက်နိုင်တဲ့ အဖွား တစ်ယောက် ကိုတော့ သူတို့ အိမ်တွေထိ ကိုယ်တို့ သွားကန်တော့ခဲ့ကြတယ်။ အိပ်ရာထဲ လဲနေတဲ့ အဖိုးက ကိုယ်တို့ ကန်တော့ ပြီး သိပ်မကြာခင်မှာ ဆုံးပါးသွားခဲ့တယ်။ အဲဒီအဖိုးရဲ့ သမီးက ဘာပြောလဲဆိုတော့ အဖိုးဟာ မဆုံးခင်ထိ ကိုယ်တို့ကို တတွတ်တွတ်နဲ့ သတိတရ ဆုတောင်းမေတ္တာတွေ ပို့ပေးခဲ့ပါသတဲ့။ တချို့ အဖိုးအဖွားတွေကျတော့လည်း ဘာပြောလဲဆိုတော့ သူတို့ တသက် တခါမှ အဲဒီလောက်ငွေ တလုံးတခဲ မကိုင်ခဲ့ဘူးဘူးပါသတဲ့။

နောက်တခုကတော့ ဂလိုင်ခေါက်ပြီး ရေခဲချောင်းလိုက်ရောင်းတဲ့ အသက်၆၀ခန့် အဖိုးတစ်ဦးက ဘယ်မှ မသွားပဲ အိမ်အောက်က ခြံတခါးလေးရှေ့မှာ ငုတ်တုတ်လေးလာထိုင်နေပါတယ်လို့ မောင်လေးတစ်ယောက်က သတင်းလာပို့တယ်။ သာနဲ့ ကိုယ်တို့လည်း သူ့ကို အိမ်ပေါ်ခေါ် လက်ဖက်ရည်တိုက်၊ ကိတ်မုန့်ဧည့်ခံပြီး ငွေသား ကန်တော့လိုက်တယ်။ သူကတော့ ၀မ်းသာအားရနဲ့ မကုန်တဲ့ ရေခဲချောင်းတွေ ပြန်အပ်ပြီး တခါထဲ ဇလွန်ဘုရားဖူး ထွက်မယ်ဆိုပဲ။ မသေခင် ဘုရားဖူးထွက်ချင်လို့ သွားဦးမယ်လို့ နှုတ်ဆက်သွားလေရဲ့။

ခုချိန်မှာတော့ ဓါတ်ပုံတွေထဲက အဖိုးအဖွား တော်တော်များများ မရှိကြတော့ဘူး။ အဖေကြီးက ပူဇော်ပွဲအပြီး ၆လအကြာမှာ ဆုံးပါးခဲ့တယ်။ ပူဇော်ပွဲကိုလာခဲ့တဲ့ အဖိုးအဖွားတွေလည်း တစ်ယောက်ပြီး တစ်ယောက် သစ်ရွက်လေးတွေ ကြွေကျသလို ပျောက်ပျောက်သွားကြတယ်။

အဖေကြီး


အဖေကြီး+ အမေကြီး


သက်ကြီးပူဇော်ပွဲ အမှတ်တရ ဓါတ်ပုံများ















8 comments:

Anonymous said...

အမရေ
သာဓုပါဗျာ ... သာဓု ... သာဓု
ကျနော်မလုပ်နိုင်သေးပေမယ့် လုပ်တဲ့လူတွေအတွက် အားကျဂုဏ်ယူ ပီတိဖြစ်ရပါတယ်ဗျာ

စုချစ် said...

ကျေးဇူးပါ ကိုSync ရေ...
ကိုယ်တိုင်မလှူရသေးပေမဲ့ သူတပါးအလှူကို သာဓုခေါ်ပြီး ပီတိဖြစ်တယ်ဆိုကတဲက ကုသိုလ်တွေ ရသွားပြီပေါ့နော်...

Anonymous said...

စိတ်ကူးကောင်းကို လက်တွေ့ အကောင်အထည်ဖော်နိုင်သည့် အတွက် သာဓု သုံးကြိမ်တိုင်တိုင် ခေါ်ပါသည်။

စုချစ် said...

ကျေးဇူးတင်ပါတယ်... မမသီတာ...

Anonymous said...

Very good idea.impressible.I also want to donate like that.

Taungoo said...

၂၀၁၁ ခု ရုပ်ရှင်သက်ကြီးပူဇော်ပွဲ သတင်း ဖတ်မိရာက သက်ကြီးပူဇော်ပွဲ ဆိုပြီး google မှာ ရှာလိုက်တာ...
ဖတ်ရင်းနဲ့ ပီတိလည်းဖြစ်၊ အားလည်းကျ၊ သဘောလည်းကျ၊ အတုလည်းယူချင်၊ ကိုယ်တိုင်ကလည်း အဲလို မထင်မှတ်တဲ့ အလှူမျိုးတွေ လုပ်ချင်သူမို့ မျက်ရည်တောင် စို့ချင်ချင် ဖြစ်သွားမိတယ် အမ။

တောင်ငူသား

စုချစ် said...

ကျေးဇူးပါ မောင်လေးရေ... ကိုတောင်ငူသား လုပ်ချင်တဲ့ အလှူလေး အမြန်ဆုံး လုပ်ဖြစ်ပါစေလို့ အစ်မ ဆုတောင်းပေးပါတယ်။

ကိုတောင်ငူသားက ဆရာကန်တော့ပွဲ တုန်းက ဆုံဖူးတဲ့ မောင်လေး မဟုတ်လား...
း)

Taungoo said...

ဟုတ်ပါတယ် အမ။ ဆရာကန်တော့ပွဲတုန်းက အမတန်ခူး မိတ်ဆက်ပေးခဲ့တဲ့ တောင်ငူသား ဟုတ်ပါတယ်။ :)